ယောနကဘိုးထောင်
စုံခြေမြိုင် နံ့သာဦးဝယ်
ပုံတောင်ပုံညာ တောင်တန်းကြီးသည် မှိုင်းညို့၍ မှောင်မည်းနေသည်။ တောင်ပေါ်တွင် မုတ်သုံမိုး ရွာသွန်းလျက် ရှိသည်။
မြူတိမ်တို့သည် ချင်းတောင်ပေါ်သို့ ပြေးလွှားနေကြသည်။
မိုးရာသီတွင် ဆင်လုပ်သား မောင်ကျင်တို့ ရေလိုက်ရသည်။ မြစ်သာမြစ်၊ ယောချောင်း၊ ဆောချောင်း၊ ကျောချောင်း၊ မောချောင်းတို့သည် သစ်မျှောရာ၌ အသုံးဝင်သည်။
သစ်မျှောခြင်းသည် ကုန်ကျစရိတ် သက်သာသည်။ ကားဖြင့် သစ်ဆွဲခြင်းသည် ကုန်ကျစရိတ် များစွာကုန်သည်။
မောင်ကျင်တို့ ဆင်လုပ်သားအဖွဲ့သည် ပုံတောင်ပုံညာ ကျောချောင်းကျွဲလူးအင်း ဆင်စခန်းတွင် တာဝန်ကျသည်။ တောနက်သဖြင့် ကျားသတ္တဝါတို့ ခိုနားနေထိုင်ကြသည်။
သို့သော် ဆင်ပေါ်က မောင်ကျင်သည် ကျားကို ကြောက်စရာ မလိုပေ။
“ဟေ့ … မောင်ကျင်၊ မနက်လေးနာရီ ကျွဲလူးအင်း သစ်ရေချမယ်”
“ဟုတ်ကဲ့ ဘကြီးဂျမ်း။ ထမင်း လာစားပါအုံး။ ရေအိုင်က ပက်လို့ရထားတဲ့ ငါးချက်ကလေးနဲ့ ကောင်းပါ့ဗျား”
“စားခဲ့ပြီးပြီကွဲ့။ မနက်သာ ရေချ မမေ့နဲ့နော်”
“ဟာ … ဘကြီးဂျမ်းကလဲ၊ လုပ်နေကျအလုပ် မမေ့ ပါဘူး”
“အေး … ငါသွားတော့မယ်။ ထွေးမောင့်တဲလဲ မင်း သွားပြောလိုက်အုံးကွာ”
ဆင်ခေါင်းကြီး ဘကြီးဂျမ်း ထွက်သွားတော့ ချင်း တောင်ထဲသို့ နေလုံးဝင်သွားပြီ။
မြမှီသည် တဲထဲတွင် မီးခွက်ထွန်းနေသည်။ မောင်ကျင်သည် ဆင် မဲခေါင်ကို အစာထပ်ဖြည့်ရန် ဆင်စခန်းနှင့် မနီးမဝေး ထူးကွင်းသို့ ထွက်သွားသည်။
ကျွဲလူးအင်း တောရိပ်သည် မည်းနေသည်။
ဆင် မဲခေါင်ကို နေ့လယ်က မောင်ကျင် ထူးလွှတ်ထားခဲ့သည်။ ဆင် မဲခေါင်ကို မောင်ကျင့်ဖခင် ဦးအောင်မြ၏ ဆင်မ မယ်နှင်းက မွေးပေးသည်။
မောင်ကျင် မမွေးခင်ကတည်းက မဲခေါင် မွေးပြီးပေပြီ။ မောင်ကျင်ထက် ဆင် မဲခေါင်က တဆယ့်နှစ်နှစ် ကြီးသည်။ ဆင် မဲခေါင်ကို မောင်ကျင် ချစ်သည်။ မောင်ကျင့်ဖခင် ကိုယ်တိုင်ကိုယ်ကြပ် မှိန်းသင်ပေးခဲ့သဖြင့် ခိုင်းသလိုရသည်။ မဲခေါင်တောင်ခြေမှ စတင်၍ မှိန်းသင် သစ်ဆွဲ ကျုံးသွင်းခဲ့ခြင်းကြောင့် ဆင်မဲခေါင်ဟု မှည့်ခေါ်ခဲ့သည်။
ဆင်မဲခေါင်ကို မောင်ကျင်က အရှင်သခင်မှန်း သိ အောင် အချက်ပြလိုက်သည်။
မဲခေါင်သည် သူ၏သခင် မောင်ကျင့်အသံကို ကျက်မိနေသည်။ နှာမောင်းထောင်ကာ “ဝူး” ကနဲ အော်လိုက်သည်။
ခါတိုင်းက ဆိုလျှင် မောင်ကျင်ကို မဲခေါင် မြင်လျှင် ရွှင်ရွှင်လန်းလန်း ၀မ်းပန်းတသာ ကြိုဆိုမြဲ။ ဒူးထောက်၍ ဝပ်ပေးစမြဲ။
ယနေ့တော့ ယခင်နှင့် မတူ။ မောင်ကျင်ကို ရန်သူလို
မြင်လေရော့သလား မသိ။ လူးလူးပျာပျာ ဖြစ်နေသည်။ နှာခေါင်းမှ လေ တဝူးဝူး မှုတ်ထုတ်သည်။
“ဟေ့ … မဲခေါင်၊ ဘာဖြစ်နေတာလဲ”
“ဝူး … ဝူး … ရှူး … ရှူး … ဝူး”
မောင်ကျင် ခက်ပေပြီ။ မုန်ကျပြီ ထင်သည်။ မုန်ယိုလျှင် ဆင်သည် သခင်မှန်း မသိတော့။
မောင်ကျင် အမိန့်သံပြင်းပြင်း ထပ်ပေးလိုက်သည်။
“မဲခေါင် … မက် … မက်”
ည အမှောင်သည် နက်သည်ထက် နက်လာသည်။ မောင်ကျင့် အမိန့်သံကို မဲခေါင် မနာခံတော့ပေ။
မောင်ကျင် သတိရှိလာသည်။ တောဆောင် ဓားမြှောင်ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဝူး … ကျီ … ဝူး … ကျီ … ကျီ”
မောင်ကျင်သည် ဆင်မဲခေါင်အနား တလှမ်းချင်း တိုး၍တိုး၍ သွားသည်။ ဆင်မဲခေါင်သည် ခွာဖြင့် မြေကို ရှပ်သည်။ နှာမောင်းကို အပေါ်ထောင်၍ လှုပ်ရှားနေသည်။
ဝင်းလက်သော မျက်လုံးကြီးနှစ်ခုသည် မောင်ကျင်ကို ဝါးမတတ် စားမတတ် စိုက်ကြည့်နေသည်။
မောင်ကျင် ဆင်မဲခေါင်အနီးသို့ ရောက်သွားသည်။
မောင်ကျင် သိသွားပြီ။ မြင်သွားပြီ။ ရန်သူပါလား။
သည်တော့မှ ဆင်မဲခေါင်၏ အပြုအမူကို သဘောပေါက်သွားသည်။
“ဝေါင်း”
“ဝူး … ကျီ… ဝူး … ဝူး”
“ဟေ့ မဲခေါင် … မဲခေါင် ငြိမ်ငြိမ်နေ”
မောင်ကျင်နှင့် မဲခေါင်က တဘက်၊ တောဘုရင် ကျားဆိုးကြီးက တဘက် အတက်အဆုတ်တွေနှင့် တိုက်ပွဲဝင်နေသည်။ ဆင်မဲခေါင်သည် သူ့သခင် မောင်ကျင်ကို ဝမ်းဗိုက်အောက်တွင်ထားကာ ရန်သူ့ ခြေလှမ်းကို စောင့်ကြည့်နေသည်။
“ဝှီး … ဗြောင်း … ဝုန်း”
မြန်ဆန်လွန်းလှသည်။
ကျားနှင့် ဆင်တို့၏တိုက်ပွဲ။
ကျားသည် မောင်ကျင်ကို အားမာန်ဇွဲဖြင့် အမဲဖမ်း လျက်ရှိသည်။ ဆင်မဲခေါင်က အနီးရှိ ကျွန်းပင်ပေါက် ငယ်ကို နှာမောင်းဖြင့်ဆွဲနုတ်ပြီး ကျားဆီသို့ ပစ်လွှင့်လိုက်သည်။
တောဘုရင် ကျားဆိုးကြီးသည် အစာကို မဲနေစဉ် အငိုက်ခံလိုက်ရသည်။
မောင်ကျင်ရှိရာသို့ “ဝုန်းကနဲ” ခုန်အုပ်လိုက်သည်။မောင်ကျင်သည် လျင်မြန်သည်။ ကျား အခုန်တွင် ဆင်မဲခေါင်၏ ဝမ်းဗိုက်အောက်မှ နှာမောင်းရင်းသို့ ကိုယ်စောင်း ပြေးဝင်လိုက်သည်။
ကျားဆိုးကြီးသည် ဆင်မဲခေါင် နောက်ခြေရင်းသို့ ကြောင်ငယ်တကောင်ကဲ့သို့ ပေါ့ပါးစွာ ကျသွားသည်။ ကျားဆိုးက မဲခေါင်၏ နောက်ခြေကို ကိုက်ဝါးလိုက်သည်။
“ဝူး … ဝူး … ကျီ”
ဆင်မဲခေါင်သည် နောက်ခြေကို ကျားဆွဲခံရသော် သခင်အား အားကိုးတကြီး တိုင်တည် အကူအညီ တောင်းလိုက်သည်။ ကျားဆိုးကြီး ပါးစပ်တွင် အာစေးထည့်ထားသလို ပြန်ကိုက်ရန် အရှိန်ယူလျက် ရှိသည်။
မောင်ကျင်သည် တောလိုက်ဓားဖြင့် လျင်မြန်စွာ
ကျားနံပါးကို နှစ်ချက်ဆင့် ထိုးလိုက်သည်။
“ဝေါင်း … ဝုန်း … ဝေါင်း”
ကျားသည် မောင်ကျင့်ဓားကို ဟိန်းဟောက်ကာ လက်နှင့် ပုတ်လိုက်သည်။ မောင်ကျင့် ဓားချက်သည် သွေးပူချိန်ဖြစ်၍ ကျားအသက် သေနိုင်သည်။ နှလုံးသားကို ဖြတ်သွားသော ဒဏ်ရာဖြင့် ထူးကွင်းမှ ထွက်ပြေးသွားလေသည်။
ဆင်မဲခေါင်သည် သခင်နှင့် ကျား ပူးကပ်သတ်နေရာမှ တကွဲတပြား ဖြစ်သွားသည်နှင့် အစွယ်ဖြင့် ကျားနာကို အပြေးထိုးလိုက်သည်။
“ကျီ … ဝုန်း … ဝေါင်း”
ကျားကြီးသည် ဆင်မဲခေါင် အစွယ်ချက်တွင် လှလှ ပပကြီး မိသွားလေသည်။ နေရာတွင်ပင် အသံဟစ်ကာ ငြိမ်ကျသွားသည်။
မောင်ကျင်သည် ကျားပုတ်သည့် လက်ချက်ကြောင့် လက်သည်းရာကြီးမှာ ဓားခွဲသလို ပြဲသွားသည်။ အနာကို ဂရုမထားနိုင်။ ဆင်မဲခေါင်ဆီသို့ တဟုန်တိုးပြေးသွားသည်။
မဲခေါင်သည် အောင်ပွဲရ စစ်သူကြီးပမာ နားရွက်ကို တဖျန်းဖျန်းရိုက်ကာ အရှင်ကို ဝင်၍ ကြိုနေသည်။
“ဟေ့ … မဲခေါင်၊ ဟောင် … ဟောင်”
မောင်ကျင်သည် ထူးကြိုးကို ဆင်ပေါ်သို့ တင်ကာ ဆင်မဲခေါင်ကို မတ်တတ်ရပ်ခိုင်းသည်။ မောင်ကျင် ကိုယ်ပေါ်တွင် လွယ်ထားသော ကျွဲချိုကို မှုတ်လိုက်သည်။
“တူ … တူ … တူ … တူ”
ပုံတောင်ပုံညာ တောရိပ် အမှောင်သည် နက်လာသည်။ ဘာဆို ဘာကိုမျှ မမြင်ရတော့ပေ။
တောခြင်တို့က မောင်ကျင့်နားတွင် တဝီဝီ ဖြစ်နေသည်။ ရက်ရက်စက်စက် သွေးစုပ်နေကြသည်။
မောင်ကျင်သည် ဆင် မဲခေါင်ကို ပျဉ်းကတိုးပင်တွင် ထူးခတ်လိုက်သည်။ ပြီးလျှင် ဆင်စာ လျှော်တထွေးကို နှာမောင်းရင်းသို့ ချပေးလိုက်သည်။
“တူ … တူ … တူ”
“ဝူး … ဝါး … ဟေး”
ဆင်ဝိုင်းမှ ဘကြီးဂျမ်းတို့၏ အချက်ပေးသံဖြစ်သည်။
မကြာမီ မီးတုတ်ကိုယ်စီ၊ လက်နက်ကိုယ်စီနှင့် ထူးကွင်းသို့ ရောက်လာကြသည်။
“ဟေ့ … မောင်ကျင်၊ ဘာဖြစ်တာလဲဟ”
“ဟင်းမျိုးကြီးနဲ့ တွေ့လို့ သေတော့မလို့ဗျ။ မဲခေါင် ကယ်ပေါ့ဗျာ”
“အလာလာ၊ သွေးတွေနဲ့ပါလား”
“ဟုတ်တယ် ဘကြီးဂျမ်း။ ဟင်းမျိုးက မသေခင် ရိက္ခာယူသွားတာ”
“တော်သေးတာပေါ့၊ ငါတို့ဖြင့်…”
“ဘယ်မှာလဲ … ကျားကော”
“ဟောဟိုက ဝါးရုံပင်ကြားမှာလေ”
ဘကြီးဂျမ်း၊ စံထွေး၊ ခြံညှပ်၊ တုတ်ပေါနှင့် ဗလတို့မှာ ကျားသေ ထမ်းသူထမ်း၊ မောင်ကျင်ကို တွဲသူတွဲ၊ ကျွဲလူးအင်းစခန်း ပြန်ခဲ့ကြသည်။
မြမှီက ဆီးကြိုနေသည်။ မျက်ရည်စကလေးများ တဝေဝေနှင့် ဖြစ်နေသည်။
“အောင်မယ်လေး ကိုကျင်ရယ်၊ မသေကောင်း မပျောက်ကောင်း။ တော်သေးတာပေါ့နော်”
“ဟေ့ … မြမှီ သင်ဝင်အူမြစ် သွားတူး။ ဟိုတဲထောင့် မှာ ရှိတယ်။ သင်ဝင်အူမြစ်က အနာကျက်လွယ်တာ”
“ဟာ … အရမ်းမလုပ်နဲ့ ၊ စံထွေးဟာ ကြက်ခြေနီ တပ်ဖွဲ့သင်တန်း တက်ခဲ့ဖူးတယ်ကွ။ သူ့ဆီမှာ ဆေး တွေရှိတယ်။ သွားယူကွာ”
“အေး … အေး၊ ကျားသေကို ဖျက်ပြီးယင် ကျားရေ ဟာ ငါ့အတွက်နော်”
“အေးပါ … ပေးမှာပေါ့။ မင့်အနာသာ ဆေး
ထည့်”
x x x x
ပုံတောင်ပုံညာ တောင်တန်းပေါ်သို့ ရောင်နီလွလွ လွှမ်းနေပြီ။
“အောက် အီး အီး အွတ်”
တောမြိုင်စပ်မှ တောကြက်ဖတကောင်၏ လေးတွဲ့တွဲ့အသံသည် မြိုင်တခိုလုံး ပျံ့သွားသည်။
ကျွဲလူးအင်း ဆင်စခန်းမှ လုပ်အားတေးသံ ထွက်ပေါ်လာပေပြီ။
“ဟေ့ … ဟောင် … ဟောင်”
“မက် … မက်ဆိုနေမှ … မက်”
“ဒူးပေး … ဒူးပေး”
“ဒီဆင်နော် … ငါနှက်မိတော့မယ်”
“ဆွဲ … ဆွဲ … ဆွဲထားကွ”
“ဒုန်း … ဒုန်း … ဝုန်း”
မောင်ကျင် ဆင်စခန်းတွင် ဆင် တဆယ့်ငါးကောင် ရှိသည်။ ကျွဲလူးအင်း သစ်ပုံစခန်းတွင် သစ်လုံးရေ ငါးရာ ရှိသည်။ ထိုသစ်များကို ချောင်းပေါက် ချောင်းလယ်အထိ ဆွဲချရသည်။ အမြင်နှင့် အထင်သာ လွယ်ကူလှသည်။ သစ်လုံးတလုံး ရေဆိပ်ရောက်ဖို့ကား မလွယ်ကူချေ။
သစ်လုံးကို လျှိုမြောင် ချောက်အကြားမှ ဆင်နှင့် ဆွဲရသည်။ ဆင်သည် သက်ရှိသတ္တဝါ ဖြစ်သည်။
သစ်ဆွဲရာတွင် အားမာန်နှင့် ခွန်အား မျှတဖို့ လိုအပ် သည်။ ဆင်ဖြင့် သစ်ဆွဲမည့်နေရာ ဆွဲ၊ အောင်းရမည့် နေရာအောင်း၊ မ,ရမည့် နေရာတွင် နှာမောင်းနှင့် တအားကုန် မ,ရသည်။
သစ်ကွင်းနေရာဒေသကို လိုက်၍ အသုံးချရသည်။ ဆင်လုပ်သားသည် နည်းပရိယာယ် အသွယ်သွယ်ကို ဖွင့်ချအသုံးပြုရသည်။
“ဟေ့ … မောင်ကျင်၊ မင်းတို့ သစ်လုံးရေ ဘယ်လောက်ကျပြီလဲ”
“သိပ်မကျသေးဘူးကွာ။ သစ်တတုံးကို တလနီးနီး ဆွဲယူနေရတယ်။ တောင်လှိုင်းတွေ သိပ်ပေါနေတာကိုး”
“ဘကြီးဂျမ်းလဲ ငှက်ဖျားမိပြီး ရွာပြန် ပို့ထားရတယ်ဆို”
“အေးပေါ့ကွာ၊ ဒါကြောင့် အလုပ်ကို မတွင်တော့ဘူးကွ”
“ဒါနဲ့ နေပါအုံး၊ သစ်တတုံး ရက်သုံးဆယ်ဆွဲတာ မလွန်လွန်းဘူးလားဟ”
“လွန်ပါသော်ကောကွာ။ သစ်လမ်းက ကြက်ဟင်းခါးသီးပေါ် ပုရွက်ဆိတ်လျှောက်ရသလို ဖြစ်နေတာကွ။ ကျွဲလူးအင်းသစ်ကွင်း ဒါကြောင့် မလာချင်ကြတာ”
“ဟုတ်တယ်ဟေ့။ ပြုံစခန်းက အောင်သန်းတို့ ရှောင်ပြေးတာ ဒါ့ကြောင့်ကိုးကွ”
“တို့တော့ ယုံသွားပြီကွ။ ကိုယ်တွေ့ကိုး။ ကျွဲလူးအင်းသွား၊ စိန်မစားနဲ့ ဆိုပြီး စာချိုးတာ”
x x x x
နေခြည်နုကလေးသည် တဖြည်းဖြည်း ရင့်လာသည်။ နေရောင်ရင့်လေ ပူလာလေ ရေငတ်လာလေ။
ချောက်ရေတို့မှာ ဆားငန်ရေများ ပါနေသည်။ မောင်ကျင်တို့ ဆင်သမားတသိုက် ရေဗူးကိုယ်စီ ဆောင်ကြရသည်။ ဗူးခါးခြောက်ကို ရေအပြည့်ထည့်၍ ယူလာရသည်။
အဝေးဆီမှ သားကောင်တို့၏ အော်မြည်သံက တော သဘာဝကို သာယာစေသည်။
မောင်ကျင်သည် ဆင်တစီးဖြင့် သစ်တွဲကို ရှာနေသည်။
“ဟေး … မောင်ကျင် … မောင်ကျင်၊ ငါပါကွ … ဘကြွားလေ””
“ဩော် … ကိုဘကြွား ဘယ်က ပြန်လာတာလဲ”
“ဝါးလာခုတ်တာပါ မောင်ကျင်ရာ။ တွေ့တုန်း ပြောရအုံးမယ်။ ဆင်ပေါ်က ဆင်းခဲ့စမ်းပါအုံးကွ”
မောင်ကျင်သည် ဆင်မဲခေါင်ကို ပုဆစ်တုပ်စေ သည်။ ဆင်ဒူးပေါ်မှ မြေပေါ်သို့ လွှားကနဲ ခုန်ချလိုက် သည်။ ဆင်ကို လျှော်တထွေး ကျောပေါ်မှယူ၍ ကျွေးလိုက်သည်။ ဘကြွားထံသို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။
“ဟေ့ကောင် မောင်ကျင်၊ မင်းလည်း မင့်အဖေ အောင်မြလို ဆင်သမားသား ဆင်သမားဖြစ်ပြီး လူမွေး လူတောင်ကို မပြောင်တော့ဘူး။ ငါ အကြံပေးမယ်။ မင်းလဲရ၊ ငါလဲဝတဲ့ အလုပ်တခုပေါ့”
“ဘာအလုပ်လဲကွ ဘကြွား”
“ဟဲ … ဟဲ၊ မင်းနဲ့ ငါ လက်တွဲလိုက်ယင် တသက် မလွဲ တချက်ထဲပွမယ့် အကြံကွ”
“ဘာအကြံလဲ … ပြောစမ်းပါ”
“ဟို… ဟို … ဟိုလေကွာ။ မင်း … မင်းတို့ အခု သစ်ရေချနေတယ် မဟုတ်လား”
“ဟုတ်တယ်လေ”
“အဲ့ဒီ သစ်ရေချတဲ့ သစ်ထဲက အနှစ်မာကျွန်း ငါးလုံးလောက် ငါ့လွှစင် လာဆွဲပေးပါလားကွ”
“ဟာ … ဘုရားမကြိုက်၊ ဥပဒေမလွှတ်တဲ့ဟာ”
“အောင်မယ်လေး မောင်ကျင်ရယ်၊ မင်း တသက်လုံး ဆင်ပေါ်က ဆင်းရမှာ မဟုတ်ဘူး။ လူဆိုတာ ပါးမှ နှ ပ်မှ လူနပ်ချမ်းသာ လူလိမ္မာဖြစ်တာ”
“အို ဗျာ၊ ဒီသစ်တွေက နိုင်ငံတော်သစ်တွေ၊ ကိုယ်ကျိုးတခုတ်အတွက် မသုံးရဲဘူးဗျ”
“မင်း တယ်ခက်တာပဲ။ မင်းမိန်းမ မြမှီ ရွှေတွေ တကုံးပြီးတကုံး မဆင်ချင်ဘူးလား။ မင်းရဲ့သား အောင်စိန်ကို ဒီနှစ် ရှင်ပြုမှာဆို။ အဲဒီတော့ ငါ့ကို သစ်ဆွဲပေးလိုက်ယင် ငါက သစ်ကို လွှထောင်နဲ့ ဆွဲတော့ ပျဉ်တွေရမယ်။ ပြီးတော့ မြို့တက်ရောင်းလိုက်ယင် တထောင်၊ နှစ်ထောင်၊ လေးငါးထောင်ကို လက်ပိုက်ကြည့်နေရုံပဲကွ”
“အင်း”
“ကဲ … ဒီတော့ မင်းဆင်နဲ့ ဆွဲပြီး ကျွဲလူးအင်းအစပ်ကို အသာလေး ချပေးရုံလေး။ မင်း သစ်ချပေးပြီးတာနဲ့ လက်ငင်း ငွေတထောင်ပေးမယ်။ နောက်ပြီးလဲ ထပ်ရအုံးမယ်။ ကဲ … မင်းစဉ်းစား၊ သဘောတူယင် သစ်ရေချယင်း မနက်ဖြန် ငါပြောတဲ့နေရာလာပြီး သစ်ချပေးပေရော့။ ကဲ … ငါသွားမယ်”
“အေး … အေး”
ဆင်ကြီးသည် အရှင်သခင်ကို လည်ဆန့် မျှော်နေ သည်။
ကျွန်းရွက်များကို လေတိုက်လိုက်သဖြင့် တဝေါဝေါ မြည်နေသည်။
မောင်ကျင်သည် ဆင်ရှိရာသို့ တလှမ်းချင်း ဦးတည်လာခဲ့သည်။ ဆင်သည် နှာမောင်းကို ဝလုံးသဏ္ဌာန်လုပ်ကာ ဝင်ချလိုက်သည်။
တတောလုံးသည် ဘာသံမျှ မကြားရပေ။ လေသံတို့က တဝေါဝေါ မြည်နေသည်။
မောင်ကျင့် ရင်သည် တဒုန်းဒုန်း ခုန်နေတော့သည်။
x x x x
မောင်ကျင် အကြံအိုက်နေသည်။ သားကလေး အောင်စိန်သည် ကိုးနှစ်ကျော် ဆယ်နှစ်တွင်းသို့ ရောက် နေပြီ။ သားကို သင်္ကန်းဆီးပေးချင်လှသည်။
လွှသမား ဘကြွား စကားမှာ မောင်ကျင်အတွက် စဉ်းစားစရာ ဖြစ်နေ၏။ ကျွဲလူးအင်းစခန်းမှာလည်း သစ်ကုန်တော့မည်။ သစ်ကွင်းတွင် သစ်လုံးရေ အနည်းငယ်သာ ရှိတော့သည်။
မောင်ကျင့် အတွေးသည် တောင်ထိပ်ပေါ် မှ တိမ်တိုက်ကဲ့သို့ မည်းတခါ ဖြူတလှည့် ဖြစ်နေသည်။
“မောင်ကျင်ရေ ၊ သစ်ကွင်းကို မင်း ဦးစီးလုပ်လို့ပေါ့ကွာ။ ဒီတခါ ငှက်ဖျား ငါ အတော်ခံလိုက်ရတယ်”
“ဟာ … ဘကြီးဂျမ်း၊ ပြန်ရောက်လာပြီကိုး။ နေကောင်းသွားပြီပေါ့။ နာလန်ထဆိုတော့ ဂရုစိုက်အုံးနော်”
“အေး … အေး”
မောင်ကျင့်အတွေးသည် ပြန်လည်လာပြန်ပြီ။
သားလေးအောင်စိန်ကို သင်္ကန်းဆင်နိုင်ရန် တောင့်တ မိသည်။ ဇနီးသည် မြမှီကို ရွှေကြိုး ဆင်ပေးချင်သေးသည်။
မောင်ကျင် ဆုံးဖြတ်ချက် ပိုင်ပိုင်ချလိုက်သည်။
သစ်ဆွဲရန် ပြင်ထားသော ဆင်မဲခေါင်သည် ချောင်း
ဘေးတွင် ရေကစားနေသည်။ နှာမောင်းဖြင့် ရေများ ကိုစုတ်ယူကာ “တဝူးဝူး” မှုတ်ထုတ်နေသည်။ ရေစက် ရေဖွားကလေးများသည် လေထဲတွင် လှပနေသည်။
မောင်ကျင် ထိုင်ရာမှ ထလိုက်သည်။ သစ်ကွင်းထဲမှ နဖားသစ်ခိုင်ခိုင်ကို ရှာသည်။ သစ်ဆွဲသံကြိုးတပ်၍ အခိုင်အခံ့ ချည်လိုက်သည်။
ဆင်မဲခေါင်ဆီသို့ ထွက်သွားသည်။ ပြီးလျှင် ဆင်ကောက်သည်။ သစ်ကွင်းထဲသို့ ဝင်လိုက်၏။
ဆင်မဲခေါင်ကို သံကြိုးဆွဲမနာစေရန် ခံပတ်ပြားမာမာကို ဆင်စာများခံ၍ သစ်ဆွဲသည်။
“ဟာ … ဒီဆင် ဘာဖြစ်နေတာလဲ”
“တောက် … ဟေ့ကောင်ကြီး၊ မဲခေါင် ဆွဲစမ်းပါ“
x x x x
နှင်းမှုန်တို့သည် သစ်တောကြီးတခုလုံးကို လွှမ်းနှေ သည်။
သစ်ရေချလုပ်ငန်း စခန်းသိမ်းကြပြီ။ မိုးမရွာသဖြင့် ချောင်းတို့တွင် ရေမလာတော့။ ရေမလာသဖြင့် သစ်မမျှောနိုင်တော့ပေ။
မောင်ကျင် ဆင်စခန်း လုပ်ငန်းခွင် နားရသည်။
သို့သော် သစ်တုံးများကို တောချ၊ တောင်ချ၊ ဆွဲချ၊ သစ်စု၊ သစ်ပုံလုပ်ငန်းတို့ကို နေ့တိုင်းဝင်လုပ်ရသည်။
“ဟေ့ မောင်ကျင်၊ မင်းကို ပခုက္ကူ၊ ယောခရိုင် သစ်တောမန်နေဂျာအဖွဲ့က တွေ့ချင်လို့ လာခေါ်ရ
တာကွ””
“ဘကြီးဂျမ်းကော ရောက်နေပြီဗျ။ မြန်မြန်လာခဲ့ ပါတဲ့”
“အေး … အေးပါကွာ”
ခက်ပေပြီ၊ အတော်ကို ခက်ချေပြီ။ ဆင်သမား၊ ဆင် လုပ်သား ဆိုသည်မှာ သစ်တောထဲတွင်သာ ကျင်လည်နေရသည်။ အထက်အရာရှိကြီးတို့နှင့် တွေ့ရမည်ကို ကြောက်မိသည်။
မောင်ကျင် မဝံ့မရဲ ဖြစ်နေသည်။ မောင်ကျင် ရင်ခုန်နေသည်။
ကျောမြိုင်စခန်းတွင် သစ်တောအုပ်၊ သစ်တောခေါင်း၊ သစ်တောမန်နေဂျာတို့ စုံညီစွာ ရောက်ရှိနေပြီ။
မောင်ကျင့် ရင်ခုန်သံသည် သစ်တောကြီးတခုလုံး တောခြောက်သည့်အသွင် ဖြစ်နေသည်။ ဆင်မဲခေါင်ကို ဒူးအမြန်လှုပ်၍ နှင်လာခဲ့သည်။
မန်နေဂျာရှိရာတဲသို့ ရွံ့တွန့်တွန့် ဝင်လာခဲ့သည်။
“ဟော … ဟော … ဆင်လုပ်သား ကိုမောင်ကျင် ရောက်လာပြီကိုး”
“ဟုတ် … ဟုတ်ကဲ့။ ရောက်လာပါပြီ”
“ကဲ ထိုင်ပါအုံးဗျာ”
မောင်ကျင် အသည်းတွေက တဖျပ်ဖျပ်၊ ရင်တွေက တဆတ်ဆတ် ခုန်နေသည်။
သစ်တောခေါင်းနှင့် သစ်တောအုပ်ကြီးတို့က မောင်ကျင်ကို စူးစိုက်စွာ ကြည့်နေကြသည်။
မန်နေဂျာကြီးမှာ တည်ငြိမ်ရင့်ကျက်သော လေသံနှင့်
“ကိုမောင်ကျင်တို့ ဆင်ဝိုင်းတွေဟာ ရည်မှန်းချက် စီမံကိန်းထက် ကျော်လွန်အောင် သစ်များကို ထုတ် လုပ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတော်က အပို ဆုကြေးတွေ တဦးကို ငွေ ၃၀၀-ကျပ်စီ ထုတ်ပေးမှာ ပေါ့။
ကိုမောင်ကျင်ဟာ သစ်ခိုးမင်းသား ဘကြွားကို ကျေးရွာပြည်သူ့ကောင်စီကတဆင့် တင်ပြခဲ့တယ်။ အဲဒီလို ရိုးသားရည်မွန် တာဝန်သိမှုအတွက် ငွေ ၅၀၀- ကျပ် ထပ်မံဂုဏ်ပြုပါတယ်ဗျာ”
မောင်ကျင်သည် အံ့ဩဝမ်းသာစိတ်ကြောင့် လှုပ်ရှားနေသည်။ မောင်ကျင်သည် မိမိကိုယ်ကို ဆင်လုပ် သားပီသသော ဆင်သမားအဖြစ် ဂုဏ်ယူမိသည်။
မန်နေဂျာနှင့်အဖွဲ့ကို နှုတ်ဆက်ကာ ဆင်တဲစခန်းမှ ထွက်ခွာလာခဲ့သည်။
မန်နေဂျာ တဲတန်းဆီမှ ရေဒီယိုသီချင်းမှာ လွင့်ပျံလာသည်။
လေနုလေးသည် မောင်ကျင့် ရင်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ မောင်ကျင့် ရင်ထဲတွင် အေးမြသွားသည်။ လေလှိုင်းကြားမှ တေးသံသာကလည်း ချိုသာလှသည်။
““စုံခြေမြိုင်ဦးမှာလှ … ဆုထူးငယ်ပန်ရွယ် … သာဓု သာဓု … သာဓု … ခေါ်နိုင်ဖွယ် ထိန်ဝါဝါမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းမယ် … စုံခြေမြိုင်ဦး ရနံ့ဖူး စုံတယ် … စုံခြေမြိုင် နံ့သာဦးဝယ်”
မြဝတီမဂ္ဂဇင်း
အတွဲ ၃၄ ၊ အမှတ် ၉
ဇူလိုင်လ ၊ ၁၉၈၆
– ပြီး –
စာရေးသူ – ယောနကဘိုးထောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ