ဆိတ်ဖြူတောင်မှ အန္တရာယ်ကောင်များ
ကျွန်ုပ်တို့၏ စစ်မြင်းတပ်နှင့် သုံးမိုင်ခန့် ကွာဝေးသော အလယ်ရိုးမအတွင်းရှိ ညောင်တိုကျေးရွာမှာ တောင်ကြောပေါ်တွင် တည်ထားသည့် ရွာကလေးတစ်ရွာ ဖြစ်ပါသည်။
ထိုရွာမှ မိန်းမပျိုနှင့် လူကြီး လူငယ်များသည် အင်းတကော် စစ်မြင်းတပ် တည်ထောင်သောအခါဝယ် လာရောက်၍ အလုပ်သမားများအဖြစ် မြေတူး၊ မြေညှိ၊ မြေသယ်၊ အဆောက်အအုံဆောက်သည့် လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ခဲ့သဖြင့် စစ်မြင်းတပ် ရဲဘော်များနှင့် ခင်မင်ရင်းနှီးပြီး ဖြစ်ကြလေသည်။
ကျွန်ုပ်တို့သည် ထိုကျေးရွာကလေးသို့ မကြာခဏ ရောက်ရှိပြီး တောလိုက်ခြင်းလုပ်ငန်းများကို ထိုအချိန်က စတင်ပြီး လုပ်ကိုင်ကြလေသည်။
တစ်နေ့ …
ထိုကျေးရွာမှ ကျွန်ုပ်နှင့် ခင်မင်သော တောင်ယာလုပ်ကိုင်သူ ဦးကျော် ဆိုသူ နံနက်စောစောရောက်လာပြီးလျှင် သတင်းပို့လာပါသည်။
“ဗိုလ်ကြီးရေ ဒီနေ့ည တောဝက်တွေနဲ့ စိုင်တစ်အုပ် တောင်ယာထဲ ဝင်မွှေသွားလို့ တော်တော်ပျက်စီးသွားပြီဗျ။ ကူညီပါဦး”
ကျွန်ုပ် ရုံးခန်းတွင်ရှိနေစဉ် ဒုတပ်ရင်းမှူးဖြစ်သော ဗိုလ်မှူးကျော်အား ဝင်၍ အကူအညီတောင်းလျက် ရှိနေပါ၏။
အချိန်မှာ ၁၉၄၃ ခုနှစ်၊ ဧပြီလ ဖြစ်ပါသည်။
ထိုအချိန်က တပ်ရင်းမှူးမှာ ဗိုလ်မှူးကြည်ဖြစ်ပြီး ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးကျော် ဖြစ်ပါ၏။ စစ်မြင်းတပ်၏ တပ်မှူးမှာ ထိုစဉ်က ဦးဝိစာရလမ်း ဗမာ့တပ်မတော် စစ်ဌာနချုပ် စစ်မြင်းတပ်မှူး ဗိုလ်မှူးတင့်ဆွေ ဖြစ်ပါသည်။
ဗိုလ်မှူးကျော်မှာ တော်လှန်ရေးအစိုးရလက်ထက်တွင် (ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ) ယခု ပင်စင်အငြိမ်းစား ဗိုလ်မှူးကြီးကျော် ဖြစ်ပါသည်။
ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်က ကျွန်ုပ်ကိုခေါ်၍ –
“ကဲ ခင်ဗျားပဲလိုက်သွားတော့ ဗိုလ်စိန်တင်”
ကျွန်ုပ်ကလည်း စိုင်ကော်လို့ ချုံပေါ်ရောက် ဆိုသကဲ့သို့ ရေငတ်တုန်း ရေတွင်းထဲကျသလို ခေါင်းညိတ်အလေးပြုရင်း ရဲဘော်နှစ်ဦးခေါ်ကာ လိုအပ်သော ကျည်ဆန်များကို ထုတ်ယူလိုက်ပါသည်။
ထိုအချိန်က ကျွန်ုပ်တို့ တပ်ရင်းတွင် ဂျပန်ရိုင်ဖယ်နှင့် အင်္ဂလိပ်ရိုင်ဖယ်အပြင် အမေရိကန်ရိုင်ဖယ် အနည်းငယ်ရှိနေပါသည်။
ကျွန်ုပ်သည် ဗြိတိသျှရိုင်ဖယ် ဒသမ (၃၀၃)ကို ထုတ်ယူကာ ရဲဘော်နှစ်ဦးကိုခေါ်၍ ညောင်တိုရွာကလေးသို့ လိုက်ခဲ့ပါသည်။
အချိန်မှာနံနက် (၁၁)နာရီကျော်ပေပြီ။
မြင်းကွင်းမှထွက်လိုက်သည်နှင့် စမ်းကွင်းနှင့် အင်တိုင်းတော၊ ဝါးတောများကို ဖြတ်သန်းကာ တောင်ကြောပေါ်သို့ တက်၍ လာခဲ့ရပါသည်။
ညောင်တိုရွာကလေးသို့ မရောက်မီ တောင်ကြော တစ်ကြောပေါ်သို့ တက်လိုက်သည်နှင့် ဖွတ်ကြီးတစ်ကောင် သစ်ခေါင်းအတွင်းသို့ ဝင်ရန် ထွက်ပြေးသွားသည်ကို တွေ့ရပါလေသည်။
ကျွန်ုပ်က ခါးမှ အမဲလိုက်ဓားမြှောင်ကို ဆွဲနုတ်ကာ ပစ်ပေါက်လိုက်၏။
“ဝှီး … ဒေါက်”
အမှန်ပင် ဓားမြှောင်သည် ဖွတ်မြီးကို ဖောက်ထွင်းကာ သစ်ပင်ရင်းကို စိုက်ဝင်နေ၏။ ဖွတ်ကြီးမှာ သစ်ခေါင်းအတွင်း ပြေးဝင်သော်လည်း အမြီးတွင် ဓားမြှောင်စိုက်ကာ သစ်ပင်တွင် တံစို့ထိုးသကဲ့သို့ စိုက်ဝင်နေသဖြင့် ပြေးမဝင်နိုင်တော့ချေ။
ယက်ကန်ယက်ကန် ဖြစ်နေသည်။
ဦးကျော်နှင့် ရဲဘော်ဟန်မောင်တို့က ဓားမြှောင်ကို နုတ်၍ ဆွဲထုတ်သော်လည်း ဖွတ်က လက်သည်းဖြင့် သစ်ခေါက်အတွင်း ကုပ်ထားသဖြင့် ဆွဲထုတ်မရပါချေ။
ဖွတ်နှင့် လိပ်တို့မှာ လက်ခြေမြဲ၍ သူတို့ကိုယ်ကို ဆွဲထုတ်ရန် မလွယ်ပါချေ။ လိပ်များ ကိုက်ထားလျှင်လည်း ဆွဲထုတ်ရန် မလွယ်ကူကြောင်းကို “လိပ်ခဲတည်းလည်း” ဟု ဆိုထားပေသည်။
ကျွန်ုပ်က –
“ဦးကျော်ရေ နည်းနည်းလျှော့ပေးပြီး သူက တိုးပြီးအဝင် ဆွဲထုတ်လိုက်ပါ”
ကျွန်ုပ်၏စကားကြောင့် ဦးကျော်က ပြုလုပ်လိုက်ရာ ဖွတ်ကြီးကို ရပါတော့၏။
ဖွတ်ကြီးအသားချိန်မှာ သုံးပိဿာခန့်ရှိသဖြင့် ညစာဖူလုံပါတော့သည်။
ကျွန်ုပ်တို့ ထိုညတွင် ဦးကျော်တို့၏ညောင်တိုရွာ တောင်စောင်းရှိ ယာတောအိမ်ကလေးမှာပင် စခန်းချလိုက်ကြပါသည်။
လဝန်းသည် တိမ်လှိုင်းများကြားမှ ငုပ်ချည် ပေါ်ချည်နှင့် ပြေးလွှားနေပါသည်။
လရောင်ခြည်သည် ငွေရောင်ဖျန်းထားသဖြင့် သစ်တောနှင့် မြေပြင်ကို လှပနေပါသည်။
“ဝေါင် … ဝေါင်”
ခပ်ဝေးဝေးဆီမှ ဒရယ်ကလေးတစ်ကောင်၏ အသံကို ကြားလိုက်ရ၏။
ကျွန်ုပ်နှင့် ရဲဘော်ဟန်မောင်၊ ရဲဘော်ချစ်ခိုင်တို့သည် ဗြိတိသျှရိုင်ဖယ်ကိုယ်စီဖြင့် ဦးကျော်၏ တဲအိမ်အပြင်ရှိ တံစက်မြိတ် လွတ်နေသော ကပြင်တွင်ထိုင်ကာ ရေနွေးကြမ်း သောက်နေကြ၏။
ဦးကျော်ကလည်း ဒူးလေးကြီးယူကာ ကျွန်တော်တို့နှင့်အတူ ထိုင်၍ စောင့်နေသည်။
“ဝက်ကောင်ရေ ဘယ်လောက်များသလဲဗျ”
ကျွန်ုပ်က မေးလိုက်သဖြင့် ဦးကျော်က –
“အားလုံး အကောင်သုံးဆယ်ကျော်မယ် ထင်တာပဲ”
“စိုင်ကရောဗျ”
“စိုင်အုပ်ကတော့ အကောင်နှစ်ဆယ်လောက် ရှိပါတယ် ခင်ဗျာ”
ထိုအချိန်တွင် –
လဝန်းသည် တဖြည်းဖြည်း မြင့်တက်ကာ မွန်းတည့်လုလုရှိနေလေပြီ။ တောဝက်နှင့် စိုင်များ၏ ဖျက်ဆီးမှုကြောင့် ပြောင်းခင်းများ မြင်မကောင်း ရှု့မကောင်း လဲပြိုနေသည်ကို လရောင်တွင် တွေ့မြင်နေရလေသည်။
ထိုအခိုက် –
“ကွိကွိ … ကွိကွိ”
အော်သံများကို ကြားလိုက်ရသည်။
ထိုအသံမှာ တောဝက်အသံများ မဟုတ်ဘဲ တောတွင်းပျော် မျောက်ညို၊ မျောက်မောင်းမ၊ မျောက်လွှဲကျော်တို့၏ အသံပင် မဟုတ်ပါလား။
စိတ်ထဲတွင် –
“ဒီကောင်တွေကြောင့် တောဝက်တွေ လာပါဦးမလား။ တော်တော်ရှုပ်တဲ့ သတ္တဝါတွေပဲ”
ဟု ကျွန်ုပ်သည် စိတ်ထဲမှ ရေရွတ်နေမိပါသည်။ တစ်ခဏချင်းမှာပင် –
မျောက်တစ်အုပ်သည် သစ်ပင်များမှ ခုန်ဆင်းလာကာ ယာတောထဲ ဝင်လာပါ၏။
ဦးကျော်က –
“ဗိုလ်လေး ဘယ်လိုလုပ်မလဲ”
သူက တိုးညင်းသောအသံနှင့် မေးလိုက်သဖြင့် ကျွန်ုပ်က-
“နေဦးဗျ … ခဏလေးစောင့်ပါဦး”
ထိုစဉ်-
“ဝုန်း – ဝုန်း – ဝုန်း”
ပြောင်းခင်းထဲမှ အသံများဖြစ်၏။ မျောက်များကချိုးဖဲ့စားသောက်နေကြပါလေပြီ။
အကယ်၍သာ ဦးကျော်၏ ရင်တွင်းသို့ ဝင်၍ကြည့်နိုင်ပါမူကား စည်တီးသကဲ့သို့ အသံကို ကြားရပေမည်တည်း။
“အုအု … အုအု”
ထိုအသံကို ကြားလိုက်သည်နှင့် ကျွန်ုပ်တို့မှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
“တောဝက်တွေလာပြီ။ ဒါပေမဲ့ ထိရောက်အောင်ပစ်ဖို့ လိုတယ်။ ဟန်မောင် မင်း ပြေးပြီး ပြောင်းခင်းစပ်မှာ နေရာယူစမ်း”
တစ်ဖန် ချစ်ခိုင်ကိုလည်း ပြောင်းခင်းနှင့် ကန်စွန်းခင်းကြားရှိ ကျောက်ဆောင်တွင် နေရာယူခိုင်းလိုက်ပါသည်။ တောဝက်အုပ်သည် ဝါးရုံနှင့် သစ်တောအုပ်များအကြားမှ ပေါ်လာကာ တောင်ကြောမှနေ၍ တောင်စောင်းရှိ ပြောင်းခင်းသို့ ဆင်းလာကြ၏။ တောဝက်မှာ ကန်စွန်းဥကြိုက်တတ်သော အမျိုးဖြစ်၍ ကန်စွန်းခင်းဘက်သို့ ဆင်းသွား၏။ ထိုအခိုက် –
တောဝက်တွေ ရောက်လာသဖြင့် မျောက်များမှာ တဝုန်းဝုန်း ထွက်ပြေးကြပြန်သည်။
ထိုစဉ်-
“ဒိုင်း”
“ဒိုင်း”
သေနတ်သံနှစ်ချက် ပေါ်ထွက်လာ၏။
ကျွန်ုပ်ကလည်း ထွက်ပြေးလာသော တောဝက်ကြီးလေးကောင်ကို အလျင်အမြန် ကျည်နှစ်တောင့်ဖြင့် လက်ပြင်ဆီသို့ ပစ်သွင်းလိုက်ပါသည်။
နှစ်ကောင် လဲကျသွားပါ၏။ ကပြင်မှ ဆင်းခဲ့သောအခါတွင်မူ ရဲဘော်ဟန်မောင်က တစ်ကောင်နှင့် ချစ်ခိုင်က တစ်ကောင် ပစ်ပြီးရလိုက်သည်။ စုစုပေါင်း (၄)ကောင်။
ညတွင်းချင်းပင် ရွာသားအချို့ ရောက်လာရာ ဝက်များကို အဖျက်ခိုင်းပြီး ဝက်တစ်ကောင်ကိုခွဲဝေပေးကာ နှစ်ကောင်ကို စစ်မြင်းတပ်ရင်းသို့ နံနက်တွင် သွားရောက်ပို့ရန်အတွက် ဦးကျော်ကို တာဝန်ပေးလိုက်ပါ၏။
ကျွန်ုပ်နှင့် ရဲဘော်နှစ်ဦးအပြင် ဦးကျော်တို့ မိသားစုတွင်မက ငါးအိမ်သာရှိသော ညောင်တိုရွာကလေးတွင် ဝက်သားများ လှိုင်လှိုင်စားလိုက်ရသဖြင့် အပျော်ကြီး ပျော်သွားတော့၏။
နံနက်စောစော လင်းရောင်ခြည်ပင် မလာသေး။
ဦးကျော်နှင့် ရွာသားငါးဦးခေါ်ကာ မဟူရာ သစ်တောကြိုးဝိုင်းဆီသို့ ခြေဆန့်ခဲ့ကြပါသည်။
အကြောင်းမှာ –
ကျွန်ုပ်တို့သည် ယာခင်းကို ဒုက္ခပေးခဲ့သော တောနွားခေါ် စိုင်ကိုလိုက်ရန် ထွက်ခဲ့ခြင်းဖြစ်ပါသည်။
သစ်တော ဝါးတောကြီးများနှင့် တောင်ကျစမ်းချောင်းများကို ဖြတ်ကျော်လာခဲ့စဉ် တောင်ဆိတ်နှစ်ကောင်အား မြင်းခွာတောင်စောင်းကျောက်စွန်းပေါ်မှနေ၍ ကျောက်စွယ်တွင် ကပ်နေသော သစ်ချုံကလေးများကို စားသောက်လျက် ရှိနေသည်ကို တွေ့ရ၏။
တောင်ဆိတ်ကို တွေ့ခဲ့ရသလို တောင်ဆိတ်ချိုနှင့် တောင်ဆိတ်လျှာသည် ဆေးဖက်ဝင်လှကြောင်း သိထားရပါ၏။ တောင်ဆိတ်သည် ဒဏ်ရာရ သော်ငြားလည်း သူ၏လျှာဖြင့်လျက်သဖြင့် ဒဏ်ရာပျောက်ကင်းစေသည်။ တောင်ဆိတ်လျှာမှာ ဆေးဖက်ဝင်နေသော လျှာပင်။
ကျွန်ုပ်ပစ်ချင်သော်လည်း စိုင်အုပ်လွတ်သွားမည်စိုးသောကြောင့် မပစ်ရပါ။ တောင်ဆိတ်နှစ်ကောင်မှာအဖို အမ ဖြစ်ဟန်ရှိပြီး ကျွန်ုပ်တို့အသံ ကြားလိုက်သည်နှင့် ကျောက်စွန်းကြီးမှနေ၍ အောက်သို့ ခုန်ဆင်းသွားတော့၏။
နံနက် (၉)နာရီလောက်တွင် မဟူရာသစ်တောကြိုးဝိုင်းကြီး ပြင်ပရှိ ဆိတ်ဖြူတောင်ခြေသို့ ရောက်လာပါ၏။ တောင်ကြောကျောက်ဆောင်ကြီး၏ အောက်ခြေတွင် ခေတ္တအနားယူကာ ပါလာသော ထမင်းထုပ်များကို ဖြေ၍ စားသောက်လိုက်ကြပါသည်။
တောင်ကြောအောက်တွင် ဆိတ်ဖြူချောင်းကလေးတသွင်သွင် စီးဆင်းနေသည်ကို တွေ့ရ၏။
ကျွန်ုပ်တို့ ထမင်းစားပြီးချိန်ကလေးမှာပင် ထူးထူးခြားခြား မိုးရိပ်များ တက်လာပြီးလျှင် မိုးမှာ တဖြုန်းဖြုန်း ရွာချလာပါတော့သည်။
လေကလည်း တဝေါဝေါ တိုက်ခတ်လာပြီးလျှင် သစ်ပင်ကြီးအချို့၏ သစ်ကိုင်းများ ကျိုးကျကုန်၏။
“ဘူး … ဘူး”
ရုတ်တရက် နှာခေါင်းမှုတ်သံနှင့်အတူပင် တောထဲမှနေ၍ စိုင်အုပ်ကြီးတစ်အုပ် ကသောကမျောနှင့် ပြေးထွက်လာပါသည်။
ကျွန်ုပ်တို့လည်း မိုးရေတွေ့ရွှဲကာ ကျောက်ဆောင်ကြီးတွင် ခိုကပ်နေစဉ် ကျွန်ုပ်တို့ထံသို့ ဦးတည်ပြေးလာသော စိုင်ကြီးများအား သေနတ်ပြောင်းညွှန်၍ ခလုတ်များကို ဆွဲချလိုက်ရပါသည်။
“ဒိုင်း – ဒိုင်း – ဒိုင်း”
ခေါင်းဆောင်စိုင်ကြီးတစ်ကောင် လဲကျသွားသော်လည်း ကျန်သိုင်များ မရပ်မနား ကျွန်ုပ်တို့ထံသို့ ဒေါသတကြီး တိုက်ခိုက်ရန် ပြေးလာတော့သည်။
“ဟာ-ဟာ-ဟာ-ဟာ”
“ဟာ မြန်မြန် ကျောက်ဆောင်ပေါ်တက်ဟေ့”
ကျွန်ုပ်တို့မှာ ကမန်းကတန်း ကျောက်ဆောင်ကြီးပေါ်သို့ ပြေးတက်ကြရသည်။
“ဟာ-ဟာ-ဟာ-ဟာ”
ကျွန်ုပ်တို့အားလုံး ကျောက်ဆောင်ထိပ်ပေါ်သို့ ရောက်လာစဉ် မျက်လုံးပြူးသွားရသည်။
ရုတ်တရက် တွေ့လိုက်ရသော အန္တရာယ်ကောင်များကြောင့်လည်း တုန်လှုပ်သွားရသည်။
“အမယ်လေး ငန်းပုပ်ကြီးတွေပါလား”
မှန်သည်။
ကျောက်ဆောင်ကြီးပေါ်ရှိကျောက်ခွက်ကြီးအတွင်းဝယ် သစ်ရွက်များဖြင့် အသိုက်ဖွဲ့နေသော ငန်းပုပ်ကြီးများအပြင် ထိုကျောက်ဆောင်ကြီးနှင့် ကပ်လျက်ထိစပ်နေသော ကျောက်ဆောင်များပေါ်တွင် ပါးပျဉ်းထောင်ကာ ခေါင်းယမ်းနေသော တောကြီးမြွေဟောက်အသိုက်များ။
“ရွှီး”
“ရွှီး”
အော်သံကြီးများနှင့်အတူ တစ်ရှိန်ထိုး ကျွန်ုပ်တို့ထံသို့ ပြေးလာကြ၏။
ရုတ်တရက်-
အခြားကျောက်ဆောင်တစ်ဆောင်က “ဝှီး” ခနဲ အသံနှင့်အတူ လွင့်၍ ပျံလာသော မြွေနီနှစ်ကောင်သည် ကျွန်ုပ်တို့ထံသို့ ခုန်ဆင်းလာလေသည်။
“ဟေ့ – ဆင်ပစ်မြွေတွေ”
ကျွန်ုပ်ကအော်ရင်း လှံစွပ်ကို ခါးမှ ဆွဲထုတ်ကာ တဝီးဝီးယမ်းကာ ပစ်လိုက်ရ၏။
“ခွီး”
အော်သံနှင့်အတူ မြွေနီနှစ်ကောင်မှာ အပိုင်းပိုင်းပြတ်ထွက်သွားပါတော့၏။
ငန်းမြွေကြီးများကလည်း ပါးပျဉ်းထောင်ကာ ကျွန်ုပ်တို့နှင့် သုံးလှမ်းကွာအထိ ရောက်လာပါသည်။
“ရွှမ်း ရွှမ်းရွှမ်း”
ကျွန်ုပ်တို့သည်လှံစွပ်နှင့် ငန်းပုပ်ကြီးနှစ်ကောင်အားဘယ်ညာပင်ခုတ်ရင်း ကျောက်ဆောင်ကြီးအောက်သို့ ပြေး၍ ဆင်းလာရပါသည်။
ပြေးလာသော စိုင်အုပ်သည် မြင်းခွာတောင်ခြေသို့ ဖြတ်၍ ပြေးထွက်သွားစဉ် သူတို့နောက်မှ တောကောင်ခေါ် ကိုးတောင်နီးပါးရှိ ကျားကြီးနှစ်ကောင်က ပြေးလိုက်သွားသည်ကို တွေ့ရပါတော့သည်။
“ဪ ဒီတောကောင်ကြီးတွေကြောင့် စိုင်တွေ တရကြမ်း ငါတို့ဆီ ပြေးလာတာပဲဟေ့”
ကျွန်ုပ်သည် အချိန်မဆွဲနိုင်ပါ။
ငန်းပုပ်အသိုက်ထဲမှရော နောက်ထပ် တောကြီးမြွေဟောက်ခေါ် မြွေဆိုးများ၊ ဆင်ပစ်မြွေဆိုးများ မရောက်မီ လဲနေသော စိုင်ကြီးကို ဖျံမနိုင်နွယ်များနှင့် ပါလာသော လျှော်ကြိုးများဖြင့် ချည်တုပ်ကာ ဝါးလုံးများ ခုတ်ပြီးလျှင် ဦးကျော်နှင့် ရွာသားငါးဦး ကျွန်ုပ်တို့က သုံးဦးပေါင်း၍ အပြေးထမ်းယူလာခဲ့ရပါသည်။
ကျွန်ုပ်တို့အပြန်ခရီးမှာ သာယာလှသည်ဟု မဆိုနိုင်ပါ။ မိုးက မစဲသေး။ လေက ထန်ဆဲဖြစ်နေပါသည်။
ချောင်းရေများကြောင့် မိုးမှောင်မှပင် ညောင်တိုရွာကလေးသို့ ပြန်ရောက်ခဲ့ရတော့သည်။
လမ်းတစ်လျှောက်တွင် အန္တရာယ်ကောင် ငန်းပုပ်များ လိုက်လာဦးမလားဟု တထိတ်ထိတ်နှင့် ရှိနေပါသတည်း။
– ပြီး –
စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ