• July 2, 2025
  • admin
  • 0

မောင်မြင့်မား(ဘိုကလေး)
ညပစ်ကွင်း

ကျွန်တော်သည် ဝါသနာအလျောက် တောလိုက်ခြင်း၊ အမဲပစ်ခြင်းအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့၍ သေနတ်မျိုးစုံနှင့်လည်း လက်ပွန်းတတီး ပစ်ခတ်ခဲ့ဖူးသည်။

ထိုကဲ့သို့ အမဲပစ်ရာတွင် သားကောင်ကို ချောင်း၍ ပစ်ခြင်း၊ လင့်ထိုး၍ ပစ်ခြင်း၊ ပုန်းအိမ်လုပ်၍ ပစ်ခြင်း၊ မြေကျင်းတူး၍ ပစ်ခြင်း၊ ခြောက်လှန့်၍ ပစ်ခြင်း၊ ညဘက် မီးထိုး၍ ပစ်ခြင်း၊ တောခြောက်၍ ပစ်ခြင်းဟူ၍ ပစ်နည်းအမျိုးမျိုးဖြင့် ပစ်ခဲ့ပါသည်။

ကျွန်တော်၏ ဘဝအတွေ့အကြုံအရ သားကောင်ကို ညဘက်တွင် မီးထိုး၍ ပစ်ခြင်းသည် အလွယ်ကူဆုံးဟု ကျွန်တော် ယူဆမိသည်။ သားကောင်ကို ညဘက် မီးထိုးလိုက်သောအခါ မီးရောင်ကြောင့် သားကောင်သည် မျက်စိပြာဝေကာ ကြောင်ပြီး ရပ်နေတတ်သည်။

မီးရောင်ကို ၎င်းတို့၏အသိတွင် သို့လော သို့လော ဖြစ်နေချိန်၌ ပစ်ခတ်ရခြင်း၍ ပစ်ကွင်းတည်ငြိမ်သည်။ အနီးကပ်ပစ်ရသည်။ ပစ်ကွင်းကောင်းခြင်းတို့ကြောင့် ထိုအချိန်၌ ပစ်ရခြင်းသည် အလွယ်ကူဆုံးဟု ကျွန်တော်ထင်သည်။

ထို့ကြောင့်လည်း အလွယ်ကူဆုံး သားကောင်ကို ပစ်ခတ်ရသော ညပစ်ကွင်းကြောင့် ကြောက်စရာ အန္တရာယ်နှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရခြင်းကို ကျွန်တော်၏ မုဆိုးသက်တမ်းတွင် မေ့နိုင်မည် မဟုတ်ပါ။

xxx xxx xxx

ကျွန်တော်သည် ကျွန်တော်၏ မုဆိုးဖော် စောတင်ဝင်း၏ တောင်ယာတဲတွင် အနားယူရင်း အနီးအနားရှိ ဆင်သေမြောင်၊ မရမ်းပင်၊ ဒရယ်ဘို၊ လောင်းရိပ်တောများတွင် အမဲပစ်လာခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သည်။

စောတင်ဝင်း၏ တဲပတ်ဝန်းကျင်ရှိ တဲများမှ တောင်ယာသမားများသည်လည်း ကျွန်တော်ရောက်နေသည့် ရက်ပိုင်းအတွင်း အသားဟင်းလျာများဖြင့် ဝမ်းအတော်စိုနေကြပြီ ဖြစ်သည်။

စောတင်ဝင်း၏ တောင်ယာတဲမှ လှမ်းကြည့်လိုက်လျှင် ညို့မှိုင်းနေသော တောင်တန်းကြီးကို မြူခြေဆိုင်းလျက် မြင်နေရသည်။ စိမ်းညို့သော တောတန်းမှ သမင်တောက်သံ၊ ချေဟောက်သံ၊ ဆတ်တစ်သံနှင့် ရှဉ့်တုတ်သံများကို မကြာခဏကြားနေရ၍ ဝါသနာထက်သန်လှသော ကျွန်တော့်အတွက် ထိုအသံများသည် သာယာနာပျော်ဖွယ်ကောင်းသော အသံများဟု မှတ်ယူမိသည်။

ချိုးထောင်ခြင်း၊ ယုန်လိုက်ခြင်း၊ ပွေးထိုးခြင်း၊ ကြက်ပစ်ခြင်းတို့နှင့်သာ တင်းတိမ်နေသော ကျွန်တော့်မိတ်ဆွေ စောတင်ဝင်းသည်လည်း ကျွန်တော်ရောက်လာသည်နှင့် သူ၏ တောင်ယာလုပ်ငန်းကို ပစ်ကာ ကျွန်တော်သွားလေရာသို့ တကောက်ကောက်သာ လိုက်နေတော့သည်။

“ဆရာလေး … ကျွန်တော်တို့ ပြောင်းခင်းကို တစ်ခါလောက် လာပစ်ပေးပါဦး။ ကျွန်တော့်ပြောင်းပင်တွေ အဖူးထွက်ရတယ်ကို မရှိဘူး။ မနက်ကျရင် ကတုံး ဖြစ်,ဖြစ်နေလို့”

စောတင်ဝင်း၏ မွှေးကြိုင်လှသော ပွေးသားဆီပြန်ဟင်းနှင့် ထမင်းစားပြီး ထမင်းလုံးစီနေချိန်တွင် တဲအတွင်းသို့ စောတင်ဝင်းနှင့်အတူ ဝင်လာသော အသက်ခြောက်ဆယ်ခန့် ကရင်အဘိုးကြီးက လှမ်းပြောလိုက်ခြင်းဖြစ်သည်။

ကျွန်တော်သည် ကွပ်ပျစ်ပေါ်က ထ,ကာ ရေနွေးအိုးကို ရှေ့တိုးပေးရင်း . . .

“ထိုင် . . . ဖထီး၊ အေးအေးဆေးဆေး ပြောပါဦး။ ဘယ်လိုဖြစ်လို့လဲ”

အဘိုးကြီးသည် ကွပ်ပျစ်ပေါ်တွင် တင်ပါးလွှဲထိုင်လိုက်ရင်း . . .

“ပြောချင်ပါဘူးကွာ၊ အရင်တုန်းက ပြောင်းပင်တွေ ကတုံးဖြစ်တာ နည်းနည်းပါးပါးပါ။ အပင်သုံးလေးဆယ်လောက်ပဲ၊ တော်သေးတာပေါ့။ အခုဟာက ပြောင်းခင်းတစ်ဝက်လောက်ဟာ မနက်ကျရင် ကတုံးဖြစ်သွားရော။ ငါလဲ အတော်စိတ်ပျက်နေတယ်။

ပြောင်းအနုတွေရော၊ အရင့်တွေရော အကုန်စားပစ်တယ်လေ။ အဲဒါ ဆရာလေး ညကျရင် လာပစ်ပေး ပါဦး”

“ဘာကောင်တွေ လာစားလို့လဲ ဖထီးရ”

“ဒရယ်တွေမှ ညကျရင် အုပ်လိုက်ပဲကွ။ ဆရာလေး ပစ်ပေးရင်တော့ ကျေးဇူးမမေ့ပါဘူး”

ကျွန်တော်က စောတင်ဝင်းကို ဘယ်လိုလဲဟူသော အမူအရာဖြင့် ပြုံးကြည့်လိုက်သည်။ စောတင်ဝင်းကလည်း ကျွန်တော်သာပါလျှင် နေရာမရွေးဟူသော အမူအရာဖြင့် ခေါင်းညိတ်ပြသည်။

“ကဲ. . . ဖထီး ဒီလိုဆိုရင် ကျွန်တော်တို့ ညလာခဲ့မယ်လေ။ ဖထီး ပြောင်းခင်းက ဘယ်ဘက်မှာလဲ”

“မရမ်းပင် တောစပ်မှာလေ၊ စောတင်ဝင်း သိပါတယ်”

“ကောင်းပြီ ဖထီး၊ ကျွန်တော်တို့ လာခဲ့မယ်”

ကရင်အဘိုးကြီး ပြန်သွားပြီးနောက် ကျွန်တော့် (၁၂)ဗို့ နှစ်လုံးပြုးသေနတ်အတွက် ခဲသီးလုံးရန် ကိစ္စရှိနေသေးသောကြောင့် ပွေးသားဟင်း စားပြီး ထမင်းလုံးစီရေးကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်ရပြန်သည်။

xxx xxx xxx

ကျွန်တော်တို့နှစ်ယောက် မရမ်းပင်တောစပ်ရှိ ကရင်အဘိုးကြီး ပြောင်းခင်းသို့ ရောက်ချိန်တွင် ညဉ့်အတော်နက်နေပြီဖြစ်သည်။ ကရင်အဘိုးကြီးက သူ့ရွာထဲမှ လူငယ်လေးများကို အကူအညီအဖြစ် ထည့်ပေးသော်လည်း လူများလျှင် စိတ်ကူးပျက်ကာ တောပစ်ရေးအတွက် အနှောင့်အယှက်ဖြစ်သည်ဟု ယူဆထားသော ကျွန်တော့်အတွေးကြောင့် လုံးဝ လက်မခံဘဲ ကျွန်တော်နှင့် စောတင်ဝင်း နှစ်ယောက်သာ ပြောင်းခင်းထဲသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။

xxx xxx xxx

လမိုက်ရက်ဖြစ်သောကြောင့် ပြောင်းခင်းတစ်ခုလုံး ငြိမ်သက်ကာ ပြောင်းရွက်များကို လေတိုးသံကြောင့် တရွှီးရွှီးအသံမှအပ မည်းမှောင်တိတ်ဆိတ်နေသည်။

ရွာဘက်ဆီမှ ခွေးဟောင်သံများကို တစ်ခါတစ်ခါ ကြားရသော်လည်း လူသံကတော့ လုံးဝတိတ်ဆိတ်နေပြီဖြစ်သည်။

ကျွန်တော်နှင့် စောတင်ဝင်းတို့နှစ်ယောက်သည် ပြောင်းခင်းအစပ်ရှိ သစ်တိုပင်ခြေရင်းတွင် ရပ်ကာ ပြောင်းခင်းအခြေအနေကို ကြည့်လိုက်သည်။ ပြောင်းခင်းအတွင်း တိတ်ဆိတ်နေကာ မရန်းပင်တောဘက်ဆီမှ ချေဟောက်သံသဲ့သဲ့ကို ကြားနေရသည်။

အသုံးပြုရန် အချိန်တန်ပြီဟု ယူဆသောကြောင့် ဓာတ်ခဲအသစ် လဲထည့်လာသော ကျွန်တော်၏ လက်စွဲတော် ငါးတောင့်ထိုးလက်နှိပ်မီးကို ထုတ်ကာ သစ်တိုပင်အပေါ် သစ်ရွက်များဆီသို့ မီးထိုးဖွင့်လိုက်သည်။ လိုအပ်သောမီးရောင်စုရပ်ကို ချိန်ပြီးသည်နှင့် ပြောင်းခင်းဘက်သို့ မီးရောင် လှည့်လိုက်သည်။

ပြောင်းပင်များသည် လေတိုက်နေသောကြောင့် လှုပ်ယမ်းနေသည်မှအပ သားကောင်များကို လုံးဝ မတွေ့ရသေး။ စောတင်ဝင်းကို လက်ပြကာ ပြောင်းခင်းထဲသို့ တရွေ့ရွေ့ လျှောက်လာကြသည်။

ကျွန်တော့်လက်စွဲတော် နှစ်လုံးပြူးကို မောင်းချိုးလိုက်ရင်း ဘယ်ပြောင်း, ညာပြောင်းကို ကျည်နှစ်လုံး ဖြည့်လိုက်သည်။

ကျွန်တော်သည် လက်နှိပ်မီးနှင့် နှစ်လုံးပြူးကို နှစ်ခုစလုံး ကိုင်ထား၍ ကျည်ဖြည့်နေစဉ်အတွင်း လက်နှိပ်မီးကို ချိုင်းကြားတွင်ညှပ်ထားသောကြောင့် ပြောင်းခင်းအတွင်း မြင်ကွင်းကို ခေတ္တမျက်ကွယ်ပြုလိုက်ချိန်၌ ကျွန်တော့်မျက်လုံးထဲတွင် ပြောင်းခင်းထဲမှ ရိပ်ခနဲ သဏ္ဌာန်တစ်ခုကို သတိပြုလိုက်မိသည်။

ကျွန်တော်သည် လက်နှိပ်မီးကို သေနတ်ပြောင်းနှင့် မှေး၍ ထိန်းကိုင်ရင်း ရိပ်ခနဲနေရာသို့ လက်နှိပ်မီးရော သေနတ်ပြောင်းပါ ရွှေ့လိုက်သည်။

ကျွန်တော်၏အတွေးနှင့် ယူဆချက် မှန်ကန်သည်ဟု ဆိုရမည်။ ကိုက်ငါးဆယ်ခန့်ရှိ အကွာအဝေး ပြောင်းပင်များကြားတွင် ကျွန်တော်တို့ဘက်သို့ မျက်နှာမူ၍ လက်နှိပ်မီးရောင်ကို စိုက်ကြည့်နေသော ဒရယ်သုံးကောင်အပြင် ဘေးတိုက်အနေအထားနှင့် ရပ်နေသော ဒရယ်တစ်ကောင်ဖြစ်သည်။

ကျွန်တော်သည် စုတ်သပ်၍ စောတင်ဝင်းကို နေခဲ့ရန် သတိပေးပြီး ပြောင်းပင်များကို အကာအကွယ်ယူ၍ လက်နှိပ်မီးကိုလည်း ထိုးထားရင်း တဖြည်းဖြည်း ရွေ့လျားလိုက်သည်။ စူးရှပြောင်လက်နေသော မျက်စိသုံးစုံက လက်နှိပ်မီးရောင်ကို ပေ၍ စိုက်ကြည့်နေသောကြောင့် သေနတ်မောင်းဆွဲလိုက်လေလျှင် အချိန်ကောင်းဟု တွေးမိသော်လည်း နှစ်လုံးပြူး သေနတ်၏ ကျည်ထွက်အားသည် ခဲသီးအရေအတွက်အလိုက် ဖြာ၍ ထွက်တတ်သောကြောင့် မှန်ချင်လည်း မှန်မည်။ လွဲချင်လည်း လွဲမည်။

အနည်းဆုံး တစ်ကောင်တော့ မှန်မည်ဟု ကံသေကံမ,တွက်လျှင် ရသော်လည်း ညအချိန် မီးထိုး၍ ပစ်ရခြင်းကြောင့် သားကောင်၏ ပိုင်ကွက်ကို သိနေပြီဖြစ်သော ကျွန်တော်၏ လောဘအတွေးဖြင့် ရှေ့သို့ လေးငါးဆယ်လှမ်းမျှ တက်လိုက်သည်။

ဘေးစောင်းမြင်ရသော ဒရယ်တစ်ကောင်က ဒရယ်အထီးကြီးဖြစ်ကြောင်း ဦးချိုက သက်သေခံနေသော်လည်း ကျွန်တော် လေးငါးဆယ်လှမ်းမျှ အတက်တွင် အနောက်ဘက်သို့ ဦးလည်ကာ စွင့်ကားသောတင်ကို နောက်ပစ်၍ လှည့်ထွက်သွားသည်။

သို့သော်လည်း ကိစ္စမရှိ။ ကိုက်(၃ဝ)ကျော် အကွာအဝေးလောက်တွင် လက်နှိပ်မီးရောင်ကြောင့် ငြိမ်ပြီး ဦးခေါင်းလည်ကာ ကြည့်နေသော ဒရယ်သုံးကောင်၏ မျက်စိသုံးစုံကို တလက်လက်ဖြင့် မြင်နေရသေးသောကြောင့် ပစ်ကွင်းကောင်းကို ရွေးချယ်ရန် ပြောင်းခင်းအစပ်သို့ ခြေဦးလှည့်လိုက်သည်။

ပို၍ နီးလာသည်နှင့်အမျှ ပစ်ကွင်းက ပို၍ ပီပြင်လာသည်။ ဒရယ်သုံးကောင်အနက် အလယ်မှအကောင်ကြီးသည် ဒရယ်ဖိုကြီးဖြစ်သည်။ ဘေးက အမနှစ်ကောင်ကို ခြံရံကာ ရပ်နေခြင်းဖြစ်သည်။

အဝေးမှ ခန့်မှန်းအနေအထားအရပင် ဒရယ်ဖိုကြီး ဦးချိုက တစ်ပေကျော်ကျော်ခန့် ထိုးထောင်လျက် ထွက်နေကာ တုတ်ခိုင်သော ခန္ဓာကိုယ်ကြောင့် အနည်းဆုံး အချိန်သုံးဆယ်ခန့်ရှိမည်ဟု ခန့်မှန်းမိလိုက်သည်။

ကျွန်တော်သည် သေနတ်ပြောင်းကိုချိန်၍ လက်နှိပ်မီးကိုသေနတ်ပြောင်းနှင့်မှေးကိုင်ကာ ပစ်ကွင်းကောင်းကို ရွေးလိုက်သည်။ ပြီးမှ ညာပြောင်းကို ခလုတ်ဆွဲချလိုက်သည်။

“ဒိုင်း. . .”

ကျယ်လောင်သော သေနတ်သံနှင့် တစ်ဆက်တည်းပို၍ သေချာစေရန် နေရာအနည်းငယ်ရွှေ့၍ ဘယ်ပြောင်းကို ဆက်ဆွဲချလိုက်သည်။

“ဒိုင်း. . .”

သေနတ်သံနှစ်ချက် ဆက်တိုက်ထွက်သွားပြီးနောက် ကျွန်တော့်ပခုံးကို သေနတ်တွန်းကန်အားကြောင့် နင့်ခနဲနေအောင် ခံစားမိလိုက်ကာ ခြေထောက်ဆီမှလည်း စစ်ခနဲနာသလို ခံစားမိလိုက်၍ တစ်ဆက် တည်း မျက်လုံးဝတွင် မီးဝင်းဝင်းတောက်သွားသည်ကို ကျွန်တော် သိလိုက်ရသည်။

ကျွန်တော် တစ်ခါမျှမခံစားခဲ့ရဖူးသော ဝေဒနာကို မျက်လုံးမီးဝင်းဝင်းတောက်၍ ဦးခေါင်းကြီးတစ်ခုလုံး ပွင့်ထွက်သွားမတတ် ခံစားလိုက်ရသည်။

ပြီးနောက် ဘယ်လက်နှင့်ကိုင်ထားသော လက်နှိပ်မီးသည်လည်း လက်ထဲက လွတ်ကျသွားတော့သည်။

သို့သော် ကျွန်တော့်ပစ်ကွင်းမှ ဒရယ်သုံးကောင်အနက် အလယ်မှ ဒရယ်ဖိုကြီးသည် ရှေ့လက်နှစ်ချောင်း ညွှတ်ကျသွားကာ တဖြည်းဖြည်း ရှေ့သို့ အိကျလာသည်ကို သတိထားမိလိုက်ပြီး ကျွန်တော်၏မြင်ကွင်းတွင် မှောင်အတိကျသွားတော့သည်။

ကျွန်တော် သတိကောင်းစွာ ရနေဆဲဖြစ်သည်။ ခြေထောက်ဆီမှ နာကျင်သော ဝေဒနာနှင့် မီးဝင်းဝင်းတောက်သွားသော ခံစားမှုကို သို့လော သို့လောနှင့် စဉ်းစားမိလိုက်ကာ ကျွန်တော့်တွင် တစ်စုံတစ်ခုသော အတွေးတစ်ခုက ဦးနှောက်ထဲသို့ဝင်လာပြီးနောက် စိုးရိမ်စိတ်များ အထွတ်အထိပ်သို့ရောက်သွားပြီး အမှောင်ထုအတွင်း၌ ကျွန်တော် လဲကျသွားသည်။

စောတင်ဝင်းရော ဒရယ်သုံးကောင်ရော ကျွန်တော်၏ (၁၂)ဗို့ နှစ်လုံးပြူးပါ အားလုံးကို ကျွန်တော် မေ့ပစ်လိုက်သည်။

ကျွန်တော့်မြင်ကွင်းအားလုံး အခုမှပင် တကယ့်မှောင်အတိ ကျသွားတော့သည်။

xxx xxx xxx

ကျွန်တော် သတိပြန်ရချိန်တွင် မနေ့နေ့လယ်က လာခေါ်သော ကရင်အဘိုးကြီး၏ ယာတဲပေါ်သို့ ရောက်နေပြီဖြစ်သည်။ နံနက်လင်းစ အချိန်ဖြစ်၍ ပြင်ပမှလေအေးများ တဲအတွင်းသို့ ဝင်လာသည်။

ကျွန်တော့်ခြေထောက် ခြေမျက်စိနားလောက်တွင် ပတ်တီးစည်းထားကာ တစစ်စစ်နာနေဆဲဖြစ်သည်။

“ဆရာလေး သတိရပြီလား။ ဘာမှမဖြစ်တော့ပါဘူး။ ဆရာလေးက အကြောက်လွန်သွားလို့ပါ”

စောတင်ဝင်းတစ်ယောက် မျက်တွင်းဟောက်ပက်နှင့်မို့ တစ်ညလုံး ကျွန်တော့်ကို ထိုင်စောင့်နေမှန်း သိသာသည်။

“ကျွန်တော် ညက ဘာဖြစ်သွားတာလဲ စောတင်ဝင်း”

“ဆရာလေး ပိုးထိသွားတာပေါ့။ မြွေပွေးပဲ။ ဒါပေမယ့် အခု အဆိပ်လုံးဝ မရှိတော့ပါဘူး။ ရွာထဲက ငှက်ဖျားဆရာလေးက ညကတည်းက မြွေဆိပ်ဖြေဆေးတစ်လုံးနဲ့ အခုမနက် ဆေးတစ်လုံး ထိုးပေးသွားတယ်။ သူလဲ ဒီမှာ တစ်ညလုံးပဲ။

အဆိပ်က ကျွန်တော် ညကတည်းက ဆေးလိပ်မီးနဲ့ထိုးပြီး စုပ်ထုတ်လိုက်လို့ ကုန်သလောက်ရှိသွားပါပြီ။ ငှက်ဖျားဆရာလေး လုပ်လိုက်တော့ ပိုပြီးကောင်းသွားတယ်။ အခုဆိုရင် ဆေးလိပ်မီးနဲ့ ထိုးထားတဲ့ ဒဏ်ရာကပဲ နာနေလိမ့်မယ်”

“အေးဗျာ. . . စောတင်ဝင်းကို သိပ်ကျေးဇူးတင်တယ်။ ကျွန်တော် ထိ,ထိချင်းသိတယ်။ ဘာဖြစ်မှန်း မသိဘူး။ နောက် ခေါင်းထဲမှာ ပိုးထိတာပဲလို့ စဉ်းစားမိပြီး မေ့လဲသွားတာပဲ”

“ဟုတ်တယ်၊ သေနတ်သံကြားလို့ ဆရာလေး ဘာဖြစ်လို့ လဲသွားပါလိမ့်လို့ အပြေးလာတာ။ လက်နှိပ်မီးက လင်းလျက်နဲ့ အောက်မှာကျနေတော့ ကောက်ယူပြီး မီးထိုးကြည့်တော့မှ မောင်မင်းကြီးသား သဲထဲမှာတွေ့ ရတာပဲ။ တွေ့တဲ့တုတ်နဲ့ ကောက်ရိုက်ပြီး ဆရာလေးခြေထောက်က ဒဏ်ရာကိုရှာ၊ ဆေးလိပ်မီးနဲ့ထိုး၊ ခြေသလုံးကို ကြိုးချည်ပြီး ရွာထဲကို ထမ်းလာတာ။ ဆရာလေး နေကောင်းတယ် မဟုတ်လား။ ဆရာလေးက ရှေ့မှာလောကြီးပြီး အောက်ကအန္တရာယ်ကို မမြင်လိုက်ဘူးကိုး”

မှန်သည်။ ပစ်ကွင်းကောင်း နေရာကောင်းနှင့် အလွယ်ကူဆုံးပစ်ရသော သားကောင်မို့ ပို၍သေချာပြီး စိတ်ချစေရန် ရှေ့ကိုတိုးလာရင်း အောက်က အန္တရာယ်ကောင်ကို ကျွန်တော် ရင်ဆိုင်တွေ့မိခြင်းဖြစ်သည်။

“ညက ဘယ်နှကောင်ထိသလဲ စောတင်ဝင်း”

“နှစ်ကောင်ထိတယ်၊ တစ်ကောင်ကတော့ ရှပ်မှန်သွားတယ် ထင်တယ်။ သွေးစက်လက်နဲ့ ဝင်ပြေးတာပဲ။ ထိတဲ့နှစ်ကောင်ကတော့ အချိန်သုံးဆယ်လောက် အကောင်တွေပဲ။ တစ်ကောင်က အထီး, တစ်ကောင်က အမ”

အလွယ်ကူဆုံးပစ်ရသော သားကောင်မို့ သေချာပေါက်မှန်ခြင်း ဖြစ်သည်ဟု ကျွန်တော်ယူဆသော်လည်း အသက်ဘေးနှင့် နီးခဲ့ရသော အန္တရာယ်ကိုတော့ ကျွန်တော့်တစ်သက်တွင် မမေ့နိုင်ခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် ကျွန်တော့်မုဆိုးသက်တမ်းတွင် တောလိုက်ခြင်းကြောင့် ဒဏ်ရာအနာတရ တစ်ခါဖူးမျှ မရခဲ့သော်လည်း ယခုအချိန်ထိ သေရာပါ ဆေးလိပ်မီးထိုးရာကြီးက ခြေမျက်စိနားတွင် သက်သေခံလျက် ရှိသောကြောင့် ဖြစ်ပါသည်။

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)

Leave a Reply

Your email address will not be published. Required fields are marked *