ခင်မောင်အေး (မန္တလေး)
ဆင်ညီနောင်
(၁)
ဆောင်းဦးပေါက်ကာလ ဖြစ်သည်။
တောင်ပေါ်တွင် ဝါးရွက်များ ခြောက်လာနေပြီ။ မိုးကာလက စိမ်းစိုညိုမှောင်လျက်ရှိသည့် သစ်တောသည် ရွက်ခြောက်များကြောင့် အဝါရောင်သမ်းလာနေပြီ ဖြစ်ပါသည်။
မိုးမိတ်ဒေသလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျွန်တော့်ထံသို့ မဘိန်းသစ်ထုတ်ရေးဒေသ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်ထောက်မန်နေဂျာ ဦးကျော်တင့် ရောက်ရှိလာသည်။
ကျွန်တော်တို့နှစ်ယောက်က တစ်ဦးနှင့် တစ်ဦး ညီအစ်ကိုရင်းမျှမက ချစ်ခင်ရင်းနှီးကြသူတို့ဖြစ်၏။ တစ်ဦးအကျိုး တစ်ဦး ကြည့်ရှုကျေးဇူးပြုခဲ့ကြသူ များ ဖြစ်ပါသည်။ ပြီးတော့ ကျောင်းနေဖက်သူငယ်ချင်း။
ကျွန်တော် မိုးမိတ်ဗျူဟာသို့ တာဝန်ဖြင့် ရောက်ရှိလာခဲ့စဉ်ကတည်းက ကိုကျော်တင့် ကြားသိပြီး ရောက်ရှိလာခဲ့၏။ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးကတည်းက ပြန်မဆုံကြရပဲ ယခု နှစ်များစွာကြာမှပင် တစ်ကြိမ် ပြန်တွေ့ကြရခြင်း ဖြစ်သည်။
ဗျူဟာ ဌာနချုပ်ရုံးခန်းတစ်နေရာရှိ ကျွန်တော့် အခန်းသို့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲဘော်က ကိုကျော်တင့်ကို လိုက်ပို့သည်။
“ဟာ ကျော်ကြီးပါလား၊ အသံ မကြားဘာမကြားနဲ့။ ကိုင်း … ပြောစမ်းပါဦး၊ ကိစ္စကို”
ကျွန်တော်က သူ့ကို တွေ့လိုက်ရ၍ ဝမ်းပန်းတသာ နှုတ်ဆက်လိုက်ပြီး ကိစ္စကို မေးလိုက်၏။
“မုဆိုးကို လာခေါ်တာလေ။ ဝဲဘောင်းတောဘက်က ဆင်အုပ် အရမ်းဆိုးနေလို့ သူငယ်ချင်းရာ။ လိုက်လို့ရရင်တော့ ကိုယ်နဲ့တစ်ခါတည်း လိုက်ခဲ့ပေတော့”
ယခင်တစ်ခေါက် ကျွန်တော့်ထံသို့ သူရောက်ရှိလာစဉ်ကပင် သူ တာဝန်ထမ်းဆောင်နေသည့် မဘိန်းနယ်အကြောင်း ကြားသိရသည်။
ကိုကျော်တင့်တို့ သစ်ထုတ်ရေးစခန်းမှ ဆင်ဝိုင်းများခွဲ၍ သစ်ထုတ်နေကြခြင်းဖြစ်သည်။ သူတို့ဒေသအတွင်းမှာ တောဆင်ရိုင်းများလည်း ရှိနေသည်။ ဆင်ရိုင်းများသည် နှစ်စဉ်ပင် တစ်နှစ်အတွင်း ရာသီအလိုက် နွေမိုးဆောင်း လှည့်လည်လှုပ်ရှား အစာရှာဖွေစားသောက်လေ့ရှိ ကြသည်။ နေရာဒေသအတည်အကျမရှိ။ အစာရေစာပေါများရာ နေရာများစွာ လှည့်ပတ်ရှာဖွေ စားသောက်ကြ သည်။
မိုးကာလက တောင်ပေါ်ဒေသများ၊ ချောင်းဖျားများတွင် ဝါးများ မျှစ်စို့ပေါက်များ ပေါများလှသဖြင့် ဆင်ရိုင်းများအတွက် အစားအစာ ပေါများလှ၏။ တစ်နေရာတွင် တစ်ပတ်ဆယ်ရက်ခန့် ရှာဖွေစားသောက်ပြီး အစာကုန်သလောက်ရှိလျှင် အခြားတစ်နေရာသို့ ပြောင်းရွှေ့စားသောက်ကြပြန်သည်။
ဆတို့၏ သဘာဝအရ မိမိတို့၏ မစင်နှင့် အညစ်အကြေးများကို ရွံရှာတတ်သဖြင့် ရက်ကြာလာသည် နှင့်အမျှ မစင်များ ညစ်ပတ်နံစော်လာသည်နှင့် နေရာရွှေ့ပြောင်းတတ်ကြသည်။ နေရာပြောင်းရွှေ့ရင်းနှင့် မိုးရာသီ ကုန်လေပြီ။
တောင်ပေါ်တွင် အစာရေစာ ရှားပါးလာသဖြင့် တောင်ခြေကွင်းပြန့်များသို့ ဆင်းလျက် ကျုတောများအတွင်း လည်ပတ်စားသောက်ကြပြန်သည်။ နေရာချဲ့ရင်းက တောင်ခြေရှိစိုက်ခင်းများ ယာခင်းများအတွင်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးစားသောက်တတ်သည်။
ညောင်ပင်သာ၊ ကြခတ်ဝိုင်း၊ ဇင်ပြွန်းကုန်းကျေးရွာများမှ စိုက်ခင်းတောင်ယာများတွင်း တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးစားသောက်ပစ်ကြသည်။ ဗျောက်အိုးဖောက်၊ သံပုံးတီး၊ မီးကွင်းပစ်၍လည်း တောဆင်အုပ်ကို တားဆီးမနိုင် ဖြစ်ရသည်။
“ဆင်အုပ်က ဘယ်နှစ်ကောင်လောက်ရှိသလဲ ကျော်ကြီးရ။ သူငယ်ချင်းတို့ သစ်တောကကော ဆင်တွေကို နှိမ်နင်းဘို့ မလုပ်ဘူးလား”
ကျွန်တော်က မေးလိုက်သည်။
ကျော်ကြီးက ကျွန်တော့်အမေးကို အဖြေပေးသည်။
“သစ်တောအဖွဲ့က ကသာဘက်ကို ရောက်နေတယ်။ ဒီကို အချိန်မီပြန်ရောက်လာဖို့ မလွယ်ဘူးလေ။ ဆင်အုပ်က ခုဆို တော်တော်လေး နယ်ကျွံလာပြီ။ ဒါကြောင့် မုဆိုးဆီ အပြေးအလွှား လာခဲ့ရတာပေါ့ဗျာ”
ဝါသနာပါလွန်း၍ မုဆိုးအလုပ်ကို ကြိုးစားပန်းစားလုပ်နေသော ကျွန်တော့်ကို မိတ်ဆွေအပေါင်းအသင်းရောင်းရင်းရဲဘော်များက မုဆိုးဟု နာမည်ပေးထားကြသည်။
ကျော်ကြီးက စကားဆက် ပြောသည်။
“ဆင်အုပ်က အကောင် ကြီး/သေး ၃၀ လောက်ရှိမယ်။ ဆင်မကြီးတစ်ကောင်က ခေါင်းဆောင်ပဲ။ မိသားစုဆင်အုပ် ဖြစ်လိမ့်မယ်။ ဆင်ပေါက်ရော၊ ဆင်မတွေရော၊ ဟိုင်းရော၊ စွယ်စုံရော၊ ကလေးသားငယ်ရော ပါတယ်ဗျ။ ငှက်ပျောခင်းတွေ၊ ပြောင်းဖူးခင်းတွေ တက်တက်စင်ပါပဲ မုဆိုးရာ”
“လူတွေရော အန္တရာယ် မပေးဘူးလား။ ရွာထဲဆင်းလာရင် မလွယ်ဘူးထင်တယ်”
ကျွန်တော် မေးလိုက်၏။
“ရွာတွေက ရှေးကတည်းက ရွာကြီးတွေလေ။ တဇောင်းပင်တွေ၊ ကြခတ်ဝါးရုံတွေစိုက်ပြီး ရွာစည်းရိုးလုပ်ထားခဲ့တဲ့ ရွာတွေဆိုတော့ ရွာထဲတော့ ရောက်မလာကြဘူး။ ရွာသားတွေကလဲ ဆင်အုပ် တောင်ခြေဆင်းလာကတည်းက တောထဲမတက်ကြတော့ဘူးလေ။ လူတွေနဲ့ မတိုးကြသေးဘူး မုဆိုးရ”
“ကောင်းပြီလေ … ကနေ့ သောကြာ၊ မနက်ဖြန် သဘက် စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်တယ်။ ကျွန်တော် Out Pass တင်ပြပြီး ကျော်ကြီးနဲ့ လိုက်ခဲ့ မယ်။ မကောင်းဘူးလား”
ဖိုးကျော်တင့်ကို ကျွန်တော် သဘောထား တောင်းခံ လိုက်၏။
“ဟာ … သိပ်ကောင်းတာပေါ မုဆိုးရာ။ အချိန်လည်းရှိပါသေးတယ်။ စျေးထဲဝင်ပြီး စားစရာ သောက်စရာ တိုလီမိုလီလေးတွေ ဝင်ဝယ်လိုက်မယ်”
xxx xxx xxx
(၂)
ရွှေလီနယ် မဘိန်းဒေသသည် သစ်ထုတ်လုပ်ရေး ဗဟိုစခန်းဟု ခေါ် ဆိုနိုင်ပါသည်။ သစ်တောဝါးတောကြီးများ၊ ကြိမ်တောကြီးများ ထူထပ်ပေါများသောနေရာဒေသဖြစ်သည်။ ရွှေလီမြစ်အောင်ပိုင်းတွင် သစ်ထုတ်စခန်းများ ရှိသည်။
ကိုကျော်တင့်တို့ သစ်ထုတ်လုပ်ရေးနယ်တွင် ဆင်အကောင်ရေ တစ်ရာ့ငါးဆယ်ကျော်ရှိသည်။ ယင်းဆင်များကို နယ်တာဝန်ခံတစ်ဦးက ကြီးကြပ်ကွပ်ကဲလျက် ၎င်း၏လက်အောက်တွင် ဆင်အုပ်တစ်ယောက် ထားရှိ၏။ ပျမ်းမျှအားဖြင့် ဆင်ခုနှစ်ကောင်ခန့်ကို ဆင်ဝိုင်း တစ်ဝိုင်းကျ ဖွဲ့စည်းထား၍ ဆင်တစ်ဝိုင်းလျှင် ဆင်ခေါင်းက ကွပ်ကဲ၏။
ဆင်ခေါင်းအား အကူအညီရရန် ခေါင်းခွဲတစ်ဦးထားရှိသည်။ ဆင်တစ်ကောင်ချင်းအတွက် ဆင်ဦးစီးတစ်ယောက်နှင့် မလိမ္မာသော ဆင်ဆိုးဆို့လျှင် လှံကိုင် ပဲ့ချိတ်တစ်ယောက် ထားရသည်။
ဆင်ဝိုင်းတွင် လူ ဆယ့်ငါးယောက်မှ ဆယ့်ရှစ်ယောက်အထိ ရှိတတ်သည်။
တောဆင်ရိုင်းများ ခိုအောင်းရာ ဝဲဘောင်းတောနှင့် အနီးဆုံးဆင်ဝိုင်းရှိရာ ချောင်းကြီးစခန်းသို့ ကျွန်တော်တို့ မွန်းလွဲပြီးနောက် အတော်ကြီးကြာမှ ရောက်ရှိလာကြ၏။ လမ်းတစ်လျှောက်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။
လမ်းဘေးဝဲယာတစ်လျှောက် မတ်စောက်မြင့်မားလှ သည့် တောင်ကမ်းပါးယံများတွင် ကျွန်းသစ်လုံးကြီးများကို ဆင်များ တွန်းထိုးလှိမ့်ထုတ်နေကြသည်။ ငုတ်ထုတ်ခြင်း၊ တောင်ပေါ်မှ တောင်အောက်သို့ လှိမ့်ချခြင်း၊ ချောင်းတွင်းသို့ ဆွဲယူခြင်း စသည်ဖြင့် ဆင်ဝိုင်းနှင့် ဆင်လုပ်သားများ၏ အားကြိုးမာန်တက် လုပ်ကိုင်နေခြင်းများကို အားပါးတရ တွေ့ မြင်ရလေသည်။
ချောင်းကြီးသို့ ကျွန်တော်တို့ ရောက်ရှိကြပြီးနောက် ကျော်ကြီးက စားသောက်စရာများ ပြင်ဆင်လိုက် သည်။ နေ့လည်စာ စားသောက်ပြီးအချိန်မှာ ညနေ သုံးနာရီ ထိုးလုပြီ။
ဆင်အုပ်၏ သတင်းကို ကျော်ကြီးက ဆင်အုပ်ဦးညိုမောင်ကို မေးမြန်းစုံစမ်း သည်။ ဦးညိုမောင်က ဆင်ခေါင်းများထံမှ ကြားသိရသည့် တောဆင်ရိုင်း များ၏ သတင်းကို လက်ထောက်မန်နေဂျာ ကိုကျော်တင့်အား တင်ပြသည်။
“တောင်ပေါ်မှာ ဝါးရုံတွေက ဝါးရွက်တွေ ခြောက်နေပြီ ဆရာ။ ဒါကြောင့် ဒီကောင်တွေ မြေပြန့်ကို ဆင်းလာတာ။ ညောင်ပင်သာတို့၊ ဇင်ပြွန်းကုန်း ဆိုတဲ့ ရွာတွေက ငှက်ပျောစိုက်ခင်းတွေ ချထားတာ များတယ်။ အခင်းတွေ ဝင်မွှေရင်း စားစရာတွေပေါတော့ အစာနားက မခွာတော့ဘူးပေါ့။ ခိုစရာရှာပြီး လူသူ လစ်ရင် အခင်းထဲဝင်ဦးမှာပဲ။ ဒါကြောင့် ဝဲဘောင်းတောထဲ ဝင်ခိုနေတာ၊ အဲဒီမှာပဲ ရှိနေမှာ သေချာတယ်။
ဆင်ခေါင်းဖိုးထိန်တို့ ပြောတာတော့ ဝဲဘောင်းတောဖျားမှာ သင်းမြှောင်တစ်ကောင်ကို ဆင်ကောက်သွားတုန်း တွေ့ ခဲ့တယ်ပြောတယ်”
ဆင်အုပ်ဦးညိုမောင်ပြောသော သင်းမြှောင်ဆိုသည်က ဆင်သင်းများ လှုပ်ရှားကျက်စားသည့် အနီးအပါးတွင် အမြဲတွေ့ရတတ်သော ဆင်ဖြစ်သည်။ ဆင်အုပ်က သင်းမြှောင်အား ဆင်အုပ်တွင်းသို့ အဝင်မခံ။ ဆင်အုပ်တွင်းမှ ဆင်ပေါက်များက ရန်လိုတိုက်ခိုက်တတ်ကြ၍ ဖြစ်သည်။
“ကောင်းပြီလေ၊ ဆင်အုပ်ရှိတာ သေချာပြီဆိုတော့ မနက်စောစောမှပဲ ထွက်ကြတာပေါ့။ ကနေ့တော့ အချိန်လဲ မရှိဘူးလေ။ ဦးညိုမောင်ဆီက ဖိုးထိန်ပဲ ထည့်လိုက်ပေါ့။ ကျွန်တော်ရယ် ဖိုးထိန်ရယ် မုဆိုးရယ် သုံးယောက် သွားကြမယ်။ ပြင်ဆင်စရာရှိတာ ပြင်ထားပေတော့”
အနောက်ဘက်ကောင်းကင်အောက်တွင် မှိုင်းပြာပြာတောင်တန်းများ ရိုးတိုးရိပ်တိတ် ဝိုးတဝါး မြင်နေ ရသည်။ နေဝန်းက တောင်တန်းများတစ်ဘက်သို့ ငုပ်လျှိုးဝင်ရောက်သွားတော့မည်။
နေ၏အပူရှိန် လျှော့ပါးသွားသည်နှင့်အမျှ နှင်းငွေ့များ ဝေ့ဝိုင်းသိပ်သည်းလာသည်။ အအေးဓာတ်က ဝန်းကျင်တစ်ခွင်တွင် လွှမ်းခြုံလာသည်။
လုပ်ငန်းခွင်မှ တစ်နေ့တာလုပ်ငန်းများ ပြီးဆုံး၍ အနားယူချိန်မို့ စခန်းတစ်ခုလုံး ဆင်သံ၊ လူသံ၊ ခွေးသံ၊ ကလေးသံများ ညံနေသည်။
ညနေစာချက်ပြုတ်ပြီးစီးလျက် တောတွင်းမှပြန်လာသော ဆင်လုပ်သားကြီးများအား မျှော်လင့်ကြိုဆိုလျက် ရှိနေပြီ။
ချောင်းကြီးစခန်းသည် သစ်ဝါးပေါများသောဒေသ ဖြစ်သဖြင့် လက်ထောက်မန်နေဂျာကိုကျော်တင့်၏ ရုံးရော နေအိမ်ပါ သပ်သပ်ယပ်ယပ် ကျယ်ကျယ်ဝန်းဝန်း ရှိသည်။ ကိုကျော်တင့်၏ အိမ်ရှေ့ဝရန်တာတွင် ဆတ်သားခြောက်နှင့် လက်ဘက်ရည်ကြမ်းကို ကြိမ်ကုလားထိုင်များပေါ်မှာ ထိုင်မြည်းရင်း အေးအေးဆေးဆေး အနားယူနေသည်။
နေဝင်သွားသည်နှင့် စခန်းတစ်ခုလုံး အမှောင်အောက်တွင် ကျန်ခဲ့သည်။ ဟွန်ဒါမီးစက်သံ တိုးတိုးညှင်းညှင်းကြားလိုက်ရပြီး ရုံးနှင့်အိမ်အတွင်း မီးများလင်းလာသည်။
တောရိပ် တောင်ရိပ်ကြောင့် စခန်းသည် ငြိမ်းအေးသာယာရှိနေသည်။ သန့်စင်သောလေညှင်းက ကျွန်တော်တို့အား တိုးဝှေ့ပွတ်သပ်သွားသည်။
“ကျော်ကြီး … ညနေက ဆင်အုပ်ကြီးပြောသွားတဲ့ အထဲမှာ ဆင်ခေါင်းဖိုးထိန်တို့ ဆင်ကောက်သွား တုန်း သင်းမြှောင်တစ်ကောင်တွေ့ခဲ့တယ်ပြောတယ်။ အဲဒီသင်းမြှောင်အကြောင်း ပြောပြစမ်းပါဦး”
ကိုကျော်တင့်ကို ကျွန်တော် မေးလိုက်မိ၏။
“တောဆင်တွေဟာ အုပ်လိုက် သင်းလိုက် နေတတ်ကြတယ် မုဆိုးရ။ ဆင်သင်းတွေ သွားလာကျက်စားတဲ့အခါ ဆင်သင်းနောက်မှ ဆင်သင်းကို မြှောင်ပြီးလိုက်တဲ့ ဆင်တစ်ကောင်ရှိတတ်တယ်။ အဲဒီဆင်ဟာ ဆင်ပေါက် ဒါမှမဟုတ်တယ် ဒါမှမဟုတ်ရင် ဟိုင်းဆင် ဖြစ်နိုင်တယ်။ ဒီဆင်ကို ဆင်သင်းထဲက ဆင်ပေါက်တွေက သူတို့အုပ်ထဲကို အဝင်မခံဘူး။ သင်းမြှောင်ကလည်း ဆင်အုပ်ထဲကို မဝင်ဘူး။ ဆင်အုပ်နောက်လိုက်ပြီး ပစ်မယ်ဆိုရင် ဒီဆင်ကို သတိထားပေတော့။ သူက တစ်ကောင်တည်းငြိမ်နေတတ်တော့ ဆင်အုပ်ကိုသာ အာရုံစိုက်ပြီးလိုက်တဲ့ မုဆိုးနဲ့ တိုးတတ်တယ်”
“ဒီလို ကြိုသိထားတော့ အန္တရာယ်ကို သတိထားနိုင်တာပေါ့ဗျာ။ စီးကိုးတို့၊ ဆင်ညီနောင်တို့လို ဆင်မျိုး ဝဲဘောင်းတောထဲရောက်နေတဲ့ ဆင်အုပ်ထဲ မပါပါစေနဲ့လို့ အောင်းမေ့ရတာပဲ”
“စီးကိုးတော့ ပါမယ်မထင်ဘူး။ ဒီဆင်သင်းမှာ သင်းမြှောင်ကို ချောင်းဖျားဘက်မှာ တွေ့ခဲ့ကြတာဆိုတော့ စီးကိုးမပါတာ သေချာတယ်လေ”
စီးကိုး ဟု ခေါ်သော ဆင်များသည် သင်းမြှောင်လို ဆင်သင်းနှင့် မြှောင်၍ လိုက်တတ်ခြင်း မရှိ။ တစ်ကောင်တည်းသပ်သပ် သွားလာလှုပ်ရှားကျက်စားတတ်သည်။ တိတ်တိတ်ဆိတ်ဆိတ် အသံ ဗလံမပေးပဲ ငြိမ်ငြိမ်ဆိမ်ဆိမ် နေတတ်သည်။ ရန်သူနှင့်တွေ့လျှင် မကြောက်မရွံ့ခုခံကာကွယ်တတ်၏။ ရန်သူမုဆိုးနှင့် ရင်ဆိုင်တိုးမိက အသေအကြေ ပြန်လည်တိုက်ခိုက်တတ်သည်။
စီးကိုး ဆင်များသည် စွယ်စုံဆင်လည်း ဖြစ်တတ်သည်။ ရံဖန်ရံခါ ဟိုင်းလည်း ဖြစ်တတ်သည်။ စွယ်စုံစီးကိုးဆိုလျှင် နှာမောင်းကို အသုံးမပြု၊ မိမိတို့ အစွယ်ကိုသာ အားကိုးပြီး ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ အစွယ်နှင့်ထိုး၍ တိုက်ခိုက်သည်။ ရန်သူလဲကျသွားလျှင် စွယ်တစ်ချောင်းတည်းဖြင့် စောင်း သို့မဟုတ်
အစွယ်စုံဖြင့် စုံထိုးတတ်၏။
ဆင်က အစွယ်ဖြင့်ထိုးသည့်အခါမျိုးတွင် သွက်လက်ဖျတ်လတ်လျှင် ကိုယ်ကိုလှိမ့်၍ ရှောင်တိမ်းနိုင်သည်။ သေနတ်ပါသော မုဆိုးဖြစ်က စွယ်စုံဆင်၏အစွယ်များ မြေတွင်ထိုးစိုက်နေသည့်အခါ ဆင်ကို ပြန်လည်ပစ်ခတ်သုတ်သင်နိုင်သည်။ သူသေကိုယ်သေ၊ လျင်သူအနိုင်ရစတမ်းပေပဲ မဟုတ်လား။
ဟိုင်းလိုဆင်မျိုးနှင့် တိုးလျှင်တော့ မုဆိုးအဖို့ပင် မချောင်ပေ။ ဟိုင်းဆင်သည် အစွယ်မရှိသောဆင် ဖြစ်သဖြင့် နှာမောင်းကိုသာ အားကိုး၏။ ဖျတ်လတ်လျင်မြန်သည်။ ရန်သူကို နှာမောင်းဖြင့်လှမ်းဆွဲပြီး မြေတွင် ရိုက်ချတတ်သည်။ ခြေတစ်ချောင်းစီ ဆွဲဖြဲပစ်ပြီး အသေသတ်တတ်၏။ သတိထားရှောင်ရှားရမည့် ရန်သူဖြစ်၏။
ဆင်ရိုင်းထဲမှာ ညီနောင်ဆင်လည်း အန္တရာယ်ကြီးလှပါသည်။ ဆင်ပေါက်နှစ်ကောင် ဖြစ်သည်။ မိခင်ဆင်မကြီး၏ဝမ်းမှ အတူဆင်းသော ဆင်ညီနောင် လည်း ဖြစ်နိုင်သည်။ တစ်ကောင်စီ တစ်မိစီမွေးပြီး တစ်ကောင့်တစ်ကောင် အားကိုးချစ်ခင်သော ဆင်နှစ်ကောင် ညီနောင်လည်း ဖြစ်နိုင်သည်။
မည်သို့ပင် ဖြစ်စေကာမူ ယင်းတို့မှာ ပို၍ ကြောက် မက်ဖွယ်ကောင်းလှ၏။ တစ်ကောင့် တစ်ကောင် အသက်ပေးကာကွယ်တတ်ပြီး တစ်ကောင့်တစ်ကောင် အားကိုးပြီး ရန်သူအား ခုခံတိုက်ခိုက်တတ် သည်။ ရန်သူတွေ့လျှင် ရဲဝံ့စွာ တိုက်ခိုက်ရန်မူတတ်သည်။
ဖက်ခူး၊ ဝါးခုတ်၊ ထင်းခွေ သွားကြသူများ ဆင်ညီနောင်သတ်၍ သေကြရသည်များရှိ၏။ ဝါရင့် မုဆိုးများပင် ဆင်ညီနောင်ကို ရှောင်ရှားတတ်ကြသည်။ ဆင်ညီနောင်မှာ များသောအားဖြင့် စွယ်စုံဆင်ပေါက်များ ဖြစ်ကြ၏။
“အေးလေဗျာ … အချိန်မစောတော့ဘူး။ တရုတ်သိုင်းကားတွေထဲကလို ပြောရရင် အိပ်ကြရအောင်။ မနက်ဖြန်အတွက် အားပြည့်နေဖို့လိုတယ်လေ”
(၃)
နှင်းတွေက ဝေနေသည်။ ဆောင်းဦးပေါက်ရာသီဖြစ်၍ ဥတုက စိမ့်စိမ့်အေးနေသည်။ ဝန်းကျင်တွင် ဝေလျက်ရှိသော နှင်းငွေ့ကြောင့် မြင်ကွင်းက ပိတ်ဆို့လျက်ရှိ၏။
နှင်းထုကို ထွက်ပြူနေသည့် နေရောင်ခြည်က ထိုး ဖောက်ခြင်း မပြုနိုင်သေးချေ။ နံနက်ဦးစာအဖြစ် ကောက်ညှင်းပေါင်းပူပူနွေးနွေးနှင့် ဆတ်သားခြောက်မီးဖုတ်၊ ကြက်ကြော်တို့နှင့် အဝစားလိုက်ကြ၏။ မတ်ခွက်အပြည့် ကော်ဖီကြမ်းတစ်ခွက်စီလည်း သောက်ပြီးကြပြီ ဖြစ်သည်။
ဖိုးထိန်ဦးစီးလျက် စီးဆင်တစ်ကောင် အဆင်သင့်ရှိနေ၏။ ဝဲဘောင်းတောသို့အသွားမှာ ခရီးတွင်ဖို့ ဆင်လိုသည်။ ဝဲဘောင်းတောဖျားရောက်မှ အခြေအနေကိုကြည့်ပြီး ဆင်အုပ်နောက်လိုက်ကြမည်ဟု စီစဉ်ထားကြ၏။
သင်းမြှောင်ကို တွေ့ခဲ့ရသော ဝဲဘောင်းချောင်းဖျားနေရာကို ဖိုးထိန် ကောင်းစွာသိရှိသဖြင့် ဖိုးထိန်အား ကျွန်တော်တို့စီးမည့်ဆင်ကို ဦးစီးစေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ စီး၍ ဝဲဘောင်းတောသို့ သွားမည့်ဆင်မှာ ကျော်ကြီးတို့သုံးနေကျဆင် ဖြစ်၏။ အလွန်လိမ္မာ၍ အထာသိသော စီးဆင်ဖြစ်သည်။
စခန်းမှထွက်သည့်အချိန်တွင် နှင်းမှုန်များကျဆင်းနေဆဲပင် ဖြစ်သည်။ နေခြည်ဖြာလျက်ရှိသည်ဖြစ်ရာ အအေးဓာတ်များလျော့ပါး၍ နွေးနွေးထွေးထွေးရှိလာသည်။ လေဝှေ့လိုက်သည့်အခါ အေးစိမ့်စိမ့် ပြန်ဖြစ်သွားသည်။
ဦးစီးဖိုးထိန်သည် စီးဆင်ကျော်စွာကို ကျွမ်းကျင်လိမ္မာစွာထိန်းလျက် ဝဲဘောင်းတောသို့ ရှေးရှုဦးတည်သွားလျက် ရှိ၏။ ကျော်စွာ၏ကျောထက်မှ က ပေါ်တွင် ကျွန်တော်က ၃ဝ-၆ဝ ဝင်ချက်စတာစပရင်းဖီးလ် အမဲပစ်ရိုင်ဖယ်ဖြင့်လည်းကောင်း၊ ကျော်ကြီးက ဒဿမ ၃၇၅ မက်နမ်ရိုင်ဖယ်ဖြင့်လည်း ကောင်း အသီးသီးအသင့်ကိုင်စွဲ လိုက်ပါလာသည်။
တောသည် အန္တရာယ်လုံးဝ ကင်းစင်နေဘိသည့်အလား။ မြိုင်ယံတစ်ခွင် သာသာယာယာ တွန်ကျူး ဟစ်ကျွေးလျက်ရှိသော ငှက်ကျေးသာ ရကာတို့၏ အသံဖြင့် ကျက်သရေပြည့်လျှမ်းနေသည်။
ပြိုးပြက်တောက်ပသော နေရောင်ခြည်တို့ကြောင့် ဆောင်းဦးနံနက်ခင်းသည် နုပျိုသစ်လွင်လှသည်။
ကျော်စွာသည် သွက်လက်လျင်မြန်စွာ ခရီးနှင်လျက် ရှိသည်။ က ပေါ်တွင် ဘယ်ယိမ်းညာနွဲ့လိုက်ပါရင်းက ဝဲယာနှစ်ဘက်သို့ သတိမပြတ်ထား၍ စူးစမ်းလေ့လာရ၏။
တောသည် စိမ်းစိုလျက်ရှိသည်။ နှင်းစက်များကြောင့် နေရောင်ခြည်အောက်တွင် တစ်ခွင်လုံး ဝင်းလက်ပြိုးပြက်နေသည်။ တောကြက်များ၏တွန်သံကို မပြတ် ကြားနေရ၏။
ကျော်စွာသည် ခပ်သွက်သွက် လှမ်းသွားနေသည်။
ကိုင်းပါးသောတောဖြစ်၍ နှင်းရည်လူးလျက်ရှိသည့် မြေအပြင်ကို ထင်ထင်ရှားရှား မြင်ရသည်။ ဆင်ဝိုင်းမှ ဆင်ယဉ်များ၏ ခြေရာပေါ် တောဆင်တို့၏ ခြေရာများပါ ထယ်ထိုးထားသလို ထပ်ထပ်ကြမ်းနေ သည်။ ဆင်ချေးပုံများလည်း အနှံ့အပြား တွေ့မြင်နေရသည်။
မွန်းမတည့်မီမှာ ဝဲဘောင်းတောအနီးသို့ ချဉ်းကပ် ရောက်ရှိကြသည်။
ဖိုးထိန်နှင့် ကျော်စွာကို ဝဲဘောင်းတောတွင် စောင့်ဆိုင်းနေစေပြီး ကျွန်တော်နှင့် ကိုကျော်တင့်က ချောင်းအတိုင်းအထက်သို့ တိုးဝင်သွားခဲ့ကြသည်။
ဝဲဘောင်းချောင်းဘေးမှာ ဒူးဆစ်ခန့်သာ ရေရှိသည်။ ရေမှာ နောက်ကျိလျက်ရှိပြီး ဆင်ချေးတုံးများ မကြာခဏ မျောပါလာနေသည်။ ချောင်းဖျားတွင် ဆင်အုပ်ရှိနေသည်မှာ သေချာလှသည်။
ကျော်ကြီးနှင့် ကျွန်တော်သည် ချောင်းတစ်ဘက်တစ်ချက်မှ ရင်ဘောင်တန်း၍ ချောင်းဖျားသို့ တရွေ့ရွေ့ဝင်လာကြ၏။ ဆင်ခြေရာက နေရာအနှံ့ ရှိနေသည်။
တစ တစနှင့် ဝဲဘောင်းတောတွင်းသို့ တစ်မိုင်ခန့် ဝင်ရောက်မိကြပြီဖြစ်သည်။
မကြာမီ ဆင်ခြေရာလတ်လတ်ဆတ်ဆတ်များကို မြင်ကြရသည်။
ကျော်ကြီးကို ချောင်းတစ်ဘက်ကမ်း ကျွန်းပင်များ ကြားတွင် ပေါ်လိုက်ပျောက်လိုက် တွေ့မြင်ရ၏။ ဆင်အုပ်၏ အသံဗလံကိုမူ မကြားရသေးချေ။
ဆင်တို့သည် တောတွင်းစားကျက်များအတွင်း အစာ ရှာဖွေစားသောက်ကြသည့်အခါ အတူတကွ မစားကြ။ တစ်ကောင်နှင့်တစ်ကောင် ကိုက်လေးငါးဆယ်မှ တစ်ရာအထိ ခွဲခွာ၍ လှည့်လည်စားသောက် လေ့ရှိ၏။
အသစ်စက်စက်ခြေရာများကို ကျွန်တော်ဝင်ရောက်လျက်ရှိသည့် မြိုင်တောအတွင်း ပို၍ များပြားစွာတွေ့နေရသည်။ ချောင်းတွင်းမှ အထက်တောင်စောင်းပေါ်သို့ လှန်၍ တက်သွားပုံရသည်။
ကျွန်းပင်တစ်ပင်၏ အခြေမှာ ရပ်၍ စူးစမ်းနေဟန်တူသည့် ကျော်ကြီးကို ကျွန်တော် လှမ်းမျှော်ကြည့်လိုက်၏။ သူကလည်း ကိုယ့်ဘက်လှည့်အ ကြည့်မှာ ကျွန်တော်၏ လက်ျာဘက် တောင်ကြောပေါ်သို့ ဆင်အုပ်တက်သွားကြောင်း အချက်ပြလိုက်ရသည်။
ကျွန်တော်ရှိရာ ချောင်းတစ်ဘက်သို့ လာရောက်ဖို့ လက်ဟန်ပြလိုက်သည့်အခါ ကျော်ကြီးက ချောင်းကိုကူး၍ ရောက်ရှိလာသည်။
“ချောင်းထဲမှာ ရေဆင်းသောက်ပြီး တောင်ကြောပေါ်တက်သွားတဲ့ခြေရာ တွေ့တယ်။ ခြေရာရော ချေးပုံတွေရော လတ်လတ်ဆတ်ဆတ်ပဲ။ ကြောပေါ်တက်လိုက်သွားရင်တော့ ဆင်အုပ်နဲ့ သေချာပေါက်တိုးမယ်ထင်တယ်”
ကျွန်တော့် ထင်မြင်ယူဆချက်ကို ကျော်ကြီးက သဘောတူထောက်ခံသည်။
“မုဆိုးဘက်မှာ ခြေရာတွေများတယ်။ အသစ်တွေပဲ။ ကျွန်တော့်ဘက်က ခြေရာတွေက ဟောင်းနေပြီ။ ကြောပေါ်တက်လိုက်ကြည့်တာပေါ့။ သတိတော့ ထားနော်”
“စိတ်ချပါ ကျော်ကြီးရာ။ ကျွန်တော်တို့က လေအောက်ကပဲ။ ဒီကောင်တွေ ကျွန်တော်တို့ အနံ့ကို မရနိုင် လောက်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် မြင်အောင်တော့ ရင်ပေါင်တန်းသွားပေါ့ ဟုတ်လား”
“အိုကေ … ကိုင်း တက်ကြစို့”
ကျွန်တော့်စကားမဆုံးမီ ချောင်းဘေး စနုံးတောစပ်မှ တဝုန်းဝုန်းတောတိုးသံများ ကြားလိုက်ရသည်။ အိခနဲ အိခနဲ အော်သံတစ်ချို့ထွက်လာသည်။
လူသံကြား၍ ရွှံ့လူးနေသည် ဝက်သားအမိ။ တောကိုတိုး၍ လေဝှေ့လိုက်သည့်အလား ထွက်ပြေးသွားကြသည်။
ကျော်ကြီးနှင့် ကျွန်တော်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ကြောသည် အနံတို၍ အလျားရှည်သော တောင်ကြောဖြစ်၏။ ကျွန်တော်တို့က အတွင်းပိုင်းသို့ ဖြည်းဖြည်းတိုးဝင်သွားကြသည်။
တောသည် မကျံမပါးရှိသည်။ ဒိုးနွယ်ပင်များ၊ ပေါက်နွယ်များ ဟိုသည်တွဲရွဲလျက်ရှိ၏။ ဆင်များနှစ်သက်သည့် အပင်များ ဖြစ်သည်။
နာရီဝက်ခန့်ကြာသောအခါ ဆင်သံများကို ကြားရသည်။
ကျော်ကြီး ရှိရာဘက်သို့ ကျွန်တော် လှမ်းမျှော် ကြည့်လိုက်သည့်အခိုက် သူကလည်း လှည့်အကြည့်နှင့် ဆုံမိသည်။ ဆင်သံများကို သူလည်းကြားရကြောင်း ရှေ့သို့ မေးဆတ်ပြသည်။
ခဏမျှအကြာတွင် ဆင်တစ်ကောင်၏ နားရွက်ခပ်သံကို ကြားလိုက်ရ၏။ ဖျတ်ခနဲ ဖျတ်ခနဲ နှစ်ချက်သုံးချက်ခပ်သံ ဖြစ်သည်။
ဆင်သမနွယ်များ အုပ်ဆိုင်းပေါက်ရောက်လျက်ရှိသော ခြုံတစ်ခုအကွယ်မှ ဝဲယာသို့ ကျွန်တော် ကြည့်လိုက်သည်။
ရှေ့ညာတစ်စောင်း ကိုက်အစိတ်ခန့်အကွာတွင် ကျွန်တော့်အား ဖင်ပေးလျက် ရပ်နေသည့် ဆင်ပေါက်တစ်ကောင်ကို တွေ့မြင်ရသည်။ ဆင်ပေါက် သည် စွယ်စုံဆင်တစ်ကောင်ဖြစ်သည်။ အစွယ်မှာ ငှက်ပျောဖူးသဏ္ဌာန် အရင်းတို၍ အဖျားချွန်သော အစွယ်ဖြစ်ပြီး ညီညာလှပသည်။
အခြားဆင်များ ရှိ မရှိ စူးစမ်းကြည့်လိုက်ရာတွင် ရှေ့ကြောတစ်လျှောက် ဆင်များကို နှစ်ကောင်တစ်တွဲ၊ သုံးကောင်တစ်တွဲ တွေ့ မြင်ရသည်။
ဆင်များက အစာမစားတော့ပဲ ငြိမ်နေသည်။ လူနံ့ရ၍ ငြိမ်နေလေသည်လားဟု ကျွန်တော် စဉ်းစားမိ သည်။ လေက ကျွန်တော့်ရှေ့မှ တိုက်နေသည်ဖြစ်ရာ ကျွန်တော်တို့က လေအောက်ကဖြစ်၍ မည်သို့မျှ ကျွန်တော်တို့၏ အနံ့ကို မရနိုင်ပေ။
စင်စစ် ဆင်အုပ်သည် ညက တစ်ညလုံး အစာစား ထားပြီးသားဖြစ်၍ နံနက်ပိုင်းတွင် ချောင်းတွင်းမှရေတစ်၀သောက်ပြီး မှတ်ခြင်ယင်နည်းပါးရာ တောင်ကြောပေါ်သို့တက်၍ နားနေကြခြင်းဖြစ်သည်။
ကျွန်တော်သည် ရှေ့တွင် တွေ့ မြင်နေရသည့် ဆင်ပေါက်ကိုပင် ပစ်ရန် အသင့်ကိုင်လာသည့် သေနတ်ကို ဆင်ပေါက်၏ ငှက်ပျောဖူး (နှလုံး) နေရာသို့
ချိန်လိုက်သည်။ ဆင်အုပ်နှင့် အနီးကပ် ရောက်နေပြီဖြစ်၍ တစ်ချက်တည်းနှင့် ကိစ္စတုံးဖို့ လိုအပ်လှသည်။ နောက်တစ်ကြိမ် အခွင့်အရေးရရှိဖို့ လွယ်ကူလှမည် မဟုတ်သည်က သေချာသည်။
ဖင်ပေးလျက် ရပ်နေသည့် ဆင်ပေါက်ကို ပစ်ရန်မှာ နောက်ပိုးသိပ် ပစ်ရပေမည်။ ဆတ်၊ စိုင်နှင့် ပြောင်လိုအမဲကြီးများအား နောက်ပိုးသိပ်ပစ်ရမည်ဆိုပါက လက်နောက်၊ လည်တိုင်၊ နားဂျောက် (နားနောက်) မည်သည့်နေရာပင်ဖြစ်စေ ကျည်ထိမှန်လျှင် တုန်းခနဲလဲ၍ သေနိုင်သည်။ တစ်ချက်တည်းနှင့် အမဲလဲရနိုင်သည်။
ဆင်ကဲ့သို့သော သတ္တဝါမှာမူ ချက်ကောင်းကိုမထိလျှင် တုန်းခနဲလည်း မလဲ၊ သေဖို့လည်း မသေချာပေ။ ဆင်၏ချက်ကောင်းမှာ ဦးနှောက် သို့မဟုတ် (Heart shot ) နှလုံးကို ဖောက်ထွင်းသွားမှသာ တုန်းခနဲလဲ၍ သေနိုင်ပါသည်။
အသက်ကိုအောင့်လျက် သေနတ်မောင်းခလုတ်ကို ဖြုတ်တော့မည့်ဆဲဆဲ …
“ဒိုင်း” ခနဲ ကျယ်လောင်ပြင်းထန်သော သေနတ်သံတစ်ချက် ဟိန်းထွက်လာသည်။ ကျော်ကြီး၏ ဒဿမ ၃၇၅ မက်နမ်ရိုင်ဖယ်သေနတ်သံ ဖြစ်သည်။ ကျွန်တော့်အား ဖင်ပေးလျက် ရပ်နေသော ဆင်ပေါက်သည် ဆတ်ခနဲ တစ်ချက်တုန်သွားပြီး “ဝူး” ခနဲ အော်ဟစ်၍ လေဝှေ့လိုက်သလို ပြေးထွက်သွားသည်။
ခပ်စောစောက နှစ်ကောင်တွဲ သုံးကောင်တွဲ စု၍ ငြိမ်သက်စွာ နားနေကြသည့် ဆင်များသည် အချက် ပေးသံကို ကြားလိုက်ရသည့်အလား ဝန်းကျင်အနှံ့ပြေးလွှားလျက် တွေ့မြင်သမျှ အရာဝတ္ထုများကို တိုက်ခိုက်သည်။ ခြုံပင်နွယ်ပင်များကို နှာမောင်းနှင့် ဆွဲ ခါပစ်သည်။ မြေပြင်မှာပေါက်နေသော ခြုံပုတ်များကို နင်းချေပစ်သည်။ ပေါင်လုံးခန့် သစ်ပင်များကို တွန်းလှဲသည်။ ဆင်များ ရန်သူကို ရှာဖွေတိုက်ခိုက်နေခြင်း ဖြစ်သည်။
မကြာမီ အခြေအနေက ယခုထက် ပိုမိုဆိုးရွားလာနိုင်သည်ကို ကျွန်တော် တွေးမိသည်။ လေဟာပြင်တွင် ခြုံတစ်ခုလောက်ကို ကွယ်၍ ရပ်နေရုံမျှနှင့် လုံခြုံမှု မည်သို့မျှ မရနိုင်ပေ။
အနီးအပါးသို့ ကြည့်လိုက်သည့်အခါ ကျွန်တော့်ညာတစ်စောင်း ကိုက်နှစ်ဆယ်ခန့်တွင် ကျွန်းပင်ကြီးတစ်ပင် ခပ်စောင်းစောင်းလဲလျက်ရှိသည်ကို တွေ့မြင်ရသည်။
အချိန်မဖြုန်းတော့ပဲ လဲနေသည့် ကျွန်းပင်ကြီး၏ အောက်ခြေသို့ ပြေးလွှားသွား၍ အကာအကွယ် ယူလိုက်ရ၏။
ဆင်များ၏ ဒလကြမ်းပြေးလွှားနေသံ၊ ခြုံနွယ်သစ်ပင်များအား နှာမောင်းဖြင့် ဆွဲလွဲပစ်နေသံ၊ မြေပြင်ကို
နှာမောင်းဖြင့် တဘုန်းဘုန်းရိုက်ခတ်နေသံများမှာ ကမ္ဘာပျက်သည့်နှယ်ပင်။
ခဏအကြာမှာ စွယ်စုံဆင်ပေါက်တစ်ကောင် ကျွန်တော်ရှိရာ ကျွန်းပင်ကြီးအနီးသို့ ရောက်ရှိလာပြီး ခေတ္တခဏမျှ ရပ်နေလိုက်၏။ လူနံ့ရ၍လား ရန်သူရှိသည်ကို သဘာဝအသိဖြင့် သိရှိလေသလား မဆိုနိုင်။
ဆင်ပေါက်သည် စွယ်စုံဆင်တစ်ကောင်ဖြစ်၏။ စွယ်တုတ်ဆင်ဖြစ်သည်။
တောဆင်သည် ကျွန်တော်ပုန်းအောင်းနေရာ ကျွန်းပင်ကြီးရှိရာသို့ မျက်နှာမူလျက် နှာမောင်းကို မြှောက်၍ အနံ့ခံနေပုံရသည်။
ကျွန်တော်သည် ထိပ်တိုက်တွေ့မြင်နေရသော ဆင်ရိုင်း၏ ကျောပြင်တည့်တည့်ကို ချိန်လျက် သေနတ်မောင်းကို ဖြုတ်လိုက်သည်။
ပြင်းထန်သော သေနတ်သံသည် ကျယ်လောင်စွာ မြည်ဟီးလျက် တောအပြင်တွင် ပဲ့တင်သံထပ်သွား သည်။ ဆင်ပေါက်သည် ကြီးမားသော အင်အားတစ်ခုဖြင့် ထုနှက်လိုက်သည့်နှယ် နေရာတွင်ပင် ရှေ့လက်နှစ်ဖက် ညွှတ်လျက် ဝပ်ကျသွား၏။ ထို့နောက် ညာတစ်စောင်းပြုလျက် တုံးလုံးလဲသွား၏။
ကျောက်ပြင်ဆိုသောနေရာသည် ဆင်၏ ဦးကင်းနှင့်ဆက်လျက် အောက်ဖက်တွင် ခပ်ပြားပြားရှိနေ သောနေရာ ဖြစ်၏။ ဆင်၏ နဖူးဟုလည်း ခေါ်ဆိုနိုင်သည်။
(Metal Cover) ကြေးထိပ်ဖူးတပ် ၃ဝ-၆ဝ ရိုင် ဖယ်ကျည်ဖူးသည် တောဆင်ရိုင်း၏ နဖူးကို ဖောက်ထွင်းလျက် ဦးနှောက်ကို ဖွင့်ပစ်လိုက်သည်ဖြစ်ရာ ဆင်သည် နေရာမှပင် မရွှေ့နိုင်ပဲ တုံးခနဲ လဲကျသေဆုံးသွားခြင်း ဖြစ်လေသည်။
မိနစ်အနည်းငယ်အကြာတွင် ဆင်သံများ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တွင် ထောင်းလမောင်းထ လျက်ရှိသော ဖုံမှုန့် သဲမှုန့်များ လျော့ပါးသွားသည်။ တောဆင်ရိုင်းများ တစ်ကောင်မျှ မကျန်တော့။
ကျွန်တော်က ခပ်ကိုင်းကိုင်းလဲလျက်ရှိသော ကျွန်း ပင်ကြီးအခြေမှ ထွက်၍ တုံးလုံးလဲလျက်ရှိသည့် ဆင်ကို သွားရောက်ကြည့်ရှုသည်။ ဆင်ရိုင်းမှာ ဆင်ပေါက်စွယ်စုံဖြစ်၏။
ကျော်ကြီးကို ရုတ်ချည်းသတိရ၍ ကျွန်တော် ဝူးခနဲ အသံပေးလိုက်သည်။ တစ်ခေါ်သာသာခန့် နေရာတစ်နေရာမှ ကိုကျော်တင့်၏ ဝူးခနဲ အသံပြန်ပေးသည်။
ကျွန်တော်က အသံကြားရာသို့ လျှောက်သွားသည်။ ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်အောက်မှာ ကျော်ကြီးကို တွေ့ရ၏။ ညောင်မုတ်ဆိတ်ပင်ကြီး၏ တွဲရရွဲကျလျက်ရှိသော အမြစ်များအကြားမှ သူ ထွက်လာခြင်းဖြစ်သည်။ သူ့ကိုယ်ပေါ် မှ ဖုံမှုန့်များ ပုရွက်ဆိတ်များကို ခါထုတ်ပစ်နေသည်။
“ဘယ်လိုဖြစ်တာလဲ ကျော်ကြီးရ။ တစ်ကိုယ်လုံးလဲ စုတ်ပြတ်နေတာပါလား”
“ဟုတ်တယ်လေ … ဆင်ညီနောင်ပေါ့။ တစ်ကောင်ကို ဘွားခနဲ တိုးလို့ပစ်လိုက်တော့ ငှက်ပျောဖူးထိ တယ်လေ။ တစ်လောတိုးပြေးသွားပြီးမှ လဲတယ်။ လိုက်မယ်လို့ထွက်တော့ သူ့အဖေါ်က တစ်ဘက်ကပြေးလာလို့ ညောင်မြစ်တွေကြားထဲ တိုးဝင်ပြီး အကာအကွယ်ယူနေလိုက်တယ်။ ဆင်ပေါက်က ဒေါသတကြီးနဲ့ရှာပြီး မတွေ့တော့ မုဆိုးဘက်ပြေးသွားတာပဲ။ ပစ်လိုက်ရတယ် မဟုတ်လား”
“ပစ်လိုက်ရပါ့ဗျာ။ ကျွန်တော့်ဘက်ကို ကမူးရှုးထိုးပြေးလာပြီး ရှေ့တည့်တည့်မှာ ပစ်ကွင်းလုပ်ပြီး လာရပ်လို့ ကျောက်ပြင်ကို ပစ်ထည့်လိုက်တယ်။ ကျော်ကြီးဆင်ကော ဘယ်မှာတုန်း”
ကျော်ကြီးပစ်ထားသော ဆင်ပေါက်ကို သွားကြည့်ကြ၏။ ဆင်မှာ စွယ်စုံဖြစ်၏။ ကျွန်တော်ပစ်ထားသော ဆင်နှင့် တစ်ရွယ်တည်းဖြစ်သည်။ သို့သော် ကျော်ကြီးပစ်ခဲ့သော ဆင်ပေါက်၏ အစွယ်သည် စွယ်ကော့ဖြစ်၏။ ဆင်ပေါက်၏ အစွယ်တစ်စုံသည် ကွေးညွှတ်လျက် အပေါ်သို့ ကော့တက်နေသည်။
ဝဲဘောင်းတောတစ်ခွင်တွင် ခိုအောင်းလျက် ကျေးလက်ပြည်သူအပေါင်းအား ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းများ ပေးလျက်ရှိသော တောဆင်အုပ် သင်ခန်းစာ ကောင်းစွာ ရသွားလောက်ပြီဖြစ်ပါသည်။ ဆိုးသွမ်းဆင်ရိုင်းအုပ်မှ ကြောက်မက်ဖွယ်ကောင်းလှသော တောဆင်ရိုင်းညီနောင် သေဆုံးခဲ့ပြီမဟုတ်လား။
မဘိန်းဒေသမှ ညောင်ပင်သာ၊ ကြခတ်ဝိုင်းနှင့် ဇင်ပြွန်းကျေးရွာများအနေဖြင့် အေးငြိမ်းသာယာမှုအပေါင်းနှင့် ပြည့်စုံနေချေပြီ။
(စာပေဗိမာန်စာမူဆုရ ဦးပေါ်သိန်း၏ ကျေးဇူးရှင်နှင့် ကျွန်တော် စာအုပ်မှ အချက်အလက်များကို ကိုးကားပါသည်)
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း
– ပြီး –
(အောက်က Telegram ကို Joint ထားကြပါဗျ)