အခန်း(၁)
ညဘက်အိပ်ပျော်နေရင်းမှ နှာ၀သို့တိုး၀င်လာသော ရနံ့၊ ထိုရနံ့သည် ကြာလေ အသက်ရှုကြပ်လာလေဟု ခံစားလာရ၏။
” အဟွတ် ဟွတ် ဟွတ် “
ရင်ထဲ၌ မွန်းကြပ်ကာ ချောင်းများပင် ဆက်တိုက်ဆိုးလာခဲ့၏။
” အား နံလိုက်တဲ့ ညှော်နံ့ကြီး “
သူ့နှုတ်မှအသံများပင် ယောင်ရမ်းထွက်ပေါ်လာ၏။
သူမျက်လုံးများအား ယောင်ရမ်းဖွင့်ကြည့်လိုက်မိ၏။မျက်လုံးထဲ၌ အရာရာသည် အမှောင်တိ။
” ဟာ မီးပျက်နေတာထင်တယ်…”
သူ့လက်က စားပွဲခုံပေါ်သို့ မှန်းဆကာ တစ်စုံတစ်ခုအား ရှာဖွေနေမိ၏။
ထိုအချိန်၌ အေးစက်စက်အရာတစ်ခုအားထိတွေ့ခံစားလိုက်ရ၏။
” အားးးဘာကြီးလဲ “
သူယောင်ရမ်းကာအော်မိသွား၏။
“အဟိ ဟိ အဟစ် ဟစ်”
ကလေးတစ်ယောက်၏ ရယ်မောသံအား ရုတ်တရက်ကြားလိုက်ရ၏။
သူ့လည်း စောင်အားဆွဲယူကာ ခေါင်းမြီးခြုံလိုက်မိသည်။
ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေလေပြီ။
အသားကင်ညှော်နံ့ကြီးသည် အခန်းထဲ၌ လှောင်ပိတ်နေ၏။
“ဂျီး ဂျလစ် ဂျစ်”
အခန်းထဲမှ မီးချောင်းသည် ရုတ်တရက် တဖျတ်ဖျတ်လင်းကာ မှိတ်တုတ်မိတ်တုတ်ဖြင့် တဂျစ်ဂျစ်ထမြည်နေ၏။
သူလဲ စောင်အားခေါင်းမြီးခြုံထားရာမှဖယ်ကာ အခန်း၀န်းကျင်အား ထိတ်လန့်စွာ ကြည့်လိုက်မိ၏။
အခန်းထောင့်တစ်နေရာ၌ မပီဝိုးတဝါး အရိပ်မဲတစ်ခု။
” မင်း မင်းက ဘယ်သူလဲ “
ထိုအရိပ်ထံမှ ပြန်ဖြေသံအားမကြားရ ။ထိုအရိပ်သည် သူ့ထံတရွေ့ရွေ့တိုးကပ်လာသည်။
ထိုအရိပ်က သူ့ထံနီးလာလေလေ ညှော်နံ့ကြီးက ပို၍ ပြင်းထန်လာလေလေဖြစ်၏။
ထိုအရိပ်ကြီးသည် နီးလာသည်နှင့်အမျှ ပုံရိပ်သည် ပို၍ ပီပြင်လာ၏။မျက်နှာတစ်ခြမ်းသည် မီးဟပ်ထားသောကြောင့် အရေခွံများက ဖောင်းပွကာ ပေါက်ထွက်မတတ်ဖြစ်နေ၏။
ကျန်မျက်နှာတစ်ခြမ်းအားကြည့်ကာ သူလွန်စွာထိတ်လန့်သွားမိ၏
” အားးးးး”
” ဟဲ့ သမီးချိုသဲ ဘာတွေယောင်အော်နေတာလဲ “
” အမေ သမီး ….သမီးမျက်နှာ “
” နင့်မျက်နှာက ဘာဖြစ်လို့လဲ “
သူလည်း အမြန်ထကာ မှန်ထဲမှ မိမိ၏မျက်နှာအား ကြည့်ပြီးမှ
” တော် …တော်ပါသေးရဲ့ အမေရယ် ။ သမီးအိမ်မက်ထဲမှာ သမီးမျက်နှာတစ်ခြမ်းက မီးလောင်ခံထားရတာ… ကြောက်စရာကြီးအမေရယ် “
” ညကဘုရားမရှိခိုးဘူးနဲ့တူတယ်၊ ဒါကြောင့်အိပ်မက်ဆိုးတွေမက်တာ “
မိခင်၏ ပူညံပူညံစကားသံကြောင့် ချိုသဲတစ်ယောက် ဘာမှထပ်မပြောတော့…ပြောပြန်လျှင်လဲ တစ်နေကုန် ပေါက်ပေါက်ဖောက်သကဲ့သို့ အရွတ်အဖတ်ခံရမည်အား ကြိုသိနေသောကြောင့်ဖြစ်သည်။
ညက သူ ဘုရားရှိခိုး ပြီးမှ အိပ်ခဲ့၏။ သို့သော် ခြောက်ခြားစရာ အိမ်မက်ဆိုးကြီးက တစ်ကယ်ပင် မြင်နေရသည့်အလား မြင်မက်မိခဲ့လေသည်။
ထိုအိမ်မက်ထဲ၌ မီးလောင်ခံထားရသည့် မျက်နှာပိုင်ရှင်မှာ မိမိကိုယ်တိုင်မို့ ပို၍ တုန်လှုပ်သွားမိခဲ့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၂)
လွန်ခဲ့သည့် တစ်ပတ်ခန့်ကဖြစ်၏။
” ချိုသဲ ငါတို့ I phone ၀ယ်ရအောင်လေ “
” ၀ယ်ချင်တာပေါ့ မျိုးမာရယ် ၊ ဒါပေမဲ့ ဘယ်က ပိုက်ဆံနဲ့ ၀ယ်ရမှာလဲ “
” စုမှာပေါ့ဟ ၊ ငါတို့ စုဘူးတွေ ၀ယ်ပြီး ပိုက်ဆံစုကြမယ်လေ “
” အင်းရတဲ့ လစာက အစားအသောက်ဖိုး၊ မိတ်ကပ်ဖိုးနဲ့၊ အိမ်ကိုလဲ ပေးချင်သေးတယ် မျိုးမာရယ်”
” ဟာ အသုံးချွေတာမှာပေါ့ဟာ ၊ ငါတို့လစာက နှစ်သိန်းကျော်ရတာပဲ ၊ တစ်လတစ်သိန်းတော့ ဖြစ်အောင်စုကြမယ်လေ ၊ နောက်နှစ်ဆို ငါတို့ I phone အမြင့်ထဲက ကိုင်နိုင်လောက်ပြီ”
” အင်းနော် ငါတို့ဖြစ်အောင်စုကြမယ်ကွာ “
” ချိုသဲ ဟိုမှာကြည့်စမ်း “
မျိုးမာပြရာသို့ ကြည့်လိုက်ရာ တစ်ဘက်ကောင်တာမှ ရွှေမိသည် I phone ဖြင့် selfie ဆွဲနေ၏။
ချိုသဲလဲ ရွှေမိအားကြည့်နေရာမှ မျက်နှာလွှဲလိုက်ပြီးေနာက် မိမိ၏ ဖုန်းအဟောင်းလေးအားကြည့်ကာ သက်မရှည်ကြီးအား မသိမသာ ချလိုက်မိလေသည်။
ချိုသဲနှင့်မျိုးမာတို့သည် မီနီမားကပ်တစ်ခု၌ အရောင်း၀န်ထမ်းစာရေးမများဖြစ်ကြသည်။
နှစ်ယောက်လုံးသည် တက္ကသိုလ်၀င်တန်းအောင်မြင်ထားကြပြီးသော်လည်း အခြေအနေအရပ်ရပ်ကြောင့် တက္ကသိုလ် ဆက်မတက်ဖြစ်ကြပဲ စတိုးဆိုင်၌ အရောင်း၀န်ထမ်း လုပ်ခဲ့ကြ၏။
ရွှေမိနှင့်တစ်ကျောင်းတည်း ကျောင်းနေဖက်များဖြစ်ကြသော်လည်း ခပ်ကဲကဲပုံစံနေတတ်သော ရွှေမိနှင့် သိပ်မရင်းနှီးခဲ့ကြပေ။
ရွှေမိသည် ပွေရှုပ်သည့် မိန်းခလေးမို့ ချိုသဲနှင့် မျိုးမာက သိပ်ကြည့်မရ။
ယခုလဲ ချစ်သူက ၀ယ်ပေးသည်ဟုဆိုကာ I phone အား မျက်စိနောက်အောင် ကိုင်ပြနေလေသည်။
ချိုသဲတို့သည် အလုပ်ပိတ်ရက်၌ အခြားသူငယ်ချင်းများနှင့် ဆုံလျှင်လဲ အခြားသူများက I phone ကိုယ်စီနှင့်မို့ မျက်နှာငယ်ကြရသည်။
လူငယ်များကြား၌ I phone ဟူသော brand တံဆိပ်သည် အတော်လေး အရေးပါနေခဲ့ပြီလားပင် မပြောတတ်ပေ။
” ဟဲ့ ချိုသဲ နင့်ကိုခေါ်နေတာကြာပြီ ၊ ဘာတွေတွေးနေတာလဲ “
” ဩ ငါတို့ ညနေပြန်ရင် စုဘူး ၀င်၀ယ်ရအောင်ဟာ “
” အင်း ဘယ်လိုစုဘူး၀ယ်မလဲ “
” ဟာ အရုပ်ကော်စုဘူးပဲ၀ယ်မယ်လေ ၊ တစ်နေ့ကြရင် လွှင့်ပြစ်ရမှာပဲဟာ “
” အင်း ကောင်းသားပဲ ကော်စုဘူးက ဈေးလဲပေါတယ် ၊ငါတို့ဘယ်ဆိုင်မှာ သွား၀ယ်ကြမလဲ “
” အင်း ဈေးထိပ်က အသစ်ဖွင့်ထားတဲ့ အရုပ်ဆိုင်မှာ၀ယ်ကြမယ်လေ “
” အေး ကောင်းသားပဲ ၊ အဲ့ဆိုင်သစ်ကို တစ်ခါမှ မရောက်ဖူးသေးဘူး “
ထိုနေ့ညနေက သူတို့နှစ်ဦးလဲ ကော်စုဘူးများအား တစ်ယောက်လျှင် တစ်ဘူး ၀ယ်ယူခဲ့ကြ၏။
မျိုးမာက အိမ်ပုံစံ ကော်စုဘူးအဝါရောင်အား၀ယ်ယူကာ ချိုသဲက အပန်းရောင်ကော်အရုပ်မစုဘူးအား ၀ယ်ယူခဲ့ကြလေသည်။
အိမ်သို့ရောက်သောအခါ
” ဟဲ့ နင့်လက်ထဲက အရုပ်စုဘူးက ဘာလုပ်မို့လဲ “
” ပိုက်ဆံစုမလို့ပေါ့ အမေရဲ့ “
” အမယ် ကြားသားမိုးကြိုး နင်က ပိုက်ဆံစုပြီး ဘာလုပ်မို့လဲ “
” ယောက်ျားယူမို့လေ အမေရဲ့ “
” ဘာ….”
” အမယ်လေး အမေရယ် ဖြည်းဖြည်းအော်ပါ သွားတွေလဲ ကျွတ်ထွက်ကုန်အုံးမယ် ၊ စတဲ့ဟာကို အမေကလဲ ပိတ်အော်နေတယ် ဟီးးး”
” လူကိုလာပြီး ပြောင်စပ်စပ်မလုပ်နဲ့နော် မိချိုသဲ “
” မလုပ်ပါဘူးအမေရဲ့ I phone ၀ယ်ချင်လို့ ပိုက်ဆံစုမလို့ပါ အမေ”
” အင်း …အဲ့ဒါဆို အိမ်ကို ဈေးဖိုးမပေးနဲ့တော့ ကိုယ့်လစာ ကိုယ်စုတော့ နင့်ဖုန်း၀ယ်ပြီးမှ ဈေးဖိုးပေးချင်ပေးပေါ့ “
” တစ်ကယ်လားအမေ ၀မ်းသာလိုက်တာ ၊ ဒါဆို တစ်လကို တစ်သိန်းခွဲလောက်စုမယ် နဲနဲပဲ သုံးမယ် “
စုဘူးအား လက်ဖြင့်ပုတ်ကာ အခန်းထဲ ခုန်ပေါက်၍ ၀င်သွားသော ချိုသဲအား မိခင်ဖြစ်သူက ပြုံးကာ ကြည့်နေရှာလေသည်။
ချိုသဲလဲ စုဘူးအား ပုတ်နေရင်းမှ အရှိန်များသွားသဖြင့် စုဘူးသည် ကုတင်အောက်သို့ လှိမ့်၀င်သွား၏။
” အဟင့် ဟင့် “
သူနားထဲ၌ တစ်ဦးတစ်ယောက်၏ တိုးတိုးဖွဖွ ငိုကြွေးသံအား ကြားလိုက်ရသဖြင့်
” အွမ် ဘယ်သူငိုနေတာလဲ ….အငယ်မများလား ၊ ငိုသံက ငါ့ကုတင်အောက်ထဲကလား “
” အငယ်မရေ အငယ်မ “
“…….”
ပြန်ထူးသံအားမကြားရပေ။
ချိုသဲလဲ စုဘူးအား ကောက်ယူရန် ကုတင်ဘေး၌ ဒူးထောက်ကာ ထိုင်ချလိုက်၏။
သုံးချပ်စကတ်က ကြပ်နေသည်မို့ ကုန်း၍ မရ ။
” မမ “
ရုတ်တရက် ခေါ်သံကြောင့် သူလန့်သွား၏။
” ဟာ…အငယ်မရာ လန့်တာ ၊ အသံမပေး ဘာမပေးနဲ့ “
” ဟာ စောတုန်းက ညီမလေးကို တကြော်ကြော်ခေါ်နေပြီးတော့ …ခုမှ ဘာလန့်တာလဲ ၊ ပြော မုန့်ဖိုးပေး မို့ခေါ်နေတာလား “
” မဟုတ်ပါဘူးဟာ ၊ ငါ့ကုတင်အောက်ထဲ စုဘူး၀င်သွားလို့ ကောက်ခိုင်းမို့ပါ ၊ နင်က လူကောင်သေးတော့ ကောက်ရလွယ်မှာ ငါ့စကတ်က ကြပ်နေတော့ ကုန်းမရ ကွမရနဲ့မို့ “
” ဟွန့် ခိုင်းဖို့ဆိုသတိရတယ် “
” လိမ္မာပါတယ် အငယ်မရယ် ၊ကဲ မမ အ၀တ်လဲ ရေချိုးလိုက်အုံးမယ်နော် “
ပြောဆိုနေရင်းမှ ချိုသဲတစ်ယောက် ရေချိုးခန်းထဲသို့ ၀င်သွား၏။
ချိုသဲ၏ ညီမဖြစ်သူလဲ အရုပ်စုဘူးအား ကောက်ယူရန် ကုတင်အောက်သို့ ချောင်းကြည့်လိုက်၏။
” အမယ်လေး ဘာကြီးလဲ “
သူအားစိုက်ကြည့်နေသော မျက်၀န်းတစ်စုံကြောင့် လန့်သွား၏။
” ဟဲ့ အငယ်မ ဘာကိုလန့်နေတာလဲ “
” မမကုတင်အောက်မှာ စုဘူးကောက်ပေးမို့ကို မျက်လုံးပြူးကြီးနဲ့ သမီးကိုကြည့်နေလို့ အမေ”
” ဟိုမှာ ဓာတ်မီးယူခဲ့စမ်း ၊ မမြင်မစမ်းနဲ့ ကုတင်အောက်ကို ကြည့်ပြီး အော်နေတာ “
အငယ်မလဲ ဓာတ်မီးအား မိခင်ဖြစ်သူလက်ထဲ ကမ်းပေးလိုက်၏။
” ဟိုမှာ စုဘူး ..၀င်ယူစမ်း “
” ဩ အရုပ်မမျက်လုံးကြီးကို လန့်သွားတာပဲ ဟီး၊ သမီးက စုဘူးဆိုလို့ ဘယ်လိုစုဘူးလဲ ထင်နေတာ ရှေးခေတ်က စုဘူးကြီးပဲ ..သမီးတို့ငယ်ငယ်က အမေ၀ယ်ပေးတဲ့ ကော်ရုပ်စုဘူးကြီး ၊ သမီးတော့ ဒီအရုပ်ကြီးကိုမကြိုက်ဘူး “
” ကဲပါ ညည်းကလဲ ရှည်တာ ၊ သူ့ဟာသူကြိုက်လို့၀ယ်လာတာ အရစ်မတတ်နဲ့ ၊ သွား ထမင်းသွားခူးတော့၊ညရှစ်နာရီကျော်ပြီ “
မိခင်ဖြစ်သူစကားကြောင့် အငယ်မလဲ စကားဆက်မဆိုတော့ပဲ အခန်းထဲမှ ထွက်သွား၏။
ထိုနေ့ညက စားသောက်ပြီးနောက် ချိုသဲတစ်ယောက် စောစော အိပ်ရာ ၀င်ခဲ့တော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
“ဒေါက် ဂလောက် “
အသံကြောင့် ချိုသဲလဲ အိပ်နေရာမှ ဆတ်ခနဲ လန့်နိုးသွား၏။
” အွန် ဘာသံကြီးလဲ “
သူလဲ ညအိပ်မီးရောင်အောက်၌ အခန်းအားဝေ့ဝဲ ကြည့်ရှုလိုက်ရာ
” ဩ စုဘူးပြုတ်ကျတာပဲ “
သူလဲ အိပ်ရာမှထကာ စုဘူးအား စားပွဲခုံပေါ်ကောက်တင်လိုက်ပြီးနောက် ရေသောက်ရန် မီးဖိုခန်းဘက်သို့ထွက်လာခဲ့၏။
” ရှပ် ရှပ် ရှပ် “
နောက်မှခြေသံကြောင့် ရုတ်တရက်လန့်သွား၏။
” အငယ်မ နင်လား ၊ ညဘက်ကြီး ငါ့ကိုမစနဲ့နော် “
ထိုစဉ် အသားကင်နံ့ကြီးက ရုတ်တရက် လှိုက်တက်လာသည်။
” ဖွီး နံလိုက်တာ ၊ ဘာနံ့ကြီးလဲ မသိဘူး ၊ ဒီအချိန်ကြီး ဘယ်အိမ်က ဘာများလုပ်နေလဲ မသိဘူး “
သူလဲ ညီးတွားရင်း ရေခဲသေတ္တာထဲမှ ရေဘူးအား ယူပြီးနောက် သူ့အခန်းထဲ ပြန်လာခဲ့၏။
ထိုစဉ် သူ့အခန်းထဲ တစ်ဉီးတစ်ယောက် ၀င်သွားသကဲ့သို့ဖြစ်ကာ ခန်းဆီးစက လှုပ်ခတ်သွားသည်မို့
” ဘယ်သူလဲ အငယ်မလား “
သူ့အမေးအား ပြန်ဖြေသံမကြားရ ၊ အချိန်ကလည်း ညသန်းခေါင်ကျော်ပြီမို့ တစ်လောကလုံး အိပ်မောကျလျက်ရှိ၏။
သူလဲ အခန်းမီးအားဖွင့်ကာ အခန်းပတ်လည်အား သေချာကြည့်ရှုပါသော်လည်း မည်သူမှမရှိပါချေ။
” အင်း ငါစိတ်ထင်တာနေမှာပါ “
သူလဲ တွေဝေမနေတော့ပဲ အခန်းမီးအား ပြန်ပိတ်ကာ ညအိပ်မီးသီးအား ဖွင့်လိုက်ပြီးနောက် အိပ်ရာထက်၌ လဲလျောင်းလိုက်၏။
သူအားတစ်စုံတစ်ယောက်က စိုက်ကြည့်နေသကဲ့သို့ ခံစားလာရသည်။ ထို့ကြောင့် မျက်လုံးအားဖွင့်ကြည့်လိုက်ရာ စားပွဲပေါ်မှ အရုပ်မစုဘူး၏ မျက်လုံးဖြူဖြူကြီးက သူ့အားစိုက်ကြည့်နေသယောင်ပင်။
သူလဲ ကြက်သီးများပင် ထလာသည်မို့
အိပ်ရာမှ ထကာ အရုပ်အား ဗီဒိုထဲ ထည့်ထားလိုက်သည်။
ထို့နောက်မကြာမီ အိပ်ပျော်သွားလေတော့သည်။
မနက် အိပ်ယာထ နောက်ကျသည်မို့ အလုပ်သွားရန် ကပျာကယာ ပြင်ဆင်နေရ၏။
အ၀တ်လဲရန် ဗီဒိုအားဖွင့်လိုက်စဉ် ညက အဖြစ်အား ပြန်သတိရလာသည်မို့ စုဘူးအားရှာကြည့်သော်လည်း မတွေ့ရ။
ထိုစဉ် သူ့ခေါင်းပေါ် အရာ၀တ္ထုတစ်ခုက ပြုတ်ကျလာ၏။
” အမေ့ “
သူလဲ ရုတ်တရက်မို့ လန့်သွား၏။
” ဟင် စုဘူးက ဗီဒိုပေါ်က ပြုတ်ကျလာပါလား၊ ညက ငါ ဗီဒိုထဲ သေချာထည့်လိုက်တာပါ “
” ချိုသဲရေ အိမ်ရှေ့မှာ မျိုးမာ ရောက်နေပြီဟေ့ “
” ဟုတ်အမေ လာပြီ”
စုဘူးအားကောက်ယူ၍ စားပွဲပေါ်တင်ပြီးနောက် အ၀တ်လဲကာ အိမ်ရှေ့ဘက်သို့ ထွက်လာခဲ့၏။
” ဒီနေ့ နာက်ကျပြီနဲ့တူတယ် ချိုသဲ “
” အင်း လာပါ၊ မှီပါတယ်အလုပ်က ၊ ညက ငါအတော်နဲ့ အိပ်မပျော်လို့ အိပ်ရာထ နောက်ကျသွားတယ် ၊ ငါ့စိတ်ထဲ မနေ့က ၀ယ်လာတဲ့ စုဘူးအရုပ်မက မသန့်သလိုပဲ “
” ဟုတ်လား ၊ဘယ်လိုမသန့်တာလဲ “
” ဟော ဟိုမှာ ကားလာနေပြီ ၊ အလုပ်နားချိန်မှ ငါနင့်ကို ပြောပြမယ် “
သူတို့လဲ စကားစအားဖြတ်ကာ ကားပေါ်သို့တက်လိုက်ကြ၏။
ထိုနေ့က ဆိုင်၌လည်း အလုပ်များသည်မို့ နှစ်ဦးသား စကားမဆိုဖြစ်ကြ။
ချိုသဲလဲ ပစ္စည်းသစ်စာရင်းများ ပြုလုပ်နေရသောကြောင့် စုဘူးကိစ္စအား သတိပင်မရတော့ပါချေ။
အပိုင်း(၂) ဇာတ်သိမ်း
ချိုသဲတစ်ယောက် ယခုတလော အိမ်မက်ဆိုးများ မက်နေ၏။
မိမိအားလဲ တစ်စုံတစ်ဦးက စောင့်ကြည့်နေသကဲ့သို့လည်း ခံစားနေရ၏။
အထူးသဖြင့် အိမ်၌ရှိနေစဉ် မိမိ၏အခန်း၌ အခြားတစ်ယောက်က ရှိနေသယောင်ထင်မိလေသည်။
” ချိုသဲ မျက်နှာလဲ မကောင်းပါလား ၊ အလုပ်မှာအဆင်မပြေလို့လားသမီး “
” အလုပ်က အဆင်ပြေပါတယ်အမေရယ်၊ ဒါပေမဲ့ ခုတလော အိမ်မက်ဆိုးတွေ မက်နေတယ်၊ မနေ့ညက အိမ်မက်ထဲမှာ သမီးရဲ့ မျက်နှာတစ်ခြမ်းက မီးလောင်ပြီး ဆိုးဆိုးရွားရွားပျက်ဆီးနေတယ် သမီးကြောက်တယ်အမေ၊ သမီး အထင် စုဘူး၀ယ်လာပြီးမှ ဒီလိုတွေ ဖြစ်တယ်ထင်မိတယ်”
” သမီးစိတ်ထင်တာလဲ ဖြစ်နိုင်တယ် ၊ စုဘူးက အသစ်ကြီးမို့လား “
” ဟုတ်တယ်အမေ ၊ အိမ်ရောက်မှ ပိုက်ဆံထည့်ရမယ့်အပေါက်ဖောက်လိုက်တာ “
” ဘယ်ဆိုင်က ၀ယ်တာလဲ သမီး “
” ဈေးထိပ်က အသစ်ဖွင့်ထားတဲ့ ဆွီတီ အရုပ်ဆိုင်ကပါအမေ “
” အင်း အဲ့နားက စတိုးဆိုင်ဖွင့်ထားတဲ့ အမေ့သူငယ်ချင်း မြမြဆီစုံစမ်းကြည့်အုံးမယ် ၊ ကဲ ဒီစုဘူးကို ဒီည အမေ့အခန်းထဲ ယူသွားမယ် “
” ဟုတ်အမေ “
ချိုသဲတို့နေထိုင်ရာ အိမ်သည် နှစ်ထပ်အိမ်လေးဖြစ်၏။အောက်ထပ်၌
ချိုသဲ၏ မိဘက တစ်ခန်း၊ ချိုသဲက တစ်ခန်း ၊
အပေါ်ထပ်၌ ချိုသဲ၏ညီမနှင့်အဖွားဖြစ်သူတို့နေကြ၏။
ချိုသဲတစ်ယောက် စိတ်ပင်ပန်းကြီးစွာဖြင့် အိပ်ရာထက်၌ လဲလျောင်းလိုက်၏။
တစ်ရေးနိုးလာသောအခါ အာခေါင်ကခြောက်ကပ်နေ၏။
နာရီကြည့်လိုက်သောအခါ ညဆယ့်တစ်နာရီခွဲ ၊
သူလဲ ရေဘူးယူရန်မီးဖိုခန်းထဲ သို့ လာခဲ့ရာ အပေါ်ထပ်လှေကားထိပ်၌ထိုင်ကာ အငယ်မသည် ဖုန်းအားကြည့်နေလေသည်။
” အငယ်မ နင်ညနက်တဲ့အထိ ဖုန်းကြည့်နေတာလား ၊ အခန်းထဲမှာ မနေပဲ ဘာလို့ လှေကားထိပ်မှာ ထိုင်နေတာလဲ “
ထိုအခါ အငယ်မသည် ဖုန်းအားကြည့်နေရာမှ သူ့အားလှမ်းကြည့်လာလေသည်။
ဖုန်း၏မီးရောင်ဖြင့် အငယ်မ၏မျက်လုံးသည် အဖြူစံချည်း ဖြစ်နေသဖြင့် ချိုသဲ ထိတ်လန့်အံ့ဩသွား၏။
နှုတ်မှ အသံက လည်ချောင်း၀၌ တစ်စို့နေသည်။
ထိုအချိန်၌ အငယ်မသည် လှေကားထိပ်၌ ထိုင်နေရာမှ တစ်ဘက်သို့လှည့်သွားကာ ကိုယ်ခန္ဓာပက်လက်အနေအထားဖြင့် လှေကားမှ လေးဘက်ထောက်ဆင်းလာလေသည်။
ထိုမြင်ကွင်းသည် နိုင်ငံခြားသရဲကားများ၌သာ မြင်ဖူးလေရာ လက်တွေ့မိမိ၏ ညီမအရင်းကိုယ်တိုင် ဤသို့ပြုမူသည်အား မြင်လိုက်ရသဖြင့် ကြောက်လန့်စိတ်က ငယ်ထိပ်ပင် ဆောင့်တက်သွားသည်ဟု ခံစားလိုက်ရပြီးနောက် မျက်လုံးထဲ အရာရာသည် အမှောင်တိ ဖြစ်သွာလေသည်။
ထိုအချိန်၌
” ရှပ် ရှပ် ရှပ် “
ခြေသံကြောင့် ချိုသဲ၏မိခင်သည် လန့်နိုးလာ၏။
ထိုအချိန်၌ သမီးဖြစ်သူချိုသဲသည် စုဘူးအား ပိုက်ကာ အခန်းထဲမှထွက်သွား၏။
” ဟင် သူပဲ စုဘူးကိုစိတ်မသန့်ဘူးဆိုလို့ ငါ့အခန်းထဲယူလာတာ၊ ခုသန်းခေါင်ကြီး အခန်းထဲကစုဘူးကို လာယူနေပါလား၊ ဒီကောင်မလေး မရိုးလောက်ဘူးနေမှာ “
ဟု တွေးမိရင်း
သမီးဖြစ်သူနောက် လိုက်ကြည့်ရန်ဆုံးဖြတ်လိုက်၏။
ချိုသဲသည် အခန်းအပြင်၌ စုဘူးအား ရင်ခွင်ထဲ၌ ပိုက်ကာ သူ့အား ကျောပေးကာ ရပ်နေလေသည်။
” သမီး…ချိုသဲ ဘာရပ်လုပ်နေတာလဲ “
ထိုစဉ် ချိုသဲသည် သူ့အားကျောခိုင်းကာ ရပ်နေရာမှ ကိုယ်က ကျောပေးလျှက် ရပ်နေပြီး ဦးခေါင်းမှာ သူ့ထံတဖြည်းဖြည်းလှည့်လာရာ
မျက်နှာတစ်ခြမ်း၌ မီးလောင်ထားသည်အား တွေ့လိုက်ရသည်မို့
” အားးးး”
” ဟာ မေရီ …ဘာဖြစ်တာလဲ “
” သမီး…ချိုသဲ ချိုသဲ….က “
” ဟာ ဟိုမှာ သမီးချိုသဲ လှေကားနားမှာ မေ့လဲနေပါလား “
” ဟင် အဲ့ဒါ ချိုသဲမဟုတ်ဘူး ….သ သရဲ “
” လာပါဟ မြန်မြန်၊ သမီးက မေ့လဲနေတာ ၊ မင်းက ဘာမဟုတ်ဘူး ပြောနေတာလဲ ၊ ငါ့ရဲ့ညီ အောင်မော်ဆီဖုန်းဆက်စမ်း၊ ချက်ချင်းလာခဲ့လို့ပြောလိုက် “
” ဟုတ် ဟုတ်အစ်ကို “
ချိုသဲမိခင်လဲ သူ၏ မတ်ဖြစ်သူ ဆရာ၀န်အောင်မော်ထံဖုန်းဆက်လိုက်၏။
မကြာမီ အောင်မော်ရောက်လာကာ
” မိချိုသဲက နှလုံးအတော်အားနည်းနေတယ်ကိုကြီး၊ သူရုတ်တရက် ထိတ်လန့်စရာတစ်ခုခုကိုတွေ့လိုက်လို့ သတိမေ့သွားတာနေမှာ “
” အေးပါကွာ မင်းတူမကို မင်းပဲ လိုအပ်တဲ့ဆေးတွေ ညွှန်ပေးပါကွာ “
အောင်မော်ပြန်သွားပြီးနောက် ချိုသဲ၏ မိခင်သည် သူ၏ခင်ပွန်းထံ သူကြုံတွေ့ရသည်များအား ပြောပြလိုက်၏။
” ငါ့ကို ဘာလို့ စောစောမပြောတာလဲ မေရီ၊ ဒီလိုကိစ္စဆိုတာ ပေါ့ဆလို့မရဘူး၊ မင်း…ဒီည မင်းရဲ့ သမီးအခန်းမှ စောင့်အိပ်၊ နက်ဖြန် ငါ့အသိ အထက်လမ်းဆရာ ပင့်လာခဲ့မယ် ၊ ကြာရင် ငါ့သမီးကြီးရဲ့ အသက်အန္တရာယ်ထိခိုက်လာနိုင်တယ် သိရဲ့လား”
ချိုသဲ၏ ဖခင်က အကြောင်းစုံသိရသောအခါ အတော်ပင်စိတ်ပူသွား၏။
နက်ဖြန်၌ သူသိသော ဆရာအားပင့်ဆောင်ရန်ဆုံးဖြတ်လိုက်လေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၅)
” မေရီရေ ဆရာကြွလာပြီဟေ့ …ဆရာ ဒါ ကျွန်တော့်ရဲ့အိမ်ပါ”
ဆရာသည် အိမ်အားအကဲခတ်ကာ
” အင်း မောင်ကျော်စံ မင်းရဲ့အိမ်မှာ မကျွတ်မလွတ်တဲ့ ဝိညာဉ် တွယ်ကပ်နေတာ အမှန်ပဲ …မင်းရဲ့ သမီးကို ခေါ်ခဲ့ပါ “
” မေရီရေ သမီးကြီးကိုပါ ခေါ်ခဲ့ဟေ့ “
” ဟုတ်အစ်ကို …”
ဆရာသည် အိမ်ရှေ့ဧည့်ခန်း၌ ထိုင်ကာ အခြေအနေအရပ်ရပ်အား အကဲခတ်နေလေသည်။
” မောင်ကျော်စံ ဘုရားကျောင်းဆောင်က အပေါ်ထပ်မှာလား”
” ဟုတ်ဆရာ “
” ကဲ ဆရာလဲ ဘုရား၀တ်ပြုပြီး လုပ်စရာရှိတာတွေလုပ်ဖို့ ဘုရားခန်းကိုသွားမယ်၊ အိမ်သားအားလုံးကို ဘုရားခန်းကို လာခဲ့ဖို့ ပြောလိုက်ပါ “
“ဟုတ်ကဲ့ပါဆရာ “
ဆရာလဲ အပေါ်ထပ်ရှိဘုရားခန်းသို့တက်လာခဲ့၏။
ထို့နောက် လွယ်အိတ်ထဲမှ ဖယောင်းတိုင်အတိုင်လတ်သုံးတိုင်အားထုတ်ယူကာ ဘုရားကျောင်းဆောင်၌ ပူဇော်လိုက်ပြီးနောက် ဘုရား၀တ်ပြုနေလေသည်။
ချိုသဲတို့မိသားစု အားလုံးသည်လည်းအပေါ်ထပ်သို့ ရောက်ရှိလာကြပြီဖြစ်၏။
ဘုရားခန်းသည် အနည်းငယ်ကျဉ်းမြောင်းသဖြင့် လူအားလုံး၀င်ရန်မဆံ့ပေ။
ထို့ကြောင့် ချိုသဲ၏ မိဘနှစ်ပါးနှင့် ချိုသဲတို့သည် ဘုရားခန်းအတွင်း၀င်ကြကာ ချိုသဲ၏ ညီမနှင့်အဖွားဖြစ်သူမှာ
ဘုရားခန်း အပြင်ဘက်၌ ထိုင်နေကြ၏။
ဆရာသည် ဘုရား၀တ်ပြုပြီးနောက် သောက်ရေအားဖန်ခွက်တစ်ခုထဲ၌ ဖြည့်စေကာ ချထားသောစားပွဲထက်၌ တင်လိုက်၏။
ထို့နောက် နှုတ်မှ တစ်စုံတစ်ခုအား ရွတ်ဖတ်နေကာ သူ၏လွယ်အိတ်ထဲမှ သပြေပန်းသုံးခက်အား ထုတ်ယူကာ ဖန်ခွက်ထဲ ထည့်လိုက်၏။
တစ်ဖန် ဖယောင်းတိုင်အကြီး သုံးတိုင်အားလည်း ရွှေရောင်ဆီမီးခွက်သုံးခွက်ထဲ၌ စိုက်ကာ မီးထွန်းညှိလိုက်လေသည်။
ထို့နောက် ဆရာသည် ဘုရားခန်း၏ တံခါးအားကျော်လွန်ကာ လှေကားထိပ်နေရာအား စူးစိုက်ကြည့်ရှုနေ၏။
ဆရာ့အကြည့်ကြောင့် ချိုသဲတို့မိသားစု အားလုံးလဲ ထိုနေရာအားကြည့်ပါသော်လည်း မည်သူ့ကိုမျှမတွေ့ရပါချေ။
” ဆရာ …”
ချိုသဲ၏ ဖခင်စကားစမည်ပြုစမည်ပြုစဉ် ဆရာသည် တိတ်တိတ်နေဟူသော ဟန်ပန်အမူအရာပြုမူပြသဖြင့် ချိုသဲဖခင်သည်လည်း စကားဆက်မဆိုဝံ့တော့ပါချေ။
ထိုအချိန်၌ ၀န်းကျင်တစ်ခုလုံးသည် ရုတ်ချည်း တိတ်ဆိတ်သွားသယောင် ထင်ရလေသည်။
ထိုစဉ် အောက်ထပ်၌ အသံတစ်ခုအားကြားလိုက်ရ၏။
ထိုအသံမှာ ကော်စုဘူးသည် သမံသလင်းထံသို့ ပြုတ်ကျသံဖြစ်၏။
ပြုတ်ကျသည်ဟု ဆိုခြင်းထက် တစ်ဦးတစ်ယောက်က စုဘူးအား ဘော်လီဘော ပုတ်သကဲ့သို့ ပုတ်နေသံမျိုးဖြစ်လေသည်။
” လာပါ ဆရာ့ဆီလာပါ “
ဆရာ့၏ အောင်မြင်ခန့်ညားသော ဖိတ်ခေါ်သံကြီးကြောင့် ချိုသဲတို့မိသားစုအားလုံး လန့်သွားကြ၏။
ချိုသဲ၏ ညီမလေးသည် အဖွားဖြစ်သူထံ တိုးကပ်သွားကာ ချိုသဲသည်လဲ မိခင်ဖြစ်သူအနီးသို့ ကပ်လိုက်၏။
“ဘုတ် “
” အမယ်လေး “
ချိုသဲ၏ ညီမသည် အလန့်တကြားထအော်ကာ မျက်နှာအား အဖွားဖြစ်သူရင်ခွင်ထဲ တိုးဝှေ့လိုက်၏။
ကော်အရုပ်မစုဘူးသည် အောက်ထပ်မှ တစ်ယောက်က ပစ်တင်သကဲ့သို့ လှေကားထိပ်သို့ ထောင်လျက်အနေအထား ဘုတ်ကနဲပြုတ်ကျလာသည်။
” အော် ဒီအိမ်က လူတွေကိုနှောင့်ယှက်နေတာ ညည်းလား..ဘာလို့နှောင့်ယှက်တာလဲ “
ထိုစဉ် ချိုသဲသည် ရုတ်တရက်ထရပ်လိုက်၏။
ထို့နောက် ဓာတ်လိုက်သကဲ့သို့ အကြောများဆွဲနေလေသည်။
ထိုစဉ် ညှော်နံ့ကြီးသည် မခံမရပ်နိုင်အောင် နံလာ၏။
” သ သမီး ချိုသဲ”
ချိုသဲ၏ မိခင်အား ဆရာသည် လက်ကာပြကာ
” ပြောညည်းက ဘာလို့ ဒီကလူတွေကိုနှောင့်ယှက်တာလဲ ၊ ဆရာ့ရှေ့မှာ အဲ့လိုမရပ်ရဘူး၊ ထိုင်စမ်း “
ထိုအခါ ချိုသဲသည် ဓာတ်လိုက်သကဲ့သို့ ကွေးကောက်နေရာမှ ရုတ်တရက် ငြိမ်သွားကာ ဆရာ့ရှေ့၌ ဘုန်းခနဲထိုင်ချလိုက်၏။ထို့နောက် ဆရာ့အား မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေလေသည်။
” မင်းက ဘယ်သူလဲ “
” ငါက ရွှေစင်ပါ”
” မင်းသေတုန်းက အသက်က ဘယ်လောက်လဲ “
” ဆယ့်သုံးနှစ်ပါ”
” ဘာလို့သေတာလဲ “
” အမြန်လမ်းမှာ ငါတို့ကားမီးလောင်ပြီးသေရတာပါ “
” ဟာ “
” ဟင် “
ချိုသဲ၏ မိဘများသည်လည်း အံ့ဩမှင်သက်သွားကြ၏။
” ညည်းက ဘာလို့ ဒီကိုရောက်လာတာလဲ “
” ငါတို့ကားမီးမလောင်ခင် အရုပ်ရောင်းတဲ့ဆိုင်ကို၀င်ခဲ့ကြတယ်၊ ငါက ဒီစုဘူးလေးကိုသဘောကျလို့ အပြန်ကျရင် ၀ယ်မယ်လို့စိတ်ကူးထားတာ၊ ဆိုင်ကထွက်ပြီးသိပ်မကြာခင် ကားမီးလောင်ပြီးသေကြတော့ ငါက အရုပ်ဆိုင်ကိုပြန်ရောက်လာပြီး အရုပ်ထဲမှာ ၀င်နေခဲ့တာ၊ ခု ဒီအရုပ်ကို လာ၀ယ်တော့ ငါပါလိုက်လာရတယ်၊ ငါ ဒီရုပ်ထဲမှာ မနေချင်တော့ဘူး၊ ဒီအရုပ်၀ယ်တဲ့သူကို အရုပ်ထဲနေခိုင်းပြီး ငါက အဲ့ဒီမိန်းခလေးဆီ ၀င်နေမလို့ “
ဝိညာဉ်ပူးကပ်ကာ ပြောလာသည့်စကားကြောင့် ချိုသဲ၏ မိသားစုအားလုံး လန့်သွားကြ၏။
” မရဘူး ကလေးမ ၊ ညည်းက သေပြီးသားလူ၊ ဘ၀ချင်းခြားနေပြီ”
” မရဘူး ငါဒီနေ့ကိုစောင့်နေခဲ့တာကြာပြီ “
မိန်းခလေးဝိညာဉ်ပူးကပ်နေသော ချိုသဲ၏ စကားအဆုံး၌ စားပွဲပေါ်၌ ထွန်းထားသော ဖယောင်းတိုင်သုံးတိုင်မှ မီးညွန့်များသည် ချိုသဲအား လှမ်းပေါက်လေတော့သည်။
” အား ဆရာ ပူတယ် ပူတယ် ၊ မလုပ်ပါနဲ့တော့ဆရာရယ် သမီးကြောက်လှပါပြီ၊ သေတော့လဲ မီးတွေတစ်ကိုယ်လုံးနီးပါး လောင်ပြီးသေခဲ့ရတာပါ ၊ ခုထပ်ပြီး မီးလောင်မခံရပါစေနဲ့ “
” ကဲ ဒါဆို ဒီခန္ဓာရှင်ကို မနှောင့်ယှက်တော့ဘူးလို့ ကတိပေးမလား”
” ဟုတ် …ပေးပါတယ်ဆရာ၊ သမီးကို ခွင့်လွှတ်ပါ “
” အေး ညည်းကိုခွင့်လွှတ်ပါတယ်၊ ဆရာပြန်ရင် ညည်းဆရာနောက်လိုက်ခဲ့၊ ဆရာ ညည်းနဲ့သင့်တော်တဲ့နေရာပို့ပေးမယ် “
” ဟုတ် ဟုတ်ကဲ့ပါဆရာ “
ထိုသို့ဆိုပြီးနောက် ချိုသဲတစ်ယောက် ပစ်လဲကျသွားလေသည်။
ဆရာလဲ သပြေခက်ဖြင့် ဖန်ခွက်ထဲမှ ရေအား ဆွတ်လိုက်ပြီးနောက် ချိုသဲပေါ်သို့တောက်လိုက်၏။
” အင်း….ဟင်း..ဟာ သမီးဘာဖြစ်သွားတာလဲ အမေ “
” သမီးလေး သတိရပြီလား ၊ သမီးဘာမှမဖြစ်ပါဘူး အာနည်းနေလို့ ခဏ အိပ်ပျော်သွားတာပါ “
” ကဲ ဆရာပြန်မယ်၊ နောက်ထပ်ဘာ အနှောင့်အယှက်မှ မရှိတော့ပါဘူး၊ နောက်ဆို အရုပ်တွေ အရမ်းဇွတ်မ၀ယ်နဲ့သမီး၊
သမီးစုဘူး ဆရာ့ကိုလှူပါ “
” ဟုတ်ဆရာ လှူပါ့မယ်”
” ဆရာ့ကိုကန်တော့လိုက်သမီး ၊ ဆရာ ကျွန်တော်တို့ ဆရာ့ကို ကန်တော့ပါရစေ”
ချိုသဲ၏ ဖခင်က စာအိတ်လေးဖြင့် ကန်တော့ရာ ဆရာက လက်မခံပေ။
” စုဘူးထဲမှာ တစ်သောင်းခွဲရှိတယ် ၊ ဒီငွေကိုပဲ ဆရာ့ကို ကန်တော့တယ်ထားလိုက်၊ စုဘူးပိုင်ရှင်မိန်းခလေးအတွက် ဆရာ အဲ့ဒီပိုက်ဆံနဲ့ အလှူလုပ်ပေးမယ် ၊ သမီးလဲ ကုသိုလ်ရတာပေါ့ “
” ဟုတ်ကဲ့ပါဆရာ “
စုဘူးထဲ၌ ပိုက်ဆံတစ်သောင်းခွဲရှိသည်အား ချိုသဲမှလွဲ၍ မည်သူမျှမသိပါချေ။ ချိုသဲမိခင်သည်ပင် စုဘူးထဲ၌ ငွေမည်မျှရှိသည်အား သမီးထံ မမေးမိပါချေ။
သို့သော် ဆရာသည် စုဘူးထဲ၌ ငွေတစ်သောင်းခွဲရှိသည်အား အတိအကျပင် ပြောသွားလေသည်။
ဆရာသည် လှေကားထိပ်၌ ကျနေသော စုဘူးအားကောက်ယူကာ သူ၏လွယ်အိတ်ထဲ ထည့်လိုက်၏။
ထို့နောက် ချိုသဲတို့၏ အိမ်ထဲမှ တရွေ့ရွေ့ထွက်ခွာသွားလေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၆)
နောက်ရက်၌ ဒေါ်မေရီတစ်ယောက် ဈေးထဲသို့ရောက်လာ၏။
” လာ မေရီ၊ မတွေ့တာတောင်ကြာပြီနော် “
” အင်းဟုတ်တယ် သူငယ်ချင်း ၊ ဒါနဲ့ နင့်ကိုမေးစရာလေးရှိလို့ “
” ဘာများလဲ မေရီ”
” ဟိုအရုပ်ဆိုင်က အသစ်ပြောင်းလာတာလား၊ သူတို့က အရင်က ဘယ်မှာ ဆိုင်ဖွင့်တာလဲ “
” ဘာဖြစ်လို့လဲမေရီ ၊ အဲ့ဒီအရုပ်ဆိုင်ပိုင်ရှင်ညီမက သဘောကောင်းတယ်”
မေရီလဲ သူ့သမီး ချိုသဲတစ်ယောက် ထိုဆိုင်မှ အရုပ်စုဘူး၀ယ်ပြီးနောက် ကြုံတွေ့ခဲ့ရသည်များအား ပြောပြလိုက်၏။
” ဟယ် ကြောက်စရာပဲ ၊ လာ ငါတို့ အဲ့ဒီဆိုင်က ညီမဆီသွားမေးရအောင် “
” မေးလို့ကောင်းပါ့မလားဟင်”
” ကောင်းပါတယ် ငါလဲ သိချင်တယ်ဟာ “
မေရီတို့လဲ အရုပ်ဆိုင်သို့ရောက်ရှိလာကြ၏။
ထို့နောက် သမီးဖြစ်သူချိုသဲ၏ အဖြစ်အပျက်များအား ပြောပြလိုက်ရာ
” ဟယ် စိတ်မကောင်းလိုက်တာ အစ်မရယ်၊ ကျွန်ဒီမှာဆိုင်မဖွင့်ခင်က အရင်က အမြန်လမ်း…နားမှာ ဆိုင်ဖွင့်ထားတယ်၊ ခရီးသွားကားေတွ ထမင်းစားရပ်တဲ့ထမင်းဆိုင်ကလဲ ရောင်းမရဲ့ဆိုင်ဆိုတော့ သူ့ဆိုင်ကိုလဲ ကူပေးရင်း ဘေးနားမှာ အရုပ်နဲ့ တိုလီမုတ်စရောင်းတဲ့ဆိုင်လေး ဖွင့်ထားတယ်။
တစ်ရက်ပေါ့ အဲ့ဒီနေ့က မိသားစုဘုရားဖူး အိမ်စီးကားလေးလာရပ်တယ်။
အဲ့ဒီမှာ ပါတဲ့ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးက အရုပ်ဆိုင်ထဲ ၀င်လာပြီး ကော်အရုပ်မစုဘူးကိုသေချာကြည့်နေခဲ့တယ်”
ပြောနေရင်း ထိုနေ့က အဖြစ်အပျက်အား ပြန်လည်မြင်ယောင်လာမိလေသည်။
” အန်တီ ဒါက စုဘူးလား”
” ဟုတ်တယ်သမီး တစ်ရုပ်မှ ရှစ်ရာပါ “
” ဟယ် ဈေးက တော်သားပဲ၊ သမီးက iphone ၀ယ်မလို့ပိုက်ဆံစုချင်တာ ဒီကော်စုဘူးလေးနဲ့ စုရင်အဆင်ပြေမယ်ထင်တယ်ေနာ်၊ စုဘူးကို ကုတင်အောက် ပစ်ထည့်ထားရင် ဘယ်သူမှ သတိမထားမိလောက်ဘူးနော်အန်တီ၊ စုဘူးက အပေါစားဆိုတော့ သူများတွေလဲ စိတ်မ၀င်စားဘူး၊ အရင်က စုဘူးတွေကြ အစ်ကိုက ဖောက်ပြီး သုံးပစ်လိုက်လို့”
” အင်း ဒါကတော့အပေါစားဆိုတော့ သမီးအစ်ကို သတိမထားမိလောက်ဘူး”
” ဒီအရုပ်လေးက တစ်ရုပ်ပဲကျန်တာလားအန်တီ”
” ဟုတ်တယ်သမီး “
” ဒါဆို ဒီအရုပ်လေးကို မရောင်းပဲ ချန်ထားပေးပါလား၊ အပြန်ကျရင်သမီး၀ယ်မယ်လေ “
” အင်းပါ ချန်ထားပေးပါ့မယ်ကွယ် “
” ဟော အမေခေါ်နေပြီ၊ သမီးသွားတော့မယ်နော်အန်တီ၊ အရုပ်လေးချန်ထားပေးနော်”
” အေး အေး”
ထိုကလေးမတို့ကားလည်း ထိုနေရာမှထွက်ခွာသွားလေတော့သည်။
” ဟင် သူကလေးကလဲ iphone လိုချင်လို့ ဒီစုဘူးနဲ့ ပိုက်ဆံစုမလို့တဲ့လား …အိမ်က သမီးချိုသဲကလဲ iphone ၀ယ်ဖို့ ပိုက်ဆံစုမို့ စုဘူးကို၀ယ်ခဲ့တာ”
” အင်းတိုက်ဆိုင်လိုက်တာနော် အစ်မ၊ နောက်မကြာဘူး အဲ့ဒီကား အက်ဆီးဒန့်ဖြစ်ပြီး ကားထဲက လူတွေ မီးလောင်ပြီးသေကြတယ် ဆိုလို့ အတော်စိတ်မကောင်းဖြစ်ရတယ်။ အဲ့ဒီကောင်မလေးကိုမျက်စိထဲ မြင်ယောင်ပြီးသနားလိုက်တာ ၊ သူတို့ ကားမီးလောင်တဲ့နေရာနဲ့ ကျွန်မတို့ဆိုင်နဲ့ အရမ်းတော့မဝေးဘူး၊ ကျွန်မတောင် အဲ့ဒီနေရာ သွားကြည့်သေးတယ်… နောက်ပိုင်း ဆိုင်ထဲမှာ အဲ့ကလေးမ ကိုရိုးတိုးရိပ်တိတ်တွေ့နေရသလို ဖြစ်နေခဲ့တာ၊ အစကတော့ စိတ်စွဲလို့ထင်နေခဲ့တာ၊ နောက်တော့ သူတို့ကားမီးလောင်တဲ့နေရာနဲ့ နီးလို့ များလားလို့ တွေးမိပြီး ဆိုင်ပါပိတ်လိုက်တယ်၊ ပစ္စည်းတွေကို ဂိုထောင်ထဲ ထည့်ထားခဲ့တာ ၊ ခုဆိုင်ဖွင့်မှာ ပစ္စည်းတွေ ဂိုထောင်ထဲကပြန် ထုတ်လာတာပဲ “
” ဩ အဲ့လိုကိုး “
” ဟုတ်တယ်အစ်မ၊ ဒါဆို အဲ့ဒီကောင်မလေး သေခါနီး စုဘူးလေးကို စိတ်စွဲပြီးသေခဲ့တာနေမှာနော်၊ အဲ့လိုမှန်းသိရင် အစကတည်းက သူ့အတွက် ကုသိုလ်ပြု အမျှဝေပေးခဲ့ပါတယ်၊ စုဘူးကိုလဲ အခြားသူကို ဘယ်ရောင်းပါ့မလဲ ၊ အစ်မသမီးအတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်အစ်မရယ် “
” ဘယ်တတ်နိုင်ပါ့မလဲ၊ သိမှမသိတာ၊ ခုတော့ စုဘူးလဲ ဆရာယူသွားပါပြီ။ ဆရာကတော့ သူနဲ့သင့်လျော်မဲ့ နေရာကို ထားလိုက်မယ်ပြောတာပဲ …ကဲ စကားကောင်းတာနဲ့ ဈေးသုံးဖို့တောင်မေ့နေတာ၊ ဈေးသွားအုံးမယ်ညီမရေ”
” ဟုတ်အစ်မ ၊ ဖြည်းဖြည်းသွားနော်”
မေရီလဲ သိချင်တာ သိလိုက်ရပြီမို့ ဈေးဘက်ထွက်လာခဲ့တော့သည်။
နေ၏ အလင်းရောင်သည် ကမ္ဘာလောကကြီးအား နှုတ်ဆက်ရန် အားယူနေလေပြီ။
ထိုအချိန်၌ အမြန်လမ်းတစ်နေရာရှိ သစ်ပင်ကြီးတစ်ပင်အောက်၌ လူတစ်ယောက်သည် ရပ်နေလေသည်။
သူ၏လက်ထဲ၌ ကော်အရုပ်မစုဘူးတစ်ခုအား ကိုင်ဆောင်ထား၏။
မကြာမီ ထိုသူသည် သူ့လက်ထဲမှ ပေါက်ပြားဖြင့် မြေကြီးအားတူးဆွနေလေသည်။
ထို့နောက် အရုပ်အား ကျင်းထဲ ပစ်ချကာ မြေပြန်ဖို့လိုက်၏။
ထို့နောက် ပေါက်ပြားအား ပုခုံးပေါ်ထမ်းကာ လျှောက်လာပြီးနောက် ကား၏ နောက်ဖုံးအားဖွင့်ကာ ပေါက်ပြားအားထည့်လိုက်၏။
ထို့နောက် သူလဲကားပေါ်တက်ကာ ကားသည်လဲ ထိုနေရာမှထွက်ခွာသွားလေသည်။
ထိုလူ စုဘူးမြုပ်ခဲ့သော နေရာ၌ လွန်ခဲ့သော တစ်နှစ်ခန့်က ကားတစ်စီး မီးလောင်ကာ ကားပေါ်ပါလာသူများ အသက်ဆုံးရှုံးခဲ့ရဖူးလေသည်။
” ကဲ ကလေးမရေ မင်းတောင်းဆိုတဲ့နေရာမှာ မင်းဖြစ်စေချင်တဲ့အတိုင်း စုဘူးလေးကို ဆရာမြေမြှုပ်ပေးခဲ့ပါပြီ၊ မီးလောင်လို့သေရတဲ့ ကလေးမလေးရေ ဆရာပြုသမျှ ကုသိုလ်တွေ ကလေးအတွက် အမျှပေးဝေပါတယ်၊ ရောက်ရာ ဘုံဘ၀က သာဓု ခေါ်နိုင်ပါစေကွယ်
ကုသိုလ်အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်
သာဓု သာဓု သာဓု “
ဆရာ၏ အမျှဝေသံအား ရွှေစင်လေးတစ်ယောက်ကြားနိုင်မည်ဟု ယုံကြည်ရင်း…
လေးစားလျက်
စာရေးသူ နန်းကြာညို