ကျော်ဇင်ဝင်း
စွန့်စွန့်စားစား
အချိန်ကာလကား ၁၉၄၅ ခုနှစ်ပတ်ဝန်းကျင်၊ ဖက်ဆစ်ဂျပန်များ မြန်မာ့မြေပေါ် ကျူးကျော်ဝင်ရောက်ကာ တောင်သူလယ်သမားများ၏ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် နှင့် သီးနှံများကို ရိက္ခာအဖြစ် အတင်းအဓမ္မ အနိုင်အထက်ပြု၍ လူများကို ချွေးတပ်ဆွဲကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေချိန်၊ တစ်ဖက်ကလည်း လယ်သမားများ၏ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်နှင့် လူများကို အလစ်ဆွဲ၍ သတ်ဖြတ်စားသောက်ခြင်းခံရချိန်။
ကြာကြာနေလျှင် လယ်ထွန်ရန် ကျွဲ၊ နွားများပင် မရှိသလောက် ရှားပါးလာမည့် အခြေအနေကို သိသဖြင့် …. ။.
“သူကြီး … သူကြီး”
“ဟေ ဘာတုံးဟ၊ ဘယ်သူတွေလဲ”
“ကျုပ်တို့ အဝချောင်းရွာက ဦးစံမောင်နဲ့ ရွာသားတွေပါ”
“လာကြလေကွာ … ဘာအကြောင်းများလဲဆိုပါဦး”
“ကျုပ်တို့ရွာတွေမှာ ဂျပန်နှိပ်စက်လို့ ကျွဲ၊ နွားတွေ ကုန်သလောက် ရှိနေကြပြီ။ ဒီအထဲ ဟိုကောင်တွေကလည်း တစ်မှောင့်။ အဲဒါကြောင့် သူကြီးကို လာပြောတာပါ”
“အေးလေကွာ၊ ဂျပန်ငပုတွေ နှိပ်စက်တာကိုတော့ ငါလည်းအသိပါပဲ။ ဒါပေမဲ့ ငါကိုယ်တိုင်က ဘာမျှ ပြန်မလုပ်နိုင်လို့ ငြိမ်ခံနေရတာ မင်းတို့လည်းအသိပဲလေကွာ။
ဟိုကောင်တွေဆိုတာ ဘယ်ကောင်တွေလဲ။ သာခေါင်နဲ့ သာရှောင်ကို ပြောတာလား။
ဒီကောင်တွေကတော့ တစ်သက်လုံး လက်ကြောတင်းအောင် လုပ်မစားကြဘဲ လစ်ရင်လစ်သလို ခိုးဝှက်နေတာ ငါလည်းအသိပဲ။ လက်ပူးလက်ကြပ် သက်သေအခိုင်အမာနဲ့ မိလို့ကတော့ ငါ့ထိတ်တုံးက ဆုံးမပြီးသားဆိုတာ မင်းတို့လည်း သိပါတယ်”
“ကျုပ်တို့လည်း အရင်ကတော့ သူတို့ညီအစ်ကိုနှစ်ယောက်လို့ပဲ ထင်ကြတာပေါ့။ ဒါပေမဲ့ သက်သေသက်ကန် အခိုင်အမာမရှိလို့ သူကြီးကိုမတိုင်ဘဲ စောင့်ဖမ်းကြတာ။ အခုတော့ သူတို့ညီအစ်ကိုမဟုတ်ဘဲ မိကျောင်းဖြစ်နေတာကို သိခဲ့ရတယ်”
“ဟေ . . . ဆိုစမ်းပါဦး၊ ငါလည်း ရိုးတိုးရိပ်တိပ်တော့ ကြားပါတယ်။ ဒါပေမဲ့ တိတိကျကျ မသိရသလို ဟိုးအရင်ကတည်းက တို့ရွာတွေမှာ မိကျောင်းဆွဲတယ်လို့ မကြားမိခဲ့ဘူး”
“အခု ကျုပ်တို့ လူစုပြီးလာခဲ့တဲ့ ရွာတွေက အဝချောင်းနဲ့ ပက်ဗြဲရွာတွေမှာ လှည့်လည်ကျက်စားနေတာ မျက်မြင်တွေ့ခဲ့ရတဲ့လူတွေချည်းပဲ”
ဟု အဝချောင်းရွာမှ အသက်အကြီးဆုံး ဦးစံမောင်က ပြောလေသည်။
“ဆိုစမ်းပါဦး ကိုစံမောင်ရဲ့”
“လွန်ခဲ့တဲ့လက ကျုပ်ရဲ့ ကျွဲတွေ ညနေစောင်းမှောင်ရီပျိုးစအချိန် ချောင်းရေကို သောက်နေတုန်း ဝုန်းခနဲ အသံကြီးကြားလို့ အလန့်တကြား ကြည့်လိုက်တာ။ လား … လား ချောင်းရေပြင်ပေါ် မိကျောင်းကြီး တစ်ကိုယ်လုံးပေါ်လာပြီး ကျုပ် ကျွဲပေါက်ကြီးကို လည်မျိုကို ကိုက်ဆွဲသွားတာ ပက်ပင်းတွေ့ခဲ့ရတယ်။
ဒါပေမဲ့ ကျုပ်လက်ထဲမှာလည်း ကြိမ်လုံးသာ ပါတယ်။ ကျုပ်ကလည်း တစ်ယောက်တည်း ဖြစ်နေလို့ လက်မှိုင်ချ ပြန်ခဲ့ရတယ်။
ဒါတင် ဘယ်ကဦးမလဲ။ မအေးတင်လည်း ချောင်းစပ်မှာ အဝတ်လျှော်နေတုန်း မိကျောင်းကြီး ဆွဲချသွားတာပဲလေ။ ရွာကလူတွေကတော့ ချောင်းထဲတောင် မဆင်းရဲကြတော့ဘူး”
“ဟုတ်တယ် သူကြီးရဲ့။ ကျုပ်တို့ ပက်ဗြဲရွာမှာလည်း ကမ်းစပ်မှာ မြက်စားနေကြတဲ့ နွားတစ်ကောင်နဲ့ ဆိတ်တစ်ကောင်ကိုလည်း မိကျောင်းဆွဲသွားတာ ကျုပ်ကိုယ်တိုင် နှစ်ခါတောင် မြင်လိုက်ရတယ်။
ဒါ့အပြင် ချောင်းထဲ ရေဆင်းချိုးနေတဲ့ လှဦးရဲ့ (၁၀) နှစ်သားကလေးကို မိကျောင်းဆွဲသွားတာ မြင်လိုက်ကြပေမဲ့ လူမစုမိခင် မိကျောင်းက ပျောက်သွားတယ်။ အခု နောက်ဆုံး ကျုပ်ရဲ့ ကျွဲကိုလည်း ဆွဲသွားပြန်ပြီ၊ မိကျောင်းကလည်း အကြီးကြီးပဲ”
ဟု ဦးအုန်းသောင်က ခရေစေ့တွင်းကျ ပြောပြလေသည်။
“ဟုတ်ပါပြီ။ ခင်ဗျားတို့ပြောတာ ကျုပ်လည်း ကြားသင့်သလောက် ကြားတယ်။ သိသင့်သလောက်လည်း သိတယ်။ ဒါပေမဲ့ ကျုပ်ဘဝက နှစ်လုံးပြူးသေနတ် ကလေးတစ်လက်ရှိတာ၊ အဲဒါတောင်မှ တစ်ချက်တစ်ချက် ကျည်ကမထွက်ဘူး။ အဲဒီတော့ မိကျောင်းလည်း မနှိမ်နှင်းနိုင်၊ ဂျပန်ကိုတော့ ဝေလာဝေးဆိုတော့ ကျုပ်ရွာသားတွေ လှိမ့်ခံနေရတာပေါ့လေ”
“အခု ကျုပ်တို့လာတာ သူကြီးကို နှိမ်နင်းခိုင်းဖို့ လာတာမဟုတ်ဘူး။ မိကျောင်းကို နှိမ်နင်းနိုင်တဲ့သူကို သူကြီးနဲ့ သူကြီးရဲ့တပည့်တွေ စုပေါင်းစုံစမ်းရှာဖွေ အကူအညီတောင်းဖို့ လာပြောတာ။ ကျုပ်တို့လည်း တစ်ဖက်တစ်လမ်းက စုံစမ်းလို့ရရင် သူကြီးနဲ့ပေါင်းပြီး အကူအညီတောင်းကြတာပေါ့ဗျာ”
“အင်း … ကိုစံမောင် ပေးတဲ့အကြံ ကောင်းတယ်။ ဝိုင်းပြီး စုံစမ်းကြတာ ပေါ့။ ကျုပ်မှာလည်း ရွာသားတွေအတွက် တာဝန်ရှိပါတယ်”
ဟုသူကြီး ဦးသာဗျော့က ပြောလေသည်။
သူကြီး အိမ်မှပြန်လာပြီး လူစုခွဲကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းကြရာ ငါးရက်မြောက်သောနေ့တွင် …
“သူကြီး … တပည့်တွေနဲ့ ဘယ်ကိုသွားကြမလို့လဲ”
“ကျုပ် ခင်ဗျားအိမ်ကို လာတာပဲ။ ခင်ဗျားက အပေါင်းအသင်းလည်းများ၊ ရွာပေါင်းစုံအောင်လည်း ရောက်ဖူးတော့ ကျုပ် စုံစမ်းချင်တာလေးများ သိမလား လို့ပါ ကိုအုန်းခိုင်ရယ်’”
“ကဲပါ သူကြီးရယ် … မောမောပန်းပန်းနဲ့ အိမ်ထဲဝင်ပြီး အဖန်ရည်လေးဘာလေးသောက်ရင်း ပြောကြတာပေါ့”
ဟု ပြောကာ အိမ်တွင်းသို့ ခေါ်လာပြီး ရေနွေးကြမ်း၊ ထန်းလျက်နှင့် ပဲကြီးလှော်များဖြင့် တည်ခင်းဧည့်ခံလေသည်။
“ခုမှပဲ အမောပြေသွားတော့တယ်”
“ကဲ … လာရင်းအကြောင်းကို ပြောပါဦး သူကြီးရယ်”
“ဒီလိုဗျ”
ဟု အစချီကာ ဖြစ်ပျက်သမျှ အလုံးစုံ ပြောပြလိုက်သည်။
“ဒီအတွက်ဆိုရင်တော့ ဘာမျှမပူနဲ့။ ကျုပ်တို့ လှိုင်ဘုန်းရွာမှာပဲ ရှိတယ်”
‘“ဟုတ်ပါ့မလား ကိုအုန်းခိုင်ရယ်။ ကျုပ်တို့ အကူအညီလာတောင်းခါမှ သူတို့ မိကျောင်းစာဖြစ်သွားရင် ကျုပ်တို့လည်း ပယောဂမကင်း ဖြစ်နေပါ့မယ်”
“ဟား… ဟား… ဟား”
ဟု အားရပါးရ ခွက်ထိုးခွက်လှန် ရယ်မောနေသော ဦးအုန်းခိုင်ကို ကြည့်ကာ သူကြီးနှင့်အဖွဲ့သားများက ဒီလူကြီး စိတ်ဖောက်ပြန်သွားပြီလားဆိုသည့်သဘောဖြင့် ဝိုင်းကြည့်နေကြလေသည်။
“ကိုအုန်းခိုင် … ခင်ဗျား ဘာကိုသဘောကျလို့ ဒီလောက်တောင် ခွက်ထိုးခွက်လန် ရယ်ရတာလဲ”
“သူကြီးရယ်၊ ခင်ဗျားပြောတာက ရယ်စရာဖြစ်နေလို့ပါ။ သူ့အကြောင်း ပြည့်ပြည့်စုံစုံသိပြီးရင် အံ့ဩသွားလိမ့်မယ်”
ဟုအစချီကာ ဤသို့ ပြောပြလေသည်။
“တစ်ချိန်က ဦးရွှေမောင်းတို့မိဘ ဘိုးဘွားအစဉ်အဆက်က လပွတ္တာမြို့နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမှာရှိတဲ့ ပြင်စလူကျေးရွာမှာ နေကြတာ။ အဲဒီရွာ တစ်ရွာလုံးက ရေလုပ်ငန်းနဲ့ အသက်မွေးကြသလိုပဲ သူတို့မိသားစုလည်း ထိုနည်းလည်းကောင်းပေါ့ဗျာ။
ဒါပေမဲ့ သူတို့မိသားစုရဲ့ အဓိကလုပ်ငန်းက မိကျောင်းအမျိုးမျိုးဖမ်းပြီး အသားနဲ့ သားရေကို ရောင်းကြတာ”
“နေပါဦး ကိုအုန်းခိုင်ရဲ့။ မိကျောင်းအမျိုးမျိုးဖမ်းတယ်ဆိုတော့ မိကျောင်းက ဘယ်နှစ်မျိုးရှိလို့လဲ”
“မိကျောင်းမျိုးစိတ်ပေါင်း (၂ဝ) ကျော်တယ်လို့ ကိုရွှေမောင်းက ပြောဖူးတယ်။ ဒါပေမဲ့ သူလည်း အကုန်မသိဘူး။ သူသိသမျှတော့ သံသုမာမိကျောင်းဟာ အကောင်ကြီးပြီး သားရေစျေး အမြင့်ဆုံးပဲတဲ့။ နောက်တစ်မျိုးကတော့ ရေငန်မှာ အများဆုံးနေတဲ့ ငမိုးရိပ်မိကျောင်းတဲ့။
သူ့ရဲ့သားရေက အကွက်စိပ်ပြီး လှပတယ်။ ကြာရှည်လည်းခံတယ်။ သူလည်း စျေးကောင်းရတယ်လို့ ပြောတယ်။ နောက်တစ်မျိုးကတော့ မလက်တိုမျိုးပဲလို့ ပြောဖူးတယ်”
“အင်း … ဆက်ပါဦး”
ဟု သူကြီးက စကားလမ်းကြောင်းလိုက်သည်။
“သူတို့က မိကျောင်းဖမ်းရင် များသောအားဖြင့် ရေထဲဆင်းငုပ်ပြီး ဓါးမြှောင်နဲ့ ထိုးကြတယ်တဲ့။ တချို့ကျတော့လည်း သနွတ် (သံလွှတ်) နဲ့ ထိုးကြတယ်လို့ ပြောဖူးတယ်”
“အဲဒီ ကိုရွှေမောင်းက အသက်ဘယ်လောက်ရှိပြီလဲ”
“သူ့အသက်က (၅၀) လောက်ရှိပြီ။ ဒါပေမဲ့ အခုထိအားကောင်း မောင်းသန်တုန်းပဲ။ တော်တန်ရုံ ကျွဲနွားလောက်တော့ ချိုနှစ်ချောင်းလိမ်ပြီး ပစ်လှဲလိုက်တာ အခုအချိန်အထိပဲ။
သူ့သား သံမဏိက လူငယ်ဆိုတော့ သူ့အဖေထက်လည်း ပိုသန်တယ်။ လျင်မြန်ဖျတ်လတ်မှုလည်း ရှိတယ်။ အဲဒီတော့ ခင်ဗျားထင်သလို မိကျောင်းအစာတော့ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ဘူး။
ကဲ … စကားပြောတာလည်း ကြာလှရော့၊ ကိုရွှေမောင်းအိမ်ကို သွားကြရအောင်”
ဟုပြောကာ ဦးအုန်းခိုင်က ရှေ့မှ ဦးဆောင်၍ ထွက်သွားလေသည်။ ခြေကျင်ခရီး နာရီဝက်ခန့်သွားမိလျှင် ဦးရွှေမောင်းအိမ်ရှေ့သို့ ရောက်လာ
လေတော့သည်။
“ဗျို့ ကိုရွှေမောင်း … ကိုရွှေမောင်း ရှိပါသလား”
“လာဗျို့ ဘကြီးအုန်း”
ဟု သံမဏိက ဖိတ်ခေါ်လိုက်သလို အိမ်ထဲမှ ဦးရွှေမောင်းလည်း ထွက်လာလေသည်။
“ကိုအုန်းခိုင် … မလာတာ ကြာမှကိုး။ လာမယ့်လာတော့လည်း အုပ်စုလိုက်ပါလား။ လာကြပါ … ဧည့်သည်တွေလည်း ဝင်ကြပါ”
သံမဏိက ရေနွေးအိုး ယူလာပြီး …
“ဘကြီးအုန်းနဲ့ ဧည့်သည်တွေ အမောပြေ အဖန်ရေကလေး သောက်ကြပါဦး”
“အေး … အေး သောက်တာပေါ့ကွယ်”
ဟု ဦးအုန်းခိုင်က ပြောလိုက်လေသည်။
“လာရင်းကိစ္စကို ပြောပါဦး ကိုအုန်းခိုင်ရဲ့”
ဟု ဦးရွှေမောင်က မေးလိုက်လေသည်။
ဦးအုန်းခိုင်မှာလည်း သူကြီး ဦးသာဗျော့နှင့် ရွာသားများ ပြောပြသည့် အကြောင်းများကို ပြည့်ပြည့်စုံစုံ တစ်ဆင့် ဖောက်သည်ချ ပြောပြလေသည်။
“ပြင်စလူရွာမှာ နေတုန်းကတော့ ကျုပ်တို့မိသားစုက မျိုးနဲ့ရိုးနဲ့ကို မိကျောင်းဖမ်းကြတာ။ အခုတော့ ဒီအလုပ်ကို မလုပ်တာလည်း အတော်ကြာပါပြီ။ ဒါပေမဲ့ သူကြီးကိုယ်တိုင်လည်းပါ၊ ရွာသားတွေမှာလည်း ဒုက္ခအခက်အခဲနဲ့ တွေ့နေတယ်ဆိုတော့လည်း ကူညီရမှာပေါ့လေ။
အမှန်တော့ မိကျောင်းတွေဟာ ရေထဲမှာရှိတဲ့ ငါးမျိုးစုံနဲ့ လိပ်အစရှိတဲ့ ရေသတ္တဝါလောက်သာ စားကြတာ။ လူတွေက ငါးတွေကို ကွန်ပစ်ဖမ်း၊ ရောင်းစားနေကြတော့ မိကျောင်းတွေအတွက် အစာကခက်ခဲလာပြီး ပင်လယ်ထဲနဲ့ မြစ်ထဲကို အကြောင်းအမျိုးမျိုးကြောင့် မျောလာတဲ့ လူသေကောင်၊ တိရစ္ဆာန်အသေကောင် ပုပ်ပွနေတာတွေကို လူသူမနီးတဲ့ ကမ်းစပ်၊ ချုံတောတွေထဲ ဆွဲသွင်းပြီး စားကြတာ”
“ဪ … ကျုပ်တို့က မသိပါဘူးဗျာ”
“နောက်တော့လည်း လူသေကောင်ရှာမရတော့ မြစ်နားချောင်းနားနီးတဲ့ ရွာတွေက စားကျက်မှာလွှတ်ကျောင်းထားတဲ့ ကျွဲ နွား ဆိတ် ဝက်တွေကို လူအလစ်မှာ တက်ဆွဲတော့တာပေါ့။ သူတို့က လူကို ကြောက်ကြတယ်။ ကာလကြာတော့လည်း လူတွေနဲ့ နီးနီးကပ်ကပ် တွေ့ဖန်မြင်ဖန်များတော့ လူကို မကြောက်တော့ဘဲ ရဲတင်းလာကြရာက လူကိုပါဖမ်းဆီးစားသောက်လာကြတယ်လို့ ကျုပ်တို့အဘိုးများက ပြောဖူးတယ်”
ဟု ဦးရွှေမောင်းက ပြောပြလေသည်။
“အင်း . . . ဒီထက်ရဲတင်းလာရင်တော့ ရွာထဲများ တက်ဆွဲမလားမသိဘူး။ အခုတောင် ရွာသူရွာသားတွေ ချောင်းရေဆင်းမချိုးရဲကြသလို ဦးရွှေမောင်းတို့ကို အကူအညီတောင်းရတာပါဗျာ။ ကျုပ်တို့ကိုတော့ ကူညီပါဦး”
ဟု သူကြီးက တောင်းပန်လေသည်။
“စိတ်ချပြီးသာနေပါ၊ မနက်ဖြန်ညနေစောင်းလောက်ကို ကျုပ်တို့သားအဖ ချောင်းရိုးတစ်လျှောက် လေ့လာလိုက်ပါမယ်။ ဒီကောင်တွေ အရင်ကဆို ညဘက်မှ အစာရှာထွက်ကြတာ။ နောက်တော့ တဖြည်းဖြည်းနဲ့ ညဘက်ကို ကျွဲ၊ နွားနဲ့ လူတွေက မထွက်ကြတော့ ထင်ထင်မြင်မြင်အချိန်မှာပဲ တွေ့ရာမြင်ရာ ချောင်လွယ်ရာကို ဆွဲစားတော့တာဗျာ့”
ပြန်ခါနီးတွင် သူကြီးဦးသာဗျော့နှင့် ရွာသားများက သံမဏိကို ဂရုတစိုက် လေ့လာကြည့်ရှုရာ သံမဏိအသက်မှာ (၃၀) ခန့်ရှိမည်ဟု မှန်းဆရသလို အရပ်အမောင်းမှာ ၆ပေခန့်ဟု ထင်ရသည်။ ကိုယ်လုံးကိုယ်ထည်မှာလည်း တောင့်တင်းလျက် ရင်အုပ်ကြီးမှာ ကျယ်ဝန်းပြန့်ကားပြီး လက်မောင်းသားများမှာလည်း ဖုထစ်ကာ အသားမှာညိုသယောင်နှင့် သန်စွမ်းသော လူရွယ်တစ်ယောက်ဟု အသီးသီး မှတ်ချက်ချကာ အားကိုးလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။
ဦးရွှေမောင်းနှင့် သံမဏိတို့ သားအဖနှစ်ယောက်မှာ ညနေစောင်းအချိန်လောက်တွင် သူတို့ မိကျောင်းဖမ်းရာမှာ အသုံးပြုနေကျ လှေကြီးဖြင့် လိုအပ်သမျှ ပစ္စည်း အပြည့်အစုံယူဆောင်ကာ လှိုင်းဘုန်းရွာမှ စတင်ထွက်ခွာလာကြသည်။
မိကျောင်းဖမ်းရာတွင် ကျင့်သားရပြီးသား အလေ့အကျင့်ရှိသူများ ဖြစ်သဖြင့် သွားလေရာ လမ်းခရီးတစ်လျှောက် ချောင်းနံဘေးပတ်ဝန်းကျင်ကို မျက်စိများ အနားမပေးဘဲ ဝဲယာနှစ်ဖက်နှင့် ရှေ့နောက်တို့ကို ဂရုတစိုက် ကြည့်ရှုကြသလို နားများကိုလည်း စွင့်ထားကြလေသည်။
တရွေ့ရွေ့ဖြင့် လှိုင်းဘုန်းမှ လွန်လာသော် ပက်ဗြဲမှအဝချောင်းသို့ ရောက်ခါနီးတွင် လမ်းခုလတ်မှ ချောင်းကျဉ်းလေးတစ်ခုကို လှမ်းမြင်ရသည်။ ထိုချောင်းကျဉ်း ဝဲယာနှစ်ဖက်တွင် ပေါက်နေကြသည့် ဓနိပင်ပေါက်များနှင့် ခရာပင်များ လှုပ်ရှားယိမ်းထိုးနေသည်ကို အလေ့အကျင့်ရှိပြီးသူများပီပီအဝေးမှ လှမ်းမြင်ကြလေသည်။
သားအဖနှစ်ယောက်မှာ တိုင်ပင်ထားသည် မဟုတ်သော်လည်း နှစ်ယောက်စလုံး သဲကွဲစွာ မြင်ကြသဖြင့် လှေကို မိကျောင်းဦးတည်ရာနှင့် လွတ်ကင်းသည့်နေရာ ချောင်းကျယ်တွင် အရှိန်သတ်ကာ အသင့် အနေအထားဖြင့် စောင့်နေကြလေသည်။
ဦးရွှေမောင်းတို့ သားအဖနှစ်ယောက်မှာ ယနေ့ မိကျောင်းနှင့်တွေ့မည်ဟု မထင်။ လေ့လာအကဲခတ်ရုံမျှပင် ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်သောနေ့တွင် မမျှော်လင့်သည့်နေရာမှ မိကျောင်းထွက်လာသည်ကိုတွေ့၍ အစအဆုံး ဂရုတစိုက် ကြည့်ရှုနေကြသည်။
ချောင်းကျဉ်းမှ ချောင်းကျယ်သို့ ဦးတည်လျက်ထွက်လာသော မိကျောင်းအား ဦးခေါင်းမှ အမြီးများအထိစောင့်ကြည့်လိုက်ရာ ၁၇ ပေ ၁၈ ပေခန့်ရှိ မည်ဟု ထင်ရပြီး မိကျောင်းအမျိုးအစားမှာ ငမိုးရိပ်မိကျောင်းအမျိုး ဖြစ်သည်ကို တွေ့ရလေသည်။
သူကြီးနှင့် ရွာသားများပြောခဲ့သော ကျွဲ၊ နွားများကို ဆွဲသည်ဆိုသော မိကျောင်းမှာ ဤမိကျောင်းကြီးပင်ဖြစ်ရပေမည်။
မိကျောင်းနှင့် အတွေ့အကြုံ မရှိသောသူများ၊ ဤမျှကြီးမားသောမိကျောင်းကို တွေ့လိုက်ရလျှင် မြင်ရုံမျှဖြင့် ကြောက်လန့်သွားနိုင်သော်လည်း မိကျောင်းကို တွေ့အောင်လိုက်ရှာနေသူများအဖို့မှာတော့ အားရဝမ်းသာဖြင့် ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေလေသည်။
ဦးရွှေမောင်းမှာ မိကျောင်းကြီးတစ်ကိုယ်လုံး ချောင်းထဲရောက်လာသည်နှင့် လှေဦးကို မိကျောင်းခေါင်းဖြင့် ဦးတည်ပေးလိုက်လေတော့သည်။ စားနေကျ မိကျောင်းကြီးကလည်း လူနှင့် ရင်ဆိုင်တွေ့သည်ကို ကြောက်လန့်တကြား ဒရောသောပါး မဖြစ်ဘဲ ညင်သာငြိမ်သက်စွာဖြင့် ဦးတည်၍ ကူးခတ်လာသလို မျက်လုံးကြီးနှစ်လုံးကိုလည်း ပြူးကျယ်စွာ ဖွင့်ထားလေသည်။
ဦးရွှေမောင်းကလည်း မိကျောင်းများနှင့် အပွဲပွဲနွဲခဲ့သူဖြစ်လေရာ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ဣန္ဒြေရစွာဖြင့် လှေဦးကို မိကျောင်းခေါင်းနှင့် ဦးတည်လျက် ရပ်ထားပြီး ညာလက်ဖြင့် သနွတ် (သံလွှတ်) ကို အဆင်သင့်ကိုင်ထားလေသည်။
ထိုအချိန်တွင် သံမဏိမှာ မိကျောင်း မမြင်ရလေအောင် လှေဝမ်းဖြင့် ကွယ်၍ ရေအောက်သို့ ညင်သာစွာဆင်းကာ ရေငုပ်လျက် မိကျောင်း၏ ဝမ်းဗိုက်အောက်သို့ မှန်းဆကာ ကူးခတ်သွားလေသည်။ လူကလည်း ကျွမ်းကျင်သလို မိကျောင်းကလည်း ပါးနပ်စွာဖြင့် နှစ်ဦးသား ရေအောက်တွင် တွေ့ကြပေလိမ့်မည်။
အချိန်အားဖြင့် ညနေစောင်းနေပြီဖြစ်၍ ငါးရှာထွက်ကြသည့် လှေများမှာ ရွာသို့ ပြန်ဝင်ရန် စုပေါင်းလာကြရာ ရွာအဝင်ချောင်းစပ်သို့ ရောက်သည့်အခါတွင် ဦးရွှေမောင်းက လှေများကို လက်တား၍ ရေအောက်သို့ လက်ညှိုးညွှန်ပြလိုက်လေသည်။ လှေသမားများမှာ လှေပေါ်တွင် သနွတ် (သံလွှတ်) ကိုကိုင်၍ ရပ်နေသူ၏အခြေအနေကိုကြည့်ကာ လှေများကို ရှေ့သို့ ဆက်မတိုးဘဲ ရပ်၍ စောင့်ကြည့်နေကြလေသည်။
ဦးရွှေမောင်းမှာ သူ့သား သံမဏိက ကျွမ်းကျင်ပြီးသားဖြစ်သော်လည်း ရေအောက်မှအခြေအနေကို မသိရသေးသဖြင့် သနွတ်(သံလွှတ်)ကို အဆင်သင့် ကိုင်ကာ စောင့်ကြည့်နေသော်လည်း ထိုးရန်တော့ မရည်ရွယ်ပါ။
အချို့မိကျောင်းများ၏ ကျောကုန်းမှ အကြေးခွံမှာ မာကျောသဖြင့် တော်တော်တန်တန်ကျည်ဆံဖြင့်ပစ်၍မရဘဲ ကျည်ဖူးထိပ်သီးမှာ အကြေးခွံကိုထိပြီး ဘေးသို့ချော်ထွက်သွားတတ်သည်။ ထိုနည်းလည်းကောင်း သနွတ်ကို ပြုလုပ်ထားသည့် သံမှာ အရည် အသွေးကောင်း၍ ဆေးသားမှန်သော်လည်း ပစ်သူ၏ အင်အားနှင့် အကွာအဝေး ကွာခြားပါက သနွတ်မှာ မစိုက်ဘဲ ချော်ထွက်သွားတတ်သည်။
မိကျောင်း၏ ကျောတစ်ပြင်လုံးရှိ အကြေးခွံများမှာ မာကျောသဖြင့် ကျောပြင်ကို ပစ်မည်ဆိုလျှင် ကိုယ်လုံးနှင့် ဦးခေါင်းစပ်ကြား လည်တိုင်အပျော့ကို ထိအောင်ပစ်နိုင်ပါမှ ချက်ကောင်းဖြစ်ပေမည်။
ထိုသို့ကြောင့်လည်း ဦးရွှေမောင်းတို့ မိသားစုမှာ မိကျောင်း၏ ဝမ်းဗိုက်သားကို ဓားမြှောင်ဖြင့် ထိုးလေ့ရှိသည်။
ချောင်းရေပြင်သည် တည်ငြိမ်နေသလို မိကျောင်းမှာလည်း မျက်နှာချင်းဆိုင် မြင်နေရာသော ဦးရွှေမောင်း၏ အခြေအနေကိုသာ ကြည့်ကာ မည်သို့စရမည်ကို လေ့လာအကဲခတ်နေစဉ် မိကျောင်း၏ နှုတ်သီးများကို ဝဲဘက်လက်မောင်းဖြင့် သိုင်းဖက်လိုက်သည်ကို တွေ့လိုက်ရလေသည်။
တည်ငြိမ်နေသော ချောင်းရေပြင်မှာ လှုပ်ရှားပွက်လောရိုက်လျက် လှိုင်းဂယက်များထ၍ တဝုန်းဝုန်းဖြစ်နေသလို မိကျောင်းနှင့် သံမဏိတို့မှာလည်း ရေအောက်တွင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေကြပေလိမ့်မည်။
တစ်ချက်တစ်ချက်တွင် မိကျောင်း၏ အမြီးဖျားမှာ ရေပြင်ပေါ်သို့ လှုပ်ရှားရုန်းကန်လူးလွန့်၍ ပေါ်လာချိန်တွင် ဦးရွှေမောင်းမှာ သံမဏိအတွက် စိုးရိမ်စိတ် ပေါ်လာလေသည်။
သံမဏိကို မဆိုထားနှင့် ဦးရွှေမောင်း ကိုယ်တိုင်ပင်လျှင် ဤမျှကြီးမားသော မိကျောင်းနှင့် ရင်ဆိုင်မကြုံဖူးခဲ့ပေ။
သံမဏိမှာ မိကျောင်း၏နှုတ်သီးများကို လက်မောင်းဖြင့်သိုင်းဖက်၍ ညှပ်ထားရာ မိကျောင်းမှာ ပါးစပ်လည်း ဟ၍ မရသလို နှာခေါင်းပေါက်မှာလည်း အသက်ရှူ၍မရ ဖြစ်လျက် အမြီးကြီးကိုသာ ခါယမ်းလျက် လွတ်မြောက်ရန် ကြိုးစားနေချိန် သံမဏိကလည်း သူ၏ခါးကြားတွင် ဓားအိမ်ဖြင့် ထိုးထားသည့် ၉လက်မခန့် အရှည်ရှိ နှစ်ဖက်သွား ဓားမြှောင်ကြီးဖြင့် မိကျောင်းကြီး၏ လည်ပင်းအောက်သို့ မိမိရရအားစိုက်၍ ထိုးသွင်းကာ ဓားမြှောင်ဦးဖျားကို မိကျောင်း၏ဝမ်းဗိုက်သို့ အားနှင့် တွန်းပို့လိုက်လေသည်။
လှေများဖြင့် ကြည့်ရှုနေကြသော ရွာသားများမှာ တဖြည်းဖြည်းရှေ့သို့ တိုးလာသဖြင့် ဦးရွှေမောင်း၏ လှေနှင့် နီးကပ်လာကြလေသည်။
သူတို့တစ်တွေကလည်း ယခုမှ သဲသဲကွဲကွဲ မြင်ကြရသဖြင့် စိုးရိမ်စိတ်ဖြင့် ထိတ်လန့်နေကြလေသည်။
တစ်ခဏမျှအကြာတွင် ချောင်းရေမျက်နှာပြင်ပေါ်ဝယ် သွေးရောင်များ လွှမ်းလာသလို ရေပြင်သည်လည်း တဖြည်းဖြည်း ငြိမ်ကျသွားလေတော့သည်။ သွေးရောင်များ လွှမ်းနေသည်ကို တွေ့ရသော်လည်း အကောင်အထည်ကို မတွေ့ရသဖြင့် မိကျောင်းသွေးလော လူသွေးလောဟု လှေပေါ်မှ ကြည့်နေကြသူများက သို့လော သို့လောဖြင့် ထိတ်လန့်တကြား စောင့်စားနေကြလေသည်။
သို့သော်လည်း အတွေ့အကြုံ ရင့်ကျက်ပြီးသူဖြစ်သော ဦးရွှေမောင်းကတော့ ယခုအခြေအနေကို မြင်ရသည်တွင် သံမဏိအတွက် စိုးရိမ်ပူပန်မှု မရှိတော့ပေ။ အကယ်၍ မိကျောင်းသာ နိုင်ခဲ့ပါလျှင် သံမဏိ ကိုယ်လုံးကြီးကို ကိုက်ချီကာ တစ်ချိုးတည်း ပြေးလေတော့မည်။
အတွေ့အကြုံမရှိသောသူများက သို့လောသို့လော စိုးရိမ်နေကြသော်လည်း ကာယကံရှင် သံမဏိမှာမူ မိကျောင်းကြီး၏ လည်ပင်းကို ဖက်တွယ်ကာ ရေပေါ်သို့ နှာခေါင်းဖော်၍ အသက်ကို ဝဝလင်လင်ရှူပြီးမှ မောဟိုက်နေသော လေသံဖြင့် …
“အဘ … ကြိုးခွေ ပစ်ချလိုက်ပါ”
ဟု အော်ပြောလိုက်လေသည်။
ဦးရွှေမောင်းမှာ သံမဏိနှင့် မိကျောင်းရှိရာ တစ်ဘက်ချောင်းကမ်းနံဘေးသို့ လှေကိုကပ်၍ ကြိုးခွေယူကာ ကိုယ်တိုင်ဆင်း၍ မိကျောင်းအား ကြိုးဖြင့် ရစ်သိုင်းချည်နှောင်လေတော့သည်။
အခုမှပင် ကြည့်ရှုနေကြသော လှေသားများမှာ အသက်ဝင်လှုပ်ရှားကာ မောပန်းနွမ်းနယ်နေသော သံမဏိကို လှေပေါ်သို့ ဝိုင်းဝန်းတင်ပေးလိုက် လေသည်။
ဦးရွှေမောင်းမှာ မိကျောင်းကြီးအား ကြိုးဖြင့် တစ်ဦးတည်း တုပ်နှောင်လျက် လည်ပင်းမှ ဝမ်းဗိုက်အထိ ခွဲထားသော ဓားမြှောင်ချက်ကို ကြည့်ကာ ပီတိဖြစ်နေလေသည်။
သံမဏိမှာတော့ မိကျောင်းနှင့် ရုန်းကန်သတ်ပုတ်ရင်း မိကျောင်းလက်သည်းများဖြင့် ကုတ်ခြစ်မိသော ဒဏ်ရာများမှာ လက်မောင်း၊ လက်ဖျံနှင့် ကျောကုန်း တို့တွင် စုတ်ပြဲကာ သွေးများ ထွက်နေသလို မောဟိုက်နေသဖြင့် လှေပေါ်တွင်ပင် ပက်လက်လှန်ကာ လိုက်ပါလာတော့သည်။
ယနေ့သည် လပြည့်ညဖြစ်သဖြင့် လမင်းကြီး ထွက်ပြုစမှာပင် ထိန်လင်းလျက် ရှိနေသည်။ ထိုအချိန်တွင် တစ်ဆင့်စကား တစ်ဆင့်ကြားဖြင့် သူကြီး ဦးသာဗျော့နှင့် ရွာသားများမှာ သံမဏိတို့ သားအဖအား ခရီးဦးကြိုပြုရန် လှေများကိုယ်စီဖြင့် နှစ်ထောင်းအားရစွာ ထွက်လာကြလေသည်။
(သည်းထိတ်ရင်ဖိုမဂ္ဂဇင်း)
– ပြီး –
စာရေးသူ – ကျော်ဇင်ဝင်း