“တပွဲစား ချမ်းငြိမ်း”
•••••••••••••••••••••••••
#ဝင်းသူရ

“သင်းကြိုင် မကျင်သိန်းတို့အိမ်မှာ အရက်တပိုင်း သွားယူထား”

ကိုချမ်းငြိမ်းသည် နှင်းစင်အောက်မှာ ဒိုင်းဝင်းဟောင်းတလက်ကို ဖာထေးနေရာမှ လှမ်းပြောလိုက်၏။အိမ်မ ဆင့်ပေါ်၌ ဇနီးဖြစ်သူ မသင်းကြိုင်မှာ ကလေး အင်္ကျီအစုတ်အပြဲများကို ချုပ်နေသည်။

“ရှင်ကလဲတော် ကိုယ့်ဟာကိုယ် သေချာအောင်များလုပ်စမ်းပါအုံးတော့်။ ဒိုင်းဝင်းက ဒီနေ့ပြင်လို့ ပြီးမလား။ ဆောက်ဖြစ်မှ ကျောင်းတကာ ဖြစ်မယ့်ဟာ မသွားဖြစ်ရင် အလကားသက်သက် ကြွေးတင်နေမယ်”

ကိုချမ်းငြိမ်းသည် ဇာချည်အသစ်နှင့် ပိုက်ကွက် အပေါက်များကို အစားထိုး တုပ်နှောင်နေရာမှ ခေါင်း တချက်မော် ကြည့်လိုက်၏။

“ခု မွန်းမတည့်သေးဘူး မှတ်လား။ ခဏနေ ပြီးတော့မှာဟ၊ မွန်းတိမ်းရင် သွားလို့ရပြီ”

ကိုချမ်းငြိမ်းက ဇနီးသည် မသင်းကြိုင်ကို ဒုတိယမ္ပိ
လောဆော်လိုက်ပြန်သည်။ ပါးစပ်ကသာ လောရုံ မဟုတ်။ နိုင်လွန်ချည်နှင့် အုတ်စီတို့ကိုကိုင်ထားသည့် သူ့လက်နှစ်ဖက်ကလည်း သွက်လက်စွာ လှုပ်ရှားနေပေသည်။

နံနက်စာစားပြီးချိန်မှ ယခု မွန်းတည့်လုချိန်အထိ ကိုချမ်းငြိမ်း မနားမနေ လုပ်ကိုင်နေ၏။ မိုးနှင့်ဆောင်း၌ ဖန်တရာတေနေအောင် ကိုင်တွယ်အသုံးပြုခဲ့သည့် ကွန်ထောင်၊ ကွင်းတားပိုက်နှင့် လက်ပစ်ကွန်တို့ကို ယခုမှတဖန် ပြန်လည်မွမ်းမံရ၏။ ဖာသင့်တာဖာ၊ အစားထိုးတန်ထိုး လုပ်နေရသည်။ တမနက်စာလုံး အားတက်သရောလုပ်ခဲ့သဖြင့် ယခု ပြီးစီးလုပြီ။ ဒိုင်းဝင်းဖာသည့် အသေးအဖွဲ့ အလုပ်ကလေး လောက်သာ ကျန်တော့သည်မဟုတ်ပါလား။

မသင်းကြိုင်က အပ်ချုပ်နေရာမှ ခင်ပွန်းသည်ကို မျက်စောင်းတချက် လှမ်းချိတ်လိုက်၏။နှစ်ပေါင်း ၂ ၀- မျှ ပေါင်းသင်းခဲ့သည့် ယောက်ျားမို့ ကိုချမ်းငြိမ်း အကြောင်း သိထားပြီးဖြစ်သည်။ အလုပ်လုပ်ရာတွင် အမြဲတစေ ရှေ့လောကြီးတတ်သည့် အကျင့်က ကိုချမ်းငြိမ်း၏ မွေးရာပါဝသီလို ဖြစ်နေ၏။

ပတ်ဝန်းကျင်ကမူ ကိုချမ်းငြိမ်းတယောက် ဝီရိယ ကောင်းလှသည်ဟု ဝေဖန်လေ့ ရှိ၏။သို့ပေမင့် မသင်းကြိုင် ဤဝသီကို မကြိုက်။

အလုပ်အပေါ်တွင် ဤမျှ စိတ်စွဲလမ်းမှုထားသဖြင့်
ငြီးငွေ့ဖွယ် ကောင်းသည်ဟု ယူဆ၏။ အသက်တို သည်ဟု လူကြီးများ ဆိုစမှတ်ပြုခဲ့သည်မဟုတ်ပါလား။

မသင်းကြိုင်သည် အဝတ်ဟောင်း ဖာထေးသည့် အလုပ်ကို လက်စသိမ်းလိုက်၏။ တစုံတရာ စောဒက ထပ်မတက်တော့ဘဲ ပုဆိုးဟောင်းတထည် ခေါင်းပေါ် တင်လျက် အိမ်ရှေ့လမ်းမထွက်ခဲ့၏။ ဗူးဆို ဖရုံမသီးတတ်သော ဤလို လူစားမျိုးကို ပြန်ပြောနေ၍လည်း လေကုန်ရုံဘဲဟု မသင်းကြိုင် ကောက်ချက်ချထားပြီး ဖြစ်၏။ ရွာစွန်ဖက်ရှိ မကျင်သိန်းအိမ်ဆီသို့ တချိုးတည်း လျှောက်နေမိသည်။

ကိုချမ်းငြိမ်းသည် ဇနီးသည်ထွက်သွားရာ ရွာလယ် လမ်းမဆီသို့ တချက်လှမ်းကြည့်လိုက်၏။

နွေနေက ပူလောင်လှသည်။ “နေ့ပူလို့ညချမ်း တပေါင်းလသရမ်း” ဟူသော စာမျိုးကလေးအတိုင်း ရက်ရက်စက်စက် ပူပြင်းလှသည့် တပေါင်းနေ ဖြစ်သည်။

ကိုချမ်းငြိမ်းတို့နေထိုင်ရာ အလန်းမလွတ် ရွာမကြီး ၏ အရှေ့ဖက်အစွန်ရှိ ကျုံကနိုးပိုင်းရွာရှိ သစ်တန်း ကလေးမှာ သစ်ကြီးဝါးကြီး အရိပ်အာဝါသ မရှိ။ ကုတ်ကိုပင်တန်းကလေးမှာ ယခုလိုနွေကာလ၌ ရော် ရွက်ဝါ မြေခကုန်ပြီဖြစ်၍ အရိုးပြိုင်းပြိုင်း ကျနေ၏။ တပေါင်းလမှာရွက်ဟောင်းကြွေလျက် တန်ခူး ကဆုန် မှ ရွက်သစ်ဝေလာမည် ဖြစ်သည်။ ယင်းသို့ တစုံတရာ အကွယ်အကာမရှိ၍လည်း ပိုမို ပူလောင်လှပေသည်။

လေရူးတချက် ဝေ့ကနဲ တိုက်ခတ်လာ၏။ ပူလောင် သော နေရှိန်တံလျှပ်များကို ဖြတ်သန်းလာရသဖြင့် လေသည် လေပူကြီးပင် ဖြစ်နေလေသည်။ ထိုအခိုက် ရွာလယ်ဘုန်းတော်ကြီးကျောင်းမှ မွန်းတည့် ၁၂-နာရီ သံချောင်းခေါက်သံ ပေါ်ထွက်လာ၏။

ကိုချမ်းငြိမ်းသည် ဒိုင်းဝင်းဖာသည့် အလုပ်ကို လက်စသတ်လိုက်၏။ တဆက်တည်းမှာပင် ချောင်းထဲ ဆင်းလျှင် ယူသွားရမည့် လက်နက်ကိုရိယာတို့ကို ခပ် သွက်သွက် ပြင်ဆင်နေမိသည်။ ငါးထိုးစူး၊ ဆောက်ဓား၊ ဒိုင်းဝင်း၊ ကွန်ထောင်၊ ဝါးယင်းလိပ် စသည့် တံငါအသုံးအဆောင်တို့ကို ရေဆိပ်ရှိလှေထဲသို့သယ် နေ၏။

“ဟဲ့ စိန်မ ရေနွေး မဆူသေးဘူးလား … ထားခဲ့၊ ငါ မီးထိုးထားလိုက်မယ်။ နင့်မောင်ငဖြိုးကို လိုက်ခေါ်စမ်း။ ရွာမထဲဘဲ သွားသလား၊ စွာကြီး အုန်းမောင်တို့ ကန္နားဖျင်းမှာဘဲ ရှိမလားဘဲ”

ကိုချမ်းငြိမ်းသည် အလုပ်လုပ်နေရင်းမှပင် ယနေ့ အဖို့ လှေပဲ့ကိုင်လုပ်ရန်နှင့် ဝိုင်းဝန်းကူညီပေးရန် လိုအပ်သည့် သားငယ်ငဖြိုးအတွက် မမေလျော့တတ် ပေ။ မီးဖိုခန်းထဲမှာ ရှိနေသည့် သမီးကြီး စိန်မ ရှိရာသို့ လှမ်းပြောလိုက်သေးသည်။ စိန်မသည် အိမ်ရှေ့ဖက်သို့ တဆက်တည်း ထွက်သွား၏။

ကြိုတင်ပြင်ဆင်မှ ပြီးစီးသွားမှ ကိုချမ်းငြိမ်း နားချိန် ရတော့၏။ ရွှေဖီခြောက်ခပ်ကျကျကလေး ခတ်ထား သည့် အဖန်ရည်တခွက်ပြီးတခွက် မှုတ်သောက်နေမိ၏။ သူအလွန်ကြိုက်သော မစိန်ညွန့်ဆေးမှုန့်စက္ကူပတ်လိပ်ကလေးကိုလည်း ပါးစပ်မှာ ခဲထားလိုက်သေးသည်။ ယခုချိန်ထိ အရက်သွားယူသည့် ဇနီးသည် ပေါ်မလာသေး။ သားဖြစ်သူ၏ အရိပ်အရောင် ကိုလည်း မတွေ့မြင်ရသေးပါချေ။

“အင်း သားတွေ သမီးတွေ”

ကိုချမ်းငြိမ်း နှုတ်မှ ပွင့်ထွက်မလာသော်လည်း ရင်ထဲမှာအပြည့် ခံစားနေရ၏။

“သားရယ် သမီးရယ် လောကကြီးအလယ် သောကမီးကြွယ် ဘဝတိုက်ပွဲ အနိုင်ယူရဲရမယ်” ဆိုသည့် ဓာတ်ပြားသီချင်းသွားကလေးကိုပင် ကိုချမ်းငြိမ်း ပြေး၍ သတိရလိုက်မိ၏။

“အဖေ….လပြည့်နေ့ည မမိုးသူ ဘုရားပွဲမှာ ရန်ကုန် အငြိမ့် သွားကြည့်မယ်”

လွန်ခဲ့သော ၂ -ရက်ခန့်က အငယ်ဆုံးသား နီလွင် ၏ ပြောစကားကို ကိုချမ်းငြိမ်း နားထဲမှာ စွဲနေ၏။ သမီးကြီး စိန်မ၊ ငတိုးနှင့် ငဖြိုးတို့ ညီအကိုကလည်း ဖွင့်ဟ၍ မပူဆာကြသည့်တိုင် ပွဲသွားချင်ကြသည့် အမူအရာ ပြနေ၏။

“ပွဲသွားဖို့ ဂါဝန် လှလှလေး ချုပ်ပေးနော်”

နီလွင်အထက် နို့ညှာမ မိမော်ကလည်း မိခင်ဖြစ်သူ မသင်းကြိုင်အနီးမှာ ကပ်၍ ပူဆာလေသည်။ ကိုချမ်းငြိမ်း ရင်ထဲမှာ ဆို့နင့်နေ၏။ မိသားစု နေ့စဉ် ထမင်းနပ်မှန်ရေးကိုပင် မနည်းခြိုးခြံသုံးစွဲနေရသည့်အဖြစ်ကို သတိရလာ၏။

ဝတ်ကောင်းစားလှ ဝယ်မပေးနိုင်။ ပွဲလမ်းသဘင် မပြနိုင်။ မမိုးသူ ဘုရားပွဲက အလန်းဖလွှတ်ရွာနှင့် တဆက်တည်း ဖြစ်သော ပြိုင်းကဇီးရွာနှင့် မိုင်ဝက်ခန့်သာ ဝေး၏။ ဤမျှနီးသောခရီးက ပွဲကိုမှ မပို့နိုင်။ မိမိသားသမီးများ ဒီတသက် ပွဲကြည့်ရတော့မည် မဟုတ်ဟု ကိုချမ်းငြိမ်း နားလည်ထားသည်။

သို့ပေမဲ့ ငွေ…။

အထိုက်အလျောက် အဝတ်အစား ဝယ်ပေးဖို့ ဈေးသုံးဖို့ ငွေလို၏။

စင်စစ် အလန်းဖလွတ်ရွာတကြောမှာက နွေအလုပ် ရှားလှ၏။ ချောင်းမကြီးမှာ ပင်လယ်ရေငန်ဝင်သဖြင့် သားငါး ရှားလှသည်။ တံငါအလုပ်ကိုသာ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သူ ကိုချမ်းငြိမ်းအဖို့ အကျပ်ဆိုက်နေ၏။ တခါတရံ လယ်ကန်သင်း တာဖို့ရန် မြေတူးရသည့် အလုပ်မှလွဲ၍ မယ်မယ်ရရှ မရှိလှ။ နေ့စဉ် စားသုံးရန်အတွက် ဟင်းလျာပင် အထူးရှားလှရကား တရွာလုံး ပဲအမျိုးမျိုးကိုသာ ပင်တိုင်ထား စားနေကြရသည်။ ဤမျှ ဘေးကျပ် နံကျပ် ရိုက်နေသည့် အချိန်ခါတည်း။

“ကိုချမ်းငြိမ်း ထမင်စားသွားမလား”

ဇနီးသည် မသင်းကြိုင်၏ အသံဖြစ်၏။ ယခုမှ ကိုချမ်းငြိမ်း အတွေးအိပ်မက်ထဲမှ လန့်နိုးလာ၏။ သူ့ဘေးမှာ ဇနီးသည် ယူလာသည့် မီးတောက်ချက်အရက်ပိုင်းပုလင်းကလေး ရှိနေပေသည်။ ဤအရက်မှာ ရပ်ရွာဓလေ့ထုံးစံအရ ရေမဆင်းမီ အဘိုးမြှောက်ရန် ဖြစ်၏။

ပြီး… လှေပဲ့ကိုင်လိုက်မည့် သားငယ် ငဖြိုးလည်း ရောက်နေပြီဖြစ်၏။

“လူလေး ထမင်းကြမ်း စားချင်စား၊ အဖေမစားတော့ဘူး။ စောစောသွားရအောင်ကွာ”

“စောစောကဘဲ ကျနော် စားထားတယ် အဖေ။ မဆာတော့ဘူး။ သွားကြမယ်လေ”

X X X

ချောင်းထဲမှာ ရေနည်းနေပြီ။ နံနက် ( ၉ ) နာရီကပင် စ၍ ရေကျခဲ့သဖြင့် ယခု ရေစစ်တန်းရောက်နေပြီဖြစ်၏။ ရေကျချိန်မို့ ကမ်းပါးစောက်ကြီးမှာ မြင့်မားလှပေစွ။

“လူလေး အဲဒီ ကမ္ပလာချောင်ကွေ့ထိပ်မှာ လှေ ဦးထိုးလိုက်”

ကိုချမ်းငြိမ်းသည် ရွာဖက်ကမ်းသို့ တချက်လှမ်း ကြည့်အကဲခပ်လိုက်ပြီး မတိုးမကျယ် လှမ်းပြောလိုက်သည်။ လှေပဲ့ကိုင်ငဖြိုးက ချက်ချင်း အရှိန်သတ်လျက် ကမ္ဗလာချောင်ကမ်းပါးသို့ လှေထိုးဆိုက်လိုက်၏။

ကမ္ပလာချောင်သည် အလန်းဖလွတ်ရွာ အနောက် ဖျားနှင့် ဓားလွယ်ခုတ် တဖက်ကမ်းတွင်ရှိ၏။ ကြက်ဖမွေးဇောင်းချောင်း၊ ကျုံကန်ချောင်းနှင့် သမ္ဗန်အေးချောင်းတို့ သုံးပွင့်ဆိုင်ဆုံရာ ဝဲနေရာဖြစ်၏။

ကမ္ပလာချောင်ကမ်းပါးထက်တွင် ခြံအိုခြံဟောင်း ဓနိတော ကိုင်းတောနှင့် အလိုလေးစူးခြုံများ ထူထပ်စွာရှိနေ၏။

စပါးစိုက်ပျိုးသည့် လယ်ကွင်းများနှင့် စပ်သည်အထိ (၆) ဧကခန့် ကျယ်ဝန်း၏။ ယင်းဖုန်းဆိုးတောကြီး၏ အလယ်တည့်တည့်တွင် ကြီးမားသော ကမ္ပလာပင်ချောက်ကြီး ထီးတည်းမားမားရှိသည်။

ကမ္ပလာချောင်သည် နာမည်ကြီးဖြစ်၏။

ရေရိုးတလျှောက် အနီးကပ်ဆုံးဖြစ်သည့် အလန်းဖလွတ်တရွာလုံးအလိုလို ကျောက်ရွံ့ကြသည့်နေရာ ဖြစ်သည်။ လူတို့ မမြင်တွေ့နိုင်သော ဝိညာဉ်များ ကြီးစိုးသည်ဟု အသိအမှတ်ပြုထားကြ၏။ မကောင်းဆိုးရွားတို့ ပျော်စံရာဂေဟာဖြစ်သည်ဟုယူဆထားကြသည်။ ယင်းအချက်တခုတည်းနှင့်ပင် ကမ္ပလာချောင်သို့ လူသူအရောက်အပေါက် မရှိ။ ပကတိ တောကြီးမျက်မဲဘဝ ရောက်နေရခြင်းပင်ဖြစ်၏။

ရေတံငါသည်များအဖို့ ညဉ့်အခါ ဤကမ္ပလာချောင်ကို လာဘို့ဝေးစွ။ မလွှဲမကင်းသာ၍ ဖြတ်သွားဖြတ်လာလုပ်ရသည့်တိုင် ကြက်သီးတဖြန်းဖြန်း ကျောတချမ်းချမ်း ရှိကြသည်။

ယခုမူ ဇာတ်လိုက်ကျော် ဝါရင့်တံငါသည်ကြီး ကို ချမ်းငြိမ်းသည် ဤမျှ ဝိသေသထူးခြားသော ကမ္ပလာချောင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပေပြီ။

မျက်စိလည် လမ်းမှား၍ ရောက်လာခြင်းမဟုတ်။ တမင်သက်သက် လာချင်လွန်း၍ ရောက်လာခြင်း ဖြစ်သည်။ ကိုချမ်းငြိမ်းရင်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကပင် အမြုတေခဲ့သော ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် ဦးတည်ရောက်လာခဲ့ခြင်းပါတည်း။

ကိုချမ်းငြိမ်းသည် လှေဦးထိုးကပ်ထားသည့် ကမ္ပ လာချောင်နှင့် မဝေးကွာလှသော တဖက်ကမ်းရှိ အလန်းဖလွတ်ရွာအနောက်ဖျားဆီသို့ ဒုတိယမ္ပိ လှည့်လည်အကဲခပ်လိုက်ပြန်၏။ လူရိပ်လူရောင်မျှ မတွေ့ရ။ နွေနေ့လယ်ခင်း နေကျဲကျဲပူသဖြင့် ရွာလမ်းတလျှောက် လူအသွားအလာရှင်းနေ၏။ တဦးတယောက်မျှ သူတို့သားအဖကို မမြင်တွေ့သေးဟု ကိုချမ်းငြိမ်း နားလည်လိုက်၏။ ကိုချမ်းငြိမ်းသည် ကျေနပ်စွာပြုံးလျက် လှေပဲ့ကိုင် သားဖြစ်သူ ငဖြိုးကို အဓိပ္ပါယ်ပါပါ လှမ်းကြည့် လိုက်သည်။

ငဖြိုးကား အဖေ့သား ပီသလှ၏။ ယခုတိုင် တစုံ တရာ ကန့်ကွက်ခြင်း၊ တားမြစ်ခြင်း မပြုပေ။ သူ့မျက်နှာပြင်ပေါ်မှာလည်း ကြောက်ရွံ့စိတ် တစုံတရာ အမူအရာ မတွေ့ရပေ။

“လူလေး ကမ္ပလာပင်ကြီးခြေရင်းမှာ လှေထဲက အဖေ့ပစ္စည်းတွေ ပုံကွာ။ လှေကတော့ ကမ္ပလာချောင် အထက်တနေရာရာမှာ သွားချည်ထားလိုက်”

စင်စစ် ကိုချမ်းငြိမ်းမှာအကြံနှင့်ဖြစ်၍ အဓိကအချက်မှာသူတို့ သားအဖ၏ ဤနာမည်ကြီး ကမ္ပလာ ချောင်သို့ လာ၍ ငါးရှာသည်ကို လူမသိစေရန် ဖြစ်သည်။

မည်သည့်အတွက်ကြောင့်ပေနည်း။

အခြားမဟုတ်။

နာမည်ကြီး ကမ္ပလာချောင်သို့ လာကြောင်း တယောက်ယောက် သိသွားပါက ကိုချမ်းငြိမ်းကို အစိမ်းသရဲစီးနေသူဟု ထင်မှတ်မည် မလွဲပါတည်း။ ပြီး အိမ်မှာကျန်ရစ်သူ မသင်းကြိုင်တို့သားအမိတတွေကိုလည်း အကြောင်းတခုခုပေါ်တိုင်း ကိုချမ်းငြိမ်း ကမ္ဗလာချောင်သို့ သွားသောကြောင့်ဟူသော အစွဲနှင့် ပယောဂ ကပ်ချေဦးမည်။ လူမသိလျှင် ဤ ပြဿနာမပေါ်နိုင်။

ကိုချမ်းငြိမ်းကိုတိုင်မူ မမြင်ရသော ဝိညာဉ်ကိုယုံကြည်သူ မဟုတ်။ နှစ်ပေါင်း (၂၀) ကျော် ဝါရင့်တံငါသည်ကြီးတဦးပီပီ အတွေ့အကြုံ များခဲ့ပြီ။ သရဲတစ္ဆေ ဆို ချိုနဲ့လား မေးယူရလောက်အောင် တခါဘူးမျှ မတွေ့ကြုံဘူးခဲ့။ အချောက်အလှန့် မခံရဘူးပေ။

လက်တွေ့ ပျက်တွေ့ ရုပ်ဒြပ်အကောင်အထည်မပြနိုင်သော တစ္ဆေကိစ္စကို ကိုချမ်းငြိမ်း လုံးဝ လက်မခံနိုင်ပါတကား။ ဤအယူအဆမှာ ကိုချမ်းငြိမ်း၏ တကိုယ်တော် မကြောက်တရား ဖြစ်သည်။

ကိုချမ်းငြိမ်းသည် ကပ္ပလာပင်စောက်ကြီး၏ အမြစ် တချောင်းနှင့် ယှဉ်လျက် တက်သွားသော ရိုးလက်တက်ကလေးအတိုင်း လိုက်သွား၏။ ရေမှာ ပေါင်လယ်သာသာ ရှိသည်။ လက်လံ သုံးသံခွဲမျှသာ ကျယ်သော ရိုးလက်တက်ကလေးမှာ လူသူအရောက်အပေါက် မရှိသဖြင့် ဓနိကိုင်းများ၊ ဆူးချုံများ ပိတ်ဖုံးလျက် နေပြောက်မထိုးဘဲ ရှိသည်။ အပြင်ဘက်မှ သာမန်ကြည့်လျှင် ဤရိုးကလေးရှိမှန်းပင် မသိနိုင်ပေ။

ကိုချမ်းငြိမ်း ဤရိုးစကလေးကို သတိထားခဲ့မိသည် မှာ (၅) နှစ်ခန့် ကြာခဲ့ပြီဖြစ်၏။ မကြောက်တရား လက်ကိုင်ထားသော ကိုချမ်းငြိမ်းသည် ပထမဆင့်အဖြစ် တည၌ ဤကမ္ပလာချောင်ကမ်းပါးမှာ ဒိုင်းဝင်း ထိုးခဲ့ဘူး၏။

ဘဝတူတံငါသည်များ မလုပ်ကိုင်ရဲသော အလုပ်ကို စွန့်စားလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ သို့အတွက် ငါး အရ များခဲ့၏။ ရိုးစကိုလည်း တွေ့ခဲ့ရ၏။ တနေ့နေ့တချိန်ချိန်၌ ဤရိုးကလေးထဲသို့ လာ၍ ငါးရှာရန် ဆုံး ဖြတ်ချက်ချထားခဲ့လေသည်။ ယခုမှ အကောင်အထည် ပေါ်တော့၏။

နွေကာလ သားငါးရှားပါးချိန်မို့ ကိုချမ်းငြိမ်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းဖြစ်သည်။ ဒုတိယမ္ပိစွန့်စားခန်းကို စတင်လိုက်ခြင်း ဖြစ်လေသည်။

ငဖြိုးသည် ဖခင်ဖြစ်သူ၏ နောက်မှ ရေသံမကြားအောင် လိုက်လာ၏။ ကိုချမ်းငြိမ်းနှင့် တလံမျှသာ ကွာဝေး၏။

ကိုချမ်းငြိမ်းက ရိုးလက်တက်ကလေး၏ အနေအထားကို အကဲခပ်နေ၏။ ရိုးချောင်းကလေးသည် ကမ္ပလာပင်ကြီးကို ကွေ့ဝိုက်လျက် ကုန်းသို့ တက်သွားလေသည်။ ရေထဲမှာ စုန်သွားရင်းမှပင် ရိုးချောင်းသည် တဖြည်းဖြည်း နက်လာ၏။ ခါးလယ်မျှ ရှိလာသည်။ ထိုမှတဖန် ရင်စို့ခန့် ရှိလာလေသည်။

“ဝါးနှစ်ရိုက်လောက်မှာ ရိုးဆုံးပီကွ။ ဒါပေမယ့် ရိုးဖျားက ရိုးရင်းထက် နက်လာတာ ထူးခြားနေတယ်”

ကိုချမ်းငြိမ်းက ရပ်လျက် ငဖြိုးကို လှမ်းပြောလိုက်၏။ ငဖြိုးမှာ တခွန်းတပါဒမျှ ပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေ၏။ ကိုချမ်းငြိမ်းသည် အတန်ကြာအောင် တွေးတောစဉ်းစားရင်း ငြိမ်သက်နေမိသည်။ ခဏကြာမှ လှုပ်ရှားလာ၏။

“ငကြင်းကြီးဖြစ်ဖို့ သေချာတယ်ကွ။ ရိုးလုံးသိပ် နက်နေတော့လဲ စဉ်းစားရကျပ်တယ်ကွာ။ ဒါပေမယ် အဖေတို့ ယင်းတွေပြန်ယူပြီး ရိုးကို တမံပိတ်ကြမယ်။ ရေမခန်းလဲ ခနွှဲဖြစ်ဖြစ် ထိုးပက်ပြီး အကန့်လိုက်ရေလွှဲ ယူရမှာဘဲ”

တနာရီအတွင်း သားအဖနှစ်ယောက် ယင်းတားလိုက်ကြ၏။ ယင်းခြေတွင် အတန်ငယ် ခိုင်ခံစေရန် မြေမာတမံငယ်ကိုလည်း ဖွဲ့ပြီးဖြစ်သည်။ ယခုချိန်ထိ ရိုးဖျားရေနက်ပိုင်းဆီမှ တစုံတရာ လှုပ်လှုပ်ရှားရှား မရှိ သေး။ ငြိမ်သက်မြဲဖြစ်၏။

“ခဏ နားကြအုံးစို့ကွာ၊ အဖေ ဆေးလိပ်သောက်ချင်သေးတယ်”

ကိုချမ်းငြိမ်းနှင့် ငဖြိုးတို့ သားအဖနှစ်ယောက် ရိုး ကမ်းတဖက် ချုံနွယ်များအကြား အမောဖြေ နားနေ လိုက်ကြ၏။ ကိုချမ်းငြိမ်းမှာ စက္ကူပတ်ဆေးလိပ်ကိုသာ တွင်တွင်ဖွာရှိူက်ရင်း အတွေးနက်နေမိသည်။ စင်စစ် ငကြင်းမှန်လျှင် ယင်းတားချိန် ရေလှုပ်သဖြင့် ငါးခုန်သံ၊ လန့်သံ ကြားရမည်ဖြစ်၏။ အနည်းဆုံး ရေပွက်လောက်တော့ ရှိရပေမည်။ ယခုမူ ရိုးရေပြင်မှာ ငြိမ်ချက်သားကောင်းလှပေစွ။

“မိချောင်းအိုင်များလား”

ကိုချမ်းငြိမ်း ခေါင်းထဲမှ အတွေးတစ ဖြစ်၏။ ဤလို ရေနက်ပြီး ရေငြိမ်သည့် နေရာမျိုး၌ မိကျောင်း ခိုတတ်၏။

ကမ္ပလာချောင်ကွေ့ထိပ်ရှိ ကမ္ပလာဝဲတွင် နတ်မိကျောင်းပေါ်ပြခဲ့ဘူးသည်ဟု လူကြီးသူမများ ဆိုစမှတ်ပြုခဲ့သည် မဟုတ်ပါလား။ နွေကာလ ရေနည်းချိန်မို့ အပြင်မထွက်ဘဲ စိမ့်ဓာတ်ကလေးနှင့် မိကျောင်းခိုခြင်း ဖြစ်နိုင်၏။

သို့ပေမင့် ရိုးကမ်းပါးမှာ သစ်ပင်ချုံနွယ်များသာ ရှိ၏။ လတာကမ်းပြန့် မရှိ။ မိချောင်းတို့ သဘာဝမှာ ကျင်းစရာ နေရာကျယ်ကျယ် ရှိမှဖြစ်သည်။ မကြာခဏ အလှည့်အပြောင်း လုပ်တတ်၏။ ယခုအခြေအနေမှာ ရိုးလုံးသက်သက်မျှသာ ဖြစ်လေသည်။

စဉ်းစားလေ ခက်ခဲလေဖြစ်၏။ တွေးလေ တွေးလေ ဝေခွဲမရနိုင် ဖြစ်လေသည်။ မကြောက်တရားဝါဒသမား ကိုချမ်းငြိမ်းသည် နာမည်ကြီး ကမ္ပလာချောင်ရှိ ကမ္မလာပင်စောက်ထီးတည်းမားမားကြီးကို ငေးစိုက်ကြည့်ရင်း အတွေးကြွယ်နေမိသည်။

X X X

ပြင်ပမှာ နေစွယ်ကျိုးသွားပြီ။ ခင်တန်းရိပ် ခိုနေကြသည့် ကိုချမ်းငြိမ်းတို့သားအဖမှာ လုပ်ငန်းစရန် ပြင်ဆင်နေကြလေသည်။ ကိုချမ်းငြိမ်းသည် ငါးထိုးဆူး၊ တချောင်းထိုးမှိန်းရှည်နှင့် ဆောင်ဓားတို့ကို အသင့်ကိုင်ထား၏။ ကျောကုန်းထက်မှာ ဝက်ထိုးလှံတချောင်းကိုလည်း ကြိုးနှင့်ကပ်ချည်ထားလိုက်သည်။

“ကဲ လူလေး… ရိုးလုံးထဲကို အဖေ အရင်ဆင်းမယ်၊ မင်းက ယင်းတမံခြေကနေစောင့်၊ ရိုးကိုမွှေပီးမှ ဒိုင်းဝင်းထိုးမယ်၊ ပိုက်ကပ်မယ် ဟုတ်လား’

ကိုချမ်းငြိမ်းက ရိုးလုံးထဲသို့ ညင်သာစွာ ဆင်းလိုက် ၏။ နှစ်လှမ်း သုံးလှမ်းမျှ လျှောက်မိလျှင် ရိုးရေသည် လူတရပ်မကတော့ဘဲ စောစောပိုင်းကထက် နှစ်ဆမျှ နက်သွား၏။ ကိုချမ်းငြိမ်းသည် ရုတ်ခြည်းတချက် တွေသွားမိ၏။ သို့ပေမင့် ဆုတ်ဆိုင်းမနေတော့ပြီ။ အချိန်လည်း မရှိလှတော့။ ဝံ့ဝံ့စားစား ရင်ဆိုင်ရန်လည်း ဆုံးဖြတ်ထားပြီး မဟုတ်ပါလား။ ကိုချမ်းငြိမ်းသည် ကြီးစွာထားလျက် ရေထဲသို့ ငုပ်လိုက်၏။

ပထမဆုံး ကိုချမ်းငြိမ်း မြင်လိုက်ရသည်ကနီရဲနေသော မျက်လုံးကြီးနှစ်လုံး ဖြစ်၏။ ရုတ်တရက်သော် ကိုချမ်းငြိမ်း တကိုယ်လုံး ထုံကျင်လျက် လန့်ဖျပ်သွား၏။ ချက်ချင်း ရေပေါ် ပြန်တက်ရန် အားယူလိုက်မိသည်။

သို့ပေမင့် ဝါရင့်တံငါသည်ကြီး၏ ခိုင်မြဲသော သတိက ကိုချမ်းငြိမ်းကို အချိန်မှီထိန်းလိုက်နိုင်သည်။ ရှေ့တွင် ရင်ဆိုင်နေရသော သတ္တဝါမှာ မိကျောင်းပင် ဖြစ်စေဦးတော့ သူ့ထံလာ၍ အနီးကပ် ရေသံပေးသဖြင့် ရေပေါ်ပြန်တက်လိုက်သည်နှင့် တပြိုင်နက် ထိုးဟပ်လိုက်မည် မလွဲပါတည်း။

ကိုချမ်းငြိမ်းသည် မျက်စိရှင်ရှင်ထား၍ တလုံးထိုး စူးကို အသင့်ပြင်လိုက်၏။ သတ္တဝါကြီး၏ မျက်လုံးနှစ်လုံးအကြားသို့ ချိန်ရွယ်လျက် တအားပစ်ထိုးလိုက်သည်။ သတ္တဝါကြီး၏ လှုပ်ခါဟန်ကို ကိုချမ်းငြိမ်း မြင်ရ၏။ လက်လံ နှစ်လံခန့်သာ ကွာဝေးသော်လည်း မြိုင်ရိပ်ခိုနေသည့် ရိုးနက်ထဲမှာဖြစ်၍ အလင်းရောင် အားနည်းရကား အမျိုးအစားကို တိတိကျကျ ဝေခွဲမရသေးပေ။

သတ္တဝါကြီးသည် တလုံးထိုးစူး၏ ဒဏ်ရာကြောင့် နာကျင်သွားသဖြင့် လှုပ်ခါလျက် ရေပေါ် ဖက်သို့ မြင့်တက်သွား၏။ ကိုချမ်းငြိမ်းရှိရာ ရှေ့သို့ တိုး၍မူ မလာပေ။ ရသည့်အခွင့်အရေးကို လက်မလွှတ်တတ်သော ကိုချမ်းငြိမ်းက တဒင်္ဂအချိန်အတွင်း ဝက်ထိုးလှံနှင့် အနီးကပ် ထပ်ဆင့်ထိုးချလိုက်၏။

ဒုတိယတိုက်ကွက်မှာ ချက်ကောင်း ထိသွားပုံရ၏။ သတ္တဝါကြီးသည် ရေပြင်ပေါ်သို့ ဘွားကနဲပေါ်သွား လေသည်။

ယခုမှ ကိုချမ်းငြိမ်း လှုပ်ရှားဝံ့တော့၏။ ရေထဲမှာ မိနစ် (၂ဝ) မျှကြာအောင် ငုပ်နေခဲ့ရသဖြင့် မွန်းလှပြီဖြစ်ရာ ရေပေါ်သို့ အမြန်တက်လိုက်သည်။

“အဖေ… ငါးကြီးဗျ”

“ဟေ”

ငဖြိုးက ငှက်ကြီးတောင်ဓားကိုင်လျက် ကိုချမ်းငြိမ်း အနီးသို့ ရောက်လာ၏။ ဟုတ်ပေသည်။ ငါးကြီးမှ ငါးကြီးအစစ်။ အကြေးခွံများပင် ကွင်းတားပိုက်ကွက်ခန့် ရှိသည့် ကသပေါင်းအကြီးစားဖြစ်သည်။

အလျှား ၅ တောင်ကျော်မျှရှိပြီး အချိန်၆၀-ခန့် ရှိနိုင်သည့် ဧရာမ ငါးကြီးပေတည်း။ နွေကာလ ရေနည်းနေချိန်မို့ ရိုးကျဉ်းကလေး၏ အောက်ခြေတွင် မြေဂလိုင်ကြီးလုပ်၍ ဝပ်ကျင်းခတ်နေခြင်းဖြစ်သည်။

“ဒီကောင်ကြီး သွေးမွှန်နေပြီကွ။ ရိုးကန်းပေါ်ကနေ ဂုတ်ဆက်ကို ဓား နဲ့ဆွပေးရင် လူးမှာဘဲ။ လူလေး က ကမ္ပလာပင်ကြီးဘေးက ညောင်မုတ်ဆိတ်ပင်မှာ နွယ်ဒန်းကြီးကြီးတချောင်း ခုတ်ခဲ့။ ဒါမှ တခါထဲကြိုးနှင့် ရစ်ချည်သလို ဖြစ်သွားမှာ”

နွယ်ခုတ်ပြီး ငဖြိုးပြန်ရောက်ချိန်၌ ငါးကြီးမှာ ထွန့် ထွန့်လူးနေပေပြီ။ ရိုးလုံးထဲ၌ အကြိမ်ပေါင်းများစွာ လူးလှိမ့်နေ၏။ ငါးထိုးစူးနှင့် ပူးချည်ထားသော နွယ်ကြိုးကို ပါးဟက်၌ စိုက်ပေးလိုက်ခြင်းဖြင့် ငါးကြီးကို တုပ်နှောင်ပြီး ဖြစ်သွား၏။

တနာရီခန့်အကြာတွင် ငါးကြီးမှာ မေ့မျောသွားဟန် ငြိမ်သက်သွား၏။ ကိုယ်ထည်ကြီးမှာ ရေပေါ်၌ ပေါလောပေါ်နေလေသည်။

ကိုချမ်းငြိမ်းတို့ သားအဖ လှေနှင့်တွဲလျက် ငါးကြီး ကို ဆွဲယူလာချိန်၌ နေဝင်သွားပြီ။ ဆည်းဆာရိပ် အောက်၌ သည်မြင်ကွင်းနှင့် သည်သတင်းကို ကြားရသည့် ရွာလူထုက ထူးဆန်းစွာ ဝိုင်းကြည့်ရှုကြ၏။

“ချောင်းစောင့်ငါးကြီး”

“နတ်ငါးကြီး”

“ဒီနေ့ကစပီး ကိုချမ်းငြိမ်းကို တပွဲစားပေးလိုက်ပြီဗျို့”

တယောက်တမျိုး ထင်ကြေးပေးကြ၏။ ကိုချမ်းငြိမ်းကမူ အောင်နိုင်သော တိုက်ပွဲပြန် သူရဲကောင်းနှယ် အပြုံးမပျက်ရှိသည်။

“တပွဲစားဆိုတာ ရေဘုရင်ဗျ။ ရေသတ္တဝါတွေကို နိုင်တဲ့လူကို ပေးတဲ့ ဘွဲ့ထူးမှတ်လား။ တပွဲစားဘဲ ခေါ် ခေါ် နှစ်ပွဲစားဘဲ ခေါ်ခေါ် အရေးမကြီးဘူး။ ကျုပ်အဖို့ကတော့ ဒီနေ့တနေ့ထဲနဲ့ တလစာလောက် တွက်ခြေကိုက်သွားပြီ။

ကျုပ်သားတွေ သမီးတွေကိုလဲ မမိုးသူ ဘုရားပွဲကောင်းကောင်းပို့နိုင်ပြီ။ ကျုပ် ဝမ်းအသာဆုံးက လူတွေအားလုံးကို အမျိုးမျိုးချောက်ချားစေတဲ ကမ္ပလာချောင်ကို အနိုင်ရလိုက်တာဘဲဗျို့”

ဧရာမငါးကြီးကို ရအောင် ဖမ်းဆီးနိုင်ခဲ့သည့် ကို ချမ်းငြိမ်း၏ ဂုဏ်သတင်းမှာ အလန်းဖလွတ်တရွာလုံးသာမက ကျုံကန်ချောင်းရိုးတလျှောက် ပြန့်နှံ့သွားပါသတည်း။ ။ ။