ဆယ်နှစ်ကျော် ကာလများ –
မိုးမိုး (အင်းလျား)
လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလက ကျွန်မတို့ သူငယ်ချင်း တစ်စုသည် စိတ်ဝင်စားဖွယ် အထူးအဆန်းလေး တစ်ခုကို ပြုခဲ့ကြသည်။ ၁၉၆၆ ခု၊ ဇွန်လ ၆ ရက်နေ့က ဖြစ်၏။ ထူးခြားသော (၆၊ ၆၊ ၆၆) ဟူသည့် နေ့စွဲလေးကို သတိထားမိရင်း ကျွန်မက သူငယ်ချင်းများသို့ ပြောပြမိသည်။ ကျွန်မတို့သည် ရန်ကုန် တက္ကသိုလ် အင်းလျားဆောင်တွင် ရှိနေခဲ့ကြပြီး ကျွန်မက ကဗျာလေးများကို ရေးသားကာ စာပေနယ်ကို စတင် ဝင်ရောက် နေချိန် ဖြစ်သည်။
“ဒီ နေ့စွဲလေးက ထူးခြားတယ်၊ နောက်တစ်ခါ ၇ ရက်၊ ၇ လ၊ ၇၇ နေ့ ကျရင်လဲ ခုလို ထူးခြားတဲ့ နေ့စွဲလေး ပေါ်လာဦးမှာ၊ နောင်လာမယ့် ၁၁ နှစ်မှာ ဆိုတော့ တို့တစ်တွေ ဘယ်နေရာရောက်ပြီး ဘာတွေ ဖြစ်နေကြ မလဲ မသိဘူးနော်”
ကျွန်မက စိတ်ကူးကောင်းဖြင့် တွေးတွေးဆဆ ပြောသော်လည်း အရာရာကို ခွတီးခွကျ ဘုကန့်လန့် လုပ်ပစ်တတ်သော ချိုက “နင်ကတော့ ကလေးတွေ တစ်ကျိပ်လောက် မွေးပြီး တိုးလိုးတွဲလောင်း ဖြစ်နေမှာပေါ့” ဟု ဆိုသည်။
“အမယ် ကိုယ့် မင်္ဂလာဆောင်ကို ချိုက ကလေးတွေ လက်ဆွဲပြီး လာချင် လာနေရမှာ”
“ကြည့်ကြသေးတာပေါ့၊ ဘယ်သူက အရင်စွံမှာလဲ”
ထို့နောက် ကျွန်မတို့သည် အသေးအဖွဲ ကိစ္စလေးကိုပင် ရေးကြီးခွင့်ကျယ် လုပ်တတ်သော မိန်းကလေးတို့၏ သဘာဝ အတိုင်း သူ့ထက်ငါ အနိုင်လုကာ စကားဆိုကြ လေသည်။ ကျွန်မတို့ နေရသော အခန်းက ခုနစ်ယောက်ခန်း အခန်းကျယ်ကြီး ဖြစ်၍ လူကလည်း စုံသည်။ ပြီးတော့ ကျွန်မတို့ တစ်သိုက်သည် ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေတတ်၍ အပေါင်းအသင်း များသည်။ ကျွန်မတို့ အခန်းမှာ လူဝင်လူထွက် များတတ်ပြီး ပစ္စည်း အပျောက်အရှလည်း များတတ်သည်။ စားစရာ သောက်စရာ ရှိလျှင် နေ့ဝက်ကျိုး အောင်ပင် မခံတတ်။ မိဘများက ပို့လိုက်သော ငါးပိကြော် ငါးခြောက်ကြော်တို့မှာ ရောက်သည့်နေ့ ညနေစာ သိမ်းချိန်မှာပင် ပုလင်းခွံကို ဆေးလိုက်ရ တတ်သည်။ ပိုက်ဆံ ဆိုလျှင်လည်း လဝက်ဆိုလျှင် ဘိုင်ပြတ်ကြပြီ။ စုဘူး ဖောက်သူက ဖောက်၍ မြို့ထဲရှိ ဆွေမျိုးမကင်း သူများထံ အလည်သွားကာ မုန့်ဖိုးတောင်းသူက တောင်းရပြီ။ ကျွန်မတို့နှင့် ခင်မင် ရင်းနှီးသော ဆရာ၊ ဆရာမများ ဆိုလျှင် ကျွန်မတို့ကို ပိုက်ဆံ မချေးဖူးသူ မရှိ။
ကျွန်မတို့ အခန်း နံပါတ်သည် ကိုးဆယ့်တစ်၊ နိုင်တီဝမ်း။ နိုင်တီဝမ်းသည် အင်းလျားဆောင်တွင် ထိုနှစ်က နာမည် အကြီးဆုံး၊ အဆူဆုံး၊ အညံဆုံး၊ လူ အစည်ကားဆုံး၊ ဧည့်သည်အလာ အများဆုံး၊ စာအလာဆုံး၊ အဆောင်မှူး မမညွှန့် လှည့်လာ၍ အဆူခံရပြီ ဆိုလျှင် နိုင်တီဝမ်း၊ မီးပျက်၍ မီးပူ ခိုးတိုက်သည့် အခန်းကို စစ်လိုက်လျှင် တရားခံက နိုင်တီဝမ်း။ စာမကျက်ရသည့် စနေနေ့ ညတွင် ဖန်ခွက်နတ်၊ ဖျာလိပ်နတ် သွင်းကာ တဝါးဝါး တဟားဟား ဖြစ်နေသည် မှာလည်း နိုင်တီဝမ်း။
တစ်ညတွင် ကျွန်မတို့ သူငယ်ချင်း တစ်သိုက် စု၍ ဖန်ခွက်နတ် သွင်းကြသည်။ ကိုယ်တစ်ပိုင်း မြင်ရသော မှန်တစ်ချပ်ကို ချကာ ပေါင်ဒါမှုန့်များ ဖြူးလိုက်သည်။ မှန်ဘောင် တစ်လျှောက်မှာ အေ၊ ဘီ၊ စီ စာလုံးများကို စက္ကူပိုင်းကလေး များဖြင့် ရေးကာ စီ၍ ချထားသည်။ ပြီးတော့ ဖန်ခွက် တစ်လုံးကို မှန်ပေါ်မှာ မှောက်ထားပြီး လူသုံးယောက်က လက်ညှိုးသုံးချောင်းကို ဖန်ခွက်ပေါ်မှာ ထိသည်ဆိုရုံ ထိထားကြသည်။ နောက်တော့ ဝိညာဉ်ကို ခေါ်သာ်။ အင်္ဂလိပ်လို ခေါ်ရသည်။
“အနီးအနားတွင် ဖြတ်သန်း သွားလာလျက် ရှိသော ဝိညာဉ်၊ ဤ ဖန်ခွက်အတွင်း ဝင်ပါ”
သုံးကြိမ် သုံးခါ ခေါ်ရ၏။ နောက်တော့ ဘာကြောင့်မှန်း မသိ ဖန်ခွက်သည် ရွေ့လျားလာသည်။
“အသင် ဝိညာဉ်၊ ဖန်ခွက်တွင်းသို့ ရောက်ပြီဆိုလျှင် အေ စာလုံး ရှိရာသို့ သွားပါ”
ဖန်ခွက်သည် အေ စာလုံး ရှိရာသို့ ပေါင်ဒါမှုန့်များ အရှိန်ဖြင့် ရှောခနဲ ရွှေ့သွား၏။ ဝိညာဉ် ရောက်ပြီ၊ မေးလိုရာ မေးပေတော့။ ကျွန်မတို့ အများဆုံး မေးသည်မှာ ကျွန်မတို့ ဝိုင်းထဲမှ မည်သူ မည်ဝါကို ကြိုက်နေသူ ရှိလား၊ နာမည်က ဘာလဲ၊ စာလုံးပေါင်းပြပါ ဟူသော မေးခွန်းသာလျှင် ဖြစ်ချေသည်။ ထိုအခါ ဖန်ခွက်ကလည်း စာလုံးများဆီ တစ်လုံးပြီး တစ်လုံး ရွေ့လျားပြကာ စာလုံးပေါင်း ပြသည်။ ကျွန်မတို့မှာ သဘောကျ၍ မဆုံး။ မယုံဘူး ဟုလည်း မည်သူမျှ မပြောကြ။ ပျော်သည်ကိုး။ ပြီးတော့ ဖန်ခွက် ဝိညာဉ်က ပေါင်းပြသော နာမည်များသည် ကျွန်မတို့ အမြဲတမ်း တစ်ယောက်နှင့် တစ်ယောက် စကြ၊ နောက်ကြလေ့ ရှိသော နာမည်များသာ ဖြစ်လေသည်။
နောက်ဆုံး မေးလိုရာ မေးပြီး ဟားတိုက်၍ အားရမှ ဝိညာဉ်နှင် ကြသည်။ ခေါ်တုန်းက အင်္ဂလိပ်လို ခေါ်သည်။ မေးတော့ မြန်မာလို မေးသည်။ ပြန်နှင်တော့ အင်္ဂလိပ်လို နှင်ရသည်။
“ကျေးဇူး တင်ပါတယ်၊ အသင် ဝိညာဉ် သွားလိုရာ သွားနိုင်ပါပြီ’’
ကြောက်တတ်သော သူငယ်ချင်း တစ်ယောက်က “ယူ မေဂိုး” ဟူသော စကားကို တွင်တွင်ရွတ်ကာ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်အောင် ဆိုပြီး တံခါးများကိုပါ လိုက်ဖွင့်သည်။
“ယူ မေဂိုး၊ ယူ မေဂိုး၊ အမယ်လေး”
တံခါး သွားဖွင့်သူမှာ မိမိုး။ သူ့ အော်သံကြောင့် ကျွန်မတို့ လန့်သွားကြသည်။ သရဲများ ပူးပြီလား၊ မလှုပ်ရဲကြ။ နောက် အဆောင်မှူး အသံ ကြားရတော့ မိမိုးတစ်ယောက် အဆောင်မှူးနှင့် ပက်ပင်း တိုးပြီးကို သိကာ တစ်ဖက်ပေါက်မှ ထွက်ပြေးသူက ပြေးကြသည်။ စားပွဲအောက် ဝင်ပုန်းသူက ပုန်းသည်။ မှန်များ ဖန်ခွက်များကို ကပျာကယာ သိမ်းရသည်။ သို့သော် အဆောင်မှူးကို သွားပြီး “ယူမေဂိုး” ဟု ပြောမိ၍ အဆောင်မူးက ဒေါသ ဖြစ်နေပြီ။
“ဘာလုပ် နေကြတာလဲ”
အဆောင်မှူး ဝင်စစ်ဆေးတော့ ကျွန်မတို့ ဘာလုပ်သည်ကို သိသွားလေပြီ။ ဆူလိုက်သည်မှာ ရစရာ မရှိ။ ထိုနေ့မှ စ၍ အဆောင်မှူးသည် ကျွန်မတို့ နိုင်တီဝမ်းကို အလစ်မပေး။ လှည့်၍ စစ်ဆေးတိုင်း အမြဲတမ်း တံခါးဖွင့်ခိုင်းပြီး ကြည့်သည်။
ကျွန်မတို့ အုပ်စုတွင် ကျွန်မသည် ကျောင်းစာထက် ဝတ္ထု ဖတ်ရမှာ ဝါသနာပါသူ၊ ကဗျာစပ်သူ၊ စိတ်ကူးယဉ်သူ။ သို့သော် သူများနှင့် ရန်ဖြစ်ရမည် ဆိုလျှင် ကျွန်မက ရှေ့ဆုံးက။ အင်မတန် စွာသူ။
မိမိုးသည် သဘောကောင်းသူ၊ အနစ်နာ ခံတတ်သူ၊ သူငယ်ချင်း များကို ခင်တွယ်တတ်သူ။ သို့သော် အရာရာမှာ အလေးအနက် ထားကာ အားငယ် နေတတ်၍ ကျွန်မတို့ မကြာခဏ၊ သတိပေး ဆုံးမရသည်။ တစ်ခါတစ်ရံ တော့လည်း စကားနာ ထိုးတတ်လွန်းတော့ သူ့ကို မသိချင်ယောင် ဆောင်ကာ ဥပေက္ခာ ပြုထားရ တတ်သည်။ နုနုက စိတ်ရှည်သည်။ မိန်းမ ပီသသည်။ စကားနည်းသည်။ စိန်မေရီ ဒိုင်အိုတွင် သူငယ်တန်းမှ ၁၀ တန်း အထိ ဘော်ဒါကျောင်းသူ အဖြစ် နေခဲ့သူ။ သို့သော် အလွန် မြန်မာဆန်သည်။ မိခင်စိတ် ရှိသည်။ ကျွန်မတို့ နေမကောင်းလျှင် သူ့အပြုအစု အယုအယ ခံယူတတ်ကြသည်။ ထိုအချိန်ထိ ဆေးလုံးကို အလုံးလိုက် မျိုမချတတ်သော ကျွန်မကို အမြဲတမ်း အမှုန့်ကြိတ်၍ တိုက်သည်။
မမကြည်ကလူကြီးဆန်သည်။ တည်ကြည်သည်။ ရှက်တတ် ကြောက်တတ်သည်။ စည်းကမ်းကြီးသည်။ သို့သော် ကျွန်မတို့ အုပ်စုနှင့်တော့ သီးခြား နေချင်၍လည်း မရ၊ သူက မွတ်စလင်မို့ အစားအသောက်ကို အများနှင့် မရောနှော သီးသန့် နေသည်။ သီးသန့် စားသည်။ သို့သော် သူ တယုတယ ထားတတ်သော ဆီပုလင်းသည် ကျွန်မတို့ လက်ဖက်သုပ် ဝိုင်းတွင် လုံးပါး ပါးရသည်ချည်း။ လက်ဖက်သုပ်ရာ တွင်တော့ မိမိုးက ဒိုင်ခံ။ သို့သော် သူ့လက်ဖြင့် လက်ဖက်ကို အားရပါးရ နယ်လိုက်၊ လက်ချောင်းတွေကို လျှာဖြင့် လျက်လိုက်၊ ပြီး ပြန်နယ်လိုက် လုပ်တတ်သဖြင့် ကျွန်မတို့မှာ ရွံရွံနှင့်ပင် စားကြရသည်။
ချို၊ ကြူကြူနှင့် ရုသ်တို့ကတော့ တကယ့် ဗရုတ်တွေ။ ကျောင်းဖွင့်ရက် ပေမယ့် ခေါင်းလျှော်၊ သနပ်ခါး အဖွေးသား လိမ်းပြီး အဆောင်မှာ ဇိမ်နှင့် အိပ်ချင် အိပ်နေတတ်သည်။ အင်းလျားကန်မှာ ထိုင်ချင် ထိုင်နေတတ်သည်။ သို့မဟုတ်လျှင် ရုပ်ရှင်ရုံထဲ ရောက်နေမည်။ ယောက်ျားလေး သူငယ်ချင်းများနှင့် တစ်နေရာမှာ ဝိုင်းဖွဲ့ပြီး ဟားချင် ဟားနေမည်။ သူတို့နှင့် တွေ့လျှင် ရယ်ရမည်၊ ဟားရမည်၊ ပျော်ရမည်၊ ပြီး စိတ်ညစ်ရမည်။
တစ်နေ့ နာမည်စာရင်း ခေါ်သည့်အချိန် ကျောင်းသူအားလုံး ထမင်းစားခန်းတွင် စုရုံးနေခိုက် သူတို့သုံးယောက် အခန်းထဲမှာ နေရစ်သည်။ နာမည် ခိုးထူးပေးရန်၊ စာလာလျှင် ယူလာခဲ့ရန်လည်း မှာလိုက်သည်။ သူတို့မှာက အကြံနှင့်။ အားလုံး ပြန်လာမည့် အချိန်မှာ တစ်ခန်းလုံးကို မှောင်ချ ထားသည်။ တံခါးပေါက်နှင့် အနီးဆုံး ခုတင်မှာ ကြူကြူက ပက်လက် ငြိမ်ငြိမ်သက်သက် အိပ်နေသည်။ စောင်ပါးပါးကို ရင်ညွန့်အထိ လွှားထားသည်။ ခေါင်းရင်းက စားပွဲမှာ ပန်းအိုးတစ်လုံး တင်ထားပြီး ဖယောင်းတိုင် တစ်တိုင် ထွန်းထားသည်။ တကယ့် လူသေ အလောင်းကို ပြင်ဆင် ထားသည့်နှယ်။
ကံဆိုးသူက တစ်ဖက်ခန်းမှ သီသီစိုး။ သူက တစ်ယောက်မှ ပြန်မရောက် ကြသေးဘူးလား ပြောရင်း အခန်းထဲသို့ ဝင်သွားသည်။ တံခါး ဆွဲအဖွင့်တွင် ရုတ်တရက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ငယ်သံပါအောင် အော်တော့သည်။ ကျွန်မတို့ ပြေးသွားကြသည်။ ချိုတို့ အလုပ်များ နေကြပြီ။ မီးတွေဖွင့်ပြီး သီသီစိုးကို ရေတိုက်သူက တိုက်နေသည်။ ဆရာမတွေ လာမေးတော့ “သီသီစိုး ကြွက်တွေ့လို့ အော်တာပါ” ဟု ညာကြရသည်။ ထိုနေ့မှ စ၍ သီသီစိုး ကျွန်မတို့ အခန်းကို ရုတ်တရက် ဝင်မလာရဲတော့။
ကျွန်မတို့ အုပ်စုသည် တစ်ယောက်နှင့် တစ်ယောက် ချစ်လည်း ချစ်ကြသည်။ သံယောဇဉ်လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မက “နောင်လာမယ့် ဆယ့်တစ်နှစ်မှာ တို့တစ်တွေ ဘယ်နေရာ ရောက်နေကြမလဲ မသိဘူး” ဟု ဆိုသောအခါ တစ်နေ့တွင် ကျွန်မတို့ အားလုံး ခွဲခွါကြရမည့် အဖြစ်ကို သတိထားမိကြသည်။ ကိုယ့်ဘဝ ကိုယ့်ခရီးမှာ အသီးသီး ရုန်းကန်လှုပ်ရှား နေကြရပြီ ဆိုလျှင် ကျွန်မတို့တစ်တွေ ပြန်တွေ့ဖို့ပင် မလွယ်တော့။ သာရေး နာရေး ရှိလျှင်သော်မှ တစ်ယောက်နှင့် တစ်ယောက် အလှမ်းကွာနေလျှင် စိတ်သာရှိပြီး လူမရောက်နိုင် ဖြစ်ကြရမည်။ စာလေးတစ်စောင်၊ လက်ဆောင်လေး တစ်ခု ပေးပို့ရန် မလွယ်။ လူ့ဘဝကို ခြေစုံချမိပြီ ဆိုလျှင် ယခင်က ခင်မင်ခဲ့မှုများ ပျော်ရွှင် ကြည်နူးမှုများ၊ သံယောဇဉ်များကို မေ့သွားကောင်း မေ့သွားနိုင်ပေသည်။
ပျော်စေ ပြက်စေ သဘောမှ လေးလေးနက်နက် တွေးမိ လာကြသော အခါ ကျွန်မတို့ တစ်တွေသည် သဘောတူညီမှု တစ်ခုကို ရခဲ့ကြ လေသည်။
“ဒီနေ့ ၆ ရက်၊ ၆ လ၊ ၆၆ ခုဆိုတော့၊ နောက် ၇ ရက်၊ ၇ လ၊ ၇၇ ခုမှာ တို့တစ်တွေ ဘယ်နေရာပဲ ရောက်နေနေ ပြန်ဆုံ ကြရအောင်”
“ဟုတ်တယ် အော်တိုထဲမှာ လက်မှတ် ထိုးထားကြမယ်၊ မပျက်မကွက် လာဆုံကြစတမ်း”
“ကောင်းပြီ ဘယ်နေရာမှာ ဆုံမှာလဲ”
“ရန်ကုန်မှာ ရောက်နေတဲ့သူ တစ်ယောက်ယောက် ဆီမှာပေါ့”
“ဟုတ်တယ် ရန်ကုန်က လာလို့ လွယ်တယ်၊ ရန်ကုန်မှာ ရှိနေတဲ့သူက စာလှမ်းရေး အကြောင်းကြားပေါ့၊ ဒီကြားထဲမှာလဲ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်အောင် တစ်နေရာ ရောက်တိုင်း စာရေးကြပေါ့”
ထို့နောက် ကျွန်မတို့သည် အော်တိုဂရပ် အသီးသီးတွင် ၇၊ ၇၊ ၇၇ နေ့မှာ ပြန်လည် ဆုံတွေ့ကြမည့် အကြောင်း လက်မှတ် ရေးထိုးကြ လေသည်။ နောက်နေ့တွင် မြို့တွင်းမှ ကျောင်းတက်သော သူငယ်ချင်း အချို့လည်း စိတ်ဝင်စားကာ ကျွန်မတို့ အစီအစဉ်ထဲ ပါလာကြသည်။ သူတို့က မိဝင်း သန်းသန်းဝင်းနှင့် မကျည်းတန်။
မိဝင်းသည် ကျွန်မ ဝတ္ထုထဲတွင် လူဆိုး ဖြစ်လိုက်၊ လူကောင်း ဖြစ်လိုက်နှင့် မကြာခဏ ပါဝင် ကပြရသော ကျွန်မ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်သည်။ သူက စာတော်သည်။ ရိုးရိုးဝတ်၊ ရိုးရိုးနေသည်။ သူတို့ မိသားစုသည် ချောင်လည်လှသည် မဟုတ်။ ထို့ကြောင့် သူ ထောက်ပံ့ကြေး လျှောက်သည်။ သို့သော် မရ။ အချို့ ကျောင်းသားတွေက ထောက်ပံ့ကြေးငွေ ရ၍ ပျော်ရွှင်သည့် အထိမ်းအမှတ်ဖြင့် စုပေါင်း စားသောက် ကြသည်ကို မြင်သောအခါ ကျွန်မတို့ စိတ်မကောင်း ဖြစ်ကြရသည်။ ကျွန်မတို့ နှစ်ယောက် ပါမောက္ခချုပ်ဆီကို အရဲစွန့်ပြီး သွားတွေ့ကြသည်။ ပါမောက္ခချုပ် သည်ကား လူကြီး ပီသ၏။ ဖော်ရွေ၏။ ကျွန်မတို့ကို ရင်းနှီး ဖော်ရွေစွာပင် စကားလက်ခံ ပြော၏။
“ညည်းတို့ မောင်နှမ ဘယ်နှယောက် ရှိလဲ”
“ခုနစ်ယောက်ပါ”
“အလုပ်လုပ်တာ ဘယ်နှယောက်လဲ”
“နှစ်ယောက်ပါ”
“ဘာလုပ်လဲ”
“ကားဝပ်ရှော့မှာ လုပ်တယ်”
“ကိုယ်ပိုင်လား”
“မဟုတ်ပါဘူးရှင့်၊ နေ့စားပါ”
“ဒါပေမယ့် ကားပြင်တတ်ရင် ပိုက်ဆံများများ ရမှာပေါ့ မဟုတ်ဘူးလား”
‘’မရပါဘူးရှင့် စားလောက်ရုံပါ”
“အဖေ အမေကကော ဘာမှ မလုပ်ဘူးလား”
“အိမ်မှာ လက်ဖက်ရည် ဆိုင်လေး ဖွင့်ထားပါတယ်”
“ဒီလိုဆို ဝင်ငွေ ကောင်းတာပေါ့၊ ဆရာတောင် လာသောက်ရဦးမယ်”
“ဆရာ လာခဲ့ပါ၊ သူတို့အိမ်နဲ့ ဆရာတို့အိမ် နီးပါတယ်၊ ဒါမှ ဆရာ သူတို့ အခြေအနေကို တကယ် မြင်ရမှာ”
ကျွန်မက ဘေးမှ ဝင်ပြောသည်။
ဆရာက ကျွန်မဘက် လှည့်လာသည်။
“သူငယ်ချင်း ကတော့ ပိုက်ဆံ ချမ်းသာတယ်နော်၊ သူငယ်ချင်းကို နည်းနည်း ပေးသုံးပါလား”
“ကျွန်မလဲ မချမ်းသာဘူးရှင်”
“ဒါပေမယ့် လက်ထဲမှာ ရွှေလက်ကောက် တွေနဲ့”
ဆရာက ကျွန်မလက်ကို ကြည့်ပြီး ပြောသည်။ ကျွန်မတို့မှာ လိုရင်းကိစ္စ မအောင်မြင် သော်လည်း ဆရာနှင့် စကားပြောရ သည်ကို ကျေနပ်လာသည်။
“နောင်နှစ်ဆို ကျွန်မက ဒီလက်ကောက် ရောင်းပြီး ကျောင်းဆက် နေရမှာ’’
“အိမ်မှာ ရှိဦးမှာပေါ့၊ မိဘတွေက ဘာလုပ်လဲ”
“ကုန်သည်ပါ”
“ဟ ကုန်သည်ဆို သူဌေးပေါ့”
“ခု မဌေးတော့ ပါဘူး၊ ပြည်သူပိုင် သိမ်းသွားပြီ”
“ဒါပေမယ့် အရင်တုန်းက စုထားတာတွေ ကျန်ဦးမှာ’’
နောက်ဆုံးတော့ ကျွန်မတို့ နှစ်ယောက်သည် လူကြီး ပီပီသသပင် လိမ္မာပါးနပ်စွာ ဆက်ဆံ လွှတ်လိုက်သော ဆရာကြီးဆီမှ တပ်ခေါက် ပြန်လာခဲ့ရ တော့သည်။ သို့သော် ကျွန်မ သူငယ်ချင်းသည် အခက်အခဲ အားလုံးကို ကျော်လွှား၍ နောက်ဆုံးနှစ်ကို အမှတ် ကောင်းကောင်းဖြင့် အောင်ခဲ့သည်။ ထိုအခါ သူ့အိမ်ကရော ကျွန်မတို့ကပါ ပညာရေး တက္ကသိုလ်တွင် ဒီတီ ဆက်တက်ရန် တိုက်တွန်းကြသည်။ ဆရာမ အလုပ်ကို ဝါသနာ မပါဟု ဆိုကာ တွင်တွင်ငြင်းတော့သည်။ သို့သော် ရိုးရိုးဘွဲ့နှင့် ဆိုလျှင် အလုပ်ရဖို့ ခက်ခဲသည်ကို အကြောင်းပြကာ အတင်း တိုက်တွန်းကြ သဖြင့် သူ့ခမျာ မိသားစုကို ငဲ့၍ သွားတက်ရှာပါသည်။ ယခင်က ကျောင်းတက်မှန်ကာ စာကြိုးစားခဲ့သော မိဝင်းသည် ဒီတီ သင်တန်းတွင် ကျောင်းလစ်၍ချည်း နေသည်။ သူ ကျောင်းတက်သည့် နေ့တွင် ဆရာက နာမည်ခေါ်ရင်း သူ့ကို ပြောသည်ဆို၏။
“ဒေါ်ဝင်းရီ ခဏ မတ်တတ်ရပ် ပြစမ်းပါ မမြင်ဖူးလို့” ဟူသတည်း။
ကျွန်မတို့သည် သူပြောပြသည်ကို နားထောင်၍ ရယ်လည်း ရယ်ရ၊ သနားလည်း သနားသည်။ ယခုတော့လည်း သူသည် တပည့်များကို သံယောဇဉ် တွယ်တတ်သော ဆရာမကြီး ဖြစ်၍ နေလေပြီ။
သန်းသန်းဝင်း ကတော့ တစ်မူ ထူးခြားသည်။ သူသည် မိန်းကလေးနှင့် မတူ။ လမ်း အလွန်များသည်။ အပေါင်းအသင်းလည်း စုံ၏။ သူ့ကို ကျွန်မတို့က သုံးဘီးကားဟု နာမည် ပေးထား၏။ ကြုံရာ သူငယ်ချင်းက ဘယ်နေရာ သွား သွား အဖော်ခေါ်လျှင် သူ လိုက်သွားတတ်သည်။ သုံးဘီးကားကမှ ခေါ်တိုင်းမလိုက်။ သူကတော့ အဖော်လိုလျှင် သူ့သာခေါ် အမြဲလိုက်သည်။ သူ့ကို ကိစ္စ တစ်ခုခု အတွက် အချိန်းအချက် လုပ်၍ မရတတ်၊ ချိန်းထားသည့် နေရာသို့ အလာ လမ်းတွင် တစ်ယောက်ယောက်က အဖော်ခေါ်လျှင် ထိုသူနောက် ပါသွားသည်။ စောင့်နေသူက တမျှော်မျှော်၊ သူက ပေါ်မလာတော့။ “လာတော့ လာတာပဲ၊ လမ်းမှာ ဘယ်သူက ခေါ်လို့ ပါသွားတာ” ဟူသော အဖြေကိုသာ ရတတ်သည်။
မကျည်းတန်က ရုပ်ရှင် အလွန်ကြိုက်၏။ ကျွန်မသည် သူနှင့် အပေါင်းအသင်း ဖြစ်သွားပြီးမှ ရုပ်ရှင်ကို မလွတ်တမ်း ကြည့်သည့် အကျင့်ကို ရခဲ့သည်။ ကျောင်းတက်ချိန်တွင် ကျွန်မတို့ ရုပ်ရှင်ရုံထဲ ရောက်နေတတ်သည်။ ထိုစဉ်က ကာလ်ဗာနနင် နိုင်ငံခြား ကားကောင်းလေးများ ကြည့်ရတတ်၍ ကျွန်မတို့သည် ဇာတ်ကား အသစ်လဲတိုင်း ရုပ်ရှင်ကြည့်ဖြစ်သည်။ နှစ်ယောက်သည် စာကျက် ပျင်းရာမှာလည်း အလွန်တူ၏။ ကျွန်မတို့ “ဘာလို့ ကျတာလဲ” ဟု အံ့ဩသလို မေးတတ်ကြသည်။ မကျည်းတန်က “စာမေးပွဲ ကျတာပဲ၊ စာမကျက်လို့ ကျတာပေါ့။ ဟု ပြောပစ်တတ်သည်။
ယခုတော့ သူ စာကောင်းကောင်း ကျက်နေပြီ။ စာမေးပွဲတွေလည်း တစ်ခုပြီး တစ်ခု ဖြေနေလေသည်။ ပြင်ပဝိဇ္ဇာ ဖြေပြီး ဘွဲ့ယူသည်။ အထက်တန်း ရှေ့နေ စာမေးပွဲလည်း ဖြေသည်။ မှတ်ပုံတင် ရှေ့နေ သင်တန်းလည်း တက်သည်။ ကျွန်မကတော့ စာမေးပွဲ ဟူ၍ အလုပ်ဝင်သည့် စာမေးပွဲ တစ်ခုသာ ဖြေတော့သည်။ ဖြစ်နိုင်လျှင် ဘာစာမေးပွဲ ကိုမှ မဖြေချင်တော့။
မကျည်းတန်က ဆရာမ စာမေးပွဲတွေ တစ်ခုပြီး တစ်ခု အောင်သော်လည်း မူလတန်းပြ ဆရာမ အဖြစ်မှ မတက်သေး။ ရုပ်ရှင်ကြည့်သည့် အကျင့်ကလည်း ယခုထိ မဖျောက်၊ ရုပ်ရှင်ရုံတွေနှင့် နီးသော ကျွန်မအိမ်ကို သူ မကြာခဏ ရောက်လာတတ်သည်။ သူ့ကို တွေ့လျှင် နေကောင်းရဲ့လား မမေးနှင့်။ ဘယ်ဇာတ်ကား ကြည့်ပြီးပြီလဲဟုသာ မေး။
ကျွန်မကတော့ ကံကောင်းသည်ဟု ဆိုရမည်။ ကံအားလျော်စွာ စာပြုသင်တန်း တက်ခွင့် ရခဲ့ပြီး အလုပ် တစ်ခုလည်း မည်မည်ရရ ရခဲ့သည်၊ စာရေး ဖတ်ရသည့် အလုပ်မို့ ကျွန်မ နှစ်ခြိုက်၏။ ပြီးတော့ တစ်ဖက်ကလည်း ကျွန်မ ဝါသနာပါသည့် စာပေဘက်ကို ဆက်လက် ကြိုးစားခွင့် ရခဲ့သည်။ ယခု ကျွန်မ ရေးချင်လှသည့် စာကို ရေးနေရပြီ။
ရန်ကုန်တွင် ကျွန်မ၊ မိဝင်း၊ သန်းသန်းဝင်းနှင့် မကျည်းတန်တို့ အခြေစိုက်မိ ကြသည်။ သန်းသန်းဝင်းသည် ဆရာမ အလုပ်သာရပြီး ရှေ့နေ သင်တန်းပင် တက်သည်။ ကျွန်မက မြို့လယ်မှာ နေသည်မို့ ကျွန်မဆီတော့ သူငယ်ချင်း အားလုံး လမ်းကြုံတတ်သည်။ မကြာခဏ ရောက်လာတတ်သည်။ နယ်မှ သူငယ်ချင်းများလည်း ကျွန်မဆီတော့ ဝင်ဖြစ်သည်။ သို့သော် ကျွန်မ နေရသည်မှာ ကျယ်ကျယ်ဝန်းဝန်း မဟုတ်၊ ထပ်ခိုး။ ကျွန်မအိမ်မှာ တည်းခိုဖို့ ဖိတ်ခေါ်၍ မရ၊ သူတို့ကလည်း အားနာသည်။ ကျွန်မကလည်း ခေါ်သာ ခေါ်ရသည်။ ဒီနေရာအိပ်၊ ဒီနေရာစား ဘဝမို့ အားနာလှသည်။ မိဝင်းက ဆိုလျင် ကျွန်မနေသည့် နေရာကို အသက်ရှူ ကျပ်သည်ဟု ဆိုကာ သူလာလျှင် လမ်းမထွက် နေတတ်သည်။
ကျွန်မတို့ အားလုံး အဆက်အသွယ်တော့ မပြတ်ကြ၊ ကျွန်မကို ဗဟိုပြု၍ အားလုံး ဘယ်သူ ဘယ်ရောက်နေသည်။ ဘာလုပ် နေသည်ကို သိကြရသည်။ ကြူကြူသည် ဘားအံမှာ ဆရာမ လုပ်နေသည်။ မိမိုးကလည်း ဆရာမ၊ ရမည်းသင်းမှာ။ မမကြည်နှင့် ရုသ်ကလည်း ဆရာမတွေပင်။ သူတို့နှစ်ယောက်က သူတို့မြို့ ဖြစ်သော တောင်ငူမှာ။ ချိုနှင့် နုနုကတော့ သမဝါယမ ဌာနမှူးများ ဖြစ်သည်။ ချိုက စစ်တွေမှာ၊ နုနုက အိမ်မဲမှာ။ ကျွန်မတို့ အုပ်စုတွင် ဆရာမတွေက များသည်။ ကျွန်မသည်ပင် ကျောင်းမှ ထွက်စက ဆရာမ လုပ်လိုက်သေးသည်။ မိန်းကလေးတွ ဆရာမ လုပ်သည်ကို လူကြီးတွေက သဘောကျသည်။ ကျွန်မတို့ကတော့ ထို အစွဲအလမ်းကြောင့် မဟုတ်။ ရရာ ဝင်လုပ် ကြရခြင်းသာ ဖြစ်လေသည်။
ကျွန်မတို့ ချိန်းဆိုထားသည့်ရက် မရောက်မီ ဆယ့်တစ်နှစ်တာ ကာလ အတွင်းမှာ ကျွန်မတို့ ဘဝတွေလည်း အမျိုးမျိုး ပြောင်းလဲခဲ့ကြသည်။ ချို ပြောသလိုပင် ကျွန်မသည် ပထမဆုံး အိမ်ထောင်ကျ ခဲ့သည်။ ကျောင်းမှ ထွက်စ ကျွန်မ ဘဝသည် မရေရာခဲ့။ အမေ ဆုံးသွားသဖြင့် ခိုးကိုးရာမဲ့ ဖြစ်ခဲ့ရသည်။ ကျွန်မ၊ နုနု၊ ချိုနှင့် မကျည်းတန် တို့သည် အင်းလျားဆောင်မှ ခွာခဲ့ ကြပြီးသည့် နောက်ပိုင်း အမျိုးသမီး ဘော်ဒါဆောင် တစ်ခုမှာ ရုန်းကန် လှုပ်ရှားခဲ့ ကြရသည်။ ယခုတော့ ကျွန်မတို့ ဘဝ အသီးသီး အနည်ထိုင်စ ပြုပြီ။
ကျွန်မတို့ အုပ်စုတွင် မမကြည် တစ်ယောက်သာ အပျိုကြီးအဖြစ် ကျန်နေသေးသည်။ အားလုံး အိမ်ထောင် အသီးသီး ကျကာ ကလေးတွေလည်း ရနေကြပြီ။ ကျောင်းတုန်းက အလွန် ပျော်တတ်ခဲ့သော ကြူကြူသည် ကျွန်မဆီ ရောက်လျှင် ခြူသံပါအောင် ညည်းကာ စိတ်ပျက် စကားတွေချည်း တွင်တွင်ပြော တော့သည်။ ရုသ်က တစ်ခါမျှ ရောက်မလာ သော်လည်း စာရေးကာ ညည်းချင်း ထုတ်သည်။ မိမိုးကလည်း ဝမ်းနည်း အားငယ် စကားတွေ ပြောဆဲပင်။ ကျွန်မကို စာရေးဆရာမ မို့လို့ဟု ဆိုကာ သူတို့ မကျေနပ်ချက် တွေကို ပို၍ ပြောပြတတ် ကြသေးသည်။ သည်လိုနှင့်ပင် ဆယ်နှစ်ကျော် ကာလများကို ကုန်လွန်ခဲ့ကြရ လေသည်။
ကျွန်မတို့ ချိန်းဆို ထားသည့်နေ့ နီးလေလေ၊ ကျွန်မတို့မှာ ရင်ခုန်ရ လေလေပင်။ အော်တို စာအုပ်လေးကို ထုတ်၍ ကြည့်ရင်း အပူအပင် ကင်းစွာ နေခဲ့ရသော ဘဝကို ပြန်လည် တမ်းတမိရသည်။ မည်သည့် အခါမျှ အစားထိုး၍ ရတော့မည် မဟုတ်သော ငယ်ရွယ် ပျိုမျစ်မှု၊ ရွှင်လန်း တက်ကြွမှု၊ လွတ်လပ် ပျော်ရွှင်မှု တို့သည် တရိပ်ရိပ် ဝေး၍ ကျန်ခဲ့လေပြီ။
၇၊ ၇၊ ၇၇ နီးလာသော အခါ ကျွန်မ သူငယ်ချင်း အားလုံးဆီကို စာတွေ ပို့လွှတ်သည်။ ကျွန်မအိမ်တွင် တွေ့ဆုံကြမည့် အကြောင်း ထိုနေ့ကို ရင်တထိတ်ထိတ် စောင့်ကြသည်။ ရန်ကုန်မှာ နေသည့် သူငယ်ချင်းများ ကတော့ အချင်းချင်း ကြိုတင်တွေ့ကာ တိုင်ပင်ထားခွင့် ရသည်။ နုနု တစ်ယောက်က ကံကောင်း ထောက်မစွာ ရန်ကုန်မှာ သင်တန်း လာတက်ရသဖြင့် ကြိုရောက်နှင့်သည်။ နောက်တော့ မကြာခဏ အစည်းအဝေး လာတက်ရသော ချိုလည်း အချိန်ကပ်၍ ရောက်လာသည်။ နောက်ဆုံး ရောက်လာသူက မမကြည်။ ရုသ် တစ်ယောက်တော့ လာမည်ဟု အားခဲ ထားပြီးမှ သူ့ဖခင် ဆုံးသွားသဖြင့် မလာနိုင် တော့ကြောင်း သိကြရသည်။ ကျွန်မတို့ စိတ်မကောင်း ဖြစ်ကြရသည်။ စကားနာ ထိုးတတ်သော မိမိုးလည်း မရောက် ရောက်အောင် လာမည်ဟု ပြောထားပြီး ရောက်မလာ။ စာလည်း မပြန်။ စာမရ သည်မှာလည်း ကြာပြီ။ ကြူကြူ ကတော့ ခရီးဝေး၍ လမ်းပန်း အဆက်အသွယ် ခက်ခဲသောကြောင့် ထင်သည်။ ရောက်မလာ။
ထို့နေ့မှာ ကျွန်မတို့တစ်တွေ လွတ်လပ် ပျော်ရွှင်စွာ တွေ့ဆုံကြသည်။ ကျွန်မက နံနက်စာ လက်ဖက်ရည် ဝိုင်းနှင့် ကြိုနေသည်။ ကျွန်မတို့ အစီအစဉ်တွင် သက်ဆိုင်ရာ ယောက်ျားတွေ ဘေးတွဲတွေ မပါ။ ကျွန်မတို့ သူငယ်ချင်းတွေချည်း သက်သက်။ ဤသည်ကို မကျည်းတန်က သိပ်မကျေနပ်၊ သူက နောက်ဆုံးမှ လက်ထပ်သူမို့ သူ့ အဆွယ်အပွားကို ခေါ်လာချင်သည်။ အတွဲတွေနှင့် လည်ရရင် ကောင်းမှာဟု ဆိုသည်။ ကျွန်မဘို့က ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက် ကြသည်။ နုနုက ကိစ္စတစ်ခု ရှိ၍ ပါလာသော သူ့ခင်ပွန်းအား လက်ဖက်ရည် တိုက်ပြီး ချက်ချင်း ပြန်လွှတ်ရသည်။
သူငယ်ချင်း တစ်စုသည် လွန်ခဲ့သော ဆယ့်တစ်နှစ်က လိုပင် အားပါးတရ စကားပြောကြ လွတ်လွတ်လပ်လပ် ရယ်မောကြသည်။ ဟားတိုက်ကြသည်။ သို့သော် ကျွန်မတို့ ပြောသော စကား အကြောင်းတွေသည် အတိတ်က ပျော်ရွှင်ခဲ့သော အကြောင်းများသာ ဖြစ်လေသည်။
ကားတစ်စီး ငှားကာ ကျွန်မတို့တစ်တွေ ဘုရားစုံ လျှောက်သွားသည်။ ကြုံရာမှာ ထိုင်သည်။ စကားပြောသည်။ ကုက္ကိုင်းမှာ ထမင်းစား ကြသည်။ နေအေးမှ အိမ်ပြန်လာသည်။ ခေတ္တနားပြီး ပြန်ထွက်ကြသည်။ ကရဝိတ် ခန်းမ၏ ညအလှကို ကြည့်ရင်း နောက်ဆုံး အချိန်ကို ဖြုန်းကြပြန်သည်။ ထိုအချိန်တွင်တော့ ကျွန်မတို့သည် တစ်မနက်လုံး မေ့ထားကြသော ကျွန်မတို့၏ လက်ရှိ ဘဝ အခြေအနေများ၊ အခက်အခဲများ ရင်ထဲမှ အစိုင်အခဲများကို ဖွင့်ချမိလေ တော့သည်။ နောင် ဆယ့်တစ်နှစ်မှာရော ကျွန်မတို့တစ်တွေ ဘယ် အခြေအနေမှာ ရှိကြမည်နည်း။ ထပ်မံ ဆုံတွေ့ကြရန် ချိန်းဆိုကြသည်။
ကျွန်မတို့ အိမ်ပြန်ချိန်သည် နောက်ကျ၍ နေပြီ။ ကလေးပိုက်၍ မျှော်သူတွေက မျှော်နေပြီး လမ်းထိပ်ထွက်၍ ကြိုသူက ကြိုနေပြီ။ အိမ်ရှေ့တွင် စိတ်ပူစွာ ထိုင်စောင့်သူက စောင့်နေပြီ။ ကျွန်မတို့သည် အမြဲတမ်း မျှော်ရသူများ ဖြစ်ခဲ့ကြရာမှ သည်တစ်ခါ ကလဲ့စား ချေရသဖြင့် ကျေနပ် အားရကြသည်။ သို့သော် ကျွန်မတို့၏ တစ်နေ့တာ ရယူခဲ့သော တဒင်္ဂ လွတ်လပ် ပျော်ရွှင်မှုလေးသည် တစ်သက်တာ အချုပ်အနှောင် ထဲသို့ ပြန်လည် ဝင်ရောက်ခြင်းဖြင့် ကုန်ဆုံး ကွယ်ပျောက် သွားရလေသည်။
* * *
ကျွန်မတို့ သူငယ်ချင်း တစ်စု၏ တွေ့ဆုံပွဲလေးကို အမှတ်တရ ဝတ္ထုလေး တစ်ပုဒ် ရေးရန် သူငယ်ချင်းများက တိုက်တွန်းကြသည်။ ကျွန်မ အနေဖြင့်မူ ထူးခြားလှသော အကြောင်းအရာ မဟုတ်၍ ရေးလိုစိတ် မရှိလှ။ သို့သော် ထူးခြားသည့် အချက်အလက် တစ်ခုကို ကျွန်မ အမှတ်မဲ့ မြင်လိုက်သည်။
ယခု ကျွန်မတို့ သူငယ်ချင်း တစ်စုသည် အကြောင်းမသင့်၍ မလာနိုင်သူများမှ လွှဲလျှင် အားလုံး အသက်ရှင်လျက် ပြန်ဆုံတွေ့ ကြသည်။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ပြောင်းလဲတတ်သော သေခြင်းတရား၏ ခွဲခွါမှုကို ကျွန်မတို့ မခံကြရသေး။ ဝမ်းသာစရာပင် မဟုတ်ပါလား။ ကျွန်မတို့သည် ဘဝ အခက်အခဲများ ကြားမှ လူးလွန့် လှုပ်ရှားဆဲ ဖြစ်သည့်တိုင် ကျွန်မတို့ထဲတွင် ကံအကြောင်း မလှ၍ ထမင်းတစ်လုတ် အတွက် ခက်ခဲ ပင်ပန်းစွာ ရှာဖွေ စားသောက်ရသော ဘဝမျိုးကို မကြူံရသေး၊ ပို၍ ဝမ်းသာရမည် မဟုတ်ပါလား၊ ကျွန်မတို့သည် ကျရာ အခြေအနေမှာ ရှိသမျှ၊ ခွန်အားဖြင့် အလုပ် လုပ်ကြဆဲ ဖြစ်သည်။ ဘဝကို ကြံ့ကြံ့ခံဆဲ ဖြစ်သည်။ အခြေအနေ အရပ်ရပ်၏ စေ့ဆော်မှုဖြင့် မတော် မတရား စီးပွါးရှာစားရသူ၊ ဖောက်ပြန်ရသူ၊ ရေစုန်မျှော၍ လိုက်ရသူ၊ ဘဝတူချင်း ဖိနှိပ်ခံရသူ၊ သစ္စာမဲ့သူ၊ သူတစ်ပါး၏ ချွေးနှဲစာဖြင့် ကြီးပွါး ချမ်းသာမှုကို ရယူနေသူ ဟူ၍ မရှိ။ ဤသည်ကိုပင် ကျွန်မသည် ကျေနပ်နှစ်သိမ့်ခြင်း ဖြစ်မိရပါသည်။
နောင်လာမည့် ဆယ့်တစ်နှစ်။ ထို့နောက် နောက်ထပ်၍ ဆယ့်တစ်နှစ် တိုင်တိုင် ကျွန်မတို့သည် ယခုကဲ့သို့ မသေမပျောက် မဖောက်မပြန် နေနိုင်သော ဘဝမျိုးတွင် ရှိနေရပါစေဟု ကျွန်မ ဆုတောင်းမိပေသည်။
မိုးမိုး (အင်းလျား)
၁၊ ၄၊ ၁၉၇၈၊ ငွေတာရီ