ဝင်းရွှေနောင်
တစ်ချက်ခုတ် သုံးချက်ပြတ်
“အောက် … အီးအီး … အွတ်”
လင်းကြက်တွန်ပြီ…
အဖိုးမာဒင် ပြုံးမိလိုက်သည်။ ကြက်က သူ့ထက် နောက်ကျပြီးမှ နိုးသည်။ မိမိက အမြဲပဲ ဝီရိယသာနေသည်။ မည်သည့်အမှုကိစ္စကိုမဆို သူကပဲ ဦးဆောင်သည်။ ထို့ကြောင့် ဝီရိယအကျိုး ခံစားနိုင်စေရန် စောစောနိုးရပေမည်။
မိမိကိုယ်တိုင် ရေနွေးတည်သည်။ ထမင်းကြော် သည်။ ထမင်းကြော်ကို ရေနွေး ပူပူနှင့်မျှောချနေဆဲမှာပင် ဇနီး မြရွှေက နိုးလာခဲ့သည်။
“ဪ . . . ကဖိုးဒင်ရယ် ကျုပ်ကို နှိုးပါတော့လား”
အိပ်ယာမှ အလျင်စလိုထ,ပြီး ကရုဏာဒေါသောဖြင့် ပြောလိုက်သည်။
အမှန်မှာ ကိုဖိုးဒင်ဟု ခေါ်လိုက်ပေမယ့် နှုတ်ကကျိုးလာတော့ ကဖိုးဒင်ဖြစ် သွားခဲ့ခြင်းပင်…။
“မင်း အိပ်ပျက်မှာစိုးလို့ပါကွာ။ နိုးနိုးချင်း ငါ ထမင်း အိုးလည်း တည်ပြီးပါပြီ။ မင်းက တစ်နေ့လုံး မြေးတွေနဲ့ ဗာဟီရများနေတာ။ နေ့ခင်းတောင် တစ်ရေး တစ်မော အိပ်ရတာ မဟုတ်ဘူး။
မင်းသမီးကလည်း မအေကို ညှာရကောင်းမှန်း မသိဘူး။ ကုလားသေကုလားမော အိပ်ဖို့ပဲ သိတယ်”
“ဪ. . . ကဖိုးဒင်ရယ် ဒါတွေ ပြောမနေပါနဲ့တော့။ အပ်ကြောင်းထပ်ပါတယ်။ သားသမီးတွေအတွက် မိဘဝတ္တရားဆိုတာ သေမှ ငြိမ်းတာတော့။ ကဲ… တော်ယူသွားဖို့ ထမင်းထုပ်၊ ရေနွေးပုလင်း စီစဉ်ပေးမယ်”
“ငါ အားလုံး စီစဉ်ပြီးပြီ။ ခုပဲ သွားတော့မှာ။ ငရစ်ကိုသာ ငါပြောတဲ့အချိန် လိုက်လာခဲ့လို့ ပြောလိုက်”
“ငရစ်ကို အခုခေါ်သွားလည်း ရတာပဲ”
“မခေါ်ဘူး။ ဒီကောင် မနေ့က လှည်းတိုက်လိုက်သွားတာ ပင်ပန်းနေတယ်။ သန်းခေါင်ကျော်မှ ပြန်ရောက်လာတာ။ အိပ်ပါစေ”
ဒေါ်မြရွှေက တဘက်၊ ပုဆိုးဟောင်းနှင့် အဝတ်ပတ်ထားသော ထင်းခုတ်ဓါးမကြီးကို ထုတ်ပေးသည်။
အဖိုးမာဒင်က တဘက်ကို ခေါင်းမှာပေါင်းလိုက်သည်။ ပုဆိုးဟောင်းကို သုံးထောင့်စွန်းခေါက်ပြီး ပုခုံးမှာ စလွယ်သိုင်းချီသည်။
ထမင်းထုပ်ကို လွယ်အိတ်ထဲမှာ ထည့်ကာ လွယ်သည်။ ဓါးကို လက်မှကိုင်ပြီး ထွက်လာခဲ့လေ၏။
ဒေါ်မြရွှေက မီးခွက်ကိုင်ကာ အိမ်အောက်ကို လျင်စွာဆင်းသည်။ ခြံတံခါးကို ဖွင့်ပေးလိုက်သည်။
ရွာပြင်သို့ရောက်လာသည့်တိုင် မိုးက ကောင်းစွာ မလင်းသေး။ အဖိုးမာဒင်၏ခြေလှမ်းများသည် အမှောင်ထဲမှာ ကျင့်သားရနေသည်။
မိုးသောက်ကြယ် ကြယ်နီကြီးကတော့ ကောင်းကင်ထက်မှာ ထွန်းလင်းတောက်ပနေဆဲ …။
တောစပ်ကိုရောက်သည်နှင့်ပင် အရုဏ်ဦး အလင်းရောင်က တဖြည်းဖြည်းနှင့် တက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို မြင်သာထင်သာစေခဲ့သည်။ ဤနေရာကို ရွာမှ ကွမ်းတစ်ယာညက်ခန့် လျှောက်ရသည်။
အဖိုးမာဒင်သည် သက်လုံကောင်းသည်။ မောပန်း နွမ်းနယ်ခြင်းမရှိ။ လယ်ယာလုပ်ငန်းများ၊ ထင်းခုတ် တောလိုက် အလုပ်များကို ကာလသားများနှင့် အပြိုင် လုပ်နိုင်သေးသည်။
သားမရှိ၊ သမီးတစ်ယောက်ရှိသည်။ သမီးက အိမ်ထောင်သည်။ သားမက်ဖြစ်သူက ရပ်ဝေးမှာသွားပြီး အလုပ်လုပ်နေသည်။
အိမ်မှာ မြေးနှစ်ယောက်နှင့်အတူ နေသည်။ မြေးအကြီးကောင်က ငရစ်။ အသက် ဆယ့်ငါးနှစ်ပဲ ရှိသေးသည်။ အဖိုးမာဒင် အားကိုးအားထားပြုနေရလေပြီ။
တောထဲကို ဝင်စပြုသည်နှင့်ပင် အေးစိမ့်သော အတွေ့အထိကို ခံစားလိုက်ရသည်။ အမောပြေသွားခဲ့ရသည်။ တောလမ်းအတိုင်း ဝင်လာခဲ့သည်။
တစ်ပင်တိုင်ဝါးတောကြီးက ညာဘက်ခြမ်းမှာ ပြွတ်သိပ်နေအောင် ပေါက်နေသည်။
အဖိုးမာဒင် လိုချင်သည်က ဝါးမဟုတ်၊ သစ်ကောင်းကောင်း ဖြစ်သည်။ အနောက်ဖက် မြောင်ပေါက်ဝတွင် သစ်ကောင်းကောင်းကို တွေ့ထားသည်။ ကျွန်း၊ ပျဉ်းကတိုး စသည့် မလွတ်မကင်းသစ်မျိုး မဟုတ်။
ပိတောက်၊ အင်၊ သစ်ရာ စသည့် သစ်မျိုးထဲကဖြစ်သည်။ လူကြီးပေါင်လုံးခန့်တုတ်သော မန်ကျည်းပင်အချို့ကိုလည်း တွေ့ထားသေးသည်။
ကြီးမားသော ကညင်ပင်ကြီးတစ်ပင်နားဆီကို ရောက်လာခဲ့သည်။ ဤကညင်ပင်ကြီးသည် အဖိုးမာဒင်တို့ ငယ်စဉ်ကတည်းကပင် ရှိနေခဲ့သည်။ နှစ်ပရိစ္ဆေဒများစွာပင် ကြာမြင့်ခဲ့လေပြီ။
ကညင်ပင်ကြီး၏ အမြင့်ဆုံးပိုင်းဆီမှာ လင်းဆွဲများက သစ်ကိုင်းများတွင် ခြေထောက်များကိုချိတ်ကာ ဇောက်ထိုး အိပ်ပျော်နေကြသည်။ လင်းဆွဲတွေက ညဘက်မှာ အစာရှာဖွေကြပြီး နေ့အခါမှာ အိပ် စက်အနားယူကြသည်။
လင်းဆွဲသားက စားကောင်းသည်။ ဗန်ဒါသီး၊ မာလ ကာသီး၊ သရက်သီးစသည့် အသီးအနှံများကိုသာ စားသောက်ကြသည်။ ခေါင်းကတော့ ခွေးခေါင်း နှင့်တူသည်။
အဖိုးမာဒင်သည် ငယ်စဉ်က လေးခွတစ်ခုဖြင့် လင်းဆွဲများကို ပစ်ချလေ့ရှိသည်။ မီးကင်၍သော်လည်းကောင်း၊ အမွှေးအကြိုင်များဖြင့် သော်လည်းကောင်း ချက်ပြုတ်စားသောက်တတ်သည်။ အမဲလိုက်လည်း ဝါသနာပါသည်။ ဇနီးဖြစ်သူ ဒေါ်မြရွှေက တားမြစ်ခဲ့လွန်း၍ အကုသိုလ်အလုပ်ကို ရှောင်းရှားခဲ့ လေသည်။
ဤတောသည် မြိုင်မဆန်၍ သားကောင်ကြီးများမရှိ။ ချေလို ဒရယ်လို အကောင်များသာ ပေါများသည်။
တစ်ခါတစ်ရံမှာ ပျားဖွတ်ဝံများသာ ကြိုးကြားကြိုးကြား တွေ့ရတတ်သည်။ ဝံသည် ပျားအုံကိုတွေ့လျှင် သူ့အလုပ်နှင့်သူ ရှုပ်နေတတ်သူမို့ အနားမှ ဖြတ်သွားသောသူကို ရန်မမူအားပါ။
မျောက်မျက်ကွင်းညိုတစ်ကောင်သည် သားငယ်ကို ကျောပိုးကာ သစ်ပင်ကြီးတစ်ပင်မှ အခြားတစ်ပင်ဆီကို ခုန်ကူးသွားသည်။ လူကိုတွေ့ကာ လန့်ပြေး သွားခြင်းသာ…။
ထိုစဉ်…
အဖိုးမာဒင်၏ မျက်လုံးတွေသည် တစ်နေရာကို အမှတ်မထင် ရောက်သွားခဲ့သည်။
“ဟင်…”
ရင်ထဲ ထိတ်ကနဲ ဖြစ်သွားခဲ့ရသည်။ ချက်ချင်းပင် ခြေလှမ်းတွေကို တန့်လိုက်သည်။ နီးရာ သစ်ပင်ကြီးတစ်ပင်၏အကွယ်မှာ ပြေးကပ်လိုက်ရသည်။ ခေါင်းကို ပင်စည်အကွယ်မှ မသိမသာ ပြူထွက်ကာ ထို သတ္တဝါကို လှမ်းကြည့်မိလိုက်သည်။ ဧရာမဖွတ်ကြီး တစ်ကောင်။ အချိန် ငါးပိဿာလောက်တော့ မနည်းလှ. . .။
ဖွတ်ကြီးသည် အဖိုးမာဒင်၏ လှုပ်ရှားမှုကြောင့် ရှေ့ကိုသွားနေရင်းက ရပ်သွားသည်။ နောက်ကို မသိမသာ လှည့်ကြည့်လိုက်သည်။
အဖိုးမာဒင်သည် ဖွတ်ကြီးကို ကြည့်နေရင်း အသက်ရှူမှားနေ၏။ ဖွတ်ကြီးသည် ဆယ့်ငါးစက္ကန့်မျှ နေရာမှာ ရပ်နေသေးသည်။ နောက်တော့ ခေါင်းကိုပြန်လှည့်ပြီး တရွေ့ရွေ့နှင့် ဆက်ပြီးတော့ သွားနေသည်။
အဖိုးမာဒင်သည် ဖွတ်ကြီးကို မျက်ချည်ပြတ်မသွားစေရန်အတွက် ခြေသံလုံလုံဖြင့် သစ်ပင်တစ်ပင်ကို ကူးသွားပြန်သည်။ ထိုအခါ ဖွတ်ကြီးသည် ရှေ့ကို သွားနေရာက ရပ်လိုက်ပြန်သည်။ သင်္ကာမကင်း ဖြစ်သွားသောကြောင့်ပင်…။
အဖိုးမာဒင်မှာ သစ်ပင်အကွယ်တစ်ခုဆီကို ရုတ်တရက် ကွယ်လိုက်ရပြန်သည်။
ဖွတ်ကြီးသည် တစ်ခဏ ရပ်နားပြီးမှ ရှေ့ကိုဆက်ပြီး သွားပြန်သည်။ ပုံမှန်အတိုင်း ဆက်ပြီးတော့သွားသည်။
ဖွတ်၊ ပဒပ် စသည့် သတ္တဝါများသည် လွန်စွာမှ သတိမေ့လျော့တတ်ကြသောသူများ ဖြစ်ကြသည်။ သင်္ကာမကင်း ဖြစ်သွားသည်ကို မေ့လျော့သွားကာ အန္တရာယ်ရှိနိုင် မရှိနိုင်သည်ကို မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် ဖွတ်မေ့၊ ပဒပ်မေ့ဟူသော စကား ပုံ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။
အဖိုးမာဒင်သည် လောဘဇောတိုက်ကာ ဓါးမကြီးကိုကိုင်ပြီး ဖွတ်ကြီး၏နောက်က တဖြည်းဖြည်း လိုက်သွားခဲ့သည်။ ဖွတ်ကြီးကား နောက်ကြောင်းကို အလျဉ်းဂရုမစိုက်တော့ပဲ သူသွားလိုရာခရီးကို သာ ဦးတည်ပြီး ဆက်သွားနေသည်။
“ဒီကောင်ကြီး ဘယ်အထိအောင် သွားနေမလဲ မသိဘူး”
အဖိုးမာဒင်၏ အတွေး မဆုံးလိုက်ပါ။
အတော်ခပ်လှမ်းလှမ်းတွင် လွန်စွာမှကြီးမားသော လမုပင်အိုကြီးတစ်ပင် ရှိသည်။ မြင့်လည်း မြင့်မားသည်။ ပင်စည်၏ တစ်ဝက်ကျော်ကျော် အထက်ဖက်မှ ပြတ်ထွက်နေသည်။ လမုပင်ကြီးသည် အောက်ဖက်တွင် ပြန့် ကားနေသလောက် အပေါ်ကို ရှူးသွားသည်။ ယောက်ျားကြီး ဆယ်ယောက်စာ လက်တွဲပြီး အပင်ကို ဖက်ထားက တစ်ပတ်ပြည့်ပေ လိမ့်မယ်။
အဓိကရ အပင်ကြီးတစ်ပင်ဖြစ်ပြီး သက်တမ်းလည်းမနည်းတော့ပေ။ ရှေးက ဤနေရာသည် ရေပြင်ကြီးတစ်ခု ဖြစ်ခဲ့ပြီး ကာလအတန်ကြာသော် သောင်ထွန်း လာကာ ကုန်းမြေဖြစ်လာဟန်တူသည်။ ထို့နောက် သစ်ပင်များ ပေါက်ကြလေသည်။
ထိုစဉ်ကတည်းက ပေါက်ခဲ့သော အပင်ကြီးတစ်ပင် ဖြစ်ဟန်တူသည်။
လမုပင်ကြီး တစ်ပင်လုံးသည် ခေါင်းပွကြီးဖြစ်နေပြီး ဘေးပတ်ပတ်လည် ပင်ကိုယ်လုံးကြီး၏ အသားနှင့် အခေါက်များမှာ ထူထဲလှသည်။ အခေါင်းပေါက် ထိပ်သည်ပင် ကျယ်ဝန်းလှပြီး အပင်ကြီး၏ဘေးမှာ ညောင်ပင်ကြီးတစ်ပင်လည်းရှိနေသည်။
ညောင်ကိုင်းတစ်ခုသည် အောက်ကို နိမ့်ကျလာကာ တစ်ဖန် ပစောက်သဏ္ဍာန်ကွေးပြီး ပြန်ကော့တက်သွားသည်။ ညောင်ကိုင်း၏ ထိပ်ဖျားသည် လမုပင်ကြီး၏ ထိပ်ဝ အခေါင်းပေါက်ထဲကို ဝင်သွားခဲ့သည်။
အဖိုးမာဒင် တွေ့လိုက်ရသည်မှာ…
ဖွတ်ကြီးသည် ညောင်ကိုင်းမှတဆင့် တဖြည်းဖြည်းတက်သွားပြီး ထိပ်ဝရှိ လမုပင်ကြီး၏ အပေါက်ထဲကို ဆင်းသွားခဲ့ခြင်းပင်တည်း။
“ဟင်… ဒီဖွတ်ကြီးက လမုပင်ထဲကို ဆင်းသွားပါလား။ ဘာဆင်းလုပ်တာပါလိမ့်”
လွန်စွာမှ အံ့အားသင့်သွားခဲ့ရသည်။ မှင်တက်မိကာ ငေးရီပြီး ကြည့်နေသည်မှာ အချိန်အနည်းငယ် ကြာသွားခဲ့လေ၏။
အဖိုးမာဒင်သည် ချက်ချင်းပင် သတိပြန်ဝင်လာသည်။ ထို့ကြောင့် ခြေသံလုံလုံဖြင့် လမုပင်ကြီးဆီကိုလျှောက်သွားသည်။ ဤလမုပင်ကြီးကို သူ အဝေးကသာ မြင်ဖူးခဲ့သည်။ တစ်ခါမှ အနားကို လာမကြည့်ဖူးခဲ့ပါ။ ယခုမှ ဖွတ်ကြီးကို အကြောင်းပြုပြီး အနီးကပ် ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။
လမုပင်ကြီး၏ အောက်ခြေပတ်ပတ်လည်ကို ပတ်ပြီးကြည့်သည်။ ကယ်ပေါက်လိုမျိုး မတွေ့ရပါ။ အောက်ခြေမှာ တွင်းပေါက်လိုမျိုး ဖြစ်နေသည်ကို ရှာမတွေ့။
ဤအပင်ကြီးသည် အနီးကပ်ကြည့်ကာမှ ပိုပြီးတော့ ကြီးမားနေသည်ကို သိလိုက်ရသည်။
“ဟာ. . . ဒီလမုပင်ကြီးရဲ့ အပေါက်ထဲကို ဝင်သွားခဲ့တဲ့ ဖွတ်ကြီးဟာ တခြားထွက်စရာ ကယ်ပေါက်လည်း မရှိပါဘူး။ ဒီသစ်ပင်ကြီးထဲမှာပဲ ရှိနေသလား၊ သူ့တွယ်တက်လာတဲ့ သစ်ကိုင်းကြီးကပဲ ပြန်ပြီးဆင်းသွားခဲ့သလား။
ပြန်တက်လာပြီး ဆင်းသွားခဲ့ရင်လည်း ငါ မြင်ရမှာပေါ့။ ငါ့မျက်စိကလည်း ဒါလောက် မမွဲသေးပါဘူး”
ဒွိဟစိတ်၊ အံ့ဩစိတ်များနှင့် စဉ်းစား၍ မရအောင် ရှိနေရသည်။
“ငါတက်ကြည့်ရင် ကောင်းမယ်ထင်တယ်”
စိတ်ကူးတစ်မျိုး ပေါ်လာခဲ့ပြန်သည်။ ထို့ကြောင့် ညောင်ကိုင်းကြီးကျနေသော နေရာကို လျှောက်လာသည်။ လက်ထဲမှာ ဓါးမကြီးကို ကိုင်ရင်း ညောင်ကိုင်းကြီးမှတဆင့် အပေါ်ကို တက်လာခဲ့သည်။
ညောင်ကိုင်းက တုတ်ခိုင်သော်လည်း အနည်းငယ်လှုပ်နေသည်။ ထို့ကြောင့် ခါးကိုကုန်းကာ ဘယ်လက်ကလည်း ထိုညောင်ကိုင်းကိုပင် စမ်း၍… စမ်း၍ ကိုင်ရင်း တဖြည်းဖြည်းနှင့် တက်လာခဲ့သည်။
လမုပင်ကြီး၏ ထိပ်ပိုင်းကို ရောက်လာခဲ့လေပြီ။ ညောင်ကိုင်းကြီးက လမုပင်ကြီး၏ ထိပ်ပေါက်ဝ ထဲကို တိုးဝင်လျက် ရှိသည်။ အောက်ဘက်ကို ကွေ့ကောက်ပြီး တော်တော်ကလေး ရောက်နေသည်။
အပေါက်ဝကြီးက ကျယ်သော်လည်း မိုးလင်းပြီးစအချိန် ဖြစ်နေသည်က တစ်ကြောင်း၊ ညောင်ပင်ကြီး၏ အရိပ်က ဖုံးလွှမ်းနေသည်က တစ်ကြောင်းမို့ ငုံ့ကြည့်သော်လည်း အောက်ခြေကို ကောင်းစွာ မမြင်နိုင်။ မျက်လုံးတွေကို အားစိုက်ပြီးတော့ ကြည့်ရ သည်မှာ အားမရ။
ထို့ကြောင့် ညောင်ကိုင်းထက်မှာပင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ တွင်းပေါက်ဝကို မျက်နှာအပ်ကာ အောက်ကို ငုံ့ကြည့်သည်။ လက်နှစ်ဖက်က အပင်၏ တွင်းနှုတ်ခမ်းကို ဆုပ်ကိုင်သည်။ ညာလက်က လည်း ဓါးမကြီးကို ဆုပ်ကိုင်ထားသေးသည်။
အဖိုးမာဒင်သည် စိတ်ကစောပြီး ကိုယ်ကို ပို၍ အားစိုက်ကာ ငုံ့ကြည့်လိုက်လေရာ…
“ဂျွတ် … ဖြောင်း”
“ဟာ…”
အဖိုးမာဒင် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖိထားသော လမုပင်ကြီး၏ခေါင်းပေါက်ဝ နှုတ်ခမ်းသားများသည် ရုတ်တရက် ပဲ့ထွက်သွားခဲ့သည်။
အဖိုးမာဒင်သည် အောက်သို့ တအားငုံ့ထားသော ကိုယ်ကို မထိန်းနိုင်တော့ပဲ အောက်ကို ပြုတ်ကျသွားခဲ့လေတော့သည်။
“အား…”
အဖိုးမာဒင်၏ ခန္ဓာကိုယ်သည် ခေါင်းပေါက်ဝထဲသို့ ရောက်နေသော ညောင်ကိုင်းတစ်လျှောက် လျောဆင်းသွားခဲ့သည်။ ခန္ဓာကိုယ်ကို မည်သို့မျှ မထိန်းနိုင်တော့ပေ။ အရှိန်ပြင်းစွာဖြင့် လိမ့်ဆင်းသွားပြီးမှ အောက်ကို ပစ်ကျသွားခဲ့ရသည်။
“ဘုတ်”
အဖိုးမာဒင်၏ ခန္ဓာကိုယ်သည် ပျော့အိနွေးထွေးသော အရာတစ်ခုပေါ်ကို ပစ်ပြီး ကျသွားခဲ့သည်။ မည်သည့်အရာမှန်း မသိရ။ ထူးခြားမှုတစ်ခုကတော့ရှိနေသည်။ ယင်းအထိအတွေ့ကြောင့် လန့်သွားမိသေးသည်။ ခန္ဓာကိုယ်သည်လည်း ဘေးကိုလိမ့်သွားခဲ့လေ၏။ လက်ထဲမှာတော့ ဓါးကို ကိုင်ထားဆဲပင်…။
သစ်ခေါင်းပွကြီး၏ အတွင်းမှာ အလင်းရောင်က ဝိုးတဝါး ရှိနေသည်။ မည်သည့်အရာကိုမှ သဲကွဲစွာ မမြင်ရနိုင်။
အခြေအနေကို သုံးသပ်ပြီး နေရာမှ ထ,ရပ်လိုက်သည်။ တွင်းကြီးသဖွယ်ဖြစ်နေသော သစ်ခေါင်းကြီး၏ အထဲမှ အမြန်ဆုံးထွက်ရန် နေရာမှ ထရပ်လိုက်သည်နှင့်…
“ရှဲ… ရှဲ… ရှဲ… ရှဲ”
အမှတ်မထင် တရှဲရှဲနှင့် အသံများကို ကြားလာခဲ့ရသည်။ သူ့ကို ဖွတ်ကြီးများ ရန်မူတိုက်ခိုက်ရန် ကြိုးစားနေသလားဟု ရင်ထဲ ထိတ်ကနဲ ဖြစ်သွားခဲ့ရလေသည်။ ထို့ကြောင့် ခြေလှမ်းတွေကို မရွှေ့ရဲပဲ အသာငြိမ်ပြီးတော့ ရပ်နေလိုက်သည်။
လက်မှ ဓါးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားသည်။
“ရှဲ… ရှဲ… ရှဲ… ရှဲ”
အသံက တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့သည်။ အဖိုးမာဒင်သည် သစ်ခေါင်းကြီးထဲကို စူးစိုက်လေ့လာပြီးကြည့်လိုက်သည်။ မပီဝိုးတဝါး ဖြစ်နေသည်။ အရာ ဝတ္ထုများကို သဲကွဲစွာဖြင့် မမြင်ရသေး။
သို့သော် တခဏအတွင်းမှာပင် သူ့ဆီကို အနီး ကပ် ရောက်လာခဲ့ပြီဖြစ်သော ရှည်မျောမျော အရာကြီးတစ်ခုကို တွေ့လိုက်ရပါလေတော့သည်။ ယင်းအရာသည်ကား-
မြွေကြီးတစ်ကောင်ပင်တည်း…။
အဖိုးမာဒင်သည် သူ မမျှော်လင့်မိသော အန္တရာယ်ဖြစ်၍ အံ့ဩထိတ်လန့်သွားခဲ့ရသေးသည်။ စပါးကြီးမြွေကြီးသည် ရှည်လျားတုတ်ခိုင်သော ခန္ဓာကိုယ်ရှိသည်။ မတ်တပ်ရပ်နေသော အဖိုးမာဒင်၏ ခြေကျင်းဝတ်နှစ်ဖက်ကို စတင်ပြီး ရစ်ပတ်စပြုသည်။
“ဪ ဒီလိုလား”
အဖိုးမာဒင် သဘောပေါက်သွားသည်။ မုဆိုးအလုပ်ကို လုပ်လာခဲ့သော အဖိုးမာဒင်၏ သတ္တိသည် ချက်ချင်းလိုလို ပြန်ပေါ်လာခဲ့သည်။ ဓါးကို ပိုပြီး တော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
မြွေကြီး၏ နွေးထွေးသော အရည်ပြား၏ အတွေ့အထိသည် ခံစားရသူ၏ အကြောအချဉ်ထဲမှာ ကြက်သီးထဘွယ်ရာပဲ ဖြစ်သည်။
ခြေထောက်နှစ်ချောင်းကို တစ်ပတ်ရစ်ပတ်ပြီးသွားပြီး နောက်တစ်ပတ် ထပ်ပြီး ရစ်ပတ်ရန် ကြိုးစားသည်။
“ဒီမိစ္ဆာကောင်ကြီးကို ဒီ့ထက်ပိုပြီး အခွင့်အရေးပေးလို့ မဖြစ်တော့ဘူး။ ဒီကောင်ကြီး ငါ့ကို ရစ်ပတ်ပြီး ညှစ်သတ်မလို့ပဲ”
ထို့ကြောင့် ဒူးအစုံကို မသိမသာ ကွေးညွှတ်လိုက်ပြီး တဖြည်းဖြည်းနှင့် အောက်ကို နှိမ့်ချလာခဲ့လေရာ မြွေကြီးကို အနီးကပ်မြင်လိုက်ရလေတော့သည်။ သူ၏ဘယ်လက်က ရွေ့လျားနေသောမြွေကြီး၏ခေါင်းကို စမ်းရန် ကြိုးစားသည်။ ကျင့်သားရစပြုနေပြီဖြစ်သော မျက်လုံးတွေက အခြေအနေကို မြင်တွေ့သွားခဲ့ရသည်။
သူ့ခြေထောက်နားတွင် လှုပ်ရှားနေသော မြွေကြီး၏ ဦးခေါင်းကို ထင်ရှားစွာ မြင်တွေ့ လိုက်ရလေပြီ။ လွတ်နေသော ဘယ်လက်က မြွေကြီး၏ လည်ကုပ်ကို ဇက်ကနဲဆို ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ခြေထောက်နှင့် နင်းချလိုက်ကာ လည်ကုပ်နေရာကို မှန်းပြီး ဓါးဖြင့် ပိုင်းချလိုက်လေတော့သည်။
“ဒုတ်”
“ရွှီး”
ဓါးက ထက်သည်။ တိတိရိရိကို ပြတ်ထွက်သွားသည်။ သွေးတွေက ပန်းထွက်လာသည်။ အဖိုးမာဒင်၏ မျက်နှာရော၊ ကိုယ်လုံးပါ ရွှဲရွှဲစိုသွားခဲ့လေ၏။
ခေါင်းပြတ်သွားသော မြွေကြီးသည် အကြောအချဉ်များ စန့်ထွက်သွားကာ ကိုယ်ထည်ကြီးကို တဝုန်းဝုန်း တဗျန်းဗျန်းဖြင့် ရိုက်ခတ်ပစ်နေသည်။
“ဝုန်း”
“ ဗျန်း”
မြွေကြီး၏ ကိုယ်လုံးကြီး ရိုက်ခတ်မှုကြောင့် အဖိုးမာဒင်မှာ လွင့်သွားခဲ့ရသည်။ သစ်ခေါင်းကြီး၏ နံရံကို ပစ်ပြီးတော့ ရိုက်ခတ်သွားခဲ့သည်။
အဖိုးမာဒင်သည် သူ့အပေါ် ပစ်ကျလာခဲ့သော မြွေကြီး၏ ကိုယ်ထည်ကို ဘယ်လက်ဖြင့် အမိအရဖမ်း၍ ဓါးကြီးဖြင့် ဆင့်ကာ ဆင့်ကာ ပိုင်းချနေ သည်။
အချိန်မည်မျှ ကြာသွားခဲ့သည်မသိ။ အဖိုးမာဒင်လည်း လက်ပန်းကျကာ မောဟိုက်နွမ်းနယ်ခဲ့လေပြီ။
သစ်ခေါင်းကြီးထဲမှာလည်း ငြိမ်သက်သွားခဲ့လေပြီ။ ထိုစဉ်. . .
အလင်းရောင်က ကောင်းစွာရရှိခဲ့ပြီဖြစ်သည်။ နေရောင်သည် သစ်ခေါင်းပေါက်ထဲကို ထိုးဝင်လာခဲ့လေပြီ။ အတွင်းမှာ ရှိသည့် အရာအားလုံးကိုလည်း မြင်သင့်သလောက် မြင်နိုင်ခဲ့ပြီဖြစ်သည်။
စပါးကြီး၏မြွေကြီးသည် သုံးပိုင်းပြတ်ကာ သေဆုံးလျက် ရှိသည်။ အံ့အားသင့်စရာကောင်းသည်က ဖွတ်ကြီးတစ်ကောင်သည်လည်း သေဆုံးလျက် ရှိသည်။
နေရောင်တစ်ကွက်သည် သစ်ခေါင်းကြီး၏ အောက် ခြေအထိ ရောက်လာခဲ့သည်။ အဖိုးမာဒင်၏ မျက်လုံးအစုံသည် သစ်ရွက်ခြောက်များ တစ်ပိုင်းတစ်စ ဖုံးကွယ်နေသော ဖြူဖြူအရာများဆီကို ရောက်သွားခဲ့သည်။ ဖွတ်မကြီး၏ ဘေးမှာဖြစ်သည်။
အဖိုးမာဒင်သည် သစ်ရွက်ခြောက်များကို ဖယ်ရှားကြည့်လိုက်ရာ ဖြူဖွေးသော ဥများကို တွေ့လိုက် ရလေသည်။ ဖွတ်ဥများပင်တည်း။
“ဪ . . . လတ်စသတ်တော့ ဒီလိုကိုး။ ဒီဖွတ်မကြီးဟာ သစ်ခေါင်းထဲကို ဆင်းပြီး ဥဥတယ်။ မြွေကြီးက ဖွတ်ဥတွေကို စားဖို့ ရောက်အလာမှာ ဖွတ်မကြီးနဲ့ မတော်တဆတွေ့ပြီး သတ်လိုက်တယ်။ ဖွတ်မကြီးကို မမြိုခင်မှာ ငါက မတော်တဆ ပစ်ကျလာတော့ ငါ့ကိုပါသတ်ပြီး စားဖို့ ကြိုးစားတာပဲ။ တော်တော်လောဘကြီးတာပဲ။ အခုတော့ ဘာတတ် နိုင်သေးသလဲ”
ထိုစဉ် …
လမုပင်ကြီး၏ ပြင်ပမှ အသံတစ်သံက မမျှော်လင့်ပဲ ထွက်လာခဲ့လေသည်။ လှည်းသံ ဖြစ်သည်။ နွားနှစ်ကောင်၏ ခြူသံများကို ကြားနေရသည်။
“အဖိုးရေ … အဖိုး … ဘယ်မှာလဲ”
“ဟင် … ငရစ် လိုက်လာပြီပဲ”
မြေးအကြီးကောင် ငရစ် ဖြစ်သည်။ ထင်းတိုက်ရန် လှည်းနှင့် လိုက်လာခဲ့ခြင်းပင် ဖြစ်သည်။
“ငါ့ဒီမှာ ဟေ့ … မြေးကြီး”
“ဟာ အသံသာကြားရတယ်… လူလည်း မတွေ့ ပါလား။ အဖိုးရေ … အဖိုး”
“ဟေ့ကောင် မင်း ငါ့ကို ဘယ်တွေ့မှာလဲကွ။ ငါက လမုပင်အခေါင်းထဲကို ရောက်နေတာကိုး”
“ဟင်…”
ငရစ်သည် လှည်းပေါ်မှ အမြန်ဆင်းကာ လမုပင်ကြီးဆီမှ ပြေးသွားခဲ့သည်။ ညောင်ကိုင်းမှတစ်ဆင့် တက်သွားခဲ့လေ၏။ အခေါင်းပေါက်ဝနားကို ရောက် သော် အောက်ကို ငုံ့ကြည့်လိုက်သည်။
“ဟာ အဖိုး … ဘယ်လိုဖြစ်ပြီး ဒီအထဲကို ရောက်နေ တာလဲ။ ဟင် … အဖိုးကိုယ်ပေါ်မှာလည်း သွေးတွေနဲ့ပါလား။ ကျွန်တော် ဆင်းလာခဲ့မယ်”
ငရစ်က အောက်ကိုဆင်းမည်ပြုရာ. . .
“လူလေး နေ … နေ။ ငါ ဘာမှ မဖြစ်ဘူး။ မြွေကြီးရဲ့ကိုယ်က ထွက်တဲ့သွေးတွေ စွန်းနေတာပါကွ”
“မြွေကြီး ဟုတ်လား။ ဒီအထဲမှာ မြွေကြီးက ရှိနေတယ် မဟုတ်လား။ အဖိုးကို ရန်ရှာလိုက်လို့လား…”
“အေး ရန်ရှာဖို့ ကြံစည်လို့ ငါ ဓါးနဲ့တိုက်ခိုက်ခဲ့တာ။ ကဲ ထားတော့။ ငါ့ နောက်မှ ထပ်ပြီး ရှင်းပြမယ်။ လှည်းပေါ်မှာ အုန်းဆံကြိုးတွေ ပါလာတယ်မဟုတ်လား”
“ပါ… ပါလာတယ်အဖိုး”
“အေး … အမြန်သွားယူ၊ ငါလည်း ဒီအထဲမှာ သိပ်မနေချင်တော့ဘူး”
ငရစ်က အောက်ကို သွက်လက်စွာ ပြန်ပြီး ဆင်းသွား သည်။ လှည်းပေါ်မှ အုန်းဆံကြိုးများကို ယူပြီး ချက်ချင်းလိုလို ပြန်လာခဲ့သည်။
“ရော့ အဖိုး”
ကြိုးကို သစ်ပင်ခေါင်းပေါက်ဝမှ ချပေးသည်။ အဖိုးဖြစ်သူက ကြိုးကို ဘာကြောင့် တောင်းမှန်းမသိ။ သစ်ခေါင်းအောက်မှ အဖိုးမာဒင်သည် မြွေအပိုင်းတစ်ပိုင်းကို ကြိုးနှင့်ချည်ပြီး အစတစ်ဖက်ကို အပေါ်သို့ပစ်တင်ပေးလိုက်သည်။
“ဆွဲတင်ဟေ့”
ငရစ်က ကြိုးကို ဆွဲတင်သည်။ အနီးသို့ ရောက်လာသော မြွေကိုယ်ထည်ကြီးကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားခဲ့သည်။
“အာ… အဘ၊ မြွေ … မြွေ လှုပ်နေသေးတယ်”
“သေနေပြီ၊ အကြောတွေ ရုန်းနေလို့ပါကွ။ မကြောက်နဲ့ … ကြိုးဖြည်ပြီး ထပ်ချပေး။ ဒီမှာ ကျန်သေးတယ်”
“ဟုတ် … ဟုတ်ကဲ့ အဖိုး”
ငရစ်က မြွေကိုယ်ထည်ပိုင်းကြီးကို ချည်ထားသောကြိုးကို ဖြည်လိုက်ပြီး အောက်ကိုပစ်ချလိုက်သည်။ ထို့နောက် ကြိုးစကို အောက်သို့ချပေးလိုက်ပြန်သည်။
အဖိုးမာဒင်က မြွေကိုယ်ထည်ပိုင်းကြီးများကို တစ်ပိုင်းပြီး တစ်ပိုင်း တင်ပေးသည်။ ငရစ်က ဆွဲယူရ သည်။ ခေါင်းပိုင်းပါသော အပိုင်းကြီးကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားမိခဲ့သေးသည်။
“အဖိုး ကုန်ပြီလား”
“ကျန်သေးတယ်။ ဘာလောနေတာလဲ”
ငရစ်က နောက်ဆုံးအကြိမ် ဆွဲတင်လိုက်သောအခါ ဖွတ်ကြီးတစ်ကောင် ဖြစ်နေသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့လိုက်ရပြန်သည်။
“ဟာ … ဖွတ်ကြီး”
အဖိုးမာဒင်သည် ငရစ်၏ အံ့အားသင့်နေမှုကို ဂရုမစိုက်။ ဖွတ်ဥများကို ပုဆိုးဟောင်းဖြင့် ထုတ်ကာ ကြိုးစမှာ ချည်ပေးလိုက်ပြန်သည်။
“ဒါက ဘာတွေလဲ အဖိုး”
“နင့်မေကလွှား၊ အမေးအမြန်းထူလိုက်တာ။ အပေါ်ရောက်တော့ပြောမှာပေါ့ကွ။ ဖွတ်ဥတွေ … ဖွတ်ဥတွေ။ အောက်ကို သေသေချာချာချ။ ပြီးရင် ငါ့ကို လာခေါ်ဦး”
ငရစ်သည် အဖိုးမာဒင်ကို သစ်ခေါင်းဝ ညောင်ကိုင်းထက်မှာ ဆောင့်ဆောင့်ထိုင်ကာ လက်ဖြင့် ဆွဲတင်သည်။ အဖိုးမာဒင်လည်း သတိကြီးစွာဖြင့် အပေါ်ကိုတဖြည်းဖြည်းနှင့် တက်လာခဲ့လေ၏။ ပြင်ပလေအေးထိတွေ့မှုကြောင့် ပင်ပန်းမောပန်းခဲ့သမျှ လန်းဆန်းခဲ့လေ၏။
“ကဲ… ဒီကနေ့တော့ ငါ ထင်းမခုတ်ဖြစ်တော့ဘူးကွာ။ ဒါတွေနဲ့တင် တွက်ချေကိုက်သွားခဲ့ပါပြီကွ”
“ကျွန်တော်တော့ အဖိုးကို အံ့အားသင့်လို့ကို မကုန်နိုင်ဘူး။ ဒါတွေ ဘယ်လိုရခဲ့တာလဲ သိချင်လှပြီဗျာ”
“အေး သိချင်ရင် အဖိုး လမ်းမှာ ပြောပြမယ်။ ဒါတွေကို လှည်းပေါ်တင်လိုက်ကြရအောင်”
မြွေသေကြီးနှင့်အတူ ဖွတ်သေကြီးနှင့် ဖွတ်ဥများကို လှည်းပေါ်တင်ပြီး နွားတွေကို ခေတ္တ အနားပေးကာ တောထဲမှ ပြန်ထွက်လာခဲ့ကြသည်။
အဖိုးမာဒင်သည် မြေးဖြစ်သူ ငရစ် သိချင်သည့် အကြောင်းအရာ အဖြစ်အပျက်များကို လမ်းမှာ ပြန်ပြောပြသည်။ ထင်းခုတ်ထွက်လာရင်း ဖွတ်ကြီး၏နောက်ကို လိုက်ရာကအစ လမုပင်ခေါင်းထဲကို ကျသွားခဲ့ရပုံ၊ သစ်ခေါင်းကြီးထဲမှာ မြွေကြီး ဖွတ်မကြီးနှင့် ဥများကိုပါ ရခဲ့ပုံများ၊ ငရစ် သည် အဖိုးဖြစ်သူ၏ တစ်ချက်ခုတ် သုံးချက်ပြတ် ရင်ထိတ်ဖွယ်ရာ ဇာတ်လမ်းကို အံ့အားသင့်စွာဖြင့် နားထောင်ရင်း လိုက်ပါလာခဲ့လေသတည်း။ ။ ။
– ပြီး –
စာရေးသူ – ဝင်းရွှေနောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ