————————
သားကနိုင်ငံခြားမှာအလုပ်သွားလုပ်ချင်တယ်လို့ပြောလာတယ်။
သူကပညာရေးမှာကံမပါလာဘူး။
ဆယ်တန်းကိုနှစ်နှစ်လောက်ဖြေပြီးမအောင်တော့ သူအတော်စိတ်ဓာတ်ကျလာတယ်။
သူ့သူငယ်ချင်းတွေနှင့်ဟိုအလုပ်လိုလို ဒီအလုပ်လိုလိုနဲ့အချိန်တွေသာကုန်လာတယ်။
အဆင်ကပြေမလာဘူး။
နောက်ဆုံးတော့ နိုင်ငံခြားထွက်မယ်အမေတဲ့။
အိမ်မှာကငွေပိုငွေလျှံမရှိပါ။
သူများဆီကလည်း အတိုးနဲ့မချေးငှားချင်ဘူး။
ချေးငှားလေ့ ချေးငှားထလည်း မရှိဘူး။
ဝင်ငွေနှင့် ထွက်ငွေ မျှတအောင်စားတယ်။
အကြွေးမတင်အောင် နေတယ်။
ကလေးတွေအဖေကလည်း အသောက်အစား လောင်းကစားကင်းတယ်။
ကွမ်းစားတာတစ်ခုပဲရှိတယ်။
သူရသမျှလခလေးကိုတစ်ပြားမကျန်အပ်တယ်။
ကျမက စျေးမှာရာသီပေါ်သီးနှံရောင်းတယ်။
သားသမီးနှစ်ယောက်နှင့် မိသားစုလေးယောက် စည်းကမ်းရှိရှိနှင့်စားတတ်တော့ အကြွေးကင်းတယ်။
ငွေပိုငွေလျှံကတော့များများစားစားမရှိဘူး။
အဆင်ပြေတယ်ဆိုရုံလေးပါပဲ။
ခုတော့သားသားက နိုင်ငံခြားသွားချင်တယ်ဆိုတော့ ကျမစုမဲထုတ်တုန်းက ဝယ်ထားတဲ့ဆွဲကြိုးလေးကို မျက်စေ့ကရောက်သွားရပြီ။
ဆွဲကြိုးကအမ်မ်စီကြိုးနှစ်ကျပ်သားခန့်ရှိတယ်။
လွန်ခဲ့တဲ့နှစ်များက ဝယ်ထားတာဆိုပေမယ့်ဆယ့်ငါးပဲရည်တင်ကိုဝယ်တာဆိုတော့ ရွှေရည်ကောင်းတယ်။
ရွှေရောင်ကအိနေတယ်။
ကြိုးကလည်းအကျစ်လုပ်ထားတာဆိုတော့ ခိုင်ခိုင်ခန့်ခန့်လေးပါ။
မိသားစုတစ်ခုလုံးမှာမှကျမနားမှာပန်ထားတဲ့နားကပ်လေးကလွဲရင်တစ်ခုထဲသော ဆွဲကြိုးပါ။
ကျမသိပ်မြတ်နိုးပါတယ်။
အမြဲမဝတ်ပါ။
အလှုအတန်းရှိမှရံဖန်ရံခါ ထုတ်ဝတ်သူပါ။
တနှစ်လုံးနေလို့တစ်ခါတောင်မဝတ်ဖြစ်တဲ့အခါတွေတောင်ရှိပါတယ်။
ကိုယ့်မှာရှိကိုယ်သိနေရင်ပြီးတာပဲလေဆိုပြီးပါ။
ကိုလှအေးက ဆိပ်ကမ်းမှာအလုပ်လုပ်တယ်။
ကိုလှအေးအမေနှင့် အမမိသားစုကအိမ်ရဲ့အပေါ်ထပ်မှာနေတယ်။
ကျမတို့က အိမ်အောက်ထပ်မှာနေတယ်။
အမေက အိမ်လခရယ်လို့တော့မယူပါဘူး။
ကျမတို့က အမေ့အတွက် လိုအပ်တဲ့ဆေးဘိုးကိုပေးတယ်။
စားချင်တဲ့အစားအသောက်ကိုဝယ်ပေးတယ်။
ကြုံရင်ကြုံသလို စားကောင်းသောက်ဖွယ်ချက်ပြုတ်ပေးတယ်။
အမေက ကျမတို့မိသားစုအပေါ်မှာကောင်းပါတယ်။
ဘာလေးပဲဝယ်ပေးဝယ်ပေး ပိုက်ဆံတွေသက်သက်အပိုကုန်တယ်…မဝယ်နဲ့..ငါမစားနိုင်ဘူး..ဆိုပြီး ငြင်းတယ်။
ကျမအမျိုးသား သူ့သားကိုလည်း အလွန်ချစ်တယ်။
ညမိုးချုပ်လို့ ကိုလှအေးအလုပ်ကနောက်ကျရင် ငါ့သားလေးခုထိမပြန်လာသေးဘူးလား..
နောက်ကျလှချည်လား..
ဆိုပြီးအိမ်အောက်ထပ်ကို ဆင်းလာပြီး လမ်းမဘက်ကိုတမျှော်မျှော်လုပ်တတ်ပါတယ်။
သားသမီးတွေအသက်ဘယ်လောက်ကြီးကြီး မိဘတွေရင်ထဲမှာတော့ ကလေးလို့ထင်နေသေးတယ်ထင်ပါရဲ့။
ကိုလှအေးကလည်း မနက်သူအလုပ်သွားခါနီးကျရင် ဘုရားရှစ်ခိုးပြီးအိမ်ပေါ်ထပ်က အမေ့ဆီကိုသွားကန်တော့တာ နေ့စဥ်ပါ။
တစ်ရက်မှပျက်ရက်မရှိ အမေအိုကို ရှစ်ခိုးဦးတင်ပြီးမှအလုပ်ကိုသွားလေ့ရှိသူပါ။
အမေကလည်း သူ့သားအလုပ်သွားတာကို အိမ်ပေါ်ထပ်ဝရန်တာကနေသူ့မြင်ကွင်းကပျောက်သွားတဲ့အထိမျက်စေ့တဆုံးရပ်ကြည့်နေသူပါ။
ကိုလှအေး ရဲ့အမကြီးမိသားစုမှာ သမီးနှစ်ယောက်ရှိတယ်။
အကြီးမကအိမ်ထောင်ကျနေပြီ။
သမီးကလေးတစ်ယောက်မွေးထားတယ်။
အမေက သူ့သားနှင့်သမီးကို အဝေးမှာမနေစေချင်ဘူး။
သူ့မျက်စေ့အောက်မှာပဲ နေစေတယ်။
ဒါလည်းတစ်မျိုးတော့ကောင်းပါတယ်လေ။
ကျမတို့အတွက် အိမ်လခရယ်လို့သီးသန့်မကုန်တော့ဘူးပေါ့။
အမေ့ကိုပေးရကျွေးရတယ်ဆိုတာကလည်း သူများတွေရဲ့အိမ်လခ တစ်ဝက်ဖိုးတောင်မရှိပါဘူး။
ပေအစိတ် ပေခြောက်ဆယ် အကျယ်ရှိတဲ့အိမ်မှာ ကျယ်ကျယ်ဝန်းဝန်းနှင့် စိတ်ကြိုက်နေရတယ်။
ခြံဝင်းကြီးကလည်း ကျယ်တယ်။
ဟိုးယခင်ထဲက ကျောက်စီရေတွင်းကြီးက ခုထိရေကကြည်လင်နေတုန်း။
စက်သီးကြိုးနှင့် ဆွဲရတယ်။
အဝီစိရေကိုစက်နဲ့မောင်းတင်တဲ့ရေလည်း ရှိတယ်။
အမေက ကျောက်စီရေတွင်းနက်နက်ထဲကရေကပိုချိုတယ်တဲ့။
ဒါကြောင့်သောက်ရေအဖြစ်အသုံးပြုတယ်။
ပတ်ဝန်းကျင်ကလူတွေကိုလည်းသောက်ရေဒါနပြုတယ်။
ပလပ်စတစ်ပုံးနှင့် လိုက်ရောင်းတဲ့ရေသန့်ကိုအမေက မသောက်လိုဘူး။
သူ့ဘဝတသက်လုံး ဒီကျောက်ရေတွင်းထဲကရေကို ဒီအတိုင်းမကျိုချက်ပဲအစိမ်းသောက်လာတာတဲ့။
ယခုကျမတို့နေတဲ့အိမ်ကြီးကလဲည်း တလိုင်းခေါင်နဲ့ဆောက်ထားတဲ့ ရှေးဟောင်းအိမ်ကြီးပါ။
မူလကတည်းက ဖောင်ဒေးရှင်းကို ကောင်းကောင်းချထားပြီး ရှေးဟောင်းအုတ်တွေလို့ဆိုရမလားပဲ။
ဘိလပ်မြေကိုများများနှင့်ဆောက်ထားတာမို့ အိမ်ကြီးဟာနှစ်တွေကြာမြင့်ခဲ့တာတောင် အက်ရာကွဲရာမရှိပဲ တောင့်တင်းခိုင်ခန့်လို့နေတယ်။
အောက်ထပ်ကိုသမံတလင်းအပြည့်ခင်းထားတယ်။
အပေါ်ထပ်မှာတော့ကျွန်းလျှာထိုးတွေကိုအပြည့်ခင်းထားပြီး ဝရန်တာ ပတ်လည်ကိုကျွန်းပွတ်လုံးတွေနဲ့ ရှေးခေတ်လက်ရာပုံစံဖြစ်တယ်။
ခြံကိုပိုင်းရောင်းဖို့အမေ့ကို သူများတွေကအကြံပေးကြတယ်။
အမေကလက်မခံဘူး။
ခေါင်းခါတယ်။
ခေါင်းလဲမာတယ်။
သူမသေသေးသ၍ဘယ်တော့မှဒီအိမ် ဒီမြေကိုအပိုင်းပိုင်း မရောင်းစားဘူးတဲ့။
သူ့သားသမီးတွေကို အပြည့်အဝပေးခဲ့ချင်ပါသတဲ့။
ကျမတို့ကတော့ ကောင်းတယ်ပြောရမလား။
မကောင်းဘူးပြောရမလားမသိတော့ပါ။
မိဘဖြစ်နေတော့ အမွေရသည်ဖြစ်စေမရသည်ဖြစ်စေ ကျွေးမွေးရမှာကျမတို့တာဝန်ပါ။
အရိပ်ခိုခွင့်ပေးနေတာကိုကကျေးဇူးတင်လှပါပြီ။
လူကြီးမိဘတစ်ယောက်အိမ်မှာရှိနေတာကို ကျမတို့ကကျေနပ်တယ်။
ဘယ်ကိစ္စမဆို တိုင်ပင်လို့ရတယ်။
ရှေးဟောင်းနှောင်းဖြစ်ပြောပြတယ်။
ကျမတို့မသိတာသိရတယ်။
အမေကသူဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကိုပြောပြတယ်။
သူ့ဘဝသူ့အကြောင်းတွေကို ယခုကျမတို့ကြုံတွေ့နေရတဲ့အရာတွေနှင့် နှိုင်းယှဥ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို သာဓကယူစေတယ်။
အမေကပြောပါတယ်။
ငါတို့က ခေတ်ပညာတော့မတတ်ပါဘူးအေ…
ဒါပေမယ့် အတွေ့အကြုံတွေကများခဲ့တော့ လောကဓာတ်ပညာမှာ ညည်းတို့ ပညာတတ်တွေထက်သာပါတယ်….
မနက်မိုးမလင်းခင်အိမ်ပေါ်ထပ်ဆီက အမေ့ရဲ့ဘုရားရှစ်ခိုးသံ ပဌာန်းရွတ်သံ တ္တောပို့အမျှဝေသံ ကြေးစည်သံတွေဟာ ကျမရဲ့စိတ်ကို ကြည်နူးစေတယ်။
နူးညံ့စေတယ်။
ကျမက မနက်စောစောအိပ်ယာကထပါတယ်။
စျေးမထွက်ခင်အိမ်သားတွေစားဖို့ကိုချက်ပြုတ်ထားခဲ့ရတယ်။
အိမ်အလုပ်တွေလုပ်နေရင်း
မေတ္တာသုတ်ကိုရွတ်နေတဲ့အမေ့အသံနှင့်အတူ ကျမပါလိုက်ဆိုမိနေတယ်။
စိတ်တွေဟာအေးချမ်းပြီးနေတယ်။
သနပ်ခါးကိုဖွေးနေအောင်လိမ်းထားပြီးမနက်ခင်းမှာတော့ အမေကငှက်ကလေးတွေအစာကျွေးဖို့ သူပြင်ဆင်ပြီ။
အိမ်အောက်ထပ်မှာ ကျမကသူဆွမ်းလောင်းဖို့ကိုအသင့်ချက်ပြုတ်ပေးထားခဲ့တယ်။
ကျမသမီးအငယ်လေးနှင့်အတူ အမေကဆွမ်းကြွတဲ့ဦးဇင်းတွေ ကိုရင်တွေကို ဆွမ်းလောင်းမယ်။
သစ်သီးတွေလည်းကျမ ပြင်ဆင်ပေးခဲ့တယ်။
ကျမမှာမိဘများမရှိကြတော့ပါဘူး။
ယောက်ခမပေမယ့်လည်း ကိုယ့်မိဘအရင်းကိုသဘောထားတယ်။
ကိုလှအေးအမကြီးတို့မိသားစုကတော့ အမေ့ကိုစောင့်ရှောက်ပါတယ်။
ဒါပေမယ့် အမကြီးအမျိုးသားက တခါတရံသောက်စားမူးယစ်ပါတယ်။
လူမှန်းမသိမူးလာတဲ့အခါမျိုးကျရင် အော်ကြီးဟစ်ကျယ်ရန်ဖြစ်သံကအိမ်အောက်ထပ်ကကြားရတယ်။
အမေစိတ်ညစ်နေမယ်ဆိုတာ ကျမတို့သိနေတယ်။
သားသမီးဆိုတော့ တစ်ခါတလေပဲလေဆိုတဲ့စိတ်မျိုးနဲ့အမေ နှလုံးသွင်းပြီးနေတာဖြစ်ပါလိမ့်မယ်။
အမကြီးက ရပ်ကွက်ထဲမှာ စျေးထဲမှာ ငွေတိုးပေးစားပါတယ်။
အမေက သူ့လုပ်ရပ်ကိုမကြိုက်ပါဘူး။
အမြဲဒေါသထွက်နေရတဲ့အလုပ်တဲ့။
ငွေရေးကြေးရေးကိစ္စတွေမို့ မျက်ကြောအမြဲရှုံ့နေရတယ်တဲ့။
ခေါင်းမကြည်လင်နိုင်ဘူး။
သွေးတိုးစေတယ်တဲ့။
တနေ့တနေ့ ဘယ်သူ့ဆီကအတိုးဘယ်လောက်ရမယ်။
ဟိုဘက်က ပိုက်ဆံမပေးလိုက်ရင် အော်ဟစ်သောင်းကျန်းလာလိုက်တာ အဆဲအဆိုက အိမ်ပေါက်ဝအထိအမျှင်တန်းလာတယ်။
ထမီတိုတို ခြေသံပြင်းပြင်း လူကလည်း ဒေါသတွေထွက်နှင့် ပူလောင်လိုက်တာလို့အမေကရေရွတ်တယ်။
ပိုက်ဆံလေအမေရဲ့ပိုက်ဆံ..
ဒေါသမထွက်ပဲနေမလား…
ယူတုန်းကတော့တစ်မျိုး..ပေးခါနီးကျတော့သေမလိုရှင်မလိုနဲ့..
စကားကြမ်းကြမ်းတွေက နားထဲမှာလျှံလို့နေပါတယ်။
ကျမတို့က စျေးမှာသာစျေးရောင်းတာပါ။
ဘယ်သူနှင့်မှရန်မဖြစ်ဖူးပါ။
ရောင်းနိုင်တဲ့စျေးရောင်းလိုက်တယ်။
မရနိုင်ရင်မရနိုင်ဘူးလို့ကောင်းကောင်းမွန်မွန်ပဲပြန်ပြောတယ်။
ပူလောင်တဲ့ဒေါသမျိုးကိုကျမ မနှစ်သက်ပါ။
ကိုလှအေးဆိုသည်မှာသာ၍ဆိုး။
ရေခဲတုံးများရဲ့အဖေပါ။
.
.
.
ဒီနေ့တော့ သားလေးက နိုင်ငံရပ်ခြားကိုသွားဖို့ ငွေလိုလာပြီလေ။
ကျမက သံသေတ္တာထဲမှာ သော့ခပ်ပြီးသိမ်းထားတဲ့ ဆွဲကြိုးကို ကိုလှအေးကိုပေးလိုက်တယ်။
ဒေါ်မြတို့အပေါင်ဆိုင်မှာသွားပေါင်ချေလို့။
ကျမစျေးထဲမှာ စျေးထွက်နေပြီ။
မနက်ဆယ်နာရီလောက်မှာတော့ သမီးငယ်ကမျက်နှာပျက်ပျက်နဲ့အပြေးတပိုင်းကျမဆီကို ရောက်လာတယ်။
အမေ..အမေ..လုပ်ပါဦး..
ဟိုမှာ..အဖေ ပြသနာတက်နေပြီ..
ဟဲ့..ဟဲ့..ဘာတုန်း..မိဖြူရယ်…ပြောစမ်း..
အဖေ့ကိုမနက်က အမေသွားပေါင်ခိုင်းတဲ့ဆွဲကြိုးက အတုတဲ့အမေ..
…ဘာ.,….အတုဟုတ်လား…ကြံကြီးစီရာ..မဟုတ်ကဟုတ်က…
ကျမလဲဆိုင်ကိုဒီအတိုင်းထားခဲ့ပြီးကိုလှအေးဆီကို လိုက်သွားခဲ့တယ်။
ဒေါ်မြတို့အိမ်ရောက်တော့ ကိုလှအေးက ကတုန်ကယင်နှင့်မျက်နှာမှာလည်း သွေးမရှိတော့ဘူး။
ဖြူရော်ဖတ်ရော်ဖြစ်နေပြီ။
မကြွေ ရေ ငါတို့ဆွဲကြိုးကအတုကြီးတဲ့ဟ..ဘယ်လိုဖြစ်တာတုန်း..
ဘာလို့အတုဖြစ်ရမှာလဲ..ဒီမှာဘောင်ချာ..ဘာကအတုလဲ…မဖြစ်နိုင်တာတွေ…
မကြွေ..နင်တို့ငါတို့ကပြောရမဲ့လူတွေ လိမ်ရမယ့်လူတွေမဟုတ်ဖူး..
နင့်ယောက်ခမနဲ့ငါတို့ဆိုတာ ရပ်ဆွေရပ်မျိုးတွေ..
ဆွေမျိုးစပ်ရင်တောင်တော်လို့ရသေးတယ်..
ငါတို့ကအရပ်ထဲမှာအပေါင်ခံစားလာတာရှေးပဝေသဏီထဲက..
ခုမှထလုပ်စားတာမဟုတ်ဖူး..
သူများဆီမှာဆိုရင်နင်တို့လုပ်ပေါက်ကရဲစခန်းရောက်ပြီ..
နင်တို့မှာဘာမှားနေလဲစဥ်းစား..ဟုတ်ပြီလား…
မှတ်ကျောက်တင်တဲ့စက်ကလဲ ကျမတို့ဆွဲကြိုးက အတုဆိုတာကိုသက်သေပြနေပြီ။
ကျမဆွဲကြိုးကိုခုမှသေချာကြည့်မိတယ်။
ချိတ်နေရာက ခပ်မည်းမည်းဖြစ်နေတယ်။
ဟုတ်ပါတယ်အတုပါ။
ကျိန်းသေအတုကြီးဖြစ်နေပြီ။
ကျမနှင့်ကိုလှအေး ခေါင်းငိုက်စိုက်ကျပြီးအိမ်ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ရုပ်သေးကြိုးပြတ်ထိုင်ချလိုက်တယ်။
ရင်ထဲမှာဟာတာတာကြီး။
အသဲနှလုံးတွေဘာတစ်ခုမှမရှိတော့သလိုခံစားလိုက်ရတယ်။
အမေက အိမ်ပေါ်ထပ်ကဆင်းလာတယ်။
ကျမတို့အဖြစ်အပျက်ကိုပြောပြတော့ မျက်လုံးအဝိုင်းသားနှင့်နားထောင်နေရှာတယ်။
ကျမကပြောရင်းမျက်ရည်ကကျလာတော့ အမေကလည်းဝဲလာတဲ့သူ့မျက်ဝန်းကမျက်ရည်တွေကိုအင်္ကျီလက်ဖျားလေးနဲ့တို့ကာတို့ကာလုပ်ပြီး အိမ်ပေါ်ထပ်ကိုပြန်တက်သွားတယ်။
ရပ်ကွက်ထဲမှာရော စျေးထဲမှာပါ ကျမတို့လင်မယားရွှေအတုပေါင်နှံတဲ့ကိစ္စက ဟိုးလေးတကြော်ကြော်နဲ့ဖြစ်နေပါပြီ။
လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီအကြောင်းတွေချည်းပြောနေကြတယ်။
အိမ်ရှေ့ကနေတီးတိုးတီးတိုးလုပ်ပြီး အိမ်ထဲကို ပေါ်ပေါ်ထင်ထင်တစ်မျိုး စောင်းငဲ့တစ်သွယ်လုပ်ပြီးကြည့်သွားကြပြီ။
ဘာတွေဖြစ်ကုန်တာလဲ။
အမေကမေးတယ်။
သေတ္တာထဲမှာသေချာသော့ခတ်သိမ်းထားတဲ့ ရွှေဆွဲကြိုးက အတုဖြစ်သွားတယ်ဆိုတော့ ဒီကိစ္စကမရိုးသားဘူး။
ဒီအိမ်မှာလူလေးယောက်ရှိတယ်။
ကိုလှအေးရယ်။
မကြွေရယ်။
သားနဲ့သမီးရယ်။
ဘယ်သူ့လက်ချက်လဲ။
အမေပြောကာမှပဲ ကျမလဲခေါင်းနပမ်းကြီးသွားပါတယ်။
ကျမကိုဘေးဖယ်ထားလိုက်။
ကိုလှအေး။
သူဘာအတွက်လုပ်သလဲ။
ဖောက်ပြန်နေသလား။
ကျမ မသိပဲမယားငယ်များရှိနေသလား။
ဟုတ်ပြီ။
ကျမသေချာစုံစမ်းရမယ်။
.
.
ကိုလှအေးဆိုသည်မှာလည်းကျမနှင့်အိမ်ထောင်ရက်သားကျကတည်းက မိန်းမကိစ္စဆိုတာယောင်လို့တောင်မကြားဖူးခဲ့ပါ။
ဒါအရင်တုန်းကရိုးသားမှု့လေ။
အခုမဟုတ်ဖူး။
ကျမသူ့အလုပ်က လက်လှမ်းမီရာကိုစုံစမ်းသမှု့ပြုတယ်။
တစ်အိမ်ထဲနေ တအိပ်ယာထဲအိပ်နေတဲ့ကိုယ့်ယောင်္ကျားအကြောင်းကိုတပါးသူတွေဆီမှာစုံစမ်းရတာသိက္ခာတွေလဲကျပါတယ်။
သူ့အထက်က လူကြီးဆီကိုလဲဥပါယ်တစ်မျှင်နည်းနှင့် စုံစမ်းဖို့ရောက်ခဲ့တယ်။
သူနှင့် အလုပ်တန်းတူတွေဆီကလည်း သံသယဖြစ်စရာတစ်စွန်းတစ်စမျှမကြားခဲ့ရပါ။
ယုတ်စွအဆုံး မိန်းမကိစ္စနှင့်ပတ်သက်ပြီးနောက်ပြောင်ကျီစယ်ခြင်းတောင်မရှိဘူးတဲ့။
ကျမ ကိုလှအေးနှင့် ပတ်သက်ပြီးလက်လျော့လိုက်ပါပြီ။
.
.
သားသားကအသက်နှစ်ဆယ်နီးနီးရှိပြီ။
သူရည်းစားသနာရှိနေပြီလား။
မူးယစ်ဆေးဝါးသုံးစွဲနေသလား။
ကျမ တစ်ခုခုတော့တိတိကျကျသိရမှဖြစ်မယ်။
သူ့ သူငယ်ချင်းတွေကို တဖက်လှည့်နှင့် မေးမြန်းကြည့်တယ်။
အိမ်မှာအတူနေကြတာဆိုတော့ သူ့အမူအယာကိုအကဲခတ်ကြည့်မိတယ်။
သားသားဟာပုံမှန်ပါပဲ။
ကျမသံသယစိတ်တွေများနေတာများလား။
သားသားကငယ်စဥ်ထဲက ကျမပေးသလောက်မုန့်ဖိုးကိုပဲယူတတ်သူပါ။
ပိုက်ဆံကိုအလွယ်တကူထားပေမယ့် သူကတစ်ကျပ်တစ်ပြားမှတောင်အမေ မသိအောင်မယူခဲ့ပါ။
သူပေါင်းသင်းတဲ့သူ့သူငယ်ချင်းတွေကလည်း လက်လုပ်လက်စားမိသားစုတွေရဲ့သားသမီးတွေပါ။
သူတို့ကိုယ်တိုင်လည်း ကျပန်းအလုပ်ကိုလုပ်ကိုင်ကြပြီး မိဘကိုကူညီထောက်ပံ့နေကြသူတွေပါ။
သမီးငယ်လေးကိုသံသယရှိနေဘို့ကျတော့လည်း သူကအခုမှခြောက်တန်းကျောင်းသူ။
ကျမလည်း ဥစ္စာရူးတစ်ယောက်လိုဖြစ်နေပါပြီ။
ဥစ္စာပစ္စည်းဆိုတာလူကို ပူလောင်စေတယ်ဆိုတာအမှန်ပါလား။
စျေးကိုလည်း ပုံမှန်မထွက်နိုင်ပါ။
တသက်လုံးရိုးသားလာသမျှ ရွှေအတုပေါင်တယ်ဆိုတဲ့ကိစ္စကြောင့်လူတွေရဲ့မျက်လုံးစိမ်းကိုခါးစီးပြီးခံနေရပါတယ်။
ကျမရဲ့ခန္ဒာကိုယ်ကလည်း တစ်ဝက်နီးနီးလောက်ပိန်ချုံးသွားပါတယ်။
ညဘက်ကိုအတွေးများပြီးအိပ်မပျော်တော့ပါဘူး။
အိပ်မပျော်တဲ့ရက်တွေများလာတော့အစားပျက်လာတယ်။
အအိပ်ပျက်အစားပျက်လာတော့ကျန်းမာရေးကိုထိခိုက်လာပါတယ်။
ကျမနှင့်ကိုလှအေးရဲ့ဆက်ဆံရေးကလဲအရင်လိုမဟုတ်တော့ပါဘူး။
သူ့ကို ကိုယ်မယုံ ကိုယ့်ကိုသူမယုံဆိုတဲ့အနေအထားမျိုးကိုရောက်လာတယ်။
ကျမတို့ရဲ့အခြေအနေကို သိလာတဲ့အမေက တနေ့တော့အိမ်အောက်ထပ်ကိုဆင်းလာပြီးစကားလာပြောတယ်။
မကြွေ..သမီးတို့ရဲ့သံသယတွေကိုအဆုံးသတ်လိုက်တော့သမီး…
သံသေတ္တာထဲမှာသော့ခတ်ပြီးသိမ်းထားတဲ့ဆွဲကြိုးကအတုဖြစ်သွားရတယ်ဆိုတာ အံ့သြစရာတော့ကောင်းတယ်…
သော့ကလဲသမီးခန္ဒာကိုယ်ကအင်္ကျီမှာချိတ်နဲ့ချိတ်ပြီးကိုယ်နဲ့မကွာထားတယ်..
တွေးစရာတွေကများသားသမီးရယ်..
သမီးကလည်းသမီးကိုယ်ပိုင်ပစ္စည်းကို အတုအယောင်လုပ်မှာမဟုတ်ဖူးလေ..
သမီးသေချာစဥ်းစားပါဦး…နောက်ဆုံးအကြိမ်ဘယ်တုန်းကထုတ်ဝတ်သလဲဆိုတာ…
အမေကပြောတော့မှကျမသတိရပြီးစဥ်းစားမိတယ်။
ကိုလှအေးအမက မင်္ဂလာဆောင်သွားချင်လို့ဆိုပြီးကျမဆီကလာငှားတယ်။
ဟုတ်တယ်ကျမမှတ်မိပြီ။
သုံးလေးရက်လောက်နေမှကျမကိုပြန်ပေးတယ်။
ကျမကမငှားလို့ကမဖြစ်ပြန်။
သူနှင့်ကျမကသမီးယောင်းမလေ။
ဆွေမျိုးအရင်းကြီး။တအိမ်ထဲနေကြတာ။
ရှိတာသိသိကြီးနှင့်မငှားပြန်ရင်လည်း အခက်။
ကျမက မတွန့်တိုတတ်သူပါ။
ငှားလိုက်ပါတယ်။
သူကလည်း မှန်မှန်ကန်ကန်ပြန်ပေးတယ်ဆိုပြီးလေ။
ခုတော့မှကျမ ကိုလှအေးရဲ့အမကြီးကိုဘယ်ပုံဘယ်နည်းနဲ့သွားမေးရမလဲ။
ကျမဘက်က ဘာသက်သေမှမရှိပဲခုနေသွားမေးလိုက်ရင် သူနှင့်ကျမသတ်ပွဲတွေလူကြားမကောင်းဖြစ်ကုန်ပါလိမ့်မယ်။
သူ့ကိုလည်းကျမ နည်းနည်းရှိန်ပါတယ်။
သူနှင့်ရန်လည်းဖက်မဖြစ်ရဲပါ။
သူ့ကိုထင်ယောင်ထင်မှားလောက်သာထင်နေတာကို သူ့ဘက်ကများသိသွားခဲ့ရင် ကျမဦးခေါင်းကိုအစိတ်စိတ်အမွှာမွှာကွဲသွားအောင်ရိုက်ခွဲပါလိမ့်မယ်။
ကျမစိတ်တွေကို တခဏငြိမ်သွားအောင်ချုပ်တည်းလိုက်ရပါတယ်။
နောက်ရက်များမှာစျေးကိုလဲပုံမှန်ပြန်ထွက်နေပါတယ်။
လူတွေဆိုသည်မှာလည်း ကဲ့ရဲ့ခုနစ်ရက် ချီးမွန်းခုနစ်ရက်မို့ အကြာကြီးသူများအကြောင်းကိုဖွဲ့နွဲ့ပြီးမပြောနေကြတော့ပါ။
ကျမလည်း အရာရာကိုသဘောပေါက်သွားပြီမို့ ရွှေဆွဲကြိုးအတုဇာတ်လမ်းကိုပြည်ဖုံးကားချလိုက်ပါပြီ။
.
.
နောက်ရက်များမှာတော့ ကိုလှအေးရဲ့အမကြီးက အိမ်ပေါ်ထပ်တက်တဲ့လှေကားကနေရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနှင့်ပြောဆိုသွားပါတယ်။
ငါတို့ကတသက်လုံးရိုးဂုဏ်နဲ့နေလာတာနော်..
ထင်ယောင်ထင်မှားတော့လာမလုပ်နဲ့…
အသက်ချင်းလဲပြစ်မယ်…
အမကြီးရဲ့သမီးအကြီးမ ကလေးအမေကလည်း မျက်နှာထားစူပုပ်ပုပ်နှင့် ခြေကိုဆောင့်ပြီး ရန်လိုဟန်ပြုတယ်။
ကျမသည်းခံပါတယ်။
ကျမမှာ ရွှေလဲဆုံး။
ရန်ပြုခြင်းလည်းခံရနဲ့ ဝဋ်ကြွေးကြီးလှပါတယ်။
အမကြီးက သူငှားဝတ်ဖူးထားတော့ ကျမကသူ့ကိုသံသယရှိနေတယ်လို့ ထင်မြင်နေပုံရတယ်။
ဒါကြောင့်ကျမကိုတမင်ရန်လုပ်နေတယ်ထင်ပ။
သူမှန်ကန်ရင် အနေသာကြီးပါ။
ရန်လုပ်စရာကိုမလိုတာ။
မမှန်ကန်လို့ရန်လုပ်နေတယ်လို့ ကျမယူဆလိုက်တယ်။
ကျမတို့အိမ်ထောင်ကျခါစတုန်းက
ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောင်းပြောကြရင်းအမေပြောဖူးခဲ့တဲ့စကားကိုကျမ သတိရလာတယ်။
မောင်လှအေးငယ်ငယ်တုန်းကလေ ပိုက်ဆံတစ်ကျပ်ပေးထားရင်သူ့မှာဘယ်တော့မှမကုန်ဘူးအကြွေရဲ့…
သိပ်နှမြောတာ..ညည်းကံကောင်းတယ်အကြွေ…
ငွေမသုံးတတ်တဲ့လှအေးကိုရတာ…
သူ့အမ မိအေးမေတို့များ ပိုက်ဆံပေးမလောက်အေ..
သူအပျိုအရွယ်လောက်တုန်းကပေါ့အေ….
မိဘဆင်ထားတဲ့လက်စွပ်ကိုရည်းစားခိုးပေးပြီးတော့ သူကအတုဝတ်ထားတာလား…
ငါကသိတော့သူ့ကိုသေအောင်ရိုက်တာ…
ဆွဲကြိုးဆင်ရင်ဆွဲကြိုးကိုတဆစ်စီဖြတ်ရောင်းစားတာ…
ဟိုတုန်းကယိုးဒယားဘတ်ကြိုးတွေကအဆစ်တွေနဲ့ဆက်ထားတာလေ….
အမေပြောဖူးခဲ့တဲ့စကားတွေကျမမှတ်မိလာတယ်။
တွေးလဲတွေးမိလာတယ်။
.
.
အမကြီးတို့သားအမိဟာကျမတို့မိသားစုကိုမြင်ရင်စောင်းမြောင်းပြောဆိုဆဲဆိုမြဲပါ။
မောင်နှင့်နှမ သားနှင့်အမိ နားထောင်ရန်မသင့်တော်တဲ့ မကြားဝံမနာသာ ဖရုသဝါစာ ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြောဆိုတယ်။
ခြံထဲကိုဝင်လိုက်တာနဲ့ ထမီကိုပေါင်လည်လောက်အထိမတင်ကာ မျက်နာသွင်ပြင်အမူအရာမှာလည်း ရုပ်ချည်းပြောင်းလဲလိုက်တယ်။
သူ့ဟန်ပန်က ဒေါသတကြီးနဲ့ခုန်အုပ်တော့မဲ့ ကျားရိုင်တစ်ကောင်ပမာဖြစ်နေတယ်။
အိမ်အပေါ်ထပ်ကိုအစွမ်းကုန်ခြေသံပြင်းပြင်းနဲ့ တက်သွားတဲ့အသံများကြောက်ခမန်းလိလိ မိုးခြိမ်းသံအလားပါ။
ကျမကတော့ ဂရုလည်းမမူတော့ပါဘူး။
ကလေးတွေကိုလည်းမှာထားတယ်။
ရှောင်နေလိုက်ပါ။
အရိပ်တောင်မမြင်စေနဲ့..လို့။
သူ့ဒေါသက အချိန်မရွေးအမေတို့မိသားစုအပေါ်မှာကျရောက်လာနိုင်တယ်။
သတိထားပြီးနေရမယ်…လို့။
ကျမတို့လည်း အလုပ်ကိုကိုယ်လုပ်နေကြပါပြီ။
ခြောက်လခန့်အကြာမှာတော့
အမကြီးရဲ့အမျိုးသားဟာအိမ်ရှေ့ကျောက်စည်မှာရေချိုးရင်း ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။
အမကြီးက ငိုရင်းသတိတွေလစ်တဲ့အထိဖြစ်သွားတယ်။
ကျမတို့လဲ သူပြောခဲ့ဆိုခဲ့တာတွေကိုအမှတ်မထားတော့ပဲ နာရေးဆိုတဲ့အသိနဲ့ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြတယ်။
နာရေးကိစ္စတွေပြီးလို့ သုံးလခန့်အကြာမှာတော့ အမကြီးကမျက်စေ့ခွဲရပါတယ်။
မျက်စေ့ခွဲထားတာကိုဆရာဝန်ကငြိမ်ငြိမ်နေဖို့အတန်တန်ပြောထားပါရက်နဲ့ အမကြီးက အကြွေးလည်တောင်းထွက်ပါတယ်။
ဒေါသတွေဖြစ်လာပါတယ်။
ရလာဒ်ကမျက်စေ့ချုပ်ရိုးမှာပြည်တည်ပြီးချုပ်ရိုးပြေသွားခဲ့တယ်။
ဆေးရုံမှာအဆင့်ဆင့်ကုသဘို့ပြသခဲ့သော်လည်း ကုမရတော့ပဲ မျက်လုံးတဖက်လုံးဝကွယ်သွားခဲ့တယ်။
မျက်ခွံပိတ်သွားခဲ့တယ်။
တဖက်ကိုလည်းသိပ်မကြာခင်ခွဲရမယ်လို့ပြောပါတယ်။
အမကြီးကအလွန်ကြောက်လန့်နေပါတယ်။
လူကလည်းအရိုးပေါ်အရေတင်ပြီးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတယ်။
မျက်လုံးဆိုတာ ဒုတိယအသက်မဟုတ်ပါလား။
ပထမတစ်လုံးကဒီလိုဖြစ်သွားတာဆိုတော့ ဒုတိယတစ်လုံးပါထပ်ခွဲလိုက်ရင် ပြန်ကောင်းနိုင်ပါ့မလားဆိုတဲ့သံသယကသူ့မှာဝင်နေပါပြီ။
ကျမတို့လည်းတတ်နိုင်သလောက်သူ့ကို ကူညီလုပ်ကိုင်ပေးတယ်။
စိတ်ခွန်အားလည်းပေးတယ်။
ဒီလိုနှင့် အမကြီးသမီးအကြီးမက ကျမတို့စျေးမှာ ရွှေရည်စိမ်လုပ်ငန်းလုပ်တဲ့ဆိုင်ဖွင့်ပါတယ်။
သူတို့သမီးလေးကလည်း နှစ်နှစ်ကျော်လောက်ရှိနေပါပြီ။
တစ်နေ့မှာတော့ကလေးမလေးက ရွှေရည်စိမ်ရာမှာအသုံးပြုတဲ့အက်စစ်ပုလင်းကိုရေအမှတ်နှင့်သောက်လိုက်ပါတယ်။
ကလေးအသက်ကိုမကယ်လိုက်နိုင်ပါဘူး။
ဆေးရုံပို့ဖို့အသွားလမ်းမှာပဲကလေးကအသက်ပျောက်သွားပါတယ်။
ကလေးရဲ့မိဘတွေဟာ သားသမီးဇောကပ်ပြီးစိတ်တွေဂဏာမငြိမ်တဲ့အထိဖြစ်သွားကြတယ်။
ကျမတို့မှာ သူတို့အဖြစ်တွေကိုကြည့်ပြီးရင်ကွဲပက်လက်ဖြစ်ရပါတယ်။
တစ်နှစ်ဆိုတဲ့အတွင်းမှာ အဖြစ်အပျက်တွေဟာပြောင်းလဲကုန်တာမြန်ဆန်လွန်းပါတယ်။
အမကြီးက မျက်လုံးဆုံးရှုံးရပြီးကတည်းက ဒေါသတွေဟာအရင်ကထက်ပိုကြီးလာပါတယ်။
သူနှင့်အတူနေတဲ့အမေက အိမ်အောက်ထပ်ကိုဆင်းလာပြီးကျမတို့နဲ့အတူလာနေတယ်။
ပူလောင်လွန်းတဲ့သူနှင့်အမေအတူမနေလိုဘူးတဲ့။
သူ့သမီးတစ်ယောက်နှင့်အမကြီးကအပေါ်ထပ်မှာကျန်နေခဲ့တယ်။
စိတ်တိုင်းမကျတိုင်း အနားကရှိတာတွေနှင့်ကောက်ပေါက် ဆဲရေး
တိုင်းထွာနေပါတယ်။
ဒီအတိုင်းဆိုရင်တော့သူ့ကိုစောင့်ရှောက်ပေးနေတဲ့သမီးလည်း မကြာခင်သူ့ချစ်သူနောက်ကောက်ကောက်ပါအောင်လိုက်သွားပါလိမ့်မယ်။
အမေကသူမွေးထားတဲ့သားသမီးတွေမှာ ဘယ်သူကဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာကိုအကြွင်းမဲ့လုံးဝသိပါတယ်။
ကျမကိုလည်းအမေက အတော်လေးအားနာနေပါတယ်။
ကျမကို ဖွင့်သာမပြောတာပါ။
ကျမကလည်း မသိချင်ယောင်ဆောင်ပြီးအလိုက်သင့်လေးပဲနေလိုက်ပါတော့တယ်။
ဆုံးရှုံးခဲ့ပြီးပြီ။
ထပ်ပြီးမပူလောင်ချင်တော့ပါ။
နှစ်ခါရှုံးတဲ့အလုပ်မျိုးကို ကျမ မနှစ်မြို့ပါ။
အမေကတော့ မနက်တိုင်းကျမနှင့်အတူဘုရားဝတ်ပြုနေပြီ။
ထုံးစံအတိုင်းငှက်ကလေးတွေအစာကျွေးဖို့သူပြင်ဆင်ပြီ။
သံဃာတော်တွေကိုဆွမ်းလောင်းဖို့ကျမအဆင်သင့်လုပ်ပေးထားခဲ့တယ်။
အမေက ကျမကိုပြောတယ်။
သူတပါးဥစ္စာကိုမတော်လောဘမဖြစ်စေနှင့်…
စိတ်ထားကောင်းရင်ကံကောင်းတယ်သမီး…
စိတ်ထားမကောင်းရင်မတော်လောဘဖြစ်ရင်ဝဋ်ကသူ့အလုပ်သူလုပ်သွားလိမ့်မယ်…
တားမရဘူး…တဲ့။
.
.
.
#လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။
#ခင်လှမြတ်ခိုင်