စောထူးပွဲ
တိုက်မောင်း
လွင့်ထွက်သွားသော တောဘုရင်သည် ဟန်ချက်ပျက်ပြီး မြေပေါ်သို့ တစောင်းပြုတ်ကျသွားသည်။
ဟင်းကောင် လူးလဲထနေစဉ်မှာဖြင့် တိုက်မောင်းက ခြေတစ်လှမ်းရှေ့တိုးပြီး ချိုဖြင့် သိမ်းခတ်လိုက်ပြန်၏။
“ဖြောင်း”
“ဘုတ် … ဗြိ”
တိုက်မောင်း၏ ချိုချက်က ဟင်းကောင်၏ တင်ပါးဆုံသို့ ထိထိမိမိ တိုးဝင်သွားပြီး အသားစများ ဖွာထွက်သွားသလို ဟင်းကောင်ကလည်း သူ၏ သန်မာ လှစွာသော လက်တစ်ဖက်ဖြင့် တိုက်မောင်း၏ နဖူးကို ပုတ်၍ ဆွဲလိုက်ရာ တိုက်မောင်း၏ နဖူးပြင်တွင် ဓားမြှောင်ငါးချောင်းဖြင့် တစ်ပြိုင်တည်း ထိုးစိုက်၍ ခြစ်လိုက်သကဲ့သို့ နက်ရှိုင်းသော အစင်းရာကြီးငါးခု ဖြစ်ပေါ်သွားပြီး သွေးများ ရဲခနဲ ယိုစီးကျလာ၏။
တိုက်မောင်းကို ထိပြီမို့ ဦးလွယ်ခါး ဓားကိုဝင့်လျက် ဟင်းကောင်ဆီ ပြေးအသွားမှာ …
xxx xxx xxx
“ဖထီးရေ … ဖထီး၊ ဟိုမှာ တိုက်မောင်းကြီး ကိုစံထူးခွေးကို ခတ်လိုက်တာ ချိုထိပ်မှာ တန်းလန်းကြီးဖြစ်နေပြီ။ ဘယ်သူမှလည်း သွားမဖြုတ်ရဲဘူး။ ကိုစံထူးကလည်း လှံကြီးတကိုင်ကိုင်နဲ့ သတ္တိတွေပြနေတာ။ အဲဒါ ဖထီးကြည့်လိုက်ဦး”
နေ့လယ်စာစားအပြီး ဆေးတံဖွာ၍ မှိန်းနေသော ဦးလွယ်ခါးသည် သားဖြစ်သူ တာတီး၏ စကားကြောင့် ချာခနဲ လူးလဲထလိုက်သည်။ ကမန်းကတမ်း ပုဆိုးကို ပြင်ဝတ်ပြီး စိုးရိမ်တကြီးဖြင့် အိမ်ရှေ့ထွက်လာခဲ့မိရာ ဆေးတံပင် ဘယ်နားချ၍ ချခဲ့မိမှန်းမသိ။
တာတီးက အမောတကော ပြေးလာခဲ့ဟန်တူသည်။
အိမ်ရှေ့မန်ကျည်းပင်အောက်ရှိ ရေအိုးစင်မှရေကို ခွက်ဆင့်၍သောက်နေသည်။
“ဘယ်နားမှာတုန်းကွ။ ဟေ့ကောင် … ဟင် … တောက် … စံထူးက ရိုင်းရိုင်းနဲ့၊ ငါ့သားသာ လှံချက်ထိလို့ကတော့ကွာ… ဟင်း…”
“ရွာပြင်က ကန်ဘောင်ကြီးနားမှာဗျ။ ခွာတရှပ်ရှပ်၊ နှာတမှုတ်မှုတ်နဲ့ လှံနဲ့ထိုးမယ့် ကိုစံထူးတောင် လှံတစ်ကမ်း မကပ်ရဲလို့။ အဖေ့ကောင်က ကျုပ် အော် တော့လည်း မရဘူး။ သေချင်တဲ့ခွေးကလည်း တိုက်မောင်းကိုမှ သွားဟောင်တယ်”
စကားမဆုံးမီ သုတ်ခနဲ ပြေးထွက်သွားသော ဦးလွယ်ခါးကိုကြည့်၍ တာတီးလည်း မနေသာ။ သူ့ဖထီးစိတ်ကို သူသိသည်။ သူ့သားတိုက်မောင်းနှင့် ပတ်သက်လာလျှင် မည်သူ့ကိုမှ သည်းခံမည်မဟုတ်။
တာတီး အမောမပြေသေးသော်လည်း ဦးလွယ်ခါးနောက်မှ ပြေးလိုက်သွားရပြန်သည်။ လွန်လွန်ကျွံကျွံ တွေ မဖြစ်ရအောင်ပေါ့။
ဦးလွယ်ခါး ရွာထိပ်ကန်ဘောင်ကြီးနားရောက်တော့ တိုက်မောင်းကို မတွေ့။ စံထူး၏ လှံချက်များ ထိပြီလား။ ပူပန်ခြင်းကြီးစွာဖြင့် ကန်ဘောင်ပေါ် တက်ကြည့်လိုက်တော့ ကန်၏ ဟိုဘက်ခြမ်း လယ်ကွက်ထဲမှာ ဖုန်တထောင်းထောင်းထအောင် ခွာရှပ်နေသော တိုက်မောင်းကို တွေ့လိုက်ရသည်။ ချိုထိပ်မှာက ခွေး တစ်ကောင် တန်းလန်းဖြင့်။
အတော်ဝေးဝေး ကုက္ကိုပင်တွေကြားထဲမှာ သူ့ခွေးကို ချိုဖြင့်ခတ်သတ်သွားသဖြင့် ဒေါသလည်းထွက်၊ ကွင်းပြင်ထဲလည်း မထွက်ရဲသော စံထူးက လှံကြီးကိုင်လျက်သား။
ဦးလွယ်ခါး ကန်ဘောင်ပေါ်မှဆင်းပြီး တိုက်မောင်း ဆီ ပြေးသွားလိုက်သည်။
“သားကြီးတိုက်မောင်း … တိုက်မောင်း”
ဦးလွယ်ခါး၏ အော်သံကြောင့် တိုက်မောင်းက ချာခနဲ လှည့်ကြည့်သည်။ ချိုဖျားမှာ ခွေးက အသက်မသေသေးဘဲ ခြေတလှုပ်လှုပ် လက်တလှုပ်လှုပ်ဖြင့်။ ဦးလွယ်ခါးကို တွေ့လိုက်ရသော တိုက်မောင်းသည် ခပ်ပေပေ မျက်နှာပေးပြောင်းပြီး ဦးလွယ်ခါးဆီ လျှောက်လာသည်။
ဦးလွယ်ခါးက အနားရောက်လာသော တိုက်မောင်း၏ ပါးကို အသာပွတ်သပ်ပေးလိုက်ပြီး. . .
“ငါ့သားက တယ်လည်း ဒေါသကြီးတာကိုး။ ဖထီး ခဏခဏပြောထားရဲ့နဲ့။ ကဲ… ကဲ… ငြိမ်ငြိမ်နေ။ မင်းချိုက ခွေးကို ဖထီး ဖြုတ်ပေးမယ်”
ဦးလွယ်ခါးက တိုက်မောင်း အမည်ရှိ သူ့ကျွဲကြီး၏ ချိုဖျားမှ ခွေးကို အသာဖြုတ်ချလိုက်သည်။
အင်း … အင်မတန် အကိုက်အပြုသန်သော ခွေး။ ခုတော့လည်း ဘာမှ မလုပ်နိုင်တော့။ ချိုက နံကြားသို့ ဝင်သွားသဖြင့် ခု မသေသေးလည်း ဘယ်လိုမှ အသက်ရှင်စရာ လမ်းမမြင်။ အလွန်အမဲလိုက်ကောင်းသည့်ခွေးမို့ ဦးလွယ်ခါးတော့ နင့်နင့်နည်းနည်း လျှော်ရပေဦးမည်။
“ဟေ့လူကြီး၊ ခင်ဗျားကျွဲကို သေချာကိုင်ထားသလား”
စံထူးက ကုက္ကိုပင်တွေကြားမှ လှမ်းအော်မေးသည်။
“အေး … မင်းလှံသာ ယူမလာနဲ့။ ငါ့သားကို ငါထိန်းနိုင်တယ်”
“ဒါဖြင့် ပြီးတာပဲ”
လှံကို ကုက္ကိုပင်တစ်ပင်မှာ ထောင်ထားခဲ့ပြီး စံထူး ထွက်လာသည်။ သူ့ပုံက တိုက်မောင်းကိုကြည့်ပြီး မဝံ့မရဲ။
“ခင်ဗျားကောင်ကြီးကို ဟိုဘက် ဆွဲသွားဦး။ ကျုပ်ခွေးကို ကြည့်ဦးမယ်။ သေရင်တော့ ခင်ဗျားလျှော်ရမှာနော်။ ကျုပ်ခွေး ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ ခင်ဗျားအသိပဲ”
“သေပြီပဲကွာ။ ငါ လျှော်နိုင်ပါတယ်။ အေး … မင်းသာ သတိထား။ ငါ့သားကို လှံနဲ့ထိုးလို့ကတော့ မင်းအသက် ဖက်နဲ့သာ ထုပ်ထားပေတော့”
“ခု ခင်ဗျားကျွဲကို ကျုပ် ဘာလုပ်ရသေးလို့လဲ”
“မလုပ်ရသေးလို့ပေါ့ကွာ။ ဟင် … မင်းခွေးကိစ္စ ညနေမှ အိမ်လိုက်ခဲ့တော့။ ခု ငါသွားတော့မယ်။ လာ … လာ … သားကြီး လာ”
ကန်ဘောင်ပေါ်မှ ရပ်ကြည့်နေသော တာတီးသည် ဦးလွယ်ခါး ကျွဲဆွဲ၍ ထွက်လာသည်ကိုမြင်မှ စိတ်အေးသွားတော့သည်။
ဦးလွယ်ခါးက စံထူးကို ပြောလည်းပြော တိုက်မောင်းကိုလည်း ဆွဲရင်း ထွက်သွားချိန်မှာ စံထူးကတော့ ခွေးသေကြီးပွေ့လျက်သားဖြင့် ကျန်ခဲ့လေတော့သည်။
xxx xxx xxx
“ဖထီး … ဖထီး ကျွဲကြီး ရောင်းပစ်ပါတော့ဗျာ။ ကျုပ်တို့လည်း တစ်နှစ်တစ်နှစ် သူ့အတွက် လျှော်ရတာ မနည်းဘူး။ ဖထီး စိတ်မကုန်သေးဘူးလား”
“ဟကောင်ရ၊ ပြောရက်လိုက်တာကွာ။ သူလုပ်ပေးခဲ့တာတွေရော မင်း အမှတ်ရသေးရဲ့လား။ ငါ့သားကြီးက တခြားကျွဲနှစ်ကောင်စာလောက်ကို အလုပ်လုပ်နိုင်တယ်ကွ။ ထားပါလေ။ ငါ့သားကြီး ငါ့ကို အလုပ် မလုပ်ပေးခဲ့ဘူးပဲထား၊ ငါ မရောင်းနိုင်ဘူးကွ။ ငါ့မှာက မိန်းမပြော ပြောရရင် ဝမ်းနဲ့လွယ်မမွေးရရုံတမည်ပဲ။ ဒါတွေ မင်းလည်းသိပါတယ်”
ဆောင်းနံနက်စောစောမို့ ဒေါနှင့်မောနှင့် ပြောလိုက်သော ဦးလွယ်ခါး ပါးစပ်မှ အငွေ့တထောင်းထောင်း ထွက်သွား၏။
အုံ့ဆိုင်းနေသော နှင်းများက ဝန်းကျင်ရှိ မြေပဲခင်းများကို လွှမ်းခြုံထားသည်။
သူများတွေ အိပ်ရာထချိန်မှာ ဦးလွယ်ခါးတို့ သားအဖက အလုပ်တထောက် နားနေပြီ။ ဦးလွယ်ခါး သည်လိုပြောလိုက်တော့ တာတီးလည်း ဘာမှပြန်မပြောနိုင်တော့ဘဲ ရေနွေးပူပူတစ်ခွက်ကို ခွပ်ခနဲ မော့သောက်လိုက်ကာ အလုပ်မလုပ်ခင် အဆာပြေစားစဉ်က အကျန်ဖြစ်သော ငါးခြောက်ဖုတ်တစ်ဖဲ့ကို ကောက်ဝါးလိုက်၏။
ဟုတ်တော့လည်း ဟုတ်သည်။ အခြား ကျွဲနှစ်ကောင် ပြိုင်ဆွဲမှရသော သစ်တုံးများကို တစ်ကောင်တည်း ဆွဲနိုင်သည်အထိ တိုက်မောင်းက သန်မာလှသည်။
တာတီးလည်း တိုက်မောင်းကို သံယောဇဉ်ရှိပါ၏။ သို့သော် တိုက်မောင်းကား အမြဲလိုပင် ပြဿနာရှာတတ်သည်။
လွန်ခဲ့သောနှစ်များကဆိုလျှင် တိုက်မောင်းနှင့်ယှဉ်ခတ်၍ သေသွားသော ကျွဲ၊ ကျိုးပဲ့ပေါက်ပြဲကုန်သော ကျွဲတွေ မနည်းပေ။
ခုတော့ တိုက်မောင်းကို တွေ့လျှင် အခြားကျွဲများက ထိပ်တိုက်ရင်မဆိုင်ရဲတော့ဘဲ ဝေးဝေးကရှောင်တော့ သည်။ သည်နယ်တကြောမှာ ဘယ်ကျွဲမှ ရင်ဆိုင်မခတ်ရဲတော့လောက်အောင်ပင် တိုက်မောင်းက ကြမ်းလှ၏။
ဦးလွယ်ခါးကတော့ တိုက်မောင်း ဘယ်လောက်ပဲဆိုးဆိုး ဘယ်တော့မှ ငြူငြူစူစူမရှိ။ ရောင်းပစ်ရန်စကားကို တစ်ခါမှ မဟခဲ့။ သူ အင်မတန် ဒေါသထွက် လျှင်တော့ တိုက်မောင်းကို လူတစ်ယောက်ကဲ့သို့ သဘောထားကာ ဆူပူမာန်မဲလေ့ရှိသည်။ နှင်တံနှင့်တော့ တစ်ချက်မျှပင် မတို့ဖူးခဲ့။
ဦးလွယ်ခါး တိုက်မောင်းကို သံယောဇဉ်တွယ်မည်ဆိုကလည်း တွယ်စရာပင်။ ဦးလွယ်ခါး၏ ဇနီးသည် ဆုံးသောညမှာ တိုက်မောင်းကို မွေးသည်။ မိခင်ကျွဲမကြီးမှာလည်း တိုက်မောင်းကိုမွေးပြီး သုံးရက်ခန့်အကြာ ဘာရောဂါဖြစ်မှန်း မသိဘဲ သေသွားသဖြင့် ဦးလွယ်ခါးမှာ ဇနီးသည်အတွက် ပူပန်လို့မှ မပြီးသေးဘဲ သည်ကျွဲထီးလေးကို ဟိုတဲက ကျွဲနို့တောင်းတိုက်၊ သည်တိုက်က ကျွဲနို့တောင်းတိုက်၊ နို့ဆီနှင့် ကွေ့ကာအုပ်များဝယ်ကာ ဖျော်၍တိုက်လိုက်ဖြင့် ပိုးမွေးသလို မွေးမြူခဲ့ရသည်။
အချို့က သည်ကျွဲ အင်မတန်ခိုက်လိမ့်မည်ဟု ဆိုကြသော်လည်း ဦးလွယ်ခါးက ဂရုမစိုက်။ ဇနီးသည်အကြောင်းကို ခေါင်းထဲမှထုတ်၍ သည်ကျွဲကလေးကိုသာ တစ်ချိန်လုံး တပွေ့တပိုက် လုပ်နေခဲ့သည်။
သည်တော့ တိုက်မောင်းကို ဦးလွယ်ခါး အချစ်ပိုခဲ့ရသလို တိုက်မောင်းကလည်း ဦးလွယ်ခါးစကားကို လူတစ်ယောက်ကဲ့သို့ နားလည်သည်။
သူ ဘယ်လောက်ပဲဆိုးဆိုး ဦးလွယ်ခါးနှင့် တွေ့လိုက်လျှင် ကလေးငယ်တစ်ယောက်ကဲ့သို့ ချက်ချင်း အချိုးပြောင်းသွားတော့၏။
ဦးလွယ်ခါး ခပ်ကြမ်းကြမ်း ဆူပူကြိမ်းမောင်းလိုက်ပါက ထိုနေ့တစ်နေ့လုံး အစာလည်းမစား၊ ဘယ်မှလည်း မသွားတော့ဘဲ ပေ၍ အိပ်နေတတ်သဖြင့် နောက်ပိုင်းတော့ ဦးလွယ်ခါး သိပ်မဆူရဲတော့ပေ။
ဦးလွယ်ခါးနှင့် တိုက်မောင်းက လူတွေလို တပူးပူး တတွဲတွဲ။ ဦးလွယ်ခါး ဘယ်သွားသွား တိုက်မောင်းက နောက်မှပါမြဲပင်။
ခုလည်း ဦးလွယ်ခါးနှင့် တာတီး မြေပြင်ထားသော ပြောင်းခင်းထဲ ပြောင်းစေ့တွေ လာချသည်နှင့် တိုက်မောင်းက နောက်မှလိုက်လာကာ အိမ်မွေးခွေးကြီးတစ်ကောင်နှယ် ဦးလွယ်ခါး၏ ခြေရင်းတွင် ပုံ့ပုံ့ကြီးအိပ်နေသည်။
သူ့ကို ခိုင်းစရာအလုပ်တစ်ခုမျှ မရှိပါဘဲ ဦးလွယ်ခါးကလည်း ချည်တိုင်တွင် မထားခဲ့နိုင်။ ဦးလွယ်ခါးနှင့် တာတီး ရေနွေးကြမ်းသောက်ရင်း စကားပြောနေရာမှ စကားပြတ်သွားချိန် နေလုံးကလည်း နှင်းမှုန်တွေကြားမှ တစ်စတစ်စ ပြူထွက်လာပြီမို့ ဦးလွယ်ခါးက သူ့ပြောင်းဖူးအူရိုးဆေးတံကြီးကို ဆေးတစ်ဖုံဖြည့် မီးညှိဖွာရှိုက်ရင်း
“ကဲ … တာတီးရေ၊ ကျန်တဲ့ပြောင်းစေ့ကလေးတွေ လက်စဖြတ်လိုက်ရအောင်။ ငါ နေ့လယ် ကျောက်တန်း သွားစရာရှိတယ်။ ဒီကောင်ကြီးကိုတော့ ခေါ်သွားလို့ မဖြစ်တော့ဘူး။ ဟိုမှာ မနေ့ကမှဝယ်လာတဲ့ ကျွဲသစ်တစ်ကောင် ရောက်နေတယ်လို့ကြားတယ်။ တိုက်မောင်းကို ခေါ်သွားရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်ဦးမယ်။ ငါ့သား တိုက်မောင်းက ဒေါသကြီးကြီးနဲ့ သူ့ကို အောက်မကျို့တဲ့ကျွဲဆို အသေအလဲ ခတ်တော့တာပဲ”
“ဒါဆို ဖထီးသွားရင် ဒီကောင်မသိအောင် ပတ်ထွက်သွားမှရမယ်။ ဖထီးသွားတာ သိသိကြီးနဲ့ သူ မလိုက်ရဘူးဆိုရင်တော့ ကျုပ်လည်း မထိန်းနိုင်ဘူး”
“အေးပါကွာ။ ငါ့သားကြီးက ဒီလောက်လည်း မဆိုးသေးပါဘူး။ တာတီး မင်း စိတ်တော့ရှည်ကွာ … နော်။ ငါပြန်လာလို့ တိုက်မောင်းကျောပေါ်မှာ နှင်တံရာတစ်ချက် တွေ့တာနဲ့ မင်းကိုလည်း တစ်ချက်ပြန်ရိုက်မှာပဲ”
“ဖထီးတို့က ပိုကိုပိုတယ်”
တာတီးကပြောရင်း ကွပ်ပျစ်ပေါ်မှဆင်းပြီး ပြောင်းမျိုးစေ့အိတ်ကို ကောက်ထမ်းလိုက်ကာ ပြောင်းစေ့မချရသေးသော ယာကွက်များဆီသို့ ဘောက်ဆတ် ဘောက်ဆတ်ဖြင့် သွားတော့သည်။
ဦးလွယ်ခါးက တာတီးကို ပြုံးကြည့်ရင်း ကွပ်ပျစ်ပေါ်မှ ဆင်းလိုက်ချိန်မှာ တိုက်မောင်းလည်း လူးလဲထပြီး ဦးလွယ်ခါးနောက် တကောက်ကောက် လိုက်ခဲ့လေတော့၏။
ပြောင်းစေ့တွေအားလုံး ချပြီးတော့ မွန်းတည့်ခါနီးပြီ။ ဦးလွယ်ခါးတို့ သားအဖ ယာတဲမှာပင် ချက်ပြုတ်စားသောက်ပြီး ရွာပြန်ရန် ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေချိန်မှာ တိုက်မောင်းကြီးကတော့ ရေစပ်စပ်သာ ရှိတော့သော ရိုးစပ်မှ မြက်နုကိုစားပြီး နွံအိုင်ထဲ မှိန်းနေရာမှ ယာတဲသို့ ကုန်းထလာသည်။
ဦးလွယ်ခါးနှင့် တာတီးလည်း တဲရှေ့ကွပ်ပျစ်ပေါ်တွင် ခဏတဖြုတ် တုံးလုံးလှဲပြီး တိုက်မောင်းနှင့်အတူ ရွာထဲ ပြန်ဝင်ခဲ့သည်။ အိမ်ရောက်တော့ ခပ်လှမ်းလှမ်း ကျောက်တန်းရွာကြီးရှိ ဘုန်းကြီးကျောင်းမှ ၁ နာရီထိုး မောင်းထုသံ ကြားရသည်။
“ဖထီး … ဟိုဘက်ရွာကို ဘယ်အချိန်လောက် သွားမှာလဲ”
တာတီးက တိုက်မောင်းကို ချည်တိုင်တွင်ချည်ရင်းမှ မေးသည်။
“နှစ်ချက်ထိုးလောက် သွားမယ်။ ဒါမှ ဟိုမှာ အလုပ်ကိစ္စ ပြောရင်းဆိုရင်းနဲ့ဆို ညနေငါးနာရီခွဲလောက် အံကိုက်ပြန်ရောက်မှာ”
“ဒါဆို တိုက်မောင်းကို ခု ကွင်းထဲလွှတ်ပေးလိုက်မယ်။ ဒါမှ ဖထီးသွားရင် မသိမှာ”
“မလွှတ်ပါနဲ့ကွာ။ စံထူးက သူ့ခွေးအတွက် ကျေဦးမှာ မဟုတ်ဘူး။ တော်ကြာ တိုက်မောင်းကို လှံနဲ့ ချောင်းပစ်လို့ ငါပါ လူသတ်မှုဖြစ်နေဦးမယ်”
“ဖထီးလည်း တိုက်မောင်းအတွက်နဲ့ပဲ ရွာမှာ မတည့်တဲ့သူတွေ များနေပြီ”
တာတီး၏ မကျေမနပ်စကားကို ဦးလွယ်ခါးက မည်သို့မျှ တုံ့ပြန်မပြောတော့ဘဲ ဆေးတံထဲ ဆေးထည့်ရင်း ပြုံးပြုံးကြီး လုပ်နေလိုက်သည်။
တာတီးကတော့ လောက်လေးလွယ်အိတ် လွယ်လျက် ရွာနှင့် တဆက်တည်းလို ဖြစ်နေသော မရမ်းခြံကြီးများဘက် ထွက်သွားသည်။
“တာတီးရေ၊ ငါ တစ်ရေးလောက်အိပ်ပြီးရင် သွားမှာနော်။ နှစ်နာရီမောင်းသံကြားရင် ပြန်လာခဲ့။ ကြားလား”
“အင်းပါ ဖထီးရ။ ကျုပ်လည်း ခဏတဖြုတ်ပါ။ ရှည့်ကလေး၊ ဘုတ်ကလေး ရလို့ရငြားပေါ့။ မကြာပါဘူး”
တာတီး ထွက်သွားသည်နှင့် ဦးလွယ်ခါလည်း အိမ်ရှေ့မန်းကျည်းပင်အောက်ရှိ ကွပ်ပျစ်တွင် ခြေပစ်လက်ပစ် လှဲချပြီး ဆေးတံဖွာနေလိုက်သည်။
တစ်ရေးလောက် အိပ်ဦးမယ်ဟု တာတီးကို ပြောလိုက်သော်လည်း တကယ်တမ်းကျတော့ တောစဉ်းစားတောင်စဉ်းစားဖြင့် တော်တော်နှင့် အိပ်မပျော်။ တော်တော်ကြီး ကြာမှ ဆေးတံကြီးစုပ်လျက်သားဖြင့် မှေးခနဲ အိပ်ပျော်သွားမည်ရှိခိုက် …
“ဖထီး ထတော့လေဗျာ။ နှစ်နာရီမောင်း အခုနတင်ပဲ ထိုးသွားပြီ။ ဒီမှာ ကြည့်။ ကျုပ်ပစ်လာတာ အသက်ပြင်းပါတယ်ဆိုတဲ့ မြွေပါ။ နားအုံတည့်တည့် ကိုမှန်တော့ ဘာတတ်နိုင်သေးတုန်း”
တာတီးက ဦးလွယ်ခါးကိုနှိုးရင်း လက်တစ်ဖက်ကလည်း သူပစ်၍ ရလာသည့် မြွေပါကို ကိုင်မြှောက်ပြနေသဖြင့် ဦးလွယ်ခါး လူးလဲထကာ ဆေးတံထဲ ဆေးမှုန့်ဖြည့်ပြီး မီးခြစ်နှင့် ဆေးမှုန့်ဘူးကို ခါးပုံစထဲထည့်လိုက်သည်။
“ဒါနဲ့ ဖထီး၊ ဟိုကောင် တိုက်မောင်းကို ဘယ်လိုလုပ်မလဲ”
“ရပါတယ်။ ငါ အပေါ့သွားသလို ဘာလိုနဲ့ အိမ်အနောက်ခြံစည်းရိုးက ထွက်မယ်။ ခမောက်ကတော့ ရွာထိပ်က ‘တာလူး’တို့အိမ်ကပဲ ဝင်ငှားသွားတော့ မယ်။ ငါ ခမောက်ဆောင်းသွားရင် အပြင်သွားမယ်မှန်း တိုက်မောင်း ရိပ်မိသွားလိမ့်မယ်”
“ဖထီး ဒုက္ခက မသေးဘဲ”
ဦးလွယ်ခါးက ဆေးတံကို မီးညှိဖွာရှိုက်ရင်း မှင်သေသေဖြင့် အိမ်အနောက်ဘက်မှ အယောင်ပြထွက်လိုက်သည်။ သည်မှာတင် တိုက်မောင်းက တုံးလုံး အိပ်နေရာမှ သူ့သခင်ကို ခေါင်းထောင်ကြည့်ပြီး ဝုန်းခနဲ ထတော့သည်။ သခင် အပြင်သွားလိုက်တော့ သူပါလိုက်မည်ဆိုသည့် သဘော။ ပြီး သူ့အားချည်ထားသော ကြိုးကို အတင်းရုန်းတော့သည်။
တာတီးက ကြိုးကိုပြန်ဆွဲရင်း တိုက်မောင်း၏ချိုကိုပါ နှိမ့်၍ အအိပ်ခိုင်းလိုက်သည်။
တာတီးက ဖိသည်။ တိုက်မောင်းက ရုန်းသည်။ အားချင်းမမျှ၍ တာတီးက တိုက်မောင်း၏ နားရွက်အရင်းကို အသေအချာဆုပ်ကိုင်ပြီး ခေါင်းကို ဆွဲနှိမ့်လိုက်သည်။ တကယ့်ချက်ကောင်းမို့ တိုက်မောင်း နာပြီး ခဏမျှငြိမ်သွားသည်။
“ဖထီးရေ … တွေ့သွားပြီဗျ။ မရတော့ဘူး။ မထူးဘူး … မြန်မြန်သာ သွားပေတော့။ ကျုပ် ဆွဲထား၊ အား … အောင်မလေး … ဖထီး … ဖထီး … အား”
“ဟာ … တာတီး၊ ဟေ့ကောင် တိုက်မောင်း … တိုက်မောင်း … ကဲကွာ”
အဖြစ်အပျက်က ခဏအတွင်း မြန်ဆန်လွန်းစွာ။
တာတီးက တိုက်မောင်း၏ နားရွက်ကို ခေါက်ဆွဲပြီး ခေါင်းကိုနှိမ့်၍ အိပ်ခိုင်းနေစဉ်မှာ တိုက်မောင်းက ခဏမျှ ငြိမ်သွားပြီး ဆတ်ခနဲ ရုန်းလိုက်သည်။
သည်မှာတင် ခေါက်၍ဆွဲထားသော တိုက် မောင်း၏နားရွက် လွတ်ထွက်သွားပြီး အပေါ်သို့ပင့်၍ ဆတ်ခနဲ ရုန်းလိုက်သော တိုက်မောင်း၏ချိုက တာတီး၏ လက်မောင်းဆီသို့ မမျှော်လင့်ဘဲ တည့်မတ်စွာ စိုက်ဝင်သွားပြီး အသားစများ ဖွာထွက်သွားသည်။
ချိုင်းပြတ်အင်္ကျီ ဝတ်ထားသော တာတီး၏ လက်မောင်းမှာ သွေးတို့က ရဲခနဲ။
တာတီးအော်သံကြား၍ သားဇောဖြင့်,ဒေါသတကြီး ပြေးလာသော ဦးလွယ်ခါးကလည်း အနီးရှိ လက်ဖျံ ခန့် တုတ်၍ တစ်တောင်ခန့်ရှည်သော မန်ကျည်းသားတုတ်ဖြင့် တိုက်မောင်း၏ နံရိုး၊ ကျောကုန်း၊ ဦးခေါင်းများဆီသို့ ဒေါသတကြီး အားကုန်လွှဲရိုက်ပစ်သည်။
ဦးလွယ်ခါးက တိုက်မောင်းသည် တာတီးအား တမင်ခတ်လိုက်ခြင်းဟု ယူဆပြီး အလွန်အမင်း ဒေါသထွက်သွားခြင်း ဖြစ်သည်။
အချို့နေရာများ၌ သွေးများစို့၍ ပေါက်ပြဲထွက်ကုန်သည့်တိုင် တိုက်မောင်းက ငြိမ်၍ခံနေသည်။
သားဇောဖြင့် ဒေါသတကြီး ရိုက်နှက်နေသော ဦးလွယ်ခါးသည် အတန်ကြာမှ သတိဝင်ကာ တုတ်ကိုပစ်ချပြီး တာတီးကို ဆွဲပွေ့လိုက်သည်။ လက်မောင်းကို ထိခြင်းဖြစ်သော်လည်း ကျွဲချိုမို့ ဒဏ်ရာက တော်တော်ပင် ကြီးသွားသည်။ အရိုးပင် ကျိုးသွားပြီလားမသိ။ သွေးများကား မြင်မကောင်း။
“ဖိုးချစ်တို့၊ စောတာလူးတို့ လာကြပါဦးဟ။ ငါ့သားကို ကျွဲချိုထိပြီဟေ့။ ကျောက်တန်းကိုသွားဖို့ လှည်းတစ်စီးလောက် အမြန်လုပ်ကြစမ်းပါ”
ဦးလွယ်ခါး၏ အော်သံအဆုံး ဖိုးချစ်တို့အဖွဲ့ ကမန်းကတမ်း ပြေးလာကြ၏။
“ဘယ်လိုဖြစ်ရတာတုန်း ဦးလွယ်ခါးရာ။ ကျုပ်တို့လည်း တာတီးအော်သံ ကြားကြားချင်း ပြေးလာတာ။ လှည်းက ဆင်ပြီးသား အသင့်ရှိပါတယ်။ ဟာ … ဒဏ်ရာက အများသားပဲ”
“ဘယ်လိုဖြစ်ရမှာတုန်းကွ။ ဒီကောင် တိုက်မောင်းပေါ့ … တိုက်မောင်း၊ ကျေးဇူး မသိတဲ့ကောင်။ ကိုယ့်သခင်ကိုယ် ပြန်ခတ်တဲ့ကောင်။ ကံကောင်းလို့ပေါ့ကွာ၊ ငါ့သား နံကြားသာ မင်းချိုထိလို့ကတော့ မင်းခေါင်းကို ငါကိုယ်တိုင် ဖြတ်မယ်ကွ။ မင်းလိုကောင်မျိုးကို အိမ်မှာ မထားတော့ဘူး။ ငါ့သား ဆေးကုပြီးလို့ ပြန်လာတာနဲ့ မင်းကို ရောင်းထုတ်ပစ်မယ် … ကြားလား။ ဟင်း … တောက်”
ကြောက်အားလန့်အားဖြင့် သတိလစ်မည်ကဲ့သို့ ဖြစ်နေသော တာတီး၏ လက်မောင်းအား စောင်ပါးတစ်ထည်ကို ဆုတ်ဖြဲ၍ ပတ်တီးစည်းပြီး လှည်းပေါ် တင်နေကြသော ဦးလွယ်ခါးတို့လူသိုက်မှာ တိုက်မောင်း၏ မျက်လုံးအစုံမှ စီးကျနေသော မျက်ရည်တို့ကို မမြင်နိုင်ကြ။
တစ်သက်လုံး နှင်တံဖြင့်ပင် မတို့ခဲ့ဖူးသော သူ့သခင်၏ ဒေါသတကြီး အော်ငေါက်ရိုက်နှက်မှုကြောင့် တိုက်မောင်း၏ ရင်တွင်း၌ မကြုံစဖူး နင့်ခနဲ ခံစားလိုက်ရပြီး နာကျင်လွန်း၍ပဲလား၊ နာကျည်းလွန်း ၍ပဲလား မသိ။ နဖူးရှိ ဒဏ်ရာမှ ယိုစီးကျလာသော သွေးတို့သည် မျက်ရည်နှင့် အပြိုင်ပင် ဖြစ်၏။
တိုက်မောင်းသည် လှည်းပေါ်တက်၍ တရွေ့ရွေ့ထွက်ခွာသွားသော ဦးလွယ်ခါးအား နောက်ဆုံး ကြည့်ခြင်းမျိုးဖြင့် တွေဝေစွာ ကြည့်နေရင်း
“ငါ့သား ဆေးကုပြီးလို့ ပြန်လာရင် မင်းကို ရောင်းထုတ်ပစ်မယ်”
ဟူသော စကားသံကို ကြားယောင်နေမိ၏။
ဦးလွယ်ခါးတို့လှည်း မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်နှင့် တိုက်မောင်းသည် ကျောက်ရုပ်ကြီးလို ငြိမ်သက်နေရာမှ ကြိုးကို အတင်းဆောင့်ရုန်းလိုက်ပြီး ထောင်းခနဲ ကြိုးပြတ်သွားသည်နှင့် တစ်ပြိုင်တည်း ခြံတွင်းမှ ကမူးရှူးထိုးပြေးထွက်သွားလေတော့သည်။
တွေ့ရာမြင်ရာကို ဦးချိုဖြင့် ဒေါသတကြီး ဝှေ့ယမ်းသွားခဲ့ရာ ရွာအတွင်းရှိ ခြံစည်းရိုးများနှင့် ရွာထိပ်ရှိ နတ်စင်တို့ ပြိုလဲသွားပြီး လူတွေလည်း ပြေးဟယ် လွှားဟယ်နှင့် ဆူညံစွာ ကျန်ခဲ့လေတော့သည်။
တိုက်မောင်းကား သူနေထိုင်ကြီးပြင်းခဲ့ရာ ‘ရုံမင်းစမ်း’ ရွာကြီးကို ကျောခိုင်း၍ ရွာအနောက်ဘက်ရှိ ‘ရုံမင်းမြောင်’ တောကြီးဆီသို့ ဦးတည်လျက်။
xxx xxx xxx
“ငါ မှားပြီ”
ဦးလွယ်ခါးသည် ပြတ်ထွက်သွားသော ကြိုးစကို ကိုင်၍ ချည်တိုင်ကို မှီ၍ ရပ်ရင်း မျက်ရည်တို့ ဝေ့ဝဲလာကာ ဆို့နင့်သောအသံဖြင့် ရေရွတ်လိုက်၏။
ဖခင်တစ်ယောက်သည် မိမိသားတစ်ယောက်အား ဒေါသဖြစ်စဉ်က အပြစ်ပေးဆုံးမပြီးနောက် ဒေါသပြေသွားချိန်တွင် စိတ်မကောင်းဖြစ်ရသကဲ့သို့ ဦးလွယ်ခါးသည်လည်း တိုက်မောင်းကို ရိုက်နှက်ခဲ့မိသည်ကို နောင်တအကြီးအကျယ်ရနေပြီ။
ကျောက်တန်းမှ ဆရာဝန်က လက်မောင်းရိုး မကျိုး၍ စိုးရိမ်စရာတော့ မရှိ။
သို့သော် ဒဏ်ရာကကြီးလွန်းသဖြင့် ပဲခူးဆေးရုံပို့မှ ပို၍ စိတ်ချရမည်ဆို၍ တာတီးကို ပဲခူးသို့ပို့ကာ သူ့ဦးလေး စောတာလူးအပါအဝင် ရွာရှိ လူအချို့ဖြင့် ထားခဲ့ပြီး တိုက်မောင်း အခြေအနေကို ပြန်ကြည့်သော ဦးလွယ်ခါးမှာ ရွာရှိလူများ ပြောစကားအရ တိုက်မောင်း တောတန်းကြီးဘက် ထွက်ပြေးပြီဟု သိလိုက်ရသောအခါ မိမိကိုယ်ကို ဒေါသဖြစ်၍မဆုံးတော့။
“တိုက်မောင်း တောတန်းဘက် ထွက်သွားတာ သေချာတယ်နော်”
ဦးလွယ်ခါးက နံဘေးရှိ တာတီး၏သတင်းလည်း မေးရင်း တိုက်မောင်း၏ သတင်းလည်း ပြောရင်း ရောက်လာကြသော ရွာသားများကို မေးလိုက်၏။
“သေချာတယ် ဦးလွယ်ခါး။ ဒီကောင် ကမူးရှူးထိုးနဲ့ တောက်လျှောက်ပြေးထွက်သွားတာ တောတန်းကြီးတည့်တည့်ပဲ။ ကျုပ်တို့လည်း လိုက်ဆွဲဖို့နေနေသာသာ ကိုယ့်မခတ်မိအာင် မနည်းရှောင်နေရတာ”
ဦးလွယ်ခါး ဘာမျှမပြောတော့ဘဲ အိမ်ပေါ်တက်သွားပြီး အတော်ကြာမှ ကျောပိုးပလိုင်းကြီးတစ်လုံးဖြင့် ပြန်ဆင်းလာသည်။ ပလိုင်းကြီးထဲမှ ဆန်၊ ဆီ၊ ဆား စသည်တို့အပြင် အခြား တိုလီမိုလီပစ္စည်းများနှင့် ဓားမကြီးတစ်ချာင်း။
“ငါ့သားကို ငါလိုက်ခေါ်မယ်။ မင်းတို့ ငါ့အိမ်ကို ကြည့်ထားလိုက်ကြပါကွာ”
“ဦးလွယ်ခါး တောတန်းထဲသွားဖို့လား”
“အေးလေ … တိုက်မောင်း အဲဒီဘက် ပြေးသွားတယ်ဆို”
ရွာသားများ ခဏမျှ ငြိမ်သွားကြသည်။ အတန်ကြာမှ …
“တားလည်း ရမှာ မဟုတ်တော့ မတားတော့ပါဘူးဗျ။ တောက သိပ်နက်တာ ဦးလွယ်ခါးလည်း သိပါတယ်။ ပြီးတော့ တောထဲမှာ ကျား…”
ဦးလွယ်ခါး လက်ကာပြလိုက်သဖြင့် ထိုရွာသားစကားတန့်သွား၏။
“ကျေးဇူးတင်ပါတယ်ကွာ။ ဒါပေမဲ့ ငါတစ်ယောက်တည်း သွားပါရစေ။ ကျားရှိလို့ ပိုဆိုးတာပေါ့ကွာ။ မတော်လို့ တိုက်မောင်း ကျားနဲ့တွေ့နေမှ”
ဦးလွယ်ခါးက ပြောရင်း တောစီးဖိနပ်တစ်ရံကို ကောက်စီး၍ ကျောပိုးပလိုင်းကို လွယ်ကာ ရွာသားများကို နှုတ်ဆက်ပြီး ဟိုးအနောက်ဘက်ဆီ၌ ခပ်မှိုင်းမှိုင်း မြင်နေရသော တောတန်းကြီးဆီသို့ ရှေးရှုထွက်ခွာသွားလေတော့သည်။
‘ရုံမင်းစမ်း’ ရွာသားတို့မှာ တိုက်မောင်းနှင့် ပတ်သက်လာလျှင် ဘာမဆို ဇွတ်တရွတ်နိုင်လှသော ဦးလွယ်ခါး၏ ကျောပြင်ကို စိတ်မချစွာ ကြည့်နေကြရုံမှတစ်ပါး။
ဝန်းကျင်တစ်ခွင်သည် မြူငွေ့တို့ဖြင့် မှုန်မှိုင်း၍နေသည်။ တဖွဲဖွဲ ကျဆင်းနေသော နှင်းစက်များကြောင့် သစ်ရွက်သစ်ခက်များသည် နှင်းတို့ဖြင့် ရွှဲစိုနေ လေ၏။
ဦးလွယ်ခါးသည် ကျွဲတညင်းပင်ကြီး၏ ခွဆုံတွင် ချမ်းချမ်းစီးစီးဖြင့် ပုဆိုးခြုံ၍ ကွေးနေရာမှ ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ပြီး အောက်သို့ တွယ်ဆင်းလိုက်၏။ ပြီး မလှမ်းမကမ်းရှိ ခြုံထဲမှ ပလိုင်းကို ထုတ်၍ နှင်းများ စိုနေသော သစ်ရွက်ခြောက်များဖြင့် ခဲရာခဲဆစ် မီးမွှေးလိုက်သည်။
မနေ့က စမ်းချောင်းအတွင်းမှ ခပ်ယူလာသော နှစ်ဂါလံဝင် ရေပုံးအတွင်းမှ ရေဖြင့် မျက်နှာသစ်ပြီး တစ်ဆက်တည်း ရေနွေးအိုးတည်လိုက်၏။ ရေနွေးအိုးမဆူခင် ထမင်းအိုးကို ရေခန်းချက်ရန် ပြင်ဆင်ထားခဲ့ပြီး အပေါ့သွားရန် ခပ်လှမ်းလှမ်းရှိ ချုံပုတ်နားသို့အရောက် မြေပြင်ကို အမှတ်တမဲ့ ငုံ့အကြည့်တွင်…
အံ့သြမှုနှင့်အတူ ဝမ်းသာခြင်းတို့က ရင်ထဲ အတိုင်းအဆမဲ့။ ပို၍သေချာစေရန် မြေပြင်ကို လက်နှစ်ဖက်ထောက်၍ စေ့စပ်သေချာစွာ ကြည့်လိုက်၏။
ပြောင်ခြေရာတွေများလားဟု။
မဟုတ်၊ ကျွဲခြေရာ လတ်လတ်ဆတ်ဆတ်တွေ။ သေချာသွားလေပြီ။ သို့ဆိုလျှင် သူ့သားကြီး တိုက်မောင်းမှလွဲ၍ အခြားကျွဲ မဟုတ်နိုင်။
အပေါ့အပါးသွားပြီး ကမန်းကတမ်း ပြန်လာတော့ ရေနွေးအိုးက ဆူနေပြီ။ ရေနွေးအိုးကိုချ၍ လက်ဖက်ခြောက်ခပ်ပြီး ဖိုခုံလှောက်အဖြစ် သုံးထားသော ဂဝံခဲကြီးများကို အနည်းငယ် နေရာပြင်လိုက်ကာ ထမင်းအိုးတင်လိုက်၏။
ပလိုင်းအတွင်းမှ ပလတ်စတစ်ရေခွက်တစ်လုံးနှင့် ငါးခြောက်တစ်မြှောင်းကို ထုတ်ယူလိုက်ကာ ရေနွေးတစ်ခွက်ငှဲ့၍ အအေးခံပြီး ငါးခြောက်ဖုတ်၏။ ငါးခြောက်ကျက်တော့ ရေနွေးနှင့်မြည်းရင်း ထမင်းအိုး မြန်မြန်ကျက်စေရန် အနီးအနားရှိ ထင်းခြောက်များကိုဆွဲကာ မီးကို အဆတ်မပြတ် ထည့်နေမိ၏။
ရေခန်းချက်သည်မို့ ထမင်းအိုးက သိပ်မကြာ။ ထမင်းကျက်သည်နှင့် အဆာပြေစားဖို့ ကမန်း ကတန်းခူးခပ်ထားကာ ထမင်းအိုးကို ပလိုင်းအောက်ဆုံးမှထည့်ပြီး ရေနွေးအိုးကို လက်မှဆွဲကာ ဆေးတံဖွာလျက် တိုက်မောင်း၏ ခြေရာနောက်သို့ သွက်လက်စွာ လိုက်ခဲ့လေတော့၏။
ဦးလွယ်ခါးတစ်ယောက် မောလို့ မောရမှန်းပင် မသိ။ ခြေရာက မြေမာများ၊ ဂဝံကုန်းများပေါ်တွင် ပျောက်ပျောက်သွားတတ်၍ ချုံပုတ်၊ သစ်ပင်ငယ်တို့မှ
သစ်ကိုင်းကျိုးရာ၊ ရွှံ့လူးရာတို့ကိုကြည့်၍ ခရီးဆက်ရသည်လည်း ရှိ၏။
သို့ဖြင့် ခြေရာပျောက်လိုက် နားလိုက်၊ ခြေရာရှာရင်း ခရီးဆက်လိုက်ဖြင့် မွန်းတည့်ချိန်အထိ ဦးလွယ်ခါး ထမင်းမစားရသေး။ ထမင်းစားရမည်ကိုလည်း မေ့သလို ဖြစ်နေ၏။
သို့ကလို ဦးလွယ်ခါး တက်သုတ်ရိုက်ခရီးနှင်နေရင်း ခပ်လှမ်းလှမ်းရှိ ဆူးရစ်ချုံတစ်ချုံ သိမ့်ခနဲ တစ်ချက် လှုပ်သွားသည်ကို လှမ်းတွေ့လိုက်ရသည်။ ခြုံအနီးသို့ ဦးလွယ်ခါး အားတက်သရော ချဉ်းကပ်သွားလိုက်သည်။
“တိုက်မောင်း၊ သားကြီးရေ … တိုက်မောင်း”
ဦးလွယ်ခါး၏ အသံကြောင့် ချုံအတွင်းမှ သတ္တဝါတစ်ကောင် မျောခနဲ ထိုးထွက်လာပြီး ထိတ်လန့်တကြားဖြင့် ကဆုန်ပေါက်၍ ပြေးထွက်သွားသည်။
ဦးလွယ်ခါး တွက်ဆထားသလို သူ့သားကြီး တိုက်မောင်း မဟုတ်ဘဲ ချေလား ဒရယ်လား ကွဲကွဲပြားပြား မမြင်တွေ့လိုက်ရသော သတ္တဝါသည် ဦးလွယ်ခါး မြင်ကွင်းမှ ခဏချင်းပင် ပြေးလွှားပျောက်ကွယ်သွားသည်။
ဦးလွယ်ခါး သက်ပြင်းတစ်ချက်ကို လေးပင်စွာချရင်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်မိသည်။ နောက် ခေါင်းငိုက်စိုက်ချလျက် စောစောက တိုက်မောင်းခြေရာ တွေ့ခဲ့ရာ လမ်းကြောင်းပေါ်သို့ ပြန်တက်လိုက်သည်။ မသဲမကွဲ မြင်တွေ့ရသော ခြေရာများအပေါ် မူတည်၍ ကောက်ချက်ဆွဲကာ တိုက်မောင်း သွားနိုင်လောက်သည့်ဘက်သို့ မှန်းဆ၍ တောတိုးခဲ့ပြန်သည်။
တိုက်မောင်း၏ဇောဖြင့် ညွန်မကြောက်၊ ဓနုံးတောမကြောက်ဖြင့် ခြေရာအတိုင်း တောက်လျှောက်လိုက်လာသော ဦးလွယ်ခါးသည် ဓနုံးလျှိုတစ်ခုအနီးသို့ အရောက်တွင် ထိတ်ခနဲ ဖြစ်သွား၏။
လျှိုစပ်မြေပျော့တွင် တိုက်မောင်း၏ ခြေရာကိုကား တွေ့ပါ၏။ သို့သော် တိုက်မောင်း၏ခြေရာနှင့်အတူ ထပ်မံတွေ့လိုက်ရသည်က ခြေရာဝိုင်းတစ်စုံ။
ဒါ ကျားခြေရာ။ တိုက်မောင်း၏နောက်သို့ ကျား တစ်ကောင် လိုက်၍ ချောင်းနေလေပြီ။
ဦးလွယ်ခါးသည် ကျားခြေရာကို တွေ့လိုက်ရ၍ ထိတ်လန့်တုန်လှုပ်ရမည့်အစား ရေနွေးအိုးကိုသွန်၍ ပလိုင်းအတွင်းသို့ထည့်ပြီး ဓားမကိုဆွဲထုတ်ကာ ခြေရာများအတိုင်း ဓနုံးတောအတွင်းသို့ တိုးဝင်လိုက်၏။
သူ၏ တောစီးဖိနပ် နွံများဖြင့် လူးကုန်သည်ကို ဂရုမစိုက်အားဘဲ ခြေရာနှစ်စုံနောက်သို့သာ တစိုက်မတ်မတ် လိုက်လာခဲ့ရာ ဓနုံးလျှိုကိုလွန်၍ ခင်တန်းခါးပြတ်ကလေးတစ်ခုသို့ အရောက်တွင် ကျွန်းပင်ကြီးတစ်ပင်ကို ဖင်ဖြင့်ကပ်လျက် ဦးခေါင်းကို နှိမ့်၍
ရှေ့တူရူသို့ မမှိတ်မသုန် စူးစိုက်ကြည့်နေသော တိုက်မောင်းကို တွေ့လိုက်ရလေ၏။
တိုက်မောင်း၏ရှေ့ လေးငါးလံခန့်အကွာတွင်မတော့ အဝါခံတွင် အညိုစင်းကြီးများဖြင့် ကျားတစ်ကောင်။
တစ်သက်နှင့်တစ်ကိုယ် ကျားအရှင်ကို ခုလို မျက်ဝါးထင်ထင် တွေ့လိုက်ရ၍ ဦးလွယ်ခါး တစ်ကိုယ်လုံးရှိ အကြောအခြင်များ တောင့်တင်းသွား၏။
သည်ကျားက တိုက်မောင်းကို ခပ်ခွာခွာမှ လှည့်ပတ်၍ ချောင်းနေ၏။ တိုက်မောင်းကလည်း ကျွန်းပင်ကြီးကို ဖင်ဖြင့်ကပ်ထားရာမှ မခွာဘဲ ဟင်းကောင် နေရာရွေ့တိုင်း သူကပါလှည့်၍ ချိုကို အသင့်အနေအထားဖြင့် နှာတဖူးဖူးမှုတ်ကာ ပြန်၍ ရန်စောင်နေလေ၏။
ဦးလွယ်ခါး ဘာလုပ်ရမည်နည်း။
ဟင်းကောင်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရ၍ ထိတ်လန့်တုန်လှုပ်သွားသော စိတ်ကိုထိန်းကာ အံတင်းတင်းကြိတ်လိုက်၏။ ဦးလွယ်ခါး သူ ဘာလုပ် သင့်သလဲဆိုသည်ကို အပြေးအလွှား စဉ်းစားလိုက်သည်။
ခုနေ ဟင်းကောင်အား သူ ပြေးခုတ်လျှင် မုချ သူခံရပေမည်။ ဟင်းကောင်အား ဓားချက်တစ်ချက်ထက် ပို၍ မခုတ်နိုင်ခင် သူ ဟင်းကောင်၏အစာ ဖြစ်သွားနိုင်၏။
သူ့ကို ဟင်းကောင် တိုက်ခိုက်လာပါက တိုက်မောင်းကလည်း ငြိမ်နေမည်မဟုတ်။ သခင်ကိုထိလျှင် ဘာကိုမျှမကြောက်ဘဲ တဇွတ်ထိုး ဝင်ရောက်တိုက်ခိုက်တတ်သော တိုက်မောင်း၏အကြောင်းကို ဦးလွယ်ခါး ကောင်းကောင်းသိလေသည်။
သည်သို့ဆိုလျှင် ကျွန်းပင်ကြီး၏ အကာအကွယ်မရှိတော့သော တိုက်မောင်းသည်လည်း ဟင်းကောင်၏ ဒဏ်ကို လှလှပပ ခံရမည်သာ။
ကျွဲနှင့် ကျားတို့၏ သဘာဝကို ဝါရင့်မုဆိုးကြီးတစ်ဦး ပြောဖူး၍ ဦးလွယ်ခါး ကောင်းစွာသိ၏။
ကျွဲ နှစ်ကောင်ဖင်ချင်းတေ့ထားလျှင်၊ သို့မဟုတ် ကျွဲတစ်ကောင် အပင်ကြီးတစ်ပင်ကို ဖင်ဖြင့်ကပ်ထားလျှင် ကျား လုံးဝ ဝင်ဆွဲ၍မရ။
ကျွဲရှေ့တည့်တည့်မှ ကျား ခုန်ဝင်လိုက်သည်နှင့် ကျွဲချိုများတွင် ကျား၏အသက် ပါသွားပေလိမ့်မည်။
ဤသည်ကတော့ သတ္တိကောင်းသော အင်မတန် အခတ်အပြုတတ်သော ကျွဲပါမှ။
ခု ကျွဲက သူ့သားကြီးတိုက်မောင်း၊ တောဘုရင်ဆိုပေမဲ့ ကျားက သိပ်မထွားသေးသော ကျားပေါက်။
တိုက်မောင်း၏အကြောင်းကို ကောင်းကောင်းသိထားသည်မို့ ဦးလွယ်ခါး ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်၏။ ဆူးချုံတစ်ခုကို အကာအကွယ် ယူ၍ တဖြည်းဖြည်း ရှေ့သို့ တိုးလိုက်ကာ ပလိုင်းကို အသာအယာဖြုတ်ချပြီး ချုံဘေးမှ ငုတ်တုတ်ထိုင်၍ တိုက်မောင်းနှင့် ဟင်းကောင်တို့၏ အခြေအနေကို အသာအယာပင် ကြည့်နေလိုက်၏။
လက်တွင်းရှိ ဓားမကိုတော့ တင်းတင်း ဆုပ်ကိုင်လျက်။
တိုက်မောင်း၏လည်ကုပ်၊ ကျောပေါ်သို့ ဟင်းကောင် ရောက်ရှိသွားလျှင်တော့ ဖြစ်ချင်ရာဖြစ် ဓားဖြင့် ဝင်ပိုင်းမည်ဟု။
သည်ကျားက ကျားပါးမဝသေးသော ကျားပေမို့ စိတ်ရှည်ဟန်မတူ။ သူ လှည့်ချောင်းတိုင်း ကျွဲကပါလှည့်၍ ချိုဖြင့် ချိန်ရွယ်ထားသည်မို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေပုံရ၏။
တိုက်မောင်းကို လှည့်ပတ်ချောင်းရင်း ထိုင်လိုက်၊ ထလိုက်၊ ဟောက်လိုက်ဖြင့် အချိန်အတော်ကြာသွား၏။
တစ်ခါတစ်ရံ တိုက်မောင်း၏ အနီးသို့ သွား၍ ချိုဖြင့် မမီလောက်သော နေရာမှ လက်ဖြင့် မမီမကမ်း လှမ်းလှမ်းပုတ်တတ်သည်။
တော်ရုံကျွဲဆို ကြောက်လန့်ပြီး ထွက်ပြေးလျှင် ပြေး၊ မပြေးလျှင်လည်း အတင်းလိုက်ခတ်ပေလိမ့်မည်။ သို့ဆိုလျှင် ဟင်းကောင်အနေဖြင့် နောက်ပိုင်းမှ ခုန်ဝင်တိုက်ခိုက်ဖို့ လွယ်ကူသွားပြီဖြစ်၏။
တိုက်မောင်းကတော့ သည်သို့မဟုတ်။ ဟင်းကောင် ခုန်မအုပ်သေး။ သူ့ချိုတစ်ကမ်းသို့ မရောက်သေးသရွေ့ကတော့ ငြိမ်သက်မြဲပင်။ မျက်လုံးအစုံကတော့ သူ့ရန်သူ ဟင်းကောင်ထံမှ မခွာဘဲ စူးစိုက်၍ ကြည့်နေ၏။
ဦးလွယ်ခါးအတွက်ကတော့ တကယ့် ပွဲကြီး ပွဲကောင်း။ သို့သော် တိုက်မောင်းအတွက် စိုးရိမ်စိတ်ကြောင့် ရင်ထဲမှာတော့ တထိတ်ထိတ်။
သို့ကလို တိုက်မောင်းနှင့် ဟင်းကောင် ရန်စောင်နေရာ တစ်နာရီနီးပါးခန့် ကြာတော့ စိတ်မရှည်တော့သော ဟင်းကောင်သည် ရှေ့လက်နှစ်ချောင်းကို ကွေးညွတ်၍ ခဏမျှ ငြိမ်သွားကာ ရုတ်တရက် ကိုယ်ကို နောက်သို့ အနည်းငယ်ယို့လိုက်ပြီး တိုက်မောင်း၏ကိုယ်ပေါ်သို့ လွှားခနဲ ခုန်အုပ်လိုက်လေတော့၏။
တိုက်မောင်း၏ချို ဝင့်ခနဲ ဖြစ်သွားသလို ဦးလွယ်ခါးလည်း ထိတ်ခနဲ။
ဟင်းကောင် ခုန်အုပ်လိုက်ပုံက ကြည့်ကောင်းသလို တိုက်မောင်း၏ ချိုခတ်ချက်ကလည်း လှသည်။
လေထဲမှ လွင့်ခနဲ မြောက်တက်လာသော ဟင်းကောင် သူ့အနီးရောက်သည်နှင့် ကြွက်သားတို့ ဖုထစ်နေသော တိုက်မောင်း၏ လည်တိုင်ကြီး ဝင့်ခနဲ ဖြစ်သွားကာ စွင့်ကားနေသော ချိုနှစ်ချောင်းက ဟင်းကောင်ဆီသို့ ချိန်သားကိုက်စွာ ဝဲခနဲ ရောက်ရှိသွားသည်။
ဟင်းကောင်ကလည်း နှယ်နှယ်ရရတော့ မဟုတ်။ တောဘုရင်ဘွဲ့ ရထားသူပေပဲ။ ဝဲပျံလာသော ချိုကို မြင်လိုက်သည်နှင့် လေထဲမှာပင် ဟန်ချက်ကိုထိန်းလျက် တိုက်မောင်း၏ ချိုကို ရှောင်ထွက်လိုက်သည်။
သို့သော် ရှင်းရှင်းတော့ လွတ်မသွား။ ညာဘက်ချိုဖြင့် နံကို မထိတထိ ပွတ်မိသွားပြီး ဘယ်ဘက်ချိုဖြင့် ဝမ်းဗိုက်ကို ရှပ်ထိသွား၏။
လိမ့်ထွက်သွားသော တောဘုရင်သည် ဟန်ချက် ပျက်ပြီး မြေပေါ်သို့ တစောင်းပြုတ်ကျသည်။
ဟင်းကောင် လူးလဲထနေစဉ်မှာ တိုက်မောင်းက ခြေတစ်လှမ်း ရှေ့တိုး၍ ချိုဖြင့် သိမ်းခတ်လိုက်ပြန်၏။
“ဖြောင်း … ဘုတ် … ဗျိ”
ဟင်းကောင် လှိမ့်ရှောင်လိုက်သောကြောင့် တိုက်မောင်း၏ချိုက တင်ပါးဆုံသို့သာ တိုးဝင်သွားပြီး အသားစများ ဖွာထွက်သွားသလို ဟင်းကောင်ကလည်း သူ့၏ သန်မာလှစွာသော လက်တစ်ဖက်ဖြင့် နဖူးသို့ အရှိန်ပြင်းစွာ ပုတ်၍ ဆွဲလိုက်ရာ တိုက်မောင်း၏ နဖူးပြင်တွင် ဓားမြှောင်ငါးချောင်းဖြင့် တစ်ပြိုင်တည်း ထိုးစိုက်၍ ဆွဲခြစ်လိုက်သကဲ့သို့ နက်ရှိုင်းသော အစင်းရာကြီးငါးခု ဖြစ်ပေါ်သွားပြီး သွေးများ ရဲခနဲ ယိုစီးကျလာသည်။
ခေါင်းပါကွဲသွားသော ဒဏ်ရာကြောင့် တိုက်မောင်း ယိုင်ခနဲတစ်ချက် ဖြစ်သွားသည်။
တိုက်မောင်းကို ထိပြီမို့ ဦးလွယ်ခါး ဓားကိုဝင့်လျက် ဟင်းကောင်ဆီ ပြေးအသွားမှာ နောက်ခြေကို အသုံးမပြုနိုင်တော့ ဟင်းကောင်က ရှေ့လက်နှစ်ဖက်ကို အားပြု၍ ရန်သူအသစ်ဖြစ်သော ဦးလွယ်ခါးဆီသို့ မလှမပ ခုန်အုပ်လိုက်သည်။
ဦးလွယ်ခါး မျက်လုံးတို့ ပြာခနဲ ဖြစ်သွားပြီး ဓားမကြီးကိုင်လျက်သားဖြင့် ဟင်းကောင်ကို ငေးကြည့်နေစဉ်မှာ လေထဲမှ ဟင်းကောင်သည် တစ်စုံတစ်ယောက်က ဆွဲယူလိုက်သည့်ပမာ စွေ့ခနဲ မြောက်တက်သွားသည်။
နောက်မှဝင်၍ ခတ်လိုက်သော တိုက်မောင်း၏ချိုက ဟင်းကောင်၏ ခါးရိုးကို ချိုးပစ်လိုက်လေပြီ။
မြေတွင်လိမ့်နေသော ဟင်းကောင်သည် ရှေ့လက်နှစ်ဖက်ကို အားပြု၍ ဒေါသတကြီး ထအရပ်မှာ တိုက်မောင်းကို လည်စင်းပေးလိုက်သလို ဖြစ်သွားသည်။
နောက်ခြေနှစ်ချောင်းနှင့် ခါးတစ်ပိုင်းလုံး မြေတွင် တရွတ်တိုက်နေပြီး ရှေ့လက်နှစ်ဖက်ထောက်လိုက်၍ ဟင်းလင်းပွင့်သွားသော ဟင်းကောင်၏ ရင်ဘတ်ဆီသို့ တိုက်မောင်း၏ချိုက လွတ်လွတ်ကျွတ်ကျွတ် စိုက်ဝင်သွားလေတော့သည်။
“ဝေါင်း … ဂရား … ဂူး”
ဝမ်းခေါင်းသံကြီးဖြင့် နာနာကြည်းကြည်း အော်လိုက်သော ဟင်းကောင်၏ အသံကြောင့် မှင်သက်မိနေသော ဦးလွယ်ခါး၏ ခန္ဓာကိုယ် ဆတ်ခနဲ တွန့်သွား၏။ လွင့်ထွက်သွားသော ဟင်းကောင်၏ ရင်ဘတ်ဆီမှ သွေးတို့က တိုက်မောင်း၏ချိုတွင် ရဲရဲနီနေပြီး နားရွက်ဖျားမှ တတောက်တောက်ကျနေသည့်တိုင် ဟင်းကောင်သည် နောက်ဆုံးကြိုးပမ်းချက်တစ်ရပ်အနေဖြင့် တိုက်မောင်း၏ လည်ကုပ်ဆီသို့ တအားခုန်၍ ခဲလိုက်စဉ်မှာပင် တိုက်မောင်း၏ချိုဖျားမှ ဟင်းကောင်၏ ဇက်တည့်တည့်ဆီသို့ ဦးလွယ်ခါး၏ ထင်းခုတ်ဓားမကြီးက အရှိန်ပြင်းစွာဖြင့်။
ဇက်ကျိုးသွားပြီဖြစ်သော ဟင်းကောင်၏ ခန္ဓာကိုယ်သည် တိုက်မောင်း၏ ချိုပေါ်မှလည်ပြီး ဇောက်ထိုးဖြစ်သွားကာ ချိုပေါ်မှာ တန်းလန်း။
တိုက်မောင်းကား ဟင်းကောင်၏ လက်ချက်ဖြင့် စုတ်ပြဲပဲ့ရွဲ့နေသော မျက်ခွံများအောက်ရှိ ရီဝေသော
မျက်လုံးကြီးများဖြင့် ဦးလွယ်ခါးကို ငေး၍ ကြည့်နေလေသည်။
“သားကြီး … သားကြီး တိုက်မောင်း၊ ဖထီးနဲ့ ပြန်လိုက်ခဲ့ပါကွာ။ ဖထီး မရိုက်တော့ပါဘူးနော်။ သားကြီး ခေါင်းငုံ့လိုက်ပါဦးကွာ။ မင်းချိုဖျားက ဟင်းကောင်ကို ဖထီး ဖြုတ်ချပေးမယ်လေ”
တိုက်မောင်းက သူ့သခင်စကားကို နားလည်စွာ ခေါင်းကို ငုံ့ပေးလိုက်သည်။ ပြီး ဒူးအစုံပါ ခွေညွှတ်၍ ဗုန်းခနဲ လဲကျသွားလေတာ့သည်။
ဦးလွယ်ခါး စိုးရိမ်တကြီးဖြင့် တိုက်မောင်း၏ ခေါင်းပေါ်တွင် သေနေသော ဟင်းကောင်ကို ဆွဲဖယ်ကာ တိုက်မောင်း၏ နဖူးပြင်ကို ကိုင်ကြည့်လိုက်တော့ နက်ရှိုင်းလှစွာသော အက်ကွဲရာကြီး။
လဲကျနေသော တိုက်မောင်း၏ နှာဝနားမှ ဖုန်မှုန့်တို့သည် ငြိမ်သက်စွာ။ သွေးတို့ကား အိုင်ထွန်းလျက်။
“သား … သားကြီးတိုက်မောင်း၊ တိုက်မောင်း… ”
ဦးလွယ်ခါး၏ ဆို့နစ်ကြေကွဲစွာဖြင့် အော်ဟစ်လိုက်သံသည် ရုံမင်းမြောင် တောကြီးအတွင်း၌ ပဲ့တင်ထပ်သွားလေတာ့သည်။
ဆောင်းနေကား ဦးလွယ်ခါး၊ တိုက်မောင်းနှင့် ဟင်းကောင်ကြီးတို့၏ ခန္ဓာကိုယ်များပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်လျက်. . .။ ။
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း
အတွဲ ၃ ၊ အမှတ် ၁၀
နိုဝင်ဘာလ ၊ ၂၀၀၇
– ပြီး –