ဗန္တရဝင်း
စုံတောမြိုင်ခွင် ကျားနှင့်ဆင်
စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီး တောတောင် နေရောင်ခြည်မခ အေးရိပ်ကျသည့် နေရာမျိုးတွင် သစ်ထုတ်လုပ်ရေးစခန်း လွှဆွဲစခန်းတို့ဖြင့် အခြေချထားသည်မှာ လုပ်ငန်းအရ ဆက်သွယ်မှု လွယ်ကူသောကြောင့် ဖြစ်သည်။
သည်တော သည်တောင်တွင် ကျွန်း၊ ပိတောက်၊ ပျဉ်းမ၊ ကသစ်ခါး၊ ဝါးပင်များတို့ဖြင့် သိပ်သည်းထူပြောလှပေသည်။
အရွက်စိပ်စိပ် အရိပ်အေးအေး ရေဖွေးဖွေးနှင့် သီးနှံမွှေးချို မှိုင်းမှိုင်းညို၍ တေးဆိုငှက်များ ခုန်ပျံလွှားလျက် ဆင်၊ ကျား၊ သမင် လွန်စုံလင်၏။
သားကောင်ထူပြော၍ ဤလိုတောတွင် စွန့်စွန့်စားစား အရောက်သွား၍ လုပ်အားကိုယ်စီရှိကြသည်မှာ ချီးကျူးစရာ ကောင်းလှပါ၏။
လွှဆွဲလုပ်သားတို့ သွားရောက်အလုပ်လုပ်သည့်နေရာမှာ ဖောင်ကြီးနယ်ပယ် စပ်ချောင်းစခန်းတွင် ဖြစ်သည်။ လွှဆွဲလုပ်သားတို့မှာ လွှဆွဲသူက ဆွဲ၊ ထမင်းချက်သူက ချက်၊ ထင်းရှာသူက ရှာ၊ ရေခပ်သူက ခပ်နှင့် အဖွဲ့အင်အားကောင်းကောင်းဖြင့် အလုပ်လုပ်ကြရသည်။
တောမှာနေလျှင် တော၏ အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်တိုးကြရပေသည်။ ကျား၊ ဆင် ရန်တို့ကို ရှောင်တိမ်းရသည်က တစ်မျိုး၊ ရာသီဥတုဒဏ်နှိပ်စက်ခြင်းက တစ်မျိုးတို့ ဘေးမှလွတ်ကင်းအောင် အမြဲတစေ သတိရှိနေရလေသည်။
တစ်နေ့တာ အလုပ်သိမ်း၍ ညအိပ်သည့်အချိန်များတွင် ကျားဟိန်းသံ၊ ဆင်အော်သံ၊ ဂျီ သမင်ဟောက်သံတို့သည် တိတ်ဆိတ်သောညကို ဖောင်ထွင်း၍ ကြားနေကြရလေသည်။
ညညတွင် စခန်းရှေ့၌ ထင်းများပုံ၍ မီးဖိုကာ အလင်းရောင်ဓာတ်ကို ယူကြရသည်။ တစ်နည်းအားဖြင့် သားရဲတိရစ္ဆာန်တို့သည် မီးရောင်ကို ကြောက်ကြသဖြင့် အကာအကွယ်သဘောအဖြစ်နှင့်လည်း အကွက်ဆင်ထားခြင်းဖြစ်သည်။
ယခုတစ်သုတ် လွှဆွဲလုပ်သားတို့ ရောက်သည့်အချိန်မှာ ၁၉၈၄ ခုနှစ် ဇန်နဝါရီလဖြစ်သည်။ ချမ်းအေးကာစ ဆောင်းဝင်လဖြစ်သည်။
တောပျော်တိရစ္ဆာန်တို့ မိတ်လိုက်သော ရာသီဖြစ်လေသည်။
သည်ကနေ့ည သာသည့်လမှာ မှုန်ပြပြကလေး ခပ်ရေးရေးပင် ဖြစ်သည်။ သစ်ပင်ရိပ်ကြီးများ အုပ်ဆိုင်းယှက်ကာနေသဖြင့် လရိပ်ကလေးမှာ သစ်ရွက်ကြို သစ်ရွက်ကြားမှ ပျောက်ပျောက်ကြား ကြားကလေး လရိပ်ထိုးနေလေသည်။
သည်နေ့ည သာသည့်လမှာ ငါးရက်မြောက်ည ဖြစ်လေသည်။ နေ့လည်နေ့ခင်းက အလုပ်ပင်ပန်းသဖြင့် အနားယူနေကြသော လွှဆွဲလုပ်သားတို့သည် အိပ်မောကျနေကြလေပြီ။ သည်အချိန်မှာ တစ်တောလုံး ဆူညံနေသည့် အသံကြီးများကို ကြားလိုက်ရလေသည်။
သားကောင်တို့ မာန်ဖီသည့်အသံ မုန်ယိုသည့်အသံတို့သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အသဲယားစရာ ကြားနေရလေသည်။ နာရီကိုကြည့်လိုက်သော် ၁၂ နာရီထိုးနေလေပြီ။
လွှဆွဲခေါင်းဆောင်ဆရာ ကိုကြည်ဝင်းသည် အိပ်ပျော်နေရာမှ လန့်နိုးလာသည်။
သည်ကနေ့ည ခါတိုင်းညနှင့်မတူ ထူးထူးခြားခြား ကြားနေရသောအသံတို့မှာ ဆူညံကျယ်လောင်လွန်းလှပေသည်။ ကိုကြည်ဝင်းသည် သူ့ညီ မောင်လွင်ကို အရင်လှုပ်နိုးလေသည်။ မောင်လွင် နိုးလာသောအခါ အနီးအနားရှိ အိပ်ပျော်နေသော လူများကို နှိုးခိုင်းလေသည်။
လုပ်သားအားလုံးတို့သည် အိပ်မှုံဆုတ်ဖွားနှင့် ထလာကြသည်။
“ဟေ့လူတွေ … ဆူဆူညံညံအသံတွေ မကြားကြဘူးလား”
“ဟုတ်တယ်ဆရာ … အသံကတော့ သိပ်မဝေးလှဘူး”
“အေး… ငါထင်တော့ ဖုတ်တက်တောင်တစ်ဝိုက်မှာ ဖြစ်နိုင်တယ်”
“ကျွန်တော်တို့အထင်တော့ သားကောင်တွေ တိုက်ပွဲဆင်နေတာနဲ့ တူတယ်”
“ဟုတ်သပ … ကျားဟိန်းသံ၊ မာန်ဖီသံလည်း ကြားရ၊ ဆင်အော်သံ၊ မုန်ယိုသံတွေလည်း ကြားရ၊ ဧကန္တတော့ ဧကန္တဘဲ။ ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့နေကြပြီနဲ့ တူတယ်”
“ဟာ…. ဆရာကလဲ၊ ဒီနေရာမှာ လယ်မှ မရှိတာ”
“အရေးထဲ မင်းက နောက်နေရပြန်ပြီ။ ကျားနှင့်ဆင် တောင်ခွင်မှာ တွေ့နေပြီဘဲ ဆိုလိုက်ပါတော့”
“ဟာ…. အသံတွေက ကျယ်သထက် ကျယ်လာပြီ။ စခန်းဘက် လာမွှေရင်တော့ ဒုက္ခဘဲ”
“အေး… ဒီအရေးက မသေးဘူး။ ဓားရှည်တို့ ဒူးလေးတို့ လေးဂွတို့ အသင့်ဆောင်ထားကြ။ ဘယ်နေရာလောက်ရှိမလဲ သွားကြည့်ကြမယ်”
“မှောင်ကြီးမဲကြီး ဆရာကလဲ”
“ဟကောင်တွေရ … တောထဲကို လိုက်ကြည့်ဘို့ မဟုတ်ဘူးကွ။ တို့ ဟိုလင့်စင်ပေါ်က တက်ကြည့်မှာကိုပြောတာ။ ဘယ်မှာလဲ … လက်နှိပ်ဓာတ်မီး ဘယ်နှစ်လက်ရှိသလဲ”
“သုံးလက်ဆရာ”
“အေး … အကုန်ယူခဲ့”
လွှဆွဲလုပ်သားတို့သည် ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီးသုံးလက်နှင့်အတူ ဓားရှည် လေးဂွ ဒူးလေးများကိုပါ ကိုင်ဆောင်လျက် လင့်စင်ပေါ်သို့ တက်ကြလေသည်။
ဒီအထဲ ကိုကြည်ဝင်း၏ညီ မောင်လွင်က နဂိုသတ္တိခံကလေးက ရှိနေတော့ ဘာကိုမှ ကြောက်ရမှန်းမသိ။ သူ့သူငယ်ချင်း စံသိန်းဇံကို လက်တို့ခေါ်၍ သူတို့နှစ် ယောက် တောစပ်ဘက်သို့ ထွက်ကြည့်ကြသည်။
သူတို့နှစ်ယောက်သည် တောင်ပူစာကလေးတစ်ခုကို အကွယ်အကာယူကြသည်။ သူတို့လက်ထဲတွင် ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးနှင့် ငှက်ကြီးတောင်ဓားတစ်လက်စီ ပါလာသည်။
အသက်အရွယ် ၂ဝ မပြည့်သေးသော လူငယ်များဖြစ်သဖြင့် ရဲစွမ်းသတ္တိကတော့ အပြည့်အဝရှိနေကြသည်။
သူတို့မြင်ကွင်းထဲသို့ ဝင်လာသော အကောင်နှစ်ကောင်မှာ ကျားမတစ်ကောင်နှင့် ကျားထီးတစ်ကောင်ဖြစ်သည်။ တောင်ရိုးပေါ်မှ ဟိန်းဟောက်မာန်ဖီ၍ ဆင်းလာကြသည်။
ကျားမ၏ အသွင်မှာ ၇-တောင်ခန့်ရှိမည်ဟု ထင်ရပြီး ကျားထီး၏အသွင်မှာ ၈- တောင်ခန့်ရှိမည်ဟု ခန့်မှန်းရပေသည်။ သူတို့ထိုးကြည့်လိုက်သော ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီးရှေ့တွင် အထင်းသားမြင်နေရလေသည်။ လရောင်ကလေးကလည်းရှိ ဓာတ်မီးအားကလည်း ကောင်းနေသည်။
ဖုတ်တက်တောင်အောက် ချောက်ထဲတွင် ဆင်ပေါက် ကလေးတစ်ကောင်နှင့် မိခင်ဆင်မကြီးတစ်ကောင် ငှက်ပျောရွက်စားနေသည်ကို ကျားမက မြင်လိုက်သည်။ ကျားမသည် ဆင်ကလေးကို အလွတ်မပေးဘဲ အမိဖမ်းမည်ဟူသောအကြံဖြင့် တောင်ကမူပေါ်မှနေ၍ ခုန်အုပ်လိုက်လေသည်။
အရှောင်အတိမ်းကောင်းသော ဆင်ကလေးသည် စောစောကပင် အနံ့ရထားသဖြင့် သတိရှိဟန်တူသည်။ ဆင်ကလေးသည် သူ့မိခင်ရှိရာသို့ အလွတ်ရုန်း၍ ပြေးလေသည်။ မိခင်ဆင်မကြီးသည် ဆင်ပေါက်ကလေးကို သူ့ဗိုက်အောက်ကို သိမ်းသွင်း လိုက်သည်။
ထိုအခါ ကျားမသည် ဆင်ကလေးကို မမိလိုက်သဖြင့် တောင်ကမ္ဘားယံပေါ်သို့ ပြန်တက်လေသည်။ တောင်ကမ္ဘားယံပေါ် သို့ ရောက်သောအခါ တောင်ပေါ်မှနေ၍ လှမ်းကြည့်လိုက်သည်။ တောင်အောက်တွင် ဆင်မကြီးနှင့် ဆင်ကလေးကို တွေ့မြင်လေတော့သည်။
ကျားမကြီးသည် မကြေမချမ်းဖြစ်ကာ ဆင်မကြီးရှိ ရာသို့ တောင်ကမ္ဘားယံပေါ်မှနေ၍ ပြေးခုန်အုပ်လိုက်လေသည်။
ဆင်မကြီးမှာ လာမည့်ဘေးကို ပြေးမြင်ထားပြီးဖြစ်သဖြင့် အချိန်မီ နောက်ဆုတ်လိုက်သည်။ နောက်ပြီးမှ အရှိန်ယူပြီး နှာမောင်းဖြင့် ကျားမ၏ ခါးလယ်ကို တအားဖြတ်ရိုက်လေသည်။
မည်မျှလောက် ပြင်းထန်သည်မသိ၊ ကျားမကြီးမှာ ဝါးတဆုံးပြန်လောက်နေရာသို့ လွင့်စင်သွားလေသည်။
ကျားမကြီးမှာ ရုတ်တရက် မထနိုင်ဘဲ ဖြစ်သွားသည်။
အပေါ်စီးက အနိုင်ရထားပြီဖြစ်သော ဆင်မကြီးသည် တအားရှိကာ ကျားမကြီးကို မာန်ဖီမုန်ယိုလျက် အစွယ်ဖြင့် ကော်ထိုးလိုက်မည်ဟု အားယူလိုက်သည်။
ထိုအချိန်မှာ ဆင်မကြီးနောက်မှ ဆင်ကလေးကို ဝါးရုံပင်ဘေးမှ ချောင်းမြောင်းနေသော ကျားထီးက အလစ်ဝင်၍ ပြေးခုန်အုပ်လိုက်လေသည်။
ထိုအခါ ဆင်မကြီးမှာ နောက်ပြန်လှည့်၍ ကျားထီးကို နှာမောင်းဖြင့် တအားရိုက်ချက်သွင်းလိုက်လေသည်။ သို့သော်လည်း ရိုက်ချက်မဝင်ဘဲ လွဲချော်သွားခိုက် ကျားထီးက ဆင်မကြီးရှေ့တည့်တည့်မှနေ၍ ဦးခေါင်းပေါ်သို့ လွှားကနဲ ခုန်လိုက်သည်။
ကျားထီးသည် ဆင်မခေါင်းပေါ်သို့ တစ်ကိုယ်လုံးမရောက်ဘဲ တွဲလောင်းကြီး ခေါင်းကို ကိုက်ခဲထားသဖြင့် ဆင်မကြီးက အစွယ်ဖြင့် ထိုးကော်ခါချလိုက် လေသည်။
ကျားသည် ဆင်မ၏ခေါင်းကို ကိုက်ခဲနေရင်းက အကိုင်အတွယ်မရှိ၍ အောက်သို့ပြုတ်ကျသွားလေသည်။
ကျားသည် မကြေမချမ်းဖြစ်ကာ ဆင်မ၏ကျောပေါ်သို့ ခုန်တက်ရန် ကြိုးစားလေတော့သည်။ ကျားသည် ဆင်မကြီးကို ပတ်ချာလှည့်၍နေသည်။ ဆင်မကလည်း သူ့အပေါ်သို့ မတက်နိုင်အောင် ပတ်ချာလှည့်၍ နှာမောင်းနှင့် ရမ်းလေသည်။
သည်အချိန်မှာ ဆင်မကြီးမုန်ယို၍ အော်ဟစ်သည်မှာ ဆူညံသွား၏။ ကျားကလည်း ဟိန်းဟောက်မာန်ဖီသည်မှာ တစ်တောလုံး ဆူညံသွား၏။
ကျားနှင့် ဆင် မြိုင်ခွင်မှာ တွေ့နေသည်။
သူတစ်ပြန် ငါတစ်ပြန် အကျိတ်အနယ် တိုက်ပွဲဝင်နေကြသည်။ ကျားသည် ခပ်ဝေးဝေးသို့ ပြေးသွားပြီး ဆင်မ၏ ကျောပေါ်သို့ အတင်း ပြေးခုန်တက်လေသည်။ ဆင်မကလည်း နောက်ကိုဆုတ်ကာ ဦးခေါင်းကိုမော့၍ အစွယ်နှင့်လှမ်းကော်ထိုးလေသည်။
ကျား၏ အမြီးမှာ မြေကြီးကို တဘုတ်ဘုတ်ရိုက်ခါနေသလို ဆင်မကြီး၏ ခြေထောက်ကလည်း မြေကြီးကို ခွာရှပ်နေသည်မှာ တဘုံးဘုံးဖြစ်နေသည်။
ကျားထီးသည် ဘယ်လိုမှ ဆင်မကြီး၏ ကျောကုန်းပေါ်သို့ တက်၍ မရသည့်အဆုံးတွင် တောင်ကမ္ဘားယံကုန်းပေါ်သို့ ခုန်တက်သွားလေသည်။
ဆင်မကြီးကလည်း ကျားထီး၏နောက်သို့ အမီပြေးလိုက်ကာ အစွယ်နှင့် လိုက်ထိုးလေသည်။ ထိုအချိန်မှာ ကျားထီးက အပေါ်စီးမှဖြစ်နေသဖြင့် ဆင်မကြီးကျောကုန်းပေါ်သို့ ခုန်တက်၍ အုပ်လိုက်လေသည်။
ကျားထီးသည် ခုန်အုပ်သော်လည်း အချိန်အဆမမှန် ဖြစ်သွားသည်။ ဆင်သား စားလိုသည့် ရသတဏှာအာသာဇောက အားကြီးပြင်းထန် ဒေါသမာန်ကြောင့် ဆင်မကြီး၏ ကျောကုန်းပေါ်သို့ မရောက်ဖြစ်ပေ။ ဆင်မကြီးက ဘေးသို့ တိမ်းရှောင်လိုက်ပြီး ဖြစ်နေသည်။
ကျားထီးကြီးသည် မြေကြီးပေါ် သို့ အရှိန်ပြင်းစွာ ဇောက်ထိုးမိုးမျှော်ဖြစ်ကာ ခွေးကျကျ၍ အကျနာ သွားလေသည်။
ဤသို့ လိမ့်ကျသွားသောအခါ ဆင်မကြီးက အစွယ်နှစ်ချောင်းဖြင့် ကျားထီး၏ ရင်ဘတ်ထဲသို့ တအား ကော်ထိုးလိုက်လေသည်။ ဤသို့ ထိုးကော်လိုက်သည်နှင့် တစ်ပြိုင်နက် ကျားထီးကြီးမှာ အနာကြီးနာပြီး အော်ဟစ်ဟိန်းဟောက်လျက် ဒေါသဖြစ်ကာ ၁ဝ တောင်ခန့်ဝေးသော နေရာတွင် ပက်လက်လန်ကျသွားလေသည်။
ထိုအချိန်အခါတွင် ဆင်မကြီးမှာ ကျားထီးထံသို့ အတင်းပြေးလာပြီး နှာမောင်းနှင့် ရစ်ပတ်ကာ အနီးရှိ ကသစ်ခါးပင်နှင့် ဆောင့်၍ ရိုက်ခါချလိုက်လေသည်။
ကျားထီးခမြာ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဘဲ ကသစ်ခါးပင်ရင်းမှာပင် ခါးကျိုး၍ အနိစ္စသဘော ကိစ္စချောသွားလေတော့သည်။
“ဟေ့ သိန်းဇံ … ကျားထီးတော့ ကိစ္စချောသွားပြီ။ ကျားမက ဘယ်ရောက်နေလဲမသိဘူး”
“အေးကွ၊ ကျားမရန်က မအေးသေးဘူး။ ကျားမ ရောက်လာရင် ရောက်လာမှာ”
“မဟုတ်ဘူး သိန်းဇံ၊ ကျားမလည်း အထိနာသွားတယ်လို့ ငါထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျားထီးနဲ့ဆင်မကြီးနဲ့ သတ်တဲ့နေရာမှာ သူရှိနေဘို့ ကောင်းတယ်ကွ”
“အမှန်မှာ သူရှိနေရမယ်။ ကျားမလဲ နာသွားပါပြီ။ သေမယ်လို့ ငါထင်တယ်။ ဆင်မက တော်တော်လေးသတ္တိကောင်းတယ်။ မင်းလိုဘဲ သိုင်းတတ်ပုံရတယ်”
“ဟေ့ နားထောင်… ဆင်မကြီးက သူတို့ဆင်တွေကို အော်ခေါ်နေပြီ ဆူဆူညံညံနဲ့ တော်တော်ကြာ တို့စခန်းဘက် မုန်ယိုပြီး လာရမ်းမှာ စိုးရတယ်”
ဆင်မကြီးမှာ အရှေ့ဘက်လှည့်၍ မတတ်ရပ်ကာ ရှေ့ခြေနှစ်ချောင်းကို မြှောက်လိုက်သည်။ ထို့နောက် ဆူညံစွာ အော်ဟစ်လိုက်သည်။ တစ်တောလုံး တဝူးဝူးမြည်ဟီးသွားလေသည်။
မကြာမီမှာပင် ဆင်အုပ်ကြီး ရောက်ရှိလာလေသည်။
ဆင်အုပ်ကြီးထဲတွင် အစွယ်မပါသော ဟိုင်းဆင်ကြီးမှာ ဆင်ဗိုလ်အဖြစ် ဦးစီးခေါင်းဆောင်ပြု၍ ပါလာလေသည်။
ဆင်အုပ်ကြီးသည် ဆင်မကြီးအနီးသို့ ရောက်သောအခါ အားလုံး ဝိုင်းရံထားကြသည်။ အနီးအနားရှိ သစ်ပင် ဝါးပင် ငှက်ပျောပင် အစရှိသည်တို့ကို ဒေါသအမျက်ချောင်းချောင်းထွက်ကာ ဖျက်ဆီးရမ်း ကား မုန်ယိုသွားလေသည်။
တောင်ခြေရှိ အင်ဖက်ခူး ထမင်းစားတဲကလေးများကိုလည်း နှာမောင်းနှင့် ရမ်းကော်၊ ခြေနှင့် နင်းဖျက်ဆီးလိုက်ကြသည်။
ထို့နောက် ဆင်အုပ်ကြီးသည် ဆင်မကြီးနှင့် ဆင်ကလေးကို တွဲခေါ်ကာ အရှေ့ဘက်ဆီသို့ ဦးတည်၍ သွားကြလေသည်။ လမ်းခရီးအကြား၌ တွေ့ရှိသည့် ရွာငယ်ကလေးဖြစ်သော မော်တလက်ရွာကလေးကို လျှောက်ရမ်းဖျက်ဆီးသွားသည်မှာ ဖွတ်ဖွတ်ကြေသွားလေသည်။။
ထိုအချိန်အခါတွင် ရွာတွင်း၌ ကာကွယ်ရေး တပ်များရှိနေသဖြင့် သေနတ်ဖြင့် အပေါ်သို့ထောင်၍ ပစ်ဖောက်ချောက်လန့်လိုက်ကြသည်။ ထိုအခါမှ ဆင်အုပ်ကြီးသည် အရှေ့တောအုပ်ဆီသို့ ပြေးဝင်ပျောက်ကွယ်သွားလေတော့သည်။
ဤသို့ ဖြစ်ပျက်လေပြီး နောက်သုံးလေးရက်လောက်တွင် မောင်လွင်နှင့် သိန်းဇံတို့ ထင်သည့်အတိုင်းပင် ကျားမကြီးမှာ ဆင်မကြီး၏ ရိုက်ချက်ဒဏ်နှင့် ချောင်းစပ်တွင် ရေသောက်ရင်း ခါးကျိုး၍ သေနေလေသည်။
ပုပ်ပွနံစော်ညှီဟောင်ကာ ယင်ကောင်တလောင်းလောင်းနှင့် တွေ့ မြင်ရတော့သည်။
ဘဝဆိုတာ သူတစ်လှည့် ငါတစ်ပြန် အရှုံးအနိုင် ရှိကြစမြဲမို့ ငြိမ်းချမ်းသာယာမှု ရှာလိုသူတို့အဘို့ စက်ဆုတ်ရွံရှာဖွယ် ဖြစ်လေသည်။
– ပြီး –
စာရေးသူ – ဗန္တရဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ