—————
“အဘွား … ဧည့်ခန်းထဲမှာ အဘွားဧည့်သည်ရောက်နေတယ်”
“နောက်ဆုံးတော့ … သူ လာပြီပေါ့”
သူနာပြုဆရာမလေးက အဘွားအို ဒေါ်အေးချစ်ကို တိုးတိုးလေး လာပြောလိုက်ခြင်းဖြစ်သော်လည်း သူက ထိတ်လန့်တကြား ပြန်အော်လိုက်သဖြင့် သူနာပြုဆရာမလေးက
“ရှူး … တိုးတိုးလေ အဘွား … အခြားသူတွေ တရားမှတ်နေကြတယ်”
“ဆောရီးပါ … ဆောရီးပါ”
အဘွားအိုက ခုတင်ပေါ်မှ ဆင်းရန် ထထိုင်လိုက်သည်။ သူနာပြုဆရာမလေးက
“ဖြည်းဖြည်း အဘွား … သမီးကိုတွဲ”
သူနာပြုဆရာမလေးက အဘွားကို တွန်းလှည်းလေးပေါ်တွဲပြီး ထိုင်ခိုင်းလိုက်သည်။ ထို့နောက် တွန်းလှည်းလေး နောက်က တွန်းပြီး ဧည့်ခန်းကို ခေါ်လာသည်။
ဧည့်ခန်းထဲတွင် လူငယ်လေးတစ်ယောက်ထိုင်နေသည်။
ဒေါ်အေးချစ်ကို ထိုလူငယ်လေးနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆရာမလေးက ထားပေးလိုက်သည်။
“သား … သားလေး ဖိုးနိုင်”
လူငယ်လေးက ပြုံးလိုက်သည်။
“ဘွားဘွား … သားက ဦးနိုင်ထူး မဟုတ်ပါဘူး။ ဦးနိုင်ထူးရဲ့ သားက မျိုးနိုင်ပါ”
“ဟင် … မြေးလေးပေါ့ … မြေးလေးလား”
“ဟုတ်ပါတယ် … ဦးနိုင်ထူး … ဒေါ်ခင်လှမြင့်တို့ရဲ့ သားပါ။ ဘွားဘွားမြေးပေါ့”
“အို … ငါ့မြေးတောင် ဒီအရွယ် ရှိနေပြီလား … မင်းက မင်းအဖေ ငယ်ရုပ်ပဲ … ချွတ်စွပ်”
ကောင်လေးက ပြုံးနေသည်။
“ဒါနဲ့ မင်းအဖေ လူမိုက်ကြီးရော”
“ဖေဖေ ဆုံးသွားတာ တစ်နှစ်ပြည့်တော့မယ်”
“ငါလည်း မသိရပါလား”
“ဟုတ်တယ် ဖေဖေက အသိမပေးနဲ့လို့ မှာသွားတယ်။ ဒါပေမဲ့ သားကိုတော့ ဘွားဘွားနဲ့ သွားတွေ့ဖြစ်အောင် သွားတွေ့လိုက်ပါလို့လည်း မှာသွားတယ်။ ဖေဖေ လိပ်စာပေးခဲ့တယ်။ ဘွားဘွားကို ဆက်ပြီးတော့လည်း ပိုက်ဆံ ပို့ပေးပါလို့ မှာခဲ့ပါတယ်”
“ပိုက်ဆံက အရေးမကြီးဘူး … လူကအရေးကြီးတာ … ခုတော့ လူလည်း မလာနိုင်တော့ဘူးပေါ့”
အဘွားအိုက မျက်ရည်တွေ ကျလာသည်။
“ငါ့မှာ သူ့ကို တွေ့ရဖို့ စောင့်လိုက်ရတာကွယ် … အို ဘဝတစ်လျှောက်လုံး သူ့ကိုစောင့်ခဲ့ရတာပါ”
အဘွားအိုက တစ်လုံးချင်း သူ့ရင်တွင်း ခံစားချက်တွေကို ဖွင့်ပြောပြရှာသည်။
သူ့ကို ဗိုက်ထဲမှာ ရှိနေတုန်းကလည်း ၁၀ လ လောက် စောင့်ခဲ့ရတယ်။
သူကျောင်းသွားတော့လည်း ကျောင်းက ပြန်လာဖို့ တစ်နေကုန် စောင့်ခဲ့ရတယ်။
သူအရွယ်ရောက်လာတော့လည်း ညဆို သူငယ်ချင်းတွေနဲ့ အပြင်ကို ထွက်ရင် ပြန်မလာမချင်း စောင့်ခဲ့ရတယ်။
သူအလုပ်ရတော့လည်း အလုပ်ကအပြန် အိမ်မှာ ထမင်းစားဖို့ မျှော်ရင်းစောင့်ခဲ့ရတယ်။
သူအိမ်ထောင်ကျပြီး အိမ်ခွဲသွားတော့လည်း သားလေးအဆင်ပြေရဲ့လားဆိုပြီး သတင်းစကား စောင့်ခဲ့ရတယ်။
နောက်ဆုံး နိုင်ငံခြားကို ထွက်သွားတော့လည်း စာလေးတစ်စောင်လောက် ဘယ်အချိန်ပို့မလဲလို့ စောင့်ခဲ့ရ တယ်။
ဖုန်းဘေးနားမှာထိုင်ပြီးတော့ ငါ့သားလေး ဘယ်တော့ ဖုန်းဆက်မလဲဆိုပြီး စောင့်ခဲ့ရတယ်။
တစ်ယောက်တည်း နေဖို့ မဖြစ်နိုင်တော့လို့ ဟောဒီဂေဟာကို ရောက်တော့လည်း သားလေးဘယ်တော့ ပြန်လာတွေ့မလဲဆိုပြီး စောင့်ခဲ့ရတယ်။
“အို နောက်ဆုံးတော့ သူပြန်မလာနိုင်တော့ဘူးပေါ့”
“ဟုတ်တယ် … ဘွားဘွား … ဒီမှာ ဘွားဘွားအတွက် … သားကန်တော့ပါတယ်”
လူငယ်လေးက သူ့အဘွားလက်ထဲကို စာအိတ်လေးတစ်အိတ်ထည့်ပြီး ကန်တော့သည်။
“သား ဂေဟာကိုလည်း လှူသွားပါတယ်ဘွားဘွား”
“သာဓုကွယ် … သာဓု … သာဓု … သားဘယ်တော့ ပြန်လာဦးမလဲ”
“သား မြန်မာပြည် ပြန်လာဖို့ သိပ်မလွယ်ဘူး ဘွားဘွား … ခုတောင် ဖေဖေ့ကိုယ်စား မှာခဲ့တာကို လုပ်ပေးချင်လို့ မဖြစ် ဖြစ်အောင် လာခဲ့တာပါ”
“အေး … အေး … အဘွားမစောင့်ရတော့ဘူးပေါ့”
“မေမေ့အကြောင်း မမေးတော့ဘူးလား”
“မမေးတော့ပါဘူး”
“ဒါပေမဲ့ သားပြောပါ့မယ် … မေမေဆုံးသွားတာ ၅ နှစ်လောက်ရှိပါပြီ”
“ဪ … သူတို့ ဘွားဘွားကို စောင့်နေကြတော့မှာပေါ့။ ကောင်းပါတယ် … ခုတော့ သူတို့က ငါ့ကို ပြန်စောင့်ရတဲ့ အလှည့်လေ”
လူငယ်လေး ပြန်သွားသည်။
သူနာပြုဆရာမလေးက အဘွားအိုကို တွန်းလှည်းလေးနှင့် လာပြန်ခေါ်သည်။ ခုတင်ပေါ်တွင် အဘွားအိုကို နေရာပြန်ချပေးပြီးနောက် အဘွားက
“ဆရာမလေး ခဏ …” ဟုပြောလိုက်သည်။
“ဘာလိုချင်လို့လဲ အဘွား”
အဘွားအိုက သူ့ခေါင်းအုံးအောက်ကို လက်နှိုက်ပြီး ဓာတ်ပုံလေးတစ်ပုံ ထုတ်လိုက်သည်။
“ဒီမှာ ကြည့်ပါဦး … စောစောက အဘွားမြေးနဲ့ ဒီဓာတ်ပုံထဲက အဘွားသား မတူဘူးလား”
“ဟယ် … တကယ်တူတယ်နော်”
ဆရာမလေးက ပြုံးလိုက်သည်။ အဘွားကို စောင်ခြုံပေးပြီး
“အဘွား အိပ်လိုက်ဦးနော်” ဟုပြောပြီး လှည့်ထွက်လိုက်သည်။
အဘွားက ဆရာမလေး လက်ကို ဆွဲလိုက်ပြီး
“ပြန်လာဦးနော် … စောင့်နေမယ်” ဟု ပြောလိုက်သည်။
တင်ညွန့်