မောင်မြင့်မား(ဗိုလ်ကလေး)
တစ်ကောင်နှင့် တစ်ဟင်းစား
တဟုန်းဟုန်းတောက်လောင်လျက်ရှိသော မီးပုံကြီးအနားတွင် ထိုင်နေကြသော်လည်း တစ်ချက်တစ်ချက်တွင် ကျောဘက်မှ စိမ့်ခနဲ ဖြစ်လိုက်သေးသည်။
တင်ဝင်းက ထန်းမြစ် လေးငါးချောင်းကို မီးပုံအစပ်မှ မီးကျီးခဲ ခပ်ရဲရဲပေါ်သို့ တင်လိုက်သည်။
ကျော်မိုးက တစ်စုံတစ်ခုကို စဉ်းစားရင်း မီးလှုံနေ သည်။
မီးပုံအနားတစ်ဝိုက်လောက်သာ မီးရောင်ကြောင့် လင်းလျက်ရှိသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးသည် ပိန်းပိန်းမှောင်လျက် ရှိသည်။ ရောင်နီပင် မပျိုးသေး။
တဲပေါ်တွင် အိပ်လျက်ရှိသော စောဂျိမ်းက မီးပုံရှိရာသို့ မျက်လုံး တစ်ချက် ဝင့်ကြည့်လိုက်ကာ အကွက်မပေါ်သော အညာစောင်ကို ခပ်တင်းတင်း ဆွဲခြုံလိုက်သည်။
ခပ်ဝေးဝေးဆီမှ တွန်လိုက်သော တောကြက်တစ်ကောင်၏ အသံက စောဂျိမ်းတို့ တဲဆီသို့ လွင့်လာသည်။
စောဂျိမ်းက ချမ်းချမ်းနှင့် ကွေးနေရာမှ ခေါင်းကို မတ်ခနဲ ထောင်လိုက် သည်။
“ဟေ့ … တင်ဝင်း – အဲဒါ ကြက်ဝါဖရဲ့အသံပေါ့ကွ”
တင်ဝင်းက မီးလောင်ကျွမ်းလျက်ရှိသော ထန်းမြစ်အဖတ်များကို ခွာနေရာမှ စောဂျိမ်းကို လှည့်ကြည့်လိုက်သည်။
“စောဂျိမ်း … ဘာပြောတာလဲ”
“ဝေ့ … နင် မကြားဘူးလား။ စောစောက ကြက်တွန်လိုက်တဲ့ အသံလေ”
မည်းမှောင်လျက်ရှိသော အမှောင်ထုကို ထိုးဖောက်ကာ တောကြက်အသံက ဆွဲဆွဲငင်ငင်နှင့် ထွက်ပေါ်လာပြန်သည်။
“အေး … အဲဒီအသံပေါ့ကွ။ နင် မှတ်ထား။ အဲဒီလို အသံတိမ်တိမ်နဲ့ အပြီးသတ်ခါနီး ခပ်ဆွဲဆွဲ တွန်သွားရင် ကြက်ဝါပေါ့ကွာ။ အသံခပ်စူးစူးနဲ့ အပြီးသတ်ခါနီး အသံကို ခပ်ပြတ်ပြတ်တွန်ရင် ကြက်နီပဲ”
“စောဂျိမ်း … ထပါတော့ဟ၊ အိပ်မနေပါနဲ့တော့။ တို့နဲ့လာပြီး ထန်းမြစ်ဖုတ် စားပါလား။ နောက်ပြီး နင့်ကြက်မအကြောင်းလေး တို့ကို ရှင်းပြစမ်းပါဦး”
စောဂျိမ်းတစ်ယောက် မထချင် ထချင်နှင့် အညာစောင်ကြီးကိုပတ်ကာ တင်ဝင်းနှင့် ကျော်စိုးရှိရာ မီးပုံဆီသို့ ထလာသည်။
ကျော်စိုးက ထန်းမြစ်ဖုတ်ကို ပလုတ်ပလောင်း စားရင်း –
“လုပ်စမ်းပါဦးဗျ။ ခင်ဗျား ကြက်ဋီကာလေး။ တင်ဝင်း … ရေနွေးအိုး ဆူပြီမဟုတ်လား၊ ချလိုက်တော့လေ။ အတော်ပဲ … ထန်းမြစ်ဖုတ်နဲ့ ရေနွေးကြမ်းနဲ့”
“မင်းတို့က ခဏလာတာကိုးကွ။ ကြာကြာနေရင် ကောင်သား။ ကြက်နီဖ ဖမ်းပုံဖမ်းနည်းလည်း မင်းတို့ တွေ့ရတာပေါ့။ အခုတော့ ကြက်ဝါဖပဲ မင်းတို့မြင်ရမှာပေါ့။ သူကတော့ ရာသီမရွေး ဖမ်းလို့ရတာကိုး”
တင်ဝင်းက နားမရှင်း –
“ဘယ်လို ကြက်နီ၊ ကြက်ဝါခွဲတာလဲ ပြောပါဦး”
“အေးပါဟ … ပြောပါ့မယ်။ ပေးစမ်းပါဦး .. မင်း ထန်းမြစ်ဖုတ်”
“ဟာ … စောဂျိမ်း မျက်နှာမသစ်တော့ဘူးလား”
“ဟ … လုပ်မနေပါနဲ့။ ဒီလောက် အေးရတဲ့အထဲ တို့လို မုဆိုးက ကြုံသလို မျက်နှာသစ်နေတာပါကွာ။ ဟားဟားဟား”
စောဂျိမ်းက ထန်းမြစ်ဖုတ်ကို ကိုက်ကာ ရေနွေးကြမ်းကို ငှဲ့သောက်ရင်း သူ့စကားကိုသူ သဘောကျ၍ ရယ်လိုက်သည်။
စောဂျိမ်းသည် တင်ဝင်း၊ ကျော်စိုးတို့နှင့် အသက်ချင်း ကွာလှသော်လည်း သူငယ်ချင်းပေါင်း ပေါင်းနေ ကြသူများ ဖြစ်သည်။
စောဂျိမ်းက သူတို့ကို အင်မတန် ခင်သည်။ တင်ဝင်းတို့အဖွဲ့ တောဆင်းလာတိုင်း စောဂျိမ်း၏တဲတွင် အိပ်၊ စား လုပ်ကာ မုဆိုးအတွေ့အကြုံများကို ရှာ နေကြသူများဖြစ်သည်။
စောဂျိမ်းက သေနတ်အတော်များများကို ကိုင်တွယ်ပစ်ခတ်တတ်သော်လည်း သေနတ်အပိုင်မရှိ။ စောဂျိမ်းက ဒူးလေး၊ သားရေခွ၊ ဓား၊ လှံ၊ ဒိန်းများ
ဖြင့်သာ ကြုံသလို အမဲလိုက်၍ အိုမင်းလှပြီဖြစ်သော မိဘများကို လုပ်ကျွေးနေသူဖြစ်သည်။
“ဒီလိုကွ … မင်းတို့လိုချင်တဲ့ တောကြက်မှာ ကြက်ဝါ၊ ကြက်နီနဲ့ ကြက်ကတ် သုံးမျိုးရှိတယ်။ ကြက်ဝါထဲမှာလည်း ကြက်ကတ်ရှိတယ်။ ကြက်နီထဲမှလည်း ကြက်ကတ်ရှိတယ်။ ဒါပေမဲ့ ကြက်ကတ်ဆိုတာက တို့လည်း ဖမ်းခဲပါတယ်။ ကြက်ဝါနဲ့ ကြက်နီရိုးရိုးပဲ ရတတ်ပါတယ်”
“စောစောက တွန်လိုက်တဲ့ ကြက်ဝါမျိုးကို တည်ဖို့က တည်တိန်ညင်မကို သုံးရတယ်။ ကြက်နီကိုတည်ရင် သောင်ဦးမှာလည်း တိန်ညင်အဖနဲ့ တည်ရတယ်။ သောင်ဦးဆိုတာက နတ်တော်,ပြာသို၊ သောင်လယ်ဆိုတာက တပို့တွဲ၊ တပေါင်းနဲ့ ခေတ်နှောင်းဆိုတာက တန်ခူး၊ ကဆုန်လလောက်ပေါ့။ အခုလို အချိန်က သောင်လယ်ဆိုတော့ တည်တိမ်ညင်အမနဲ့ တည်ရတယ်”
တင်ဝင်းနှင့် ကျော်စိုးက စောဂျိမ်း ထန်းမြစ်ဖုတ်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်နှင့် ပြောနေသော ကြက်ဋီကာအကြောင်းကို စိတ်ဝင်တစား နားထောင်နေကြသည်။
ကြက်ဝါသနာအိုး တင်ဝင်းက စောဂျိမ်း၏တဲသို့ ရောက်ရောက်ချင်း တောကြက်ဖတစ်ကောင် လိုချင်ကြောင်း အပူကပ်သည်။ အဆင်သင့်ချင်တော့ စောဂျိမ်းကလည်း ယခုလို ရာသီမျိုးတွင် ကြက်တည်ဖို့ ကြံစည်နေရင်း အဆင်သင့်သွားသည်။
စောဂျိမ်းအဖို့ တဲတွင် မွေးထားသော တိန်ညင်များအနက် အသံ၊ အမွေး၊ ခြေထောက် စသည်တို့ကိုကြည့်ကာ စိတ်ကြိုက်ရွေးထားသော လည်ရစ်အဖြူ နှင့် တည်တိန်ညင်မ တစ်ကောင်ကို ကျင့်ထားသည်။
တည်တိန်ညင်များကို ကျင့်ရာတွင် ကြိုးဖြင့် ခြေထောက်ကို ရက်ပေါင်း ၂ဝ မှ ၂၅ ရက်အထိ ချည်ထားရသည်။ သို့မှသာ ကျင့်သားရ၍ ခြေထောက် မလှုပ် မခါသောအခါ စိတ်ချရပြီ၊ ခြေသေသည်ဟု ယူဆသည်။
ဒါတင်မဟုတ်သေး။တင်ဝင်းနှင့် ကျော်စိုးတို့ မလာမီရက်ပိုင်းလောက်ကပင် ရွာအနောက်ဘက် ကင်ပွန်းချုံတောထဲ၌ ၄,၅ ရက်ခန့် တစ်ကောင်တည်း နေ့လယ်ဘက်တွင် ကျေးငှက်မြည်သံ၊ တောကောင်တို့၏ ပြေးလွှားလှုပ်ရှားသံများကို မကြောက်မလန့်မည် ဖြစ်သည်။
အထူးသဖြင့် တည်တိန်ညင်မသည် ဥတော့မည့်ဆဲဆဲ မတမ်းမ ဖြစ်စေရမည်။
စောဂျိမ်းတို့အဖို့ တောထဲတွင် အနေကြာလာ၍ နှစ်နှစ်တစ်ခါလောက် ကြက်တည်ခြင်း (ဝါ) တောကြက်ဖမ်းခြင်းကို လုပ်လေ့လုပ်ထရှိသောကြောင့် ကြက်တို့၏အသံ ကြားရုံနှင့် ကြက်ဝါလား၊ ကြက်နီလား ခွဲခြားနိုင်ခြင်း ဖြစ်သည်။
အတွေ့အကြုံက လူကို သင်ထားခြင်းပေတကား။
ကျော်စိုးထံတွင် ပွိုင့်တူးတူးတစ်လက်၊ တင်ဝင်းနှင့် စောဂျိမ်းထံတွင် သားရေခွတစ်ချောင်းစီ ညွှတ်ကွင်းများ၊ ကြိုးများ၊ လက်နှိပ်မီး စသည့် လိုအပ်သော ကိရိယာ တန်ဆာပလားများ စုံသည်နှင့် စောဂျိမ်းက တိန်ညင်မကို အဝတ်နှင့်ပတ်ကာ ထွက်လာကြသည်။
ရွာဖျားသို့ ရောက်သည်နှင့် တောတွင်းမှ တစ်ချက်တစ်ချက် တွန်လိုက်သော တောကြက်များ၏ အသံကို ဆောင်းလေနှင့်အတူ ကြားနေရသည်။
စောဂျိမ်း၏ အနောက်မှ ကျော်စိုး ကိုင်လာသော လက်နှိပ်ဓာတ်မီးအရောင်ဖြင့် တောတွင်းမြေလမ်းကလေးသည် သစ်ပင်ဝါးပင်များမှတစ်ဆင့် တဖွဲဖွဲကျနေသော နှင်းစက်တို့ကြောင့် ဖုန်သိပ်ကာ အနည်းငယ် စိုနေသည်။
တစ်ချက်တစ်ချက်တွင် တောတွင်းမှ သမင်တောက်သံ၊ ချေဟောက်သံ နှင့် ရှဉ့်တုတ်သံများကို ကြားနေရသည်။
“တောထဲရောက်ပြီဟေ့၊ စကား သိပ်မပြောကြနဲ့နော်”
နှင်းမှုန်များ တဖွဲဖွဲကျနေသော ရာသီကြောင့် ပင်ခြေတွင် ကျရောက်နေသော သစ်ရွက်ဟောင်းများ၊ သစ်ရွက်ခြောက်များ နင်းရာတွင် အသံမြည်မှာ မပူရသော်လည်း ကျွဲချိုများအေးအောင် ချမ်းလှသော ဤရာသီတွင် တောကြက်ဖကို ရလိုသောဇွဲနှင့်သာ လိုက်ခဲ့ကြသော တင်ဝင်းနှင့် ကျော်စိုးတို့ နှစ်ယောက် စောဂျိမ်းနောက်မှ စကားမပြောဘဲ ကုပ်ကုပ်ကလေး ကပ်ပါလာလေသည်။
ခပ်လှမ်းလှမ်းဆီမှ ပျံ့နှံလာသော တောကြက်သံများ နားထောင်၍ စောဂျိမ်းတစ်ယောက် အတွေးနယ်ချဲ့လာသည်လား မသိ။ တိတ်ဆိတ်လှသည်။
“ကဲ … ကျော်မိုးက ဒီနားမှာ ခဏထိုင်စောင့်၊ တင်ဝင်းနဲ့ ငါက ညွတ်ကွင်းတွေ သွားပြီးစိုက်မယ်။ လက်နှိပ်မီးတော့ ယူခဲ့”
စောဂျိမ်းနှင့် တင်ဝင်းတို့နှစ်ယောက် အမှောင်ထုအတွင်းသို့ တိုးဝင်သွားပြီးနောက် တစ်နေရာအရောက်တွင် စောဂျိမ်းက ခဏရပ်လိုက်သည်။
ပြီး လေသံတိုးတိုးဖြင့် –
“ကဲ … ဒီနားမှာ စိုက်မယ်။ မင်း ကြက်ကိုပိုက်ပြီး ဓာတ်မီးကို ခပ်အုပ်အုပ်ထိုးပြ”
နှစ်ဆယ်ကျော် အစိတ်လောက်ရှိသော ညွတ်ကွင်းများကို တစ်ခုနှင့် တစ်ခု ခပ်ခွာခွာထား၍ မြေကြီးထဲတွင် စိုက်ပြီး ခြေရာလက်ရာများကို ဖျက်ထားလိုက်သည်။ ထို့နောက် ယင်းညွှတ်များနှင့် မနီးမဝေး တစ်နေရာတွင် ညွတ်ခြောက်ခုကို ဝိုင်း၍ ထပ်စိုက်လိုက်ပြန်သည်။
ပြီးမှ ညွတ်ဝိုင်းအလယ်တွင် ငုတ်တစ်ခုစိုက်ကာ တင်ဝင်းထံမှ တိန်ညင်မကို ယူ၍ တိုင်တွင် ကြိုးဖြင့် ချည်လိုက်သည်။
စောဂျိမ်းက တင်ဝင်းထံမှ လက်နှိပ်မီးကို ခပ်အုပ်အုပ် ထိုးပြရင်း –
“ဒီ တည်ကြက်မရဲ့ဘေးက ညွှတ်ကွင်းတွေကို ကိုယ်ရံညွတ်တွေလို့ ခေါ် တယ်။ ဒါပေမဲ့ သတိထားရမှာက တည်ကြက်မရဲ့ကိုယ်ရံညွတ်တွေနဲ့ ခွာထား ရမယ်။ တော်ကြာ ကိုယ့်ကြက်ကိုယ် ပြန်မိတတ်တယ်”
“စောစောက ငါစိုက်ထားတဲ့ ဟိုညွတ်ကွင်းတွေက ကြက်ဖ လာမယ့်လမ်းက ကြိုစိုက်ထားတာပဲ။ အင်မတန်ထူတဲ့၊ အ,တဲ့ ကြက်တွေဆိုရင် လမ်းမှာတင် ညွတ်တစ်ခုခုက မိမှာပဲ။ ဒါပေမဲ့ မိခဲပါတယ်။ လိုရမည်ရပေါ့။
ဒါပေမဲ့ ဒီကောင်တွေ ကိုယ်ရံညွတ်က လည်လာရင်တော့ မိတာပဲ။
မင်းတို့ မှတ်ထားရမှာက ဒီကောင်တွေက သိပ်ပါးတယ်။ ညွတ်တွေစိုက်ရင် ခြေရာလက်ရာမပျက် အောင် သတိထားရမယ်။ မြေကြီးတွေ ပွမနေစေရဘူး”
စောဂျိမ်းက အရှေ့ဆီသို့ မော်ကြည့်လိုက်ကာ
“လာ … သွားကြမယ်။ တော်ကြာ ရောင်နီလာတော့မယ်”
စောဂျိမ်းတို့ အဖွဲ့သည် သဲချောင်းလေးနံဘေးရှိ ကုန်းစောင်းတွင် ထိုင်လိုက်ကြကာ ဆေးလိပ် တစ်ယောက်တစ်တိုနှင့် အချမ်းဒဏ်ကို ကာကွယ်နေကြသည်။
ရောင်နီက တစ်စတစ်စ တက်လာသည်နှင့်အမျှ ပတ်ဝန်းကျင် တောတစ်ခုလုံးသည် တဖြည်းဖြည်းနှင့် နှင်းမှုန်အောက်တွင် ပီပြင်လာတော့သည်။
တောကြက်တွန်သံများကလည်း ဟိုမှ သည်မှ လွင့်ပျံလာလျက် ရှိသည်။ သို့သော် ခပ်လှမ်းလှမ်းမှ နီးနီးကပ်ကပ်တွင် တွန်လိုက်သော ဆွဲဆွဲငင်ငင်အသံက စောဂျိမ်းရင်ကို တုန်လှုပ်သွားစေသည်။
“တို့ တည်ထားတာ အဲဒီအကောင်ပေါ့ကွ။ ငါ လေးငါးရက်လောက် လာချောင်းတာ ဒီကောင် ဒီသစ်တိုပင်ပေါ်မှာ အိပ်တယ်”
တဖြည်းဖြည်းနှင့် အလင်းရောင်များ တိုးဝင်လာသည်နှင့်အမျှ စောစောက စောဂျိမ်းနှင့် တင်ဝင်းတို့ ညွှတ်ကွင်းများချထားသော နေရာကို ကုန်းစောင်း မြရာပင် အကိုင်းအခက်များကြားမှ လှမ်းမြင်ကြရသည်။ သစ်ရွက်သစ်ခက်တို့နှင့် စည်ကားကာ အတော် မြင့်မားလှသော သစ်တိုပင်ကြီးအောက်တွင် ဖြစ်သည်။
ဆန်ကောနှစ်ချပ်ကို တဖျပ်ဖျပ်ရိုက်လိုက်သကဲ့သို့ အတောင်နှစ်ဖက်ကို ရိုက်လိုက်ကာ တွန်သံပေးလိုက်သော တောကြက်အသံသည် စောဂျိမ်း၊ ကျော်စိုးနှင့် တင်ဝင်းတို့၏ အတွေးများကို ဖျောက်ဖျက်ပစ်လိုက်သည်။
သဲကွဲပီပြင်လာသော အလင်းရောင်အောက်တွင် စောဂျိမ်းတို့ ချထားခဲ့သော တည်ကြက်မကလေးသည် ခေါင်းကို ဟိုသည်လှည့်ကာ ကြည့်နေသည်။
တကယ်တော့ တောတောင်၏ ကျေးငှက်သာရကာ တိရစ္ဆာန်များ၏ အော်မြည်သံ၊ ပြေးလွှားသံ၊ လှုပ်ရှားသံများသည် သူ့အတွက် မဆန်းတော့ပေ။
သို့သော် တောထဲတွင် တစ်ကိုယ်တည်း လာထားသော တည်ကြက်မလေးအဖို့ အဖော်တောင့်တသည်လား၊ စောဂျိမ်းက တည်ကြက်မလေးကို ကျင့်ထားခြင်းကြောင့်လေလား၊ တည်ကြက်မကလေးသည် ကြောက်လန့်မှုမရှိဘဲ “ကတော် … ကတော်” ဟု မြည်သံပေးလိုက်သည်။
သိပ်မကြာလိုက် “ကတော် … ကတော်” သံအတွင်း သစ်တိုပင်ဆီမှ ပြေးထွက်လာသော တောကြက်ဖတစ်ကောင်သည် သစ်ရွက်သစ်ခြောက်များကို ကျော်နင်း၍ တည်ကြက်မထံ ပြေးဝင်လာသည်။
စောဂျိမ်းရင်မှာ တထိတ်ထိတ် ခုန်နေသည်။ ကျော်စိုးနှင့် တင်ဝင်းမှာ မျက်တောင်ပင် မခတ်အား။
ကြက်ဝါဖသည် ညွတ်ကွင်းများကို ဟိုးတိုး သည်တိုးနှင့် တုံးလုံးလဲစေသောကြောင့် ဖြစ်သည်။
တည်ကြက်မသည် “ကတော်” သံပေး၍ ချည်တိုင်ကိုပတ်ကာ တောကြက်ဖကို ကြည့်လိုက်၊ မြေကြီးကိုယက်လိုက်နှင့် အလုပ်ရှုပ်နေပြန်သည်။
ကြည့်စမ်း။ မူရာမာယာများလှသော တည်ကြက်မ၏ လှည့်ကွက်ကို ကြက်ဝါဖ ခံလိုက်ရပြီ။
ညွတ်ကွင်းများမှ လွတ်လာပြီး တည်ကြက်မထံ အဝင်တွင် ကိုယ်ရံညွတ်တစ်ခု၌ ကြက်ဝါဖကို စင်းစင်း မိလိုက်သည်။
စောဂျိမ်း အခုမှ သက်ပြင်းချသည်။
ကျော်စိုးနှင့် တင်ဝင်းက ပြုံးနိုင်သွားပြီ။
သို့သော် တစ်ခဏအတွင်း စောဂျိမ်း မျက်လုံးပြူးသွားသည်။
ကြည့်စမ်း … ကြက်ဝါဖက ကိုယ်ရံညွှတ်အတွင်း မိနေချိန်အတွင်း တောကြက်မတစ်ကောင်သည် ကြက်ဝါဖတိုး၍ လဲပြိုလျက်ရှိသော ညွတ်ကွင်းများ အလယ်မှ ဖြတ်ပြေးလာကာ တဝုန်းဝုန်းနှင့် ရုန်းလျက်ရှိသော ကြက်ဝါဖအနားတွင် လျှောက်ပြေးနေတော့သည်။
စောဂျိမ်းက မြင်ကွင်းကိုကြည့်၍ ကြက်သေ သေနေရာမှာမှ နားထဲတွင် “ဖတ်” ခနဲ အသံကြားလိုက်ရပြီး လျှောက်ပြေးနေသော တောကြက်မသည် “ဖုတ်” ခနဲ ခွေလဲကျသွားကာ ဆန့်ငင်ဆန့်ငင် ဖြစ်နေလေတော့သည်။
“ဝေ့ – နင့်မေကလွှား မြန်မြန်လုပ်ဟ”
စောဂျိမ်း ထပြေးသည်နှင့် နောက်မှ တင်ဝင်းရော ကျော်စိုးပါ ပြေးထွက်လာကြသည်။ တဝုန်းဝုန်းနှင့် ရုန်းထွက်နေသော တောကြက်ဖကို စောဂျိမ်းက ညွတ်မှ ဖြုတ်လိုက်သည်။
ကျော်စိုးက ငြိမ်သက်သွားသော တောကြက်မကို ကောက်ယူလိုက်ကာ …
“တော်ပါသေးရဲ့။ လောက်စာလုံးက ခေါင်းကို တည့်တည့်မှန်လို့။ နင့်မို့ရင် ဒီ ကြက်မကို ရမှာမဟုတ်ဘူး”
တင်ဝင်းက စောဂျိမ်း လက်ထဲမှ အမွေးအတောင် တောက်တောက်ပြောင်ပြောင်နှင့် ရုန်းကန်လှုပ်ရှားနေသော ကြက်ဝါဖကို ကြည့်လိုက်ကာ –
“ဒီ ကြက်ဝါဖက တည်ကြက်မကြောင့် ညွတ်တွေထဲကို ဝင်လာတာ ထားပါတော့။ ဟိုကြက်မက ဘယ်လိုဖြစ်ရတာလဲ”
“အေး … ငါလည်း အဲဒါ စဉ်းစားနေတာ။ ကြက်တည်လာတာ နှစ်ပေါင်း မနည်းတော့ဘူး။ ဒါမျိုး တစ်ခါမျှ မကြုံဖူးသေးဘူး။
ကြက်ဖက သူ့အုပ်ထဲက ခွဲထွက်လာပြီး တည်ကြက်မဆီလာရင် ကျန်တဲ့ကြက်တွေက သူတို့ဟာသူတို့ တောထဲသွားတာပဲ။ အခုမှ ဘယ့်နှယ် ဒီကြက်မက ပြေးထွက်လာရသလဲဆိုတာ ငါတော့ နားမလည်ဘူး”
“ကြက်ဖကို မိသွားလို့မွှန်ပြီး လိုက်လာတာရော မဖြစ်နိုင်ဘူးလား။ တော်ပါသေးရဲ့ … ကျော်စိုးကလည်း ဒါမျိုးဆို လက်မြန်လို့။ တောကြက်မက ပြေးတော့ မှာ”
“မြန်မှ ဖြစ်မှာပေါ့ကွ။ မုဆိုးကြီးစောဂျိမ်းရဲ့တပည့်တွေ လုပ်နေမှတော့ လက်ရောခြေရော မြန်ရမှာပေါ်”
“ဝေ့ – နင်တို့ စကားများမနေနဲ့တော့။ နင်တို့ လိုချင်တာအပြင် ဟော အခု တစ်ဟင်းစားတောင် ရလာပြီ မဟုတ်လား။ အဲဒီတော့ တစ်ကောင်နဲ့တစ် ဟင်စားပေါ့။ ဟားဟားဟား”
မည်သို့ဆိုစေ၊ စောဂျိမ်းတို့အဖို့ သောင်လယ်ခေါ် အခုလိုရာသီ၌ တင်ဝင်း လိုချင်သော တောကြက်ဖတစ်ကောင်အပြင် တစ်ဟင်းစားပင် ရလိုက်ချေပြီ တကား။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဗိုလ်ကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ