• June 17, 2025
  • admin
  • 0

ယောနကဖိုးထောင်
တောကြီးမြွေ

ကျွန်တော့် ဇာတိမြေ ဆောမြို့သို့ မရောက်တာ ကြာပြီ။ ဇာတိမှခွာ၍ စစ်မှုထမ်းအဖြစ် ၁၅−နှစ်ကျော် ကြာ တာဝန်ထမ်းရွက်ကာ ဧရာဝတီတိုင်းသူနှင့် အိမ်ထောင်ကျလေ၏။

မုဆိုးဝါသနာရင်းရှိသော ကျွန်တော်သည် ဇနီးသည် မိဘများနှင့် ငါးပုစွန်ဖမ်းရသော တံငါအလုပ်ကို ထပ်ဆင့်တိုး လုပ်ဆောင်ရလေသည်။

တံငါသည် အလုပ်သည် ရေပြင်ဝယ် လုပ်ဆောင်ရသော အလုပ်ဖြစ်သည်။ မုဆိုးအလုပ်သည် မြေပြင်ဝယ် လုပ်ဆောင်ရသော အလုပ်ဖြစ်သည်။

ကျွန်တော် တံငါလုပ်ခွင်ကို ဦးစီးကြီးကြပ်နေရာမှ အမေ နေမကောင်းသဖြင့် ယောနယ် ဆောမြို့သို့ ပြန်လာခဲ့ရသည်။ အမေ လူမမာသည် သက်သာ လာသော တစ်နေ့တွင် တောလိုက် စိန်ညိုနှင့် လှဆင့်တို့က အဖော်ညှိနေသည်။

“ဟေ့ကောင်ကြီး … မင်းရောက်နေတယ် ကြားတာ သုံးလေးရက် ရှိပြီ။ တို့ တောလိုက်သွားကြမယ်”

“လုပ်လိုက်လေ၊ ကြာသလားလို့”

ကျွန်တော်က လှဆင့်နှင့် စိန်ညိုကို မုဆိုး အဖော်စပ်လိုက်သည်။ သူတို့ သဘောတူ လက်ခံသော နေ့ကောင်းရက်မြတ်တွင် ပုံတောင်ပုံညာ စိမ့်စမ်းဘက်သို့ တောတက်ရန် ရွေးချယ်လိုက်ကြသည်။

xxx xxx xxx

တစ်တော တစ်တောင်လုံးသည် အရွက်ဟောင်း ကြွေ၍ ရွက်သစ်ကလေးတွေ နုချိန်ဖြစ်သည်။

ကျွန်တော်တို့ ဆော-ဆိပ်ဖြူ လမ်းမပေါ်ရှိ နဂါးပွက် စခန်းမှာ စခန်းချ၍ တောလည်ဖြစ်သည်။ ခုနစ်ရက် စာ ရိက္ခာများကို နဂါးပွက်စခန်း ဒေါ်မြကြီးအိမ်တွင် စတဲချလိုက်သည်။ ကျွန်တော်တို့ နွားမတမ်း တောင်ကျော၊ ပုံတောင်ပုံညာတောင်စွယ်ပေါ်တွင် သားကောင်ကို ရှာဖွေနေကြလေသည်။

“ဖွတ် ပုတတ် ထညှပ်ကယ်နှင့် မီးမှာကင်”

“ဟေ့ တောတက်ပါတယ်ဆိုကွာ၊ မင်းဟာက ရွှေမန်း သိန်းဇော် ကြနေတာပဲ။ တိုးတိုး ဆိုပါကွ”

ကျွန်တော်က လှဆင့် သီချင်းသံကို ဟန့်တားလိုက်သည်။ စိန်ညိုကပါ ဝင်၍ ပြောသည်။

တောတောင်တို့မှာ နွေရာသီ၏ နေပူရှိန်အောက်တွင် နွမ်းနယ်နေ၏။ ရိုးတံကျဲကျဲ ကျွန်းတောကြီးများ အကြားမှ နေကို ကြည့်ရသည်မှာ အရသာ ရှိလှ သည်။ ရိုးတံကျဲကျဲကြားက နေလုံးသည် သူ၏ ရထားအမြန်ကို စီး၍ တိမ်တိုက်ကြားတွင် ပြေးလွှား နေသည်။

“ကြွက်သေ အရေဆုတ်တယ်ကွယ် … မီးဖုတ်လို့ပင်”

“ဟေ့ကောင် လှဆင့်၊ သိပ်တွန်မနေနဲ့။ တောကောင်တွေ မင်းအသံကြောင့် လန့်ပြေးကုန်လိမ့်မယ်”

“တောမနက်သေးပါဘူး၊ လူနီးတဲ့ရပ်မို့ အပျင်း ပြေ သီချင်းလေး ဆိုတာပဲကွာ။

“လင်းမြွေ ခြောက်ကယ်နှင့် … ဆောက်လိပ်ကိုတဲ့ ကျပ်တိုက်ကင် … ကိုရင်တို့ လူအများ … များ”

“စိန်ညို … သားကောင်တွေ ရှိတဲ့အရပ်ရောက်ရင် မဆိုပါတော့နဲ့ကွာ”

“အေးပါကွာ … ငါသိပါတယ်။

တောင်အကြားမှာတော့ … ကြောင်သားရယ် စိုစိုနှင့် … မျောက်မွဲညို ဧရာကြီးကိုလ … ခါးရင်ကို ဓားတင်လို့ လှီးတဲ့ပြင် … မြေကြီးမှာ ဖားတွေက ဥရက်ကမို့ … ရေစီးရာ ငါးတွေစုပါလို့ … စန်းတစ်ခု ပြွန်ပေါက်က များလိုက်ပါဘိသနဲ့ … အို ကွယ် ကဏန်း၊ ခရုနှင့် ပုစွန်ယောက်သွား … ဩော် … ဪ ယောက္ခမ ကြောက်ရတဲ့ လူစား”

“လှဆင့်ရဲ့ အနုပညာ သီချင်းက ကျုပ်တို့ ဧရာဝတီသားကြီးကို တိုက်ရိုက် နှလုံးခုန်စေတယ်ဗျို့”

“ဝါး ဟား ဟား ဟား”

ကျွန်တော်တို့ သုံးဦး သဘောကျ၍ ဝိုင်းရယ်လိုက်သံသည် နွားမတမ်းတောင်ကြောသို့ ရီးလေးခိုသွားတော့၏။

“ရှူး … ရှူး … ရှူး”

စိန်ညိုသည် ဖုတ်တော မြေညီညီကို လက်ညှိုးထိုး၍ စုတ်ရူးထိုးလိုက်သည်။

ကျွန်တော်နှင့် လှဆင့် ပြိုင်တူ ရပ်လိုက်မိသည်။

“ကြည့်စမ်းပါအုံးကွ၊ တောကောင်ခြေရာတွေ”

“ကျား ခြေရာကွ”

လှဆင့် အသံကြောင့် ကျွန်တော်တို့သည် လန့်ဖျပ်သွား၏။ အသေအချာ ကြည့်လိုက်မိသည်။

“ကျားတော့ ကျား၊ ဒါပေမယ့် ကျားသစ်ကွ။ ဟိုမှာ ချေးတွေ တွေ့လား”

ဟုတ်ပါသည်။ စိန်ညို ပြောလိုက်တော့မှ စိတ်သက်သာ ရသွားသည်။ ကျွန်တော်တို့ မုဆိုးတစ်သိုက် တောလိုက်အစတွင် တောမုဆိုးနှင့် စ၍ တိုးကြလေပြီ။

xxx xxx xxx

ကျွန်တော်တို့ အတန်ကြာ ခရီးဆက်မိသောအခါ စိမ်းစိမ်းစိုစို၊ အရွက်ဖားဖား ညောင်မုတ်ဆိတ်ကြီးတစ်ပင်ကို တွေ့ကြရလေသည်။ ညောင်ပင်ကြီး၏ အောက်တွင် လေးတိုင်စင်နှင့် သေသပ်စွာ ဆောက်လုပ်ထားသော နတ်ကွန်းတစ်ခုကို တွေ့ကြရသည်။

“ဟေ့ … ဆေးလိပ်နဲ့ ကွမ်းယာတွေ ထုတ်ကွာ။ နွားမတမ်း တောင်တော်အရှင်မကို ပသရအောင်”

လှဆင့်က ပြောသဖြင့် စိန်ညိုက အသေအချာ ရိုရိုသေသေ နတ်စင်တွင် တင်ထားလေသည်။

ကျွန်တော်ကား စစ်သားအဖြစ် နယ်တကာ၊ ရပ်တကာ၊ တောတကာ၊ တောင်တကာ ခြေဆန့်ဖူးသဖြင့် သူတို့ရိုးရာ ပြုလုပ်ချက်ကို အသာငေးကြည့်နေမိသည်။

လှဆင့်သည် ကျွန်တော့်ထံမှ ရိုင်ဖယ်သေနတ်ကြီးကို ယူ၍ နတ်စင်တွင်ထောင်ကာ အန္တရာယ်ကင်းပစေကြောင်းနှင့် သားကောင် ရစေကြောင်း နှုတ်မှ တိုးတိုး ရွတ်ဆိုဆုတောင်းနေသည်။

အရှေ့ဆီမှ တိုက်ခတ်လိုက်သော လေပြည်နုတို့ ကြောင့် ကျွန်တော့်ရင်တစ်ခုလုံး အေးမြသွားပါသည်။

“ကဲ … ကိစ္စဝိစ္စတော့ ပြီးပြီ၊ ခရီးဆက်ကြစို့”

“လေက တောင်လေ တိုက်နေတယ်။ တို့ တောင်ဘက်ကိုပဲ ဆက်ထွက်မှ ဖြစ်မယ်နော်”

“ကောင်းတယ်လေ၊ သုံးလံပြည့် ရွာနဲ့လဲ နီးသွားတာပေါ့”

ကျွန်တော်တို့သည် လေသံ၊ ရေသံ၊ မြေ၏ ဟန်ကို ကြည့်၍ ခရီးဆက်ခဲ့ကြသည်။

စိမ်းညို့သော စမ်းရိုးကလေးတစ်ခုသို့ ရောက်လာသည်။
စမ်းရိုးအောက်ဘက်ဆီမှ ရိုးစပ်ကို ဖြတ်တက်သွားသော လတ်လတ်ဆတ်ဆတ် ချေ (ချီ) ခြေရာများကို တွေ့ရလေသည်။

ကျွန်တော်တို့နှင့် ရှေ့ဆင့် နောက်ဆင့် ဆိုသလိုသာ ကွာသည်။

စမ်းရိုးမြေပျော့ပျော့ကလေးတွင် ချေ(ဂျီ) ခြေရာတို့ကား ပူပူနွေးနွေး ဖြစ်နေ၏။

ကျွန်တော်က ရိုင်ဖယ် သေနတ်ကို အသင့် လက်နှစ်ဘက်နှင့် ကိုင်ကာ ရှေ့ဆုံးက ခြေရာခံ လိုက်လာခဲ့သည်။

သဲပေါသော ကျောက်ကုန်းကလေးတွင် ချေ (ဂျီ) ရာ ပျောက်သွားပြီ။ ဒါပေမယ့် မြက်နုနုလေးများကို လည်မီသလောက် ဘယ်ပြန် ညာပြန် စားသွားသော မြက်စ မြက်နများကို တွေ့ရသည်။

“စိန်ညို၊ အချိန်ပို လုပ်မနေနဲ့။ ဖက်လိပ်ဆွဲကွာ”

ဖက်လိပ်ဆွဲခြင်းမှာ သားကောင်ကို မြူဆွယ်သော နည်းတစ်မျိုး ဖြစ်ပါသည်။ သားကောင်၏ အသံကဲ့သို့ အတုမှုတ်ခြင်း ဖြစ်သည်။

သစ်ရွက် နှစ်ရွက်ကို ထပ်လိုက်ကာ ပါးစပ်ဖြင့် ပြင်းပြင်း မှုတ်လိုက်ရသည်။

“အူး-ဟတ်-ဟတ်၊ အူး-ဟတ်-ဟတ်”

အဝေးမှ သားကောင်သည် ထိုအသံကို ကြားလျှင် အပြေး လာကြည့်တတ်သည်။ ရင်သွေးငယ်၏ အသည်းကွဲ အော်မြည်သံဟု မုဆိုးတို့က ဆိုကြ သည်။

ကိုစိန်ညိုမှာ ဖက်လိပ်ကို ဖြည်းရာမှ ပြင်းပြင်း ကလေး မှုတ်နေသည်။

နေလုံးသည် တောအုပ်အတွင်းသို့ ပြောက်ကျားကျားသာ ထိုးဖောက်ဝင်ရောက်လာနိုင်သည်။

ကျွန်တော်က သေနတ်ပြောင်းကို ဘယ်လက်နှင့် ကိုင်ကာ ညာဘက်က သေနတ်ဒင်ကို ပခုံးတွင် ထောက်၍ မုဆိုးဒူးထောက် ထိုင်နေလိုက်သည်။

ဖက်လိပ်ဆွဲသည်မှာ နာရီဝက်ခန့် ကြာသွားပြီ။ တောတစ်ခု တောင်တစ်ခိုတွင် ဖက်လိပ်ဆွဲသံမှအပ ဘာသံမျှ မကြား ရချေ။

စိန်ညို အာညောင်းသွားဟန် ရှိသည်။ ဖက်လိပ်ကို လှဆင့်သို့ လက်ကမ်းလိုက်၏။

လှဆင့်သည် ဖက်လိပ်ကို ဖြည်းဖြည်းကလေး မှုတ်ရာမှ မြန်သထက် မြန်မြန် မှုတ်နေသည်။

နွေရာသီ ရွက်ကြွေတောမို့ သစ်ပင် ရိုးတံကျဲကျဲ အောက်တွင် သစ်ရွက်တွေ တောင်ပုံရာပုံ ဖြစ်နေ သည်။

တောင်ဘက်ဆီက သစ်ရွက်များ အပေါ်သို့ ခပ်ကြမ်းကြမ်း တက်နင်းလာသော အသံကို စတင် ကြားရပြီ။

“လှဆင့် … ဆက်ဆွဲကွာ၊ သားကောင် လမ်းပေါက်လာပြီ”

လှဆင့်သည် ဖက်လိပ်ကို ဆက်ကာ တိုတိုပြတ်ပြတ် မှုတ်လိုက်၏။ ဖက်လိပ် တိုပြတ်သံသည် အန္တရာယ်နှင့် နီးပြီ။အန္တရာယ် တွေ့နေပြီဟု အဓိပ္ပာယ် ထွက်သော အသံဖြစ်သည်။

သို့သော် သားကောင်၏ သရုပ်သဏ္ဌာန်ကို မြူတစ်စကဲ့သို့ပင် မမြင်ရ၊ မတွေ့ရသေးချေ။

“အူး-ဟတ်-အက်-အူး”

လှဆင့် ဖက်လိပ်မှုတ်သံက စူးစူးကဲကဲ ထွက်ပေါ်နေသည်။ ဖက်လိပ်သံ စည်းချက်နှင့်အညီ ကျွန်တော်တို့ဆီသို့ ဦးတည်လာနေသော အသံကား ကျောချမ်းစရာအတိ ဖြစ်၏။

“အရှင်သခင်မ၊ အမှားကျူးလွန်မိလျှင် တပည့် တော်တို့ကို ခွင့်လွှတ်စောင်မတော်မူပါ။ တပည့်တော် သူငယ်ချင်း မောင်ယောဟာ တဇောက်ကန်း လုပ်တတ်ပေမယ့် စိတ်ရင်းစေတနာ ကောင်းသူပါ”

ဟူ၍ နှုတ်မှ တတွတ်တွတ် ရွတ်ဆိုနေသော စိန်ညို ကြီးကို ကြည့်၍ ကျွန်တော် ရယ်ချင်လာသည်။

ဖက်လိပ် မှုတ်နေသော လှဆင့်ပင်လျှင် မျက်ကလူး ဆန်ပျာ ဖြစ်ချင်လာပြီ။

“ကိုယော ဘယ်လိုလဲဗျ၊ နတ်ကြမ်းပြီ ထင်တယ်”

“မင်းအလုပ် ဆက်လုပ်ပါ လှဆင့်ရာ။ လမ်းဆုံးရင် ရွာတွေ့ပါလိမ့်မယ်”

“အူ-ဟတ်-ဟက်-အူး”

စိန်ညိုမှာ ဆောက်တည်ရာမရ ဖြစ်နေတော့၏။

အသံကြား၍ ဘာဆို ဘာမျှ မမြင်ရသော သားကောင်သည် နီးသည်ထက် နီးလာချေပြီ။

“ဟေ့ … ငါတော့ ပြေးတော့မယ်”

စိန်ညို ကြောက်ရင်လဲ ကြောက်စရာပါပေ။ စိန်ညိုသည် ကျွန်တော်တို့ အနားမှ ထွက်ပြေးသွားပေပြီ။

ဖက်လိပ်မှုတ်နေသော လှဆင့်ပင်လျှင် ကျွန်တော့်ထံပါး အပြေးကပ်ကာ ဖက်လိပ် အမှုတ်ရပ်လိုက်သည်။

ကျွန်တော့်ရင်ထဲမှာ ခုန်နေသည်။ အသံကြား ရုပ်မမြင်ရသော သားကောင်ဆီသို့ ရိုင်ဖယ်ကို ထိုးချိန်ကာ သေနတ်မောင်းအပေါ်သို့ လက်ညှိုးကလေး မှေးတင်ထားလိုက်သည်။

ကြောက်စိတ်ကြောင့် သတိမေ့နေရာမှ သေနတ်မောင်းကို ထိုးတင်လိုက်ရသည်။

“ချောက်- ဂျလောက်”

မောင်းထိုးသံကလေးသည် တောအတွင်း လွင့် ထွက်သွားသည်။

လှဆင့်သည် ဒူးတွေ တုန်နေသည်။ စိန်ညိုမှာ ဘယ်အရပ်သို့ ရောက်နေပြီမသိ။

ကျွန်တော်သည် အသံလားရာအရပ်သို့ စူးစိုက်သော မျက်စိအစုံနှင့် ကြည့်နေမိသည်။ ကျွန်တော်တို့ ဖက်လိပ် အမှုတ်ရပ်ထားသဖြင့် ကိုက်ငါးဆယ် အကွာလောက်တွင် သားကောင်ကို တွေ့လိုက်ရပြီ။

“ဟာ”

“လှဆင့်၊ မြွေကွ … မြွေကြီး”

မြွေကြီးသည် ဖက်လိပ်မှုတ်သံ ပျောက်သွားသဖြင့် ရုပ်ပျောက်နေသော အသံကြား သားကောင်သည် ကလေးငယ် တစ်ရပ်လောက် ပါးပျဉ်းကြီးထောင်ကာ ထလိုက်သည်။

ကျွန်တော်သည် တိုက်ပွဲများစွာ တွေ့ကြုံခဲ့ရသော တိုက်ပွဲဝင်စစ်သည် ဖြစ်ခဲ့သဖြင့် မြွေကြီး လည်တိုင်ဆီသို့ ဆီး၍ ချိန်ထားလိုက်သည်။

“ကိုယော … ကျုပ်တော့ အသည်းတွေ အူတွေ ယားလိုက်တာ”

လှဆင့် ပြောစကားလည်း ဟုတ်ပါသည်။

အဝါနှင့် အနက်ကွက်ကြီးများမှာ ဟင်းခူးပန်းကန် မျက်နှာပြင်အကွက်ကဲ့သို့ ရှိ၏။ လေထဲတွင် ပါးပျဉ်းကြီးသည် နဂါးကြီးတစ်ကောင်ပမာ ဖြစ်နေသည်။ မျက်စိနှစ်လုံးသည် အနီရောင် ကျောက်နီနှစ်လုံးကဲ့သို့ စူးစူးရှရှ ရှိနေသည်။

မြွေပါးပျဉ်းထောင်နေချိန်တွင် ရှေ့မှနေ၍ ပစ်ခတ်လိုက်လျှင် လိုရာပစ်မှတ်ကို မထိရောက်ပေ။ သို့ကြောင့် ကျွန်တော်သည် မြွေပါးပျဉ်း အကျကို စောင့်နေလိုက်သည်။

မြွေကြီးသည် ပါးပျဉ်းကျသွားသောအခါ ဝါးလုံးထိုးလိုက်သလို ကိုက်အစိတ်အတွင်းသို့ ရှူးခနဲ တိုးဝင်လာသည်။
ကျွန်တော်သည် ဘယ်ဘက်မျက်စိကို မှိတ်၍ ရှေ့ချိန်ပေါက်မှ နောက်ချိန်သီးကို ပစ်မှတ်သို့ဆွဲ၍ ချိန်လိုက်သည်။

မြွေကြီး၏ ခေါင်းကြီးမှာ ရွေ့လျားနေ၍ ရိုင်ဖယ် သေနတ်မောင်းကို လက်ညိုးဖြင့် ဆွဲချလိုက်သည်။

“ဒိုင်း”

တိုတောင်းပြတ်သားသော ရိုင်ဖယ်သေနတ်သံကြီးမှာ နွားမတမ်းတောင်ကျောထဲသို့ စိမ့်ဝင်မြည်ဟည်းသွားလေသည်။

သေနတ်သံနှင့်အတူ မြွေ ကြီးမှာ မြေမှုန့်များ ပွထ၍ နောက်သို့ လွင့်သွားသည်။

တော်တော်နှင့် ခေါင်းကြီးကို မထူနိုင်။

တုတ်ခိုင်မာကျောသော မြွေအမြီးကြီးဖြင့် သစ်ပင် ကိုင်းပင်တို့ကို တဝုန်းဝုန်း ရိုက်ပုတ်နေသည်။

လည်ဆစ်ဆီဝယ် ကျည်ဆန်ဝင်၍ ပွင့်ထွက်သွားသော ဒဏ်ရာကြီးဖြင့် သွေးရူးသွေးတန်း လိုက်နေသည်။

ကျွန်တော်သည် ဒုတိယအကြိမ် မြွေ၏ ကိုယ်ပိုင်းကို ချိန်၍ မောင်းခလုတ်ကို ဆွဲဖြုတ်ပစ်လိုက်သည်။

“ဒိုင်း”

အတန်ကြာ လှုပ်ရှားမှုပြင်းထန်ပြီး ဆတ်ခနဲ ငြိမ် ကျသွားတော့သည်။

ကျွန်တော့်မှာ “ဟူးခနဲ” အခုမှ သက်ပြင်းချနိုင်၏။

လှဆင့်သည် ပါလာသော ရေဘူးကို တကျိုက်ကျိုက်သောက်၍နေသည်။

“ဝူး … ဗူ … ဗူ”

ကျွန်တော်တို့၏ မင်းသားကြောက်ကြီး စိန်ညိုဆီက “ဝူး” ခေါ်သံနဲ့ တောလိုက်ပတူးမှုတ်သံ ဖြစ်သည်။

ကျွန်တော်၏ သေနတ်သံကို ကြား၍ လိုက်လာခြင်း ဖြစ်မည်။

လှဆင့်က လက်ကလေးအုပ်ကာ “တဝူးဝူး” အသံ ပြုလိုက်လေ၏။

xxx xxx xxx

ကျွန်တော်တို့ဆီသို့ သုံးလံပြည့်ရွာသား ၇-ဦး ဓား၊ တုတ်၊ လှံ ကိုယ်စီကိုင်ကာ စိန်ညိုက ဦးဆောင်၍ ရောက်လာ၏။

“စိန်ညိုရေ… ဟောဟိုမှာ နတ်တိုက်မြွေ ထင်တယ်၊ သွားကြည့်အုံး”

“မင်းက ပြောရော့မယ်။ ငါက အဲဒီလို တစ်ခါမှ မကြုံဖူးဘူးကွ။ အသံသာကြားပြီး ဘာမှ မတွေ့ရတော့ ပရောဂ ထင်စရာပဲ မောင်ရေ”

ကျွန်တော်တို့သည် တောကြီးမြွေအနီးသို့ ကပ်ကာ မြွေကြီး၏ အရှည်ကို တိုင်းလိုက်ကြသည်။

မြွေခေါင်းမှ အမြီးတိုင်အောင် ၁၂−ပေရှိသည်။ လုံးပတ်မှာ ၂-ပေရှိ၏။ ကလေးငယ်၏ ကိုယ်လုံး လောက်ရှိသည်။

သုံးလံပြည့်ရွာသားတွေက စပါးကြီးမြွေဟု ပြောကြသည်။ မြွေခေါင်းတွင် လက်ဝါးလောက် ညောင်ရွက်သဏ္ဌာန် အနီစင်းကြီးကို တွေ့ရသည်။ ထို့ကြောင့် နွားမတမ်း (နွားမပျို) ကလေးကိုပင် ဝါးမျိုနိုင်သည်ဟု ဆိုသည်။

“အံမလေးဗျာ၊ ကျုပ်တို့ သုံးယောက်ဆိုရင် ဒီမြွေကြီးက အာမနှံ့ လျှာမနှံ့ ဖြစ်နေမှာဗျ။ ဒါကြောင့် ကျုပ် သုံးလံပြည့်ရွာအထိ ပြေးပြီး ရွာသားတွေ ခေါ်လာတာ”

“ဝါးခနဲ” ရယ်သံကြီးမှာ တောင်ကြားထဲ လွင့်သွား၏။

ကျွန်တော်တို့သည် တောကြီး မြွေကြီးကို သုံးလံပြည့် ရွာသားများနှင့်အတူ ဝါးလုံးများနှင့် ချည်နှောင်ကာ သယ်ယူလာခဲ့ကြတော့သည်။

တောကြီးမြွေ၏ လှုပ်ရှားမှုအစုံကို တစ်ဖန် ပြန်တွေးနေမိသည်။ ကျွန်တော်တို့၏ ဖက်လိပ်သံကို အစာ ထင်ခဲ့သော တောကြီးမြွေပါတကား။

မြဝတီမဂ္ဂဇင်း
အတွဲ ၄၂၊ အမှတ် ၁၁
စက်တင်ဘာလ၊ ၁၉၉၄

– ပြီး –

စာရေးသူ – ယောနကဘိုးထောင်

Leave a Reply

Your email address will not be published. Required fields are marked *