စုန်းမကြီးဒေါ်ပျင်းနှင့် အရှုံးနဲ့အနိုင်
စာစဉ် (၁၀၄)
(၁)
မြိုင်သာမြို့ပြင်တစ်နေရာရှိ တဲကလေးတစ်ခုအတွင်းတွင် ဒေါ်ဝတုတ်မှာ ဆီးမီးတိုင်ကလေးထွန်းကာ ထိုင်နေလေသည်။ ဒေါ်ဝတုတ်၏အရှေ့တွင် ရာကူးပေးလိုက်သည့် ငွေစက္ကူများရှိကာ ဒေါ်ဝတုတ်မှာ ထိုငွေစက္ကူများကို တစ်ရွက်ခြင်းရေတွက်လျှက်ပျော်ရွှင်နေလေသည်။ ထိုအချိန်တဲအိမ်ကလေး၏ တံခါးဝမှာ ဝုန်းခနဲပွင့်ထွက်သွားပြီး တဲအတွင်းသို့လူတစ်ယောက်ဝင်လာလေသည်။ ဒေါ်ဝတုတ်မှာ ကြောက်လန့်တကြားဖြင့်ငွေစက္ကူများကို လက်ဖြင့်သိမ်းကြုံးဆုပ်ကိုင်လိုက်သည်။ ထိုလူက ဒေါ်ဝတုတ်အား လက်ညှိုးထိုးရင်း
“မလှုပ်နဲ့၊ ခင်ဗျားကြီးကို သတ်ဖို့ကျုပ်ရောက်လာခဲ့တာ ခင်ဗျားကြီးငြိမ်ငြိမ်နေစမ်း”
ဒေါ်ဝတုတ်မှာ ထိုလူပြောသည့်အတိုင်း ငြိမ်နေလိုက်ရသည်။ အမှောင်ထဲမှလူက အရှေ့သို့တဖြည်းဖြည်းတိုးလာသည့်အခါ သာစံဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့် ဒေါ်ဝတုတ်က တဟင်းဟင်းရယ်မောလိုက်ကာ
“ဘယ်သူများလဲမှတ်တယ်၊ သာစံပါလား၊ မင်းကဘာပညာတွေများတတ်နေလို့ ငါ့ကိုသတ်မှာလဲကွ”
ဒေါ်ဝတုတ်မှာ သာစံတစ်ယောက်ပညာများမတတ်သဖြင့် သူ့အားမပြုစားနိုင်ဟုတွေးလိုက်ကာ ခပ်အေးအေးပင်နေ၍ ငွေစက္ကူများကိုရေတွက်နေလိုက်သည်။ သာစံမှာအလွန်ဒေါသထွက်နေလေသည်။
“ခင်ဗျားဗျာ၊ ခင်ဗျားလူမှဟုတ်သေးရဲ့လား၊ ခင်ဗျားရဲ့ကလေးတွေအသတ်ခံရလို့ ခင်ဗျားကိုသနားပြီးကျုပ်က အိမ်ကိုခေါ်လာခဲ့တာဗျာ၊ ကျုပ်တို့သားအမိက ခင်ဗျားအပေါ်ကောင်းရဲ့သားနဲ့ ခင်ဗျားဒီလိုလုပ်တာ ဘာအတွက်လဲ”
ိဒေါ်ဝတုတ်မှာ ဘာမှမပြောဘဲ ငွေစက္ကူများကိုသာ ဆက်လက်ရေတွက်နေလေသည်။
“ခင်ဗျားဒါတွေကို ငွေကြောင့်လုပ်ခဲ့တာလား၊ ခင်ဗျားအတွက်ဆိုရင် ခင်ဗျားဆယ်သက်စားမကုန်အောင် ကျုပ်အမေက ပေးနိုင်တယ်ဆိုတာခင်ဗျားမသိဘူးလား”
ဒေါ်ဝတုတ်မှာ သာစံအားမျက်စောင်းထိုးလိုက်ပြီး
“ဒီမှာသာစံ၊ ငါကငွေအတွက်နဲ့လုပ်တယ်လို့များမှတ်နေသလား၊ ငါက မင်းအမေကိုလက်စားချေ သွေးကြွေးဆပ်ခဲ့တာပဲဟဲ့”
သာစံမှာအံ့သြနေလေသည်။
“ငါ့ကိုဘယ်သူလို့များမင်းထင်နေသလဲ၊ ငါက မင်းအမေစက်ကြိုးဖြတ်ပြီး သတ်ဖြတ်လိုက်တဲ့ ခေါင်းကိုင်မိခင်ကြီးရဲ့ ညီမပဲဟဲ့၊ ငါ့အမကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ မင်းအမေကို ပြန်မသတ်ရမခြင်း ငါဒီတစ်သက်ခေါင်းမချဘူးလို့ ငါကြွေးကြော်ခဲ့တယ်၊ ကြွေးကြော်ခဲ့တဲ့အတိုင်း မင်းအမေကိုချဉ်းကပ်ခဲ့တယ်၊ ဒါပေမယ့် မင်းအမေက လူတွေကိုမသနားတတ်ဘူး၊ မင်းအမေကို အယုံသွင်းဖို့ဆိုတာက မလွယ်ဘူး၊ ဒါကြောင့် မင်းအမေအစား မင်းကိုပဲ ချဉ်းကပ်ခဲ့ရတာပဲသာစံ”
“ခင်ဗျားက တော်တော်ကြောက်ဖို့ကောင်းတဲ့လူပဲဗျာ၊ ကျုပ်အမေကိုချဉ်းကပ်ဖို့အတွက် ခင်ဗျားရဲ့ကလေးတွေကို သတ်ပစ်ခဲ့တာပေါ့”
ထိုအခါ ဒေါ်ဝတုတ်က ဟက်ဟက်ပက်ပက်ရယ်မောကာ
“ဒါတွေကို မင်းတကယ်ယုံတာလား သာစံရ၊ ဒီကလေးတွေက ငါနဲ့ဘာမှမဆိုင်ဘူး၊ မင်းငါ့ကိုယုံကြည်သွားအောင် သနားသွားအောင်လို့ ငါတမင်သက်သက်ဇာတ်လမ်းဆင်လှည့်စားခဲ့တဲ့အရာတွေပဲ၊ အင်းလေ၊ မင်းလည်းသင်ခန်းစာတစ်ခုရသွားတာပေါ့၊ လောကမှာ ကိုယ့်မျက်စိနဲ့တပ်အပ်မြင်ပေမယ့်လည်း မယုံအပ်တဲ့အရာတွေရှိတယ်ဆိုတာလေ ဟား ဟား”
“ခင်ဗျားကိုကျုပ်သတ်မယ်၊ ခင်ဗျားဒီနေ့တော့ သေပြီသာမှတ်”
“လုပ်စမ်းပါသာစံရ၊ မင်းက ဘာပညာတတ်လို့ ငါ့ကိုသတ်မှာလဲ”
ဒေါ်ဝတုတ်က ပြောပြောဆိုဆိုနှင့် ကြမ်းပြင်ကိုပုတ်လိုက်လေသည်။ ထိုအခါ တဲကလေး၏ ကြမ်းကြား၊ ခေါင်မိုးကြားမှ တစ်ထွာခန့်အရှည်ရှိသည့် ကင်းခြေများကြီးများက တိုးထွက်လာကြကာ သာစံဆီသို့ဝိုင်းလာကြလေသည်။ ဒေါ်ဝတုတ်ကိုယ်တိုင်ကလည်း အဆီများနှင့်ဖောင်းကားနေသည့် ဗိုက်ပူပူကြီးကို တဘတ်ဘတ်နှင့်ပုတ်လိုက်သည့်အခါ ပါးစပ်အတွင်းမှ တစ်တောင်ခန့်ရှည်လျားသည့် ကင်းခြေများကြီးတစ်ကောင်က တိုးထွက်လာကာ ဒေါ်ဝတုတ်၏ လက်မောင်းပေါ်တွင်တွယ်ကပ်နေသည်။
“ခင်ဗျား ခင်ဗျားက အဲဒီကင်းခြေများတွေရဲ့သခင်ကိုး”
“ဒါပေါ့ သာစံရ၊ ဒီကင်းတွေက ငါမွေးထားတဲ့ကင်းတွေပဲ၊ အဲဒီတဲထဲက ကလေးတွေကို မုန့်ကျွေးပြီးသတ်လိုက်တာ ငါပဲ၊ မင်းအမေနဲ့တစ်ခါ တိုက်ခိုက်တဲ့ရွှေရောင်ကင်းခြေများကြီးကလည်း ငါမွေးထားတဲ့ငါ့ရဲ့သားကြီးပဲ”
ဒေါ်ဝတုတ်မှာ ထိုသို့ပြောဆိုပြီး တရှူးရှူးအသံဖြင့် ကင်းများကိုပြောလိုက်သည့်အခါ ကင်းခြေများကောင်များမှာ သာစံဆီသို့ပြေးလာကြပြီး တိုက်ခိုက်ကြလေသည်။ သာစံက ခြေဖနောင့်တစ်ချက်ဆောင့်လိုက်သည့်အခါ အလင်းရောင်လှိုင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်တွင်ပြေးလွှားနေကြသည့် ကင်းခြေများကောင်များမှာ အကုန်လုံးပက်လက်လန်သွားကြပြီး တွန့်လိမ်ကွေးကောက်ကုန်ကြလေသည်။ ဒေါ်ဝတုတ်မှာအလွန်အံ့သြသွားသည့်ပုံစံဖြင့်
“မင်း . . .မင်းက ဘယ်လိုလုပ်ပြီး စုန်းပညာတွေကိုတတ်နေခဲ့တာလဲ”
“ခင်ဗျားက ကျုပ်ဘာမှမတတ်ဘူးလို့ ထင်နေတာကိုးဗျ၊ တကယ်တော့ ကျုပ်က ဦးကြီးရာမူး၊ ဦးရာဂျာတို့နဲ့အတူတူနေခဲ့တဲ့ ခုနစ်နှစ်အတောအတွင်းမှာ သူတို့သင်ပေးတဲ့ စုန်းပညာတွေတော်တော်များများကိုတတ်မြောက်ခဲ့ပြီးသားပါ၊ ဒါပေမယ့် ကျုပ်မသုံးချင်လို့ထုတ်မသုံးတာပဲရှိတယ်”
“ငါသိပြီ၊ ဒါကြောင့် မင်းအမေက မင်းကိုပြိုင်ပွဲနေ့တုန်းက အိမ်ထဲမှာပိတ်လှောင်ခဲ့တာကို မင်းလွတ်လာခဲ့တာပဲ”
ဒေါ်ဝတုတ်က ပြောပြောဆိုဆိုနှင့်လက်အတွင်းမှ ကင်းခြေများအကောင်ကြီးကို သာစံထံသို့ပစ်လွှတ်လိုက်လေသည်။ သာစံမှာကင်းခြေများကို မျက်စေ့နှင့်စူးစူးစိုက်စိုက်ကြည့်လိုက်သည့်အချိန် ကင်းခြေများကြီးမှာ ဖောင်းခနဲပေါက်ကွဲထွက်သွားကာ တစ်စစီဖြစ်သွားလေသည်။ ဒေါ်ဝတုတ်မှာ သာစံတိုက်ခိုက်သည်ကိုကြည့်ကာ အလွန်အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
“မင်းအရူးပဲ၊ မင်းငါ့သမီးကိုဘာလုပ်လိုက်တာလဲ”
သာစံက ဒေါ်ဝတုတ်ကိုလက်ညှိုးထိုးလိုက်သည့်အခါ ဒေါ်ဝတုတ်မှာ မိမိ၏လည်ပင်းကို လက်နှင့်ပြန်ညှစ်ပြီး တအစ်အစ်နှင့်အသံမြည်နေလေသည်။ ဒေါ်ဝတုတ်မှာ အသက်ရှူကြပ်ကာ မျက်နှာကြီးမဲပြာလာလေသည်။ သာစံမှာဒေါ်ဝတုတ်ခံစားနေရသည်ကိုကြည့်ရင်း
“အစကတော့ ခင်ဗျားကိုသတ်ဖို့လာခဲ့တာ၊ အခုတော့ ခင်ဗျားလိုလူတစ်ယောက်အတွက်နဲ့ ကျုပ်ရဲ့လက်တွေသွေးစွန်းမခံနိုင်ဘူး၊ ကျုပ်ရဲ့လက်တွေ အညစ်ပေမခံနိုင်ဘူး၊ ခင်ဗျားကြီး ကျုပ်အမေကိုလုပ်ခဲ့တဲ့အတိုင်း ခင်ဗျားကိုပြန်လုပ်ရမယ်”
သာစံက လက်ညှိုးကိုပြန်လည်ရုပ်သိမ်းလိုက်သည့်အခါ ဒေါ်ဝတုတ်မှာ အနောက်သို့ပက်လက်လန်ကာလဲကျသွားသည်။
“ခင်ဗျားက ကျုပ်အမေကိုဆေးခတ်ပြီးတော့ ခြေတွေလက်တွေအကြောသေအောင်လုပ်တယ်ပေါ့ဟုတ်လား၊ အခုတော့ ကျုပ်က ခင်ဗျားကိုဆေးမခတ်ဘဲ ခြေလက်တွေအကြောသေအောင်လုပ်ပစ်မယ်”
သာစံက ဒေါ်ဝတုတ်ထံသို့ စက်လက်နက်များပစ်ခတ်လိုက်သည့်အခါ ဒေါ်ဝတုတ်၏ ကိုယ်ရှိသွေးကြော၊ လေကြောများအတွင်းသို့ မှော်စွမ်းအင်များက ပိတ်ဆို့သွားကာ ဒေါ်ဝတုတ်မှာ ခြေထောက်မှစတင်ကာ တဖြည်းဖြည်းတစ်ကိုယ်လုံးတုန်ယင်တက်လာလေသည်။ ဒေါ်ဝတုတ်မှာ အကြောက်အကန်အော်ဟစ်ရင်း
“ငါ့ကိုချမ်းသာပေးပါသာစံ၊ ငါ့ကိုချမ်းသာပေးပါ၊ တကယ်တော့ ဒီကိစ္စမှာ ငါကလက်စားချေတဲ့အနေနဲ့ ဆေးခတ်ရုံသက်သက်ပါ၊ တကယ်တော့ ဒီကိစ္စတွေအကုန်လုံးကို ကြိုးကိုင်နေတဲ့လူတစ်ယောက်ရှိပါတယ်၊ ဒါတွေအားလုံးက သူ့လက်ချက်ပါ”
“အဲဒါဘယ်သူလဲ”
“ကောင်စီဥက္ကဋ္ဌရာကူးပါ”
သာစံက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီးသည့်နောက်
“ကျုပ်သိတယ်၊ ဒီလူကြီးကိုလည်း ကျုပ်အခုညပဲရှင်းပစ်လိုက်တော့မှာ”
သာစံမှာပြောဆိုကြိမ်းမောင်းပြီး တဲအပြင်သို့ထွက်သွားလေသည်။ ဒေါ်ဝတုတ်မှာ တဲအတွင်းပက်လက်အိပ်လျှက်သားကြီးကျန်နေခဲ့သည်။ သာစံ၏လက်ချက်ကြောင့် ဒေါ်ဝတုတ်၏ လည်ပင်းနှင့်ဦးခေါင်းသာ လှုပ်ရှားပြောဆို၍ရပြီး ကျန်သည့်ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ ကျောက်ရုပ်ကြီးတစ်ခုသဖွယ် တောင့်တင်းခိုင်မာနေလေတော့သည်။
(၂)
မယ်ပျင်းမှာ သွေးကြောလေကြောများကိုပိတ်ဆို့ခံထားရသည့် မှော်ဆေးရည်အစွမ်းများကို မိမိ၏အစွမ်းများထုတ်သုံးကာ တစ်ခုချင်းဖယ်ရှားနေရလေသည်။ မကြာမီအချိန်တွင် မောင်ဝိုင်းမှာ အိမ်ခန်းအတွင်းသို့ဝင်လာခဲ့သည်။
“ပြိုင်ပွဲအချိန်ကျပြီမယ်ပျင်း”
မယ်ပျင်းမှာ မတ်တပ်ထရပ်ရန်ကြိုးစားသော်လည်း ခြေထောက်တစ်ဖက်သာလှုပ်ရှားနိုင်ပြီး ကျန်သည့်ခြေထောက်တစ်ဖက်မှာ တန်းတန်းကြီးဖြစ်နေလေသည်။ မယ်ပျင်းက ထိုခြေထောက်သို့ အစိမ်းရောင်အလင်းတန်းများနှင့်ထိုးနှက်လိုက်ကာ ကုသသော်လည်း ထူးခြားရန်ခက်ခဲနေလေသည်။
“မြစိမ်းရောင်ဒေဝီ ရှင့်အစွမ်းက ဒီဝေဒနာကို မကုသနိုင်ဘူးလား”
“ဆေးရည်ရဲ့အစွမ်းနဲ့ စက်လက်နက်ရဲ့အစွမ်းက သက်ရောက်ပုံခြင်းမတူဘူးမယ်ပျင်း၊ တကယ်လို့ရှင်သာ စက်လက်နက်ထိမှန်ခဲ့တာမျိုးဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှင့်ကိုကုသပေးနိုင်ပေမယ့် အခုဆေးရည်ရဲ့အစွမ်းကျတော့ ငါ့ရဲ့စက်ပညာတွေနဲ့ဖြေရှင်းကုသနေတာတောင်မှ တစ်နေရာချင်း သွေးကြောတစ်ခုချင်းစီကို ဖြေရှင်းကုသနေရတဲ့အတွက်ကြောင့် အချိန်ကြာမြင့်နေတာပဲ”
မောင်ဝိုင်းက အရှေ့သို့တိုးလိုက်ကာ
“မယ်ပျင်း၊ ခင်ဗျားဒီလိုအခြေအနေကြီးဖြစ်နေမှတော့ ဒီပြိုင်ပွဲကိုမသွားပါနဲ့တော့၊ ခင်ဗျားအရှုံးပေးလိုက်လို့လဲ ဘာမှဖြစ်မသွားပါဘူး၊ ခင်ဗျားကိုလူတွေက ပြောဆိုကြရုံ၊ ခင်ဗျားနောက်ကွယ်မှာ ခင်ဗျားကိုအတင်းအဖျင်းပြောရုံလောက်ပဲ လူတွေတတ်နိုင်တာပါ၊ နောက်ပြီး ခင်ဗျားက ဒါတွေကိုလည်း ဂရုစိုက်နေတာမှမဟုတ်တာ”
“လူတွေဘယ်လောက်ပြောပြော ငါဂရုမစိုက်ပေမယ့် ဒီပွဲကိုမသွားရင် ဒင်းတို့အကွက်ဆင်ထားသလိုမျိုး ငါက လူပျော့လူညံ့ကြီးတစ်ယောက်ဖြစ်သွားမယ်လေ မောင်ဝိုင်း၊ ငါ့ကိုလူတွေဘယ်လိုပြောပြော ငါကဘာမှမဖြစ်ပေမယ့် ငါ့သားသာစံကိုပါ ဒီစကားတွေက ထိခိုက်လာနိုင်တယ်မဟုတ်လား၊ ဒီတော့ ငါပြိုင်ပွဲကနေ ထွက်ပြေးပြီး သူရဲဘောကြောင်တဲ့အလုပ်ကို လုပ်မယ့်အစား ပြိုင်ပွဲကိုသွားပြီးတော့ အသေခံလိုက်တာက ပိုပြီးကောင်းပါသေးတယ်”
“ခင်ဗျားသွားရင် သေမှာပဲနော်၊ ရာကူးနဲ့မယ်ယမင်းတို့က ခင်ဗျားမလာရင် ခင်ဗျားအရှက်ကွဲရမယ်၊ လာရင်လည်း သူတို့လက်ချက်နဲ့ခင်ဗျားသေရမှာပဲ၊ ခင်ဗျားမရူးမိုက်စမ်းပါနဲ့မယ်ပျင်းရာ၊ ပြီးတော့ ခင်ဗျားမှာ လက်နက်လည်း ရှိတော့တာမှမဟုတ်တာ”
မယ်ပျင်းက မောင်ဝိုင်းဘက်သို့လှည့်လိုက်ပြီး
“ဒီမှာမောင်ဝိုင်း၊ သတ္တိဆိုတာ လက်နက်မှာရှိတာမဟုတ်ဘူး”
မယ်ပျင်းက ခြေထောက်တရွတ်ဆွဲကြီးဖြင့် အိမ်ခန်းအတွင်းမှအားယူကာ တစ်လှမ်းချင်းထွက်သွားလေသည်။ မောင်ဝိုင်းက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ခေါင်းခါလိုက်ရင်း
“ခင်ဗျားဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီး ဟိုကိုရောက်နိုင်မှာလဲ”
မောင်ဝိုင်းက လေတစ်ချက်ချွန်လိုက်သည့်အခါ မယ်ပျင်း၏တပည့် စုန်းကဝေတစ်ချို့က ရောက်လာကြသည်။ ထိုလူများက မယ်ပျင်းအားနှုတ်ဆက်လိုက်ကြပြီး မယ်ပျင်းကိုပွေ့ချီလိုက်ကာ ထမ်းရွက်လာခဲ့ကြလေသည်။
မကြာမီ ဗေဒါရီက အိမ်သို့ရောက်လာလေသည်။ မောင်ဝိုင်းမှာ ပြိုင်ပွဲကွင်းဆီသို့လိုက်မသွားဘဲ စိတ်ပျက်စွာဖြင့် ထိုင်နေလေသည်။
“ရှင်ပြိုင်ပွဲကွင်းကို လိုက်မသွားဘူးလား”
မောင်ဝိုင်းက ခေါင်းခါလိုက်ကာ
“မယ်ပျင်းကိုလူတွေအရှေ့မှာ မယ်ယမင်းက နှိပ်စက်တော့မှာကွ၊ ပြီးတော့ မထင်မှတ်ရင်သတ်တောင်သတ်ကြလိမ့်မယ်၊ အဲဒီမြင်ကွင်းကို ငါ့မျက်စိနဲ့မမြင်ချင်ဘူး၊ မမြင်တွေ့ချင်ဘူး ဗေဒါရီ”
ထိုစဉ် သာစံမှာလည်း အိမ်ပေါ်သို့ငူငူငိုင်ငိုင်ကြီးတက်လာခဲ့ကာ ဧည့်ခန်းဆက်တီထိုင်ခုံတွင် စိတ်ပျက်စွာဖြင့်ထိုင်ချလိုက်သည်။
“ကျွန်မတို့ဒီလိုထိုင်နေလို့မဖြစ်ဘူး၊ တစ်ဖက်ရန်သူကလှုပ်ရှားနေသလို ကျွန်မတို့ကလည်း ဒီအခွင့်အရေးကိုအသုံးချပြီး လှုပ်ရှားရမယ်”
မောင်ဝိုင်းက စီးကရက်တစ်လိပ်ကိုဖွာရှိုက်နေရင်း
“ငါတို့က ဒီအချိန်မှာဘာလုပ်နိုင်မှာမို့လို့လဲ”
“ပြုပြင်ပြောင်းလဲရေးတစ်ခု၊ တော်လှန်ရေးတစ်ခုပေါ့”
ဗေဒါရီပြောသည့်စကားများကို မောင်ဝိုင်းက အလေးအနက်စဉ်းစားနေကာ
“အဲဒါကို ငါတို့ဒီအချိန်မှာလုပ်သင့်လို့လား”
“လုပ်သင့်တာပေါ့ရှင်၊ ရာကူးကလည်း ပြိုင်ပွဲကွင်းရောက်နေပြီ၊ မယ်တော်ရာထူးကလည်း မယ်ပျင်းရမလား မယ်ယမင်းပဲရမလားဆိုတာ မသိတဲ့အချိန်မှာ ကျွန်မတို့စီစဉ်ထားတဲ့အပြောင်းအလဲတစ်ခုကို စတင်ဖို့က ဒီအချိန်အကောင်းဆုံးပဲ”
ဗေဒါရီတို့စကားပြောနေသည်ကို ထိုင်ကြည့်နေသည့်သာစံမှာ
“ဒီလိုလုပ်လို့ အမေ့ကိုကယ်နိုင်မှာလား”
ဗေဒါရီက ခေါင်းခါလိုက်ကာ
“မင်းအမေကို ကယ်နိုင်မလား မကယ်နိုင်ဘူးလားဆိုတာ မသေချာပေမယ့် မင်းအမေလိုမျိုးမတရားခံရတဲ့အဖြစ်တွေ ထပ်ပြီးဖြစ်မလာနိုင်အောင် တားဆီးနိုင်မှာပါ”
သာစံက အားတက်သရောနှင့်မတ်တပ်ရပ်လိုက်ကာ
“ဒါဆိုကျုပ်လည်းပါမယ် ဗေဒါရီ”
ထိုအခါ ဗေဒါရီက ဆေးလိပ်သောက်နေသည့် မောင်ဝိုင်းအားကြည့်လိုက်ရင်း
“ကျွန်မတို့ကအဆင်သင့်ဖြစ်ပြီ၊ ရှင်ကရောဘယ်လိုလဲ”
မောင်ဝိုင်းမှာ ခေါင်းညိတ်လိုက်ပြီး ငေါက်ခနဲထလိုက်လေသည်။
“အစီအစဉ်က ဘာလဲဗေဒါရီ”
“ကျွန်မက တခြားကောင်စီအဖွဲ့ဝင်တွေကို ခေါ်ပြီးစည်းရုံးထားပြီးပြီ၊ သူတို့ကလည်း ရာကူးကိုဖြုတ်ချမယ့်ကိစ္စကိုသဘောတူကြတယ်၊ အထူးသဖြင့် ရာကူးက ဘုရင်တစ်ပါးလိုကောင်စီကိုအုပ်ချုပ်ထားတဲ့အာဏာကို လျှော့ချချင်တယ်”
“ဒါပေမယ့် ရာကူးကိုလွယ်လွယ်တွေးလို့မရဘူးနော်”
“မပူပါနဲ့ရှင်၊ ငွေတိုက်ကိုရာကူးဖောက်ခဲ့တဲ့သက်သေတွေ၊ မယ်တော်နဲ့ရာကူးပူးပေါင်းပြီးတော့ ချယ်လှယ်ခဲ့တဲ့ကိစ္စတွေ၊ ကာလီနဲ့သတ်ဖြတ်ခိုင်းခဲ့တဲ့အရာတွေကို လူသိရှင်ကြားဖော်ထုတ်လိုက်မယ်ဆိုရင် ဒီတစ်မြို့လုံးကလူတွေက ရာကူးကို လိုလားပါတော့မလား”
“ဒါပေမယ့် သူ့ကိုအဲဒီလောက်မြန်မြန်ကြီး အရေးယူနိုင်ပါ့မလား”
“ကျွန်မကိုယုံစမ်းပါရှင်၊ ကဲ အခုတခြားကောင်စီအဖွဲ့ဝင်တွေ ရုံးတော်မှာစောင့်နေကြပြီ၊ ကျွန်မတို့နောက်ကျနေလို့မဖြစ်ဘူး ကိုမောင်ဝိုင်း”
မောင်ဝိုင်းတို့သုံးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ အချင်းချင်းခေါင်းညိတ်ပြလိုက်ကြပြီး အိမ်အတွင်းမှထွက်ခွာလာခဲ့ကြသည်။
ပြိုင်ပွဲကွင်းအတွင်းလူအများစည်ကားနေသည်။ သို့သော်လည်း ယမန်နေ့က ကျင်းပခဲ့သည့်ပြိုင်ပွဲကဲ့သို့ လူသူများများစားစားမရှိပေ။ ပြိုင်ပွဲကွင်းတစ်ဖက်တွင်တော့ မယ်ယမင်းမှာ ပြဒါးရှင်လုံးလက်နက်ကို လက်ဝါးတစ်ဖက်တွင် တင်လျှက်အသင့်ရပ်နေလေသည်။ မယ်ပျင်းဆေးခတ်ခံရ၍ ဒုက္ခိတဖြစ်သွားသည့်အကြောင်းကို လူအချို့သာ သိထားကြပြီး မြို့ခံအတော်များများမှာ မသိရှိကြသေးပေ။
ရာကူးမှာ ပွဲကြည့်စင်ပေါ်မှနေ၍ မယ်ယမင်းအားတစ်ချက်ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။ မယ်ယမင်းက ဝမ်းခေါင်းသံကြီးနှင့်
“မနေ့က ငါ့ကိုကောက်ကျစ်ယုတ်မာပြီး အနိုင်ယူသွားတဲ့မယ်ပျင်းကို ငါစိန်ခေါ်တယ်၊ မင်းဒီနေ့တော့ မင်းရဲ့သားရဲတွင်းထဲကနေထွက်လာပြီးတော့ ငါ့ကိုသိက္ခာရှိရှိ၊ သတ္တိရှိရှိယှဉ်ပြိုင်ပါ၊ မင်းငါစိန်ခေါ်တာကို တုန့်ပြန်ပါ”
မယ်ယမင်းက သုံးကြိမ်တိတိအော်ကာ စိန်ခေါ်လိုက်သော်လည်း မယ်ပျင်းရောက်မလာခဲ့ပေ၊ ထို့ကြောင့် ရာကူးက မတ်တပ်ရပ်လိုက်ကာ
“ကျုပ်တို့ကောင်စီရဲ့စည်းမျဉ်းအရ စိန်ခေါ်ပြိုင်ပွဲမှာ သုံးကြိမ်တိတိစိန်ခေါ်ပြီးတာတောင် ရောက်မလာတဲ့လူကို အရှုံးလို့သတ်မှတ်ထားပါတယ်၊ ဒါကြောင့် စိန်ခေါ်ပြိုင်ပွဲကိုရောက်မလာတဲ့မယ်ပျင်းဟာ အခုပြိုင်ပွဲမှာရှုံးနိမ့်သွားပါပြီ၊ မယ်ယမင်းက မယ်တော်ရာထူးကို ထိုက်ထိုက်တန်တန်နဲ့ပြန်လည်ရယူနိုင်ခဲ့ပါပြီ”
ရာကူးက အားတက်သရောကြေငြာသော်လည်း ပွဲကြည့်ပရိသတ်များမှာ မည်သည့်အားပေးချီးမြှောက်သံမှ မပြောဆိုကြဘဲ ကွင်းအတွင်းရပ်နေသည့် မယ်ယမင်းကို ဝိုင်းဝန်းလှောင်ပြောင်ကြလေသည်။
“ဘယ်သူက အရှုံးပေးလိုက်ပြီပြောလို့လဲ”
အသံကြားရာသို့လှည့်ကြည့်လိုက်သည့်အခါ ထမ်းစင်ကြီးတစ်ခုပေါ်တွင်ထိုင်ကာ လိုက်ပါလာသည့် မယ်ပျင်းကိုတွေ့လိုက်ကြရသည်။ မယ်ပျင်းကိုတွေ့သည့်အခါ မယ်ယမင်းမှာ အလွန်ထိတ်လန့်သွားသည်။ ရာကူးက မယ်ပျင်းကိုကြည့်ကာ
“ခင်ဗျားအလာကောင်းပေမယ့် အခါနှောင်းသွားပြီမယ်ပျင်း၊ ကျုပ်က ခင်ဗျားရှုံးနိမ့်ကြောင့် ကြေငြာလိုက်ပြီ”
“အခုဒီမှာ ကျုပ်တစ်ယောက်လုံးမတ်တပ်ရပ်နေတာတောင်မှ ရှင်တို့က ကျုပ်ကိုရှုံးနိမ့်ပါတယ်ဆိုပြိး ကြေငြာရဲသေးတယ်ပေါ့လေ၊ လုပ်စမ်းပါ ဒုက္ခိတဖြစ်နေတဲ့ကျုပ်ကို ရှင်တို့လူရှေ့သူရှေ့မှာ မယှဉ်ပြိုင်ရဲဘူးဆိုရင်တော့ လုပ်လိုက်စမ်းပါ”
့ပရိသတ်များက ဝိုင်းဝန်းထောက်ခံသောကြောင့် ရာကူးမှာ ထိုင်ခုံတွင်ပြန်ထိုင်ချလိုက်ပြီး ကောင်စီဝင်များကို ပြိုင်ပွဲစရန်အတွက် အချက်ပြလိုက်လေသည်။ မယ်ပျင်းက ထမ်းစင်ပေါ်မှဆင်းသက်လိုက်ကာ ခြေတရွတ်ဆွဲလျှက် ပြိုင်ပွဲကွင်းအတွင်းသို့ဝင်ရောက်လာသည်။ မယ်ပျင်းက လူအများကိုကြည့်ရင်း
“တစ်ချို့လူတွေလည်း ကျုပ်ဘယ်လိုဖြစ်ခဲ့တာဆိုတာကို သိကြမှာပါ၊ ဒီပြိုင်ပွဲကို ကျုပ်လက်ခံပြီးတဲ့အချိန်မှ မသမာသူလူတစ်ချို့က ကျုပ်ဒီပြိုင်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်နိုင်အောင်လို့ ကျုပ်ကိုဆေးခတ်ကြတယ်၊ ကျုပ်ရဲ့တစ်ကိုယ်လုံးက အကြောတွေတောင့်တင်းပြီးတော့ ကျုပ်သေအောင်လို့ လုပ်ကြံခဲ့ကြတယ်၊ ဒါပေမယ့် ကျုပ်ဆိုတဲ့မယ်ပျင်းက ဒီလောက်လွယ်လွယ်နဲ့မသေဘူး၊ ပြီးတော့ ဒီလူယုတ်မာတွေဖြစ်စေချင်တဲ့အတိုင်း ဒီပြိုင်ပွဲကနေ စွန့်ခွာထွက်ပြေးမယ့်လူမဟုတ်ဘူး၊ ကျုပ်အခုဒီကိုရောက်လာတာက အားလုံးရဲ့အရှေ့မှာပဲ ဒီလူယုတ်မာတွေကို ပညာပေးဖို့၊ ဒီလူယုတ်မာတွေရဲ့ မျက်နှာဖုံးတွေကို ဆွဲချွတ်ဖို့ လာခဲ့တာပဲ”
ထိုအခါ မယ်ယမင်းက ဒေါသထွက်သွားပြီး
“ဒါဆိုရင် မင်းအခုသေရမယ် မယ်ပျင်း”
မယ်ယမင်းက ပြောပြောဆိုဆိုနှင့် မယ်ပျင်းထံသို့ ပြဒါးရှင်လုံးမှ အလင်းတန်းဖြင့်ပစ်ခတ်လိုက်လေသည်။ မယ်ပျင်းက ထိုအလင်းတန်းကို ကိုယ်ယောင်ဖျောက်ကာ လှစ်ခနဲရှောင်ရှားလိုက်လေသည်။ မယ်ပျင်းတစ်ယောက် ပျောက်ကွယ်သွားသဖြင့် မယ်ယမင်းက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ကာ
“မင်းဘယ်ပျောက်သွားတာလဲမယ်ပျင်း၊ သူခိုးတစ်ယောက်လို ခိုးကြောင်ခိုးဝှက်လုပ်မနေစမ်းပါနဲ့၊ လူပုံအလယ်ကိုထွက်လာပြီး ရဲရဲဝံ့ဝံ့တိုက်စမ်းပါ”
ထိုအခါ မယ်ယမင်း၏အနောက်မှ မယ်ပျင်းက ဘွားခနဲပေါ်ထွက်လာလေသည်။ မယ်ပျင်းက လက်ထဲတွင်စက်လက်နက်တစ်ခုကို ကိုင်စွဲထားပြီး မယ်ယမင်းအား ပစ်ခတ်ရန်ကြိုးစားသော်လည်း မယ်ယမင်းမှာ အနောက်သို့ချက်ချင်းလှည့်လိုက်ပြီး မယ်ပျင်းအား အလင်းတန်းဖြင့်ပစ်ခတ်လိုက်လေသည်။ အလင်းတန်းထိသွားသည်နှင့် မယ်ပျင်းတစ်ကိုယ်လုံးအပိုင်းပိုင်းအစစဖြစ်သွားကာ ပျောက်ကွယ်သွားလေသည်။
ထိုအခိုက် မယ်ယမင်း၏အနောက်မှ မယ်ပျင်းနောက်တစ်ယောက်ထပ်မံထွက်ပေါ်လာခဲ့ကာ မယ်ယမင်းအားစက်လက်နက်ဖြင့်ပစ်ခတ်လိုက်လေသည်။ မယ်ယမင်းမှာ စက်လက်နက်ထိမှန်သွားပြီး ကျောကော့ကာ အရှေ့သို့ယိုင်လဲကျသွားသည်။ မယ်ယမင်းက ဒေါသထွက်ထွက်နှင့်
“မင်းငါ့မျက်စိရှေ့ကနေ တစ်သက်လုံးပုန်းမနေနိုင်ပါဘူးမယ်ပျင်းရာ”
မယ်တော်က ပြဒါးရှင်လုံးမှ အလင်းတန်းများကို ပတ်ဝန်းကျင်အရပ်ရပ်ဆီသို့ဖြန့်ကျက်လိုက်သည့်အခါ ပုန်းအောင်းနေသည့် မယ်ပျင်းမှာ အလင်းတန်းထိမှန်သွားကာ ပွဲကြည့်စင်အနီးသို့ လွင့်ကျသွားလေသည်။ မယ်ယမင်းက အလွန်လျှင်မြန်သောအရှိန်ဖြင့် မယ်ပျင်းထံသို့ပြေးလာကာ မယ်ပျင်း၏ရင်ဝသို့ လက်ဝါးချက်ဖြင့်ရိုက်နှက်လိုက်သည်။
“အသက်ချွေလက်ဝါးတဲ့ဟေ့၊ နင်ခံနိုင်ရင် ခံလိုက်စမ်းမယ်ပျင်း”
မယ်ယမင်း၏ အသက်ချွေလက်ဝါးချက်ကို ထိမှန်သွားသည့်မယ်ပျင်းမှာ အတော်လှမ်းလှမ်းသို့လွင့်ထွက်သားကာ ပွဲကြည့်စင်အောက်ခြေနှင့်တိုက်မိပြီး ဒယိမ်းဒယိုင်လဲကျသွားလေသည်။
“အဆုံးသတ်လိုက်တော့မယ်ယမင်း၊ မယ်ပျင်းကို အဆုံးသတ်လိုက်တော့”
ရာကူးက အားမလိုအားမရနှင့် မတ်တပ်ရပ်ကာပြောဆိုလိုက်လေသည်။ မယ်ယမင်းက ခေါင်းညိတ်လိုက်ကာ ပြဒါးရှင်လုံးကို နဖူးတွင်ထည့်လိုက်ပြီးသည့်နောက် မန္တန်များရွတ်ဖတ်ပြီး ပြဒါးရှင်လုံးအား အဆင့်မြှင့်တင်လိုက်လေသည်။ ထို့နောက် ကြက်သွေးရောင်အလင်းဖြင့် ထိန်လင်းနေသည့် အလင်းတန်းကြီးတစ်ခုဖြင့် မယ်ပျင်းအား မီးမောင်းထိုးသကဲ့သို့လှမ်းချိန်ထိုးလိုက်လေသည်။ ထိုအလင်းရောင်ကြီးနှင့် ထိတွေ့သည့်အခါ မယ်ပျင်း၏အသားအရေများမှာ ငရဲမီးနှင့်ထိတွေ့သကဲ့သို့ ပူလောင်လာပြီး မွှေးညှင်းပေါက်များမှ အခိုးအငွေ့များမှာတိုးထွက်နေကြလေသည်။ မယ်ပျင်းက မျက်လုံးအပြူးသားနှင့် မယ်ယမင်းကိုငေးကြည့်နေမိသည်။ ထိုစဉ် မယ်ပျင်း၏ဦးခေါင်းထက်တွင် အလင်းရောင်များပေါ်ပေါက်လာပြီးနောက် နတ်မင်းခုနစ်ပါးက မယ်ပျင်းအားငုံ့ကြည့်နေသည်ကိုမြင်တွေ့ရသည်။
“မင်းသေတော့မယ် မယ်ပျင်း၊ မင်းသေတာနဲ့ ငါတို့အားလုံးလည်း ထွက်သွားရတော့မယ်”
မယ်ပျင်း၏ အမြင်အာရုံများမှာ တဖြည်းဖြည်းမှုန်ဝါးလာလေသည်။ ထို့နောက်မြင်ကွင်းတစ်ခုလုံးကို အဖြူရောင်အလင်းများက တစ်စတစ်စဖုံးလွှမ်းသွားလေတော့သည်။
“မင်းကိုငါလဝှက်ချက်တစ်ခုပြောပြရမလား မယ်ပျင်း”
မယ်ပျင်းနားထဲတွင် အသံတစ်ခုကိုကြားလိုက်ရသည်။ မကြာမီ အဖြူရောင်အလင်းများမှာ တဖြည်းဖြည်းဖျော့တော့သွားပြီးနောက် မယ်ပျင်းအရှေ့တွင်မျက်နှာကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။
“ဘာဘာကြီးပါလား”
“ဟုတ်တယ်မယ်ပျင်း”
“ကျုပ် သေများသေသွားပြီလား”
“သေလည်းမသေဘူး ရှင်လည်းမရှင်ဘူးမယ်ပျင်း၊ မင်းရဲ့အခြေအနေက အခုကြားကာလတစ်ခုကိုရောက်နေတာပဲ”
“ကျုပ်မသေချင်ဘူး၊ ကျုပ်အသက်ရှင်ချင်တယ် ကျုပ်ကိုကယ်ပါ ဘာဘာကြီး”
“မင်းကိုငါကယ်လို့မရဘူး မင်းကိုယ်ကယ်ရမှာ မင်းကိုယ်တိုင်ပဲ”
“ကျုပ် . .ကျုပ်က သေတော့မှာလေ၊ နောက်ပြီးကျုပ်ဆီမှာ လက်နက်လည်းမရှိတော့ဘူး၊ ကျုပ်ရဲ့အစောင့်အရှောက်တွေကလည်း ကျုပ်ဆီကနေထွက်သွားတော့မယ်မဟုတ်လား၊ ကျုပ်က လမ်းဆုံးနေပါပြီ၊ မယ်ယမင်းရဲ့လက်ထဲမှာ ကျုပ်အသက်ဆုံးနေပါပြီ”
ဘာဘာကြီးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာ
“လောကမှာ ဘယ်လိုသတ္တဝါတွေ၊ ဘယ်လိုလက်နက်တွေက ခြိမ်းခြောက်နေပါစေ၊ သူတို့က မင်းကိုထိခိုက်အောင်မလုပ်နိုင်ဘူး၊ မင်းရင်ထဲက အကြောက်တရားကသာ မင်းကိုထိခိုက်အောင်လုပ်နိုင်တာပဲမယ်ပျင်း”
မယ်ပျင်းမျက်လုံးများပြူးကျယ်သွားသည်။
“မင်းကြောက်တယ်လို့ထင်တဲ့အရာတွေကသာ မင်းကိုခြိမ်းခြောက်နိုင်တာ၊ မင်းကိုအန္တရာယ်ပြုနိုင်တာပါ၊ အဲဒီအကြောက်တရားတွေ မင်းရဲ့နှလုံးသားထဲမှာ ကင်းစင်သွားပြီဆိုရင် မင်းကိုဘယ်အရာကမှ မထိခိုက်စေနိုင်တော့ဘူး”
“ဘယ်လိုလုပ်ရမလဲ၊ ကျုပ်ဘယ်လိုလုပ်ပြီး အကြောက်တရားတွေ ကင်းစင်အောင်လုပ်ရမှာလဲ”
“လူတွေဟာလေ လွယ်တာတွေကိုခက်အောင်လုပ်တတ်ကြတယ်၊ သေးနုပ်တဲ့အရာတွေကို ကြီးမားသယောင်ပုံကြီးချဲ့တတ်ကြတယ်ကွ၊ တကယ်တော့ အကြောက်တရားကင်းအောင်လုပ်တဲ့နည်းလမ်းက လွယ်လွယ်ကလေးပါ မင်းဘာကိုမှမကြောက်နဲ့”
ဘာဘာကြီးမှာ မယ်ပျင်းအနီးသို့တိုးကပ်လာပြီး
“မင်းရဲ့စိတ်ကိုတည်ငြိမ်နေတဲ့ရေမျက်နှာပြင်ကလေးလို ငြိမ်သက်နေအောင်ထားစမ်းပါ၊ မင်းရဲ့စိတ်က တည်ငြိမ်နေရင် မင်းကိုဘယ်လိုအရာမျိုးကမှ မလှုပ်ခတ်စေတော့ဘူး”
ဘာဘာကြီးမှာ ပြောဆိုရင်းမယ်ပျင်း၏နဖူးတည့်တည့်သို့လက်ညှိုးဖြင့်ထောက်လိုက်လေသည်။ ထိုအခါ မယ်ပျင်း၏စိတ်အတွင်းမှ အစိုင်အခဲများအတွေးအခေါ်များမှာ ဝုန်းခနဲပေါက်ကွဲထွက်သွားသကဲ့သို့ခံစားလိုက်ရပြီး ဦးခေါင်းကြီးတစ်ခုလုံးပေါ့ပါးသွားသကဲ့သို့ခံစားလိုက်ရသည်။ ဘာဘာကြီးမှာ တစ်ချက်ပြုံးလိုက်ပြီး
“အိမ်ပြန်တော့မယ်ပျင်း . . .မင်းအိမ်ကိုပြန်လိုက်တော့”
ဘာဘာကြီး၏အသံမှာ တဖြည်းဖြည်းဝေးကွာသွားပြီးသည့်နောက် မယ်ပျင်း၏အတွေးအာရုံထဲမှ ပျောက်ကွယ်သွားလေသည်။ မယ်ပျင်းမှာ မျက်လုံးပြူးအောင်ဖွင့်လိုက်ကာ ရုတ်တရက်ကောက်ကာငင်ကာ မတ်တပ်ထလိုက်လေသည်။
မယ်ပျင်းအားသေပြီအထင်နှင့်ကြည့်နေကြသည့်လူအားလုံးမှာ ဟာခနဲဟင်ခနဲဖြစ်သွားကြသည်။ မယ်ပျင်းက အနီးသို့တစ်လှမ်းချင်းတိုးကပ်လာလေသည်။ မယ်ယမင်းက ပြဒါးရှင်လုံးမှ အလင်းတန်းများကို အားမြှင့်တင်လိုက်ကာ ဆက်လက်ပစ်ခတ်သည်။ သို့သော်လည်း ထိုအလင်းတန်းများမှာ မယ်ပျင်းအားထိခိုက်စေခြင်းမရှိတော့ပေ။ ရာကူးမှာ အလွန်အံ့သြနေကာ
“ဘယ်လိုဖြစ်တာလဲ၊ မယ်ပျင်း . . . မယ်ပျင်းက ဘယ်လိုဖြစ်သွားတာလဲ”
မယ်ပျင်းမှာ အရှေ့သို့တစ်လှမ်းချင်းလှမ်းလျှောက်လာရင်း မယ်ယမင်းအရှေ့သို့ရောက်လာခဲ့သည်။ မယ်ယမင်း၏နဖူးတွင်ရှိနေသည့် ပြဒါးရှင်လုံးကို လက်ဖြင့်ဆွဲယူလိုက်သည့်အခါ မယ်ယမင်းမှာ ဒူးများညွတ်ခွေကျသွားတော့သည်။
“ဘယ်လိုဖြစ်တာလဲ၊ မင်းဘယ်လိုဖြစ်တာလဲ”
“ကျုပ်ရဲ့နှလုံးသားက ဖြူစင်သွားပြီ၊ ကျုပ်ဘယ်အရာကိုမှမကြောက်တော့ဘူး၊ ဟောဒီပြဒါးရှင်လုံးကိုလည်း မကြောက်တော့သလို ရှင့်ကိုလည်းမကြောက်တော့ဘူး မယ်ယမင်း”
မယ်ပျင်းက ပြဒါးရှင်လုံးကို ပြိုင်ပွဲကွင်းအတွင်းတစ်နေရာသို့ လွှင့်ပစ်လိုက်လေသည်။
“သတ္တိဆိုတာ လက်နက်မှာမရှိဘူး မယ်ယမင်း၊ သတ္တိဆိုတာ နှလုံးသားမှာရှိတာ၊ မင်းမှာသတ္တိမရှိသရွေ့ကတော့ လက်နက်ဘယ်လောက်ကောင်းကောင်း မင်းကအမြဲကျရှုံးနေမှာပဲ”
မယ်ပျင်းက လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ပြီး
“ဒါက ငါ့အမေအတွက်”
ဟုရေရွတ်လိုက်ကာ မယ်ယမင်း၏မျက်နှာကို လက်သီးဖြင့်ထိုးထည့််လိုက်သည်။ မယ်ပျင်း၏ ထိုးနှက်ချက်ကြောင့် မယ်ယမင်း၏ဦးခေါင်းမှာ တစ်ဖက်သို့လည်ထွက်သွားလေသည်။ မယ်ပျင်းက မယ်ယမင်း၏ ဆံထုံးကိုလက်တစ်ဖက်နှင့်ဆွဲကိုင်လိုက်ရင်း
“ဟောဒါကတော့ ကိုလူအေးအတွက်”
မယ်ပျင်းက မယ်ယမင်း၏ညာဘက်ပါးပြင်ကိုထိုးနှက်လိုက်ပြန်သည်။ ထိုသို့နှင့် မယ်ပျင်းက မယ်ယမင်းလက်ချက်ကြောင့် သေဆုံးခဲ့ရသည့်လူများအတွက် ရေရွတ်ရင်း လက်သီးချက်များဖြင့် တစ်ချက်ပြီးတစ်ချက်ထိုးနှက်သည့်အခါ မယ်ယမင်း၏မျက်နှာတစ်ခုလုံးမှာ ပေါက်ပြဲစုတ်ပြတ်နေပြီး သွေးစိမ်းရှင်ရှင်စီးကျနေလေသည်။
“ဟောဒါကတော့ ငါ့အတွက်၊ ငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့အတွက်ပဲ”
မယ်ပျင်းက ညာလက်သီးတွင်အားထည့်လိုက်ပြီး မယ်ယမင်း၏ မေးရိုးကိုပင့်လက်သီးဖြင့် အားကုန်ထိုးနှက်လိုက်သည့်အခါ မယ်ယမင်းမှာ မိုးပေါ်သို့မြောက်တက်သွားပြီး အနောက်သို့လဲကျသွားကာ မြေပြင်ပေါ်မှ ပြန်မထနိုင်တော့ပေ။
မယ်ပျင်းက မယ်ယမင်းအနီးသို့ တဖြည်းဖြည်းလျှောက်လှမ်းသွားပြီး မယ်ယမင်း၏မျက်နှာကိုတံတွေးဖြင့် ပစ်ထွေးလိုက်ပြီး
“နင့်လိုကောင်မမျိုးကို ငါဘာပညာမှမသုံးဘဲနဲ့ လက်ချည်းဗလာနဲ့အနိုင်ယူလို့ရတယ်ဆိုတာကို ညည်းသိထားစမ်းပါ မယ်ယမင်းရဲ့”
ရာကူးမှာ မတ်တတ်ရပ်ကာကြည့်နေရာမှာ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ကျသွားလေသည်။ ငြိမ်သက်စွာကြည့်ရှုနေကြသည့် ပွဲကြည့်ပရိသတ်များမှာ ထိုအချိန်မှ တခဲနက်အော်ဟစ်ကာ အားပေးကြသည်။
(၃)
“အားလုံးရပ်လိုက်ကြစမ်း”
ထိုစဉ် အော်သံကြီးတစ်ခုပေါ်ထွက်လာပြီးနောက် ကောင်းကင်ယံထက်ဆီမှ မြွေနဂါးနက်ကြီးတစ်ကောင်က ပျံသန်းကာ ပြိုင်ပွဲကွင်းအတွင်းဆင်းသက်လိုက်လေသည်။ မြွေနဂါးနက်ကြီးဦး ဦးခေါင်းထက်ပေါ်တွင် အနောက်မယ်တော်က လိုက်ပါလာသည်။ အနောက်မယ်တော်ရောက်ပြီးသည်နှင့် မကြာခင်အချိန်မှာပင် မြောက်ဘက်မယ်တော်မှာ သိမ်းစွန်ငှက်ကြီးစီး၍လည်းကောင်း၊ တောင်ဘက်မယ်တော်မှာ နှစ်တစ်ထောင်ကမ္ဘာလိပ်ကြီးစီး၍လည်းကောင်း ဆင်းသက်လာကြသည်။
မယ်တော်များရောက်လာကြသဖြင့် ပြိုင်ပွဲကွင်းကြီးအတွင်းငြိမ်သက်သွားကြလေသည်။ အနောက်မယ်တော်က အနက်ရောင်ပုရပိုက်ကလေးတစ်ခုကိုဖွင့်လိုက်ကာ
“မယ်တော်တွေလိုက်နာရမယ့် စည်းမျဉ်းအမှတ် ငါးဆယ်အရ မယ်တော်တစ်ယောက်ကိုယှဉ်ပြိုင်အနိုင်ယူမယ့်လူက ကျန်တဲ့မယ်တော်သုံးပါးကိုပါ အနိုင်ယူရမယ်လို့ ရေးသားထားတယ်မယ်ပျင်း၊ ဒါကြောင့် မင်းမယ်တော်ဖြစ်ချင်ရင် ငါတို့သုံးယောက်နဲ့ပါ ဆက်ပြီးယှဉ်ပြိုင်ရလိမ့်မယ်”
ထိုအခါ မယ်ပျင်းက ဟက်ဟက်ပက်ပက်ရယ်မောကာ
“ဟား ဟား အဲဒီစည်းမျဉ်းကိုဘယ်သူရေးတာလဲမှတ်တယ်၊ ရှင်ကိုယ်တိုင်ရေးတာမဟုတ်လား၊ အနက်ရောင်ပုရပိုက်ကလည်း ရှင့်ဆီမှာ၊ အနက်ရောင်ပုရပိုက်မှာ ဖြည့်စွက်ခွင့်ရှိတဲ့ ကဝေသာရဘိုးဘိုးကြီးကလည်း ရှင့်လက်ထဲမှာမဟုတ်လား၊ ဒါကိုရှင်ကိုယ်တိုင်သိရက်နဲ့ စည်းမျဉ်းတွေဘာတွေပြောဆိုပြီး ကျုပ်ကိုလှည့်စားဖို့မကြိုးစားပါနဲ့ရှင်”
မယ်ပျင်းက ခါးထောက်လိုက်ကာ
“အော် မယ်တော်တွေ၊ မယ်တော်တွေ သူတို့မယ်တော်တစ်ယောက်ကိုထိမှာကြောက်တော့ စည်းမျဉ်းတွေဘာတွေကိုတောင် လိုချင်သလိုထပ်ဖြည့်ပြီး လုပ်ချင်တိုင်းကို လုပ်နေကြပါလား”
“အပိုမပြောနဲ့မယ်ပျင်း၊ မင်းအတွက်လည်း စည်းမျဉ်းကိုထပ်ဖြည့်ရေးခဲ့တာပဲမဟုတ်လား၊ အခုမင်းကို ငါနှစ်ခွန်းပဲမေးမယ်၊ မင်းအရှုံးပေးမှာလား၊ ဒါမှမဟုတ် ငါတို့နဲ့ထပ်ပြီးယှဉ်ပြိုင်မှာလား”
“ရှင်တို့မယ်တော် သုံးယောက်ပဲလာလာ၊ ဆယ်ယောက်ပဲလာလာ၊ တစ်ကမ္ဘာလုံးကလူတွေပဲလာလာ ကျုပ်က ကြောက်မယ်များထင်နေသလား၊ ကျုပ်ရင်ထဲမှာ ဖြူစင်သွားပြီ၊ ကျုပ်နှလုံးသားက အေးချမ်းသွားပြီ၊ ကျုပ်က အကြောက်တရားကိုအနိုင်ရခဲ့ပြီ၊ ရှင်တို့အားလုံးကို ကျုပ်မကြောက်ဘူး”
“မင်းကတော်တော်ဆိုးသွမ်းတဲ့လူပဲကွ၊ ဒီမယ် မယ်ပျင်း၊ မင်းလိုလူမျိုးကို မယ်တော်အဖြစ်ဘယ်သူမှ မလိုလားဘူး၊ ကဝေသာရဘိုးဘိုးကြီးကလည်း မလိုလားခဲ့လို့ ဟောဒီကျမ်းကို ဖြည့်စွက်ခဲ့သလို၊ ငါတို့တွေလည်း မင်းလိုလက်ရဲဇက်ရဲသတ်ဖြတ်နေတဲ့လူတစ်ယောက်ကို မယ်တော်အဖြစ်အလိုမရှိဘူး၊ မင်းရဲ့သတ္တိကိုတော့ ငါလေးစားပါတယ်၊ ဒါပေမယ့် မင်းသေရမယ် မယ်ပျင်း”
မယ်တော်သုံးပါးမှာ လက်နက်များကိုအသင့်ပြင်ဆင်လိုက်ကြလေသည်။ မယ်ပျင်းကလည်း ခါးနှစ်ဖက်ထောက်လိုက်ရင်း
“လာကြစမ်းပါ၊ ရှင်တို့သုံးယောက်စလုံး ပြိုင်ပြီးတက်လာခဲ့စမ်းပါ၊ မယ်ပျင်းရိုက်မှ နာတယ်လို့တော့ မအော်ကြေးနော် ဟား ဟား”
ထိုစဉ် မယ်ပျင်းအရှေ့သို့ သာစံကပြေးထွက်လာလေသည်။
“တော်ပါတော့အမေရာ၊ အမေတော်လိုက်ပါတော့”
“ဟဲ့သား၊ မင်းဘေးဖယ်နေစမ်း”
“အမေဘာဖြစ်လို့ သူတို့နဲ့ပြိုင်တိုက်မှာလဲအမေ၊ အမေက မယ်တော်ရာထူးကို ဒီလောက်တောင်မက်မောနေတာလား”
“မဟုတ်ဘူးသား၊ မယ်တော်ဆိုတဲ့ရာထူးကိုအမေမလိုချင်ဘူး”
“ဒါဖြင့်ရင် ဘာဖြစ်လို့သူတို့နဲ့ယှဉ်ပြိုင်တိုက်ခိုက်နေမှာလဲအမေ၊ ကျုပ်က မယ်တော်ရဲ့သားလည်းမဖြစ်ချင်ဘူး၊ ကျုပ်လိုချင်တာအမေပဲ၊ အမေမယ်တော်ဖြစ်ဖြစ်မဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး၊ ဒါကြောင့်မို့လို့ အမေအခုလက်လျှော့လိုက်ပါတော့အမေရာ၊ ဒီပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ပါတော့”
“ဟဲ့သာစံ၊ အမေက မယ်တော်ဖြစ်ချင်လွန်းလို့ သူတို့နဲ့တိုက်ခိုက်မှာမဟုတ်ဘူး၊ သူတို့က အမေ့ကိုစော်ကားတယ်၊ ဒီလူယုတ်မာတွေစုပေါင်းပြီး အမေ့ကိုအမျိုးမျိုးချောက်ချတယ်၊ မကောင်းကြံချောက်တွန်းတယ်၊ အမေအခုသူတို့နဲ့တိုက်ခိုက်တယ်ဆိုတာကလည်း အမေအမှန်တရားကိုလိုချင်လို့၊ ဒီလူယုတ်မာတွေ ပူးပေါင်းပြီးတော့ အမေ့ကိုအကောက်ကြံခဲ့ပါတယ်ဆိုတာကို လူတွေအားလုံးသိသွားစေချင်လို့ ဒါပဲငါ့သား”
ထိုအခါ ဗေဒါရီနှင့်လူအများက ကွင်းအထဲသို့ဝင်လာခဲ့ကြသည်။
“အမှန်တရားကိုရဖို့ ရှင့်အသက်နဲ့ရင်းစရာမလိုပါဘူးမယ်ပျင်း”
ဗေဒါရီနှင့်အတူတူပါလာသည့်လူများမှာ စုန်းကောင်စီမှ လုံခြုံရေးမှူးများဖြစ်ကြပြီး ပွဲကြည့်စင်ပေါ်တွင်ရှိနေသည့် ရာကူးနှင့်အပေါင်းအပါများကို ဝန်းရံလိုက်လေသည်။ ရာကူးက အံ့အားသင့်စွာဖြင့်
“ဗေဒါရီ မင်းက ဘာအဆင့်ရှိလို့ ငါ့ကိုလူတွေနဲ့လာဝိုင်းရတာလဲ”
“ရာကူး ရှင့်ကို ဓါးပြမှုှု၊ လူသတ်မှု၊ အဂတိလိုက်စားမှုတွေနဲ့ ကောင်စီက ဖမ်းဆီးခွင့်ပေးလိုက်ပြီ”
ဗေဒါရီက ထိုသို့ပြောဆိုလိုက်ရင်း ကောင်စီကချမှတ်လိုက်သည့် အမိန့်ကိုဖတ်ပြလိုက်ပြီး ရာကူးကြံစည်ကျူးလွန်ခဲ့သည့် ပြစ်မှုများကို အားလုံးကြားသိစေရန်ပြောပြလိုက်လေသည်။ ရာကူးမှာ တုန်လှုှုပ်ခြောက်ချားနေလေသည်။
“မင်းတို့တွေလိမ်နေတာ မင်းတို့တွေဝိုင်းပြီး ညာနေကြတာပဲ၊ ဒါတွေငါလုပ်ခဲ့ပါတယ်လို့ ဘယ်သူပြောသလဲ”
ထိုအခါ ရာကူးနံဘေးတွင် မတ်တပ်ရပ်နေသည့် ရာမူးက
“ကျုပ်ဝန်ခံပါတယ်အကိုကြီး၊ ဗေဒါရီပြောခဲ့တာတွေအကုန်လုံးက အမှန်တွေပဲဆိုတာကို ကျုပ်ဝန်ခံပါတယ်”
ရာကူးက ရာမူးဘက်သို့လှည့်လိုက်ကာ ရာမူးဝတ်ဆင်ထားသည့် အင်္ကျီလည်ပင်းစအား ဆွဲလိုက်ပြီး
“ရာမူး မင်းဘာလုပ်တာလဲ၊ မင်းညီအကိုအချင်းချင်း ဒီလိုသစ္စာဖောက်ရသလားကွ”
ရာမူးက ရာကူး၏လက်အားပုတ်ထုတ်လိုက်ပြီး
“ဒီမှာအကိုကြီး ညီအကိုအချင်းချင်းသစ္စာအရင်ဖောက်တာ ဘယ်သူလဲ၊ အကိုကြီးက အဲဒီအာဏာတွေ ရာထူးတွေကိုမက်မောလို့ ကျုပ်တို့ညီအကိုတွေကို အရင်အသုံးချခဲ့တာအကိုကြီးပဲမဟုတ်လား၊ မယ်တော်ကိုထိန်းချုပ်ချင်တာနဲ့ ညီလေးရာဂျာကိုမယ်ပျင်းနဲ့အတင်းလက်ထပ်ယူစေခဲ့တာအကိုကြီးပဲ၊ နောက်ဆုံး ညီလေးရာဂျာကို ဆေးခတ်ပြီးသတ်ပစ်လိုက်တာလဲ အကိုကြီးပဲ၊ ဒါတင်မကသေးဘူး အကျဉ်းကျနေတဲ့မယ်ပျင်းကို စိတ်နာအောင်လို့ဆိုပြီး သာစံကိုမယ်ပျင်းမကောင်းကြောင်းတွေ ခုနစ်နှစ်တိတိခေါင်းထဲရိုက်သွင်းပြီး သားအမိချင်းရန်တိုက်ပေးတာလဲ အကိုကြီးအကြံအစည်ပဲလေ၊ အကိုကြီးက ကမ်းကုန်အောင်ယုတ်မာပေမယ့် ကျုပ်ကတော့ အကိုကြီးလိုမယုတ်မာနိုင်ဘူး”
ရာကူးမှာ ထိုင်ခုံတွင်ထိုင်ကျသွားလေသည်။ ရာမူးက ရာကူး၏မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးရင်း
“ခင်ဗျားလို အာဏာရူးတစ်ယောက်ရဲ့ပါးစပ်ထဲကနေပြီး ညီအကိုသစ္စာဆိုတဲ့စကားထပ်မပြောပါနဲ့၊ မတန်ဘူး၊ ကြာကြာပြောရင် ခင်ဗျားပါးစပ်ပုတ်ပွသွားလိမ့်မယ်”
ရာကူးက ပရိသတ်များဘက်သို့ကြည့်ရင်း
“အားလုံးအရှေ့မှာပဲ ကျုပ်ဝန်ခံချင်ပါတယ်၊ အကိုကြီးခိုင်းစေလို့ မြိုင်သာကောင်စီငွေတိုက်ကို ဖောက်ခဲ့တာ ကျုပ်ပါပဲ၊ ဖောက်ပြီးတော့ အဲဒီငွေတိုက်ထဲက ငွေတွေကိုလည်း ကျုပ်တို့ခြံထဲမှာဖွက်ထားခဲ့ပါတယ်၊ ဘာဖြစ်လို့အဲဒီလိုငွေတိုက်ကိုဖောက်ရသလဲဆိုရင် မယ်ပျင်းငွေတိုက်ဖောက်ပါတယ်ဆိုပြီး ချောက်တွန်းဖို့အတွက် လုပ်ခဲ့တာပါပဲ”
ရာမူးက မယ်ပျင်းကိုကြည့်ကာ
“ကျုပ်ခင်ဗျားကိုတောင်းပန်ပါတယ်မယ်ပျင်း၊ ရာဂျာက သူမသေခင် ခင်ဗျားကိုစောင့်ရှောက်ပေးပါဆိုပြီး ကျုပ်ကိုမှာသွားခဲ့တယ်၊ ခင်ဗျားကိုမစောင့်ရှောက်နိုင်ခဲ့တဲ့အပြင် ခင်ဗျားကိုဒုက္ခရောက်အောင်လုပ်မိလို့ ကျုပ်စိတ်မကောင်းပါဘူး”
မယ်ပျင်းမှာ အလွန်မုန်းတီးစွာဖြင့်ရာကူးအားကြည့်နေလေသည်။ ထိုအခါ ရာကူးက အရူးကြီးတစ်ယောက်လို ရယ်မောနေလေသည်။
“အားလုံးရှင်းနေပြီဖြစ်လို့ တရားခံရာကူးကို တရားစွဲဆိုစစ်ဆေးဖို့အတွက် ကြေးတိုက်ထဲမှာချုပ်နှောင်ထားမှာဖြစ်ပါတယ်”
ဗေဒါရီပြောလိုက်သည့်အခါ လုံခြုံရေးမှူးများက ရာကူးအနီးသို့ တိုးကပ်လိုက်ကြသည်။ ရာကူးက မတ်တတ်ထရပ်လိုက်ပြီး
“မလုပ်နဲ့၊ မလုပ်ကြနဲ့ ငါကြေးတိုက်ထဲမဝင်ချင်ဘူး၊ ကြေးတိုက်ထဲကို ငါ့ကိုမပို့ပါနဲ့”
ရာကူးက အော်ဟစ်ရင်းလည်ပင်းတွင်ဆွဲထားသည့် ဆွဲသီးကလေးကိုဆွဲဖြုတ်လိုက်လေသည်။ ထိုဆွဲသီးကလေးမှာ အစိမ်းရောင်ကျောက်ကလေးတစ်ခုဟု ထင်ရသော်လည်း အမှန်စင်စစ်အားဖြင့် ပုလင်းကလေးတစ်လုံးဖြစ်နေလေသည်။ ရာကူးက ထိုပုလင်းကလေးကိုဖွင့်လိုက်ပြီးနောက် ပုလင်းအတွင်းရှိအရည်များကို ပါးစပ်အတွင်းသို့လောင်းထည့်လိုက်သည်။ လောင်းထည့်ပြီးမကြာခင်မှာပင် ရာကူးမှာ ဒယိမ်းဒယိုင်ဖြစ်သွားကာ ပွဲကြည့်စင်ပေါ်မှနေ၍ ပြိုင်ပွဲကွင်းအတွင်းသို့ ဇောက်ထိုးကျပြီး သေဆုံးသွားလေတော့သည်။
ဗေဒါရီက တစ်ချက်မဲ့လိုက်ရင်း
“ရာကူးက အနိုင်ပိုင်းသွားတာပဲ၊ တကယ်ဆိုရင် ဒီလိုလွယ်လွယ်နဲ့မသေဘဲ ကြေးတိုက်ထဲမှာအပိတ်ခံရပြီး စိတ်ဖောက်သွားသင့်တာ”
“သူ့မှာသေဖို့နည်းလမ်းကလွဲပြီး တခြားထွက်ပေါက်မရှိဘူးဆိုတာကို သူသိနေတာပဲ”
ကောင်စီလူကြီးတစ်ယောက်က အရှေ့သို့ထွက်သွားလိုက်ကာ
“အခု ရာကူးလည်းသေသွားပြီဆိုတော့ ကျုပ်က ကောင်စီရဲ့ယာယီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဟောဒီပြိုင်ပွဲကိုဖျက်သိမ်းကြောင်း ကြေငြာလိုက်ပါတယ်၊ မယ်တော်ရာထူးကိုလည်း ကောင်စီဝင်တွေ စည်းဝေးပြီး ဘယ်သူဖြစ်သင့်တယ်ဆိုတာကို ပြန်လည်ရွေးချယ်တင်မြှောက်ပါမယ်”
ဗေဒါရီက ပြုံးလျှက်မယ်ပျင်းကိုကြည့်လိုက်သည်။ မယ်ပျင်းက ခေါင်းခါလိုက်ရင်း
“ကျုပ်လည်းတစ်ခုကြေငြာပါမယ်၊ အဲဒီ နောက်ချေးလောက်တောင်အဖိုးမတန်တဲ့ မယ်တော်ဆိုတဲ့ရာထူးကိုလည်း ကျုပ်ကရာသက်ပန်စွန့်လွတ်ပါတယ်၊ ဒါပေမယ့် ကျုပ်လိုချင်တာ တစ်ခုရှိသေးတယ်”
မယ်ပျင်းက မယ်ယမင်းကိုကြည့်ုလိုက်ရင်း
“မယ်ယမင်း ညည်းငါ့ကိုတောင်းပန်ရမယ်၊ ညည်းလုပ်ခဲ့တာတွေအကုန်လုံးအတွက် ညည်းငါ့ကိုတောင်းပန်ရမယ်”
ြိပိုင်ပွဲကွင်းအတွင်းရှိ လူများမှာ မယ်ယမင်းအားငေးစိုက်ကြည့်လိုက်ကြသည်။ မယ်ယမင်းမှာ တွေတွေကြီးရပ်နေလေသည်။ ထိုအခါ ပရိသတ်များက မယ်ယမင်းတောင်းပန်ရန်အတွက် အော်ဟစ်ကာတောင်းဆိုကြလေသည်။ မယ်ယမင်းမှာ မယ်ပျင်းအရှေ့သို့လှမ်းလျှောက်လာပြီး မယ်ပျင်းအရှေ့တွင်ဒူးထောက်ထိုင်ချလိုက်သည်။
“ငါတောင်းပန်ပါတယ်မယ်ပျင်း၊ ငါနင့်အပေါ်လုပ်ခဲ့တာတွေအားလုံးအတွက် ငါတောင်းပန်ပါတယ်၊ ငါနင့်ဆီက ခွင့်လွှတ်မှုကိုမမျှော်လင့်ရဲပါဘူး၊ နင် . . နင်ငါ့ကိုသတ်လိုက်ပါ”
မယ်ယမင်းမှာ မယ်ပျင်းအရှေ့တွင် လည်စဉ်းပေးလိုက်လေသည်။
“ဒီလိုယုတ်မာကောက်ကျစ်တဲ့ မိန်းမယုတ်ကို သတ်ပစ်လိုက်စမ်းပါ”
“ဟုတ်တယ်၊ မယ်တော်လုပ်ပြီး စိတ်ဓါတ်အောက်တန်းကျတဲ့ မိန်းမကို သတ်သာသတ်ပစ်လိုက်စမ်းပါမယ်ပျင်း”
“ဒီမိန်းမကို လူလို့တောင်မခေါ်သင့်ဘူး၊ ခွေးနဲ့နှိုင်းရင်တောင် ခွေးသိက္ခာကျမယ့် မိန်းမမျိုးပဲ”
လူအများက အော်ဟစ်ကာ မယ်ပျင်းအားသတ်ခိုင်းကြလေသည်။ မယ်ပျင်းက ဘယ်ဖက်လက်ကိုလေပေါ်မြှောက်တင်လိုက်သည့်အချိန် ပြိုင်ပွဲကွင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားသည်။ မယ်ပျင်းက မယ်ယမင်း၏ပါးကို လက်ဝါးနှင့်ရိုက်ချလိုက်ရင်း
“ငါနင့်ကိုချမ်းသာပေးလိုက်မယ် မယ်ယမင်း”
အားလုံး အံ့အားသင့်ကုန်ကြသည်။ မယ်ယမင်းမှာ မယ်ပျင်းအား အံ့သြသည့်အကြည့်များဖြင့် ကြည့်နေမိသည်။
“ငါနင့်ကိုမသတ်ဘူးဆိုတာ မသတ်ချင်လို့တော့မဟုတ်ဘူး၊ နင့်ကိုယ်နင်အရှက်ရအောင်လို့၊ နင်က ငါ့ဘဝတစ်လျှောက်လုံး ငါ့ကိုအမျိုးမျိုးဒုက္ခပေးခဲ့တယ်၊ ငါ့ကိုအကြိမ်ကြိမ်သတ်ဖို့ကြိုးစားခဲ့သလို ငါ့ဘဝကိုလည်း စုတ်ပြတ်သပ်နေအောင်လုပ်ခဲ့တယ်၊ နင်ဒီလောက်လုပ်ခဲ့တာတောင်မှ နောက်ဆုံးငါက နင့်အသက်ကိုချမ်းသာပေးရတယ်ဆိုတဲ့ အသိကို နင့်ခေါင်းထဲကိုဝင်စေချင်တယ်၊ ငါ့အကြောင်းကို နင်အမြဲတမ်းစဉ်းစားပြီးတော့ နင်တစ်ဘဝလုံးရှက်နေသင့်တယ် မယ်ယမင်း”
မယ်ယမင်းမှာ မျက်နှာကိုလက်ဖြင့်အုပ်ကာ ငိုကြွေးနေတော့သည်။ ထိုအခါ အနောက်မယ်တော်က လက်ခုပ်တီးလျှက်
“ခွင့်လွှတ်သူက နိုင်စမြဲပဲ မယ်ပျင်း၊ မင်းဟာ မင်းအပေါ်ရက်စက်ခဲ့တဲ့သူတွေကိုတောင်မှ ခွင့်လွှတ်နိုင်တာကိုတွေ့ရတော့ မင်းစိတ်ထားဘယ်လောက်မြင့်မြတ်တယ်ဆိုတာ ငါသိသွားပါပြီ၊ ငါလည်းမင်းကိုတောင်းပန်ပါတယ်မယ်ပျင်း၊ အရာအားလုံးအတွက် တောင်းပန်ပါတယ်”
မယ်ပျင်းမှာခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ပြိုင်ပွဲကွင်းအတွင်းမှ ထော့နဲ့ထော့နဲ့နှင့်ထွက်ခွာသွားလေသည်။ သာစံက မယ်ပျင်းအားပြေးတွဲလိုက်ကာ သားအမိနှစ်ယောက်ထွက်လာခဲ့ကြသည်။
“အမေတို့အိမ်ပြန်မယ်သား၊ ဒါပေမယ့် မြိုင်သာမြို့ကအိမ်ကိုတော့မဟုတ်ဘူး ဖက်လိပ်ရွာကိုပြန်ကြမယ်”
သို့နှင့် မယ်ပျင်းတို့သားအမိမှာ မြိုင်သာမြို့ကိုစွန့်ခွာ၍ ဖက်လိပ်ရွာသို့ပြန်လာခဲ့ကြသည်။ ဖက်လိပ်ရွာတွင်ပြန်နေသည့်အခါ မယ်ပျင်းအား ရွာသူရွာသားများပါမက သူကြီးဦးဖိုးမောင်ပါ မကန့်ကွက်ရဲကြပေ၊ မယ်ပျင်းမှာ မီးလောင်ပြာကျနေသည့် အိမ်ရာဟောင်းအားကြည့်လိုက်ရင်း မျက်ရည်များပင်ကျမိသည်။
“နောက်ဆုံးတော့ အိမ်ကိုပြန်ရောက်ခဲ့ပြီပေါ့”
ိ
သာစံမှာအပျက်အစီးများကိုကြည့်နေရင်း
“အိမ်ကိုပြန်ရောက်တော့ ဘွားဘွားကြီးကိုသတိရလိုက်တာ အမေရာ”
မယ်ပျင်းမှာ ပါးပြင်တွင်စီးကျလာသည့် မျက်ရည်များကိုသုတ်လျှက်
“သားအပင်ပန်းခံမနေပါနဲ့ကွယ်၊ ဒီအိမ်ကြီးလောက်က အမေ့ပညာနဲ့ဆောက်လို့ရပါတယ်ကွဲ့”
“မဟုတ်တာပဲအမေရာ၊ အိမ်ကိုသားဆောက်ပေးမှာပေါ့ အလုပ်တစ်ခုကို သိပ်လွယ်လွယ်ကလေး လုပ်နိုင်နေရင် ဘဝကပျော်စရာဘယ်ကောင်းတော့မှာလဲအမေရ”
“ငါ့သားပြောတာလည်းဟုတ်တာပဲနော်”
“အဲဒါသားပြောတာမဟုတ်ဘူး ဦးကြီးရာမူးပြောတာ၊ ဘဝမှာ ကိုယ်လိုချင်သမျှအရာအားလုံးက သိပ်လွယ်လွယ်နဲ့ဖြစ်နေတယ်ဆိုရင် အဲဒီဘဝကြီးက ငြီးငွေ့စရာကောင်းနေမှာပေါ့တဲ့”
မယ်ပျင်းမှာ ခေါင်းတဆတ်ဆတ်ညိတ်နေမိသည်။
သာစံနှင့်မြိုင်သာမြို့မှခေါ်ဆောင်လာသည့် လက်သမားများ၏ကြိုးပမ်းမှုကြောင့် ခုနစ်ရက်ခန့်ကြာသည့်အချိန်မှာပင် အိမ်ကလေးတစ်လုံးမှာရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။ မယ်ပျင်းက ချွေးတပြန်ပြန်နှင့်အလုပ်လုပ်နေသည့် သာစံကိုကြည့်ကာ ပြုံးနေမိသည်။
“ခင်ဗျားအိမ်လေးက မသေးလွန်းဘူးလား မယ်ပျင်းရဲ့”
ခြံအတွင်းသို့ဝင်လာသည့် လူကိုကြည့်လိုက်သည့်အခါ မောင်ဝိုင်းဖြစ်နေလေသည်။ မောင်ဝိုင်းက မယ်ပျင်းထိုင်နေသည့်ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်ကာ ခေါင်းတွင်ဆောင်းထားသည့် ဦးထုပ်ကိုချွတ်လိုက်လေသည်။ မယ်ပျင်းက ဆေးလိပ်ကိုဖွာရင်း
“သားအမိနှစ်ယောက်ပဲနေမှာ ဒီလောက်ပဲပေါ့ မောင်ဝိုင်းရဲ့”
“အခုကတော့ နှစ်ယောက်တည်းပေါ့ဗျာ၊ ဒါပေမယ့် နောက်ပိုင်းသာစံက အိမ်ထောင်တွေဘာတွေကျလာလို့ မြေးလေးတွေမွေးလာရင် ဒီအိမ်က ဘယ်ဆန့်ပါ့မလဲဗျ”
“မဟုတ်တာတွေပြောမနေပါနဲ့မောင်ဝိုင်းရယ်၊ အခုလာတာ ဘာထူးလို့လဲ”
“ရာမူးတို့ စီတာတို့ကို နယ်နှင်လိုက်ပြီ၊ ရာကူးမိသားစုတော်တော်များများလည်း နှယ်နင်ခံရတယ်၊ မာယာကတော့ ရာဂျတ်နဲ့ညားသွားလို့ သူကျန်နေခဲ့တယ်၊ မယ်ယမင်းကိုတော့ ကောင်စီက မယ်တော်ပြန်မြှောက်လိုက်တယ်၊ ဒါပေမယ့် သူလည်း နောက်ဆိုကောင်းကောင်းနေပါ့မယ်ဆိုပြီး ကတိတွေပေးတယ်၊ အရင်ကနဲ့လဲမတူဘဲ တော်တော်ပြောင်းလဲသွားတယ်တဲ့”
“သာစံကို ဒေါ်ဝတုတ်ကိုသတ်တဲ့အမှုနဲဲ့ မြိုင်သာမြို့ကနေ နှယ်နင်လိုက်တယ်၊ ဒါပေမယ့် လုံးဝနှင်လိုက်တာတော့မဟုတ်ဘူး၊ မြိုင်သာမြို့ပေါ်မှာ သုံးရက်ထပ်ပိုပြီးမနေရဆိုတဲ့အမိန့်ချလိုက်တာ”
“သာစံက သူများအသတ်ကိုသတ်မယ့်လူမဟုတ်ဘူး”
“ကျုပ်သိပြီးသားပါ၊ ဒါပေမယ့်လည်း သာစံတစ်ယောက် မြိုင်သာမြို့နဲ့ခပ်ကင်းကင်းနေတာအကောင်းဆုံးပဲမဟုတ်လား”
မယ်ပျင်းက ခေါင်းညိတ်လိုက်လေသည်။
“ဒါနဲ့ မင်းရောမောင်ဝိုင်း၊ မင်းဘာဆက်လုပ်မှာလဲ”
မောင်ဝိုင်းက အိတ်အတွင်းမှ ကတ်ထူပြားကလေးတစ်ခုကိုထုတ်ပေးလိုက်လေသည်။ မယ်ပျင်းက ကတ်ထူပြားပေါ်တွင်ရေးထားသည့်စာများကိုတစ်ချက်ဖတ်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်
“ကျုပ်နဲ့ ဗေဒါရီတို့ရဲ့မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ပေးဖို့ မြိုင်သာဘုရင်မကြီးကို ဖိတ်ကြားပါတယ်”
မောင်ဝိုင်းက ရယ်ကျဲကျဲနှင့်ပြောလိုက်သည့်အခါ မယ်ပျင်းက တဟားဟားနှင့်ရယ်မောလိုက်လေသည်။
“မင်းတို့နှစ်ယောက် ပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊ မင်္ဂလာပွဲကိုတော့ ငါမလာတော့ဘူး”
မောင်ဝိုင်းက ခေါင်းညိတ်လိုက်ကာ
“သူများကိုတော့ ပျော်ရွှင်ပါစေဆိုပြီးဆုတောင်းပေးတယ်၊ ဒါပေမယ့် ခင်ဗျားကရောမယ်ပျင်း၊ ခင်ဗျားရော အခုလိုနေတာပျော်ရဲ့လား”
မယ်ပျင်းကပြုံးလျှက်
“ပျော်တယ်တော့မဟုတ်ဘူး၊ အေးချမ်းသွားပြီဆိုပါတော့၊ ငါ့ဘဝတစ်လျှောက်လုံး အမုန်းတရားတွေ၊ နာကြည်းချက်တွေ၊ လက်စားချေမယ်ဆိုတဲ့ ဒေါသတွေကိုဆုပ်ကိုင်ပြီး ကြီးပြင်းခဲ့ရတယ်၊ အခုတော့ ငါအားလုံးကိုလွှတ်ချလိုက်ပြီ၊ ဒီအရာတွေမရှိတော့ ငါ့ရင်ထဲမှာ တော်တော်ပေါ့ပါးသွားတယ်၊ အေးချမ်းတယ် ငြိမ်းချမ်းတယ်ဆိုတာ ဒီအရသာကိုပြောတာဖြစ်မယ်မောင်ဝိုင်း”
မောင်ဝိုင်းက မတ်တပ်ထရပ်လိုက်ပြီး ဦးထုပ်ကိုဆောင်းလိုက်ကာ
“ခင်ဗျားတို့သားအမိ အဆင်ပြေပါစေလို့ပဲ ကျုပ်ဆုတောင်းပါတယ်တယ်မယ်ပျင်း”