——————
ယနေ့ ဝေးဝေးလမ်းလျှောက်ဖြစ်သည်။ အပြန်တွင် ရှမ်းခေါက်ဆွဲမစားရတာကြာပြီဖြစ်သဖြင့် ဆိုင်တစ်ဆိုင်တွင် ဝင်စားသည်။
ထိုဆိုင်မှာ လက်ဖက်ရည်ဆိုင်ဖြစ်ပြီး လူဝင်လူထွက်များသည်။ အစားအသောက်လည်း ကောင်းသည်။ ဆိုင်အပြင်တွင် ကားများကို နေရာချပေးနေသည့် လုံခြုံရေးဝန်ထမ်းများကိုပင် ခန့်ထားနိုင်သည့် ဆိုင်ကြီး တစ်ဆိုင်လည်းဖြစ်ပါသည်။
လုံခြုံရေးဝန်ထမ်းဝတ်စုံဖြင့် ကားများကိုလက်ပြနေသောသူကို ကျွန်တော် သတိထားလိုက်မိသည်။ ကျွန်တော့် အသိတစ်ယောက်နှင့်အတော်လေး တူနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ့အနီးသို့ကပ်ကာ
“ခင်ဗျား … ကိုချစ်မြိုင်မဟုတ်လား” ဟု မေးကြည့်လိုက်မိသည်။
သူက ကျွန်တော့်ကို သေချာစွာကြည့်ပြီး
“ဟာ … ခင်ဗျား” ဟု အော်သည်
“ကျွန်တော်က တူပါတယ်လို့ ကြည့်နေတာ … ကိုချစ်မြိုင် ရန်ကုန်ကို ဘယ်တုန်းကရောက်သလဲ … ကလေးနဲ့ အမျိုးသမီးရော”
ကျွန်တော်က ဝမ်းသာအားရမေးလိုက်သော်လည်း ကားတစ်စီး ဝင်လာသဖြင့် သူက နေရာချထားပေးနေသည်။
“ကိုချစ်မြိုင် လုပ်ပါ … ကျွန်တော် ဆိုင်ထဲသွားတော့မယ်”
ကျွန်တော်က ဆိုင်ထဲဝင်ပြီး ရှမ်းခေါက်ဆွဲတစ်ပွဲ မှာစားနေမိသည်။ ကိုချစ်မြိုင် အကြောင်းလည်း တွေးနေမိသည်။
သူသည် ပဲခူးသားတစ်ဦးဖြစ်သည်။ ယခင် ကုန်သွယ်ရေးတွင် မန်နေဂျာလုပ်ဖူးသည်။ ကျွန်တော်နှင့် သက်တူ ရွယ်တူလောက်ပဲဖြစ်မည်။ သူ့မိဘတွေက ချမ်းသာသည်။ တစ်ချိန်ကတော့ ကျောင်းဆရာလုပ်သူ ကျွန်တော့်ထက် အပုံကြီး သာသူဖြစ်သည်။ ခုတော့ အဘယ်ကြောင့် လုံခြုံရေးဝန်ထမ်းအလုပ်ကို လာလုပ်နေရ သနည်း။ ကျွန်တော် နားမလည်နိုင်အောင်ဖြစ်သွားမိသည်။
ကျွန်တော် ရှမ်းခေါက်ဆွဲစားပြီးနောက် ငွေရှင်းစဉ်
“မပေးပါနဲ့ ကျွန်တော် ရှင်းလိုက်မယ်”
ကိုချစ်မြိုင်ကရောက်လာပြီး ပြောသည်။ သို့သော် ကျွန်တော်က
“သမီး ယူလိုက်ပါ” ဟု ဆိုင်မှ ကလေးကို ပြောလိုက်မိသည်။
“ကြုံတုန်း ကျွန်တော် ကျွေးချင်လို့ပါ”
“ရပါတယ် … ကျွန်တော် ပေးပြီးနေပြီပဲ”
သူက ကျွန်တော့်ရှေ့တွင် ဝင်ထိုင်လိုက်သည်။
“တာဝန်ချိန်ကြီး မဟုတ်လား”
“ကျွန်တော် တစ်ယောက်နဲ့ လွှဲခဲ့တယ် … ခင်ဗျားနဲ့တွေ့ချင်လို့”
“ကိုချစ်မြိုင် … စိတ်တော့မရှိနဲ့ … တစ်ခုလောက်မေးချင်လို့”
“ဟုတ်ကဲ့”
“ဘာဖြစ်လို့ ဒီအလုပ်ကို ဝင်လုပ်နေတာလဲ … ခင်ဗျားအဆင့်အတန်းက ဒီလိုအလုပ်မျိုး လုပ်ဖို့မှ မရှိတာ။ ကျွန်တော် မေးတာ ရိုင်းသွားရင် ခွင့်လွှတ်ပါ”
“မရိုင်းပါဘူး … မေးသင့်ပါတယ်”
“ကလေးတွေနဲ့ အမျိုးသမီးရော”
“အမျိုးသမီးက ကိုဗစ်မှာ ဆုံးသွားတယ်”
သူက မျက်နှာမကောင်း။ ကျွန်တော်က စကားဖြတ်သည့် အနေဖြင့်
“တစ်ခုခုစားလေဗျာ”
“ကျွန်တော် စားပြီးပါပြီ”
“ကလေးတွေရော”
သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။
“သားကတော့ သူ့အိမ်ထောင်နဲ့ ပဲခူးမှာနေခဲ့တယ်။ သမီးကတော့ ထိုင်းမှာ”
“အိုဗျာ … သမီးနဲ့ သားက မထောက်ဘူးလား”
ကိုချစ်မြိုင်က ကျွန်တော့်ကို သူ့အကြောင်း ပြောပြသည်။ ကျွန်တော် ရင်မောစွာ နားထောင်နေမိသည်။ ထို့နောက် သက်ပြင်းကြီးချကာ
“ကိုချစ်မြိုင် … ကျွန်တော် သွားတော့မယ်။ ကျန်းမာရေး ဂရုစိုက်ပါဗျာ”
သူ့ကိုနှုတ်ဆက်ပြီး ကျွန်တော် ပြန်ခဲ့သည်။ သူ့မှာက အလုပ်တစ်ဖက်နှင့် မဟုတ်ပါလား။ ကျွန်တော်လည်း အားပေးရုံကလွဲပြီး ဘာမျှမတတ်နိုင်ပြီ။
သူ့အကြောင်းကိုကြားရပြီးနောက် ကျွန်တော် ပြန်ရေးသင့် မရေးသင့် စဉ်းစားပါသည်။ သူ့ကိုလည်း ဤအကြောင်းလေးကို ရေးခွင့်ပြုပါမည့်အကြောင်း ခွင့်တောင်းခဲ့ပါသည်။
“ရေးပါဗျာ … သိရတာပေါ့” ဟု သူက ပြုံးပြီး ပြောလိုက်သည်။
အဖြစ်က ရိုးရိုးလေးဖြစ်သည်။
သူအလုပ်ကပင်စင်ရသည်။ ပင်စင်စားတစ်ဦးဖြစ်ရာ အဘယ်မှာလျှင်ချမ်းသာနိုင်ပါမည်နည်း။ ရှိတာလေး တွေက သမီးပညာသင်စရိတ်၊ စားစရိတ်တွေနှင့် လုံးလည်ချာလည် လိုက်နေသည်။ မိသားစုအိမ်ကလည်း ညီအစ်ကို မောင်နှမတွေ စကားများပြီး ပြဿနာဖြစ်နေသည်။
သားက လူဆိုးဖြစ်သည်။ အိမ်ထောင်မကျမီကတည်းက မူးယစ်ဆေးအမှုဖြင့် ထောင်ခဏခဏကျသည်။ ထို့နောက် အိမ်ထောင်ကျပြီး ဆင်းရဲစွာဖြင့် နေထိုင်နေရသည်။
သမီးက ပညာကြိုးစားသည်။ ဘွဲ့လည်းရသည်။ သမီးလည်း အိမ်ထောင်ကျပြီး သူ့ယောကျ်ားနှင့် လိုက်နေသည်။ ရန်ကုန်တွင်ဖြစ်သည်။
“သမီးကိုယုံပြီးတော့ ပဲခူးကအိမ်ကို ရောင်းလိုက်တယ်။ သားကိုလည်း ခွဲပေးခဲ့တယ်။ သမီးနဲ့ လင်မယားနှစ်ယောက် အတူနေမယ်ဆိုပြီး ရန်ကုန်ကို လိုက်လာတယ်။ ရှိတဲ့ငွေလေးကို သမီးမင်္ဂလာဆောင် အတွက်ရော၊ သူ့ယောကျ်ား ထိုင်းမှာ အလုပ်လုပ်ဖို့ရော၊ သူတို့လင်မယားနှစ်ယောက်စလုံး ထိုင်းမှာ နေထိုင်နိုင်ဖို့ပါ ပုံအောပြီး ပေးလိုက်မိတယ်။ သမီးယောကျ်ားက ထိုင်းကို အရင်သွားတယ်။ နောက်မှ သမီးက လိုက်သွားတာ။ သူတို့ ဟိုမှာ အခြေကျနေပြီ ကြားတာပဲ။ ခြောက်လလောက် ငွေပြန်ပို့တယ်။ နောက်တော့ မပို့တော့ဘူး။ ရန်ကုန်မှာနေတဲ့ တိုက်ခန်းကလည်း သမက်ရဲ့ မိဘတွေ တိုက်ခန်းဖြစ်နေတော့ သူတို့က လာနှင်ချတယ်။ ဖယ်ပေးလိုက်ရတယ်။ ပဲခူးလည်း ပြန်လို့ မဖြစ်တော့ဘူး။ လက်ထဲလည်း တစ်ပြားမှ မရှိတော့ဘူး။ ဒီမှာ အိမ်ခန်းလေး ငှားနေပြီး စက်ရုံမှာ ညစောင့်လုပ်ရတယ်။ မိန်းမက ကိုဗစ်မှာ ဆုံးသွားတယ်။ တစ်ယောက်တည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ နောက်တော့ ဒီဆိုင်က လုံခြုံရေးအလုပ်ပေးတယ်။ နေစရာ၊ စားစရာလည်း မပူရတော့ ဒီမှာပဲ နေလိုက်တယ်”
“သမီးနဲ့ မဆက်အသွယ်မရဘူးလား”
“မရတော့ဘူး”
ကိုချစ်မြိုင်အဖြစ်က ရိုးရိုးလေးဖြစ်ပါသည်။ ထူးဆန်းသော ဇာတ်လမ်းလည်း မဟုတ်ပါ။ လူတိုင်း ကြုံတွေ့နိုင်သော ကြုံတွေ့ဖူးသော ဇာတ်လမ်းလေးဖြစ်ပါသည်။ ကျွန်တော်က ဇာတ်လမ်းရှည်နေမည် ဖြစ်သောကြောင့် လိုရင်းတိုရှင်း ဖော်ပြလိုက်ခြင်းသာဖြစ်သည်။
ကိုချစ်မြိုင်က ကျွန်တော့်ထက် ၂ နှစ်ပင်ကြီးသေးသဖြင့် ၇၀ ပြည်တော့မည်။
အသက် ၇၀ အရွယ် ကျန်းမာနေသောကြောင့် သူ့ဝမ်းကို သူကျောင်းနိုင်သည်။
သူယုံကြည်သဖြင့် ပုံအပ်လိုက်သော သမီးဖြစ်သူတွင်လည်း သူ့အကြောင်းနှင့်သူ ရှိနိုင်ပါလိမ့်မည်။ သူတို့ အိမ်တွင်းရေးအကြောင်းမှာ ကိုချစ်မြိုင်ပြောသလောက်သာ သိခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ဝင်ပြီး မဆုံးဖြတ်ချင်။
သို့သော် သူ့သမီးနှင့်သားကို သိစေချင်သည်
“မင်းတို့အဖေတစ်ယောက် ….”
တင်ညွန့်