#ဖိုးကျော့

အိမ်ပေါ်တက်လာသော ကိုအောင်လူကို မုဆိုးကြီးဦးထော်က လှမ်းကြည့်ပြီး…

“ဘာလဲကွ”

ဟု မေးလိုက်၏။

“ဆတ်သားတစ်တွဲ လာပို့တာအဘ”

“ဟေ… မင်း တောတက်သံလည်း မကြားမိလား”

“ကျွန်တော် တောမတက်ဖြစ်သေးပါဘူး အဘ။ ကလေးတွေ ရလာတာပါ”

“မင်းကလေး ဆယ်ကျော်သက်တွေက တယ်ဟုတ်ပါလား။ ဘမျိုးဘိုးတူဆိုတာ ထင်ပါရဲ့။ ဒီအသက်အရွယ်နဲ့ ဆတ်တောင် ရအောင်လိုက်နိုင်တယ်ဆိုတော့အာဂကောင်တွေပဲကွ”

“ဟား-ဟား-ဟား အဘကလဲ။ ဘယ်ကလာ ဘမျိုးဘိုးတူရမလဲ အဘရယ်။ ခွေးနဲ့ ကြက်ငှက်ပစ်သွားကြရင်း တောခွေးတွေ ချထားတဲ့ ဆတ်သေကိုတွေ့လို့ တောခွေးတွေကို ခွေးနဲ့ မောင်းထုတ်ပြီး ကျန်တဲ့ တစ်ခြမ်းကို ထမ်းချလာခဲ့ကြတာ”

“ဟယ်”

ကိုအောင်လူ၏ စကားကြောင့် မုဆိုးကြီးက “ဟယ်”ခနဲ အသံထွက်သွားသည်။ ပြီးတော့မှ…

“အေးကွ၊ အမှန်ကတော့ တောခွေးကလည်း သားကောင်လိုက်တဲ့ မုဆိုးပဲ။ တို့မုဆိုးအချင်းချင်းတော့ တစ်ဦးချထားတဲ့ သားကောင်ကို တစ်ဦးက လုယူရိုးထုံးစံမရှိဘူး။ ခု မင်းကလေးတွေက မသိလို့ ဖြစ်ပါလိမ့်မယ်။ တောခွေးချထားတဲ့ သားကောင်ကို မုဆိုးစစ်စစ် လူက မယူကောင်းဘူး”

“ဟုတ်ကဲ့ ခု ကလေးတွေက မသိလို့ယူလာခဲ့ကြတယ်အဘ။ ဆတ်သေစားနေကြတဲ့ တောခွေးတွေကိုမောင်းထုတ်လိုက်တော့ ထွက်ပြေးသွားကြတယ်ပြောတယ်။ တောခွေချထားတဲ့ သားကောင်ကို လုယူရင် ဘာဖြစ်တတ်လဲ အဘ”

“ဘာဖြစ်တာလဲဆိုတာတော့ ငါလဲ မသိဘူးကွ။ တို့မုဆိုးအစဉ်အဆက် မှာစကား ပြောစကား ကြားဖူးတာပြောတာပါ။ ခု ကလေးတွေ ယူလာတော့လည်း စားရတာပေါ့ကွာ”

“ရှေးမုဆိုးကြီးတွေက လုမယူကောင်းဘူးဆိုတာ တောစည်း တောင်စည်း ပေါက်တယ်လို့ ဆိုလိုတာလားအဘ”

“အဲဒါလည်း ဖြစ်နိုင်တာပဲ။ တောစည်း တောင်စည်း ပေါက်နေရင် အဲဒီတောထဲ နှစ်နဲ့ချီပြီး သားကောင်လိုက်မရ ဖြစ်တတ်တယ်။ ခု မင်းကလေး တွေရလာတာ ဘယ်တောတုံး”

“သစ်ဆိမ့်ပင်တောက လူးအိုင်နားလို့ ပြောတယ်အဘ”

“ဟုတ်လား သစ်ဆိမ့်တောက တောကြမ်းကြီးတော့ မဟုတ်ပါဘူး။ နို့ပေမဲ့ လူးအိုင်ဆိုတာကတော့ မင်းလည်း ကြုံဖူး တွေ့ဖူးသားပဲ”

မှန်သည်။ လူးအိုင်ဆိုသည်မှာ နွေရောက်၍ စမ်းရေတွေခမ်းသွားလျှင် စမ်းချောင်းတစ်လျှောက်တွင် အိုင်ဖြစ်ကျန်နေခဲ့သော ရေအိုင်ကိုဆိုသည်။

ထိုရေအိုင်နားတွင် လင့်ထိုးစောင့်၍ ရေသောက်လာသော တောတိရစ္ဆာန်များ၊ အိုင်လူးရန်လာသော လူးကျင်းကြိုက် တိရစ္ဆာန်များကိုလည်း ပစ်ခတ်၍ ရတတ်သည်။ ထို့ကြောင့် အချို့အပိုင်စားရထားသော မုဆိုးများဆိုလျှင် လူးအိုင်တွင် ရေခမ်းသွားပါက လှည်းပေါ် ရေတိုင်ကီတင်လာ၍ လူးအိုင်ဖြစ် နေအောင် ဖန်တီးထားတတ်ကြသည်လည်း ရှိသည်။

လူးအိုင်၏ ထူးခြားချက်မှာ ဆည်းဆာမရောက်တရောက် အချိန်မှာ တစ်တောလုံး တစ်တောင်လုံး ဟည်းတက် ဆူညံလာတတ်သည်။ ကြာကြာတော့မဟုတ်။ ခပ်ဝေးဝေးရှိ တောတောင်တစ်နေရာမှ ဟည်းတိုက်ဆူညံလာသံမှာ လူးအိုင်နား ရောက်သည်နှင့် တိတ်ဆိတ်ပျောက်ကွယ်သွားသည်။

ထိုသို့ တောခြောက်၊ တောင်ခြောက်သော လူးအိုင်မှ သားကောင်များများရသည်ဟု မုဆိုးများက အယူရှိကြသည်။

လူးအိုင်တို့၏ နောက်တစ်ခု ထူးခြားချက်မှာ လူးအိုင်ပတ်ဝန်းကျင်ရှိ သစ်ပင်အမြင့်ကြီးပေါ်တွင် လူးအိုင်ထဲက ရွှံ့ညွန်ရွှံ့စေးတွေ ပေကျန်နေတာ တွေ့ရတတ်သည်။

အဓိက လူးအိုင်ကိုဆင်း၍ ရွှံ့ညွန်လူးတတ်သည်မှာ တောကျွဲနှင့် ဝက်တို့သာဖြစ်၏။ သို့သော် ဝက်နှင့် ကျွဲတို့က သစ်ပင်ပေါ် တက်တတ်ကြသော တိရစ္ဆာန်များ မဟုတ်ကြ။ လူးအိုင်ထဲတွင် လူးလာဆော့ရင်းက အမြီးခါ ချိုခါ၍ စဉ်သောရွှံ့ညွန်ဆိုလျှင်လည်းအစက်အပြောက်သာ သစ်ပင်ပေါ်၌ တွေ့ရမည်။

လူလေးငါရပ်ခန့် မြင့်သော ပင်စည်ပေါ်တွင် တိရစ္ဆာန်တစ်ကောင်ကောင် လည်ပင်းယား၍ တိုးတိုက်ထားသလိုပိန်းပိတ်နေသော ရွှံ့ ညွန်အကွက်ကြီးများကို တွေ့ရတတ်သည်။

လူးအိုင်ထဲကို မျောက်များဆင်းဆော့ပြီး ဆော့ထားတာလားဟု ထင်ရအောင် မျောက်ဆိုသော သတ္တဝါကလည်း ရွှံ့ ညွန်အိုင်ထဲ ဆင်းဆော့တတ်သော သတ္တဝါမဟုတ်။

ထိုသို့ ထူးထူးဆန်းဆန်းရှိတတ်သော လူးအိုင်ဆိုလျှင် မုဆိုးများက အိုင်ကြမ်းကြီးဟု အသိအမှတ်ပြုကြသည်။ ထိုအိုင်ကြမ်းမျိုး၌ မုဆိုးတို့၏ ထုံးတမ်းစဉ်လာ စည်းကမ်း နည်းလမ်းအတိုင်းသာ လင့်ထိုးစောင့်ပစ်လျှင် သားကောင်ပိုရသည်ဟုလည်း ယုံကြည်ကြသည်။

သို့သော် တောစည်း၊ တောင်စည်း၊ မုဆိုးတို့၏ ထုံးတမ်းစဉ်လာကို ချိုးဖောက်လျှင်တော့ ထိုလူးအိုင်ကြမ်းကြီးနားက မြန်မြန်သာ ပြေးပေတော့။

ဤသည်ကိုလည်း ရွာမုဆိုး ကိုအောင်လူ ကြားဖူးထားသည်။ တောခြောက် တောမှောက်တာတွေကိုလည်း နှစ်ခါသုံးခါ တောထဲတွင် ကြုံဖူးထားသဖြင့် ယနေ့ လူးကြမ်းအိုင်နားမှ တောခွေးများ စားလက်စ ဆတ်တစ်ခြမ်းကို လူသားနှစ်ယောက်က လုထမ်းလာကြသည်ကို တွေးမိပြီး သစ်ဆိမ့်တောတွင် မုဆိုးကျော်ကြီး ပြောသလို တစ်နှစ်ပတ်လုံးများ သားကောင် ပစ်မရ၊ ရှာမရများ ဖြစ်လေမလားဟု တွေးရင်း အိမ်ပြန်လာရာ လမ်းတစ်ဝက်အရောက်မှာပင် ရွာတောင်ဘက်က ဆူဆူညံညံအသံတွေကို ကြားလိုက်ရသည်။

ကိုအောင်လူ မတ်တတ်ရပ် နားစွင့်လိုက်စဉ်မှာပင် ဝရုန်းသုန်းကားနှင့် နွားကျောင်းသား၊ ကျွဲကျောင်းသားများ၊ ကျွဲနွားများ ရွာထဲသို့ ပြေးရောက်လာကြသည်။ ကျွဲနွားများမှာ မည်မျှ ကြောက်ရွံ့လာကြသည်မသိ။ ရွာထဲရောက်၍ ပိုင်ရှင်များ အော်ဟစ်ထိန်းသိမ်းနေကြသည့်ကြားထဲကပင် အချို့နွားတွေကအမြီးထောင်ပြီး ဆောက်တည်ရာမရ ရုန်းကန်ထွက်ပြေးနေကြသည်။

ကိုအောင်လူက-

“ဟေ့ကောင်လေး – ဘာတွေလဲ။ နေ့ခင်းကြောင်တောင်ကြီး ကျားထွက်လိုက်လို့လား”

“ကျားမဟုတ်ဘူးဗျ၊ တောခွေးအုပ်ကျလာလို့ ကျွဲတွေ နွားတွေ အတင်းလိုက်ကိုက်ကုန်ကြပြီ”

“ဟေ”

မှန်သည်။ သူတို့ရွာမှာ ကျွန်းလှမြို့နှင့် ၁၂ မိုင်ခန့် ဝေးသည်။ ပတ်ဝန်းကျင်ရွာများမှာ ရှမ်းကုန်း၊ ဆိတ်ဖူး၊ သစ်ပင်ဆိပ်၊ နောင်ရိုး စသည့် ရွာနီးနား များရှိသည်။ နောင်ရိုးရွာမှ ကျွန်းလှမြို့ကို လှည်းနှင့်လာသော ကိုသာအောင်၏ နွားနှစ်ကောင်လည်း ပါသွားသည်။ လှည်းဝင်ရိုးကျိုးသွား၍ လှည်းဝင်ရိုး သွားခုတ်နေတုန်း ဝင်ကိုက်သည်။

တောခွေးအုပ်သည် မြင်ကတောင်ဘက်က ဆင်းလာကြသည်ဟု ဆိုသည်။ အကောင်နှစ်ဆယ်ကျော်ရှိသည်။ တောထဲမှာ သူတို့ သားကောင်လိုက်သလို တစ်ကောင်တည်းနောက်ကို မလိုက်ကြဘဲ ကျွဲနွားအုပ်ထဲကို ဝင်ပြီး တွေ့သည့်ကျွဲနွားကို ကိုက်သည်။ တောထဲမှာလို ကိုက်လှဲလိုက်သော တစ်ကောင်ကောင်ကိုလည်း ဝိုင်းကိုက်ဖဲ့ဆွဲ မစားကြဘဲ မြင်မြင်သမျှ ကျွဲနွားတွေကို လိုက်ကိုက်နေကြသည်။

တောထဲမှာဆိုလျှင် တောခွေးများသည် ထိုသို့မဟုတ်ကြ။ သားကောင်တစ်ကောင်ကိုသာ သူတို့ ဦးတည်လိုက်ကြသည်။

ထိုသို့ လိုက်ရာ၌လည်း သူတို့အုပ်ထဲတွင် တောခွေးအမျိုးအစား ၄ မျိုးပါသည်။ လိုက်ခွေး၊ ပန်းခွေး၊ဖြတ်ရွေး၊ ရေသယ်ခွေးဟူ၍ ဖြစ်၏။ လိုက်ခွေးများကမူ သားကောင်နောက်ကို ထပ်ချပ်မကွာ နောက်ကလိုက်သည်။ မီလျှင် သားကောင်၏ တံကောက်ကွေးနောက်ကြောကို မပြေးနိုင်အောင် ဖြတ်ကိုက်သည်။

တောခွေး၏ သွားများမှာ အိမ်ခွေးလို အစွယ်မပါ။ ဆောက်ခုံးလို အဖျားခုံးခုံးရှိသည်။ ထို့ကြောင့် တောခွေးတစ်ချက် ဟပ်ကိုက်မိလျှင် အသားက အကွင်း လိုက်ကျွတ်ပါသွားသည်။ အကြောဆိုလျှင်လည်း ပြတ်ထွက်သည်။

ထို့ကြောင့် တောခွေးများသည် သားကောင်၏ အဓိကကျသော နေရာများကို ရွေးကိုက်တတ်သည်။ မျက်လုံး၊ ဒွါရ၊ တံကောက်ကြော၊ အင်္ဂါ စသည်တို့ဖြစ်သည်။

သူတို့သည် သူတို့ထက် အဆမတန်အင်အားကြီးသော ဆင်များကိုပင် ဝိုင်းလိုက်ကိုက်သတ်စားတတ်ကြသည်။ ဆင်များကိုလိုက်ရာတွင် ပထမဦးဆုံး အုပ်မှ တစ်ကောင်ကောင်ကို ကွဲထွက်သွားအောင် ဦးတည်လိုက်ကြသည်။ အုပ်မှ သွေးရူးသွေးတန်းနှင့် ခွဲထွက်လာသော ဆင်ကို လိုက်ခွေးအုပ်က နောက်ကအသံပေး၍ လိုက်ကြသည်။ တောခွေးများသည် အိမ်ခွေးများလို ကျယ်ကျယ်လောင်လောင် မဟောင်တတ်ကြ။ ညိုးညိုးညံညံအသံပေး၍သာ လိုက်ကြသည်။

ထိုသို့ လိုက်ကြရာတွင် ပန်းခွေးတွေက ဘေးနှစ်ဖက်တွင် တစ်ဖက်လျှင် နှစ်ကောင် အုပ်ကြီးလျှင် သုံးကောင်ထိ သူတို့၏ ဦးတည်ရာသို့ သားကောင် တည့်တည့်မတ်မတ်ပြေးအောင် ဘေးနှစ်ဖက်မှ အသံပေး လိုက်လာကြသည်။

ရေသယ်ခွေးနှစ်ကောင်သုံးကောင်ကမူ ရေအိုင်ထဲသွားဆင်းလိုက်၊ ပြန်ပြေးလာပြီး သားကောင်ကို ရေအိုင် ရှေ့တွင်ရှိကြောင်းကို အရောင်ပြလိုက်၊ သားကောင်နောက်လိုက်လာရ၍ ရေငင်နေကြသော သူ့ အပေါင်းအသင်းများအား သူတို့သယ်လာသော ကိုယ်ပေါ်ကရေကို အမောဖြေ အယက်ခံ အစုတ်ခံပေးလိုက်လုပ်လိုက်၊ ရေသွားပြန်သယ်လိုက် တစ်ချိန် လုံး လုပ်နေကြသည်။

သားကောင်ကို မမီမချင်း ဤသို့လုပ်ရမည့် တာဝန် ရေသယ်ခွေးတွင် ရှိသည်ကို သူတို့ ဗီဇစိတ်က သိသည်။ ရေသည်ခွေးမှာ အုပ်ထဲ၌ အလုံးအထည်ကြီးသလို အမွေးရှည် အမွေးအုံကြီးသော ခွေးဖြစ်သည်။ ထို့ကြောင့် သူတို့၏ အမွေးများတွင် ရေများများစိုစွတ်၍ပါလာခြင်း ဖြစ်သည်။

များသောအားဖြင့် တောတိရစ္ဆာန်များသည် ရန်သူလိုက်၍ မောပန်းလာလျှင် ရေငတ်၍ ရေအိုင်ကိုသာ ပြေးတတ်ကြသည်။ ဤသည်ကို ရေသယ်ခွေးက သိထားသဖြင့် ရေရှိသောအရပ်ကို သူ့ကိုယ်အစိုကြီးနှင့် သက်သေထူပြပြီး မျှားခေါ်သွားသည်။

ဖြတ်ခွေးတွေကမူ သူတို့လိုက်သောသားကောင်ကိုရှေ့ကဖြတ်ဆီးပြီး သစ်ပင် သစ်ကိုင်းများပေါ်က တက်စောင့်ကြသည်။ သူတို့သည် မတ်မတ်ကြီးထောင်ထနေသော သစ်ပင်များကို မတက်နိုင်ကြ။၄၅ဒီဂရီခန့် ကိုင်းနေ၊ ကွေးနေ၊ ညွတ်နေသော သစ်ပင်သစ်ကိုင်းများပေါ်က စောင့်ကြသည်။

သူတို့အောက်ကို သားကောင်ရောက်လာလျှင် အပေါ်က သေးပန်းချတတ်ကြသည်။ တောခွေး၏ သေးမှာ အနံ့ပြင်းသလို မျက်စိထဲဝင်မိပါက ရုတ်တ ရက် အကန်းလို ဖြစ်သွားတတ်သည်။ ဤသို့ဖြစ်ကာ ကယောင်ချောက်ချားဖြစ်နေသော သားကောင်ပေါ် ဖြတ်ခွေးက ခုန်ချပြီး မျက်လုံးကို ဖောက်ကိုက် တတ်သလို ဒွါရမှ အူကိုလည်း ကိုက်ဖဲ့ဆွဲထုတ်ကြသည်။

ထိုအချိန်မှာ ပန်းခွေးနှင့် လိုက်ခွေးများ ရောက်လာကြပြီး တံကောက်ကြောကို ကိုက်ဖြတ်လှဲချလိုက်ကြသည်။

တောထဲတွင် အုပ်ကောင်းလျှင် လူကိုပင် ဝိုင်းကိုက်တတ်ကြသည်။ လူရှေ့က လည်းကောင်း၊ လူနောက်ကလည်းကောင်း တောတိရစ္ဆာန်များကို လုပ်သလို အမြီးကို ဖင်အောက်သွင်းပြီး သေးပန်းချသည်။ ထိုအမြီးနှင့် သားကောင်၏ မျက်စိထဲ သူတို့၏ သေးရည်ဝင်အောင် အမြီးယမ်း၍ပက်သည်။

သစ်ပင်ပေါ်တက်ပြေးလျှင် သစ်ပင်ရင်းကို ဝိုင်းပြီး သေးပန်းကြသည်။ အနံ့ဆိုးရွားသောသူတို့သေးရည်ကို ရှူရှိုက်မိပြီး လူသည် သစ်ပင်ပေါ်က ပစ်ကျလာ၏။ ထိုသို့ဖြစ်လျှင် သူတို့၏ လူသားစားပွဲပင်။

တစ်ကြိမ်တစ်ခါမျှ ထိုသို့ တောခွေးအုပ်ကြီးက ရွာနား နွားစာကျက်ထိ ရောက်လာသည်ကို မကြားဖူး၊ မကြံဖူးကြသော ရွာသူရွာသားများမှာ ဓား လှံ လေးမြားယူသူ ယူ၊ ခွေးခေါ်သူ ခေါ်နှင့် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သူတို့က ရွာခွေးတွေမှာ တောခွေးကိုနိုင်သဖြင့် တောခွေးတွေကြောက်ကြသဖြင့် ခွေးကိုလည်း ထို့သို့ခေါ်၍ စုကြသည်။ တောခွေးကို အိမ်ခွေးက တစ်ချက်ကိုက်မိသည်နှင့် အိမ်ခွေးစွယ်တွင် အဆိပ်ရှိသဖြင့် အိမ်ခွေးကိုက်လျှင် တောခွေးမှာ အဆိပ်မိသလို သုံးလေးရက်ဆိုလျှင် သေတတ်သည်။ ဤသည်တို့ကြောင့် အိမ်ခွေးကို တောခွေးက ရင်မဆိုင်ရဲကြ။

ထို့ကြောင့်လည်း မနက်ကမှ သူတို့လိုက်လာပြီးရသော ဆတ်သေကို စားနေကြစဉ် လူနှစ်ယောက်နှင့် ခွေးသုံးကောင်ကို ကြောက်ပြီး သူတို့ တောထဲဝင်ပုန်းနေခဲ့ကြသည်။ သို့သော် သားစားကြူးသလို သူတို့စားလက်စကို လုယူသွားကြသော လူနှင့် ခွေးတို့ မမြင်အောင် တောခွေးတွေက ချုံခိုချောင်းမြောင်း လိုက်ပါလာကြသည်။

ထိုအခါ ရွာနွားစားကျက်တွင် နွားများ ကျွဲများကိုတွေ့ရာ တွေ့သမျှအကောင်တွေကို လိုက်ကိုက်ကြတော့သည်။

ထိုအခါ ကျွဲနွားတွေ ဝရုန်းသုန်းကား၊ လူတွေကလည်း အော်ဟစ်၊ ရွာခွေးတွေကလည်း လူတွေနှင့်အတူ ပါလာပြီး ဟောင်ကြ လိုက်လာကြသောအခါ တောခွေးတွေကသူတို့ကိုက်လှဲခဲ့ကြသော သားကောင်၏ တစ်ဖဲ့ တစ်စကိုပင် မစားခဲ့ကြရသေးသဖြင့် သားရေ တများများနှင့် တောထဲဝင်ပုန်းပြီး ကိုယ်ရောင်ဖျောက်လိုက်ကြပြန်သည်။

လူတွေ နွားစားကျက်သို့ ရောက်လာသောအခါနွားခြောက်ကောင်နှင့် ကျွဲနှစ်ကောင်က စားကျက်မြက်ခင်းထဲ လဲနေပြီ။ နွားနှစ်ကောင်ကမူ လဲနေသော်လည်း မသေသေး။ အသက်ငင်နေကြတုန်း။ နွားပိုင်ရှင်တွေက ရှင်လို ရှင်ငြား ဆေးစားကုသပေးရန် ရွာထဲကို လှည်းပေါ်တင်ပြီး ယူလာကြသည်။

သို့သော် ရွာထဲရောက်သည်နှင့် သေသွားသည်။

ကျန် ကျွဲနှစ်ကောင်နှင့် နွားလေးကောင်ကို ထိုနေရာ၌ပင် အမဲဖျက်ပေါ်ကြသည်။ ကျွဲသားရေနှင့် နွားသားရေကို ရွာထဲတွင် လှမ်းလျှင် မသင့်တော်သဖြင့် သစ်ပင်တွင် အပေါ်မှာ စို့ရိုက်၍ လှမ်းကြသည်။

ထိုသို့ ကျွဲသား၊ နွားသား ပေါ်နေကြချိန်တွင် စောစောက တောခွေးအုပ် အလိုက်အကိုက်ခံရ၍ အကြောက်လွန်ကာ တစ်ချိန်လုံး လျှောက်ပြေးနေသော နွားမကြီးတစ်ကောင်သည် သူ့အရှင်နှင့်အတူ ကွင်းစပ်ကိုပြေးရောက်လာကြသည်။

အသားပေါ်နေကြသော ရွာသားများကိုလည်း သူ့ နွားမကို ဆီးပေး ဖမ်းပေးကြရန် ပိုင်ရှင်က အကူအညီ အော်ဟစ်တောင်း၍ ပါလာသည်။

ထိုစဉ် ဘယ်က- ဘယ်က ထွက်လာကြမှန်းမသိသော တောခွေးအုပ်သည် ဟိုချုံ၊ သည်ချုံတွေထဲက ပြေးထွက်လာကြကာ နွားမကြီးနှင့် နွားပိုင်ရှင်တို့ကိုဝိုင်းလိုက်ကြတော့သည်။

ထိုအခါ အသားပေါ်နေကြသူတွေမှာ အသားစ၊ အသားနများကို ကောက်စားနေကြသော ခွေးတွေကို ခေါ်၍ တောခွေးအုပ် ဝိုင်းလိုက်ခံနေရသော လူနှင့် နွားမကို အကူအညီပေးရန် ညာသံပေးကာ ကွင်းစပ်ကို ပြေးလိုက်ကြရပြန်၏။

ထိုအခါ တောခွေးတွေက နီးရာ ချုံပုတ်များထဲဝင်ပြီး ကိုယ်ရောင်ဖျောက် ပုန်းနေလိုက်ကြပြန်သည်။

အမှန်က ဤတောခွေးအုပ်သည် သူတို့၏ ဆတ်သေတစ်ခြမ်းကိုလုယူသွားသော ကိုအောင်လူ၏ ကလေးနှစ်ယောက်နောက်မှ ချုံခို၍ လိုက်ပါလာကြသလို ယခုလည်း သူတို့ကိုက်သက်ထားသောသားကောင်များကို ဖြတ်ယူနေသူများအား ချုံထဲက ချောင်း ကြည့်နေကြခြင်းဖြစ်၏။

အနားကို ပြေးကပ်လာသော နွားမကို မြင်မြင်ချင်း ပင် ဝိုင်းလိုက်ကြခြင်းဖြစ်၏။

“ဟိုက် အကျိုးနည်း ရဲတဲ့တောခွေးတွေပါလားဟေ့။ ဒီအတိုင်းဆို ဒီကောင်တွေ ဒီနားတစ်ဝိုက်က ဘယ်မျှမသွားကြသေးပဲ တောချုံတွေထဲ ရှိကြလိမ့်မှာ သေချာတယ်။ ခုလည်း ဘယ်ချုံတောထဲက တို့ကိုစောင့်ကြည့်နေကြလဲ မသိဘူး။ ဒီအတိုင်းဆို ညကျ ရွာထဲတောင်…”

“ဟာ ဟေ့လူ – မပြောနဲ့တော့။ ဒီလောက်ရဲတဲ့ တောခွေးတွေကို ဒီအတိုင်း ကြည့်နေကြလို့တော့ မဖြစ်တော့ဘူးဗျို့။ ကျုပ်တို့မှာလည်း ဓားလှံနဲ့ လေးမြား ပဲရှိတော့ သေနတ်ရှိတဲ့ မုဆိုးအဖွဲ့ သွားခေါ်ကြမှဖြစ်တော့မယ်ထင်တယ်။ သေနတ်နဲ့ လိုက်ပစ်ရင်တော့ ဒီကောင်တွေ ကြောက်လန့်ပြီး တောနက်ထဲ ပြန်ဝင်ပြေးကြလိမ့်မယ် ထင်တယ်။ ဒါ မြန်မြန်လုပ်ကြမှဗျို့။

ပြောနေရင် ကြာတယ်။ အေးမောင်နဲ့ စောထွန်းတို့ သွားလိုက်ကြကွာ။ အကျိုးအကြောင်းပြောပြပြီးအမြန်ဆုံး လိုက်လာခဲ့ကြပါလို့ ။ ငါမှာလိုက်တယ် ပြော။ ဘာကိစ္စရှိရှိ နေမဝင်မီလို့ပြော။ သူတို့အတွက် အချည်းအနှီး မဖြစ်စေရဘူးနော်”

ရပ်ရွာတွင် ဩဇာရှိသော ဦးဒေါင်းစိန်က ပြောလိုက်ရာ အေးမောင်နှင့် စောထွန်းတို့ အမဲပေါ်နေရာက ချက်ချင်းထပြီး ကျွန်းလှဘက် ပြေးသွားကြသည်။ ကျန်လူများကမူ အမဲပေါ်ရင်း မကြုံစဖူး ထူးထွေသည့်အဖြစ်ကို ပြောနေကြ၏။ တစ်ယောက်က –

“ကျုပ်ကတော့ ဒါ တစ်မျိုးပဲဗျ၊ ဒီလောက် တောခွေးတွေရဲတာ၊ ဒီအထိ ရောက်လာတာ၊ ခုထိလည်း ဒီနားတစ်ဝိုက်က မခွာကြသေးတာ ရိုးရိုးမှ ဟုတ်ရဲ့လားဗျာတို့”

အမဲဖျက်နေကြသည့်အထဲ အများနည်းတူ ကိုအောင်လူကလည်း ပါနေရာ ထိုသူ၏စကားကြောင့် မနက်ကမှ ဦးငထော်စကားကို သတိရကာ ကိုအောင်လူ မျက်နှာတစ်ချက်ပျက်သွားသည်။

ကျွဲနှစ်ကောင်နှင့် နွားသားရေပြားများကို နွားစားကျက်နားရှိ သစ်ပင်ပေါ်ထက်၍ တောခွေး၊ ရွာခွေးများမမီနိုင်လောက်သော ပင်စည်များတွင် တစ်ပင်တစ်ပြားကျစီ ငုတ်ရိုက်ချည်၍ လှမ်းထားခဲ့ကြသည်။

ထိုနေ့၌ ခါတိုင်းလို မည်သူမှ မိမိတို့၏ ကျွဲနွားများသို့ ရွာပြင်၌ မထားရဲကြ။ နေ့ခင်း တောခွေးပြဿနာဖြစ်စဉ်ကပင် ရွာထဲ သွင်းထားကြပြီ။ ရွာနားဝန်းကျင်တွင် တောခွေးအုပ်သည် မုချရှိနေသေးသည်ကို သူတို့ သိနေကြသည်။

ညနေ လေးနာရီကျော်လောက်တွင် ကျွန်းလှက ကိုချမ်းစိန်တို့ သေနတ်အဖွဲ့ မုဆိုးတွေရောက်လာကြသည်။ ကိုချင်းစိန်မှာ တပ်မတော်မှ တပ်ကြပ်ကြီးရာထူးဖြင့် အငြိမ်းစားယူထားသူဖြစ်သည်။ လက်လည်းဖြောင့်သည်။ နှင်းဖြူကန်၊ စိန်ကြီးတောဘက်ကိုလည်း အရောက်အပေါက်များသူ ဖြစ်သည်။

ကိုချမ်းစိန်တို့သည် နေ့ခင်းက အခင်းဖြစ်ရာကို ထွက်လာကြသည်။

ကင်းစောင့်ဟုထင်ရသော တောခွေးမည်းကြီးနှစ်ကောင်က တာရိုးဘေး ဝပ်ပြီး ရွာဘက်သို့ ကြည့်နေကြသည်။ နောက် ရင်ဘတ်တွင် အဖြူကြားနှင့် တစ်ကောင်ကမူ စောစောကမှ ရွာသားတွေ တစ်ပြားလျှင် တစ်ပင်စီ ငုတ်ရိုက်တွဲလောင်းချလှမ်းထားခဲ့ကြသော ကျွဲနွားသားရေပြားများရှိရာ ပင်စည်ကို ဖက်တက်နေကြသည်ကို ကြည့်နေသည်။

သို့သော် သားရေပြားရှိရာ အပင်တွေမှာ မတ်မတ်စောက်စောက်ဖြစ်နေသဖြင့် ကုတ်ခြစ်တက်လိုက် လိမ့်ကျလိုက်ဖြစ်နေကြ၏။ ထိုအထဲတွင် အမွေးစုတ်ဖွားနှင့် ရေသယ်ခွေးကြီးနှစ်ကောင်လည်း ပါသည်။

သူတို့အုပ်ထဲတွင် ခေါင်းဆောင်ကို ကိုချမ်းစိန် ရှာကြည့်နေ၏။ တာဘောင်ဘေးပေါ် မတ်တတ်ရပ်ပြီး သူ့အဖွဲ့သားများ သားရေပြားရရန် ကြိုးစားနေကြသည်ကို စိုက်ကြည့်နေသော အကောင်သည် အကြီးဆုံး အမြင့်ဆုံး ဖြစ်သဖြင့် ခေါင်းဆောင်အကောင်မှန်း သိလိုက်ရ၏။

ခေါင်းဆောင်နှင့် သုံးလေးကောင်ကို ပစ်သတ်နိုင်လျှင်တော့ သူတို့ပတ်ဝန်းကျင်မှ သူတို့ ပျော်စံရာတောနက်ထဲကို ပြေးကြတော့မည်။ ခေါင်းဆောင်တင်ရန် အခင်းများကြလျှင် အုပ်ကွဲသွားနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်နိုင်ချေရှိသော အကြီးဆုံး အမြင့်ဆုံးကောင်ကို ကိုချမ်းစိန်က ပစ်ပြီး အုပ်ထဲတွင်အရေးအပါဆုံး ရေသယ်ခွေးနှစ်ကောင်ကို ပစ်ရန် တိုင်ပင်လိုက်ကြချိန်မှာပင်လူရိပ်ကျသွားသောကင်းစောင့်နှစ်ကောင်က ကွိကွိကွကွ မြည်ပြီး အချက်ပေး ထပြေးကြသည်။

ထိုအချိန်မှာပင် ကိုချမ်းစိန်တို့အဖွဲ့က သူတို့၏ သတ်မှတ်ချက်အတိုင်း တောခွေးကြီးသုံးကောင်ကို တစ်ပြိုင်ထဲ ပစ်ထည့်လိုက်ကြသည်။

သုံးကောင်စလုံးကို ထိပြီး သစ်ပင်ရင်းတွင် ရေသယ်ခွေးနှစ်ကောင်နှင့် တာရိုးပေါ်တွင်တစ်ကောင် လဲကျပြီး ညည်းညူနေကြသည်။ ကိုချမ်းစိန်က နောက်တစ်ကောင်ကိုပါ ပစ်သတ်လိုက်နိုင်၏။

ထိုအခါမှ တောခွေးအုပ်သည် တောထဲဝင်ပြေးသွားကြသည်။ ဤတစ်ခါတော့ တောခွေးများသည် သူတို့ ပျော်စံရာ တောနက်ထဲကို ပြေးကြလိမ့်မည်ကို ကိုချမ်းစိန်တို့ မုဆိုးအဖွဲ့က အတွေ့အကြုံအရ အတတ်သိကြလေသည်။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ