စာစဉ် (၉၂)
(၁)
လပြည့်ကျော်တစ်ရက်နေ့ဖြစ်သဖြင့် လမှာအလွန်နောက်ကျမှထွက်ပေါ်လာလေသည်။ ညသန်းခေါင်ရောက်သည့်အချိန်မှာပင် လဝန်းမှာကောင်းကင်အလယ်သို့မရောက်သေးပေ၊ သို့သော်လည်း ထိန်လင်းလှသည့်လရောင်အလင်းက ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလွှမ်းခြုံထားလေသည်။ မြိုင်သာသုဿန်ကြီးအတွင်း တိတ်ဆိတ်မှုကလွမ်းခြုံထားလေသည်။ သုဿန်အတွင်းအမှီပြုကာ နေထိုင်ကြသည့် ဒွန်းစဏ္ဍားများမှာလည်း ဆာလောင်မွတ်သိပ်မှုဒဏ်ကို အံတုရင်း အိပ်စက်နေကြလေသည်။
ထိုအခိုက် ကျယ်လောင်လှသည့်ရယ်သံကြီးတစ်ခုက တိတ်ဆိတ်မှုကိုဖြိုခွင်းကာထွက်ပေါ်လာလေသည်။ ထိုရယ်သံကြီးကျောင်း ဒွန်းစဏ္ဍားများမှာ အိပ်ပျော်နေရာမှလန့်နိုးလာခဲ့ကြသည်။ ရယ်သံကြားရာဆီသို့ အိပ်မှုန်စုန်မွှားနှင့်ကြည့်လိုက်သည့်အခါ သုဿန်ဇရပ်အရှေ့ မြေပြင်တွင်ရပ်တန့်နေသည့် မိန်းမတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုမိန်းမက အက်ကွဲနေသည့်အသံကွဲကြီးဖြင့်
“မင်းတို့အားလုံးသေရမယ်၊ ငါ့ကိုရန်ပြုခဲ့တဲ့ မင်းတို့အားလုံးသေရမယ်ဟေ့”
ထိုစုန်းမကြီးကိုတွေ့သည့်အခါ ဒွန်းစဏ္ဍားယောက်ျားသားများက ငေါက်ခနဲထထိုင်လိုက်ကြပြီး တောင်ဝှေးအသီးသီးကိုစွဲကိုင်ထားလိုက်ကြသည်။
“ဟာ နေ့လည်က စုန်းမပါလားဟေ့”
သံတောင်ဝှေးကိုင်ထားသည့် ဒွန်းစဏ္ဍားက အရှေ့သို့တိုးလိုက်ပြီး
“ဟေ့စုန်းမ၊ နေ့လည်က ကိစ္စတွေအားလုံး ပြေလည်သွားပြီမဟုတ်လားကွ၊ မင်းက အခုမှ ဘာထဖြစ်တာလဲ”
“မင်းတို့သေရမယ် မင်းတို့အားလုံးကိုငါသတ်မယ်၊ ငါ့နာမည်မယ်ပျင်းတဲ့ဟေ့၊ ငါ့ကိုရန်ရှာတဲ့ မင်းတို့အားလုံးကို မျိုးဖြုတ်ပစ်မယ်”
မယ်ပျင်းက ပြောဆိုရင်း သံတောင်ဝှေးကိုင်ထားသည့်လူကို စက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်လေသည်။ ထိုအခါ သံတောင်ဝှေးကိုင်ဒွန်းစဏ္ဍားမှာ တုတ်ကိုမြေတွင် ကပြာကယာထောက်ပြီး ခုန်ရှောင်လိုက်ရလေသည်။
“ခင်ဗျားကို ဒီတစ်ခါတော့ အလျှော့မပေးတော့ဘူး”
သံတောင်ဝှေးကိုင်ထားသည့်လူက မယ်ပျင်းထံသို့ပြေးဝင်လာကာ သံတောင်ဝှေးနှင့်အားကုန်လွှဲရိုက်လိုက်သည်။ မယ်ပျင်းက ထိုသံတောင်ဝှေးကို လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်၍ ဆွဲခါရမ်းလိုက်သည့်အခါ သံတောင်ဝှေးကိုင်ထားသူမှာ မြေပေါ်သို့ပြုတ်ကျလေသည်။ မယ်ပျင်းက ထိုလူကျသွားသည်နှင့် ထိုလူ၏မျက်နှာအပေါ်သို့ သံတောင်ဝှေးကို အားဖြင့်လွှဲ၍ စိုက်ချလိုက်သည့်အခါ သံတောင်ဝှေးမှာ ထိုလူ၏မျက်နှာကိုသာမက မြေကြီးအတွင်းသို့တစ်တောင်ခန့်ဖောက်ဝင်သွားပြီး ထိုလူသေဆုံးသွားလေသည်။
“သံတောင်ဝှေးရှင် သေပြီ၊ သံတောင်ဝှေးရှင် သေပြီဟေ့”
ဒွန်းစဏ္ဍားများမှာ အလွန်တုန်လှုပ်သွားကြသည်။
“ဒီစုန်းမက ငါတို့တွေကိုတကယ်သတ်မယ့်သဘောရှိတယ်၊ မိန်းမနဲ့ကလေးတွေကို ဘေးလွတ်တဲ့နေရာကိုခေါ်ပြီးပြေးကြတော့၊ ငါတို့ ဒီစုန်းမကိုအချိန်ဆွဲထားမယ်”
သစ်သားတောင်ဝှေး ဝါးတောင်ဝှေးများကိုင်ဆောင်ထားကြသည့် ဒွန်းစဏ္ဍားအယောက်ငါးဆယ်ခန့်က မယ်ပျင်းအား ဝိုင်းရံထားလိုက်ကြသည်။
“ကဲ ကိုယ့်လူတို့ ဒီစုန်းမကို အစွမ်းကုန်တိုက်ခိုက်ကြ”
ဒွန်းစဏ္ဍားတစ်ယောက်က အော်ဟစ်ပြီးသည့်အခါ မယ်ပျင်းအား ဝါးတောင်ဝှေး၊ သစ်သားတောင်ဝှေးများဖြင့် ဝိုင်းရံကာ ရိုက်ချထည့်လိုက်သည်။ တုတ်အချောင်းငါးဆယ်ခန့်ဖြင့် ငယ်ထိပ်အားတစ်ပြိုင်နက်တည်း ရိုက်ခံထိသည်မို့ မယ်ပျင်းမှာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ကျသွားလေသည်။ ထိုစဉ်မှာပင် မယ်ပျင်း၏ညာလက်ဖဝါးဆီမှ လခြမ်းကွေးကဲ့သို့ ကွေးကောက်ဝင်းလက်နေသည့် စက်လက်နက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုစက်လက်နက်အား ပစ်ခတ်လိုက်သည့်အခါ စက်လက်နက်မှာ မယ်ပျင်းခန္ဓာကိုယ်အနီးတွင် တစ်ချက်ဝေ့ဝိုက်ကာ ပျံသန်းလျှက် မယ်ပျင်းအားဝိုင်းရံထားကြသည့် ဒွန်းစဏ္ဍားအယောက်ငါးဆယ်၏ ခါးများကိုလျှင်မြန်စွာပိုင်းဖြတ်သွားလေသည်။
စက်လက်နက်မှာ ဝေ့ဝိုက်ပျံသန်းရင်း မယ်ပျင်း၏ဘယ်ဖက်လက်ဆီသို့ပြန်လည်ရောက်ရှိလာသည်။ ထိုအခါ ဝိုင်းရံထားသော ဒွန်းစဏ္ဍားများမှာ ခါးလည်တည့်တည့်မှနှစ်ပိုင်းပြတ်ထွက်ကာ မြေပြင်ပေါ်သို့လဲပြိုကျကုန်သည်။ မယ်ပျင်းနံဘေးတွင် ခါးပြတ်နေသည့်ဒွန်းစဏ္ဍားအလောင်းကောင်များမှာ ပုံအောလျှက်ရှိနေသည်။ ခါးပြတ်ထားသည့်နေရာမှ အူကလီစာများ၊ သွေးများက ဒရဟောပန်းထွက်ကာ မြေပြင်တစ်ခွင်လုံး ချင်းချင်းနီနေလေသည်။
ထိုအဖြစ်ကိုတွေ့လိုက်ရသည့် ဒွန်းစဏ္ဍားများမှာ အလွန်သွေးပျက်ကာ ခြေဦးတည့်ရာသို့ ထွက်ပြေးကြလေတော့သည်။ မယ်ပျင်းက ထိုလူများကိုတစ်ချက်ကြည့်လိုက်ရင်း
“အောင်မာ၊ မင်းတို့က ဘယ်ပြေးမလို့လဲ၊ ငါ့လက်ကနေ လူတစ်ယောက်မပြောနဲ့ ပုရွတ်ဆိတ်တစ်ကောင်တောင်မှ ပြေးမလွတ်စေရဘူး”
မယ်ပျင်းက မြေပြင်ကိုခြေဖဝါးဖြင့် ဘုန်းခနဲဆောင့်ချလိုက်သည့်အခါ မာကျောကျစ်လျစ်နေသည့်မြေပြင်မှာ ရေပြင်ကဲ့သို့ ပျော့ပျောင်းသွားပြီးနောက် ဝဲကတော့ကြီးသဖွယ် လည်ပတ်နေလေသည်။ မြေပြင်ပေါ်တွင် ထွက်ပြေးနေကြသူများ၏ ခြေထောက်များမှာလည်း မြေကြီးအတွင်းနစ်ဝင်ကာ ဝဲကတော့ကြီးက စုပ်ယူနေသဖြင့် အနောက်သို့တဖြည်းဖြည်းပြန်လည်ရွေ့လျားလေတော့သည်။
“ကယ်တော်မူပါ၊ ကယ်တော်မူကြပါ”
သုဿန်ကြီးအတွင်း အော်ဟစ်သံများနှင့်ဆူညံနေလေသည်။ အနောက်သို့မြောပါနေကြသည့် လူအများစုမှာ မြေကြီးအတွင်းနစ်မြှုပ်လျှက် သေဆုံးကုန်ကြသည်။ သားသည်မိခင်များမှာ မိမိ၏ရင်သွေးကလေးငယ်များကို ချီပွေ့ထားကြလျှက် နစ်မြှုပ်သွားကြသကဲ့သို့ မွေးကင်းစကလေးငယ်များကို ခေါင်းပေါ်သို့လက်နှင့်မြှောက်တင်ထားသူက တင်ထားကြလေသည်။
“ဟိတ် မယ်ပျင်း၊ မင်းအစွမ်းရှိရင် ငါနဲ့လာယှဉ်စမ်း၊ ဘယ်လိုဖြစ်လို့ မဆိုင်တဲ့လူတွေကိုသတ်ဖြတ်နေတာလဲ”
ဇရပ်ပေါ်မှအသံကြားလိုက်သဖြင့် မယ်ပျင်းက ဇရပ်ပေါ်သို့လွှားခနဲခုန်တက်လိုက်လေသည်။ ဇရပ်လက်တန်းပေါ်သို့ခုန်တက်လိုက်သည့်အခါ ဇရပ်အလယ်တွင် ဘိုးတော်ပြောင်ကြီးက မတ်တပ်ရပ်နေသည်။
“မင်းရဲ့စိတ်ကိုတော့ ငါနားမလည်တော့ဘူးမယ်ပျင်း၊ နေ့လည်က ပြောကောင်းဆိုကောင်းရဲ့သားနဲ့ အခုမင်းက ဘာထဖြစ်တာလဲ”
“ရှင်တို့ ဒွန်းတွေက ကျုပ်ကိုစော်ကားခဲ့တယ်၊ ဒီအတွက် အားလုံးသေရမယ်”
“သြော်၊ မင်းက မင်းလိုချင်တာရတော့ ငါ့ကိုနှုတ်ပိတ်မလို့ပေါ့လေ”
“ရှင်ထင်ချင်သလိုထင်နိုင်တယ်၊ ဒါပေမယ့် မကြာခင်ရှင်သေရမှာ အသေအချာပဲ”
မယ်ပျင်းက လက်ဝါးအတွင်းမှ စက်လက်နက်ကိုးခုကိုပစ်ခတ်လိုက်လေသည်။ ဘိုးတော်ပြောင်ကြီးက မန္တန်တစ်ချို့ကို အသံကျယ်ကျယ်နှင့်ရွတ်ဖတ်လိုက်သည့်အခါ ပျံသန်းလာသည့် စက်လက်နက်ကိုးခုမှာ ဇရပ်ကြမ်းပြင်ပေါ်သို့ပြုတ်ကျကာ တဝုန်းဝုန်းနှင့်ပေါက်ကွဲကုန်ကြသည်။
“ရှင့်မန္တန် ဘယ်လောက်စွမ်းသလဲဆိုတာ ကြည့်ကြတာပေါ့”
မယ်ပျင်းက လက်နှစ်ဖက်ကို မိုးပေါ်သို့ထောင်တင်လိုက်ပြီးသည့်နောက် လက်ဝါးနှစ်ဖက်အလယ်တွင် စက်လုံးကြီးတစ်ခုကိုဖန်တီးလိုက်သည်။ စက်လုံးကြီးမှာ ပြာလဲ့နေသည့်အလင်းရောင်တစ်ခု တောက်ပနေလေသည်။ မကြာခင် ထိုစက်လုံးကြီးဖြင့် ဘိုးတော်ပြောင်ကြီးကိုပစ်ခတ်ထည့်လိုက်သည်။ ဘိုးတော်ပြောင်ကြီးကလည်း သူတတ်ထားသည့် မန္တန်အတတ်ပညာဖြင့် အတားအဆီးများကိုဖန်တီးလိုက်လေသည်။ မန္တန်အတားအဆီးများမှာ မှန်ချပ်များသဖွယ်ပုံစံဖြင့် ကာရံတည်ရှိနေလေသည်။ သို့သော် မယ်ပျင်းပစ်လွှတ်လိုက်သည့် အပြာရောင်အလင်းလုံးကြီးမှာ ဘိုးတော်ပြောင်ကြီး၏ အကာအကွယ်မန္တန်ချပ်များကို တစ်ချပ်ပြီးတစ်ချပ် ဖောက်ထွက်လာပြီးသည့်နောက် နောက်ဆုံးတော့ ဘိုးတော်ပြောင်ကြီး၏ ရင်ဝကိုထိမှန်သွားလေသည်။
ဘိုးတော်ပြောင်ကြီးမှာ နာကျင်စွာအော်ဟစ်ကာ အနောက်သို့သုံးလေးလှမ်းခန့်ဆုတ်သွားလေသည်။
“မင်း . . . မင်းက တော်တော်ဆိုးတဲ့ စုန်းမပဲ”
ဘိုးတော်ပြောင်ကြီးက ပြောဆိုပြီးသည့်နောက် ကြေးတောင်ဝှေးကိုင်ထားသည့် လက်တစ်ဖက်မှာ လက်မောင်းအရင်းမှနေ၍ တိခနဲပြတ်ကျသွားလေသည်။ တစ်ဖန် နောက်လက်တစ်ဖက်မှာလည်း ထိုနည်းတူအတိုင်းပင် တိခနဲပြတ်ကျသွားပြန်သည်။ လက်နှစ်ဖက်ပြတ်ကျသွားသဖြင့် ဘိုးတော်ပြောင်ကြီးက ထွက်ပြေးမည်ဟုပြင်ဆင်လိုက်သည့်အခါ ခြေထောက်နှစ်ဖက်မှာလည်း ပေါင်အရင်းမှ တိခနဲပြတ်ကျသွားပြီးသည့်နောက် ကိုယ်လုံးနှင့်ခေါင်းပိုင်းသာ ကြမ်းပြင်ပေါ်သို့ဘုန်းခနဲကျသွားသည်။
“မင်း . . . မင်းဘာလုပ်တာလဲ”
မယ်ပျင်းက အားရပါးရရယ်မောလိုက်ကာ
“အဲဒါ ကိုယ်ခန္ဓာကို ငါးပိုင်းပြတ်ကျစေတဲ့ စက်လက်နက်ပဲ၊ ကိုင်း မှတ်ပလား အဘိုးကြီး”
ဘိုးတော်ပြောင်ကြီးမှာ မယ်ပျင်းကို မျက်လုံးပြူးကြီးနှင့်ကြည့်နေရင်း လည်ပင်းမှာလည်း တိခနဲပြတ်ကျသွားလေသည်။ မယ်ပျင်းက ဘိုးတော်ပြောင်ကြီး၏ ဦးခေါင်းပြတ်ကြီးကို လက်တွင်စွဲကိုင်လိုက်ကာ မိုးပေါ်သို့ခုန်တက်လိုက်သည်။ ဇရပ်ခေါင်မိုးမှာ ဝုန်းခနဲပဲ့ထွက်သွားပြီး မယ်ပျင်းက ဇရပ်ခေါင်ချွန်ထိပ်တွင် ရပ်တန့်နေလိုက်သည်။
(၂)
အိုင်ပီမောင်ဝိုင်းနှင့် တပည့်နှစ်ဦးတို့မှာ သုဿန်ဇရပ်အတွင်း အလင်းရောင်များ၊ အော်ဟစ်သံ ရယ်သံများကိုကြားရသဖြင့် ပြေးလာခဲ့ကြသည်။ ဇရပ်အရှေ့ရောက်သည့်အခါ မြေတွင်နစ်၍ သေဆုံးနေသည့် အလောင်းကောင်များကိုတွေ့ရလေသည်။
“တောက်၊ ငါထင်တယ် မယ်ပျင်းက ဒွန်းတွေနဲ့ရန်ဖြစ်ကတည်းက ဒွန်းတွေကိုလာသတ်မယ်လို့ ငါထင်နေတယ်”
ထိုအခိုက် ဇရပ်ခေါင်မိုးမှာ ဝုန်းခနဲပေါက်ထွက်သွားပြီး မယ်ပျင်းက ခေါင်းပြတ်ကြီးတစ်ခုကိုကိုင်ကာ ထွက်ပေါ်လာလေသည်။ အိုင်ပီမောင်ဝိုင်းမှာ မယ်ပျင်းအားလက်ညှိုးထိုးလိုက်ပြီး
“ဟေ့မယ်ပျင်း၊ မင်းရပ်လိုက်တော့၊ မင်းကိုငါမိပြီကွ”
မယ်ပျင်းက မောင်ဝိုင်းအား တစ်ချက်စိုက်ကြည့်လိုက်ကာ ထွက်ပြေးရန်ကြိုးစားလေသည်။ မယ်ပျင်းမှာ ဇရပ်ပေါ်မှနေ၍ လွှားခနဲခုန်ချလိုက်စဉ် မောင်ဝိုင်းက ခါးပတ်တွင်ချိတ်ထားသည့် ငွေရောင်ကြိုးငယ်ကိုလှမ်းပစ်ခတ်လိုက်သည်။ ငွေရောင်ကြိုးငယ်မှာ အလွန်လျှင်မြန်သည့်အရှိန်နှန်းနှင့် ပျံသန်းသွားကာ မယ်ပျင်းခြေထောက်အားထိမှန်၍ ပင့်ကူမျှင်များသဖွယ် ဖြာယှက်ကာထွက်ပေါ်လာပြီး မယ်ပျင်းခြေလက်များကိုချုပ်နှောင်သွားလေသည်။ မယ်ပျင်းမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျလာသည်။ အိုင်ပီမောင်ဝိုင်းနှင့် တပည့်နှစ်ဦးက မယ်ပျင်းအနီးသို့ပြေးသွားလိုက်သည်။
တပည့်နှစ်ယောက်က ခါးတွင်ချိတ်ထားသည့် ကြေးချောင်းကလေးများကိုထုတ်ကိုင်လိုက်လေသည်။ စင်စစ်အားဖြင့် ထိုကြေးချောင်းများမှာ စုန်းများ၏ရင်ဝကို ထိုးနှက်လိုက်လျှက် ထိုစုန်း၏ပညာအစွမ်းများပျက်စီးသွားစေနိုင်သည့် ကြေးအစို့တစ်ခုပင်ဖြစ်သည်။ တပည့်နှစ်ယောက်က မြေတွင်လဲနေသည့် မယ်ပျင်းဘေးသို့ပြေးသွားလိုက်ကာ ကြေးအစို့ဖြင့်ရင်ဝကိုထိုးချိန်ထားသည်။
အိုင်ပီမောင်ဝိုင်းမှာ အနားသို့တစ်လှမ်းချင်းလှမ်းလျှောက်လာရင်း စီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်ကာ နှုတ်ခမ်းတွင်တပ်လိုက်သည်။
“အခုတော့ ခင်ဗျားဘယ်ပြေးမလဲမယ်ပျင်း၊ ခင်ဗျား ပြေးမလွတ်ရုံတင်မကဘူး ခင်ဗျားကို သက်သေနဲ့တကွဖမ်းမိပြီမဟုတ်လား”
မယ်ပျင်းမှာ ကြိုးစားရုန်းကန်သော်လည်း ငွေရောင်ကြိုးကလေးများအောက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။
“မယ်ပျင်း ခင်ဗျားထွက်ပြေးဖို့မကြိုးစားပါနဲ့၊ ခင်ဗျားဒီထက်ပိုပြီးကြိုးစားရင် ကျုပ်လူတွေက ခင်ဗျားရင်ဝကို ကြေးအစို့နဲ့ထိုးနှက်ရလိမ့်မယ်”
ထိုအခါ မယ်ပျင်းက အသံကွဲကြီးနှင့်ရယ်မောနေလေသည်။
“မင်းကိုယ်မင်း ဘာမှတ်နေသလဲ ငဝိုင်းရဲ့၊ မင်းရဲ့ ဒီငွေကြိုးကလေးတွေက ငါ့ကိုတားဆီးနိုင်မှာတဲ့လား”
“ခင်ဗျားအထင်မသေးနဲ့မယ်ပျင်း၊ ဒီကြိုးတွေက မယ်တော်ကိုယ်တိုင်ကျုပ်ကိုချီးမြှင့်ထားတဲ့ငွေကြိုး၊ စုန်းချုပ်ကြိုးပဲ၊ ဘယ်လောက်ဆိုးသွမ်းတဲ့စုန်းဖြစ်နေပါစေ ဒီကြိုးကနေ လွတ်အောင်မရုန်းထွက်နိုင်ဘူး၊ ကျုပ်လူဆိုးဖမ်းလာတဲ့ ဆယ့်ခြောက်နှစ်လုံးလုံးမှာလည်း ဒီကြိုးကနေ လွတ်သွားဖူးတဲ့လူမရှိဘူး”
မယ်ပျင်းက မျက်နှာကိုမဲ့ရွဲ့လိုက်ကာ
“အေးပေ့ါလေ၊ အရင်ဆယ့်ခြောက်နှစ်က မရှိပေမယ့် အခုတော့ မင်းယုံအောင်ရုန်းထွက်ပြရတော့မယ်”
မယ်ပျင်းက ပူးကပ်နေသည့်လက်နှစ်ဖက်ကို အားကုန်ဆွဲလိုက်လေသည်။ သို့ရာတွင်လည်း ငွေကြိုးများမှာ မည်သို့မျှပင်မနေပေ၊ သို့သော် ဆွဲရင်း ဆွဲရင်းနှင့် ငွေကြိုးကလေးမှာ မီးနှင့်အမြှိုက်ခံရသကဲ့သို့ တဖြည်းဖြည်းနီရဲလာကာ မကြာမီအရည်ပျော်ကျသွားလေသည်။
မောင်ဝိုင်းတို့လူတစ်စုမှာ မယ်ပျင်းကိုအံ့အားသင့်ကာငေးကြည့်နေကြသည်။ မောင်ဝိုင်းက သူ့လူနှစ်ယောက်ကိုအချက်ပြလိုက်သည့်အခါ လူနှစ်ယောက်မှာ မယ်ပျင်း၏ရင်ဝသို့ ကြေးအစို့ချွန်များနှင့်ထိုးနှက်လိုက်ကြသည်။ သို့သော် မယ်ပျင်း၏အသားကိုမဖောက်ဘဲ ကျောက်တုံးတစ်ခုကိုထိုးနှက်ရသကဲ့သို့ဖြစ်နေလေသည်။ မယ်ပျင်းက ကြေးအစို့နှစ်ချောင်းကို လက်နှစ်ဖက်နှင့်ကိုင်တွယ်လိုက်ပြီး လျှပ်စီးကြောင်းများကိုထုတ်လွှတ်လိုက်သည့်အခါ ကြေးအစို့ကိုင်ထားသူနှစ်ဦးမှာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လျှက် ခန္ဓာကိုယ်မှ အငွေ့များတိုးထွက်လာကာ တဒင်္ဂအတွင်းမှာပင်သေဆုံးသွားကြလေသည်။
မယ်ပျင်းက မောင်ဝိုင်းအားစက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်သည့်အခါ မောင်ဝိုင်းမှာ အနောက်သို့ကျွမ်းထိုးကာ ရှောင်ရှားလိုက်ရသည်။ မယ်ပျင်းက ခန္ဓာကိုယ်တွင်ရစ်ပတ်နေသည့် ငွေကြိုးကလေးများအားလုံးကို အရည်ဖျော်ဖျက်ဆီးကာ မတ်တပ်ထရပ်လိုက်သည်။
“အခု မင်းကငါ့ကိုမြင်သွားပြီဆိုတော့ မင်းကိုငါနှုတ်ပိတ်ရလိမ့်မယ် ငဝိုင်း”
မယ်ပျင်းက အိုင်ပီမောင်ဝိုင်းထံသို့ စက်လက်နက်များကိုပစ်လွတ်လိုက်ခိုက်သည်။ အိုင်ပီမောင်ဝိုင်းက အချို့စက်လက်နက်များကိုရှောင်ရှားနိုင်သော်လည်း စက်လက်နက်တော်တော်များများက မောင်ဝိုင်းအားထိမှန်ကြသည်။ မောင်ဝိုင်းမှာ အနောက်သို့လွင့်ထွက်သွားသော်လည်း ကြီးမားပြင်းထန်သည့် ဒဏ်ရာမျိုးမရရှိပေ။
“ဟား၊ ဟား လုပ်လိုက်စမ်းပါ ခင်ဗျားတတ်သလောက်ပညာတွေနဲ့ ကျုပ်ကိုတိုက်ခိုက်စမ်းပါ”
ပြောဆိုရင်း အိုင်ပီမောင်ဝိုင်းကသူဝတ်ထားသည့် ကုတ်အင်္ကျီကြီးကိုလှန်ပြလိုက်ရာ အတွင်းဘက်တွင်တော့ ရွှေချည်ငွေချည်များဖြင့် ထိုးနှံရက်လုပ်ထားသည်ကိုတွေ့လိုက်ရသည်။
“ဟောဒီအင်္ကျီက မယ်တော်ကိုယ်တိုင်ကျုပ်အတွက် ရက်လုပ်ပေးထားတဲ့ ကိုယ်လုံအင်္ကျီပဲ၊ ဒီအင်္ကျီက ဘယ်လိုစက်လက်နက် အတိုက်အခိုက်မျိုးကိုမဆို ကာကွယ်ပေးနိုင်အောင်ချုပ်လုပ်ထားတာပဲ၊ မယ်တော်ကိုယ်တိုင်ကလွဲလို့ ဒီအင်္ကျီကိုဘယ်သူမှ ဖျက်ဆီးမပစ်နိုင်ဘူး”
မယ်ပျင်းက အပြာလဲ့ရောင်အလင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်ကာ မောင်ဝိုင်းထံသို့ပစ်လွှတ်လိုက်လေသည်။ မောင်ဝိုင်းက သူ့ပညာဖြင့်အလင်းလုံးကြီးအား ရပ်တန့်ရန်ကြိုးစားသော်လည်း မရပ်တန့်နိုင်ဘဲ မောင်ဝိုင်းရင်ဘတ်တည့်တည့်ကိုထိမှန်သွားသည်။ ဝုန်းခနဲမြည်သံကြီးနှင့်အတူ မောင်ဝိုင်းမှာ အနောက်သို့ကျွမ်းသုံးပတ်ခန့်လည်ကာ မြေပြင်ပေါ်သို့ပြုတ်ကျလေသည်။ မောင်ဝိုင်းက အားယူ၍ မတ်တပ်ရပ်ထလိုက်သည့်အခါ သူ့ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ကုတ်အင်္ကျီကြီးမှာ တစ်စစီကွဲထွက်ကာ အပိုင်းပိုင်းပြတ်၍ ပြုတ်ကျလေသည်။ မောင်ဝိုင်းမှာ အလွန်အံ့သြကာ ငေးမောကြည့်နေမိသည်။
“မဖြစ်နိုင်ဘူး၊ မယ်တော်ဆင်ပေးထားတဲ့အစွမ်းကို ခင်ဗျားကဖြတ်တောက်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး”
မယ်ပျင်းမှာ ခါးထောက်လျှက်
“မင်းမျက်စိရှေ့မှာ မြင်နေရတာတောင်မှ မယုံနိုင်သေးဘူးလားကွ၊ ကဲ မင်းမယုံသေးဘူးဆိုရင် မင်းကိုသေရွာပို့ပေးလိုက်မယ်၊ ဟိုရောက်တော့မှ ငါကမယ်တော်ထက်စွမ်းတယ်ဆိုတာကို ယုံပေတော့”
မယ်ပျင်းက အပြာလဲ့ရောင်အလုံးကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ပြန်သည်။ထိုအခါ မောင်ဝိုင်းက အစွမ်းရှိသရွေ့ကာကွယ်သော်လည်း အလင်းလုံးကြီးမှာ ပျက်ပြယ်မသွားဘဲ ရှေ့တိုး၍သာလာလေသည်။ ထို့ကြောင့် မောင်ဝိုင်းက ကြောက်အားလန့်အားဖြင့် မျက်လုံးကိုမှိတ်ချလိုက်မိသည်။
သို့သော် တခဏကြာသည်အထိ မည်သည့်အရာမှမဖြစ်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အလင်းလုံးကြီးမှာ သူ၏ နှာတဖျားအလိုတွင်ရပ်တန့်နေလေသည်။ အလင်းလုံးကြီးကို လူတစ်ယောက်က လက်ဖြင့်ဖမ်းထိန်းထားခြင်းဖြစ်သည်။ ထိုလူအားလှည့်ကြည့်လိုက်သည့်အခါ မောင်ဝိုင်းမှာ အလွန်အံ့အားသင့်သွားသည်။
“ဟင်၊ ခင်ဗျား မယ်ပျင်း”
မောင်ဝိုင်းမှာ အဝေးတွင်ရပ်နေသူကိုတစ်ချက်ကြည့်လိုက်မိသည်။
“ဟိုမှာလည်းမယ်ပျင်း၊ ဒီမှာလည်းမယ်ပျင်းတစ်ယောက်၊ ခင်ဗျားတို့က ဘာတွေလဲ”
မောင်ဝိုင်းတစ်ယောက် အထူးအဆန်းဖြစ်နေလေသည်။ အလင်းလုံးကြီးကိုင်ထားသည့်မယ်ပျင်းမှာ လက်ကိုဖြစ်ညှစ်လိုက်သည့်အခါ ထိုအလင်းလုံးကြီးမှာ ဖန်လုံးကြီးတစ်ခုအလားကွဲကျေသွားလေသည်။
“ငါ့ကိုလူတွေသတ်ပါတယ်ဆိုပြီး သတင်းတွေထွက်နေကတည်းက တစ်ယောက်ယောက်ကတော့ ငါ့ကိုနာမည်ဖျက်ဖို့ကြိုးစားနေတယ်လို့ ငါထင်သားပဲ၊ ဟဲ့ အတုမ၊ နင်ဘယ်သူလဲ၊ နင်ဘာဖြစ်လို့ ငါ့နာမည် ငါ့ပုံရိပ်ကိုအသုံးချနေရတာလဲ”
ထိုအခါ တစ်ဖက်မှ မယ်ပျင်းကလည်းရယ်မောနေလေသည်။
“အောင်မာ၊ ငါ့ကိုများအတုတဲ့၊ ငါက မယ်ပျင်းအစစ်ဟဲ့၊ မယ်ပျင်းဆိုတာ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ လူတစ်ယောက်ကို ခပ်လွယ်လွယ်နဲ့သတ်ပစ်နိုင်တဲ့မယ်ပျင်းပဲ”
အိုင်ပီမောင်ဝိုင်းမှာ ခေါင်းကုပ်လျှက်
“ခင်ဗျားတို့က ဘာတွေလဲ၊ ဘယ်သူက မယ်ပျင်းအစစ်အမှန်လဲ”
“အောင်မာ၊ အိုင်ပီကောင်စုတ် လာမရှုပ်နဲ့၊ နင့်ကိုအရင်သတ်မယ်ဟဲ့”
ထိုမယ်ပျင်းတစ်ယောက်က ရေရွတ်လိုက်ပြီးသည့်နောက် ပြာလဲ့နေသည့်အလင်းလုံးကြီးကို မောင်ဝိုင်းထံသို့ပစ်လွှတ်လိုက်ပြန်သည်။ ထိုအခါ မောင်ဝိုင်းအနီးတွင်ရှိနေသည့်မယ်ပျင်းက မောင်ဝိုင်းကိုတွန်းထုတ်ကာ အလင်းလုံးကြီးကို လက်ဖြင့်ဖြန့်ကာ တားမြစ်လိုက်သည်။ ပြီးနောက် ထိုအလင်းလုံးကြီးအား တစ်ဖက်သို့ပြန်လည်ပစ်ခတ်လိုက်ပြန်သည်။ မည်သူမှ မတားမြစ်နိုင်ခဲ့သည့် အလင်းလုံးကြီးကို မယ်ပျင်းနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဘောလီဘောပုတ်သကဲ့သို့ ပုတ်နေကြသည်။
“ဘာတွေဖြစ်ကုန်တာလဲဗျာ၊ ကျုပ်တော့မစဉ်းစားတတ်တော့ဘူး”
“မင်းဒီကနေအမြန်ထွက်သွားတော့၊ မင်းကိုသူက သတ်ချင်နေတယ်”
မယ်ပျင်းက မောင်ဝိုင်းကိုတွန်းထုတ်လိုက်သည့်အခါ မောင်ဝိုင်းက မြေပုံတစ်ခုအနီးတွင်ပုန်းခိုနေလိုက်သည်။
“ငါ့ကိုကယ်တဲ့လူက မယ်ပျင်းလား၊ ငါ့ကိုသတ်ချင်နေတဲ့လူက မယ်ပျင်းလား၊ ငါတော့ဝေခွဲလို့မရတော့ဘူး”
မောင်ဝိုင်းမှာ မယ်ပျင်းနှစ်ယောက် အချင်းချင်းတိုက်ခိုက်နေကြသည်ကို ငေးကြည့်နေမိသည်။ မယ်ပျင်းနှစ်ဦးမှာ အလင်းလုံးကြီးကို ဘောလီဘောပုတ်ရင်း အလင်းလုံးကြီးမှာ တဖြည်းဖြည်းကြီးမားလာခဲ့ရာ အစပထမ ထန်းသီးလုံးအရွယ်ခန့်မှ ယခုတော့ လှည်းဘီးကြီးတစ်ခုစာမျှ ကြီးမားလေသည်။
မောင်ဝိုင်းအားကယ်တင်လိုက်သည့် မယ်ပျင်းက အလင်းလုံးကြီးကိုလက်ခံရရှိပြီးသည့်နောက် တစ်ဖက်ရှိမယ်ပျင်းထံသို့ မပစ်လွှတ်တော့ဘဲ မယ်ပျင်းအရှေ့ရှိ မြေပြင်ကိုပစ်ချထည့်လိုက်သည်။ ဝုန်းခနဲပေါက်ကွဲသံကြီးနှင့်အတူ မြေကြီးပေါ်တွင် ချိုင့်ကျင်းကြီးဖြစ်သွားကာ တစ်ဖက်မှ မယ်ပျင်းလည်း အနောက်သို့လွင့်စင်ထွက်သွားလေသည်။ ထိုအခါ မယ်ပျင်း၏ ဦးခေါင်းရှိဆံပင်ကြီးများမှာ အဖြူရောင်များဖြစ်ပေါ်သွားကြပြီးသည့်နောက် ထိုမယ်ပျင်းမှာ အလွန်လျှင်မြန်စွာခုန်ပေါက်လျှက် ထွက်ပြေးသွားလေတော့သည်။
မောင်ဝိုင်းက ပုန်းအောင်းနေရာမှထွက်လာပြီး
“မင်းဘယ်သူလဲ”
“ဘယ်သူရှိရမှာလဲ ငါကမယ်ပျင်းပေါ့ဟဲ့”
“မဖြစ်နိုင်ဘူး၊ ခင်ဗျားက မယ်ပျင်းအစစ်ဆိုရင် ဘာဖြစ်လို့ကျုပ်ကိုကယ်မှာလဲ”
“ဒီမှာ ကျုပ်ကရှင့်ကိုသတ်လိုက်တော့ရော ဒီပြဿနာက သေးငယ်သွားမယ်ထင်နေလား၊ အခု ဒွန်းတွေအကုန်လုံးကိုသတ်လိုက်တော့ရော ကျုပ်ကိုစွပ်စွဲခံနေရတာတွေက လွတ်မြောက်သွားနိုင်မှာတဲ့လား”
မောင်ဝိုင်းက စဉ်းစားကာခေါင်းခါလိုက်သည်။
“လူတွေကိုသတ်လို့ ဒီစွပ်စွဲမှုတွေရပ်တန့်သွားမှာမဟုတ်ဘူးဆိုတာ ကျုပ်လည်းသိပါတယ်၊ အခု ဒီအမှုမှာ ကျုပ်ကိုတစ်ယောက်ယောက်က ချောက်ချနေတယ်၊ တစ်ယောက်ယောက်က ကျုပ်ယောင်ဆောင်ပြီးတော့ မကောင်းမှုတွေပြုလုပ်နေတယ်”
“ဒါဆို ဒီအယောင်ဆောင်တဲ့လူက ဘာဖြစ်ချင်နေတာလဲ”
“ရှင်းပါတယ်၊ သူကအပြစ်တွေအကုန်လုပ်ပြီးတော့ ကျုပ်လုပ်ပါတယ်လို့ ထိုးချမလို့ပဲ၊ တကယ်လို့ ကျုပ်သာအရောက်နောက်ကျလာရင် ရှင်အခုအချိန်လောက်ဆို သေနေလောက်ပြီ၊ ဒီလိုသာဖြစ်ရင် မနက်ဖြန်ကျတော့ မယ်ပျင်းက ဒွန်းတွေအားလုံးကိုသတ်လိုက်တဲ့အပြင် သူ့ကိုစွပ်စွဲနေတဲ့ အိုင်ပီကိုလည်း သတ်လိုက်ပါတယ်ဆိုတဲ့ သတင်းမျိုးဖြစ်လာမှာပဲ”
“မင်းပြောတာမှန်တယ်၊ ဒီသတင်းသာထွက်မယ်ဆိုရင် ကာကွယ်ရေးအဖွဲ့က လူတွေက မင်းကိုဖမ်းဆီးမှာပဲ၊ ဖမ်းဆီးတဲ့အခါ တိုက်ခိုက်မှုတွေဖြစ်ရင် သေချာပေါက် ရှုပ်ထွေးမှုှုတွေထပ်ဖြစ်လာမှာပါ”
“အခုတော့ ရှင်ကျုပ်ကိုယုံပြီလား၊ ရွှေပြားတွေကိစ္စ၊ ငွေတိုက်ကြီးကြပ်ရေးမှူး သေတဲ့ကိစ္စက ကျုပ်နဲ့ဘာမှမဆိုင်သလို၊ စာရေးကြီးသေတာကလည်း ကျုပ်သတ်တာမဟုတ်ဘူး၊ ကျုပ်က ချောက်ချခံရတာ”
အိုင်ပီမောင်ဝိုင်းက ခေါင်းညိတ်လိုက်ပြီး
“မင်းကို နည်းနည်းတော့ယုံပါပြီမယ်ပျင်း၊ ဒါပေမယ့် မင်းပြောတဲ့အတိုင်းဟုတ်မဟုတ်ကတော့ ဆက်ပြီးစုံစမ်းဖို့လိုသေးတယ်”
“ရှင်လည်းသတိထားသင့်တယ်၊ ရန်သူက ရှင့်ရဲ့လက်တစ်ကမ်းကိုရောက်နေပြီ”
“ကျုပ်အတွက်မပူပါနဲ့၊ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျုပ်စိတ်ပူတယ်”
မောင်ဝိုင်းက သေဆုံးနေကြသည့် ဒွန်းများကိုလက်ညှိုးထိုးကာပြောဆိုလိုက်လေသည်။
“ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်အသိဆုံးပဲမဟုတ်လား”
မောင်ဝိုင်းမှာ ခေါင်းညိတ်ကာ
“ကောင်းပါပြီ၊ ကျုပ်လက်ခံပါတယ်၊ ဒါပေမယ့် အမှုမှန်ပေါ်ဖို့စုံစမ်းတဲ့အခါမှာ ခင်ဗျားကူညီရမယ်”
“အချိန်မရွေးပါပဲ”
မယ်ပျင်းက ပြောဆိုလိုက်ပြီးသည့်နောက် လွှားခနဲခုန်ပျံကာ ပျောက်ကွယ်သွားတော့သည်။
(၄)
နောက်တစ်နေ့မနက်မိုးမလင်းခင်မှာပင် ရာကူးတို့အိမ်ဆီသို့ လူအများအပြားရောက်လာလေသည်။ ရာကူးနှင့်စကားပြောဆိုကြပြီးသည့်အခါ ရာကူးမှာ မယ်ပျင်းအိပ်ခန်းဆီသို့လျှောက်လာခဲ့သည်။
“မယ်ပျင်း မင်းနိုးပြီလား၊ နိုးရင်ခဏထွက်ခဲ့စမ်းပါ”
မယ်ပျင်းက ခန်းဆီးစကိုဖယ်ရှားလိုက်ကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။
“ပြဿနာတော့တက်ပြီကွ မယ်ပျင်းရ၊ မင်းမနေ့ညက ဘာတွေလျှောက်လုပ်ခဲ့သလဲ”
“ဘာလဲ ဒွန်းတွေတစ်ဖွဲ့လုံးအသတ်ခံရတဲ့ကိစ္စလား”
ရာကူးမှာထိတ်လန့်သွားပြီး
“မင်းအဲဒါတွေကို ဘယ်လိုဖြစ်ပြီးသိနေတာလဲ”
“အဲဒါတွေက ကျုပ်စွပ်စွဲခံရတာ၊ ချောက်ချခံရတာ၊ ဒါတွေက တကယ်မဟုတ်ဘူး”
“မင်းရူးနေသလားကွ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေကိုမင်းရှင်းရမယ်၊ မင်းလုပ်ခဲ့တာကို မင်းတာဝန်ယူရမယ်”
အိမ်ရှေ့ခန်းသို့ထွက်လာသည့်အခါ ဝတ်ရုံနက်များဝတ်ဆင်ထားသည့်လူများက မယ်ပျင်းအားဝန်းရံထားလိုက်သည်။
“မယ်ပျင်း၊ ခင်ဗျားကို လူသတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်”
“အောင်မာ၊ မင်းတို့လို့မလောက်လေးမလောက်စားတွေက ငါ့ကိုများဖမ်းမတဲ့လား”
ထိုအခါ သာစံကအခန်းထဲမှထွက်လာကာ လူကြီးများလုပ်ကိုင်နေသည်ကို ကြည့်ရှုနေလေသည်။ ရာကူးက မယ်ပျင်းလက်ကိုဆွဲလိုက်ရင်း
“မယ်ပျင်း၊ မင်းစိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ ဒီလူပေါင်းနှစ်ရာကျော်ကို မင်းသတ်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာရင် မင်းတရားခွင်မှာ ရင်ဆိုင်ရဲရမှာပေါ့”
ထိုတော့မှ မယ်ပျင်းက ငြိမ်ကျသွားသည်။ အနက်ရောင်ဝတ်ဆင်ထားသည့်လူများက မယ်ပျင်းအနီးသို့တိုးကပ်လိုက်ကာ ငွေရောင်လက်ထိပ်တစ်ခုဖြင့်မယ်ပျင်းအား ဖမ်းဆီးရန်အတွက်အနားသို့တိုးကပ်လိုက်သည်။
“တော်ပြီ၊ ရှင်တို့ကျုပ်ကိုဖမ်းစရာမလိုဘူး ကျုပ်အေးအေးဆေးဆေးလိုက်ခဲ့မယ်”
မယ်ပျင်းက အိမ်အပြင်ထွက်ခဲ့သည့်အခါ စီတာနှင့်ရာမူးတို့သားအဖလည်း ထွက်ကြည့်နေလေသည်။ မြင်းလှည်းပေါ်တက်မည့်အချိန်တွင် သာစံကအနားသို့ပြေးလာကာ
“အမေဘယ်သွားမှာလဲ”
“ဒီလူကြီးတွေနဲ့ ခဏလိုက်သွားမယ်ငါ့သား၊ မကြာပါဘူး၊ အမေပြန်လာခဲ့မယ်နော်”
မယ်ပျင်းက ရာမူးကိုကြည့်လိုက်ကာ
“သာစံကလေးကို အပ်ခဲ့ပါတယ်၊ သူ့ကိုသေချာစောင့်ရှောက်လိုက်ပါ”
ရာမူးကခေါင်းညိတ်ပြသည်။ ထို့နောက်မယ်ပျင်းမှာ အနက်ရောင်ဝတ်လူကြီးများနှင့်အတူ မြင်းလှည်းပေါ်တက်ကာ မောင်းနှင်ထွက်သွားလေသည်။
ရုံးတော်တံခါးကြီးမှာ ကျီခနဲပွင့်ထွက်သွားသည်။ ရုံးတော်အထက်ဘက်အကျဆုံးခုံတွင် မယ်တော်ထိုင်နေကာ မယ်တော်ထက်တစ်ဆင့်နိမ့်သည့် နေရာတွင်တော့ လူကြီးငါးယောက်ထိုင်နေကြသည်။ ထိုလူကြီးအနက် ရာကူးလည်းပါဝင်သည်။ ထိုလူကြီးများ၏ အောက်တဆင့်တွင်တော့ လူအမြောက်အများက ထိုင်နေကြသည်။ ဝတ်ရုံနက်ကြီးဝတ်ဆင်ထားသည့်လူနှစ်ယောက်က မယ်ပျင်းအား ထိုလူများအရှေ့သို့ခေါ်ဆောင်လာကာ တစ်နေရာတွင်ထိုင်စေသည်။
“တရားခံတရားခွင်ကိုရောက်ရှိလာပါပြီ”
ထိုသို့အော်လိုက်သည့်အခါ တရားခွင်တွင်ရှိနေကြသူများက မယ်ပျင်းအားကြည့်ကာ အော်ဟစ်ကဲ့ရဲ့ကြလေသည်။ ထိုအထဲတွင် အိုင်ပီမောင်ဝိုင်းလည်းပါဝင်နေသည်။ မယ်ပျင်းက မောင်ဝိုင်းအားကြည့်လိုက်သည့်အခါ မောင်ဝိုင်းက ပုခုံးနှစ်ဖက်ကိုတွန့်ပြလေသည်။
“စွဲချက်တင်မယ့်ရှေ့နေထွက်လာခဲ့ပါ”
ထိုအခါ ပုပု၀၀လူကြီးတစ်ဦးမှာ စာအုပ်အထူကြီးတစ်အုပ်ကို ကိုင်ဆောင်ကာ အရှေ့သို့ထွက်လာလေသည်။ ပြီးသည့်နောက် ခုံတန်းပေါ်တွင်ထိုင်နေကြသည့် လူကြီးများကို ဦးညွတ်အရိုသေပြုလိုက်ကာ
“ကျွန်တော်ကတော့ ရှေ့နေကြီးဦးတိုးပါ၊ အခုက ဟောဒီက မယ်ပျင်းပြုလုပ်ထားခဲ့တဲ့ ဒုစရိုက်မှုတွေကို ရုံးတော်ရှေ့မှောက်မှာ ဖွင့်ဟပြောကြားပြီး မယ်ပျင်းကိုအရေးယူနိုင်ဖို့အတွက် တင်ပြသွားမှာဖြစ်ပါတယ်”
ထိုလူကြီးက စာအုပ်ကိုဖွင့်လိုက်ကာ
“ပထမဆုံးအနေနဲ့ကတော့ မယ်ပျင်းဟာ အလွန်ဆိုးရွားတဲ့စုန်းမတစ်ယောက်ဖြစ်ပါတယ်၊ သူဟာ ငယ်စဉ်ကတည်းက လူတွေကိုမထင်ရင်မထင်သလိုသတ်ဖြတ်ခဲ့တဲ့အတွက် အရှေ့မယ်တော်က နယ်နှင်ဒဏ်ပေးထားတဲ့သူဖြစ်ပါတယ်၊ ဒါပေမယ့် မယ်တော်တွေရဲ့အာဏာစက်စည်းမျဉ်းအပြောင်းအလဲကြောင့် အရှေ့အရပ်ကိုပြန်လည်ရောက်ရှိလာပါတယ်၊ ဒါကို သဘောထားကြီးမြတ်လွန်းတဲ့ အရှေ့မယ်တော်က သားသမီးချင်းကိုယ်ချင်းစာတဲ့အနေနဲ့သော်လည်းကောင်း၊ မိဘနဲ့သားသမီးနဲ့ ပြန်တွေ့စေလိုတဲ့ မေတ္တာတရားကြောင့်သော်လည်းကောင်း ခွင့်ပြုပေးခဲ့ပါတယ်”
ထိုအခါ လူကြီးလူကောင်းများက မယ်တော်အားချီးကျူးထောမနာပြုလိုက်ကြသည်။ မယ်တော်ကလည်း ပြုံးလျှက်
“တော်ပါမောင်တိုးရယ်၊ မင်းကိုစွဲချက်တင်ခိုင်းတာပါ၊ ငါ့ရဲ့ဂုဏ်တွေကို ဖော်ကြူးခိုင်းတာမဟုတ်ပါဘူး၊ ဒီလိုမလုပ်ပါနဲ့”
မယ်တော်က တားမြစ်လိုက်သော်လည်း ဟန်ပြတားမြစ်ခြင်းသာဖြစ်ကာ မျက်နှာကတော့ ပျားသကာရည်လောင်းထားသကဲ့သို့ ချိုမြနေလေသည်။ မယ်ပျင်းက တစ်ချက်မဲ့လိုက်ကာ
“သားသမီးချင်းကိုယ်ချင်းစာရတယ်ပြောရအောင် မယ်တော်က လင်ဘယ်နှယောက်ယူဖူးလို့လဲ ကလေးဘယ်နှစ်ယောက်မွေးထားဖူးလို့လဲ”
မယ်ပျင်းထပြောလိုက်သည့်အခါ ရှေ့နေမှာ မျက်နှာပျက်သွားသည်။ မယ်တော်က မယ်ပျင်းကိုလက်ညှီုးထိုးလိုက်ပြီး
“ဟဲ့ ရာဇဝတ်မ၊ နင်ဘာစကားပြောတာလဲ”
ထိုအခါ ရာကူးက စားပွဲခုံကိုတူကလေးနှင့်ထုလိုက်ပြီး
“ရုံးတော်မှာ မလိုအပ်တဲ့စကားတွေမပြောပါနဲ့”
ထိုတော့မှ မယ်တော်မှာပါးစပ်ပိတ်သွားလေသည်။ ရှေ့နေက
“မယ်တော်က ဒီလောက်မေတ္တာထားပြီးခွင့်လွှတ်တဲ့ကြားက မယ်ပျင်းဟာ ဖက်လိပ်ရွာမှာ လူတွေသတ်ခဲ့ပါသေးတယ်၊ ပြီးတော့ နိဗ္ဗာန်ရွာကိုပြောင်းရွှေ့သွားပြီး အိမ်ထောင်ကျပါတယ်၊ နိဗ္ဗာန်ရွာက စုန်းအသင်းမှာ သုံးလခန့်ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက်မှာတော့ အသင်းသားတွေနဲ့ ကတောက်ကဆဖြစ်ပြီး နိဗ္ဗာန်ရွာစုန်းအသင်းက စုန်းတော်တော်များများကို ရွာပြင်ခေါ်ထုတ်ပြီးသတ်ဖြတ်ပစ်လိုက်တာ အတော်များများသိပြီးဖြစ်မှာပါ”
မယ်ပျင်းမှာ ဒေါသထွက်လွန်းသဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
“အဲဒါငါလုပ်တာတဲ့လား၊ ငါက ဒင်းတို့ကိုဘာကြောင့် အကြောင်းမဲ့သတ်ရမှာလဲ၊ ဒီထဲမှာ ကဝေရှင်တွေပါတယ်ဆိုတာမသိဘူးလား၊ နောက်ပြီး ဒင်းတို့က ငါ့ယောက်ျားကိုသတ်တယ်၊ ငါ့ကိုမိဘလိုစောင့်ရှောက်တဲ့ လူတွေကိုသတ်လို့ ငါဒင်းတို့ကိုလက်စားပြန်ချေတာပဲ”
ရှေ့နေကြီးက စာရွက်များကိုလှန်လှောကာ
“ဒီအကြောင်းတွေက ကျုပ်တို့မှတ်တမ်းထဲမှာမရှိပါဘူး၊ ကျုပ်တို့မှတ်တမ်းထဲမှာကတော့ နိဗ္ဗာန်ရွာကလူလေးရာကျော်ကို သတ်ဖြတ်လိုက်တာပဲရှိပါတယ်”
“ဆက်ပြီးပြောရရင်တော့ မယ်ပျင်းက ဖက်လိပ်ရွာကိုပြန်လာပြီးတော့ လူတွေထပ်သတ်နေခဲ့ပါသေးတယ်၊ မယ်ပျင်းသတ်ခဲ့တဲ့လူအရေအတွက်က ခြောက်ရာကျော်ပါတယ်၊ သူ့ကြောင့် မိဘမဲ့ဖြစ်ရတဲ့ကလေးက ရှစ်ဆယ်ပါ၊ သူ့လက်နဲ့တိုက်ရိုက်မသတ်ပေမယ့် သူ့ပယောဂကြောင့် သေဆုံးရတဲ့လူက နှစ်ရာ့ရှစ်ဆယ်ကျော်ပါတယ်”
ထိုအခါ ရာကူးက
“တော်ပါတော့ ရှေ့နေကြီးရယ်၊ အခုဘာဖြစ်တယ်ဆိုတာပဲပြောစမ်းပါ၊ ဒါတွေပြန်ပြောမနေစမ်းပါနဲ့၊ မယ်ပျင်းလူတွေဘယ်လောက်သတ်ထားသလဲဆိုတာကို ဒီအခန်းထဲမှာ မသိတဲ့လူဘယ်သူရှိသလဲ”
ထိုတော့မှ ရှေ့နေဦးတိုးက ပါးစပ်ပိတ်သွားကာ
“ကျွန်တော်တင်ပြရတာကတော့ မယ်ပျင်းရဲ့စရိုက်၊ မယ်ပျင်းရဲ့သွေးဆာနေတဲ့သတ်ဖြတ်ချင်စိတ်ကို အများသတိထားမိအောင်ပြောပြရတာဖြစ်ပါတယ်၊ ဒီလိုနဲ့ လူတွေကိုလွယ်လွယ်သတ်ခဲ့တဲ့မယ်ပျင်းဟာ မြိုင်သာမြို့က လူတစ်ယောက်နဲ့အိမ်ထောင်ကျပြီး မြိုင်သာမြို့ကိုရောက်လာခဲ့ပါတယ်၊ ဒါကို ကျုပ်တို့က ဥပဒေအရ စည်းမျဉ်းအရ ဘာမှကန့်ကွက်စရာမရှိပါဘူး၊ ဒါပေမယ့် အမြဲသတ်ဖြတ်ချင်နေတဲ့မယ်ပျင်းဟာ ကျုပ်တို့မြို့ကိုရောက်လာတဲ့အခါ အရင်ကလိုပဲ မထင်ရင်မထင်သလို လူသတ်နေပါတယ်”
“ပထမဦးစွာ သူ့သားကိုကျောင်းစားရိတ်မပေးလို့ ငွေတိုက်ကြီးကြပ်ရေးမှူးကိုသတ်ဖြတ်ပြီး ရွှေပြားငါးဆယ်ယူသွားခဲ့ပါတယ်၊ ဒါကိုလည်း အိုင်ပီမောင်ဝိုင်းက မယ်ပျင်းလုပ်တာလို့ ကောက်ချက်ချထားပါတယ်၊ ဒါတင်မကသေးဘဲ မယ်ပျင်းက သူနဲ့ကတောက်ကဆဖြစ်ခဲ့တဲ့ စာရေးကြီးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် ဒီအကြောင်းအရာတွေက တိတိပပခိုင်ခိုင်မာမာသက်သေပြလို့မရခဲ့တဲ့အတွက် မယ်ပျင်းကိုအရေးယူဖို့အထိ မပြုလုပ်ခဲ့ပါဘူး”
“ဒါပေမယ့် မနေ့က ညကတော့ မယ်ပျင်းက သူနဲ့ရန်ဖြစ်ခဲ့တဲ့ ဒွန်းစဏ္ဍားပေါင်း နှစ်ရာကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်၊ သူသတ်ဖြတ်ခဲ့တဲ့အထဲမှာ သက်ကြီးရွယ်အိုတွေကစလို့ ရင်ခွင်ပိုက်ကလေးငယ်လေးတွေအထိ ပါဝင်နေပါတယ်၊ ဒါကိုတော့ ကျွန်တော်တို့က လူသက်သေတွေရထားတဲ့အတွက် အခုလိုအပြစ်ပေးအရေးယူနိုင်ဖို့စီစဉ်ရတာဖြစ်ပါတယ်”
“ကဲ သက်သေခံတွေခေါ်လာခဲ့”
ထိုအခါ ဒွန်းစဏ္ဍားတစ်ယောက်က အခန်းအတွင်းသို့ဝင်လာခဲ့သည်။ ရှေ့နေက ဒွန်းစဏ္ဍားအား အပြာရောင်ရေများထည့်ထားသည့်ခွက်ကိုကမ်းပေးလိုက်ရာ ဒွန်းစဏ္ဍားကရေများကိုသောက်ချလိုက်သည်။
“ကဲ မောင်မင်းအမှန်အတိုင်းထွက်ဆိုပါ၊ မောင်မင်းခုနက သောက်လိုက်တဲ့ဆေးက အလိမ်ဖော်တဲ့ဆေးဖြစ်လို့ မောင်မင်းစကားတစ်လုံးလောက် လိမ်ပြောလိုက်တာနဲ့ ဒီနေရာမှာတင် အသက်ပျောက်သွားမယ်ဆိုတာ သိထားပါ”
ရှေ့နေက ခြိမ်းခြောက်လိုက်သည့်အခါ ထိုဒွန်းစဏ္ဍားမှာ ကြောက်လန့်စွာဖြင့်
“မလိမ်ဝံ့ပါဘူးဗျာ၊ ကျုပ်အမှန်အတိုင်းပြောပါ့မယ်”
“ညက ကျုပ်တို့အိပ်နေတုန်း ဒီမိန်းမရောက်လာပါတယ်၊ ဖြစ်ချင်တော့ ကျုပ်က ဇရပ်နားမှာမအိပ်ဘဲ သစ်ပင်တစ်ပင်အောက်မှာသွားအိပ်နေလို့သာ အခုလိုအသက်ရှင်ကျန်နေခဲ့ရတာပါ၊ ပြီးတော့ ဒီမိန်းမက ကျုပ်တို့ဒွန်းတွေကို တစ်ယောက်မကျန်သတ်ဖြတ်ခဲ့ပါတယ်”
ထိုလူမှာ ညကအဖြစ်အပျက်များကိုပြောပြလေသည်။
“နောက်ဆုံး ကျုပ်တို့ရဲ့ဒွန်းဆရာကြီးနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ကျုပ်လည်း အဲဒီနေရာကနေအမြန်ပြေးထွက်ခဲ့တာပါ”
“ခင်ဗျားမြင်လိုက်တာ သူဆိုတာသေချာသလား”
“သေချာပါတယ်၊ ကျုပ်မလိမ်ပါဘူး”
ရှေ့နေမှာလူကြီးများဘက်သို့ကြည့်ပြီး
“လူကြီးမင်းများခင်ဗျား၊ အခုဒီလူပြောခဲ့တဲ့အတိုင်းဆိုရင် ညက ဒွန်းတွေကိုသတ်ခဲ့တဲ့လူဟာ မယ်ပျင်းဆိုတာ သေချာနေပါတယ်၊ မယ်ပျင်းက တခြားနေရာမှာ လူတွေဘယ်လိုပဲသတ်ခဲ့သတ်ခဲ့၊ ကျုပ်တို့မြို့မှာတော့ မရပါဘူး၊ ကျုပ်တို့မြို့ခံတွေက ဒီလိုမကောင်းတဲ့အမှုမျိုးကို မနှစ်မြို့ပါဘူး၊ ဒီအတွက် မယ်ပျင်းကို ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးနိုင်ဖို့ အမှုဖွင့်အရေးယူပေးပါလို့ တောင်းဆိုပါတယ်”
ကောင်စီလူကြီးငါးယောက်က တိုင်ပင်ကြလေသည်။ ကောင်စီလူကြီး လေးဦးက ထောက်ခံသော်လည်း ရာကူူးကမူ ကန့်ကွက်နေလေသည်။
“ဘာလဲရာကူး၊ ခင်ဗျားက သူ့ကိုခင်ဗျားခယ်မမို့လို့ အကာအကွယ်ပေးနေတာလား”
နောက်ဆုံးရာကူးမှာ မတတ်သာတော့သဖြင့် ခွင့်ပြုလိုက်ရလေသည်။ ရာကူးကပင် စာရွက်ကိုကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး
“ရှေ့နေကြီးရဲ့ စွဲချက်တင်မှုမှာ အကျိုးအကြောင်းခိုင်လုံပြည့်စုံတဲ့အတွက် မယ်ပျင်းအမှုကို ရုံးတော်က လက်ခံအတည်ပြုလိုက်ပါတယ်၊ မကြာခင်မှာ သက်သေတွေနဲ့ကြားနာစစ်ဆေးနိုင်ဖို့ စတင်ပါမယ်”
မယ်ပျင်းက မတ်တပ်ထရပ်လိုက်ပြီး
“မဟုတ်ဘူး၊ ဒါ ကျုပ်မတရားစွပ်စွဲခံရတာပဲ၊ ကျုပ်ဒါမျိုးမလုပ်ဘူး”
“မင်းရဲ့ဖြူစင်မှုကို ရုံးတော်မှာ သက်သေပြပါ၊ လောလောဆယ်တော့ အမှုမှန်မပေါ်ပေါက်မခြင်း မင်းကိုထိန်းသိမ်းထားရလိမ့်မယ်”
မယ်ပျင်းအား ကြေးပြားများဖြင့်ကာရံထားသည့် အခန်းကြီးတစ်ခုအတွင်းသို့ခေါ်သွားလေသည်။ အခန်းကြီး၏ မျက်နှာကျက်နှင့် ကြမ်းခင်းပြားများပါမကျန် ကြေးပြားများဖြင့်ကာရံထားသည်။ မကြာမီအချိန် အခန်းအတွင်းသို့ အိုင်ပီမောင်ဝိုင်းရောက်လာခဲ့သည်။ မယ်ပျင်းက မကျေမနပ်နှင့်
“ရှင်ဘယ်လိုလုပ်လိုက်တာ၊ ညက ကိစ္စကို ရှင်သိရဲ့သားနဲ့ ဘယ်လိုဖြစ်လို့ဒီလိုလုပ်ရတာလဲ”
“မင်းစိတ်ကိုလျှော့ထားလိုက်ပါမယ်ပျင်း၊ ဒီထဲနေရတာက မင်းအတွက်ပိုပြီးတော့တောင် ကောင်းပါသေးတယ်”
“ဘယ်လိုကောင်းတာလဲ”
“မင်းပြောသလို မင်းအယောင်ဆောင်ပြီးတော့ လူလိုက်သတ်နေတယ်ဆိုရင် မင်းကိုဒီအထဲဖမ်းချုပ်ထားတာကို သူသိမှာမဟုတ်ဘူး၊ ဒါကြောင့် နောက်ထပ်မင်းပုံစံနဲ့ လူသတ်မှုထပ်ဖြစ်တယ်ဆိုရင် မင်းလုပ်တာမဟုတ်ဘူးဆိုတာ အထင်းသားဖြစ်သွားလိမ့်မယ်”
“တခြားလူအတွက်ဆိုရင်တော့ ဟုတ်ရင်ဟုတ်မယ်၊ ဒါပေမယ့် ကျုပ်အတွက်တော့မဖြစ်နိုင်ဘူး”
“မင်းသုံးလေးရက်လောက်နေပြီးတော့ စဉ်းစားလိုက်စမ်းပါ၊ ဒီအတောအတွင်း တခြားလူသတ်မှုတွေဖြစ်ရင် မင်းလွတ်ပြီ”
“မဖြစ်နိုင်ဘူး၊ တခြားလူသတ်မှုလည်းဖြစ်မှာမဟုတ်ဘူး၊ ဒီအမှုက ရှင်ထင်သလိုမရိုးစင်းဘူး၊ ကျုပ်ကိုသတ်ဖို့ကြိုးစားတဲ့လူက အပြင်လူမဟုတ်ဘူး၊ အတွင်းလူပဲ၊ ကျုပ်ရှင်းအောင်ပြောရရင် မယ်တော်က ကြံရာပါပဲ”
“မင်းအထင်တစ်လုံးနဲ့မစွပ်စွဲလိုက်ပါနဲ့ မယ်ပျင်း”
“မနေ့ညက ကျုပ်နဲ့တိုက်ခိုက်ရင်း ဒီမိန်းမရဲ့ဆံပင်ကိုလှမ်းမြင်လိုက်ရတယ်၊ သူ့ရဲ့ပုံပန်းသဏ္ဍာန်အစစ်ကိုလဲ မြင်တွေ့လိုက်ရတယ်”
အိုင်ပီမောင်ဝိုင်းက မျက်ခုံးကိုပင့်လိုက်ကာ
“ဒါဆို မင်းစိတ်ထဲမှာ ဘယ်သူဘယ်ဝါလို့ ထင်နေတာမျိုးရှိသလား”
“ရှိတယ်၊ အဲဒါတခြားလူမဟုတ်ဘူး ကာလီဆိုတဲ့ကဝေမကြီးပဲ”
“ကောင်းပြီလေ၊ မင်းပြောတာ ဟုတ်မဟုတ်ကိုငါစုံစမ်းပေးမယ်၊ မင်းကတော့ ဒီအထဲမှာ သုံးလေးရက်လောက် နားနေလိုက်ပေါ့”
“သူဆိုတာသေချာတယ်၊ ရှင့်ကိုကျုပ်အားကိုးပါတယ်၊ သူ့ကိုသေသေချာချာကလေး စုံစမ်းပေးပါ”
မောင်ဝိုင်းမှာခေါင်းကိုအသာညိတ်ပြလိုက်သည်။
“ပြီးတော့ သာစံကိုလည်း ကျုပ်ခရီးထွက်သွားတယ်လို့ပြောပေးပါ၊ ကျုပ်ကိုအဖမ်းခံထားရတယ်ဆိုတာကို သူမသိစေချင်ဘူး”
“ကောင်းပါပြီ မင်းပြောတဲ့အတိုင်းဖြစ်စေရမယ် မယ်ပျင်း”
မောင်ဝိုင်းမှာ ကြေးတိုက်အပြင်သို့ပြန်ထွက်လာခဲ့ပြီးနောက် ရာဇဝင်လူဆိုးများကိုမှတ်တမ်းတင်ထားသည့် အမှုတွဲများကို လှန်လှောဖတ်ရှုနေလေသည်။
“ကာလီ . . .ကာလီ၊ မင်းကဘယ်သူလဲ”