• June 23, 2025
  • admin
  • 0

မောင်မြင့်မား (ဘိုကလေး)
ဆတ်ပေါင်နှစ်ချောင်း

“ဆရာလေး ဆရာလေး”

“ဟာ စောအယ်စေး၊ ဩော် မုဆိုးကြီးတွေလဲ ပါတာကိုး။ ဘာကိစ္စများပါလိမ့်”

စောအယ်စေးက-

“ဟိုတစ်နေ့က ကျွန်တော်တို့ တောပစ်မထွက်မီ ဆရာလေးခေါ်လို ဆရာလေး အိမ်မှာတောင် ခဏဝင်ထိုင်ကြသေးတယ်လေ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာလေးပြောတဲ့ စကားတစ်ခွန်းကို သတိရနေလို့။ ဂရုစိုက်တာတောင် တောပစ်ထွက်ရင်း မကြုံဖူးတာတွေ တွေ့ခဲ့ရလို့ ဆရာလေးကို စောဂျိမ်းနဲ့ ကိုဖိုးလုံးက မေးစရာရှိလို့တဲ့“

“ဪ… ဒါလား၊ ထိုင်ကြပါဦး ကျွန်တော်ကလဲ ပြောပြချင်နေပါတယ်”

ဆရာလေး ကိုအေးချိုက အသက်(၃၀)ကျော်အရွယ် မူလတန်းပြ ဆရာတစ်ယောက် ဖြစ်သည်။ စောအယ်စေးတို့ကို စာသင်ပေးခဲ့ဖူးသည်။ တစ်ရက် စောအယ်စေး၊ စောဂျိမ်းနဲ့ ကိုဖိုးလုံးတို တောပစ်ထွက်ကြရင်း ကိုအေးချို၏အိမ်တွင် စောအယ်စေးက ဝင်နှုတ် ဆက်ရင်း စောဂျိမ်းနဲ့ ကိုဖိုးလုံးကို ရင်းနှီးသွားကြခြင်းဖြစ်သည်။

စောဂျိမ်းနှင့် ကိုဖိုးလုံးက မုဆိုးများဖြစ်၍ ကိုအေးချိုက ပို၍ စိတ်ဝင်စားသွားသည်။ ဘာကြောင့်လဲဆို တော့ ကိုအေးချို၏ဖခင် ဦးကြွက်နီက သည်နယ်တစ်ဝိုက်တွင် နာမည်ကျော် မုဆိုးကြီးတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင်တော့ ဦးကြွက်နီက ကွယ်လွန်သွားပြီဖြစ်သည်။ စောဂျိမ်းတို့ ညဘက်လင့်ထိုး၍ တောဝက်ပစ်ရန်သွားကြမည်ဟု သိရသောအခါ စောဂျိမ်းတို့ စောင့်ပစ်မည့်လင့်သည် တစ်ချိန်က ကိုအေးချို ၏ဖခင် ဦးကြွက်နီ ထိုးထားခဲ့သော လင့်ဖြစ်နေ၍ ဖခင်မသေမီက ပြောခဲ့ သော စကားအချို့ကို သတိရကာ

“ကိုဖိုးလုံးတို့ စောဂျိမ်းတို့ အဲဒီမှာ တောပစ်ရင်တော့ သတိတော့ထားနော်။ အဲဒီနေရာက နဲနဲကြမ်း
တယ်”

ဟု ပြောခဲ့ခြင်းဖြစ်သည်။ အခုတော့ ထိုကိစ္စဖြစ်မည်ဟု ကိုအေးချို သဘောပေါက်လိုက်သည်။ စောဂျိမ်းက-

“ကျွန်တော်တို့ တောပစ်မထွက်မီ ဆရာလေးအိမ်မှာ ခဏဝင်ထိုင်ကြရင်း ဆရာလေးပြောလိုက်တဲ့ ဖိုးပြန်တောမှာ တောပစ်ရင် သတိတော့ထားနော်၊ အဲဒီနေရာက နဲနဲကြမ်းတယ်ဆိုတာကို သတိရလို့ ကျွန်တော်တို့ သတိထားနေရင်း မကြုံဖူးတာတွေ ကြုံလိုက်ရတယ်။ ကံကောင်းလို့မသေ သံချောင်းတို့အဖေဆိုတာလို ဖြစ်နေတယ်”

“ဟုတ်လား ကဲ… ကဲ ထိုင်ကြပါဦး။ ရေနွေးကြမ်း သောက်ရင်း စကားပြောကြတာပေါ့”

ကိုအေးချိုက အိမ်ပေါ်သို ့ လှမ်းကြည့်လိုက်ချိန်တွင် ကိုအေးချို ၏ အမေဖြစ်သူက ရေနွေးကြမ်းအိုး၊ ပန်းကန်များနှင့် ပုရစ်ကြော် တစ်ပန်းကန်ကို လာချပေးသည်။

“ကဲ… ဆိုပါဦးဗျာ။ ဘာတွေများ ဖြစ်လို့လဲ”

“ဆရာလေး အဖေ မသေခင်က တောဝက်ပစ်ခဲ့ဖူးတဲ့ လင့်ကိုတွေ့လို့ အတော်ပဲဆိုပြီး ကျွန်တော်တို့ကလဲ လင့်ထိုးပြီးပစ်ချင်နေတာ။ ဆရာလေးနဲ့တွေ့မှပဲ ဆရာလေးအဖေ ဆောက်ထားခဲ့တဲ့လင့် ဖြစ်နေတယ်။ ဆရာလေး သတိပေးတာကို သတိရလို့ ဂရုစိုက်နေရင်းက ကျွန်တော်တို့ လင့်ပေါ်ကနေ တောဝက်ကို ပစ်လိုက်ချိန်မှာ တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး လင့်ပေါ်ကနေ ပြုတ်ကျသွားတယ်။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုဖိုးလုံးလဲ အဲဒီလိုဖြစ်ပြီး နှစ်ယောက်လုံး အောက်ကို ကျသွားတာ။ အကျတော်လို့ပေါ့၊ နို့မို့ရင် ဇက်ကျိုးပြီး သေနိုင်တယ်။ အောက်မှာကလဲ သစ်ရွက်ခြောက်တွေ ရှိလို့ပေါ့ ဆရာလေးရယ်”

“ဪ… အဲဒီလိုတောင် ဖြစ်တာလား”

“ဟုတ်ပါ့ဗျာ၊ ကျွန်တော်တို့တော့ မကြုံဖူးဘူး။ တောဆိုတာ အမှားအယွင်းရှိရင် မကြိုက်ဘူးဆိုတာ ကျွန်တော်တို့လို မုဆိုးလုပ်တဲ့လူတိုင်း သိတယ်။ ကျွန်တော်တို့လဲ ဘာမှ အမှားအယွင်းမလုပ်ခဲ့ဖူးပါဘူး ဗျာ။ တောကြမ်းတယ်ဆိုတာ ဆရာလေးအဖေက ဘာတွေများ ဖြစ်ခဲ့ဖူးလို့ ပြောတာလဲ”

“ဖိုးပြန်တောက ကြမ်းတယ်ဆိုတာပဲ ပြောဖူးတယ်ဘယ်လိုကြမ်းတာလဲတော့ တစ်ခါမှ ခရေစေ့တွင်းကျ မပြောဖူးဘူး”

ကိုဖိုးလုံးက-

“စောအယ်စေးက မီးထိုးပေးချိန်မှာ ကျွန်တော်တို့နှစ်ယောက်က ပစ်တာ။ စောအယ်စေး တွန်းချတာတော့ မဟုတ်ဘူးဆိုတာတော့ သေချာတယ်””

“ဒီလို ကိုဖိုးလုံးရဲ့။ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာ အဖေ့ဝါသနာဗီဇ တစ်ယောက်မှ မပါဘူး။ အမေနဲ့ မရခင်ကတည်းက အဖေက မုဆိုးလုပ်လာတာ။ ကျွန်တော်တို့ အရွယ်ရောက်တဲ့အထိလဲ အလုပ်ဆိုတာ အဖေက မုဆိုးလုပ်ပြီး ကျွေးလာတာ။ အကုသိုလ်အလုပ်ဆိုတာ အမေက အဖေ့ကို ပြောပြပေမယ့် အဖေက သူ့ဝါသနာကို လုံးဝမစွန့်လွှတ်ဘူး။ မသေခင် တစ်နှစ်လောက်အထိ မုဆိုးလုပ်တုန်း၊ ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲလဲမှသာ မလုပ်တော့တာ။

အဲဒီလောက် အဖေက ဝါသနာကြီးတာ။ အဖေက စကားနည်းတယ်။ တော်ရုံတန်ရုံကိစ္စလောက်ကို မပြောဘူး။ ဒါပေမယ့် တစ်ခါတစ်လေတော့ ညဘက် ထမင်းဝိုင်းမှာ ထမင်းစားကြရင်း ထူးထူးဆန်းဆန်း ကြုံခဲ့ဖူးတာတွေကို ကျွန်တော်တို့မိသားစုကို ပြောပြတတ်တယ်။ ကျွန်တော်ငယ်ငယ်က သရက်နယ်ထဲကို တောပစ်ထွက်ရင်း လက်မည်းကြီး အကြောင်းကို ပြောပြဖူးတယ်”

“ဟုတ်လား ဆရာလေး မှတ်မိသလောက် ပြောပြလို့ရမလား။ ကျွန်တော်တို့လဲ သရက်နယ်ဘက်မှာ တောပစ်ထွက်ဖူးတယ်။ လက်မည်းကြီးအကြောင်းတော့ မကြားဖူးဘူး”

“ရပါတယ်၊ ကျွန်တော်သိသလောက် အဖေပြောပြခဲ့တာ ပြန်ပြောပြပါ့မယ်”

၁၉၅ဝ ဝန်းကျင်လောက်က ဖြစ်သည်။ ကိုကြွက်နီကို သရက်နယ်ထဲက မုဆိုးတစ်ယောက်က လူကြုံနှင့် ကိုကြွက်နီကို စာပေးလိုက်သည်။ စာထဲတွင် သူနေထိုင်ရာ သရက်မြို့အနောက်ဘက် ၁ဝမိုင်ကျော်ခန့် ဝေးသော ရွာပတ်ဝန်းကျင်တွင် တောပစ်ထွက်ရန် တောကောင်များ ပေါကြောင်းနှင့် မတွေ့တာကြာ၍ အလည်လာရန် ခေါ်ခြင်းဖြစ်သည်။ ကိုကြွက်နီက ထိုကဲ့သို့ သွားစရာလမ်းကို ရှာနေသူပီပီ သူနှင့်တောပစ်ထွက်လျှင် လိုက်နေကြ တပည့်တစ်ယောက်ကို ခေါ်ကာ သရက်မြို့ကို ထွက်လာခဲ့သည်။

သရက်တွင် တစ်ညအိပ်ကာ သရက်မြို့ အနောက်ဘက် (၂၁)မိုင်ခန့်ဝေးသော ရွာကလေးတစ်ရွာမှ ကိုကြွက်နီ၏မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းကာ လမ်းပြအဖြစ် လိုက်ပို့ခိုင်းရသည်။ ရိုးမတော အတွင်းသို့ နံနက်စောစော ထွက်လာကြရာ မွန်းတည့်ချိန်လောက်တွင် တောင်ကျစမ်းချောင်းကလေးတစ်ခုကို ရောက်သည်။ လမ်းတစ်လျှောက် ကြီးကြီးမားမားသားကောင်ဆို၍ တစ်ကောင်မျှ မတွေ့ရသေး။ ရှဉ့်တို့ ယုန်တို့ တောကြက်တို့လောက်သာ တွေ့ရသည်။

ကိုကြွက်နီ၏ မိတ်ဆွေက ဒူးလေးပါလာသောကြောင့် ယုန်တစ်ကောင်နှင့် တောကြက်တစ်ကောင်တော့ ပစ်လာခဲ့ကြသည်။ စမ်းချောင်းကလေးတွင် ပါလာသော ထမင်းထုပ်များကိုဖြည်ကာ ဖက်သန်းသီးသုတ်၊ ပဒပ်စာဟင်းချိုနှင့် ပစ်လာသော ယုန်ကို မီးကင်ကာ စားလိုက်ကြသည်။

ခဏနားပြီး ခရီးဆက်ခဲ့ကြရာ နှစ်နာရီလောက်အကြာတွင် တောင်နှစ်လုံးအကြားရှိ ဒယ်အိုးသဏ္ဌာန်ဖြစ်နေသော ချိုင့်ဝှမ်းကလေးတစ်ခုကို ရောက်ကြသည်။ ထိုနေရာက အလယ်တွင် လျှိုကလေးတစ်ခု ရှိနေ၍ ပတ်ဝန်းကျင်တွင် တောတမာ၊ တောသရက်၊ တောင်ကံကော်၊ သစ်အယ်၊ သစ်စေး၊ အုံတုံရင်းတိုက်၊ တောင်ပိန္နဲ၊ လက်ပံခါး၊ ဖက်ဝန်း၊ မျောက်လုပ် စသည့်အပင်များဖြင့် စိမ်းစိမ်းစိုစို နေရာကလေးတစ်ခု ဖြစ်သည်။

လမ်းပြလိုက်လာသော ကိုကြွက်နီ၏ မိတ်တွေ ကိုဋ္ဌေးအောင်က ပတ်ဝန်းကျင်ကို ကြည့်ကာ-

“ကိုကြွက်နီ ကျွန်တော်တို့တော့ လမ်းမှားလာပြီထင်တယ်ဗျ”

“ဟေ… မင်း သွားနေကြ မဟုတ်ဘူးလား”

“သွားတော့ သွားဘူးတယ်၊ မရောက်တာကြာလို့”

“ဒါဆိုရင် လမ်းစပြန်ရှာပါဦးကွာ။ တော်ကြာ လမ်းစပျောက်ပြီး တောထဲမှာ ညအိပ်နေရဦးမယ်”

စိမ်းစိမ်းစိုစို သစ်ပင်များအကြားမှ ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် ကြည့်နေ့ကြရင်း (၁၅)ကိုက်လောက်အကွာရှိ မျောက်လုပ်ပင် တစ်ပင်ဘေးမှ သတ္တဝါတစ်ကောင်၏ ခေါင်းက ရိပ်ခနဲ ထွက်လာကာ လှစ်ခနဲ ပြန်ပျောက်သွားသည်။ ကိုကြွက်နီက မြင်လိုက်ခြင်းဖြစ်သည်။

“ဟာ …”

“ဘာလဲ ကိုကြွက်နီ”

“ဆတ်ဝံလို့ထင်တယ်။ နည်းနည်းနောနော အကောင်ကြီးမဟုတ်ဘူး”

“ဗြော… ဗြော… ဝုန်း… ဝုန်း”

မျောက်လုပ်ပင်အနောက်ဘက်မှ တဗြောဗြောမြည်အောင် ပြေးထွက်သွားခြင်းဖြစ်သည်။ ကိုကြွက်နီရော ကိုဋ္ဌေးအောင်ပါ။ ဒူးလေးနှင့် တူမီးကို ချိန်ဖို့ပင် အချိန်မရလိုက်။ သတ္တဝါကောင်၏ ပြေးထွက်သွား သောအသံကြောင့် ကျေးငှက်သာရကာများပါ လန့်ဖြန့်၍ ဆူညံသွားတော့သည်။

“ကိုကြွက်နီ ဆတ်ဝံဆိုတာ ဘယ်လိုအကောင်မျိုးလဲ”

“မုဆိုးတိုင်း မကြုံဖူးဘူးကွဒီကောင်မျိုးက ရှားတယ်။ ဆတ်မျိုးထဲမှာ အကြီးဆုံး အကောင်ထွားတယ်။ ကျွဲထက်တောင် မြင့်သေးတယ်။ အရောင်က အညိုရောင်၊ မျက်လုံးကလည်း စိမ်းနေတယ်၊ တစ်ကောင်လောက်ရလိုက်ရင် အချိန်ကတော့ မနည်းဘူးဟေ့။ ငါ မုဆိုးလုပ်လာတာ ကြာပြီ။ ရပ်စောက်အလွန်က ကြိုးဝိုင်းထဲမှာ တစ်ခါပဲ ပစ်ဖူးသေးတယ်”

“ကိုကြွက်နီ ဒီလျိုထဲမှာ ဟင်းစားကောင်တစ်ကောင်တော့ ရနိုင်လောက်တယ်ဗျ။ ကြုံတုံးလေး ဆင်းကြည့်ရအောင်”

“အေး… ငါလဲ စမ်းကြည့်ချင်တယ်။ ဒါပေမယ့် လမ်းမှားလာတယ်ဆိုတော့ အချိန်ကုန်ပြီး တော်ကြာတောထဲမှာ အိပ်နေရမှာစိုးလို့ပါ”

“ယောက်ျားတွေ ခြေထောက်ပါ။ ပြီးတော့ မုဆိုးခြေထောက်ပါ။ ကိုကြွက်နီက ပူစရာမရှိ ပူနေတယ်။ ပြီးတော့ ဒီနယ်တွေက ကျွန်တော်တို့ နယ်ပါ”

“အေး … အေး ဒါဆိုလဲ ပြီးတာပါပဲကွာ”

“ခပ်ပြေပြေ နိမ့်ဆင်းသွားသော ရွက်ခြောက်များနှင့် ပြည့်နေသည့် မြေသားအတိုင်း သုံးယောက်သား တရွေ့ရွေ့ဆင်းလာခဲ့ကြသည်။ ကိုကြွက်နီ ခေါ်လာခဲ့သော တပည့်ပေါက်ကျော်က စကားနည်း၍ အထုပ် အပိုးထမ်းကာ နောက်ကနေ တိတ်ဆတ်စွာပင် လိုက်လာသည်။ တောင်ဘက်လျိုထဲမှ ရေသံသဲ့သဲ့ကို ကြားနေရသည်။ သစ်တိုပင်ကြီး တစ်ပင်ပေါ်မှ သစ်တိုသီးများက မှဲ့၍ တဖြုတ်ဖြုတ် ကြွေကျနေသလို တောင်ပိန္နဲပင်ပေါ်က ပိန္နဲသီးများကလည်း ခူးမည့်သူ မရှိသောကြောင့် ပိန္နဲသီးမှည့်များက အပင်အောက်တွင် အလုံးလိုက် ပြုတ်ကျနေသည်။ အပင်ပေါ်တွင် အူတိုင်ချည်းသာ တန်းလန်းကျန်နေခဲ့သည်။

“ဘူး… ဘူး… ဘူး”

“ဟာ … ငှက်ငနွား အသံကွ၊ ကိုဋ္ဌေးအောင် ခင်ဗျား ဒူးလေးနဲ့တော့ အံကိုက်ပဲ”

“ဟုတ်တယ် ကိုကြွက်နီ။ အနောက်ဘက်က လာတဲ့အသံပဲ။ ကျွန်တော် သွားချောင်းပြီး ဆော်ထည့်လိုက်မယ်”

“အေး … တို့ ဒီနားမှာပဲ ရှိမယ်”

ကိုဋ္ဌေးအောင်က အသံလာရာ အနောက်ဘက်သို့ တရွေ့ရွေ့ လျှောက်သွားလိုက်သည်။ အသံက ခပ်လှမ်းလှမ်း၊ ဝါးရုံအုပ်ဘက်ဆီမှ လာသောကြောင့် အရိပ်အခြေကြည့်ကာ ဝါးရုံအုပ်ဘက်ဆီသို့ ဒူးလေးကို အသင့်အနေအထားဖြင့် လှမ်းလာခဲ့သည်။ တဘူးဘူးနှင့် အော်နေသော ငှက်ငနွားအသံက ကြားနေရဆဲ။ အော်သံက ခေါင်းပေါ် လောက်တွင် ရောက်နေပြီ။

ဝါးရုံက ဝါးပိုးဝါးရုံဖြစ်၍ အတော်မြင့်သည်။

ကိုဋ္ဌေးအောင်က ဝါးရုံပင်များအောက်ကနေ ချောင်းကာ ငှက်ကို ရှာနေဆဲ။

တွေ့ပါပြီ။

၁၅ ကိုက် အမြင့်လောက်ရှိ ဝါးရုံကိုင်းတစ်ကိုင်းတွင် နားကာ အော်နေသော ငှက်ငနွား(၂)ကောင်။ တောကြက်ကြီးတွေလား အောင့်မေ့ရသည်။ အတော်ကြီးသည်။ ကိုဋ္ဌေးအောင် ပစ်ကွင်းကောင်းကို ရှာရင်း တစ်နေရာတွင် ဝါးကိုင်းအခက်များအကြားမှ ဒူးလေးကို ထိုးချိန်လိုက်သည်။

“ဘူး… ဘူး”

“ဝှစ်…”

မြားတံက တန်းတန်းမတ်မတ်ပင် တိုးဝင်သွားကာ ငှက်ငနွားတစ်ကောင်ကို ထိုးဖောက်လိုက်သည်။ တစ်ကောင်က လန့်ဖြန့်ကာ ထွက်ပြေးသွားသော်လည်း ထိလိုက်သောအကောင်က မြားတံတန်းလန်းနှင့် ဝါးရုံအကိုင်းအခက်များအကြားမှ တစ်ရှိန်ထိုး ပြုတ်ကျလာသည်။ ကိုဋ္ဌေးအောင်က ပြုတ်ကျလာသော ငှက်ငနွားကောင်ကို မျက်ခြေမပြတ်ကြည့်ကာ လိုက်ကောက်ရန် ခြေလှမ်းပြင်လိုက်ကာ ရှိသေးသည်။

“ဟာ”

xxx xxx xxx

ကိုကြွက်နီနှင့် ပေါက်ကျော်က ရေသံကြားရာ လျိုဘက်ဆီသို့ တရွေ့ရွေ့ဆင်းလာခဲ့သည်။ လျိုထဲတွင် ပေါက်နေသော တောငှက်ပျောပင်များက အလွန်သန်လှသောကြောင့် အပင်များက အပေါ်ကို ထိုးထိုး ထောင်ထောင်ထွက်ကာ ငှက်ပျောလက်များဖြင့် အုပ်ဆိုင်းနေသည်။ ကိုကြွက်နီက တူမီးကို အသင့်ကိုင်ရင်း နောက်ဘက်လှည့်ကာ ပေါက်ကျော်ကို သတိရှိစေရန် အချက်ပြလိုက်သည်။

ပေါက်ကျော်က ပခုံးတွင် လွယ်ထားသော အထုပ်အပိုးများကို သစ်ပင်တစ်ပင်ခြေရင်းတွင် ချလိုက်ကာ လှံတို့ကလေးကို အသင့်ကိုင်ရင်း နောက်ကလိုက်လာခဲ့သည်။

ရေစီးသံက တဖြည်းဖြည်းကျယ်လောင်စွာ ကြားလာရသည်။ ကိုကြွက်နီက ငှက်ပျောတောထဲသို့ ဝင်လိုက်ကာ ငှက်ပျောပင်တစ်ပင်ဘေးတွင် ကပ်၍ အရိပ်အခြေ ကြည့်လိုက်သည်။ ငြိမ်သက်နေသည်။ ကျေးငှက်သာရကာများ အော်သံမှလွဲ၍ ဘာအသံမျှ မကြားရ။ မုဆိုးအတွက် ငြိမ်သက်နေခြင်းသည် သတိကောင်းစွာထားရမည့် အနေအထား ဖြစ်သည်။

ဆင်ခြေလျောအတိုင်း ပေါက်၍နေသော ငှက်ပျောပင်များကို အကာအကွယ်ယူကာ တရွေ့ရွေ့ဆင်းလာကြရင်း ငှက်ပျောတောအလယ်ကို ရောက်လာသည်။ ငှက်ပျောလက်များက နေပျောက်မထိုးအောင် ရှိနေသောကြောင့် နေ့ခင်းကြောင်တောင်ဖြစ်သော်လည်း မှောင်နေသယောင် ဖြစ်နေသည်။

“ခွပ်… ခွပ်… ခွပ်”

ခွပ်ခွပ်အသံက တိုးညင်းစွာ ထွက်လာသောကြောင့် ကိုကြွက်နီ ငြိမ်၍ နားထောင်လိုက်သည်။ ပေါက်ကျော်က ကိုကြွက်နီအနားကို ရောက်လာသည်။

“ဦးလေးကြွက် ဘာသံလဲ”

“တစ်ကောင်ကောင်က တစ်ခုခုကို ကိုက်ဝါးနေတဲ့ အသံကွ။ နီးတော့ နီးလာပြီ လျိုထဲမှာ တစ်ကောင်ကောင်တော့ ရှိမယ်။ သတိတော့ ထားနေနော်”

“စိတ်ချပါ ဦးလေကြွက်”

“တောက်… တောက်… တောက်”

“ဦးလေးကြွက် ရှဉ့်တွေကတော့ ကျွန်တော်တို့ရောက်နေတာ သိနေပြီထင်တယ်”

“အေး … လာ ရှေ့ကို နည်းနည်းတိုးကြည့်မယ်”

နိမ့်ဆင်းလာသော မြေပြင်က ပြေသွားကာ ငှက်ပျောတောအစပ်ကို ရောက်လာသည်။ (၁ဝ)ကိုက်အကွာလောက်တွင် ကျောက်တုံး ကျောက်ခဲများဖြင့် ပြည့်နေသော လျိုထဲမှ စမ်းချောင်းကလေး။

ကိုကြွက်နီနှင့် ပေါက်ကျော် တိတ်ဆိတ်စွာ ဆင်းလာကြသော်လည်း ခွပ်ခွပ် အသံက ပျောက်သွားသည်။ ငှက်ပျောတောစပ်မှ ငှက်ပျောပင်တစ်ပင်ကို ကွယ်ကာ ကိုကြွက်နီက လျှိုထဲကို အကဲခတ်လိုက်သည်။ တစ်ကောင်တစ်မြီးတောင် မတွေ့ရ။

ရေကျသံက အနိမ့်ပိုင်းတွင် ဖြစ်၍ ကျောက်တုံးကျောက်ခဲများကို နင်းကာ လျောက်သွားလိုက်သည်။

“ခွပ်… ခွပ်… ခွပ်”

ကိုကြွက်နီက တုန်ခနဲရပ်ကာ အသံကို နားထောင်လိုက်သည်။ စမ်းချောင်းကို အုပ်မိုးကာ ကိုင်းကျနေသော နဘူးခြုံကြီး တစ်ဘက်မှ ကြားနေရခြင်းဖြစ်သည်။

ကိုကြွက်နီက အပေါ်ကို မော့ကြည့်လိုက်သည်။ အသီးများ ပြွတ်သိပ်ကာ သီးနေသော ရုံးပင်ကြီးတစ်ပင်။ သေချာပြီ။ ကိုကြွက်နီက ပေါက်ကျော်ကို လက်ညှိုးထိုးပြလိုက်သည်။ ပြီးနောက် ငှက်ပျောတောထဲသို့ ပြန်ဝင်ကာ ငှက်ပျောပင်များကို အကာအကွယ်ယူ၍ နဘူးချုံ၏ တစ်ဘက်အသံကြားရာဆီသို့ ကွေ့၍ တက်လာခဲ့သည်။

မြင်ကွင်းက ရှင်းသည်။ ရုံးသီးများကို တခွပ်ခွပ်ကိုက်ဝါးကာစားနေသော ဆတ်ထီးတစ်ကောင်။ ဦးခေါင်းထိပ်တွင် လက်လေးလုံးခန့် ထွက်နေသော ချိုတစ်စုံ။ ဝဖီးနေသော ဆတ်ထီးကြီးဖြစ်သည်။ အေးဆေးစွာပင် ရုံးသီးများကို တခွပ်ခွပ်နှင့် ကိုက်ဝါးနေသည်။ အခွင့်အရေးကောင်းကို လက်လွှတ်လို့ မဖြစ်။ နောက်တစ်ကြိမ် ပြန်မရနိုင်။

ကိုကြွက်နီက အပင်လုံးအတော်ကြီးသော တောငှက်ပျောပင်ကြီးဘေးတွင် တူမီးကြီးကို ကပ်ကာ ခလုတ်ကို ဆွဲလိုက်သည်။ ပစ်ကွင်းက ရှင်းသည်။ ဘေးတိုက်အနေအထား ဖြစ်သည်။

“ဒိန်း”

ကျယ်လောင်သော တူမီးသံကြောင့် တိရစ္ဆာန်မျိုးစုံ၏ ထိတ်လန့်တကြား အော်သံများက တစ်တောလုံး ဆူညံသွားသည်။ သားကောင်ကြီးများနှင့် ဆုံပါက ပစ်ရန် ယမ်းပြင်းပြင်း စပ်ထားသောကြောင့် ဆတ်ထီးကြီး၏ လက်ပြင်နောက်တွင် ချိုင့်ဝင်သွားကာ ဖွေးခနဲ ဖြစ်သွားသည်။ ဆတ်ထီးကြီးက ရှေ့လက်နှစ်ချောင်း ညွှတ်ကျသွားပြီး မြေကြီးပေါ်သို့ ခေါင်းစိုက်သွားတော့သည်။

ကိုကြွက်နီနှင့် ပေါက်ကျော်က ငှက်ပျောတောထဲမှ ထွက်ကာ ကျောက်တုံးကျောက်ခဲများကို ဖြတ်ကျော်ပြီး နဘူးခြံကြီးရှိရာသို့ အပြေးအလွှားရောက်လာကြသည်။ ဆတ်ထီးကြီးကိုလည်း ချက်ကောင်းမှန်ထားပြီးဖြစ်၍ လဲကျသွားသည်ကိုလည်း တွေ့လိုက်ရသောကြောင့် ကျောက်တုံး ကျောက်ခဲများကို ခုန်ကျော်နေစဉ် မကြည့်မိ။ အနား ရောက်သွားတော့မှ နှစ်ယောက်စလုံး ‘ဟာ’ခနဲ ဖြစ်သွားသည်။

ဆတ်ကြီးက နေရာတွင်မရှိတော့။ သွေးများကတော့ လဲကျသွားသည့်နေရာတွင် အိုင်ထွန်းနေသည်။ သို့သော် တူမီးမှန်ထားသော ဆတ်ကြီးကို ဒရွတ်တိုက်ဆွဲထားသော စွတ်ကြောင်းကြီး။ စွတ်ကြောင်း ကြီးအတိုင်း ကြည့်လိုက်ရာ-

“ဟာ”

ကိုကြွက်နီရော ပေါက်ကျော်ပါ လန့်ဖြန့်သွားသည်။ အတွေ့ အကြုံနည်းသော ပေါက်ကျော်တော့ မသိ။ ကိုကြွက်နီပင် ကြက်သီးမွေးညင်းများ ထသွားသည်။

တောခြောက်တာတို့ တောမှောက်တာတို့ ကြွက်နီတို့အတွက် ရိုးနေပြီ။ တစ်ခါတလေ သိတောင် မသိလိုက်။ ပြန်စဉ်းစားကြည့်မှ အချင်းချင်းပြောကြမှ တောခြောက်ခံရတာပါလား၊ တောမှောက်တာပါလားဆိုတာ တွေးမိသည်။

နဘူးချုံထဲသို့ လက်မည်းမည်းကြီးက ဆတ်ကောင်ကို ဆွဲသွင်းနေသည်။ ခေါင်းပင် ဝင်နေပြီ။ ကျောက်တုံးကျောက်ခဲ သစ်မြစ် သစ်ခက်နှင့် နဘူးကိုင်းများက ကန့်လန့်ခံနေ၍ ဖြုန်းခနဲ မဝင်ခြင်းဖြစ် သည်။

ကိုကြွက်နီက သတ္တိကောင်းသည်။ စဉ်းစားမနေတော့ပဲ တစ်ဟုန်ထိုးပြေးသွားကာ ဆတ်ထီးကြီး၏ ခြေထောက်နှစ်ချောင်းကို ဆွဲထားလိုက်သည်။ ပေါက်ကျော်ကလည်း ထိုအခါကျမှ သတိဝင်လာကာ ကိုကြွက်နီနှင့်အတူ ဆတ်ထီးကြီး၏ ခြေထောက်ကို ဝိုင်းဆွဲသည်။

နှစ်ယောက်သား ခြေကန်ကာ ဆွဲနေကြရင်း တဗြစ်ဗြစ်မြည်သံနှင့်အတူ နောက်ကို ပက်လက်လန်ကာ လဲကျသွားသည်။ ကိုကြွက်နီနှင့် ပေါက်ကျော်တို့နှစ်ယောက်လက်ထဲတွင်တော့ သွေးသံရဲရဲ ဖြင့် ကျန်နေခဲ့သော ဆတ်ထီးကြီး၏ ပေါင်တစ်ချောင်းစီ။ ထိုအခါကြမှ နဘူးချုံထဲက ဒရွတ်တိုက်ဆွဲသွားသော အသံကြီးကို ကြားလိုက်ကြရသည်။

xxx xxx xxx

ကိုဖိုးလုံးက-

“သတ္တဝါတစ်ကောင်ကောင်၊ ဥပမာ ဝက်ဝံလိုအကောင်မျိုးက အမွှေးအမြှင်မည်းမည်းနဲ့ဆိုတော့ ဝက်ဝံဆွဲတာမျိုးရော မဖြစ်နိုင်ဘူးလား”

ကိုအေးချိုက-

“ကျွန်တော်လည်း အဖေ့ကို အဲဒီလို မေးဖူးတယ်။ သတ္တဝါလက်က လူနဲ့မတူတဲ့ လက်သည်းတွေပါမယ်။ သတ္တဝါဆိုရင် သူ့အစာကို ပြန်ဆွဲတဲ့လူကို ရန်ပြုမယ်။ အခုဟာက အကောင်အထည်မတွေ့ဘူး။ လက်မည်းကြီးပဲ တွေ့ရတာတဲ့။ ငှက်ငနွားသွားပစ်တဲ့ ကိုဋ္ဌေးအောင်နဲ့ အဖေတို့ ပြန်ဆုံကြတော့လည်း ကိုဋ္ဌေးအောင်လဲ အဲဒီလို ကြုံလိုက်ရတာ”

စောဂျိမ်းက ရေနွေးကြမ်းတစ်ခွက်ကို ယူသောက်ရင်း-

“ကျွန်တော်လည်း တောတွေအကြောင်း အမဲလိုက်ရင်း ကိုယ်တွေ့ကြုံဖူးပါတယ်။ လင့်စင်ပေါ်က တွန်းချခံရတာက ဒီတစ်ခါပဲ ကြုံဖူးသေးတယ်။ ကိုအေးချိုတို့အဖေ ဦးကြွက်နီကတော့ ကျွန်တော်တို့ထက် အသက်ကြီး ဝါရင့်မုဆိုးကြီးဆိုတော့ အတွေ့အကြုံ ကျွန်တော်တို့ထက် ပိုများပါတယ်။ အခု ကိုအေးချိုပြန်ပြောပြတာပဲ အတော်ထူးဆန်းနေတယ်။ ကျွန်တော်တစ်ခု သိချင်တာက ကျွန်တော်တို့ မုဆိုးတွေမှာ သားကောင်ပစ်ဖို့ လင့်ဆောက်ပြီး ကိုယ်ပစ်တဲ့ တောကောင်ရပြီးရင် လင့်ကို ဖျက်ပစ်တတ်တယ်။ ကိုအေးချိုအဖေကြတော့ ဘာဖြစ်လို့ အဲဒီ့လင့်ကို ပြန်မဖျက်တာလဲ”

“အဲဒါလဲ ပဟေဠိတစ်ခုပဲဗျ”

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *