တစ္ဆေကို မီးဖုတ်စားသည့် ရာဇဝင်ထဲက တစ္ဆေနိုင် ငချမ်းကောင်း
**************************************************
ပုဂံမင်းဆက် ၂၅ဆက်မြောက် မြင်းကျွေးမင်းသည် လူမိန်းမနှင့် ဘီလူး တစ္ဆေတို့ သံဝါသဖြစ်ရာမှ မွေးဖွားကြောင်းဆိုသည်။ ပုဂံ ၄၅ဆက် အလောင်းစည်သူ၊ အင်းဝ၂၃ဆက် သာလွန်မင်း၊ အင်းဝ၂၅ဆက် ပြည်ဘုရင်၊ အင်းဝ၂၇ဆက် ဝမ်းဘဲအင်းစံမင်းတို့ လက်ထက်များတွင် နန်းတွင်းပုန်ကန်ရာမှ လက်နက်ထိ၍ သေဆုံးကြသော အစိမ်းသေ တစ္ဆေသရဲများ အလွန်အမင်း ထင်ရှား ကြီးကျယ်စွာခြောက်လှန့်ကြသည်။ပရိတ် ဂါထာ ဆေးဝါး မန္တရားအစီအရင်ဖြင့် နင်းဖြိုမှ ပျောက်ပျက်သွားကြလေသည်။
သက္ကရာဇ် ၆၇၄ခုတွင် ပင်းယသီဟသူသည် အင်းဝကိုသုံးကြိမ်တည်ရာ ၃ကြိမ်ပျက်သည်တွင် နောက်ဆုံးအကြိမ်၌ နေဝင်လျှင်ဘီလူး တစ္ဆေတို့ ပန်းနီပန်၍ အနောက်တောင်ထောင့်အရပ်မှ ဝင်ရောက်ကာ ခဲ အုတ်တို့ဖြင့် ပစ်ခတ်ကြသည်။လူအပေါင်းတို့ ကြောက်လန့်ဖျားနာ သေကြကုန်သည်။
အလောင်းဘုရားလက်ထက် ၁၁၂၀ပြည့်နှစ်တွင် တပယင်းနယ် ဥသျှစ်ကျေးရွာနေ ငချမ်းကောင်းကို တောစပ်တစ်နေရာ၌ တစ္ဆေခြောက်လေသည်။ငချမ်းကောင်းကား သတ္တိကောင်းသူ ဖြစ်သည့်အလျောက် ဓားမဆွဲ၍ “တောလုံးမွှေ” “တွေ့မရှောင်”ခေါ် သော ခွေးနှစ်ကောင်နှင့် လိုက်ရာ တစ္ဆေကပြေး၍ တဖန်မြင်းယောင်ဆောင်ကာ လာပြန်သည်။ထိုမြင်းကို ဓားဖြင့်ခုတ်မယ်လုပ် ရာ တစ္ဆေပျောက်သွားပြန်သည်။နောက်လူယောင်ဆောင်၍ ညောင်ပင်ကိုင်းမှာ တွဲလွဲဆွဲ၍ ခြောက်သည်။ငချမ်းကောင်းလည်း ဆဲဆို၍ တုတ်နှင့်ပြစ်သော် တစ္ဆေပြေးလေသည်။၎င်း၏ခွေးနှစ်ကောင်မှာလည်း ကျားသစ်များကိုပင် ခုခံ၍ သေအောင်ကိုက်နိုင်သော ခွေးကျော်များဖြစ်၍ တစ္ဆေကို အစဉ်မပြတ်ဟောင်၍ လိုက်ကြလေသော် ကျွန်းပင်တစ်ပင်သို့ တက်ပြေးကြောင်းသိရ၍ လူကတက်ပြီး ကျွန်းကိုင်းတို့ကို တုတ်နှင့်သိမ်း၍ ရိုက်သည်။ပြေးပြန်၍ ခွေးများကလည်း လိုက်လေသည်။ဤသို့ သစ်ပင်တွေ့တိုင်း တစ်ပင်တက်ဆင်း၍ပြေးရ၍ ဒဟတ်ပင်အခေါင်းထဲသို့ တစ္ဆေဝင်ပြန်သည်ကို ခွေးနှစ်ကောင်က သစ်ခေါင်းအဝကနေ၍ ဟောင်နေလေလျှင် ငချမ်းကောင်းလည်း တုတ်နှင့်ထိုးလေရာ တစ္ဆေပြေးရပြန်သည်။နောက်ဆုံး လယ်ပုစွန်လုံး တွင်းခေါင်းတစ်ခုသို့ ဝင်လေသည်။ခွေးနှစ်ကောင်လည်း ၎င်းတွင်းကို ယက်၍ဟောင်၏။ထိုအခါ ငချမ်းကောင်းသည် တွင်းကို ပိတ်၍တူးသော် ပုတ်သင်တစ်ကောင်ကိုတွေ့လေရာ “နင်ပင်ဖြစ်မည်ဟုဆို၍ ရိုက်သတ်ကာ ထန်းရည်တဲတစ်ခုဆီသို့ ယူဆောင်သွားကာ မီးဖုတ်ပြီး ထန်းရည်ခါးနှင့်မြည်းလေသည်။
တစ္ဆေကားမိမိရုပ်ကိုတပ်မက်၍ ထန်းရေတဲသို့လိုက်ကာ ထန်းသမားငပိုက်၏မယား မိလွှမ်းမွှေး၏ ဝမ်းတွင် သဒ္ဓေယူ လစေ့၍ ယေက်ျားလေးတစ်ယောက်ဖွားမြင်သည်။ထိုကလေးသည် အရွယ်ရောက်၍ စကားပြောတတ်သောအခါ ငချမ်းကောင်းထန်းရည်သောက်လာသည်ကိုမြင်လျှင် ကိုးကွယ်ရာမရှိ အလွန်ကြောက်ရွံ့သည်းထန်စွာ ငိုလေသည်။အမိကမေးသော် ငါ့ကိုထန်းရည်နှင့်မြည်းဖူးသူဖြစ်၍ ကြောက်လန့်သောကြောင့်ငိုပါသည်ဟု ကလေးကပြန်ပြောသည်ဟူ၏။
ထိုတစ္ဆေအခြောက်ကြမ်းရာတော၌လည်း ငချမ်းကောင်းနှင့်တွေ့ပြီးမှ တစ္ဆေခြောက်ခြင်း မရှိတော့ပြီဟုဆိုသည်။ တစ္ဆေနိုင် ငချမ်းကောင်းကား ၁၁၅၈ခု အသက်(၈၀)ခန့်တွင် ကွယ်လွန်အနိစ္စရောက်သည်။၎င်း၏ မယားကား မမိအေးညိုဖြစ်သည်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ သရဲကြောက်တတ်သူ အာဂသတ္တိခဲများအတွက် Moti ပေး၍ ဖော်ပြပေးလိုက်ရပါသည်။ဦးဖိုးကျားရဲ့ ၃၇မင်းစာအုပ်ထဲကပါခင်ဗျ
crd..ဖြိုးမြတ်ဟန်(Mythologist)