ဖိုးကျော့


ကုန်းနေ သက်ရှိ တိရစ္ဆာန်များထဲတွင် ဆင်ဆိုသော တိရစ္ဆာန်မှာ ခွန်အားဗလနှင့် ကိုယ်ကာယ အကြီးမားဆုံး တိရစ္ဆာန် ဖြစ်လေသည်။ သို့သော် သက်ရှိထဲတွင် အသိဉာဏ်အရှိဆုံးဖြစ်သော လူသားများကလည်း ထိုအန္တရာယ်များသော, ခက်ခဲသော, မလွယ်ကူသော ဆင်ဖမ်းခြင်းအလုပ်များကို ဘိုးစဉ်ဘောင်ဆက်ကပင် လုပ်လာခဲ့ကြသည်မှာ ယနေ့အထိဖြစ်လေသည်။

မလျှော့သော ဇွဲလုံ့လ, ရဲစွမ်းသတ္တိ, အကြံဉာဏ်များကြောင့်လည်း ယနေ့လူသားများသည် လုပ်တိုင်းအောင်, ဆောင်တိုင်းမြောက်, ကြံတိုင်းပေါက်နေကြသည်။ မလွယ်ကူသော၊ ခက်ခဲသော၊ အန္တရာယ်များသော အလုပ်ကို လုပ်ရန် လူသားသုံးဆယ်ကျော်သည် ယနေ့ ရိုးမထဲ ရောက်နေကြ၏။

သူတို့သည် ဤရိုးမထဲ၌ ဆင်ရိုင်းများကို ကျုံးသွင်းထောင်ဖမ်းရန်အတွက် သက်ဆိုင်ရာသစ်တောဌာနတွင် ဆင်ဖမ်းလိုင်စင် ယူလာခဲ့ကြသည်။

လိုင်စင်ထဲတွင် ဆင်ရိုင်းဘယ်နှကောင်ထိ ပျမ်းမျှဖမ်းမည်။ သစ်ကွက်အမှတ် ဘယ်လောက်မှ ဘယ်လောင်အထိ ဖမ်းမည်။ အကျယ်အဝန်း မြေ ဧရိယာ ဘယ်လောက်ရှိမည်။ ဖမ်းမိသော သူတို့၏ ဆင်ရိုင်းအားလုံးကို နိုင်ငံပိုင်သစ်ထုတ်လုပ်ရေးသို့
သတ်မှတ်ထားသော ကာလပေါက်ဈေးအတိုင်း အားလုံးရောင်းချပါမည်ဟု ဝန်ခံချက်ပေးခဲ့ကြရသည်။

ထိုသို့လျှောက်ထားချက်ကို စစ်ဆေးအတည်ပြုပြီးလျှင် ဆင်ဖမ်းလုပ်သားများအား အမတော်ကြေးကို ထုတ်ပေးလေသည်။

ဆင်ကျုံးတစ်ကျုံးအတွက် ကုန်ကျစရိတ်မှာ အနည်းဆုံး ကိုးထောင် တစ်သောင်းခန့်ရှိလေသည်။ ဆင်ဖမ်းလုပ်သားများသည် မိမိတို့ ဆင်ကျုံးတည်ဆောက်ရမည့် ရိုးမထဲသို့ တော်သလင်း၊ သီတင်းကျွတ် လလောက်ကပင် အကုန်ရောက်နေကြရလေသည်။

သူတို့သည် တောဆင်ရိုင်းများ ဖမ်းဆီးရန် ခွင့်ပြုထားသော သစ်ကွက်အမှတ်တောနက်ထဲတွင် တောဆင်ရိုင်းများ၏ သွားလာလှုပ်ရှားမှု အခြေအနေကိုအကဲခတ်၍ ဆင်ကျုံးတည်ဆောက်ရမည့် နေရာကို ပထမဦးဆုံး ရှာဖွေကြရလေသည်။

သူတို့သည် တောဆင်ရိုင်းများ ဖမ်းဆီးရန် ခွင့်ပြုထားသော သစ်ကွက်အမှတ် တောနက်ထဲတွင် တောဆင်ရိုင်းများ၏ သွားလာလှုပ်ရှားမှု အခြေအနေကိုအကဲခတ်၍ ဆင်ကျုံးတည်ဆောက်ရမည့် နေရာကို ပထမဦးဆုံး ရှာဖွေကြရလေသည်။

ဆင်ကျုံးတည်ဆောက်ရန်အတွက် အသင့်တော်ဆုံးသောနေရာများမှာ ဆင်ရိုင်းများ မကြာခဏ ဖြတ်သန်းသွားလာတတ်သော လမ်း၊ ခြေရာ စသည်တို့ကို တွေ့ ရှိထားသော နေရာများ၊ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်လျှင် ဆင်ရိုင်းများ ဝင်ရောက်ခိုအောင်းနိုင်လောက်အောင် အရိပ်အာဝါသ ကောင်းစွာရှိသော နေရာများ၊ စမ်းချောင်း ရေအိုင်များနှင့် နီးသောနေရာများ၊ ဆင်ကျုံးဆောက်လုပ်လျှင် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲမရှိနိုင်သည့်နေရာများ၊ တောင်ကုန်း ခေါင်ခေါင်လည်းမကျ မြေပြန့်ချည်းလည်း မဟုတ်သော ဆင်ခြေလျှောမြေများ၊ ဆင်ရိုင်းများ ဖမ်းမိသောအခါ လေ့ကျင့်သင်ကြားမှုပေးရန်အတွက် ကျယ်ပြန့်သော မြေနေရာများ၊ အနီးအနားတွင် ကျုံးတည်ဆောက်ရန်အတွက် သစ်ဝါးများ အလွယ်တကူရရှိနိုင်မည့်နေရာများ၊ ဖမ်းမိထားသော ဆင်ရိုင်းများအတွက် အစာရေစာ အလွယ်တကူ ရရှိနိုင်မည့်နေရာများကို ဝိုင်းဝန်းရှာဖွေကြရလေသည်။

ဆင်ကျုံးနေရာကို ရွေးချယ်သတ်မှတ်ပြီးသောအခါ ဆင်ဖမ်းလုပ်သားများသည် ဆင်ကျုံးတည်ဆောက်ရန်အတွက် ပတ်ဝန်းကျင်ရှိ တောတောင်ထဲမှ သစ်ဝါးများကို ရှာခုတ်ကြရသည်။

ဆင်ရိုင်းများ ထောင်ဖမ်းရန် ကျုံးမှာ တစ်ဖက်ကျဉ်းတစ်ဖက်ကျယ်ဖြစ်ပြီး စတုဂံပုံသဏ္ဌာန် ရှိသည်။ ကျုံးအကြီးအသေးကို လိုက်၍ အလျား ပေ ၆ဝ မှ ၁ဝဝ အထိ ရှိလေသည်။

ထိုသို့သော ဆင်ကျုံးတစ်ခုတည်ဆောက်ရာတွင် ကုန်ကျသော ပစ္စည်းများကိုလည်း ကြည့်ပါဦး။

ဖြောင့်တန်းနေသော ကျုံးတံခါးတိုင် လေးလုံး။ တိုင်တစ်လုံး၏ အရှည်မှာ ၃၅ပေ၊ လုံးပတ်မှာ သုံးပေ ခြောက်လက်မ။

ထို့နောက် ကျုံးတိုင်ရိုးရိုး အလုံးသုံးဆယ်။ ကျုံးတိုင်တစ်လုံး၏ အရှည်မှာ ၁၆ ပေ၊ လုံးပတ်မှာ တံခါးကဲ့သို့ပင် သုံးပေခြောက်လက်မ။

ဤမျှနှင့် မပြီးသေး၊ ခြံကာသလို ကျုံးကို ကာရန် အရှည် ၁၆ပေနှင့် ၁၆ပေအထက်၊ လုံးပတ် ရှစ်လက်မ ဆယ်လက်မခန့်ရှိ မျောတန်းများ အလုံး ၃ဝဝ ကျော်ကိုလည်း ရှာဖွေခုတ်ဖြတ်ကြရသည်။

ဤသည်မှာ ကျုံးတံခါးနှင့် ရဲလောင်းလန်တာ မပါသေးပေ။

ကျုံးတိုင်နှင့် မျောတန်းများမှာ ဖြောင့်ဖြူးရသည်။ အကိုင်းအခက်များကို ချောမွတ်အောင် ရဲတင်း, ဓားပုဆိန်တို့နှင့် ရွေချောထားရသည်။

ဤသို့ပြုလုပ်ရခြင်းမှာ တောဆင်ရိုင်းများ ကျုံး၌ မိသောအခါ ကျုံးတိုင်များ၊ မျောတန်းများကို နှာမောင်းနှင့် အောင်းခြင်း၊ ခေါင်းနှင့်ဝှေ့ခြင်း၊ ကိုယ်လုံးနှင့်တိုက်ခြင်း ပြုလုပ်သော်လည်း အနာဒဏ်ရာ မရအောင် ကြိုတင်ရွေချောထားရခြင်းပင်။

ကျုံးဆောက်လုပ်ရာတွင် ကျုံးတိုင်နှင့် မျောတန်းများကို အခိုင်အခံ့ ချည်နှောင်ကြရလေရာ အုန်းဆံကြိုးပိဿာ နှစ်ရာ၊ ကြိမ်ဖြင့် တုပ်နှောင်မည်ဆိုလျှင် ကြိမ်နီအပင်ပေါင်း ၅ဝဝဝ ထိ ကုန်ကျလေသည်။

သံ, သံကြိုး, သွပ်ကြိုးများကို လုံးဝ မသုံးရပေ။ ဆင်များ ကျုံး၌မိလျှင် အလွန် ဒေါသကြီးပြီး အောင်းရာ၌ ဒဏ်ရာရလျှင် သံဆိပ်, သွပ်ဆိပ် တက်မှာ စိုးရိမ်သဖြင့်ဖြစ်လေသည်။

ဆင်ကျုံးတံခါးနှင့် ရဲလောင်းလန်တာများ ပြုလုပ်ပြီးသောအခါ ဆင်အုပ်ကို ထောက်လှမ်းရန် လေးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ တောထဲတောင်ထဲ တပ်ဖြန့်ထွက်ရလေသည်။

ကောင်းကျော်၊ ကောလီ၊ သာရင်နှင့် တင်မောင်တို့ အဖွဲ့သည် ဆင်ကျုံး၏ အရှေ့အရပ်ကို ထွက်လာကြသည်။ ဆင်ရိပ်ကိုတွေ့လျှင် လူရိပ်လူယောင်ပြကာ ကျုံးရှိရာသို့ တဖြည်းဖြည်း မ,လာကြရမည်ဖြစ်ရာ အိုး ခွက် ပန်းကန်နှင့် ဆန် ဆားတို့ကို သုံးလေးရက်စာ ယူဆောင်လာကြရသည်။

တစ်ခါ တစ်ခါဆိုလျှင် တစ်ပတ်ခန့်ပင် ကြာတတ်၏။

သူတို့သည် ဆန်ထမင်းနှင့် ဆားဟင်းကို စားကာ ဆင်းရဲပင်ပန်းကြီးစွာနှင့် ဆင်အုပ်နောက်ကို လိုက်ကြရလေသည်။ သူတို့ ကိုယ်ပေါ်တွင် စားအိုး စားခွက် ဆန်ဆား အပြင် ဆင်အုပ်ကို ခြောက်လှန့်ရန် မီးတုတ်, မီးကွင်းများ, ပေထုပ်, ဗျောက်အိုးများကိုလည်း တစ်ပါတည်း ယူဆောင်လာကြရလေ၏။

သူတို့မောင်းလာကြသော ဆင်အုပ်က ကျုံးနားရောက်လာလျှင် မီးတုတ်မီးကွင်းများ ထွန်းညှိ ၍လိုက်ပစ်ခြင်း၊ ပေထုပ်ဗျောက်အိုးများကို ပစ်ဖောက်ခြင်းတို့ဖြင့် ဆင်အုပ်အား ကျုံးနားအရောက် မောင်းလာ မ,လာကြရပေမည်။

ကျုံးနားရောက်လာသော ဆင်အုပ်အား တစ်ဆယ့်နှစ်ပေခန့်သာ ကျယ်သော ဆင်ကျုံးတံခါးထဲ ဝင်အောင် မောင်းသွင်းရသောအလုပ်မှာ အလွန် အသက်အန္တရာယ်နှင့် နီးသည်။ ဆင်နှင့် လူသားတို့သည် ထိုနေရာ၌ သက်စွန့်ဆံဖျား အစွမ်းပြိုင်ကြရသည်။

ယခု ကောင်းကျော်, ကောလီ, သာရင်နှင့် တင်မောင်တို့အဖွဲ့ ဆင်အုပ်ရှာထွက်လာကြခြင်းမှာ ကျုံးသွင်းခါနီးအလုပ်နှင့်စာလျှင် ထမင်းစား ရေသောက် အလုပ်လောက်သာ ရှိသေးသည်။

ဆင်အုပ်ရှာခြင်း၊ ဆင်ကင်းထောက်ခြင်းတို့မှာ ဆင်အုပ်ကိုတွေ့လျှင် ခပ်လှမ်းလှမ်းမှ လူသံပေး၍ မောင်းလာ မ,လာရသော အလုပ်ဖြစ်သဖြင့် ဆင်ကို အကောင်အထည်ပင် နီးနီးနားနား မမြင်ကြရသေးပေ။

သို့သော် ဤနေ့တော့ ကံဆိုးချင်၍လားမသိ။ သူတို့အဖွဲ့သည် ဆင်အုပ်နှင့်မတွေ့ဘဲ ခိုထီးခေါ် စွယ်ပြောင်ကြီးတစ်ကောင်နှင့် စမ်းချောင်းနားတစ်ခုတွင် ပက်ပင်းသွားတိုးမိကြသည်။

အုပ်မှ တစ်ကောင်ထီးတည်း ထွက်နေသော စွယ်ပြောင်ကြီးသည် သူတို့ကိုမြင်သည်နှင့် ထိုးလိုက် တော့၏။ မမျှော်လင့်ဘဲ ဆင်လိုက်ခံရသော သူတို့ လေးယောက်မှာ ကိုယ့်အသက်ကိုယ်လု၍ ပြေးကြ ရသည်။

လောလောဆယ်တွင် တောထဲတောင်ထဲ၌ ဘယ်သူက ဘယ်ကိုရောက်မှန်းမသိ။ တစ်ယောက် တစ်ကွဲစီ ဖြစ်သွားကြသည်။

စမ်းချောင်းကမ်းပါးယံနားတွင် ဆားဓာတ်ပါသောကျစ်မြေကို စားနေသောဆင်ကြီးသည် အငြိုးကြီးစွာနှင့် ကောလီနောက်ကို လိုက်လာသည်။

ဆင်လိုက်ခြင်းနှင့် ပတ်သက်၍ အတွေ့ အကြုံ ရှိသော ကောလီကလည်း ပထမ ကွေ့ပတ်ပြေးသည်။

လူက ကွေ့ပတ်ပြေးလျှင် ဆင်က လူကို တော်တော်နှင့် လိုက်မမီနိုင်ပေ။ ဆင်မှာ ကိုယ်ခန္ဓာကြီးမားသဖြင့် အကွေ့အလှည့်တွင် ကြာတတ်သည်။ ဤသည်ကို သိသော ကောလီက သစ်တောထဲ၌ ကွေ့ပတ်၍ပြေး၏။

သို့သော် နာရီဝက်ခန့်ကြာ၍ လူသာ မောလာသည်၊ ဆင်ကြီး၏အမြင်ထဲမှ မလွတ်မြောက်နိုင်သေး။ ဆင်ကြီးကား ကောလီကို အမြင်နှင့်တစ်မျိုး၊ အနံ့ခံ၍တစ်ဖုံ လိုက်နေတုန်းသာ ရှိသေး။

မောပန်း၍ အလဲလဲ အပြိုပြိုဖြစ်လာသော ကောလီမှာ တစ်ချက်တစ်ချက်တွင် ဆင်ကြီး၏နှာမောင်းထဲ ပါသွားလေပလားဟုပင် ထင်လိုက်ရ၏။

တောင်ကမ်းပါးယံ သစ်တောမှာလည်း အောက်ခြေရှင်းသော အင်တောကြီးဖြစ်နေရာ ဆင်ကြီးသည် သူ လှည့်ပတ်ကွေ့ပြေးနေသမျှကို လှမ်းမြင်နေရ၏။

တစ်ခါတစ်ခါတွင် သူ၏ ဂငယ်ကွေ့၊ ဃကြီးကွေ့အပြေးများကို ဆင်ကြီးက မျဉ်းဖြောင့်တစ်ကြောင်းဆွဲပြေးချလာပြီး သူ့ကို နှာမောင်းနှင့် လှမ်းဖမ်းရန် ကြိုးစားလာသည်။ ဆင်နှာမောင်းနှင့် သူ့ကိုယ်ကို လေဟပ်သွားတိုင်းသွားတိုင်း ကောလီမှာ “ငါတော့သေပြီ” ဟု ခေါင်းနားပန်းကြီး သွားတတ်သည်။

အင်ပင်ကြီးများသာ ကြားခံမနေလျှင် အမှန်လည်း ကောလီသည် စွယ်ပြောင်ဆင်ကြီး၏ နှာမောင်းဖျား ကားခနဲ ပါသွားနိုင်၏။

သို့သော် ယခုတော့ အင်ပင်ကြီးတွေ ကြားခံနေသဖြင့် ကောလီကို စွယ်ပြောင်ကြီးက မဖမ်းမိနိုင်သေး။ ကောလီကိုယ်ပေါ်မှ လွတ်ကျသွားသော စားအိုးစားခွက်အချို့နှင့် ရေဘူး, မီးကွင်း, မီးတုတ်များကို ဆင်ကြီးက ဒေါသနှင့် နင်းခြေပစ်ကာ ကောလီနောက် ဆက်လိုက်လာလေ၏။

သည်လိုနှင့် ဆင်ပြောင်ကြီးကလိုက်၊ ကောလီက ပြေးနှင့် တစ်နာရီနီးပါးခန့် ကြာလာသောအခါ ကောလီမှာ မပြေးနိုင်တော့။ မောပန်း၍ ဟောဟဲ ဟောဟဲဖြစ်နေပြီ။ ရေမသောက်ရသဖြင့် လည်ချောင်းလည်း ကွဲထွက်မတတ် နာကျင်နေလေပြီ။ အကယ်၍ ရေဘူးသည် သူနှင့်အတူ ပါလာသေးလျှင်လည်း ရပ်တန့်ပြီး ရေသောက်နေရန် ကောလီမှာ ဘယ်လိုမှ အချိန်မရခဲ့။

သူ့မှာ တစ်ချိန်လုံး သေပြေးရှင်ပြေးသာ ပြေးနေရလေ၏။ ဆင်ကြီးနှင့် သူမှာ တဖြည်းဖြည်းနှင့် တစ်လံကွာ နှစ်လံကွာအထိ နီးကပ်လာလေပြီ။ သည့်ထက် ဝေးဝေးကို ရောက်အောင် သူမပြေး နိုင်တော့။

နောက်ဆုံးတော့ ဂုံညင်းနွယ်ပင်တစ်ပင် တွယ်တက်နေသော မျောက်ချောပင် တစ်ပင်ပေါ် သူ တွယ်တက်လိုက်သည်။

ထိုအချိန်မှာပင် သူ့အောက်ကိုရောက်လာသော ဆင်ပြောင်ကြီးက ဂုံညင်းနွယ်ပင်ကို အောက် ကဆောင့်ဆွဲလိုက်ရာ ဂုံညင်းနွယ်ပင်မှာ ချက်ချင်း ပြုတ်ကျလာ၏။ ကောလီက မျောက်ချောကိုင်း တစ်ကိုင်းကို လှမ်းကိုင်မိလိုက်၍သာ။

သို့မဟုတ်လျှင် ဆင်နင်း၍ မသေတောင် သစ်ပင်ပေါ်က လိမ့်ကျ၍ ကောလီ ခုလောက်ဆို သေနှင့် ပြီးနေပေမည်။

ကောလီသည် အထိတ်တလန့်နှင့် အောက်သို့ ငုံ့ကြည့်လိုက်၏။

စွယ်ပြောင်ဆင်ကြီးသည် သူ့အား ဒေါသတကြီးနှင့် မော့ကြည့်နေသည်။ ဤဆင်သည် ကောလီအပေါ်၌ ဤမျှ ရန်ငြိုးကြီးနေခြင်းကို ကောလီမှာ မတွေးတတ် အောင်ဖြစ်သွားမိသည်။

အမှန်က ဆင်များသည် ဝမ်းချုပ်လာပြီဆိုလျှင် သူတို့၏ သဘာဝဗီဇစိတ်အသိဖြင့် ဆားဓာတ် ပါသော ကျစ်မြေကို မက်မက်မောမော စားတတ် ကြသည်။ ဆင်များ ဆားမြေကို စားနေစဉ် လာရောက်နှောင့်ယှက်လျှင် သို့မဟုတ် လာလုလျှင် ဆင် အချင်းချင်းပင် အသေအကျေ တိုက်ခိုက်တတ် လေသည်။

ယခုလည်း ကောလီအား အငြိုးကြီးစွာနှင့် လိုက်လာခြင်းမှာ သူပိုင် ဆားမြေကျင်းကို လာလုသူ သို့မဟုတ် လုရန်လာသူဟူသော အငြိုးကြီးနှင့် ဒေါသတကြီး လိုက်လာခြင်း ဖြစ်လေ၏။ ဒေါသကြီးနေသော စွယ်ပြောင်ကြီးသည် သစ်ပင်ပေါ် တက်ပုန်းနေသော ကောလီကို မြင်သောအခါ သစ်ပင်ကြီးကို ဦးကင်းနှင့် တဒိုင်းဒိုင်း ပြေးအောင်းသည်။

ဆင်ကြီး အောင်းလိုက်တိုင်း သစ်ပင်ကြီးမှာ ယမ်းခါနေသဖြင့် ကောလီမှာ သစ်ပင်ပေါ်က စဉ်ခါမကျလေအောင် မျောက်ချောပင်ကိုင်းကြီးကို ဖက်တွယ်ထားရ၏။

ဆင်ကြီးသည် သူ့ကို မော့ကြည့်လိုက်၊ သစ်ပင်ကို နှာမောင်းနှင့် အောင်းလိုက် လုပ်နေချိန်တွင် ကောလီအတွက် ခဏတစ်ဖြုတ် အနားရသွားသည်။

သို့သော် မျောက်ချောပင်မှာ ကျုံးတိုင်သာသာခန့်သာ ရှိသဖြင့် ဆင်ပြောင်ကြီးက ကြာကြာအောင်းလာလျှင် လဲကျသွားနိုင်သည်။

မည်သို့ လုပ်ရပါမည်နည်း။ ယခုမှ ကောလီ စဉ်းစား နိုင်တော့သည်။

ဆင်ကြီး ဤနေရာမှ ထွက်ပြေးသွားအောင် မည်သို့လုပ်ရမည်နည်း။ တခြားအဖွဲ့သားများနှင့် ကွဲသွားသော ကောင်းကျော်၊ သာရင်နှင့် တင်မောင်တို့အား အကူအညီ ခေါ်ရအောင်ကလည်း ဝေးဝေးကပင် ကြားနိုင်သော ကျီ ခေါ် ဝါးပလွေကလည်း မပါတော့။

ဆင်ကြီးလိုက်သဖြင့် ဘယ်နေရာကျကျန်ရစ်ခဲ့သည် မသိတော့။

ကြောက်ကြောက်နှင့် အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်ပြန်ရာ ရင်ထဲမှာ ဗလောင်ဆူသွားသည်။ သူတက်ပုန်းရသော သစ်ပင်ကို ဦးကင်းနှင့် အောင်းမရသော ဆင်ကြီးသည် သူ၏ကြီးမားတုတ်ခိုင်သော အစွယ်ကြီးနှင့် တစ်ဆဆထိုးပြီး မျောက်ချောပင်ကို ခါးလယ်မှ ချိုးလှဲရန် ကြိုးစားနေ၏။

“ကယ်ကြပါဦးဗျို့ … ကယ်ကြပါဦး၊ ဆင်ကြီး သတ်လို့ ကျုပ် သေရတော့မယ်”

ကောလီသည် ကြောက်အားလန့်အားနှင့် မျောက်ချောပင်ပေါ်က တအားဟစ်အော်သည်။ ကောလီ၏ အထိတ်တလန့်အော်သံသည် တောင် ချိုင့်တွေကို ပဲ့တင်ရိုက်ကာ သူ့ဆီသာ ပြန်လာ၏။ သူ့အဖွဲ့နှင့် သူ့လူများဆီက ‘ကျီ’ မှုတ်၍ အချက်ပေးသံ၊ အော်ဟစ်၍ အကူအညီလာသံတို့ကို လုံးဝမကြားရ။

ကောလီမှာ ပိုပြီး စိတ်အားငယ်သွား၏။ ကြောက်ကြောက်ရွံ့ရွံ့နှင့် ထပ်အော်ပြန်သည်။

“ကိုကောင်းကျော်၊ ဟေး ကိုသာရင် ကျုပ်ကို ကယ်ကြပါဦးဗျ၊ ဆင်ကြီးက ကျုပ်ကို သတ်တော့ မယ်”

သူအော်ဟစ်၍ အကူအညီတောင်းသံကို ကြားခါမှ ဆင်ကြီး၏ လှုပ်ရှားမှုက ပို၍မြန်ဆန်လာ၏။ ဆင်ကြီးသည် မျောက်ချောပင်ကို နှာမောင်းနှင့်ဆွဲလှဲရန် အစွယ်ဖြင့် တရစပ် ထိုးဆွနေလေသည်။ သစ်ခေါက်ခွံများသည် ထင်းခွဲလိုက်သလို ဖွာထွက်လာ၏။

ကောလီသည် ဤဆင်ကြီး အန္တရာယ်မှ လွတ်နိုင်မည့် နည်းလမ်းများကို ဇောချွေးပြန်ကာ စဉ်းစားနေသည်။ စိတ်ထဲ နည်းနည်း အကြောက်သက်သာသွား၏။

“ဆင်လိုက်၍ ပြေးမလွတ်လျှင် သေးပေါက်ချလိုက်ပါ။ လူသေးနံ့မှာ ဆင်များကြောက်တတ်သော ခွေးသေးနံ့နှင့် တူသဖြင့် လူသေးနံ့ရလျှင် ဆင်ပြေးသည်”

ဟု ဝါရင့် ဆင်သမားကြီးတွေက ပြောဖူးသည်။

“ဟုတ်ပြီ”

ဟူသော ဝမ်းသာအားရစိတ်နှင့် ကောလီသည် မျောက်ချောပင်အောက်က ဆင်ပြောင်ကြီးကိုယ်ပေါ် သေးပန်းချလိုက်၏။

ဆင်ကြီးက သူ့ကို တစ်ချက်သာ မော့ကြည့်ပြီး ပို၍ ဒေါသထွက်လာကာ တကျီကျီအော်ပြီး မျောက်ချောပင်ကို သူ၏အစွယ်နှစ်ချောင်းနှင့် တအားပစ်အောင်းပစ်လိုက်သည်။ မျောက်ချောပင်ကြီးမှာ သိမ့်သိမ့်ခါ ထွက်သွားသဖြင့် ကောလီမှာ သစ်ပင်ပေါ်ကပြုတ်မကျအောင် မနည်းဖက်တွယ်ထားလိုက်ရ၏။

ခက်ပြီ၊ ဆင်သမားဝါရင့်ကြီးတွေ ပြောသလို ဤဆင်ကြီးကား သေးပေါက်ချ၍လည်း မပြေးပါ တကား။

ဆင်ကြီးသည် မျောက်ချောပင်ခြေရင်းကို သေးပေါက်ချကာ မြေထဲမှ မျောက်ချောပင် မြစ်တွေကို ခွာရှပ်ပြီး နှာမောင်းနှင့်ပင် ဆွဲဖြတ်နေလေပြီ။

ရုတ်တရက်မူ ကောလီမှာ တစ်ကိုယ်လုံး သွေးဆုတ်သွားလေသည်။

စောစောက ဆင်ကြီး အစွယ်နှင့်ထိုးပြီး နှာမောင်းနှင့်ချိုးရန် ကြိုးစားခဲ့စဉ်က မျောက်ချောပင်မှာ နေဝင်၍ပင် မလဲနိုင်သော်လည်း ဤတစ်ခါတော့ မကြာခင် မျောက်ချောပင်ကြီး အမြစ်ပေါ် ကာ လဲတော့မည်။

မည်သို့ လုပ်ရပါမည်နည်း။

“ကယ်ကြပါဦးဗျို့၊ ကျုပ်ကို ဆင်ကြီး သတ်တော့မယ်… ကယ်ကြပါဦး”

ကြံရာမရတိုင် ကောလီမှာ သွေးရူးသွေးတန်းနှင့် အာခေါင်ကိုခြစ်ကာ ကုန်း၍ချည်းသာ အော်ဟစ်အကူအညီတောင်းလျက် ရှိလေသည်။

လူအော်သံကြားတိုင်း ဆင်ကြီးကလည်း မျောက်ချောပင်ခြေရင်းကို သေးထပ်ပေါက်လိုက်၊ ခွာနှင့်ရှပ်လိုက်၊ ပေါ်လာသော အမြစ်တွေကို နှာမောင်းနှင့် ဆွဲဖြတ်လိုက်၊ မျောက်ချောပင်ကြီးကို ဦးကင်းနှင့်အောင်းလိုက် ပိုလုပ်လာ၏။

“ကယ်ကြပါဦးဗျို့၊ ကျုပ်…. ကျုပ်”

“ဒိုင်း”

ကောလီ၏ အော်သံမဆုံးခင်တွင် တစ်ဖက်တောင်ကမ်းပါးယံမှ ပေထုပ်ဖောက်သံတစ်ခုကို မသဲမကွဲ ကြားလိုက်ရသည်။

ဆင်နင်းလို့ သေတော့မှာပဲဟု အကြောက်လွန်ကာ ချွေးပြန်နေသော ကောလီသည် ဤတစ်ခါမှ ချက်ချင်း အကြံရသွားသည်။

ဆရာကြီးက သူတို့အား တစ်ယောက်လျှင် ပေထုပ်လေးငါးလုံးစီပေးစဉ်က

“ဒီပေထုပ်တွေဟာ မင်းတို့ဆင်ဖမ်းသမားတွေအတွက် အရေးအကြီးဆုံးပစ္စည်းပဲ။ အဲဒါကြောင့် ဒီပေထုပ်တွေကို မင်းတို့ ကိုယ်နဲ့မကွာ ထားတတ်ရမယ်။ အိတ်ထောင်ထဲ အမြဲထည့်ထားကြရမယ်။ ဆင်က မင်းတို့ကိုလိုက်လို့ မင်းတို့က ဘယ်လိုမှ ပြေးမလွတ်တော့ဘူးထင်ရင် ဒီပေထုပ်ကို အိတ်ထောင်ထဲက ပြေးရင်းလွှားရင်း နှိုက်ပြီး သစ်ပင်, ကျောက်တုံး, မြေမာ တစ်ခုခုကို တအားပစ်ပေါက်ရမယ်။

ပေထုပ်ပေါက်ကွဲသံ မြည်တာနဲ့ ဆင်ဟာ လန့်ပြီး ပြန်ပြေးလိမ့်မယ်။ ဒါကို မင်းတို့ ဘယ်တော့မှ မမေ့စေနဲ့။ တခြား မီးကွင်းတို့, မီးတုတ်တို့, ဗျောက်အိုးတို့ ဆိုတာကတော့ မီးခြစ် ခြစ်ဖို့ အချိန်ရမှ၊ ဓာတ်မီးခြစ်ပါမှ ဆင်ကို ခြောက်လှန့်နိုင်တာ။ အဲဒါကြောင့် ပေထုပ်ဟာ မင်းတို့ ဆင်ဖမ်းသမားတွေအတွက် အသက်ဘူးပဲ”

ဟု ပြောပြခဲ့ဖူးသည်။

ယခု သူ အော်ဟစ် အကူအညီတောင်းနေသံကိုကြား၍လား၊ သို့မဟုတ် ထိုပေထုပ်ဖောက်သူ သည်လည်း မိမိကဲ့သို့ ဆင်တစ်ကောင်ကောင်၏ အန္တရာယ်နှင့်ပဲ တွေ့နေ၍လားတော့မသိ။ ပေထုပ် ဖောက်သံကိုတော့ သူ့နားထဲ အမှန်ပင် ကြားလိုက်ရသည်။

အမှန်က သူသာမဟုတ်။

သူ့အား သတ်ဖြတ်ရန် ကြိုးစားနေသော ဆင်ပြောင်ကြီးပင် ပေထုပ်ဖောက်သံကို နားစွင့်ကာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းသွားသည်။ ဆင်ကြီးသည် ထိတ်ထိတ်လန့်လန့်နှင့် နားစွင့်ကာ ပေရပ်နေ၏။

ကောလီသည် ဝမ်းသာအားရနှင့် သူ့အိတ်ထောင်ထဲ စမ်းကြည့်လိုက်၏။ ဆင်ဆိုးကြီးလိုက်၍ သေးပြေးရှင်ပြေး ပြေးလာရသော သူ့ကိုယ်ပေါ် တွင် လွယ်အိတ်ကအစ ဘာမှမပါတော့သော်လည်း အိတ်ထောင်ထဲ ထည့်ထားသော ပေးထုပ်လေးငါးလုံးသည် သူနှင့်မကွဲမကွာ ရှိနေသေးလေသည်။ ပေထုပ်ငါးလုံးတွင် သုံးလုံးက ချွေးစေးတွေနှင့် စိုရွှဲနေသဖြင့် ပေါက် မပေါက် စိတ်မချရတော့။

ထို့ကြောင့် ချွေးမစိုသေးသော ပေထုပ်နှစ်လုံးထဲက တစ်လုံးကို ချိန်ရွယ်ပြီး ကောလီသည် ဆင်ကြီးနားရှိ သစ်ပင်ဖျဉ်းစောင်း တစ်ခုပေါ်သို့ တအားပေါက်ချလိုက်သည်။

“ဒိုင်း”

ကောလီ ပစ်ဖောက်လိုက်သော ပေထုပ်ကြီး၏ ပေါက်ကွဲသံသည် တစ်တောလုံး တစ်တောင်လုံး ဟိန်းထွက်သွားသည်။

ဒိုင်းခနဲ ပေထုပ်ပေါက်ကွဲသံနှင့်အတူ “ကျီခနဲ” ဆင်ကြီးအော်သံကိုလည်း မီးခိုးယမ်းတွေကြားထဲ ကြားလိုက်ရ၏။ကောလီသည် ဝမ်းသာအားရနှင့် မျောက်ချောပင်ပေါ်က အောက်သို့ ငုံ့ကြည့်လိုက်သည်။

ပေထုပ်မှ ယမ်းနံ့များနှင့်အတူ ယမ်းငွေ့များ မှိုင်းဝေနေသော မျောက်ချောပင်အောက်တွင် စောစောက သူ့အား သတ်ဖြတ်ရန် မာန်ဖီနေသောဆင်ကြီးကို အရိပ်အယောင်မျှပင် မမြင်ရတော့။

ရိုးမထဲတွင် ဆင်လိုက်၍ ချွေးတဒီးဒီးကျနေသော ကောလီသည် ယခုမှ ဝမ်းသာအားရနှင့် သူ့ကိုယ်ပေါ်က ချွေးများကိုသုတ်ကာ သက်မချနိုင်သွားလေသည်။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ