“ကိုကြိုင်… ကျုပ်တို့ ထင်းတိုက်တာ ပြီးပါ့မလားဒီနေ့ …
တော်နေဆိုရင် မိုးချုပ်နေပြီနော်…”
“အိုကွာ…ပြီးပါတယ် မင်းကလည်း ။
သွား…မင်းရဲ့ နွားတွေကိုသာသွားဆွဲခဲ့…”
ဦးကြိုင်သည် ဇနီးဖြစ်သူ၏ စကားအား ခွန်းတုန့်ပြန်လိုက်ပြီး ခပ်လှမ်းလှမ်းသစ်ပင်ရိပ်တွင်ကြိုးဖြင့် ချည်နှောင် ထားသော နွားနှစ်ကောင်အား သွားဆွဲစေသည်။
ဦးကြိုင်ကတော့ သယ်ရမည့် ထင်းများကို
အသင့်ခုတ်ယူထားသော နွယ်ကြိုးရှည်ကြီးများဖြင့်
စတင် တုပ်နှောင် နေခဲ့၏။
“ဟား…မောလိုက်တာကွာ…။
မယ်ခင်ရေ…မင်းရဲ့သားသမီးတွေက
ထမင်းအိုးတော့တည်ထားလောက်ပါတယ်နော်”
ထင်းစည်းချည်နှောင်နေ သော ဦးကြိုင်က
လှည်းဆင်နေသော ဇနီးဖြစ်သူအားမောမောဖြင့်မေးလေရာ…မယ်ခင်က
“ထမင်းတစ်အိုးတော့တည်ထားကြလို့
ကျုပ်ပြောထားခဲ့ပါတယ်တော်…။
တော့်သမီးကြီး တည်မှာပါ တော်ကလည်း “
“အေးပါကွာ…ကဲ…ထင်းတွေတင်မယ်ဟေ့…
နေတောင်ပျောက်ပေါ့… “
ဦးကြိုင် ပြောပြောဆိုဆိုဖြင့် သူကိုယ်တိုင် စည်းထားသော ထင်းစည်းများကို လှည်းပေါ်သို့ တင်တော့သည်။
ထင်းစည်းများအားလုံးလှည်းပေါ်သို့ရောက်ရှိချိန်မှာတော့
ဦးကြိုင် ရွာဆီသို့ဦးလှည့်ရင်း
လှည်းကိုမောင်းထွက်ခဲ့တော့လေသည်။
ဦးကြိုင်တို့မိသားစုသည် သူများ
လယ်၌ အငှါးလိုက်ရင်း
ဝမ်းစာဖြေရှင်းနေကြရသူများဖြစ်သည်။
ယခုလည်း အိမ်သုံးဖို့ရန် ထင်းကုန်နေသည်ကိုသိရ၍
လယ်ရှင်ထံမှ နွားနှင့်လှည်း ငှားကာ တောသို့တက်ပြီး
ထင်းခုတ်လာကြခြင်းဖြစ်၏။
သမီးကြီးဖြစ်သော မိစန်းက ဆယ့်ငါးနှစ်ပင်ရှိချေပြီ။
ခုထိ စာတစ်လုံးမှ မဖတ်တတ်သေး။
မဖတ်တတ်ဆို ထမင်းစားဖို့ရန်သာ ရုန်းကန်နေရသော
သူတို့ ဘဝတွေသည် ကျောင်းစာဘက်သို့ ဦးမတည်နိုင်ရှာခဲ့။
အများသူငှာ သားသမီးများ၏
မြို့ကျောင်းတက်ရသံများကြားလျှင်
ဦးကြိုင် သမီးကြီးအတွက်စိတ်မကောင်းခဲ့ရ။
သားငယ်အမွှာနှစ်ယောက်ကတော့ ကိုးနှစ်ကျော်ပြီဖြစ်သည်။
မိဘတွေ လယ်တောသွားလျှင် အိမ်အလုပ်နှင့် မောင်တွေထိန်းဖို့က သမီးကြီး မိစန်းတာဝန်ပင်ဖြစ်သည်။
ဦးကြိုင်မိသားစုအခြေအနေကိုတွေးတောရင်း လှည်းမောင်းနေရာမှ နောက်တွင် ထိုင်နေသော ဇနီးဖြစ်သူမယ်ခင်က
ထိတ်လန့်သံကြီးတစ်ခုနှင့်…
“ကိုကြိုင်…ရှေ့မှာ…. မည်းမည်းကောင်ကြီးတော်ရေ့……”
“ဟင်…”
ဇနီးဖြစ်သူမယ်ခင်စိုးရိမ်တကြီးသံကြောင့် အရှေ့ကိုလှမ်းကြည့်လိုက်တော့ နည်းသည့်အကောင်ကြီးမဟုတ်ပေ။
ပတ်ဝန်းကျင်ဟာအမှောင်ရိပ်သန်းနေ၍
လူလေ လား တိရိစ္ဆာန်ပေလားမသဲကွဲ။
အရပ်ကြီးသည် လူနှစ်ပြန်စာလောက်ရှည်လျားပြီး
တစ်ကိုယ်လုံး မဲနက်နေလေရာ…။
“ဖူး….ဖူး…”
နွားတွေပင် မငြိမ်ချင်တော့။
ဦးကြိုင် နွားနဖားကြိုးကိုတင်းတင်းဆွဲကာ
လှည်းအား ရပ်တန့်လိုက်၏။
ပြီးနောက် အရှေ့မှအရာကြီးအား အကဲခပ်ကြည့်နေချိန်မှာ
ထိုအရာကြီးက မလှုပ်ရှားဘဲ ဆက်လက်ရပ်တန့်နေလေသည်။
“မယ်ခင်ရေ…တို့တော့ တောကြီး တစ္ဆေ
ခြောက်ပြီထင်တယ်ကွ “
“ဒါဆိုကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ကိုကြိုင်ရယ်…
ကျုပ်တော့ ကြောက်တယ်တော့်….ဒုက္ခပါပဲ…”
“အေး…ကြောက်နေလို့တော့ မပြီးဘူး မယ်ခင်ရဲ့…
ပေးစမ်း ငါ့ရဲ့ထင်းခုတ်ဓား လာလို့ကတော့
ပိုင်းပြီးသားပဲဟေ့…”
ဦးကြိုင်သည်…ဇနီးဖြစ်သူ မယ်ခင်ထံမှ အသွားမြေ့နေအောင်သွေးထားသော ထင်းခုတ်ဓားကို ယူကာ
လက်တွင် မြဲမြဲကိုင်ထား၏။
နောက်တွင်ရှိသော ဇနီးသည် မယ်ခင်ကလည်း ကြောက်လန့်နေရှာပြီး ဘုရားစာများကိုသာတတွင်တွင်ရွတ်ဆိုနေရှာသည်။
အခြေအနေကို မျက်တောင်မခတ်တမ်းကြည့်နေသည့်ကြားမှ ရှေ့တွင်ရှိသော မဲမဲကောင်ကြီးသည် ချက်ချင်းပျက်ကွယ်သွားလေရာ…
“မယ်ခင်ရေ…ဟိုကောင်ကြီးမရှိတော့ဘူးဟ…
ငါ့လက်က ဓားကိုကြောက်လို့ထင်တယ်…”
“မရှိရင်လည်း မြန်မြန်မောင်းတော့တော်…
ကျုပ်ဒီနေရာမှာဆက်မနေရဲတော့ဘူး “
“အေး…အေး…ဒါဆိုလည်း သွားမယ်ဟေ့…
ဟဲ့နွားတွေ ဆွဲကြဟ…”
နွားများ၏နဖားကြိုးအား ဖြေလျော့ကာ ရှေ့သို့သွားစေ၏။
စောစောက မဲမဲကောင်ကြီးမရှိတော့၍ နွားတွေဟာလည်း မရုန်းတော့ဘဲ ဆက်သွားတော့လေသည်။
ဘေးဘီကိုကြည့်ရင်းမောင်းလာခဲ့ရာ ရွာကိုရောက်ဖို့ရန် အချိန်အနည်းငယ်သာ ခရီးဆက်ရတော့ပေမည်။
ထိုအခါမှဦးကြိုင် စိုးရိမ်စိတ်နည်းသွားရတော့သည်။
ဇနီးဖြစ်သူ မယ်ခင်ကလည်း ထိုနည်းတူစွာ စိတ်အေးသွားပုံရပေသည်။
“နောင်ကြီး….ဗျို့ နောင်ကြီး…”
“ဟင်…”
လှည်းလမ်းနှင့်မလှမ်းမကမ်း တောလမ်းကြားတစ်ခုဆီမှ လူတစ်ယောက်ပြေးထွက်လာကာ ဦးကြိုင်တို့လှည်းအား တားလေသည်။
ဦးကြိုင် အချိန်မတော်တွေ့ရသော
လူစိမ်းအားလှည်းပေါ်မှကြည့်နေရင်း…
“ဘာကိစ္စလည်းကွ…”
ဦးကြိုင်အမေးကြောင့် လူစိမ်းက…
“ကျုပ်က တောလိုက်ထွက်လာတဲ့သူပါ…အခု
ကျုပ်တောထဲ ရိက္ခာပြတ်နေလို့…
အဲ့တာ နောင်ကြီးတို့နဲ့ လှည်းကြုံလိုက်ပြီး ရိက္ခာဝယ်ချင်လို့ပါ”
“အင်း…ညအချိန်မတော်ကြီးတွေ့တာဆိုတော့
ရှင်းရှင်းပြောရရင်ခင်ဗျားကို ကျုပ်ရဲ့
လှည်းပေါ်မခေါ်ချင်ဘူးဗျာ”
ဦးကြိုင်စိတ်ထဲဘဝမကျ၍ ပြောလိုက်လေသည်။
“အိုတော်…ရှင်ကလည်း သူလည်း ရိက္ခာဝယ်ချင်လို့
နေမှာပါ…ရွာရောက်တော့ သူ့ဘာသာ သူသွားမှာပေါ့
ခေါ်လိုက်ပါတော် “
ဇနီး မယ်ခင်က ခေါ်ဖို့ရန် ဦးကြိုင်အားတိုက်တွန်းလေသည်။
လူစိမ်းကလည်း…
“ဟုတ်ပါတယ် ဗျာ…ကျုပ် လှည်းကြုံလိုက်ချင်ယုံတင်ပါ “
ဇနီးဖြစ်သူ တိုက်တွန်းမှု့နှင့် လူစိမ်းရဲ့
ထပ်မံတောင်းဆိုမှု့ကြောင့် ဦးကြိုင် …
“ကဲ…အဲ့တာဆိုရင်လည်း လှည်းအနောက်ကတက်ထိုင်ကွာ….”
ဦးကြိုင်ဆီမှ ခွင့်ပြုချက်ရ၍ လူစိမ်းက
လှည်းအနောက်ပိုင်းတွင် တက်ထိုင်လိုက်တော့၏။
“ဖူး…..ဖူး…..”
“သြော်…ဟဲ့ နွားတွေ…ပေကပ်ကပ်နဲ့ တောက်…”
“ဖြန်း…ဖြန်း……”
နွားနှစ်ကောင်က ရုန်းနေ၍ ဦးကြိုင် ကြိမ်ဖြင့် ခပ်သော့သော့ရိုက်လိုက်လေမှ ပြန်လည်ငြိမ်သွားကြ၏။
လှည်းလမ်းကြောင်းအတိုင်းနွားများကိုမောင်းနှင်လာခဲ့ကြပြီးနောက် ရွာနှင့်မလှမ်းမကမ်းသို့ရောက်လာချိန်တွင်…
“အဟွတ်…အဟွတ်…အဟွတ်…”
“ဟဲ့…မယ်ခင် ချောင်းတွေဆိုးလှပါ့လား “
ဦးကြိုင် ချောင်းများ ဆိုးနေရှာသော ဇနီးသည်အားမေးလိုက်လေရာ…
“အဟွတ်…ကျုပ် နှာခေါင်းထဲအနံ့ကြီးတစ်ခုရလို့တော်ရေး…
နံလိုက်တာတော်….ထွီ….”
“ဟ…ငါကြမရပါလားကွ…ဟေ့ သူငယ် မင်းကော အနံ့ရလား “
“ကျုပ်တော့မရပါဘူးနောင်ကြီးရာ…”
ဦးကြိုင် လှည်းနောက်တွင် သူတို့အား ကျောပေးအနေအထားဖြင့် ထိုင်လိုက်လာသော လူစိမ်းအားမေးလိုက်ခြင်းဖြစ်သည်။
သို့သော်လူစိမ်း၏ အဖြေအား မကျေနပ်မိ။
“ကဲ…ရှေ့က ချောင်းကိုဖြတ်ပြီးရင် ရွာရောက်ပြီ…
မင်းက ရွာထိလိုက်မှာမလား…”
“လိုက်မယ်…ကျုပ်ဗိုက်ဆာနေပြီ…”
“အေး…ဒါဆိုရင်လည်း လိုက်ခဲ့ပေါ့…”
ဦးကြိုင်တို့ပြောနေကြသည်ကို မယ်ခင်က
နှာခေါင်းအားလက်ဖြင့် ပိတ်ရင်း နားထောင်နေရှာသည်။
“ဘုရား…ဘုရား…ရွာမြန်မြန်ရောက်ပါတော့…
ဗုဒ္ဓေါ မေသရဏံ …………”
မယ်ခင် ဘုရားစာရွတ်နေလေ၏။
ထိုစဉ်နောက်တွင် ထိုင်လိုက်လာသူက လှုပ်ရှားလာလေ၏။
သူ့ကျောပြင်အနှံ့ကိုလက်ဖြင့် ကုပ်နေလေရာ ကြာလာတော့ ရိပ်မိလာသော မယ်ခင်က…
“ဘာဖြစ်လို့လဲ…သူငယ်…”
“ကျုပ်…ကျုပ် ယားလို့ပါဗျာ။ကျုပ်ကိုယ်ကြီး
ပူပြီးယားယံလာလို့ပါ “
“အလို…ဘာကောင်များ ကိုက်မိလို့လဲ ။ဘုရား…ဘုရား……”
“အား…….အီး…..ဟီး….ဟီး…..ဟီး….”
အသံကြီးတုန်ကာ ပြောလာသော လူစိမ်းကြောင့် ဦးကြိုင်တို့လင်မယား အံ့သြ သင့်ကုန်ကြ၏။
“မရွတ်နဲ့….ငါဗိုက်….ဗိုက်ဆာတယ်…”
“ဟင်…”
“သူငယ်…ဘာဖြစ်တာလဲ…”
မယ်ခ လူစိမ်းရဲ့အဖြစ်အပျက်ကြောင့် လန့်နေမိ၏။
ရှေ့တွင်ထိုင်နေသော ယောကျာ်းဖြစ်သူအနားသို့ တိုးကပ်လာပြီး နူတ်မှလည်း ဘုရားစာများ အဆက်မပြတ်ရွတ်နေခဲ့၏။
“မရွတ်နဲ့……ဟီး…..ဟီး…..
နင်တို့ကို ငါစားမယ်……..ဟီး…ဟီး…..ဟီးးးးးးးး”
နောက်ကျောကြီးပေးကာ အော်ဟစ်နေသော
လူစိမ်းရဲ့အသံဟာ ကြမ်းရှရှ ကြောက်မက်ဖွယ်အသံကြီးဖြစ်နေလေသည်။
“တောက်…ခွေးမသား ငါအစကတည်းက
ရိပ်မိလို့မင်းကိုမတင်ခဲ့ချင်တာ…”
ဦးကြိုင် ဓားကို လက်ထဲကျစ်ကျစ်ပါအောင်ကိုင်ရင်း
လှည်းအား ရပ်လိုက်တော့၏။
လှည်းရပ်ပြီးသည်နှင့်…
“ဟဲ့ကောင် ဒီဘက်ကိုလှည့်လိုက်စမ်း…
ခွေးမ သား သရဲကောင်…..”
မယ်ခင်ကလည်း ဘုရားစာရွတ်ရင်းကြည့်နေ၏။
ဦးကြိုင် ကျောပေးထားသော လူစိမ်းကို သူတို့ဘက်ဆီသို့
လှည့်ခိုင်းလိုက်ရာ…
“ဟီး…ဟီး…ဟီး………..”
“အမလေးတော့်….သရဲကြီး။ ဘုရား…ဘုရား…..”
“ဗိုက်ဆာတယ်…ဟီး…နင်တို့အသားကိုစားမယ်….အီး…ဟီး…ဟီး…..”
“တောက်…ရော့စားကွာ….”
“ဝီး…..”
“အားးးး………..”
လှည့်လာသော လူစိမ်းရဲ့မျက်နှာကြီးဟာ အသားအရည်များ ခြောက်ကပ်နေပြီး ပြုတ်ကျလု့လု့ မျက်လုံးနီကြီးနှစ်လုံးဟာ
ဦးကြိုင်တို့အား စိုက် ကြည့်နေလေသည်။
ဦးကြိုင်တို့လင်မယားအား စားဖို့ရန် အော်ဟစ်ပြောဆိုနေသော ထိုအကောင်ကြီးအား ဦးကြိုင် ဒေါသတကြီး ဓားဖြင့် ပိုင်းချလိုက်လေရာ အော်သံအကျယ်ကြီး တစ်ခုဖြင့် ထိုအကောင်ကြီး ပျောက်ကွယ်သွားလေသည်။
“ကိုကြိုင်…ဘယ်ရောက်သွားတာလဲ မသိဘူးနော်…”
“နေပါဦး…ငါလှည်းပေါ်ကဆင်းကြည့်ဦးမယ် မယ်ခင်…
မင်းထိုင်နေခဲ့ “
ဦးကြိုင် လှည်းအောက်သို့ဆင်းလာခဲ့လေသည်။
လှည်းအောက်သို့ရောက်တော့ ပတ်ဝန်းကျင်ကို လိုက်လံ ရှာဖွေသော်လည်း ထိုအကောင်ကြီးအားမတွေ့ရ။
နောက်ဆုံးလှည်းပေါ်သို့ပြန်တက်ဖို့ လုပ်နေစဉ် ခြေထောက်အောက်မှ နင်းမိသော အရာတစ်ခုကြောင့် ကြည့်လိုက်မိရာမှာတော့…
“ဟာ…မယ်ခင်ရေ..ဒီမှာဟ…”
“ဘယ်မှာလဲ…ကိုကြိုင်…”
“ဒီမှာ…ဒီအောက်မှာ လာကြည့်လှည့် “
ဦးကြိုင် ခေါ်လိုက်၍ မယ်ခင်ရောက်လာခဲ့ရာ…
“ဟောတော်…ပုတ်သင် က နှစ်ပိုင်းပြတ်သေနေတာပဲ…”
“အေးကွ…ဒီပုတ်သင်က စောစောက ငါပိုင်းလိုက်လို့သေတဲ့အကောင် ဖြစ်မယ်ကွ…”
“ဟုတ်မယ်တော်ရေ့…….”
လှည်းအောက်တွင် နှစ်ပိုင်းပြတ်ကာ သေနေသော ပုတ်သင်ကောင်အား ကြည့်ရင်းပြောနေကြခြင်းဖြစ်၏။
“မယ်ခင် ငါ့ထင်းခုတ်ဓားက ငါ့အဘိုးပေးခဲ့တာဟ…
ငါငယ်ငယ်က အဘိုးပြောဖူးတယ်
ဒီဓားက ကိုးသချိုင်း သံနဲ့လုပ်ထားတာဆိုပဲ “
“ဒါကြောင့် စောစောကအကောင် သေတာထင်တယ်
ကိုကြိုင်…”
“ဟုတ်မယ်ကွ…
ကဲပါ…လာ..လာ…သူ့စရိတ်နဲ့ သူသွားတာပဲလေ။
တို့တွေပြန်ကြစို့ကွာ လှည်းပေါ်တက် “
နောက်ဆုံးမှာတော့ ဦးကြိုင်တို့ လင်မယားဟာ ရွာသို့ပြန်တော့လေသည်။
ပုတ်သင်အသေကောင်ကတော့
ထိုနေရာတွင်သာ ကျန်ခဲ့တော့လေ၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)