July 30, 2025
Uncategorized

ဇောတိက မုဆိုး

ဇောတိက မုဆိုး

သူတို့ကို ကျွန်တော် စတင်သိကျွမ်းခဲ့ရသည်က ခွေးမုဆိုး၊ လှံမုဆိုးအဖြစ်နှင့်သာ ဖြစ်သည်။ ထိုစဉ်က“တကောင်း”နယ်တစ်ဝိုက်တွင် နာမည်ကျော်ကြား လူသိများသော မုဆိုးနှစ်ဦးမှာ အေးမောင်နှင့် ကြည်သောင်းတို့ပင် ဖြစ်သည်။

နှစ်ဦးစလုံးမှာ နာမည်တစ်လုံးစီနှင့် နေကြသူများဖြစ်သည်။ အပြေးဘက်တွင် နာမည်ရသလောက် လှံထိုးဘက်တွင်လည်း ကြည်သောင်းက နာမည်ကျော်လှသည်။

ဒါကြောင့်လည်း သူတို့ကို အများက “အပြေး အေးမောင်”၊ “လှံထိုး ကြည်သောင်း”ဟု ဘွဲ့ထူးများ ပေးအပ်ခံရခြင်း ဖြစ်သည်။

အေးမောင်မှာ တကောင်းရွာသား။ အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ ဒေါင်ကောင်းကောင်းဖြစ်ပြီး စိတ်ဆတ်သည်။ လူရှည်သလောက် စိတ်တိုတတ်သည်။ စိတ်ပေါက်လာလျှင် ဖြစ်ချင်တာဖြစ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဟူသော လူမျိုးဖြစ်သည်။

သူတို့နယ်တစ်ဝိုက်တွင်တော့ အပြေးဘက်တွင် သူ့ကိုတုပြီး လိုက်နိုင်သူမရှိသေး။ တောလိုက်ရာတွင် ခွေးများနှင့်ပင် ရင်ဘောင်တန်းနီးနီး ပြေးနိုင် လိုက်နိုင်သူတည်း။

ကြည်သောင်းမှာမူ “ကျောက်အိုက်” ရွာသားဖြစ်ပြီး အရပ်ပုပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်လျစ်လျစ်၊ ဖျတ်ဖျတ်လတ်လတ်နှင့် သတ္တိကောင်းသူ ဖြစ်လေသည်။

အေးမောင်က အပြေးတော်သလို သူကလည်း လှံထိုး လှံပစ်ရာတွင် စံတင်ထိုက်သူ ဖြစ်လေသည်။ သူသာ ပိုင်ပိုင်နိုင်နိုင် ထိုးလိုက်ရသော ဝက်၊ ဆတ်၊ ကျားသစ်လို သားကောင်များမှာ တစ်ချက်အပြင် နှစ်ချက်မထိုးရ။ လှံတစ်ချောင်းနှင့်ပင် ဇီဝိန်ချုပ်ကြရသည်သာ များပေသည်။

သားကောင်များ၏ သဘာဝအရ နှလုံးသားတည်ရာဌာနနှင့် သူ၏ လက်ဆမှာ အံကျပင် ဖြစ်ပေသည်။ သူထိုးလိုက်သော လှံချက်များသည် နှလုံးသားကိုဖောက်၍ ဟိုဘက်ဒီဘက် ထုတ်ချင်းခတ် ဖြောင့်ဝင်သွားတတ်ရာ မည်သည့်သားကောင်သည် သူ့လှံချက်ကို ခံနိုင်ပါတော့မည်နည်း။

သူတို့တစ်တွေနှင့် စတင်သိကျွမ်းခဲ့ရစဉ်က ကျွန်တော်ကိုယ်တိုင်လည်း အမဲကြီးပစ်စ မုဆိုးငယ်ဘဝပင် ရှိသေးသည်။ စိုင်၊ ပြောင်၊ ကျား၊ ကျားသစ်၊ ဝံ အစရှိသော အမဲကြီးများ၏အထာနှင့် တောကြီးအတွေ့အကြုံများကို သူတို့တစ်တွေဆီက ကျွန်တော် ဆည်းပူးခဲ့ရသလို သူတို့တစ်တွေမှာလည်း ကျွန်တော့်ဆီက သေနတ်အတွေ့အကြုံများကို ရယူခဲ့ကြသည်သာ ဖြစ်ပေရာ ကျွန်တော်နှင့် သူတို့တစ်တွေမှာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဘဝတူမုဆိုးများဆိုက မှားအံ့မထင်။

ယခုတော့လည်း ကျွန်တော်ကိုယ်တိုင်က အပေါင်းအသင်းရောင်းရင်းများနှင့် အန္တရာယ်ပြွမ်းသော မုဆိုးလမ်းကို လျှောက်လှမ်းနိုင်ခဲ့သလို သူတို့တစ်တွေမှာလည်း သေနတ်ကျွမ်းသော အဓိပတိ မုဆိုးကြမ်းကြီးများဘဝဖြင့် ကျင်လည်နေခဲ့ကြပေပြီကော…။

နှစ်၊ လ၊ ရာသီတွေက အလီလီပြောင်းခဲ့ပေပြီ။အကြောင်းကြောင်းတွေကြောင့် သူတို့နှင့်မဆုံ၊ မကြုံဖြစ်သည်က နှစ်ပေါင်းဆယ်ဂဏန်းထက် မနည်း တော့။ အခုတော့ ပြန်လည်ဆုံရ၊ ကြုံရပြန်ပြီလေ။

ကြုံရ၊ ဆုံရခြင်းအကြောင်းကလည်း ရှိပေသည်။ ကျွန်တော့်အပေါင်းအသင်းရောင်းရင်း မုဆိုးလက်သစ်များက စိုင်၊ ပြောင် မမြင်ဘူး၊ မတွေ့ဘူး၊ မပစ်ဘူးသူများဖြစ်ကြရာ စိုင်၊ ပြောင် သေချာပေါက် ပစ်ရ တွေ့ရမည့်တော တစ်ခေါက်လောက် စီစဉ်ပြီး လိုက်ပို့ပေးပါဟု ပူဆာလာကြသည်။ ဒီတော့ လည်း ကျွန်တော့်အဖို့ မနေသာ။ သူတို့အလိုကျ၊ သူတို့ဆန္ဒပြည့်ဝစေရန် စီမံလိုက်ရသည်။

ကျွန်တော် အမဲကြီးစလည်ခဲ့သောတော၊ တောကမ်းလျှိုမြောင်နည်း၍ ပြန့်ပြူးသာယာသောတော၊ သွားရ လာရ လွယ်ကူ၍ အန္တရာယ်နည်းသည့် တော။ ကျွန်တော့်အတွေ့အကြုံအရ အမဲကြီးများဖြစ်သော စိုင်၊ပြောင်၊ ဆင်၊ ကျား၊ ဝက်ဝံ အစရှိသော သားကောင်ကြီးမျိုးစုံ တွေ့နိုင် ပစ်နိုင်မည့်တော။ နောက်လိုက်လူရင်း လမ်းပြမုဆိုးကြမ်းများရှိသည့်တော။

ဒီအချက်တွေနှင့် ပြည့်စုံသည့်နေရာ “တကောင်းတော”ကို ရွေးချယ်လိုက်ရရာက ဤသို့ဤပုံ ပြန်လည်ဆုံစည်းခဲ့ရခြင်း ဖြစ်ပေသည်။

အကြောင်းဆုံ၍ မိတ်ဟောင်း ဆွေဟောင်းများအဖြစ် အကူအညီတောင်းပြန်တော့လည်း သူတို့တစ်တွေက အရင့်အရင်ကလို လိုက်လျောကူညီခဲ့ကြသည်။

ကျွန်တော်တို့တစ်တွေ ညှိနှိုင်းစခန်းချကြမည်က “ကျောက်အိုက်” ကျေးရွာမှ မိုင် (၃ဝ)မျှဝေးသော ဗဟိုအချက်အချာကျသော “တောင်အလှည့်”စခန်းမှာသာ ဖြစ်သည်။ တောင်အလှည့်စခန်းကို စတည်းချခြင်းအားဖြင့် အရှေ့အနောက်၊ တောင်နှင့်မြောက်၊ ဝဲယာရှိ ရွေးသာအင်တိုင်း၊ ချည်ထွေး၊ အုံးမြောင်အင်တိုင်း၊ သံခြေ၊ ကျောက်ကြပ်ချောင်းတစ်လျှောက် “တဲကိုးလုံး”အင်တိုင်းနှင့် တောင်တန်း “ကရင်အိုင်ကြီး” စခန်းအင်တိုင်း၊ “သန်းအောင်ဗိုလ်တဲ” စခန်းနှင့် ကမ်းပါးနီချောင်းရိုးတစ်လျှောက် အစရှိသော လယ်ကွင်းများကို သုံးလေးငါးမိုင်ပတ်လည်အတွင်း ကြိုက်သလောက် အစွမ်းရှိသလောက် လည်နိုင်ကြပေသည်။

ကျွန်တော်တို့အဖွဲ့တွင် လက်နက်အင်အား၊ ကျည်အင်အားအဖြစ်(၃ဝ- ဝ၆) အမဲပစ်ရိုင်ဖယ်(၂)လက်နှင့် ကျည်(၁၀၀)၊ (၉)မီလီမီတာ မင်လီကာ အမဲပစ်ရိုင်ဖယ်တစ်လက်နှင့် ကျည် (၅၀)၊ (၃၇၅)နှစ်လုံးပြူးရိုင်ဖယ်တစ်လက်နှင့် ကျည် (၅၀)၊ ဂျာမဏီလုပ် (၁၂)ဖိုးနှစ်လုံးပြူးမောင်းဖုံးတစ်လက်၊ အင်္ဂလန်လုပ်(၁၂)ဖိုး၊ တစ်လုံးထိုးတစ်လက်နှင့် ကျည်မျိုးစုံ (၁၅ဝ)၊ ချက်ကိုအရူနိုနှစ် အမျိုးအစား (၂၂)မဂ္ဂဇင်းရိုင်ဖယ်တစ်လက်နှင့် ကျည် (၃ဝဝ) ပေါင်း (၇)လက်ပါလေသည်။

လူအင်အားမှာမူ ကျွန်တော်နှင့်အဖွဲ့က (၄)ယောက်၊ ကိုလေးမောင်၊ ကိုကြည်သောင်းတို့အဖွဲ့က (၆)ယောက်၊ ပေါင်း (၁၀)ယောက် ဖြစ်သည်။

ပစ္စည်းပစ္စယ၊ ရိက္ခာ၊ သက်ကယ်၊ မိုးကာ၊ အိပ်ရာလိပ် စသည်များ သယ်ယူဖို့အတွက် နွားလှည်းတစ်စီး၊ ကျွဲလှည်းနှစ်စီး၊ ပေါင်း သုံးစီး ပါဝင်လေသည်။

လှည်းသုံးစီးနှင့် ကျွန်တော့်အဖွဲ့သားများဖြစ်သော ကျော်မိုး၊ ဟာနစ်၊ ထွန်းလှအောင်တို့ကို ရှေ့မှ လွှတ်လိုက်သည်။ သူတို့အဖွဲ့ကို ဒီနေ့အဖို့ ကျောက်တန်းချောင်းတွင် စခန်းချ၍ စောင့်ကြရန် မှာလိုက်ရသည်။

ကျွန်တော်၊ ကိုအေးမောင်နှင့် ကိုကြည်သောင်းတို့ကတော့ နောက်မှ ခြေလျှောက်တောလည်ရင်း လိုက်ကြမည်ဖြစ်သည်။

xxx xxx xxx

“ကျောက်အိုက်” ရွာက စ,ထွက်ကတည်းကပင် ဝါခေါင်မိုးက အငြိုးနှင့် ရွာချလာပါတော့သည်။ သေနတ်တွေကို ပြောင်းအောက်ထား ဇောက်ထိုး လွယ်ပြီး ကျွန်တော်က စစ်မိုးကာကို ဝတ်ဆင်ထားသလို သူတို့က ပါလာသည့် ပလတ်စတစ်မိုးကာစ,များကို ခြုံလျက် လျှောက်လှမ်းခဲ့ကြရာ “သွေး ကျောက်ဆုံ” စခန်း၊ “ကျီးအိုင်နှစ်လုံးတွဲ” စခန်းများကိုကျော်လျက် ထုံးဘိုစခန်းနားသို့ပင် ရောက်ခဲ့ကြပေပြီ။

ထုံးဘိုစခန်းတွင် “မကျီးကုန်း”၊ “ဆံညှပ်ကုန်း” ရွာမှကြိမ်ခတ် သနပ်ခါးခွဲလှည်းများ စခန်းချနားနေသည်ကို မြင်သဖြင့် ခေတ္တဝင်ရောက်ခဲ့ကြသည်။

“ဟာ ဆရာမင်းတို့၊ ကိုအေးတို့၊ ကြည်သောင်းတို့ပါလား။ လာ … လာ အချမ်းပြေရေနွေးလေး ဘာလေး သောက်ကြဦး”

လှည်းအဖွဲ့တွင် အရင်က အသိဟောင်း၊ အကြွေးဟောင်း မုဆိုးဝါသနာရှင် ဦးလှဒင်ကြီး ပါသဖြင့် သူက တရင်းတနှီး နှုတ်ဆက်ရင်း ရေနွေးသောက် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။

“ဦးလှဒင်ကြီးပါလား။ နေကောင်းတယ်နော်။ ရွာက ကိုခွေးမောင်၊ကိုထွန်းလင်း၊ ကိုကံတော်နဲ့ ကိုတင်မောင်တို့ရော နေကောင်းကြရဲ့လား။ မုဆိုးအဖွဲ့တွေကို သတိရကြောင်း၊ ကျွန်တော်ကမေးကြောင်း ပြောပြလိုက်ပါဦးဗျာ”

“အားလုံး ကောင်းကြပါတယ်ဗျာ။ ဒါနဲ့ ဆရာမင်းလည်း ဒီဘက် မလာတာ အတော်တောင် ကြာသွားပြီနော်။ အခုမှ ဘယ်ကဘယ်လို မျက်စိလည်ပြီး ရောက်လာပြန်တာလဲ”

“ဒီလိုပေါ့ဗျာ။ မုဆိုးဆိုတာကလည်း နယ်ကျယ်တယ်မို့လား။ နယ်တကာစုံအောင် လှည့်နေတော့ ဒီဘက် မရောက်ဖြစ်ခဲ့ပြန်ဘူး။ အခုတော့လည်း မုဆိုးသံသရာ တစ်ပတ်လည်ခဲ့ပြန်တာဆိုပါတော့ ဦးလှဒင်ရာ …”

“ဒါနဲ့ ဘယ်ထိအောင် တက်ကြမှာလဲ။ ဒီလို အဖွဲ့စုံစုံ၊ လက်နက်စုံစုံနဲ့ တစ်ချီတစ်မောင်းတော့ နွှဲလိုက်ချင်ပါသေးတယ်ဗျာ”

ဦးလှဒင်မှာ မုဆိုးဝါသနာရှင်တစ်ယောက်ပီပီ ကျွန်တော်တို့ဆီက ရိုင်ဖယ်သေနတ်များ၊ ကျည်များကို ကိုင်ကြည့်ရင်း မချင့်မရဲ တစ်ပွဲလောက် နွှဲလိုက်ချင်ကြောင်း ပြောနေခြင်းဖြစ်သည်။

“တောင်အလှည့် စခန်းထိ သွားကြမှာ။ အခုကြုံတုန်း ဆုံတုန်းလိုက်ခဲ့ရင်လည်း တစ်ခါတည်း လိုက်ခဲ့လေ။ သေနတ်၊ ယမ်းတောင့်တွေအတွက်တော့ မဲမတင်းနဲ့။ သေနတ်မျိုးစုံ (၇)လက် တောင်ပါတယ်”

ကိုအေးမောင်က ဦးလှဒင်၏ အမေးကိုဖြေရင်း မချင့်မရဲဖြစ်နေသော စိတ်ကို ဆွပေးလိုက်သည်။

“ကိုရင် ကျုပ်စိတ်ကိုတော့ မဆွပါနဲ့ကွာ။ အပြောမဟုတ်ပါဘူး။ ဟောဒီ လှည်းနွား သနပ်ခါးနဲ့ ကြိမ်တွေကြောင့်။ နို့မဟုတ်ရင် အပြောတောင် မစောင့်ဘူး။ တစ်ခါတည်း ထ,လိုက်ခဲ့မှာ- သိလား”

“ကဲ … ကဲ ဒီတစ်ခေါက် မလိုက်နိုင်လည်း နောက်အခေါက်တွေလာတော့ လိုက်လို့ရပါတယ်။ ဒါအတွက် စိတ် စနောင့်စနင်း ဖြစ်မနေပါနဲ့။ ဒါနဲ့ ပြောစမ်းပါဦး။ အမဲသားကောင် သတင်းပလင်းလေး။ ခင်ဗျားတို့က အခုမှ အထက်တောက ဆင်းလာဆိုတော့ သားကောင်အခြေအနေနဲ့ သားကောင် ဘယ်မှာအတွေ့များတယ်ဆိုတာလေးတွေ …”

ကျွန်တော်က ဦးလှဒင်နှင့် ကိုအေးမောင်တို့နှစ်ယောက်ကြားဝင်၍ စကားပြတ်သွားစေရန်နှင့် သားကောင်သတင်းကို သိထားရန် စနည်းနာလိုက်သည်။

“ဟာ သားကောင်ကတော့ ပေါသလား မမေးနဲ့ ဆရာမင်းရေ။ ပေါမှ ပေါပဲ။ ဆင်ပစ်မလား၊ ပြောင်ပစ်မလား၊ စိုင်ပစ်မလား၊ဝဆတ်ပစ်မလား၊ ဆတ်နဲ့ ဝက်လောက် ပစ်ချင်ရင်တော့ ဒီအောက်ပိုင်း “ကျောက်တန်း” ချောင်း ပတ်ဝန်းကျင်မှာတင် ပစ်ရပါတယ်။

ညဆိုရင် “တမာပင်ရိုး” အင်တိုင်းကြောတစ်လျှောက် တတိန်တိန်နဲ့။ စိုင်၊ ပြောင်ကတော့ ဒီအောက်ဘက်မှာ သိပ်မတွေ့ဘူး။ “သံခြေ ကျောက်ကြပ်”၊ “ချည်ထွေး အုံးမြော”ဘက်မှာ တအားပေါပဲ။

အဲဒီဘက်မှာ မျှစ်လည်း ကောင်းကောင်းပေါက်နေပြီ။ ဆင်ပစ်မယ်ဆိုရင်တော့ တဲ(၉)လုံး၊ တဲ(၆)လုံးနဲ့ “ကရင်အိုင်ကြီး” စခန်း ဆက်သွားပေရော့ ဆရာမင်းရေ။ အဲဒီဘက်မှာ အောတိုက်နေတာပဲ”

ကျောက်တန်းချောင်းရဲ့ဒီဘက်မှာတော့ ဘာသားကောင်မှ မမျှော်မှန်းနဲ့။ လူပန်းတာပဲ အဖတ်တင်မယ်။ ခွေးသမား၊ လှံသမားတွေ လက်ချက်နဲ့ တောကြေပြီဗျို့”

“အေးဗျာ – ဒီလောက် သတင်းပလင်းလေး ကြားရ သိရရင် တော်ပါပြီ … တော်ပါပြီ။ ကျေးဇူးပါပဲ”

“ကိုင်း … ကိုင်း။ ကျေးဇူးက နောက်မှတင်။ အခုတော့ မိုးကလေးစဲသွားတုန်း ရှေ့ခရီး ဆက်လိုက်ကြဦးစို့”

တစ်ချိန်လုံး ဘာစကားမှဝင်မပြောဘဲ ငြိမ်နေခဲ့သော ကိုကြည်သောင်းက ပြောပြောထထ သွားသဖြင့် ကျွန်တော်တို့လည်း သနပ်ခါးအဖွဲ့တွေကို နှုတ်ဆက်ပြီး “ထုံးဘို” စခန်းမှ ရှေ့ဆက်လှမ်းခဲ့ကြတော့သည်။

လမ်းတစ်လျှောက်လုံးတွင် စခန်းဟောင်းကလေးများရောက်တိုင်း (၃)ယောက်သား ရှေ့ဖြစ်ဟောင်းအောက်မေ့ဖွယ်များကို စမြုံ့ပြန်ပြီး ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြပါတော့သည်။

အော်… မုဆိုးဘဝ တွေ့ခဲ့၊ ကြုံခဲ့၊ လုပ်ခဲ့၊ ကိုင်ခဲ့ရသမျှ ပြန်ပြောင်းပြောကြ စမြုံ့ပြန်ရသည်ကလည်း အရသာတစ်မျိုးပါလား။

xxx xxx xxx

မိုးကစဲသွားသော်လည်း လေကတဟဲဟဲ တိုက်နေတုန်းပင်။ ခြုံထားသော မိုးကာ၊ ပလတ်စတစ်စများက တဖျတ်ဖျတ်ဖြစ်နေသဖြင့် ချွတ်၍ အသီးသီး သိမ်းလိုက်ကြသည်။

“ကစ် … ကစ် … ကစ် … ကစ်”

“ဝှီး … ဝှစ် … ဝှီး … ဝှစ်”

မိုးတိတ်သွားသဖြင့် အစာရှာထွက်လာဟန်တူသောအောက်ချင်းငှက် ဖိုမတစ်စုံ၏ အော်သံနှင့် ပျံသန်းတောင်ပံခတ်သံက အတိုင်းသား ကြားနေရသည်။

တဝှီးဝှီး၊ တဂီးဂီး အော်မြည်ရင်း ခေါင်းပေါ်မှ ပျံသွားကြသော ငှက်ငနွားအုပ်ကြီးမှာလည်း စားပင်တွင် တဖျန်းဖျန်းဝင်နားလိုက်ကြသည်။

“အိုးဝေ…”

“အိုးဝေ…”

ခပ်လှမ်းလှမ်း မြိုင်တောခြေက ဒေါင်းငှက်များ၏ မြူးထူးသံကလည်း သာယာနာပျော်ဖွယ် ဖန်တီးနေသလိုပင်။

xxx xxx xxx

ကျွန်တော်တို့ မုဆိုးအဖွဲ့မှာလည်း သာယာနာပျော်ဖွယ် သဘာဝကျေးငှက်သံများကို နားထောင်ရင်းလျှောက်လှမ်းခဲ့ကြရာ “တိုက်ပိုင်” စခန်းလွန်၍ “ကျောက်ပုံတောင်” စခန်း အင်တိုင်းနှင့် ဝါးတောစပ်နားသို့ပင် ရောက်ခဲ့ကြပေပြီ။

လမ်းပေါ်တွင် မိုးရွာပြီးမှ သွားထားသော ဆတ်သားအမိခြေရာနှင့် ဝက်ထီးပိုးတစ်ကောင်၏ ခြေရာတွေကို တွေ့ ကြသဖြင့် လေ့လာကြရာ ဝက်ထီးပိုးခြေရာမှာ မိုးရွာတုန်း လမ်းအတိုင်း လျှောက်ထားသလို ဆတ်သားအမိခြေရာကတော့ လမ်းကို ကန့်လန့်ဖြတ်ကူးထားခြင်း ဖြစ်ပေသည်။

ကျွန်တော်က မမျှော်လင့်ဘဲ ဗြုန်းခနဲတွေ့လျှင် ပစ်ခတ်နိုင်ရန်(9 mm) (၉) မီလီမီတာရိုင်ဖယ်ကို ကျည်ထိုး မောင်းတစ်ဝက်တင်ထားလိုက်သည်။

“ဒါမျိုးကျတော့ သေနတ်ထက် ခွေးနဲ့ လှံနဲ့က ပိုပိုင်တယ် ကိုမင်းရ”

ကိုကြည်သောင်းက သူ့အတွေ့အကြုံအရ ပြောလိုက်ခြင်း ဖြစ်ဟန်တူသည်။

“ဟုတ်တယ် ကိုမင်း။ ဖိုးကြည်သောင်းပြောတာ မှန်တယ်။ ဒီလို မိုးရွာပြီးစ လောလောလတ်လတ် ခြေရာ တွေ့လို့ကတော့ ခွေးနဲ့ လှံနဲ့က သေနတ်ထက် သေချာသေးတယ်။ သေနတ်ကမှ လွဲတာ၊ ကျော်တာရှိဦးမယ်။ ခွေးနဲ့ လှံကတော့ မလွတ်တော့ဘူး။ သေချာပေါက် ရပြီးသားပဲ”

သေနတ်ထက် သေချာတယ်ဟူသော ကိုအေးမောင်စကားကိုတော့ ကျွန်တော့်စိတ်ထဲက ဘဝင်မကျလှ။ သို့သော် သူတို့က လက်တွေ့သမားတွေဆိုတော့ မငြင်းသာ။

“အေးဗျာ ခင်ဗျားတို့က လက်တွေ့သမားတွေဆိုတော့ ဟုတ်မှာပါ”

“ဒါနဲ့ စကားစပ်လို့ မေးရဦးမယ်။ ခွေးမုဆိုး၊ လှံမုဆိုးလုပ်ရတာနဲ့ သေနတ်မုဆိုး လုပ်ရတာ ခင်ဗျားတို့အဖို့ ဘာကွာလဲ”

“မုဆိုးလုပ်ငန်းတွေဆိုတော့ ခံစားရချက် ရသကတော့ မကွာလှပါဘူး။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းတွေကတော့ ကွာပြီလားဗျာ။

သေနတ်နဲ့မုဆိုး လုပ်ရတာက လူသက်သာတယ်။ အန္တရာယ်နည်းတယ်။ အမဲသားကောင် ကြီးကြီးမားမားတွေ ရတယ်။ အမဲကြီးရတဲ့အခါ မစားချင်တော့လောက်အောင် အသားပေါပေမယ့် အမဲကြီးမရတဲ့အခါကျတော့ ဆူးပုပ်၊ ကင်ပွန်း၊ ဖန်ခါးသီး၊ ဆား ငံပြာရည်ဟင်းလောက်နဲ့ ပြီးခဲ့ရတဲ့အကြိမ်တွေ မနည်းဘူးဆိုတာ ကိုမင်း လက်တွေ့ပဲမှုတ်လား။

အင်း ခွေးမုဆိုး၊ လှံမုဆိုးဘဝကတော့ ကြမ်းတယ်။ ပင်ပန်းတယ်။ အသက်အန္တရာယ်လည်း နီးတယ်။ ရပြန်တော့လည်း အကြီးဆုံး ဆတ်၊ ဝက် လောက်ပဲများတယ်။ ဒါပေမဲ့ ခွေးမုဆိုးက ဘယ်တော့မှ အသားဟင်းမငတ်ဘူး။ အောက်ထစ်ဟင်းစားဖြစ်တဲ့ဖွတ်(ဇောတိက) ၊ပုတတ်၊ လိပ်၊ မြွေ၊ ဖြူ၊ ပွေး အစရှိတဲ့ဝအကောင်တွေကတော့ မရမရှိဘူး။ အလျှံပယ်ပဲ”

“အေး ဖိုးကြည်သောင်း မင်းပြောလိုက်မှ အစဖော်ပေးလိုက်သလို ဖြစ်နေပြီဟ။ ငါ ဇောတိကသား မစားရတာ အတော်ကြာပြီ။ ဇောတိကသားကိုအစေးပေါက်၊ အခေါက်နူးအောင် မြေအိုးနဲ့ချက်စားလိုက်ရရင် ဟင်း … ဘာကောင်းသလဲ မမေးနဲ့ ကိုမင်းရေ”

ကိုအေးမောင်က ကိုကြည်သောင်းစကားကို ထောက်ခံရင်း သူ ဇောတိကသား မစားရတာကြာပြီဖြစ်ကြောင်းနှင့် ဇောတိကသားကောင်းကြောင်း အားရပါးရ သွားရည်ကျလောက်အောင် ပြောလိုက်သည်။

“ကျွန်တော်ကြားဖူးတာကတော့ ဖွတ်ဥ၊ လိပ်သည်း၊ကျွဲနို့ခဲလို့သာပါဗျာ။ ဖွတ်သားတော့ မပါပါဘူး”

“ဟာ ကိုမင်းကလည်း၊ “ဥ”တောင် ဒီလောက်ကောင်းနေရင် အသားဆို ပိုကောင်းတာပေါ့။ ကိုမင်း မစားဖူးသေးဘူး မို့လား။ စားဖူးသွားရင် နောင် ဇောတိကတွေ့တိုင်းဖမ်းခိုင်းနေမှာ”

“ညွှန်းလှချည်လား ဆရာကြီးရာ။ ဒီလောက်ပဲလား။တစ်ပတ်လောက်တော့ လျှော့လိုက်ပါဦး”

“လျှော့လို့ မဖြစ်ဘူး။ ပိုတောင် တိုးလိုက်ချင်သေးတယ်။ ကိုမင်း မယုံရင် ကြည်သောင်း မေးကြည့်လိုက်ပါလား”

“ကဲ ကိုကြည်သောင်းရေ၊ ကိုအေး ညွှန်းချက် ဘယ်နှယ့်လဲ”

“ဟီး … ဟီး ဟုတ်တယ် ကိုမင်းရေ။ ကျုပ်လည်း သူ့လိုပဲ ကြိုက်တယ်။ ဇောတိကသားကို ဆတ်သားနဲ့ လဲစားပါဆိုတောင် လဲမစားနိုင်ဘူးဗျ”

“တယ်ဆိုတဲ့ စာပါလားဗျို့။ ခင်ဗျားတို့ ဒီလောက်ပြောနေမှတော့ ကြုံတဲ့အခါ လက်တွေ့ မြည်းစမ်းကြည့်ရသေးတာပေါ့”

“အင်း ဒီတစ်ပတ်တော့ ကြုံမှာပါ။ ဇောတိက အများဆုံးတွေ့တတ်တာလည်း ဒီရာသီ ဒီမိုးမျိုးမှာပဲ ကိုမင်းရ”

ကြည်သောင်းအသံက အားရပါးရ ပိုကျယ်သွားသည်။

“ဝေါင်း … ဝေါင်း- ဝုတ်- ဝုတ်”

ချေတစ်ကောင်က ကျွန်တော်တို့တစ်တွေ ပြောဆိုသံများ ကြားသွားသဖြင့် လမ်းဘေးဝါးရုံပင်အောက် အိပ်ကျင်းမှလန့်ထ,ဟောက်ပြီး ပြေးသွားပါတော့သည်။

မိုးသက်လေနုအေးကလေးကလည်း တဖြူးဖြူး တိုက်ခတ်လာရာ ထုံသင်းတဲ့ တောပန်းရနံ့စုံကလေးပါ ပါလာသဖြင့် ကျွန်တော်တို့တစ်တွေမှာ မောရမှန်း၊ ပန်းရမှန်းပင် မသိ။ လန်းဆန်းတက်ကြွနေကြသည်။

“ရှေ့နားဆိုရင် ကျစ်ချောင်း ရောက်တော့မယ်မို့လား”

ကျွန်တော်က မရောက်တာကြာတော့ ခပ်ဝါးဝါးဖြစ်နေသဖြင့် မေးလိုက်ခြင်းဖြစ်သည်။

ကျစ်ချောင်းမှာ မြေငံတွင်း(ကျပ်)ရှိသည်။ တစ်ချိန်က စိုင်၊ ပြောင်၊ ဆတ် အလွန်များပြီး ကျားလည်း အလွန်ပေါသောနေရာ ဖြစ်လေသည်။

“ဟုတ်တယ်လေ ကိုမင်းကလည်း မေ့သွားပြီလား။ တစ်ခါက ခင်ဗျားနဲ့ ကျုပ် ကျားနဲ့ ရင်ဆိုင်ပက်ပင်းတွေ့ခဲ့တဲ့ ချောင်းလေ….”

“အင်း … ဒါဆို ချောင်းရောက်ရင် ခဏနားကြဦးစို့ဗျာ။ ရေလေးဘာလေး သောက်ပြီး ခင်ဗျားတို့လည်း ဆေးလိပ်သောက်ရတာပေါ့”

xxx xxx xxx

ကျစ်ချောင်းရောက်ကြသောအခါ ခါတိုင်းနားနေကျ ကမ်းပါးထိပ်က တောသရက်ပင်ကြီးအောက်တွင် ထိုင်နားလိုက်ကြသည်။ ကျွန်တော်က ထမ်းလာသော (၉)မီလီမီတာရိုင်ဖယ်ကို သစ်ပင်တွင် မှီထောင်ပြီး ချောင်းကမ်းပါးအောက်သို့ ရေသောက်ရန် ဆင်းသွားပါသည်။

ရေအိုက်မှာ သရက်ပင်ခြေရင်း အမြစ်ခွဆုံအောက်တွင် ရှိနေပြီး ဖျာတစ်ချပ်မျှသာ ကျယ်လေသည်။ကျွန်တော် ရေအိုက်နားရောက်လို့ ဒူးထောက်ပြီး ရေကုန်းသောက်မည်အလုပ် အရာဝတ္ထုတစ်ခုက “ဗလုပ်”ဟု ရေအောက်သို့ ငုပ်လျှိုးသွားသည့်အရာကို ရိပ်ခနဲ တွေ့လိုက်ရသည်။ ရေမှာလည်း နောက်ကျိသွားသဖြင့် မသောက်ရတော့ချေ။

အနီးမှ တုတ်တစ်ချောင်းကောက်၍ ရေထဲသို့ ထိုးမွှေပစ်လိုက်သောအခါ တရားခံက ထွက်ပေါ်လာတော့သည်။

ပထမဦးဆုံး ရေပေါ်သို့ မထင်မရှားပေါ်လာသည်က အညိုရောင် ရှည်လျားလျား အမြီးဖျားသာတည်း။ မထင်မှတ်သောမြင်ကွင်းအတွက် ဗြုန်းခနဲ အံ့အားသင့်သွားစေပါသည်။နောက်မှ အသိတရားက မွေးဖွားလာပြီး ဝမ်းပန်းတသာဖြင့် –

“ဟေ့လူတွေ လာကြဦး … လာဦး။ ဒီမှာ ခင်ဗျားတို့မိတ်ဆွေ ဇောတိကကြီးဗျို့”

ဇောတိကကြီးဗျို့ ဟူသော ကျွန်တော့်အသံ ကြားလိုက်သည်နှင့် နှစ်ဦးသား ကိုအေးရော၊ ကိုကြည်သောင်းပါ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသော် နောက်နေသည် ထင်သလား မပြောတတ်။ မည်သူမျှ ထ,မလာကြ။ ဆေးလိပ်သောက်ပင် မပျက်ကြ။

ကျွန်တော့်အသံကြောင့်လား၊ ဒါမှမဟုတ် တုတ်နဲ့မွှေလိုက်၍ သူ့အန္တရာယ် မလုံခြုံမှန်းသိ၍လားတော့မပြောတတ်။ ဇောတိကကြီးမှာရေအိုက်မှ တက်၍ သရက်ပင်ကြီးပေါ်သို့ အမြန်တက်ပြေးပါတော့သည်။

ဒီမြင်ကွင်းကို မြင်လိုက်မှ ကျွန်တော် တကယ်ပြောမှန်းသိကာ အပြေး ပြိုင်တူ ထ,လိုက်ကြသော်လည်း မမီတော့။ သရက်ပင်အထက် ကိုင်းမကြီးပေါ်သို့ပင် ရောက်သွားခဲ့ချေပြီ။

သရက်ပင်ကြီး၏ ပင်စည်မှာ လူနှစ်ဖက်စာမျှရှိပြီးဇောတိကကြီးကပ်ပိုးနေသော အကိုင်းမှာ လူတစ်ကိုယ်စာမျှကြီးသည်ဖြစ်ရာ ခြေသလုံးလောက်သာရှိသော ဇောတိကကြီးကို ကျောကုန်းပိုင်း တစ်လက်မမျှသာ မြင်ကြရလေသည်။

ကိုအေးမောင်က သစ်ပင်တက်ကျွမ်းသူပီပီ သရက်ပင်ခြေသို့သွား၍ တက်ရန် လမ်းစရှာနေတော့သည်။ သရက်ပင်ကြီးမှာ ကြီးလွန်းနေသဖြင့် ဖက်တွယ်တက်ရန်မှာ မလွယ်ကူပါပေ။

သို့သော် ချက်ချင်း အကြံတစ်ခု ရဟန်တူသည်။

“ဟေ့ ဖိုးကြည်သောင်း နင်းတက်တစ်ခုလောက် သွားခုတ်ချေကွာ။ နင်းတက်နဲ့ဆိုရင် တက်နိုင်မယ်ကွ”

နင်းတက်ဆိုသည်မှာ သစ်ပင်ပေါက်တစ်ပင် (ဝါ) ဝါးပင်အတက်ပါသော အပင်တစ်ပင်ကိုခုတ်၍ လှေခါးသဏ္ဌာန်ထောင်၍ တက်ရသောအရာ ဖြစ်သည်။

“ဟာ ကိုအေး ဒီလောက် အပင်ပန်းခံပြီး လုပ်မနေပါနဲ့။ ကျွန်တော့်သေနတ်နဲ့ပဲ ပစ်ချလိုက်ပါ့မယ်”

ကျွန်တော်က ပြောပြောဆိုဆို ကိုအေးမောင် ချထားသော (၃၀-၀၆) ရိုင်ဖယ်ကို ကောက်ကိုင် မောင်းတင်လိုက်ပါသည်။

“ဟာ … ဟာ မလုပ်လိုက်နဲ့ မပစ်ပါနဲ့ ကိုမင်း။ ဒီဇောတိကလောက် သတ္တဝါကို ရိုင်ဖယ်နဲ့ ပစ်နေရရင် ကျုပ်တို့မုဆိုးတွေ ရာဇဝင်ရိုင်းရချည်ရဲ့။

ရိုင်ဖယ်ကျည်တစ်တောင့်ရဲ့တန်ကြေးဟာ နည်းတာမဟုတ်ဘူး။ စိုင်၊ ပြောင်၊ ဆင်၊ ကျားတစ်ကောင်ကောင်ဆိုလည်း ဟုတ်တယ်။ သေနတ်၊ ယမ်းတောင့်ကို ထိုက်ထိုက်တန်တန်အကောင်ကျမှ ပစ်စမ်းပါ”

“ဒါဆို ဒီအကောင်ရဖို့ လက်လျှော့ပေးလိုက်တော့မှာလား”

“လက်လျှော့မပေးပါဘူး။ ဒီအကောင် သစ်ပင်ပေါ်ကအောက်ရောက်ဖို့တာဝန် ကျုပ်တာဝန်ထား။အောက်ရောက်ရင် ကိုမင်းနဲ့ ကိုအေးတို့က မလွတ် တမ်း မိအောင်ဖမ်းကြပေတော့…”

ပြောပြောဆိုဆို ကိုကြည်သောင်းမှာ သေနတ်ကိုချလျက် ခါးမှ ဓားကိုထုတ်ကာ ဝါးတောရှိရာသို့ ထွက်သွားတော့သည်။ ပြန်လာလျှင် လက်ထဲ၌ တစ်လံသာသာ အနေတော် ဝါးစိမ်းတစ်ဖြတ် ပါလာလေသည်။ ဝါးကို အရင်း အဖျားမှတ်၍ လှံပစ်မည့်သဏ္ဌာန် လက်နှင့် ဆကြည့်ကာ၊ ချွန်အောင်သပ်၊ ဖြတ်တန်ဖြတ်ပြီး ကျွန်တော်တို့ရှိရာပြန်ရောက်လာပါသည်။

“ဘယ်လိုလဲ- ဝါးရင်းတုတ်နဲ့ ပစ်ချမလို့လား။ ပစ်လို့ ဘယ်မှန်နိုင်မှာလဲ ကိုကြည်သောင်းရာ။ အကိုင်းကြီးက ခံနေတာဥစ္စာ”

“ကိုမင်း မသိပါဘူး။ ရတဲ့နည်း ရှိပါတယ်။ ကြည့်သာနေ … ကျုပ် လုပ်ပြပါ့မယ်”

ကိုကြည်သောင်းမှာ ကျွန်တော့်ကိုပြောရင်း သူ၏ ပလတ်စတစ်မိုးကာ စိမ်းပြာပြာကို အနားမှ တစ်ထွာခန့် ဓားနဲ့ လှီးဖြတ်လိုက်ပြီး ဝါးအဖျားပိုင်းတွင် လှံပန်းပွားပမာ ချည်လိုက်ပါသည်။

“ကဲ ကိုအေးရေ၊ တုတ်ကလေး ခဲကလေး ရှာကိုင်ထားပေတော့။ အောက်ရောက်လာရင်တော့ ခင်ဗျားတို့တာဝန်၊ မလွတ်ကြစေနဲ့နော်”

“တုတ် ခဲ မလိုပါဘူး ဖိုးကြည်သောင်းရာ။ အောက်သာ ရောက်လာပါ။ ငါ့အစွမ်း ပြလိုက်ပါ့မယ်။ မင်းအကောင် ငါကိုလွတ်အောင် မပြေးနိုင်စေရပါဘူး”

“ကိုင်း ဒါဖြင့် အရန်သင့်ပြင်ကြ။ ဒီအကောင် အခုချက်ချင်း အောက်ရောက်လာအောင် ကျုပ် လုပ်လိုက်မယ်”

ကိုကြည်သောင်းမှာ ပြောပြောဆိုဆို ဇောတိကကြီး ပိုးကပ်နေသော သစ်ကိုင်းကို ကန့်လန့်ဖြတ် မျက်နှာမူလျက် သင့်တော်သော အကွာအဝေးက လှံပစ်ပွဲဝင်တော့မည့်သူပမာ ဝါးလှံကို ချိန်ဆ အားယူနေပါသည်။

သူ လုပ်ပုံ ကိုင်ပုံတွေကိုကြည့်ရင်း ကျွန်တော်က ပါးစပ်မှ ထုတ်မပြောပေမယ့် ကိုင်းပေါ်ပိုးနေသောအကောင် ဘယ်လိုများ မှန်အောင် ထိအောင် ပစ်မှာလဲဟု လှောင်ပြုံးလေးနဲ့ တွေးနေမိသည်။

သုံးလေးကြိမ်မျှ ချိန်ဆအားယူပြီးလက်ထဲမှ ဝါးချွန်လှံကို ဇောတိကကြီးရှိရာ သစ်ကိုင်းထက်ဆီသို့ ပစ်လွှတ်လိုက်ပါတော့သည်။

ပစ်လွှတ်လိုက်သော ဝါးချွန်လှံမှာ ဇောတိကကြီးရှိရာသို့ တန်းတန်းမတ်မတ်သွားသော်လည်း လုံးဝမထိ၊ ဦးခေါင်း၏အထက် တစ်ထွာခန့်မှသာ ဖြတ်ကျော်သွားသည်ကို မြင်ရသည်။

သို့သော် ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ရမိသည်ကား ဝါးလှံနှင့် မမှန်၊ မထိသော်လည်း ဦးခေါင်းပေါ်မှ ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်တည်း ဇောတိ ကကြီးမှာ ဘယ်လို ဘယ်လို ဘာကြောင့် ပိုးနေသော သစ်ကိုင်းကြီးပေါ်မှ ပြုတ်ကျလာသည် မသိ။ အောက် ချောင်းရိုးသဲပြင်ပေါ်သို့ “ဘုံး” ခနဲ ကျလာ သည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။

မထင်မှတ်သော အဖြစ်ကြောင့် အံ့ဩမှု၊ အံ့အားသင့်မှုတို့က အရံသင့် စောင့်ကြည့်နေသော ကျွန်တော်နှင့် ကိုအေးမောင်တို့အပေါ် လွှမ်းသွားစေပါသည်။ ဤသည်ကပင် ဇောတိကကြီးအတွက် အခွင့်အရေးရသွားကာ ချောင်းရိုးတစ်လျှောက် ထွက်ပြေးခွင့်ရသွားစေတော့သည်။

အံ့အားသင့်နေသော ကျွန်တော်နှင့် ကိုအေးမောင်တို့မှာ အခုမှပင် သတိဝင်လာပြီး ဇောတိကကြီးပြေးရာသို့အပြေးလိုက်သွားကြတော့သည်။

ဇောတိကကြီးမှာ တွားသွားသတ္တဝါဖြစ်၍ သိပ်မြန်လိမ့်မည်ဟု မထင်မှတ်ခဲ့သော ကျွန်တော့်အဖို့ လက်တွေ့ကျမှ အထင်နှင့်အမြင် ပါစင်အောင်ကွာနေကြောင်း သိရတော့သည်။

ရှေ့က ခြေလေးချောင်းနှင့် ယက်ကန်ယက်ကန်အပြေးမြန်သလောက် နောက်မှလိုက်သူ အပြေးဘွဲ့ထူးခံ ကိုအေးမောင်မှာလည်း မြန်လှပေသည်။

ပြေးသူနှင့် လိုက်သူ၊ သူတို့နှစ်ဦး လှုပ်ရှားပုံကို မြင်ရ ကြည့်ရသည်မှာ ကာတွန်းရုပ်ရှင်ဇာတ်ကားမှ ကြွက်နှင့် ကြောင် ပြေးတမ်းလိုက်တမ်း ကစားနေသည့် နှယ်ပင်။

ပြေးသူက လွတ်အောင်ပြေးသလို၊ လိုက်သူက အမီလိုက်သည်။ မုဆိုးနဲ့ သားကောင် လွတ်အောင်ပြေးနိုင်မှ အသက်ချမ်းသာရာရပေမည်။

သို့သော် သားကောင်က သတ္တဝါ၊ လိုက်သူက မနုဿလူမုဆိုး။ ဒီတော့လည်း သားကောင်အဖို့ ကံမကောင်းလှ။လူမုဆိုးက ဉာဏ်သာ၍ မီလာလျှင် အမြီးကို ခြေထောက်နှင့် နင်းလိုက်သည်။

အပြေးတုံ့သွားသည်နှင့် တစ်ပြိုင်တည်း အမြီးကို ရုတ်ခနဲ ကောက်ကိုင်လျက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ မြေကမ္ဗလာတွင် အင်အားရှိသမျှ ရိုက်ချလိုက်တော့သည်။

“ဗုန်း”

တစ်ချက်အပြင် နှစ်ချက် မရိုက်လိုက်ရ။ ဇောတိကကြီးမှာ ခြေကားရား လက်ကားရား လျှာတစ်လစ်နှင့် ဇီဝိန်ချုပ်သွားရရှာပါတော့သည်။ ဇောတိကကြီးမှာ ခြေသလုံးခန့်တုတ်၍ တစ်လံလောက်နီးနီး ရှည်သည်။ ဖွတ်မဲညိုမျိုးဖြစ်ပြီး ချက်စားလို့ အကောင်းဆုံးဖြစ်ကြောင်းကို ကြည်သောင်းက ရှင်းပြသည်။

“ ဒါနဲ့ မရှင်းတာတစ်ခု ခင်ဗျားကို မေးရဦးမယ်။ဇောတိကကြီး သစ်ပင်ပေါ်က မမှန်ပဲ ဘာလို့ ကျလာသလဲ”

“မှန်ဖို့ မလိုဘူး ကိုမင်းရ။ ခေါင်းပေါ်က တည့်တည့်ဖြတ်သွားဖို့ပဲ လိုတာ။ မှန်ရုံနဲ့လည်း မကျဘူး။ ခြေကုပ်မြဲတယ်။ တကယ့်အချုပ်ကတော့ ပလတ်စတစ်စစိမ်းပြာကြောင့်ပဲလို့ ဆိုပါစို့”

“ဘယ်လို … ဘယ်လိုဗျ။ ပလတ်စတစ် စိမ်းပြာစ,ကြောင့် … ဟုတ်လား”

“ဟုတ်တယ် ကိုမင်းရ။ နောက် မှတ်ထား။ ဇောတိကတွေဟာ ငှက်ခါးကို သိပ်ကြောက်ကြတယ်။ ငှက်ခါးထိုးရင် ရှိတဲ့နေရာက ခုန်ချတတ်ကြတာ။ ဇောတိကတွေနဲ့ ငှက်ခါးအကြောင်းကို သိထားလို့ ကျွန်တော်က ပလတ်စတစ်,စ စိမ်းပြာကို ဝါးလှံမှာချီပြီး ငှက်ခါးအယောင်ဆောင် ဖန်ဆင်းပြီး မျက်လှည့်ပြ ပစ်လွှတ်လိုက်ရတာပဲ”

“အင်း တတ်လည်းတတ်၊ မှတ်လည်း မှတ်ထိုက်တဲ့ တောတွင်းပညာရပ်တစ်ခုပါလားဗျို့။ အေးဗျာ ကျွန်တော်ကတော့ ခင်ဗျားတို့မှာ ရပြီးသားဖြစ်တဲ့အပြေး အေးမောင်၊လှံထိုး ကြည်သောင်းဆိုတဲ့ ဘွဲ့ထူးတွေကို ဒီတစ်ခါမှ လက်တွေ့မြင်တွေ့ရတော့တာပဲ။

ကဲ ခင်ဗျားတို့ တောင့်တနေတဲ့ ဇောတိကလည်း ရပြီ။ ဒီတော့ ရှေ့က ကျုပ်တို့အဖွဲ့စခန်းကို နေမဝင်ခင်အချိန်ရောက်အောင် လှမ်းကြစို့ရဲ့”

သေနတ်ကိုယ်စီထမ်း၍ ကျစ်ချောင်းမှဆက်ပြီး ရှေ့သို့ လှမ်းခဲ့ကြသည်။ ကိုအေးမောင်တစ်ယောက်မှာသူ၏သားကောင်ဖြစ်သော ဇောတိကကြီးကို အမြီးကျောပေါ်လှန်၊ ရှေ့လက်သည်းနှင့် ချိတ်လျက်၊လွယ်အိတ်ထောင်ပမာ စလွယ်သိုင်းလွယ်ပြီး ဝင့်ဝင့်ကြွားကြွား ရှေ့က သွားနေသည်ကိုကြည့်ကာ ကျွန်တော့်စိတ်တွင် သူတို့အား လက်ရှိဘွဲ့ထူးများအပြင် နောက်ထပ်ဘွဲ့ထူးအသစ် “ဇောတိက မုဆိုးကြီးများ” ဟုသာ ထပ်ဆင့်ပေးလိုက်ချင်ပါတော့သတည်း။

အနာဂတ်တွင် ပေါ်ထွက်လာမည့် မုဆိုးငယ်များ တောတွင်းမုဆိုး ဦးဘမင်း (မန္တလာသား) ပညာတစ်ခု၊ ဗဟုသုတ ရယူနိုင်စေရန် ရည်သန်လျက်….။

– ပြီး –

စာရေးသူ – မန္တလာသား

Leave a Reply

Your email address will not be published. Required fields are marked *