• July 5, 2025
  • admin
  • 0

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စုံတောမြိုင်ခွင် ခြေရာရှင်

တတောလုံး တတောင်လုံး အုံ့မှိုင်း၍ နေပါတော့သည်။ ကျေးသံ ငှတ်သံများကလည်း တညံညံနှင့် တောတောင်၏သာယာမှုတို့ကို တန်ဆာဆင်နေလေသည်။ ဖြော့တော့သော နေရောင်ခြည်များကလည်း တောတပြင်ကို လှပစွာ အကွက်ဖော်နေတော့၏။

“ဘယ့်နှယ့်လဲ မက်ကလင်း-ဒီနယ်မှာ သားကောင်တွေ အတော်ရှားပါးနေပါကလား။ ခါတိုင်းဆိုယင် ဒီသစ်တောကြိုးဝိုင်းမှာ အနည်းဆုံး ဆတ်လောက်တော့ ပစ်ရပြီးသားဘဲ။ ဘယ်လိုဖြစ်တာတုန်း မက်ကလင်း”

ပဲခူးသစ်တောခရိုင်ကို လှည့်လည်စစ်ဆေးရန် ရန်ကုန်ရှိ စစ်တောင်းတိုင်း သစ်တောရုံးမှ လာရောက် စစ်ဆေးနေရသူ စစ်တောင်းတိုင်း သစ်တောမင်းကြီး ဟင်နရီဂရေးက စိတ်မကျေမနပ်သည့်အသံနှင့် လှမ်း၍ ပဲခူးခရိုင် သစ်တောဝန် အာသာမက်ကလင်းကို မေးလိုက်လေ၏။

စစ်တောင်းတိုင်းသစ်တောမင်းကြီးနှင့် ပဲခူးခရိုင်သစ်တောဝန်တို့၏ ရောက်ရှိနေသည့်ဌာနကား ပဲခူးအနောက်ရိုးမအခြေ ဇောင်းတူနှင့် ဆယ်မိုင်ခန့်ဝေးသော သစ်တောကြိုးဝိုင်းအတွင်း၌ ဖြစ်ပေ၏။

ခါတိုင်းအချိန်အခါမျိုး၌ကား ဤဖော်ပြပါ ဒေသမျိုး ကြိုးဝိုင်းအတွင်း၌ ဆတ် သာမက ပြောင်များ၊ စိုင်များ စသည့် သားကောင်ကြီးတွေကိုပင် ခပ်ဝေးဝေးရောက်အောင် လိုက်လံရှာဖွေမနေရဘဲ နီးနီးကပ်ကပ်နေရာ၌ပင် ပစ်ခတ်ရရှိနိုင်ခဲ့ပေ၏။

သစ်တော အရာရှိကြီးနှစ်ဦး ခေါင်းဆောင်သော သစ်တောအဖွဲ့ဝင်များကား သစ်တောကြိုးဝိုင်း နယ်နိမိတ်မျဉ်းကြောင်းများ သတ်မှတ်ခြင်း၊ ကြိုးဝိုင်း အတွင်း အပြင် ကျွန်းသစ်၊ ပျဉ်းကတိုးသစ် စသည့် အဖိုးတန်ရတနာများ၏ စာရင်းအင်းနှင့် လက်ရှိ မျက်မြင်ကိုယ်တွေ့ ကိုက် မကိုက် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ခရီးထွက်ခဲ့ကြခြင်း ဖြစ်ပေသည်။

သူတို့သည် ခုနစ်မိုင်ခန့် စခန်းဟောင်းတခုမှ ရှေ့စခန်းသစ်တခုဆီသို့ ရွှေ့ပြောင်းခဲ့ကြယင်း ခရီးသွားဟန်လွှဲဆိုသလို သူတို့နှင့် သူတို့၏ တပည့်တပန်းများ စားသောက်ရေးအတွက် သားကောင် တကောင်တလေကို ပစ်ခတ်ရန် ရှာဖွေကာ အမဲလည်ထွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ရိုးမနား နီးကပ်လေလေ တောတောင်က ထူထပ်နေလေလေ ဖြစ်နေသလောက် သားကောင်၏ ခြေရာ အသစ်အဟောင်းတွေကလည်း ကျွဲအုပ် နွားအုပ်တွေ လှည့်လည်ကျက်စားသည့်ပမာ တောတိရစ္ဆာန် များ၏ အခြေအနေကိုလည်း ခန့်မှန်းနိုင်လေ၏။

သို့ရာတွင် ထိုနေ့အဖို့ လာဘ်တိတ်သော နေ့တနေ့အဖြစ်နှင့် သစ်တောအရာရှိကြီး နှစ်ယောက်အဖို့ သားကောင်နှင့် တူတူတန်တန်ဟူ၍ ချေသတ္တဝါကိုပင် မတွေ့မမြင်ရသည်မှာ ဆန်းကြယ်လှတော့သည်။

“အင်မတန် မကျေနပ်စရာဘဲ မင်းကြီး။ ခါတိုင်း ကျွန်တော် ဒီတောတွေမှာ အမဲကြီးတွေ ပစ်နေကျဘဲ။ တောဆင်တောင် တွေ့နိုင်တဲ့ တောတွေဘဲ မင်းကြီး။ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျွန်တော် မစဉ်းစားနိုင်အောင် ဖြစ်နေတော့တယ်”

သစ်တောခရိုင်ဝန် မက်ကလင်းက တောတောင်၏ အခြေအနေကို စူးစမ်းလေ့လာလိုက်ယင်း ပြောလိုက်လေ၏။

အမှန်အားဖြင့် ထိုခေတ် ထိုအချိန်အခါက သစ်တောလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ရာက အသားကျစအချိန်ဖြစ်၍ လူသူအရောက်အပေါက် နည်းပါးလှသော ဤကဲ့သို့ ပဲခူးရိုးမနှင့် နီးကပ်နေသည့် ဇောင်းတူအနီးရှိ တောကြီး တောင်ကြီးများအဖို့၌ သစ်ကြီး ဝါးကြီးတွေနှင့် ပြည့်နေသလောက် ချေကစ၍ ဆင်အထိ သားကောင်ကြီးများကိုလည်း မလွတ်တမ်း မရှောင်နိုင်စတမ်း တွေ့မြင်နိုင်ပေ၏။

ဗြိတိသျှအစိုးရများသည် သစ်တောထွက်ပစ္စည်းများအနက် ကျွန်းကို ပထမဦးစားပေးကာ တန်ဘိုးများစွာထား၍ ဥပဒေအမျိုးမျိုးနှင့် ကွပ်ညှပ်ခဲ့၏။ကျွန်းသားဟူ၍ သွားကြားထိုး- နားပန်ပင် မယူရ၊ မသုံးရဟု ပညတ်၏။

ကျွန်း- ပျဉ်းကဒိုး အစရှိသည့် သစ်ကောင်းများအတွက် ကြီးလေးသော အခွန်အတုတ်ပေး၍ လုပ်ဆောင်စေခြင်း၊ ဖော်ပြပါ ကျွန်း-ပျဉ်းကတိုး သစ်များကို ကျူးလွန်လုပ်ကိုင်သူများကို မညှာမတာ ဥပဒေနှင့် ချည်နှောင်ကာ အပြစ်ပေးခြင်း၊ အရေးယူခြင်း စသည့် ချုပ်ချယ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ပေ သည်။

“ကျောလမ်းပေါ်ချည့် ရှောက်နေယင် သိပ်မဟန်ဘူးမက်ကလင်း။ ချောက်ကြိုချောက်ကြား စမ်းကြိုစမ်းကြား ဆင်းပြီး ရှာကြအုံးစို့။ တကောင်ကောင်မှ မပစ်ရယင် မဖြစ်ဘူး”

မင်းကြီးက သူ၏ သစ်တောဝန်ကို ပြောလိုက်ရာ သစ်တောဝန်သည် သူ၏နောက်ပါ သစ်တောဝန်ထောက်များ၊ တောအုပ်၊ တောခေါင်းများဆီသို့ လှည့်၍

“လမ်းပြကိုခေါ်လိုက်ပါ”

ဟု အမိန့်ပေးလိုက်၏။

ရွာသားလမ်းပြနှင့် နယ်တာဝန်ခံ တောခေါင်းကြီးတို့က သစ်တောမင်းကြီး၏ အလိုဆန္ဒအတိုင်း တောင်ကျောလမ်းပေါ်မှ ဖဲ့ခွာကာ စမ်းထဲသို့ ဆင်းကြ၍ ရှေ့မှ ဦးဆောင် ခေါ်ငင်ခဲ့ကြပေ၏။

မင်းကြီးသည် သူ၏လက်တွင်းမှ ရိုက်ဖယ်သေနတ်ကို သော့ပိတ်လိုက်ပြီး

“ဖြေးဖြေးသွား… စကားမပြောနဲ့၊ အသံမမြည်စေနဲ့”

ဟု လှမ်း၍ အမိန့်ပေးလိုက်၏။

အမဲသားငါး လိုက်လံချောင်းမြောင်းရေးတွင် သားကောင်များ၏ အငိုက်ကို အုပ်မိ ဖမ်းမိစေရန်အတွက် အသံမမြည် အသံမထွက်စေရန် ဖြစ်ပေ၏။

အတော်ကလေး နက်ရှိုင်းလှသော စမ်းချောင်းတချောင်းအတွင်းသို့ သစ်တောမင်းကြီးနှင့် အဖွဲ့ ဝင်များလည်း ဆင်းသက်လာခဲ့ကြပေ၏။

မင်းကြီးသည် ထက်မြက်သော မျက်လုံးများနှင့် သားကောင်များ၏ အခြေအနေနှင့် ခြေရာ လက်ရာများကို ရှာဖွေလိုက်ပါတော့သည်။ သစ်တောဝန်နှင့် အမှုထမ်းများက ခပ်လှမ်းလှမ်းမှ ခွာ၍ လိုက်ပါခဲ့ရတော့၏။

တနေရာ၌ကား တစုံတခု လေးလံသော အရာဝတ္ထုတခုကို ဒရွတ်တိုက်၍ ဆွဲသွားသည့် စွပ်ကြောင်းရာကြီးတခုကို သစ်တောမင်းကြီးက ရုတ်တရက် တွေ့လိုက်ရသည်တွင် အတော်ဝမ်းသာသွားပေ၏။

သားကောင် တကောင်ကို ကျားတကောင်က လိုက်ဖမ်းကာ မြေပျော့ပျော့တွင် ဒရွတ်တိုက်ဆွဲယူသွားသည်ဟူ၍ အထင်ရှိပြီး သူ့နောက်သို့ ခပ်မှန်မှန်လိုက်ခဲ့ရန် ဘယ်လက်ဖြင့် အချက်ပြကာ ရှေ့သို့ တလှမ်းချင်း တက်ခဲ့တော့၏။

မိုင်ဝက်ခန့် ဆက်လက်၍ စွပ်ကြောင်းအတိုင်း လိုက်ပါခဲ့သော မင်းကြီးသည် စမ်းချောင်းတနေရာတွင်အရောက် မမြှော်လင့်သော အရာဝတ္တုတခုကို စတင်ကာ တွေ့လိုက်ရပေ၏။ ထိုအရာဝတ္ထုကား ကျားစားထားသော သားကောင်တကောင်၏ အကြွင်းအကျန်လည်း မဟုတ်ပါ။

သစ်လွင်၍ ခွဲဖြတ်ပြီးစ ရွှံ့တွေပေကျံနေသော ပျဉ်းကတိုးသား ပျဉ်ပြားကြီးတခုသာ ဖြစ်ပေ၏။

သစ်တောမင်းကြီးသည် တပင်တပန်း ဒုက္ခခံကာ အမဲကောင်ကို တွေ့နိုးနိုးနှင့် လိုက်ခဲ့ရာမှ ယခုကဲ့သို့ တောကြီးတောင်ကြီးအလယ်၌ လတ်လတ်ဆတ် ဆတ် ပျဉ်းကတိုးခွဲသား ပျဉ်ပြားအရှည်ကြီးကို တွေ့လိုက်ရသည်ကြောင့် အတော် စိတ်ဆိုးသွားပါလေ၏။ နောက်သို့လှည့်ကာ

“မက်ကလင်း ခဏလာကြည့်စမ်း.”

သစ်တောခရိုင်ဝန်ကို ခေါ်ယူကာ ပျဉ်ပြားကြီးကို ပြလိုက်ပါသည်။

မစ္စတာ မက်ကလင်းသည် ပျဉ်ပြားကြီး၏ အစအဆုံးတို့ကို လိုက်လံ၍ အမှတ်အသားတံဆိပ် ပါ မပါ သစ်တောဘက် ထုံးစံအရ လိုက်လံကြည့်ရှုလိုက်ပြီး ခေါင်းခါ၍ ပြလိုက်ပါသည်။

ပြီးမှ …

“ဒီလောက်ခက်ခဲတဲ့နေရာမှာ ဒီပျဉ်ပြားကြီးဟာ ဘာလုပ်ဖို့လဲဘဲ မင်းကြီး။ ပြီးတော့ ဒီပျဉ်ပြားကြီးကို သာမန်လက်ထိုးလွှတွေနဲ့ မဖြတ်နိုင်ဘူး။ ဒီအနီးအနားမှာလဲ လူနေအိမ်ခြေဆိုတဲ့ ကျေးရွာတရွာမှ မရှိတော့ မစဉ်းစားတတ်အောင် ရှိနေတော့တယ်”

ဤတွင် သူတို့နောက်မှ အသင့်လိုက်ပါလာသော တောခေါင်း တောအုပ်များက ပိုင်ရှင်မဲ့သစ်တောဥပဒေအရ တာဝန်ရှိသော သစ်တောအမှတ်တံဆိပ် တစုံတရာမပါသည့် ကြီးမားသော ပျဉ်ပြားကြီးကို တိုင်းထွာလိုက်ကြ၏။

အလျား ဆယ့်ရှစ်ပေ (ဗမာအတိုင်းအထွာ ဆယ်နှစ် တောင်) အနံ သုံးတောင်ရှိပြီး ဒုမှာ လေးလက်မ ရှိလျက် များစွာလေးလံသော ပျဉ်ပြားကြီးကို အံ့သြစွာဖြင့် ကြည့်ရှုအကဲခတ် မှတ်ယင်း မှတ်တမ်းတင်နေကြပါသည်။

“ဟောဒီက ခြေရာကြီး ဘယ်လိုလဲ မက်ကလင်း”

မင်းကြီးဟင်နရီဂရေးသည် အံ့ဩလှသောအသံဖြင့် စမ်း၏ရှေ့သို့ တောက်လျှောက်ညွှန်ပြကာ မက်ကလင်းကို မေးလိုက်ပြန်၏။

သစ်တောဝန်နှင့် အဖွဲ့အားလုံးသည် မင်းကြီး အရေးတကြီးညွှန်ပြသော ခြေရာများကို သွားရောက်၍ ကြည့်ရှုလိုက်ပြန်၏။

ခြေရာများကား လူတယောက်၏ ခြေရာများ ဖြစ် သော်လည်း ထူးခြားချက်ကား သာမန်လူခြေရာထ က် နှစ်တောင်ခန့် ကြီးမားရှည်လျားသော ဧရာမ ခြေရာကြီးတခုကို တွေ့လိုက်ရသောကြောင့်တည်း။

“ကျုပ် ဒီလောက်ကြီးမားတဲ့ လူရော ခြေရာရော တသက်မှာ မတွေ့ဘူးခဲ့ဘူး မက်ကလင်း။ ဧကန္တ ဒီပျဉ်ပြားကြီးကို ယူလာတာ ဒီလူဘဲ ဖြစ်ရမှာဘဲ။ ဒိပြင် သာမန်လူတွေအနေနဲ့ဆိုယင် ဒီလောက်အချိန်စီးတဲ့ ပျဉ်းကတိုးသား ပျဉ်ပြားကြီးကို အနည်းဆုံး လေးငါးယောက်လောက်မှ သယ်ယူနိုင်မှာဘဲ”

သစ်တောခရိုင်ဝန် မက်ကလင်းသည် ပျဉ်ပြားရော ခြေရာကြီးတွေပါ တိုင်းထွာမှတ်သားယင်း

“ဒီနားမှာ လူသူလဲမရှိဘူး မင်းကြီး… သစ်စက်ဆိုတာလဲ ဝေးရော။ လွှစက်တွေလဲ လုပ်ဖို့ ကိုင်ဖို့ သတင်းမကြားဘူး။ လွှစင်ရှိအုံး ဒီလောက်ကြီးမားတဲ့ ပျဉ်းကတိုးသားကို ခွဲဘို့ရာ မလွယ်ဘူး။ ဒါကြောင့် အင်မတန်ထူးဆန်းတဲ့ကိစ္စမို့ တာဝန်ကလဲ ရှိနေပြီမို့ မင်းကြီးကို ကျွန်တော် တောင်းပန်ပါရစေ။ ကျွန်တော်တို့ ဒီခြေရာရှင်ကို ခြေရာခံပြီး လိုက်ရှာဖွေ အရေးယူပါရစေ။ မင်းကြီးဖာသာ အမဲပစ်လိုရာပစ်ပြီး ရှေ့စခန်းကို သွားနှင့်ပါ”

“ကျုပ်လဲလိုက်မယ် မက်ကလင်း။ သစ်တောမှုနဲ့ ဒီလူကိုဖမ်းရယင် အင်မတန်ထူးဆန်းတဲ လူတယောက်အဖြစ်ကို တွေ့ရမှာမို့ ကျုပ်လဲလိုက်မယ် မက်ကလင်း။ ကျန်တဲ့အမှုထမ်းတွေနဲ ကူလီတွေပါ ဒီပျဉ်ပြားကြီးကို ရုံးမှာတင်ရမဲ့ သက်သေခံပစ္စည်းအနေနဲ့ ဆင်အကူအညီယူပြီး ရွှေ့ပြောင်းယူသွားခိုင်းပါ။ ကျုပ်တို့ ရှေ့ဆက်ပြီး တရားခံရဲ့ ခြေရာကို ရှာဖွေဖမ်းဆီးရမယ်”

သစ်တောမင်းကြီးက အမိန့်ပေးလိုက်ပေ၏။

မကြာမီ မျက်နှာဖြူအရာရှိကြီးနှစ်ယောက် ဦးစီးသည့် သစ်တောဖက် ရှာဖွေဖမ်းဆီးရေးအဖွဲ့သည် ပျဉ်ပြားကြီးရှေ့မှ ဆက်လက်၍ ခပ်မှန်မှန် နင်းသွားပုံရသော ခြေရာခွက်ကြီးတွေအတိုင်း ဆက်လက်ရှာဖွေကာ ခရီးထွက်ခဲ့ပေ၏။

စမ်းချောင်းအတိုင်း ခြေရာကြီးသည် မှန်မှန် ညွှန်ပြနေပေ၏။

တနေရာတွင် မှီနိုးနိုး တွေ့နိုးနိုးနှင့် သစ်တောမင်းကြီးနှင့် အဖွဲ့ဝင်များသည် ချွေးသံတလုံးလုံး ကျဆင်းလာအောင် အပင်ပန်းခံကာ တရားခံကို ရှာဖွေခဲ့ကြပါသည်။

ကြီမားသော ခြေရာကြီးတခု၏ နောက်သို့ အပန်းတကြီးလိုက်လံကာ ခြေရာရှင်ကို ရှာဖွေခဲ့ကြသော သစ်တောမင်းကြီး ဟင်နရီဂရေးနှင့် အဖွဲ့ဝင်များအဖို့ စမ်းချောင်းအတွင်းမှ ကျော်လွန်၍ တတောဝင် တတောထွက်ဖြင့် မနားတမ်း သစ်တောဥပဒေအရ ပြစ်မှုကျူးလွန်သည့် ပုဂ္ဂိုလ် သို့မဟုတ် ခြေရာကို ရှာဖွေခဲ့ပေ၏။

အမှန်အတိုင်းဝန်ခံရလျှင် မစ္စတာဂရေးသည် တရားခံဖမ်းဆီးရမိရေးထက် ဧရာမခြေရာရှင်ကို တွေ့ လို၏။ သူ့အဖို့ ဖော်ပြပါ ခြေရာရှင်ကို တွေ့ရပါကား အင်မတန်ထူးဆန်းသော သတ္တဝါကြီးတကောင်ကို ပဌမဦးဆုံး တွေ့မြင်ရသော မျက်နှာဖြူတဦးအနေဖြင့် ဂုဏ်ယူလိုနေခြင်းပင် ဖြစ်၏။

သို့ရာတွင် ခရီးသာ ဆယ်မိုင်ကျော် ပေါက်ရောက်ခဲ့၏။ ခြေရာကြီးများကား တနေရာမှ ရပ်နားခြင်း မရှိသည့်ပုံဖြင့် ခပ်မှန်မှန်နင်းကာ ခရီးပြင်းသွားနေပုံ တွေ့နေရပေ၏။

ဇွဲကြီးလှသော မစ္စတာဂရေးနှင့် သစ်တောအဖွဲ့ဝင်များအဖို့ ခြေရာကြီးများ၏နောက်မှ လိုက်ပါလာယင်း တနေရာ၌ကား ကျယ်ဝန်းလှသော အိုင်ကြီးဆီသို့ တည့်တည့်ကြီး သွားနေသည့် ခြေရာကြီးများကို နောက်ဆုံး တွေ့လိုက်ရပေ၏။

အိုင်ကြီး၏ အကျယ်အဝန်းကား အလျားမိုင်ဝက်ကျော်ရှိပြီး အနံကား နှစ်ဖာလုံခန့်ရှိ၍ ရေ၏အနက်မှာ ဝါးတပြန်ခန့် မြင့်မားနက်နေသည်ကြောင့် နောက်ဆုံး၌ သစ်တောမင်းကြီးနှင့် အဖွဲ့ဝင်များသည် ရှေ့သို့ ဆက်မလိုက်နိုင်တော့ဘဲ မချင့်မရဲနှင့် ချီတုံချတုံ ဖြစ်နေကြပါသည်။

“အင်မတန် ထူးဆန်းတယ် မင်းကြီး။ ကျွန် တော်တော့ လူ့မဟုတ်ဘဲ ဧရာမ သတ္တဝါကြီး တကောင်ဘဲလို့ အောက်မေ့မိတယ်။ ဒါကြောင့် မတော်တဆ ပက်ပင်းပါတွေ့မိယင် မလွတ်တမ်း ပစ်ဖမ်းရအောင်လို့ ကျွန်တော် ရိုင်ဖယ်ထဲမှာ ကျည် ဆံငါးတောင့် အပြည့်ထည့်ပြီး မောင်းတင်ထားခဲ့တယ်။ ဆက်လိုက်ကြယင် စန်းနဲ့ အတာ်ဝေးနေပြီမို့ စိတ်မချရဘူး မင်းကြီး”

“ဟုတ်တယ် မက်ကလင်း၊ တိရစ္ဆာန်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကြည့်ပါလား … ပျဉ်ပြားတချပ်ကို ကျကျနနခွဲပြီး ယူလာယင်းက လမ်းကျောပေါ်မှာ ပစ်ချထားခဲ့တာ။ ခြေရာကိုဘဲ ဂရုစိုက်ပြီး လေ့လာစမ်းတော့။ ဒို့လူတွေ ခြေရာအတိုင်းဘဲ။ ခြေချောင်းငါးချောင်းနဲ့ ဖနောင့်နဲ့။ မြင်ရတယ်ဟုတ်လား ခြေချောင်းကလေးတွေ့ထိပ်မှာ ဗွေရာတွေတောင် ရွှံ့အပျော့ထဲမှာ ထင်ပြီး ကျန်ရစ်ခဲ့တယ်။ တွေ့ရတယ်မဟုတ်လား မက်ကလင်း”

သစ်တောအရေးပိုင်သည် နဖူးမှ ချွေးပေါက်များကို လက်ကိုင်ပုဝါနှင့်သုတ်ယင်း အဖြေရ စဉ်းစားရ ကျပ်နေတော့၏။

“နက်ဖန်မှ ဆက်ပြီး ရှာချင် ရှာကြဘို့ဘဲ မင်းကြီး။ မိုးလဲ ချုပ်တော့မယ်။ မောင်ဖိုးထိန် လာစမ်း၊ ဒီကနေ သခင်တို့ စခန်းချမဲ့နေရာကို သွားတတ်သလား။ ဘယ်လောက်ဝေးသလဲ”

ဘိနယ်တနယ်ကို အုပ်စီးရသော ဘိနယ်တောခေါင်းကြီး မောင်ဖိုးထိန်သည်

“သွားတတ်ပါတယ် သခင်ကြီး။ လက်ျာဘက်ကို ပြန်ပြီးဆုတ်ပြီး ရေမနေမြောင်က တက်ရပါလိမ့်မယ်။ ခရီး ခပ်ပြင်းပြင်းဆုတ်မှ ဖြစ်ပါ့မယ်။ ရှစ်မိုင် ကျော်လောက် ဝေးပါတယ်”

မင်းကြီးသည် နောက်သို့ပြန်ဆုတ်ရန် သဘောတူလိုက်ပြီး

“ကောင်းပြီ ပြန်ဆုတ်ကြမယ်။ ဒါထက် ဒီခြေရာ ဘာထင်သလဲ မောင်မင်း”

တောခေါင်းကြီး ဦးဖိုးထိန်ကို မြန်မာလို မေးလိုက်တော့၏။

“လူတော့ လူခြေရာဘဲ သခင်ကြီး။ ကျွန်တော်မျိုးတို့လဲ တခါမှ ဒီလောက်ကြီးမားတဲ့ လူခြေရာမျိုးကို မမြင်မီခဲ့ဘူး။ အကောင်းဆုံးကတော့ သခင်ကြီးတို့ အားလုံး ဒီခြေရာနောက်ကို ဆက်ပြီး မလိုက်ဖို့ဘဲ။ အန္တရာယ်တွေနဲ့ နီးကပ်နေပါတယ်”

ဤတွင် သစ်တောအရေပိုင် မက်ကလင်းက အင်္ဂလိပ်ဘာသာနှင့် မင်းကြီးသို့ ရောနှောကာ အရေးတကြီး ပြောဆို အစီရင်ခံလိုက်ပါသည်။

“ကျွန်တော့်အမှုထမ်းတွေဟာ ဗမာတွေဖြစ်ကြသည်။ ခုလို တခါမှ မမြင်ဘူးတဲ့ ခြေရာကြီးတွေ တွေ့ရလို့ အင်မတန် ကြောက်ရွံ့တုန်လှုပ်နေကြပါပြီ။ သူတို့ မပြောရဲကြလို့ … အခြေအနေကတော့ သိပ်မကောင်းတော့ဘူး မင်းကြီး”

မင်းကြီး ဂရေးသည် ပြန်လည်ကာ ခေါင်းကို ညိတ်ပြယင်း

“ကျုပ် ရိပ်မိတယ် မက်ကလင်း။ တကယ်တော့လဲ ကြောက်စရာကောင်းတဲ့ ခြေရာခွက်ကြီးတွေဘဲ မဟုတ်လား။ ကဲ စခန်းကို လှည့်ပြန်ကြမယ်။ ညဉ့်ကျမှ အေးအေးဆေးဆေး ကျုပ်နဲ့ မက်ကလင်းမှာ ဘာလုပ်ကြမယ်ဆိုတာ တိုင်ပင်ကြစို့”

အချိန်ကိုလုကာ ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် သစ်တောမင်းကြီးနှင့် အမှုထမ်းများသည် သတ်မှတ်ထားသည့် စခန်းဆီသို့ အရောက်ပြန်ခဲ့ကြပေ၏။ သူတို့ ထိုနေ့ညဉ့် စခန်းချမည့်နေရာ၌ကား မိုးကာတဲ အဖွေးသားဖြင့် မီးရောင်တထိန်ထိန်ဖို့ကာ ချက်ပြုတ်လုပ်ကိုင်ကာ သူတို့အပြန်ကို ကြိုနှင့်ကြ၏။

အမှုအတွက် အင်မတန်အရေးပါလှသော ပျဉ်းကတိုးသား ပျဉ်ပြားကြီးကိုမူကား စခန်း၏အစ သစ်တောမင်းကြီးနှင့် သစ်တောဝန်တို့ မိုးကာ တဲများနှင့် မလှမ်းမကမ်းနေရာတွင် ချထားကြပါသည်။

မစ္စတာဂရေးနှင့် မက်ကလင်းတို့နှစ်ယောက်အဖို့ တွေ့ရှိရမိသော သက်သေခံပျဉ်ပြားကြီးတွင် ဧရာမ ခြေရာကြီးတို့နှင့် ပတ်သက်၍ ဝီစကီ တဖန်ခွက်စီ ဇိမ်ခံသောက်ယင်း အင်္ဂလိပ်ဘာသာနှင့် ထင်မြင်ချက်များ ပြောဆိုဆွေးနွေးနေကြသလောက် မြန်မာ သစ်တောအမှုထမ်းအားလုံးမှာ ပြိုတော့မည့်မိုးအောက်မှ ရောက်ရှိနေကြသူများပမာ အတော်တုန်လှုပ် ချောက်ချားနေကြပြီး ခေါင်းချင်းတိုက်မခန်း ခပ် အုပ်အုပ် အရေးပေါ်ကိစ္စတို့ကို တိုင်ပင်နေကြ၏။

ထိုနေ့ ညဉ့်စာကိုပင် ဖြောင့်မတ်အောင် မစားဝံ့ ကြတော့ပါ။

မိုးအကုန် ဆောင်းဘက်သို့ လုနေသော ခုနစ်ရက် လဆန်း၏ ညဉ့်တညဉ့် ဖြစ်ပေ၏။

တောတပြင်ပေါ်သို့ ရွှေလမင်း၏ ရောင်လွှာများသည် ကြည်နူးဘွယ်ရာ ဖြန့်ချီကာ ထင်ရှားသော အလင်းရောင်များအဖြစ် ပေါ်လွင်သော ရောင်ဝါများ ကွန့်မြူးနေတော့သည်။

မြန်မာအမှုထမ်းများသည် မီးလှုံယင်း လက်ဘက်ရည်ကြမ်း သောက်သူသောက်၊ နက်ဖန် အလုပ်ဆင်းရန်အတွက် ညဉ့်ဦးကာလကပင် ချက်ရေး ပြတ်ရေး စီစဉ်သူက စီစဉ်နှင့် နေ့ခင်းကာလက အတွေ့အကြုံနှင့် ခြေရာကြီးကိစ္စကို မေ့သလိုလိုရှိနေချေ၏။

ထိုနည်းအတူ သစ်တောမင်းကြီး ဂရေးနှင့် သစ်တောဝန် မက်ကလင်းတို့နှစ်ယောက်လည်း ညဉ့်စာ စားပြီးကာလ နက်ဖန် အလုပ်ဆင်းရမည့် လုပ်ငန်းဇယားများအကြောင်းကို တိုင်ပင်ကာ ကုလားထိုင်တလုံး စီနှင့် အနားယူယင်း စကားတပြောပြောနှင့် နေခိုက် ကာလ-

တခဏအတွင်း၌ မြင့်မားသောသဏ္ဌာန်ကြီးတခုသည် အမှောင်နှင့် မီးဖိုကြီးတွေက မီးရောင်များ စုပေါင်းထားရာ အလင်းရောင်အောက်၌ ရိပ်ကနဲ ပေါ်ထွက်ရောက်ရှိလာတော့၏။

“အမယ်လေး… ဘယ်လိုဟာကြီးလဲဟ”

ဟူသော အလန့်တကြားအော်သံများနှင့်အတူ အိုးနင်းခွက်နင်းကာ ဘေးလွတ်မည့် ထင်ရာဘက်သို့ အပြေးသွားသည့် သစ်တောအမှုထမ်းများ၏ ကြောက်လန့်တကြား အသံများကြောင့် မျက်နှာဖြူအရာရှိနှစ်ယောက်သည် အနီး၌ အရံသင့်ဆောင်ထားသောအမဲကြီးပစ် ရိုင်ဖယ်နှစ်လက်ကို လှမ်း၍ ဆွဲယူလိုက်၏။

“ကျွန်ုပ်ကို ကြောက်စရာ လန့်စရာ မလိုပါဘူး။ ကျွန်ုပ်ဟာ သင်တို့လို လူသားတဦးတယောက်ပါဘဲ”

ကျယ်လောင်သော လူတယောက်၏ အသံကြီးသည် စခန်းတခုလုံးကို လွှမ်းမိုးတုန်လှုပ်သွားတော့၏။

ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်ယင်း ရိုင်ဖယ်ပြောင်းဝများကို ရုတ်တရက် စခန်းထိပ်အနီး၌ မားမားကြီး ပေါ်နေရာဆီသို့ ကြည့်နေသော မျက်နှာဖြူအရာရှိနှစ်ဦးသည် တုန်လှုပ်သော အသံများဖြင့်-

“အို… ဘုရားသခင်၊ လူကြီးတယောက်ပါကလား မက်ကလင်း”

“ဟုတ်တယ် … ဟုတ်တယ်၊ ကျွန်တော် တခါမှ မမြင်ဘူးတဲ့ ဧရာမလူကြီးတယောက်ဘဲ မင်းကြီး။ ကြည့်ပါလား… မျက်လုံးနှစ်လုံးရော၊ နှာခေါင်းရော ပါးစပ်ရော၊ နားရွက်ရော၊ ပြီးတော့ ဗမာရသေ့အဝတ် ဝတ်စားတယ်။ အလိုလေး … သိပ်မြင့်တဲ့ အရပ် အမောင်းကြီးပါကလား မင်းကြီး”

သူတို့နှစ်ဦးသာမက မြန်မာသစ်တော အမှုထမ်းများ၏ မျက်စေ့အားလုံးကပင် ထင်ရှားစွာ တွေ့မြင်နေရသော အရိပ်ကြီးကား မီးရောင် လရောင် ထိန်ထိန်သာနေသော အလင်းရောင်များအောက်၌ အတောင်နှစ်ဆယ်ကျော်ခန့် မြင့်မားသော အရပ်ကြီးနှင့် မလှုပ်မရှက်တမ်းရပ်ကာနေသော ယောဂီဝတ် ရသေ့ကြီးတဦး၏ ပီသထင်ရှားလှသော သဏ္ဌာန်ကြီးတရပ်ပင် ဖြစ်လေ၏။

စခန်းရှိ အမှုထမ်းအားလုံးအဖို့၌လည်း တခွန်းတလေမှ ပြန်လှန်၍ မပြောကြရဲအောင် အံ့အားသင့်ခြင်း အရှိန်တို့အောက်၌ ကြက်သေ သေနေမိကြ၏။

“ကျွန်ုပ်သည် သူတော်ကောင်းတဦးသာ ဖြစ်တယ်။ ဘာမှ ကြောက်စရာမလိုပေ။ ကျွန်ုပ်သည် သင်တို့ အကြီးအကဲများထံမှ အလှူခံရန်ပစ္စည်းတခု ရှိနေ၍ လာရောက်ခဲ့ခြင်း ဖြစ်တယ်”

ဒုတိယအကြိမ် ရသေ့ကြီးသည် စကားတလုံးချင်း ပြောလိုက်ပြန်ပါသည်။

ဤတွင် မြန်မာရေဝသော သစ်တောခရိုင်ဝန် မက်ကလင်းက ဗြုန်းကနဲ သတိရကာ”

“လိုချင်တာ ပြောပါ။ ပေးနိုင်တာ ပေးပါ့မယ်”

လှမ်း၍ ပြောလိုက်၏။

ဤတွင် ရသေ့ကြီးသည် ပကတိ တည်ငြိမ်သောမျက်နှာကြီးဖြင့် သက်သေခံပစ္စည်းအဖြစ်နှင့် သိမ်းဆည်းထားသော ပျဉ်ပြားကြီးကို လက်ညှိုးနှင့် ညွှန်ပြလိုက်ပြီး

“ကျွန်ုပ်၌ အသုံးဝင်နေသော ပစ္စည်းဖြစ်၍ ပိုင်ရှင်ရှိမှန်းမသိသည့်အတွက် ကျွန်ုပ် အတော်ဝေးကွာသော ဌာနတခုမှ ယူလာခဲ့ပါတယ်။ ယခုတော့ ပိုင်ရှင်ရှိသော ပစ္စည်းဖြစ်နေ၍ ကျွန်ုပ်က သင်တို့ ပိုင်ဆိုင်သော အကြီးအကဲများဆီမှ အလှူခံတောင်းခံလိုက်ပါတယ်။ လှူကြ ဒါန်းကြနိုင်ပါစေ””

အနီးမှ သစ်တောမင်းကြီး ဂရေးသည် မနည်းညှစ်၍ ပါးစပ်တွင်းမှ ထုတ်လိုက်ရသည့်အသံဖြင့်

“မြန်မြန်ယူသွားပါစေ မက်ကလင်း၊ မြန်မြန်ပေးလိုက်”

“ဘုန်းကြီး ယူသွားပါ။ ကျွန်ုပ်တို့ ကောင်းကောင်း ပေးပါတယ်”

မက်ကလင်းက ပြောလိုက်ရာတွင် ကြီးမားသော အရပ်အမောင်းနှင့် ရသေ့ကြီးသည် သက်သေခံပစ္စည်းအဖြစ် သစ်တောအမှုထမ်းများနှင့် ဆင်တကောင် အသုံးပြု၍ ဆွဲယူခဲ့လာသည့် ပျဉ်ပြားကြီးကို သူ၏ ညာလက်ဖြင့် လှမ်း၍ဆွဲယူကာ ခါးစောင်းတင်လိုက် ပြီး “သာဓု” သုံးကြိမ်ခေါ်လိုက်ပြီးနောက် ဣန္ဒြေရရပင် နောက်ပိုင်းတောတွင်းသို့ လှည့်ကာ တလှမ်းချင်း ပြန်လည်ထွက်ခွာသွားပါတော့၏။

ခေါင်း၌ ဒေါက်ချာကြီးကိုဆောင်းကာ လည်ပင်းတွင် ပုတီးစေ့အနက်များ သီကုံးထားသော စိပ်ပုတီးတကွင်းဆွဲလျှက် သစ်ခေါက်ဆိုးသင်္ကန်းနှင့် ဧကသီကို ရုံထားသော ရသေ့ကြီး၏ နောက်ပိုင်းဆီသို့ စခန်းတွင်းရှိ အမှုထမ်း အရာထမ်းအပေါင်းတို့က မျက်စေ့တဆုံးကြည့်ကာ မည်သူမျှပင် စကားမပြောနိုင်အောင် တုန်လှုပ် အံ့သြနေမိကြ၏။

ရသေ့ကြီး တောတွင်းသို့ ပျောက်ကွယ်ဝင်ရောက်သွားမှ သစ်တောမင်းကြီး ဂရေးသည် ဟင်းကနဲ သက်ပြင်းကြီးတချက်ချကာ….

“ဘုရားသခင် စောင့်ရှောက်ပါစေ-“

ဟူ၍ ဆုတောင်း လိုက်တော့၏။ ပြီးလျှင်-

“ကျုပ်မျက်စေနဲ့ နားကိုဘဲ မယုံနိုင်အောင် ရှိတော့တယ် မက်ကလင်း။ အင်မတန် ထူးဆန်းလှချည်ကလား။ ဘယ်လို ထင်သလဲ။ လူတော့ လူဘဲ”

“မပြောတတ်တော့ဘူး မင်းကြီး။ အရပ်အမောင်းနဲ့ အသံကြီးတာကလွဲရင် မင်းကြီးတို့ ကျွန်တော်တို့လို သာမန်လူဘဲ။ ခုတင်က သူ့ရာဇဝင် မမေးလိုက်မိတာ သိပ်နာတယ်ခင်ဗျာ။ ဘယ်ကလာသလဲ၊ သူဘယ်မှာနေတယ်၊ သူနံမည်ပါအစုံ”

“ဟုတ်တယ် … ဟုတ်တယ် မက်ကလင်း။ ကျုပ်လဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ အမှန်အတိုင်း ဝန်ခံရယင် ကျုပ်လဲ ကြောက်စိတ်တွေ ပေါ်နေတယ်။ ဒါကြောင့် ခု ကျုပ်ကိုယ်ကို ပြန်ပြီး ဒေါသဖြစ် အပြစ်တင်နေမိတယ်။

ကျုပ်တို့ သက်ဆိုင်ရာ အစိုးရဆီကို ချက်ခြင်း အကြောင်းကြားရမယ်။ အစီရင်ခံစာ ကျကျနနရေးရမယ်။ မြန်မာပြည်မှာ အားကြီးထူးဆန်းတဲ့ကိစ္စ တွေ့ရတာကို ကျုပ်တို့ကလွဲပြီး ဒိပြင်လူတွေပြောယင် နည်းနည်းမှ ယုံကြည်မှာ မဟုတ်ဘူး”

ဝီစကီတဖန်ခွက်ကို ခပ်သွက်သွက်ငှဲ့ကာ သောက်ချလိုက်ယင်း ပြောလိုက်ပါသည်။ စခန်းတွင်းရှိ မြန်မာအမှုထမ်းများအဖို့၌လည်း ကျွက်ကျွက်ညံအောင် တယောက်တခွန်း ပြောဆိုနေကြပါတော့၏။ သူတို့အဖို့ ဘေးအန္တရာယ် တစုံတရာ မရှိမှန်းကိုလည်း ကောင်းစွာ နားလည်သဘောပေါက်ခဲ့ကြပေ၏။

သစ်တောအမှုထမ်း အရာထမ်း ကူလီများ ဆင်ဦးစီးများအဖို့ ထိုနေ့ဆီက တွေ့မြင်လိုက်ရသော အတောင်နှစ်ဆယ်ကျော်မျှ မြင့်မားလှသည့် ရသေ့ကြီး၏ အကြောင်းအရာကို တယောက်ကစ၍ တရာဆို သလို ပြန်လည်၍ ပြောဆိုဖောက်သည်ချခဲ့ကြ တော့၏။

ပဲခူးရိုးမအခြေ ထန်းတောကြီး၊ သံဆိုးပင် ဆရာတော်ဦးနန္ဒိသေန၊ ဦးဘိုးညွန့် စသော နာမည်ကြီးပုဂ္ဂိုလ်များအဖို့၌လည်း ယနေ့တိုင် ပြန်လည်၍ ထူးဆန်းသော ဖြစ်ရပ်တခုအနေနှင့် ပြောဆိုလေ့ရှိကြပါတော့၏။ ထူးဆန်းအံ့ဩစရာဖြစ်ရပ်ကား မည်သည့်အခါမှ ဟောင်းသည်ဟူ၍ မရှိချေတကား….။

ပဲခူးခရိုင် သနပ်ပင်မြို့ ကော့ပြတ်ကျောင်းဆရာတော်အား ဤဝတ္ထုဖြစ်ရပ် ရေးသားခြင်းဖြင့် ဆရာတော်ဘုရား အမိန့်ရှိဘူးသည့် ဆန်းကြယ်သောအကြောင်းအရာမှန်ကို လူထုပရိသတ်များသို့ သိကြားစေခြင်းဖြင့် ကန်တော့အပ်ပါကြောင်း။

(ရှုမဝ မဂ္ဂဇင်း)

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

Leave a Reply

Your email address will not be published. Required fields are marked *