———————

*ဘာပြောတယ်ဆွေဆွေ..
ငါတို့မိသားစုကို မထောက်ပံ့ပါဘူးလို့
ကတိပေးမှ .. နင့်ရည်းစားက နင့်ကို
လက်ထပ်နိုင်မယ်..ဟုတ်လား..*

ကိုချစ်ဖေ၏အသံက
မာကျောသွားသည်လား၊တုန်ရီနေသည်လား
သူ့ဟာသူလည်း မဝေခွဲမိခဲ့ပါ။
ရင်ထဲ နင့်သွားသည်ကတော့အမှန်။
သူ၏တစ်ဦးတည်းသော ညီမလေးဆွေဆွေ၊
မိဘတွေ မျက်ကွယ်ပြုသွားခဲ့ချိန်က
လူမမယ်အရွယ်လေးသာ ရှိသေးသော
ညီမလေး။ ဒီညီမလေးကို လူပျိုပေါက်
အရွယ် မောင်ချစ်ဖေလေးဘဝကတည်းက
စောင့်ရှောက်မွေးမြူလာခဲ့ရသည်။
အချိန်တန်လို့ သူအိမ်ထောင်ကျတော့လည်း
ဆွေဆွေအားကိုယ့်ညီမအရင်းလိုပဲသဘော
ထားပါရန် ဇနီး မဝင်းမေကို အတန်တန်
တောင်းဆိုမိခဲ့သည်။
ဆွေဆွေ ဆယ်တန်းအောင်တဲ့နှစ်မှာတော့
ကိုချစ်ဖေအလုပ်အကိုင်အဆင်မပြေခဲ့။
သားသမီး ၃ ယောက်နှင့် ဖတ်သီဖတ်သီ
ဖြစ်နေချိန်။ ဒီလိုအခြေအနေမှာတောင်
သူ့ညီမကို တက္ကသိုလ်တက်ဖို့ ကိုချစ်ဖေ
ဇွတ်စီစဥ်ခဲ့သည့်အတွက် မဝင်းမေ
စိတ်ကွက်ခဲ့ရသည်။ တက္ကသိုလ်တက်မှ
သူ့ညီမ အဆင့်အတန်းမြင့်မည်ဆိုသော
တဇွတ်ထိုးရည်ရွယ်ချက်နှင့် ရောက်အောင်
ပို့ခဲ့သည့်အတွက် ဒုက္ခတွေကိုခါးစည်းခံရင်း
မဝင်းမေ အောင့်ခံခဲ့ရသည်။ဒါကို ကိုချစ်ဖေ
သိပေမင့် ညီမအတွက် ဆိုသည့် အတ္တကို
ရှေ့တန်းတင်ထားခဲ့မိသည်။ သူ့ညီမကတော့
ဘွဲ့မရခင် ရည်းစားရသွားခဲ့သည်။
သူ့ရည်းစားက ချမ်းသာသောအသိုင်းအဝိုင်း
ကဖြစ်ပြီး ကံကောင်းချင်တော့ ဆွေဆွေ့ကို
အလွန်အမင်း ချစ်သူဖြစ်နေသည်။
ခုတော့ ညီမဖြစ်သူက ဒီစကား ပြောလာ
ပါပေါ့လား ။ ကိုချစ်ဖေ၏ အမေးစကားကို
ဆွေဆွေတစ်ယောက် မျက်ရည်လည်ရွဲနှင့်
ငိုယိုရင်း ပြန်ဖြေသည်။

*ဟုတ်တယ်အစ်ကို..သူ့အမေကြီးကပြော
တာတဲ့လေ..ညီမလေးတို့ ချစ်ခြင်းကို
မခွဲပါဘူးတဲ့..ဒါပေမဲ့ ညီမလေးတို့ မိသားစု
က ချို့ငဲ့တော့ တစ်ခါထောက်ပံ့မိရင်
အစရှိ အနောင်နောင် ဆိုသလို ဖြစ်လာ
လိမ့်မယ်တဲ့.. ကြာရင် ပြဿနာဖြစ်လာမှာမို့
ခုရှုပ်မှနောင်ရှင်း ဆိုပြီး ညီမလေးဆီက
အဲဒီ ကတိကို တောင်းခိုင်းတာတဲ့လေ *

*ဒီတော့ ညီမလေးက ဘာပြန်ပြောလိုက်
သလဲ*

*ပြန်ပြောစရာ တခြားဘာရှိသလဲ အစ်ကို..
အဲဒီကတိကို ညီမလေး မပေးနိုင်ဘူး..
ညီမလေးကို အနစ်နာခံပြီး လူတစ်လုံး
သူတစ်လုံး ဖြစ်အောင် စောင့်ရှောက်ခဲ့တဲ့
အစ်ကို့ကို ညီမလေးတစ်လှည့်ပြန်ပံ့ပိုးရမှာ
ပေါ့.. ကိုယ့်မိသားစုကိုဥပက္ခာပြုပြီး
ညီမလေးဘဝကောင်းစားဖို့ကိုရွေးလိုက်ရင်
ခွေးတစ်ကောင်လောက်တောင် ကျေးဇူး
မသိတဲ့သူ ဖြစ်သွားမှာပေါ့အစ်ကို*

*မိုက်လိုက်တာဆွေဆွေရယ်.. ငါ နင့်ကို
ပြုစုပျိုးထောင်ခဲ့တာ ငါ့ကိုပြန်ထောက်ပံ့
နိုင်ပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့မှ
မဟုတ်တာဟဲ့..ငါ့မှာ သားသမီး ၃ယောက်
ဆိုပေမဲ့ နင့်ကိုလည်း ငါ့သမီးလို့ပဲ
သတ်မှတ်ထားတယ်.. ငါက နင့်အဖေပဲ..
ငါ့သားသမီးတွေဘဝ မြင့်မားဖို့ ဖအေ
တစ်ယောက်အနေနဲ့ တာဝန်ရှိတယ်..
အခု နင့်ဘဝ မြင့်မားဖို့ ဖြစ်လာပြီ..
နင့်ယောက္ခမလောင်းကြီးက သဘောမတူ
ရင် ဒီစကားပြောစရာ အကြောင်းကို မရှိ
ဘူး..သူတောင်းဆိုတာ သူ့ဘက်က မလွန်
ဘူးဟ..ငါကလည်း လျှာပေါ် မြက်ပေါက်
ပါစေ..သူများဆီက အထောက်အပံ့ကို
ယောင်လို့တောင် မမျှော်ဘူး..ဒီတော့
ဘာပြဿနာမှ မရှိဘူးလေ ညီမလေးရယ်
နင် ချမ်းချမ်းသာသာနေရရင် အစ်ကို
တစ်ယောက်အနေနဲ့ ငါ ရင်အေးရပြီဟ
တောင်တောင်အီအီတွေးမနေနဲ့..
သူတောင်းတဲ့ ကတိကို ပေးသာပေးလိုက်*

( ၂ )
ဆွေဆွေ အတိုက်အခံလုပ်ပြီး ငြင်းသည့်
ကြားက ကိုချစ်ဖေ မလျှော့တန်းတိုက်တွန်း
ခဲ့သည့်အတွက် အဆုံးတွင် ချစ်သူ တောင်း
သည့် ကတိကိုပေးပြီး ယောင်နောက်ဆံထုံး
ပါ ခဲ့ရသည်ပေါ့။
ချမ်းသာသည့် အသိုင်းအဝိုင်းတွင် ဆွေဆွေ
တစ်ယောက် မိသားစု၏ ဆည်းလည်း
ကလေးဖြစ်လာခဲ့ပါသည်။ ယောက်ျား
မဆိုထားနှင့် ယောက္ခမကြီးကပါ သမီး
သမီးနှင့် ပါးစပ်ဖျားက မချပါ။ မိတ်သင်္ဂဟ
များကိုလည်း ချွေးမအလိမ္မာလေးရထား
ကြောင်း ကြွားရတာ အမော။
ဒါပေမဲ့ ဆွေဆွေ စိတ်မချမ်းသာခဲ့ပါ။

( ၃ )
*အစ်ကို .. အဆင်ပြေရဲ့လား .. ကြည့်ရတာ
အစ်ကိုတို့ ခက်ခဲနေပုံပဲ..*

*ဟာ ညီမလေးရယ် .. ခက်ခဲတယ်ထင်ရ
အောင် နင်က ဘာကြည့်ပြီးထင်တာလဲ..
ပြေပါတယ်ဟ..*

ဒီမှာတင် မဝင်းမေက

*မိဆွေရေ .. နင့်အစ်ကိုကတော့ ပြောလိုက်
ရင် ပြေတယ်ဆိုတာချည့်ပဲ .. အခုခေတ်ပေါ်
ကားတွေကကွန်ပြူတာစနစ်နဲ့လုပ်ထားတာ
ချည့်ပဲ..နင့်အစ်ကိုက ကားပြင်စားပေမဲ့
အဲဒါတွေကျတော့ နားမလည်တော့ဘူးလေ
ဒီတော့ ကွန်ပြူတာမပါတဲ့ လက်ကျန်ကား
ဟောင်း ကားစုတ်ကလေးတွေကိုပဲ
မရ တမော် ရ တမော် မျှော်ပြီး ပြင်စား
နေရတဲ့ဘဝပဲအေ..ပြေ၏ မပြေ၏
ညည်းသာ စဥ်းစားကြည့်တော့*

*ဖြစ်ရလေ အစ်ကိုရယ် ..ကဲ နောင်မှ
တစ်မျိုးစဥ်းစားကြတာပေါ့ ..
ခုလောလောဆယ် ညီမလေးမှာ ပိုက်ဆံ
တော့ မျာများစားစား မပါဘူး..ဒီလက်စွပ်
လေးကို ယူထားလိုက်.. အမ ဝင်းမေ..
ဒါလေးကိုရောင်းပြီး လိုတာလေး သုံးနှင့်..
နောက်မှ ညီမ ထပ်စဥ်းစားမယ်*

*မယူရဘူးဝင်းမေ..*
ကျားဟိန်းသံထက်ပြင်းထန်သောလေသံ
ဖြင့်ကိုချစ်ဖေ ဒေါသတကြီးဟန့်တားလိုက်
သည်။
ယူရန်ပြင်လိုက်သော မဝင်းမေ
လက်တွန့်သွားသည်။

*ဒီမှာဆွေဆွေ.. ငါ သူတောင်းစား မဟုတ်
ဘူး..အိမ်ထောင်ဦးစီး ယောက်ျား ..
ငါ့မိသားစုကို ငါ ဖြစ်အောင်ရှာကြွေးမယ်..
ဘဟ်သူ့အထောက်အပံ့မှ ငါမယူဘူး..
အေး..နင်ကလဲ ငါ့ညီမပီပီ ..ပေးထားတဲ့
ကတိကို တန်ဘိုးထားပါ..ဖြစ်ချင်တာလေး
ဖြစ်အောင် ကတိကိုလွယ်လွယ်ပေးခဲ့ပြီးမှ
ဖြစ်လဲပြီးရော ကတိကိုဖောက်ဖျက်တာ
နင်မရှက်ဘူးလားဆွေဆွေ ဟင် နင်
မရှက်ဘူးလား*

ဆွေတစ်ယောက် ပြန်ပြောစရာ စကား
မရှိပါ။ ရှိုက်ကြီးတစ်ငင် ငိုချလိုက်ခြင်းက
သာ သူ၏ ထွက်ပေါက်ဖြစ်ရချေသည်
တကား။

( ၄ )
*ဘာပြောတယ် .. ငါ့ညီမလေးရဲ့
ကျောက်ကပ်က ပျက်စီးနေပြီ ..ဟုတ်လား*

*ဟုတ်ပါတယ်အစ်ကို..ကျောက်ကပ်ကို
အစားထိုးကုသမှ အသက်ရှင်ဖို့ မျှော်လင့်
ချက်ရှိတော့မှာ*

ဆွေဆွေ့ခင်ပွန်းက လာပြော၍ ကိုချစ်ဖေ
စိုးရိမ်တကြီးပြန်မေးလိုက်ခြင်းဖြစ်၏။

*ဒါများကွာ ခုမှ လာပြောရသလား*

*ကျွန်တော်တို့လဲ ကြိုးစားကုနေရတာမို့
ခုမှ လာပြောဖြစ်တာပါ..ကျွန်တော်ရော
ကျွန်တော့်ပတ်ဝန်းကျင်မှာပါ ဆွေဆွေ့
အတွက် အစားထိုးလို့ရမဲ့ ကျောက်ကပ်
အမျိုးအစား ရှာကြပါသေးတယ်..မရတဲ့
အဆုံးမို့ အစ်ကို့ဆီကို အကူအညီလာ
တောင်းတာပါ*

ဒီမှာတင် မဝင်းမေက

*ဖြစ်မှဖြစ်ရလေဟယ်..ငါတို့နဲ့ ကင်းအောင်
နေပါဆိုတဲ့သူတွေက ခုကျတော့ အကူအညီ
တောင်းသတဲ့လား..*

*ဝင်းမေ..မင်းပါးစပ်ကို ပိတ်ထားစမ်း..
ကဲဟေ့ကောင်..
ငါ့ညီမအတွက် ကျောက်ကပ် ကို ငါလှူလို့
ရမလား..*

*အို! ကိုချစ်ဖေ..ရှင့်ကျောက်ကပ်ကို
ထုတ်ရင် ရှင်သေသွားမှာပေါ့*

*ဒါက ဒီလိုရှိပါတယ် အစ်မရယ်..
လူတစ်ယောက်မှာ ကျောက်ကပ် နှစ်လုံး
ရှိပါတယ်..ထုတ်ရင် တစ်လုံးပဲ ထုတ်မှာပါ
ကျန်တဲ့တစ်လုံးနဲ့ ကောင်းကောင်းအသက်
ရှင်နိုင်ပါတယ် ..အစ်ကို့ ကျောက်ကပ်နဲ့အစားထိုးလို့ ရ မရ ဆိုတာကလဲ စစ်ဆေးမှု
တွေ အများကြီးလုပ်ရဦးမှာပါ*

*ကဲ ပြောနေရင်ကြာတယ်ကွာ စစ်မှာဆိုလဲ
မြန်မြန်စစ်ရအောင်..ငါ ခုလိုက်ခဲ့မယ်..ခန
စောင့်..အင်္ကျီလဲလိုက်ဦးမယ်*

ပြောပြောဆိုဆို ထသွားသော ကိုချစ်ဖေ
နောက်သို့ မဝင်းမေ ပျာပျာသလဲလိုက်လာ
ပြီး

*ကိုချစ်ဖေ ရှင်ဘယ်လိုဖြစ်နေတာလဲ
ရှင်သေသွားရင် ကျုပ်တို့ ဘယ်သူ့ အားကိုး
ရမှာလဲ*

*မင်းလဲ အတော်ခက်တာပဲကွာ မသေပါဘူး
လို့ပြောနေတဲ့ဥစ္စာ*

*ဟင်း.. ကျလောက်ပါရဲ့တော်..ပစ်ထား
တုန်းကတော့ ပစ်ထားကြတယ်..သေဘေး
ကြုံမှ အားကိုးသလေးဘာလေးနဲ့
ဘာများကျေးဇူးရှိလို့လဲ ကိုချစ်ဖေရယ်*

*ဟာ..ဝင်းမေ မင်းဘယ်လိုပြောလိုက်တာ
လဲ..အဲဒါ ငါ့ညီမ အရင်း.. တစ်အူတုံဆင်း
ညီမ အရင်းကွ..ငါတို့အမေရဲ့ ဝမ်းဗိုက်
ထဲမှာနေခဲ့ဘူးတဲ့သူဆိုလို့ ဒီကမ္ဘာလောက
ကြီးထဲမှာ သူနဲ့ငါပဲ ရှားရှားပါးပါးရှိတယ်
ဝင်းမေ..တစ်အူတုံဆင်းညီမအရင်းမို့
သူကောင်းကောင်း ဆိုးဆိုး ငါထည့်မတွက်
နိုင်ဘူး..သူ့အတွက်ငါ ပေးမယ်ဝင်းမေ
ပေးကိုပေးရမယ်*

*မဝင်းမေ အံ့သြချိန်မရလိုက်ပါ။
ဆွေဆွေ့ယောက်ျားထံ ဖုန်းဝင်လာ၍ဖြစ်၏။

*ဗျာ !! ဆုံးပြီးဟုတ်လား ..ဟာ ! *

ကိုချစ်ဖေ ရပ်နေရာမှ ဒူးကျိုးကျသွားခဲ့
လေသည်တကား။

နိုင်ဝင်း(မင်းဥက္ကာ)