လင်းယုန်သစ်လွင်
ဆောင်းအကုန် နွေအကူး
ကိုကျီးညိုသည် လေးတိုင်စင် ဒုံရင်းမှနေလျက် ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို လှမ်းမျှော်၍ ကြည့်လိုက်မိလေ၏။
ရာသီကနွေဆိုကမှနွေ၊ ပူပြင်းခြောက်သွေ့လှပေသည်တကား။ ပူလောင်ပြင်းပြသည့် နွေဥတု နွေရာသီ၏ သင်္ကေတ လက္ခဏာဖြစ်သော တံလျှပ်များသည် အဝန်းအရစ်ဖွဲ့လျက် လေသင့်ရာသို့ ရွှေ့လျားလိုက်ပါကြကုန်၏။
တချီတချီ ဆောင့်၍တိုက်လိုက်သည့် လေပြင်းမှာလည်း အေးအေးမြမြမရှိ၊ အခံရဆိုးရွားလှတော့သည်။ တကယ့် လေပူလေပြင်းကြီးပေတကား။
ကိုကျီးညိုသည် လေပူလေပြင်းကို ရှူရှိူက်ယင်း စိတ်အမောကြီး မောသလို ဟင်းကနဲ သက်ပြင်းချလေ၏။
ကိုကျီးညို၏ မျက်လုံးများသည် မြစ်ကြီးဧရာကို ဖြတ်ကျော်လျက် ခပ်လှမ်းလှမ်းရှိ ဈေးဦးကျွန်းသောင်ကြီးကို ကြည့်လိုက်မိပြန်သည်။
ယခင် သုံးလေးလအချိန်ကမူ ဈေးဦးကျွန်းသောင်ကြီးသည် မြေပဲကိုင်း ပြောင်းကိုင်းများဖြင့် စိမ်းစိမ်းစိုစို တွေ့ရသည်။
ယခုမူ စျေးဦးကျွန်းသောင်ကြီးသည် သွေ့သွေ့ ခြောက်ခြောက် ဖြစ်နေတော့ပြီ။ ဆေးခင်းနှင့် စိမ်းစားခင်းတို့ကိုလည်း မတွေ့ရ။ ကျွန်းသောင်ကြီးတခုလုံးသည် ဟာလာဟင်းလင်း ဖြစ်နေတော့၏။
ရံဖန်ရံခါ လေပွေတိုက်လိုက်လျှင်ပင် သဲမှုန့် သဲပွင့်တို့သည် ကတော့ထိုးလျက် ကောင်းကင်သို့ ပြန့်လွင်တက်လာလေတော့သည်။
“အင်း … ဘာလိုလိုနဲ့ ကိုင်းသမားတွေတောင် ကိုင်းလွှတ်ကုန်ကြပါပကော”
ကိုကျီးညိုသည် အဓိပ္ပါယ်ကင်းမဲ့စွာ အသံထွက် ရေရွတ်လိုက်၏။
ဈေးဦးကျွန်းသောင်နှင့် ရွှေဒင်္ဂါးကျွန်းသောင်ပေါ်ရှိ ကိုင်းသမားများမှာ မြေပဲဆွတ် မြေပဲနှုတ်ပြီးကြသဖြင့် ကိုင်းလုပ်ငန်းသိမ်းသွားကြသည် မှန်ပေမင့် ဤအလုပ်သည် ကိုကျီးညိုလို ပိုက်သမား ကိုတံငါတယောက်၏ဘဝနှင့် လားလားမျှ မသက်ဆိုင်ပါပေ။
သို့ရာတွင် ကိုကျီးညိုမှာ သူ့ဘဝ သူ့အလုပ်နှင့် မပတ်သက်သော ကိုင်းသမားများ၏ လုပ်ငန်းကို တွေးလိုက်ယင်းမှ ဆွေးဆွေးမြေ့မြေ့ ညည်းညူလိုက်မိခြင်းဖြစ်လေသည်။
ဘာကြောင့် ကိုကျီးညို ဤလို ညည်းညူမိသည် ဆိုခြင်းကိုမူ သူ့ဘာသာ အသိဆုံးပင် ဖြစ်ပေမည်။
သူ့ ရင်ထည်းဝယ် မတွေးနိုင်မအန်နိုင် ဖြစ်နေသော ကိစ္စတရပ်ကား ရှိလေသည်။ ထိုကိစ္စ ထိုအကြောင်းကြောင့်လည်း ခမြာမှာ မြင်မြင်သမျှသော အရာဝတ္ထုတိုကို ကြည့်ယင်းရှုယင်း တွေးတောယင်းမှ မကြာခဏ သက်ပြင်းချနေမိခြင်း ဖြစ်လေ၏။
ရာသီက ပူပြင်းသွေ့ခြောက်လျက် စိတ်ပျက် ငြီးငွေ့ဘွယ် ကောင်းလှသည့်အထဲ သူ့ရင်ထည်းဝယ် ဖြစ်ပေါ်နေသော စိတ်နှလုံးနောက်ကျိစရာ အကြောင်းများကို ထပ်တလဲလဲ တွေးလိုက်မိသည့်အခါ ရေထည်းဆင်း၍ သေချင်လောက်အောင် ဖြစ်မိလေ တော့၏။
သို့ရာတွင် သူလို ရေတွင် ကျက်စားလျက် ဧရာဝတီမြစ်ပြင်ကြီး၏ ရေမျက်နှာပြင်ထက်တွင် ကြီးပြင်းလာရသူတယောက်အဖို့ ရေထဲဆင်းသေရေးဆိုသည်မှာလည်း လွယ်ကူသည့်ကိစ္စ မဟုတ်ပါပေ။
နောက်တကြောင်းမှာလည်း သူ့ကိုယ်သူ ရေထဲဆင်းသေတော့မည်ဟု သန္နိဌာန်ချလျက် ဦးခေါင်းမဖေါ်ဘဲ ရေထဲ၌ ငုပ်လျိုးနေသည့်တိုင် အိမ်တွင် ကျန်ရှိနေသော ကိုယ်ဝန်အရင့်အမာကြီးနှင့် ဖြစ်သည်။ မနန်းအိမ်၏ ဥပါဒါန်ကြောင့် ကိုကြီးညို၏ ကိုယ်ခန္ဓာကြီးသည် ရေပေါ်သို့ ပေါ်တက်လာမည်ဖြစ်၏။
တံငါတို့၏ လေးတိုင်စင်ဒုံရင်း၌ တယောက်ထည်းရှိ နေသော ကိုကြီးညိုသည် မြစ်ပြင်သို့ လှမ်းမျှော်ကြည့်ယင်း မကြာမကြာ သက်ပြင်းချမိလေ၏။
အချိန်မှာ နေမွန်းတိမ်းချိန်ကိုပင် ကျော်လွန်နေပေပြီ။ ရွာမြောက်ဖျား ဘုန်းတော်ကြီးကျောင်းဆီမှ ခွေးများ၏ အူသံ ဟောင်သံ ဟိန်းသံ ကိုက်သံများကိုပင် ခပ်သဲ့သဲ့ ကြားရလေသည်။
“အား… ရှာမြောက်ကျောင်းက နက်ကျော်တို့ ရန်လုံတို့ ဂုတ်ကြားတို့တောင် မနက်စာ စားကြရပါပကောလား”
သည်လိုလည်း ကိုကြီးညို အသံထွက် ရေရွတ်မိသည်။
ရွာဦးကျောင်းမှ ခွေးများ၏ ဘဝသည်ပင် သူ့ဘဝ သူ့အဖြစ်ထက် သာပါသေးတကား…. ဟူ၍ ကိုကြီးညို ထင်မိလေ၏။
သူသည် နံနက်နေထွက်ပြူစ အချိန်ကပင် လှေငယ်တစင်းဖြင့် လေးတိုင်သို့ ရောက်ခဲ့ပြီးနောက် ဧရာဝတီဖြစ်ရေကြောဝယ် ဆယ်ခေါက်ထက်မနည်း ပိုက်ချပြီးလေပြီ။
သို့ရာတွင် ခုချိန်ထိ သူ့လှေငယ်ထဲဝယ် သုံးလေးဆယ်သားခန့်ရှိမည့် ငါးကလေးတကောင် ရရှိခဲ့ပေ၏။
ဆောင်းကုန်ခဲ့ပြီးနောက် နွေခေါင်ခေါင်ရောက်တော့လျင် ကိုကြီးညိုတို့၏ ပိုက်ချက်၌ အတော်ပင် ငါးအတိုး ငါးအရ ပါးရှားလာတော့၏။
အမှန်က ကိုတံငါတို့၏ ဝေါဟာရစကားဖြင့် ဆိုရဘိလေသော် ထိုအချိန် ထိုအခါသည် ကိုကြီးညိုတို့ ကိုတံငါများအဖို့ လှေဦးခြောက်သည့် အခါသမယပေတည်း။
သူတို့ဘဝ သူတို့အဖြစ်သည် ပိုက်အတွင်း ငါးအတိုး ငါးအရ များပြား၍ လှေဦးခြောက်ပြန်သော် ဝမ်းခြောက်ရပြန်တော့၏။
သည်အခါများဝယ် ကိုတံငါရေလုပ်သားတို့၏ ဘဝမှာ သရောကြီးခိုင်းလုမတတ် ဖြစ်ကြရသဖြင့် ငါးဒိုင် ငါးရွဲများထံမှ ငွေကလေး ကြေးကလေးများကို အဆမတန် ဈေးအနှိမ်ခံလျက် ငါးပေးငါးသွင်းဖြင့် ယူကြရလေသည်။
ဤလိုငါးပေး ငါးသွင်းဖြင့် ယူကြရသည့်တိုင် ခြေလွှတ်,လက်လွတ် ပေးခြင်းတော့မဟုတ်။ ပိုက်ကို၎င်း၊ လှေကို၎င်း၊ နေအိမ်ကို၎င်း အပေါင်းအနှံ့စာချုပ်စာတမ်းပြုလျှက် ချေးယူကြရခြင်း ဖြစ်လေသည်။
သို့ရာတွင် ဤလို ငါးရွှဲငါးဒိုင်များထံမှ ငွေကြေးကိုချေးယူပြီးပါမှ ငါးမရ ငါးမတိုးပြန်ပါကလည်း စိတ်အမောကြီး မောရပြန်၏။ ငွေရှင်ကြေးရှင်ဖြစ်သော ငါးဒိုင် ငါးရွှဲများကလည်း ကြိမ်းတတ် မောင်းတတ် ဆူပူဆဲရေးတတ်လေသည်။
“အင်မတန် သောက်ဖျင်းနိုင်တဲ့ကောင်၊ သောက်ပျင်းက သိပ်ကြီးတာဘဲ။ လေးတိုင်စင်မှာ သွားအိမ်နေတော့ ဘယ်မှာ ငါးရပါ့မလဲကွ။ မင်းတို့လို အကောင်တွေ ငတ်မှ ကောင်းတယ်”
ငါးဒိုင် ငါးရွှဲများ၏ ဆဲရေးထိုင်းထွာသံများသည် တမြစ်ရိုးလုံး လွှမ်းမိုးနေတတ်လေ၏။
သို့ရာတွင် ငါးဒိုင် ငါးရွှဲဆိုသူများသည် ရေထည်းမှငါးတိုးချိန်နှင့် ငါးရာသီ ငါးအချိန်သမယကို မသိကြသူတွေတော့ မဟုတ်ကြပါပေ။
သူတို့သည် မြစ်တွင်း တံငါလုပ်ငန်းနှင့် ပတ်သက်လာချေသော် ချက်ဆိုလျှင် နားခွက်က မီးတောက်သည့် လူစားများချည်း ဖြစ်လေ၏။
အင်းထဲ အိုင်ထဲတွင် အင်းတံငါများဖြစ်ကြသော အင်းသားကြီးနှင့် အင်းလုပ်သားများလည် မည်သည့်အချိန် မည်သည့်ကာလတွင် မည်သည့်ငါးအမျိုးအစားများ ဆင်းသက်လိမ့်မည်ဆိုခြင်းကို ကြိုတင်သိရှိကြသည့်နည်းတူ ငါးဒိုင် ငါးရွှဲများမှာလည်း မည်သည့်အချိန် မည်သည့်ရာသီဝယ် ပိုက်ချက်ကွန်ချက်များအတွင်း ငါးအတိုး ငါးအရ များပြားလိမ့်မည်၊ နည်းပါးလိမ့်မည် ဆိုခြင်းကို နားလည်ကျွမ်းကျင်ထားသူတွေသာ ဖြစ်လေ၏။
သို့သော် ငါးဒိုင် ငါးရွှဲဆိုသူများသည် သူတို့ငွေ သူတို့ကြေးကို ယူလိုက်မိပြီဆိုလျှင်ပင် ဓလေ့စရိုက်ကြမ်းကြမ်းနှင့် လူတဖက်သားတို့ မခံမရပ်နိုင်လောက်အောင် ဆဲရေးတိုင်းထွာတတ်ကြလေသည်။
ဤသည်မှာ သူတို့၏ အကျင့်ဝသီလို ဖြစ်တော့၏။
တခုခက်သည်မှာ ကိုကြီးညိုတို့၏ စက္ကော့ရွာငယ်ရှိ မြစ်တွင်းတံငါလုပ်ငန်း ဆိုသည်မှာလည်း ဆယ့်နှစ်လ ဆယ့်နှစ်ရာသီ ဖွံဖြိုးနေသည့် လုပ်ငန်းတော့ မဟုတ်။
သူ့အချိန် သူ့ရာသီ မဟုတ်လေသော် ဧရာဝတီမြစ်ရေပြင်ကြီးအတွင်း အဘယ်မျှ အခေါက်ပေါင်း အကြိမ်ပေါင်း မရည်မတွက်နိုင်အောင် ပိုက်မျှော ပိုက်ချနေပေမင့် စိတ်မှန်းသလောက် ခရီးမရောက်ဘဲ ရေသာများ၍ ငါးမတွေ့ ဖြစ်တတ်ကြလေသည်။
ဤသည်ပင် ကိုကြီးညိုတို့ ကိုတံငါများအဖို့ လှေဦး ခြောက်ခြင်း မဟုတ်ပါလော။
ကိုကြီးညိုမှာ ငါးဒိုင် ငါးရွဲများ၏ အပြောအဆိုကြမ်းတမ်းခြင်း ဆဲရေးတိုင်းထွာခြင်း စသည်များကြောင့် သည်လို လှေဦးခြောက်သည့် အခါများ၌ပင် ထိုသူများထံမှ ငွေကြေးကို တပြားတချပ် မယူဘဲ ဖြစ်ရာဖြစ်ကြောင်းမျှဖြင့် ရောင့်ရဲနေခဲ့သူဖြစ်၏။
တော်ရုံသဖြင့် ကိစ္စများ၌လည်း ဇနီးသည် မနန်းအိမ် ကိုပင် ဖျောင်းဖျပြောဆိုလျက် သူကိုယ်တိုင်ကလည်း စိတ်အလိုကို ချုပ်တည်းလျက် အောင့်အီးကျိတ်မှိတ်နေခဲ့၏။
သို့သော်……
X X X X X
“ညက သန်းကောင်လောက်ကြီးမှာ ဗိုက်နာလို့ ကိုကြီးညိုရယ်၊ ဟိုဘက်အိမ်က အရီးကျော့ကို လှမ်းခေါ်ရသေးတယ်။ ဗိုက်ထဲက ခလေး လှည့်တာနဲ့ တူပါတယ် … တော်ပါသေးရဲ့”
နံက်ခင်း လင်းရောင်ခြည်ကလေးများ ထွက်ပြူစဖြစ်၏။ သိုက်မြုံတွင်းမှ နိုးကြားလာသော ကျီးငှက်တို့၏ တအားအား အော်မြည်သံ၊ ကြက်တွန်သံ၊ ဆိပ်ကမ်းရှိရာမှ ပိုက်လှေသမား ကိုတံငါများ၏ အသံဗလံနှင့် ငါးရွှဲ ငါးဒိုင်အိမ်မှ သူရင်းငှါးများ၏ ဆဲရေးတိုင်းထွာသံများသည် စက္ကော့ရွာငယ်ကလေးတွင် နံက်တိုင်း ကြားရစမြဲ အသံဗလံများ ဖြစ်လေ၏။
လှေဆိပ်မှ တက်လာသော ကိုကြီးညိုသည် အိမ်ငယ်ရှေ့ မန်ကျည်းပင်အောက်ရှိ ဝါးလုံးတန်းပေါ်သို့ ပခုံးထက်မှ ပိုက်ကို ခေါက်ချိုးချ တင်လိုက်လေသည်။ ပြီးနောက် သူသည် မနန်းအိမ် ထိုင်နေရာ မန်ကျည်းပင်အောက် ကွပ်ပျစ်ပေါ်သို့ ဝင်ရောက်ထိုင် လေသည်။
“အချိန် အစောကြီး ရှိသေးတာ အိပ်ရာထဲ လှဲနေအုံးပေါ့ မနန်းရယ်။ ခုကော ဗိုက်ထဲက ဘယ့်နှယ်နေသေးသလဲ”
ကိုကြီးညိုသည် ကော့လပြည့်ကားနေသည့် ဇနီးသည်၏ ဗိုက်ကြီးကို အတန်ကြာ စိုက်ကြည့်ရာမှ စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။
မနန်းအိမ်သည် လင်ယောက်ျား၏ အမေးကို ရုတ်ခြည်းစကား ပြန်အဖြေမပြု။ သူ့မျက်နှာသည် တတော်ပင် ဟန်လုပ်အားတင်းထားရဟန် ရှိ၏။
“ခု ဘယ့်နှယ့်နေသေးသလဲ မနန်း”
မျက်ကွင်းများ ညိုခြောက်လျက် နားထင်နားရင်းကျကာ အတော်အတန် ညှိုးနွမ်းနေဟန်ရှိသော ဇနီးသည်၏ မျက်နှာကို ကြည့်ယင်း ကိုကြီးညိုက မေးလိုက်ပြန်သည်။
“ရေနွေးပူပူ သောက်နှင့်အုံး ကိုညို။ အတော်ကြာတော့ မဆောင်း ပဲပြုတ်လာလိမ့်မယ်”
မနန်းအိမ်က စကားကို လှီးလွှဲလေသည်။ အနီးတွင် ချထားသော မြေလဖက်ရည်အိုးထဲမှ လဖက်ရည်အဖန်ကိုလည်း ပန်းကန်လုံးတွင်းသို့ ငှဲ့ထည့်ပေးလိုက်၏။
မနန်းအိမ်သည် လင်ယောကျ်ားဖြစ်သူ၏ စိယ်ပူစိတ်မောသွားဟန် ရှိသည့် မျက်နှာကို မော့ကြည့်လိုက်သည်။ ဤလို မော့ကြည့်ရာမှလည်း ခပ်စောစောက သူပြောလိုက်မိသည့် စကားအတွက် စိတ်မကောင်းသလို ဖြစ်မိ၏။
“ခုကော မနန်း ဗိုက်ထဲက နာတုံးဘဲလား…”
ဘဝင်မကျနိုင်သော ကိုကြီးညိုသည် ဇနီးသည် ငဲ့ပေးသော လဖက်ရည်အဖန်ကိုပင် မသောက်နိုင်ပေ သည်စကားကိုသာ ထပ်မံမေးလေသည်။
“ကိစ္စမရှိပါဘူး ကိုညိုရယ်၊ နာလဲ မနာတော့ပါဘူး”
“ဘယ်တော့ မွေးမယ်ထင်လဲ မနန်း….”
ကိုကြီးညိုမှာ ထိုကိစ္စ ထိုအရေးကိုပင် ထပ်မံကာ မေးမြန်းပြန်သည်။ သူသည် ဇနီးသည်၏ မီးဖွားရေး ကိစ္စအတွက် မပြည့်မစုံသော အဖြစ်ကို တွေးမိကာ ကြောင့်ကြစိုးရိမ် ဖြစ်မိလေသည်။
“အရီးကျော့ ပြောတော့ ဒီလထဲမှာဘဲ မွေးလိမ့်မယ်လို့ ပြောတာဘဲ ကိုညို။ ဒါပေမဲ့ ချက်ချင်းတော့လဲ မှုတ်သေးပါဘူး ကိုညိုရယ်”
ထိုအခိုက်၌ပင် ရွာလယ် လမ်းကလေးပေါ်မှ “ပဲပြုတ်” ဟူသော ပဲပြုတ်သည် မဆောင်း၏ အသံကို ကြားလိုက်ရသည်။
မနန်းအိမ်သည် မဆောင်းကို လှမ်းခေါ်လိုက်၏။ နောက် အနီးတွင် ချထားသော သံဇလုံငယ်ကို ကိုင်လျက် ကွပ်ပျစ်ပေါ်မှ လေးလေးတွဲ့တွဲ့ ဆင်းသက်သွားသည်။
ကိုကြီးညိုသည် လဖက်ရည်ပန်းကန်ကို ဆွဲယူ သောက်ယင်းမှ ကွပ်ပျစ်ပေါ်မှ ဆင်းသက်သွားသည့် မနန်းအိ၏ နောက်ပိုင်းကို စိုက်ကြည့်လေသည်။ သူသည် ဤလို ကြည့်ယင်းမှလည်း အတွေးအတောပေါင်း မြောက်မြားလှစွာတို့ကို ကရုတ်ကင်းရှောက် တွေးလေ၏။
ဇနီးဖြစ်သူ၏ မီးဖွားရေးကိစ္စအတွက် ဘာတခုမျှ မရှိလေသေး။ နနွင်းတမှုန့်၊ ဆေးတခွက်ကိုပင် မစုဆောင်းရသေး။ မီးထင်းကိစ္စအတွက်လည်း သစ်ကိုင်းခြောက် တချောင်းပင် မရှိ။
သည့်အပြင် မိန်းမသားတယောက်၏ မီးဖွားရေးကိစ္စအတွက် အရေးအကြီးဆုံးဖြစ်သော ဝမ်းဆွဲလက်သယ် အဒေါ်ကြီး ဒေါ် ဂေါက်ကိုပင် ငွေငါးကျပ် စရံ မပေးနိုင်သေးသဖြင့် မနန်းအိမ်၏ ဗိုက်ကိစ္စကို ဒေါ်ဂေါက်ထံ တိတိကျကျ မပြောရ မအပ်ရသေး။
ထိုကိစ္စမှာလည်း မနန်းအိမ် ကိုယ်ဝန် ခုနှစ်လ ရှစ်လ အချိန်မှ စလျက် တနေ့သော် အပ်ဖြစ်လိမ့်နိုး၊ တလသော် အပ်ဖြစ်လိမ့်နိုးနှင့် ငွေငါးကျပ်သည်ပင် အဆင်မပြေနိုင် ဖြစ်ခဲ့ရသည်။
ဇနီး၏ မီးဖွားရေးကိစ္စအတွက် ငွေကလေး ကြေးကလေးများ စုဆောင်းမည်ဟု ကြံရွယ်ခိုက်၌ပင် သူ၏ ညာလက်ရုံးပမာ အားကိုးအားထား ပြုခဲ့ရသော ငါးသလောက်ပိုက်မှာ နှစ်ကာလကြာငြောင်း၍ ဆွေးမြေ့ လာခဲ့သဖြင့် ပိုက်အသစ်တဖုံကို ပိုက်ထောင်ရှင်ထံမှ ငွေတဝက်ပေး ငါးဘဝက်သွင်း စနစ်ဖြင့် ဝယ်ခဲ့ရ သည်။
ယခုမူ ထိုပိုက်ဖိုး ကြွေးမြည်ကလေးများ ကြေလည်၍ ငွေကလေး ကြွေးကလေးများ စုဆောင်းမည် ကြံရွယ်ခိုက် ငါးအတိုး ငါးအရ ယုတ်လျော့သည့် အချိန်ရာသီသို့ ရောက်ရှိခဲ့ရလေသည်။
ကိုကြီးညိုသည် လဖက်ရည်ပန်းကန်ကို ကိုင်ကာ ကျောက်ရုပ်လို ငြိမ်သက်နေ၏။
သည်လိုလူက ငြိမ်သက်နေပေမင့် သူ့စိတ်က ငြိမ်သက်မနေပေ။ သူ၏ စိတ်ကူးစိတ်သန် အတွေးအတောများသည် ဧရာဝတီမြစ်ပြင်ကျယ်ကြီးအတွင်း ရောက်လိုရောက်၊ ငါးဒိုင် ငါးရွဲများထံ ရောက်လိုရောက် ဖြစ်နေတော့၏။
ငါးဒိုင် ငါးရွှဲများထံမှ ငါးပးငါးသွင်း စံနစ်ဖြင့် ငွေကြိုတင်ယူရသော် ကောင်းလေမလား။
မြစ်ကြီးဧရာအတွင်း နေ့မနား ညမနား ပိုက်ဆင်းပိုက်ချခြင်း ပြုရသော် ကောင်းလေမလား။
သည်လို အတွေးအတောများကို သူတွေးတောလိုက်မိသော အချိန်၌ပင် မြစ်ကမ်းဆိပ် တံငါလှေများရှိရာမှ အသံဗလံများသည် ကိုကြီးညို နားတွင်းသို့ ဝင်ရောက်လာလေ၏။
“တယ်… မအေ… တွေ။ နင်တို့ ငွေယူတုန်းကတော့ ခပ်လွယ်လွယ်ယူပြီး တညလုံး ဘယ်သင်းချိုင်းကုန်းသွားနေလို့ ငါးမရတာလဲဟ။ နင်တို့ အဲလိုသာ လုပ်နေ။ နင်တို့အိမ်က မယားတွေ မကြာခင် ဖါဖြစ်မှာဘဲ။ ငါ… မသားတွေ”
ငါးဒိုင်အိမ်မှ သူရင်းငှါး ဘထွန်း၏ ဆဲရေးသံသည် ကိုကြီးညို၏ အတွေးအာရုံကို ကြေမွသွားစေသည်။ နားတွင်းသို့လည်း မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချလိုက်သည်ဟု ထင်ရလေသည်။
ငါးဒိုင်အိမ်မှ ဘထွန်းသည် သည်ရွာငယ် တံငါတောဝယ် မိုက်တိမိုက်ကန်း နိုင်လှသော သတ္တဝါတကောင်ဖြစ်သည်။ ဘထွန်းသည် ညစ်ကျယ်ကျယ် ဖြစ်၏။ သူ့ကို မည်သည့် ပိုက်သမားကမှ တုပြိုင်မပြောဝံ့ကြ။
ဘထွန်းသာ မဟုတ်၊ ဘထွန်း၏ စာရင်းဒိုင် ငါးရွှဲငါးဒိုင်ဖြစ်သော ဦးကြောင်ဘား ဆိုသည်မှာလည်း လူကြီးသလောက် မိုက်လုံးကြီးလှသည်။ သူသည် တုတ်မှန်းမသိ ဓါးမှန်းမသိ။
ဒါပေမင့် တခုခက်၏။ သည် စက္ကော့ရွာငယ်တွင် ငွေကြေးတောင့်တင်းသူ သုံးလေးဦး ရှိသည့်အနက် ဦးကြောင်ဘား တယောက်သာ ငါးလုပ်ငန်းကို အခြေစိုက်လျက် လုပ်ကိုင်သူတယောက် ဖြစ်သည်။
ကျန်လူများမှာ ငါးအလုပ်ထက် ပိုက်အရောင်းအဝယ်အလုပ်၊ ချည်ထုပ် အရောင်းအဝယ်အလုပ်၊ တယ်ရေ (တယ်သီးမှထွက်၍ ပိုက်ချည်ဆိုးသည့်အရေ) အရောင်းအဝယ် အလုပ်နှင့် အင်း အလုပ်ဖြစ်သော ငပိ ငခြောက် အလုပ်များ၌သာ ငွေပင်ငွေရင်း စိုက်ထုတ်လျက် လုပ်နေကြသည့် သူတွေဖြစ်သည်။
သို့ကြောင့် ရွာရှိ ပိုက်သမား တံငါများသည် ငွေကလေး ကြေးကလေးများ ယူလိုလျှင် ဦးကြောင်ဘားနှင့်သာ မလှဲ့မကင်း ဆက်ဆံကြရသည်။
ဘထွန်း၏ ဆဲရေးတိုင်းထွာသံကို ကြားလိုက်ရသည့် အခါ ငွေကြေးအတွက် စဉ်းစားတွေးတောနေသော ကိုကျီးညိုမှာ ကျောထဲကစိမ့်လျက် ခေါင်းနဘမ်းကြီးသွားလေသည်။
သည်အခိုက် နောက်ထပ်၍ ဆီမီးခွက်တောက်သံက ကိုကျီးညို နားထည်းသို့ ဝင်ရောက်လာသည်။
“တနေ့က တဆယ်သားဘိုးနဲ့ မနေ့က တဆယ်သားဘိုးလဲ ရှိသေးတယ်နော်။ ဒီနေ့ တဆယ်သားဘိုး ပေးနိုင်ယင်လဲ တခါထဲ ပေးလိုက်ပါလား မနန်းရယ်။ ကျုပ်မှာလဲ ပဲ ပြန်ဝယ်ရသေးတယ်တော့”
“အေးပါဟယ် … သဘက်ခါတော့ ရမှာပေါ့။ သဘက်ခါမှ အိမ်ကလူ ငါးဘိုးရှင်းရမယ်”
မနန်းအိမ်နှင့် ပဲပြုတ်သည် မဆောင်းတို့ ပြောနေသော စကားသံသည် ကိုကျီးညိုနားတွင်းသို ရိုက်ခတ်လာသည်။
ကိုကျီးညိုမှာ ညတိုင်း ပိုက်ဆင်းနေသော်လည်း ပိုက်ဆံကို နေ့တိုင်း မမြင်ရ။ ငါးဒိုင်ထံ နေ့စဉ် ငါးသွင်းနေရပေမင့် ငါးဒိုင်အိမ်မှပင် ဆန်, ဆီငြုတ် ကြက်သွန်စသော ပစ္စည်းများကို ကြွေးယူစားရသည်။ ခုနစ်ရက်စေ့၍ ငါးဘိုးရှင်းသည့်အခါ ဆန်ကြွေး ဆီကြွေး များကို ခုနှိမ်ပြီးနောက် ပိုငွေကို ရရှိလေသည်။
သို့သော် သည်လို ပိုငွေက ရရှိသည်ဆိုရပေမင့် ယခုလို ငါးအတိုးပါးသည့် အချိန်များ၌မူ ပိုငွေဆိုသည်မှာလည်း မပြောပလောက်ပါပေ။
ရံဖန်ရံဖန်ရံခါ၌မူ ငါးသွင်း၍ ရရှိသော ငွေသည် ဆန်ဘိုး ဆီဘိုး လည်ရုံမျှသာ ဖြစ်၏။
သည်အတွင်းက နေထိုင်မကောင်း၍ ပိုက်ဆင်းပျက်လေသော် ဆန်ဘိုး ဆီးဘိုးပင် မကြေမလည် ဖြစ်တတ်လေသည်။
ငါ ဘယ်လိုလုပ်ရပါ့မလဲ…။
ကိုကျီးညိုသည် စိတ်ဆင်းရဲစရာ အကြောင်းများကိုတွေးယင်း သူ့ကိုယ်သူ မေးခွန်းထုတ်မိလေသည်။
နေရောင်သည် ခပ်စောစောကထက် ပွင့်လင်းလာလေပြီ။ ကျေးသံ ငှက်သံ ကြက်သံများ ပျောက်မှန်းမသိ ပျောက်လေပြီ။ အနီးအနား ပတ်ဝန်းကျင်မှ လူသံများနှင့် မုံ့ပဲသရေဆာသည်များ၏ အော်သံများကို ကြားရလေသည်။
ထိုအခိုက်၌ပင် မနန်းအိမ်သည် ပဲပြုတ်နှင့် ထမင်းခြမ်း ရောနယ်ထားသော သံဇလုံကို ကိုင်ကာ ကိုကျီးညို အနီးသို့ ပြန်ရောက်လာသည်။
“ထမင်းကြမ်းနဲ့ ပဲပြုတ်ကလေးစားပြီး အမောပြေ တရေးတမော အိပ်လိုက်အုံး ကိုကျီးညို”
မနန်းအိမ်သည် သံဇွန်းတချောင်း တပ်ထားသော ထမင်းကြမ်းနှင့် ပဲပြုတ် ရောမွှေထားသည့် သံဇလုံကို ကိုကျီးညိုရှေ့သို ချပေးလိုက်သည်။
“ဆီကုန်နေလို့ ဆီတော့ ပါလေဟန်ဘဲ”
ကိုကျီးညိုသည် ထမင်းကြမ်းသံဇလုံကို မျက်စောင်းခဲ ကြည့်လေသည်။
သူ ဒေါသလည်း ထွက်မိသည်။ စိတ်မကောင်းလည်း ဖြစ်သည်။ နောက်မှ မနန်းအိမ် ရိပ်မိမည်စိုး၍ မျက်နှာမပျက် နေလိုက်ရသည်။
အိမ်တွင် ဆီကုန်နေ၏။ လဖက်ခြောက်လည်း မရှိ။ ဤသည်ကို သူ့ပါးစပ်က နားလည်သည်။ ခပ်စောစောက သောက်လိုက်ရသော လဖက်ရည်တခွက်သည် အခါတိုင်းကလို လေးလေးပင်ပင် အရသာမရှိ။ ပေါ့ရွှတ်ရွှတ် ဖြစ်နေ၏။
“စားလေ ကိုညို … ဘာငိုင်နေတာလဲ။ စားပြီး အိပ်လိုက်ပေါ့”
“ကျုပ် မအိပ်ချင်ပါဘူးကွာ။ စားပြီးယင် ပိုက်ဆင်းလိုက်အုံးမယ်”
“ဟင် … တညလုံး အိပ်ပျက်ပြီး နေ့ဘက် ဟုတ္တိပတ္တိ ငါးတိုးတာမှ မှုတ်ဘဲ”
“အိုကွာ … ဟုတ်လိုဟုတ်ငြားပေါ့”
ကိုကျီးညို သည်စကားကို တိုတိုတောင်းတောင်းပြော၏။ ပဲပြုတ်နှင့် ထမင်းကြမ်းကို နောက်က လူလိုက်သလို အပြေးအလွှား စား၏။ ပေါ့ပျက်ပျက် လဖက်ရည်ကို တဖူးဖူး မှုတ်သောက်၏။
“နေ့ဘက် ငါးတိုးတာမှ မဟုတ်ထာ။ နေကလဲ ပူပါဘိနဲ့”
မနန်းအိမ် ပြောစကားက မှန်ပေသည်။ သည်ရာသီ သည်အချိန်ကာလမှာ နေ့ဘက်ကို မဆိုထားဘိ ရေသတ္တဝါများ အဆော့အမြူး များကြသည့် ညဘက်များ၌ပင် ငါးအတိုး ငါးအရ နည်းပါးလှသည်။
သို့ပေမင့် အပေါ်ယံ နေပူပြင်းသည်ထက် ဝမ်းထည်းမှ မီးထလောင်မတတ် ပူခြင်းက ပိုမိုခံပြင်းလှသည်။
ထို့ကြောင့် ….။
X X X X X
ကိုကျီးညိုသည် ကမ်းခြေအနီးမှ ကပ်ကာ လေးတိုင်စင်ရှိရာသို့ တရွေ့ရွေ့ လှော်တက်လာသော လှေငယ်တစင်းကို စူးစူးစိုက်စိုက် ကြည့်မိသည်။
လှော်လာသော လှေငယ်မှာ ပိုက်လှေငယ်တစင်းပင် ဖြစ်၏။ သို့ရာတွင် အတော်အတန် အလှမ်းဝေးသေးသဖြင့် ဘယ်သူဘယ်ဝါဖြစ်ကြောင်း လူလုံးမကွဲ ရှိနေ၏။
ဘယ်သူများပါလိမ့်။ ငါလိုဘဲ အပူတွေ့နေတဲ့ လူလား….။
သည်လိုပင် ကိုကျီးညို တွေးလိုက်မိသည်။
သူ့မျက်လုံးများကမူ လှေငယ်ရှင်ကိုသာ ဘယ်သူဘယ်ဝါဟူ၍ အာရုံစိုက်ကြည့်လေသည်။
လေပြင်းက တချက်ဆောင့်တိုးလိုက်၏၊ ကိုကျီးညိုမှာ မျက်နှာကို ရေနွေးပူဖြင့် ဖျန်းကနဲ အပက်ခံရသူအလား ပူစပ်စပ်ကြီး ဖြစ်သွားတော့သည်။
“တယ်လေ … တောက် … ဟင်း …”
ကိုကျီးညိုမှာ အလိုလိုနေယင်း စိတ်တိုနေတော့သည်။ သူ့မျက်လုံးများသည် နေပူရှိန်ကို ကြည့်ရလွန်းသဖြင့် ရီဝေမှုန်ဝါးလာသည်။
“ဟေး … ကျီးညို …”
ထိုအခိုက် လှေငယ်ဆီမှ လှမ်းအော်လိုက်သော အသံကို ကြားလိုက်ရသည်။ အသံရှင်မှာ ဘိုးတက်တူ ဖြစ်လေသည်။
“ဗျိုး”
ကိုကျီးညိုက ပြန်၍ အသံပြုသည်။ သူ့စိတ်ထဲကလည်း ဒီအဖိုးကြီး ဘာစိတ်ကူး ပေါက်လာပါလိမ့် ဟူ၍ တွေးမိသည်။
ဘိုးတက်တူ၏ လှေငယ်သည် လေးတိုင်စင် ဒုံရင်းနှင့် အတော်ပင် နီးကပ်လာလေပြီ။
လေးတိုင်စင် ကမ္ဘားထိပ်မှ ကိုကျီးညိုသည် အထက်စီးမှနေလျက် ဘိုးတက်တူ၏ လှေငယ်ဝမ်းတွင်းသို့ လှမ်းကြည့်လိုက်သည်။
ဘိုးတက်တူ၏ လှေငယ်တွင်း၌ ပိုက်ကို လုံးဝ မတွေ့ရပေ။ လှေချည်းသက်သက် ဖြစ်၏။
“မင်းဒီမှာရှိတယ်ဆိုလို့ ငါလိုက်လာတာက္ခ၊ မင်းနှယ်ကွာ အရူးမဟုတ် အကောင်းမဟုတ်”
“ကျုပ် ဒီမှာလို့ ဘယ်သူက ပြောလိုက်လို့လဲ”
“ဘသူရှိအုံးမှာလဲ၊ နန်းအိမ်ပေါ့”
ဘိုးတက်တူသည် သူ၏ လှေငယ်ကို ကမ်းခြေသို့ ထိုးကပ်လိုက်သည်။ နောက် လှေငယ်ထက်မှ ဆင်းသက်လျက် လှေငယ်၏ ကြိုးစကို ကိုင်းပင်တွင် ရစ်ထုံးချည်နှောင်ပြီး ကိုကျီးညိုရှိရာ လေးတိုင်စင် ကမ္ဘားထိပ် တက်ခဲ့သည်။
“ဘာကိစ္စလဲဗျ”
လေးတိုင်စင်ကလေးအတွင်း ဦးတက်တူ ထိုင်လိုက်မိလျှင်ပင် ကိုကျီးညိုက မေးလေသည်။
“ဘာကိစ္စရမှာလဲကွ။ မင်းကိစ္စပေါ့။ မင်းဟာ တယ်ခက်တဲ့ အကောင်ဘဲ”
ကိုကျီးညိုမှာ ဦးတက်တူ၏ စကားကို အဓိပ္ပါယ်မသိသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“ငါ့စကားကို မင်း နားထောင်စမ်းပါကွာ။ နန်းအိမ်ဟာ မွေးတော့ဖွားတော့မယ့် ဆဲဆဲကြီး။ ဒီကိစ္စမျိုးက ယောက်ျားဖေါင်စီး မိန်းမမီးနေဆို မှုတ်လားကွ။ ခုတော့ မင်းဟာက အေးတိတိစက်နဲ့ ဘာတခုမှ မလုပ်ရ မကိုင်ရသေးဘူး”
ဦးတက်တူက ကိုကျီးညိုကို အပြစ်တင်လေသည်။ ဦးတက်တူသည် ကိုကျီးညို မနန်းအိမ် ဇနီးမောင်နှံအပေါ်၌ သွေးသားအရင်းအချာလို ခင်မင်လျက် သံယောဇဉ် ငြိတွယ်နေရှာသည်။
ဦးတက်တူတွင် မြေးမကလေးတယောက်မှလွဲ၍ စက္ကော့ရွာတွင် ဆွေရယ်မျိုးရယ်ဟူ၍ လက်ညှိုးထိုးပြစရာ မရှိလေတော့။ သူကြောင့်လည်း ဦးတက်တူသည် သူနှင့် ဘဝတူဖြစ်သော ကိုကျီးညိုတို့ ဇနီးမောင်နှံအပေါ်တွင် ခင်မင်တွယ်တာမှု ကြီးမားနေခြင်း ပေလော မဆိုနိုင်ပေ။
“ပိုက်ဆံမှ မရှိဘဲကိုးဗျ”
“အေး … ဒါကြောင့် မင်းကို ငါပြောတယ်မှုတ်လားကွ ။ ငါးဒိုင် ငါးရွှဲ တဦးဦးဆီက ငွေတရာလောက် ယူပါလို့ ”
“ဟာဗျာ … ဒင်းတို့ဆီက ငွေကိုတော့ ကျုပ် မယူဘူး။ မြက်ခြောက် စားရ စားရ။ မနက်ကဘဲ ဦးကြောင်ဘားရဲ့ သူရင်းငှါး ဘထွန်းက ပိုက်သမားတွေကို ဆဲလိုက် ဆိုလိုက်တာ ရစရာ မရှိပါဘူး။ ဟင်း … ဒီကောင်ဟာ တကဲ့ကို သခင်အားရ ကျွန်ဒဏ်ဝဆိုတဲ့ အကောင်စားမျိုး”
“ငါပြောတဲ့စကား နားထောင်စမ်းပါ ကျီးညိုရာ။ တရာမယူလဲ ငါးဆယ်ယူပေါ့။ မင်း ကြောင်ဘားဆီကတော့ မယူပါနဲ့ ။ အဲဒါတော့ ငါလဲ သဘောမကျဘူး။ မဖေါ့ဖြူ ဆီမှာ မင်း ငွေတရာချေးဘို့ ခပ်စောစောကဘဲ ငါနဲ့ နန်းအိမ် သွားပြောလာခဲ့တယ်။ ဘာပစ္စည်းမှလဲ အပေါင်အနှံ မပေးရပါဘူးကွာ။ ငါးသွင်း တာတောင် ခုလောလောဆယ်ဆယ် မသွင်းရသေးပါဘူး။ မိုးဦးကျ ငါး အတော်လေး လှိုင်လာမှ သွင်းရမှာပါ။ အဲဒါလဲ ငါးဘိုး တဝက်သာ အကြွေးနှိမ်မှာ”
“ဒေါ်ဖေါ့ဖြူက ဒီအလုပ် မလုပ်တော့ဘူးဆို”
“မင်း ဘသူပြောလဲဟ။ မကြာခင် ဖေါ့ဖြူတို့ ဒီရွာက အလုပ် ပြန်လုပ်ကြလိမ့်မယ်။ ဒီကြွေးကို မင်းတယောက်ထဲဆပ်လို့ မကျေယင် ငါပါ ငါးကူသွင်းပေးပါ့မယ်ကွာ”
“တော်တော်ကြာတော့….”
“ကဲပါကွာ … ထစမ်းပါ။ စကား ရှည်မနေစမ်းပါနဲ့ ”
မကြာလှသော အချိန်အတွင်း၌ပင် ကိုကျီးညို၏ လှေငယ်ကလေးနှင့် ဦးတက်တူ၏ လှေငယ်သည် လေးတိုင်စင် စခန်းရှိရာမှ ရွာဆိပ်ကမ်းရှိရာသို့ လှေဦးချင်းညီလျက် တက်ညီလက်ညီ လှော်ပြန်ခဲ့ကြလေ၏။
နောင်ထပ်လျက် သီတင်းတပတ် ကုန်လွန်သွားလေ၏။
သည်ရက်များ၌မူ ကိုကျီးညိုမှာ ဇနီးသည်၏ မီးဖွားရေးကိစ္စအတွက် ယခင်ကလောက် အပူကြီး ပူမနေရတော့ပါပေ။
ပိုက်သူကြီးကတော် ဒေါ်ဖေါ့ဖြူထံမှရရှိလာသော ငွေတရာဖြင့် ဇနီးသည်၏ မီးဖွားရေးကိစ္စအတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းပစ္စယကလေးများကို ဝယ်ပြီးခြမ်းပြီး စီမံပြီး ဖြစ်နေပေတော့ပြီ။
ဝမ်းဆွဲလက်သယ် ဒေါ်ဂေါက်ကိုလည်း အကျေအလည်ပေးပြီး ဖြစ်သဖြင့် ညရေးညတာများ၌ပင် ဒေါ်ဂေါက်သည် ဦးတက်တူ၏ မြေးမကလေး ညွန့်ခင်နှင့်အတူ မနန်းအိမ်အား လာရောက် စောင့်ရှောက်လျက် ကိုကျီးညို၏ အိမ်၌ပင် အိပ်စက်ခြင်းပြုလေသည်။
ဤလို ဇနီးအတွက် စိတ်ဧစိတ်ချရသောကြောင့်လည်း ကိုကျီးညိုမှာ နောက်ဆံမတင်းရတော့ဘဲ ပိုက်ဆင်းပိုက်ချခြင်း ပြုနိုင်လေတော့သည်။
ကိုကျီးညိုသည် ထိုအကြောင်းကို တွေးလိုက်မိတိုင်း ဦးတက်တူနှင့် ဒေါ်ဖေါ့ဖြူအပေါ် ကျေးဇူး အတင်ကြီး တင်မိလေသည်။
သို့ရာတွင် တဖက်မှ တင်ရှိနေသော ဝန်ထုပ်ဝန်ပိုး ကြွေးမြီးတရာကြောင့်လည်း စိတ်အမောကြီး မောရပြန်လေ၏။
ဒေါ်ဖေါ့ဖြူ၏၊ ကြွေးတရာမှာ ယခုလောလောဆယ် ငါးမသွင်းရသေးပေမင့် နောင် ငါးပေးငါးသွင်းခြင်းပြုရသည့် အချိန်၌ ယခုလို ငါးအတိုး ငါးအရ နည်းပါးနေပါက ခက်များ ခက်ရချည်ရဲ့ ဟူ၍ ကိုကျီးညိုတွေးပူမိလေသည်။
X X X X X
ဧရာဝတီမြစ်ရေပြင်ကြီးအား ဖြတ်သန်းပွတ်တိုက် လာသည့် လေပြေလေညှင်းကလေးများနှင့်အတူ အရှေ့ဆီမှ အရုဏ်ဦး ရောင်နီသည် အမှောင်ထုကို ဖြိုခွင်းလျက် လူးလွန့်ယှက်ဖေါက်လာလေပြီ။
တညဉ့်တာလုံးလုံး မြစ်မင်းနဒီကြောဝယ် ပိုက်ချပိုက်မျှောခြင်း ပြုကြရရှာသော ကိုတံငါတို့၏ လှေငယ်များသည် တစင်းပြီးတစင်း ရွာဆိပ်ကမ်းသို့ ဝင်ရောက်လာကြလေတော့ပြီ။
အခါတိုင်းနည်းတူပင် ဖြစ်လေ၏။ ငါးဒိုင်အိမ်မှ သူရင်းငှါးများ၏ ဆဲဆိုရေရွတ်သံ၊ ပိုက်သမား ကိုတံငါတို့၏ ပြန်လှန်အော်ဟစ်သံ၊ ငါးအချိန်သမား၏
အော်လိုက်သံများသည် ရွာငယ်ဆိပ်ကမ်းတခုလုံးကို လှိုင်းခတ်ဆူညံနေလေတော့၏။
ဦးတက်တူ၏ လှေငယ်နှင့် ကိုကျီးညို၏လှေငယ်သည် အခြားသူများထက် နောက်ကျလျက် ရွာဆိပ်ကမ်းသို့ ထိုးဝင်ကပ်လိုက်ကြသည်။
မကြာမီ သူတိုနှစ်ဦး၏ လှေငယ်များအတွင်းရှိ ငါးအနည်းငယ်ကို ငါးဒိုင်၏ သူရင်းငှါးက ချိန်တွယ်ယူငင်လေသည်။
သို့ရှိနေခိုက် ကမ်းပေါ်မှနေလျက် လှမ်းအော်ပြောလိုက်သော ဦးတက်တူ၏ မြေးမကလေး ညွန့်ခင်၏ အသံစူးစူးသည် ကိုကြီးညို၏ နားတွင်းသို့ ဝင်ရောက်လာလေသည်။
“ဦးကြီးကိုကျီးညို … အဒေါ်မနန်းအိမ် မျက်နှာမြင်ဘီတော့။ ယောက်ျားလေးတော့ … သိပ်ဝတာဘဲ၊ ချစ်စရာကြီးတော့”
ကိုကျီးညို၏ တကိုယ်လုံးသည် ထူပူရှိန်းဖိန်းသွားတော့သည်။ သူ့တကိုယ်လုံးရှိ သွေးကြောများမှာလည်း တဖျင်းဖျင်း လှုပ်ကြွလာသည်။
ခပ်စောစောက ငါးအတိုး ငါးအရ နည်းပါးလှ၍ စိတ်ရှုပ် စိတ်ပျက်နေသော ရင်ထဲမှ ဝေဒနာသည် တမုဟုတ်ခြင်း လွှင့်စင်ပျောက်ပျက်သွားသည်။
“ဟေ့ … နန်းအိမ် မျက်နှာမြင်တာ ယောက်ျားလေးတဲ့ ကျီးညို။ မင်းတော့ သားနှစ်ယောက်အဖေပေါ့ကွာ”
ဦးတက်တူက လှမ်းပြောလိုက်သည်။
“ဒီလိုဆို ကျုပ်လှေနဲ့ ကျုပ်ပိုက်ကို ကြည့်လုပ်ခဲ့စမ်းပါဗျာ”
ကိုကျီးညိုသည် ဦးတက်တူအား ထိုစကားကို ပြောလိုက်ပြီးနောက် လှေငယ်ထက်မှ ကမန်းကတန်း ခုန်ဆင်းကာ နေအိမ်ရှိရာသို့ ဒရောသောပါး ပြေးချသွားလေသတည်း။
(၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော ယမုံနာ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
– ပြီး –
စာရေးသူ – လင်းယုန်သစ်လွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ