——————–
မောင်နှင့်ကျွန်မ ရည်းစားသက်တမ်း ၅ နှစ်ရှိလာပြီ။ တစ်နေ့ မောင်က ကျွန်မကို ပြောလာသည်
“နွယ် … မောင်အလေးအနက်ပြောချင်တယ်”
“ပြောပါမောင်”
“မောင်တို့ လက်ထပ်ကြရအောင်”
“မောင် ဒီစကားကို မနှစ်ကလည်း ပြောခဲ့တယ်လေ။ နွယ်မငြင်းခဲ့ဘူးနော်။ အချိန်မရွေးလို့ ပြောခဲ့တယ်”
“မောင်က အလုပ်အကိုင် အတည်တကျမရှိသေးလို့ပါကွယ်။ ခုတော့ အလုပ်အကိုင်ကလည်း ခိုင်သွားပြီဆိုတော့ လက်ထပ်ဖို့ ပြောတာပါ”
“ရတယ်လေ … မောင်က ဘယ်လိုစီစဉ်ထားသလဲ”
“မောင်စီစဉ်ထားတာကိုပြောမယ်။ နွယ်အလုပ်ထွက်လိုက်တော့။ မောင့်အိမ်မှာ လိုက်နေရမယ်။ အိမ်ထောင်မှု တာဝန်တွေပဲလုပ်။ မောင့်အမေကိုပြုစုပေါ့”
“ဒါဆိုရင် နွယ့်အမေကရော”
“နွယ့်အမေက သူ့မှာ သားအကြီးရယ်၊ ချွေးမရယ်၊ မြေးတွေရယ်ရှိတယ်လေ။ ပြီးတော့ နွယ်တို့က အိုးပိုင်အိမ်ပိုင် ဘာမှ ပူစရာမလိုဘူး။ နွယ့်အစ်ကိုကြီးကလည်း ဝင်ငွေကောင်းတယ်။ မောင်တို့နဲ့ လိုက်နေမယ်ဆိုတာတောင် ခွင့်ပြုမှာ မဟုတ်ဘူး”
“မောင်ပြောတာတွေ လက်မခံနိုင်စရာမရှိပါဘူး။ ဒါပေမဲ့ နွယ်တစ်ခု သဘောမကျတာက နွယ်လက်ရှိ အလုပ်က ထွက်ရမယ်ဆိုတာနဲ့၊ ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာနေပြီ အိမ်မှုကိစ္စတွေရယ်၊ ယောက္ခမတာဝန်တွေရယ် ယူရမယ်ဆိုတာကြီးကိုတော့ သိပ်သဘောမကျဘူး”
“အိမ်ထောင်ကျလာရင် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပဲနွယ်”
“မောင် အိန္ဒိကားတွေ အကြည့်များသွားပြီနဲ့တူတယ်။ အလိမ်မာ အိမ်ပါဆိုတဲ့ခေတ်တွေ ကုန်သွားပြီမောင်။ အိမ်ပါဆို ပါလို့ရတယ်။ ဒါပေမဲ့ ကျွန်ခံဖို့တော့ မဟုတ်ဘူး”
“ဟာ နွယ်ပြောတာ များသွားပြီ။ ဘယ်သူက ကျွန်လို့ ပြောလို့လဲ”
“ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာပဲနေ၊ ယောက်ျားပေးတာ လက်ဖြန့်ခံ၊ ယောက္ခမ ချေးသေးကိုပါ တာဝန်ယူ၊ သားသမီးတွေ မွေးလာရင်လည်း ဆက်ပြီးတော့ အိမ်ထဲမှာပဲ ဘဝကို မြှုပ်လိုက်ရမှာလားမောင်။ နွယ်တစ်ခု ပြောမယ်။ နွယ်က အလုပ်ထွက်လိုက်ပါပြီတဲ့။ နွယ့်မှာ ဝင်ငွေ မရှိတော့ဘူး။ မောင်ပေးသမျှ နွယ်လက်ဖြန့်ပြီး တောင်းသုံးရတော့မယ်။ အဲဒီလို အနေအထားကို အကြောက်ဆုံးပဲ။ ယောကျ်ားနဲ့ ယေက္ခမ မျက်နှာကြည့်ပြီး နေရမယ်ဆိုတာ သဘောမကျဘူး။ နွယ်လည်း ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင် တယ်”
“အိမ်ထောင်ကျလာပြီဆိုရင် မောင့်တာဝန်ပဲလေ”
“အဲဒါကို နွယ်လက်မခံချင်တာ။ ငွေရှာတာ ငါ့တာဝန်ထား ဆိုတာကြီးကိုပါ။ မောင်က ပိုက်ဆံလေး ရှာပေး လိုက်ရင် တာဝန်ကျေပြီလို့ ယူဆမှာ။ ပိုက်ဆံပေးပြီး အိမ်က အသားလေးထွက်သွားရုံပဲ။ ပြန်လာရင် စားဖို့ အသင့်၊ အိပ်ဖို့အသင့်၊ ဝတ်ဖို့အသင့်။ နွယ်က အိမ်မှနေပြီး ဘာတွေကိုရင်ဆိုင်ရမယ်ဆိုတာ မောင်တွေးဖူး သလား၊ နွယ်တော့ အများကြီးတွေးဖူးတယ်။ ယောက်ျားက ဝင်ငွေရှိနေရင် ပြဿနာမရှိဘူး။ ဝင်ငွေမရှိရင် ပြဿနာ ရှာတော့မယ်။ ယောက္ခမကလည်း လုပ်ပေးနေသမျှ ကောင်းနေမယ်၊ လုပ်မပေးနိုင်ရင် အပြစ်တင် တော့မယ်။ အိမ်မှာ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အိမ်မှုကိစ္စကိုတွေသာလုပ်နေရတဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံး လင်ကလည်းစွန့်ခွာ၊ ယောက္ခမကလည်းမရှိ၊ သားသမီးတွေကလည်း သူ့လမ်းသူလျှောက်ချိန်မှာ ဘာဖြစ်သွားမလဲဆိုတာ မောင်တွေးဖူးလား”
“အဲဒီလောက်အထိ တွေးစရာ လိုသလား နွယ်”
“တွေးရမယ်မောင် … အများကြီးကြိုတွေးထားရမယ်။ နွယ် ပညာဆက်သင်ချင်သေးတယ်။ အလုပ်လုပ်ပြီး ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ချင်တယ်။ ယောကျ်ားမျက်နှာ၊ ယောက္ခမမျက်နှာ၊ သားသမီးမျက်နှာကြည့်ပြီး ထိုင်စားနေရတဲ့ အလုပ်ကို မလုပ်ချင်ဘူး။ နွယ် အလုပ်မထွက်ဘူး။ ပညာလည်း ဆက်သင်မယ်။ ကိုယ့်အား ကိုယ်ကိုးပြီး လက်တွဲနေနိုင်မယ်ဆိုရင် လက်ထပ်ကြတာပေါ့မောင်”
“ဒါ နွယ့်ရဲ့ ဆုံးဖြတ်ချက်ပဲလား”
“ဟုတ်တယ်မောင်”
ကျွန်မနှင့်မောင် ထိုနေ့ကတွေ့ဆုံခြင်းမှာနောက်ဆုံးဖြစ်ခဲ့ပါသည်။
ကျွန်မက အိမ်ပြန်ရောက်သော် မေမေ့ကို အကျိုးအကြောင်း ပြောပြသည်။ မေမေက
“သမီးမှန်တယ်” ဟုထောက်ခံပြောသည်။
သို့သော် မောင်ကတော့ ကျွန်မကို မှားသည်ဟု ဆုံးဖြတ်ကာ လမ်းခွဲသွားသည်။
သူ နောက်တစ်ယောက်နှင့် လက်ထပ်သွားပါသည်။
ထိုတစ်ယောက်က အလိမ်မာ အိမ်ပါ၊ သူလိုချင်သည့် မိန်းမဖြစ်သွားသည်။
ကျွန်မက အလုပ်လုပ်ရင်း ပညာဆက်သင်သည်။ ယခုကျွန်မ ရာထူးလည်းတိုးသွားပြီ။ ဘွဲ့တွေလည်း ထပ်ရသည်။ မောင်နှင့် ကွဲကွာသွားပြီးကတည်းက ကျွန်မ နောက်ထပ်တစ်ယောက်ကို မစဉ်းစားတော့ပြီ။
ကျွန်မ အသက် ၆၀ ကျော်တွင် ပင်စင်ယူသည်။ မေမေကဆုံးသွားပြီ။ အိမ်တွင်တစ်ယောက်တည်း ကျန်ခဲ့သည်။
မောင်နှင့် ပြန်တွေ့ပါသည်။ သူနှင့် သူ့အိမ်ထောင် ကွဲသွားသည်။ သူ့အမေလည်း ကွယ်လွန်သွားသည်။ မောင်လည်း အရက်သမားဖြစ်နေပြီ။
ကျွန်မက ကျွန်မရင်ဆိုင်ရမည့် ဘဝတစ်ခုကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည့်အတွက် ကျေနပ်နေမိသည်။
တင်ညွန့်
၂.၁၂.၂၀၂၄