မောင်အင်း ( ဥက္ကံ )
ဆတ်မာယာတော
ထိုနေ့က ဘကျော်ခေါ်၍ လိုက်ခဲ့ငြား မည်သည့်သားကောင် ရမည်မှန်း ကျွန်တော်မသိခဲ့ပါ။ ယခင်ရက်များကကဲ့သို့ ယုန်၊ တောကြက် စသော သားကောင်ငယ်များသာ ဘကျော် ဖမ်းလိမ့်မည်ဟု ကျွန်တော် ထင်ထားသည်။
သို့သော် သူ ယူလေ့ယူထမရှိသော ဒူးလေးကိုပါ ဘကျော် သယ်ဆောင်လာသဖြင့် ထူးခြားမှန်းတော့ ကျွန်တော် သိသည်။
“စောင်ကော ပါလား”
“ဟုတ်ကဲ့ ဘကျော်”
ကျွန်တော်နှင့် ဘကျော်သည် ရိုးမသို့ ဝင်ရောက်တိုင်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ပါသလို ဓားမတိုတစ်ချောင်းစီလည်း သယ်ဆောင်လာလေ့ရှိသည်။ အဝတ်အစားအပို ထည့်လေ့မရှိငြား စောင် တော့ မပါမဖြစ် သယ်ကြရသည်။
အကြောင်းမှာ တစ်ခါတစ်ရံ တောနက်ထဲ ညဉ့်နက်သွားပါက အိမ်ပြန်ဖို့ရာ ကြိုးစားလေ့ မရှိသောကြောင့် ဖြစ်သည်။
“ဟိုနေ့က မိကျောင်းချောင်း အထက်နားမှာ ဆတ်ဝမ်းရုတ်သံ တဒီးဒီး ကြားခဲ့တယ်ကွ။ ဖြစ်ချင်တော့ ငါက အပေါ့ထိုင်သွားနေတာ။ နောက်တော့ ငါ့ကျင်ငယ်နံ့ သူရသွားလား မသိပါဘူးကွာ။ တိန်ခနဲ တစ်ပြီး ဝေါခနဲ ပြေးတော့တာ။ အဲဒီမှာ ငါသိလိုက်တာက ကျတ်မြေရှိလို့ ဒီကောင်လာတယ် ဆိုတာပဲ”
ကျတ်မြေသည် ဆားဓာတ်ပါသော မြေအမျိုးအစားဖြစ်သဖြင့် တောရိုင်းတိရစ္ဆာန်တိုင်း ထိုနေရာသို့ လာသည်။ ရှားပါးဆားမြေကို လာ၍လျက်လေ့ရှိသည်။ တစ်ခု ကြောက်ရသည်မှာ ဆတ်အပြင် အခြား တောရိုင်းတိရစ္ဆာန်များနှင့်အတူ ကျား၊ ဆင် အစရှိသော အန္တရာယ်ပေးနိုင်သည့် တောကောင်ကြီးများ ပါလာလေ့ရှိသော အချက်ဖြစ်သည်။
“ဟာ”
တရွေ့ရွေ့ ခရီးနှင်လာရင်း အာမေဍိတ်သံနှင့်အတူ ဘကျော် ဆတ်ခနဲ ရပ်လိုက်တော့ ကျွန်တော်လည်း အတွေးစများကို စုစည်းပြီး ရပ်နေမိသည်။ ကျွန်တော်တို့ ရပ်နေသော နေရာသည် ဥက္ကံချောင်းအတွင်း လာရောက်စီးဝင်မည့် မိကျောင်းချောင်း အဖျားပိုင်းတွင် ဖြစ်သည်။ ထိုချောင်းသည် တောင်ကျချောင်းဖြစ်သဖြင့် မိုးမရွာလျှင် ရေမရှိ၊ မိုးရွာသည်နှင့် တစ်ဟုန်ထိုး ရေစီးတော့သည်။
ယခုမူ မိုးရိပ်မမြင်သဖြင့် ချောင်းရိုးအတိုင်း ဘကျော် ခရီးနှင်နေခြင်း ဖြစ်သည်။
“အနံ့ရတယ်ကွ”
ဘကျော် စကားကြောင့် အသက်ရှူရင်း အာရုံစိုက်၍ ပါ အနံ့ခံကြည့်မိသည်။ ပထမတွင် ထူးခြားသော ထိုအနံ့ကို ကျွန်တော် သတိမပြုမိပါ။ ခဏကြာမှ စိမ်းရွှေရွှေရနံ့စူးစူးကို ကျွန်တော် သတိပြုမိလိုက်သည်။
အနံ့သည် ကျွန်တော်တို့မျက်နှာမူရာ တောနက်ပိုင်းမှ လာနေမှန်း သိသာလွန်းလှသည်။ သို့သော် ဘာကြောင့် ထွက်ပေါ်လာသောအနံ့မှန်း ကျွန်တော် မသိပါ။
ဝဲယာသို့ကြည့်သောအခါ၌လည်း ချောင်းကမ်းပါးယံထက်မှ ကျောက်စိုင်ကျောက်သားများကိုသာ မြင်ရသည်။
“မြွေမိတ်လိုက်တာကွ။ ခဏနေရင် မြွေတွေ တွေ့ရမယ်။ ဘာမှ မလုပ်နဲ့နော်”
“ဟုတ်”
ဘကျော်၏ သတိပေးစကားအဆုံးတွင် ကျွန်တော့်ခြေလှမ်းများ တုံ့ဆိုင်းသွားသလို ဘကျော်လည်း သတိဖြင့် သွားနေသည်။ အတန်ငယ်မျှ သွားအပြီးတွင် ဘကျော် ဆတ်ခနဲ ရပ်လိုက်ပြန်သဖြင့် ကျွန်တော်ပါ ရပ်လိုက်ရင်း ဘကျော် အရှေ့သို့ မျှော်ကြည့်မိရာ ရာနှင့်ချီသောမြွေများ ချောင်းတစ်ဖက်ကမ်းသို့ ဖြတ်ကူးနေသည်ကို မြင်တွေ့လိုက်ရသည်။
“မြွေစုံပဲဟေ့၊ ဟိုဘက်ကမ်း ပါးပေါ်တက်ကြမှာကွ။ ဒီအချိန်မှာ သူတို့က မိတ်လိုက်ရရေးပဲ တွေးနေတာ။ ငန်းတော်ကျားနဲ့ မြွေပွေးက လွဲပြီး မြွေမျိုးစုံပါတယ်ကွ”
ကျွန်တော်သည် ဘကျော် ပြောသမျှ နားထောင်ရင်း ဖြတ်သွားနေသော မြွေတန်းကြီးကို ကြည့်နေမိ သည်။ မိတ်နံ့ထွက်ပေါ်ရာ အရပ်သို့ ဦးတည်ရင်း သူတို့ခန္ဓာကိုယ်မှလည်း စိမ်းရွှေရွှေအနံ့များ ထွက် ပေါ်နေကြောင်း သတိပြုလိုက်မိသည်။ ထို့နောက် ကျွန်တော်တို့ ခရီးဆက်ခဲ့ကြသည်။
ကျတ်မြေ ခေါ် မြေကျစ်ကုန်းအနီးသို့ ရောက်ခါနီးတွင်မူ အချိန်က ညနေ ၃ နာရီကျော်ကျော်မျှသာ ရှိသေးသည်။ သို့သော် ရိုးမ၏ထုံးစံအတိုင်း သစ်ရိပ် ဝါးရိပ်တို့ကြောင့် နေရောင်ကို မမြင်ရတော့ပါ။
“နောက် ဆယ့်ငါးမိနစ်လောက်ဆို ကျတ်မြေကို ရောက်ပြီ။ ဒီတော့ ကျတ်မြေမရောက်ခင် ညစာ စားမယ်။ အပေါ့အပါး သွားထားမယ်”
တောရိုင်းတိရစ္ဆာန်တို့သည် လူသားတို့၏ ကျင်ကြီးကျင်ငယ်နံ့ကို ကောင်းစွာသိသည်။ သိသည်နှင့် တိမ်းရှောင်တတ်သောကြောင့် ဘကျော် ထိုသို့ ကြိုတင်ပြင်ဆင်ကြောင်းသိသဖြင့် ညစာချက်ပြုတ်ဖို့ ကျွန်တော်ပြင်သည်။
ကျွန်တော်သည် ဒူးလေး၊ စင်းမြား စသည်တို့ကို ကျွမ်းကျင်စွာ မပစ်နိုင်သော်လည်း ဘကျော် သင်ကြားပေးထားသဖြင့် တစ်ဖက်ပိတ်ဝါးဆစ်ဘူးရှိလျှင် ထမင်းအိုး၊ ဟင်းအိုး တည်နိုင်သည်။ ရေနွေးအိုး ကျိုနိုင်သည်။
ထို့ကြောင့် လင့်စင်အတွက် ဘကျော် ဝါးခုတ်နေခိုက်တွင် ကျွန်တော်က ထမင်းအိုး၊ ဟင်းအိုး တည်သည်။ ထိုနေ့ ညနေစောင်းတွင် အသင့်ပါလာသော ငါးခြောက်ကို အစပ်ချက်၍ ဘကျော် နုတ်ယူလာသော ဂုံမင်း အား ဟင်းချိုချက်ပြီး စားသောက်ရခြင်းသည် လွန်စွာထမင်းမြိန်လှသည်။
ကျွန်တော်နှင့် ဘကျော်သည် ထမင်းစားပြီးနောက်တွင် ကျတ်မြေဘက်သို့ ခရီးဆက်ပြီး မြင်ကွင်းကောင်းရာ သစ်ပင်ပေါ်၌ လင့်စင်ထိုးလိုက်ကြသည်။
ထို့နောက် တဖြည်းဖြည်းမှောင်လာသော အမှောင်ထုအောက်တွင် နှစ်ဦးသား ငြိမ်သက်နေမိသည်။
“ဓာတ်မီးတော့ အသင့်ကိုင်ထားနော်”
ဘကျော် သတိပေးစကားဆိုရင်း လက်တို့သောအခါ ကျွန်တော်လည်း အသိအမှတ်ပြုပြီး ဓာတ်မီးကို အသင့်ပြင်ထားလိုက်သည်။
အမှန်တော့ ဘကျော်နှင့်အတူ ရိုးမအတွင်းသို့ ကျွန်တော် ဝင်ဖူးသည်မှာ အကြိမ်ကြိမ်အခါခါ ဖြစ်သည်။ တောကြက်နှင့် ရစ်ငှက်များ အတူထောင်ဖူးသလို ယုန်၊ ဖွတ်၊ သင်းခွေချပ် အစရှိသည်တို့ကိုလည်း အတူတူ ထောင်ဖမ်းဖူးသည်။
ရေကူး၊ သစ်ပင်တက်၊ ဒူးလေးပစ်ကျွမ်းကျင်သော ဘကျော်သည် ကျွန်တော့်ကို သင်ပေးရင်း ရိုးမထဲ၌ ရှင်သန်နည်းများအား လက်တွေ့ပြဖူးသည်။
ဘကျော်၏ သင်ပြမှုကြောင့် တောကောင်ကြီးများ နေထိုင်ကျက်စားသောအရပ်နှင့် သူတို့၏ အမူအကျင့်များကို ကျွန်တော် သိလာခဲ့သလို တောတွင်း၌ ဓားမတိုတစ်ချောင်းဖြင့် ဟင်းစားရှာခဲ့ဖူးသည်။
ဓားမတိုသည် ဝါးတစ်လုံးအား ဝါးချွန်လက်နက်အဖြစ် ဖန်တီးနိုင်သလို ကြိုးတစ်ချောင်း၊ ဝါးငုတ်တစ်ခုဖြင့် သုတ်ကိုင်းအသွင် ဖန်တီးပြီး သားကောင်ထောင်နိုင်သည်။
“မင်း အိပ်ချင်ပြီလား”
ညဉ့်က တဖြည်းဖြည်းနက်လာသောအခါ အအေးဓာတ်လည်း ဝင်လာသည်။ ထို့ကြောင့် စောင်ခြုံရင်း တိုးတိုးမေးတော့ ကျွန်တော် ခေါင်းခါပြရင်း အသံတိတ် အချက်ပြလိုက်သည်။
ထို့နောက် တစ်ဦး၏ အသက်ရှူသံကို တစ်ဦးနားထောင်ရင်း ကျတ်မြေဆီသို့ အမှောင်ထဲမှ အာရုံစိုက်၍ ကြည့်နေမိကြသည်။
ကျွန်တော်တို့သည် ကြည့်ပင်ကြည့်ငြား အမှောင်ထုကိုသာ မြင်နေကြရသည်။ သို့သော် တစ်ချက်တစ်ချက် သစ်ကိုင်းခြောက်များကို နင်းလာနေသော အသံကိုမူ ကြားနေရသည်။
“ဒီကောင်တွေက သိပ်လျင်တာကွ။ သူတို့ဝင်မဲ့နေရာကို အဘက်ဘက်က ချောင်းပြီးမှ ဝင်တာ”
ဘကျော်၏ ရှင်းပြသံသည် လေသံတိုးတိုးလေး ဖြစ်သော်လည်း ကျွန်တော် ကောင်းစွာကြားသည်။
ထိုစဉ် ဖြန်းခနဲမြည်သော အသံနှစ်ချက် ဆက်တိုက်လိုလို ပေါ်လာသည်။
“ဘာသံလဲ ဘကျော်”
“ဆတ်ပွတ်တာကွ၊ ဒီကောင်တွေက ခန္ဓာကိုယ်ကို သစ်ပင်နဲ့ပွတ်ပြီး အယားဖြေတတ်တယ်။ သဘောက ပတ်ဝန်းကျင်ကို စိတ်ချလက်ချ လေ့လာနေပုံပဲ”
ထိုသို့ ဆတ်ပွတ်သံသည် ကျွန်တော်နှင့် ဘကျော် မျက်နှာမူရာ အရပ်မှ ထွက်ပေါ်လာပြီး ခဏကြာတော့ တိတ်ဆိတ်သွားပြန်သည်။
ညဉ့်သည် တဖြည်းဖြည်း နက်လာသလို အမှောင်ထုက ပို၍ ကြီးစိုးလာသည်။ ညအမှောင်တွင် မြင်ရသော ကျွန်တော့်နာရီက ည ၁ဝ နာရီကို ပြနေသည်။ နာရီကို ကျွန်တော် ငုံ့ကြည့်ခိုက်တွင် ကျွန်တော်တို့ နောက်ကျောဘက်မှ သစ်ရွက်ခြောက်များ ကို နင်းလာသံ တဖြောက်ဖြောက်ကို ကြားလိုက်ရသည်။
တစ်ဖန် ဖြောင်းခနဲ မြည်သံတစ်ချက်ပါ ဟိန်းထွက်လာသည်။
“ဒီကောင် နောက်ကို ရောက်သွားပြန်ပြီကွ။ ဆတ်အထီးဖြစ်မယ်။ ဦးချိုနဲ့ သစ်ကိုင်းတစ်ခုကို ရိုက်လိုက်တယ်”
ရိုးမတွင် ကျင်လည်၍ တောရိုင်းတိရစ္ဆာန်တို့၏ သဘာဝကို နားလည်သော ဘကျော်၏ စကားကြောင့် ဖြောင်းခနဲ မြည်သံအဆုံးတွင် ရင်ထိတ်မိသော ကျွန်တော် ပင့်သက်ကို မျှဉ်း၍ ချမိသည်။
ကျွန်တော်နှင့် ဘကျော်သည် ရှေ့မှ အသံပေးလိုက်၊ နောက်မှ အသံပေးလိုက် ပြုနေသော ဆတ်ထီးကြီး ၏ ခြေသံကို ဆက်၍ နားစွင့်ထားမိသည်။
ရိုးမသည် တစ်ချက်တစ်ချက် တွန်သော တောကြက်သံမှလွဲ၍ ပြန်လည် တိတ်ဆိတ်နေပြန်သည်။
“ဒီကောင် ရှေ့ကပဲ ပြန်လာလိမ့်မယ်ကွ။ နောက်ကိုသွားတာက ခြေယောင်ပြတာ”
ဘကျော်၏ စကားသည် လွန်စွာပင် တိကျကြောင်း ထိုတစ်ခဏအတွင်း ကျွန်တော် သိလိုက်သည်။ သစ်ရွက်သစ်ခက်များကို နင်းခြေ၍ ဝင်ရောက်လာသောခြေသံသည် ကျွန်တော်တို့အရှေ့ဘက်မှ ထွက် ပေါ်လာနေသည်။
“ဓာတ်မီးကို မိုးပေါ်ထောင်မယ်၊ တဖြည်းဖြည်းချင်း အောက်ကိုစိုက်”
ဘကျော်သည် မီးထိုးနည်းအား ထပ်၍ သင်ကြားရင်း သူ့ဒူးလေးကို ခြေဖြင့်ကန်ပြီး မောင်းတင်သည်။ လှုပ်ရှားမှု ညင်သာလွန်းသဖြင့် ဘကျော်မောင်းတင်သံကို အနီးကပ် ဖြစ်ပါလျက် ကျွန်တော် မကြားရ ပါ။
“ထိုး”
မီးထိုးရန် ဘကျော် သတိပေးသည်နှင့် ကျွန်တော့်ဓာတ်မီးရောင်သည် အထက်ရှိ သစ်ကိုင်းသစ်ခက်များကို လင်းလက်သွားစေသည်။
“ဖြည်းဖြည်းချ”
ဘကျော်စကားအတိုင်း ဓာတ်မီးကို ဖြည်းဖြည်းချင်းနှိမ့်လာခဲ့ရာ ကျတ်မြေသို့ အရောက်တွင် တောက်ပသောမျက်ဝန်းတစ်စုံက ဓာတ်မီး၏အလင်းရောင်ကို ပြန်၍ငေးရင်း မှင်တက်မိသည့်ပမာ ငြိမ်သက်နေသည်။
“ဘရောင်း”
ပြင်းထန်သော ဒူးလေးသားရေ ရုန်းကန်သံအဆုံးတွင် ဆတ်ကြီးသည် သူ့တစ်ရပ်စာမက ထ၍ ခုန်လိုက်သည်။ တစ်ဖန် မြေသို့ ကျောနှင့်ကျပြီး ထ၍ ခုန်ပြန်သည်။ ကျွန်တော်က ရုန်းကန်နေသော ဆတ်ကြီးထံသို့ ဓာတ်မီး အဆက်မပြတ်ထိုးထားချိန်တွင် ဘကျော်သည် လျင်မြန်သော အရှိန်ဖြင့် ဆတ်ကြီးထံသို့ ပြေးသွားပြီး အသင့်ပါသွားသည့် ဝါးချွန်ဖြင့် အဆုံးသတ်ပေးလိုက်ပါတော့သည်။
မည်မျှလျင်မြန်၍ သတိရှိသည်ဆိုငြား တိရစ္ဆာန်သည် လူသားတို့ကို ကျော်လွှား၍ မရနိုင်မှန်း ဆတ်သေအနားတွင် မီးဖိုပြီး အရုဏ်ဦးကိုစောင့်ရင်း ကျွန်တော် ဆင်ခြင်နေမိပါတော့သည်။ ။
– ပြီး –
စာရေးသူ – မောင်အင်း(ဥက္ကံ)
စာစီစာရိုက် – မုဆိုး တံငါ စာပေ