စုန်းမကြီးဒေါ်ပျင်းနှင့် ဦးကောင်းမွန်
စာစဉ် (၁၀၀)
(၁)
မယ်ပျင်းတို့လူတစ်စုမှာ ကားကြီးနှင့်အတူ ထိုမြို့ကလေးဆီသို့ထွက်ခဲ့ကြသည်။ မကြာမီစားတဲကြီးကိုလှမ်းမြင်လိုက်ရသည်။ မောင်ဝိုင်းမှာ အလွန်ထိတ်လန့်လျှက် အော်ဟစ်ရေရွတ်လိုက်မိသည်။
“ဟာ သွားပါပြီ၊ စားတဲကြီးဘာဖြစ်သွားပြီလဲ”
သာစံမှာ စားတဲကြီးအရှေ့တွင် ကားကိုထိုးရပ်လိုက်သည်။ မောင်ဝိုင်းမှာ အရူးကြီးတစ်ဦးပမာ စားတဲကြီးအရှေ့သို့ပြေးခုန်ဆင်းသွားလေသည်။ ယခင်က သစ်ကြီးဝါးကြီးများနှင့် ခိုင်ခန့်စွာတည်ဆောက်ထားသည့် စားတဲကြီးမှာ ယခုတော့ မီးလောင်ကျွမ်းထားသည့် သစ်တိုင်ငုတ်များသာကျန်နေလေသည်။ စားတဲကြီးတစ်ဝိုက်တွင်လည်း မီးသင့်ထားသည့် သစ်တိုသစ်စများမှာ ပြန့်ကျဲနေလေတော့သည်။
မယ်ပျင်းနှင့်သာစံလည်း ကားပေါ်မှဆင်းလာကာ အိမ်ကြီးကိုငေးကြည့်နေကြသည်။ သာစံမှာ သစ်သားအပျက်အစီးများကိုကြည့်ရှုရင်း
“ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်”
“လွန်ခဲ့တဲ့ခုနစ်ရက်လောက်တုန်းကတောင်မှ ဒီနေရာမှာ စားတဲကြီးက ဝံ့ဝံ့ညားညားရှိခဲ့သေးတာပဲ အခုဘယ်လိုဖြစ်တာလဲမသိဘူး”
သုံးဦးသားမှာ စားတဲအပျက်ကြီးအနှံ့လှည့်လည်ကာ လေ့လာနေမိသည်။
“မီးလောင်သွားတာနေမှာ”
“သာမန်မီးလောင်တာတော့ မဟုတ်နိုင်ဘူးအမေ၊ ဟောဒီမှာကြည့်လိုက်ပါအုံး ရှစ်လက်မပတ်လည်လောက်ရှိတဲ့တိုင်လုံးကြီးကို တစ်စုံတစ်ခုက တိခနဲဖြစ်အောင်ပိုင်းချလိုက်တာတွေ့လား”
သာစံမှာ အပျက်အစီးပုံများကြားမှ သစ်သားတိုင်ကြီးတစ်ခုကိုလက်ညှိုးထိုးပြသည်။ ထိုစဉ်သစ်သားအပျက်အစီးပုံများအောက်မှ အသံသဲ့သဲ့ကိုကြားရလေသည်။
“အသံတစ်ခုကြားတယ်၊ အသံတစ်ခုပဲ”
မောင်ဝိုင်းမှာ အပျက်အစီးအပိုင်းအစများကို အမြန်ဖယ်ရှားနေလေသည်။ သာစံမှာလည်း ဝိုင်းကူဖယ်ရှားလိုက်ရာ စားတဲကြီး၏ကြမ်းပြင်တွင် သစ်သားတံခါးချပ်တစ်ခုကိုတွေ့ရလေသည်။
“ကယ်ကြပါ၊ တစ်ယောက်ယောက်ကယ်ကြပါ”
အသံမှာ ထိုသစ်သားတံခါးချပ်ကြီးအနောက်မှလာသဖြင့် မောင်ဝိုင်းမှာ သစ်သားတံခါးကိုဖျက်ဆီးကာဖွင့်လိုက်လေသည်။ တံခါးပွင့်သွားသည့်အခါ ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးက အပြင်သို့ပြေးထွက်လာသည်။ မောင်ဝိုင်းက ကလေးငယ်၏ လည်ကုပ်ကိုဖမ်းဆွဲထားလိုက်သဖြင့် ကလေးငယ်မှာလေပေါ်သို့မြှောက်တက်သွားလေသည်။
“မသတ်ပါနဲ့ဗျာ၊ ကျုပ်ကိုမသတ်ပါနဲ့”
“မင်းကိုငါတို့မသတ်ပါဘူးကွာ ၊ ဒါနဲ့ စားတဲကြီးက ဘာဖြစ်သွားတာလဲ၊ တက်ခီလာရော ဘယ်ရောက်သွားသလဲ”
မောင်ဝိုင်းက မေးမြန်းရင်းကောင်လေးအား မြေပေါ်သို့ချပေးလိုက်သည်။ ထိုကောင်လေးမှာ တစ်ကိုယ်လုံးမည်းတူးလျှက် ညစ်ပေနေလေသည်။ တစ်စုံတစ်ရာကိုလည်း ကြောက်ရွံ့နေပုံရသည်။
“မင်းကိုငါမေးနေတယ်လေ၊ တက်ခီလာဘယ်ရောက်သွားသလဲ”
“သူတို့ . . .သူတို့ဖမ်းခေါ်သွားကြပြီ”
“ဘယ်သူတွေလဲ”
“လူကြီးတစ်ယောက်နဲ့ ရှမ်းရွာကြီးကရှမ်းတွေ ဒီကိုရောက်လာကြတယ်၊ အဲဒီလူကြီးမျက်လုံးတွေက နီရဲနေတာပဲဗျာ၊ တက်ခီလာနဲ့ စားတဲကြီးထဲကလူတွေကိုဖမ်းဆီးပြီး သူ့မျက်လုံးက အနီရောင်အလင်းတန်းကြီးတွေနဲ့ပစ်ထည့်လိုက်တာပဲ၊ ကျွန်တော်လဲ ဝိုင်ပုလင်းတွေအရက်ပုလင်းတွေထားတဲ့ မြေတိုက်ခန်းထဲဝင်ပုန်းနေရတယ်”
မောင်ဝိုင်းက တောက်တစ်ချက်ခေါက်လိုက်ကာ
“ဒါ ဦးကောင်းမွန်တို့လက်ချက်ပဲနေမှာ”
ထိုကလေးမှာ စားတဲကြီးတွင် လက်တိုလက်တောင်းခိုင်းသည့် ကလေးတစ်ယောက်ဖြစ်ပုံရသည်။ မောင်ဝိုင်းတို့အားပြောဆိုပြီးသည်နှင့် မြို့အတွင်းတစ်နေရာသို့ပြေးထွက်သွားလေသည်။
“ဒါဆိုရင် မင်းပြောတဲ့တက်ခီလာက သေသွားပြီပေါ့”
“ဦးကောင်းမွန်သာဆိုရင်တော့ တက်ခီလာကိုသတ်ပစ်မှာမဟုတ်ဘူး၊ သူက စုန်းတွေကို အမျိုးမျိုးနှိပ်စက်ပြီး ညှင်းပန်းအုံးမှာပဲ၊ ကျုပ်တို့အချိန်ဆွဲနေလို့မဖြစ်ဘူး၊ အဲဒီရွာကိုအမြန်သွားမှဖြစ်မယ်”
ရွာကိုသွားသည့်တာလမ်းမကြီးအတိုင်း ကားကိုဆက်လက်မောင်းနှင်လာခဲ့သည်။ တစ်နေရာရောက်သည့်အခါတွင် လမ်းမှာအလွန်ကြမ်းတမ်းသွားပြီး ကားဆက်လက်မောင်းနှင်နိုင်သည့်အခြေအနေမရှိသည်မို့ သာစံမှာ ကားကိုလမ်းဘေးတွင်ချရပ်လိုက်လေသည်။
တာလမ်းမကြီးအဆုံးတွင်တော့ မှိုင်းညို့နေသည့် တောင်တန်းကြီးများကိုလှမ်းမြင်တွေ့ရပြီး တောင်ခြေရှိရွာကြီးတစ်ရွာကိုလည်း ခပ်ရေးရေးလှမ်းမြင်နေရသည်။
“ရွာကဝေးသေးလား မောင်ဝိုင်း”
“သိပ်တော့မဝေးတော့ဘူး၊ ဒီအတိုင်းကျုပ်တို့လမ်းဆက်လျှောက်သွားရင် ညနေလောက်ဆို အဲဒီရွာကိုရောက်မှာပဲ”
မယ်ပျင်းက သာစံကိုကြည့်လိုက်ကာ
“သာစံ မင်းဒီမှာနေခဲ့”
“ဗျာ၊ ကျုပ်လည်းလိုက်မယ်လေအမေရဲ့”
“အမေပြောတာ နားထောင်စမ်းပါသားရယ်၊ အခုဦးကောင်းမွန်တို့နဲ့တိုက်ခိုက်ရင် နိုင်မယ်ရှုံးမယ်ဆိုတာကို ကံသေကံမပြောလို့မရဘူးသားရဲ့၊ တကယ်လို့ အမေတို့မနိုင်ခဲ့ရင် သူနှိပ်စက်တာ ခံရမှာပဲ၊ ဒီတော့ သားကိုပါ ဖမ်းဆီးပြီးနှိပ်စက်ခံရတာကို အမေမမြင်ချင်ဘူးသား”
“ဟုတ်တယ်သာစံ၊ မင်းအမေပြောတာမှန်တယ်၊ မင်းက ဘာပညာမှတတ်တဲ့လူမဟုတ်ဘူး၊ မင်းသာ ငါတို့နဲ့လိုက်ခဲ့ရင် မင်းအမေက မင်းကိုကာကွယ်ပေးနေရတာနဲ့ တိုက်ခိုက်တဲ့အပေါ်မှာ အာရုံစိုက်နိုင်မှာမဟုတ်ဘူး၊ မင်းလိုက်လာရင် ငါတို့အတွက်အကူအညီမဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေတာပဲရှိတယ်၊ ငါပြောတာကို မင်းနားလည်မှာပါ”
သာစံမှာ ခေါင်းကိုဖြေးညင်းစွာညိတ်လိုက်လေသည်။
“မနက်ဖြန်မနက်မှ အမေတို့ဒီနေရာကိုပြန်မရောက်ဘူးဆိုရင် ငါ့သားအမေတို့ကိုသေပြီလို့မှတ်ပြီး မြိုင်သာမြို့ကိုပြန်ပါတော့၊ အမေကတော့ ရှုံးပြီဆိုတာနဲ့ ဒီလူကြီးဖမ်းဆီးနှိပ်စက်တာကိုခံမယ့်အစား ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်မှာပဲငါ့သား”
သာစံက မယ်ပျင်းလက်ကိုဆွဲလိုက်ကာ
“သေစကားမပြောပါနဲ့အမေရာ၊ အမေနိုင်မှာပါဗျ၊ အမေနိုင်မယ်လို့ ကျုပ်ယုံကြည်ပြီးသားပါ”
မယ်ပျင်းက သာစံ၏လက်ဖမိုးကို ခပ်ဖွဖွကလေးနမ်းရှုံ့လိုက်ပြီးနောက် မောင်ဝိုင်းနှင့်အတူ တာလမ်းမကြီးအတိုင်းဆက်လျှောက်လာခဲ့ကြသည်။
(၂)
ရှမ်းရွာကြီး၏အလယ်ရှိ မြေကွက်လပ်တွင် မီးတုတ်ကြီးများကိုထွန်းငြိထားလေသည်။ မြေကွက်လပ်နံဘေးတွင်လည်း လက်နက်များကိုင်ဆောင်ထားကြသည့် ရွာသားများက မတ်တပ်ရပ်နေကြသည်။ ရွာလယ်ကွင်းပြင်တွင် စုန်းများကိုတိုင်များနှင့်တွဲချည်ထားပြီး ထိုအထဲတွင် မယ်နှင်းနှင့် တက်ခီလာတို့လည်းပါဝင်သည်။
ဦးကောင်းမွန်က မယ်နှင်းနှင့်တက်ခီလာတို့အားကြည့်ကာ ပြုံးရယ်နေလေသည်။ ခုနစ်ရက်တာမျှ နှိပ်စက်ခံထားရသဖြင့် မယ်နှင်းမှာဖျော့တော့နေလေသည်။ တက်ခီလာမှာလည်း တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်များအပြည့်နှင့်ဖြစ်နေကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။
“စုန်းတစ်ယောက်ကိုချစ်ကြိုက်မိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အဖြစ်ဆိုးပေါ့ကွာ၊ မင်းတို့ကောင်တွေ ဒါကိုကြည့်ပြီးတော့ သင်ခန်းစာယူကြဟေ့”
ဦးကောင်းမွန်က ရွာသားများဘက်သို့လှည့်ကြည့်လိုက်ရင်း
“စုန်းဆိုတာ မကောင်းတဲ့မိစ္ဆာကောင်တွေပဲ ဒင်းတို့ကို လူလို့တောင်သုံးစွဲမခေါ်ဝေါ်သင့်ဘူးကွ၊ ဒီမိန်းကလေးက အမှတ်မရှိဘူး၊ တစ်ချိန်က စုန်းတွေက ငါတို့ကိုဘာတွေလုပ်ခဲ့သလဲ၊ ငါတို့အပေါ်ဘယ်လိုအနိုင်ကျင့်ဗိုလ်ကျခဲ့သလဲဆိုတာကို မင်းတို့တွေအကုန်မေ့ကုန်ကြပြီလား”
ထိုအခါ ရွာသားများက အသံစုံဟစ်ကာ အော်ကြလေသည်။
“ဒီတော့ စုန်းတွေမှန်သမျှကို နှိမ်နင်းမယ်၊ ဒါတင်မကဘဲ စုန်းကိုသနားတဲ့လူ၊ စုန်းကိုချစ်တဲ့လူကိုလည်း စုန်းလို့ပဲသတ်မှတ်ပြီး စုန်းတွေနည်းတူနှိပ်စက်ခံရမယ်ကွ”
ဦးကောင်းမွန်စကားဆုံးသည်နှင့် ရွာသားများမှာ လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးကြလေသည်။
“သူတို့ကိုသေသေချာချာစောင့်ကြည့်ထား၊ အရင်တစ်ခါဟိုစုန်းကောင်လွတ်သွားသလိုမျိုး မဖြစ်စေရတော့ဘူး၊ အနားကိုဘယ်သူမှမကပ်စေနဲ့၊ ကပ်လာတဲ့လူကိုလည်း သတ်ပစ်ကြ”
ဦးကောင်းမွန်မှာ ရွာသားများကိုမှာကြားပြီးသည့်အခါ ရွာအတွင်းသို့ဝင်သွားလေသည်။ ရွာသားများမှာ လက်နက်ကိုယ်စီကိုင်ဆောင်ကာ စုန်းများအနီးတွင်စောင့်ကြပ်နေကြသည်။ မယ်ပျင်းနှင့် မောင်ဝိုင်းတို့မှာ အိမ်ခေါင်မိုးတစ်ခုအပေါ်မှနေ၍ ထိုအဖြစ်ကိုချောင်းကြည့်နေကြလေသည်။
“ကျုပ်တို့ဒီအတိုင်းဝင်ပြီး တိုက်ခိုက်လို့တော့မဖြစ်ဘူး၊ စုန်းတွေအကုန်အသက်ပျောက်ကုန်လိမ့်မယ်၊ ဒီတော့ ဒီလိုလုပ်၊ ခင်ဗျားက ရွာထိပ်ကနေသွားပြီး ဦးကောင်းမွန်ကိုစိန်ခေါ်ပါ၊ သူတို့တွေရွာထိပ်ကိုရောက်နေကြတဲ့အချိန် ကျုပ်က မယ်နှင်းနဲ့ဒီကလူတွေကို ကယ်တင်ပြီးတစ်နေရာကိုခေါ်ထုတ်သွားမယ်”
မယ်ပျင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် အိမ်ခေါင်မိုးများအပေါ်မှ ပျံသန်းသွားကာ ရွာထိပ်သို့ရောက်လာခဲ့သည်။ ရွာထိပ်တွင် ဇရပ်တစ်ဆောင်ရှိပြီး မယ်ပျင်းက ထိုဇရပ်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်လိုက်ကာ အရောင်စုံသည့်မီးလုံးကြီးများကို မိုးပေါ်သို့ပစ်တင်ကာ ဖောက်ခွဲလိုက်လေသည်။ ထိုအခါ ရွာသူရွာသားများအကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အိမ်အတွင်းမှပြေးထွက်လာကြလေသည်။
“ဟာ ရွာထိပ်မှာ မီးလုံးကြီးတွေပေါက်ကွဲနေပြီဟေ့၊ တစ်ခုခုတော့ထူးပြီထင်တယ်”
ထိုအချိန်ရယ်မောသံကြီးတစ်ခုမှာ တစ်ရွာလုံးကိုဖုံးလွှမ်းသွားလေသည်။
“စုန်းမမယ်ပျင်းလာပြီဟေ့၊ ဦးကောင်းမွန်၊ ရှင့်ကိုကျုပ်စိန်ခေါ်တယ်၊ ရှင်သတ္တိရှိရင် ရွာပြင်ထွက်ပြီး ကျုပ်နဲ့လာပြိုင်လှည့်”
ရွာသားများမှာ စုဝေးကုန်ကြကာ
“စုန်းမကြီးတဲ့ဟေ့၊ လာကြ၊ ငါတို့ရွာထိပ်ကိုသွားကြည့်ရအောင်ဟေ့”
ရွာလုံးကျွတ်နီးပါး ရွာထိပ်ဆီသို့ပြေးထွက်သွားကြလေသည်။ လူသူရှင်းပြီမို့ မောင်ဝိုင်းက အိမ်ခေါင်မိုးပေါ်မှခုန်ဆင်းလိုက်လေသည်။ ရွာလယ်ကွင်းပြင်ကြီးဆီသို့တဟုန်ထိုးပြေးသွားလိုက်ပြီး ဓါးလှံလက်နက်များကိုင်ဆောင်ထားကြသည့် အစောင့်များထံသို့ သေနတ်ကိုချိန်ရွယ်လိုက်ကာ အဆက်မပြတ်ပစ်သွင်းလိုက်လေသည်။ တဒိုင်းဒိုင်း တဝုန်းဝုန်းပေါက်ကွဲထွက်သွားပြီး အစောင့်များမှာ မြေပြင်တွင် အရုပ်ကြိုးပြတ်လဲကျကုန်လေသည်။ မောင်ဝိုင်းက မယ်နှင်းကိုယ်တွင်ချည်နှောင်ထားသည့် ဆူးကြိုးများကိုလက်ညိုးထိုးလိုက်သည့်အခါ ဆူးကြိုးများမှာ အပိုင်းပိုင်းပြတ်ကျကုန်သည်။ မယ်နှင်းမှာလည်း မြေပေါ်သို့လဲခွေကျသွားသည်။
“မယ်နှင်း အကိုပြန်လာပြီလေ၊ အကို့ကတိအတိုင်း အကိုပြန်လာပြီလေ”
မယ်နှင်းမှာ မောင်ဝိုင်းမျက်နှာအားကြည့်ကာ ခေါင်းကိုအသာညိတ်လိုက်သည်။ မယ်နှင်းမျက်ဝန်းမှ မျက်ရည်စများကလည်း စီးကျလာလေသည်။
“ဟေ့လူ၊ ရှင်တို့အလွမ်းသယ်မနေနဲ့အုံး၊ ကျွန်မကိုကြိုးဖြေပေးအုံး”
နံဘေးနားမှ တက်ခီလာက ပြောဆိုလိုက်သည့်အခါမှ မောင်ဝိုင်းမှာ သတိရသွားပြီး တက်ခီလာ၏ကြိုးများကိုလည်း ဖြေပေးလိုက်လေသည်။ တက်ခီလာက လွတ်မြောက်သွားသည်နှင့် အနီးမှအဖမ်းခံထားရသည့် စုန်းများ၏ကြိုးများကိုလိုက်လံဖြေပေးလိုက်သည်။ ဦးကောင်းမွန်ဖမ်းဆီးနှိပ်စက်ပြီး အသက်မသေသည့်စုန်းများမှာ အယောက်နှစ်ဆယ်ခန့်ရှိသည်။
“ကဲ ခင်ဗျားတို့အားလုံးကို ကျုပ်က ဘေးကင်းတဲ့ဆီကိုခေါ်ဆောင်သွားပေးမယ်”
ထိုသို့ပြောဆိုပြီး မောင်ဝိုင်းက ရွာအနောက်ဘက်သို့လှည့်ထွက်လာခဲ့သည်။ ထိုအခိုက် အမှောင်ထုအတွင်းမှ အနီရောင်အလင်းတန်းတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး မောင်ဝိုင်းထံသို့ပြေးဝင်လာသည်။ မောင်ဝိုင်းမှာ ကိုယ်ကိုတစ်ခြမ်းစောင်းကာ အလျှင်အမြန်ရှောင်ရှားလိုက်သော်လည်း အလင်းတန်းကြီးက မောင်ဝိုင်း၏ ညာဘက်ပုခုံးကို ရှပ်ထိသွားလေသည်။ တစ်ပြိုင်နက်တည်းမှာပင် အမှောင်ထုအတွင်းမှ ဦးကောင်းမွန်ကထွက်ပေါ်လာလေသည်။
“ဟား ဟား မင်းတို့က ငါ့ကိုတစ်နေရာကိုမျှားခေါ်ပြီး ဒီကလူတွေကို ကယ်ထုတ်မယ်ဆိုတာ ငါသိပြီးသားပါကွ၊ ရွာထိပ်ကစုန်းမကတော့ ခဏနေအုံးပေါ့ကွာ၊ အခုတော့ မင်းတို့နဲ့အရင်စာရင်းရှင်းရမယ်”
“ရှင်လွယ်မယ်ထင်ရင် စမ်းကြည့်လိုက်ပေါ့”
တက်ခီလာက အရှေ့သို့ပြေးတက်သွားပြီး စက်လက်နက်အချို့နှင့်ပစ်ခတ်လိုက်လေသည်။ သို့သော် ဦးကောင်းမွန်၏ မျက်လုံးနှစ်ခုအကြားတွင်ရှိသည့် အနီရောင်ပြဒါးရှင်လုံးကလေးက စက်လက်နက်များကိုလေပေါ်မှာပင် ဖျက်ဆီးပစ်ထည့်လိုက်လေသည်။
“မင်းအလှည့်ပြီးတော့ ငါ့အလှည့်ပေါ့ဟေ့”
ဦးကောင်းမွန်က တက်ခီလာအား အနီရောင်အလင်းတန်းဖြင့်ပစ်ခတ်လိုက်ပြန်သည်။ တက်ခီလာက အလျှင်အမြန်ပင် ကျွမ်းထိုး၍ရှောင်ရှားလိုက်လေရာ အလင်းတန်းမှာ အနောက်မှစုန်းတစ်ဦးအားဖြတ်ချသွားပြီး ထိုစုန်း၏ ကိုယ်ခန္ဓာကိုယ်အလယ်မှနှစ်ခြမ်းဖြတ်ချသွားလေသည်။
ထိုစဉ်မောင်ဝိုင်းက သေနတ်ဖြင့် ဦးကောင်းမွန်ကိုပစ်ခတ်ပြန်သည်။ ညာလက်ထိခိုက်ထားသဖြင့် ဘယ်လက်ဖြင့်ပစ်ခတ်ရသောကြောင့် သေနတ်ကျည်ဆန်မှာ ဦးကောင်းမွန်အားထိခိုက်ခြင်းမရှိဘဲ အနီးအနားတွင်သာ ကျရောက်ပေါက်ကွဲလေသည်။ မောင်ဝိုင်းပစ်ခတ်လိုက်သည့် ကျည်ဆန်များက မြေပြင်သို့ကျရောက်ပြီး အဖြူရောင်မီးခိုးလုံးကြီးများထွက်လာကာ ဘေးပတ်ဝန်းကျင်တစ်ခွင်ကိုဖုံးလွှမ်းသွားလေသည်။
“ပြေးကြတော့၊ အားလုံးပြေးကြတော့”
မီးခိုးလုံးများဖုံးလွှမ်းနေသည်ကို အခွင့်ကောင်းယူကာ စုန်းများမှာထခုန်ပြေးလေသည်။ ထိုအခိုက် တက်ခီလာက အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ အနီရောင်အလင်းတန်းကြီးတစ်ခုမှာ လူကြီးခါးစောင်းခန့်အမြင့်မှနေ၍ တံစဉ်တစ်ခုနှင့်ပိုင်းချလိုက်သကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ တက်ခီလာကာ ပြေးလွှားနေရင်း မြေကြီးပေါ်သို့မှောက်ချလိုက်ကာ ဝပ်နေလိုက်သည်။
“ရှင်တို့အားလုံး ဝပ်နေကြ”
တက်ခီလာကာ အသံအကျယ်ကြီးဟစ်အော်လိုက်လေသည်။ အရှေ့ဆုံးမှပြေးနေသည့် မောင်ဝိုင်းမှာ ထိုအသံကိုမကြားလိုက်သော်လည်း မောင်ဝိုင်းလက်ကိုဆွဲကာ ပြေးလွှားနေသည့် မယ်နှင်းက ကြားလိုက်လေသည်။ ထို့ကြောင့် မောင်ဝိုင်းလက်ကိုဆွဲဖြုတ်လိုက်ကာ မောင်ဝိုင်း၏နောက်ကျောကို အားကုန်တွန်းချလိုက်သည်။ မောင်ဝိုင်းမှာ မြေပြင်ပေါ်သို့ဟပ်ထိုးလဲကျသွားသည်။ အလင်းတန်းကြီးက မယ်နှင်း၏ခါးလယ်မှ ဖြတ်သန်းပိုင်းဖြတ်သွားလေသည်။
မောင်ဝိုင်းမှာ မှောက်လျှက်သားလဲနေရာမှ တစ်ဖက်သို့လှန်လိုက်သည့်အခါ မယ်နှင်းမှာ ငူငူကြီးရပ်နေလေသည်။ မယ်နှင်းနည်းတူ အခြားစုန်းများမှာလည်း မြေပြင်တွင်ရပ်တန့်နေကြသည်။ မောင်ဝိုင်းကြည့်နေစဉ်မှာပင် မယ်နှင်း၏ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ ခါးလယ်မှနေ၍ မြေပြင်ပေါ်သို့ပြတ်ကျသွားလေသည်။
“မယ်နှင်း . . မယ်နှင်း”
မောင်ဝိုင်းက အော်ဟစ်လိုက်ကာ မယ်နှင်းဆီသို့ပြေးသွားလိုက်သည်။ မယ်နှင်းက မောင်ဝိုင်းအားပြုံးပြရင်း မျက်လုံးပွင့်လျှက်သားဖြင့် ငြိမ်သက်သွားလေသည်။ မယ်ပျင်းနည်းတူ အခြားစုန်းများမှာလည်း ခါးလယ်မှပြတ်ကျကုန်သည်။ လွတ်မြောက်သွားသူမှာ တက်ခီလာနှင့် မောင်ဝိုင်းသာရှိသည်။ ဦးကောင်းမွန်က မီးခိုးထုများအတွင်းမှထွက်လာကာ အော်ဟစ်ရယ်မောနေသည်။ မောင်ဝိုင်းက ဦးကောင်းမွန်ကိုကြည့်ကာ
“ဟေ့လူကြီး ခင်ဗျားကိုကျုပ်သတ်မယ်၊ ခင်ဗျားကြီးကို ကျုပ်မသတ်ရမခြင်း ကျုပ်ကမ္ဘာမကျေဘူး”
မောင်ဝိုင်းမှာ အရူးကြီးတစ်ယောက်ပမာ အော်ဟစ်လျှက် ဦးကောင်းမွန်ဆီသို့ပြေးတက်သွားလေသည်။ ဦးကောင်းမွန်ကလည်း တစ်ချက်ပြုံးလိုက်ကာ မောင်ဝိုင်းထံသို့ အနီရောင်အလင်းတန်းကြီးကိုပစ်လွှတ်လိုက်သည်။ အနီရောင်အလင်းတန်းကြီးမှာ မောင်ဝိုင်း၏ရင်ဘတ်ကိုထိခါနီးအချိန်တွင် လမ်းကြောင်းလွဲသွားကာ တစ်နေရာသို့ သွားရောက်ထိမှန်လေတော့သည်။
တစ်ချိန်တည်းမှာပင် မယ်ပျင်းက မိုးပေါ်မှဆင်းသက်လာလေသည်။ ဦးကောင်းမွန်မှာ မယ်ပျင်းအားကြည့်လိုက်ရင်း မယ်ပျင်းထံသို့ အလင်းတန်းသုံးခုကိုပစ်လွှတ်လိုက်လေသည်။ မယ်ပျင်းမှာ ထိုအလင်းတန်းသုံးခုအား လျှင်မြန်စွာပင်ရှောင်ရှားလိုက်လေသည်။
“ငါ့ရဲ့ပြဒါးရှင်လုံးအစွမ်းကို မင်းခုခံနိုင်ရင် ခုခံပေတော့ စုန်းမရဲ့”
ဦးကောင်းမွန်၏ မျက်လုံးကြီးနှစ်လုံးမှာ အနီရောင်အလင်းများလင်းလက်လာပြီး မယ်ပျင်းထံသို့အလင်းတန်းကြီးနှစ်ခုဖြင့် တရစပ်ထိုးပစ်ထည့်လိုက်သည်။ မယ်ပျင်းက ထိုအလင်းတန်းကြီးကို စက်လက်နက်များဖြင့်ပစ်ခတ်လိုက်သော်လည်း စက်လက်နက်များမှာ အလင်းတန်းအားမဖျက်ဆီးနိုင်ဘဲ မယ်ပျင်းကိုယ်ခန္ဓာကိုအလင်းတန်းများက ထိမှန်သွားလေသည်။ မယ်ပျင်းမှာ ဒူးတစ်ဖက်ထောက်လျှက်ခွေကျသွားလေသည်။ ခန္ဓာကိုယ်ရှိမှော်စွမ်းအင်များအားလုံးကုန်ခမ်းသွားသည့်နှယ် အလွန်အားအင်ဖျော့တော့သွားလေသည်။
ဦးကောင်းမွန်က တစ်ချက်ရယ်မောလိုက်ပြီး မယ်ပျင်းအားအလင်းတန်းဖြင့် ဆက်လက်ပစ်ခတ်လေသည်။ မယ်ပျင်းမှာ အားအင်များကိုအလျှင်အမြန်ပြန်စုစည်းလိုက်ကာ ခုန်ရှောင်လိုက်ရသည်။ ထို့နောက် အနီးတွင်ပေါက်ရောက်နေသည့် သစ်ပင်ကြီးတစ်ပင်ကို လက်ဖြင့်ပုတ်ထည့်လိုက်ကာ ဦးကောင်းမွန်ထံသို့ပစ်သွင်းထည့်လိုက်လေသည်။ ဦးကောင်းမွန်က အနီရောင်အလင်းတန်းများဖြင့် ထိုသစ်ပင်ကြီးကိုပစ်ခတ်ကာ တစ်စစီဖျက်ဆီးလိုက်လေသည်။
မယ်ပျင်းမှာ အခြေအနေသိပ်မကောင်းသဖြင့် ရွာအတွင်းသို့ထွက်ပြေးတိမ်းရှောင်ရသည်။ ဦးကောင်းမွန်မှာ မယ်ပျင်းအနောက်သို့တစ်လှမ်းချင်းလိုက်လာကာ မယ်ပျင်းအားတိုက်ခိုက်လေသည်။ မယ်ပျင်းမှာ အိမ်အသုံးဆောင်များ လှည်းများကို ဦးကောင်းမွန်ဆီပစ်ခတ်ကာ တိုက်ခိုက်ပြန်သော်လည်း ဦးကောင်းမွန်က အရာဝတ္ထုအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။
တစ်ချီတွင်တော့ အိမ်ကြီးတစ်အိမ်အနောက်တွင် ဝင်ပုန်းကွယ်လိုက်သည့်မယ်ပျင်းအား ဦးကောင်းမွန်က ပစ်ခတ်လိုက်လေရာ မယ်ပျင်းမှာ မြေပေါ်သို့လွင့်စင်ကျသွားလေသည်။
“ဟား၊ ဟား အရင်ကမင်းဘယ်လောက်စွမ်းစွမ်း အခုတော့ တခြားစုန်းတွေလိုပဲ ငါဖမ်းဆီးတာကိုခံရမှာပဲ”
ဦးကောင်းမွန်က မယ်ပျင်းထံသို့ အလင်းတန်းကြီးဖြင့်ပစ်ခတ်လိုက်ပြန်သည်။ သို့သော် မယ်ပျင်းမှာ ရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ဦးကောင်းမွန်က ဘေးဘီကိုငေးကြည့်ရင်း
“မင်းက ကိုယ်ရောင်ဖျောက်လိုက်တာနဲ့ ငါ့လက်ကပြေးလွတ်ပြီလို့ထင်နေတာလားကွ၊ ငါလည်း မင်းလိုကိုယ်ယောင်ဖျောက်တတ်တဲ့ စုန်းတွေနဲ့အရင်က တိုက်ခိုက်ခဲ့ဖူးပါတယ်ကွ၊ မင်းငါ့လက်က ပြေးမလွတ်ပါဘူး”
ဦးကောင်းမွန်မှာ နဖူးအလယ်တွင်ရှိသည့် ပြဒါးရှင်လုံးကလေးကို လေပေါ်သို့မြှောက်တင်လိုက်လေသည်။ ပြဒါးရှင်လုံးမှာ ဝါးတစ်ပြန်ခန့်အကွာ လေပေါ်တွင်ရပ်တန့်နေလေသည်။
“ကဲ ပြဒါးရှင်လုံးရေ၊ ပုန်းနေတဲ့စုန်းမကို တွေ့အောင်ရှာစမ်းဟေ့”
ထိုအခါ ပြဒါးရှင်လုံးမှ အနီရောင်အလင်းများက လင်းလက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထိန်လင်းသွားလေသည်။ ရွာလမ်းတစ်နေရာသို့ မီးမောင်းထိုးသကဲ့သို့ အလင်းရောင်တန်းကြီးဖြင့်လှမ်းထိုးလိုက်သည့်အခါ ထိုအလင်းရောက်အောက်တွင် မယ်ပျင်းမှာပေါ်လာလေသည်။
“မင်းပြေးမလွတ်ဘူးလို့ ငါပြောသားပဲမဟုတ်လားစုန်းမရဲ့”
မယ်ပျင်းက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ
“ကျုပ်ကလည်း ဒီအခွင့်အရေးကိုစောင့်နေခဲ့တာပဲ”
မယ်ပျင်းက ဦးခေါင်းပေါ်ရှိအမောက်များကို ထုတ်ပြလိုက်လေသည်။ ထို့နောက် ဦးကောင်းမွန်ထံသို့ လက်ညှိုးညွန်လိုက်သည့်အခါ ဘီလူးကြီးတစ်ကောင်ကပြေးထွက်သွားပြီး ဦးကောင်းမွန်၏ခန္ဓာကိုယ်အား လက်ဖြင့်ဆုပ်ကိုင်ဖမ်းချုပ်ထားလိုက်သည်။
“ရှင်က ပြဒါးရှင်လုံးမရှိရင် ဘာမှမဟုတ်ဘူး”
ထိုအခါ ဦးကောင်းမွန်က ပြဒါးရှင်လုံးကိုကြည့်ကာ
“ပြဒါးရှင်လုံးရေ ငါ့ကိုကယ်စမ်းပါအုံးကွ”
တစ်ချိန်တည်းမှာပင် မယ်ပျင်းက နဂါးနီကိုထုတ်လိုက်ကာ ပြဒါးရှင်လုံးကို ပါးစပ်နှင့်ကိုက်ခဲခိုင်းလိုက်လေသည်။ ပြဒါးရှင်လုံးမှာ နဂါးနီ၏ပါးစပ်အတွင်းလိုက်ပါသွားပြီးနောက် နဂါးနီအားအလင်းတန်းများဖြင့်ပစ်ခတ်လေသည်။
“နဂါးနီစွမ်းအင်တွေကျနေပြီ၊ ဒေဝီသခင်မထွက်တော့”
အစိမ်းရောင်အဆင်းရှိသည့် ဒေဝီသခင်မှက တစ်ဖန်ခုန်ထွက်သွားကာ ပြဒါးရှင်လုံးအားထိန်းချုပ်ရန်ကြိုးစားလေသည်။ သို့နှင့် မယ်ပျင်းက အစောင့်အရှောက်ခုနစ်ဦးစလုံးကို ထုတ်သုံးပြီး ပြဒါးရှင်လုံးအားထိမ်းချုပ်ခိုင်းသော်လည်း ပြဒါးရှင်လုံးမှာ အတော်အတန်ပင်ထိန်းချုပ်ရခက်နေလေသည်။
“လာဟေ့ အဲဒီပြဒါးရှင်လုံးကိုး ငါ့ဆီယူလာခဲ့”
အစောင့်အရှောက်များမှာ ပြဒါးရှင်လုံးအားကိုင်ထိန်းကာ မယ်ပျင်းထံသို့ယူဆောင်လာခဲ့သည်။ မယ်ပျင်းက ပြဒါးရှင်လုံးအား လက်ဖြင့်ထိန်းချုပ်ဖမ်းဆုပ်ရန် လက်လှမ်းလိုက်လေသည်။ ထိုအခါ ဦးကောင်းမွန်က
“မဖြစ်နိုင်ဘူး၊ မင်းလိုစုန်းက ဒီပြဒါးရှင်လုံးကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး၊ မင်းထိလိုက်တာနဲ့ မင်းတစ်ကိုယ်လုံးပျက်စီးသွားလိမ့်မယ်”
မယ်ပျင်းမှာ ပြဒါးရှင်လုံးအား လက်နှစ်ချောင်းဖြင့်ဖမ်းဆုပ်ထားလိုက်သည်။ ပြဒါးရှင်လုံးအား ထိလိုက်သည်နှင့် မယ်ပျင်းလက်ချောင်းထိပ်များမှာ နီရဲနေအောင်အပူပေးထားသည့် သံတုံးတစ်ခုကဲ့သို့ ပူလောင်ကာ ဝင်းလက်လာလေသည်။ တစ်ချိန်တည်းမှာပင် ပြဒါးရှင်လုံးက အလွန်အားကောင်းသည့် စွမ်းအင်တစ်ခုဖြင့်ရုန်းကန်နေလေသည်။ မယ်ပျင်းအပါအဝင် အစောင့်အရှောက်ခြောက်ယောက် ဝိုင်းဝန်းထိန်းချုပ်သော်လည်း ပြဒါးရှင်လုံးမှာ လေပေါ်သို့လွတ်ထွက်တော့မည့်ဆဲဆဲဖြစ်နေသည်။
“မဖြစ်ဘူး ဒီပြဒါးရှင်လုံးရဲ့အစွမ်းက ကြီးမားလွန်းတယ်မယ်ပျင်း၊ ငါတို့ဒါကိုလက်လွတ်လိုက်မှရမယ်”
ရွှေရောင်ဂန္ဓဗ္ဗနတ်မင်းက မယ်ပျင်းအားပြောဆိုလေသည်။ သို့သော် မယ်ပျင်းက ခေါင်းခါလိုက်ပြီး
“ဒီလောက်တောင်ဖမ်းရခက်တဲ့ပြဒါးရှင်လုံးကို ၊ ငါရအောင်ဖမ်းမယ်ဟေ့”
မယ်ပျင်းက ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ပြဒါးရှင်လုံးအား ပါးစပ်အတွင်းသို့ငုံထည့်လိုက်ကာ တစ်ချက်တည်းမြိုချလိုက်လေသည်။ ထိုအခါ မယ်ပျင်းမျက်လုံးနှင့် ပါးစပ်ပေါက်အတွင်းမှ အနီရောင်အလင်းတန်းများနှင့် အခိုးအငွေ့များတိုးထွက်လာကာ မယ်ပျင်းမှာမြေပေါ်သို့ဒူးထောက်ထိုင်ကျသွားသည်။ လည်ချောင်းတစ်လျှောက်ထွန်းလင်းကာ ဝမ်းဗိုက်အတွင်းသို့ ဆင်းသက်သွားသည့်ပြဒါးရှင်လုံးအား အတိုင်းသားမြင်နေရလေသည်။ အစောင့်အရှောက်များမှာလည်း ကျယ်လောင်သောအသံများအော်ဟစ်လျှက် မယ်ပျင်း၏ဝမ်းဗိုက်အတွင်းသို့ ပြန်လည်တိုးဝင်သွားကြသည်။ မယ်ပျင်းမှာ ဇက်ကျိုးကျလျှက် ငုတ်တုတ်ကြီးငြိမ်သက်သွားလေသည်။
ဦးကောင်းမွန်မှာ မယ်ပျင်းအနီးသို့ တဖြည်းဖြည်းချင်းတိုးကပ်လာခဲ့သည်။
“မဖြစ်နိုင်ဘူး၊ မင်းလိုစုန်းတစ်ယောက်က ပြဒါးရှင်လုံးကို ဖမ်းဆီးလိုက်နိုင်တယ်ဆိုတာ မဖြစ်နိင်ဘူး”
ပြဒါးရှင်လုံးမှာ မယ်ပျင်း၏ဝမ်းဗိုက်အတွင်းမှ စွမ်းအင်အိုးအတွင်းရှိ မှော်စွမ်းအင်များကိုစုပ်ယူစားသုံးနေလေသည်။ မယ်ပျင်းက ထိုပြဒါးရှင်လုံးစုပ်ယူသွားသည့် စွမ်းအင်များကို အလျှင်အမြန်ပြန်လည်ဖြည့်တင်းနေရသည်။ ပြဒါးရှင်လုံးမှာ စွမ်းအင်များကိုစုပ်ယူရင်း တဖြည်းဖြည်းပျော့ပြောင်းလာပြီးသည့်နောက် အလင်းရောင်များမှာလည်း မှေးမှိန်လာလေတော့သည်။
ဦးကောင်းမွန်က မယ်ပျင်းအားလက်ဖြင့်တို့ထလိုက်သည့်အခါ မယ်ပျင်းမှာမျက်လုံးများပွင့်လာလေသည်။ သို့သော် မယ်ပျင်း၏မျက်လုံးများမှာ ပြဒါးရှင်လုံးကဲ့သို့ ကြက်သွေးရောင်သန်းနေသည့် အလင်းရောင်များတောက်ပလာလေသည်။
“မင်း . . .မင်းက ငါ့ရဲ့ပြဒါးရှင်လုံးကို ဖမ်းချုပ်နိုင်ခဲ့ပြီပဲ”
ပြောရင်းနှင့်ပင် ဦးကောင်းမွန်မျက်လုံးမှ အလင်းရောင်များမှာ မှေးမှိန်ပျောက်ကွယ်သွားလေသည်။ ဦးကောင်းမွန်မှာ မြေကြီးပေါ်တွင်ဒူးထောက်ထိုင်ကျသွားသည်။
“သွားပြီ၊ ပြဒါးရှင်လုံးက သူ့သခင်အသစ်ကိုရှာဖွေတွေ့ရှိသွားပြီ”
ဦးကောင်းမွန်မှာ မျက်ရည်များစီးကျလာလေသည်။ မယ်ပျင်းက ဦးကောင်းမွန်ပုခုံးကို လက်နှင့်ဆုပ်ကိုင်လိုက်ကာ
“ရှင်ဘာတွေလုပ်ခဲ့ပြီလဲဆိုတာ ရှင့်ကိုယ်ရှင်သိရဲ့လား”
ဦးကောင်းမွန်မှာ ပျက်စီးနေသည့် ရွာကိုတစ်ချက်ငေးကြည့်လိုက်မိသည်။
“ဒီပြဒါးရှင်လုံးက မကောင်းဘူး၊ သူ့ကိုအောင်မြင်တဲ့အချိန်က မကောင်းမှုတွေကြီးစိုးတဲ့ ပါပအချိန်ဖြစ်နေခဲ့တယ်”
“ဒါဆိုရှင်လည်းသိတာပေါ့”
ဦးကောင်းမွန်က ခေါင်းညိတ်လိုက်ကာ
“ပြောရမယ်ဆိုရင်တော့ ဓါတ်လုံးဆိုတာ ကောင်းတဲ့ဓါတ်လုံးရှိသလို ဆိုးရွားတဲ့ဓါတ်လုံးတွေလည်းရှိတယ်၊ ဒီဓါတ်လုံးက မကောင်းမှုတွေလွှမ်းခြုံထားတယ်၊ မကောင်းမှုတွေကို ဖမ်းချုပ်ဆုပ်ကိုင်ထားတယ်”
“ဒါဖြင့် ရှင်ဘာဖြစ်လို့ ဒီဓါတ်လုံးကို အသုံးချခဲ့တာလဲ”
“ငါ့မှာရွေးချယ်စရာမရှိဘူး၊ ဒီဓါတ်လုံးရဖို့ ငါက ခုနစ်နှစ်တိတိအားထုတ်ခဲ့ရတယ်၊ ဓါတ်လုံးရတော့လည်း မကောင်းတဲ့ဓါတ်လုံးဆိုပြီးတော့ မဖျက်ဆီးရက်ဘူး၊ ပြီးတော့ ငါ့ကိုဒုက္ခပေးသွားတဲ့၊ ငါ့မိသားစုကို သတ်ဖြတ်သွားတဲ့ စုန်းတွေကို လက်စာချေဖို့ကလည်းရှိနေသေးတယ်၊ ဒါကြောင့် ငါဒီဓါတ်လုံးကိုအသုံးပြုခဲ့တာပဲ”
မယ်ပျင်းက ပါးစပ်ကိုဖွင့်လိုက်သည့်အခါ ကြက်သွေးရောင်အလင်းတန်းများ လင်းလက်နေသည့် ဓါတ်လုံးကလေးထွက်ပေါ်လာခဲ့သည်။ မယ်ပျင်းက ဓါတ်လုံးအားကိုင်၍ သေချာကြည့်လိုက်ရင်း
“ဓါတ်လုံးကိုရှင်က အသုံးချချင်ပေမယ့် ဓါတ်လုံးကရှင့်ကိုပြန်ပြီးအသုံးချသွားတာပဲ၊ နောက်ဆိုရင် အဲဒီလိုမဖြစ်အောင်သတိထားပါ”
မယ်ပျင်းက ဓါတ်လုံးကို ဦးကောင်းမွန်ထံသို့ပြန်ပေးလိုက်လေသည်။ ဦးကောင်းမွန်မှာ ခေါင်းခါရမ်းလိုက်ပြီး
“ကျုပ်ဒီဓါတ်လုံးရဲ့စေခိုင်းမှုနဲ့ မကောင်းမှုတွေအများကြီးလုပ်ခဲ့မိတာပဲ၊ ကျုပ်ဒီဓါတ်လုံးကိုမလိုချင်တော့ဘူး၊ တကယ်လို့ ခင်ဗျားအသုံးလိုမယ်ဆိုရင် ယူသွားပါ”
မယ်ပျင်းမျက်လုံးများအရောင်လက်သွားသည်။
“အစကတော့ ကျုပ်ကဒီဓါတ်လုံးကိုလိုချင်လို့ လာခဲ့တာပဲ၊ ဒါပေမယ့် ဒီဓါတ်လုံးကို ကျုပ်တောင်နိုင်မှတော့ ကျုပ်ထက်အစွမ်းထက်တဲ့လူကို ယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်၊ ရှင့်ဓါတ်လုံးကို ရှင်ပြန်ယူပါ၊ ပြီးတော့ ရှင်ကိုယ်တိုင်ပဲဖျက်ဆီးလိုက်ပါ”
“စွမ်းတာပေါ့၊ ဒီဓါတ်လုံးဟာ ဒီထက်အများကြီးပိုပြီးစွမ်းနိုင်တာပေါ့”
“ဘယ်လိုစွမ်းနိုင်သေးတာလဲ”
“ဒီဓါတ်လုံးက တစ်ခါသေပြီး တစ်ခါပြန်ရှင်ထားတဲ့ဓါတ်လုံးပဲ၊ တကယ်လို့ ဓါတ်လုံးကိုသာ ခုနစ်ကြိမ်သတ်ပြီး ခုနစ်ကြိမ်ရှင်အောင်လုပ်နိုင်ရင် ဒီဓါတ်လုံးက နတ်ပြည်ကနတ်တွေကိုင်တဲ့လက်နက်ထက်တောင် ပိုပြီးအစွမ်းထက်သွားလိမ့်မယ်”
မယ်ပျင်းမျက်လုံးများ အရောင်လက်သွားလေသည်။
“ဘာလဲ မင်းကမယုံဘူးလား”
“မယုံတာတော့မဟုတ်ပါဘူး၊ ဓါတ်လုံးတွေစွမ်းရင် တအားစွမ်းတယ်ဆိုတာ ကျုပ်သိပါတယ်၊ ဘာလို့လဲဆိုတော့ အရင်က ကျုပ်တွေ့ဖူးတဲ့ မိမိုးကြီးဆိုတဲ့ စုန်းမကြီးဆိုရင် ဓါတ်လုံးအစွမ်းနဲ့ ထွက်ရပ်ပေါက်ပြီး အောက်ဝိဇ္ဖာတောင်ဖြစ်သွားဖူးတယ်၊ ဒါနဲ့ ရှင်က ဓါတ်လုံးကို တစ်ခါသေအောင်သတ်ပြီး တစ်ခါပြန်ရှင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတော့၊ ခုနစ်ခါသတ်ပြီး ခုနစ်ခါရှင်အောင်လုပ်တတ်မှာပေါ့”
ဦးကောင်းမွန်က ခေါင်းကိုခါရမ်းလိုက်ကာ
“မဖြစ်နိုင်ဘူး၊ အဂ္ဂိရတ်ပညာဟာ တခြားပညာတွေလို ပုံသေကားကျတွက်ထားလို့မရဘူး၊ ဆိုလိုချင်တာကတော့ ပထမတစ်ခါပြဒါးကိုသေအောင်ရှင်အောင်လုပ်တဲ့နည်းလမ်းအတိုင်း ဒုတိယတစ်ခါထပ်လုပ်လို့မရဘူး၊ သူ့ကိုလုပ်ဖို့အတွက် နည်းလမ်းတွေရှိသေးတယ်၊ အဲဒီနည်းလမ်းတွေကို ငါ့ဆရာတောင်မှမသိခဲ့ဘူး၊ သူက ပြဒါးကိုငါးကြိမ်ပဲသေအောင်သတ်နိုင်တယ်”
“ဒါဆို ဟောဒီလောကမှာ ပြဒါးကိုခုနစ်ကြိမ်သေအောင်သတ်နိုင်တဲ့လူမရှိတော့ဘူးပေါ့”
“ကျုပ်သိသလောက်ကတော့ မရှိဘူး၊ ဒါပေမယ့် ကျုပ်ရဲ့ဆရာက တစ်ခုပြောဖူးတယ်၊ ပြဒါးအကြောင်းသီးသန့်ပြုစုထားတဲ့ မဟာပဒါသကုရသေနကျမ်းဆိုတာရှိတယ်၊ အဲဒီကျမ်းက ရှေးဆရာကြီးတွေအဆက်ဆက်ပြုစစုထားခဲ့တဲ့ ပြဒါးကိုသေအောင်ရှင်အောင်လုပ်နိုင်တဲ့ အဂ္ဂိရတ်ကျမ်းတစ်ခုပဲ”
“ဘာ . . .ရှင်ဘာပြောလိုက်တယ်”
“မဟာပဒါသကုရသေနကျမ်းပဲ”
“ရှင်ပြောတဲ့ကျမ်းကို ကျုပ်ကြားဖူးတယ်”
ထိုအခါ ဦးကောင်းမွန်မှာ အလွန်စိတ်လှုပ်ရှားသွားကာ
“ခင်ဗျားတကယ်ပြောတာလား၊ အဲဒီကျမ်းကိုခင်ဗျားဘယ်မှာကြားဖူးတာလဲ”
“ကြားဖူးရုံတင်ဘယ်ကမလဲ ကျုပ်လက်ထဲမှာ အဲဒီကျမ်းရှိနေသေးတယ်ထင်တာပဲ”
“တကယ်လား၊ အဲဒီကျမ်းရှိရင် ကျုပ်ကိုပေးစမ်းပါဗျာ”
“အလကားတော့ ဘယ်ရမလဲ ဦးကောင်းမွန်ရဲ့”
“ဒါဆို ကျုပ်ဘာပေးရမလဲ၊ ခင်ဗျားကိုဘာလုပ်ပေးရမလဲ”
မယ်ပျင်းက ဓါတ်လုံးကလေးကို လက်ဝါးအတွင်းထည့်လိုက်ကာ
“တကယ်လို့ဟောဒီဓါတ်လုံးကို ခုနစ်ကြိမ်သတ်ပြီး ခုနစ်ကြိမ်ရှင်အောင်လုပ်ပေးမယ်ဆိုရင် အဲဒီကျမ်းကို ရှင့်ကိုအပိုင်ပေးမယ်”
“ခင်ဗျားတကယ်ပြောတာနော်”
“ကျုပ်က စကားတည်တဲ့လူပါရှင်”
ဦးကောင်းမွန်မှာ ခေါင်းကိုခပ်သွက်သွက်ညိတ်လိုက်ပြီး
“ကောင်းပြီဗျာ၊ ခင်ဗျားကိုကျုပ်ကူညီမယ်၊ ဓါတ်လုံးရရင် ခင်ဗျားစကားတည်ရမယ်နော်”
“စိတ်ချစမ်းပါရှင်”
မယ်ပျင်းမှာတစ်ချက်ပြုံးလိုက်လေသည်။
ထိုစဉ်မောင်ဝိုင်းမှာ မယ်နှင်း၏ ကိုယ်တစ်ပိုင်းပြတ်ကိုပွေ့ချီလာကာ မယ်ပျင်းဆီသို့ခေါ်ဆောင်လာခဲ့သည်။
“သူ့ကိုကယ်ပေးပါမယ်ပျင်း၊ ခင်ဗျားရဲ့ပညာနဲ့ ဒဏ်ရာတွေကို ကုသနိုင်တယ်မဟုတ်လား”
မယ်ပျင်းက မယ်နှင်း၏နဖူးပေါ်သို့လက်ဝါးအုပ်လိုက်ပြီးနောက် ခေါင်းကိုဖြေးညှင်းစွာခါပြလိုက်သည်။
“စိတ်မကောင်းပါဘူး၊ သူကတော်တော်ခရီးလွန်သွားပြီ၊ ငါ့ရဲ့ပညာအရ ဒဏ်ရာတွေကိုကုသနိုင်တယ်ဆိုပေမယ့် သေသွားတဲ့လူကိုတော့ ပြန်ရှင်အောင်မလုပ်နိုင်ဖို့၊ သူ့ကိုသေရွာကသွားပြန်ခေါ်ဖို့လဲ ငါမစွန့်စားရဲဘူး”
မောင်ဝိုင်းမှာ မယ်နှင်းကိုပွေ့ဖက်ကာ အသံနက်ကြီးနှင့်အော်ဟစ်ငိုကြွေးလိုက်လေသည်။
(၃)
သာစံမှာ ကားအနီးတွင်စောင့်မျှော်နေရင်း စိတ်ပူပန်နေမိသည်။ မကြာမီကောင်းကင်ယံတွင်အလင်းရောင်များ လင်းလက်လာပြီး မနက်ခင်းသို့ရောက်ရှိလာတော့မည်ဖြစ်သည်။ သာစံက ရှမ်းရွာကြီးကိုတစ်ချက်ငေးကြည့်လိုက်ကာ
“အမေ . . .အမေတကယ်ပဲ ပြန်မလာနိုင်တော့ဘူးလား”
သာစံက ကားကိုထားခဲ့ပြီးတာလမ်းမကြီးအတိုင်းလျှောက်လာခဲ့သည်။ တာလမ်းမကြီးတစ်နေရာအရောက်တွင် မယ်ပျင်းတို့နှင့်ဆုံတွေ့လေသည်။ မယ်ပျင်း၊ ဦးကောင်းမွန်၊ မောင်ဝိုင်းနှင့် တက်ခီလာတို့မှာ တာလမ်းမကြီးအတိုင်းလမ်းလျှောက်လာကြသည်ကိုတွေ့ရသည်။
“မင်းအမေ့စကားကို နားမထောင်ဘူးသာစံ၊ ငါတို့ပြန်မလာရင် လိုက်မလာပါနဲ့လို့ အမေမှာခဲ့တယ်မဟုတ်လား”
“အခုအမေနဲ့တွေ့နေပြီပဲမဟုတ်လားအမေ၊ ဒါနဲ့ အမေ့ကိစ္စအဆင်ပြေခဲ့ရဲ့လား”
“ဟောဒါက ဦးကောင်းမွန်တဲ့၊ သူက ပြဒါးရှင်လုံးရဲ့ပိုင်ရှင်ပေါ့”
သို့နှင့် တက်ခီလာအား ငွေကြေးများပေးအပ်ခဲ့ပြီးနောက် မြိုင်သာမြို့သို့ပြန်လာခဲ့ကြသည်။
ညရောက်သည့်အခါ မယ်ပျင်းမှာ တစ်ဦးတည်းအိမ်မှထွက်ခဲ့ပြီး ဖက်လိပ်ရွာအနီးသို့ပျံသန်းထွက်လာခဲ့သည်။ ဖက်လိပ်ရွှာအနောက်ဘက်ရှိ တောင်ရိုးပေါ်တွင်ဆင်းသက်လိုက်ပြီး တောင်ခါးပန်းတစ်နေရာသို့လှမ်းလျှောက်လာခဲ့သည်။ မကြာခင်အချိန်မှာပင် တောင်ခါးပန်းတစ်နေရာရှိ ကျောက်တုံးအပြိုအပျက်များထံရောက်ရှိလာခဲ့သည်။
မယ်ပျင်းက ထိုနေရာသို့ရောက်သည့်အခါ ငယ်စဉ်ကလေးဘဝအချိန်များကို ပြန်လည်သတိရလာခဲ့သည်။ ကျောက်တုံးအပိုင်းအစများအား စုန်းပညာဖြင့်ဖယ်ရှားလိုက်သည့်အခါ ပြိုပျက်ကျနေသည့် ကျောက်ဂူပေါက်ဝကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ကျောက်ဂူအပေါက်ဝတွင် ပိတ်ဆို့နေသည့် ကျောက်တုံးများကိုရှင်းလင်းပြီး ဂူထဲသို့ဝင်ခဲ့သည်။ ထိုဂူကြီးမှာ မယ်ပျင်းငယ်စဉ်က ကဝေကြီးခုနစ်ယောက်ထံမှ ပညာသင်ကြားရင်းနေထိုင်ခဲ့သည့် ကျောက်ဂူကြီးဖြစ်လေသည်။
ကျောက်ဂူအတွင်းပိုင်းမှာ မယ်တော်ယမင်းဖျက်ဆီးသွားသဖြင့် ရစရာမရှိအောင်ပျက်စီးနေလေသည်။ မယ်ပျင်းမှာ ကျောက်ဂူတစ်နေရာသို့သွားလိုက်ပြီး ကျောက်နံရံတွင်ထွင်းထုပုံဖော်ထားသည့် အံံဝှက်ကလေးတစ်ခုကိုဆွဲထုတ်လိုက်လေသည်။ ထိုအံဝှက်ကလေးထဲတွင်တော့ ပေစာထုပ်တစ်ထုပ်ကိုတွေ့လိုက်ရသည်။ ထိုပေစာထုပ်အား ယူဆောင်ပြီးနောက်မြိုင်သာမြို့သို့ပြန်လာခဲ့သည်။
မနက်မိုးလင်းသည်နှင့် ဧည့်ခန်းမကြီးတွင် စုဝေးထိုင်လိုက်ကြသည်။ မယ်ပျင်းက လက်ထဲမှပေစာထုပ်အား ဦးကောင်းမွန်အရှေ့သို့ချပေးလိုက်လေသည်။ ဦးကောင်းမွန်က အားရဝမ်းသာနှင့် ထိုကျမ်းစာထုပ်အားကောက်ယူလိုက်ပြီး
“ဟာ မဟာပဒါသကုရသေနကျမ်းဆိုတာပါလား၊ ဒီကျမ်းက တကယ်ရောစစ်ရဲ့လား”
မောင်ဝိုင်းက မျက်မှောင်ကြုတ်လိုက်ကာ
“ခင်ဗျားဒီကျမ်းကိုဘယ်လိုရလာတာလဲ မယ်ပျင်း”
“ပြောရရင်တော့ နည်းနည်းတော့ရှည်တယ်၊ ဒါပေမယ့် ငါငယ်ငယ်တုန်းက ပညာသိုက်လို့ခေါ်တဲ့ သိုက်ကို သိုက်သမားတွေလာတူးကြတယ်၊ အဲဒီသိုက်သမားတွေကို ငါကတားဆီးပေးလိုက်နိုင်တယ်၊ ဒါကြောင့် သိုက်စောင့်ဘိုးဘိုးက သူတို့သိုက်မရွှေ့ခင်အချိန်မှာ ငါ့ကိုဒီကျမ်းကလေး လက်ဆောင်ပေးသွားခဲ့တာပဲ၊ အဲဒီတုန်းကတော့ အဂ္ဂိရတ်ကျမ်းကို အသုံးမလိုဘူးဆိုပြီး တစ်နေရာမှာ သိမ်းဆည်းခဲ့တာပေါ့”
ိုထိုအကြောင်းများကို စုန်းမကြီးဒေါ်ပျင်းနှင့် သိုက်ဖောက်တဲ့ည စာစဉ်(၂၈)တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
“ကဲ ဦးကောင်းမွန်၊ ကျုပ်ပေးစရာရှိတာတော့ပေးပြီးပြီ၊ အခုရှင်လုပ်ရမှာက ဟောဒီဓါတ်လုံးကို အဆင့်မြှင့်တင်ပြီး ကျုပ်ကိုပြန်ပေးဖို့ပါပဲ”
“ဖိုထိုးတာက ပါးစပ်နဲ့ထိုးလို့မှမရတာ၊ ကျုပ်အတွက်ဖိုရုံလိုတယ်၊ ပြီးတော့ တခြားပစ္စည်းတွေလဲ လိုအပ်သေးတယ်”
“ကဲမောင်ဝိုင်း သူလိုအပ်တဲ့ပစ္စည်းတွေအားလုံးကို မင်းစီစဉ်ပေးလိုက်ပါ”
မောင်ဝိုင်းက ခေါင်းခါလိုက်ကာ
“ကျုပ်အားနာနာနဲ့ပဲ ငြင်းဆန်ပါရစေမယ်ပျင်း”
“ဘာဖြစ်လို့လဲ”
“ကျုပ်ဒီလောကကြီးကိုစိတ်ကုန်သွားပြီ၊ ဒါကြောင့်ဒီမနက်ပဲ ခင်ဗျားတို့ကိုနှုတ်ဆက်ပြီးတော့ ထွက်သွားတော့မလို့”
“မင်းဘယ်ကိုထွက်သွားမှာလဲ”
“ခြေဦးတည့်ရာကိုပေါ့ဗျာ၊ အချစ်မရှိတော့တဲ့လူတစ်ယောက်အတွက် ဘယ်နေရာမှာနေနေ ပျော်ရွှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးမဟုတ်လား”
မောင်ဝိုင်းက လွမ်းလွမ်းဆွေးဆွေးနှင့်ပြောဆိုပြီးသည့်နောက် ထိုင်ခုံမှထလိုက်ကာ
“အားလုံးကို ကျုပ်နှုတ်ဆက်ခဲ့ပါတယ်၊ ကံမကုန်သေးဘူးဆိုရင်တော့ ကျုပ်တို့ထပ်ပြီးတွေ့ရင်တွေ့ကြအုံးမှာပေါ့၊ ဟုတ်တယ်မဟုတ်လား ဦးကောင်းမွန်”
မောင်ဝိုင်းမှာ မြင်းစီးဦးထုပ်ကိုဆောင်းလိုက်ပြီးသည့်နောက် အိမ်ပေါ်မှဆင်းသွားတော့သည်။ မယ်ပျင်းမှာ တည်တည်ငြိမ်ငြိမ်ဖြစ်နေသော်လည်း သာစံမှာအနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။
“အမေ၊ ဦးမောင်ဝိုင်းသွားတာကို အမေမတားဘူးလား”
“သူ့ကိုတားလို့ရောရမှာတဲ့လား သားရဲ့”
“ဘာပဲဖြစ်ဖြစ် ဦးမောင်ဝိုင်းက အမေ့ရဲ့မိတ်ဆွေမဟုတ်လား၊ သူထွက်သွားတော့ အမေဘာမှမခံစားရဘူးလားဗျာ”
“လူဆိုတာ တွေ့ဆုံပြီးရင် ခွဲခွာရမှာထုံးစံပဲငါ့သားရဲ့၊ အိုးဖုတ်သမားတစ်ယောက်လုပ်ထားတဲ့အိုးတစ်လုံးဟာ တစ်နေ့နေ့တော့ ကွဲကြေခြင်းနဲ့အဆုံးသတ်ရမှာ သဘာဝပဲ၊ ခွဲခွာခြင်းဆိုတာကို အမေတို့တွေ ရှောင်လွဲလို့မရဘူး၊ အမေ့ရဲ့ဘဝမှာ ခွဲခွာခြင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီးပါပြီသားရယ်၊ အခုဒီလိုကိစ္စအတွက်တော့ အမေ့ရင်ထဲဘယ်လိုမှကိုမနေပါဘူး”
“အမေက တော်တော်အသည်းမာတဲ့လူပဲအမေ”
“အသည်းမာတာမဟုတ်ဘူးသား၊ အမေက အဆုံးစွန်အထိ ဘာတွေဖြစ်လာမလဲဆိုတာကို လက်ခံထားပြီးသား၊ ဒီလိုလက်ခံထားတဲ့လူတစ်ယောက်က ဘာကိုမှမကြောက်တတ်တော့ဘူး”
သာစံမှာ မောင်ဝိုင်းအားနှုတ်ဆက်ရန်အတွက် အိမ်ပေါ်မှပြေးဆင်းသွားတော့လေသည်။
“ရှင်လဲ လုပ်စရာရှိတာလုပ်ပါ ဦးကောင်းမွန်၊ ကျုပ် ကောင်းသတင်းပဲကြားချင်တယ်”
မယ်ပျင်းက ရွှေပြားတစ်ထုပ်အား ဦးကောင်းမွန်ထံသို့လှမ်းပစ်ပေးလိုက်သည်။ ဦးကောင်းမွန်ကလည်း ခေါင်းညိတ်ကာ ပေစာထုပ်ပိုက်ပြီးအိမ်ပေါ်မှဆင်းသွားလေသည်။
“ကျွန်မတို့အတွက် တဖြည်းဖြည်းနီးစပ်လာပြီလို့ထင်တယ် မယ်ပျော့”
မယ်ပျင်းက တစ်ယောက်တည်းရေရွတ်လိုက်လေသည်။
“အစစ်ပေါ့ကွာ၊ တကယ်လို့ လက်စားချေတာပြီးဆုံးသွားရင် မင်းနဲ့ငါလည်း ခွဲခွာရမှာပဲ၊ ငါကတော့ ငါ့ရဲ့အမှောင်ကမ္ဘာကြီးထဲကိုပြန်သွားရမယ်၊ မင်းကတော့ ငရဲပြည်ကိုပြန်သွားရမယ် မယ်ပျင်း၊ ဘာလို့လဲဆိုတော့ မင်းက မယ်တော်ယမင်းသတ်ကတည်းက ငါကယ်ထားခဲ့တာ၊ ဒါကြောင့် မင်းနောက်ထပ်ဘယ်လောက်သေသေ ငရဲပြည်မရောက်ဘဲ ပြန်ပြီးရှင်လာတာပေါ့”
“ကျုပ်အရာအားလုံးအတွက် ပြင်ဆင်ပြီးသားပါ မယ်ပျော့”
“မင်းက သူများတွေကိုပဲလိမ်လို့ရမယ်၊ ငါ့ကိုတော့လိမ်လို့မရပါဘူးမယ်ပျင်းရယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါကမင်းရဲ့ရင်ထဲ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့လူမို့လို့ပဲ”
မယ်ပျင်းမှာနှုတ်ဆိတ်နေမိသည်။
“မင်းက သာစံနဲ့ခွဲခွာဖို့အဆင်သင့်မဖြစ်သေးဘူးမဟုတ်လား”
မယ်ပျင်းမှာ ခေါင်းကိုဖြေးညှင်းစွာညိတ်ချလိုက်လေသည်။
“ဒီလောကကြီးမှာ ဘယ်မအေကများ သားသမီးတွေနဲ့ခွဲခွာဖို့ အဆင်သင့်ဖြစ်နေပါ့မလဲရှင်”