တစ်ည ….
ရီဝေဝေနဲ့ သူအိမ်ပြန်ရောက်လာခဲ့တယ်။
တံခါးဖွင့်အိမ်ထဲဝင်ပြီး
မီးဖွင့်ရင်း မိန်းမဖြစ်သူကို
သူလှမ်းအော်တယ်။
ပြန်ထူးသံ မကြားရဘူး။
ခေါင်းငုံ့ဖိနပ်ချွတ်တော့
ဖိနပ်စင်ပေါ်တင်ထားတဲ့
စာရွက်တစ်ရွက်ကို သူတွေ့လိုက်တယ်။
ကောက်ယူကြည့်တော့
လင်မယားကွာရှင်းစာချုပ်ဖြစ်နေတယ်။
သူတစ်ချက် တွေဝေသွားတယ်။
သူမ တကယ်လုပ်လိမ့်မယ်လို့
သူထင်မထားခဲ့ဘူး။
အရင်တုန်းကလည်း
သူတို့ဒီလိုပဲရန်ဖြစ်နေကျ၊ သူ့ကို
သူမစိတ်ဆိုးပြီးစကားမပြောတာ
ဒါမှမဟုတ် မိဘအိမ်ခဏ
ပြန်တာလောက်ပဲရှိခဲ့တယ်။
နောက်တော့လည်း
အလိုအလျောက် ပြန်ကောင်းသွားတာပါပဲ။
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့
သူမ တကယ်လုပ်လိုက်မှန်း သိသာနေတယ်။
သမီးလေးအတွက်
အုပ်ထိန်းသူ အစည်းအဝေးသွားဖို့
သူ မအားဘူး၊ အချိန်မရှိဘူးလို့
ပြောလိုက်တာနဲ့
သူမစိတ်တိုပြီး …
”ရှင်တစ်နေကုန် တစ်နေခန်း
နေဝင်နေထွက်
အလုပ်တွေများနေလိုက်တာ
ကျွန်မနဲ့သမီးလေး၊
နောက်ပြီး ဒီအိမ်ကိုရော
ရှင်စိတ်ထဲမှာ ထည့်ထားရဲ့လား?
ဒီလိုဘဝမျိုး ကျွန်မ မလိုချင်တော့ဘူး။
ကျွန်မတို့ ကွာရှင်းမယ်” လို့ ပြောတော့…
ဒါတွေဟာ ဘာမှမဖြစ်လောက်တဲ့အရာတွေ၊
ဘယ်အရာကမှာ အလုပ်လောက် အရေးမကြီးဘူး။
အလုပ်ကို အလေးထားတာဟာ ဒီမိသားစု၊
ဒီအိမ်ကို အလေးထားတာပဲလို့
သူထင်ထားခဲ့တယ်။
သူ့လုပ်ရပ်တွေမမှားဘူးလို့ သူထင်ခဲ့တယ်။
အခုတော့ ဟာလာဟင်းလင်းဒီအိမ်ကြီးထဲမှာ
သူရပ်နေခဲ့တယ်။ မိန်းမ မရှိတော့တဲ့အိမ်ကို
အိမ်လို့တင်စားလို့မရတော့မှန်း
အခုမှ သူခံစားမိတယ်။
သူ့ရဲ့အောင်မြင်မှုကို
အတူမျှဝေမယ့်မိန်းမ,မရှိတော့
အောင်မြင်မှုတွေက အဓိပ္ပာယ်မဲ့သွားတယ်လို့
သူထင်နေမိတယ်။
နောက်တစ်နေ့မှာ သူ့မိဘအိမ် သူပြန်ခဲ့တယ်။
မိဘတွေက သူ့ကိုတွေ့တော့ တအံ့တသြနဲ့မေးတယ်။
”သား ဒီလောက်အလုပ်များတာတောင်
အိမ်ပြန်လာချိန်ရှိသေးတယ်လား သား?
တစ်ခုခုဖြစ်လာခဲ့သလား?
ကလေးအမေနဲ့ရန်ဖြစ်လာကြတာလား?
ဆက်တိုက်မေးတဲ့မေးခွန်းတွေကြားမှာ
သူ့မျက်နှာထူပူသွားမိတယ်။
ဒါဟာလည်း မိဘအိမ်ဆီ သူပြန်ချိန် နည်းခဲ့တဲ့
အတွက်ကြောင့်ဖြစ်မယ်။သူ အိမ်ပြန်လာတာကို
မိဘတွေက ဝမ်းသာကြတယ်။
အိမ်ပြန်လာတဲ့ သားအတွက် အဖေဖြစ်သူက
ဟင်းထွက်ဝယ်တယ်။ အမေက
သူနဲ့စကားစမြည်းပြောရင်း
ကျန်ရစ်ခဲ့တယ်။
အမေက သူစားဖို့ မြေပဲဆံလှော်တွေ
ထုတ်လာတယ်။
ထိုင်ပြီး သိပ်မကြာသေးခင်
အမေ့အိမ်ကဖုန်း မြည်လာတယ်။
အဖေ့အသံကို ဖုန်းထဲကနေ သူကြားနေရတယ်။
”မိန်းမရေ…
နင့်အတွက် ဂန္ဓာမာပျားရည် ငါဖျော်ပြီး
ပြတင်းပေါက်ဘောင်ပေါ် တင်ထားခဲ့တယ်။
အခုသောက်ရင် အနေတော်ပဲ။
မအေးခင်သောက်လိုက်ဦးနော်”
အဖေဖုန်းချတော့ အမေက ဖျော်ရည်ကိုယူပြီး
တစ်ငုံသောက်လိုက်တယ်။
ဖုန်း မြည်လာပြန်တယ်။
အဖေ့ဆီက ဖုန်းဖြစ်တယ်။
”မေကြီး..
ငါတို့ ရေဖိုးဆောင်ရတော့မယ်ထင်တယ်။
ကြည့်လိုက်ဦး.. ငါ စာရွက်ယူခဲ့ဖို့မေ့သွားလို့။
စာရွက်နံပါတ် ငါကို ရွတ်ပေးကြည့်ပါဦး။
လမ်းကြုံလို့ ငါရေဖိုးဆောင်ခဲ့မယ်”
ဖုန်းချပြီး အပြုံးမျက်နှာနဲ့
အမေကရေရွတ်တယ်။
”သားရဲ့ဖေဖေကလေ
အလုပ်အရမ်းများတဲ့လူ….
အပြင်ခဏလေး ထွက်တာတောင် အိမ်ကို
ဖုန်းဆယ်ခေါက်လောက်ခေါ်တတ်တယ်။
သူ့လခတွေက ဆက်သွယ်ရေးဌာနအတွက်
လှူထားသလား မှတ်ရတယ်”
အမေပြောနေတုန်းမှာပဲ
အဖေ့ဆီက ဖုန်းဝင်လာပြန်တယ်။
အဖေ့အသံက ဝမ်းသာအားရပဲ….
”မေကြီးရေ….
နင် ငါးကြင်းတွေကြိုက်တယ် မဟုတ်လား?
ဒီနေ့ စျေးထဲမှာ ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေဟေ့…
ငါဝယ်ပြန်ပြီး နင့်ကိုချက်ကျွေးဦးမယ်”
အချိန်မိနစ်၂ဝအတွင်းမှာ အဖေ့ဆီက ဖုန်းတွေ
အဆက်မပြတ်ဝင်လာခဲ့တယ်။
အဖေ့ဖုန်းကြောင့်
အမေ စိတ်မရှည်ဟန်မပြခဲ့ဘူး။ အမေက သူနဲ့
စကားစမြည်းပြောနေတယ်ဆိုပေမယ့်
တကယ်တော့ အဖေနဲ့ပြောနေတာပါပဲ။
နောက်ဆုံး
သူ မအောင့်နိုင်ဘဲ မကျေမနပ်ပြောမိတယ်။
”ဖေဖေက ဘာဖြစ်လို့ ကြာလာလေ
လေးနက်မှုမရှိလာလေပါလား မေမေ…
တကယ်ဆို တချို့ဖုန်းကဆက်စရာတောင် မလိုပါဘူး။
အိမ်ရောက်မှပြောလဲ ရရက်သားနဲ့”
သူ့စကားကို အမေက အရယ်နဲ့ပြောပြတယ်။
”မဟုတ်သေးဘူး သား…
သားဖေဖေရဲ့ လေးနက်တဲ့စိတ်ကို
သားဘယ်နားလည်လိမ့်မလဲ!
သားဖေဖေက သူ့စိတ်ကို အိမ်မှာပဲထားခဲ့လို့၊
အိမ်ကိုပဲ စိတ်ရောက်နေလို့ ဖုန်းတွေ
ဆက်ဆက်နေတာပေါ့။
လူက အပြင်ရောက်နေတယ်
ဆိုပေမယ့် စိတ်ကို အိမ်မှာထားခဲ့လို့၊ အိမ်မှာ
ဘာကိစ္စထွေထွေထူးထူးမှ မရှိဘူးဆိုပေမယ့်
သူက အိမ်ကိုပဲအောက်မေ့နေလို့ပါ။ လိုတဲ့ငွေကို
အိမ်ကနေယူရင် ရပြီလို့မထင်လိုက်နဲ့…
အိမ်က ငွေထားတဲ့နေရာ မဟုတ်ဘူး သား။
စိတ်နှလုံးထားတဲ့နေရာပါ။
စိတ်နှလုံးကို အိမ်မှာထားမှ
ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေက
အိမ်မှာမြဲမှာပါ။
နားလည်လား.. သား!”
အမေရဲ့
လေးနက်ကြင်နာတဲ့ မျက်ဝန်းအောက်မှာ
သူရုတ်တရက် လန့်နှိုးလာခဲ့တယ်။
အလုပ်များတဲ့အချိန်
အိမ်ကို သူဖုန်းမဆက်ခဲ့ဖူးကြောင်းကို
သူသတိရလာမိတယ်။
သူ မဆက်တဲ့အပြင်
သူမ ဆက်လာတဲ့ဖုန်းကိုလည်း
သူ အလျင်စလို ချပစ်လိုက်တတ်တယ်။ အထက်လူကြီး၊
လုပ်ဖော်ကိုင်ဖက်တွေနဲ့
သူပျော်ပါးစားသောက်ချိန်
အိမ်မှာရှိတဲ့ မီးတစ်ဆောင်က
သူအိမ်ပြန်မရောက်မချင်း
ညနက်သန်းခေါင်အထိ
လင်းထိန်နေတတ်ကြောင်းကို
သူသတိရလာမိတယ်။
မိန်းမရဲ့ အထီးကျန်တဲ့ခံစားချက်
သူ့ကိုစောင့်မျှော်နေတဲ့
ခံစားချက်ကို သူတစ်ခါမှ မတွေးခဲ့မိဘူး။
အသက်(၆)နှစ်ရှိပြီဖြစ်တဲ့ သမီးလေးက
တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ဖို့၊
ကစားကွင်းလိုက်ပို့ဖို့ သူ့ကို
အထပ်ထပ်တောင်းဆိုခဲ့ပေမယ့်
ကတိသာပေးပြီး
ကတိမတည်မိခဲ့တာကို
သူသတိရလာမိတယ်။
ဒါတွေဟာ သူတကယ်အလုပ်များခဲ့လို့ပဲလား?
ဒါမှမဟုတ် သူ့စိတ်နှလုံးကို အိမ်မှာ
မထားခဲ့မိလို့လား?
အဲဒီနေ့ ညနေက သူမအိမ်သွားပြီး သူမကို
သူသွားခေါ်ခဲ့တယ်။
သူမ မပြန်နိုင်ဘူးလို့ဆိုတော့
သူ အလောတကြီး သူမကို
ဖြေရှင်းချက်ပေးတယ်။
”မောင် အရင်လို မလုပ်တော့ပါဘူး။
အရင်လို ခင့်ကို လျစ်လျူရှုမထားတော့ပါဘူး။
အိမ်ကိုလည်း လျစ်လျူရှုမထားတော့ပါဘူး။
ခင့်ကို ငွေတွေပုံအပ်ပေးပြီး လိုအပ်တဲ့ငွေကို
အိမ်မှာပြန်ယူရရင် ပျော်ရွှင်ပြီးလို့
မောင်ထင်ထားခဲ့မိတယ်။
တော်ပါသေးတယ်… “အချစ်”
မောင်ပျောက်ဆုံးစေတော့မလို့..
နောက်ဆိုရင် မောင့်စိတ်၊ မောင့်နှလုံးသားကို
အိမ်မှာထားပါမယ်။
အိမ်ကို နှလုံးသားမှာထားပါမယ်။
မောင်နဲ့ ပြန်လိုက်ခဲ့ပါနော်”
သူ့စကားကို သူမ ပြန်မဖြေခဲ့ဘူး။
သူ့ရင်ခွင်ဆီကိုပဲ
သူမ ဖြေးဖြေးသာသာလှမ်းဝင်ပြီး
ပွေ့ဖက်ငိုချလိုက်တော့တယ်။
အိမ်ဆိုတာ နှလုံးသားထားတဲ့နေရာပါ။
ချစ်ခြင်းမေတ္တာတွေ ဖြည့်တင်းတဲ့နေရာပါ။
အလုပ်များတယ်ဆိုတာ
ဆင်ခြေတစ်ခု မဟုတ်ပါဘူး။
အိမ်မှာ နှလုံးသားရှိတယ်၊ အချစ်ရှိတယ်၊
အောက်မေ့တမ်းတမှုတွေ
ရှိတယ်ဆိုရင်
ပျော်ရွှင်ခြင်းတွေ
အဆုံးမရှိ ပိုပိုတိုးလာမှာဖြစ်ပါတယ်။