#ဖိုးကျော့
ဆတ်ရေချပွဲ

တစ်မိုးကုန် တစ်ဆောင်းပျောက်၍ တစ်နွေသို့ ရောက်လာပြန်ပြီ။

သစ်ရွက်ခြောက်ကြွေသံများနှင့်အတူ ဦးဘာမျိုးတို့မုဆိုးသားအဖ သုံးယောက်၏ခြေသံများကလည်း ဝံပုန်းတောင်ကြောတစ်လျှောက်တွင် ဟိုရောက်သည်ရောက်နှင့် သစ်ရွက်ခြောက်များနည်းတူ ပြန့်ကျဲလာ ကြသည်။

“ဟိုဘက် တောင်အောက်မှာ စမ်းပေါက်ကြီးတစ်ခုတော့ရှိတယ်။ ဒီလိုနွေရင့်ရောက်ရင် အဲဒီစမ်းပေါက်အိုင်ကို ခါတိုင်းနှစ်တွေတော့ သားကောင်တွေ ရေသောက်ဆင်းနေကျပဲ သားတို့ရယ်၊ အဲဒါ သွားကြည့် ကြရင် ကောင်းမယ်”

ဦးဘာမျိုး၏ စကားမဆုံးခင်ပင် ကလေးငိုသံလိုလို ခွေးပေါက်စ လေး အော်သံလိုလို အသံတစ်ခုကို မမျှော်လင့်ဘဲ ကြားလိုက်ကြရသည်။

ဦးဘာမျိုးတို့ သားအဖသုံးယောက်သည် ခြေလှမ်းရပ် စကား တန့်၍ ပြိုင်တူ နားစွင့်လိုက်ကြသည်။

“ဟင်… အဖေ… ဘာသံ”

ဦးဘာမျိုးက လက်ကာပြလိုက်သဖြင့် ဘာမိုး စကားရပ်သွားသည်။

ဦးဘာမျိုး နားစွင့်နေသလို သူ့သားနှစ်ယောက်လည်း နားစွင့် လိုက်ကြ၏။

သူတို့နားစွင့်လိုက်ကြမှ အသံက ချက်ချင်းပျောက်သွားသည်။ သို့သော် မကြာပါချေ။ ဦးဘာမျိုးတို့သားအဖခြေလှမ်းမည်အလုပ်တွင် အသံကပေါ်လာပြန်သည်။ ထိုအခါ ဦးဘာမျိုးတို့သားအဖသုံးယောက်မှာ ခြေလှမ်းပြန်ရပ်၍ နားစွင့်ကြရပြန်၏။

“ဟင်… အဖေ၊ ဘာသံလဲ”

“ဘာသံလဲဆိုတာ အဖေလည်း ကွဲကွဲပြားပြားတော့ မပြောတတ် သေးဘူး။ သေချာတာကတော့ တောတိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အသံပဲဖြစ်မှာပါ”

“ဟော. . . အဖေ ကြားလား၊ ပေါ်လာပြန်ပြီ၊ ဟော ဝေးသွား ပြန်ပြီ”

“အေး. . . ခုနကတော့ ကြားလိုက်သလိုပဲ၊ ခုကြားသေးလား၊ သားတို့ နားထောင်ကြစမ်း”

ဦးဘာမျိုးက နားထောင်ကြဆိုသဖြင့် ဘာမိုးနှင့်ဘာဟိုးတို့က နားစွင့်ထောင်ကြ၏။ စောစောက အသံကို လုံးဝမကြားရတော့။ ဘာမိုးနှင့် ဘာဟိုးတို့ စိတ်ထဲမှာ တောမှောင့်သံလားဟု တွေးလိုက်ကြစဉ်။

“ကဲ. . . လာ၊ အဖေတို့ ဟိုတောင်အောက်က စမ်းပေါက်အိုင်နား သွားကြရအောင်”

ဦးဘာမျိုးက ပြောလည်းပြော သွားလည်းသွားသောအခါ ဘာမိုးနှင့်ဘာဟိုးတို့မှာလည်း သူ့အဖေနောက် တိတ်တိတ်ဆိတ်ဆိတ် လိုက်လာကြသည်။

“ဒီတောတောင်တစ်ဝိုက်မှာ ဒီရာသီ ရေမခန်းတဲ့အိုင်ကတော့ ဒီတစ်အိုင်ပဲရှိတယ်။ ညနေကျရင် ဒီရေအိုင်မှာ ရေသောက်ဆင်းတတ်တဲ့ ဂျီ(ချေ)တို့ ဝက်တို့ကတော့ ပစ်ရတတ်တာပဲ”

“ဟုတ် ဟုတ်ကဲ့”

“အဖေ၊ ဟိုအသံပေါ်လာပြန်ပြီဗျ၊ ကြားလား”

ရေအိုင်ရှိရာ တောင်စောင်းဆင်ခြေလျှောအရောက်မှာ သားငယ်ဘာဟိုးက

“ဟိုအသံပေါ်လာပြန်ပြီ”

ဆိုသဖြင့် ဦးဘာမျိုးမှာ နားစွင့်ရ ပြန်သည်။ မှန်သည်။ သူတို့သားအဖ စောစောက ကြားလိုက်ကြရသော အသံမှာ ပြန်ပေါ်လာပြန်သည်။

“ဘာသံပါလိမ့်”

ဟူသော ဝေခွဲမရစိတ်နှင့် ဦးဘာမျိုး ခဏ တွေဝေနေစဉ် ထိုအသံမှာ အီ အီ ကွိ ကွိနှင့် စောစောကထက် ပိုကျယ်လောင်လာသည်။

ဦးဘာမျိုးတို့သားအဖသုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အသက်ပင်ပြင်းပြင်းမရှူကြတော့ဘဲ အသံကြားရာ ဆီသို့သာ တိတ်တိတ်ဆိတ်ဆိတ် နားစွင့်နေကြ၏။

စူးစူးရှရှနှင့် အီအီကွိကွိမြည်လာသောအသံမှာ စောစောက ထက်ပင် ကျယ်လောင်လာသည်။ ပို၍နီးလာသည်ဟုလည်း ထင်ရသည်။

သားအဖသုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အသက်ပင်ပြင်းပြင်းမရှူကြဘဲ အသံကြားရာဆီသို့ တိတ်တိတ် ဆိတ်ဆိတ် နားစွင့်နေကြ၏။ ထိုအချိန်မှာပင် သူတို့ စောစောက ပြတ်တောင်းပြတ်တောင်း ကြားလိုက်ရသောအသံမှာ ပို၍အကြားစိတ်လာသည်။ အသံတွေမှာ ဝေးသွားလိုက်၊ နီးလာလိုက်နှင့် အီအီကွိကွိ ကြားနေရာမှ အသံရှည်ဆွဲ၍ မြည်လိုက်သံတစ်ချက်ကိုလည်း ကြားလာရသည်။

“ဘာသံပါလိမ့်” ဟု ဦးဘာမျိုးတို့ သားအဖသုံးယောက် ဝေခွဲမရ ဟု ဖြစ်နေကြစဉ်မှာပင် အီအီကွိကွိမြည်လာသံများနှင့်အတူ တစ်တောလုံး တစ်တောင်လုံးပြိုလိုက်လာသလို တိရစ္ဆာန်များ၏ ခြေသံကို ကြားလာ ရသည်။ တောသံတောင်သံများနှင့် ပဲ့တင်ထပ်ကာ ဆူညံလာသော အသံ များကြောင့် ဦးဘာမျိုးက

“တက်တက် သစ်ပင်ပေါ် မြန်မြန်ပြေးတက်ကြ”

ဟု အော်ပြောလိုက်သဖြင့် ဘာမိုးနှင့် ဘာဟိုးတို့မှာ နီးစပ်ရာ ပျဉ်းမပင်ကြီး တစ်ပင်ပေါ် ပြေးတက်လိုက်ကြသည်။ ဦးဘာမျိုးကမူ နောက်ဆုံးမှ သူ့သားနှစ်ယောက်ရှိသော ပျဉ်းမပင်ပေါ် တက်လာ၏။

သားအဖသုံးယောက် သစ်ပင်ပေါ် ရောက်လာကြချိန်တွင် တောတိုးသံ၊ ကြက်ငှက်များ၊ လန့်ဖျတ်ပြိုပြေးသံ၊ အီအီကွိကွိမြည်လာသံ တို့မှာ သူတို့နှင့် အတော်ဝေးဝေးသို့ ရောက်သွားပြန်သည်။

ဦးဘာမျိုးတို့ သားအဖသုံးယောက်မှာ ယခုမှ တစ်ယောက်နှင့် တစ်ယောက် သတိရနိုင်ကြတော့သည်။ ထိုအခါ ဘာမိုးနှင့်ဘာဟိုးတို့၏ မေးသံမြန်းသံကလည်း ပေါ်လာပြန်သည်။

“အဖေ ဘာသံတွေထင်လဲ၊ တောခြောက်. . . “

ဘာမိုး၏စကားမဆုံးလိုက်၊ ဝေးသွားသောအသံက ပို၍ နီးလာ ပြန်သည်။

နီးလာသောအသံများထဲမှ သူတို့ရှိရာဘက် ပြေးလာနေကြသော ခြေသံများကိုလည်း ပီပီပြင်ပြင်ကြားလာကြပြန်ရာ သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် စကားဆက်မပြောနိုင်ကြတော့ဘဲ ရွက်ကြွေ တောအောက်ကိုသာ ပြိုင်တူငုံ့ကြည့်ပြီးသား ဖြစ်သွားသည်။

ဦးဘာမျိုးတို့သားအဖသုံးယောက် အောက်သို့ ငုံ့ကြည့်နေချိန်မှာပင် အမွေးစုတ်ဖွားနှင့် တောခွေးကြီးနှစ်ကောင်သည် သူတို့အနားက ဖြတ်သွားပြီး စမ်းအိုင်ထဲ ဆင်းသွားကြသည်။ သည်။ ထိုအခါ ဦးဘာမျိုးက

“လက်စသတ်တော့ တောခွေးတွေ ဆတ်ရေချပွဲ လုပ်နေကြတာကိုးကွ၊ စောစောက အဖေ ထင်တော့ ထင်မိသား၊ မသေချာလို့ သားတို့ကို မပြောမိသေးတာ။ ခုတော့ သေချာ သွားပြီ၊ တောခွေးတွေ ဆတ်ရေချပွဲ လုပ်နေကြတယ်။ အဲဒါ ကြုံခဲတယ်။ သားတို့ သေသေချာချာကြည့်ထားကြတော့”ဟု ဆို၏။

မုဆိုးအတွေ့အကြုံ၊ တောအတွေ့ အကြုံ ရင့်ကျက်သော ဦးဘာမျိုးစကားမှာ အမှန်ပင်ဖြစ်သည်။ တောခွေးအုပ်ထဲမှ ရေသယ် ခွေးကြီးနှစ်ကောင်သည် ဆတ်ဖားကြီးအား ဝိုင်းလိုက်နေကြသော တောခွေးအုပ်များအတွက် စမ်းချောင်းထဲမှရေကို လာသယ်ကြခြင်း ဖြစ်သည်။

တောခွေးအုပ်ထဲတွင် ရေသယ်ခွေးတွေမှာ တခြားခွေးများထက် အမွှေးအမှင် ရှည်ကြသည်။ ထို့ကြောင့်လည်း သားကောင်လိုက်၍မောပန်းနွမ်းဟိုက်နေကြသော သူ့အပေါင်းအသင်းများအတွက် စမ်းချောင်း ရေအိုင်ထဲကရေကို ထိုနှစ်ကောင်က လာသယ်ကြခြင်း ဖြစ်သည်။

ခဏအကြာမှာပင် ရေသယ်ခွေးနှစ်ကောင်သည် စမ်းချောင်း ထဲမှ ပြိုင်တူတက်လာကြပြီး သားကောင်လိုက်နေကြသော သူတို့ အပေါင်းအသင်းများဆီ ပြေးလိုက်သွားကြသည်။

တစ်ကိုယ်လုံးရေစက်လက်နှင့် ပြန်ရောက်လာကြသော ရေသယ် ခွေးနှစ်ကောင်၏ ကိုယ်ပေါ်မှ ရေများကို သားကောက်လိုက်နေကြသော အခြားခွေးများက သားကောင်လိုက်ရင်း ဝိုင်းစုပ်ဝိုင်းလျက်ကာ ရေငတ် ဖြေကြပေလိမ့်မည်။

စောစောက သူတို့သားအဖသုံးယောက် မြင်လိုက်ကြရသော ရေသယ်ခွေးနှစ်ကောင်၏ တာဝန်မှာ ပေါ့ပေါ့တန်တန်မဟုတ်၊ ရေသယ် ခွေးတွေမှာ သားကောင်လိုက်နေကြသော အပေါင်းအဖော်တောခွေးများ အတွက် ရေသယ်ပေးရသလို သူတို့လိုက်နေသော ဆတ်ကိုလည်း ရေအိုင် ရေစမ်း ဘယ်နေရာ၌ရှိနေသည်ကို ရှေ့က မြူပြမျှားခေါ် ရသေး၏။ ထို့ကြောင့်လည်း ဤတာဝန်ကို ယူရသော ရေသယ်ခွေးတို့မှာ တောခွေး အုပ်ထဲ၌ အရည်အချင်း အထူးခြားဆုံးသော ခွေးများဖြစ်ကြသည်။ သူတို့၏ အမွှေးရှည်ခြင်းမှာ အိမ်ခွေး၊ ခွေးအ စသည်တို့နှင့် စပ်ကျထား သဖြင့် ဖြစ်သည်။

တောခွေးများသည် မြန်မာ့တောကောင်ထဲတွင် တောဘုရင်များ ဖြစ်ကြသည်။ သူတို့သည် မည်သည့်တိရစ္ဆာန်ကိုမျှ ကြောက်ရွံ့ခြင်းမရှိကြ။ အသေအကျေခံ၍ တိုက်ခိုက်သတ်ဖြတ်ရဲသော သတ္တိရှိကြသည်။ ထို့ကြောင့် သေးငယ်သော ယုန်သူငယ်ကအစ ဆင်သတ္တဝါကြီးများအထိ သတ်ဖြတ်စားသောက်တတ်ကြသည်။

သူတို့သည် သားကောင်လိုက်ရာ၌ တစ်ကောင်တည်းချည်း မလိုက်တတ်ဘဲ အုံနှင့်အုပ်နှင့် လိုက်တတ်ကြသည်။ တောခွေးတို့၏ အထူးခြားဆုံးသဘာဝတစ်ခုမှာ သူတို့၏ ကျင်ငယ်ရေဖြစ်သည်။ သားကောင်တစ်ကောင်ကို တောခွေးများတွေ့ပြီဆိုလျှင် ဘယ်ညာဖြန့်၍လိုက်တတ်ကြသလို ရှေ့ကဆီး၍လည်း သူတို့၏ ကျင်ငယ်ရေများကို သစ်ရွက်သစ်ခက်များပေါ် ပန်းချတတ်ကြသည်။ မတ်မတ်ထောင်နေသော သစ်ပင်များကိုသာ မတတ်နိုင်ကြသော်လည်း ၄ဝ ၄၅ ဒီဂရီခန့် ကိုင်းညွတ်သော သစ်ပင်များပေါ်တက်ကာ လိုက်လာသော သားကောင် ပေါ် ခုန်ချကိုက်ခဲတတ်ကြသလို သူတို့၏ ကျင်ငယ်ရေများကိုလည်း ထိုသစ်ပင်ကိုင်းများပေါ်က ပန်းချထားတတ်ကြသည်။

မည်သည့်တောတိရစ္ဆာန်မဆို တောခွေးတို့၏ ကျင်ငယ်ရေ မျက်စိထဲဝင်သွားလျှင် ရုတ်တရက် ပြာဝေကျိန်းစပ်ပြီး အကန်းလို ဖြစ်သွားတတ်သည်။ ဤအခွင့်အရေးကို တောခွေးများက အလွတ်မခံဘဲ သားကောင်ပေါ် အတင်းခုန်တက်ကာ၊ မျက်စိကို ဖောက်တတ်သလို အခွင့်အရေးရလျှင် ဒွါရမှ အတွင်းအူမကြီးများကိုပင် ဆွဲထုတ်ဖြတ်ကိုက်ပစ် တတ်ကြသည်။ ထို့ကြောင့်လည်း တောခွေးများကို မည်သည့်တောတိရစ္ဆာန်ကမှ ရင်မဆိုင်ရဲကြခြင်းဖြစ်သည်။

တောခွေးများသည် တောနက်သော တောင်ပြိုကမ်းပါးများ၊ တောင်ခြေရင်းများတွင် သားရဲတွင်းနက်နက်တူး၍ နေတတ်ကြသည်။ ခွေးမျိုးထဲတွင်ပါသော်လည်း ဟောင်ခြင်း၊ အူခြင်းမရှိဘဲ ညည်းညူသံ ကဲ့သို့သော အသံများနှင့်သာ တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ် တတ်ကြသည်။

အရောင်မှာ နီညိုရောင်များသည်။ အမများတွင် နို့သီးခြောက်စုံ၊ ခုနစ်စုံထိပါပြီး တစ်ကြိမ်လျှင် နှစ်ကောင်မှ ခြောက်ကောင်၊ ရှစ်ကောင်ထိ ပေါက်တတ်သည်။ တစ်နှစ်ပတ်လုံး ရာသီမရွေး မိတ်လိုက်တတ်သည်။ ဇီးလွယ်ချိန်မှာ နှစ်လဖြစ်ပြီး ဆောင်းဦးနှင့် ဆောင်းတွင်းတွင် သားပေါက် များသည်။ တောခွေးအုပ်တစ်အုပ်လျှင် ခြောက်ကောင်၊ ခုနစ်ကောင်မှ အကောင် ၃ဝ ထိ ရှိတတ်ကြလေသည်။ အလွန်ရန်လိုသော တောတိရစ္ဆာန် များ ဖြစ်သည်။

ထို့ကြောင့်လည်း ဦးဘာမျိုးက သားနှစ်ယောက်ကို သစ်ပင်ပေါ်က မဆင်းကြရန်နှင့် မကြာခင် တောခွေးအုပ်နှင့် ဆတ်တို့သည် စောစောက ရေသယ်ခွေးနှစ်ကောင် ရေစိမ်သွားကြသော ရေအိုင်ထဲ မုချရောက်ကြလိမ့်မည်ဟု အတတ်ပြောလိုက်၏။ ဤတောတောင်တစ်ဝိုက်တွင် ဤရာသီ၌ ရေမခန်းသေးသော စမ်းရေအိုင်မှာ ဤတစ်အိုင်တည်းသာ ရှိသည်မဟုတ်ပါလား။

တောခွေးများ၏ သားကောင်လိုက်လာကြသံမှာ ပိုကျယ်လာ သည်။ အီအီကွိကွိမြည်ပြီး တစ်ကောင်နှင့်တစ်ကောင် အချက်ပေးလာ ကြသော တောခွေးများ၏ အသံအပြင် ဆတ်ခွာပေါက်သံ၊ ဆတ်တစ်သံ တို့ကိုလည်း ပီပီသသကြားလာရသည်။

ဆတ်တို့သဘာဝမှာ မောပန်းနွမ်းနယ်ပြီဆိုလျှင် ရေအိုင်ရှိရာ သို့သာ ပြေးတတ်ကြသော သဘာဝရှိလေရာ ထိုသဘာဝကို သိထားသော ရေသယ်ခွေးများကလည်း ဆတ်အားရေအိုင် ဘယ်မှာရှိသည်ကို သူတို့ ကိုယ်ပေါ်ဆွတ်လာသော ရေစက်ရေပေါက်ကိုပြပြီး ရှေ့ကမျှားခေါ်လာ နေကြပြီ။

နွေရင့်ရက် သစ်တောကြီးမှာ အောက်ခြေ ရှင်းနေသဖြင့် တောခွေးကိုးကောင်၏ ဆတ်ရေချပွဲကို ဦးဘာမျိုးတို့သားအဖ သုံးယောက် မျက်ဝါးထင်ထင်မြင်နေရ၏။ ဆတ်ဖားကြီးမှာ တောခွေးများကို ဦးချိုနှင့် တစ်ချက်တစ်ချက် ဝှေ့ခတ်သည်။ သို့သော် အရှောင်အတိမ်းကောင်း၍ လျင်မြန်လွန်းသော တောခွေးတစ်ကောင်တလေမျှ မဝှေ့ခတ်မိ။

သူတို့ကို ဝှေ့ခတ်ရန် ခေါင်းငုံ့လိုက်သော ဆတ်ဖားကြီးအား ရှေ့ရောက်နေသော တောခွေးမတစ်ကောင်က သူ့အမြီးကို သူ့ဖင်အောက် သွင်းကာ သေးပေါက်ချသည်။ ပြီးတော့ ထိုသေးရည် ဆွတ်ထားသော အမြီးနှင့် ဆတ်ဖားကြီး၏မျက်နှာဆီ လှမ်းပက်၏။ ထိသွားပုံမရံ။ ထိုအခါ နောက်ကပြေးလိုက်လာသော တောခွေးတစ်ကောင်က ဆတ်ဖားကြီး၏ တံကောက်ကွေးကို ပြေးကိုက်သည်။

ဆတ်ဖားကြီးကလန့်ပြီး ခွာဖြင့် ရုတ်တရက် ပေါက်၍ ကန်ကျောက် ပစ်လိုက်သည်။ တောခွေးကြီးမှာ ‘အစ်” ခနဲ မြည်ကာ ရွက်ကြွေတောထဲ ကျွမ်းသုံးလေးပတ်လိမ့်သွား၏။

ဆတ်ဖားကြီးသည် လည်ကိုမော့ကာ အတက်အခက်တွေပါသော ဦးချိုကို ကျောမှာကပ်ထားသည်။ ဤသည်မှာ နွယ်ပင်ခြုံပုတ်များနှင့်သူ၏ဦးချို ငြိမှာစိုးသဖြင့် ဦးချိုကို တမင်ကျောကပ်ထားခြင်းဖြစ်သည်။ ဦးချိုကို ကျောကပ်ပြီး ဆတ်ဖားကြီးက ဆက်ပြေးသည်။ ဆတ်ဖားကြီး ခွာပေါက် ကန်ကျောက်ထားခဲ့သဖြင့် ပန်းကန်လုံး၊ လက်သီးဆုပ်လောက် ရှိသော ကျောက်ခဲကျောက်တုံးများမှာ ဆတ်ဖားကြီးနောက်တွင် ပလူပျံ၍ ကျန်ခဲ့သည်။

သို့သော် တောခွေးများကမူ လုံးဝဇွဲမလျှော့ကြသေး။ ဆတ်ဖားကြီး နောက်သို့သာ သဲကြီးမဲကြီး လိုက်မြဲလိုက်နေကြ၏။ ဆတ်ဖားကြီး ကန်ကျောက်ထားခဲ့သော ကျောက်တုံး၊ ကျောက်ခဲများ ထိသည်ကိုလည်း မမှု၊ ဆတ်ဖားကြီး ခွာပေါက်ကန်ကျောက်ခံလိုက်ရ၍ အလဲလဲအပြိုပြို ဖြစ်သွားသည်ကိုလည်း ပမာမထား၊ ဆတ်ဖားကြီးနောက်ကိုသာ အာသာ ငမ်းငမ်း အကြမ်းပတမ်း လိုက်နေကြသည်။

ထိုအချိန်တွင် ရေသည်ခွေးနှစ်ကောင်ကလည်း ရေစိုရွှဲနှင့် ဆတ်ဖားကြီးရှေ့က ပန်းပြေးပြပြီး ရေအိုင်ရှိရာသို့ မြူဆွယ်ပြေးပြနေ ကြသည်။ မောပန်းနွမ်းနယ်ပြီဖြစ်သော ဆတ်ဖားကြီးသည် ရေကို အလွန် အမင်း တပ်မက်လျက်ရှိရာ ရေတွေစိုရွှဲနေသော တောခွေးနှစ်ကောင်ကို မြင်သွား၏။

တောခွေးကြီးနှစ်ကောင်မှာ ရေစိမ်ပြီးစမ်းအိုင်ထဲက တက်လာ ကြမှန်း အတတ်သိသဖြင့် ဆတ်ဖားကြီးသည် ရေသယ်ခွေးနှစ်ကောင် မျှားခေါ်ရာသို့ ပြေးလိုက်သွားသည်။ ဆတ်ဖားကြီးမှာ မချိမဆန့် ရေငတ် လာသဖြင့် သူ့အတွက် တောခွေးများကို ကြောက်ရွံ့စိတ်ထက် တပ်မက်မှုစိတ်က ပို၍ပြင်းပြနေပုံရသည်။

ပျဉ်းမပင်ကြီးတစ်ပင်၏ခွကြားမှ ထိုင်ကြည့်နေသော ဘာဟိုးက သူတို့အောက် ရောက်လာကြသော တောခွေးနှင့် ဆတ်ဖားကြီးတို့ရှိရာသို့ ဒူးလေးနှင့် ချက်ချင်းလှမ်းချိန်လိုက်၏။

“ဟေ့ကောင် မပစ်နဲ့၊ မပစ်နဲ့၊ ဆတ်ကို မပစ်နဲ့ အကုန် ဒုက္ခ ရောက်ကုန်မယ်”

ဦးဘာမျိုးသည် ဘာဟိုးလက်ထဲက ဒူးလေးကို ချက်ချင်း လှမ်းဆွဲ ထားလိုက်၏။

“ဆတ်ကို ပစ်မလို့မဟုတ်ဘူး အဖေ၊ တောခွေးကို ပစ်မလို့”

“တောခွေးတွေကိုလည်း မပစ်နဲ့၊ ဆတ်ကိုလည်း မပစ်နဲ့၊ အကုန် ဒုက္ခရောက်ကုန်လိမ့်မယ်”

“ဘာဖြစ်လို့လဲ အဖေ”

“မုဆိုးစကားနဲ့ပြောရရင် သားကောင် မလုကောင်းဘူး၊ ပြီးတော့ ဆတ်ဖားကြီးကို တောခွေးတွေလက်ထဲက လုယူသွားကြမယ်ဆိုရင် ဒီတောခွေးတွေဟာ အဖေတို့သွားရာနောက် တကောက်ကောက် လိုက်ချောင်းပြီး ရန်ရှာကြလိမ့်မယ်။ တောခွေးဆိုတဲ့ အကောင်တွေဟာ အင်မတန် ရန်ငြိုးကြီးတတ်ကြတယ်။ တကယ်လို့ ဒီတောခွေးတွေဟာ အဖေတို့နောက်လိုက်ချောင်းရင်း ရွာထိသာလိုက်လာကြရင် ရွာပျက်ပြီသာ မှတ်”

“ဟင် ဘာဖြစ်လို့လဲ အဖေ၊ တောခွေးတွေ ရွာရောက်တာနဲ့ပဲ ရွာပျက်ရရော့လား”

“ရွာပျက်တယ်ဆိုတာက ဟိုလိုဒီလို အစွဲအလမ်းတွေကို ပြောတာ မဟုတ်ဘူး။ တောခွေးအုပ်သာ ရွာထဲက ကျွဲအုပ်နွားအုပ်တွေကို မြင်သွားရင် ကျွဲတွေနွားတွေအားလုံးပြုတ်ပြုတ်ပြုန်းကုန်မှာပြောတာ”

ဦးဘာမျိုး၏စကားကို သားနှစ်ယောက်မှာ ယခုမှ သဘောပေါက် သွားကြသဖြင့် တောခွေးတို့၏ ဆတ်ရေချပွဲကို သည်အတိုင်းပင် ကြည့်နေကြရလေ၏။

ရေသယ်ခွေးနှစ်ကောင်အနက် လိုက်ပါနေသော ဆတ်ဖားကြီး အား နောက်က ဘေးက ဝိုင်းလိုက်လာကြသော တောခွေးများမှာ သူ့ထက်ငါဦး ဆတ်ဖားကြီးကို ပြေးဆွဲဝင်ခဲကြသည်။ ဆတ်ဖားကြီးကလည်း ခွန်အားရှိသလောက် ဦးချိုနှင့် ဝှေ့ယမ်းပက်ခတ်၏။

ထိုသို့ ဆတ်ဖားကြီးနှင့် တောခွေးများ ရုန်းရင်းဆန်ခတ်ဖြစ်နေ ကြစဉ် ရေသယ်ခွေးနှစ်ကောင်သည် စမ်းအိုင်ထဲ ပြေးဆင်းလိုက်၊ သားကောင်လိုက်နေကြသော တောခွေးနှင့် ဆတ်ဖားကြီးရှိရာသို့ ပြေးလာလိုက်လုပ်နေကြ၏။ ရေငတ်နေကြသော တောခွေးများသည် နီးရာရေသယ်ခွေးတစ်ကောင်ကောင်၏ ကိုယ်ပေါ်မှ ရေစက်ရေပေါက်များကို ပြေးစုပ်လိုက်၊ ဆတ်ဖားကြီးနောက် ပြေးလိုက်နှင့် သားကောင်လိုက်မပျက် လိုက်လာ ကြသည်။

တောင်နိမ့်လျှောတစ်ခုအဆင်းတွင် တောခွေးများထဲ၌ ခေါင်းဆောင်ဟု ထင်ရသော တောခွေးကြီးတစ်ကောင်သည် ဆတ်ဖားကြီး၏ တံကောက်ကွေးကို မိမိရရ ဝင်ခဲ့လိုက်၏။ နာကျင်လွန်းသဖြင့် ဆတ်ဖား ကြီးက တအားခုန်ပေါက်လိုက်ရာ ကိုးပေခန့်အဝေးမှာ သွားကျသည်။ ဆတ်ဖားကြီး၏ခွာမှာ စုံကျခြင်းမဟုတ်ဘဲ ရှေ့ခြေခွာသီးနှစ်ဘက်က အလျင်ကျသည်။ မြေမာထဲ၌ပင် ဆတ်ခွာပေါက်ရာက လက်တစ်ဆစ် နှစ်ဆစ်ခန့်နက်သွားသည်။ ထို့ကြောင့်လည်း ဤသို့သော ဆတ်ခွာပေါက် ရာများကို တွေ့သော မုဆိုးများသည် အန္တရာယ်တစ်ခုခုကြောင့် ဆတ် ခွာပေါက်ရာဟု အတပ်သိကြခြင်းဖြစ်သည်။ ဆတ်ဖားကြီးမှာ ကိုးပေလောက်အဝေးသို့ ခုန်ပေါက်လိုက်နိုင် သော်လည်း သူ့တံကောက်ခွက်ကို ခဲထားသော ခွေးကြီးမှာ ပြုတ်ကျ မကျန်ခဲ့။ ဆတ်ဖားကြီးနှင့်အတူ ခဲလျက်ပင် ပါသွား၏။

ထို့ကြောင့်လည်း ဆတ်ဖားကြီးသည် ခေါင်းစိုက်လဲမတတ် ရှေ့သို့ ယိုင်သွားသည်။ သို့သော် ခဏချင်းပင် သူ့ကိုယ်သူ ပြန်ထိန်းပြီး ရှေ့သို့သာ ပြေး၏။ ထိုအခါ ဆတ်ပြေးအားကိုလိုက်မမီဘဲ ဆတ်ခြေထောက်တံကောက် ခွက်ကို ခဲထားသော တောခွေးကြီးမှာ ရွက်ကြွေတောထဲ တသောသော တညံညံ ဒရွတ်တိုက်ပါသွားသည်။

သူတို့၏ ဦးစီးခေါင်းဆောင်က ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေသည်ကို မြင်ကြရသော ကျန်တောခွေးများသည် အားမာန်ဝင်လာပြီး တစ်ကောင်ပြီး တစ်ကောင် ဆတ်ဖားကြီးကို ဝင်ဆွဲဝင်ခဲကြသည်။ သို့သော် ဆတ်ဖားကြီး ကား မလဲသေး။ သူ့ရှေ့က ရေသယ်ခွေးနှစ်ကောင်မျှားခေါ်နေသော ရေအိုင်ရှိရာသို့သာ တရကြမ်း ပြေးနေသည်။ ခံ ဆတ်ဖားကြီးခြေထောက်များ၊ ကိုယ်များတွင် ဝင်ခဲဖက်တွယ် ထားကြသော တောခွေးများမှာ ဆတ်ဖားကြီးတအားပြေးသောအခါ သစ်ပင်များ၊ ငုတ်များ၊ ကျောက်တုံးများနှင့် တိုက်မိ၊ ဆောင့်မိပြီးတစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကြသည်။ သို့သော် တောခွေး များကား သားကောင်လိုက်ရာတွင် ဇွဲကြီးကြ၏။ သစ်ပင်၊ သစ်ငုတ်၊ ကျောက်တုံးများနှင့် တိုက်မိ၍ ပြုတ်ကျကျန်နေခဲ့သော အကောင် များသည် ဆတ်ဖားကြီး ပြေးနေရာသို့ အလဲလဲအပြိုပြိုနှင့် လူးလဲထပြီး ဇွဲနပဲကြီးစွာ ဝိုင်းလိုက် ဝိုင်းကိုက်ကြပြန်သည်။

တောခွေးအုပ် ဝိုင်းလိုက်ဝိုင်းကိုက်၍ သေပြေးရှင်ပြေးလာနေ ရသော ဆတ်ဖားကြီးသည် ရေသယ်ခွေး၏ မြူဆွယ်လမ်းပြမှုကြောင့် စမ်းရေအိုင်ကို မြင်သွားသည်။ တောခွေးများ တစ်နာရီ နှစ်နာရီကြာ အလိုက်ခံထားရပြီး ရေအလွန်ငတ်နေသော ဆတ်ဖားကြီးသည် စမ်းရေ အိုင်ကို မြင်သည်နှင့် ချက်ချင်း ဝုန်းခနဲ ခုန်ဆင်းကာ သူ့တစ်ကိုယ်လုံးကို ရေထဲနှစ်စိမ်ပစ်လိုက်သည်။

ဆတ်ဖားကြီးကို ကြည့်ရသည်မှာ ဤအချိန်တွင် ရေမှတစ်ပါး တခြား ဘာအန္တရာယ်ကိုမျှ အရေးမထားသလို ရေအိုင်၌သာ သူ့ တစ်ကိုယ်လုံးကို စိမ်ပစ်လိုက်သည်။ ရေတိမ်နေသောအခါ သူ့ကိုယ်ကို စောင်းလှည့်၍ စိမ်ပြန်၏။

ဆတ်ဖားကြီး၏ အမှားကို စောင့်ကြည့်နေကြသော တောခွေး များသည် ထိုအခါမှ ထမင်းစေ့တစ်လုံးကို ပုရွက်ဆိတ်များ ဝင်ခဲသလို ဝိုင်းဆွဲဝင်ခဲကြတော့သည်။ တစ်ချိန်လုံး ရေသယ်ပေးနေရသဖြင့် ဆတ်ဖားကြီးအား တစ်ခါမျှဝင်ဆွဲ၊ ဝင်ခဲခြင်း မပြုရသေးသော ရေသယ် ခွေးနှစ်ကောင်ကလည်း ဤအခါ ဒေါသတကြီးနှင့် ဆတ်ဖားကြီးကို အားမာန်အပြည့် ဝင်ခဲကြသည်။

တောခွေးကိုးကောင် ဝိုင်းလိုက်ဝိုင်းကိုက်ခြင်းကို ခံလိုက်ရသော ဆတ်ဖားကြီးမှာ သူ့ကိုယ်ကို ရေစိမ်ပြီးသော်လည်း ဘယ်လိုမှထမပြေး နိုင်တော့ တညည်းညည်း တညူညူနှင့်သာ စမ်းရေအိုင်ထဲ လူးလှိမ့်နေ၏။

စမ်းရေအိုင်ထဲတွင် မသေမရှင်ဖြစ်နေသော ဆတ်ဖားကြီးအား တောခွေးများသည် စိမ်ပြေနပြေကိုက်ခဲကာ စမ်းရေအိုင်ထဲမှ ဆွဲတင် ကြ၏။ သို့သော် သူတို့ ကိုးကောင်အားနှင့် ဆတ်ဖားကြီးကို ရေထဲမှ ဆွဲတင်၍မရကြ။ ထိုအခါ မသေမရှင်ဖြစ်နေသော ဆတ်ဖားကြီး၏နားရွက်နှစ်ဘက်ကို ဝိုင်းကိုက်ဆွဲ၍ တင်ကြပြန်၏။

သူ့နားရွက်နှစ်ဘက်ကို ဝိုင်းကိုက်၊ ဝိုင်းဆွဲနေကြသော တောခွေး များအား အသိရှိနေသေးသော ဆတ်ဖားကြီးကလည်း လည်ပင်း တလှုပ်လှုပ် ဦးချိုတယမ်းယမ်းနှင့် အစွမ်းကုန်ကာကွယ် ဝှေ့ခတ်နေသည်။ သို့သော် ဆတ်ဖားကြီးမှာ ရေအိုင်ထဲမှပင် မထနိုင်သော အခြေအနေ ဖြစ်နေရာ မကြာခင် သူ၏နားရွက်နှစ်ဘက်ကို ဝိုင်းဆွဲဝိုင်းကိုက်ပြီး ဆွဲခေါ်နေကြသော တောခွေးများခေါ်ရာသို့ မထနိုင်ထနိုင် ထကာ ယက်ကန်ယက်ကန်နှင့် ပါသွားရပြန်သည်။ ဆတ်ဖားကြီး၏ တစ်ကိုယ်လုံးနှင့် စမ်းရေအိုင်မှာ သွေးတွေချင်းချင်းနီနေသည်။

ရေအိုင်ထဲမှ ဆတ်ဖားကြီးအား နားရွက်ကို ကိုက်ဆွဲပြီး ကမ်းပေါ်တင်နေကြချိန်ရောက်မှ သူတို့ခေါင်းဆောင် တောခွေးကြီးသည် စမ်းရေအိုင်နားသို့ ထော့နင်းထော့နင်းနှင့် ရုပ်ပျက်ဆင်းပျက် ပေါက်ချ လာ၏။

ထိုခေါင်းဆောင်တောခွေးကြီးမှာ ဆတ်ဖားကြီး၏ တံတောက် ခွက်ကို မလွတ်တန်း ခဲထားရာမှ ဆတ်ဖားကြီးပြေးရာကို ဒရွတ်တိုက် ပါကာ သစ်ငုတ်တစ်ငုတ်နှင့် ဆောင့်တိုက်မိပြီး လမ်းခုလတ်တွင် ပြုတ်ကျ ကျန်နေခဲ့သော တောခွေးကြီးဖြစ်သည်။

တစ်ကိုယ်လုံးတွင် ပွန်းရာပဲ့ရာရှရာတွေ ဗရပွနှင့် နောက်ကျမှ ရောက်လာသော ခေါင်းဆောင်တောခွေးကြီးသည် သူ့အုပ်မှ နောက်လိုက် တောခွေးများ ရေထဲဆွဲတင်နေကြသော ဆတ်ဖားကြီးကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီး ဒေါသတကြီး မာန်ဖီလိုက်သည်။

ခေါင်းဆောင်တောခွေးကြီး မာန်ဖီလိုက်သောအခါ ဆတ်ဖား ကြီးအား စမ်းရေအိုင်ထဲမှ ဆွဲတင်လာကြသော ကျန်တောခွေးများအားလုံး ချက်ချင်း သားကောင်ဆတ်ဖားကြီးကိုလွှတ်ကာ မြေတွင် ပြားပြားဝပ် နေလိုက်ကြသည်။ ခေါင်းဆောင် တောခွေးကြီးသည် ထော့နင်း ထော့နင်းနှင့် လျှောက်လာပြီး မသေမရှင်ဖြစ်နေသော ဆတ်ဖားကြီး၏ ဒွါရအူမကြီးကို ဆွဲထုတ်ကိုက်စားပစ်လိုက်သည်။ ထိုအခါမှ ဆတ်ဖားကြီးအား ဝိုင်းပြီးမြေပြင်တွင် ဝပ်စောင့်နေကြသော ကျန်တောခွေးများမှာ ဆတ်ဖားကြီး တစ်ကိုယ်လုံးကို ဝိုင်းအုံကိုက်ခဲကာ အားပါးတရ စားသောက်ကြလေသည်။

သစ်ပင်ပေါ်မှ စောင့်ကြည့်နေကြသော
ဦးဘာမျိုးတို့သားအဖ သုံးယောက်မှာမူ တောခွေးများ ဆတ်ဖားကြီးတစ်ကောင်လုံးကို အပြောင်အစင် စားပြီး ပြန်သွားကြတော့မှ သစ်ပင်ပေါ်မှ ဆင်းလာကြရသည်။ သူတို့ အတွက် ဆတ်ချိုတစ်စုံကလွဲပြီး အသားဆို၍ကား တစ်ဖဲ့တစ်စပင် မကျန်ရစ်ခဲ့ပေ။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ