ထွန်းတောက်
ဆတ်ပေါက်ခံ ကံမကောင်းသော်လည်း
တာလောကြီးကျေးရွာသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။
ဝိုင်းမော်မြို့မှ ဧရာဝတီမြစ်ကြောင်း အတိုင်း စုန်ဆင်းလာပါက အဖြောင့်အတိုင်း (၁ဝ)မိုင်ခန့် ဝေးသည်။ ကွေ့ကောက်သောမြစ်ကြောင်းအလိုက် သင်္ဘောငယ်များ၊ စက်လှေများဖြင့် ဝိုင်းမော်မြို့မှသည် ဧရာဝတီအနောက်ဘက်ကမ်းရှိ မြစ်ကြီးများသို့ ဆန်တက်ကြရသည်။
ကျေးရွာဟုဆိုသော်လည်း အိမ်ခြေ (၂ဝဝဝ) ကျော်မျှရှိသည်။ ဤမျှကြီးမားကျယ်ပြန့်သော ရွာကြီး၏ အုပ်ချုပ်ရေးပိုင်း ဆောင်ရွက်မှုသည်လည်း မြို့တစ်မြို့နီးနီး ရှိပါသည်။
မူလတန်း ကျောင်း(၂)ကျောင်း၊ အလယ်တန်း ကျောင်း (၁)ကျောင်း ထားရှိသည်။ မြို့ပြအဆင့်မီ ရွာကြီး တစ်ရွာဖြစ်၍ လွန်ခဲ့သော (၃၂)နှစ်ခန့်က ဖွဲ့စည်းပုံအရ မြို့အဆင့်သတ်မှတ်ပေးရန် လျာထားခဲ့ဖူး သည်။
ထိုရွာကြီး၏ အနောက်ဘက်ခြမ်းတွင် မြစ်၏ နုန်းတင်မြေနုများ ကျယ်ပြန့်စွာ ရှိသည့်အတွက် ဆီစားမုံညင်းပင်များသည် ဝင်းဝါကာ ရွှေရောင်လွှမ်းလျက် ရှိသည်။
အချို့နေရာတွင်မူ ငှက်ပျော၊ အုန်းတို့သည်လည်း ကွက်ကွက်ကွင်းကွင်း စိုက်ပျိုးထားလျက်ရှိသည်။
အရှေ့ဘက်ခြမ်းတွင်မူ လယ်ကွက်များ၊ ဥယျာဉ်ခြံမြေများနှင့် ပြည့်နှက်လျက်ရှိပြီး (၄) မိုင်ခန့်အကျော်တွင်မူ သစ်ဝါးများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။ ကချင်တောင်တန်းကြီးသည် ဧရာဝတီမြစ်နှင့်အပြိုင် မြောက်မှ တောင်သို့ သွယ်တန်းလျက် ရှိသည်မှာ ကျေးရွာ၏ အလှကို ထင်ထင်ရှားရှား ခံစားနိုင်သည်။
ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် ကျောက်ကမ်းပါးယံကြီးများ၊ မြင့်မားမတ်စောက်သော မြေသားပေါက် သစ်ပင်ကြီးများ၊ ဝါးရုံသစ်တောကြီးများ ဖုံးလွှမ်းလျက်ရှိသည်။
ဖားကန့်၊ ကာမိုင်း၊ မိုးကောင်းမှ နန်းကွေ့ချောင်း ချောင်းရိုးတစ်လျှောက် ဖြတ်ကျော်ကာ ဧရာဝတီမြစ်ကမ်းသို့ ပေါက်ရောက်သော လမ်းသေးလမ်းသွယ် ဖြတ်လမ်းတို့မှ မကြာခဏ သောင်းကျန်းသူအဖွဲ့များ ဖြတ်သန်းရာ လမ်းကြောင်းရှိပြီး ဧရာဝတီမြစ်ကို ဖြတ်ကူးကာ တာလောကြီးရွာသို့ ဝင်ရောက်၊ ထိုမှတဖန် တောင်တန်းကို ကျော်လွန်၍ တစ်ဖက်နိုင်ငံသို့ သွားလာနိုင်သော လမ်းကြောင်းသည် အစဉ်အမြဲ ရှိနေသည်ဖြစ်ရာ ထိုရွာကြီးတွင် ကျောက်စိမ်းသယ်ယူ ပို့ဆောင်ပေးသော သောင်းကျန်းသူများ ခိုဝင်ရပ်နားခြင်း မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းကြီးများသည် ထိုရွာ၌ အခြေပြု လှုပ်ရှားပေးနေရသည်။
၁၉၇၃ခုနှစ်၊ နှစ်လယ်ပိုင်းတွင် တပ်ရင်းဌာနချုပ် ရှိရာ မြစ်ကြီးနားမြို့မှ အင်အား(၈ဝ)ကျော်ပါဝင်သော တပ်ခွဲတစ်ခွဲကို ဗိုလ်ကြီးသန်းမောင်ဦးဆောင်ကာ ဤတာလောကြီကျေးရွာတွင် အခြေပြုလှုပ်ရှားခဲ့ရပါသည်။
ထိုတပ်ခွဲတွင် ကျွန်တော် တပ်ကြပ်ကြီးထွန်းရီသည် တပ်စုတစ်စုကို ဦးစီးကာ တာလောကြီးရွာ၏ အရှေ့ဘက် ကချင်တောင်တန်းများနှင့် နီးကပ်လျက်ရှိသော တောင်ကုန်းတစ်ကုန်းတွင် စခန်းထိုင်နေစဉ် ရပ်ကွက်(၅) ဥက္ကဋ္ဌ ဦးမာနော် စခန်းသို့ ရောက်လာ သည်။
“ဆရာကြီးကို တွေ့ချင်လို့တဲ့”
ဟု ကင်းစောင့်ရဲဘော်မှ သတင်းပို့သည်။
“ဩ ရပ်ကွက်(၅)ဥက္ကဋ္ဌကြီး ဦးမာနော်ပါလား။ ဘာများ လုပ်ပေးရမလဲ ပြောပါခင်ဗျာ”
ဟု ကျွန်တော်မှ ဦးစွာ နှုတ်ဆက်လိုက်ပါသည်။
ဦးမာနော်မှ…
“ဆလန်ရေ ကျွန်တော့် ပဲကြီးခင်းကို ဆတ်ကျွဲကြီးတစ်ကောင် ဝင်စားတာ တော်တော်ပျက်စီးသွားပြီဗျ။ ဒီကောင်က တော်တော်ကြီးတယ်။ လူကိုလည်း မကြောက်ဘူးဗျ။ စားတာက နည်းနည်းပါ။ ကဆုန်ပေါက်ပြီး ပဲပင်တွေကို ဖျက်ဆီးတာက များတယ်။ ပဲကြီးပင်များက အပွင့်အသီးစနေပြီဆိုတော့ တော်တော် နှမြောတယ်ဗျာ”
“ဟုတ်ကဲ့ ကျွန်တော် ဘာလုပ်ပေးရမလဲ”
ဟု ကျွန်တော်က ပြောလိုက်တော့
“အိုဗျာ ဆလန်ကလည်း … ဘာလုပ်ရမှာလဲ၊ ဒီ ဆတ်ကြီးကို ရှင်းပေးဖို့ အကူအညီတောင်းတာပါ”
လို့ ဦးမာနော်က ခပ်ထေ့ထေ့ ပြောလာပါသည်။
“ကောင်းပြီ … သူက ဘယ်အချိန် လာတတ်လဲ”
“မနက်စောစောနဲ့ ညနေ နေဝင်ချိန်လောက်မှာ အလာများတယ်ဗျ”
“ဒါနဲ့ ဦးမာနော်တို့ဆီမှာ တူမီးသေနတ်လေးဘာ လေး မရှိဘူးလားဗျ”
“မပြောချင်ပါဘူးဆလန်ရယ်၊ အိမ်က တူမီးသေနတ်ကို ယာခင်း အကောင်ပလောင်လေးဘာလေး ခြောက်လှန့်ဖို့ ထားပါတယ်။ ဟိုတလောက တောကောင်တွေလာပြီး တူမီးသေနတ်ကို သိမ်းသွားတယ်လေ”
“ဒီခေတ် မောင်းပြန်သေနတ်တွေ သုံးနေတဲ့နေရာမှာ ဒီ တူမီးသေနတ်က ဘာလုပ်ဖို့လဲဗျ”
“မမေးရဲပါဘူး ဆလန်ရယ်။ ဒီကောင်တွေက မ ထင်ရင် မထင်သလို လုပ်တတ်ကြတာဗျ။ ကိုယ်ချင်းစာတဲ့စိတ် တစ်စက်ကလေးမှ မရှိကြဘူး။ ကျုပ်တို့ရွာသားတွေရဲ့အခက်အခဲကို သိကြတာမဟုတ်ဘူး။ ဆက်ကြေးပဲ ရချင်နေတာ။ ဆက်ကြေးမရရင် လူပေးရတယ်။ လူသစ်စုဆောင်းတယ်လို့ ပြောတာပဲ။ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ကြာပါပြီဗျာ။ ကျွန်တော်တို့တော့ ခုချိန်ထိ လွတ်လပ်ရေးရယ်လို့ မရှိပါဘူး”
“ကဲပါ ဦးမာနော်ရယ် သိပ်လည်းစိတ်ညစ်မနေပါနဲ့။ ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ကူညီပါ့မယ်။ မြစ်ကြီးနားဘက် ပြောင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ ကူညီမယ်”
“မဖြစ်သေးပါဘူး ဆလန်ရယ်။ ဒီမှာက စားရေး သောက်ရေး လွယ်လွယ်ကူကူ ရှာဖွေလို့ရတယ်။ ဟိုမှာက ပိုက်ဆံရှိမှ စားရမှာ၊ ပိုက်ဆံရှာရတာလည်း ခက်တယ်။ နောက်တော့လည်း တစ်မျိုးစဉ်းစားမှာပေါ့။ အခုတော့ ဒီဆတ်ကြီးကို ရှင်းပေးဖို့ ကူညီပါ ဗျာ။ ဒါမှ မဟုတ်ရင် ကျွန်တော့်ပဲခင်းကြီး ကုန်သွားလိမ့်မယ်”
“ကျွန်တော့်ကို အဲဒီဆတ်ကြီးရဲ့ အနေအထားကိုလည်း ပြောပြပါဦးဗျ”
ဦးမာနော်မှ …
“ဆတ်ကြီးက ကျွန်တော်တို့မြင်ဖူးသမျှထဲမှာ ဒီဆတ်ကြီးက အကြီးဆုံးပဲဗျ။ သူချိုကြီးကလည်း တစ်ဖက်နဲ့ တစ်ဖက် (၃)ပေလောက်တောင် ရှိမလားမသိဘူးဗျ။ အကြောက်အလန့်လည်း မရှိဘူး။ နတ်က ဖန်ဆင်းထားတာလား အောက်မေ့ရတယ်။ ကျွန်တော်က ဓားချွန်တစ်ချောင်းပဲ ပါတာ။ ကျွန်တော်တစ်ယောက်တည်းဆိုတော့ ဒီကောင်ကြီးက ကျွန်တော့်နောက် ပြေးလိုက်လာတာ အတော့်ကို လျှင်မြန်တယ်။ ကျွန်တော့်အခင်းဝင်တာ ဒီနေ့ဆို (၇)ရက် ရှိသွားပြီ။ သူက ဗြောက်အိုးဖောက်သံကိုတောင် မကြောက်ဘူး။ ခပ်တည်တည်ကြီး စားလို့ ဗိုက်ပြည့်မှပဲ ပြန်သွားတာ။ သူ့လည်တိုင်က အောက်ကို သိပ်မငုံ့နိုင်ဘူး။ ဆတ်ထီးကောင်ကြီးပဲ၊ တစ် ကောင်တည်းနေတာနဲ့ တူတယ်။
“ခင်ဗျားအခင်းက (၃) ဧကလောက် ရှိမယ်။ ပြီးတော့ တောင်နှစ်လုံးကြား လျှိုထဲမှာဆိုတော့ ဒီကောင်ကြီးကိုဖမ်းဖို့ တော်တော်ကြီး ကြိုးစားရလိမ့်မယ်”
ဟု ကျွန်တော်မှ ပြောသောအခါ …
“ဆလန်ကလည်း သေနတ်နဲ့ပစ်ပေါ့ဗျ။ ခင်ဗျားမလည်း စစ်သားဖြစ်ပြီး ဆတ်ကြီးကို ကြောက်နေပြီထင်တယ်”
“ဒီလိုမပြောပါနဲ့ ဦးမာနော်။ ကျွန်တော်က မုဆိုးတွတ်ပီကြီးထက်တောင် အစွမ်းထက်တယ်။ တွတ်ပီကြီးက နှစ်လုံးပြူးသေနတ်လေး။ တစ်ခါပစ်မှ ကျည်ဆံ(၂)တောင့် ထွက်တာ။ ကျွန်တော့်သေနတ်က အတောင့်(၂ဝ)ကို တစ်ကြိမ်တည်း ပစ်လို့ရတဲ့ မောင်းပြန်ကာဘိုင် သေနတ်လေဗျာ။ ဒီဆတ်လောက် စာမဖွဲ့ပါဘူးဗျာ”
ဦးမာနော်ကြီးက ကျွန်တော့်အကြောင်း သိပြီးသား။ ကျွန်တော့်စိတ်ကို ဆွပေးလိုက်တာ ဖြစ်နိုင်တယ်။ ကျွန်တော်ကလည်း သူ ဆွပေးတာကို သိလျက်နဲ့ မခံချင်စိတ်လေးဝင်လာပြီး ကြွားလုံးလေးထည့်လိုက်ခြင်းဖြစ်သည်။ ဒီတင်မက …
“ဒီမှာ ဦးမာနော် … ကျွန်တော့်ကို ပေါ့သေးသေးမထင်ပါနဲ့။ ပျဉ်ထောင်ကြိုးဝိုင်းထဲမှာ တပ်က သင်ပေးတဲ့ ခြေရာခံခြေရာကောက် မုဆိုးအမဲလိုက်သင် တန်းဆင်းရင်း ပြောင်တစ်ကောင်၊ (နွားနောက်) ခေါ် စိုင်တစ်ကောင်၊ ဝက်ဝံတစ်ကောင်၊ ဆတ်ကျွဲကြီး(၂)ကောင် ကို (၁ဝ)ရက်အတွင်း ပစ်ခဲ့တဲ့သူပါဗျ”
“ဟုတ်ပါပြီ ဆလန်ကြီးရယ် … ကျွန်တော်ကလည်း ဆလန် တပည့်တွေပြောထားလို့ သိပြီးသားပါ။ ဆလန့်စိတ်ကို စမ်းကြည့်တာပါ … စိတ်မဆိုးပါနဲ့”
“ကျွန်တော်သိပါတယ် ဦးမာနော်။ ခင်မင်လို့ ပြောကြတာကို စိတ်မရှိပါဘူးဗျာ။ မနက်ဖြန် မနက်စောစော ကျွန်တော် လာခဲ့ပါ့မယ်”
ဟု ချိန်းဆိုလိုက်ပါသည်။
xxx xxx xxx
ကျွန်တော်တစ်ယောက်တည်း လက်စွဲတော် ကာဘိုင် သေနတ်နဲ့ ကျည်အပြည့်ထည့်ထားသော ကျည်အိမ်တစ်ကတ် အသင့်တပ်ဆင်လိုက်သည်။ ကျည်အိမ်နှစ်ကတ်(ကျည်ဖြည့်ပြီး) အပိုနှင့် ကျည်စလွယ်တစ်ကုံးကို လွယ်ကာ အခြားပစ္စည်းများ မယူဘဲ အဖော်မပါ တစ်ကိုယ်တည်း စခန်းမှထွက်လာခဲ့သည်။
စခန်းနှင့် အတော်အတန်ဝေးသော ဦးမာနော်၏ ပဲကြီးခင်းသို့ နံနက်(၅) နာရီခန့်တွင် ရောက်သည်။ ဦးမာနော် ပဲခင်းတွင် စောင့်အိပ်သည်ဖြစ်၍ စာခြောက်ရန် လင့်စင်ကြီးပေါ်တွင် ဦးမာနော်ကို တွေ့ရ သည်။ ပဲကြီးခင်းကတောင် နှစ်လုံးကြား မညီညာသော မြေကွန့်မြေကောက် အတက်အဆင်းအမို့အမောက်ဖြစ်နေသည်ကြောင့် လွန်စွာ ကြည့်ကောင်းပါသည်။
အဲဒီအချိန်က အဖူးအပွင့် ပွင့်ချိန် ဖူးချိန်ဆိုတော့ အဖြူရောင်အပွင့်များ အရွက်အစိမ်းရောင်၊ ခရမ်း ရောင်အပွင့်အချို့က ကြားဖောက်ဆိုတော့ လှပသော ရှုခင်းတစ်ခု ဖြစ်သည်။ ဘေးဘယ်ညာတောင် ခါးပန်းတို့တွင်လည်း လှေခါးထစ်တောင်ယာများရှိသလို သစ်ပင်များလည်း ကြိုကြား ပေါက်နေသည်။
ဦးမာနော်ကြီး လက်ညှိုးညွှန်ပြနေသော နေရာသို့သွားကြည့်သည်။ တော်တော်တောင်များနေပြီပဲ။ (၇)ရက်ပဲစားသေးတာ၊ (၁ဝ) ရက်လောက် စားလိုက်ရင် တစ်ကွင်းလုံး ကျွတ်သွားနိုင်တယ်ဟု စိတ်ထဲ တွေးမိနေသည်။ အဲဒီကောင်ကို ရအောင် ဖမ်းမှဖြစ်မယ်ဟု စိတ်ဒုံးဒုံးချ ဆုံးဖြတ်မိသည်။
နှင်းလူးထားသော မြေကွက်လပ်များတွင် ခွာရာများ အထင်းသားပေါ်လျက် ရှိသည်။ အလို ဆတ်ခြေရာက အကြီးကြီးပါလား။ အနည်းဆုံး နွားပေါက်လောက် ရှိမယ်။
သို့သော် နံနက်(၇)နာရီထိုးသည်အထိ ဆတ်ကြီးကားပေါ်မလာ။ ထို့ကြောင့် ဦးမာနော် ရှိနေသော လင့်စင်ပေါ်သို့ တက်ခါ စကားစမြည် ပြောနေလိုက်သည်။
(၁ဝ)နာရီထိုးနေပြီ ဖြစ်သောကြောင့် ဒီနေ့မနက် မလာတော့ကြောင်း ဦးမာနော်က ပြောသဖြင့် ကျွန် တော်လည်း စခန်းသို့ပြန်ထွက်လာခဲ့ပါသည်။
xxx xxx xxx
နောက်တစ်နေ့ညနေ (၄)နာရီတွင် ဆတ်ကျွဲကြီး လှုပ်ရှားနေမှုအား ရှေ့ဦးထောက်လှမ်းပြီး နယ်မြေအား အသေးစိတ် မှတ်သားထားခဲ့သည့်အတိုင်း ဦးမာနော်၏ တောင်ယာပဲကြီးခင်းသို့ ရောက်ရှိလာခဲ့သည်။
ဦးမာနော်ကမူ စောင့်နေကျ လင့်စင်ပေါ် တွင် ရှိနေသည်။ စင်ပေါ်မှ ဦးမာနော်က လက်ညှိုးညွှန်ပြသည်။ ဆတ်ကြီးကို မြင်လိုက်ရ၍လား မသိ။
ကျွန်တော်ရောက်နေသော ပဲကြီးခင်းအစွန် ကုန်းကမူလေးအောက် သစ်ပင်ကြီးတစ်ပင် လဲနေသည်။ သစ်ကိုင်းခြောက်များလည်း ထိုးထိုးထောင်ထောင် ဖြစ်နေသည်။
ကျွန်တော် မုဆိုးကျော်တွတ်ပီအသွင်ဖြင့် ခါးမှာပါခဲ့သော ရေဘူးမှ ရေတစ်ကျိုက်သောက်လိုက်သောအခါ အသင့်ပြင်ထားသော ကာဘိုင်သေနတ်ကို ဘယ်လက်တစ်ဖက်နှင့်သာ ကိုင်ထားရသည်။
ကျွန်တော်၏ အပေါ် လူတစ်ရပ်ခန့်ရှိ ကုန်းကမူခြံထဲမှ ဆတ်ကြီးက ကျွန်တော်ထံ ခုန်ချ၍ ခွာများနှင့်အဆက်မပြတ်ပေါက်ပါတော့သည်။ အမလေး ကယ်ကြပါဦးဗျလို့ အော်လိုသော်လည်း မုဆိုးသိက္ခာကျမည်စိုး၍ ကြိတ်မှိတ်ခံစားလိုက်ရသည်။
မြေပြင်ကို ဆတ်ခွာတစ်ချက်မိ၍ ရှေ့သို့မှောက်လျားထိုးလဲကျသွားသည်။ ဘယ်ဘက်လက်ဖြင့် ကိုင်ထားသောသေနတ်မှာ အောက်သို့လွင့် စင်ကျသွားပါတော့သည်။
လင့်စင်ပေါ်မှကြည့်နေသော ဦးမာနော်ခင်မျာ အလွန် အံ့အားသင့်နေသည်။
“ဆလန် … ဆလန် ဘာတွေဖြစ်ကုန်တာတုန်း။ ခင်ဗျားနောက်နားမှာ သစ်ပင်ကြီးလဲနေတယ်။ အဲဒီနေရာမှာ အလျားလိုက် ဝင်နေလိုက်ပါ”
ဟု သတိပေးလျက် ရှိသည်။
ကျွန်တော်လည်း လွင့်ကျသွားသော သေနတ် ရလိုရငြား ဆွဲယူနေသော်လည်း ဆတ်ကြီးက ကဆုန်ပေါက်၍ ကျွန်တော့်အနားက ခွာသွားလိုက်၊ ခွာဖြင့် ကျောကုန်းကိုမှန်းပြီး ပေါက်လိုက်နှင့် အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသော်လည်း ကျွန်တော်၏ ကျော ကုန်းကို မပေါက်မိဘဲ သစ်ပင်ကြီးကိုသာ ခွာနှင့်ပေါက်မိနေသည်။
ပထမအကြိမ် ပေါက်မိလိုက်သော ခွာဒဏ်ရာက မနက်လှ၊ သွေးမထွက်သော်လည်း အတော်အတန် နာနေသည်။ သို့နှင့် မုဆိုးကြီးတွတ်ပီ ကံမကောင်းသောနေ့ ဖြစ်ခဲ့ပါသည်။
သေနတ်ကို လက်လှမ်း၍ မမှီသဖြင့် မလှုပ်မယှက် နေလိုက်သည်။ ထိုမှသာ ဆတ်ကျွဲကြီး ကျွန်တော့ အနားကခွာ၍ တောနက်ထဲသို့ ပြေးဝင်သွားပါတော့သည်။
ဤသည်ကို အစအဆုံးမြင်နေရသော ဦးမာနော် လင့်စင်ပေါ်မှ ပြေးဆင်း၍ ကျွန်တော့်အနီး ရောက်လာချိန်တွင်
“ဦးမာနော် ဆတ်ကြီး ဘယ်ဘက်ကို ထွက်သွားသလဲဗျ”
ဟု မေးလိုက်သည်တွင်
“ဆလန် ဘာမှမဖြစ်ဘူးနော်။ ကျွန်တော်ဖြင့် သွေးရဲရဲ တွေ့ရတော့မယ် မှတ်တာ။ ဆတ်ကြီးကတော့ တောထဲဝင်သွားပြီ”
“ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ပထမဆုံးခွာချက်မှာ မိသွားတာ။ ဒီသစ်ပင်သာ မကယ်ရင် ကျွန်တော်ဖြင့် ဘယ်လောက်များ ခံလိုက်ရမယ် မသိဘူးဗျာ”
“ကျွန်တော်မပြောဘူးလား ဆလန်။ ဒီကောင့်ကို ပေါ့ပေါ့တန်တန် မထင်နဲ့။ ဒီကောင်ကြီးက သေနတ်ပါတဲ့သူကိုတောင် မမှုဘူး။ ကျွန်တော့်လို ဓားသမားတွေဆို ရှိတယ်တောင် မထင်တဲ့ အကောင်ဗျ”
ဟု ပြောပြီး ငိုအားထက် ရယ်သားသန်ဆိုသလို မုဆိုး ကျော်ဖိုးထော်နှင့်လည်းကောင်း၊ မုဆိုးကြီးတွတ်ပီနှင့်လည်းကောင်း၊ မုဆိုးကြီးအလန်ကွာတာမိန်းနှင့်လည်းကောင်း နှိုင်းယှဉ်သတ်မှတ်ခြင်းခံခဲ့ရသော ကျွန်တော်သည် အရင်က ဘယ်လိုပဲ မုဆိုးကျော်နေပါစေ ဒီတစ်ပွဲတော့ တွတ်ပီတို့ ကံမကောင်းပါလားနော် ဟု နှစ်ယောက်သားပြောဆိုကာ တဝါးဝါး ရယ်မောကြလေသတည်း။
xxx xxx xxx
ဆတ်ခွာ ဒဏ်ရာတစ်ချက်သာ မိခဲ့သော ကျွန်တော်မှာ တစ်သက်တာ ဒဏ်ရာများ ဖြစ်သွားပြီ မှတ်ရသည်။ ကျွန်တော်၏ မုဆိုးသက်တမ်းတလျှောက်လုံး ဤအတွေ့အကြုံသည် ပထမဆုံး အတွေ့အကြုံ ဖြစ်ပါသည်။
ဤဖြစ်စဉ်ကို သိရှိသူမှာ ကျွန်တော်နှင့် ဦးမာနော် နှစ်ယောက်သာ ရှိသော်လည်း သတင်းကား တစ်ရွာလုံး ပျံ့နှံ့သွားပါတော့သည်။
သူများတွေဆိုရင် ရှက်၍ပင် အသက်ထွက်နိုင်သည်။ တွတ်ပီတို့ကတော့ ရိုးနေပြီ။ မရှက်ရေးချ မရှက်ပါ။ ဆတ်ကြီးနဲ့ သတ်ပုတ်ပွဲမှာ ကျွန်တော် ရှုံးခဲ့သော်လည်း မုဆိုးအတွေ့အကြုံအရ ဂုဏ်ယူနေမိပါသည်။
တပ်ခွဲမှူး ဦးစီးနှစ်စုတစ်ရုံး လှုပ်ရှားအဖွဲ့ လာရောက်ရိက္ခာထုတ်သောအခါ တပ်ခွဲမှူးမှ
“ဆရာထွန်းရီ … သက်သာရဲ့လားဗျ”
“ဘာကိုပြောတာလည်းခင်ဗျ။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး”
ဟု ကျွန်တော်က နားမလည်ဟန်ဖြင့် ပြန်ပြောလိုက်တော့
“ခင်ဗျားနဲ့ ဆတ်ကျွဲတို့ တိုက်ပွဲမှာ ခင်ဗျားရဲ့ရှုံးပွဲကိုတစ်ရွာလုံး ပြန့်နှံ့နေတဲ့ သတင်းအရ မေးလိုက်တာပါဗျာ”
ဟု တပ်ခွဲမှူးမှ ပြောလိုက်သဖြင့် ဘေးရှိ ရဲဘော်များ တဝါးဝါး ရယ်ကြပါလေ၏။
ညရောက်သောအခါ တပ်ခွဲမှူးမှ ခေါ်သည်။
“ဆရာထွန်းရီ ၊ ခင်ဗျား ဗိုလ်သင်တန်းတက်ဖို့ မြစ်ကြီးနားတပ်ရင်း ဌာနချုပ်ကို ပြန်ခဲ့ပါတဲ့။ ဆတ်ပေါက်ခံရလို့ ကံမကောင်းတဲ့ တွတ်ပီကြီးကတော့ ဗိုလ်သင်တန်းတက်ဖို့အတွက် ကံကောင်းသွားပြန်ပြီဟေ့”
ဟု တပ်ခွဲမှူး လက်ခုပ်လက်ဝါးတီး ချီးကျူးထော ပနာပြုမှုကိုလိုက်၍ တပ်ခွဲတစ်ခွဲအင်အား(၈ဝ)တို့ ဂုဏ်ပြုလက်ခုပ်သံများသည် တာလောကြီးတစ်ရွာလုံး ပဲ့တင်ထပ် ဆူညံသွားပါတော့သည်။
နောက်တစ်နေ့တွင် ကျွန်တော် စခန်းထိုင်တာဝန်ခံ တပ်ကြပ်ကြီးမြင့်ဆွေအား လွှဲပြောင်းပေးပြီး တစ်ကိုယ်တည်း တာလောကြီးမှ အဆန်မော်တော်တစ်စင်းဖြင့် လိုက်ပါလာခဲ့ရာ မြစ်ကြီးနားဌာနချုပ်သို့ ရောက်ရှိခဲ့ပါသည်။
နောက်တစ်နေ့ ရုံးချိန်တွင် တပ်ရေးဗိုလ်ကြီးမှ တပ်ရင်းမှူးထံ သတင်းပို့လွှတ်ရာတွင်
“တပ်ရေးဗိုလ်ကြီး၊ ဒီကောင့်သတင်း မှန်ရဲ့လား”
“မှန်ပါတယ် စီအိုကြီး”
“မင်းကွာ ဆတ်ကလေးတစ်ကောင်ကိုတောင် နပန်းလုံးတာ မနိုင်ဘူးဆိုတော့ မုဆိုးသိက္ခာကျပြီပေါ့ကွာ။ ဟား ဟား ဟား”
“ဟုတ်ကဲ့ အဘ၊ ကျွန်တော့်အပေါ်စီးက ခုန်ချလိုက်တော့ နပန်းလုံးချိန် မရလိုက်ဘဲ ဆတ်ကျွဲကြီးရဲ့ခွာတစ်ချက်နဲ့ အသက်ထွက်မတတ် နာသွားပြီး ပြန်လည်လုံးထွေးဖို့ မစဉ်းစားဘဲ လဲနေတဲ့ သစ်ပင်လုံးဘေး အလျားလိုက်မြောင် မှောက်ခုံအိပ်နေလိုက်ရတယ်။ သူခုတ်လိုက်တဲ့ ခွာတိုင်းကလည်း သစ်တုံးကိုပဲ ခုတ်မိနေတော့ သူ့ခြေထောက်နာပြီး ထွက်သွားမှ အသက်ရှူရပါတယ် အဘ”
“တပ်ရေးဗိုလ်ကြီး ဒီကောင် ဘာမှရှိပုံမပေါ်ဘူး၊ (၃)လစာ ထုတ်ပေးလိုက်။ စစ်ဝတ်စုံတွေလည်း အဟောင်းအသစ် အားလုံးလည်း ယူသွားပါစေ။ ဒီကောင်အတွက် ဆတ်ပေါက်ခံ ကံမကောင်းဖြစ်တာက ဗိုလ်သင်တန်းစာမေးပွဲအောင်လို့ ဗိုလ်သင်တန်းတက်ရတဲ့ ကံကောင်းတာပဲ ဖြစ်မယ်ဗျ”
ဟု တဟားဟားရယ် မောနေလိုက်ပါသည်။
ကျွန်တော့်ကြောင့် တပ်ရင်းမှူးကြီးမှလည်း ဟားကွက်ကလေးတစ်ကွက်ရသွားလို့ ကျွန်တော်ချစ်သော တပ်ရင်းမှူးကြီး အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းရင်း။
– ပြီး –
စာရေးသူ – ထွန်းတောက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ