စာစဉ် (၁)

(၁)

အချိန်အားဖြင့် မြန်မာသက္ကရာဇ် ၁၂၄၂ခုနှစ်၊ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းမှာ အထက်မြန်မာပြည်ကို အုပ်ချုပ်မင်းလုပ်နေသည့်အချိန်ဖြစ်သည်။ အထက်အညာဒေသတစ်နေရာတွင် ဖက်လိပ်ရွာဟုအမည်ရသည့် ရွာကြီးတစ်ရွာရှိလေသည်။ ဖက်လိပ်ရွာမှာ ရွာကြီးတစ်ရွာဖြစ်ကာ အိမ်ခြေသုံးရာကျော်ခန့်ရှိသည်။ ဖက်လိပ်ရွာအနီးတွင် မြေသြဇာကောင်းမွန်သည့် ကွင်းပြင်များတည်ရှိလေရာ ဖက်လိပ်ရွာသားများမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်း၊ ကျွဲနွားမွေးမြူခြင်းနှင့်် အထည်အလိပ်ရက်လုပ်ခြင်း၊ ဆီဆုံလုပ်ငန်းလုပ်ကိုင်ခြင်းများနှင့် အေးအေးချမ်းချမ်းအသက်မွေးမြူကြလေသည်။

ညနေခင်းအချိန်တွင် ဖက်လိပ်ရွာအရှေ့ဘက်တွင်ရှိသည့်် ရေချိုတွင်းတွင်ရေခပ်ရန်အတွက် ရွာသူမိန်းကလေးများမှာ ရေအိုးကလေးများပိုက်ကာ တန်းစီလျှက်ထွက်လာကြလေသည်။

“အမဖြူရေ၊ ရေခပ်ဆင်းရအောင်တော့”

ညီမဖြစ်သူ မမဲတူပြောလိုက်သဖြင့် မမယ်ဖြူတစ်ယောက် ဆံထုံးကိုတစ်ပတ်ရစ်လျှိုထုံးလိုက်ကာ မြတ်လေးပန်းကိုခေါင်းတွင်ပန်ဆင်လိုက်ပြီး ရေအိုးကိုဆွဲ၍ အိမ်ပေါ်မှအပြေးတစ်ပိုင်းဆင်းလာခဲ့လေသည်။ မမဲတူက အမဖြစ်သူ မမယ်ဖြူအားကြည့်ရင်း

“အောင်မယ်လေးအမဖြူရယ်၊ လှပါတယ်ဆိုနေမှ နံ့သာသနပ်ခါးတွေ ထပ်ဖို့လို့ပါလား၊ လာလာ၊ မြန်မြန်သွားရအောင်၊ တော်ကြာ အမဖြူအိမ်ကထွက်တာနောက်ကျလို့ ကာလသားတစ်သိုက် လည်ပင်းညောင်ရေအိုးဖြစ်နေမှာ မြင်ယောင်သေးတယ်တော်”

မမယ်ဖြူက တစ်ချက်ပြုံးလိုက်ပြီး

“ပြောတတ်လိုက်တာ ညီမရယ်၊ လည်ပင်းညောင်ရေအိုးဖြစ်မတဲ့လား ဟင်း . . .ဟင်း”

“ဟုတ်တယ်လေအမဖြူရဲ့၊ အမဖြူရွာထဲက ထွက်လာမလား၊ ထွက်လာမလားဆိုပြီး ကာလသားတွေက မျှော်ကြည့်ရင်း လည်ပင်းတွေရှည်ထွက်လာမှာစိုးလို့ပါ”

ညီအမနှစ်ယောက် ရယ်ရယ်မောမောနှင့် ခြံဝိုင်းအတွင်းမှထွက်လာခဲ့သည်။ ထိုအခါ ခြံရှေ့သစ်ပင်အောက်တွင်ထိုင်နေသည့် ကြီးဒေါ်ရှင်က

“အောင်မာ၊ ညည်းတို့ညီအမနှစ်ယောက် ရယ်လို့ပြုံးလို့ပါလား၊ ရေခပ်တာလည်း ကောင်းကောင်းခပ်ကြနော်၊ ကာလသားတွေပြောတာဆိုတာကိုလည်း သိပ်ပြီးအရသာတွေ့မနေကြနဲ့၊ ယောက်ျားတွေဆိုတာ ကောင်းတဲ့အမျိုးမဟုတ်ဘူးဟေ့၊ မရခင်သာ အပြောချိုချိုနဲ့ ရပြီးသွားတော့မှ ညည်းတို့ကို ငါနဲ့ကိုင်တုပ်မယ့်ကောင်တွေ”

မမယ်ဖြူကရယ်မောလိုက်ပြီး

“ကြီးဒေါ်ရှင်ကတော့ လုပ်ပြန်ပါပြီ၊ ဒါကြောင့် ကြီးဒေါ်ရှင်ကို ယူမယ့်လူမရှိဘဲ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေတာ”

ကြီးဒေါ်ရှင်က မမယ်ဖြူကို မျက်စောင်းထိုးလိုက်ပြီး

“အပျိုကြီးဆိုတာ နာမည်သာဆိုးတာအေ့၊ အဲဒီယောက်ျားတွေရဲ့ အလိမ်အညာတွေမခံရတဲ့အပြင် အိမ်ထောင်ပြုတာ၊ ဗိုက်ကြီးတာ၊ ကလေးမွေးတာဆိုတဲ့ ဒုက္ခတွေကလည်း ကင်းသေးတယ်၊ ငါကတော့ ညည်းတို့ကို ငါ့လိုအပျိုကြီးပဲဖြစ်စေချင်တယ်”

မမဲတူက မျက်နှာကိုရှုံ့မဲ့လိုက်ပြီး

“ကြီးဒေါ်ရှင်ပဲ အပျိုကြီးလုပ်ချင်လုပ်ပါ၊ ကျုပ်တို့ကိုတော့ အပျိုကြီးဇာတ်ထဲလာမသွင်းပါနဲ့တော်”

ပြောဆိုပြီး ညီအမနှစ်ယောက် ရွာထဲသို့ထွက်လာခဲ့ကြလေသည်။

မမယ်ဖြူနှင့်မမဲတူတို့မှာ ညီအမအရင်းများဖြစ်ကြသော်လည်း ရုပ်ရည်သွင်ပြင်အားဖြင့် အလွန်ကွာခြားလှပေသည်။ မမယ်ဖြူမှာ နာမည်နှင့်လိုက်အောင်ပင် ဖြူဝင်းသောအသားအရည်ရှိပြီး မျက်လုံးမျက်ဆန်ကောင်းကောင်း၊ ကော့ညွှတ်သောမျက်တောင်၊ ဖြောင့်စင်းသောနှာတံ၊ ဖူးငုံသော နှုတ်ခမ်းစသည့် မိန်းမကောင်းအင်္ဂါရပ်များနှင့် ပြည့််မီသူတစ်ဦးဖြစ်သော်လည်း နှမဖြစ်သူ မမဲတူမှာတော့ အရပ်ပုပု အသားမဲမဲ၊ သွားခေါခေါနှင့်ဖြစ်ပြီး ငယ်စဉ်က ကျောက်ပေါက်ခဲ့သည်မို့ မျက်နှာတွင်လည်း ကျောက်ပေါက်မာ အခွက်အခွက်များနှင့် ဗြုတ်ထနေကာ အလွန်ရုပ်ဆိုးလေသည်။ မမယ်ဖြူတို့၏ မိဘများမှာ မင်းပြစ်မင်းဒဏ်သင့်၍ ကွပ်မျက်ခြင်းခံလိုက်ရသည်။ လူမမယ်ကလေးနှစ်ယောက်အား ကြီးဒေါ်ဖြစ်သူ မယ်ရှင်က ပြုစုစောင့်ရှောက်ထားခြင်းဖြစ်သည်။ မယ်ရှင်မှာ အသက်ငါးဆယ်ခန့်ရှိပြီဖြစ်ပြီး ဆံဖြူသွားကျဲဖြစ်နေပြီဆိုသော်လည်း တူမများကတော့ အသက်ဆယ့်ခြောက်နှစ်အရွယ် လှသွေးကြွယ်နေသည့် မိန်းကလေးများဖြစ်နေကြပြီဖြစ်သည်။

“ဟောဗျာ၊ လာပါပြီ၊ လာပါပြီ”

ရွာအထွက်ရေခပ်လမ်းတွင် စောင့်မျှော်နေကြသည့် ကာလသားများမှာ မမယ်ဖြူကိုမြင်လိုက်သည်နှင့် လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။ ကာလသားချည်းပင် အယောက်နှစ်ဆယ်ကျော်ရှိလေသည်။ မမယ်ဖြူအားတွေ့သည့်အခါ အလွန်နှစ်လိုဖွယ်မျက်နှာများနှင့် ပြုံးပြကြလေသည်။

“မယ်ဖြူ၊ မယ်ဖြူ ရပ်ပါအုံး”

ကာလသားတစ်ယောက်က မမယ်ဖြူအရှေ့တွင်လမ်းပိတ်ရပ်လိုက်ကာ တားမြစ်လိုက်လေသည်။ ထိုအခါ အခြားကာလသားများမှာလည်း ထန်းလျက်ခဲကိုပုရွတ်ဆိတ်အုံသကဲ့သို့ ဝိုင်းအုံခဲလာကြသည်။

“ကျုပ်ပေးတဲ့ ဇီဇဝါပန်းကလေးကိုလက်ခံပေးပါဗျာ၊ ဇီဇဝါပန်းကလေးဖြူစင်သလို ကျုပ်ရင်ထဲက မေတ္တာတွေကလည်း ဖြူစင်ပြီးသားပါဗျ”

မမယ်ဖြူက မျက်နှာကလေးအောက်ချရင်း

“မလုပ်ကြပါနဲ့အကိုတို့ရယ်၊ ရေခပ်အပြန်နောက်ကျရင် အကြီးက ကျုပ်တို့ကိုဆူမှာတော့”

“ဒါဖြင့်ရင်လည်း ကျုပ်ပေးတဲ့ပန်းကလေးကို လက်ခံပေးပါဗျာ”

ထိုစဉ်အခြား ယောက်ျားတစ်ဦးက အရှေ့သို့တိုးလာကာ

“ဒီကောင်ပေးတဲ့ပန်းကိုမယူပါနဲ့၊ ပန်းဆိုတာ ဘာမှတန်ဖိုးမရှိပါဘူး၊ ကျုပ်ပေးတဲ့ ပုဝါကလေးကို လက်ခံပေးပါမယ်ဖြူရာ၊ ကျုပ်ရင်ထဲမှာ မယ်ဖြူအပေါ်အချစ်စိတ်တွေပြည့်လျှံနေလို့ မင်းနေပြည်တော်ကနေ တခုတ်တရဝယ်လာခဲ့တာပါ”

ထိုလူပေးသော ပုဝါဖြူပိုင်းကလေးမှာ ပုလဲရောင်ကဲ့သို့ ဖြူစင်ကာတောက်ပနေလေသည်။ ထိုအခိုက် ကာလသားတစ်ချို့က ထိုလူအားကြည့်ရင်း

“ကိုကြီးမောင်၊ တစ်လောကယူထားတဲ့ ခင်ဗျားမယားအသစ်ကလေးကိုတော့ အားနာသင့်ပါတယ်ဗျာ”

ကိုကြီးမောင်ဆိုသူက

“ဟ၊ ငါ့ဖာသာကျွေးနိုင်လို့ မိန်းမယူတာလေကွာ၊ ယောက်ျားကောင်း မောင်းမတစ်ထောင်တဲ့ကွ”

“အိုဗျာ၊ မောင်းမတွေဘာတွေနားမလည်ဘူး၊ ကိုကြီးမောင်ဆီမှာ မိန်းမတင်သုံးယောက်ရှိနေပြီပဲဗျာ၊ ဒီလောက်ဆိုတော်ရောပေါ့ဗျာ၊ ကျုပ်တို့ကိုလည်း အားနာပါအုံးဗျာ”

“ဟကောင်တွေရ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့ကွ၊ ငါလည်း ငါ့နည်းငါ့ဟန်နဲ့ မမယ်ဖြူနဲ့ပေါင်းဖို့ ကြိုးစားရမှာပဲကွာ”

ကိုကြီးမောင်စကားကြောင့် ကာလသားများလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး

“ခင်ဗျားက မတရားလုပ်တော့ ကျုပ်တို့လည်း ခင်ဗျားကိုမညှာတော့ဘူးဗျာ”

ပြောပြောဆိုဆိုကာလသားများနှင့် ကိုကြီးမောင်တို့ ထိုးကြနှက်ကြတော့သည်။ မမယ်ဖြူလည်း ထိုလူအုပ်ကိုကွေ့ပတ်ကာ ရေချိုတွင်းဆီသို့ထွက်လာခဲ့လေသည်။ မမဲတူတစ်ယောက်သာ လုံးထွေးသတ်ပုတ်နေကြသည့် လူအုပ်ကြီးကိုကြည့်ရင်း

“အားလုံးတော်ကြပါတော့၊ ဟိုမှာသွားတဲ့လူကလည်းသွားပြီ”

ထိုတော့မှ ကာလသားများက ရန်ဖြစ်နေသည်ကိုရပ်တန့်လိုက်ကာ မမယ်ဖြူနောက်ကျောကို ဝိုင်းကြည့်နေကြတော့သည်။ မမဲတူက

“ကဲ ရှင်တို့ပန်းတွေ၊ ပုဝါတွေကို အမဖြူမယူရင် ကျုပ်ကိုပေးစမ်းပါတော်”

ကာလသားတစ်ယောက်က မျက်နှာကိုရှုံ့မဲ့လိုက်ရင်း

“ဟ၊ မဲတူမရ၊ ဒီပန်းကိုနင့်ကိုပေးမယ့်အစား ဘုရားညောင်ရေအိုးမှာသွားထိုးရင်တောင် ကုသိုလ်ရသေးတယ်ဟ”

“ဟုတ်ပါ့၊ နင့်ရုပ်နင့်ရည်ကိုလည်း ပြန်ကြည့်ပါအုံးမဲတူရာ၊ ငါတို့တော့နင့်ကိုပန်းမပေးဘူး၊ ဒါပေမယ့် နင့်ကိုပန်းပေးချင်တဲ့လူတစ်ယောက်တော့ရှိတယ်ဟ”

“ဟုတ်လား၊ ဘယ်သူလဲ”

“မျက်ကန်း ငသန်းလေဟာ၊ ဒီကောင်ကမျက်လုံးကန်းနေတာ့ ရုပ်ရည်တွေဘာတွေကြည့်နေမှာမဟုတ်ပါဘူးဟ”

မမဲတူတစ်ယောက် အလွန်ဒေါသထွက်သွားကာ

“သေချင်းဆိုးတွေ၊ ကာလနာတွေ၊ ငါ့ကိုများပြောလိုက်ကြတာ၊ နင်တို့ကောင်တွေ ချေးစိမ်းပန်းပြီး သေပါစေတော်”

မမဲတူက ဒေါနှင့်မောနှင့် ပြောဆိုလိုက်ပြီးနောက် ထိုနေရာမှထွက်လာခဲ့လေတော့သည်။ ကာလသားများကတောာ့ မမဲတူကို လှောင်ပြောင်ရယ်မောကာ ကျန်နေခဲ့ကြလေသည်။

ရေချိုတွင်းတွင် ရေခပ်သူများကျဲပါးသွားပြီဖြစ်သည်။ မမယ်ဖြူမှာ အလှပဂေးတစ်ယောက်ဖြစ်သော်လည်း ရွာသူအများစုမှာ ချောမောလှပလွန်းသည့် မမယ်ဖြူအား မနာလိုမရှုစိမ့်ဖြစ်ကြသဖြင့် မပေါင်းမသင်းကြပေ၊ မမယ်ဖြူလည်း အုတ်နှင့်ကရွတ်ခွေကာ ပြဿဒ်အထွဋ်တင်ထားသည့် ရေချိုတွင်းတွင် ရေငင်နေလေသည်။ ထိုအခိုက် မြင်းခွာသံတစ်ခုကိုကြားလိုက်ကြရသည်။

မြင်းခွာသံမှာ ရေချိုတွင်းအနီးသို့ရောက်လာလေသည်။ မိန်းမပျိုများက ထိုမြင်းခွာသံပိုင်ရှင်အားလှည့်ကြည့်လိုက်လေရာ သန်သန်မာမာထွားထွားကျိုင်းကျိုင်းနှင့် ခန့်ညားသောရုပ်သွင်ရှိသည့်် လူရွယ်တစ်ဦးဖြစ်နေလေသည်။ ထိုလူမှာ ရေငင်နေသည့် မမယ်ဖြူအား မမှိတ်မသုန်ကြည့်နေသဖြင့် မမယ်ဖြူမှာ မျက်လွှာချထားလိုက်ရလေသည်။ ထိုလူက မြင်းပေါ်မှဆင်းကာ မမယ်ဖြူဆီသို့ တန်းတန်းမတ်မတ်လျှောက်လာလေသည်။

“မောင်ကြီးရေဆာနေလို့ ဟောဒီကနှမကလေးက ရေလေးတစ်ပေါက်လောက် တိုက်နိုင်မလား”

မမယ်ဖြူက ခေါင်းညိတ်လိုက်ပြီးနောက် သစ်သားရေပုံးကြီးကို ထိုးပေးလိုက်လေရာ ထိုလူက လက်ခုပ်ဖြင့် ရေများကိုခပ်သောက်ပြီး

“ရေက အေးလိုက်ချိုလိုက်တာနှမရယ်၊ ဒါနဲ့စကားမစပ် နှမနာမည်ကလေးကိုလည်း သိပါရစေ”

“ကျွန်မနာမည်က မယ်ဖြူပါ၊ ကြီးဒေါ်ရှင်ရဲ့အိမ်မှာနေပါတယ်”

ရေတွင်းအနီးရှိ မိန်းကလေးများမှာ ထိုလူငယ်နှင့်မမယ်ဖြူအား မမှိတ်မသုန်စူးစိုက်ကြည့်နေကြလေသည်။ ထိုအခိုက် မမဲတူကအရှေ့သို့ထွက်လာပြီး

“ရှင်ဘယ်သူလဲ၊ ရှင်ဘာလာလုပ်တာလဲ၊ ကျုပ်အမကို ယီးတီးယားတား လုပ်မယ်မကြံနဲ့နော်”

ထိုအခိုက် မြင်းနှစ်စီးမှာ ဒုန်းစိုင်းပြေးလာကြကာ ရေတွင်းအနီးတွင်ရပ်လိုက်ကြပြီးနောက်

“ရှာလိုက်ရတာ သခင်လေးရာ၊ လက်စသတ်တော့ သခင်လေးက ဒီရောက်နေတာကိုးဗျ”

မမဲတူမှာ မျက်လုံးပြူးသွားကာ

“ဒီလူက ရှင်တို့ရဲ့သခင်လေးတဲ့လား”

ထိုအခါ မြင်းစီးထားသည့် လူတစ်ဦးက

“ဟုတ်တယ်လေဗျာ၊ ဒါကျုပ်တို့သခင်လေးဗျ၊ မြိုင်သာရွာစားကြီး ဦးသာတင့်ရဲ့သား၊ မောင်ကံတင့်ဆိုတာ သူပေါ့ဗျ”

ထိုတော့မှ မိန်းကလေးအားလုံး ဟာခနဲဟင်ခနဲဖြစ်သွားကြလေသည်။ မောင်ကံတင့်က မမယ်ဖြူကိုသေချာကြည့်လိုက်ရင်း

“နှမလေးတိုက်တဲ့ရေအတွက် ကျေးဇူးတင်ပါတယ် နှမ”

ထိုသို့ပြောပြီးနောက် မောင်ကံတင့်မှာ သူစီးလာသည့် အုန်းခွံရောင်မြင်းညှိုကြီးပေါ်သို့ လွှားခနဲခုန်တက်လိုက်ကာ အပေါင်းအပါများနှင့်အတူ မြင်းစီးကာထွက်သွားလေတော့သည်။ မမယ်ဖြူရော ရွာသူမိန်းကလေးများပါ မြင်းစီးထွက်သွားသည့် မောင်ကံတင့်ကို မျက်စိတစ်ဆုံးလိုက်လံငေးမောကြလေသည်။ မမဲတူက မမယ်ဖြူအနားသို့ကပ်ပြီး

“အမဖြူရေ၊ သူက ရွာစားကြီးရဲ့သား၊ သခင်လေးတဲ့တော်၊ ရွာစားကြီးရဲ့သားဆိုတော့ ဂုဏ်လည်းရှိတဲ့အပြင် ငွေကြေးလည်းအတော်အသင့်ချမ်းသာမှာပဲ အမဖြူရေ”

“တော်စမ်းပါညီမရယ်၊ လာလာ၊ ရေအိုးကို ချီပင့်ပေးပါအုံး”

မမဲတူကတော့ မောင်ကံတင့်ထွက်သွားသည့်ဘက်သို့ လှမ်းမျှော်ကြည့်နေရင်း

“ညီမကတော့ သူနဲ့သာဆိုရင် . . . ဟီ . .ဟိ”

စိတ်ကူးယဉ်က ပြုံးပျော်နေသည့််ညီမဖြစ်သူအားကြည့်လျှက် မမယ်ဖြူတစ်ယောက် သက်ပြင်းချကာ ခေါင်းခါလိုက်မိတော့သည်။

နောက်တစ်နေ့ရောက်သည့်အခါ ရွာအတွင်း လူများဆူညံနေကြလေသည်။ ဒေါ်မယ်ရှင်တစ်ယောက် တံမြက်စည်းကြမ်းကိုင်ကာ ခြံရှေ့တွင်တံမြက်စည်းလှဲနေခိုက် ရွာသူတစ်ဦးက ပြေးလာလေသည်။

“ကြားပြီးပြီလား အရီးရှင်”

“ဟဲ့ ဘာကိုကြားရမှာလဲဟဲ့ စောစောစီးစီး”

“ရွာက ကာလသားတွေ ချီးစိမ်းတွေပန်းနေကြလို့တဲ့ အရီးရေ”

“ဟဲ့၊ ဒင်းတို့ဟာဒင်းတို့ အစားမဆင်မခြင်ဘဲ စားချင်ရာစားပြီး ချေးစိမ်းပန်းတာ ဘာထူးသလဲ”

“ထူးတာပေါ့ အရီးရေ၊ ဖြစ်တာကလည်း တစ်ယောက်နှစ်ယောက်မဟုတ်ဘူး၊ အယောက်နှစ်ဆယ်လောက်ရှိတယ်တော်၊ ကိုကြီးမောင်ကြီးတောင် အဆစ်ပါသေးတယ်၊ ဒါနဲ့ မရိုးဘူးဆိုပြီး ဗိန္ဓောဆရာကြီးက စစ်ကြည့်လိုက်တော့မှ ပယောဂတဲ့တော်”

“ဟေ၊ ဒင်းတို့ကို ဘယ်သူကများ လုပ်ထည့်လိုက်တာလဲမသိဘူးနော်”

“အဲဒါပြောတာပေါ့၊ အရီးရှင်ရဲ့ အခုတစ်ချို့ဆို စကားမေးတောင်မရကြတော့ဘူး၊ ဗိန္ဓောဆရာကြီးနဲ့တွေ့တဲ့လူတွေလောက်သာ အပင်းကျပြီးအသက်ရှင်နိုင်တာတဲ့တော်၊ အခုရွာထဲ နာရေးအိမ်တွေ လေးငါးဆယ်အိမ်ဖြစ်နေပြီ”

ထိုစကားများကို ခြံတွင်းတွင်အမှိုက်များကျုံးနေသည့် မမဲတူက ကြားသိလိုက်ရလေသည်။ ထိုအခါ မမဲတူတစ်ယောက်အလွန်ထိတ်လန့်သွားမိသည်။

“ဘုရား၊ ငါပြောလိုက်လို့ သူတို့ဖြစ်သွားတာများလား၊ ငါက ဘာရယ်မဟုတ်ဘူးပြောလိုက်တာပါ၊ သူတို့က ဘာဖြစ်လို့ ဒီလိုဖြစ်သွားကြပါလိမ့်”

မမဲတူမှာ စဉ်းစားရင်း လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိလေသည်။

(၂)

ထိုနေ့က မမဲတူမှာ စိတ်ညစ်ညစ်နှင့် တောင်းကလေးတစ်လုံးပိုက်ကာ ရွာအတွင်းမှထွက်လာခဲ့လေသည်။ ပါးစပ်မှလည်း ပွစိပွစိနှင့် ရေရွတ်သွားသည်။

“တကယ်ပါပဲတော်၊ လူတွေကလည်း ညီအချင်းအတူတူကို ငါ့ကျသိပ်နှိမ်တာပဲ”

မမဲတူမှာ ငယ်စဉ်ကတည်းက ရုပ်ဆိုးလှသည်ဖြစ်ရာ ရွာမှလူများက အမဖြစ်သူနှင့် ခိုင်းနှိုင်းပြောဆိုခံရသည့်အခါတိုင်း အလွန်ဒေါသထွက်မိသည်။ ရုပ်ဆိုးသည်ကလည်း မွေးရာပါဖြစ်ပြီး ပြောင်းလဲ၍မရသဖြင့် တတ်နိုင်သည့်အရာတစ်ခုမဟုတ်ပေ၊ ပြောခံရဖန်များလာသောအခါ မမဲတူတစ်ယောက် အမဖြစ်သူကိုပင် မသိစိတ်အတွင်းမှ နာကျည်းနေမိသည်။

“ငါအပြောခံရတာ သူ့ကြောင့်၊ သူသာ ငါ့လိုရုပ်ဆိုးရင် ငါဘာမှအပြောခံနေစရာအကြောင်းမရှိဘူး”

ပြောရင်း မမဲတူမှာ ရွာပြင်သို့ရောက်လာခဲ့လေသည်။ သုဿန်ကြီးအနီးဖြတ်သန်းလိုက်သည့်အခါ သုဿန်အဝင်ဝတစ်နေရာမှ အော်သံကိုကြားလိုက်ရသည်။

“ဟေ့ကလေးမ၊ ဟေ့ကလေးမ လာခဲ့၊ ငါ့ဆီကိုလာခဲ့”

မမဲတူက စပ်စုသဖြင့်ထိုအသံရှင်အားလိုက်လံရှာဖွေရာ သုဿန်ထိပ်ရှိဇရပ်ကြီးပေါ်တွင် လှဲအိပ်နေသည့်အဘွားကြီးတစ်ဦးအားတွေ့လိုက်ရသည်။

“ကျုပ်ကိုခေါ်တာလား”

“အေး၊ နင့်ကိုခေါ်တာပဲ၊ လာခဲ့ ဒီကိုလာခဲ့”

မမဲတူလည်း စပ်စပ်ဆော့ဆော့နှင့် သုဿန်အတွင်းသို့ဝင်သွားလိုက်သည်။ ထိုအခါ ဇရပ်အတွင်းမှ အဘွားကြီးမှာ ငုတ်တုတ်ထထိုင်လေသည်။ မမဲတူက ဇရပ်ပေါ်သို့မတက်ဘဲ အဘွားကြီးကိုအကဲခတ်ကြည့်လိုက်မိသည်။ အဘွားကြီးမှာ ခြေထောက်နှစ်ချောင်းစလုံး ပေါင်ရင်းမှယတိပြတ်ထွက်နေလေသည်။ ခါးအောက်ပိုင်းကိုတော့ စောင်ပိုင်းကြီးတစ်ခုနှင့် စည်းနှောင်ထားလေသည်။

အဘွားကြီးမှာ မမဲတူအနီးသို့ကပ်သွားသည်နှင့်

“နင့်မှာ စားစရာလေးဘာလေးများမပါဘူးလား”

“ပါတော့ပါတာပေါ့၊ တောင်ရိုးပေါ်တက်မှာဆိုတော့ နေ့လည်စာထည့်လာခဲ့တယ်”

“ငါ့ကိုအဲဒီထမင်းထုပ်ကျွေးပါလား”

“ဘာလို့ကျွေးရမှာလဲတော့”

“လုပ်စမ်းပါ၊ ငါဗိုက်ဆာလွန်းလို့ပါဟ၊ နင်ငါ့ကိုအဲဒီထမင်းထုပ်ကျွေးမယ်ဆိုရင် ငါနင်ဖြစ်ချင်တာလုပ်ပေးမယ်”

မမဲတူမှာ နေ့လည်စာထမင်းထုပ်ကို ထိုအဘွားကြီးအား ကျွေးသင့်မကျွေးသင့် စဉ်းစားနေမိသည်။ ထိုစဉ်အဘွားကြီးက မမဲတူ၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လိုက်ကာ

“အောင်မယ်၊ ညည်းက ရုပ်ဆိုးလို့ဆိုပြီးစိတ်ညစ်နေတယ်ထင်ပါ့”

မမဲတူအလွန်အံ့သြသွားပြီး

“ရှင်ဘယ်လိုသိတာလဲ”

အဘွားကြီးက တစ်ချက်ရယ်လိုက်ပြီး

“ပညာမျက်စိနဲ့သိတာပေါ့၊ ကဲပါ ငါ့ကိုနင်ပါလာတဲ့ထမင်းထုပ်သာကျွေး၊ နင့်ကိုရုပ်ချောအောင်ငါလုပ်ပေးမယ်”

မမဲတူမှာ ရုပ်ချောအောင်လုပ်ပေးမယ်ဆိုသည်မို့ အလွန်ပျော်ရွှင်သွားကာ တောင်းအတွင်းမှ ထမင်းထုပ်အားထုပ်ယူလိုက်ပြီး အဘွားကြီးထံသို့ပေးလိုက်လေသည်။ အဘွားကြီးက တောင်စွန်ဖက်နှင့်ထုပ်ထားသည့် ထမင်းထုပ်ကိုဖြေကာ လက်ပင်မဆေးဘဲ အားရပါးရစားသောက်လေတော့သည်။ အလွန်ဆာလောင်နေသည်မို့ ထမင်းထုပ်မှာ တစ်ခဏအတွင်းကုန်သွားလေတော့သည်။

“ကဲ၊ ရှင်စားပြီးပြီမဟုတ်လား၊ အခုကျုပ်ကို ရုပ်လှအောင်လုပ်ပေးတော့”

အဘွားကြီးက ခေါင်းခါလိုက်ပြီး

“အခုလုပ်မရဘူး”

မမဲတူမှာ အံ့သြသွားကာ

“ဟောတော်၊ ဒီမယ်အဘွားကြီး ရှင်ကျုပ်ဆီက ထမင်းညာစားချင်တာနဲ့ လျှောက်ပြောတာမဟုတ်လား”

“ငါမလိမ်ပါဘူးဆိုအေ၊ လာခဲ့ ညည်းကိုငါလုပ်ပြမယ်”

အဘွားကြီးက မမဲတူကိုလက်ယပ်ခေါ်လိုက်ပြီးသည့်နောက် မမဲတူ၏နဖူးကို သူ့လက်ညှိုးနှင့်ထောက်လိုက်ကာ မျက်လုံးနှစ်ခုအကြားသို့ လက်ညှိုးဖြင့်စက်ဝိုင်းသဏ္ဍာန်ပွတ်လေတော့သည်။ ပွတ်ရင်းခဏကြာသည့်အခါ ထိုနေရာမှာ ပူလောင်လာလေသည်။

“ကဲ ညည်းရုပ်ကိုညည်းကြည့်စမ်း”

မမဲတူလည်း ကြံရာမရသဖြင့် အနီးရှိရေအိုင်ကလေးအတွင်းကြည့်လိုက်လေရာ သူ၏ရုပ်မှာအလွန်ချောမောလှပနေသည်ကိုတွေ့ရသည်။ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်သဖြင့် မျက်နှာကိုပင်လက်ဖြင့် ပွတ်သပ်ကြည့်နေမိသည်။

“ဟယ်၊ ဒီလိုဆိုတော့လည်း ငါအတော်လှတာပဲ”

“အခုနင်က အပြီးလှသွားတာမဟုတ်ဘူး၊ နင့်မျက်နှာက ဒီအတိုင်းပဲ၊ ဒါပေမယ့် မှန်ကြည့်တဲ့အချိန်မှာ လှနေတာ၊ တခြားလူကြည့်ရင် မလှသေးဘူး”

မမဲတူမှာ အဘွားကြီးအနားသို့ကပ်ပြီး

“ဒါဆိုရင် အပြီးအပိုင်လှတဲ့နည်းရော မရှိဘူးလား”

“ရှိတာပေါ့အေ၊ ခုချိန်လုပ်မရဘူး၊ ဒီညသန်းခေါင်ယံအချိန်ရောက်ရင် ထမင်းထုပ်ယူပြီးတော့ ဟောဒီသချိုင်းကုန်းကိုလာခဲ့၊ ညည်းကိုတစ်သက်လုံးလှသွားအောင်လုပ်ပေးမယ်”

“တကယ်ပြောတာလားအဘွား၊ ကျုပ်က တစ်သက်လုံးလှသွားမှာလား”

“အစစ်ပေါ့အေ၊ တစ်ရွာလုံးမှာ ညည်းအလှဆုံးဖြစ်နေရမယ်လို့ အာမခံတယ်ဟေ့”

မမဲတူမှာ ပျော်ရွှင်စွာဖြင့် သုဿန်အတွင်းမှထွက်သွားလေတော့သည်။ တောင်ရိုးပေါ်သို့ပင်မတက်တော့ဘဲ အိမ်သို့တန်းတန်းမတ်မတ်ပြန်လာလောရာ ကြီးဒေါ်ရှင်ကြီးပင် တအံ့တသြဖြစ်ရသည်။

“အောင်မယ်၊ မဲတူမ၊ ညည်းကြည့်ရတာ ပျော်လို့ရွှင်လို့ပါလား၊ ဒါနဲ့ တောင်ရိုးပေါ်သွားပြီး ဖက်သွားခူးမလို့ဆို”

“မခူးတော့ဘူး အကြီးရေ၊ အဟီး . . ဟီး”

မမဲတူမှာ အိမ်ပေါ်သို့ပြေးတက်သွားလေသည်။ မိန်းကလေးရှိသည့်အိမ်မို့ ကြည့်မှန်ရှိသည်မှာမဆန်းပေ၊ မမဲတူလည်း အိမ်ရှိလေးထောင့်မှန်ကိုပြေးကြည့်ရလေသည်။ သီပေါမင်းလက်ထက်တွင် ဖန်ချက်၊ မှန်ချက်စက်ရုံများပေါ်ပေါက်နေပြီး ပြဒါးသုတ်ထားသည့် ကြည့်မှန်များကိုလည်း ဈေးကွက်အတွင်း ဝယ်ယူရရှိနေပြီဖြစ်သည်။ မှန်အတွင်းသို့ကြည့်လိုက်သည့်အခါ အလွန်ချောမောလှပသည့်မျက်နှာကိုတွေ့မြင်ရလေသည်။

“လှလိုက်တာ၊ လှလိုက်တာ၊ ဒီအတိုင်းဆို ငါ့အမမဖြူနဲ့ငါနဲ့ယှဉ်ရင် ငါကတောင်မှ နည်းနည်းပိုလှနေသလိုပါပဲလား”

မမဲတူမှာ ညအချိန် သုဿန်သို့သွားရန်ဆုံးဖြတ်လိုက်ပြီးနောက် ညနေပိုင်းအချိန်တွင် ထမင်းအိုးဟင်းအိုးများ ကောက်တည်နေလေတော့သည်။

“အူ . . .ဝု . . .ဝူး”

ညသန်းခေါင်ယံလူခြေတိတ်ချိန်တွင် မမဲတူတစ်ယောက် ခြင်းတောင်းကလေးတစ်လုံးပိုက်ကာ ရွာအတွင်းမှထွက်လာခဲ့လေသည်။ လူမြင်မည်စိုးရိမ်သဖြင့်် ခေါင်းကိုလည်း ဖျင်ကြမ်းစကြီးအုပ်လာခဲ့သည်။ ရွာအထွက်သို့ရောက်သည့်အခါ ရွာတွင်းမှခွေးများ၏ ဆွဲဆွဲငင်ငင်အူသံကြောင့် မမဲတူထိတ်လန့်သွားမိသည်။

သို့သော်လည်း လှရမည့်အရေးမို့ ကြောက်စိတ်များပျောက်ကွယ်သွားကာ သတ္တိများတဖွားဖွားထွက်ပေါ်လာလေသည်။ အရဲကိုးပြီး သုဿန်ဆီသို့ဆက်လျှောက်လာခဲ့သည်။ သုဿန်အတွင်းတွင် မှောင်မိုက်နေလေသည်။ သို့သော် မမဲတူလှမ်းဝင်လိုက်သည့်အခါ ဇရပ်ကြီးပေါ်တွင် မီးလုံးကြီးတစ်လုံးပေါ်လာခဲ့သည်မို့ လင်းချင်းသွားလေသည်။

“လာလာ၊ ကလေးမ၊ နင့်ကိုငါစောင့်နေတာကြာပြီ”

မမဲတူလည်းအဘွားကြီးအနီးသို့ကပ်လာခဲ့သည်။ မီးလုံးကြီးမှာ လူရိုးခေါင်းကြီးတစ်ခုဖြစ်နေပြီး မီးတောက်မီးလျှံများမှာ ပါးစပ်ပေါက်၊ မျက်လုံးပေါက်အတွင်းမှ တိုးထွက်နေကြလေသည်။

“ဘာမှကြောက်မနေနဲ့ ထမင်းထုပ်သာပေးစမ်း”

မမဲတူလည်း ခြင်းတောင်းအတွင်းထည့်လာခဲ့သည့် ထမင်းထုပ်အားပေးလိုက်လေသည်။ ထိုအခါ အဘွားကြီးက ထမင်းထုပ်ကိုဖွင့်လိုက်ပြီးနောက် မနက်ကနည်းတူ နယ်ဖတ်စားသောက်နေလေတော့သည်။ စားသောက်ပြီး ကုန်ခါနီးသည့်အခါတွင် ထမင်းထုပ်အတွင်းသို့ တံတွေးများတထွီထွီနှင့် ထွေးထည့်လိုက်ပြီးနောက် ထမင်းထုပ်အား မမဲတူထံသို့ ကမ်းပေးလိုက်လေသည်။

“ဒါကိုဘာလုပ်ရမှာလဲ”

“ဒီအထဲက ထမင်းစေ့တွေကို တစ်စေ့မကျန်ကုန်အောင်သာစားပေတာ့”

“ရှင်၊ ဒီထမင်းတွေထဲကို ရှင်ခုနက တံတွေးထွေးထည့်ခဲ့တယ်မဟုတ်လား”

အဘွားကြီးက မျက်မှောင်ကြုတ်လိုက်ပြီး

“ညည်းစောက်ခွက် ကြည့်မကောင်းချင်ဘူးလား”

မမဲတူက ခေါင်းညိတ်လိုက်လေရာ

“ကြည့်ကောင်းချင်ရယ် ဒီထမင်းထုပ်ကို ကုန်အောင်သာစား”

နောက်ဆုံး မမဲတူလည်း မရွံမရှာတော့ဘဲ ထမင်းထုပ်အတွင်းရှိထမင်းများကို လက်နှင့်ကြုံးကြုံးပြီးစားတော့သည်။ အဘွားကြီးပြောသည့်အတိုင်း တစ်စေ့မကျန်ကုန်စင်အောင်စားပြီးသောအခါ အဘွားကြီးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး

“ရပြီ၊ ရပြီ ငါ့ရဲ့နောက်ဆုံးဆန္ဒတွေပြည့်သွားပြီ”

အဘွားကြီးက ရယ်မောနေလေရာ မမဲတူက နားမလည်ဟန်နှင့်ကြည့်ပြီး

“ဘာဆန္ဒလဲ ရှင်ဘာတွေပြောနေတာလဲ”

“ငါတစ်သက်လုံးကြိုးစားခဲ့ရတဲ့ ငါ့ပညာတွေကို နှမြောလို့ ငါမသေခင် ငါ့ပညာတွေကို အမွေပေးခဲ့ချင်တာကောင်မရေ၊ အခုတော့ နင့်ကိုယ်ထဲကို ငါ့ပညာတွေရောက်သွားပြီ၊ ဟား . . .ဟား ငါအသေဖြောင့်ပြီ၊ ငါအသေဖြောင့်သွားပြီ”

အဘွားကြီးက ရယ်မောပြီးတော့ ကိုယ့်နဖူးကိုယ်လက်နဲ့ရိုက်ထည့်လိုက်လေသည်။ ထိုအခါ သူ့တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်လောင်လာခဲ့ပြီး တစ်ကိုယ်လုံးလောင်ကျွမ်းနေလေတော့သည်။

“ဟဲ့စုန်းမကြီး၊ နင်ပြောတော့ ငါ့ကိုရုပ်လှအောင်လုပ်ပေးမလို့ဆို ဟဲ့ကောင်မကြီး”

မမဲတူမှာ ရေရွတ်နေလေသည်။ အဘွားကြီးမှာ သူ့မျက်စိရှေ့မှာပင် မီးလောင်ကျွမ်းသွားပြီးနောက်ဆုံး ဇရပ်ကြမ်းပြင်တွင် မီးသွေးခဲနှင့်ပြာများအဖြစ်သာ ကျန်နေခဲ့တော့သည်။ မမဲတူလည်း သုဿန်အတွင်းပင်ထိုင်ကာ ငိုကြွေးနေမိတော့သည်။ စိတ်ပျက်လက်ပျက်နှင့် အိမ်သို့ပြန်လာခဲ့ပြီးနောက် အိပ်ရာအတွင်းသို့ထိုးအိပ်လိုက်လေသည်။

“ဟဲ့မဲတူမ၊ နင်ငါခေါ်နေတာမကြားဘူးလား”

မမဲတူမှာ ယခင်ကအဖြစ်အပျက်များကို ပြန်လည်စဉ်းစားနေသဖြင့် ကြီးဒေါ်ရှင်ခေါ်သည်ကိုပင် မကြားနိုင်အောင်ဖြစ်နေမိသည်။

“ဟဲ့ မဲတူမ၊ အမက်တွေလာကောက်စမ်းလို့ပြောနေတယ်”

မမဲတူလည်းသတိကပ်သွားပြီးနောက် ခြံအပြင်သို့ပြေးထွက်သွားကာ သစ်ရွက်ခြောက်များကို တောင်းအတွင်းသို့ကောက်ထည့်နေလေသည်။ ထိုသို့ကောက်ထည့်နေရင်းစိတ်ထဲမှလည်းတွေးနေမိသည်။

“ဒါဆို ငါမနေ့ကပြောခဲ့လို့များ ဒီလူတွေချီးစိမ်းပန်းသွာတာများလား၊ အဲဒီအဘွားကြီးပြောတော့ သူ့ရဲ့ပညာတွေ ငါ့ကိုပေးခဲ့တယ်ဆိုပဲ၊ ဒါဆိုငါရော စုန်းပညာတွေများတတ်နေတာလား”

မမဲတူမှာ သစ်ရွက်များကိုကောက်ထည့်နေတော့သည်။

(၃)

ထိုစဉ်အိမ်ရှေ့တွင် မြင်းများလာဆိုက်လေသည်။ မြင်းသုံးကောင်အနက် အရှေ့ဆုံးမြင်းမှလူမှာ ခြံဝသို့တိုးကပ်လာရင်း

“ဒီကနှမ၊ ဒီအိမ်က ကြီးဒေါ်ရှင်ရဲ့အိမ်ဆိုတာလား”

“ဟုတ်တယ်၊ ရှင်တို့ကဘယ်သူတွေလဲ”

မမဲတူမှာ ပြောဆိုရင်း အနောက်သို့လှမ်းကြည့်လိုက်ရာ အနောက်မြင်းတွင်စီးလာသူမှာ ယမန်နေ့ကမြင်တွေ့ခဲ့သည့် လူရွယ်ဖြစ်နေလေသည်။

“ကျုပ်တို့က မြိုင်သာရွာစားရဲ့လူယုံတော်တွေပါ၊ မင်းတို့အဒေါ် ကြီးဒေါ်ရှင်ကိုခေါ်လိုက်စမ်းပါ”

“အိုတော် ဘာလို့ခေါ်ရမှာလဲ”

“ခေါ်ဆိုခေါ်လိုက်စမ်းပါမိန်းကလေးရယ်”

ထိုအခါ မောင်ကံတင့်မှာ မြင်းနှင့်အနားကပ်လာပြီး

“မင်းတို့အိမ်မှာ မမယ်ဖြူရှိတယ်မဟုတ်လား နှမကလေး”

“မရှိဘူး၊ ဘာမယ်ဖြူမှလဲမရှိဘူး”

မမဲတူမှာ ငြင်းပြီးတော့မှ အကြံတစ်ခုရသွားလေသည်။

“သြော်မေ့လို့၊ ရှိတယ် ရှိတယ်၊ အမဖြူအိမ်ပေါ်မှာရှိတယ် တက်သွားလိုက်ပါ”

မောင်ကံတင့်က လူယုံတော်များကိုအိမ်အောက်တွင် စောင့်ခိုင်းနေစေကာ သူက အိမ်ပေါ်သို့တက်သွားလေတော့သည်။ မမဲတူလည်း အိမ်အနောက်ဖေးပေါက်မှ အိမ်ပေါ်သို့တက်လာခဲ့သည်။ စင်စစ်အားဖြင့် မမယ်ဖြူမှာ ထိုအချိန်က အိမ်တွင်မရှိပေ၊ ကြီးဒေါ်ရှင်ခိုင်းထားသဖြင့် ရွာထိပ်ဈေးသို့သွားနေခြင်းဖြစ်ပေသည်။ မမဲတူက ကြည့်မှန်အရှေ့တွင် မတ်တပ်ရပ်လိုက်ပြီးနောက်

“ဟီး၊ ဟီး၊ ရွာစားသားတော့ ငါနဲ့တွေ့ပြီပေါ့၊ ကဲကဲ ငါ့အမမျက်နှာဖြစ်သွားစမ်း၊ ငါ့အမပုံစံဖြစ်သွားစမ်းဟေ့”

မမဲတူကပြောဆိုပြီး မျက်နှာကိုလက်နှင့် ခပ်ဝိုင်းဝိုင်းပွတ်သပ်နေလေရာ မကြာမီမှာပင် မမဲတူရုပ်ပျောက်ကွယ်သွားပြီး မမယ်ဖြူအသွင်ဖြစ်သွားလေသည်။ မမဲတူမှာ သူ့ရုပ်ရည်ကိုသူကြည့်ရင်း

“အောင်မယ်လေး၊ ငါ့အမနဲ့တူလိုက်တာ၊ ငါသာဒီရုပ်မြင်ရင် ငါ့အမလို့ပဲထင်မိမှာအမှန်ပဲ”

ထို့နောက် အိမ်ရှေ့သို့ထွက်လာခဲ့လေရာ အိမ်ရှေ့တွင်မတ်တပ်ရပ်နေသည့်် မောင်ကံတင့်အားတွေ့မြင်သွားလေသည်။

“အကို အဲဒီမှာမတ်တပ်ရပ်မနေပါနဲ့၊ လာပါ ထိုင်ပါအုံးရှင်”

မမဲတူက အိမ်ရှေ့ခန်းတွင် ဖျာတစ်ချပ်ကိုခင်းပေးလိုက်သည်။ ထို့နောက် ကြီးဒေါ်ရှင်အားလှမ်းခေါ်လိုက်ရာ ကြီးဒေါ်ရှင်မှာ အိမ်ပေါ်သို့တက်လာလေသည်။

“ဟောတော်၊ ဧည့်သည်ရောက်နေပါလား၊ ဟင် နေစမ်းပါအုံးမယ်ဖြူ၊ နင့်ကိုဈေးသွားခိုင်းလိုက်တာ နင်ပြန်တောင်ရောက်နေပြီလား”

မမဲတူက ဘာမှမပြောတော့ဘဲ ပြုံးသာနေလိုက်သည်။ စိတ်ထဲတွင်လည်း အလွန်ရယ်မောချင်လာလေသည်။

“ဒါနဲ့မောင်ရင်က ဘယ်သူများလဲကွဲ့”

“ကျုပ်က မြိုင်သာရွာစားကြီးရဲ့သား မောင်ကံတင့်ပါ၊ မနေ့က ရွာစဉ်လှည့်ရင်း ဟောဒီရွာနားရောက်တော့ ရေဆာတာနဲ့ ဟောဒီက မမယ်ဖြူဆီမှာရေတောင်းသောက်မိပါတယ်ကြီးဒေါ်၊ အခုကျုပ်လာရတာ မနေ့ကရေသောက်ခဲ့တဲ့အဖိုးအခကို လာပေးတာပါ”

“ကြံကြီးစည်ရာမောင်ရင်ရယ်၊ ရေသောက်တာကို အဖိုးအခပေးရတယ်လို့၊ အဲဒီရေတွင်းက ရေချိုတွင်းပဲမဟုတ်လား၊ ဘယ်သူမဆိုသောက်လို့ရတာပဲဥစ္စာ”

ကြီးဒေါ်ရင်ကလည်း ပြောရင်းဆိုရင်း မမယ်ဖြူကိုမျက်စပစ်ပြလိုက်လေသည်။ မမယ်ဖြူအဖြစ်ယောင်ဆောင်ထားသည့် မမဲတူမှာတော့ ခပ်ပြုံးပြုံးသာနေလေသည်။

“သြော်၊ မေ့လို့၊ ဧည့်သည်ဆောင်သည်လာတယ်ဆိုတော့ ရေနွေးနဲ့ဧည့်ခံရအုံးမယ်၊ ခက်တာက အိမ်မှာလက်ဖက်ခြောက်ကုန်နေတယ်၊ ငါသွားဝယ်လိုက်အုံးမယ် မယ်ဖြူ၊ ညည်းပဲဧည့်သည်ကို ကြည့်ပြီးဧည့်ခံထားလိုက် ဟုတ်ပြီလား”

ကြီးဒေါ်ရှင်မှာ တမင်ရှောင်ပေးခြင်းဖြစ်သည်။ ထိုသို့ပြောဆိုပြီးနောက် အိမ်အောက်သို့ဆင်းသွားလေတော့သည်။ အိမ်ကြီးပေါ်တွင် မမယ်ဖြူနှင့် မောင်ကံတင့်သာကျန်နေခဲ့တော့သည်။ မောင်ကံတင့်က မမယ်ဖြူတစ်ကိုယ်လုံးကို အားရပါးရ စူးစိုက်ကြည့်နေလေသည်။

“အကိုရယ်၊ သိပ်ကြည့်တာပဲ၊ မျက်လုံးကြီးများကျွတ်ထွက်သွားပြီး နှမကိုယ်မှာလာကပ်နေမှဖြင့် ဟင်း . .ဟင်း”

မောင်ကံတင့်လည်း ထိုတော့မှ အကြည့်ရပ်လိုက်ကာ

“မောင်ကြီးပွင့်ပွင့်လင်းလင်းပဲပြောတော့မယ်နှမရယ်၊ မောင်ကြီးမနေ့က နှမကိုတွေ့သွားပြီးကတည်းက စားလို့လည်းမဝင်ဘူး၊ တစ်ညလုံးလည်း အိပ်လို့မရပါဘူး နှမရယ်”

“ဖြစ်ရလေအကိုရယ်၊ စားလို့မဝင်ဘူးဆိုတော့ လေခံနေတာများလား၊ အိပ်လို့မပျော်ဘူးဆိုတော့ ဒူလာတွေဘာတွေများ ထနေလို့လားရှင့်”

“မဟုတ်ပါဘူးနှမရယ်၊ မောင်ကြီးဒီလိုဖြစ်တာ နှမကြောင့်”

“ဘာရှင့်”

“ဟုတ်တယ်၊ နှမကိုမေတ္တာရှိလို့ ဒီလိုဖြစ်နေတာပါပဲ၊ ဒါကြောင့် နှမနဲ့နီးရအောင် ဒီမနက်လာခဲ့တာပါ”

မမယ်ဖြူမှာခေါင်းငုံ့လျှက်ရှက်နေလေသည်။

“နှမရော မောင်ကြီးအပေါ်ဘယ်လိုစိတ်ထားသလဲဟင်”

“အို အကိုကလည်း အကို့လို ဥစ္စာပေါ၊ ရုပ်ချောတဲ့သူက လမ်းကြောင်းနေမှဖြင့် နှမက ငြင်းဆန်နေရအုံးမှာလား”

မောင်ကံတင့်မှာပြုံးလိုက်ရင်း

“ဒါဆို မောင်ကြီးကို မောင်ကြီးကိုရော နှမက မေတ္တာရှိနေတယ်ပေါ့နော်”

မမယ်ဖြူခေါင်းညိတ်ပြလိုက်သည့်အခါ မောင်ကံတင့်မှာ မမယ်ဖြူလက်ကိုအတင်းဆွဲတော့လေသည်။ ထို့နောက် မမယ်ဖြူကိုယ်လုံးကလေးကို သိမ်းကြုံးကာပွေ့ဖက်လိုက်သည်။

“မောင်ကြီးရယ်၊ ခုမှတွေ့တယ်၊ အခုဘဲဖက်တယ်ဆိုတော့ မလွန်လွန်းဘူးလား”

“မလွန်ဘူးနှမရယ်၊ မောင်ကြီးနှမကိုသိပ်ပိုင်ဆိုင်ချင်တယ်၊ မကြာခင် မောင်ကြီးအဖေ့ကိုဖွင့်ပြောပြီးတော့ နှမကိုလာပြီး တောင်းရမ်းလက်ထပ်မယ်နှမ”

ကြီးဒေါ်ရှင်အိမ်သို့ရောက်သည့်အခါ ခြံထဲတွင်မည်သူမှ ရှိမနေတော့ပေ၊ သို့နှင့်အိမ်ပေါ်သို့ အပြေးတက်လိုက်ပြီး

“မယ်ဖြူ၊ ဟဲ့ မယ်ဖြူ”

ကြီးဒေါ်ရှင်ခေါ်သော်လည်း အိမ်အတွင်းမှ မည်သည့်အသံမှမကြားရပေ၊ ထိုစဉ် မမဲတူက အိမ်နောက်ဖေးမှပြေးထွက်လာလေသည်။

“ဟဲ့ မဲတူမ၊ နင့်အမ မယ်ဖြူရော”

မမဲတူမှာ မချိသွားဖြဲနှင့် ခေါင်းခါပြလိုက်လေသည်။ ကြီးဒေါ်ရှင်က အလွန်ထူးဆန်းနေပြီး

“ခုနကပဲ ဧည့်သည်တွေနဲ့ထိုင်နေပါသေးတယ်၊ အခုဘယ်ရောက်သွားတာလဲ”

ထိုစဉ်ဈေးမှပြန်လာသည့် မမယ်ဖြူက ခြင်းတောင်းကလေးဆွဲကာ အိမ်ထဲသို့ဝင်လာခဲ့သည်။ ကြီးဒေါ်ရှင်က မမယ်ဖြူကိုတွေ့သည်နှင့်

“ဟဲ့ မယ်ဖြူ၊ ညည်းဘယ်သွားနေတာလဲအေ၊ ငါဖြင့် ညည်းဟိုကောင်လေးတွေနဲ့လိုက်ပြေးသွားပြီထင်နေတာအေ့”

မမယ်ဖြူမှာ အလွန်အံ့သြနေပြီး

“ဘယ်သူတွေကိုပြောတာလဲ အကြီးရဲ့”

“နင်ကလည်းအေ၊ ခုနက အိမ်ကိုလာတဲ့ ရွာစားရဲ့သား မောင်ကံတင့်ဆိုတာလေ”

“ဟုတ်လား၊ သူကဘာလာလုပ်နေတာလဲ”

ကြီးဒေါ်ရှင်က တအံ့တသြနှင့်

“မယ်ဖြူရေ၊ ညည်းဘာကြောင်နေတာလဲ၊ ခုနက ညည်းနဲ့စကားတွေပြောနေတယ်မဟုတ်လား”

မမယ်ဖြူမှာ ကြောင်အမ်းအမ်းဖြစ်နေသဖြင့် နောက်ဆုံးမမဲတူကပင်

“ကဲပါ ဘာမှပြောမနေပါနဲ့၊ အခုထိ ဟင်းမချက်ရသေးဘူး၊ ဗိုက်ဆာနေပြီအမဖြူရေ”

မမဲတူက မမယ်ဖြူ၏လက်ကိုဆွဲကာ အိမ်နောက်ဖေးသို့ဆွဲခေါ်သွားတော့သည်။

ဆက်ရန်။
#အဂ္ဂဇော် #စုန်း #ဒေါ်ပျင်း