စာစဉ် (၉၀)
(၁)
သာစံမှာ အသစ်ဝယ်ယူလာသည့် သားရေလွယ်အိတ်များ၊ ရှူးဖိနပ်များကိုစီးကာ သဘောကျနေလေသည်။ ဆံပင်မှာလည်း ဘိုဆံတောက်ပုံစံဖြစ်သွားသည်။ ကျောင်းယူနီဖောင်းမှာ ပိတ်စများသာဝယ်ယူခဲ့ရသဖြင့် ယူနီဖောင်းချုပ်ရန်အတွက် အခက်အခဲဖြစ်နေလေသည်။ စီတာက ပိတ်စများကိုယူကြည့်ကာ
“သာစံအတွက် အဝတ်အစားချုပ်ပေးရမယ်”
စီတာမှာ လက်ဆွဲပုံးကလေးတစ်ပုံးကိုဆွဲယူလာခဲ့လေသည်။ ထိုသစ်သားပုံးကလေးကို ဖွင့်လိုက်သည့်အခါ အတွင်းတွင် အပ်ချည်လုံးများ၊ အပ်များနှင့် အဝတ်အစားချုပ်လုပ်သည့် ပစ္စည်းကိရိယာများမြင်တွေ့ရသည်။ စီတာက အရင်ဆုံး သားရေဖြင့်ပြုလုပ်ထားသည့် ကြိုးကလေးတစ်ချောင်းကိုယူလာခဲ့သည်။ ကြိုးကလေးတွင် အမှတ်အသားများကို အထစ်ကလေးများလုပ်ကာ ရေးဆွဲထားလေသည်။ ထိုကြိုးကလေးဖြင့် သာစံ၏လက်ခြေများကို ဆွဲယူတာတိုင်းတာနေလေသည်။ သာစံက စီတာပြုလုပ်နေသည်များကို တအံ့တသြနှင့်ငေးကြည့်နေလေသည်။
စီတာက တိုင်းထွာပြီးသည့်အခါ သေတ္တာကလေးအတွင်းမှ ကတ်ကြေးတစ်လက်ကိုထုတ်ယူလိုက်သည်။ ကတ်ကြေးမှာ သံသားအထူကြီးနှင့်ပြုလုပ်ထားကာ တစ်ပေခန့်ရှည်လျားသည်။ စီတာက ကပ်ကြေးကို ပါးစပ်အနားကပ်လိုက်ပြီး ကုလားစကားဖြင့် ရေရွတ်နေလိုက်သည်။ ထိုသို့ရေရွတ်ပြီးသည့်အခါ ကပ်ကြေးကြီးမှာ လေပေါ်ပျံဝဲလာပြီးနောက် ပိတ်လိုက်ဖွင့်လိုက်နှင့် တဂျောင်းဂျောင်းအသံမြည်နေသည်။ စီတာက ပိတ်စအားလက်ဖြင့်သေချာကိုင်တွယ်ထားသည့်အခါ ကတ်ကြေးကြီးက သူ့အလိုလိုညှပ်ကာ ဖြတ်တောက်လေသည်။
စီတာမှာ သီချင်းကလေးတစ်ပုဒ်သီဆိုကာ ချုပ်လုပ်သည့်လုပ်ငန်းကိုဆက်လက်လုပ်ကိုင်နေသည်။ မာယာနှင့် သာစံတို့မှာ စီတာသီချင်းဆိုသည်ကို လက်ခုပ်တီးကာနားထောင်နေကြသည်။ စီတာက ဘူးလေးတစ်ခုကိုဖွင့်လိုက်သည့်အခါ အတွင်းမှ အပ်ကိုးစင်းကပျံသန်းကာထွက်လာကြသည်။ တစ်ဖန်စီတာက အပ်ချည်လုံးများကိုလက်နှင့်ပုတ်လိုက်သည့်အခါ အပ်ချည်ခင်များမှာသူ့လိုလိုပျံသန်းလာကြပြီး အပ်ကိုးစင်းအတွင်းရှိ အပ်ပေါက်များအတွင်းသို့တိုးဝင်ကြကာ ဖြတ်ညှပ်ထားသည့် ပိတ်စများကိုသူ့အလိုလို ချုပ်လုပ်ကြလေတော့သည်။
ကွမ်းတစ်ရာညက်ခန့်မကြာခင်မှာပင် သာစံအတွက် ဝတ်စုံတစ်စုံချုပ်လုပ်ပြီးစီးသွားလေသည်။ သာစံကက ထိုအင်္ကျီကိုဝတ်ကြည့်သည့်အခါ ကိုယ်ခန္ဓာနှင့်တစ်သားတည်းဖြစ်နေကာ ဝတ်ရသည်မှာလည်း အလွန်အဆင်ပြေလှသည်။
“မနက်ဖြန်တော့ ဒါပဲဝတ်ထား၊ နောက်နေ့ကျမှ အင်္ကျီတွေထပ်ချုပ်ပေးမယ်နော်”
သို့နှင့် သာစံတစ်ယောက် ကျောင်းဝတ်စုံများကို ဝင်ဆင်ကာပျော်မြူးနေလေသည်။ မယ်ပျင်းမှာတော့ သာစံကိုမကြည့်ဘဲ အခန်းထောင့်တစ်နေရာသို့ငေးကြည့်ကာ စဉ်းစားတွေးတောနေလေသည်။ ခဏကြာသည့်အခါ အိမ်အတွင်းမှထထွက်သွားတော့သည်။
နွားခြံကျယ်ကြီးနှင့် စိုက်ခင်းများကိုဖြတ်သန်းပြီးသည့်အခါ မယ်ပျင်းမှာ ခြံတောင်ဘက်ရှိ ပန်းပဲဖိုထံသို့ရောက်လာခဲ့သည်။ ညနက်နေသည့်တိုင် ပန်းပဲဖိုခေါင်းတိုင်မှ မီးခိုးများတိုးထွက်နေကာ တူထုသံ တဒေါင်ဒေါင်ကိုလည်း အဝေးမှပင် ကြားနေရသည်။ ပန်းပဲဖိုအတွင်းဝင်လိုက်သည့်အခါ တစ်တောင်ခန့်ရှိသည့် ဓါးသွားတစ်ခုကို တူအသေးကလေးဖြင့် ခပ်သာသာထုနေသည့် ရာဂျာကိုမြင်တွေ့လိုက်ရသည်။
“မင်းဘာလာလုပ်တာလဲမယ်ပျင်း”
“ရှင့်ကိုမေးစရာတစ်ခုရှိလို့”
“ငါဓါးလုပ်နေတဲ့အချိန်မှာ ဘယ်သူနဲ့မှစကားမပြောဘူး”
“ဒါဆိုရင်လည်း ဆက်သာလုပ်ပါ၊ ရှင်ပြီးတော့ ပြောကြတာပေါ့”
ရာဂျာမှာ ပါးစပ်မှတတွတ်တွတ်ရွှတ်ဖတ်ရင်း ဓါးကိုအရွယ်စုံဆိုဒ်စုံတူကလေးများဖြင့် ထုနှက်နေလေသည်။ တူများမှာ အတော်အတန်ကြီးမားသည့်အရွယ်မှစ၍ ဇွန်းတစ်ချောင်းခန့်အရွယ်ရှိသည့် တူကလေးအထိပါဝင်လေသည်။ ရာဂျာမှာ ထိုတူကလေးများဖြင့် သံသားကို လိုအပ်သလိုထုနှက်နေလေသည်။ ထုရာတွင်လည်း အားဖြင့်ထုနှက်ရသည့်အခါရှိသကဲ့သို့ အားမပါဘဲ ခပ်သာသာထုနှက်သည့်အခါလည်းရှိပေသည်။
“ပန်းပဲလုပ်တာကလည်း တူကလေးတွေအများကြီးလိုအပ်တာပဲနော်၊ ကျုပ်ဖြင့် ပန်းပဲဖိုရောက်ရင် အားကောင်းမောင်းသန်ယောက်ျားကြီးတွေက တူအကြီးကြီးတွေနဲ့ ထုနှက်နေတာပဲမြင်ဖူးတာ”
ရာဂျာမှာ စိတ်ပျက်သွားဟန်ဖြင့် တစ်ချက်ငြီးငြူလိုက်ကာ မယ်ပျင်းကိုလှည့်ကြည့်လိုက်သည်။ မယ်ပျင်းက ပြုံးလိုက်ရင်း
“ရှင်ဓါးလုပ်နေတဲ့အချိန် ဘယ်သူနဲ့မှစကားမပြောဘူးဆိုပေမယ့် သူများပြောတာကိုတော့ နားထောင်လို့ရတယ်မဟုတ်လား”
“မင်းက ငါ့ကိုလာနှောင့်ယှက်နေတာပဲ မယ်ပျင်းရဲ့”
“နှောင့်ယှက်တာတော့မဟုတ်ပါဘူး ရှင့်ဆီက မေးစရာရှိလို့လာတာ၊ ဒါနဲ့ ရှင်ဓါးလုပ်နေတာကို ဘေးကကြည့်ရသလောက် ဒီတူသေးသေးလေးတွေနဲ့ ဓါးသွားကိုထုနေတာ ဘာများအဓိပ္ပါယ်ရှိလို့လဲရှင်၊ ဓါးသွားကိုပြားသွားစေချင်တာများ တူအကြီးနဲ့နာနာထုလိုက်ပေါ့”
“ငါလုပ်နေတာ ဓါးကွ၊ ထယ်သွားမဟုတ်ဘူး”
“ဓါးလဲသံနဲ့လုပ်တာပဲ ထယ်သွားလဲ သံနဲ့လုပ်တာပဲ အတူတူပဲမဟုတ်ဘူးလား”
“မတူဘူးကွ၊ ထယ်သွားဆိုတာက ထယ်သွားဖြစ်ရုံပြီးတော့ အမြန်လုပ်ရတာကွ၊ ဘာမှလက်မဝင်ဘူး၊ ဓါးဆိုတာကျတော့ ခုတ်နိုင်ရုံထစ်နိုင်ရုံနဲ့မပြီးသေးဘူးကွ၊ မင်းမြင်ဖူးတဲ့ ပန်းပဲဖိုဆိုတာ ဖိုအကြမ်းစားတွေကွ၊ သူတို့ဖိုတွေကထွက်တဲ့အရာတွေကလည်း အကြမ်းထည်ကိရိယာတွေပဲ၊ တို့ပန်းပဲသမားတွေကတော့ လယ်ယာသုံးကိရိယာတွေ လက်နက်အကြမ်းတွေလုပ်တဲ့ဖိုကို ဖိုကြီးလို့ခေါ်ကြတယ်၊ လူအင်အားများများ မီးအားများများနဲ့ မြန်မြန်ပြီးအောင်လုပ်ရတဲ့ဖိုတွေပေါ့ကွာ၊ ငါတို့လို ဓါးတွေ၊ လက်နက်တွေလုပ်တဲ့ဖိုကိုတော့ ဖိုသေးလို့ခေါ်တယ်”
“ဓါးပဲရှင် လှီးလို့ဖြတ်လို့ရတယ်၊ ခုတ်လို့ထစ်လို့ရတယ်ဆိုရင်တော်ရောပေါ့၊ ဘာတွေများထူးခြားနေသေးလို့လဲ”
“မဟုတ်ဘူးမယ်ပျင်း၊ ဒါဆိုငါလည်းမင်းကိုမေးမယ်၊ မင်းလဲစုန်းပဲ သူများတွေလဲစုန်းပဲ၊ စုန်းချင်းအတူတူ မင်းကဘာဖြစ်လို့သူများတွေထက် ပိုစွမ်းရသလဲ”
“ဒါကတော့ ပညာကြောင့်လို့ပဲပြောလို့ရမယ်ထင်တယ်၊ နောက်ပြီး ကံတရားကြောင့်လည်းပါတာပေါ့”
“အဲဒီလိုပဲမယ်ပျင်းရ၊ အခု ငါလုပ်တဲ့ဓါးနဲ့ သူများလုပ်တဲ့ဓါးနဲ့ ဓါးချင်းတူပေမယ့် တန်ဖိုးချင်းကွာတယ်၊ ဘာကြောင့်ကွာသလဲဆိုတော့ ငါ့ဓါးတွေက ငါတတ်မြောက်ထားတဲ့ပညာတွေအကုန်လုံးထည့်သွင်းပြီး ပြုလုပ်ထားတဲ့အတွက် ပညာပိုင်းဆိုင်ရာကွာတယ်”
ရာဂျာက သူပြုလုပ်လက်စ ဓါးကလေးကို လက်ချောင်းတစ်ချောင်းပေါ်ကန့်လန့်ဖြတ်တင်လိုက်လေသည်။ ထိုအခါ ဓါးသွားမှာ ဘေးသို့စောင်းသွားခြင်း ယိမ်းယိုင်သွားခြင်းမရှိဘဲ လက်ချောင်းအပေါ်တွင်ခိုင်မြဲစွာရပ်တန့်နေလေသည်။
“ဓါးတစ်ချောင်းကောင်းဖို့ဆိုတာ ထက်ရုံတင်မကဘူးကွ၊ ဓါးတစ်ချောင်းက ဟန်ချက်ညီနေရမယ်”
ရာဂျာက ထိုဓါးသွားကို လက်ချောင်းများနှင့်ဖမ်းကိုင်လိုက်ကာ လေပေါ်တွင်သုံးလေးချက်ခန့် လွှဲယမ်းလိုက်ပြီး
“ဓါးသွားက တိကျနေရမယ်၊ တိကျနေတယ်ဆိုတာက ကိုယ်ခုတ်မယ်လို့စိတ်ထဲမှန်းထားတဲ့နေရာကို ဓါးသွားက တကယ်သွားပြီးထိရမယ်၊ တစ်ခါ ဓါးကောင်းဆိုတာက တည်ငြိမ်နေရမယ်၊ ဆယ်ချက်ခုတ်လည်း တစ်နေရာတည်းထပ်တူကျရမယ်၊ အချက်တစ်ရာခုတ်ရင်လည်း တစ်နေရာတည်းထပ်တူညီနေရမယ်”
“ဟုတ်ပါပြီ ကိုဓါးကျွမ်းကြီးရယ်၊ ရှင့်ဓါးတွေက ဒီလောက်တောင်ကောင်းနေပြီး ဈေးလည်းအတော်အတန်ရတာကို ဘာဖြစ်လို့များ ဓါးတွေခပ်မြန်မြန်လုပ်ပြီး ဖောဖောသီသီမရောင်းတာလဲ”
ထိုအခါ ရာဂျာမှာတွေဝေသွားကာ တစ်ဖက်သို့လှည့်လိုက်လေသည်။
“ဓါးဆိုတာကိုက မကောင်းတဲ့အရာပဲ၊ လူတွေ၊ တိရစ္ဆာန်တွေကို ထိုးခုတ်သတ်ဖြတ်မဲ့အရာပဲ၊ ဒါကြောင့် ဒီဓါးကို ငါများများစားစားမလုပ်ချင်တာ”
“ဒါကတော့ ရှင့်အယူမှားတယ်၊ ဓါးဆိုပေမယ့် ကောင်းတဲ့အရာမှာလည်းအသုံးချလို့ရပါတယ်၊ ကိုယ်ကဓါးကိုင်ပြီးရန်သွားမရှာပေမယ့် ကိုယ့်ကိုရန်လာရှာတဲ့လူတွေကိုတော့ ဓါးနဲ့ခုခံလိုက်ရတယ်မဟုတ်လား၊ ဒါတင်မကဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဓါးကိုင်ပြီးခုခံကာကွယ်တာကရော မကောင်းတဲ့အရာတစ်ခုလား”
ထိုအခါ ရာဂျာမှာ တစ်ချက်ရယ်မောလိုက်ပြီး
“မင်းလေသံက သိုင်းသမားလေသံပေါက်နေပါလားဟေ့”
မယ်ပျင်းမှာ တစ်ချိန်က ဗိုလ်ကျော်စွာပြောထားဖူးခဲ့သည့် အရာများကိုပြန်လည်သတိရသွားလေသည်။
“ကျုပ်က အရင်တုန်းက သိုင်းသမားကြီးတစ်ဦးဆီမှာ တပည့်ခံခဲ့ဖူးတာကိုး”
“မင်းပြောတာလဲမမှားပါဘူး၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဓါးကိုင်ပြီးခုခံတယ်ဆိုပေမယ့် အနည်းဆုံးတော့ ရန်သူကိုသတ်ရမယ်၊ ခုတ်ရထစ်ရမယ်မဟုတ်လားကွ၊ သူများကိုသတ်တာကောင်းသလား၊ သူများကိုနာကျင်အောင်လုပ်တာ ကောင်းတဲ့အရာလား”
ရာဂျာစကားကြောင့် မယ်ပျင်းအဖြေရခက်သွားသည်။ သို့သော် မယ်ပျင်းမှာ မိန်းမတစ်ယောက်ပီပီ ချက်ချင်းပင် ဖြေရှင်းစရာ စကားတစ်ခုကိုတွေးလိုက်မိသည်။
“ကောင်းပြီလေ၊ ရှင်ပြောတာလည်းပြောတာပေါ့၊ ဒါပေမယ့် ဓါးတွေအားလုံးကတော့ မကောင်းဘူးလို့မပြောနိုင်ဘူး၊ ရှင်ပြောသလိုပြောရမယ်ဆိုရင် ကြက်သွန်ခွာတဲ့ဓါး၊ နှီးဖြာတဲ့ဓါးတွေဆိုပါတော့ ဒီဓါးတွေက လူသားတွေချက်ပြုတ်စားသုံးဖို့နဲ့၊ အသုံးအဆောင်ပစ္စည်းတွေထုတ်လို့ဖို့နေရာမှာ အသုံးဝင်တယ်မဟုတ်လား၊ ဒါတွေကရော မကောင်းတဲ့အချက်တွေလား”
ရာဂျာမှလက်တစ်ဖက်ထောင်လိုက်ပြီး
“ကောင်းပါပြီမယ်ပျင်းရာ၊ မင်းနဲ့ငါနဲ့စကားယှဉ်မပြောနိုင်မှန်း ငါသိပါပြီ၊ ကဲ မင်းအခုလာတာ ဘာကိစ္စလဲဆိုတာသာပြောတော့”
“ကျုပ်ရှင့်ကိုမေးစရာရှိတယ်၊ တခြားတော့မဟုတ်ပါဘူး တစစ်နေ့ညက ရှင်ပေးလိုက်တဲ့ရွှေပြားတွေ၊ အဲဒီရွှေပြားတွေကို ရှင်ဘယ်ကရတာလဲ”
“ဘာလဲ အဲဒီရွှေပြားတွေရတဲ့နေရာကိုသိသွားရင် မင်းရော ရွှေပြားတွေသွားရှာမလို့လားကွ”
“ကျုပ်ရှင့်ကို စနောက်နေတာမဟုတ်ဘူး၊ အတည်မေးနေတာ အဲဒီရွှေပြားတွေကို ရှင်ဘယ်ကရသလဲ”
“ဘယ်က ရမှာလဲကွ၊ ဟောဒီဓါးတွေလုပ်ရင်းရတာပေါ့၊ ငါ့ဓါးတစ်စင်းကို ရွှေပြားဘယ်လောက်တန်တယ်လို့ မင်းထင်သလဲမယ်ပျင်း၊ နေစမ်းပါအုံး မင်းကဘာဖြစ်လို့ ဒီအကြောင်းကို ငါ့ကိုလာမေးတာလဲ”
“ရှင်ဒီရွှေပြားတွေကို ရိုးရိုးသားသားရခဲ့တာ ဟုတ်ရဲ့လားဆိုတာ သိချင်လို့”
“ဟား၊ ဟား မယ်ပျင်းရာ မင်းကရိုးရိုးသားသားရတာတို့ ဖြူဖြူစင်စင်ရတာတို့ကို ဘယ်တုန်းက တန်ဖိုးထားတတ်သွားတာလဲကွ”
“ဒီနေ့လူတစ်ယောက်နဲ့တွေ့တယ်၊ သူ့နာမည်က အိုင်ပီမောင်ဝိုင်းတဲ့၊ သူက ကျုပ်အခုသုံးစွဲနေတဲ့ရွှေပြားတွေကို လူတစ်ယောက်ဆီကနေ လုယူလာခဲ့တယ်ဆိုပြီး ကျုပ်ကိုစွပ်စွဲချင်နေတယ်”
“အဲဒီတော့မင်းကဘာပြောလိုက်သလဲ၊ ငါ့ဆီက ရပါတယ်လို့ မင်းပြောလိုက်သေးသလား”
မယ်ပျင်းက ခေါင်းခါလျှက်
“ရှင့်ဆီက ရွှေပြားတွေရပါတယ်ဆိုတာ ဘယ်သူ့ကိုမှမပြောပါနဲ့ဆိုလို့ မပြောခဲ့ဘူး၊ ဒါပေမယ့် ဒီရွှေပြားတွေကို ရှင်ဘယ်လိုရလာသလဲဆိုတာတော့ သိချင်မိတယ်”
“မင်း မဟုတ်တာတွေမတွေးပါနဲ့၊ ဒီရွှေပြားတွေက ငါ့ခွန်ငါ့အားနဲ့သွန်းလုပ်ထားတဲ့ ဓါးရောင်းလို့ရတဲ့ငွေတွေပါ၊ ငါကတစ်ယောက်တည်းသမားဆိုတော့ စုထားဆောင်းထားခဲ့တာ”
“ကဲပါလေ ဒါဆိုလည်းရှင်လုပ်စရာရှိတာလုပ်ပါ၊ ကျုပ်သိချင်တာ သိပြီးပြီဆိုတော့ ကျုပ်သွားတော့မယ်”
မယ်ပျင်းက ထိုင်ခုံကလေးမှထလိုက်သည့်အခါ ရာဂျာက သူခုနက ပြုလုပ်နေသည့် ဓါးသွားကို တူနှင့်ခပ်ဆတ်ဆတ်ရိုက်၍ နှစ်ပိုင်းချိုးထည့်လိုက်ကာ မီးဖိုအတွင်းသို့ပစ်ထည့်လိုက်လေသည်။
“ရှင်ဘာလုပ်တာလဲ”
“ဒီဓါးက ငါလိုချင်တဲ့အရည်အသွေးရရှိသွားခဲ့ပြီမယ်ပျင်း၊ ဒါကြောင့် ဒီဓါးကို သူများတွေကိုသတ်ဖြတ်ဖို့အတွက် ငါခွင့်မပြုနိုင်ဘူး၊ ငါလုပ်ထားတဲ့ဓါးကို မကောင်းတဲ့လူတွေလက်ထဲရောက်မသွားအောင် ငါပြန်ပြီးဖျက်ဆီးမယ်”
မယ်ပျင်းက ခေါင်းခါ၍ မျက်နှာကိုမဲ့ရွဲ့လိုက်ပြီး
“ရှင်ကအရူးပဲ၊ လူသတ်တဲ့ဓါးကိုမလုပ်ချင်ဘူးဆိုရင် ကြက်သွန်လှီးတဲ့ဓါး၊ နှီးဖျာတဲ့ဓါးတွေလုပ်ပေါ့၊ ဘယ်သူကတော့ ကြက်သွန်လှီးတဲ့ဓါးကြီးကိုင်ပြီး လူလိုက်သတ်မှာလဲ”
မယ်ပျင်းက ဒေါသထွက်ထွက်နှင့်ပြောဆိုလိုက်ပြီး ပန်းပဲဖိုအတွင်းမှထွက်သွားလေသည်။ ရာဂျာက မယ်ပျင်းကျောပြင်ကိုကြည့်ပြီးနောက်
“မင်းပြောမှပဲ ငါအကြံရတော့တယ်၊ ငါအရူးပဲ၊ ကြက်သွန်လှီးတဲ့ဓါးနဲ့တော့ ဘယ်သူက လူသတ်မှာလဲ”
ရာဂျာမှာ မီးဖိုအတွင်းမှ သံတုံးတစ်တုံးကိုဆွဲထုတ်ယူလိုက်ကာ ပေပေါ်တင်၍ ဓါးတစ်စင်းအဖြစ်ပြုလုပ်နေလေသည်။
(၂)
နောက်တစ်နေ့တွင် ကျောင်းကြီးအတွင်းသို့ သားအမိနှစ်ယောက်ဝင်လာခဲ့သည်။ သာစံမှာ ကျောင်းတက်ရပြီဖြစ်သဖြင့် ပျော်ရွှင်နေလေသည်။ မာယာမှာ သာစံထက် နှစ်တန်းပိုကြီးသည်။ သာစံကတော့ သူငယ်တန်းကိုမှ အခြေခံသင်ပုန်းကြီးအတန်းကို တက်ရလေသည်။ ကျောင်းမတက်မီ မယ်ပျင်းက စာရေးကြီးထံသို့ရောက်လာခဲ့သည်။ စာရေးကြီးက မယ်ပျင်းအား သာစံအတွက်လိုအပ်မည့် ကျောင်းသုံးစာရေးကိရိယာများနှင့် စာအုပ်စာတမ်းများကိုထုတ်ပေးလိုက်သည်။ စာအုပ်များကိုသာစံက လှမ်းယူလိုက်သော်လည်း မယ်ပျင်းမှာ စာရေးကြီးကိုစိုက်ကြည့်နေလေသည်။
“ဘာလဲ ခင်ဗျားဘာဖြစ်ချင်နေတာလဲ”
“မနေ့က ကျုပ်ရှင့်ကိုပေးခဲ့တဲ့ ရွှေအပြားနှစ်ဆယ်က ဘယ်လောက်တန်တယ်ဆိုတာ ရှင်သိတယ်မဟုတ်လား”
စာရေးကြီး ပြီတီတီမျက်နှာထားနှင့်
“သိတယ်လေ၊ အဲဒါဘာဖြစ်လဲ”
“ဘာဖြစ်ရမလဲ၊ ရှင်ယူလိုက်တဲ့ရွှေပြားတွေက ကျောင်းစားရိတ်ကိုကျော်လွန်ပြီး အတော်များများဖြစ်နေသေးတယ်၊ ဒီတော့ ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ရှင်မနေ့ကယူထားတဲ့ရွှေပြားထဲက ဆယ်ပြားကို ကျုပ်ကိုပြန်ပေးပါ”
“ဘာဖြစ်လို့ပေးရမှာလဲကွ၊ မင်းရဲ့ သားကလေးကျောင်းတက်ဖို့အတွက် ပုံစံဖြည့်တာကအစ ငါအားလုံးကူညီခဲ့ရတယ်မဟုတ်လား၊ ဒီတော့ ကျောင်းစားရိတ်အပြင် ကျန်တဲ့ရွှေပြားကို ငါ့ရဲ့ဝန်ဆောင်ခလို့ပဲသတ်မှတ်လိုက်ပါ၊ ငါကတော့ တစ်ပြားမှပြန်မပေးနိုင်ဘူး”
“ရှင်တော်တော်အရှက်မရှိတဲ့လူပါလား၊ ဒီရွှေပြားတွေဆိုတာ ခပ်လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူူး၊ တစ်စုံတစ်ယောက်က မီးပူပူကြီးဘေးနားမှာ ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်ပြီးတော့မှ ရတဲ့ရွှေတွေရှင့်”
“မင်းရူးနေလား၊ ဒါဆိုရင် မင်းတို့သားအမိ ပုံစံဖြည့်လေကွာ၊ ချက်ချင်းကျောင်းတက်ခွင့်ရအောင် လုပ်ကြစမ်းပါကွ၊ လူတွေကဖြင့် စာတော့မတတ်ဘဲနဲ့”
မယ်ပျင်းက လက်ဝါးကိုထောင်လိုက်သည့်အခါ လက်ဝါးမှာ မီးတောက်မီးလျှံများတိုးထွက်လာပြီး တောက်လောင်နေကြလေသည်။ မယ်ပျင်းက စာရေးကြီးအား သတ်ဖြတ်မည်ဟုခြိမ်းခြောက်လိုက်သည့်အခါ စာရေးကြီးက
“ခင်ဗျားက အရူးမပဲ၊ လူမြင်သူမြင်တဲ့နေရာမှာ စုန်းပညာထုတ်မသုံးရဘူးဆိုတဲ့ စည်းမျဉ်းကိုခင်ဗျားမသိဘူးလား”
ထိုအခါ သာစံက အမေဖြစ်သူ၏လက်ကိုဆွဲလိုက်ပြီး
“တော်ပါတော့အမေရာ၊ အမေလုပ်တာနဲ့ ပြဿနာတွေဖြစ်ကုန်တော့မယ် သွားရအောင်နော်”
သာစံက မယ်ပျင်းကိုဆွဲခေါ်သွားသဖြင့် မယ်ပျင်းမှာမလိုက်ချင်ဘဲ လိုက်သွားရသည်။ စာရေးကြီးက မကြောက်သည့်အပြင် မယ်ပျင်းကိုခါးထောက်ကြည့်ကာ
“ခင်ဗျားလိုအဆင့်ကများ ကျုပ်ကိုလာပြီး ပြဿနာရှာချင်နေသေးတယ်ပေါ့ဟုတ်လား၊ တွေ့အုံးမယ်၊ ခင်ဗျား စုန်းပညာတွေထုတ်သုံးတဲ့အကြောင်းကို ကောင်စီကိုတိုင်ရအုံးမယ်”
ထိုအခါ အခန်းပေါက်ဝတွင်ရောက်နေသည့် မယ်ပျင်းက စာရေးကြီးဘက်သို့လှည့်လိုက်ကာ
“တွေ့လေ၊ ရှင့်ဟာရှင်တိုင်ချင်တိုင်ချင်တဲ့နေရာကိုတိုင်စမ်းပါ၊ ကျုပ်ကတော့ ဘယ်သူ့မှဂရုမစိုက်ဘူး”
သာစံကအတင်းဆွဲခေါ်သဖြင့်သာ မယ်ပျင်းက အခန်းအပြင်သို့ထွက်ခဲ့ရသည်။
(၂)
မယ်ပျင်းပြန်သွားပြီးသည့်နောက် သာစံမှာကျောင်းတက်ရသည်။ ကျောင်းတွင် ကျောင်းသားဦးရေသိပ်မများလှပေ၊ အများစုမှာ အင်္ဂလိပ်အရာရှိများ၏ သားသမီးများ၊ ငွေကြေးတတ်နိုင်သည့် အိန္ဒိယမှ ကုလားသူဌေးများ၏ သားသမီးများ၊ အင်္ဂလိပ်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအမှုထမ်းများ၏ သားသမီးများနှင့် ငွေကြေးတတ်နိုင်သည့် တိုင်းရင်းသားတစ်ချို့ဖြစ်ကြကာ ဗမာလူမျိုးမှာ အင်မတန်နည်းပါးသည်။
ကျောင်းတွင်လည်း ဗမာစာပေကိုမသင်ကြားပဲ အင်္ဂလိပ်အခြေခံစာပေသင်ရိုးများကိုသာ သင်ကြားလေသည်။ သာစံတို့ သူငယ်တန်းသာ ဗမာစကားပြောခွင့်ရလေသည်။ ဆရာ၊ ဆရာမများမှာလည်း လူမျိုးခြားများသာဖြစ်သည်။ သာစံတို့အတန်းပိုင်ဆရာမမှာ အသားမည်းမည်း၀၀ဖိုင့်ဖိုင့်နှင့် ကပ္ပလီမကြီးဖြစ်သည်။ မည်သည့်နိုင်ငံ မည်သည့်အရပ်မှလာခဲ့သည်ကို သာစံမခန့်မှန်းနိုင်ပေ၊ ခေါင်းတွင်ခြုံလွှာထည်ကြီးတစ်ခုကိုအမြဲဝတ်ဆင်ထားကာ ဂါဝန်ပွပွကြီးကိုဝတ်ဆင်ထားတတ်သည်။ သို့သော်လည်း အမြဲပြုံးရွှင်နေတတ်သည်။ သူ့အား ကလေးများက မစ္စဂျိန်းဟုခေါ်ဆိုကြသည်။
ဆရာမကြီးက သာစံလက်ကိုဆွဲကာ ကျောင်းခန်းအတွင်းသို့ဝင်လာပြီး အင်္ဂလိပ်လိုနှုတ်ဆက်ကာ ကွိကွိကွကွနှင့်စကားပြောနေလေသည်။ သာစံလည်း အတန်းထဲမှကလေးများကိုကြည့်ကာ ခေါင်းကုပ်မိသည်။ ကလေးများမှာလည်း အင်္ဂလိပ်လိုသာ ပြောဆိုကြသည်။ အခန်းထဲတွင် ကလေးဆယ့်ငါးဦးခန့်သာရှိသည်။ အကုန်လုံးမှာ သာစံထက်အသက်ငယ်ရွယ်သူများဖြစ်ကြသည်။
“ကဲ မင်းရဲ့နာမည်ကို မိတ်ဆက်ပေးလိုက်ပါအုံး”
ဆရာမကြီးက မပီမသစကားဖြင့်ပြောဆိုသည်။ ထိုအချိန် ကျောင်းပိုင်ကြီးဟုခေါ်ကြသည့် ကျောင်းအုပ်ကြီးမှာလည်း အခန်းများကိုလှည့်လည်ကြည့်ရှုရင်း သာစံတို့အခန်းဝသို့ရောက်လာသည်။ ဆရာမကြီးကပြောဆိုသဖြင့် သာစံမှာ ခေါင်းညိတ်လိုက်သော်လည်း မည်သို့ပင်မိတ်ဆက်ရမှန်းမသိပေ၊ ဆရာမကြီးက ရိပ်စားမိသည့်အခါ
“ကဲ အနောက်ကလိုက်ဆိုနော်၊ ကိုယ့်နာမည်ကိုမိတ်ဆက်တဲ့အခါ အရှေ့မှာ အိုင်အမ်လို့ထည့်ရတယ်၊ ပြီးတော့ အနောက်က သားရဲ့နာမည်ကိုပြောရမယ်၊ ဆရာမကြီးပြောပြမယ်နော်”
ဆရာမကြီးက သူ့ရင်ဘတ်ပေါ်ကိုလက်တင်လိုက်ကာ
“အိုင်အမ် ဂျိန်းစ် လီလီ၊ ဟုတ်ပြီနော်”
ထိုအခါ သာစံကအရှေ့သို့ထွက်လိုက်ကာ ဆရာမကြီးလုပ်သည့်အတိုင်း ရင်ဘတ်ပေါ်လက်တင်၍
“အိုင်အမ် သာစံ”
ထိုအခါ ကလေးများက ခွက်ထိုးခွက်လန်ရယ်မောကြလေသည်။ ကျောင်းအုပ်ကြီးကလည်း ဗိုက်ကိုနှိပ်ကာရယ်မောသည်။ ကလေးများက သာစံအားလက်ညှိုးထိုးကာ
“တာဇံ၊ သူက တာဇံပဲ”
ဟုရေရွတ်ကာ ရယ်မောနေသည်။ ကျောင်းအုပ်ကြီးကလည်း ရယ်ရင်း
“ဆန်းလှပါလားကွာ၊ မင်းနာမည်က တာဇံဆိုပါလား”
မရယ်မောသည့်လူမှာ ဆရာမကြီးတစ်ယောက်သာရှိလေသည်။ ဆရာမကြီးက ကလေးများကိုကြည့်လိုက်ကာ
“ကလေးတို့၊ ဆရာမကြီးဘယ်လိုမှာထားသလဲ၊ သူတစ်ပါးရဲ့နာမည်ကို ပျက်ရယ်ပြုတာ လူကြီးလူကောင်းဆန်တဲ့ အပြုအမူမဟုတ်ဘူးကွဲ့”
ထိုအခါ ကလေးများကငြိမ်သက်သွားကြသည်။ ခွက်ထိုးခွက်လန်ရယ်မောနေသည့် ကျောင်းအုပ်ကြီးမှာလည်း ရပ်တန့်သွားလေသည်။ ဆရာမကြီးက ကျောင်းအုပ်ကြီးကိုမျက်စောင်းထိုးကြည့်လိုက်ပြီး
“ကလေးရဲ့နာမည်ကို မနောက်ပြောင်ပါနဲ့ကျောင်းအုပ်ကြီး”
“ဟား၊ ဟား နာမည်က တာဇံတဲ့၊ အို . . . ဟုတ်သားပဲ၊ မင်းရဲ့နာမည်က ဂျိမ်းစ်ပဲ၊ ဂျိမ်းစ်ရေ မင်းကတော့ တာဇံနဲ့တွေ့ပြီပဲ”
ကျောင်းသားများရော ကျောင်းအုပ်ကြီးပါထပ်မံရယ်မောကြလေသည်။ ဆရာမကြီးမှာ ကျောင်းခန်းအတွင်းမှထွက်ခွာသွားတော့သည်။ စာသင်ခန်းအရှေ့တွင် ငူငူကြီးရပ်ပြီးကျန်နေခဲ့သည့် သာစံအား ကလေးများက တာဇံ တာဇံဟု ရေရွတ်ကာ လှောင်ပြောင်ကြသည်။
ကလေးများမှာ ၁၉၁၂ ခုနစ်တွင် စာရေးဆရာကြီး အက်ဂါရိုက်စ်ရေးသားခဲ့သည့် တောတွင်းလူသား တာဇံဇာတ်လမ်းမှ ဇာတ်ကောင်နာမည်နှင့် ရင်းနှီးပြီးသားဖြစ်လေသည်။ ကံအားလျှော်စွာပင် သာစံ၏ အမည်ရင်းမှာလည်း ထိုတောတွင်းလူသား တာဇံဆိုသည့်အမည်နှင့် အလွန်ဆင်တူနေသဖြင့် လှောင်ပြောင်ကြခြင်းလည်းဖြစ်ပြန်သည်။
ကျောင်းအုပ်ကြီး မစ္စတာဝက်ဆိုသူမှာ အင်္ဂလိပ်ဆွေကြီးမျိုးကြီးထဲမှဖြစ်သည်။ အင်္ဂလိပ်လူမျိုးအမျိုးသားရေးအစွန်းရောက်တစ်ယောက်ဖြစ်ကာ အင်္ဂလိပ်လူမျိုးများမှလွဲ၍ အခြားလူမျိုးများဆိုလျှင် အလွန်နှိမ့်ချဆက်ဆံတတ်ပေသည်။ ဗမာဆိုလျှင် သာ၍နှိမ်တတ်သည်။
ထိုနေ့က ကျောင်းပထမဆုံးနေ့ဆိုသော်လည်း သာစံတစ်ယောက်ကျောင်းတက်ရသည်ကို မပျော်မွှေ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ကလေးတိုင်းက သူ့အား တာဇံဟုခေါ်ဆိုကာ လှောင်ပြောင်သောကြောင့်ဖြစ်သည်။ သို့သော် ဆရာမကြီးကတော့ အလွန်ရုပ်ဆိုးသူဖြစ်သော်လည်း စိတ်ထားကောင်းသူဖြစ်ကာ သာစံအားဖေးဖေးမမနှင့်သင်ကြားပေးသည်။
နေ့လည်စာထမင်းကို ကျောင်းတွင်သာကျွေးမွေးလေသည်။ ကိုယ်တိုင်ယူစားနိုင်သည့် စနစ်နှင့်ပြုလုပ်ထားပြီး ကျောင်းမှဝန်ထမ်းများက ဟင်းလျာများကိုခပ်ထည့်ပေးသည်။ သို့သော်လည်း ဗမာဟင်းလျာများမဟုတ်ဘဲ ပေါင်မုန့်နှင့်တို့စားရသည့် ဟင်းလျာများ၊ စွပ်ပြုတ်များဖြစ်သည်။ ကျောင်းသားကြီးငယ်များမှာ စားသောက်စရာများထည့်ထားသည့် လင်ပန်းများကို သယ်ဆောင်ကာ သူငယ်ချင်းများနှင့်အတူ ဝိုင်းထိုင်စားသောက်ကြသည်။ သို့သော် သာစံမှာ အသိအကျွမ်းမရှိသည့်အပြင် အတန်းမှကလေးများက တွေ့သည့်အခါတိုင်း လှောင်ပြောင်တတ်သဖြင့် ထမင်းစားခန်း၏ အစွန်ဆုံး၊ ထောင့်ဆုံးစားပွဲဆီသို့လာခဲ့လိုက်ကာ တစ်ယောက်တည်းထိုင်ချလိုက်သည်။
ကျောင်းမှကျွေးသည့် စားသောက်ဖွယ်ရာများကိုစားသောက်ရင်း ခံတွင်းမတွေ့ဘဲဖြစ်နေသည့်အချိန် စားပွဲဆီသို့လူတစ်ယောက်လာရပ်သည်။ သာစံအား အင်္ဂလိပ်လိုပြောဆိုပြီးသည့်နောက် စားပွဲတွင်ဝင်ထိုင်လေသည်။
“မင်းမှာ နေစရာမရှိဘူးလား၊ သူငယ်ချင်းတွေမရှိဘူးလား”
သာစံမေးလိုက်သော်လည်း ထိုကုလားလေးမှာ အစားအစာကိုသာ အားရပါးရစားသောက်နေလေသည်။
“ငါ့နာမည်က သာစံ၊ မင်းရဲ့နာမည်က ဘယ်သူလဲ”
ကုလားလေးက စားသောက်နေရင်း သာစံအားတစ်ချက်ကြည့်လိုက်ကာ “ရာဂျ်” ဟုတစ်ခွန်းတည်းပြောလိုက်လေသည်။ ထမင်းစားချိန်တွင် မာယာမှာသူငယ်ချင်းများနှင့် အတူတူစားသောက်လေသည်။ ထမင်းစားပြီးချိန်မှသာ သာစံအနားသို့ရောက်လာသည်။
“ကျောင်းတက်ရတာအဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်၊ အခုတစ်ကျောင်းလုံးက ငါ့ကိုတာဇံလို့ခေါ်ပြီး ရယ်နေကြတယ်၊ အဲဒီ တာဇံဆိုတာဘာလဲ”
မာယာပင် ဟက်ခနဲရယ်မောမိသွားသည်။
“တာဇံဆိုတာ တောတွင်းလူရိုင်းလေ၊ အေးဟာ နင့်နာမည်သာစံနဲ့ တာဇံဆိုတဲ့နာမည်ကြီးကလည်း သွားပြီးထပ်တူကျနေတာကိုးဟ”
“ဒါနဲ့ ရာဂျ် ဆိုတဲ့တစ်ယောက်ကလည်း ငါ့လိုပဲအစအနောက်ခံရလို့လားမသိဘူး၊ သူလည်းတစ်ယောက်တည်းပဲ၊ ငါ့ကိုစကားတောင်မပြောဘူးဟ”
“အဲ့ကောင်နဲ့သွားပေါင်းမနေပါနဲ့၊ သူက ငါတို့အတန်းထဲကပဲ၊ သူ့နာမည်က ရာဂျတ်တဲ့၊ အပယ်ခံတစ်ယောက်ပေါ့”
“ဘယ်လိုဖြစ်လို့ အပယ်ခံဖြစ်နေတာလဲ”
“ဒီလိုသာစံရ၊ ရာဂျတ်က ဆင်းရဲတာကိုး၊ သူ့ကိုဘယ်သူက ပေါင်းသင်းချင်မှာလဲဟ”
“ဆင်းရဲတယ်ဆိုရင် ဒီကျောင်းတက်ခွင့်မရဘူးဆို”
“နင်နားလည်အောင်ပြောရရင် သူကပညာသင်စားရိတ်ရထားတဲ့သူတစ်ယောက်ပဲ၊ စာလည်းတို့အတန်းထဲမှာ သူကအတော်ဆုံးပဲ”
သာစံမှာခေါင်းကုပ်လျှက်
“စာတော်ရဲ့သားနဲ့များ၊ ဘာဖြစ်လို့အပယ်ခံဖြစ်ရပါလိမ့်နော်”
“ငါပြောပြီးသားပဲလေ၊ သူကဆင်းရဲတာကိုးဟ၊ ဆင်းရဲတဲ့လူနဲ့ပေါင်းတော့ ဘာအကျိုးရမှာမို့လို့လဲ၊ ကိုယ်ကတောင်ပြန်ပြီးကျွေးမွေးနေရအုံးမယ်၊ သူက စာတော်တာတစ်ခုပဲရှိတာ ကျန်တဲ့နေရာမှာ လူဝင်မဆန့်ပါဘူးဟာ”
စကားပြောနေရင်း ကျောင်းရှိမျှော်စင်ကြီးမှာ ခေါင်းလောင်းသံတစ်ခုထွက်ပေါ်လာလေသည်။ ကစားနေကြသည်ကလေးများအားလုံးမှာ ကျောင်းစာသင်ခန်းများထံသို့ပြေးဝင်သွားကြသည့်အတွက် သာစံလည်း အခန်းအတွင်းသို့လေးလံသောခြေလှမ်းများဖြင့် ပြန်ဝင်လာခဲ့ရသည်။
ညနေရောက်သည့်အခါ မြင်းလှည်းဖြင့်ကျောင်းလာကြိုသည်။ သာစံမှာမျက်နှာသိပ်မကောင်းလှပေ၊ ရာကူးက သာစံအားကြည့်ပြီး
“သာစံ၊ ကျောင်းတက်ရတာ မပျော်ဘူးလားကွ၊ မင်းပဲကျောင်းတက်ချင်တယ်ဆို”
“စာသင်ရတာကတော့ ပျော်ပါတယ်၊ ဒါပေမယ့် သူများတွေရဲ့အလှောင်အပြောင်ခံရတာ၊ နှိမ့်ချခံရတာကို ခံရတာတော့ အဆင်သိပ်မပြေဘူး ဦးကြီးရာကူး”
ရာကူးမှာ ခေါင်းကုပ်လျှက်
“ကျောင်းတော်ကြီးက မင်းအတွက်စာပေတင်မကဘူး လူမှုဆက်ဆံရေးတွေပါ သင်ပေးနေတယ်လို့မှတ်လိုက်ပေါ့သာစံရာ၊ အနှိမ်ခံရတယ်ဆိုတာက ကျောင်းမှာတင်မကပါဘူးကွ၊ ဟဲ့ မာယာ နင်ကလည်း သာစံကိုနည်းနည်းပါးပါး ခေါ်လေဟာ”
ရာကူးက မာယာဘက်သို့လှည့်သွားသည်။ မာယာက ခေါင်းကုပ်ရင်း
“ခေါ်ချင်ပေမယ့် သာစံနဲ့သမီးနဲ့က အတန်းမှမတူတာ ဦးကြီးရဲ့၊ အတန်းမတူတော့ တွေ့ရတဲ့အချိန်က များများစားစားမှမရှိတာ”
“အေး ဒါလည်းဟုတ်တာပဲ၊ ဘာပဲဖြစ်ဖြစ်သာစံရာ၊ မင်းကျောင်းနေဖို့အတွက် မင်းအမေက ရုန်းကန်ပြီးထားပေးရတာကွ၊ ကျောင်းတက်ပြီး စာပေတွေတတ်အောင်သင်နော် ဟုတ်ပြီလား”
မြင်းလှည်းမှာ ရာကူးတို့ခြံဝိုင်းအတွင်းသို့ဝင်လာခဲ့သည်။ မယ်ပျင်းမှာ သားဖြစ်သူကျောင်းသွားသည့်အခါ အဆင်ပြေမပြေကိုသိလိုလှသဖြင့် ခြံထဲတွင်ပင်စောင့်ဆိုင်းနေလေသည်။ သာစံမြင်းလှည်းပေါ်မှဆင်းလာသည့်အချိန် သာစံအား လက်လှမ်းဆွဲပြီး
“ဟဲ့သား၊ ကျောင်းတက်ရတာအဆင်ပြေရဲ့လား၊ သားက ဘယ်သူကအနိုင်ကျင့်သေးလဲ”
သာစံမှာ ရာကူးနှင့်မာယာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်ပြီး
“မဟုတ်ပါဘူးအမေရဲ့၊ သားကျောင်းမှာပျော်ပါတယ်၊ သူငယ်ချင်းတွေကလည်း သားကိုခင်ကြမင်ကြတယ်၊ သားဒီနေ့ သူငယ်ချင်းအသစ် ဆယ်ယောက်လောက်တောင်ရလာတယ်အမေရဲ့”
သာစံက လိမ်ပြောလိုက်သည့်အခါမှ မယ်ပျင်းမှာ စိတ်ချမ်းသာသွားလေသည်။
“ငါ့သား၊ မင်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ကျောင်းတက်နေတာ၊ ဘယ်သူ့ရဲ့ထောက်ပံ့မှုမှ မပါဘူးနော်၊ တကယ်လို့မင်းကိုကျောင်းမှာ အနိုင်ကျင့်တဲ့လူ၊ နှိမ်ချင်တဲ့လူရှိရင် အမေ့ကိုပြောနော်သား၊ ဒင်းတို့ တစ်ခါတည်း သင်္ချိုင်းကုန်းရောက်သွားစေရမယ်”
သာစံက မယ်ပျင်းလက်ကိုဆွဲလိုက်ပြီး
“လာပါအမေရာ၊ အမေ့စိတ်ကိုလျှော့ထားလိုက်စမ်းပါ”
သာစံက မယ်ပျင်းကိုအိမ်အတွင်းဆွဲခေါ်သွားသည့်အခါ ရာကူးနှင့်မာယာမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းပြိုင်တူချလိုက်ကြလေသည်။
ညစာ စားသောက်ပြီးသည့်အခါ သာစံမှာ ကျောင်းမှပေးလိုက်သည့်စာအုပ်များကိုယူကာ မာယာတို့အိမ်ကလေးဆီသို့လာခဲ့သည်။ မီးခွက်အလင်းရောင်ဖြင့် မာယာနှင့်အတူတူစာများလုပ်ကြသည်။ သာစံမှာတော့ အေဘီစီဒီအဆင့်ပင်ရှိသေးသည်။ ကျောင်းမှပေးလိုက်သည့် အိမ်စာများမှာ တစ်ခဏနှင့်ပင် ပြီးဆုံးသွားသည်။ မာယာကတော့ စာကြောင်းများရေးနေသည်ကိုတွေ့သဖြင့် သာစံက သိပ်မကျေနပ်ပေ။
“ဆရာမက ဘာဖြစ်လို့သုံးလုံးပဲရေးခိုင်းတာလဲမသိဘူးဗျာ၊ ကျုပ်ကတော့ဖြင့် ဒီတစ်အုပ်လုံးကိုရေးလိုက်ချင်တော့တာပဲ”
ထိုအခါ ရာမူးက ကွမ်းဝါးရင်းရယ်မောနေလေသည်။
“မင်းက မကျေနပ်ဘူးလား သာစံရ”
“ဆရာမသင်တာ နှေးသလားလို့၊ ကျုပ်က ခပ်မြန်မြန်တတ်ချင်နေပြီ၊ စာမြန်မြန်တတ်တော့မှ စာအုပ်တွေဘာတွေဖတ်လို့ရမယ်မဟုတ်လားဗျ”
“ဒီလိုလည်းမဟုတ်သေးဘူးသာစံရ၊ လောကမှာ မြန်တိုင်းလည်းကောင်းတာမဟုတ်ဘူး၊ ခပ်နှေးနှေးမှကောင်းတာလည်းရှိတယ်ကွ”
ရာမူးကပြောဆိုလိုက်ပြီးသည့်နောက် ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ကာ
“လောကနီတိကျမ်းအဆိုအရ သိနေ သိပ္ပံ၊ သိနေ ဓနံ၊ သိနေ ပဗ္ဗတံ မရုဟံ။ သိနေ ကာမဿ ကောဓဿ၊ ဣမေ ပဉ္စ သိနေသိနေ တဲ့ကွ၊ ပညာသင်ကြားတဲ့အခါ၊ ဥစ္စာပစ္စည်းရှာဖွေတဲ့အခါ၊ တောင်တက်တဲ့အခါ၊ ကာမဂုဏ်ခံစားတဲ့အခါနဲ့ ဒေါသထွက်တဲ့အခါ အဲဒီအခါငါးမျိုးမှာ ဖြည်းဖြည်းပဲလုပ်ရတယ်တဲ့ကွ၊ မြန်လွန်းအားကြီးရင် ပျက်စီးတတ်တယ်တဲ့၊ ဒါကြောင့် ပညာသင်တဲ့အခါ စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းသာသင်ရတယ်”
မာယာက ခေါင်းကုပ်လျှက်
“အဖေ့ရဲ့ လောကနီတိတို့ ဘာနီတိ ညာနီတိတွေ တော်ပါတော့အဖေရာ၊ ကျောင်းမှာလည်း ဒါတွေမသင်ပါဘူး”
“အောင်မယ်၊ ဒီနီတိတွေက ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့တဲ့ကျမ်းတွေဟ၊ နင်တို့ကျောင်းက အေဘီစီဒီလောက်သင်တာကိုး၊ ဒါတွေသိမလား”
“ဒါနဲ့အဖေ၊ သာစံကို ကျောင်းကလူတွေက တာဇံလို့ခေါ်ကြတယ်အဖေရဲ့”
ရာမူးမှာ တဟားဟားနှင့်ရယ်မောလိုက်လေသည်။
“တာဇံဆိုတာလည်း ဆိုးဝါးတဲ့နာမည်တစ်ခုမဟုတ်ပါဘူးကွ၊ တာဇံက တောတွင်းလူသားဆိုပေမယ့် လူထူးဆန်းတစ်ယောက် သတ္တိကောင်းတဲ့လူတစ်ယောက်ကွ၊ သူက လူစွန့်စားကြီးပဲလေ”
“ဟာ အဖေကလည်း တောထဲမှာနေပြီး အဝတ်အစားမပါတဲ့ တာဇံနဲ့ဘယ်သူက တူချင်မှာလဲ”
“အေးပေါ့ကွာ၊ မင်းနာမည်ကလည်း တာဇံနဲ့သွားပြီး လေယူလေသိမ်းချင်းတူတာကိုးကွ၊ မင်းဒီနာမည်မှည့်ထားသရွေ့တော့ မင်းကိုလူတွေက နောက်ပြောင်နေကြအုံးမှာပဲကွ၊ ဒီတော့နာမည်လေးဘာလေးပြောင်းပေါ့ကွာ၊ အခုမင်းအမေက ရာဂျာနဲ့လက်ထပ်လိုက်ပြီးဆိုတော့ မင်းက ငါတို့ရဲ့ ရာမျိုးရာနွယ်ဖြစ်သွားပြီ၊ မင်းနာမည်ကို ရာအူးလို့ပေးရင်ကောင်းမလား၊ ဒါမှမဟုတ် ရာဟူး၊ ရာမက်ဆိုလည်းမဆိုးဘူးကွ”
“အဖေကတော့ အဖေတို့ဇာတ်သွင်းနေပြန်ပြီ၊ သူက အင်္ဂလိပ်ကျောင်းတက်တာဆိုတော့ အင်္ဂလိပ်နာမည်ပေးမှကောင်းမှာ၊ စမစ်တို့ ဂျွန်တို့ဆိုရင်မဆိုးဘူး၊ ဒါမှမဟုတ် ရော်နယ်တို့ ရေးနိုးတို့ ဆိုရင်လည်း ကောင်းတာပဲ”
“ဟဲ့မာယာ၊ အဖေတို့မျိုးရိုးမှာ ယောက်ျားလေးတွေဆိုရင် နေမင်းကြီးကို ကိုယ်စားပြုတဲ့အနေနဲ့ အရှေ့က ရာဆိုတဲ့စကားထည့်ရတယ်ဆိုတာ မသိဘူးလား”
“အဖေတို့နာမည်တွေက တောဆန်ပါတယ်အဖေရာ၊ အင်္ဂလိပ်နာမည်မှ ခေတ်မီမှာအဖေရ၊ ဒီခေတ်က အင်္ဂလိပ်ခေတ်ပဲဟာကို”
သားအဖနှစ်ယောက်စကားများနေသဖြင့် သာစံတစ်ယောက်စိတ်ညစ်ညစ်နှင့်အခန်းဆီသို့ပြန်လာခဲ့လေသည်။ အိပ်ခန်းအတွင်းရောက်သည့်အခါ မယ်ပျင်းမှာ ဆေးလိပ်ဖွာနေသည်ကိုတွေ့ရသည်။ သာစံက မယ်ပျင်းအနီးတွင်ထိုင်လိုက်ကာ
“အမေ၊ ဘာဖြစ်လို့ သားနာမည်ကို သာစံလို့ပေးထားတာလဲဟင်”
“သူများတွေထက်ပိုသာ ပိုထူးပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့စံစားရအောင်လို့ ဆိုပြီး သာစံလို့ပေးထားတာပေါ့ကွဲ့၊ ဘာလဲ မင်းက မင်းနာမည်ကိုမကြိုက်ဘူးလား”
“ကြိုက်တော့ကြိုက်ပါတယ်အမေရာ၊ ဒါပေမယ့် ကျောင်းမှာ သာစံဆိုတဲ့နာမည်ကြီးနဲ့ကျတော့ ခေါ်ရတာတစ်မျိုးကြီးဖြစ်နေတယ်ဗျ”
“အမလေးဟယ်၊ နင့်နာမည်က ဘာဖြစ်နေလို့လဲ”
“ဘာမှတော့မဖြစ်ပါဘူး၊ ဒါပေမယ့် အင်္ဂလိပ်ကျောင်းတက်ရင် အင်္ဂလိပ်နာမည်တွေပေးကြတယ်အမေရဲ့၊ သူငယ်ချင်းတစ်ယောက်ဆိုရင် စမစ်တဲ့၊ နောက်တော့ ဂျွန်၊ ရော်နယ်တို့ ရေးနိုးတို့ဆိုတာလည်းရှိသေးတယ်”
မယ်ပျင်းမှာ ဘာမှမပြောဘဲ ဆေးလိပ်သာဖွာနေလေသည်။
“နောက်ပြီးတော့ ဦးကြီးရာမူးလည်းပြောသေးတယ်၊ မင်းနာမည်က ခေါ်လို့မကောင်းဘူးတဲ့၊ မင်းက အခုငါတို့ ရာမျိုးနွယ်ထဲရောက်လာပြီဆိုတော့ မင်းကို ရာအူးလို့ခေါ်ရင်ကောင်းမလား၊ ရာမက်လို့ပေးရင်ကောင်းမလားဆိုပြီး စဉ်းစားနေတယ်အမေရ”
ထိုအခါမယ်ပျင်းက ဒေါသထွက်သွားကာ
“တိတ်စမ်းသာစံ၊ မင်းပြောတာတွေ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတယ်လို့မထင်နဲ့၊ ဘိုနာမည်တွေပေးရအောင် မင်းက ဘိုလား၊ ဘိုနဲ့ရတဲ့လူမို့လို့လားဟဲ့၊ မင်းက ဗမာ၊ ဗမာက ဗမာနာမည်ပဲပေးရမှာပေါ့၊ အဲဒီ ဘိုလိုးမသားနာမည်တွေ ငါ့ကိုလာမပြောနဲ့ ငါမကြိုက်ဘူး”
သာစံမှာ မိခင်အော်ငေါက်လိုက်သဖြင့် ငြိမ်ကုပ်သွားသည်။
“နောက်ပြီးတော့ မင်းကိုဘယ်သူမှ ကုလားနာမည်မမှည့်ရဘူး၊ ကုလားနာမည်မှည့်ရအောင် မင်းက ကုလားမဟုတ်ဘူးသာစံ၊ မင်းရဲ့အခုနာမည်က နှယ်နှယ်ရရမဟုတ်ဘူး ကိန်းခမ်းတွေနဲ့တွက်ချက်ပြီးတော့ သူတော်ကောင်းကြီးတစ်ယောက် ရွေးချယ်ပေးထားတဲ့နာမည်ဟဲ့၊ ဒီနာမည်ကို မင်းမြတ်နိုးရမယ်၊ မင်းလေးစားရမယ်”
သာစံမှာခေါင်းညိတ်လိုက်သည်။
“နောက်တစ်ခါ နာမည်နဲ့ပတ်သက်လို့ ဘာအသံမှထပ်မကြားချင်ဘူးသာစံ၊ မင်းနာမည်ကို ဘိုနာမည်ပြောင်းမှ ကျောင်းနေရမယ်ဆိုရင် အဲဒီကျောင်းကိုမနေနဲ့၊ မင်းကိုငါကျောင်းထုတ်ပစ်မယ်”
သာစံမှာ ဆက်အထွန့်မတက်ရဲတော့ဘဲ ငြိမ်ကုပ်နေလေသည်။ သို့သော် စိတ်ထဲမှာတော့ မိမိနာမည်သာစံအား တောတွင်းလူသား တာဇံဆိုသည့်အမည်နှင့် ခေါ်ဝေါ်လှောင်ပြောင်ခံနေရသည်ကိုတော့ မကျေနပ်ပေ၊ တစ်နေ့အသက်ကြီးသွားသည့်အခါ မိမိနာမည်ကိုပြင်ဆင်မည်ဟု စိတ်ထဲတေးမှတ်ထားလိုက်လေတော့သည်။
(၃)
နောက်တစ်နေ့မနက်စောစောမှာပင် ရာကူးက အရေးကြီးကိစ္စရှိသည်ဟုဆိုကာ အိမ်မှထွက်သွားသည်။ ကျောင်းတက်သည့်အချိန်ရောက်သည့်အခါ သာစံကိုမယ်ပျင်းက လိုက်ပို့သည်။ ကျောင်းအရှေ့တွင် မြင်းလှည်းကိုရပ်တန့်လိုက်သည့်အခါ ကျောင်းရှေ့တွင် လူများက ရုတ်ရုတ်သဲသဲဖြစ်နေကြလေသည်။ မယ်ပျင်းက လှည်းပေါ်မှဆင်းလိုက်သည့်အခါတွင်တော့ ကျောင်းပေါက်ဝတွင်စကားပြောနေသည့် ရာကူးမှာ မယ်ပျင်းဆီသို့ လှမ်းလျှောက်လာသည်။
“ကျောင်းမှာလူတွေတရုံးရုံးနဲ့ ဘာဖြစ်နေတာလဲ”
“ကျောင်းက စာရေးကြီး သူများအသတ်ခံရလို့သေပြီတဲ့ကွ”
“အော်၊ ဟိုသူတောင်းစားဖြစ်မယ်၊ ဒင်းလိုကောင်မျိုး မြန်မြန်သေလေ အေးလေပဲ”
ရာကူးက မယ်ပျင်းလက်ကိုဆွဲလိုက်ရင်း
“ငါပြောချင်တာ ဒါမဟုတ်ဘူးမယ်ပျင်း၊ သူများတွေပြောတော့ မင်းနဲ့သူနဲ့ မနေ့က ရန်ဖြစ်ကြတယ်ဆို”
မယ်ပျင်းက မျက်မှောင်ကြုတ်လိုက်ကာ
“သြော်၊ ရန်ဖြစ်တိုင်း ကျုပ်ကသတ်ရမှာတဲ့လား၊ နေပါအုံး အခုကျုပ်ကို လူသတ်သမားလို့ စွပ်စွဲနေကြတာလား”
ထိုအခါ မြင်းနက်ကြီးတစ်စီးမှာ မယ်ပျင်းနံဘေးသို့ထိုးရပ်လာပြီး မြင်းနက်ပေါ်မှ အိုင်ပီမောင်ဝိုင်းက ခုန်ဆင်းလိုက်လေသည်။
“လူတစ်ယောက်ကိုသတ်ဖို့ဆိုတာ အကြောင်းအရာသုံးခုလိုတယ်ကွ”
မောင်ဝိုင်းက လက်သုံးချောင်းထောင်လိုက်ကာ
“တစ်အချက်၊ အဲဒီလူနဲ့ရန်ဖြစ်တာမျိုး၊ အချင်းများတာမျိုးရှိရမယ်၊ နှစ်အချက် အဲဒီလူကိုသေစေချင်တဲ့ဆန္ဒရှိရမယ်၊ သုံးအချက် အဲဒီလူကိုသေစေနိုင်တဲ့အရည်အချင်းရှိရမယ်၊ ဒီသုံးချက်လုံးနဲ့ မင်းနဲ့သိပ်ကိုက်ညီနေတယ်မယ်ပျင်း”
“လာပြန်ပြီလား၊ အင်စပိတ်ဆိုလားဘာလား၊ နေပါအုံး ရှင်ကဒီမြို့မှာဘာဖြစ်ဖြစ် ကျုပ်ကိုပဲထင်နေတာလား၊ ကျုပ်လုပ်တယ်လို့ပဲ စွပ်စွဲချင်နေရအောင် ရှင်နဲ့ကျုပ်နဲ့ဘာရန်ငြိုးရန်စရှိခဲ့ဖူးလို့လဲ”
“ခင်ဗျားနဲ့ကျုပ်အကြားမှာ ရန်ငြိုးမရှိပေမယ့်၊ စာရေးကြီးနဲ့ခင်ဗျားကြားမှာ ရန်ငြိုးရှိတာကျုပ်သိပါတယ်”
ရာကူးက မောင်ဝိုင်းကိုကြည့်လိုက်ကာ
“ကဲ မောင်ဝိုင်း၊ မင်းသွားစုံစမ်းတာ ဘာထူးသလဲ”
“ကျောင်းက ခါလာကြီးပြောတာကတော့ မနေ့ကမနက်ပိုင်းကျောင်းမတက်ခင်မှာ စာရေးကြီးနဲ့မယ်ပျင်းနဲ့ရန်ဖြစ်နေပါတယ်တဲ့၊ မယ်ပျင်းက စာရေးကြီးဆီက တစ်ခုခုကိုပြန်တောင်းနေပြီးတော့ မပေးရင်သတ်မယ်ဖြတ်မယ်ဆိုပြီး ပြောနေတာကြားရပါတယ်လို့ပြောတယ်”
ရာကူးက မယ်ပျင်းကိုကြည့်လိုက်ပြီး
“ဒါကဘယ်လိုဖြစ်တာလဲ”
“ဒီစာရေးက ကျောင်းအပ်ဖို့ဆိုပြီးတော့ ကျုပ်ဆီက ရွှေပြားတွေကို မတရားလိမ်ယူသွားတယ်၊ ဒီအတွက်ကျုပ်ပြန်တောင်းတာ၊ ဒါကျုပ်မှားသလား”
“ဘာထပ်ပြီးထူးသေးလဲမောင်ဝိုင်း”
“မနေ့က ညက စာရေးကြီးက ကျောင်းအုပ်ကြီးအတွက်အစီရင်ခံစာတစ်စောင်ကို အချိန်ပိုဆင်းပြီးရေးပေးနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့နောက်ကျောကိုမီးလက်ဝါးနဲ့ရိုက်ပြီးသတ်သွားခဲ့တာပါ”
ထိုအခါ သာစံမှာမျက်လုံးပြူးသွားလေသည်။ ပြီးနောက် အမေဖြစ်သူကိုကြည့်လိုက်ကာ
“မီးလက်ဝါးတဲ့၊ မီးလက်ဝါးတဲ့ အမေရဲ့”
သာစံ၏ထူးဆန်းသောအပြုအမူကို အိုင်ပီမောင်ဝိုင်းက အကဲခတ်ကြည့်နေလေသည်။
“ဟဲ့သား၊ မီးလက်ဝါးဆိုတာ လူတိုင်းနီးပါးတတ်တယ်ဟဲ့ နင်ဘာတွေလျှောက်ပြောနေတာလဲ”
လူကဲခတ်တော်သည့် မောင်ဝိုင်းမှာ မယ်ပျင်းတို့သားအမိအဖြစ်ကိုရိပ်စားမိလိုက်ပြီး
“ခင်ဗျားက ခင်ဗျားသားကို အစွမ်းတွေပြထားတဲ့ပုံပဲ”
“ရှင်မဟုတ်တာတွေလျှောက်မပြောနဲ့”
“ကလေးတွေက ဖြူစင်တယ်၊ မလိမ်မညာတတ်ဘူးဗျ၊ ကဲပါ အခုတော့ခင်ဗျားနေလိုက်ပါအုံး၊ ဒါပေမယ့် ကျုပ်က ခင်ဗျားကိုတစ်ချိန်လုံးစောင့်ကြည့်နေတယ်ဆိုတာတော့ ခင်ဗျားမမေ့ပါနဲ့”
“အံ့သြလိုက်တာရှင်၊ ကျုပ်နဲ့ကတောက်ကဆဖြစ်ခဲ့တဲ့လူတွေ သေကုန်တာနဲ့ ကျုပ်သတ်တာတဲ့လား၊ ဒါဆိုရင် ကျုပ်က တစ်မြို့လုံးနဲ့ရန်ဖြစ်ပါပြီတဲ့၊ ကျုပ်ကတစ်မြို့လုံးကိုသတ်ရမှာလား၊ အဓိပ္ပါယ်မရှိလိုက်တာ”
မယ်ပျင်းက ပြောဆိုပြီးနောက်မြင်းလှည်းပေါ်သို့တက်ကာ ပြန်ထွက်သွားလေသည်။ ရာကူးက မောင်ဝိုင်းကိုမျက်စောင်းထိုးကြည့်ရင်း
“မင်းလည်း အားအားရှိမယ်ပျင်းကိုပဲ စွပ်စွဲနေတာတော့မဟုတ်သေးဘူးနော်မောင်ဝိုင်း”
“စိတ်ချပါဗျာ၊ ကျုပ်မှာ အာရုံတစ်ခုရှိပါတယ်ဗျ၊ စုံထောက်တွေရဲ့အာရုံလို့ပဲပြောရမလားပဲ၊ ရာဇဝတ်သားအနားကိုရောက်တာနဲ့ အဲဒီလူက အပြစ်ကျူးလွန်ခဲ့တဲ့လူ ဟုတ်မဟုတ်တန်းသိတယ်ဗျ၊ ဒါပေမယ့် ရုံးတော်မှာကျတာ့ သက်သေနဲ့တကွ တင်ပြရမှာမို့လို့ သက်သေခိုင်လုံတဲ့အချိန်အထိ စောင့်နေတာ”
“ဒါဆို မင်းက မယ်ပျင်းလုပ်တာလို့ထင်နေတယ်ပေါ့”
“ခင်ဗျားရော မယ်ပျင်းက မလုပ်ပါဘူးလို့ ကံသေကံမ အာမခံရဲသလား”
ရာကူးမှာ ခေါင်းကိုလေးဖင့်စွာခါပြလိုက်လေသည်။
ကျောင်းခန်းအတွင်းရောက်သည့်အခါ ကလေးများက တာဇံဟုစနောက်ကြပြန်သည်။ စာသင်သည့်အခါ ဆရာမဂျိန်းက
“ကဲ သာစံ၊ မင်းအတွက် အင်္ဂလိပ်နာမည်တစ်ခုစဉ်းစားလာခဲ့ပြီလား မစဉ်းစားရသေးရင် မင်းကိုဆရာမနာမည်တစ်ခုပေးမယ်ကွဲ့”
“သူ့မှာအင်္ဂလိပ်နာမည်ရှိပြီးသားလေ ဆရာမရဲ့၊ သူ့နာမည်က တာဇံလေ”
ကလေးများက ပြောဆိုကာရယ်မောလိုက်ကြသည်။ ဆရာမက ကလေးများကိုငေါက်ငမ်းလိုက်ပြီး
“ကဲ သာစံ၊ မင်းဘယ်နာမည်ကိုကြိုက်သလဲ”
“ကျုပ်တခြားနာမည်ကိုပြောင်းလိုက်တော့ရော ဒီကျောင်းကလူတွေက တာဇံလို့မခေါ်တော့ဘူးလား”
ဆရာမမှာအဖြေရခက်သွားသည်။
“နာမည်ဆိုတာ လူနဲ့တွဲပြီးမှတ်မိဖို့ပဲမဟုတ်လား ဆရာမရဲ့၊ ဒါကြောင့် သူတို့တာဇံလို့ပဲခေါ်ပါစေ၊ ဦးကြီးက ပြောတယ်၊ တာဇံဆိုတာ ရှက်စရာကောင်းတဲ့ အသုံးမကျတဲ့လူမဟုတ်ဘူးတဲ့၊ လူစွန့်စားကြီးတစ်ယောက် သတ္တိသိပ်ကောင်းတဲ့လူကြီးတစ်ယောက်တဲ့ဆရာမရဲ့”
ထိုအခါ ကလေးများက သာစံကိုကြည့်ကာ
“တာဇံ၊ မင်းရဲ့နာမည်က တာဇံပဲ”
သာစံမှာ ကလေးများကိုကြည့်ရင်း ပြုံးနေမိလေသည်။ ဆရာမဂျိန်းမှာ သာစံ၏စိတ်ရင်းကိုနားလည်သိရှိသွားသည့်အခါ အလွန်ကျေနပ်သွားသလို လေးစားသွားမိသည်။ သာစံ၏ ခေါင်းကိုပွတ်သပ်နေရင်း
“လက်ခံတတ်တယ်ဆိုတာ စိတ်ထားမွန်မြတ်တဲ့လူတွေဆီမှာရှိတဲ့ အလေ့အထတစ်ခုပါပဲသာစံ၊ မင်းက အများလှောင်ပြောင်နေတာတောင်မှ ဒီနာမည်ကိုလက်ခံလိုက်တယ်ဆိုကတည်းက မင်းရဲ့စိတ်ထားဖြူစင်မှုကို ငါသဘောပေါက်လိုက်ပါပြီ၊ တခြားလူတွေ မင်းကိုဘယ်လိုခေါ်ခေါ် ငါကတော့ သာစံလို့ပဲခေါ်မယ်”
“ရပါတယ်ဆရာမ ဆရာမအဆင်ပြေသလိုသာခေါ်ပါ၊ ကျုပ်ကတော့ သာစံဖြစ်ဖြစ် တာဇံဖြစ်ဖြစ် သိပ်ပြီးထွေထွေထူးထူးခံစားမနေတော့ဘူး”
ဆရာမမှာ ကလေးများဘက်သို့လှည့်လိုက်ပြီး
“ဒါဆို ဒီနေ့သာစံရဲ့အမည်ပေးတဲ့အနေနဲ့ ဆရာမတို့က လူစွန့်စားကြီးတာဇံနဲ့ လူသားစားခြင်္သေ့ကြီးတို့ တိုက်ခိုက်တဲ့စွန့်စားခန်းကိုပြောပြမယ် ကလေးတို့နားထောင်ကြမလား”
ကျောင်းခန်းအတွင်းရှိ ကလေးများမှာ လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်သွားကြလေသည်။