တင်ညွန့်

“ဆရာ ကျောင်းဝကို ထွက်ကြည့်ပါဦး … ဒေါ်မြခင် လာသောင်းကျန်းနေလို့”

“ဘယ်က ဒေါ်မြခင်လဲ … ဘာလုပ်နေလို့လဲ”

ကျွန်တော်က ဤကျောင်းသို့ ရောက်စဖြစ်သဖြင့် ဘာမှန်းတော့ မသိသေး။ ဆရာမလေး ဒေါ်အေးအေးသင်းက စိုးရိမ်သောလေသံဖြင့် ပြောနေသဖြင့် သူစကားမပြန်မီ ကျောင်းအောက်ကို ပြေးဆင်းကာ ကျောင်းပေါက်ဝကို ရောက်လာခဲ့သည်။

အမျိုးသမီးကြီးတစ်ယောက်သည် ကလေးတစ်ယောက်ကို အတင်းဖက်ထားသည်။ သူအဖက်ခံထားရသည့် ကျောင်းသူလေးမှာ ရုန်းကန်ပြီး အော်ဟစ်ကာ ငိုနေသည်။

“သမီးလေး … သမီးလေးရယ် … မသွားပါနဲ့ … အမေနဲ့လိုက်ခဲ့ပါနော်”

“မလိုက်ဘူး … မလိုက်ဘူး”

ကလေးက အတင်းရုန်းကာ အော်နေသော်လည်း ကလေးကို မိန်းမကြီးကဖက်ထားသဖြင့် ကလေးမှာ အော်နေရသည်။ ဘေးတွင်လည်း ကျောင်းသား ကျောင်းသူလေးတွေက အနားကို မကပ်ရဲ အဝေးက ဝိုင်းကြည့် နေကြသည်။

ကျွန်တော်က

“အဒေါ် ဘာဖြစ်လို့လဲ”

“ငါ့သမီးကို ငါလာခေါ်တာ”

ကျွန်တော့်နောက်တွင် လိုက်လာသော ဆရာမဒေါ် အေးအေးသင်းက

“ဆရာ အဲဒါ သူ့သမီးမဟုတ်ဘူး” ဟု ကပ်ပြောသည်။

ကျွန်တော်က အကြောင်းစုံကို မသိရသေးသော်လည်း

“ဪ … အဒေါ်က အဒေါ့်သမီးကို လာခေါ်တာလား”

“ဟုတ်တယ် … ငါ့သမီးကို လာခေါ်တာ”

“အဒေါ့်သမီးက ကျောင်းလာတက်တာလေ … ဘယ်ကိုခေါ်မလို့လဲ အဒေါ်”

“အိမ်ပြန်ခေါ်မလို့”

“ခုချိန်က ကျောင်းတက်ရမယ့်အချိန်လေ … ကလေးကို ကျောင်းလွှတ်မှ လာခေါ်ပါလား”

“မရဘူး … စိတ်မချဘူး … ပြန်ခေါ်သွားမလို့”

“ဘာကို စိတ်မချလို့လဲအဒေါ်”

“ငါ့သမီးကို သူတို့ လာခေါ်ကြလိမ့်မယ်”

“ဘယ်သူတွေက လာခေါ်မှာလဲ အဒေါ် … ကျောင်းမှာ ဘယ်သူမှ လာခေါ်လို့ မရပါဘူး”

“ငါ့သမီးကို သိုက်ကလာခေါ်လိမ့်မယ်”

ကျွန်တော်က ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တစ်ခုခု လုပ်မှဖြစ်တော့မည်။ သူက သိုက်အကြောင်း ပြောလိုက်သဖြင့်

“အဒေါ် ကျွန်တော့် ရုံးခန်းထဲမှာလေ သိုက်ချုပ်ဘိုးဘိုးကြီးရောက်နေတယ် … အဒေါ့်ကို ခေါ်ခိုင်းလိုက်လို့”

“ဟုတ်လား”

“ဟုတ်တယ် … အဒေါ့်ကိုရော … အဒေါ့်သမီးကိုပါ ခေါ်ခဲ့ပါတဲ့ … သူကတွေ့ချင်လို့တဲ့”

“ဟုတ်လား”

“ဟုတ်တယ် … လာပါဦး လိုက်တွေ့လိုက်ပါဦး”

သူက ကလေးကို ဖက်ထားရာမှာ ခါးထစ်ခွင်ချီကာ ကျွန်တော့်နောက်ကို လိုက်ရန်ပြင်သည်။ ကျွန်တော်က ဆရာမကို

“ဆရာမ ကျောင်းသားတွေကို မလိုက်လာစေနဲ့ ကျောင်းတက်ပြီး အတန်းကို ထိန်းထားလိုက်” ဟုပြောကာ

“လာ … အဒေါ် … ဟိုမှာ စောင့်နေတယ်” ဆိုကာ ရုံးခန်းကို ခေါ်သွားရပါတော့သည်။

ရုံးခန်းကိုရောက်သည့် အခါတွင် ကျွန်တော်က

“ထိုင်ပါဦးအဒေါ် … ကလေးကို ချထားလိုက်ပါဦး”

“ဘယ်မှာ ဘိုးဘိုးကြီးက”

သူက ကလေးမလေးကို ချထားလိုက်သော်လည်း လက်ကိုမလွှတ် ဆွဲထားသည်။

“ခဏလေးပါ အဒေါ် … ကျွန်တော် သွားခေါ်ပေးမယ် … ဘိုးဘိုးကြီးက အဒေါ်နဲ့ နှစ်ယောက်တည်း တွေ့ချင်တာတဲ့ … ကလေးကို လွှတ်ပေးလိုက်ပါနော်”

“လွှတ်မပေးဘူး … နင်ငါ့ကို ညာနေတာ”

“မညာပါဘူးအဒေါ် … ဘိုးဘိုးကြီးက ကလေးနဲ့ မပြောချင်ဘူးတဲ့ … အဒေါ်နဲ့ပဲ ပြောချင်တာတဲ့”

“ငါ့သမီးနဲ့ ငါပြန်တွေ့နေပြီပဲ … ပြောစရာလိုသေးလို့လား”

ထိုစဉ် ကျောင်းသားလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်က ရုံးခန်းဝတွင် လာရပ်သည်။

“ဆရာ … ဆရာ ကျွန်တော် ဝင်လာခဲ့မယ်နော်”

“ဘယ်သူလဲဗျာ”

“ကျွန်တော် သူ့ယောက်ျားပါ ဆရာ … ဦးသောင်းပါ”

“ဪ … ဦးလေး ကြွပါခင်ဗျာ … ဒီမှာ”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

သူက အဒေါ်ကြီး အနီးကို သွားပြီးနောက်

“မြခင်”

“ဘာလဲ”

“ငါတို့သမီးက အိမ်မှာရောက်နေပြီ … ဒါနင့်သမီးမဟုတ်ဘူး … လူမှားနေတာ”

“ဟုတ်လို့လား”

“တကယ်ပြောတာ … မယုံရင် လိုက်ကြည့်”

“မလိုက်သေးဘူး … ဒီမှာ ဘိုးဘိုးကြီးနဲ့ တွေ့ရဦးမယ်”

“ဘိုးဘိုးကြီးက အဒေါ့်အိမ်ကို ကြွသွားတာနဲ့တူတယ်”

ကျွန်တော်က ဝင်ပြောသည်။

သူက တစ်ချက် ငိုင်သွားသည်။ သူ့ယောက်ျား ဦးသောင်းက သူ့မိန်းမလက်ထဲမှ ကလေးကိုခေါ်ကာ ကျွန်တော့် ဘက်ကို တွန်းပေးလိုက်သည်။ ထို့နောက် သူ့ဇနီးကို

“လာ … မြခင် သွားရအောင် အိမ်မှာ ဘိုးဘိုးကြီးစောင့်နေတာ ကြာပြီ”

“သူက သမီးလေးကို ပြန်ခေါ်လာတာလား”

“ဟုတ်တယ်”

“သွားကြရအောင်”

သူက အပြေးလေး ကျောင်းပေါ်က ဆင်းသွားသည်။ ထိုအချိန်မှ ကျွန်တော်လည်း သက်ပြင်းချနိုင်တော့သည်။ ကလေးကို မျက်ရည်သုတ်ပေးပြီး

“သမီး မငိုနဲ့နော် … အဲဒီဒေါ်ကြီးက သမီးကိုချစ်လို့ စတာ”

“ချစ်လို့ မဟုတ်ဘူး … အဲဒီမိန်းမကြီး ရူးနေတာ”

“အို … အဲဒီလို မပြောရဘူးလေ … သွား အခန်းထဲသွားတော့”

ဆရာမ ဒေါ်အေးအေးသင်း ရောက်လာသည်။

“ဆရာ … အဲဒီလိုပဲ ကျောင်းတက်ချိန် ကျောင်းလွှတ်ချိန်တိုင်း ဒေါ်မြခင်က ရောက်လာပြီး ကလေးတွေကို ဆွဲထားတာ ကြာတော့ ကလေးတွေလည်း ကြောက်နေကြပြီ”

“ဘာဖြစ်လို့ သူက အဲဒီလို လုပ်နေရတာလဲဆရာမ”

“ကျွန်မလည်း ကောင်းကောင်းတော့မသိဘူး … သူ့သမီးလေးက ဆုံးသွားတော့ ဒီလိုဖြစ်သွားတာလို့ ပြောတာပဲ”

ဒေါ်အေးအေးသင်းကလည်း ဤကျောင်းကိုရောက်လာသည်မှာ မကြာသေး။ ကျွန်တော်က နေ့လယ် ထမင်းစား လွှတ်ချိန်တွင် ကျောင်းပေါက်ဝကိုသွားပြီး ကလေးတွေကို ကြည့်ပေးထားရသည်။ ထို့နောက် ကလေးတွေကို မေးပြီး ဦးသောင်း၏ အိမ်ကို ရောက်အောင်လာခဲ့ရသည်။

ဦးသောင်းကား သစ်ကုန်သည် ဝါးကုန်သည်ကြီးတစ်ယောက်ဖြစ်ရာ ရွာထဲတွင် ချမ်းသာသည့် စာရင်းဝင်သူ တစ်ယောက်ဖြစ်သည်။ သူ့အိမ်ကြီးကလည်း နှစ်ထပ်အိမ်ကြီးတစ်လုံးဖြစ်ပြီး ခြံကျယ်ကြီးနှင့် ရွာလယ်ပိုင်းတွင် ရှိနေသည်။

ကျွန်တော်က ခြံထဲကို ဝင်လိုက်ချိန်တွင် ဦးသောင်းက အပြေးလေး ထွက်လာကာကြိုသည်

“လာပါ ဆရာ … လာပါ … ကျွန်တော်လည်း ဆရာ့ကို လာတောင်းပန်ချင်နေတာ … အိမ်မှာ အိမ်စောင့် မရှိသေးလို့”

“ကျွန်တော်လည်း ကလေးတွေအတွက် ဦးသောင်းနဲ့ လာတိုင်ပင်တာပါ”

“မမြခင်က ဒီလိုပဲဆရာ … စိတ်ဖောက်လာပြီဆိုရင် ကလေးတွေကို သူ့သမီးဆိုပြီး လိုက်ဆွဲတာ”

“ဟုတ်ပါတယ် … အဲဒါကိုပြောချင်လို့လာတာ … ဒီလိုချည်း လိုက်လုပ်နေရင် ကလေးတွေ ကျောင်းကို လာရမှာ ကြောက်ကုန်မှာပေါ့”

“ဟုတ်ပါတယ် ဆရာ … သူ့ကို အခန်းထဲ ပိတ်ထားတာပါ။ ဒါပေမဲ့ဆရာ ကျွန်တော်ကလည်း အလုပ်များတော့ သူ့ကို တစ်ချိန်လုံး ကြည့်မထားနိုင်ဘူးလေ”

“ကျွန်တော် တစ်ခုလောက် မေးလို့ရမလား”

“ဘာများလဲဆရာ”

“ဒေါ်မြခင် ဘာဖြစ်တာလဲ … ဘာဖြစ်လို့ ဒီလို လိုက်လုပ်နေရတာလဲ … တစ်မျိုး မထင်စေချင်ဘူး ဦးသောင်းရယ် … ပြဿနာကိုသိထားတော့ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ စဉ်းစားလို့ ရတာပေါ့။ ကျွန်တော့်မှာ လည်း ကလေးတွေကို စောင့်ရှောက်ရမယ် တာဝန်ရှိတယ်လေ”

“ဟုတ်ပါတယ်ဆရာ … ရေနွေးလေး သောက်ပါဦး … မမြခင် ဖြစ်တာ ဒီလိုပါဆရာရယ် …”

သစ်ကုန်သည်ကြီး ကိုသောင်းနှင့် မမြခင်တို့သည် အသက်ကြီးမှ အိမ်ထောင်ကျသူများဖြစ်သည်။ ကိုသောင်းကား စီးပွားအရှာကောင်းသူဖြစ်ပြီး ချမ်းသာသည်။ မမြခင်မှာ ရွာရှိ ကွမ်းတောင်ကိုင် တစ်ယောက်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်ခြင်း မရှိကြသော်လည်း လူကြီးတွေက အတင်း စီစဉ်သဖြင့် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့လက်ထပ်တော့ အသက် ၄၀ ကျော်အရွယ်တွေ ဖြစ်နေပြီ။ အပျိုကြီး လူပျိုကြီးတွေ လက်ထပ်ပြီး အခြေကျနေချိန်တွင် မမြခင်ကိုယ်ဝန်ရှိလာတော့သည်။

မထင်မှတ်ထားသည့် ရင်သွေးလေးရလာသဖြင့် ပျော်ကြသည်။ ကလေးကလည်း မွေးလာသည်မှာ သမီးလေး။ ချောလိုက်သည်မှ ဖြူဖြူဖွေးဖွေးလေး။ သမီလေးကို လင်မယားနှစ်ယောက်စလုံး ဖူးဖူးမှုတ်မတတ် ချစ်ကြသည်။ လက်ကမချ၊ မျက်စိအောက်က အပျောက်မခံ ဖြစ်နေကြသည်။

သမီးလေး အရွယ်ရောက်လာသည့် အခါတွင် ကျောင်းထားကြသည်။ ကျောင်းကိုလည်း ကိုသောင်း သို့မဟုတ် မမြခင်တို့ကို အကြိုအပို့လုပ်သည်။ သမီးလေး ၈ နှစ်အရွယ်ရောက်လာသည်။

ဦးသောင်းက အကြောင်းစုံကို ပြောပြနေရင်းက မျက်ရည်တွေ ဝဲလာသည်။

“သူ့အသက် ၈ နှစ်ပြည့်ရင် သိုက်က လာခေါ်မယ်လို့ ပြောတာကြောင့် သတိထားနေရတာပါ”

“ဘယ်သူက ပြောတာလဲ ဦးသောင်း”

“သမီးလေးကို မွေးကတည်းက ဇာတာစစ်ကြည့်တော့ သိုက်ကလာတယ်ဆိုတာ သိလိုက်ရတယ်”

“သူ သိုက်က လာတယ်ဆိုတာ ဘယ်သူပြောတာလဲ ကျွန်တော်သိချင်လိုက်တာ”

“ကျွန်တော့် မိန်းမကို သိုက်စောင့်တွေက ပူးပြီးတော့ ပြောတာ … နင်တို့ သမီးလေးကို ၈ နှစ်ပြည့်ရင် ပြန်ခေါ်မယ်တဲ့”

“ဒေါ်မြခင်ကို ပူးတာလား”

“ဟုတ်တယ်ဆရာ”

“ကလေးက ဘယ်လိုဖြစ်ပြီး ဆုံးသွားရတာလဲဗျာ”

“ကျွန်တော် သတ်လိုက်တာ”

“ဗျာ”

တစ်နေ့တွင် သမီးလေး မြနန်းနွယ်က မိခင်ဖြစ်သူ ဒေါ်မြခင်ကို ပြောသည်

“မေမေ သမီးနွားနို့ သောက်ချင်တယ်”

“သောက်ရမှာပေါ့သမီး”

မမြခင်က နွားနို့ကို ကိုယ်တိုင် သွားညှစ်ပြီး သမီးလေးအတွက် နွားနို့ကြိုသည်။ ထို့နောက် နွားနို့ကို သမီးလေး အတွက် လက်ဖက်ရည်ပန်းကန်ပြားတွင် ထည့်ကာ အေးပေးထားပြီး လုပ်စရာရှိသည်တို့ကို သွားလုပ်သည်။

“သမီးလေး အေးမှသောက်ရမယ်နော် … မေမေ … ထမင်းအိုးတည်ထားတာ သွားကြည့်လိုက်ဦးမယ်”

ဒေါ်မြခင်က ထမင်းအိုးငှဲ့ပြီး အိမ်ရှေ့ကို ပြန်ထွက်လာရာတွင် သူ့သမီးလေးကို မတွေ့တော့

“သမီးလေး … နန်းနွယ်ရေ”

“မေမေ … သမီး ဒီမှာ”

သမီးလေးက ပန်းကန်ပြားကို ကိုင်ပြီး သူ့ဘေးတွင် လာရပ်သည်။

“သမီးက ဘယ်သွားနေတာလဲ”

“သမီး နွားနို့သောက်ပြီး ပန်းကန်သွားဆေးတာ”

“သမီးလေးက လိမ္မာလိုက်တာကွယ်”

နောက်တစ်နေ့တွင်လည်း သမီးက နွားနို့သောက်မည်ဟု ပြောပြန်သည်။ ယနေ့တော့ နွားနို့တွေကို စောစောညှစ်ကာ ကြိုထားသဖြင့် မမြခင်က သမီးကို နွားနို့ထည့်တိုက်သည်။ သမီးက မသောက်သေးသဖြင့်

“သောက်လေ သမီး” ဟု ပြောသော်လည်း သူက မသောက်

“မေမေ နောက်ဖေးမှာ ဘာအိုးတည်ထားသေးလဲ”

“ဘာအိုးမှ မတည်ထားပါဘူး သမီး”

“သမီးရေသောက်ချင်တယ်”

“မေမေ သွားခပ်ပေးမယ်”

မမြခင် အိမ်နောက်ဖေးဝင်ကာ ရေခပ်ပြီး ပြန်ထွက်လာသည့် အခါတွင် သမီးရော နွားနို့ပန်းကန်ပြားပါ ပျောက်နေသည်။ မမြခင်က သမီးဘယ်ထွက်သွားသည်ကို သိချင်သဖြင့် လိုက်ကြည့်သည်။ သမီးက နွားနို့ ပန်းကန်ကို စပါးကျီဘေးတွင် ချကာ

“လာ … လာ … လာလေ” ဟု အောက်ကို ငုံ့ကြည့်ပြီး ခေါ်နေသည်

မမြခင်က အိမ်ကွယ်မှ ပုန်းကာ ကြည့်နေချိန်မှာပင် စပါးကျီအောက်မှာ မြွေကြီးတစ်ကောင် ထွက်လာသည်။ မြွေကြီးမှာ တောကြီးမြွေဟောက်တစ်ကောင်ဖြစ်ပြီး ယောကျ်ား လက်မောင်းလုံးခန့်ရှိသည်။ အရှည်ကား မခန့်မှန်းနိုင်။ ခေါင်းနှင့် ကိုယ်တစ်ဝက် ထွက်လာပြီး နွားနို့ပန်းကန်ထဲမှ နို့တွေကို သောက်သည်။ ထို့နောက်ကုန်သည့်အခါတွင် ကျီအောက်ကို ပြန်ဝင်သွားသည်။

မမြခင်က ရင်ထိတ်စွာဖြင့် အိမ်ပေါ်ကို အသာလေး ပြန်တက်လာသည်။ သမီးဖြစ်သူက နွားနို့ပန်းကန်ကို ဆေးပြီး ပြန်လာသည်။ သူက ဟန်မပျက်နေကာ သိချင်ယောင်ဆောင်နေလိုက်သည်။

ညနေ ကိုသောင်းပြန်လာချိန်တွင် အဖြစ်အပျက်တွေအားလုံးကို တိုးတိုးတိတ်တိတ် ပြောပြသည်။ နောက် တစ်နေ့တွင် ကိုသောင်းက သစ်ကွက်ကို ထွက်မည်ဟု ပြောကာ ထွက်သွားသည်။ အချိန်တန်သည့် အခါတွင် မြနန်းနွယ်က သူ့မိခင်ထံတွင် နို့တောင်းသည်။ မမြခင်က ကြိုတင်စီစဉ်ထားသည့်အတိုင်း နို့တစ်ပန်းကန် ပေးလိုက်သည်။ ထို့နောက် အိမ်နောက်ဖေးကိုဝင်ကာ ချောင်းကြည့်နေသည်။

သမီးလေးက နွားနို့ပန်းကန်ကို ယူသွားပြီး စပါးကျီဘက်ကို ထွက်သွားသည်။ ကိုသောင်းကလည်း ခြံပြင်တွင် ချောင်းနေပြီး ဝင်လာသည်။ သူ့လက်ထဲတွင် ငှားလာသော ရိုင်ဖယ်သေနတ်တစ်လက် ပါလာသည်။ ပြည်သူ့စစ် ခေါင်းဆောင် ကိုနီထံက အကျိုးအကြောင်းပြောကာ ငှားလာခြင်းဖြစ်သည်။

သမီးလေးက မြွေကို ခေါ်ထုတ်သည်။ မြွေကြီးက ထွက်လာပြီး နို့သောက်သည်။ ထိုအချိန်တွင် ကိုသောင်းက မြွေကို သေချာစွာချိန်ပြီး ပစ်လိုက်သည်။

ကျွန်တော်က အားမလို အားမရဖြစ်ကာ ဦးသောင်းကို မေးလိုက်သည်

“သမီးလေးကို ထိသွားရောလား”

“မထိဘူးဆရာ … မြွေကိုတည့်တည့်ထိတာ … ကျွန်တော်က တောလိုက်နေကျပါဆရာ။ ကျွန်တော်လက်တည့် ပါတယ်”

“ဒါဆို သမီးလေးက”

“အဲဒီမြွေကြီး သေသွားပြီးကတည်းက သမီးလေးက ကျွန်တော်တို့ကို စကားလည်း မပြောတော့ဘူး။ ဘာကျွေးကျွေး မစားတော့ဘူးဆရာ”

“ချော့မကျွေးဘူးလား”

“ချော့ကျွေးကျွေး … ချောက်ကျွေးကျွေး ဘာမှကိုမစားတာဆရာရယ် … နောက်ဆုံး အသေသာ ခံသွားတယ် … ဘာဆို ဘာမှ ကျွေးလို့ မရလိုက်ပါဘူး”

ဦးသောင်းက မျက်ရည်တွေကိုသုတ်နေသည်။ ကျွန်တော်ကလည်း တိုက်ပုံထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ မျက်ရည်သုတ်သလိုလို ချွေးသုတ်သလိုလို လုပ်လိုက်ရသည်။

“ဦးသောင်းရယ် ကျွန်တော်ထင်တာကတော့ စိတ်ရောဂါအထူးကုဆေးရုံကို သွားပြလိုက်ရင် သက်သာသွားမယ် ထင်တာပဲ”

“သုံးခါတောင် ရှိပါပြီဆရာရယ် သွားပြတာ။ ဟိုမှာတော့ အကောင်းပဲ ဆရာရယ် … ဒါပေမဲ့ ရွာကို ပြန်ရောက်တာနဲ့ သူဖောက်တော့တာပဲ”

“သူ့ကို လှောင်ပိတ်ထားရတာကလည်း အဖြေတော့ မဟုတ်သေးဘူးပေါ့နော်”

“ဆရာ … ကျွန်တော်တို့ ဒီနွေပေါက်ရင် မြို့ကို အပြီး ပြောင်းတော့မယ်။ ဟိုမှာ အိမ်လည်း ဝယ်ထားပြီးပြီ။ သမီးလေး ရှိနေတဲ့ နေရာဟာ ကျွန်တော်တို့အတွက် အမြဲစိတ်မချမ်းသာစရာပဲဆရာ … ဒါကြောင့် ရွာက အပြီးပြောင်းဖို့ ဆုံးဖြတ်ထားပြီးသားပါ”

“အေးဗျာ … ကြားရတာ စိတ်မကောင်းလိုက်တာ”

“ဆရာရယ် မမြခင်ကို နားလည်ပေးပါနော်”

“နားလည်ပါတယ် ဦးသောင်းရယ် … ကျွန်တော် ပြန်ဦးမယ်”

“ဟုတ်ကဲ့ဆရာ … အကူအညီလိုရင် ကလေးတစ်ယောက်ကိုသာ ခေါ်ခိုင်းလိုက်ပါနော်”

“ဟုတ်ကဲ့”

နွေပေါက်သည့် အခါတွင် ဦးသောင်းတို့ ဇနီးမောင်နှံသည် ရွာရှိအိမ်ကြီးကို ပိတ်ကာ မြို့ကို အပြီးပြောင်းသွား လေတော့သည်။

သို့သော် ထိုအိမ်ဝင်းထဲတွင် မြွေကြီးတစ်ကောင်ကိုတွေ့သည်ဆိုကာ မည်သူမျှ မဝင်ရဲကြပေ။

တင်ညွန့်

၂၉.၉.၂၀၂၂

#Credit – တင်ညွန့်