• June 23, 2025
  • admin
  • 0

နေဆန်းဦး (မန္တလေး)
တောကြောင်သား

တိတ်ဆိတ်ငြိမ်သက်နေသော မဟူရာညချမ်းကလေးကို ဖြိုခွင်းလိုက်တာက ခွေးတစ်ကောင်ထိုးဟောင်လိုက်သံ။ ထိုခွေးဟောင်သံကြောင့် မီးရောင်တန်း လက်ခနဲ လင်းလာသည်နှင့် ကိန်ခနဲ နာကျင်စွာအော်ပြေးသွားသောခွေးအသံနှင့်အတူ တဖြောက်ဖြောက် ပစ်ခတ်သံ သုံးလေးကြိမ်အဆုံး ဆဲဆိုကြိမ်းမောင်းသောအသံများသည် အိပ်စက်နေသူများအတွက် အထိတ်တလန့်ဖြစ်စေ၏။

ကြက်အိပ်ကြက်နိုးအိပ်စက်ကျင့် ဖြစ်ခဲ့သော ဘမောင်တစ်ယောက် ပျာလောင်ခပ်စွာ ထလိုက်ရပြီး ပိတ်ခြင်ထောင်မပြီးအထွက် ဇနီးကညာမိညိုခြေ ထောက် တက်နင်းမိ၏။

အမလေးတော် တ,နှင့်အတူ သေခြင်းဆိုး၊ ကာလနာ မိုးမွှန်အောင်ဆဲရုံမက ဟင်း- သူ့ ယောက်ဖများလာရင်သေးထွက်အောင်ကြောက်တဲ့လူကြီးတဲ့။

သူ့ ဆူသံ ဆဲသံ ဘမောင် မမှုပါဘူး။ သူမှုရမည့်သူက လာနေပြီလေ။ အင်မတန်သွေးဆိုးတတ်တဲ့ တင်မြင့်နဲ့ မောင်မြင့်။ မြင့်နှစ်မြင့်ပေါင်းလာရင် အချိန်ဖင့်လေးလို့ မဖြစ်။

ဖယောင်းတိုင်မီး အမြန်ထွန်း၊ တံခါးပေါက်ဖွင့်၊ အသင့်ရှိနေဖို့ကထွေးညိုမီးတောက်နှစ်ပုလင်း။

“ဘမောင် မင်း တော်တယ်ကွာ၊ ဒီလိုလိမ္မာမှပေါ့။ငမြင့်အရက်ငှဲ့ကွာ။ တို့များ အမောပြေ အမြည်းလည်း ထုတ်ဦးကွ”

ဦးတင်မြင့်သည် ကွမ်းဖတ်များကို ထွီခနဲ ထွေးထုတ်ကာ အရက်ခွက်ကို ခပ်ကြမ်းကြမ်းမော့ချလိုက်ပြီး ဘမောင်ထံ သံပုရာသီးတစ်စိတ် တောင်း၏။ ကိုမြင့်က ခါးပုံစထဲက အမြည်းထုပ်ကို စားပွဲပေါ်မှာတင်အပြီး သံပုရာစိတ်တစ်ပန်းကန်လည်း ရောက်လာသည်။ ဘမောင်ကို စားရန်အပြော-

“တော်ပါပြီဗျာ၊ ခင်ဗျား တောကြောင်သားညှီစို့စို့ကြီး။ ခင်ဗျားတို့မို့ မမုန်းတယ်။တခြားအမြည်းလေးပြောင်းပြီးယူလာကြစမ်းပါ”

“ဟကောင် ဘမောင် ငါလခွီး ငါတို့နှစ်ယောက်က တောကြောင်မုဆိုးတွေကွ။ တံငါသည်မဟုတ်ဘူး။ တံငါသည်က ငါးစားကြရသလို၊ တောကြောင်မုဆိုးက တောကြောင်သားစားတာ မဆန်းပါဘူး။ ငါတို့ကို ငါးမဖမ်းခိုင်းနဲ့ မဖမ်းတတ်ဘူး။ ဒါပေမဲ့ ဝယ်စားလို့ လွယ်တယ်ကွ။ တောကြောင်ကို ဘယ်သူရအောင် ဖမ်းနိုင်သလဲ၊ ဘယ်သူရအောင် ပစ်နိုင်သလဲ။ ဝယ်စားလို့ကော လွယ်လွယ်ရသလား။ လူတိုင်းကော စားနိုင်ရဲ့လားကွ။ မင်းကပဲညှီစို့စို့တဲ့၊ ငါလုပ် လိုက်ရ”

ဘမောင် ကျောချမ်းသွား၏။ သူ ထောင်ပြသောလက်ဝါးသည် ကြီးပါဘိ။ ထိုလက်ဝါးကြီးဖြင့် စိတ်အခန့်မသင့်သူတွေ ခံဖူးကြပြီ။

ဦးတင်မြင့်မှာ မူးပြီးသွေးဆူတာကလွဲလို့ ပင်ရင်းစိတ်ခံကောင်းသူပါ။ အရက်သောက်လျှင် ကြွေးတင် မထား။ ဒီနေ့ ငွေမပါလျှင် နောက်တစ်နေ့မှာ အတိအကျပေးသူမို့ သည်အတွက် ဘမောင် စိတ်သောကမဖြစ်ခဲ့။

တစ်ခါကတော့ ဘမောင်တို့ဇနီးမောင်နှံ ခံပြင်းစိတ်၊ယူကျုံးမရစိတ်တော့ တစ်ကြိမ်ဖြစ်ဖူးတယ်။

ဖြစ်ပုံက ဘမောင်က ကြက်ဝါသနာအိုး။ တိုက်ကြက်ဖတစ်ကောင် တယုတယဝယ်ပြီး မွေးထားတယ်။ဘမောင်မရှိခိုက် ယောက်ဖဖြစ်သူ ရန်ကြီးအောင် ကြက်ကို ပွေ့သွားပြီး ဦးတင်မြင့်အိမ်က ကြက်ဖနှင့် ခွပ်လက် သွားချလေသတဲ့။

ဦးတင်မြင့် မူးပြီးအိပ်ပျော်နေချိန် ဘမောင်ကြက်ဖက အတောင်အလက်၊ အတက်စုံ ကြက်မျိုးကောင်း။ တစ်ဖက်ကြက် အလူးအလဲ အထိနာပြီး ပြေးရရှာတယ်။ အိပ်ရာကနိုးလာတဲ့ ဦးတင်မြင့် ဒဏ်ရာတွေဗရပွနဲ့ နာနေတဲ့ကြက်ကြီးလည်းမြင်ရော ဒေါသမီးကလည်း ဟုန်းခနဲ ထတောက်ပါလေရော။

ဒဏ်ရာတွေနဲ့ကြက်ဖကြီးကို ပွေ့ ပြီး တရှူးရှူး တရှဲရှဲဖြစ်နေတဲ့ ဦးတင်မြင့် ဘမောင်ယောက်ဖ ရန်ကြီးအောင်အိမ်ရောက်တော့ ကြက်ကိုချ၊ ဓားဦးချွန်ကို မြေမှာစိုက်ပြီး ဖြစ်ခဲ့တဲ့ပြစ်မှုကို ရန်ကြီးအောင်မိန်းမ ချိုမာကို ပြောပြတယ်။ ငွေတစ်သောင်း (၁၀)မိနစ်အတွင်း ပေးရင် ပေး၊ မပေးရင် ရန်ကြီးအောင်လည်ပင်း ဓားနဲ့လှီးမယ်ဆိုတော့ ချိုမာ ကြောက်လန့်ပြီး ပေးလိုက်ရတယ်။

“ချိုမာ မှတ်ထား ငါက နိုင့်ထက်စီးနင်း အပြုအမူနဲ့ မတရား ငွေလာညှစ်တယ်လို့ နင့်စိတ်မှာ မထင်လေနဲ့။ ကိုယ်ကျင့်တရားမရှိ၊ စည်းကမ်းကို ပမာမခန့် မလေးစားတဲ့ နင့်ယောက်ျားကို စည်းကမ်းလိုက်နာတတ်အောင် လျော်ကြေးယူလိုက်တာပါ”

ကိုတင်မြင့်သည် ပြောဆိုပြီး ကြက်ကိုထားခဲ့လေ၏။ကြောက်ကြောက်နှင့် အိမ်ထဲမှာပုန်းနေရသော ရန်ကြီးအောင် ထရံပေါက်မှ ချောင်းကြည့်ရင်း မျိုးမစစ်ကြက် ချက်စားရုံပေါ့ဗျာ။ ဒီတစ်ခါ ကြက်ပွဲ ခင်ဗျားကတော့ အနိုင်နဲ့ပိုင်းသလိုပါပဲဟု တီးတိုးလေးသာ ပြောနေရ၏။

ဦးတင်မြင့်ကား ဘမောင်တို့အိမ်ဘက်သို့ လွယ်အိတ်ကြီးကို စလွယ်သိုင်းပြီး လျှောက်သွားချေသည်။

ဘမောင်အိမ်ကိုရောက်တော့ မျက်ထောင့်နီကြီးနဲ့စကားစတင်မပြောသေး။ ဒေါသစိတ်ကို ချုပ်တည်းထားဟန်။ အရက်ပုလင်းကို မော့လိုက်၊ ဟိုသည် ကြည့်လိုက် ပင့်သက်အခါခါချရင်း စိတ်မတည်ငြိမ်။ အရက်တစ်ပုလင်း အကုန်။ တစ်ခဏနေမှ-

“ဟေ့ကောင် ဘမောင် ၊ မင့်ကြက်ဖ ဘယ်လောက်တန်သလဲ။ ဟောဒီ ငါ့လက်ထဲက လောက်စာလုံး လောက်တန်ရဲ့လားကွ ဟေ”

မခံချင်စရာစကား ဘမောင် အူကြောင်ကြောင်ဖြစ်မိ၏။ ဘယ့်နှယ် သက်ရှိကြက်ဖနှင့် သက်မဲ့လောက်စာလုံး တန်ကြေးနှိုင်းရက်ပလေဟု ထင်မိ ငြား နှုတ်ဆွံ့နေမိသည်။

“မင်းနဲ့ငါ လောင်းကြေးထပ်မယ်။ ဟောဒီ့လောက်စာလုံးက ငါလိုချင်တဲ့ပစ်မှတ်ရောက်ရင် ငါဖြစ်ချင်တာ ဟင်းတစ်ခွက်၊ မီးတောက်တစ်လုံး။ ဟဲ … ဟဲ အကယ်၍ ပစ်မှတ်လွဲရင်တော့ ငါ့အိမ်က ခြံပေါက်နို့ခွဲဝက်သားပေါက်တစ်စုံ လာဆွဲကွာ၊ ဘယ့်နယ်လဲ”

ဘမောင်မိန်းမ မိညိုသည် ထမင်းအိုး မီးကုန်းမှုတ်နေရာမှ ခေါင်းထောင်ကြည့်၏။ ဝက်သားပေါက်တစ်စုံသည် သူ့စိတ်မှာ မရိုးမရွ။

“ကိုကြီးတင်မြင့် ဘာဆိုလိုတာလဲတော်။ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ”

ဆိုတော့ ဥန္နဲပင်အောက်မှာ အစာကောက် နေသောကြက်ဖကို လက်ညှိုးထိုး၍ “မင့် ကြက်ဖ ဟုတ်ပါတယ်နော်” ဟု အမေး၊ ဘမောင်ခေါင်းညိတ်ပြသည်။

“မိညို နင် ဟင်းချက်မလား။ ဝက်သားပေါက်တစ်စုံ ယူမလား”

ထပ်အမေး၊ မိညို အဓိပ္ပာယ်ကို နားလည်လိုက်ပြီ။ ကြက်ဖကြီးက ဟိုး ဝေးဝေး ဝါးနှစ်ပြန်စာ။ ဦးတင်မြင့်ကို သရော်သလို ပြန်ကြည့်၏။ ဘမောင်ကတော့ ပါးစပ်ဟောင်းလောင်း။

“ဝက်သားပေါက် တစ်စုံတော်”

ဟု မိညိုအပြော၊ လျှပ်စီးလက်သလို လောက်လေးခွကို ထုတ်၊ လောက်စာအိမ်မှာ လောက်စာလုံးတပ်လိုက်ပြီ။ ဦးတင်မြင့်မှ “မိညို ခေါင်းနော် .. ခေါင်း” ဟု ပြောသေး၏။

မျှော့သားရေကြိုးဆွဲ အဆန့်ပြီး သုံးစက္ကန့် အတွင်းမှာ ဖောက်ခနဲအသံနှင့်အတူ တိုက်ကြက်ဖကြီးသည် တောင်ပံတဖျတ်ဖျတ်ခတ်ရင်း မျက်စိတစ်မှိတ်အတွင်း။

သည်တော့ မိညို ချုံးပွဲချငိုလေ၏။

ဘမောင်ခမျာလည်း တုံဏှိဘာဝေ ကြက်သေသေရာမှ အသားများ တဆတ် ဆတ်တုန်လာရင်း မိညိုကို “သောက်ကောင်မ … သောက်ကောင်မ” ဟု မြည်တွန် ဆဲရေးလက်ညှိုးထိုးလျက်။ သူ့ကြက်ဖ သေဆီသို့ အပြေးသွားကာ တရှုံ့ရှုံ့ဖြင့် ငိုလေပြီ။

ဦးတင်မြင့်၏ တုံ့ပြန်မှုသည် မိသားစုတစ်စုလုံး စိတ်သောကဖြစ်စေရုံမက အိမ်ထောင်ရေးပင် ကတောက်ကဆဖြစ်စေတတ်၏။ သူတို့၏ပူဆွေးမှုသည် ဦးတင်မြင့်ထံ ကူးစက်လာခဲ့ပြီ။ တုံ့ဆိုင်းမနေတော့၊ အိမ်ကိုအမြန်ပြန်သည်။ နာရီဝက်ခန့်အကြာ တောင်းတစ်လုံး ထမ်းလာချေ၏။ ဘမောင်နှင့် မိညိုရှေ့ချပြီး တောင်းထဲမှ ကောက်ရိုးခင်းပြီး ယူလာ သော ဝဝကစ်ကစ် ဝက်ကလေးတစ်စုံကို ချလိုက်၏။ မင်းတို့ စီးပွားဖြစ် မွေးပေရော့-တဲ့။

xxx xxx xxx

ဝါသနာဆိုတာ အတားရခက်ဆို သလို ညစဉ်ရက်ဆက် တောကြောင်လိုက်ထွက်နေတဲ့ ဦးတင်မြင့်နဲ့ ကိုမြင့်တို့ ဇနီးသည်တွေက မသွားပါနဲ့တော့လို့ တားမြစ်ကြပါတယ်။ တားမရပါဘူး။ သူတို့ကျင်လည်ရာ တောလိုက်ကွင်းကလည်း စဉ်းစားသာကြည့်တော့။ ရွာတွေနဲ့ မနီးမဝေးမှာ ရှိတတ်တဲ့ သင်္ချိုင်းကုန်း (သုသာန်)တွေမှာဖြစ်သည်။

နှစ်ရှည်သစ်ပင်ကြီးများနှင့် အလေ့ကျ ဆီးပင်ပေါက်များ၊ မိုးနှံချုံများ ဖုံးလွှမ်းပေါက်ရောက်၏။ တကယ်ဆိုတော့ ယဉ်ပါးတတ်သောအိမ်ကြောင်များသည် ယဉ်ပါးနေရာမှ တောစိတ်ဝင်ပြီး စားကျက် ပြောင်းသွားလေ့ရှိကြောင်း။ တောပြောင်းကြောင်များသည် အိမ်ကြောင်များကို မြှူဆွယ်ခေါ်ငင်တတ်ကြောင်း။ အိမ်တွင် လူနာရှိလျှင်လည်း ကြောင်များသည် မနေဝံ့စွာ တောပြောင်းပြေးတတ် သည်ကို ကြောင်သဘာဝသိသူ ဦးတင်မြင့်မှ ပြောလေ့ရှိသည်။

ရွာထဲမှာ မရှိတော့လေခြင်းကြောင့် တောကြောင် မည်ခဲ့သည်ကို မုဆိုးနှစ်ယောက်သည် စီးပွားဖြစ်မဟုတ်သော်လည်း သောက်စားဖို့ ရနေသည်။

သူတို့နှစ်ယောက်တွင် ကိုမြင့်က ကြိုတင်လေ့လာထားတတ်၏။ ကြောင်ခြေရာကို ကြောင်ချေးကစပြီး သဲလွန်စ ရှာဖွေတတ်သူ။ သစ်ပင်တက်ကျွမ်းကျင် သူလည်း ဖြစ်သည်။

ဦးတင်မြင့်က ကြောင်သဘာဝဓလေ့ကို သိသလို၊ လက်ဖြောင့်ပစ်ခတ်သူ။ လက်နက်ကား အခြားမဟုတ်၊ ဆွဲအားကောင်းသော မျှော့ရေကြိုးတပ်လောက်လေးခွ၊ လောက်စာကား ပုစွန်ကျစ်စာနှင့် ကျတ်တီးမြေကို သမအောင်နှပ်ပြီးမှ လုံးထားသောလောက်စာလုံး။ သူတို့နှစ်ယောက်အပြင် အနံ့ခံကောင်းသော အပြေးလျင်သော အဟပ်မြန်သော ခွေးတစ်ကောင် ပါလေ့ရှိ၏။ အစွမ်းကိုယ်စီ လက်တွဲညီလို့ ဆိုရပေမည်။

ဒီကနေ့ည တောလိုက်ကွင်းမှာ ညောင်ပင်သာသုသာန်ဆီသို့ ဦးတည်၏။ ဘိုးကြာညိုရွာမှ ည(၉)နာရီ ထွက်လာသည်။ မယ်ဒက်ဘုရားလမ်းဘေး၊ ဘရင်းကုန်းရွာနှင့် ညောင်ပင်သာရွာကြားမှာ ဇရပ်တစ်ခုရှိ၏။ ခရီးသွားလည်း နား။ သရဏဂုံတင်၊ ရေစက်ချ၊ အမျှဝေရာလည်းဖြစ်သော ဇရပ်။

သူတို့နှစ်ဦး ထိုဇရပ်မှာ နားခိုပြီး ရဲဆေးတင်ကြ၏။ ပြီးသည်နှင့် သုသာန်လမ်းခွဲလေးအတိုင်း ဝံ့ဝံ့စားစားချီတက်ကြလေပြီ။

မှောင်လွန်းလှ၏။ သို့သော် ထိုအမှောင်ကို သူတို့မကြောက်။လူတွေက သရဲတစ္ဆေကြောက်တယ်ဆိုတာ အမှန်က အမှောင်ကို ကြောက်ကြတာပါ။ မှောင်တော့ မမြင်ရတဲ့အသံကို ယုံမှားသံသယရှိလာတယ်။ ယုံမှားသံသယ ရှိခြင်းကြောင့် မသိစိတ်က ဖုံးလွှမ်းလာတယ်။

လျှပ်စစ်အလက်ကြောင့် ဖျတ်ခနဲ မြင်ရတဲ့သစ်ပင်လေးတွေကို နာနာဘာဝထင်ပြီး ထွက်ပြေးတဲ့သူတွေအများကြီး။ ကိုမြင့်ကို ဦးတင်မြင့်မှ ပြောနေကျစကား။

သုသာန်ဝန်းကျင်အခြေသို့ ရောက်လာ၏။

သစ်ကိုင်း၊ သစ်ခက်လှုပ်ရှားသံကို ကြည့်၏။ နားစွင့်၏။ ကြောင်မြူးသံ စတင်ကြားပြီ။ ကြောင်ဖို၏ ဖိုသံနှောသော သံရှည်။ ကြောင်မ၏ ပတ်ချွဲနပ်ချွဲ အသံသည် ကလေးငယ် ငိုသံလိုလို။

ကြောင်ထီးက ရစ်သီ၏။ ကြောင်မက ပြေး၏။ သူတို့၏ ချစ်တင်းနှီးနှောမှုသည် ကြာတတ်သည်။ အော်သည့်အသံ၊ ပြေးသည့်အသံ၊ လိုက်သည့်အသံ တွေ့ဆုံမိလေသည်။

ကိုမြင့်ပခုံးကို ဦးတင်မြင့် တို့ထိ၏။ ကိုမြင့် အထာသိစွာ လွယ်အိတ်ထဲမှ ပုလင်းကိုပေးတော့ တစ်ခွက်အာဆွတ်ပြီး ပုလင်းကိုပြန်ပေးသည်။ကိုမြင့်လည်း တစ်ခွက်ပါပဲ။ ထိုတစ်ခွက်ဖြင့် အုတ်ဂူတစ်လုံးစီပေါ် အချိန်ငံ့လင့်ရဦးမည်။

ဦးတင်မြင့်အဆိုအရ သူတို့ချစ်ခြင်းကို မခွင်းသင့်ကြောင်း။ သူအမြဲစည်းထားခဲ့ကြောင်း ဆို၏။ ကိုမြင့်တစ်ယောက် အုတ်ဂူပေါ်မှာ ခြေလက်ဆန့်ရင်းအိမ်က ကရင်မကြီးကို သတိရစိတ်လေး ဝင်လာတော့ ပြုံးမိ၏။

သူ့အာစရိ ဦးတင်မြင့်ကတော့ သားမယားအပေါ် တွယ်တာမှု မထားတတ်။ ခုလိုစွန့်စားမှုအချိန်ကာလ တွင် သားကောင်မှလွဲလို့ သူ့မှာ ဘာအာရုံမှ မထားတတ်သူဆိုတာ အထူးပြောစရာမလို။

ကြောင်စုံတွဲ အသံပျောက်ချေပြီ။ သူတို့နှစ်ယောက်သည် အသင့်အနေအထား အာရုံစူးစိုက်နေချေ၏။ ထိုအချိန် အမှတ်(၆) သကြားစက်မှ ကင်းလုံခြုံရေး သံချောင်း (၁၂)ချက်ကြားရပြီ။

ညဉ့်လယ်တောင်ရှိမင့်။

ရွတ်ခနဲ အသံကြားတော့ နှစ်ယောက်သား ဆတ်ခနဲ ခါးမတ်ကာ အသံကို အာရုံစူးစိုက်နေကြ၏။ လက်ပံ ပင်ပေါ်က ဆင်းလာသံ။ တဖြောဖြော တဖြောက်ဖြောက် ကြွေကျသံများ။ ထိုအသံသည် ပင်စည်၏ အချို့သောနေရာတို့တွင် စွဲတတ်သော ချအုံတို့ကို ကြောင်ကုတ်ခြစ်မိခြင်းကြောင့် သစ်ရွက်ခြောက်များပေါ် ကျလာသောအသံ ဖြစ်၏။

သတ္တဝါသည် ပင်စည်ပေါ်မှဆင်းလာနေပြီး သူတို့နှစ်ယောက်လည်း အနီးဆုံး နေရာရွှေ့လေသည်။

xxx xxx xxx

လက်နှိပ်မီးရောင်စူးစူး အလင်းရောင်တန်းနှင့်အတူ အစိမ်းရောင်တောက်သော မျက်လုံးတစ်စုံကို မြင် လိုက်သည်၌ “ဖောက် ဖောက် ဖောက်” ဟူသော စက္ကန့်မခြား အသံသုံးချက် ပစ်ခတ်သံ။

ကြောင်သည် သစ်ပင်ပေါ်မှအကျ ခွေးရန်လုံ ဝုတ်ခနဲအော်ရင်း အပြေးဟပ်လေ၏။ သို့သော် အနားမရောက်ခင် ကြောင်ထပြေးလေသည်။ ကိုမြင့် ဟာခနဲ ဖြစ်ရင်း

“ချက်ကောင်းမထိဘူး အာစရိ။ ချက်ကောင်းမထိဘူး”

ဟု အော်ရင်း ကြောင်ပြေးရာဆီ ခွေးနှင့်အတူလိုက်၏။ ကြောင်မှ ထွက်ကျလာသော သွေးစကလေးများကား သစ်ရွက်ခြောက်များပေါ်၌ အစက်ကလေးများ တန်းစီနေလျက် သွေးစက်အဆုံးနေရာ ကား မိုးနှံပင်တို့ အုံပေါက်နေသော အုတ်ဂူဟောင်းကလေး။

ခွေးရန်လုံသည် အုတ်ဂူအပေါက်ဝ၌ တဝုတ်ဝုတ်ဟောင်နေ၏။ ကိုမြင့် တုံ့ဆိုင်းမနေ၊ အုတ်ဆွေး အုတ်ပဲ့များကို ဆွဲခွာချသည်။ ဂူပေါက် အဝသည် ကျယ်လာသော် မြင်ရသည့် မြင်ကွင်းမှာ။

အနက်ရောင်ရှိသော ကြောင်မကြီးသည် အသက်ငင်လျက် ကြောင်ကလေးသုံးကောင်မှာ မိခင်ကြောင်မကိုပွတ်သပ်အော်မြည်နေ၏။ ကြောင်မပါးစပ်ရှေ့တွင် ငှက်သေလေးတစ်ကောင်။

ကိုမြင့် သဘောပေါက်ပြီ။ အစာရှာပြီး ပြန်လာခဲ့သောမိခင်၊ မြင်ကွင်းကို မြင်ရတော့ ကြောင်မုဆိုးတို့၏ နှလုံးအိမ်ကို ဆွဲကိုင်လှုပ်ခြင်းခံရသလို ကိုမြင့် စိတ်မကောင်းတော့။ ကြောင်ကလေးတွေကို တယု တယ ပွေ့ယူလိုက်၏။ ကြောင်မကြီးကိုလည်း ညင်သာစွာသယ်မပြီး ဦးတင်မြင့်ရှေ့ ချလိုက်သည်။ သေဆုံးသွားပြီဖြစ်သော ပက်လက်အနေအထားကြောင်မကြီးကို ဘေးတစောင်းဖြစ်အောင် တွန်းလိုက်ပြီး ကိုမြင့်ကို မီးထိုးပြစေ၏။

“မိဖြူနက် – မိဖြူနက်”

ဦးတင်မြင့်ဆို့ဆို့နင့်ခေါ်လိုက်သော မိဖြူနက်။

လည်ကုပ်ပေါ်တွင် အဖြူရောင်အမွေး ကျပ်စေ့ဝိုင်းဝိုင်းကလေးသည် အမှတ်ရလွယ်စေသော အမှတ်အသား။ ဇနီးသည် မခင်မြ၏ အချစ်တော်။ ပျောက်ဆုံးသွားခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ။ မခင်မြ အိပ်ရာထဲ ဘုန်းဘုန်းလဲစဉ်မှာ အိမ်မှထွက်ခွာသွားသော မိဖြူနက်။

နာတာရှည်လူမမာမခင်မြ ကျန်းမာရေးဆိုးနေသည့်ကြားမှ သားသမီးပမာ တွယ်တာခဲ့သော မိဖြူနက်ကို တသသ ခေါ်တတ်သည်ကို ဦးတင်မြင့် ပြန်လည် မြင်ယောင်မိ၏။

“မခင်မြရေ ခင်ဗျားအချစ်တော် ကျုပ် ရှာတွေ့ပြီ။ ဒါပေမဲ့ ကျုပ်လက်နဲ့ သတ်မိသွားပြီ မခင်မြရဲ့။ ခင်ဗျားရှိရာနောက် သူလိုက်လာပါပြီဗျာ”

ဦးတင်မြင့် ဝမ်းနည်းစွာ မြည်တမ်းရင်း မိဖြူနက်ကို တယုတယ ပွတ်သပ်နေပြီး ကိုမြင့်အား ကြောင်မကြီးမြှုပ်နှံဖို့ အုတ်ဂူဟောင်းထဲပြန်ထည့်ရန် ပြောဆို သည်။ ကြောင်ကလေးများကို မွေးမြူရန် ဦးတင်မြင့် ယူလာရချေ၏။ တောကြောင်ငယ် လေးကောင်ကား ဥပေက္ခာရှုသော စုံတောမြိုင်မှ ကရုဏာ၊ မေတ္တာ လွှမ်းခြုံပေးမည့် ရပ်ဌာနီ အိမ်မြေဆီသို့ ဘဝနေခြည် ဖြန့်ကျက်ရပေဦးတော့မည်။

xxx xxx xxx

ရေတာရှည်မြို့၏ အရှေ့ဘက်တွင် အထင်ကရ စစ်တောင်းမြစ်ကြီး ရှိလေ၏။ မြစ်၏ အရှေ့ဘက် (၁)မိုင်ခန့်မှာတော့ ပိန္နဲပင်ရွာကလေး။ ထိုရွာကလေး၏ အရှေ့ဘက်မှာ ကရင်တောင်တန်းရှည် ကြီး ရှိလေ၏။ ထိုတောင်တန်းပေါ်တွင် ကျောက်တစ်လုံးဘုရားနှင့် ရိပ်သာကျောင်းလည်း ရှိနေသည်။

အေးမြခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားဓမ္မတို့အား ချမ်းမြေ့စွာ ပေးစွမ်းနိုင်သော ဝိပဿနာရှုပွားရာ၊ တစ်ပါးစံ ရိပ်သာကျောင်းငယ်၌ ခိုလှုံခွင့်ရခဲ့သော ဘုရားရှင်၏သားတော် ရဟန်းကြီးတစ်ပါးသည် လောကီ၏အညစ်အကြေးများကို ဆေးကြောသုတ်သင် ဆင်ခြင်သတိ ရှိခဲ့သည်မှာ သုံးနှစ်တာသီသီ စွန်းခဲ့လေပြီတည့်။

မိုးသောက်ယံထိုနံနက်ရဟန်းကြီး စင်္ကြံထွက်ကြွနေစဉ် အာဂန္တုကျွန်ုပ်သည်လည်း ပုတီး(၉)ပတ်စိပ်ပြီး ထအလာ မမျှော်လင့်ဘဲ တွေ့ဆုံဖူးမြင်ခွင့်ရ၏။ ရိုသေစွာ ရှိခိုးဦးခိုက်ပြီးလေသောအခါ စာရေးနေသူမှန်း သိလေခြင်းကြောင့် လူမိုက်တို့၏ သံသရာဆိုးအတွက် အညစ်အကြေးများကို ဆေးကြောနေရကြောင်း တစ်ဘဝနှင့် မကြေလျှင် ဘဝအဆက်ဆက် ဆေးကြောနေမှာဖြစ်ကြောင်း အစချီရင်း ဘဝဟောင်းက ဦးတင်မြင့်ရာဇဝင် ရင်ဖွင့်ခဲ့လေသည်။

– ပြီး –

စာရေးသူ – နေဆန်းဦး (မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *