စုန်းမကြီးဒေါ်ပျင်းနှင့် မယ်တော်ဒေါ်ပျင်း
စာစဉ် (၁၀၃)

(၁)

မယ်ယမင်းမှာ မြိုင်သာမြို့လယ်ရှိ ညောင်ပင်ကြီးတစ်ပင်အောက်တွင်တစ်ဦးတည်းထိုင်နေကာ သွားလာလှုပ်ရှားနေကြသည့်လူအများအပြားကို ငေးကြည့်နေမိသည်။ ထိုအခိုက် မယ်ယမင်း၏ ဝမ်းဗိုက်ထဲတွင် တကျုတ်ကျုတ်နှင့်ဆာလောင်လာလေသည်။ မယ်ယမင်းက ကိုယ့်ဝမ်းဗိုက်ကိုပြန်ကြည့်ရင်း

“ငါဒီလိုမဆာလောင်ခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင်ကြာခဲ့ပြီလဲ”

မယ်ယမင်းမှာ ရေရွတ်လိုက်ရင်း ထိုင်နေရာမှထ၍ လမ်းလျှောက်လာခဲ့ရာ မကြာခင်အချိန်တွင် ကုက္ကိုပင်ကြီးများအောက်တွင် အဖီဆွဲကာဖွင့်လှစ်ထားသည့် မုန့်လက်သုပ်ဆိုင်တစ်ခုအနားသို့ရောက်လာခဲ့သည်။ မုန့်လက်သုပ်ဆိုင်မှာ လူစည်ကားလှပြီး ဟင်းရည်နံ့မွှေးမွှေးကလေးကြောင့် မယ်ယမင်းမှာ အလွန်ဗိုက်ဆာလာခဲ့သည်။ သို့နှင့် မုန့်လက်သုပ်ဆိုင်တွင်ဝင်ထိုင်ကာ မုန့်လက်သုပ်တစ်ပွဲကိုမှာစားလိုက်သည်။ စားသောက်ပြီးသည့်အခါမှ ဗိုက်ပြည့်သွားသကဲ့သို့ခံစားလိုက်ရသည်။

“စားပြီးသောက်ပြီးရင်လည်း ပိုက်ဆံပေး”

မုန့်လက်သုပ်ရောင်းသည့်မိန်းမကြီးမှာ စုန်းတစ်ဦးဖြစ်မှန်း မယ်ယမင်းက သိလိုက်သည်။

“အောင်မယ်၊ ငါဘယ်သူလဲဆိုတာ နင်သိတယ်မဟုတ်လား”

“သိတယ်လေ ရှင်ဟာမယ်တော်ပြုတ်ယမင်းမဟုတ်လား”

မယ်ယမင်းမှာ ဒေါသထွက်သွားပြီး

“သိရင်လည်း ငါ့ကိုပိုက်ဆံမတောင်းနဲ့လေ”

မုန့်လက်သုပ်ရောင်းသည့်မိန်းမကြီးမှာ မျက်နှာချေမိုးပြီး

“အလိုတော်၊ လူမှန်ရင် ကိုယ်စားသလောက် ကိုယ်ငွေပေးရမှာပေါ့၊ ကျုပ်က ဈေးရောင်းနေတာ အလှူလုပ်နေတာမဟုတ်ဘူး၊ ရှင်စားခဲ့တဲ့တန်ဖိုးအတွက် ရှင်ပေးချေရမယ်”

“အောင်မာ၊ ညည်းကများရာရာစစ ငါ့ကိုအော်ဟစ်ပြီးပြောရဲသလား၊ ညည်းကိုငါလုပ်ရင် ညည်းသေသွားမယ်သိရဲ့လား”

“လုပ်ကြည့်လိုက်စမ်းပါ မယ်ယမင်းရဲ့၊ ရှင်က အခုအချိန်မှာ ဘာမှမဟုတ်တော့ဘူး၊ ရှင်ကျုပ်အသားကိုထိရဲရင်ထိကြည့်လိုက်စမ်း၊ ရှင်ထိလို့ကတော့ ကျုပ်ရှင့်ကို ကောင်စီမှာတိုင်မယ်၊ မယ်တော်ဒေါ်ပျင်းနဲ့တိုင်ရလိမ့်မယ်”

မယ်ယမင်းမှာ တောက်တစ်ချက်ခေါက်လိုက်မိသည်။ ထိုအချိန် အကြွေပြားစေ့ကလေးတစ်စေ့မှာ လေပေါ်တွင်ပျံဝဲလာပြီး ဆိုင်ခုံပေါ်သို့ကျသွားလေသည်။ အကြွေပြားပစ်လိုက်သည့်လူကိုကြည့်လိုက်သည့်အခါ ရာကူးဖြစ်နေသည်။

“သူစားတဲ့အဖိုးအခအတွက် ကျုပ်ရှင်းပေးပါရစေ”

မိန်းမကြီးမှာ ဆိုင်ခုံပေါ်ကျနေသည့် အကြွေစေ့အား ကောက်ယူလိုက်ပြီး မယ်ယမင်းစားထားသည့် ပန်းကန်များကိုသိမ်းဆည်းလိုက်လေသည်။ ရာကူးက ပြီတီတီမျက်နှာထားနှင့်

“မုန့်လက်သုပ်စားဖို့ အကြွေလေးတောင် ခင်ဗျားဆီမှာမရှိတော့ဘူးလား မယ်ယမင်းရဲ့”

မယ်ယမင်းမှာ ဘာမှမပြောနိုင်တော့ဘဲ ထိုနေရာမှ ခြေလှမ်းကျဲကြီးနှင့်ထွက်ခွာသွားသည်။ တစ်ချိန်က မယ်တော်ဖြစ်ခဲ့ပြီး မောက်မာခဲ့သော်လည်း ယခုတော့သာမန်လူတစ်ဦးအဖြစ်သို့ ကျဆင်းသွားခဲ့သည်မို့ မယ်ယမင်းတစ်ယောက် စိတ်ဓါတ်များကျဆင်းနေကာ ခေါင်းငိုက်စိုက်ရင်းလမ်းလျှောက်နေမိသည်။ မယ်ယမင်းအနောက် ခပ်လှမ်းလှမ်းမှ ရာကူးက ဆေးတံသောက်ရင်း လိုက်ပါလာသည်။

“ဘယ်လိုလဲ မယ်ယမင်းရဲ့၊ ရှုံးနိမ့်မှုရဲ့အရသာက ခါးသက်တယ်မဟုတ်လား”

မယ်ယမင်းမှာ ဘာမှမပြောဘဲဆက်လျှောက်နေလေသည်။

“ခင်ဗျားက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတာကိုး အစောကြီးကတည်းက ကျုပ်ကမ်းလှမ်းချက်ကို လက်ခံလိုက်ရင် ခင်ဗျားဒီလိုဖြစ်မှာမဟုတ်ဘူး”

“ရှင်ကျုပ်ကိုလာပြီး ခနဲ့နေတာလားရာကူး”

“မဟုတ်ပါဘူး ကျုပ်ပြောချင်တာက ကျုပ်ရဲ့ကမ်းလှမ်းချက်ကို ခင်ဗျားအခုလက်ခံလို့လဲ နောက်မကျသေးပါဘူး”

ရာကူးစကားကိုကြားလိုက်သည့်အခါ မယ်ယမင်းခြေလှမ်းများတုန့်ခနဲရပ်တန့်သွားလေသည်။

“အခု ကျုပ်တောင်းဆိုတာကိုလက်ခံမယ်ဆိုရင် ခင်ဗျားမယ်တော်ပြန်ဖြစ်နိုင်ပါသေးတယ်”

ထိုအခါ မယ်ယမင်းက တဟားဟားနှင့်ရယ်မောလိုက်လေသည်။

“အကုန်ပြီးသွားပြီလေ ရာကူးရဲ့၊ မင်းအခုကူညီလို့လည်း ငါကမယ်တော်ပြန်ဖြစ်နိုင်မှာမှ မဟုတ်တာဘဲ”

“မပြီးသေးပါဘူးဗျာ၊ ကျုပ်နာမည်ရာကူးပါဗျ၊ ကျုပ်ကြံရင် မဖြစ်ဘူးဆိုတာမရှိပါဘူး”

မယ်ယမင်းမှာ ရာကူးဘက်သို့လှည့်လိုက်ပြီး

“ဒါဆို မင်းတောင်းဆိုတဲ့အတိုင်းလက်ခံလိုက်ရင် ငါကမယ်တော်ပြန်ပြီးဖြစ်နိုင်သေးတယ်ပေါ့ ဟုတ်လား”

“အမှန်ပေါ့ဗျ”

“ဘယ်လိုလုပ်ပြီဖြစ်နိုင်မှာလဲရာကူး၊ မယ်ပျင်းက ငါ့ကိုအနိုင်ယူပြီး မယ်တော်ဖြစ်သွားပြီလေ၊ ငါက မယ်ပျင်းကိုပြန်ယှဉ်ပြိုင်ပြီး မယ်တော်အဖြစ်ပြန်လုရအုံးမှာလား”

“ခပ်တုံးတုံးအတွေးရှိတဲ့လူကတော့ ဒီလိုတွေးမှာပဲ မယ်ယမင်းရဲ့၊ ကဲပါ ခင်ဗျားနားလည်အောင် အရိပ်အမြွက်ပေးရမယ်ဆိုရင် အခုမယ်ပျင်းက မယ်တော်ဖြစ်သွားတယ်ဆိုပေမယ့် နန်းတက်ပွဲမကျင်းပရသေးဘူး၊ ပြီးတော့ ကောင်စီကလည်း သူ့ကိုမယ်တော်အဖြစ်တရားဝင်အသိအမှတ်မပြုရသေးဘူး၊ ဒါကြောင့် မယ်ပျင်းရဲ့မယ်တော်ရာထူးဟာ အတည်တကျမဖြစ်သေးဘူး”

“ဒါနဲ့ပဲ သူ့ကိုမယ်တော်ရဲ့သလွန်ပေါ်ကနေမောင်းချနိုင်လိမ့်မယ်လို့ ထင်လို့လား”

“မထင်ပါဘူး၊ ဒီလိုအတည်တကျမဖြစ်သေးတဲ့အချိန်မှာ ခင်ဗျားက သူ့ကိုစိန်ခေါ်ရမယ်”

“မဖြစ်နိုင်ဘူး ရာကူး၊ အခုလက်ရှိငါ့အစွမ်းနဲ့ သူ့ကိုအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူး”

“ဖြစ်နိုင်ပါတယ်၊ ခင်ဗျားက မယ်ပျင်းနဲ့တိုက်ပေမယ့် နိုင်ကိုနိုင်ရပါစေမယ်၊ ကျုပ်က မနိုင်မဲ့ပွဲကို မစီစဉ်ပါဘူးဗျ”

မယ်ယမင်းမျက်လုံးများအရောင်လက်သွားသည်။

“ဒါဆိုမင်းက ဘာကိုလိုချင်တာလဲ”

“မယ်တော်တွေဆီက အသိအမှတ်ပြုမှုလေးတစ်ခုပေါ့”

ရာကူးက ဆေးတံကိုတစ်ချက်ဖွာလိုက်ကာ မီးခိုးငွေ့များကိုမှုတ်ထုတ်ရင်း

“အရှေ့အရပ်ကို မယ်တော်ကိုယ်တိုင်မအုပ်ချုပ်ဘဲ မယ်တော်ပါဝင်တဲ့ကောင်စီက အုပ်ချုပ်ရမယ်ဆိုတဲ့အချက်ကလေးကို အနက်ရောင်ပုရပိုက်ထဲမှာ ရေးသားပေးဖို့ပါပဲ”

“မင်းတောင်းဆိုတာ သိပ်လွန်သွားပြီလို့မထင်ဘူးလား၊ ဟိုးပုဂံခေတ်ကတည်းက နယ်လေးရပ်ကို မယ်တော်လေးပါးခွဲပြီး အုပ်ချုပ်စေခဲ့တာမဟုတ်လား၊ မင်းအလှည့်ကျတော့မှ အရှေ့အရပ်ကို ကောင်စီက အုပ်ချုပ်မယ်တဲ့လား”

“ကောင်စီသီးသန့်မဟုတ်ပါဘူးမယ်တော်ရဲ့၊ အရှေ့မယ်တော်ပါဝင်တဲ့ကောင်စီပါ”

“ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

“ဒါဆိုရင်တော့ ခင်ဗျားလည်း မယ်တော်ပြန်မလုပ်နဲ့ပေါ့ဗျာ”

ရာကူးက တစ်ချက်ရယ်လိုက်ပြီး အနောက်သို့လှည့်ထွက်သွားလိုက်သည်။

“နေအုံးရာကူး၊ တကယ်ပဲ ငါကမယ်တော်ပြန်ဖြစ်နိုင်သလား”

“ကောင်စီက ကျုပ်လက်ထဲမှာပါ၊ ပြီးတော့ မြိုင်သာမြို့ကစုန်းတွေအားလုံးကလည်း ကျုပ်ရဲ့လက်ခုပ်ထဲမှာပါ မယ်တော်ရဲ့၊ မယ်တော်က အာဏာစွန့်ထားလို့ မယ်တော်ရဲ့အာဏာအရပ်ရပ်ကို ကောင်စီကထိန်းချုပ်ထားတယ်မဟုတ်လား”

မယ်ယမင်းမှာ ကျေနပ်စွာနှင့်ပြုံးလိုက်ကာ

“ဒါဆို ငါကဘာလုပ်ပေးရမှာလဲ”

“ခင်ဗျားသာ ကျုပ်တောင်းဆိုချက်ကိုလိုက်လျောတယ်ဆိုရင် ခင်ဗျားအခုပဲ မြိုင်သာမြို့ကိုပြန်ရမယ်၊ မယ်ပျင်းကို လူပုံအလယ်မှာစိန်ခေါ်လိုက်ရုံပဲ၊ ပြီးရင် ကျုပ်စီစဉ်ထားတဲ့ ပညာပြိုင်ပွဲကို ခင်ဗျားတက်ရောက်ပြီး မယ်ပျင်းကို အနိုင်ယူလိုက်ရုံပါပဲ”

“သေချာသလားရာကူး”

“အားလုံးကိုကျုပ်စီစဉ်ပြီးသားပါ၊ ခင်ဗျားက ကတိစကားတစ်ခွန်းပေးလိုက်ရုံပါပဲ”

မယ်ယမင်းမှာ ခေါင်းညိတ်လိုက်ကာ

“ကောင်းပြီ၊ ငါမင်းကိုကတိပေးတယ်၊ ငါသာမယ်တော်ပြန်ဖြစ်ရင် မင်းလိုချင်တဲ့အရာအတိုင်းဖြစ်စေရမယ်”

“ဒါဆိုကျုပ်တို့သဘောတူလိုက်ပြီလို့ပဲ ယူဆလိုက်ပါတယ်”

“မင်းသာ မင်းရဲ့စကားတည်ပါစေရာကူး”

ရာကူးနှင့် မယ်ယမင်းတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လိုက်ကြလေသည်။

(၂)

မယ်ပျင်းတို့နေထိုင်သည့် မယ်တော်နန်းဆောင်ကြီးမှာ ရယ်မောသံများနှင့်စည်ကားနေလေသည်။ ယနေ့နံနက်တွင် နန်းတက်ပွဲကျင်းပမည်မို့ စုန်းကဝေများရောက်ရှိနေကြကာ မယ်ပျင်းအားချီးကျူးထောမနာပြုနေကြလေသည်။ ထိုအခိုက် ဗေဒါရီမှာ မယ်ပျင်းအနီးသို့တိုးကပ်လာပြီး

“မယ်ပျင်း ကျုပ်စိုးရိမ်နေတာတစ်ခုရှိပါတယ်”

“မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာလဲဗေဒါရီ၊ ငါက အခုသာမန်မယ်ပျင်းမဟုတ်တော့ဘူးဆိုတာ မင်းသိရဲ့လား၊ ဘာလဲ မင်းကငါနဲ့ခင်မင်တယ်ဆိုပြီးတော့ ငါ့လိုမယ်တော်တစ်ယောက်ကို လူကြားထဲမှာ ထိပ်ပုတ်ခေါင်းပုတ်လုပ်ချင်တာလား”

မယ်ပျင်းမှာ အသံကျယ်ကျယ်နှင့်ပြောဆိုလိုက်သဖြင့် နန်းဆောင်အတွင်းရှိလူများအားလုံးမှာ မယ်ပျင်းနှင့်ဗေဒါရီအား ဝိုင်းအုံကြည့်လိုက်ကြသည်။

“အခုအချိန်က မယ်တော်တွေ မယ်ပျင်းတွေခေါ်နေတာကို လိုက်ပြီးခံစားနေရမယ့်အချိန်မဟုတ်ပါဘူး မယ်ပျင်း”

“ဟဲ့ဗေဒါရီ၊ မင်းက ပြောလေကဲလေပါပဲလား၊ မင်းရဲ့အသက်အရွယ်ကလေးနဲ့ ငါ့ကိုမယ်ပျင်းလို့ခေါ်တာကို ငါကသည်းခံပေးခဲ့တယ်၊ ဒါကိုမင်းက ရောင့်တက်ပြီးတော့ အခုငါက မယ်တော်တစ်ယောက်ဖြစ်နေတာကိုတောင် မင်းက ငါ့ကိုမယ်ပျင်းလို့ပဲခေါ်ချင်သေးတယ်ပေါ့လေ၊ ဘာလဲ မင်းကငါ့ကိုကူညီခဲ့ဖူးတယ်၊ မင်းရဲ့ကျေးဇူးတွေရှိခဲ့ဖူးတယ်ဆိုပြီးတော့ ငါ့ကိုလူပုံအလယ်မှာ တမင်ဒီလိုခေါ်တာမဟုတ်လား”

နန်းဆောင်ကြီးအတွင်း မယ်ပျင်း၏ အော်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ကျန်သည့်လူများမှာလည်း ငြိမ်ကုပ်သွားကြလေသည်။ ဗေဒါရီမှာ လူအများအရှေ့တွင်အော်ခံလိုက်ရသဖြင့် ရှက်သွားသကဲ့သို့ မယ်ပျင်းအပေါ်ဒေါသထွက်မိသွားသည်။

“အာဏာက လူတစ်ယောက်ကိုပြောင်းလဲစေတယ်ဆိုတာ သိပ်မှန်တာပဲမယ်ပျင်း၊ ဒါပေမယ့် ကျွန်မကတော့ အမှန်တရားကိုပဲပြောမယ်၊ ရှင်က မယ်တော်နန်းဆောင်မှာနေ၊ မယ်တော်ထိုင်တဲ့သလွန်ပေါ်မှာထိုင်ပြီး မယ်တော်ခေါင်းဆောင်းကို ဆောင်းထားပေမယ့် ရှင်က အခုအချိန်အထိမယ်တော်မဖြစ်သေးဘူး”

“ဗေဒါရီ၊ မင်းပြောလေကဲလေ မလုပ်နဲ့နော်”

“မလုပ်ပါဘူး၊ ကျွန်မက အမှန်တရားကိုပြောတာပါ၊ အရင်အရှေ့မယ်တော်က သူ့ရဲ့မယ်တော်အာဏာကို စုန်းကောင်စီဆီကိုစွန့်ပေးခဲ့တယ်၊ ဒါကြောင့် မယ်တော်ရဲ့အာဏာတည်မြဲမှု မတည်မြဲမှုက ကောင်စီနဲ့အများကြီးသက်ဆိုင်တယ်၊ ကောင်စီက ရှင့်ကိုအသိအမှတ်မပြုပေးသရွေ့ ရှင်က မယ်တော်အဖြစ်တရားဝင်မဖြစ်သေးဘူး”

“ဘာဆိုင်လို့လဲ ဗေဒါရီရာ၊ အခု ငါက ဒီတစ်မြို့လုံးက လူတွေအရှေ့မှာ မယ်တော်ကိုအနိုင်ယူခဲ့ပြီးပြီပဲ၊ မယ်တော်ကိုနိုင်တဲ့လူက မယ်တော်ဖြစ်ရမယ်ဆိုတာ ထုံးစံပဲမဟုတ်လား”

“အဲဒီထုံးစံက မယ်ယမင်းတုန်းက မှန်ပေမယ့် အခုမမှန်တော့ဘူး၊ အရင်ဆုံး အခုလိုနန်းဆောင်မှာ စားသောက်ပျော်ပါးနေတာထက် ကောင်စီအမြန်ခေါ်ပြီး အသိအမှတ်ပြုဖို့က ပိုအရေးကြီးတယ်”

“သွားစမ်းပါ ဗေဒါရီရာ၊ မင်းလည်း ရာကူးလိုပဲ ကောင်စီ ကောင်စီနဲ့ အားအားရှိ ဒီစကားပဲပြောနေတာပဲ၊ ငါက အဲဒီကောင်စီဆိုတာကို ကြောက်နေမယ်ထင်သလား၊ မယ်ယမင်းက သူ့အာဏာတွေကို ကောင်စီလက်ထဲစွန့်ခဲ့သမျှ ငါ့လက်ထက်မှာတော့ ဒီအာဏာတွေကို အကုန်ပြန်ယူပြမယ်၊ ဒါ့အပြင် ကောင်စီရဲ့ထိန်းချုပ်မှုကိုလည်း ငါဖျက်သိမ်းပြမယ်”

“ရှင်ဒီလိုလုပ်လို့မရဘူး၊ ရာကူးတို့က ကောင်စီကိုနှစ်ပေါင်းများစွာ အခြေကျအောင်တည်ဆောက်ထားခဲ့တာ၊ ဒီလိုလွယ်လွယ်နဲ့ ဖျက်သိမ်းလို့ရမှာမဟုတ်ဘူး”

“မင်းဘာကြောက်နေတာလဲ ဗေဒါရီ၊ မင်းသာ အဲဒီစောက်ကောင်စီကို ကြောက်နေလိုက်စမ်းပါ၊ ငါ့ဘက်မှာ လူတွေရှိတယ်၊ ဒီမြို့ကစုန်းတွေအားလုံးက ငါ့ကိုထောက်ခံတယ်၊ သူတို့ရဲ့အကူအညီနဲ့ ငါဒီကောင်စီကို မြေလှန်ပြမယ်”

ထိုအခါ မယ်ပျင်းနန်းဆောင်အတွင်းမှ လူများမှာ မယ်ပျင်းကိုအားပေးဟစ်အော်လိုက်ကြလေသည်။

“ရှင်ရူးနေပြီပဲမယ်ပျင်း၊ ကျွန်မတစ်ခွန်းပဲပြောမယ်၊ ရှင်က လူတွေအကြောင်းကို ဘာမှမသိပါဘူး၊ ဟောဒီကလူတွေ၊ စုန်းကောင်စီကအဖွဲ့ဝင်တွေ၊ မြို့ခံတွေဆိုတာ တစ်ချိန်က ရှင့်ကိုစွပ်စွဲခဲ့ကြတဲ့လူတွေပါ၊ ဒီလူတွေက လေယူရာတိမ်းတဲ့ ကောက်ပင်မြက်ပင်တွေလိုလူစားမျိုးတွေပဲ၊ ဒီလူတွေက အမှန်တရားအတွက် ရပ်တည်ရဲကြတဲ့လူတွေမဟုတ်ဘူး”

“ငါ့အတွက် အမှန်တရားကတော့ ငါကအခုမယ်တော်ကိုနိုင်ပြီး အရှေ့မယ်တော်ဖြစ်သွားပြီ ဒါမင်းလက်မခံချင်တဲ့ အမှန်တရားပဲ ဗေဒါရီ၊ ငါမင်းကို မယ်တော်တစ်ယောက်အနေနဲ့ အရေးမယူခင်မှာ မင်းဒီကနေထွက်သွားလိုက်တာကောင်းမယ်၊ မင်းငါ့ကိုမယ်တော်အဖြစ်နဲ့ မမြင်လိုဘူးဆိုရင်တော့ ဒီကနေအမြန်သွားလိုက်တာ အကောင်းဆုံးဖြစ်မယ်”

ဗေဒါရီမှာ မယ်ပျင်းအား တစ်ချက်စိုက်ကြည့်ပြီး ချာခနဲလှည့်ထွက်သွားလေသည်။ မောင်ဝိုင်းမှာ သက်ပြင်းတစ်ချက်ချလိုက်ကာ မယ်ပျင်းအနီးသို့တိုးကပ်လာသည်။

“ခင်ဗျားကို ကျုပ်သိပ်ပြီးမပြောချင်ဘူးမယ်တော်၊ ဒါပေမယ့် ဗေဒါရီကိုခင်ဗျားဒီလိုမျိုး စွန့်ပစ်လိုက်လို့မရဘူး၊ ဗေဒါရီဆိုတာ တစ်ချိန်တုန်းက ခင်ဗျားအတွက် ကိုယ်ကျိုးစွန့်ပြီးတက်တက်ကြွကြွရပ်တည်ပေးခဲ့တဲ့လူတစ်ယောက်ပဲ”

“စွန့်ပစ်တယ်၊ ငါကသူ့ကိုစွန့်ပစ်လိုက်တာလား မောင်ဝိုင်းရဲ့၊ သူကသာ ငါမယ်တော်ဖြစ်တာကို မနာလိုမရှုစိမ့်ဖြစ်ပြီးတော့ ငါ့ကိုစော်ကားခဲ့တာမဟုတ်လား”

မောင်ဝိုင်းမှာ သက်ပြင်းရှည်တစ်ချက်ချလိုက်မိသည်။

“ခင်ဗျားဒီအတိုင်းဆိုရင် လွယ်မှာမဟုတ်ဘူး မယ်ပျင်း”

“ငကန်းသေရင် ငစွေပေါ်ပါလိမ့်မယ် မောင်ဝိုင်းရာ၊ မင်းဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့၊ ငါကသူ့ကိုမောင်းထုတ်တာလား၊ သူကငါ့ကိုစွန့်ခွာသွားတာလားဆိုတာ အရှင်းကြီးပါ”

ထိုစဉ် နန်းဆောင်အတွင်းသို့ လူတစ်ဦးဝင်လာလေသည်။

“မယ်တော်ဒေါ်ပျင်းအတွက် သတင်းစကားတစ်ခုရှိပါတယ်”

“ဘာလဲ”

“ရှုံးနိမ့်သွားတဲ့ အရင်မယ်တော်ဟောင်း မယ်ယမင်းက မယ်တော်ဒေါ်ပျင်းကို မယ်တော်ရာထူးအတွက်ထပ်ပြီးစိန်ခေါ်ပါတယ်”

ထိုအခါ မယ်ပျင်းက တဟားဟားနှင့်ရယ်မောလိုက်ရင်း

“မယ်ယမင်းက ငါ့ကိုနိုင်မှာတဲ့လား၊ ဒင်းကိုငါလွှတ်ပေးလိုက်တာတောင် အမှတ်မရှိသေးဘူးထင်ပါ့၊ ကိုင်း မယ်ယမင်းကိုအကြောင်းပြန်လိုက်၊ ဒီနေ့ညပဲ ငါသူနဲ့လူတွေရှေ့မှာထပ်ပြိုင်မယ်၊ သူ့ကိုမှတ်လောက်သားလောက်အောင်ပညာပေးပြီး ငါ့ကိုနောက်ထပ်မယှဉ်ရဲအောင်လို့ ဦးချိုးပေးလိုက်မယ်”

မောင်ဝိုင်းမှာ ခေါင်းကိုဖြေးညှင်းစွာခါပြီးသည့်နောက် နန်းဆောင်အပြင်သို့ထွက်ခဲ့လေသည်။ နန်းဆောင်အပြင်အတက်အဆင်းတွင် သာစံနှင့်တွေ့ဆုံလေသည်။

“မင်းအမေက နေ့ချင်းညချင်းပြောင်းလဲသွားတယ်သာစံ၊ တကယ်ဆိုရင် ဗေဒါရီက ငါတို့ရဲ့မိတ်ဆွေကောင်းပဲ၊ လူတစ်ယောက်ဟာ မိတ်ဆွေကောင်းတွေမရှိရင် မအောင်မြင်နိုင်ဘူးသာစံ၊ ငါတို့က ဂုဏ်ဖော်ချင်လို့ပြောတာမဟုတ်ပေမယ့် မင်းအမေအခုလိုဖြစ်လာတာ ငါတို့ရဲ့အားထုတ်မှုတွေအများကြီးပါတယ်ဆိုတာ မငြင်းနိုင်ဘူး”

သာစံမှာလည်း ခေါင်းကုပ်လျှက်

“ကျုပ်လည်း နားလည်ပါတယ်ဦးမောင်ဝိုင်း၊ ဒါပေမယ့် အမေက ဘာဖြစ်သွားမှန်းကျုပ်နားမလည်တော့ဘူး၊ အဲဒီမယ်တော်ခေါင်းဆောင်းကို ဆောင်းလိုက်တဲ့အချိန်ကစပြီးတော့ အမေက အမေမဟုတ်သလိုခံစားရတယ်”

“အာဏာဆိုတာ အရာရာကိုပြောင်းလဲစေတတ်တယ်၊ အာဏာကိုဆုပ်ကိုင်ထားတဲ့လူက အဲဒီအာဏာဆိုတဲ့အရာကို လွှမ်းမိုးချုပ်ကိုင် ထိန်းချုပ်နိုင်မှရမယ်၊ မဟုတ်ရင် အဲဒီအာဏာဆိုတဲ့အရာက သူ့ကိုပြန်ပြီးစိုးမိုးထိန်းချုပ်သွားလိမ့်မယ်ကွ၊ သူတောင်းစားတစ်ယောက်က ဘုရင်ကိုကယ်တင်လိုက်လို့ ဘုရင်က ကျေးဇူးတင်ပြီး ရှင်ဘုရင်အဖြစ် ခုနစ်ရက်တင်မြှောက်လိုက်တဲ့အခါ အဲဒီသူတောင်းစားက တစ်တိုင်းပြည်လုံးမှာရှိတဲ့ သူတောင်းစားတွေအကုန်လုံးကို သတ်ခိုင်းတယ်ဆိုတဲ့ ပုံပြင်တောင်ရှိသေးတယ်မဟုတ်လားကွ”

“ကျုပ်နားလည်ပါပြီ ဦးမောင်ဝိုင်းရာ၊ ဒါနဲ့ကျုပ်တို့အခုဘယ်လိုလုပ်ကြမလဲ”

“ဗေဒါရီကိုသွားပြန်စည်းရုံးရမယ်၊ ပြီးတော့ မင်းအမေကိုငါတို့တွေဝိုင်းပြီး ထိန်းသိမ်းပေးရလိမ့်မယ်ကွ”

“ဒါဆို ကျုပ်လည်းလိုက်ခဲ့မယ်ဦးမောင်ဝိုင်းရာ”

မောင်ဝိုင်းနှင့် သာစံမှာ ဗေဒါရီရှိရာနေရာသို့ထွက်ခွာလာခဲ့ကြလေသည်။ သို့သော် ဗေဒါရီ၏နေအိမ်သို့ရောက်သော်လည်း ဗေဒါရီအားမတွေ့ရပေ။

“ငါတို့မြို့ပြင်က တောင်ကုန်းကလေးကိုသွားကြမယ် သာစံ၊ ဗေဒါရီက အဲဒီမှာရှိလောက်မှာပါ၊ သူစိတ်ညစ်တဲ့အခါ အဲဒီတောင်ကုန်းကလေးအပေါ်မှာထိုင်နေတတ်တယ်”

မောင်ဝိုင်းပြောသည့်နေရာအတိုင်း သာစံက မောင်းနှင်လာခဲ့ရာ မကြာမီတောင်ကုန်းထိပ်ရှိ သစ်ပင်တစ်ပင်အောက်တွင် ဗေဒါရီကိုတွေ့လိုက်ရသည်။ ဗေဒါရီက သစ်ပင်အခြေတွင်ထိုင်နေကာ မြိုင်သာမြို့ကိုအပေါ်စီးမှရှုကြည့်လေသည်။ သာစံနှင့် မောင်ဝိုင်းတို့မှာ ဗေဒါရီနံဘေးတွင် ဝင်ထိုင်လိုက်ကြသည်။ ဗေဒါရီမှာ ငိုယိုနေပုံရပြီး မောင်ဝိုင်းတို့ရောက်လာသည့်အခါ ပါးပြင်အားလက်ဖြင့်ပွတ်သပ်လိုက်လေသည်။

“ရှင်တို့ဘာလာလုပ်ကြတာလဲ၊ ရှင်တို့ရဲ့မယ်တော်က ကျွန်မကိုမြို့ကနေ မောင်းထုတ်ခိုင်းလိုက်တာလား”

“မဟုတ်ပါဘူး ဗေဒါရီရာ၊ မင်းလည်းစိတ်လျော့စမ်းပါကွ”

“တကယ်ဆိုရင် ကျွန်မတို့ဘယ်သူဆိုတာကို မယ်ပျင်းက နားလည်ရမှာပေါ့၊ အခုတော့ ကျွန်မတို့ကိုမေ့ပြီး သူ့ကိုမြှောက်စား ဖားယားနေတဲ့လူတွေရဲ့စကားကို သာယာနေတယ်”

“မင်းရဲ့စေတနာကို ငါနားလည်ပါတယ်၊ ဒါနဲ့ ကောင်စီက မနက်က အစည်းအဝေးတစ်ခုကျင်းပတယ်ဆို အဲဒါဘာထူးသလဲ”

“ကျွန်မထင်တဲ့အတိုင်းပဲ၊ မယ်ပျင်းက အရင်တုန်းက ပြစ်မှုတွေကျူးလွန်ထားလို့ သူ့ကိုမယ်တော်အဖြစ်ရာထူးပေးဖို့ စဉ်းစားအုံးမယ်လို့ပြောတယ်၊ ပြီးတော့ မယ်တော်ဟောင်း ယမင်းကလည်း မယ်ပျင်းကိုစိန်ခေါ်မယ်ဆိုတော့ ကောင်စီအနေနဲ့ အဲဒီစိန်ခေါ်မှုပြီးမှပဲ မယ်တော်ရာထူးအတွက် လက်ခံစဉ်းစားပေးမယ်လို့ဆိုတယ်”

မောင်ဝိုင်းက မျက်မှောင်ကြုတ်လိုက်ရင်း

“နည်းနည်းတော့ထူးဆန်းနေတယ်”

သာစံနှင့် ဗေဒါရီမှာ မောင်ဝိုင်းအားစိုက်ကြည့်လိုက်သည်။

“ကောင်စီက မယ်ပျင်းကို မယ်တော်အဖြစ်အတည်မပြုတာက ထားပါတော့၊ ဒါပေမယ့် မယ်ယမင်းနဲ့ယှဉ်ပြိုင်မယ့်ကိစ္စကို သူတို့ကဘာဖြစ်လို့ အရင်သိနေတာလဲ”

မောင်ဝိုင်းက မုတ်ဆိတ်မွှေးကျဲကျဲကိုပွတ်သပ်လိုက်ရင်း

“နေုာက်တစ်ချက်က မယ်ယမင်းက မနေ့ကလူသိရှင်ကြားရှုံးနိမ့်သွားခဲ့တာပဲ၊ အဲဒါကို ဒီနေ့မှာထပ်ပြိုင်မယ်ဆိုတော့ အဲဒါကထူးဆန်းမနေဘူးလား”

“ဒါဆိုဘာဆက်ဖြစ်နိုင်သလဲ”

“ငါ့အထင်တော့ ကောင်စီနဲ့မယ်ယမင်းရဲ့ပြိုင်ပွဲက တစ်ခုခုသက်ဆိုင်ရမယ်၊ ကောင်စီကိုအုပ်ချုပ်နေတဲ့လူက ရာကူးဆိုတော့ ရာကူးနဲ့မယ်ယမင်းက တစ်ချိန်က အပေးအယူတွေရှိခဲ့ကြတယ်မဟုတ်လား၊ ဒီတော့ ဒီပြိုင်ပွဲဟာ တစ်ခုခုတော့ထူးခြားမှာအမှန်ပဲ၊ ရာကူးသာ ဒီပြိုင်ပွဲကိုဝင်စွက်ဖက်ခဲ့မယ်ဆိုရင် သူက မနိုင်နိုင်လောက်တဲ့ ပြိုင်ပွဲကို စီစဉ်မှာမဟုတ်ဘူး”

သာစံက ခေါင်းကုပ်ရင်း

“ဒါဆိုဘာတွေဆက်ဖြစ်မှာလဲ ဦးမောင်ဝိုင်း”

“သူတို့မယ်ပျင်းကိုယုတ်မာကြလိမ့်မယ်၊ ပြီးတော့ . . .”

မောင်ဝိုင်းမှာဆက်မပြောတော့ဘဲ ငေါက်ခနဲထထိုင်လိုက်သည်။

“ဘာဖြစ်တာလဲ ဦးမောင်ဝိုင်း”

“ငါတို့သုံးယောက်ဒီမှာရောက်နေတဲ့အချိန် မယ်ပျင်းက တစ်ယောက်တည်းမဟုတ်လား၊ ဒီအချိန်ဟာ သူ့အတွက်အန္တရာယ်အများဆုံးအချိန်ပဲ”

သာစံနှင့်ဗေဒါရီလည်း မတ်တပ်ထရပ်လိုက်ကာ ကားဆီသို့အမြန်ပြေးလာခဲ့ကြလေသည်။

(၃)

“သြော်၊ လူတွေ လူတွေ၊ ငါအောင်မြင်လာတာ သူတို့ကြောင့်လို့ထင်ပြီးတော့ အခုအချိန်မှလက်မလာထောင်ချင်နေကြတယ်”

မယ်ပျင်းက ညည်းညူလိုက်သည့်အခါ ဒေါ်ဝတုတ်က အနားသို့တိုးကပ်လာပြီး

“မမကြီးရယ် . . .အဲ . . မယ်တော်ကြီးရယ် ဒါတွေကိုစိတ်ထဲမထားပါနဲ့၊ အခုနန်းသိမ်းနန်းတက်ပွဲကျင်းပဖို့အချိန်ရောက်လာတာဖြစ်တာမို့ ထုံးတမ်းစဉ်လာနဲ့အညီ ပြုလုပ်ရတော့မှာပါ”

သို့နှင့် မယ်ပျင်းအား မယ်တော်နန်းတက်ပွဲကျင်းပသည့်ပုံစံအတိုင်းကျင်းပကြလေသည်။ နန်းတက်ပွဲအစဉ်အလာများပြီးဆုံးသည့်အခါ ဒေါ်ဝတုတ်မှာ ပွဲတော်အုပ်ကြီးတစ်ခုကိုယူဆောင်လာလေသည်။ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ပွဲတော်အုပ်ကြီးအတွင်းတွင် ကြက်၊ ဝက်၊ နွား၊ ဆိတ် အသားလေးမျိုးဖြင့်ချက်ပြုတ်ထားသည့် ဟင်းလျာများကိုလေးကန့်ခွဲကာထည့်သွင်းထားသည်။ အလားတူ ရွှေလင်ဗန်းများပေါ်တွင် ကြက်ကောင်လုံးများ၊ ဝက်ခေါင်း၊ အမဲခေါင်း၊ ဆိတ်ခေါင်းများကို ချက်ပြုတ်ပြင်ဆင်ကာ တင်ဆောင်ထားလေသည်။

“ဟဲ့ ဒေါ်ဝတုတ်၊ ဒါတွေအားလုံးကို ငါကကုန်အောင်စားရမှာလား”

“ပွဲတော်ရဲ့ထုံးတမ်းအရမို့ စတိသဘောလောက်စားရင် ရပါပြီ မယ်တော်ကြီးရဲ့”

မယ်ပျင်းက ရွှေခွက်တစ်ခုတွင်လက်ဆေးလိုက်ကာ စားသောက်ရန်ပြင်ဆင်လိုက်သည့်အချိန်တွင် ဧည့်ပရိသတ်အတွင်းမှ ကဝေကြီးတစ်ယောက်က အရှေ့သို့ထွက်လာကာ

“မယ်တော် စားတော်ပွဲကိုမသုံးဆောင်ပါနဲ့အုံး”

မယ်ပျင်းမှာရပ်တန့်သွားပြီး

“ဘာများဖြစ်လို့ပါလဲ”

“ကျုပ်ကြားဖူးသလောက်တင်ပြရမယ်ဆိုရင်ဖြင့် ပြဒါးဆိုတဲ့အမျိုးဟာ ဝက်သားနဲ့လုံးဝမအပ်စပ်တဲ့အပြင် ဓါတ်သဘောအရလည်း ဓါတ်ခိုက်တတ်တယ်လို့ဆိုပါတယ်မယ်တော်၊ ဒါကြောင့် အဂ္ဂိရတ်လမ်းကိုလေ့လာလိုက်စားပြီး ပြဒါးဖမ်းတဲ့လူတွေအနေနဲ့ ဝက်သားကိုရာသက်ပန်ရှောင်ကြဉ်ကြပြီး အနံ့တောင်မှ မခံကြပါဘူးလို့ပြောကြပါတယ်”

“အေးလေ အဲဒါဘာဖြစ်သလဲ”

“မယ်တော်ရဲ့နတ်လက်နက်က မှော်ပြဒါးရှင်လုံးမဟုတ်လား၊ မှော်ပြဒါးရှင်လုံးလည်း ပြဒါးဖြစ်တာမို့ ဝက်သားကိုသုံးဆောင်ရမယ်ဆိုတော့ သတိကြီးကြီးထားစေလိုပါတယ်”

“ဒါဖြင့်ဘယ်လိုလုပ်ကြမလဲ၊ စားတော်ပွဲကလည်း မစားလို့မရဘူးမဟုတ်လား”

“မယ်တော်ရဲ့နဖူးမှာတည်ရှိနေတဲ့ပြဒါးရှင်လုံးကို ရွှေကြုတ်ထဲမှာ ခဏထုတ်ထားပြီးတော့ သုံးဆောင်စားသောက်ပြီးတဲ့အခါမှ ပြန်လည်ထည့်သွင်းဖို့ရာအတွက် အကြံပြုပါတယ်”

“အေးလေ၊ လုပ်ဆိုတော့လည်း လုပ်ရတာပေါ့”

ဒေါ်ဝတုတ်က ရွှေပန်းကန်လုံးကလေးတစ်ခုကိုကောက်ယူလိုက်ကာ မယ်ပျင်းထံသို့ထိုးပေးလိုက်လေသည်။ မယ်ပျင်းမှာ နဖူးအလယ်မှ မှော်ပြဒါးရှင်လုံးကို ထုတ်ယူလိုက်ကာ ဒေါ်ဝတုတ်လက်ထဲရှိ ရွှေပန်းကန်လုံးထဲသို့ထည့်ပေးလိုက်သည်။ ဒေါ်ဝတုတ်က ရွှေပန်းကန်လုံးအား လက်ထဲတွင်ကိုင်ရင်း ဖင်ရွှေ့ဖင်ရွှေ့နှင့် အနောက်သို့ဆုတ်သွားလေသည်။

“သုံးဆောင်တော်မူပါ မယ်တော်ကြီး”

ဒေါ်ဝတုတ်ပြောဆိုလိုက်သည့်အခါ မယ်ပျင်းမှာ စားတော်ပွဲအတွင်းမှ ထမင်းတစ်လုပ်ဆုပ်ယူကာ စားသောက်လိုက်လေသည်။ ထိုထမင်းမှာအလွန်မွှေးပျံ့သင်းကြိုင်သည့် ဟင်းခတ်အမွှေးအကြိုင်များဖြင့်ထည့်သွင်းချက်ပြုတ်ထားခြင်းဖြစ်သည်။ သို့သော်ထမင်းလုပ်အားဝါးနေရင်းနှင့် ပါးစပ်အတွင်းထူးဆန်းသည့်ရနံ့နှင့် ထူးဆန်းသည့်အရသာကိုခံစားမိလိုက်သည်။ သို့နှင့်ဒေါ်ဝတုတ်ဘက်သို့လှည့်မည်ကြံလိုက်စဉ်တွင် ကိုယ်ခန္ဓာက လှုပ်ရှား၍မရတော့ပေ။

ဒေါ်ဝတုတ်ထံသို့ လက်လှမ်းရန်ကြံရွယ်လိုက်စဉ်မှာပင် မယ်ပျင်း၏လက်မှာလှုပ်ရှား၍မရတော့ဘဲ အကြောများတုံ့ဆိုင်းကာ ကျောက်ရုပ်ကြီးတစ်ရုပ်သဖွယ် ရပ်တန့်သွားလေသည်။ ပါးစပ်မှာလည်း စကားမထွက်တော့ပေ၊ ထိုအခါ ဒေါ်ဝတုတ်က မတ်တပ်ထရပ်လိုက်ပြီး

“တောင်းပန်ပါတယ်မမကြီး၊ ကျွန်မကို ခွင့်လွှတ်ပါရှင်”

ထိုသို့ပြောဆိုကာ နန်းဆောင်အတွင်းမှပြေးဆင်းသွားလေသည်။ ဒေါ်ဝတုတ်ထွက်ပြေးသွားသည်နှင့် ကျန်ရှိနေသည့် စုန်းကဝေများမှာလည်း နန်းဆောင်အတွင်းမှ ကစဉ့်ကလျားပြေးထွက်သွားကြသည်။ ယခင်က စည်ကားနေသည့် နန်းဆောင်ကြီးမှာ ယခုတော့မယ်ပျင်းတစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။ မယ်ပျင်းမှာလည်း တစ်ကိုယ်လုံးလှုပ်မရတော့ဘဲ ကျောက်ရုပ်ကြီးအဖြစ်ကျန်ရစ်နေခဲ့သည်။

မကြာမီ သာစံတို့သုံးဦးသား နန်းဆောင်ကြီးအတွင်းသို့ပြေးဝင်လာခဲ့သည်။ ထိုအခါ နန်းဆောင်အလယ်ရွှေသလွန်ထက်တွင် ငူငူငိုင်ငိုင်ကြီးဖြစ်နေသည့် မယ်ပျင်းအားတွေ့ရှိသွားကြသည်။

“အမေ . . .အမေ ဘယ်လိုဖြစ်တာလဲ၊ ဦးမောင်ဝိုင်း လုပ်ပါအုံးဗျာ”

မောင်ဝိုင်းက ပွဲတော်စာကို တစ်ချက်နမ်းရှုပ်ကြည့်လိုက်ပြီးသည့်နောက် အိပ်ကပ်အတွင်းမှ လက်ညှိုးအရွယ်အစားခန့်ရှိသည့် ပုလင်းကလေးတစ်လုံးကိုထုတ်ယူလိုက်လေသည်။ ထိုပုလင်းကလေးအတွင်းမှ အဖြူရောင်အမှုန့်ကလေးများဖြင့် ပွဲတော်စာကိုဖြူးလိုက်သည့်အခါ ပွဲတော်စာအတွင်းမှ အစိမ်းရောင်မီးခိုးငွေ့များတိုးထွက်လာသည်ကိုတွေ့မြင်လိုက်ကြရသည်။

“မင်းအမေကို ဆေးခပ်ထားတာပဲဟေ့၊ တစ်ကိုယ်လုံးကို လှုပ်ရှားမရဘဲ အကြောတွေသေသွားစေတဲ့ ဆေးတစ်မျိုးခပ်ထားတာပဲကွ”

မောင်ဝိုင်းက ပြောပြောဆိုဆိုနှင့်စားတော်ပွဲကိုခြေထောက်နှင့်ကန်ကာ မှောက်ချလိုက်လေသည်။ သာစံမှာ တောက်တစ်ချက်ခေါက်လိုက်ပြီး

“ဒါ ဒေါ်ဝတုတ်လုပ်တာပဲဖြစ်မှာဗျ၊ ဒေါ်ဝတုတ်က တော်တော်အကျင့်မကောင်းတဲ့လူပဲဗျာ၊ အခုဘယ်လိုလုပ်ကြမလဲ”

မောင်ဝိုင်းက မယ်ပျင်းအားစမ်းသပ်လိုက်ရင်း

“မင်းအမေက သူ့ကိုယ်သူတော့ ပြန်ကုနေတယ်ကွ၊ ဆေးအရှိန်ကလည်းရှိနေသေးတာဆိုတော့ ဆေးအရှိန်ပြယ်တဲ့အချိန်ကို စောင့်ရမှာပဲဟေ့”

မောင်ဝိုင်းပြောသည့်အတိုင်းပင် မယ်ပျင်းမှာစိတ်အာရုံကိုစူးစိုက်ထားကာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော၊ လေကြော၊ အာရုံကြောများတွင် ပိတ်ဆို့နေသည့် မှော်ပညာရပ်များကို လိုက်လံဖယ်ရှားဖြေရှင်းနေရခြင်းဖြစ်သည်။ ကွမ်းတစ်ယာညက်ခန့်ကြာသည့်အခါ မယ်ပျင်းမှာ မျက်နှာနှင့်ဦးခေါင်းရှိ အတားအဆီးများကို ကုန်စင်အောင်ဖယ်ရှားနိုင်ခဲ့လေသည်။

“သား . . .သာစံ”

“ဟာ အမေသတိရလာပြီ၊ ဘယ်လိုဖြစ်တာလဲအမေရာ”

“ဒေါ်ဝတုတ် . . .ဒေါ်ဝတုတ် ငါ့ကိုဆေးခပ်သွားတာဟဲ့၊ ပြီးတော့ ငါ့ဆီက မှော်ပြဒါးရှင်လုံးကိုလည်း သူယူသွားပြီ”

“တောက်၊ ဒီမိန်းမကြီးကတော့ဗျာ၊ ကျုပ်ကတော့သူ့ကိုလူကောင်းမှတ်နေတာ၊ ကျုပ်တို့သားအမိကို သစ္စာဖောက်ရက်တယ်ဗျာ၊ သူ့ကိုလိုက်ရှာပြီးတော့ ကျုပ်သတ်ပစ်မယ်”

“စိတ်ထိန်းပါသာစံရာ၊ အခု မင်းအမေနေပြန်ကောင်းဖို့က အရေးကြီးတယ်မဟုတ်လား”

မောင်ဝိုင်းက မယ်ပျင်းဘက်သို့လှည့်လိုက်ရင်း

“ခင်ဗျားကျန်းမာရေးက အရေးကြီးတယ်မယ်ပျင်း၊ ဒီညကျင်းပမယ့် ယှဉ်ပြိုင်ပွဲကို ခင်ဗျားမသွားပါနဲ့”

“မသွားလို့ဖြစ်ပါ့မလား မောင်ဝိုင်းရ၊ စိန်ခေါ်တာကို လက်ခံပြီးပြီဆိုမှတော့ ငါရအောင်သွားမှဖြစ်မယ်”

“ဒီပွဲကို ဒီလိုပုံစံနဲ့ခင်ဗျားနိုင်မှာမဟုတ်ဘူး၊ ရာကူးတို့က သူတို့ကြိမ်းသေနိုင်အောင်လို့ စီစဉ်ထားပြီးသား၊ ခင်ဗျားသွားရင် ခင်ဗျားရှုံးမှာပဲ၊ ဒါတင်မက ခင်ဗျားရဲ့အသက်အန္တရာယ်ကိုလဲ စိုးရိမ်ရတယ်မယ်ပျင်း”

“ငါရအောင်သွားမယ်မောင်ဝိုင်း၊ တကယ်လို့ ငါက မယ်ယမင်းစိန်ခေါ်တာကိုမလာဘူးဆိုရင် ငါ့ရာဇဝင်ရိုင်းသွားမှာပေါ့၊ ငါရအောင်သွားမယ်၊ ငါသေချင်သေပါစေ အရှက်တော့မကွဲချင်ဘူးမောင်ဝိုင်း”

“ခင်ဗျားက တော်တော်မိုက်မဲတဲ့လူပဲမယ်ပျင်း၊ ခင်ဗျားမို့လို့ သူတို့ဆင်တဲ့ထောင်ချောက်ထဲကို တည့်တည့်ဝင်သွားချင်ရတယ်လို့ဗျာ”

“ဟုတ်တယ်အမေ၊ အမေမသွားပါနဲ့၊ ရှုံးတာက ဘာမှမဖြစ်ပါဘူးအမေ”

“နင့်ပါးစပ်ကို ပိတ်ထားစမ်းသာစံ၊ ငါသာမနေ့က မယ်ယမင်းကိုသတ်လိုက်မယ်ဆိုရင် ဒီလိုအခြေအနေတွေဖြစ်လာစရာအကြောင်းမရှိဘူး၊ ငါသွားမယ် ငါရအောင်ကိုသွားမယ်ဟေ့”

(၄)

ရာကူးမှာ မှော်ပြဒါးရှင်လုံးကို ကြည့်ကာ ကျေနပ်နေမိသည်။ မယ်တော်ယမင်းမှာလည်း မှော်ပြဒါးရှင်လုံးအား ထူးဆန်းစွာကြည့်နေမိသည်။ ဒေါ်ဝတုတ်က သူတို့နှစ်ဦး၏အရှေ့တွင် မတ်တပ်ရပ်နေလေသည်။

“ခင်ဗျားတာဝန်ကျေပါတယ် ဒေါ်ဝတုတ်”

ရာကူးက ပြောဆိုလိုက်ရင်း ငွေစက္ကူများအား ဒေါ်ဝတုတ်ထံသို့အထပ်လိုက်ပုံပေးလိုက်လေသည်။

“ခင်ဗျားလောလောဆယ် တစ်နေရာမှာပုန်းအောင်းနေလိုက်ပါ၊ နောက်နေ့ရောက်မှ ခင်ဗျားကိုလုံခြုံတဲ့နေရာရောက်အောင် ကျုပ်ပို့ပေးပါ့မယ်”

ဒေါ်ဝတုတ်မှာ ငွေစက္ကူများကို ကောက်ယူကာ အခန်းအတွင်းမှထွက်သွားလေသည်။ ရာကူးမှာ အောင်နိုင်သူအပြုံးနှင့် မယ်ယမင်းအားကြည့်လိုက်ကာ

“ဘယ်လိုလဲ မယ်ယမင်းရဲ့၊ ကျုပ်ခတ်တဲ့ဆေးမိပြီဆိုတော့ မယ်ပျင်းတစ်ယောက် ဒီညစိန်ခေါ်ပွဲကိုလာနိုင်မှာမဟုတ်ဘူး၊ စည်းကမ်းအရတော့ စိန်ခေါ်တဲ့နေရာကို ရောက်အောင်မလာနိုင်တဲ့လူက အရှုံးပဲမဟုတ်လား”

မယ်ယမင်းမှာ တစ်ချက်ပြုံးလိုက်ရင်း

“ရှင်သိပ်တော်ပါပေတယ်ရာကူး၊ ရှင်ကတော့ ပြိုင်စရာမလိုဘဲ နိုင်မယ့်ပွဲကို ဖန်တီးနိုင်ခဲ့တာပဲ၊ ဒါနဲ့ရှင်ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ပညာဂုဏ်မောက်မာပြီးထောင်လွှားနေတဲ့မယ်ပျင်းကို ဆေးခပ်ဖို့အကြံရခဲ့တာလဲ”

“ဒါပေါ့ဗျာ၊ ကျုပ်က မယ်ပျင်းရဲ့အစစအရာရာအသေးစိတ်ကိုလေ့လာထားပြီးသားပါ၊ မယ်ပျင်းက သူ့အဖေကဝေကြီးတွေဆီက ပညာသင်ခဲ့ပေမယ့် မှော်ဆေးရည်ဖော်စပ်တဲ့အတတ်ကို နှစ်ရက်ပဲသင်ခဲ့ရတဲ့အတွက် မှော်ဆေးရည်နဲ့ပတ်သက်ပြီး အားနည်းချက်ဖြစ်နေတာကိုကျုပ်သိလိုက်တယ်၊ ဒါနဲ့သူ့ကိုဆေးခပ်ရင် သိမှာမဟုတ်ဘူးလို့ထင်ပြီးဆေးခတ်ရတာပဲ”

“ဒါနဲ့ မယ်ပျင်းက ဒီအတောအတွင်းပြန်ကောင်းသွားပြီး ပြိုင်ပွဲကိုလာမယ်ဆိုရင်ရော”

“လုံးဝမဖြစ်နိုင်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီအကြောတွေတုန့်ဆိုင်းစေတဲ့ဆေးရည်ကို သာမန်လူတစ်ယောက်က တစ်စက်သောက်တာနဲ့တင် ခြေတွေလက်တွေတုန့်ဆိုင်းသွားမယ်၊ သုံးစက်သောက်ရင် အောက်ပိုင်းသေသွားမယ်၊ ခုနစ်စက် သောက်လိုက်ရင်တော့ တစ်ကိုယ်လုံးသေသွားပြီး လူသေကြီးတစ်ယောက်လို အိပ်ရာထဲမှာအမြဲလဲနေမယ့်ဆေးဗျ၊ ကျုပ်က မယ်ပျင်းကိုထိခိုက်စေဖို့အတွက် အဲဒီဆေးရည်ပေါင်း သုံးဆယ့်သုံးပုလင်းတိတိထည့်ပြီးဆေးခတ်ရတယ်၊ ဒါကိုမယ်ပျင်းမရိပ်မိအောင်လို့ ဆေးခပ်ထားတဲ့အစာတွေကို အမွှေးအကြိုင်ပြင်းပြင်းနဲ့ချက်ထည့်ထားလိုက်တယ်လေဗျာ၊ ကဲ မပိုင်ဘူးလား”

“ဟုတ်ပါပြီ၊ ဒါနဲ့ ဒီဆေးကို ရှင်ကိုယ်တိုင်ဖော်ပြီးခပ်တာလား”

“မဟုတ်ဘူး၊ ငါဆေးခတ်တယ်ဆိုရင် ငါ့ကိုသာစံက လာသတ်မှာပေါ့၊ အခုဆေးရည်ကို ရာဂျတ်ဖော်ပေးတာ၊ ရာဂျတ်ဆိုတာ သာစံနဲ့ကျောင်းနေဖက်သူငယ်ချင်းပဲ၊ ပြီးတော့ မာယာရဲ့ချစ်သူဆိုတော့ သာစံက ရာဂျတ်ကို ကြီးကြီးမားမားအန္တရာယ်ပေးမှာမဟုတ်ဘူး”

“ရှင်စီစဉ်တာ အကွက်စေ့လိုက်တာရှင်၊ ဒါကြောင့်လည်း ကောင်စီကြီးတစ်ခုလုံးကို ရှင်က လက်ဝါးကြီးအုပ်ထားနိုင်ခဲ့တာဖြစ်ရမယ်”

“ဒါထက်ပိုပြီးပြောင်မြောက်တဲ့အကြောင်းအရာတစ်ခုရှိသေးတယ်”

မယ်ယမင်းက ရာကူးအနီးသို့တိုးကပ်လိုက်ပြီး

“ဆိုစမ်းပါအုံးရှင်”

“ဒေါ်ဝတုတ်ဆိုတာ ကျုပ်ဖန်တီးထားတဲ့လူယုံတစ်ယောက်ပဲ”

“ဘယ်လိုရှင့်”

“ဟုတ်တယ်၊ သာစံကလေးက သနားတတ်တယ်မဟုတ်လား၊ အဲဒါကိုအခွင့်ကောင်းယူပြီးတော့ ဒေါ်ဝတုတ်ကို ကျုပ်ဖန်တီးခဲ့တာပဲ၊ သူ့မိသားစုအသတ်ခံရတာတွေဆိုတာက တကယ်မဟုတ်ဘူး၊ ကျုပ်တမင် ဇာတ်လမ်းဇာတ်ကွက်ဖန်တီးပြီးတော့ သာစံကလေးယုံသွားအောင် လုပ်ခဲ့တာပဲ၊ ကျုပ်ကြံစည်ခဲ့တဲ့အတိုင်း မယ်ပျင်းတို့သားအမိက ဒေါ်ဝတုတ်ကိုသနားသွားတယ်၊ ဒေါ်ဝတုတ်ကလည်း သူတို့သားအမိကို အယုံသွင်းထားနိုင်ခဲ့တယ်၊ တကယ်တော့ ဒေါ်ဝတုတ်သာမရှိခဲ့ဘူးဆိုရင် ကျုပ်မယ်ပျင်းကိုဆေးခပ်တဲ့ကိစ္စလည်း ဒီလောက်လွယ်လွယ်ကူကူဖြစ်မှာမဟုတ်ဘူး”

ထိုအခါ မယ်ယမင်းက လက်ခုပ်တီးကာ ရာကူးကိုချီးကျူးလိုက်သည်။

“ဒါကတော့ တကယ်ပြောင်မြောက်တာပဲ၊ လူတစ်ယောက်အနားကို ကိုယ့်ရဲ့သူလျှိုထည့်ထားနိုင်တယ်ဆိုတာက နည်းတဲ့အရည်အချင်းမဟုတ်ဘူးရာကူး၊ ဒီလိုဆိုရင် ရှင်က အစောကြီးကတည်းက မယ်ပျင်းကိုသုတ်သင်ဖို့စီစဉ်ထားခဲ့တဲ့ပုံပဲ”

“ကျုပ်က ရန်သူတစ်ယောက်ကိုဘယ်တော့မှ ဒီအတိုင်းလွှတ်မထားဘူး မယ်ယမင်း၊ မယ်ပျင်းတင်မကဘူး ဟောဒီမြို့က ကောင်စီလူကြီးတွေ၊ အရာရှိတွေကိုလည်း ကျုပ်ကလူယုံတွေသပ်လျှိုထည့်ထားပြီးသားပါ၊ ဒါကြောင့် ကျုပ်တောင်းဆိုတာကို သူတို့လိုက်လျောရင်လိုက်လျော မဟုတ်လို့ကတော့ ကျုပ်က သူတို့ကိုအချိန်မရွေးဖျက်ဆီးပစ်နိုင်တယ်”

“ရှင်က တော်တော်ကောက်ကျစ်တဲ့လူပဲ ရာကူး၊ မယ်ပျင်းက ဆိုးတယ်ဆိုပေမယ့် ရှင်က သူ့ထက်ပိုဆိုးဝါးတဲ့လူတစ်ယောက်ပဲ”

“ကျုပ်က ကောက်ကျစ်တာမဟုတ်ပါဘူးဗျ၊ လိမ္မာပါးနပ်တာပါ၊ စာဆိုတောင်ရှိသေးတယ်မဟုတ်လား လူမိုက်ကို လူလိမ္မာက နိုင်တယ်တဲ့ဗျ၊ မယ်ပျင်းလိုမိုက်လုံးကြီးတဲ့လူတစ်ယောက်ကို ကျုပ်ကအသာကလေးအနိုင်ယူလိုက်နိုင်ပါတယ်”

ရာကူးက မယ်ယမင်းကိုလက်ညှိုးထိုးလိုက်ကာ

“ဒါကြောင့် ခင်ဗျားလဲသတိထားဖို့လိုတယ်မယ်ယမင်း၊ ခင်ဗျားကိုယ်ခင်ဗျား မိုက်လှပြီလို့ထင်မနေနဲ့၊ ခင်ဗျားမယ်တော်ပြန်ဖြစ်ပြီးလို့မှ ကျုပ်ပြောတာကိုမနာခံချင်ဘူးဆိုရင် ကျုပ်လည်းခင်ဗျားကို ဖျက်ဆီးလိုက်လို့ရတယ်ဆိုတာ ခင်ဗျားမမေ့နဲ့”

မယ်ယမင်းမှာ မခံချိမခံသာနှင့်ခေါင်းညိတ်လိုက်လေသည်။