ခင်မောင်အေး(မန္တလေး)
စုံမြိုင်ဘွေဝယ်

ညကြည့်နာရီအား ကပ်၍ ကြည့်လိုက်ရာတွင် ဆယ့်တစ်နာရီခွဲလျက် ရှိပြီဖြစ်သည်။

ခြောက်နာရီခွဲလုံးလုံး အလျား(၄)ပေ အနံ (၂)ပေ သာ ကျယ်ဝန်းသည့် လင့်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်လျက် စောင့်စားခဲ့ရသဖြင့် တစ်ကိုယ်လုံးရှိ သွေးကြောများ တောင့်တင်းကိုက်ခဲလျက် ရှိရ၏။

လက်ထဲမှ သေနတ်ကို ဆုပ်ကိုင်ထားသော လက်ချောင်းများကလည်း ညောင်းညာကိုက်ခဲလာချေပြီ ဖြစ်၏။

အမှောင်သန်းနေသော ပတ်ဝန်းကျင်အား စူးစိုက်ကြည့်ရလွန်းသောကြောင့် မျက်လုံးများကပင် တစ်ချက်တစ်ချက် မှုန်ဝါးသွားခဲ့ရပေသည်။

ကျွန်တော့်ဘေးမှ တပ်ကြပ်ကြီး ညီညီကမူ ဆယ်နာရီခန့်ကပင် တရှူးရှူးဖြင့် အိပ်မောကျလျက် ရှိချေပြီ။

လင့်ထိုးထားသော တောစာသရက်ပင်အခြေမှ ပေနှစ်ဆယ်ခန့်အကွာ မြေပြင်ပေါ်တွင်ကား သွေးသံရဲရဲဖြင့် ဘိုးထိုက်၏ အလောင်းသည် မိုးတဖွဲဖွဲ၏အောက်တွင် သနားစဖွယ် လဲလျောင်းလျက်ရှိ၏။

ပတ်ဝန်းကျင်တွင်မူ မိုးက တဖွဲဖွဲ ရွာလျက်ရှိသည်။ မိုးရွာလျက်ရှိသော်လည်း ကောင်းကင်တွင် လေးငါးဆယ်လုံးမျှ ရှိသေးသည့် ကြယ်ကလေးများ၏ အရောင်ကြောင့် မှုန်ရီရီ လင်းလျက်ရှိပေသည်။

တစ်ချက်တစ်ချက် ခပ်ပြင်းပြင်း တိုက်ခတ်လျက်ရှိသော လေက သစ်ပင်ကိုင်းခက်များအား တရှဲရှဲ မြည်စေလျက် ရှိ၏။

ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေကျလျက်ရှိသော သရက်သီးမှည့်ကလေးများ၏ မြေပြင်ပေါ်သို့ ကျသံကြောင့် ခေါင်းနားပန်းများပင် ကြီးသွားမိလေတော့သည်။

သို့တိုင်အောင် တပ်ကြပ်ကြီး ညီညီကား မနိုးသေးဘဲ အိပ်မောကျမြဲပင် ရှိသည်။ ၎င်း၏ (၃ဝ၃)စစ်သုံးရိုင်ဖယ်ကို ရင်ခွင်တွင် ဖက်လျက် နှစ်နှစ်ခြိုက်ခြိုက် ကွေးလျက် ရှိသဖြင့် ကျွန်တော်က မနှိုးဘဲ ထားမိပေသည်။

ကျွန်တော်သည် လင့်ပေါ်မှ ဘိုးထိုက်၏ အလောင်းကို လှမ်းကြည့်ရင်းက အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာမိ၏။

စဉ့်ကူးအပိုင် နွယ်ရုံရွာသား ဘိုးထိုက်အား ကျွန်တော် ရင်းနှီးခဲ့သည်မှာ ကြာလေပြီ။ မန္တလေးမှ ဝါးဖြူတောင်ဘက်သို့ တက်၍ မကြာခဏ အမဲကြီးများ ပစ်ခတ်ရန် ထွက်ခဲ့ကြသည့် အကြိမ်တိုင်း နွယ်ရုံတွင် စခန်းချခဲ့ကြ၏။

နွယ်ရုံရွာ ပတ်ဝန်းကျင် နှမ်းခင်း၊ ပြောင်းခင်းများသို့ ညမီးထိုး၍ အမဲရှာသည့် အခါများတွင် ဆတ်၊ ဒရယ်၊ ချေနှင့် တောဝက်များက အ,ကာလ ညအခါ လူခြေအတိတ်၊ အခင်းတွင်း ဝင်ရောက်စားသောက်မြဲ ဖြစ်သည်။

ယာခင်းများသို့ လှည်းဖြင့်လည်၍ မီးထိုးရှာလိုက်သည်ဆိုလျှင်ပင် အမဲကောင်များကို သေချာပေါက် ပစ်ခတ်၍ ရစမြဲပင်. . . ။

အမေရိကန်လုပ် ရှစ်ခဲထိုး ရေးအိုဗက် တောလိုက်ဓာတ်မီး၏ စူးရှသော ရောင်ခြည်ကို ပြူးကြောင်ကြောင် ကြည့်နေတတ်သော အမဲအား ကိုက်ငါးဆယ်မှ ကိုက်နှစ်ရာအတွင်း (၃ဝ.ဝ၆) ဝင်ချက်စတာ စပရင်းဖီးလ် ရိုင်ဖယ်ဖြင့် တစ်ချက်တည်း လှဲနိုင်ခဲ့သည်သာ. . . ။

သေနတ်သံ အဆုံးတွင် ယက်ကန်ယက်ကန်နှင့် လဲနေသော အမဲအား လှည်းသမား ဘိုးထိုက်က လှည်းပေါ်မှဆင်း၍ ဝမ်းသာအားရ ထမ်းပိုးသယ်တင်ခဲ့ရသည်ချည်း ဖြစ်၏။

ဤသို့အားဖြင့် နွယ်ရုံရွာသား ဘိုးထက်နှင့် ကျွန်တော် လမိုင်းကပ်သောအဖော်အဖြစ် ရင်းနှီးခဲ့ကြပေသည်။

သို့သော် ဘိုးထိုက်ကား ကျွန်တော်နှင့် နောင် မည်သည့်အခါမျှ တောလိုက်မလည်နိုင်တော့ပြီ ဖြစ်၏။

နံနက် အရုဏ်တက်စ ချောင်းကြီးစခန်းမှ ဝါးခုတ်အပြန် ယခု လဲလျောင်းနေရာ သရက်ပင်မောင်နှမစခန်းတွင်ပင် ကျားခဲ ခံရကာ အသက်ကုန်ခဲ့ရချေပြီဖြစ်သည်။

ထမ်းပိုးမှ ရုန်းကန်၍ ထွက်ပြေးလာခဲ့သော ဘိုးထိုက်၏ စာဥနှင့် ငညိုတို့ ရွာသို့ ရောက်လာကြသောကြောင့် ရွာသားများက လိုက်လံရှာဖွေရာတွင် ဘိုးထိုက်၏ တစ်ပိုင်းတစ်စ ကျားစားထားသော အလောင်းကို သည်နေရာတွင် တွေ့ခဲ့ကြရ၏။ ဒူးအထက် နားဆီမှ ညာဘက် တင်ပါးတစ်ခြမ်းအထိ စားထားပြီး လည်မျိုတွင် အစွယ်ရာကြီး (၂)ခုက ကြောက်ခမန်းလိလိ တွေ့ရပေသည်။

ထင်ရသည်ကား လှည်းပေါ်မှ ငိုက်မျဉ်းလာသော ဘိုးထိုက်အား ဟင်းမျိုးကြီးက အလစ်ခုန်အုပ်လိုက်ပြီး လည်မျိုကို တစ်ချက်တည်း ကိုက်သတ်လိုက်ခြင်းသာ ဖြစ်ပေမည်။ ဘိုးထိုက်အသက်ကုန်မှ တစ်ပိုင်းတစ်စစား၍ ထားသွားခဲ့ခြင်း ဖြစ်မည်ဟု ယူဆရ၏။

ညကတည်းက နွယ်ရုံသို့ ရောက်နေသော ကျွန်တော်နှင့် တပ်ကြပ်ကြီး ညီညီတို့က ဘိုးထိုက်အလောင်းကို ရွာသားများ ရှာဖွေတွေ့ရှိသည်နှင့် ရွာသူကြီး ကိုမင်းမောင်နှင့် တိုင်ပင်ကာ ဘိုးထိုက်အား သတ်ဖြတ်သွားသော ဟင်းမျိုးကြီးကို ဘိုးထိုက်၏ အလောင်းနှင့်ပင် ပြန်လည်စောင့်ဆိုင်းနေခဲ့ကြရခြင်း ဖြစ်ပေသည်။

ဘိုးထိုက်အား ရှာဖွေတွေ့ရှိချိန်မှာ နံနက် (၁ဝ)နာရီ သာသာခန့်ကပင် ဖြစ်သော်လည်း လင့်ထိုးခြင်း၊ အစီအစဉ်များ ပြုလုပ်ရခြင်း၊ ဘိုးထိုက်၏ ဇနီးအား နှစ်သိမ့်ရခြင်း စသည်တို့ကြောင့် နေစောင်းမှပင် အစီအစဉ်က အဆင်သင့် ဖြစ်ခဲ့ရ၏။

ညစာ စားသောက်ခဲ့ပြီးနောက် ကျွန်တော်နှင့် ညီညီက စောင်တစ်ထည်စီ၊ သေနတ်တစ်လက်စီ၊ တောလိုက်ဓာတ်မီး၊ ရေဘူး စသည်တို့နှင့် ညနေငါးနာရီခန့်ကျမှပင် လင့်ပေါ်သို့ ရောက်ခဲ့နိုင်ကြ၏။

လင့်ပေါ်သို့ စောစောတက်ခဲ့ရခြင်းမှာ ကျွန်တော်တို့၏ ကိုယ်အနံ့အသက်များ တောနံ့နှင့် ရောထွေးသွားစေခြင်းကြောင့် ဖြစ်၏။

လင့်ပေါ်ရောက်သည့် အချိန်က ညနေ (၅)နာရီ ယခု (၁၁)နာရီခွဲ၊ စုစုပေါင်း (၆)နာရီခွဲရှိပြီ ဖြစ်လေသည်။
ဖျောက်ခနဲ သစ်ကိုင်းကျိုးနင်းသံသည် တိတ်ဆိတ်နေသော တောအလယ်တွင် ကျယ်လောင်စွာ မြည်ဟိန်းလာသည်။ စောစောကပင် မိုးစဲလျက် လေကငြိမ်သွားပြီဖြစ်ရာ တောသည် အသံဗလံကင်းစွာ ငြိမ်သက်နေပေသည်။

တစ်ဆက်တည်း ဖျောက်ခနဲ တောတိုးသံ ထွက်လာပြီးနောက် လင့်ထိုးထားရာ သရက်ပင်၏ ဘယ်တစောင်းခန့်ဆီမှ ချုံစပ်အတွင်းတွင် သတ္တဝါကောင် တစ်ကောင်အား မှုန်ဝါးဝါးအလင်းရောင်၌ မြင်လိုက်ရ၏။

ဘယ်ဘက်လက်တွင် သေနတ်နှင့်အတူ ပူး၍ ကိုင်ထားသော တောလိုက်ဓာတ်မီးခလုတ်ပေါ်သို့ လက်မကို အသာတင်ထားလိုက်ကာ တစ်ချိန်တည်းပင် သေနတ်ပြောင်းကို မ,၍ ချိန်လိုက်မိသည်။

သေနတ်ဒင်ကို ညာပခုံးနှင့် ထောက်၍ လက်ညှိုးကိုလည်း သေနတ်မောင်းပေါ်တွင် ကွေးလျက် အလိုက်သင့် တင်ထားလိုက်၏။

မှုန်ရီရီအလင်းရောင်တွင် ဝိုးတဝါးမြင်တွေ့နေရသဖြင့် မည်သည့် တောကောင်ဖြစ်ခြင်းကို ရုတ်တရက် မခွဲခြားနိုင်သေး။ အကွာအဝေးအားဖြင့်လည်း ကိုက် (၃ဝ)သာသာ ရှိသေးသဖြင့် အသက်ကိုပင် ခပ်ဖြည်း ဖြည်းရှူကာ စူးစိုက်လျက် ကြည့်နေလိုက်မိသည်။

တောကောင်သည် တရွေ့ရွေ့တစ်လှမ်းချင်း တက်လာသည်။ လှုပ်ရှားပုံမှာ မြန်ဆန်၍ အစာကို ချောင်းလာသော ကျားနှင့်မတူ။ အခြားတောသတ္တဝါ တစ်ကောင်ကောင်သာ ဖြစ်နိုင်ဖွယ်ရာရှိသည်။
ပုံသဏ္ဌာန်အားဖြင့်လည်း ကျားထက် နှစ်ဆသာသာ ကြီးမားပေသည်။

ဘိုးထိုက်အလောင်းနှင့် ဆယ်ပေကွာခန့်သို့ ရောက်ရှိ လာသည့်အခါတွင်ကား အနည်းငယ် သဲသဲကွဲကွဲ မြင်ရပြီ ဖြစ်သည့်အပြင် တောကောင်၏ လှုပ်ရှားမှုကြောင့် ခြောက်ပေခန့်မြင့်မည့် ဝက်ဝံကြီး တစ်ကောင်သာဖြစ်ကြောင်း တွေ့ရှိရ၏။

ဝက်ဝံသည် ဘိုးထိုက်အလောင်းနားသို့ တစ်လှမ်းချင်း ကပ်လာပြီး အလောင်းကို တစ်ချက်အကဲခတ်လိုက်ကာ နှစ်မိနစ်ခန့်တွေ့၍ ကြည့်လိုက်ပြီး နောက်ကြောင်းသို့ ပြန်လည်သွား၏။

ထိုခဏတွင် ကျယ်လောင်သော ကျားတစ်ကောင်၏ ဟိန်းသံကို ကြားလိုက်ရပြီးနောက် ဝုန်းခနဲ ခုန်ထွက်လာသော ဟင်းမျိုးကြီးအား ဝက်ဝံ၏ ကိုယ်ပေါ်တွင် တွေ့လိုက်ရ၏။

ပြင်းထန်သော အရှိန်ဖြင့် တိုက်ခိုက်ခြင်းခံရသဖြင့် မြေပေါ်သို့ နှစ်ပတ်မျှ လိမ့်ထွက်သွားသော်လည်း ဝက်ဝံသည် ဟဲခနဲ ဟဲခနဲ မာန်ဖီကာ တောဘုရင် ကျားကြီးအား ရှည်လျားသန်မာသော လက်သည်းများဖြင့် ပြန်လည်ခုခံသည်။

တစ်ချက်တစ်ချက် ကျားသည်ပင် ဝက်ဝံ၏ ပြန်လှန် တိုက်ခိုက်မှုကြောင့် စောစောက ငြိမ်သက်နေသော တောသည် ဗြောင်းဆန်အောင် ဆူညံလျက်ရှိသည်ဖြစ်ရာ တပ်ကြပ်ကြီး ညီညီသည်ပင် တောတွင်းတိုက်ပွဲကို ရင်တထိတ်ထိတ်နှင့် ကြည့်လျက်ရှိ၏။

လွှားခနဲ လွှားခနဲ ခုန်အုပ်လိုက်သော ကျားအား ဝက်ဝံက သန်မာသော လက်များဖြင့် ပုတ်ခတ် ထုတ်လိုက်ပြီး ရှောင်တိမ်းလိုက်သည်။

မကြာမီပင် ကျားသည် ဝက်ဝံအား အနီးကပ် မတိုက်ခိုက်တော့ဘဲ စောင်လျက်ရှိသည်ကို တွေ့ရ၏။ အကွက်တွေ့လျှင် အုပ်မည့်သဏ္ဌာန် မြေတွင်ဝပ်လျက် ပါးစပ်ကြီးကိုသာ ဖြဲလျက် တဟဲဟဲမာန်ဖီလျက် ရှိသည်။

ကျား၏ တိုက်ခိုက်မှုသည် တိုက်စစ်မှ ခံစစ်အသွင် ပြောင်းသွားသည်နှင့် ဝက်ဝံကလည်း ရှေ့လက်နှစ်ဖက်ကို ဆန့်တန်းလျက် တစ်လှမ်းချင်းဆုတ်လျက် ရှိသည်။

ဖျတ်ခနဲ ဓာတ်မီးကို ဖွင့်လိုက်လျက် မီးရောင်တွင် ထင်းခနဲ ပေါ်လာသော အဝါတစ်ကန့် အနက်တစ်ကန့် ကျား၏ ရှေ့လက်ပြင်သို့ ရိုင်ဖယ်ပြောင်းကို ဦးတည်လိုက်ကာ ညာလက်ညှိုးဖြင့် မောင်းခလုတ်ကို ဆွဲလိုက်မိသော ကျွန်တော်သည် ပြောင်းထိပ်မှ အရှိန်ပြင်းစွာ တွန်းကန် ထွက်သွားသော ကျည်အားကြောင့် ပခုံးထက်တွင် စီးခနဲဖြစ်သွားရ၏။

ဒိုင်းခနဲ မြည်ဟည်း၍ ထွက်သွားသော သေနတ်သံအဆုံးတွင် ကျားသည် မြေပေါ်တွင် ဝပ်လျက်ရှိနေရာမှ နှစ်ပေခန့် မြောက်တက်သွားအောင် လျင်မြန်စွာ ခုန်ထလိုက်ပြီး ဝေါခနဲ တောထဲသို့ ဝင်ပြေးသွား၏။

သေနတ်သံကြောင့် ကြောင်ကြည့်နေသော ဝက်ဝံအား ညီညီက ရိုင်ဖယ်ဖြင့် နှစ်ချက် ဆင့်၍ ပစ်ချလိုက်သည်။

ကျွန်တော် ထိုးထားသော မီးရောင်ကြောင့် ညီညီ၏ ရိုင်ဖယ်မှ ကျည်ဖူးနှစ်တောင့်လုံး ပစ်ကွင်းအား အချက်ကျကျ ထိမှန်သွားသည်ကို တွေ့ရ၏။

ဝက်ဝံသည် အရှိုက်ကို ထိုးခြင်းခံလိုက်ရသည့်အလား နောက်သို့ လန်ထွက်သွားပြီးနောက် ဘိုင်းခနဲ လဲသွားသည်။ တစ်ချက်နှစ်ချက် လူးလွန့်ပြီးနောက် ငြိမ်သက်သွားသည်။

“ဟို တိရစ္ဆာန်ကြီး မှန်သွားတယ် မဟုတ်လား ဗိုလ်ကြီး။ ငနဲ မြောက်တက်သွားတာ ကျွန်တော် တွေ့လိုက်တယ်”

ညီညီက စောစောက ကျွန်တော်ပစ်လိုက်သော ကျားအား ထိမှန်ကြောင်း မေးလာသည်။

“အေး … မှန်တယ်ကွ၊ ဒီကောင် ဝေးဝေးတော့ ပြေးနိုင်မယ်မဟုတ်ဘူး။ လက်ပြင်ကိုရယ်လို့တော့ သွင်းလိုက်တာပဲ။ နောက်နည်းနည်းကျသွားတယ် ထင်တယ်”

ကျွန်တော်က အနည်းငယ် သံသယရှိကြောင်း ပြောပြလိုက်ရ၏။

“ဆင်းကြည့်လိုက်ကြရအောင်လား ဗိုလ်ကြီး”

“အိုကွာ … တော်တော်လေးနေ မိုးလင်းတော့မှာပဲ။ မိုးလင်းမှ ရှာကြတာပေါ့။ ဒဏ်ရာရသွားတဲ့ ကျားနောက်ကို မှောင်ထဲ လိုက်ရတာ အန္တရာယ်အကြီးဆုံးပဲ။ ကဲ … မင်းမှေးချင်လည်း မှေးဦး”

အရုဏ်၏ နီကျင်ကျင် ရှေ့ပြေးအလင်းရောင်ကို ရွှေရင်ဆို့ တောင်ဖျားတွင် မြင်လိုက်ရသည်နှင့်အတူ နွယ်ရုံရွာဘက်ဆီမှ ရွာသားများကလည်း စခန်းဆီသို့ လာခဲ့ကြလေသည်။
သို့သော် ၎င်းတို့က ဘိုးထိုက်အား သတ်ဖြတ်သွားသော ကျားအား မတွေ့ရဘဲ ဝက်ဝံကြီးကိုသာ မြင်ကြရသည့်အခါတွင်မူ အတော်စိတ်ပျက်သွားခဲ့ကြရ၏။ အကျိုးအကြောင်းကို ကျွန်တော်က ရှင်းလင်းပြောပြလိုက်သည့်အခါတွင်ကား ဒဏ်ရာရသွားသော ကျားနောက်သို့ လိုက်ရန် ပြင်ဆင်ကြပေသည်။

ကျားသည် သေတွင်းကို မထိ၍ တစ်ချက်တည်း သေမသွားသည့်တိုင် ပြင်းပြင်းထန်ထန် မှန်သွားပုံရသည်။ စေးထန်းထန်းသွေးစက်များက မြေပြင်တွင် ပြန့်ကြဲလျက်ရှိပြီး တောတိုးသွားရာ ကျား၏ လမ်းကြောင်းတစ်လျှောက် ဝဲယာနှစ်ဖက်လုံး သစ်ရွက် သစ်ကိုင်းများတွင် သွေးစက်များ တွေ့ရှိရ၏။

သွေးစက်ကျသွားရာ လမ်းကြောင်းအတိုင်း ရှေ့ဆုံးမှ ကျွန်တော်၊ သူကြီး ကိုမင်းမောင်နှင့် တပ်ကြပ်ကြီး ညီညီ၊ ၎င်းနောက်မှ ရွာသားရှစ်ဦး၊ တဖြည်းဖြည်း သတိကြီးစွာထားလျက် တက်ခဲ့ကြ၏။

ကျားသည် သက်သာစွာ ပြေးလွှားသွားရခြင်းဖြစ်ဟန်မတူ။ တရွတ်ဆွဲ၍ သွားရသည့်အလား မြေပွ ပေါ်တွင် စွတ်ကြောင်းကြီး ထင်လျက်ရှိသည်။ သွေးများကား တဖြည်းဖြည်း များသည်ထက် များလာပုံရသည်။ နား၍နား၍ သွားရာနေရာများတွင် သွေးကွက်ကြီးများက ဒဏ်ရာရကျား၏ အခြေအနေကို ဖော်ပြလျက် ရှိသည်။

“ငနဲ သိပ်တော့ သက်သာမယ် မဟုတ်ဘူးနော်။ တော်တော် နာသွားပုံ ရတယ်။ ကျွန်တော်တော့ တစ်နေရာရာမယ် လဲနေလောက်ပြီလို့ ထင်တယ်”

ညီညီက ကျွန်တော့် နားနားသို့ ကပ်၍ လေသံဖြင့် ထင်မြင်ချက်ပေးသည်ကို ကျွန်တော်ကလည်း ခေါင်းညိတ်ပြလိုက်ရ၏။

ခင်ကြောအတိုင်း ပတ်၍ တောသည် တဖြည်းဖြည်းပါးလာသည်။

လျှိုအနိမ့်တစ်ခုကို ဖြတ်ဆင်းလျက် တစ်ဖက်ခင်ပေါ်သို့ လှမ်းတက်သွားသော စွတ်ကြောင်းအတိုင်း တက်လာကြသည်။

ကျွန်တော်တို့က ကျောက်တုံး ကျောက်လုံးများ ထူထပ်သော တောင်ကမူကလေးတစ်ခုပေါ်သို့ ရောက်လာကြသည်။ ကျောက်စရစ်ကုန်း မြေမာပေါ်တွင် သွေးစက်များက ကျား၏ ရှေးရှုရာလမ်းကြောင်းကို ညွှန်ပြလျက်ရှိသည်။

တောင်ကမူ၏ တစ်ဖက်သို့ အဆင်းတွင်မူ သစ်ပင်အုပ်အုပ်တစ်ခု ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော တောပြစ်နှင့်အတူ ရှေ့တွင် ကျောက်ဂူကြီး တစ်ခုကို တွေ့ရသည်။

ကျောက်ဂူဟု ဆိုရသော်လည်း လိုဏ်ခေါင်းသဖွယ် ဝင်ရောက်သွားရသည် မဟုတ်ဘဲ ကြီးမားသော ကျောက်လုံးကြီးများ၏ အကြားတွင် ပပ်ကြား အက်လျက်ရှိသော ချပ်ကြားမျိုးသာ ဖြစ်၏။

သွေးစက်သည် ထိုချပ်ကြား၏ အဝတွင် အတွင်းသို့ ဝင်ရောက်သွားဟန် တွေ့ရသည်။

ချပ်ကြား၏ အလျားမှာ ပေသုံးဆယ်ခန့်ရှည်လျား၍ တစ်ဖက်တွင် လျှိုထဲသို့ တောက်လျှောက် ပေါက်သွားသည်။ တစ်ဖက်အဝသို့ သွားရောက်ရှာဖွေသည့်အခါ သွေးစများကို မတွေ့ရသဖြင့် ချပ်ကြားထဲတွင် ကျားနာက ခိုအောင်းလျက် ရှိကြောင်း သိရှိရလေသည်။

“ကဲ … ဗိုလ်ကြီး၊ ကျားတော့ ဒီအထဲမယ် ခိုနေမှာပဲ။ အဝကနေ မီးတိုက်ကြည့်ရအောင်”

သူကြီးက အကြံပေးသည်။

“ကောင်းသားပဲ။ မသေသေးရင်လည်း ထွက်အလာ ဖမ်းတီးလိုက်ရုံပေါ့။ ကဲ … လုပ်ဗျာ”

ကျွန်တော်က အပိုင်တွက်၍ သဘောတူလိုက်ရ၏။

“ကဲ … ညီညီ၊ မင်းက ဟိုတစ်ဖက်က ရွာသားတချို့နဲ့ ပိတ်စောင့်ကွာ။ ငါ ဒီဘက်က စောင့်မယ်”

တစ်ဆက်တည်း ညီညီကိုလည်း အစီအစဉ် လုပ်ပေးလိုက်ရလေသည်။

သူကြီး ကိုမင်းမောင်နှင့် ရွာသားများက အနီးအနားမှ ထင်းခြောက်များ၊ သစ်ရွက်ခြောက်များကို ဂူပေါက်ဝမှ ပိတ်ဆို့စုပုံ၍ မီးရှို့ကြ၏။

တစ်ဖက်အဝမှာလည်း အလားတူ မီးတိုက်ကြသော်လည်း နာရီဝက်ခန့်ကြာသည့်တိုင် ထူးခြားမှုကို မတွေ့ရဘဲ ရှိ၏။

အတွင်း၌ ကျားနာက သေချာပေါက် ရှိသည်သာဖြစ်၏။ အတွင်းသို့ဝင်၍ လုံးဝ ထွက်မလာသေးသည်က သေချာလှ၏။

ခုလောက် မီးခိုးတိုက်တာတောင် ထွက်မလာပုံထောက်ရင် အထဲမယ် သေနေပြီထင်တယ်”

သူကြီးက ချွေးများ ပြာများကို လုံချည်နှင့်သုတ်ရင်းက ပြောလိုက်သည်။

“အထဲကို ဝင်ကြည့်ရင် မကောင်းဘူးလားဗျို့”

ရွာသားတစ်ယောက်က အကြံပေးသည်။

ကျန်ရွာသားများကလည်း တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းထောက်ခံကြသည်။ ရွာသားတို့၏ မျက်နှာများပေါ်တွင် ဂူတွင်းသို့ ကျွန်တော့်ကို ဝင်ကြည့်စေချင်သော ဆန္ဒများက ပေါ်လွင်လျက်ရှိ၏။

ဒဏ်ရာရ၍ မသေ့တသေ သို့မဟုတ် သေပြီဆိုသည်ကို မုချ မသိနိုင်ခြင်းကား သေးငယ်သော ပြဿနာ မဟုတ်ချေတကား။

သို့သော် ဤကဲ့သို့သော အကျဉ်းအကျပ် အခြေအနေတွင် ကျွန်တော်၏သတ္တိ ပျော့ညံ့ကြောင်း တွေ့ရှိကြလျှင်မူ –

“ကဲ … ကျွန်တော် ဝင်ကြည့်မယ်ဗျာ။ ကိုမင်းမောင်က မီးကိုင်ခဲ့ပေါ့ … ဟုတ်လား။ ညီညီက သူကြီးနောက်က လိုက်ခဲ့ပေတော့”

ကျွန်တော်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရပေသည်။

သည်အခြေကျမှ နောက်ဆုတ်ရလျှင် တမလွန်ဘဝမှ ဘိုးထိုက်က အပြစ်တင်ပေဦးတော့မည်သာ ဖြစ်ပေသည်။

သေနတ်ကို အသင့် မောင်းထိုး၍ ခလုတ်ကို လက်ညှိုးနှင့်မှေးကာ ကျွန်တော်က ဂူတွင်းသို့ တစ်လှမ်းခြင်း ကတ်ကတ်သတ်သတ် ဝင်ခဲ့ရ၏။

ခြောက်လှမ်းခန့် ဝင်လာသည်နှင့် ဂူတွင်းတွင် အပြင်မှ မြင်ရသလို ကျပ်တည်းကျဉ်းမြောင်းခြင်း မရှိဘဲ တဖြည်းဖြည်း ကျယ်ဝန်းသွားကြောင်း တွေ့ရှိရ၏။

ကိုမင်းမောင်၏ တောလိုက်ဓာတ်မီးရောင်သည် ဂူတွင်းတွင် ဝင်းခနဲ ဝင်းခနဲ ထိန်လင်းစေလျက် ရှိသည်။ ဝဲယာနှစ်ဖက်ကား အုတ်နံရံကြီးများသဖွယ် မတ်စောက်လျက် မိုးရေများ တိုက်စားထားသဖြင့် ရေညှိများတက်လျက်ရှိ၏။

အောက်ခြေ ကျောက်သားပြင်တွင်ပင် ရေညှိများ တက်လျက်ရှိသောကြောင့် မလဲမပြိုစေရန် ဂရုထား၍ နင်းရသည်။
ဂူနံရံသည် အမိုးနှင့် တစ်စပ်တည်းမဟုတ်မူဘဲ ဆယ်ပေ ဆယ့်ငါးပေခန့်တွင် အဆင့်များသဖွယ် ကျောက်ထွတ် ကျောက်ပြင်များ ဖြစ်လျက်ရှိသည်။

အဆင့်များထက်သို့ တက်ရန် ကျောက်လုံးများက တစ်လုံးပေါ် တစ်လုံး ဆင့်လျက် ကျောက်လှေကားသဖွယ် စုပုံလျက် ရှိသည်။

အတွင်းသို့ ဝင်လာလေလေ အောက်ခြေကျောက်သားပြင်သည် နိမ့်၍လာလေလေဖြစ်ပြီး ဆင်ခြေလျှောသဖွယ် တစ်ဖက်ဝအထိ ဆင်းသွားသည်။

အကြိုအကြားများသို့လည်းကောင်း၊ ထက်အောက်သို့လည်းကောင်း ဝေ့ဝိုက်လှည့်ပတ် မီးထိုးလျက် ရှာဖွေသည့်တိုင် ကျားနာ၏ အရိပ်အရောင်မျှ မတွေ့ရဘဲ ရှိ၏။

အတွင်းသို့ ပေနှစ်ဆယ်ခန့် ဝင်လာမိသည့်အခါတွင် ကျွန်တော်တို့ ရောက်ရှိနေရာမှသည် တစ်ဖက်အဝကိုပင် လှမ်းမြင်ရပေပြီ။ သို့သော် တစ်ဖက်အပေါက်ဝသည် တစ်ညီတည်း မဟုတ်ဘဲ ကျွန်တော်၏ အောက်တည့်တည့်သို့ ဆင်ခြေလျှောသဖွယ် နက်ရှိုင်းစွာ ဆင်းသက်သွားသည်သာ ဖြစ်သည်။

သို့တိုင် ကျားနာအား တွေ့မြင်ရခြင်း မရှိသဖြင့် သူကြီး ကိုမင်းမောင်၏ လက်ထဲမှ ဓာတ်မီးကို လှမ်းယူကာ ထိုးကြည့်လိုက်ရ၏။

ဘယ်ညာ လှည့်ပတ်ထိုးပြီး၍ အတက်အဆင်းများသို့ တဖြည်းဖြည်းချင်း မီးကိုဝေ့ကာ ထိုးလိုက်သည့်ခဏ၌ ကျွန်တော်၏ မီးရောင်သည် ကျွန်တော်၏ ညာတစ်ဝက်ခန့်ရှိ ကျောက်ထွတ်တစ်ခုပေါ်သို့ ကျဆင်း ဖြာလင်းသွားသည်။

သွေးကြောများက ဆတ်ခနဲဖြစ်သွားကာ တစ်ကိုယ် လုံးသည်လည်း အေးစက်တောင့်တင်းသွားခဲ့ရ၏။

ဆယ့်ငါးပေခန့်အမြင့် ကျောက်အထစ်တစ်ခုပေါ်တွင် အသင့်ခုန်အုပ်ရန် ဟန်ပြင်လျက် ဝင်းဝင်းတောက်သော မျက်လုံးအစုံဖြင့် စိန်းစိန်းကြီး စိုက်ကြည့်နေသည်ကား ဘိုးထိုက်အား အသေကိုက်သတ်လျက် ကျွန်တော့်လက်ချက်ဖြင့် ဒဏ်ရာရသွားသော တောဘုရင် ဟင်းမျိုးကျားကြီးသာ ဖြစ်လေသည်။

မီးထိုးထားသော ဘယ်လက်ဖဝါးအတွင်းသို့ သေနတ်ပြောင်းပိုင်းကို ပစ်တင်ကာ သေနတ်ဒင်ပိုင်းကို ပခုံးပေါ်သို့ ဆွဲကပ်လိုက်ပြီး ကိုယ်ကို လှည့်လိုက်သည့်ခဏတွင် ကျွန်တော်သည် မောင်းခလုတ်ကို မဆွဲရမီပင် ရင်ထဲမှ လှပ်ခနဲ အေးသွားရသည်။

၎င်းနောက် ကိုယ်ခန္ဓာတစ်ခုလုံး နှစ်ပတ် သုံးပတ်လည်လျက် လိမ့်ဆင်းသွားခဲ့ရ၏။

နင်းထားသော ကျောက်သားပြင်မှ ရေညှိများကြောင့် ကိုယ်အလှည့်တွင် ချော်ဆင်းသွားခြင်း ဖြစ်လေသည်။

လက်ထဲမှ ဓာတ်မီးနှင့် သေနတ်သည် တစ်ခြားစီ လွင့်ထွက်သွားသည်။

ကျား၏ ကျယ်လောင်သော ဟိန်းသံ၊ မြေပြင်သို့ ဖုတ်ခနဲကျသံ၊ မီးခွက်၏ ကျောက်ပြားနှင့် ရိုက်ခတ်သံ၊ ဒိုင်းခနဲ မြည်ဟည်းထွက်သွားသော ကျွန်တော်၏ (၃၀.ဝ၆) ရိုင်ဖယ်သံများကို တစ်ပြိုင်နက်တည်း ကြားလိုက်ရပြီးနောက် ကျွန်တော်က သတိလစ်သွားခဲ့၏။

မည်မျှ ကြာသွားသည်မသိ။ ကျွန်တော် အလင်းရောင်ဖွေးဖွေးကို တွေ့လိုက်ရသည့်အခါတွင် နောက်စေ့မှ တဖျဉ်းဖျဉ်း နာကျင်ကိုက်ခဲလျက်ရှိကာ တစ်ကိုယ်လုံးသည်လည်း ကြိုးများဖြင့် တုပ်ဆိုင်းထားသလို တင်းကျပ်ကျပ်ကြီး ဖြစ်လျက်ရှိ၏။

“ဟော … သတိရလာပြီ။ ဗိုလ်ကြီး … ဗိုလ်ကြီး … ဘယ့်နှယ်နေသေးသလဲ ဟင်”

ကြားနေကျဖြစ်သည့် တပ်ကြပ်ကြီးညီညီ၏ အမောတကော မေးသံကြောင့် ကျွန်တော်က အသက်နှင့်ကိုယ် မြဲလျက်ရှိသေးကြောင်း သိလိုက်ရပေသည်။

ပတ်ဝန်းကျင်အား ထင်ထင်ရှားရှား မြင်လာရသည့်အခါတွင် ညီညီ၊ သူကြီး ကိုမင်းမောင်နှင့် နွယ်ရုံရွာသားတစ်သိုက်အား ကျွန်တော့်ဘေးတွင် ဝိုင်းလျက် တွေ့ရသည်။

ကျွန်တော်ကမူ မြေပြင်ပေါ်တွင် ပုဆိုးတစ်ထည်ကို ခေါင်းအုံး၍ လဲလျောင်းလျက် ရှိနေရ၏။

စူးစမ်းသော အကြည့်ဖြင့် ကျွန်တော်က ညီညီအား ကြည့်လိုက်ရာတွင် ညီညီက ကျွန်တော့် မျက်နှာကို ကြည့်လျက် အဖြစ်အပျက်ကို အတိုချုပ် ပြောပြလေသည်။

“ဗိုလ်ကြီး လဲသွားရုံသက်သက်ပဲ။ လဲပြီး နောက်စေ့နဲ့ ကျောက်တုံး ခိုက်မိတာပါ။ နည်းနည်းတော့ ကွဲသွားတယ်။ သတိမေ့နေတာတော့ နာရီဝက်လောက်ပဲ ရှိပါသေးတယ်”

ကျွန်တော်က တဖြည်းဖြည်း အားယူ၍ ထထိုင်လိုက်သည်။ ခေါင်းထဲမှ မူးနောက်နောက် ဖြစ်နေပြီး တစ်ကိုယ်လုံး အနည်းငယ် နာကျင်လျက် ရှိသော်လည်း ကိုမင်းမောင်၏ ဖေးမမှုကြောင့် ကောင်းစွာ ထိုင်နိုင်သည်။

ကျွန်တော့်ဘေးတွင်ကား အလျား ရှစ်တောင်သာသာခန့်ရှိသည့် အဝါနှင့် အနက်စင်း ကျားသေကြီးက ငြိမ်သက်စွာ လဲလျောင်းလျက် ရှိ၏။

“ဘယ်လို ဒီငနဲက ကိစ္စတုံးသွားရတာလဲကွ”

“ဒီလို ဗိုလ်ကြီးရ၊ ဗိုလ်ကြီး လဲကျသွားတာနဲ့ အောက်ကို လိမ့်ဆင်းသွားတယ်။ ဒီကောင်ကြီးက ဗိုလ်ကြီး ရပ်နေတဲ့နေရာကို လွှားခနဲ ခုန်အုပ်လိုက်တာပဲ။ ငနဲလည်း ဗိုလ်ကြီးလို ရေညှိကြောင့် မဟန်နိုင်ဘဲ လျှောသွားပြီး ကျောက်နံရံနဲ့ ပစ်တိုက်တာပဲပေါ့။ ဗိုလ်ကြီးလက်ထဲက မီးက မှန်ကွဲရုံ ကွဲပြီး လင်းနေသေးတယ်။ ငနဲလဲတဲ့ဘက်ကို တည့်တည့် ထိုးထားသလို ဖြစ်နေတယ်လေ။ ဒါနဲ့ ကျွန်တော်က ဒီကောင်ကြီး ပြန်မထနိုင်ခင် ခေါင်းကို တီးထည့်လိုက်တာပါပဲ ဗိုလ်ကြီးရာ”

“ဟုတ်တယ်ဗျ၊ ဗိုလ်ကြီးသာ ချော်မလဲရင် ကျွန်တော်တို့တော့ ဗိုလ်ကြီးပါ ဘိုးထိုက်နောက် လိုက်သွားရပြီ အောက်မေ့တာပဲ။ ပြီး ကျွန်တော်တို့လဲ ဒုက္ခဖြစ်ပြီပဲ”

သူကြီးက ခုမှပင် ဟင်းချနိုင်တော့ပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဘိုးထိုက်အတွက် ကျွန်တော်တို့ လက်စားချေလိုက်ရပြီပေါ့။ ကဲ… ကဲ ရွာပြန်ရအောင် လုပ်ကြဗျာ”

သူကြီးအိမ်ဝိုင်းအတွင်း အောက်လင်းဓာတ်မီးရောင် အောက်တွင် ကျားသေနှင့် ဝက်ဝံသေအား ရွာသားများက အရေခွာလျက် ရှိကြသည်။
နွယ်ရုံရွာ တစ်ရွာလုံး ဘိုးထိုက်အား သတ်ဖြတ်သွားသော လူသားစား ဟင်းမျိုးကြီးအား လာရောက် ကြည့်ရှုကြသဖြင့် စည်ကားလျက်ရှိသည်။

တစ်ယောက်တစ်ခွန်း ဆူဆူညံညံ ဝေဖန်နေကြခြင်းဖြင့်လည်းကောင်း၊ ကျားဖျက်ရာတွင် ဝိုင်းဝန်းကူညီလျက် ရှိခြင်းဖြင့်လည်းကောင်း၊ တပျော်တပါးကြီး လှုပ်ရှားလျက် ရှိကြ၏။

သူကြီးအိမ် ဆင်ဝင်အောက်တွင် ကျွန်တော်နှင့် ညီညီက ပက်လက်ကုလားထိုင် တစ်လုံးစီဖြင့် ထိုင်ကာ ဇိမ်ယူရင်း ထိုလူစုအား ကြည့်ရှုကာ ကျေနပ်လျက် ရှိကြရ၏။

ကျွန်တော် ရရှိခဲ့သော ဒဏ်ရာမှာလည်း ဆေးဝါးများဖြင့် ကုသလိုက်လျှင် သုံးရက်လေးရက်အတွင်း ရှင်းရှင်း ပျောက်ကင်းသွားမည်သာ။

မည်သို့ပင်ဆိုစေ ဘိုးထိုက်အတွက် ကျွန်တော်တို့၏ စွမ်းဆောင်ချက်များကမူ နွယ်ရုံရွာသားများ၏ ရင်အတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည် မထင်ပါချေ။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ