စုန်းမကြီးဒေါ်ပျင်းနှင့် မှော်ပြဒါးရှင်လုံး
စာစဉ် (၉၉)

(၁)

အချိန်အားဖြင့်သုံးလခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မယ်ပျင်းမှာဆေးလိပ်သောက်ရင်း တံခါးအပြင်ဘက်သို့ငေးကြည့်နေမိသည်။ မိုးနှောင်းကာလမို့ မိုးကောင်းကင်တွင် မိုးတိမ်သားများက အုပ်ဆိုင်းနေလေသည်။

“မကြာခင်သီတင်းတောင်ကျွတ်တော့မယ် မမကြီး”

“ဟုတ်ပါ့အေ၊ ငါ့မှာလည်း တစ်နေ့ပေါ်လာနိုး ပေါ်လာနိုးနဲ့မျှော်လိုက်ရတာ”

ဒေါ်ဝတုတ်က အနားတွင်ထိုင်လိုက်ရင်း

“ဒါနဲ့ မမကြီးကိုကြည့်ရတာ တစ်နေ့တစ်နေ့ ပြတင်းပေါက်ကနေကြည့်ပြီး မျှော်နေတာ လည်ပင်းကိုညောင်ရေအိုးဖြစ်တော့မယ်ထင်တယ်၊ ဘယ်သူ့ကိုမျှော်နေတာလဲဆိုတာ သိလို့ရမလား”

“ဒီလိုပါပဲအေ”

ဒေါ်ဝတုတ်က ပြုံးဖြီးလိုက်ကာ

“မဟုတ်မှလွဲရော ချစ်သူတွေဘာတွေရှိနေပြီထင်တယ်”

“ချစ်သူဆိုရင်တောင် ဒီလောက်မျှော်ရမှာမဟုတ်ဘူးအေ့၊ ဒီလူက အရေးကြီးလို့မျှော်နေရတာ၊ ကဲ ဒေါ်ဝတုတ် မဟုတ်တာတွေလာမေးပြီးတော့ ပြုံးဖြီးမနေနဲ့ ကိုယ့်ဖာသာအလုပ်သွားလုပ်စမ်း”

မယ်ပျင်းငေါက်လိုက်သဖြင့် ဒေါ်ဝတုတ်မှာအခန်းထဲမှထွက်သွားလေသည်။ သာစံမှာဝတ်ကောင်းစားလှများဝတ်ဆင်ကာအပြင်သို့ထွက်လာခဲ့သည်။ မယ်ပျင်းမှာချမ်းသာသွားပြီမို့ သာစံမှာလည်း သူဌေးသားတစ်ဦးအသွင်ဖြစ်ကာ ကျော့မော့လှပနေသည်။

“အံမယ် ငါ့သားတောင်မှ ပြင်ပြင်ဆင်ဆင်နဲ့ပါလား၊ အခုက ဘယ်သွားမလို့လဲ”

“ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က မွေးနေ့ပွဲကျင်းပမယ်ဆိုပြီးဖိတ်ထားလို့ပါ အမေ”

မယ်ပျင်းခေါင်းညိတ်လိုက်သည့်အခါ သာစံကအိမ်ပေါ်မှဆင်းလာခဲ့လေသည်။ မောင်ဝိုင်းထားရစ်ခဲ့သည့် ကားကြီးမှာ သာစံအတွက်ဟန်ကျနေလေသည်။ သာစံမှာကားမောင်းသင်ပြီး ထိုကားကြီးကိုမောင်းနှင်နေခြင်းဖြစ်သည်။ ကားထုတ်ယူရန်အတွက် ဂိုထောင်ဆီသို့လှမ်းလာစဉ် ခြံဝတွင် ဒေါ်ဝတုတ်နှင့်လူတစ်ယောက် စကားများနေသည်ကိုတွေ့ရသဖြင့် သာစံလည်းစိတ်ဝင်စားသွားကာ ခြံတံခါးဆီသို့လှမ်းလာခဲ့သည်။

“ရှင့်မလဲ ပြောလို့မရပါလား၊ မမကြီးက ရှင့်လိုလူကိုတွေ့မလား”

“အရေးကြီးတယ်၊ ကျုပ်သူနဲ့တွေ့မှရမယ်”

ထိုလူကြီးမှာ အလွန်စုတ်ပြတ်သပ်နေသည့်အဝတ်အစားများကိုဝတ်ဆင်ထားကာ ဆံပင်ရှည်ရှည်ဘုတ်သိုက်နှင့်ဖြစ်ပြီး မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးများမှာလည်း ဗရပွဖြစ်နေလေသည်။ သာစံက ခြံဝဆီသို့လျှောက်လှမ်းလာရင်း

“ဒေါ်ဝတုတ်၊ အဲဒါဘယ်သူလဲ ဘာဖြစ်နေတာလဲ”

“မောင်ဝိုင်းဆိုတဲ့လူတစ်ယောက်ပါ သာစံရယ်၊ ခြံထဲကိုဝင်မယ်ချည်းပဲအတင်းလုပ်နေလို့ သူ့ကိုတားနေရတာ၊ ပုံစံကြည့်ရတာကတော့ ဒွန်းလား သူတောင်းစားလားမသိပါဘူး၊ အရက်နံ့တွေကလည်း တစ်ကိုယ်လုံးနံစော်နေတာပဲ”

မောင်ဝိုင်းဆိုသည့်အသံကြားလိုက်သဖြင့် သာစံကမျက်လုံးပြူးသွားမိသည်။ သို့နှင့် ထိုလူကြီးထံသို့ပြေးလာကာ ထိုလူကြီးကိုဆွဲပွေ့လိုက်သည်။ ထိုလူကြီး၏ရုပ်ရည်မှာ အလွန်စုတ်ပြတ်ကာ တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များရှိနေသဖြင့် သာစံကမနည်းရုပ်ဖမ်းယူနေရသည်။

“ခင်ဗျားက မောင်ဝိုင်းဆိုတော့ တစ်ချိန်က အိုင်ပီမောင်ဝိုင်းများလား”

ထိုလူကြီးက ရီဝေနေသည့်မျက်လုံးများဖြင့် သာစံအားကြည့်ရင်း

“သာစံ . . . ငါပါ ငါမောင်ဝိုင်းပါ၊ ငါမင်းအမေနဲ့တွေ့မှဖြစ်မယ်၊ မင်းအမေကိုပြောစရာရှိတယ်”

သာစံက မောင်ဝိုင်းအားဆွဲထူလိုက်ကာ ခြံအတွင်းသို့ဝင်ရန်ပြင်ဆင်သည်။ မောင်ဝိုင်းမှာ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်အောင် ပျော့ဖတ်နေသည်။

“သခင်လေးသာစံ ဒီလူကဘယ်သူများလဲ”

“အမေ့ရဲ့မိတ်ဆွေပေါ့၊ ဒါပေမယ့် သူက အရင်ကဒီလိုပုံစံမဟုတ်ပါဘူး”

သာစံက မောင်ဝိုင်းကို ဧည့်ခန်းကြီးအတွင်းသို့ခေါ်လာခဲ့သည်။ မယ်ပျင်းက သာစံကိုတွေ့သည့်အခါ တစ်ချက်ညည်းညူလိုက်ပြီး

“သာစံရယ်၊ ဘယ်က သူတောင်းစားအစုတ်အပြတ်တွေကို သနားပြီးခေါ်ချလာပြန်တာလဲ”

သာစံက မောင်ဝိုင်းအား ထိုင်ခုံတစ်ခုပေါ်သို့တင်လိုက်သည်။

“အမေ ဒီလူ့ကို သေချာကြည့်ပါအုံးအမေရဲ့၊ အမေမမှတ်မိတော့ဘူးလား”

မယ်ပျင်းက မောင်ဝိုင်းအား မျက်မှောင်ကြုတ်ကာ အသေအချာကြည့်လိုက်ပြီး

“ဟင့်အင်း၊ သူဘယ်သူလဲဆိုတာကို ငါလုံးဝမမှတ်မိဘူး”

မောင်ဝိုင်းက မယ်ပျင်းအားကြည့်ရင်း

“ခင်ဗျားကျုပ်ကိုမေ့သွားပြီလားမယ်ပျင်း၊ ကျုပ်က မောင်ဝိုင်းလေ”

“ဟင်၊ မောင်ဝိုင်း . . .မင်းက မောင်ဝိုင်းတဲ့လား”

မယ်ပျင်းက မောင်ဝိုင်းအနီးသို့တိုးကပ်လာခဲ့သည်။

“မင်းဘယ်လိုလုပ်ပြီးတော့ ဒီပုံစံဖြစ်သွားရတာလဲ”

“အဲဒါတွေအသာထားစမ်းပါ၊ ကျုပ်ခင်ဗျားအတွက် လက်နက်တစ်ခုကိုတွေ့ခဲ့ပြီဗျ”

မယ်ပျင်းမျက်လုံးများမှာ အရောင်လက်သွားသည်။

“ဟုတ်လား၊ ဘယ်မှာတွေ့ခဲ့တာလဲ”

“ကျုပ်ကိုအခုလိုဖြစ်သွားအောင်လည်း အဲဒီလူကပဲလုပ်ခဲ့တာ”

“ပြောစမ်း အဲဒီလူဘယ်မှာလဲ”

“ပြောပါ့မယ်၊ ကျုပ်အားလုံးကိုပြောပြပါ့မယ်”

ထိုသို့ပြောလိုက်ပြီး မောင်ဝိုင်းက ဒေါ်ဝတုတ်ကိုလှမ်းကြည့်လိုက်လေသည်။

“ပြောလို့ရပါတယ်၊ သူကလည်း အခုဒီအိမ်ကလူပါပဲ”

မောင်ဝိုင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ဖြစ်ပုံကတော့ ဒီလိုဗျ”

ထိုသို့အစချီကာ လွန်ခဲ့သောသုံးလအတွင်း ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေတော့သည်။

(၂)

မောင်ဝိုင်းမှာ ဘိုစားတဲကြီးတစ်ခုအရှေ့တွင် မြင်းနက်ကြီးကိုရပ်တန့်လိုက်လေသည်။ တိုင်တစ်တိုင်တွင် မြင်းအားချည်နှောင်ထားလိုက်ပြီးသည့်နောက် စားတဲကြီးအတွင်းသို့ဝင်လာခဲ့သည်။ ကိုလိုနီခေတ်ဖြစ်သည်မို့ ခရီးသွားများစားသောက်နေထိုင်ရန်အတွက် စားတဲကြီးများကိုဖွင့်လှစ်လာခဲ့ကြပြီဖြစ်သည်။ ရှေးမြန်မာများက ခရီးသွားလာသည့်အခါ ဇရပ်များတွင်တည်းခိုတတ်ကြသော်လည်း ကိုလိုနီခေတ်ရောက်သည့်အခါ အရာရှိများ ငွေကြေးချမ်းသာသူများက အင်းဟုခေါ်သည့် စားတဲကြီးများတွင် စားသောက်ကာ တည်းခိုတတ်ကြလေသည်။

နယ်မြို့ကြီးတစ်မြို့မှစားတဲဖြစ်သော်လည်း တည်းခိုစားသောက်သူများသိပ်မရှိသည်မို့ စားတဲအတွင်းလူရှင်းနေလေသည်။ အချို့စားပွဲဝိုင်းများမှာ ထိုင်ခုံများကိုမှောက်တင်ကာ ပိတ်သိမ်းထားကြသည်။ မောင်ဝိုင်းက စားတဲကြီးအတွင်းရှိ ကောင်တာဆီသို့လျှောက်လာခဲ့သည်။

“ဘာများသုံးဆောင်ပါမလဲ လူကြီးမင်း”

မောင်ဝိုင်းက ကောင်တာပေါ်တွင်လက်ထောက်လိုက်ပြီး တက်ခီလာဟု တစ်ခွန်းတည်းပြောလိုက်လေသည်။ ထိုအခါ ကောင်တာမှလူကြီးက ခေါင်းညိတ်လိုက်ကာ ကောင်တာအနောက်ဘက်တံခါးဆီသို့ လှမ်းလျှောက်ကာဝင်သွားသည်။ မကြာမီတွင် စားတဲအတွင်းသို့ဝင်သည့်တံခါးမကြီးမှာ လေမတိုက်ဘဲ သူ့အလိုလိုဂျိန်းခနဲပိတ်သွားသည်။ ထိုမျှသာမကသေးဘဲ ပြတင်းပေါက်များမှာလည်း သူ့အလိုလိုပင် တဂျိန်းဂျိန်းနှင့်ပိတ်ကုန်ကြသည်။ မောင်ဝိုင်းက ခါးကြားတွင်ထိုးထားသည့် သေနတ်ပေါ်သို့လက်ကိုအသင့်တင်လိုက်ကာ ပတ်ဝန်းကျင်ကိုအကဲခတ်နေမိသည်။ ထိုစဉ် စားတဲကြီးအပေါ်သို့တက်သည့် သစ်သားလှေကားမကြီးပေါ်မှ မိန်းကလေးတစ်ဦးက ဆင်းသက်လာလေသည်။

“သိပ်လည်းစိတ်မလောပါနဲ့ရှင်၊ လုံခြုံရေးအရ တံခါးတွေသော့ခတ်လိုက်တာပါ”

“တက်ခီလာဆိုတာ မင်းလား”

“ဟုတ်တယ်၊ အရှေ့အရပ်က သတင်းပေးသူ တက်ခီလာဆိုတာ ကျွန်မပါပဲ”

တက်ခီလာက မောင်ဝိုင်းအနီးသို့ရောက်လာခဲ့သည်။

“ကျွန်မက ရှင့်ကိုဒီထက်ပိုစောပြီး ရောက်လာခဲ့မယ်လို့ထင်ထားတာ”

“ကျုပ်ခင်ဗျားနဲ့ အလ္လာပသလ္လာပတွေ ပြောဖို့အချိန်မရှိဘူး၊ ကျုပ်စုံစမ်းခိုင်းထားတဲ့ကိစ္စဘယ်လိုနေသလဲ”

“ဒီကနေသိပ်မဝေးတဲ့ရွာတစ်ရွာမှာ ရှင်လိုချင်တဲ့လက်နက်တစ်ခုကိုတွေ့ထားတယ်”

“ငါလိုချင်တဲ့ပုံစံသေချာသလား”

“ကျွန်မက မတိကျဘဲမပြောတတ်ဘူး”

“ဒါဆိုရင် ဘယ်နေရာလဲ ဘယ်သူ့ဆီမှာရှိနေသလဲဆိုတာကို ငါ့ကိုပြော”

တက်ခီလာက လက်ညိုးကလေးကိုထောင်လိုက်ပြီးနောက် လက်ညှိုးကိုသုံးလေးချက်ခန့်ကွေးပြလိုက်လေသည်။ တက်ခီလာ ငွေတောင်းနေသည်ကိုသိလိုက်သဖြင့် မောင်ဝိုင်းက ခါးတွင်ချိတ်လာသည့် အိတ်ရှုံ့ကလေးကို တက်ခီလာမတ်တပ်ရပ်နေသည့် ကောင်တာစားပွဲအနီးသို့လှမ်းပစ်တင်ပေးလိုက်သည်။ တက်ခီလာက အိတ်ကလေးကိုဖွင့်ကြည့်လိုက်သည့်အခါ ဝင်းလက်နေသည့် ရွှေပြားများကိုတွေ့ရသည်။

“ကဲ ဒီလောက်ဆိုပြောလို့ရပြီလား”

“ဒီမြို့ရဲ့အရှေ့ဘက်ကိုဆက်သွားရင် ရှမ်းရွာကြီးတစ်ရွာကိုရောက်လိမ့်မယ်၊ အဲဒီမှာ ဦးကောင်းမွန်ဆိုတဲ့လူကြီးတစ်ယောက်ရှိတယ်၊ သူက ပြဒါးရှင်လုံးကို လက်နက်တစ်ခုလိုအသုံးပြုနေတဲ့လူပဲ”

မောင်ဝိုင်းမှာ ထိုင်နေရာမှ ငေါက်ခနဲထလိုက်လေသည်။

“ရှင်က စိတ်လောလှချည်လား နည်းနည်းပါးပါး အနားယူဖို့တောင်မတွေးဘူးလား”

“ငါ့မှာအချိန်မရှိဘူးတက်ခီလာ”

မောင်ဝိုင်းက စားတဲတံခါးဝဆီသို့လျှောက်လှမ်းသွားသည်။ ပိတ်ထားသည့် စားတဲတံခါးကြီးမှာ မောင်ဝိုင်းအနီးသို့ရောက်လာသည့်အခါ သူ့အလိုလိုပြန်ပွင့်သွားသည်။ တက်ခီလာက မောင်ဝိုင်းထံသို့လှမ်းကြည့်ရင်း

“အဲဒီလူကြီးက ဆက်ဆံရသိပ်ခက်တဲ့လူကြီးလို့ပြောကြတယ်၊ သူ့ကိုရှင်သတိထားတာကောင်းလိမ့်မယ်”

မောင်ဝိုင်းက ခေါင်းတစ်ချက်ညိတ်လိုက်ကာ စားတဲကြီးအတွင်းမှထွက်လာခဲ့လိုက်သည်။

တက်ခီလာလမ်းညွှန်သည့်အတိုင်း လှမ်းလာခဲ့သည့်အခါ မကြာခင် အိမ်ခြေငါးရာခန့်ရှိသည့် ရွာကြီးတစ်ရွာကိုတွေ့လိုက်ရသည်။ ရွာကြီးမှာ ရှမ်းရိုးမတောင်တန်းကြီးအပေါ်တွင် မေးတင်လျှက်တည်ထောင်ထားခြင်းဖြစ်သည်။ မောင်ဝိုင်းက ရွာကြီးအတွင်းသို့ မြင်းစီး၍ ဝင်လာခဲ့သည့်အခါ ရွာသူရွာသားများက မောင်ဝိုင်းအား မျက်ထောင့်နီကြီးများနှင့်စိုက်ကြည့်ကြလေသည်။ ပုံမှန်အားဖြင့် ရှမ်းတိုင်းရင်းသားများမှာ လူစိမ်းလူကျက်မရွေးဘဲ ခင်မင်ဖော်ရွှေတတ်ကြသော်လည်း ယခုတော့ မောင်ဝိုင်းအား တစ်ရွာလုံးမှ ယောက်ျားမိန်းမ ကလေးကြီးငယ်မရွေး ဒေါသတကြီးဖြင့်ကြည့်ရှုနေကြသည်မှာ အထူးအဆန်းဖြစ်နေသည်။

မောင်ဝိုင်းက ရွာခံများအားမေးမြန်းချင်သော်လည်း ရွာခံများမှာ သူ့အားရန်လိုသည့်အပြုအမူများ ပြုလုပ်နေသည်မို့ လူကြီးများကိုမမေးဘဲ ကလေးတစ်ဦးကိုမေးရန်ဆုံးဖြတ်လိုက်သည်။ လမ်းနံဘေးတွင် ဆော့ကစားနေသည့်ကလေးများကိုကြည့်လိုက်ကာ

“ဟေ့ကလေးတွေ၊ ဒီရွာမှာ ဦးကောင်းမွန်ဆိုတဲ့လူကြီးရဲ့အိမ် ဘယ်အိမ်လဲဆိုတာ မင်းတို့သိကြသလား”

ကလေးများက မောင်ဝိုင်းအားမော့ကြည့်ကြပြီးနောက် မျက်စောင်းတခဲခဲနှင့်ဖြစ်နေသည်။ ထိုအထဲမှ မိန်းကလေးတစ်ဦးက မောင်ဝိုင်းအား ရွာလယ်လမ်းအတိုင်းလက်ညှိုးထိုးပြလိုက်သည်။ မောင်ဝိုင်းက ခေါင်းညိတ်လိုက်ပြီး အသင့်ယူဆောင်လာခဲ့သည့် ကွတ်ကီးများကို ကလေးများထံသို့လှမ်းပေးလိုက်သည်။ ကလေးတစ်ယောက်က ကွတ်ကီးကိုယူလိုက်ပြီးသည့်နောက် လမ်းဘေးရေမြောင်းအတွင်းသို့ပစ်ချလိုက်လေသည်။

“ဘယ်လိုလူတွေပါလိမ့်”

မောင်ဝိုင်းက စိတ်ထဲမှရေရွတ်လိုက်ကာ မြင်းကိုဆက်နှင်ခဲ့သည်။ ရွာလယ်ကိုရောက်သည့်အခါ ကျယ်ပြန့်သည့်မြေကွက်လပ်တစ်ခုကိုတွေ့လိုက်ရပြီး ထိုမြေကွက်လပ်တွင် ယောက်ျားမိန်းမများကို ငုတ်တိုက်များတွင် ချည်နှောင်ထားသည်ကိုတွေ့လိုက်ရသည်။ ထိုလူများမှာ ပိန်ကပ်ကာ အရိုးအပြိုင်းပြိုင်းနှင့်ဖြစ်နေကြလေသည်။ မောင်ဝိုင်းက အနီးသို့တိုးကပ်သွားလိုက်ပြီး

“ဒီလူတွေကို ဘာလုပ်ထားကြတာပါလိမ့်”

ဟုရေရွတ်လိုက်မိသည်။ ထိုအခါ အရိုးခြောက်သဖွယ် ပိန်ကပ်နေသည့်လူများမှာ မျက်လုံးပွင့်လာကြကာ မောင်ဝိုင်းအားကြည့်လျှက်

“ပြေးတော့၊ ဒီနေရာကနေပြေးတော့”

“ဟုတ်တယ်၊ မင်းဒီကနေအမြန်ပြေးတော့၊ မဟုတ်ရင် မင်းလည်းငါတို့လိုပဲ ခံစားရလိမ့်မယ်”

“ခင်ဗျားတို့ဘာတွေပြောနေတာလဲ၊ ခင်ဗျားတို့ကို ဘယ်သူလုပ်တာလဲ”

“ငါလုပ်တာဟေ့၊ ငါလုပ်တာ”

သြဇာပါသည့် အသံဟိန်းဟိန်းကြီးကိုကြားလိုက်ရသဖြင့် မောင်ဝိုင်းက အနောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအခါ ရှမ်းဝတ်စုံဝတ်ဆင်ထားသည့် လူကြီးတစ်ဦးနှင့် ရွာသူရွာသားများကိုတွေ့လိုက်ရသည်။

“ခင်ဗျားဒီလူတွေကိုဘာလုပ်ထားတာလဲ”

ရှမ်းဝတ်စုံဝတ်ဆင်ထားသည့်လူကြီးက အရှေ့သို့တိုးလာပြီး

“ဒီလူတွေလည်း မင်းလိုစုန်းတွေပဲ၊ စုန်းမှန်ရင် ဒီလိုနည်းလမ်းနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်”

“ခင် . . .ခင်ဗျားက ကျုပ်ကိုစုန်းမှန်းဘယ်လိုသိတာလဲ”

“ငါ့ရဲ့ဓါတ်လုံးအစွမ်းနဲ့သိတာပေ့ါကွ”

မောင်ဝိုင်းမှာ သေနတ်ကိုဆွဲထုတ်လိုက်ကာ ထိုလူကြီးကိုချိန်ထားလိုက်သည်။

“ခင်ဗျားက ဦးကောင်းမွန်မဟုတ်လား”

“ကြည့်ရတာ မင်းလည်းငါ့အကြောင်းတွေသိထားပုံပဲ၊ ဘာလဲ ဒီစုန်းတွေကို မင်းကလာကယ်တာမဟုတ်လား”

“မဟုတ်ဘူး၊ ကျုပ်လာခဲ့တာက ခင်ဗျားနဲ့တိုင်ပင်စရာရှိလို့ လာခဲ့တာပဲ”

“ဟား၊ ဟား စုန်းတွေက ငါနဲ့တိုင်ပင်အုံးမယ်တဲ့ ရယ်လိုက်ရတာကွာ”

ဦးကောင်းမွန်က ရယ်မောလိုက်သည့်အခါ အနောက်မှရွာသားများမှာလည်းရယ်မောကြလေသည်။

“စုန်းတွေနဲ့ငါနဲ့ ဘာမှဆွေးနွေးစရာမလိုဘူးကွ၊ ကိုင်း ဒီတော့ မင်းလည်းသူတို့လိုပဲ ဇာတ်သိမ်းရလိမ့်မယ်”

ဦးကောင်းမွန်က မောင်ဝိုင်းအား အနီရောင်အလင်းတန်းကြီးတစ်ခုဖြင့်ပစ်ခတ်လိုက်လေသည်။ မောင်ဝိုင်းက လှည့်ရှောင်လိုက်သည့်အခါ အနီရောင်အလင်းတန်းမှာ မြေပြင်ကိုသာထိမှန်သွားသည်။

“မဖြစ်ဘူး၊ ဒီလူကြီးက တကယ်ပြောရခက်တဲ့လူကြီးပဲ၊ ဘာပဲဖြစ်ဖြစ် ငါဒီကနေထွက်မှပဲ”

မောင်ဝိုင်းက မြင်းနက်ကြီးပေါ်သို့လွှားခနဲခုန်တက်လိုက်ပြီး မြင်းကိုမောင်းထွက်ရန်ကြိုးစားလိုက်သည်။ ထိုအခါ အနီရောင်အလင်းတန်းကြီးနှစ်ခုမှာ မြင်းနက်ကြီး၏ ခြေထောက်နှစ်ဖက်ကိုထိမှန်သွားပြီး မြင်းနက်ကြီးမှာ အော်ဟစ်ကာ အရုပ်ကလေးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ မြင်းပေါ်ထိုင်နေသည့် မောင်ဝိုင်းမှာလည်း မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။

မောင်ဝိုင်းမှာ မြေပေါ်တွင်ဒူးတစ်ဖက်ထောက်လျှက် ပြန်ထလိုက်ပြီး လက်ထဲမှခြောက်လုံးပြူးသေနတ်ဖြင့် ဦးကောင်းမွန်အား တဒိုင်းဒိုင်းနှင့်ပစ်ခတ်လေသည်။ ထိုစဉ် ဦးကောင်းမွန်၏ မျက်လုံးနှစ်ခုအကြားတွင် အနီရောင်တစ်ချက်ဝင်းလက်သွားကာ ဓါတ်လုံးကလေးတစ်လုံးပေါ်ပေါက်လာလေသည်။ မောင်ဝိုင်းပစ်ခတ်လိုက်သည့် ကျည်ဆန်များအား ထိုဓါတ်လုံးကကလေးမှ အနီရောင်အလင်းတန်းများဖြင့် လျှင်မြန်စွာပစ်ခတ်လိုက်သည့်အတွက် ကျည်ခြောက်ချက်စလုံးမှာ လေပေါ်မှာတင်ပျောက်ကွယ်သွားတော့သည်။

“တော်တော်စွမ်းတဲ့ဓါတ်လုံးပဲ”

“ဟောဒီဓါတ်လုံးက ပြဒါးကိုသေအောင်သတ်ပြီးတော့မှ ရှင်အောင်ပြန်လုပ်ထားတဲ့ ပြဒါးရှင်လုံးအစစ်ပဲ၊ ဒီအစွမ်းကို မင်းတို့စုန်းတွေဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး”

ထိုသို့ပြောဆိုလိုက်ပြီးသည့်နောက် မောင်ဝိုင်းထံသို့ ပြဒါးရှင်လုံးမှ အနီရောင်အလင်းဖြင့်ပစ်ခတ်လိုက်တော့သည်။ အလင်းတန်းထိမှန်ပြီးသည့်နောက် မောင်ဝိုင်းမှာ ခြေထောက်များပျော့ခွေသွားပြီး ခွေကျသွားရသည်။

“ကိုင်း ရွာသားတွေရေ၊ ငါ့အလုပ်တော့ပြီးပြီ၊ ကျန်တာ မင်းတို့အလုပ်ပဲ”

ရွာသားများမှာ အရှေ့သို့တိုးကပ်လာပြီး မောင်ဝိုင်းကိုယ်တွင်ဝတ်ဆင်ထားသည့်အဝတ်အစားများကို ချွတ်ချလိုက်ကြသည်။ ထို့နောက် အဆူးများချွန်ထွက်နေသည့် ဆူးကြိုးတစ်ချောင်းဖြင့် မောင်ဝိုင်း၏ကိုယ်ကို အထပ်ထပ်ရစ်ပတ်လိုက်ကာ မြေပြင်တွင်စိုက်ထူထားသည့် တိုင်တစ်လုံးတွင် ချည်နှောင်ထားလိုက်လေသည်။

“မင်းကို ပြေးပါတော့လို့ ငါပြောထားသားပဲ၊ မင်းကိုက သေချင်လို့ ဒီသတ်ကွင်းထဲကိုဝင်လာခဲ့တာ”

ယခင်က ချုပ်နှောင်ခံထားရကာ အရိုးအပြိုင်းပြိုင်းကျနေသည့် လူကြီးတစ်ယောက်က မောင်ဝိုင်းအားအပြစ်တင်စကားဆိုလေသည်။

“ကျုပ်လည်း သူဒီလောက်စွမ်းမှန်း သိမှမသိခဲ့တာ၊ ဒါနဲ့ သူက ကျုပ်တို့ကိုဒီလိုချုပ်ထားပြီးတော့ ဘာလုပ်တာလဲ”

“ငါတို့ကိုဒီလိုချုပ်ထားပြီးတော့ တခြားစုန်းတွေကို မျှားခေါ်တာပေါ့ကွာ၊ ဒီရောက်လာတာနဲ့ အဲဒီလူက သူ့ရဲ့ပြဒါးရှင်လုံးကိုအသုံးပြုပြီးတော့ ငါတို့တွေကိုတိုက်ခိုက်အနိင်ယူခဲ့တာပဲဟေ့”

“ဒီလူက ဘာဖြစ်လို့များ စုန်းတွေကိုမုန်းတီးနေတာလဲဗျ”

“အသေးစိတ်ကိုတော့ ငါတို့လည်းမသိဘူးကွ၊ ဒါပေမယ့် ဒီရွာကလူတွေရဲ့ပြောစကားအရတော့ အရင်တနု်းက ဒီရွာကြီးကို စုန်းမကြီးတစ်ယောက်က စိုးမိုးပြီးအုပ်ချုပ်နေတာပေါ့၊ ဒီဘက်နယ်တွေက ရှေးယခင်ကတည်းက ဒီလိုပညာတွေခေတ်စားခဲ့ပြီးတော့ ရွာသားတွေအပေါ်လွှမ်းမိုးနိုင်ခဲ့တယ်၊ အခုဦးကောင်းမွန်ရဲ့မိသားစုကိုလည်း အဲဒီစုန်းမကြီးက သတ်ဖြတ်ခဲ့တယ်ဆိုတာပဲ ဒါကို ဦးကောင်းမွန်က ရန်ငြိုးဖွဲ့ပြီးတော့ အဂ္ဂိရတ်ဆရာကြီးတစ်ဦးဆီကနေ ဆယ်နှစ်ဆယ်မိုး အဂ္ဂိရတ်ပညာကိုသင်ယူပြီး ပြဒါးကိုသတ်တဲ့နည်းကို အောင်မြင်ခဲ့တယ်”

“ဒါကြောင့် သူက စုန်းတွေကိုရန်ငြိုးဖွဲ့ပြီး တမင်သက်သက်လက်စားချေတဲ့သဘောပေါ့”

“အဟုတ်ပေါ့ကွာ၊ ဒီကွင်းပြင်မှာပဲ စုန်းဘယ်နှယောက်သေသွားပြီလဲ၊ အခုတောင်လူတွေမနည်းဘူးမှမဟုတ်တာ”

မောင်ဝိုင်းက ကွင်းပြင်ကိုဝေ့ကြည့်လိုက်သည့်အခါ တိုင်များတွင်ဖမ်းဆီးထားသည့် စုန်းပေါင်း နှစ်ဆယ်ခန့်ရှိသကဲ့သို့ အရိုးကျပြီးသေဆုံးနေကြသည့်စုန်းများကိုလည်း စုပုံစီထပ်ထားသည်မှာ လူကြီးခါးစောင်းခန့်ပင် မြင့်မားလှပေသည်။

“စုန်းတစ်ယောက်ကိုဖမ်းမိထားရင် အဲဒီစုန်းရဲ့ဆွေမျိုးကဖြစ်ဖြစ်၊ ဆရာကဖြစ်ဖြစ် လိုက်ရှာပြီးလာကယ်ကြတာပဲ၊ အဲဒီလိုလာကယ်တဲ့စုန်းတိုင်းကလည်း သူ့ရဲ့ပြဒါးရှင်လုံးအောက်မှာ ကျဆုံးကြရတာပါပဲ၊ ငါဆိုရင်လည်း စုန်းကြိုးပေါင်းနှစ်ဆယ်ကို တတ်မြောက်ခဲ့တဲ့ စုန်းကြီးပဲ၊ ဒါပေမယ့် ဒီဓါတ်လုံးကို မယှဉ်နိုင်ခဲ့ဘူး”

မနက်လင်းသည့်အခါ ရွာသူရွာသားများမှာ တောင်ယာလုပ်ငန်းခွင်သို့ဆင်းကြလေသည်။ စုန်းများအားဖမ်းဆီးထားသည့်နေရာမှာ ရွာလယ်တွင်ရှိသည်မို့ ရွာသူရွာသားများလှုပ်ရှားသွားလာနေသည်ကို အတိုင်းသားမြင်နေရသည်။ တောင်ယာခင်းထဲသို့ဆင်းမည့် မိန်းကလေးတစ်ချို့မှာ ပလိုင်းကြီးများကိုကျောတွင်လွယ်ပိုးကာ ထွက်လာကြလေသည်။ မောင်ဝိုင်းကိုတွေ့သည့်အခါ ထိုမိန်းကလေးများက တခွိခွိနှင့်ရယ်မောကြသည်။ မောင်ဝိုင်းကတော့ ရှက်မနေအားတော့ဘဲ

“ရေပေးပါ၊ ကျုပ်ကိုရေလေးတစ်ပေါက်လောက်တိုက်ပါ”

ထိုအခါ မိန်းမ၀၀ကြီးတစ်ယောက်က

“အောင်မယ်၊ နင့်လိုစုန်းကိုများ ရေတိုက်ရမတဲ့လား၊ တိုက်ချင်းတိုက် ဒူးနဲ့ပဲတိုက်မယ်ဟဲ့”

ထိုသို့ပြောရင်း မောင်ဝိုင်းအနီးသို့ရောက်လာကာ မောင်ဝိုင်း၏ပေါင်ကြားထဲသို့ ဒူးဖြင့်ပစ်တိုက်ထည့်လိုက်သည်။ မောင်ဝိုင်းမှာ အလွန်နာကျင်သော်လည်း အောင့်အည်းသည်းခံထားလိုက်လေသည်။ ထိုအခါ မိန်းကလေးများက ရယ်မောရင်း

“ဟဲ့၊ ဒီလူက သတ္တိကောင်းသားပဲဟဲ့၊ သူ့ချက်ကောင်းကိုထိတာတောင်မှ မဖြုံဘူးတော်”

“ဟုတ်ရဲ့လား၊ မှန်းစမ်း ကျုပ်စမ်းကြည့်အုံးမယ်”

ရွာခံမိန်းကလေးများက မောင်ဝိုင်းအားအမျိုးမျိုးနှိပ်စက်ညှင်းပန်းနေကြလေသည်။ ထိုမိန်းကလေးအုပ်စုအတွင်းမှ မိန်းကလေးတစ်ဦးမှာတော့ မောင်ဝိုင်းအား သနားကြင်နာသည့်အကြည့်ဖြင့် ကြည့်နေလေသည်။ မိန်းကလေးများက မောင်ဝိုင်းမျက်နှာအားကြည့်ရင်း

“ဟဲ့ ဒီလူကစုန်းဆိုပေမယ့် ရုပ်ကဖြောင့်သားပဲဟ၊ ယောက်ျားပီသတဲ့မျက်နှာပဲ”

“ဟဲ့ မငယ်၊ ညည်းက စုန်းထီးကိုလင်တော်ချင်လို့လားဟဲ့”

“သူ့ရုပ်က ကြည့်ကောင်းနေတယ်ဆိုရင် ကြည့်မကောင်းအောင်လို့ လုပ်ပေးရမှာပေါ့ဟာ”

မိန်းကလေးတစ်ယောက်က လက်ထဲတွင်ကိုင်လာသည့် ဓါးမဖြင့် မောင်ဝိုင်း၏ပါးပြင်ကို ဓါးဖြင့်မွှမ်းလိုက်သည်။ မောင်ဝိုင်းမှာ နာကျင်လှသဖြင့် ညည်းညူနေမိသည်။ မိန်းကလေးများမှာ မောင်ဝိုင်းအားနှိပ်စက်ပြီး ထွက်ခွာသွားကြလေသည်။ မောင်ဝိုင်းအားသနားနေသည့် မိန်းကလေးမှာတော့ အတန်ကြာအောင်ရပ်ကြည့်နေပြီးမှ ထွက်ခွာသွားတော့သည်။

မောင်ဝိုင်းမှာ တစ်နေကုန် မစားရမသောက်ရသည်မို့ အလွန်အားနည်းကာ ဖျော့တော့နေသည်။ ညည့်နက်သည့်အခါ မောင်ဝိုင်းအနီးသို့တိုးကပ်လာသည့် ခြေသံကိုကြားလိုက်ရသည်။ မောင်ဝိုင်းက မျက်လုံးဖွင့်ကြည့်သည့်အခါ မနက်ခင်းကတွေ့ခဲ့သည့် မိန်းကလေးဖြစ်နေသည်။

မောင်ဝိုင်းက ထိုမိန်းကလေးအား စကားပြောရန်ပြင်ဆင်လိုက်သည့်အချိန်မှာပင် မိန်းကလေးက မောင်ဝိုင်းအားအသံမထွက်ရန်အတွက် လက်ဟန်ခြေဟန်နှင့်လုပ်ပြသည်။ ထို့နောက် မိန်းကလေးက ဝါးဆစ်ပိုင်းတစ်ခုနှင့်ထည့်ယူလာသည့် ရေကိုမောင်ဝိုင်းအားတိုက်ကျွေးလေသည်။ မောင်ဝိုင်းမှာ ထိုရေကိုအငမ်းမရသောက်သုံးလိုက်သည်။ မိန်းကလေးက ဘေးဘီကိုကြည့်ပြီးနောက် ပလိုင်းအတွင်းမှ ခွက်ကလေးတစ်ခုကိုထုတ်ယူလိုက်သည်။ ထိုခွက်ကလေးအားဖွင့်လိုက်ပြီး အတွင်းရှိ ဆန်နှင့်ပြောင်းဖူးကိုရောနှောကာ အသီးအရွက်များထည့်၍ ချက်ပြုတ်ထားသော ဆန်ပြုတ်ကဲ့သို့အရာတစ်ခုကို မောင်ဝိုင်းအားခွံ့ကျွေးလေသည်။

မောင်ဝိုင်းက ဆာဆာနှင့်အငမ်းမရစားသောက်လိုက်သောကြောင့် တစ်ခဏအတွင်းမှာပင် တက်တက်စင်အောင်ပြောင်သွားသည်။ မိန်းကလေးမှာ ပလိုင်းအတွင်းသို့ ခွက်ကလေးကိုပြန်ထည့်ကာ လှည့်ထွက်သွားရန်ပြင်ဆင်လိုက်သည်။

“ကျေး . . . ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်သလဲ”

မိန်းကလေးမှာ ခေါင်းခါပြပြီး အမှောင်ထုအတွင်းသို့တိုးဝင်ပျောက်ကွယ်သွားသည်။ ထိုနည်းဖြင့် ထိုမိန်းကလေးမှာ ညစဉ်ညတိုင်း မောင်ဝိုင်းအားလာရောက်ပြုစုကျွေးမွေးသည်မှာ တစ်လခန့်ပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မောင်ဝိုင်းက မိန်းကလေးအား စကားပြောချင်သော်လည်း မိန်းကလေးမှာ ခေါင်းခါခါလက်ခါခါသာလုပ်ပြသဖြင့် ထိုမိန်းကလေးမှာ စကားမပြောတတ်သည့် ဆွံ့အနေသူတစ်ဦးဖြစ်မှန်း ရိပ်စားမိလိုက်သည်။

“မင်းငါ့ကို အခုလိုကျွေးမွေးနေတာ ဘာသဘောလဲ”

မောင်ဝိုင်းမေးလိုက်သည့်အခါ မိန်းကလေးက ခေါင်းငုံ့သွားလေသည်။

“မဟုတ်မှလွဲရော မင်းငါ့ကိုချစ်နေတာမဟုတ်လား၊ ငါ့ကိုသံယောဇဉ်ရှိနေတာမဟုတ်လား”

မိန်းကလေးမှာ ဘာမှမပြောတော့ဘဲ ပလိုင်းကလေးကောက်ကာ အပြေးတစ်ပိုင်းနှင့်ပြေးထွက်သွားသည်။

(၃)

ထိုနေ့ညတွင်လည်း မိန်းကလေးက မောင်ဝိုင်းအား ခေါင်ရည်နှင့် အသားပြုတ်များကိုလာရောက်ကျွေးမွေးလေသည်။ ချမ်းအေးလှသည်မို့ ခေါင်ရည်သောက်လိုက်ရသည့်အခါ လူတစ်ကိုယ်လုံးနွေးထွေးသွားလေသည်။ မိန်းကလေးက အမဲသားများကိုအရိုးနွှင်နေလေသည်။

“မင်းငါ့ကိုတကယ် ကယ်တင်ချင်တယ်ဆိုရင် ငါ့ကိုချည်ထားတဲ့ကြိုးတွေကို ဖြေပေးပါလား”

မိန်းကလေးမှာ ခေါင်းသာခါပြသည်။

“မင်းအခုလိုကျွေးမွေးနေလို့လည်း ငါကလွှတ်မြောက်မှာမှ မဟုတ်တာ၊ အခုလိုဘယ်သူမှမသိတဲ့အချိန် ငါ့ကိုကြိုးဖြေပေးပါလား၊ ငါထွက်သွားပြီး တစ်ချိန်ကျရင် ပြန်လာခဲ့မယ်၊ မင်းကိုငါလာခေါ်ပြီး ချမ်းချမ်းသာသာနဲ့ မတောင့်မတမကြောင့်မကျ ထားမယ်လို့ကတိပေးပါတယ်”

မောင်ဝိုင်းက အမျိုးမျိုးပြောဆိုစည်းရုံးသော်လည်း မိန်းကလေးကို မစည်းရုံးနိုင်ဘဲရှိနေလေသည်။ ထိုမိန်းကလေးမှာ ခါးတွင်ဓါးမြှောင်ကလေးတစ်ချောင်း အမြဲချိတ်ဆွဲထားသော်လည်း မောင်ဝိုင်းအား ကြိုးဖြေပေးရန်စိတ်ကူးမရှိပေ။

ထိုညက လမိုက်ညဖြစ်သည်။ မောင်ဝိုင်းတစ်ယောက် ယခုရွာတွင် အဖမ်းခံထားရသည်မှာ နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ ညသန်းခေါင်ရောက်ခါနီးအချိန်တွင် ဆွံ့အနေသည့်မိန်းကလေးမှာ ပလိုင်းကလေးလွယ်ကာ အမှောင်ထုအတွင်းမှတိုးထွက်လာလေသည်။ မောင်ဝိုင်းအား ရေတိုက်ပြီးသည့်အခါ ခွက်ကလေးကိုထုတ်ယူလိုက်ပြီး ထမင်းခွံ့ကျွေးရန်ပြင်ဆင်လိုက်သည်။

ထိုအချိန်ကောင်းကင်တွင် အနီရောင်အလင်းရောင်တစ်ခုပေါ်ပေါက်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံး ထိန်လင်းသွားလေသည်။

“ထင်သားပဲကွ၊ ဒီစုန်းကောင်ကို နှစ်လလောက်ဖမ်းထားတာတောင်မှ အစာငတ်ရေငတ်ပြီး ပုံပျက်ပန်းပျက်ဖြစ်မသွားသေးပုံထောက်တော့ ဒီရွာထဲမှာ သစ္စာဖောက်တစ်ယောက်ရှိလောက်တယ်လို့ ငါထင်သားပဲ”

မကြာမီ ရွာသူရွာသားများမှာ မီးတုတ်များကိုယ်စီကိုင်လျှက် မောင်ဝိုင်းတို့ကို ဝန်းရံထားလိုက်သည်။ မိုးလယ်ကာလမို့ မိုးကောင်းကင်တွင် မိုးသားတိမ်တောင်လိပ်များက နေရာယူထားလေသည်။ ထိုမိုးသားတိမ်လိပ်များမှာ မကြာခင်မိုးရွာသွန်းတော့မည့်နှယ် တဂျိန်းဂျိန်းနှင့်အသံပေးနေပြန်သည်။ ဦးကောင်းမွန်က မိန်းကလေးအားလက်ညှိုးထိုးလိုက်ကာ

“ဟဲ့မယ်နှင်း ညည်းက ဒီစုန်းကောင်ကို ကျွေးမွေးနေတာ ဘာသဘောလဲ”

မိန်းကလေးမှာ တုန်တုန်ယင်ယင်နှင့် မောင်ဝိုင်းအနီးသို့တိုးကပ်လာသည်။ ဦးကောင်းမွန်က တဖြည်းဖြည်းအရှေ့သို့တိုးကပ်လာရင်း

“စုန်းကိုကူညီတဲ့လူ စုန်းကိုကယ်တင်တဲ့လူဟာ စုန်းရဲ့ကြံရာပါလို့ သတ်မှတ်ပြီး ပြစ်ဒဏ်ပေးခံရနိုင်တယ်ဆိုတာကို မင်းမသိဘူးလား မယ်နှင်း”

ထိုအခါ ရွာသားတစ်ဦးက

“ကျုပ်အထင် မယ်နှင်းက ဒီစုန်းကောင်ရဲ့ရုပ်ရည်ကိုကြည့်ပြီး ချစ်ခင်သွားတာဖြစ်မယ်”

“ဘာ၊ စုန်းကိုချစ်တယ်တဲ့လား”

ဦးကောင်းမွန်က ရွာသားများဘက်သို့ကြည့်လိုက်ရင်း

“စုန်းကိုချစ်တယ်ဆိုရင် စုန်းနဲ့အတူတူဟောဒီကွင်းပြင်မှာ မြှုပ်နှံပေးရမှာပေါ့၊ ကဲ ရွာသားတွေ မယ်နှင်းကိုဖမ်းပြီး ဒီစုန်းရဲ့ဘေးနားမှာတုပ်နှောင်ထားလိုက်ကြစမ်း”

ရွာသားများမှာ မောင်ဝိုင်းတို့အနီးသို့ပြေးလာကြလေသည်။ ထိုအခါ မယ်နှင်းက မောင်ဝိုင်းအနီးသို့တိုးကပ်လိုက်ပြီး မောင်ဝိုင်းအားချည်နှောင်ထားသည့် ဆူးကြိုးများကို ဓါးမြှောင်ကလေးနှင့်ဖြတ်ချလိုက်လေသည်။ ထိုစဉ်မှာပင် မိုးကောင်းကင်ယံထက်မှ ဂျိန်းခနဲအသံတစ်ချက်မြည်သွားကာ မိုးစက်မိုးပေါက်များက ဝေါခနဲရွာကျလေသည်။ ရွာသားများကိုင်ဆောင်ထားကြသည့် မီးတုတ်များမှာ မိုးစက်မိုးပေါက်များထိမှန်ကာ မီးငြိမ်းသွားတော့သည်။

မောင်ဝိုင်းမှာ လက်နှစ်ဖက်လွတ်မြောက်သွားသည်နှင့် ကျန်ရှိနေသည့်ကြိုးများကို စုန်းပညာဖြင့်ဖြတ်တောက်လိုက်လေသည်။ ထို့နောက်မယ်နှင်းလက်ကိုဆွဲကာ အမှောင်ထုအတွင်းသို့ထွက်ပြေးခဲ့ကြသည်။

“ဟာ၊ ဟိုစုန်းကောင်ပြေးပြီဟေ့၊ လိုက်ကြ . . .လိုက်ကြ”

ဦးကောင်းမွန်အော်ဟစ်လိုက်သည့်အခါ ရွာသားများမှာ မိုးထဲရေထဲပြေးလိုက်ကြလေသည်။ သို့သော်အမှောင်ထဲတွင်ဖြစ်နေသဖြင့် စမ်းတဝါးဝါးဖြစ်နေသည်။ မောင်ဝိုင်းက မယ်နှင်းလက်ကိုဆွဲရင်းခြေဦးတည့်ရာပြေးထွက်ခဲ့သည်။ မယ်နှင်းက ရွာအပြင်ရောက်သည့်အခါ မောင်ဝိုင်းလက်ကိုဆွဲကာ အရှေ့မှပြေးလွှားသည်။ မကြာခင် ရွာနှင့်အတော်လှမ်းလှမ်းသို့ရောက်လာခဲ့ကြပြီး တောင်တန်းကြီးနှင့်တဖြည်းဖြည်းနီးကပ်လာလေသည်။ ထိုနေရာတွင် တောင်ယာစိုက်ခင်းဟောင်းတစ်ခုရှိပြီး တောင်ယာတဲအပျက်ကလေးတစ်ခုလည်းရှိလေသည်။ မောင်ဝိုင်းတို့နှစ်ဦးသားမှာ တဲအတွင်းတွင် ထိုင်လိုက်ကြပြီး မိုးခိုနေကြသည်။

ထိုညတွင်ရွာသည့်မိုးမှာလည်း အလွန်သည်းထန်လှပေသည်။ တောင်ယာတဲကလေးအောက်တွင် နှစ်ဦးသားမိုးခိုနေရင်း မောင်ဝိုင်းက မယ်နှင်းအားပွေ့ဖက်လိုက်လေသည်။

“ဘာမှမပူနဲ့ မင်းကို အကိုလာကယ်မယ်နော်၊ မင်းကို အကိုလာခေါ်ပါ့မယ်”

ထိုစဉ် ပတ်ဝန်းကျင်တစ်ခွင်ကို အနီရောင်အလင်းများဖုံးလွှမ်းသွားလေသည်။ သူတို့ပုန်းခိုနေသည့် တောင်ယာတဲကလေးမှာ ဝုန်းခနဲအသံမြည်ကာ တစ်စစီပျက်စီးသွားလေသည်။ နှစ်ဦးသား ထွက်ပြေးရန်အတွက် ပြေးထွက်လာခဲ့စဉ် အရှေ့တွင် ဦးကောင်းမွန်ကိုတွေ့လိုက်ရသည်။

“မင်းတို့ငါ့လက်က ပြေးလို့လွတ်မယ်လို့များထင်နေကြသလားကွ”

ဦးကောင်းမွန်က နဖူးမှအနီရောင်အလင်းတန်းဖြင့် ပစ်ခတ်လိုက်သည့်အခါ မောင်ဝိုင်းက မယ်နှင်းကို နံဘေးသို့တွန်းထည့်လိုက်သည်။ ထိုအခါ အနီရောင်အလင်းတန်းများက မောင်ဝိုင်း၏ရင်ဘတ်တည့်တည့်ကိုထိမှန်ပြီး မောင်ဝိုင်းမှာ သစ်ရွက်ကလေးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ဦးကောင်းမွန်မှာ သစ်ရွက်ကလေးအား ကောက်ယူကြည့်လိုက်ကာ တောက်တစ်ချက်ခေါက်လိုက်ရင်း

“တောက်၊ ဒီစုန်းကောင် ငါတို့ကိုလှည့်စားသွားပြီကွ”

ထို့နောက် မယ်နှင်းထံသို့လျှောက်လာကာ မယ်နှင်း၏ပါးကို ဖြန်းခနဲရိုက်ချလိုက်သည်။

“စုန်းကောင်ကို ကူညီတဲ့ဒီကောင်မကို စုန်းတွေနဲ့တန်းတူ ပညာပေးရမယ်၊ သူ့ကိုဖမ်းခေါ်လာခဲ့ကြစမ်း”

ထိုအခါ ရွာသားများက မယ်နှင်းအားဖမ်းဆွဲခေါ်သွားကြလေသည်။

“ကျန်တဲ့လူတွေက ရှာကြစမ်း၊ ဒီကောင့်ကိုတွေ့အောင်ရှာကြစမ်း”

ရွာသားများမှာ အနီးပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေကြသည်။

အမှန်စင်စစ်အားဖြင့် မောင်ဝိုင်းမှာ တဲကလေးအောက်တွင်မိုးခိုနေသည့်အချိန်မှာပင် အနီးရှိအင်ဖက်ကလေးအားကောက်ယူပြီး လူပုံအရုပ်ချိုးလိုက်ကာ မယ်နှင်းအဝေးသို့ငေးကြည့်နေသည့်အချိန် လူစားလဲလှယ်ထားလိုက်ခြင်းဖြစ်သည်။ မောင်ဝိုင်းမှာ ဝါးရုံတောကြီးတစ်ခုအကွယ်မှနေ၍ ထိုအဖြစ်ကိုငေးကြည့်နေမိသည်။

မိုးရွာနေသဖြင့် ရွာသားများမှာ ရှာဖွေရခက်နေလေသည်။ ဦးကောင်းမွန်ကတော့ အနီရောင်အလင်းရောင်များဖြင့် ပတ်ဝန်းကျင်ကိုရှာဖွေနေသည်။

“ကဲ မှော်ပြဒါးရှင်လုံးရေ၊ ဒီစုန်းကောင်ကို မင်းရဲ့အစွမ်းအစနဲ့ ရှာဖွေပေးပေတော့”

ထိုသို့ရွတ်ဆိုလိုက်သည့်အခါ မှော်ပြဒါးရှင်လုံးမှာ လေပေါ်သို့မြောက်တက်သွားပြီး ပျံဝဲနေလေသည်။ မောင်ဝိုင်းမှာ ထွက်ပြေးရန်မဖြစ်နိုင်သည်မို့ ဝါးရုံတောကြီးအောက်တွင် ပုန်းခိုနေလိုက်သည်။ မကြာခင် မှော်ပြဒါးရှင်လုံးမှာ အလင်းရောင်များပိုမိုတောက်ပလာပြီး ဝါးရုံတောကြီးအား မီးမောင်းဆလိုက်ကြီးတစ်ခုသဖွယ်လှမ်းထိုးလိုက်လေသည်။ ဦးကောင်းမွန်နှင့်ရွာသားများမှာ ထိုဝါးရုံတောကြီးဆီသို့လှမ်းကြည့်လိုက်ကြသည်။

ပြဒါးရှင်လုံးက အနီရောင်အလင်းတန်းကြီးတစ်ခုကိုထုတ်လွှတ်ပြီး ဝါးရုံတောအားပစ်ခတ်လိုက်လေသည်။ အနီရောင်အလင်းတန်းကြီးထိမှန်သည်နှင့် ဝါးရုံတောကြီးတစ်ခုလုံးမှာ ပေါက်ကွဲထွက်ပြီး ဝါးပင်များလဲကျကုန်သည်။ မောင်ဝိုင်းလည်း ဆက်လက်ပုန်းခိုရန်မဖြစ်နိုင်တော့သည်မို့ ပုန်းအောင်းနေရာမှထထွက်ကာ တောင်စောင်းပေါ်သို့တက်ပြေးတော့သည်။ အနီရောင်မီးအလင်းရောင်များက ထိုးထားသည်မို့ မောင်ဝိုင်းတက်ပြေးသည်ကို ရွာသားများက မြင်တွေ့လိုက်ကြသည်။

“ဟာ ဟိုကောင် ဟိုမှာတက်ပြေးပြီဟေ့၊ လိုက်ကြ”

ရွာသားများမှာ ညာသံပေး၍ မောင်ဝိုင်းအနောက်သို့ပြေးလိုက်ကြသည်။ မောင်ဝိုင်းမှာ တောင်စောင်းအတိုင်း လေးဖက်ထောက်ကာ တက်ပြေးရသည်။ မိုးများရွာသွန်းနေသည်မို့ မြေသားများမှာ ချောနေသည့်အတွက် ပြေးရသည်မှာ ထင်သလောက်ခရီးမပေါက်ပေ။

ပြဒါးရှင်လုံးမှာ ဦးကောင်းမွန်၏ထိန်းချုပ်မှုဖြင့် မိုးပေါ်မှပျံသန်းလိုက်လာကာ မောင်ဝိုင်းထံသို့အလင်းတန်းများကို ပစ်လွှတ်ပြန်သည်။ မောင်ဝိုင်းမှာ လေးဖက်ထောက်ပြေးနေရင်း နံဘေးသို့လှိမ့်ကာရှောင်တိမ်းရလေသည်။ အလင်းတန်းများက မောင်ဝိုင်း၏နံဘေးသို့ ကျရောက်ပေါက်ကွဲသဖြင့် မောင်ဝိုင်းတစ်ယောက်လွင့်ထွက်သွားရသည်။

မကြာမီတောင်ကျချောင်းကလေးတစ်ခုအနီးသို့ရောက်လာခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းနေသဖြင့် တောင်ကျချောင်းရေများမှာ တဝေါဝေါနှင့်စီးဆင်းနေလေသည်။ မောင်ဝိုင်းမှာ ကြံရာမရတော့ဘဲ ထိုတောင်ကျချောင်းကလေးအတွင်းသို့ ဒိုင်ဗင်ထိုးကာခုန်ဆင်းလိုက်သည်။ အရှိန်အဟုန်နှင့်စီးဆင်းနေသည့် တောင်ကျချောင်းအတိုင်းကျဆင်းနေချိန်တွင် ပြဒါးရှင်လုံးကလည်း တဝုန်းဝုန်းနှင့်လိုက်လံပစ်ခတ်နေသေးသည်။ အတော်လှမ်းလှမ်းရောက်သည့်အခါမှသာ ပြဒါးရှင်လုံးမှာရပ်တန့်ကာကျန်နေခဲ့သည်။

မောင်ဝိုင်းမှာတောင်ကျချောင်းအတိုင်းမြောပါရင်း ကျောက်တုံးများ၊ သစ်ပင်သစ်တုံးများနှင့်ရိုက်ခတ်ကာ မေ့မြောသွားလေတော့သည်။

(၄)

အလွန်စူးရှသည့် နေရောင်ခြည်က မျက်နှာပေါ်သို့ကျဆင်းသည့်အခါမှ မောင်ဝိုင်းမှာမျက်လုံးဖွင့်လိုက်လေသည်။ နံဘေးပတ်ဝန်းကျင်သို့လှည့်ကြည့်ုလိုက်သည့်အခါ အခန်းတစ်ခုအတွင်းရောက်ရှိနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ မောင်ဝိုင်းမှာ ကုတင်ပေါ်မှထရန်ကြိုးစားလိုက်သော်လည်း တစ်ကိုယ်လုံးနာကျင်ကာ မလှုပ်ရှားနိုင်ဘဲဖြစ်နေလေသည်။ ထိုအခိုက် အခန်းတံခါးပွင့်သွားပြီး မိန်းကလေးတစ်ဦးအခန်းတွင်းသို့ဝင်လာသည်။

“တက်ခီလာ၊ ငါဘယ်ကိုရောက်နေတာလဲ”

“ကျွန်မကိုတွေ့မှတော့ ကျွန်မရဲ့စားတဲကြီးကို ရောက်နေတာပေါ့ရှင်၊ ရှင်သတိရလာတာနဲ့အတော်ပဲ၊ ဟောဒါက မှော်ဆေးမြစ်တွေနဲ့ ကြိုထားတဲ့ စွပ်ပြုတ်ပဲ၊ ရှင်မြန်မြန်သောက်လိုက်ပါ”

“ငါနားနေလို့မဖြစ်ဘူး၊ သူတို့ . . သူတို့ မယ်နှင်းကိုဖမ်းခေါ်သွားကြပြီ”

မောင်ဝိုင်းက အားယူထလိုက်သော်လည်း ကုတင်ပေါ်သို့ပြန်လဲကျသွားသည်။

“ရှင်ပြန်သွားရင် သူတို့ကပြန်ဖမ်းမှာပေါ့၊ ကျွန်မဖြင့် ရှင့်ကိုတောင်သေပြီထင်နေတာ”

“ဒါဆိုမင်းက ဦးကောင်းမွန်စုန်းတွေကိုဖမ်းတယ်ဆိုတာ ကြိုသိနေတယ်ပေါ့”

“ကျွန်မက သတင်းပေးတဲ့လူပဲ၊ မသိဘဲနေမလား”

“ဒါတောင်မှ မင်းကငါ့ကိုတစ်ခွန်းမပြောခဲ့ဘူး”

“ရှင်က လက်နက်ရဲ့သတင်းကိုပဲလိုချင်တာမဟုတ်လား၊ ဒါပေမယ့် ရှင်မထွက်သွားခင် ကျွန်မရှင့်ကို လှမ်းသတိပေးသေးတယ်နော်”

“ငါမယ်နှင်းကိုသွားပြန်ကယ်ရမယ်”

“ရှင်ရူးနေလား၊ ရှင်သူ့ကိုသွားကယ်မယ်ဆိုရင် ရှင့်ကိုကယ်ထားတဲ့ကျုပ်ရဲ့ဆေးဖိုးတွေအလကားဖြစ်ကုန်မှာပေါ့၊ ရှင်တစ်ယောက်တည်း အဲဒီဦးကောင်းမွန်ကို ယှဉ်နိုင်မယ်ထင်လို့လား”

မောင်ဝိုင်းမှာ အသေအချာစဉ်းစားပြီးခေါင်းညိတ်လိုက်လေသည်။

“ငါမယှဉ်နိုင်ပေမယ့် ယှဉ်နိုင်တဲ့လူတစ်ယောက်ကိုတော့ ငါသိတယ်”

“ဘယ်လိုစုန်းကများ ဦးကောင်းမွန်ကိုယှဉ်နိုင်မှာတဲ့လဲ”

“သူကတော့ ယှဉ်နိုင်မှာကြိမ်းသေတယ်၊ သူ့နာမည်ကမယ်ပျင်း၊ မြိုင်သာဘုရင်မ မယ်ပျင်းပဲ”

မောင်ဝိုင်းက ကုတင်ပေါ်မှလူးလဲထလိုက်ကာ

“ငါမယ်ပျင်းဆီကိုသွားရမယ်၊ ငါ့ကိုခရီးသွားဖို့အတွက် တစ်ခုခုစီစဉ်ပေးစမ်းပါ”

မောင်ဝိုင်းမှာ အားကုန်သုံးကာ စားတဲကြီးအပေါ်ထပ်မှဆင်းသက်လာလေသည်။ တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နှက်နေသည်။ အောက်ထပ်ရောက်သည့်အခါ တက်ခီလာကာ ပုလင်းအစိမ်းရောင်တစ်လုံးကိုထုတ်ပေးသည်။

“ဒါကဘာလဲ”

“တက်ခီလာလို့ခေါ်တဲ့အရက်တစ်မျိုးပဲ၊ ဒီအရက်က ကျွန်မကိုယ်တိုင်ဖော်စပ်ကျိုချက်ထားတာမို့လို့ ရှင့်ဒဏ်ရာတွေကိုတော့ ကုစားပေးနိုင်မှာပါ”

မောင်ဝိုင်းက ပုလင်းကိုလှမ်းယူလိုက်ပြီး

“ငါမြိုင်သာပြန်ဖို့တစ်ခုခုတော့စီစဉ်ပေးပါ”

“မပူပါနဲ့ မြိုင်သာကိုသွားမယ့်ကားကြုံတစ်စီးရှိတယ်၊ ရှင်အဲဒီကားနဲ့သွားလို့အဆင်ပြေမှာပါ”

တက်ခီလာက မောင်ဝိုင်းအားတစ်နေရာသို့ခေါ်ဆောင်လာခဲ့သည်။ မောင်ဝိုင်းက လက်ထဲမှပုလင်းကလေးအား မော့သောက်လိုက်သည့်အခါ တစ်ကိုယ်လုံးပူနွေးသွားပြီး ရရှိထားသည့်ဒဏ်ရာများမှာလည်း အနာသက်သာသွားသည်ဟုထင်မှတ်ရသည်။

“တကယ်တော့ ရှင့်ဒဏ်ရာတွေက ပျောက်ကင်းသွားတာမဟုတ်ဘူး၊ တက်ခီလာရဲ့အစွမ်းက ရှင့်ကိုမိန်းမောသွားအောင်လုပ်ထားလို့ပဲ”

မကြာခင်ကားလမ်းမကြီးအတိုင်း လော်ရီကားတစ်စီးက မောင်းနှင်လာလေသည်။ ထိုကားကိုလက်တားလိုက်သည့်အခါ ကားမှာ တက်ခီလာအရှေ့တွင်ရပ်တန့်သွားသည်။ ကားအနောက်ခန်းတွင်တော့ ဝက်များကိုတင်ဆောင်လာသည်။

“ငါကဒီကားနဲ့လိုက်ရမှာလား”

“လောလောဆယ်မြိုင်သာကို အမြန်ဆုံးရောက်နိုင်မှာက ဒီကားပဲ”

မောင်ဝိုင်းမှာ တစ်ချက်ညည်းညူလိုက်ကာ ဝက်ချေးနံ့၊ သေးနံ့များနှင့် ညစ်ပေနေသည့် ကားအနောက်ခန်းတွင်ထိုင်လျှက် စီးနင်းလိုက်ပါခဲ့လေသည်။

မောင်ဝိုင်းက သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို မယ်ပျင်းအားပြောပြနေခြင်းဖြစ်သည်။ မယ်ပျင်းနှင့်သာစံတို့မှာ မောင်ဝိုင်းပြောသည့်အဖြစ်အပျက်များအား စိတ်ဝင်စားစွာနှင့် နားထောင်နေခြင်းဖြစ်သည်။

“မင်းအဖြစ်က ထူးလဲထူးပါပေတယ် မောင်ဝိုင်းရယ်၊ ကဲ အခုတော့ မင်းရရှိထားတဲ့ဒဏ်ရာတွေကို ငါကုသပေးမယ်”

မယ်ပျင်းက မောင်ဝိုင်းထံသို့သွားလိုက်ကာ မောင်ဝိုင်း၏ရင်ဘတ်ပေါ်သို့ လက်ဖဝါးတင်လိုက်လေသည်။ ထိုအခါ မယ်ပျင်းလက်ဝါးမှ အစိမ်းရောင်အလင်းတန်းများလင်းလက်လာကာ မောင်ဝိုင်းကိုယ်တွင်ရရှိထားသည့် ဒဏ်ရာဒဏ်ချက်များမှာ တဖြည်းဖြည်းနှင့်သက်သာပျောက်ကင်းသွားသည်။

“ကျုပ်တို့အခုပဲ ထွက်ရမယ် မယ်ပျင်း”

“ဒီတစ်ညတော့ နားလိုက်ပါအုံး၊ မနက်ရောက်တော့ အတူတူသွားကြတာပေါ့”

“မဖြစ်ဘူးမယ်ပျင်း၊ ကျုပ် မယ်နှင်းကိုကယ်ရအုံးမယ်၊ အခု အဲဒီရွာကနေ ကျုပ်ထွက်လာခဲ့တာ ခုနစ်ရက်ရှိပြီ၊ ခုနစ်ရက်ဆိုတဲ့ အချိန်အတောအတွင်းမှာ မယ်နှင်းက ဘာမဆိုဖြစ်သွားနိုင်တယ်”

သာစံက မယ်ပျင်းအားကြည့်လိုက်လေသည်။ မယ်ပျင်းက ထိုင်နေရာမှထလိုက်ပြီး

“ကဲ ဒါဆိုရင်လည်းသွားကြတာပေါ့၊ ကဲ သာစံကားထဲမှာ ဆီရှိတယ်မဟုတ်လား၊ ငါတို့အခုပဲ အဲဒီကိုသွားကြမယ်”

“ဖြစ်ပါ့မလားအမေ၊ ဒီလူကြီးက သိပ်စွမ်းတာဆိုဗျ”

“ဖြစ်ပါတယ်သားရယ်၊ မောင်ဝိုင်းက မယ်နှင်းကိုကယ်မယ်၊ အမေကတော့ အဲဒီဓါတ်လုံးကို ရအောင်ယူမယ်”

မယ်ပျင်းမျက်လုံးများမှာ အလင်းရောင်များတောက်ပသွားလေသည်။ သို့နှင့် သာစံ၊ မောင်ဝိုင်းနှင့် မယ်ပျင်းတို့မှာ ကားကိုမောင်းနှင်လျှက် မြိုင်သာမြို့နေအိမ်မှထွက်ခွာလာခဲ့ကြတော့သည်။