စာစဉ် (၁၀၁)
(၁)
မြိုင်သာမြို့နှင့် အတော်ဝေးလှမ်းသည့် တောအုပ်တစ်ခုအတွင်းသို့ ဦးကောင်းမွန်တစ်ယောက်ရောက်လာခဲ့သည်။ ထိုတောအုပ်ထဲတွင် သဘာဝကျောက်ရေအိုင်ကလေးတစ်ခုရှိရာ ဖိုရုံကိုလည်း ထိုရေအိုင်ကလေးနံဘေးတွင် တည်ဆောက်လိုက်လေသည်။ ဦးကောင်းမွန်မှာ ဖိုထိုးရာတွင်လိုအပ်သည့် ပစ္စည်းများကိုလည်း လိုက်လံဝယ်ယူလိုက်သည်။ သို့သော် ဖိုမထိုးသေးဘဲ မယ်ပျင်းထံမှရလာသည့် ပြဒါးကျမ်းကိုအသေအချာလေ့လာဖတ်ရှုနေလေတော့သည်။
“ဒီလိုဆို ဆရာ့ရဲ့နည်းလမ်းတွေက နည်းနည်းချွတ်ချော်နေတာပဲ၊ ဒီကျမ်းထဲမှာပါဝင်တဲ့နည်းလမ်းက ဟုတ်မဟုတ်ဆိုတာကိုစမ်းသပ်ရမယ်”
ထိုနေ့ည နက္ခတ်တာရာကောင်းမွန်သည့်အချိန်တွင် ဖိုကြီးကိုမီးစမွှေးလိုက်ပြီး ကျမ်းဂန်ပါနည်းလမ်းအတိုင်း ပြဒါးလုံးကိုသတ်ကြည့်သည့်အခါ မနက်လင်းကြက်မတွန်ခင်မှာပင် ပြဒါးရှင်လုံးမှာ နှစ်ခါပြန်သတ်နိုင်ခဲ့လေသည်။ ပြဒါးအခိုးများကျ၍ မည်းနက်သွားသည့်ပြဒါးလုံးကိုကြည့်ကာ ဦးကောင်းမွန်တစ်ယောက် ပျော်ရွှင်နေမိသည်။
“ဒီနည်းလမ်းတွေက တကယ်အလုပ်ဖြစ်တဲ့နည်းလမ်းတွေပါ၊ ဆရာသခင်ရဲ့နည်းလမ်းတုန်းက ပြဒါးတစ်ခါသေဖို့ ခြောက်လလောက်ကြာအောင် သတ်ယူခဲ့ရတာပဲ၊ အခုနည်းလမ်းနဲ့ကျတော့ တစ်ညတည်းနဲ့တင် တစ်ပြန်သေပါရောလား”
ဦးကောင်းမွန်မှာ မဆုတ်မနစ်သောဇွဲလုံ့လဖြင့် ပြဒါးလုံးကို တစ်ဖန်ပြန်ရှင်သန်လာစေရန်အတွက် စီစဉ်လုပ်ကိုင်လေသည်။ ထိုနေ့ မွန်းတည့်ပြီးသည့်အချိန်တွင် သေသွားသည့်ပြဒါးလုံးမှာ တစ်ဖန်ပြန်လည်ရှင်သန်လာပြီး ယခင်ကထက်နှစ်ဆခန့်ဝင်းလက်တောက်ပသွားလေတော့သည်။ ဦးကောင်းမွန်မှာ ပြဒါးရှင်လုံးကိုကြည့်ကာ အလွန်ကျေနပ်နေမိသည်။
“ဒီအတိုင်းဆိုရင် ခုနစ်ကျော့ပြန်သတ်ဖို့က သိပ်ပြီးခက်ခဲမှာမဟုတ်ဘူး၊ ဒီပြဒါးရှင်လုံးသာ အဆင့်မြင့်အောင်မြင်ပြီးရင်တော့ ငါကဒီဓါတ်လုံးရဲ့အစွမ်းနဲ့ ထွက်ရပ်လမ်းကို လိုက်နိုင်တော့မယ်၊ ဒီလိုဓါတ်လုံးမျိုးကို ဟိုစုန်းမကို ပေးလို့မဖြစ်ဘူး”
ဦးကောင်းမွန်မှာ ဓါတ်လုံးအောင်မြင်လာသည့်အခါ လောဘဇောတိုက်လာတော့သည်။ ဓါတ်လုံးအား မယ်ပျင်းထံပေးရန်စိတ်ကူးမရှိတော့ဘဲ သူကိုယ်တိုင်သာ ဓါတ်လုံးအစွမ်းဖြင့် ပြိုင်ဘက်ကင်းလူတစ်ဦးဖြစ်စေရန် စွမ်းဆောင်တော့မည်ဖြစ်သည်။
ဓါတ်လုံးတစ်ဆင့်အောင်မြင်ပြီးသောအခါ ဓါတ်စာကြွေးရန်လိုအပ်လာပေသည်။ သို့နှင့် ဦးကောင်းမွန်မှာ ကျမ်းဂန်တွင်ပါရှိသည့် ရွှေ၊ ငွေ၊ ကြေးတို့ကို ဓါတ်လုံးအားအစာကျွေးသော်လည်း ဓါတ်လုံးမှာ ထိုအရာများကို မစားဘဲ သီးသန့်ထွက်နေသည်ကိုတွေ့ရသည်။ ဦးကောင်းမွန်မှာ ညလုံးပေါက်အောင်မြင်ခဲ့သဖြင့် အားတက်ခဲ့သော်လည်း ယခုဓါတ်လုံးမှာ ဓါတ်စာမစားသဖြင့် အလွန်စိတ်ပျက်သွားလေသည်။
“ဒုက္ခပါပဲ၊ ဆင်ပြောင်ကြီး အမြှီးကျမှတစ် ဆိုသလိုဖြစ်နေပါပေါ့လား၊ ဓါတ်လုံးကိုသတ်နိုင် ရှင်နိုင်ပေမယ့် ဓါတ်စာမစားတာဘာဖြစ်လို့လဲ”
ဦးကောင်းမွန်မှာ ကြံရာမရတော့ဘဲ ကျမ်းဂန်ထဲတွင်မပါသည့် ဓါတ်စာများကို အမျိုးမျိုးစမ်းသပ်ကျွေးကြည့်သည်။ ဒုတ္တာ၊ လက်ချား၊ ကျောက်ချဉ်အစရှိသည့် အရာများကိုပါ ကျွေးကြည့်သော်လည်း မည်သို့မျှပင်မနေပေ။ ဦးကောင်းမွန်မှာ တစ်ခုမဟုတ်တစ်ခုကျွေးမည်ဟု ဆုံးဖြတ်လျှက် သုံးရက်တိတိ အမျိုးစုံကျွေးမွေးကြည့်သည်။ နောက်ဆုံး ဘူး၊ ဖရုံ၊ သခွားပါမကျန် ဓါတ်စာမျိုးစုံ ကျွေးသော်လည်း တစ်နည်းမှမအောင်မြင်ခဲ့ပေ၊ သို့နှင့် ခုနစ်ရက်တာအချိန်ကိုကျော်လွန်လာခဲ့ပြီဖြစ်သည်။
ထိုတောအုပ်ကလေးမှာ အလွန်သာယာလှသည်။ ညနေခင်းဆိုလျှင် တောအုပ်အတွင်းမှ သမင်၊ ဒရယ်ကလေးများက ကျောက်ရေအိုင်ကလေးတွင် ရေသောက်ဆင်းလေ့ရှိသည်။ တစ်နေ့ဖိုရုံထဲတွင် အလုပ်များနေသည့်အချိန် သေနတ်သံတစ်ချက်ကို ကျယ်လောင်စွာကြားလိုက်ရလေသည်။ ဦးကောင်းမွန်လည်း လုပ်လက်စဓါတ်လုံးကို ခေါင်းပေါင်းကြားသို့ထိုးထည့်လိုက်ပြီး သေနတ်သံကြားရာသို့ထွက်လာခဲ့သည်။ သေနတ်သံမှာ ကျောက်ရေအိုင်ဘက်မှလာခြင်းဖြစ်သည်။
ဦးကောင်းမွန်က ကျောက်ရေအိုင်အနီးရောက်သွားသည့်အခါ တူမီးသေနတ်တစ်လက်ကို ကိုင်ဆောင်ထားသည့်လူတစ်ဦးကိုတွေ့ရသည်။ ထိုလူ၏အရှေ့တွင်လည်း သမင်တစ်ကောင်က စင်းစင်းလဲကျလျှက် သေဆုံးနေသည်ကိုတွေ့ရသည်။ ဦးကောင်းမွန်ကိုမြင်တွေ့သည့်အခါ မုဆိုးကနှုတ်ဆက်လေသည်။
“ဆရာကြီးက ဖိုရုံထဲက ဆရာကြီးမဟုတ်လား”
“အေးဟုတ်တယ်ကွ၊ ငါအခုဒီရောက်နေတာ တစ်ပတ်ဆယ်ရက်လောက်ရှိပြီ”
“ကျုပ်ဆရာကြီးကိုသတိထားမိပါတယ် ဆရာကြီးရာ၊ ဒါနဲ့ ဆရာကြီး သမင်သားစားအုံးမလား”
သမင်သားလတ်လတ်ဆတ်ဆတ်ကိုမြင်လိုက်ရသဖြင့် ဦးကောင်းမွန်တစ်ယောက် အသားစားချင်စိတ်ဖြစ်ပေါ်လာသည်။ မြိုင်သာမြို့ပေါ်မှာ ငါးခြောက်၊ ငါးခြမ်း၊ ပဲမျိုးစုံကိုသာ ဖိုရုံတွင်ရိက္ခာဖြည့်တင်းပြီး ချက်ပြုတ်စားသောက်နေရသဖြင့် သမင်သားအစိမ်းကိုမြင်သည့်အခါ စားသောက်ချင်စိတ်များဖြစ်ပေါ်လာလေသည်။
“အေးကွာ၊ ငါ့တစ်ယောက်စာ ငါးဆယ်သားလောက်ပေးကွာ၊ သမင်နှလုံးကလည်း ဆေးဖက်ဝင်သကွ မင်းကိုငါ ဈေးကောင်းပေးဝယ်မှာပါ”
မုဆိုးက ခါးတွင်ချိတ်ထားသည့် အမဲလိုက်ဓါးမြှောင်ကိုဖြုတ်ယူလိုက်ကာ သမင်ငယ်၏ လက်ဖျံကိုလှီးဖြတ်လိုက်လေသည်။ သမင်ငယ်မှာ လောလောလတ်လတ်သေဆုံးထားသဖြင့် သွေးများကစီးထွက်ကျလာသည်။ သမင်ငယ်၏ရင်ကိုခွဲလိုက်ပြီး နှလုံးသားကိုနှိုက်လိုက်သည့်အခါ သွေးများကစီးကျလာပြီး မြေပြင်ပေါ်တွင်အိုင်ထွန်းသွားလေသည်။ ဦးကောင်းမွန်က မုဆိုးလုပ်ကိုင်နေသည်များကို ငုံ့ကြည့်သည့်အခိုက်တွင် ခေါင်းပေါင်းကြားတွင်ထည့်ထားသည့် ပြဒါးရှင်လုံးမှာ အောက်သို့ပြုတ်ကျကာ သွေးအိုင်ထဲတွင်နစ်ဝင်သွားလေသည်။
သွေးနှင့်ထိလိုက်သည်နှင့် ပြဒါးရှင်လုံးမှာ တရှဲရှဲအသံမြည်လျှက် ထိုသွေးများကိုစုပ်ယူနေသည်ကိုတွေ့ရသည်။ ဦးကောင်းမွန်လည်း အလွန်အံ့သြဝမ်းသာသွားကာ ခုန်ပေါက်မိလေသည်။
“အောင်ပြီဟေ့၊ နောက်ဆုံးတော့ဓါတ်လုံးလိုနေတဲ့ ဓါတ်စာက သွေးဖြစ်နေတာကိုး”
သွေးအိုင်အတွင်းမှသွေးများအားလုံးကို ဓါတ်လုံးမှစုပ်ယူပြီးသည့်အခါ ပိုမိုလင်းလက်တောက်ပလာလေတော့သည်။
“လတ်စသတ်တော့ ဒီဓါတ်လုံးဟာ မကောင်းတဲ့အချိန်နက္ခတ်အခိုက်အတန့်မှာ အောင်မြင်ပေါက်မြောက်ထားတာဖြစ်လို့ သူစားသုံးချင်တဲ့ ဓါတ်စာကလည်း သွေးလိုအရာမျိုးဖြစ်နေခဲ့တာကိုး”
ထို့နောက် ဦးကောင်းမွန်နှင့်မုဆိုးမှာ မိတ်ဆွေဖွဲ့လိုက်လေသည်။
“ကဲမောင်ရင်၊ ကျုပ်က မောင်ရင့်ကိုငွေပေးမယ်၊ မောင်ရင်က ကျုပ်ဆီကိုနေ့တိုင်းနေ့တိုင်း သွေးစိမ်းရှင်ရှင်ရအောင် ဆောင်ရွက်ပေးရမယ်”
“ဟာ ဆရာကြီးကလဲဗျာ၊ ကျုပ်ကနေ့တိုင်းသားကောင်မိတာမှ မဟုတ်တာပဲ”
“သားကောင်မမိတော့လည်း ဝယ်လာပေါ့ကွ၊ မင်းကလဲ၊ ရော့ ငွေယူသွား၊ မနက်ဖြန် ကျုပ်အတွက် ဆိတ်တစ်ကောင်အရှင်ခေါ်လာခဲ့၊ ဟုတ်ပြီလား၊ ငါကဘာမှမယူဘူး ဆိတ်ရဲ့သွေးကိုပဲယူမယ် အသားကတော့ မင်းတို့ဖျက်ပြီး စားသောက်ကြပေါ့ကွာ”
မုဆိုးမှာ ခေါင်းညိတ်လိုက်ကာ ဦးကောင်းမွန်ပေးသည့် ငွေကြေးများကိုယူဆောင်သွားလေသည်။
(၂)
ဆိတ်ကောင်၏ လည်ချောင်းသွေးဖြင့်် ကိုးရက်တိုင်တိုင် ဓါတ်စာကျွေးပြီးသည့်အခါမှ ဓါတ်လုံးမှာပြည့်စုံသွားကာ နောက်တစ်ဆင့်သို့တက်လှမ်းရလေသည်။ အဆင့်တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီးသည်နှင့် ဓါတ်လုံးအား တူညီသည့်သွေးအမျိုးအစားကို ကျွေး၍မရတော့ဘဲ သွေးပြောင်းကျွေးရလေသည်။ တစ်ဆင့်တွင် သွေးတစ်မျိုးနှုန်းဖြင့် ပြောင်းလဲကျွေးမွေးရပြီး ခြောက်လခန့်အကြာတွင်တော့ ဓါတ်လုံးမှာ ခုနစ်ဆင့်တိတိသတ်နိုင်ခဲ့ကာ ခုနစ်ဆင့်တိတိပြန်လည်ရှင်သန်နိုင်ခဲ့သည်။ ဓါတ်လုံးမှာ အဆုံးစွန်သောအခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ဓါတ်စာကျွေးရသည်မှာ အခက်တွေ့နေလေသည်။ ဦးကောင်းမွန်က ဆိတ်သွေး၊ နွားသွေး၊ ကျွဲသွေးနှင့် ခွေးသွေးပါမကျန် သွေးအမျိုးမျိုးပြောင်းကျွေးသော်လည်း ဓါတ်လုံးမှာ မစားမသောက်ဘဲဖြစ်နေလေသည်။
ယနေ့တွင် မုဆိုးက မြင်းကြီးတစ်ကောင်ကိုဆွဲယူလာလေသည်။ မြင်း၏လည်ချောင်းသွေးကိုဖောက်ထုတ်ကာ ရေပုံးတစ်လုံးတွင်ထည့်ပြီး ဓါတ်လုံးအားပစ်ထည့်လိုက်သော်လည်း ဓါတ်လုံးမှာစုပ်ယူခြင်းမရှိဘဲ ငြိမ်သက်နေလေသည်။ ဦးကောင်းမွန်မှာအလွန်စိတ်ပျက်သွားလေတော့သည်။
“မြင်းသွေးလဲ မအောင်မြင်ဘူးဆရာကြီး၊ ဒါဆို နောက်တစ်ခါဘာသွေးရှာလာခဲ့ရမလဲ”
“မလိုတော့ဘူးမုဆိုး၊ ငါတခြားနည်းနဲ့ကြံလိုက်မယ်၊ မင်းမနက်ဖြန်လာစရာမလိုတော့ဘူး”
မုဆိုးမှာ ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်လေသည်။
“ဒါနဲ့ မင်းရောက်လက်စနဲ့ ငါ့ကိုကူညီပါအုံးကွာ၊ မကြာခင် မိုးရွာတော့မယ်ထင်တယ်ကွ၊ ဖိုရုံအပြင်က မီးသွေးအိတ်တွေကို ဖိုထဲကိုထမ်းပြီးထည့်ပေးခဲ့စမ်းပါ”
မုဆိုးက ခေါင်းညိတ်ပြီး မီးသွေးအိတ်တစ်ခုကိုထမ်းကာ ဖိုရုံအတွင်းသို့ဝင်သွားလေသည်။ ဦးကောင်းမွန်က မုဆိုး၏ကျောကုန်းကိုကြည့်ကာ အကြံတစ်ခုရသွားသည်။
“သွေးအမျိုးပေါင်းများစွာနဲ့ ကျွေးတာတောင် ဓါတ်လုံးက မစားတော့ဘူးဆိုတော့ သူစားချင်တာက လူသွေးဖြစ်နေမလားပဲ”
ဦးကောင်းမွန်မှာ မုဆိုးအားမျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း ဖိုရုံဆီသို့လှမ်းလျှောက်လာခဲ့သည်။ ဓါတ်လုံးအစွမ်းထက်နေသည့်အချိန်တွင် မုဆိုးအားအလွယ်တကူသတ်ဖြတ်နိုင်သော်လည်း ဓါတ်စာမကျွေးရသေးသည်မို့ ဓါတ်လုံး၏အစွမ်းများကို ထုတ်ယူအသုံးမချနိုင်သေးပေ၊ မုဆိုးမှာတော့ ဦးကောင်းမွန်ခိုင်းသည့်အတိုင်း မီးသွေးအိတ်များကို သယ်ဆောင်နေလေသည်။ ဦးကောင်းမွန်က မုဆိုးအနောက်သို့လိုက်သွားကာ ဖိုရုံကြီးအတွင်းသို့ဝင်လိုက်သည်။ ဖိုရုံထရံတွင်ထိုးထားသည့် ထင်းခုတ်ဓါးကိုယူလိုက်ကာ နောက်ကျောပေးနေသည့် မုဆိုးအား ဓါးဖြင့်ချိန်ရွယ်လိုက်သည်။ မုဆိုးမှာ မီးသွေးအိတ်များကို တစ်ခုနှင့်တစ်ခုစီထပ်နေသဖြင့် ဦးကောင်းမွန်အပြုအမူအား သတိမပြုမိပေ။
“မင်းကိုတောင်းပန်ပါတယ်ကွာ၊ ဒီနားမှာ သတ်စရာလူသားဆိုလို့ မင်းတစ်ယောက်ပဲရှိတယ်”
ဦးကောင်းမွန်က ဓါးကိုချိန်ရွယ်ကာ မုဆိုး၏ဇက်ပိုးထံသို့ အားကုန်ခုတ်ချထည့်လိုက်သည်။ ဓါးချက်ထိမှန်သွားသည့်အခါ မုဆိုးမှာတစ်ကိုယ်လုံးတုန်ယင်သွားပြီးသည့်နောက် ကိုယ်ခန္ဓာမှာတဖြည်းဖြည်းကျုံ့ဝင်သွားကာ သစ်သားဖြင့်ပြုလုပ်ထားသည့် လူရုပ်ကလေးတစ်ရုပ်အဖြစ်သို့ပြောင်းလဲသွားလေသည်။
ဦးကောင်းမွန်မှာ ထိုအဖြစ်ကိုကြည့်ရင်း အံံ့သြမဆုံးဖြစ်နေမိသည်။
“ခင်ဗျားတစ်နေ့ဒီလိုလုပ်မယ်ဆိုတာကို ကျုပ်သိပြီးသားပါ”
ဦးကောင်းမွန်က အသံကြားသဖြင့်လှည့်ကြည့်လိုက်သည့်အခါ ဖိုရုံအဝင်ဝတွင်ရပ်တန့်နေသည့် မောင်ဝိုင်းကိုတွေ့လိုက်ရသည်။
“မင်း . . .မင်းဘာလုပ်ချင်တာလဲ”
မောင်ဝိုင်းမှာ ဦးကောင်းမွန်၏အား သေနတ်ဖြင့်ချိန်ရွယ်လိုက်ကာ
“ကျုပ်က ဓါတ်လုံးကို ဓါတ်စာကျွေးဖို့လာခဲ့တာပဲ”
မောင်ဝိုင်းက ပြောပြောဆိုဆိုနှင့် ဦးကောင်းမွန်၏ပေါင်တစ်ဖက်ဆီသို့သေနတ်ဖြင့်တစ်ချက်ပစ်ထည့်လိုက်သည်။ ဦးကောင်းမွန်၏ ပေါင်ကိုသေနတ်ကျည်က ဖောက်ဝင်ကာ ထုတ်ချင်းပွင့်ထွက်သွားလေသည်။
“မင်း . . . ငါ့ကိုဘာလုပ်တာလဲ”
“ကျုပ် မယ်နှင်းကိုကတိပေးထားတယ်၊ အဲဒါကတော့ ခင်ဗျားကြီးကို ကျုပ်လက်နဲ့သတ်ပြီး မယ်နှင်းအတွက်လက်စားချေပေးဖို့ပဲ”
ဦးကောင်းမွန်မှာ လက်ကာပြလိုက်ပြီး
“ငါ့ကိုမသတ်ပါနဲ့ကွာ၊ အဲဒီတုန်းက ငါကအသိစိတ်လွတ်နေခဲ့လို့ပါ၊ ငါမယ်နှင်းကို သတ်ဖြတ်ချင်တဲ့စိတ် မရှိပါဘူးကွာ”
မောင်ဝိုင်းက ခြောက်ကပ်ကပ်အသံဖြင့်ရယ်မောလိုက်ကာ
“အခုကျုပ်လည်း ဒီလိုပဲ၊ ခင်ဗျားကိုကျုပ်က သတ်ဖြတ်ချင်စိတ်မရှိပါဘူး၊ ဒါပေမယ့် မယ်နှင်းအတွက်တော့ ပြန်ပြီးလက်စားချေပေးရမယ်”
မောင်ဝိုင်းက ဦးကောင်းမွန်၏ရင်ဘတ်ကို သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်လိုက်လေသည်။ ဦးကောင်းမွန်မှာ ရင်ဘတ်တွင်ကျည်ပေါက်ရာများဖြစ်ပေါ်လျှက် ပက်လက်လန်ကာလဲကျသွားလေသည်။ ဦးကောင်းမွန်ရင်ဘတ်မှထွက်ပေါ်လာသည့် သွေးများမှာ မြေပြင်တွင်အိုင်ထွန်းနေလေသည်။ ဦးကောင်းမွန်၏ ခေါင်းပေါင်းစကြားတွင် ညှပ်ထားသည့် ပြဒါးရှင်လုံးမှာ အောက်သို့ပြုတ်ကျလာပြီး သွေးအိုင်ကြီးဆီသို့အလိုလိုလိမ့်ဆင်းသွားသည်။
ပြဒါးရှင်လုံးက လူသွေးများကိုတရှဲရှဲနှင့်စားသောက်ပြီးစီးသည့်အခါ ကြက်သွေးရောင်အလင်းရောင်များ ဝင်းလက်လာတော့သည်။ မောင်ဝိုင်းက ထိုပြဒါးရှင်လုံးကလေးအား ကောက်ယူလိုက်ကာ အသေအချာစိုက်ကြည့်ရင်း
“လူယုတ်မာကြီးသေပြီဆိုတော့ ပြဒါးရှင်လုံးကို မယ်ပျင်းလက်ထဲသွားအပ်ရုံပဲရှိတော့တာပေါ့”
မောင်ဝိုင်းက ရေရွတ်လိုက်သည့်အခါတွင်
“မင်းရူးနေလား ဟေ့ကောင်”
ခပ်အုပ်အုပ်အသံတစ်ချက်ကြားလိုက်ရသည်။ မောင်ဝိုင်းက အနီးပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်သော်လည်း လူသူတစ်ဦးတစ်ယောက်မှ မတွေ့ရပေ။
“မင်းကိုငါပြောနေတာကွ၊ ဓါတ်လုံးက စကားပြောနေတာ၊ မင်းငါ့ကိုကြည့်လိုက်စမ်း”
မောင်ဝိုင်းမှာ အံ့အားသင့်စွာဖြင့် ဓါတ်လုံးအားစိုက်ကြည့်လိုက်သည်။ ထိုအခါ ဓါတ်လုံးအတွင်းမှ သွေးကဲ့သို့အရည်လေးများက လည်ပတ်နေကာ
“မင်းတော်တော်တုံးတဲ့အကောင်ပဲကွ၊ ဒီလောက်အဖိုးတန်တဲ့ငါ့ကို ဘာဖြစ်လို့သူများဆီကိုပေးလိုက်မှာလဲ”
မောင်ဝိုင်းမှာ ဓါတ်လုံးအတွင်းမှထွက်ပေါ်လာသည့်အလင်းရောင်များကို ငေးငိုင်ကာကြည့်နေမိသည်။
“ငါ့ကိုရတဲ့လူက ဟောဒီလောကမှာ ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ဖြစ်သွားမှာအသေအချာပဲနော်၊ ဒါနဲ့များ မင်းကဘာဖြစ်လို့ငါ့ကို သူများဆီပေးလိုက်မှာလဲ၊ မင်းငါ့ကိုယူလိုက်စမ်းပါ၊ ငါ့ရဲ့အစွမ်းတွေကိုခံယူလိုက်စမ်းပါ၊ ဒါဆိုရင် မင်းက လူသားလောကမှာ အစွမ်းအရှိဆုံးလူတစ်ယောက်ဖြစ်သွားမှာပဲ”
မောင်ဝိုင်းမှာ ဓါတ်လုံးအားစိုက်ကြည့်ရင်း
“ဟုတ်တယ်၊ ဒီဓါတ်လုံးသာရှိရင် ငါက အနှိုင်းမဲ့တန်ခိုးရှင်ဖြစ်သွားမှာပဲ၊ မယ်ပျင်းစွမ်းတာထက် အဆပေါင်းများစွာပိုစွမ်းသွားလိမ့်မယ်၊ ဒါဆို ဒီကမ္ဘာမှာ ငါ့ကိုယှဉ်နိုင်မယ့်လူ ရှိမှာမဟုတ်တော့ဘူး”
မောင်ဝိုင်းကပြောဆိုရင်း ဓါတ်လုံးကလေးအား မျက်လုံးနှစ်လုံးအလယ်ရှိ အသားစိုင်အတွင်းသို့ထိုးထည့်လိုက်လေသည်။ ဓါတ်လုံးကလေးမှာ အရေပြားကိုဖောက်ဝင်သွားတော့သည်။ မောင်ဝိုင်း၏ မျက်လုံးသူငယ်အိမ်များမှာလည်း ကြက်သွေးရောင်အဖြစ်ပြောင်းလဲသွားပြန်သည်။ မောင်ဝိုင်းက ဖိုရုံကြီးအတွင်းမှထွက်ပြီး ဖိုရုံကြီးကိုမျက်စောင်းတစ်ချက်ထိုးလိုက်သည့်အခါ ဖိုရုံမှာဝုန်းခနဲပေါက်ကွဲထွက်သွားပြီး မီးဟုန်းဟုန်းတောက်လောင်လေတော့သည်။
“ငါလာပြီ၊ မြိုင်သာမြို့ရေ၊ မယ်တော်ကိုအနိုင်ယူဖို့အတွက် ငါလာခဲ့ပြီ၊ မကြာခင် အရှေ့အရပ်မှာ ငါကသခင်ကြီးဖြစ်စေရမယ်”
မောင်ဝိုင်းမှာရေရွတ်လိုက်ကာ မြေအောက်အတွင်းသို့တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
(၃)
မယ်ပျင်းမှာ ယခုလများအတွင်း ချက္ကရကျင့်စဉ်များကိုကျင့်ကာ ကုန်ဆုံးသွားသည့်စွမ်းအင်များကိုပြန်လည်ဖြည့်တင်းနေလေ့ရှိသည်။ ယခုလည်း မယ်ပျင်းက ချက္ကရကျင့်စဉ်များ ကျင့်ကြံနေလျှက် လေပေါ်သို့တစ်တောင်ခန့်မြင့်တက်ကာ လွင့်မြောနေလေသည်။ ထိုစဉ် ထူးဆန်းသည့် ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။ ထိုခံစားချက်မှာ တခြားမဟုတ်ဘဲ ပုံရိပ်ယောင်ကိုယ်ပွားများက သတင်းပေးသည့်အချက်အလက်တစ်ခုဖြစ်နေသည်။
“တစ်ခုခုထူးဆန်းတာတော့ ဖြစ်နေပြီဟေ့”
မယ်ပျင်းက ရေရွတ်လိုက်ကာ သတင်းပေးသည့် ပုံရိပ်ယောင်ထံသို့ စိတ်အာရုံကို ညွှတ်လိုက်လေသည်။ မယ်ပျင်းမှာ မြိုင်သာမြို့တွင်ပြိုင်ဘက်မရှိဖြစ်လာပြီးသည့်နောက် စုန်းပညာများပိုမိုးတိုးပွားလာကာ မြိုင်သာမြို့ပတ်ဝန်းကျင်တွင် ပုံရိပ်ယောင်များကို ဖြန့်ကျက်ထားလေသည်။ အရေးကိစ္စတစ်ခုခုဖြစ်လျှင် ထိုပုံရိပ်ယောင်များက မယ်ပျင်းအားသတင်းပေးသည့်သဘောနှင့်ဆက်သွယ်ကြသည်။ ကင်းခြေများကြီးနှင့် သာစံတို့တိုက်ခိုက်စဉ်ကလည်း သာစံ၏ကိုယ်တွင် ထည့်သွင်းပေးထားသည့် ပုံရိပ်ယောင်ကိုယ်ပွား၏ သတင်းပေးမှုကြောင့် ထိုနေရာသို့ရောက်သွားနိုင်ခြင်းဖြစ်သည်။
ယခုလည်း ပုံရိပ်ယောင်ကိုယ်ပွား သတင်းပေးရာ မြိုင်သာမြို့ထိပ်သို့ရောက်လာခဲ့သည်။ ထိုနေရာတွင်ရှိနေသည့် ပုံရိပ်ယောင်ထဲသို့စိတ်ကိုနှစ်သွင်းလိုက်သည့်အခါ မယ်ပျင်းကိုယ်တိုင်ပင် ထိုနေရာသို့ရောက်သွားသည့်နှယ် ဖြစ်သွားလေသည်။
မယ်ပျင်းမှာ ပြန့်ပြူးနေသည့် မြို့အဝင်ကားလမ်းမကြီးအလယ်တွင် တစ်ယောက်တည်းမတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကိုလေ့လာကြည့်နေသည်။
“ပုံရိပ်ယောင်တွေကပဲ မှားသလား၊ ဘာမှထူးခြားတာမတွေ့ပါဘူး”
“သူတို့မမှားပါဘူး၊ သူတို့မှန်ပါတယ်”
ထိုစဉ်မြေကြီးအောက်မှ လူတစ်ယောက်က တဖြည်းဖြည်းတိုးထွက်လာကာ ကားလမ်းမပေါ်တွင်မတ်တပ်ရပ်လိုက်လေသည်။ မယ်ပျင်းက မြေလျှိုးလာသည့် ထိုလူအားကြည့်လိုက်ကာ
“အလို၊ မောင်ဝိုင်းပါလား ဒါနဲ့မင်းက ဘယ်ကနေဘယ်လိုလုပ်ပြီးတော့ မြေလျှိုးတတ်သွားတာလဲ”
မောင်ဝိုင်းက မယ်ပျင်းကိုအသေအချာစိုက်ကြည့်လိုက်သည့်အခါ မောင်ဝိုင်း၏နဖူးတွင် ကြက်သွေးရောင်အလင်းများ ထွန်းလင်းလာသည်ကိုတွေ့ရပြီး မျက်လုံးနှစ်ခုကြားတွင် အလုံးကလေးတစ်လုံးကို တွေ့လိုက်ရလေသည်။ ထိုအခါ မယ်ပျင်းက ခပ်ယဲ့ယဲ့ရယ်လိုက်ကာ
“ဦးကောင်းမွန်က ဓါတ်လုံးအောင်မြင်သွားပြီထင်တယ်၊ လတ်စသတ်တော့ မင်းကငါ့ကို ဓါတ်လုံးလာပေးတာပဲ”
မယ်ပျင်းက ပြောရင်းမောင်ဝိုင်း၏အရှေ့သို့တိုးသွားလိုက်သည့်အခါ မောင်ဝိုင်းမှာ မျက်လုံးအတွင်းမှ အလင်းတန်းတစ်ခုဖြင့် မယ်ပျင်းအားပစ်ခတ်လိုက်လေသည်။ မယ်ပျင်း၏ ရင်ဘတ်တွင် တစ်ထွာခန့်ရှိသည့် အပေါက်ကြီးတစ်ခုထုတ်ချင်းပေါက်သွားတော့သည်။ မယ်ပျင်းက တဟားဟားနှင့်ရယ်လိုက်ရင်း
“ဒီဟာတွေက ပုံရိပ်ယောင်တွေဆိုတာ မင်းမသိဘူးလား မောင်ဝိုင်းရဲ့၊ ဘာလဲ မင်းက ဓါတ်လုံးကိုစမ်းသပ်ကြည့်ချင်တာလား”
“ကျုပ်ဒီမြို့ကိုလာတာ ခင်ဗျားကိုဓါတ်လုံးပေးဖို့လာတာမဟုတ်ဘူး၊ ခင်ဗျားကိုသတ်ဖို့လာတာ”
မယ်ပျင်းက အလွန်ရယ်မောဖွယ်ကောင်းသည့် ဟာသတစ်ခုကိုကြားလိုက်ရသည့်အလား တဟားဟားနှင့်ခွက်ထိုးခွက်လန်ရယ်မောလေသည်။
“အောင်မယ်လေး မောင်ဝိုင်းရယ်၊ မင်းက ငါ့ကိုသတ်ချင်သတဲ့လား”
“ဟုတ်တယ်၊ ကျုပ်ကအခု ပညာအစွမ်းတွေ အရမ်းအဆင့်မြင့်တဲ့လူတစ်ယောက်ဖြစ်သွားပြီ၊ ဒီတော့ ဟောဒီမြိုင်သာနယ်အပါအဝင် အရှေ့အရပ်တစ်ခုလုံးကို ကျုပ်အုပ်စိုးတော့မယ်၊ ကျုပ်သွားမယ့်လမ်းမှာ ပိတ်ဆို့နေတဲ့ အနှောင့်အယှက်တွေထဲ ခင်ဗျားလည်းတစ်ခုအပါအဝင်ပဲ”
“မောင်ဝိုင်း မင်းငါ့ကို နောင်ပြောင်နေတာတော့မဟုတ်ပါဘူးနော်”
မောင်ဝိုင်းက ရယ်မောနေသည့် မယ်ပျင်း၏ဦးခေါင်းအား အလင်းတန်းဖြင့်ပစ်ခတ်လိုက်သည့်အခါ မယ်ပျင်း၏ဦးခေါင်းမှာ တစ်စစီပျက်စီးသွားလေတော့သည်။
“မောင်ဝိုင်း မင်းငါ့ကိုနိုင်မယ်ထင်သလား”
လေထုအတွင်း ကြိမ်းဝါးအော်ဟစ်သံကြီးထွက်ပေါ်လာပြီး နေရာအနှံ့မှ ဖြူဖြူအရိပ်ကြီးများမှာ မောင်ဝိုင်းရပ်တန့်နေသည့် နေရာထံသို့ပြေးဝင်လာကြသည်။ ထိုဖြူဖြူအရိပ်ကြီးများအားလုံး အနီးရောက်သည့်အခါ မယ်ပျင်းပုံရိပ်အဖြစ်ပြောင်းလဲသွားသည်။ အရိပ်ပေါင်းတစ်ရာခန့်ရှိပြီး မောင်ဝိုင်းအားဝန်းရံထားလေသည်။
“မင်းငါ့ကိုနိုင်မယ်ထင်ရင် ငါ့ရဲ့ပုံရိပ်ယောင်တွေနဲ့ အရင်တိုက်ခိုက်ကြည့်စမ်း မောင်ဝိုင်း”
မယ်ပျင်း၏ ပုံရိပ်ယောင်ကိုယ်ပွားများမှာ မောင်ဝိုင်းအား စက်လက်နက်မျိုးစုံတို့ဖြင့်ပစ်ခတ်ကြလေသည်။ မောင်ဝိုင်းမှာ ကိုယ်ခန္ဓာကို လွှမ်းခြုံထားနိုင်သည့် စက်ဝန်းကြီးတစ်ခုကို ဖန်တီးလိုက်ကာ သူ့ကိုယ်သူဖုံးအုပ်ထားသည်။ မယ်ပျင်းပစ်ခတ်သည့် စက်လက်နက်များမှာ ထိုစက်ဝန်းကြီးအား မထိုးဖောက်မဝင်ရောက်နိုင်ဘဲ အလင်းရောင်ပေါင်းစုံဝင်းလက်ကာ ထိုစက်ဝန်းကြီးတွင် ကပ်ငြိနေကြလေသည်။
အတန်ကြာသည့်အခါမှ မောင်ဝိုင်းမှာ ဝမ်းခေါင်းသံကြီးနှင့်တစ်ချက်အော်လိုက်သည့်အခါ စက်ဝန်းကြီးမှာ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီး ကြက်သွေးရောင်အလင်းတန်းကလေးများမှာ အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲထွက်ကုန်ကာ မယ်ပျင်း၏ ပုံရိပ်ယောင်ကိုယ်ပွားများကို ထိမှန်ပြီး ကိုယ်ပွားများအကုန်လုံး ပျက်စီးကုန်ကြလေသည်။ မောင်ဝိုင်းက မြိုင်သာမြို့အတွင်းသို့ မျက်ထောင့်နီကြီးဖြင့်ကြည့်လိုက်ကာ
“ကျုပ်လာပြီမယ်ပျင်း၊ ခင်ဗျားဆီကို ကျုပ်လာပြီ”
မယ်ပျင်းမှာ ခုံပေါ်သို့ ခွေကျသွားလေသည်။ မောင်ဝိုင်း၏အစွမ်းကိုမြင်တွေ့သည့်အခါ ထိတ်လန့်သွားမိသည်။
“မောင်ဝိုင်း၊ မင်းဟာသစ္စာဖောက်တစ်ယောက်ပဲ”
မယ်ပျင်းရေရွတ်လိုက်သည့်အခါ မောင်ဝိုင်းက အိမ်ခေါင်မိုးအားဖောက်ကာ မယ်ပျင်းအရှေ့သို့ခုန်ဆင်းလာခဲ့လေသည်။ မောင်ဝိုင်း၏သွားလာနိုင်သည့်အမြန်နှုန်းမှာ စိတ်ဖြင့်သွားလာသကဲ့သို့ မြန်ဆန်လွန်းလှသည်။
“ခင်ဗျားက ကျုပ်ကိုများသစ္စာဖောက်တဲ့လား၊ နေပါအုံး ကျုပ်က ခင်ဗျားဆီက ဘာသစ္စာကိုခံထားလို့ သစ္စာဖောက်ဖြစ်ရမှာလဲ”
“မောင်ဝိုင်း မင်းကစိတ်ကောင်းရှိတဲ့လူတစ်ယောက်ပါ၊ ပြဒါးရှင်လုံးက မင်းရဲ့စိတ်ကိုစေစားပြီး မင်းကိုရက်စက်တဲ့လူတစ်ယောြ်ဖစ်အောင်လုပ်နေတာ၊ ဦးကောင်းမွန်ဘာဖြစ်သွားတယ်ဆိုတာကို မင်းမသိဘူးလား”
“ကျုပ်ကို ပြဒါးရှင်လုံးက ခိုင်းနေတာမဟုတ်ဘူး၊ ဒါတွေဟာ အရင်ကတည်းက ကျုပ်လိုချင်ခဲ့တဲ့အရာတွေပဲ”
မောင်ဝိုင်းက တစ်ဖက်သို့လှည့်သွားကာ
“ကျုပ်က အစွမ်းနည်းပါးတဲ့အတွက် ကျုပ်ကိုလူတွေက အသုံးချခဲ့ကြတယ်၊ မယ်တော်က ကျုပ်ကိုသတ်ဖို့ကြိုးစားတယ်၊ နောက်ပြီးတော့ ဦးကောင်းမွန်တစ်ယောက်ပေါ့၊ ကျုပ်အရမ်းချစ်တဲ့လူကိုတောင် ကျုပ်ပညာအစွမ်းနဲ့ ကာကွယ်မပေးနိုင်ခဲ့ဖူး၊ အဲဒီနောက်ပိုင်းကစပြီး ကျုပ်တစ်ခုသိလိုက်ရတယ်၊ ဟောဒီလောကကြီးမှာ အစွမ်းရှိတဲ့လူ အစွမ်းကြီးတဲ့လူအတွက်ပဲ နေရာရှိတယ်ဆိုတာ၊ ဒါကြောင့် ကျုပ်အခုစွမ်းသွားပြီ၊ ခင်ဗျားကိုသတ်မယ်၊ မယ်တော်ကိုစိန်ခေါ်မယ်၊ ပြီးရင် အရှေ့အရပ်ကိုကျုပ်အုပ်ချုပ်မယ်”
မောင်ဝိုင်းက လက်နှစ်ဖက်ကို နံဘေးသို့ဆန့်တန်းလိုက်ကာ
“ကျုပ်အရှေ့အရပ်ကို စိုးမိုးပြီးရင် အရှေ့အရပ်က တစ်ချိန်ကလိုမျိုး စုန်းတွေတန်ခိုးထွားတဲ့နေရာတစ်ခုဖြစ်အောင် ကြိုးစားမယ်၊ ကျုပ်တို့စုန်းတွေကိုဆန့်ကျင်တဲ့လူ၊ ကျုပ်တို့စုန်းတွေကို ရန်သူလို့သတ်မှတ်ထားတဲ့လူတွေအကုန်လုံးကို တစ်ယောက်မကျန် ကျုပ်ရှင်းပစ်မယ်”
“မင်းရူးနေတာပဲ မောင်ဝိုင်း၊ မင်းပြောသလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး”
မောင်ဝိုင်းက မယ်ပျင်းဘက်သို့လှည့်လိုက်ပြီး မယ်ပျင်းအား အလင်းတန်းဖြင့်ရုတ်တရက်ပစ်ခတ်လိုက်သည်။ မယ်ပျင်းမှာ ထိုင်ခုံတွင်ထိုင်နေရာမှ လွှားခနဲခုန်ကာ ရှောင်တိမ်းလိုက်သည့်အတွက် အလင်းတန်းမှာ ထိုင်ခုံကြီးကိုထိမှန်သွားသည်။ ရွှေသားအတိဖြင့်ပြုလုပ်ထားသည့် ထိုင်ခုံကြီးမှာ အလင်းတန်းထိမှန်ပြီးသကာလ မီးပူထိသည့် ဖယောင်းတစ်ခုနှယ် အရည်ပျော်ကျသွားလေသည်။
မယ်ပျင်းက လေပေါ်မှာပင် ဝင်းလက်သည့်အလင်းရောင်တစ်ခုကိုဖန်တီးလိုက်လေသည်။ အလင်းရောင်မှာ အခန်းအတွင်း ထိန်လင်းသွားပြီးသည့်နောက်
“အရိပ်သခင်၊ ရှင်ထွက်လာခဲ့တော့ မောင်ဝိုင်းရဲ့အရိပ်ကိုဖမ်းချုပ်လိုက်တော့”
မယ်ပျင်း၏ အရိပ်အတွင်းမှ အရိပ်သခင်က တိုးထွက်လာကာ နံရံတွင်ကျနေသည့် အရိပ်များအတိုင်းကူးသန်းသွားလာပြီး မောင်ဝိုင်း၏ အရိပ်အတွင်းသို့ထိုးဖောက်ဝင်ရောက်သွားသည်။ မောင်ဝိုင်းမှာ အရှေ့သို့တိုးချင်သော်လည်း အရိပ်သခင်က အရိပ်ကိုဖမ်းချုပ်ထားသဖြင့် မလှုပ်မရှားနိုင်ဘဲဖြစ်နေသည်။
“ဘီလူးမင်း ရှင်ထွက်တော့ မောင်ဝိုင်းရဲ့ခြေလက်တွေကို ဖမ်းချုပ်ထားလိုက်”
အစိမ်းရောင်အဆင်းရှိသည့် ဘီလူးမင်းက ခုန်ထွက်သွားကာ မောင်ဝိုင်း၏လက်နှစ်ဖက်ကို အနောက်မှသိုင်းဖက်ကာ ထိန်းချုပ်ထားလေသည်။ မယ်ပျင်းက အရှေ့သို့တိုးသွားလိုက်ကာ ပြဒါးရှင်လုံးအား ဖြုတ်ယူရန်ကြံလိုက်သည့်အချိန်တွင်
“ခင်ဗျားတော်တော်ရူးတာပဲမယ်ပျင်း၊ ကျုပ်ကိုလက်တွေခြေတွေဖမ်းထားရုံနဲ့ ကျုပ်က ဘာမှမလုပ်တတ်တော့ဘူးတဲ့လား”
မောင်ဝိုင်းက မယ်ပျင်းထံသို့အလင်းတန်းကြီးဖြင့်ပစ်ခတ်လိုက်သည်။ အလင်းတန်းမှာ မယ်ပျင်း၏ရင်ဝတည့်တည့်ကိုထိမှန်သွားပြီး မယ်ပျင်းမှာအနောက်သို့ပြင်းထန်စွာလွင့်ထွက်သွားကာ အိမ်နံရံကြီးကိုပါဖောက်ထွက်ပြီး အိမ်အရှေ့ခြံကွက်လပ်ဆီသို့ လွင့်စင်ကျသွားလေသည်။ မောင်ဝိုင်းက လက်နှစ်ဖက်ကိုချုပ်ကိုင်ထားသည့် ဘီလူးကြီး၏လက်အား အလင်းတန်းဖြင့်ပစ်ခတ်လိုက်သည့်အခါ ဘီလူးကြီး၏လက်နှစ်ဖက်မှာ လက်ကောက်ဝတ်နေရာမှ ပြတ်ကျသွားပြီး ဘီလူးကြီးလည်းပျောက်ကွယ်သွားသည်။ တစ်ဖန် အရိပ်တွင်ခိုအောင်းကပ်နေသည့် အရိပ်သခင်ကိုလည်း အလင်းတန်းဖြင့်ပစ်ခတ်လိုက်ရာ အရိပ်သခင်မှာ မောင်ဝိုင်းကိုယ်မှခွာပြီး အရိပ်ကျနေသည့် အရာဝတ္တုများတစ်ခုမှတစ်ခုဆီသို့ ခုန်ကူးလျှက် ထွက်ပြေးသွားတော့သည်။
မောင်ဝိုင်းက အိမ်ပေါ်မှ လွှားခနဲပျံဆင်းလာခဲ့သည်။ မယ်ပျင်း၏ရင်ဘတ်တွင် တစ်ထွာခန့်ရှိသည့်အပေါက်ကြီးဖြစ်ပေါ်နေကာ မယ်ပျင်းက ရင်ဘတ်ကိုလက်နှင့်ဖိလိုက်ပြီး အစိမ်းရောင်အလင်းတန်းများဖြင့် ပြန်လည်ကုသနေသည်ကိုတွေ့လိုက်ရသည်။
“ခင်ဗျား ဘယ်လောက်ကုသနိုင်မှာမို့လို့လဲ မယ်ပျင်းရဲ့”
ထိုစဉ် သာစံမှာအသံများကြားသဖြင့်အပြင်သို့ပြေးထွက်လာခဲ့သည်။ မောင်ဝိုင်းက မယ်ပျင်းထံသို့ ကြက်သွေးရောင်အလင်းလုံးကြီးဖြင့် ပစ်ခတ်လိုက်သည့်အခါ မယ်ပျင်းတစ်ကိုယ်လုံးရှိ စွမ်းအင်များမှာ ကျဆင်းလာကာ မြေပြင်ပေါ်သို့ဒူးထောက်ခွေကျသွားလေသည်။
မောင်ဝိုင်းက မယ်ပျင်းအားသတ်ဖြတ်ရန်အတွက် ကြံရွယ်စဉ်မှာပင် လှေကားထိပ်မှ သာစံက
“အမေ . . .အမေ အမေ့ကိုမလုပ်ပါနဲ့”
သာစံလှမ်းအော်လိုက်သဖြင့် မောင်ဝိုင်းက တစ်ချက်ပြုံးလိုက်ကာ သာစံထံသို့လှမ်းကြည့်လိုက်လေသည်။ မယ်ပျင်းမှာ အလွန်စိတ်ပူပန်သွားကာ
“သာစံ၊ သားလေး၊ ပြေး . . .ပြေးတော့”
“ခင်ဗျားရဲ့သားကိုအရင်သတ်မယ်၊ ခင်ဗျားအရှေ့မှာ ခင်ဗျားရဲ့သား သေပြီးတော့မှ ခင်ဗျားသေရမယ် မယ်ပျင်း”
မောင်ဝိုင်းက သာစံထံသို့အလင်းတန်းတစ်ခုဖြင့်လှမ်းပစ်ထည့်လိုက်သည်။ သာစံက အနောက်သို့ခုန်ရှောင်လိုက်လေရာ အလင်းတန်းမှာ သာစံအားမထိဘဲ အနောက်မှပြတင်းပေါက်တံခါးရွက်တစ်ခုအားထိမှန်သွားလေသည်။ ပြတင်းပေါက်မှာ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီး ပြတင်းပေါက်တွင် တပ်ဆင်ထားသည့် မှန်တစ်ချပ်နှင့် ထိမှန်သွားသည့်အခါ အလင်းတန်းမှာ အလင်းပြန်ကန်ပြီး အိမ်ခေါင်မိုးဆီသို့ သွားရောက်ထိမှန်သည်ကိုတွေ့လိုက်ရသည်။
“မင်းက ပြေးချင်တယ်ပေါ့ ဟုတ်လားသာစံ၊ မင်းအမေတောင် ပြေးမလွတ်တာ မင်းလိုဘာမဟုတ်တဲ့ကောင်က ငါ့လက်ကနေပြေးလွတ်မှာတဲ့လားကွ”
မောင်ဝိုင်းက သာစံထံသို့လည်း အလင်းလုံးကြီးဖြင့်ပစ်ခတ်ပြန်သည်။ သာစံက အနားတွင်ကျနေသည့် မှန်ကွဲစတစ်ခုကိုကောက်ယူလိုက်ကာ သူ့ထံလာသည့် အလင်းလုံးကြီးအားမှန်ဖြင့်ကာကွယ်လိုက်သည်။ အလင်းတန်းမှာ မှန်အားထိမှန်ပြီး အလွန်လျှင်မြန်သည့်အရှိနှ်ှနှင့် ပြန်လည်ကန်ထွက်ကာ မောင်ဝိုင်းကိုထိမှန်သွားသည်။
မောင်ဝိုင်းတကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားပြီး မြေပြင်ပေါ်တွင်ဒူးထောက်ထိုင်ကျသွားသည်။ သာစံက မောင်ဝိုင်းထံသို့ပြေးလာကာ
“ဦးမောင်ဝိုင်း ခင်ဗျားစိတ်ထဲမှာ အမုန်းတရားတွေနဲ့ပြည့်နှက်နေတယ်၊ အမုန်းတရားဆိုတာ သူများကိုနာကျင်စေမှာထက် ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးနာကျင်စေတဲ့သဘောပဲ၊ ခင်ဗျားရဲ့အမုန်းတွေ ဒေါသတွေကိုလျှော့လိုက်ပါ”
သာစံကပြောဆိုရင်း မောင်ဝိုင်းအား အတင်းဝင်လုံးလေသည်။ သို့သော်မောင်ဝိုင်းမှာ မကြာခင်တွင် စွမ်းအင်များပြန်လည်နိုးထလာသဖြင့် သာစံအားတွန်းထုတ်လိုက်သည်။ မောင်ဝိုင်းက သာစံဆီသို့လှမ်းလျှောက်အသွားတွင်
“အကို . . .”
မိန်းကလေးတစ်ယောက်၏ ခေါ်သံကိုကြားလိုက်ရသဖြင့် မောင်ဝိုင်းကလှည့်ကြည့်လိုက်မိသည်။ မယ်နှင်းမှာ မောင်ဝိုင်းထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။ မောင်ဝိုင်းမှာ မယ်နှင်းကိုမြင်တွေ့လိုက်ရသည့်အခါ အလွန်အံ့အားသင့်သွားပြီး အရူးကြီးတစ်ယောက်နှယ် မယ်နှင်းထံသို့အပြေးဝင်သွားလေသည်။
မယ်နှင်းထံသို့ပြေးသွားပြီး မယ်နှင်းအားတင်းကြပ်စွာပွေ့ဖက်ထားလိုက်လေသည်။ မယ်နှင်း၏မျက်နှာအားအသေအချာစိုက်ကြည့်လိုက်သည့်အခါ မယ်နှင်းမဟုတ်ဘဲ မယ်ပျင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
မောင်ဝိုင်းက လှုပ်ရှားရန်ကြံရွယ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ မယ်ပျင်းက မောင်ဝိုင်းနှင့်မျက်နှာချင်းထိကပ်လိုက်ပြီး မောင်ဝိုင်း၏ပါးစပ်အား နှုတ်ခမ်းချင်းတေ့ကာ စုပ်ယူလိုက်လေသည်။ မောင်ဝိုင်းမှာ အတင်းလှုပ်ရှားရုန်းကန်သော်လည်း မယ်ပျင်းကတင်းကြပ်စွာဖက်ထားသဖြင့် မလွတ်နိုင်ဘဲရှိနေသည်။
“ပြဒါးရှင်လုံး၊ မင်းက သူနဲ့မထိုက်တန်ဘူး၊ လာခဲ့ . . . ငါ့ဆီကိုလာခဲ့”
မယ်ပျင်းက စိတ်အတွင်းမှရေရွတ်လိုက်သည့်အခါ ပြဒါးရှင်လုံးမှာ မောင်ဝိုင်း၏နဖူးထံမှထွက်လာပြီး မယ်ပျင်း၏နဖူးဆီသို့ ကူးဝင်သွားလေသည်။ ထိုအခါမှ မယ်ပျင်းမှာမောင်ဝိုင်းကိုတွန်းလွှတ်လိုက်သည့်အခါ နှစ်ဦးစလုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။ မှော်ပြဒါးရှင်လုံးမရှိသည်နှင့် မောင်ဝိုင်းမှာ နဂိုပုံစံအတိုင်းပြောင်းလဲသွားသည်။ မောင်ဝိုင်းက ကြောင်စီစီနှင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ
“ငါ . . .ငါဘာဖြစ်နေတာလဲ”
ထိုအခါ သာစံက မယ်ပျင်းထံသို့ပြေးသွားကာ မယ်ပျင်းအားဆွဲထူလိုက်လေသည်။ မယ်ပျင်း၏နဖူးတွင် ကြက်သွေးရောင်ဝင်းလက်နေသည့် ပြဒါးရှင်လုံးကိုတွေ့လိုက်ရသည်။ မယ်ပျင်းမှာတော့ မေ့မြောနေလေသည်။
“အမေ . . .အမေ ထပါအုံးအမေရဲ့”
“မနှိုးနဲ့သာစံ၊ မင်းအမေက သေသွားတာမဟုတ်ဘူး၊ သူက မှော်ပြဒါးရှင်လုံးရဲ့ ထိန်းချုပ်မှုကိုအနိုင်ယူတွန်းလှန်နေတာဖြစ်မယ်”
“ဒီပြဒါးရှင်လုံးက လူတစ်ယောက်ကို စိုးမိုးနိုင်စွမ်းရှိတယ်၊ လူတစ်ယောက်ရဲ့အတွင်းစိတ်ကို ချုပ်ကိုင်နိုင်စွမ်းရှိတယ်၊ စိတ်စွမ်းအင်ပြင်းထန်တဲ့လူတွေသာ မှော်ပြဒါးရှင်လုံးရဲ့ ထိန်းချုပ်မှုကို တွန်းလှန်နိုင်မှာဖြစ်တယ်၊ အရင်က ဦးကောင်းမွန်ကို ပြဒါးရှင်လုံးက ခိုင်းစားခဲ့တယ်၊ အခု ငါ့ကိုလည်း သူကထိန်းချုပ်ပြီး သူလိုရာစေခိုင်းခဲ့တယ်”
“ဒါဆိုရင် အမေ့ကိုရော မှော်ပြဒါးရှင်လုံးက နိုင်မှာလား”
မောင်ဝိုင်းက ခေါင်းခါလိုက်ကာ
“ဒါတော့ငါမသိဘူး၊ ဒါပေမယ့် မင်းအမေက မှော်ပြဒါးရှင်လုံးကို အနိုင်ရသွားခဲ့ရင် အကောင်းပေါ့၊ ဒီလိုမှ မဟုတ်ဘဲ မှော်ပြဒါးရှင်လုံးက မင်းအမေကိုအနိုင်ယူသွားခဲ့ရင်တော့ မင်းအမေဟာ ဟောဒီလောကကြီးမှာ အဆိုးသွမ်းဆုံးလူတစ်ယောက်ဖြစ်သွားလိမ့်မယ်၊ ငါပြောတဲ့ အဓိပ္ပါယ်ကို မင်းနားလည်မှာပါ သာစံ”
“ဒါဆို ကျုပ်တို့အခုဘယ်လိုလုပ်ကြမလဲ”
“မင်းအမေကို အိမ်ပေါ်ကိုခေါ်သွားကြမယ်၊ တကယ်လို့သူ့ကို မှော်ပြဒါးရှင်လုံးက အနိုင်ရသွားတယ်ဆိုရင် သူ့ကိုငါတို့လက်စသတ်ပေးရမယ်”
မောင်ဝိုင်းက ပြောပြောဆိုဆိုနှင့် တစ်ထွာခန့်အရွယ်ရှိသည့် ကြေးအစို့ချွန်တစ်ခုကိုထုတ်လိုက်လေသည်။
“တကယ်လို့ မင်းအမေကို ပြဒါးရှင်လုံးက အနိုင်ယူသွားခဲ့ရင် ငါတို့ဒီအစို့ကို မင်းအမေရဲ့နှလုံးသားတည့်တည့်ကို ထိုးထည့်ရလိမ့်မယ်”
“မဖြစ်နိုင်ဘူး၊ ဒါဆိုရင်အမေသေသွားမှာပေါ့ဗျ”
“နားထောင်စမ်းပါသာစံရာ၊ တကယ်လို့မင်းအမေသာမသေရင် ဒီတစ်မြို့လုံးကလူတွေ အကုန်သေကုန်လိမ့်မယ်ကွ”
သာစံမှာမယ်ပျင်းကိုပွေ့ချီပြီး အိမ်ပေါ်သို့ခေါ်တင်လာခဲ့သည်။
(၄)
မယ်ပျင်းမှာ လေဟာနယ်ကြီးတစ်ခုအတွင်း လွင့်မြောနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ အမှောင်ထုကြီးတစ်ခုကိုမြင်တွေ့လိုက်ရပြန်သည်။ တစ်နေရာတွင်တော့ နေလုံးကြီးတစ်ခုကဲ့သို့ အလွန်ကြီးမားကာ ကြက်သွေးရောင်တောက်ပနေသည့် အလုံးကြီးတစ်လုံးကိုမြင်တွေ့လိုက်ရသည်။
“လာ ငါ့ဆီကိုလာ၊ မင်းကိုငါဆင့်ခေါ်နေတယ်၊ ငါ့ဆီကိုလာ”
မယ်ပျင်းမှာ လေပေါ်တွင်လွင့်မြောနေရင်း တဖြည်းဖြည်းထိုအလုံးကြီးဆီသို့နီးကပ်သွားလေသည်။ ခြေလက်များကို ရုန်းကန်လှုပ်ရှားကူးခတ်သော်လည်း မမြင်နိုင်သည့်စွမ်းအားတစ်ခု၏ ခေါ်ဆောင်ရာအနောက်သို့ လွင့်မြောကာလိုက်ပါသွားမိသည်။
အလုံးကြီးဆီသို့ရောက်သည့်အခါ အတွင်းသို့နစ်မြုပ်ဝင်ရောက်သွားလေသည်။ အတွင်းတွင် အနီရောင်သန်းနေသည့် မြေကြီးတစ်ခုရှိသည်။ ထိုမြေကြီးပေါ်တွင် မယ်ပျင်းက ဝမ်းလျားထိုးကာ ပြုတ်ကျသွားလေသည်။
မယ်ပျင်းက အားယူကုန်းထလိုက်သည့်အခါ အရှေ့တွင် သစ်ခြောက်ပင်ကြီးတစ်ပင်ကဲ့သို့ အရာတစ်ခုကိုတွေ့ရလေသည်။ သစ်ခြောက်ပင်ကြီးတစ်ပင်လုံးမှာ မီးကျီးခဲများစွဲလောင်နေသကဲ့သို့ နီရဲတောက်လောင်နေလေသည်။ မယ်ပျင်းက အနီးသို့ကပ်သွားသည့်အခါ သစ်ပင်ကြီး၏ ပင်စည်တွင် ခြေလက်များကို သံမှိုများဖြင့်ရိုက်နှက်ခံထားရသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုလူကြီးမှာ အနီရောင်အလင်းများတောက်ပနေသည့် ဝတ်စံကိုဝတ်ဆင်ထားကာ ဦးခေါင်းတွင်လည်း ကျွဲချိုကဲ့သို့ ချိုကော့ကော့ကြီးနှစ်ချောင်းပါဝင်သည့် ဦးထုပ်တစ်လုံးကိုဆောင်းထားသည်။ ထိုလူကြီးအား ကြည့်ရသည်မှာ နတ်မင်းကြီးတစ်ပါးနှင့်တူညီသည်။
“ငါမင်းကိုသိပ်ကြိုက်တယ်၊ မင်းက ငါတွေ့ကြုံဖူးခဲ့သမျှ လူတွေအားလုံးထဲမှာ စွမ်းအားအရှိဆုံးလူတစ်ယောက်ပဲ”
“ရှင်ဘယ်သူလဲ”
“ငါက ဒီကမ္ဘာက မဟုတ်တဲ့ တခြားကမ္ဘာတစ်ခုက နတ်မင်းကြီးတစ်ပါးလို့ပဲဆိုပါတော့”
“ရှင်ဒီသစ်ပင်ကြီးမှာ ဘာလုပ်နေတာလဲ”
“ငါဟာ အပြစ်ဒဏ်ကျခံနေရတာပဲ၊ ဟောဒီမီးလောင်နေတဲ့သစ်ပင်ကြီးမှာ တွယ်ကပ်နေပြီးတော့ နှစ်ပေါင်းများစွာ လောင်မြိုက်ပူလောင်ခြင်းကို ခံနေရတယ်”
မယ်ပျင်းက အနီးအနားကိုလှည့်ပတ်ကြည့်လိုက်ကာ
“ဘာလို့ကျုပ်ကဒီကိုရောက်နေတာလဲ”
“ဖိုထိုးတဲ့လူကြီးက ပြဒါးကိုသေအောင်ရှင်အောင်သတ်နိုင်တယ်၊ ဓါတ်လုံးအောင်တဲ့အချိန်မှာ ဓါတ်လုံးအတွက် အစောင့်အကြပ်တစ်ယောက် ကိန်းအောင်းဖို့အချိန်ရောက်ခဲ့တယ်၊ ဒီအချိန်မှာပဲ မကောင်းတဲ့အခိုက်အတန့်နဲ့ကြုံတယ်၊ သူဒီလိုဖြစ်ခဲ့တာက ငါ့အတွက် အခွင့်အရေးတစ်ခုဖြစ်လာခဲ့တယ်”
“ဒါဆိုရှင်က ဒီဓါတ်လုံးထဲကို နာမ်ကိန်းလိုက်တဲ့သဘောပေါ့”
“သေချာတာပေါ့ကွာ၊ ငါဒီကနေလွတ်မြောက်ဖို့အတွက် ငါဟာမကောင်းမှုတွေကိုပိုပြီးကျူးလွန်ဖို့လိုတယ်၊ ဒီအတွက် မင်းက ကူညီပေးရလိမ့်မယ်”
“ကျုပ်က ကူညီမပေးဘူးဆိုရင်ရော”
“မင်းငါ့မျက်လုံးတွေကိုသေချာကြည့်၊ မင်းငါ့ကို ကူညီပေးကို ပေးရလိမ့်မယ်”
ထိုနတ်မင်းကြီး၏မျက်လုံးမှ မယ်ပျင်းမျက်လုံးကိုကြည့်ကာ ငြို့ယူနေလေသည်။ မယ်ပျင်းမှာ စိတ်အတွင်းမှ ထိုနတ်မင်း၏ ညှို့ယူချင်းကို မခံရစေရန်အတွက် ကြိုးစားနေမိသည်။
“လုပ်စမ်းပါ လူမိန်းကလေး၊ မင်းငါ့ကိုဆန့်ကျင်မနေစမ်းပါနဲ့၊ ငါ့ကိုထိန်းချုပ်ခွင့်ပေးလိုက်ပါ၊ ဒါဆို မင်းနဲ့ငါနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် ဟောဒီကမ္ဘာကြီးမှာ ငါတို့ထက်အစွမ်းထက်တဲ့လူရှိမှာမဟုတ်တော့ဘူး”
မယ်ပျင်း၏ မျက်လုံးများမှာ တဖြည်းဖြည်းကြက်သွေးရောင်သန်းလာခဲ့သည်။ မယ်ပျင်းစိတ်အား နတ်မင်းက ထိန်းချုပ်လုဆဲဆဲဖြစ်နေသည့်အချိန်တွင် နားထဲတွင် အသံတစ်ခုကြားလိုက်ရသည်။
“အမေ . . .အမေဒီကိုကြည့်ပါအုံး”
အသံကြားရာအရပ်သို့လှည့်ကြည့်လိုက်သည့်အခါ သာစံဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“သာစံ၊ သားလေး”
“အမုန်းတရားတွေကို အနိုင်ယူနိုင်တာ ချစ်ခြင်းတရားပဲရှိတယ်အမေ၊ ခုနက ဦးမောင်ဝိုင်း အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့အချိန်မှာ အမေက မယ်နှင်းပုံစံပြုလုပ်ဟန်ဆောင်ပြီး ဦးမောင်ဝိုင်းရဲ့အမုန်းတရားတွေကို ချိုးနှိမ်နိုင်ခဲ့တယ်မဟုတ်လား၊ အခု ကျုပ်လာပြီအမေ၊ အမေဒီလူကြီးထိန်းချုပ်တာကိုမခံရဘူး၊ ဘယ်နည်းနဲ့မှ သူ့လိုနတ်ဆိုးနဲ့ပေါင်းသင်းလို့မရဘူး”
ထိုအခါ နတ်ဆိုးကြီးက
“မင်းတော်တော်ရူးမိုက်တာပဲ မယ်ပျင်း၊ မင်းငါနဲ့ပဲ ပူးပေါင်းရလိမ့်မယ်၊ ငါ့ကိုလွတ်မြောက်အောင်လုပ်ပေးရလိမ့်မယ်”
မယ်ပျင်းက မျက်မှောင်ကြုတ်လျှက် နတ်ဆိုးကြီးဘက်သို့လှည့်ကြည့်လိုက်ရင်း
“ဒီလိုမဖြစ်စေရဘူး၊ ရှင့်ကိုကျုပ်က လွတ်မြောက်အောင်လုပ်ပေးမယ်၊ ထာဝရလွတ်မြောက်နိုင်မယ့် သေခြင်းတရားနဲ့ပေါ့”
မယ်ပျင်းမှာ မျက်လုံးအတွင်းမှ အလင်းတန်းများဖြင့် သစ်ပင်ကြီးအားပစ်ခတ်လိုက်လေသည်။ ထိုအခါ နတ်ဆိုးကြီးမှာ အသံနက်ကြီးဖြင့် ကျယ်လောင်စွာအော်ဟစ်ရင်း သစ်ပင်ကြီးမှာ တစ်ပိုင်းတစ်စစီကွဲအက်ကုန်လေသည်။ မယ်ပျင်းတို့ရပ်နေသည့် မြေပြင်မှာလည်း မှန်တစ်ချပ်ကွဲအက်သကဲ့သို့ ကွဲအက်သွားပြီး မယ်ပျင်းတို့သားအမိမှာ လေဟာနယ်ကြီးအတွင်း လွင့်မြောသွားကြလေသည်။
“အမေ . . .အမေ သတိထားပါအုံး”
နားအနီးမှ အသံကြားလိုက်သဖြင့် မယ်ပျင်းက မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ ထိုအခါ မောင်ဝိုင်းနှင့် သာစံတို့မှာ မယ်ပျင်းအားငုံ့ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။ မောင်ဝိုင်းက သာစံအားလှမ်းကြည့်ရင်း
“မင်းရဲ့အကြံက အလုပ်ဖြစ်တာပဲသာစံ၊ ရာကူးတစ်ခါပြောဖူးသလို မင်းအမေကိုတားဆီးနိုင်တဲ့တစ်ယောက်တည်းသောလူက မင်းပဲ”
“ကျုပ်ဘာဖြစ်သွားတာလဲ”
“အောင်မြင်တယ်မယ်ပျင်း၊ မင်းက မင်းစိတ်ကိုအနိုင်ယူမယ့် ပြဒါးရှင်လုံးကို အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့ပြီ”
မယ်ပျင်းက ထထိုင်လိုက်ရင်း
“ဒါတင်ဘယ်ကမလဲ ဒီပြဒါးရှင်လုံးမှာစွဲကပ်နေတဲ့ မကောင်းတဲ့နတ်ဆိုးကြီးကိုလည်း ရာသက်ပန်မောင်းထုတ်နိုင်ခဲ့ပြီ၊ အခုဒီဓါတ်လုံးက ငါ့အတွက်ပဲ၊ ဟောဒီဓါတ်လုံးကိုအသုံးပြုပြီးတော့ ငါမယ်တော်ကို အနိုင်ယူရမယ့်အချိန်ရောက်ပြီ”
သာစံမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး
“မကောင်းတာတွေဆက်မလုပ်ပါနဲ့တော့လားအမေရယ်၊ သားကဖြင့် အမေအေးအေးချမ်းချမ်းနေတာကိုပဲ မြင်စေချင်လှပြီ”
“မဟုတ်ဘူးသာစံ၊ မယ်တော်ကိုအနိုင်ယူဖို့က အမေ့ဘဝတစ်ခုလုံးနဲ့ရင်းထားခဲ့ရတဲ့ သွေးကြွေးတစ်ခုပဲ၊ မယ်တော်ကို အနိုင်မယူနိုင်သရွှေ့ အမေကျေနပ်မှာမဟုတ်ဘူး”
သာစံမှာသက်ပြင်းတစ်ချက်ချလိုက်သည်။
“မယ်တော်ကိုသတ်ရင် အရှေ့နယ်တစ်ခုလုံးရှုပ်ထွေးကုန်လိမ့်မယ် အမေ”
“မလိုပါဘူးသားရဲ့၊ မယ်တော်ယမင်းဆိုတာလည်း အရင်မယ်တော်ကို သတ်ဖြတ်ခဲ့တာပဲ”
“အခုက အရင်ခေတ်နဲ့မတူတော့ဘူးအမေ”
“တော်ပြီသာစံ ငါမင်းဆီက ခွင့်တောင်းနေတာမဟုတ်ဘူး၊ မယ်တော်ကိုအနိုင်ယူဖို့က အမေ့ဘဝတစ်ခုလုံးစောင့်စားခဲ့ရတဲ့အရာတစ်ခုပဲ”
မောင်ဝိုင်းက မယ်ပျင်းအားကြည့်လျှက်
“ခင်ဗျားဘာဆက်လုပ်မလဲမယ်ပျင်း”
“မယ်တော်ကိုယှဉ်ပြိုင်ဖို့အတွက် ငါခုနစ်ရက်တိတိစွမ်းအင်တွေလေ့ကျင့်မယ်၊ ခုနစ်ရက်ပြည့်တာနဲ့ မင်းက မယ်တော်ကိုစိန်ခေါ်တဲ့စာတစ်စောင်ပို့ပေးလိုက်ပါ၊ သူနဲ့ငါနဲ့ လူအများကြီးရဲ့အရှေ့မှာ ယှဉ်ပြိုင်ကြမယ်”