• June 23, 2025
  • admin
  • 0

တင့်ထူး (ဇေယျဝတီ)
တောင်ဆိတ်လိုက်မုဆိုး

ကိုဘိုးထင်က မုဆိုးအလုပ်နှင့် အသက်မွေးနေသူတစ်ဦး ဖြစ်သည်။ မုဆိုးသက်ကြာလာသည်နှင့်အမျှ သားကောင်အမျိုးမျိုးကို ပစ်ခတ်ရရှိခဲ့လေသည်။

သူ့အိမ်၏နံရံတွင် ဆတ်ချို၊ သမင်ချို၊ ကျား သားရေ၊ ပြောင်ချိုတို့ကို အလှချိတ်ထား၏။ ထိုဦးချိုများကို တွေ့မြင်ရသည်နှင့် ကိုဘိုးထင်ကို သမ္ဘာရင့် မုဆိုးတစ်ယောက်ဖြစ်ကြောင်း သက်သေထူလျက် ရှိလေသည်။

ထိုသားကောင်ကြီးများကို ပစ်ခတ်ရယူဖို့က သိပ်မလွယ်ကူချေ။ တကယ့်ဝါရင့်သမ္ဘာရင့် မုဆိုးဖြစ်မှသာပစ်ခတ်နိုင်လေသည်။

တချို့က တောပစ်ဝါသနာပါ၍ တောလည်ထွက်ကြပေမယ့် တောနက်ရာသို့ သွားမပစ်ကြပေ။

တောင်ခြေတောစများ၌သာ တွေ့ရတတ်သော ချေ(ဂျီ)၊ ယုန်၊ တောကြောင်၊ တောဝက်၊ ဆတ်များကို ပစ်ခတ်ကြသည်။ ထိုသားကောင်များက လူကိုတွေ့မြင်လျှင် အန္တရာယ်မပေးကြပဲ တောထဲသို့ ပြေးဝင်ကြလေသည်။

ကျား၊ ကျားသစ်၊ ပြောင်တို့ကမူ မုဆိုးကို တွေ့မြင်လျှင် အန္တရာယ်ပြုတတ်ကြ၏။ ချောင်းမြောင်းကာ ခုန်အုပ်ဖမ်းဆီး၍ သူတို့၏အစာအဖြစ် စားသောက် ကြသည်။

အဆိုးဆုံးက ပြောင်ဖြစ်​၏။ ပြောင်က ရှေ့ဘက်အားကောင်း၏။ ရန်သူကိုတွေ့လျှင် သူတို့၏ဦးခေါင်းနှင့် ဦးချိုကို အသုံးချတိုက်ခိုက်တတ်ကြသည်။

ပြောင်ကိုတွေ့၍ ချောင်းမြောင်းပစ်ခတ်လျှင် ချက်ကောင်းကိုထိမှန်အောင် ပစ်ခတ်ရသည်။ ချက်ကောင်းမထိလို့ကတော့ နေရာမှာတင် မလဲပဲ ပစ်ခတ်သူရှိရာသို့ တရှူးရှူးနှင့် ဒေါသထွက်ကာ ပြေး၍ဦးခေါင်းနှင့်ဆောင့်၊ ဦးချိုနှင့် ဝှေ့တတ်ကြသည်။

ပြောင်ပြေးလာပြီး ဝှေ့ရန်လာ၍ ကြောက်ရွံ့ပြီး သစ်ပင်ပေါ်သို့တက်နေလျှင်လည်း မလွတ်ပေ။

တက်နေသော သစ်ပင်ကြီးလျှင်လွတ်မြောက်နိုင်သေးသည်။ ရေအိုးလုံးလောက်သာ ပင်စည်ကြီးသော သစ်ပင်ပေါ်ကိုသာ တက်နေမိလျှင် ပြောင်က ထိုသစ်ပင်၏ ပင်စည်အား ဦးခေါင်းနှင့် ပြေးဆောင့်သဖြင့် သစ်ပင်ခါယမ်းပြီး သစ်ပင်ပေါ်တက်နေသူမှာ သစ်ကိုင်းကို ဖက်တွယ်ထားပေမယ့် အောက်သို့ လွင့်စဉ်ကျတော့သည်။

အောက်သို့ကျလာလျှင် ခွာနှင့်ပေါက်၊ ခေါင်းနှင့်ဝှေ့သဖြင့် သစ်ပင်ပေါ်တက်နေသူမှာ စိစိညက်ညက်ကြေကာ သေပွဲဝင်ရလေသည်။

ကျားသစ်ကလည်း အန္တရာယ်ကြီး၏။ ထိုသတ္တဝါကအနေအထိုင်ကျစ်လျစ်၏။ လူကို ရင်ဆိုင်၍ မတိုက်ခိုက်၊ ထွေးကောင်းသော သစ်ပင်ပေါ်တက် ကာ ချောင်းမြောင်းပြီး ပိုင်လောက်ပြီဆိုမှ သစ်ပင်ပေါ်မှ ခုန်အုပ်ကာ တိုက်ခိုက်တော့သည်။

တောထဲသို့ လူဝင်လာသည်မြင်လျှင် သစ်ပင်ချုံပင်တို့ကို အကာအကွယ်ယူကာ နောက်မှ လိုက်ချောင်းကာ အန္တရာယ်ပေးတတ်ကြသည်။

ထိုမျှ အန္တရာယ်ကြီးမားလှသော သားကောင်ကြီးများ၏ သားရေ၊ ဦးခေါင်း၊ ဦးချိုတို့ကို အိမ်ရှေ့နံရံတွင် ချိတ်ဆွဲကာ အလှချိတ်ထားသည်ကို မြင်ရခြင်းဖြင့် မုဆိုးဘိုးထင်၏ မုဆိုးဝါ မည်မျှရင့်ကျက်ကြောင်း ခန့်မှန်းတွက်ချက်နိုင်လေသည်။

“ဟေ့- ဘိုးထင် …. ဘိုးထင်ရေ … ဘိုးထင် ရှိလားဟေ့”

“ဗျာ ရှိပါတယ်ဗျာ”

“ဟ ရှိရင် ထွက်ခဲ့စမ်းပါဦး ဘိုးထင်ရ။ ဒီမှာ မင်းကို တွေ့ချင်ကြတဲ့ မြို့ကဧည့်သည်တွေ ပါလာတယ်လေကွာ”

“အို ဟုတ်တာပ။ အိမ်ထဲကိုဝင်လာကြပါ ခင်ဗျာ”

မြို့မှ လာခဲ့ကြသော ဧည့်သည်များလည်း ကိုဘိုးထင်၏အိမ်ရှေ့ဘက်တွင် ခင်းပေးသော သင်ဖြူးဖျာပေါ်တွင် ထိုင်ကြကာ နံရံတွင် အလှချိတ်ထားသော သမင်ချို၊ ဆတ်ချို၊ ကျားသရေ၊ ပြောင်ချို၊ ပြောင်ဦးခေါင်းခွံများကို လှည့်ပတ်ကြည့်နေကြသည်။

“ရေနွေးကြမ်းနဲ့ မြေပဲဆံကြော်ကို သုံးဆောင်ကြပါဦး ခင်ဗျာ”

“ဟန်ကျတယ်ဗျာ။ ရေငတ်လာတာနဲ့ အတော်ဖြစ်သွားတယ်ဗျာ”

“နေစမ်းပါဦး ကိုဘိုးထင်ရ။ ခင်ဗျား နံရံမှာ ချိတ်ထားတဲ့ ကျားသားရေတို့၊ ပြောင်ချို၊ ဆတ်ချိုတို့က ခင်ဗျားကိုယ်တိုင် ပစ်ခတ်လို့ ရခဲ့တာလားဗျ”

“ဟုတ်ပါတယ်- ကျွန်တော်ကိုယ်တိုင် စွန့်စွန့်စားစား ပစ်ခတ်လို့ရခဲ့တာတွေပါ။ ဒါကြောင့်လည်း အမှတ်တရအဖြစ် ချိတ်ထားခဲ့တာပါဗျာ”

ကိုဘိုးထင်နေထိုင်သော တောင်ခြေရှိ သရက်တောရွာသို့မြို့မှ ဧည့်သည်များရောက်လာကြကာ ရေနွေးကြမ်းသောက်ကြရင်း ကိုဘိုးထင်အား သူတို့ သိလိုသမျှကို မေးစမ်းနေကြခြင်း ဖြစ်သည်။

“ဪ ဒါနဲ့ ကျွန်တော့်အိမ်ကို လာခဲ့ကြတဲ့အကြောင်းက ဘယ်လိုများပါလိမ့်ဗျာ။ ကျွန်တော် ဘာအကူအညီပေးရမှာပါလိမ့်”

“ဟုတ်ပေသားပဲဗျာ။ ကျုပ်တို့ကလည်း ခင်ဗျားအိမ်နံရံက ပစ္စည်းတွေကိုတွေ့ပြီး အံ့ဩပြီးမေးစမ်းနေမိကြတာနဲ့ လာရင်းကိစ္စပြောဖို့ မေ့နေခဲ့ကြတာဗျ”

“ဒီလိုပါဗျာ- ကျွန်တော်တို့က ဒီမြို့နယ်က တာဝန်ရှိဝန်ထမ်းတွေပါ။ ကျေးရွာတွေကို စိုက်ပျိုးရေးကိစ္စတွေနဲ့ ကွင်းဆင်းလာခဲ့ကြတာပါ။ ကျုပ်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်ဆိတ်ရိုး၊ တောင်ဆိတ်ချို၊ တောင်ဆိတ်ခွာတွေ လိုချင်နေတယ်ဗျ။ ကျုပ်တို့ကို ကျေးရွာတွေဘက်ရောက်ရင် မုဆိုးရှိတဲ့ရွာက မုဆိုးကို မေးစမ်းပြီး ရှိခဲ့ရင်ဝယ်ယူလာခဲ့ဖို့ မှာထားတယ်ဗျာ။

ပြီးတော့လည်း ကျားသားရေ၊ ဆတ်ချို၊ သမင်ချို၊ ပြောင်ချိုတွေ တွေ့ခဲ့ရင် ဝယ်ယူလာခဲ့ဖို့ ပါမှာတယ်ဗျ။ အစည်းအဝေးခန်းမကြီးရဲ့ နံရံတွေမှာ အလှဆင် ချိတ်ဆွဲရအောင်လို့ပါ“

“အင်း- ကျုပ်ဆီမှာတော့ ခင်ဗျားတို့ မြင်တွေ့ ကြတဲ့ ကျားသားရေ၊ ဆတ်ချို၊ သမင်ချို၊ ပြောင်ချိုတွေတော့ ရှိနေပါတယ်။ ဒါပေမဲ့ တောင်ဆိတ်နဲ့ပတ်သက်လို့ ဘာတစ်ခုမှ မရှိဘူးဗျ”

“ကောင်းပြီလေ ခင်ဗျားနံရံမှာ အလှချိတ်ထားတဲ့ကျားသားရေ၊ ဆတ်ချို၊ သမင်ချို၊ ပြောင်ချိုတွေကို ကျုပ်တို့ကို ရောင်းပါဗျာ။ မြို့နယ်အုပ်ချုပ်ရေးမှူးအတွက်ပါ။ ဈေးကတော့ ခင်ဗျားကြိုက်သလောက် တောင်းနိုင်ပါတယ်”

“အေးဗျာ ကျုပ်က ကျုပ်ကိုယ်တိုင် စွန့်စွန့်စားစားနဲ့ ပစ်ခတ်ရရှိခဲ့လို့ အမှတ်တရအလှချိတ်ထားတာပါ။ ကျုပ်အတွက်တော့ အင်္ကျီချိတ်၊ ဦးထုပ်၊ ခမောက်လောက်ချိတ်ဖို့ အသုံးပြုတာပါ။ မြို့နယ်က အုပ်ချုပ်ရေးမှူး လိုချင်တယ်ဆိုတော့ ရောင်းပေးလိုက်ပါ့မယ်လေ။ ပြီးတော့ ကျုပ်က မုဆိုးတစ်ယောက်မဟုတ်လား။ နောင် တောထဲက ပစ်ခတ်လို့ရခဲ့ရင် ပြန်ချိတ်ထားလို့ ရနိုင်တာပဲလေ”

ကိုဘိုးထင်လည်း ထိုပစ္စည်းများကို နံရံမှ မကျိုးမပဲ့အောင် ဂရုတစိုက်ဖြုတ်၍ ရောင်းချပေးခဲ့သဖြင့် ငွေတော်တော်များရခဲ့လေသည်။

“ဒါနဲ့ဗျာ တောင်ဆိတ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေရော မရနိုင်ဘူးလားဗျ။ ခင်ဗျားက မုဆိုးဖြစ်နေတော့ တောထဲမှာ ရှာဖွေပစ်ခတ်ရင် ရနိုင်တာပဲ မဟုတ်လား”

“အင်း ခင်ဗျားတို့က တောထဲမှာ တောင်ဆိတ်ပစ်ယူရင် လွယ်လွယ်နဲ့ရမယ်ထင်နေကြတာကိုးဗျ။ အဲဒီလိုသာ လွယ်လွယ်နဲ့ ပစ်ခတ်ရနိုင်မယ်ဆိုရင် ကျုပ်ဟာ တောင်ဆိတ်တွေပစ်ယူပြီး ရောင်းတာနဲ့တင် သူဌေးဖြစ်နေလောက်ပြီပေါ့ဗျာ”

“ဟုတ်သလားဗျ။ တောင်ဆိတ်က ပစ်ယူဖို့ မလွယ်လို့လား”

“တောင်ဆိတ်က လူသူနဲ့ မနီးတဲ့ တောနက်ကြီးထဲက တောင်ကုန်း တောင်ကြား တောင်ခါးပန်းတို့လို နေရာမျိုးမှာသာ ကျက်စားကြတာဗျ။ တွေ့ရခဲတယ်။

တွေ့လို့ ပစ်ပြန်ရင်လည်း ထိမှန်ပြီး ကျသွားပေမယ့် ထိမှန်တဲ့ဒဏ်ရာကို သူ့လျှာနဲ့ပြန်ပြီးလျက်လိုက်တာနဲ့ အကောင်းပြန်ဖြစ်သွားတယ်လေဗျာ။ အင်မတန်သေကွင်းကို မိမိရရကြီးထိမှန်ပါမှ ရနိုင်တာဗျ”

“အင်း ဒီလောက်အစွမ်းထက်လို့လည်း ကျုပ်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးကြီးက လိုချင်နေတာဖြစ်မှာပဲဗျ”

“အေးဗျာ ရှားပါးလှပြီး ပစ်ခတ်ရာမှာ ခက်ခဲတယ်ဆိုပေမယ့် တောလည်ထွက်ရင်း တွေ့လို့ ပစ်ခတ်လို့ ရခဲ့ရင် ကျုပ်တို့ကို ရွာကအုပ်ချုပ်ရေးမှူးနဲ့ အကြောင်းကြားပေးပါဗျာ။ ခင်ဗျားဆိုသလောက်တန်ကြေးပေးဝယ်မှာပါ”

“ကောင်းပြီလေ ကျုပ်တောလည်တဲ့အခါ တစ်ခါတလေတော့ တွေ့ရပါတယ်။ ဝယ်သူရှိနေတော့လည်း ကျုပ် ရအောင်ပစ်ပေးရမှာပေါ့ဗျာ”

“ကဲ ကျုပ်တို့ကိုမှာလိုက်တဲ့ ပစ္စည်းတချို့လည်းရကြပြီဆိုတော့ ကျုပ်တို့ကိုသွားခွင့်ပြုပါဦး။ တောင်ဆိတ်ရရင်သာ အမြန်ဆုံးအကြောင်းကြားပေးဖို့ မမေ့ပါနဲ့ဗျာ။ ခင်ဗျားအတွက်လည်း ထိုက်ထိုက်တန်တန်ရမှာပါလေ”

မြို့မှဝန်ထမ်းများလည်း ဝယ်ယူခဲ့သောပစ္စည်းများကို ထမ်းပိုးကာ မြို့သို့ ပြန်သွားကြလေသည်။

ကိုဘိုးထင်လည်းသူ့အိမ်နံရံတွင်အလှချိတ်ထားသော ဆတ်ချို၊ သမင်ချို၊ ပြောင်ချို၊ ကျားသားရေတို့ကို ပြောသည့်ဈေးနှင့် ဝယ်ယူသွားကြသဖြင့် တန်ကြေးရှိလှကြောင်း သိခဲ့ရသည်။ ယခင်က ဦးထုပ်၊ ခမောက် အင်္ကျီချိတ်ရန်မျှသာ အသုံးချခဲ့ခြင်းဖြစ်သည်။

“ငါ တောထဲမှာ တောင်ဆိတ်ကိုသာရအောင် ရှာဖွေပစ်ခတ်ယူနိုင်ခဲ့ရင် ငါ့အတွက် ငွေတော်တော်များရလာနိုင်မှာပါလား”

သို့သော်လည်း တောင်ဆိတ်ရနိုင်ဖို့က သိပ်မလွယ်လှချေ။ တောင်ဆိတ် သတ္တဝါက လူသူများနှင့် ဝေးဝေးမှာ နေတတ်သည်။ နေပြန်တော့လည်း တောင်ကုန်းတောင်ကြား ကုန်းမြင့်လိုနေရာမျိုးမှာသာ နေထိုင်ကျက်စားလေ့ရှိကြသည်။ မုဆိုးများ တောလည်နေကျ တောတောင်တို့ထက် အဆများစွာဝေးကွာပြီး တောကြီးမျက်မည်းများထဲ၌သာ တွေ့ရတတ်သည်။

တွေ့ ခဲ့၍ ပစ်ခတ်လျှင် တော်ရုံထိမှန်ရုံနှင့် ထိုဒဏ်ရာမျိုးလောက်ကို သူ့လျှာနှင့် ပြန်ပြီးလျက်လိုက်သည်နှင့် ပကတိပြန်ကောင်းနိုင်သည့်အစွမ်းရှိကြသည်။

တစ်ခါက မုဆိုးအချင်းချင်း တွေ့ ကြ၍ ထိုမုဆိုး ပြောပြခဲ့ဖူးသည်ကို ပြေး၍ သတိရမိသည်။

“ငါကွာ တောနက်ထဲမှာ တောလျှောက်လည်ရင်းမြောင်ကြီးတစ်မြောင်ကိုရောက်တော့ မြောင်ရဲ့ဟိုဘက်ကိုကူးနိုင်ဖို့ရှာကြည့်တော့ သစ်ပင်ကြီးတစ်ပင် ဖြတ်လဲနေပြီး တုံးတံတားကြီးလို ဖြစ်နေတာနဲ့ အဲဒီသစ်တုံးကြီးပေါ်က ဖြတ်အကူးမှာ ဟိုဘက်မြောင်ကမ်းပါးက တောင်ဆိတ်တစ်ကောင် သစ်တုံးကြီးပေါ်က ဖြတ်လျှောက်လာနေတာ မြင်တာနဲ့ အသာထိုင်ပြီး မိမိရရချိန်ပြီး ပစ်ထည့်လိုက်တာ။ တောင်ဆိတ်ဟာ အသူရာနက်တဲ့ချောက်ထဲကို ကျသွားရောတဲ့။

ချောက်ရဲ့အောက်မှာက ကျောက်တုံးကြီးတွေပဲရှိနေတော့ တောင်ဆိတ်ဟာ ကျောက်တုံးကြီးတွေပေါ်ကိုကျပြီး သေမှာကျိန်းသေပဲလို့ တွက်ဆခဲ့တာ။ အောက်ကိုငုံ့ကြည့်မိတော့ တောင်ဆိတ်ဟာ ကျောက်တုံးကြီးတစ်တုံးပေါ်ကို လေးဖက်ထောက်ကျပြီး ရပ်နေကာ သူ့ဒဏ်ရာကို လျှာနဲ့ပြန်လျက်ပြီး အဲဒီ့ကျောက်တုံးကြီးပေါ်က လွှားခနဲ ခုန်ဆင်းပြီး အကောင်းပကတိအတိုင်း တောထဲကို ဝင်ပြေးပျောက်ကွယ်သွားတာ မြင်လိုက်ရသတဲ့လေ”

ဒါကြောင့် တောင်ဆိတ်ကိုတွေ့ပေမယ့် ချက်ကောင်းကို မိမိရရထိအောင် ပစ်ယူနိုင်ပါမှ ရတတ်လေသည်။ မုဆိုးကြီး ကိုဘိုးထင်ကတော့ တောင်ဆိတ် သာ ရခဲ့လျှင် သူ့အတွက် ထီပေါက်သလောက် ခပ်မြက်မြက်ကလေး ရလာမှာမို့ ပစ်ခတ်ရန်လိုလားခဲ့လေသည်။

… … … …

“မင်း ငါနဲ့ တောလည်လိုက်မယ်မဟုတ်လား သံချောင်း”

“ဆရာကလည်း မေးနေစရာလိုလို့လားဗျာ။ ဆရာခေါ်တိုင်း အမြဲလိုက်နေကျပဲဟာ”

“အေး ဒီတစ်ခါ တောလည်သွားမှာက နီးနီးနားနား မဟုတ်ဘူးကွ။ ဟိုးတောကြီးမျက်မည်းထဲကို တစ်ပတ်ကြာလောက် သွားကြရမှာကွ”

“ဆရာနဲ့ဆို ဘယ်လောက်ကြာကြာပေါ့ဗျာ”

သို့နှင့် ဆရာတပည့်နှစ်ယောက် စားရိက္ခာအပြည့်အစုံထည့်လွယ်ကာ တောလည်ထွက်လာခဲ့ကြလေသည်။ သူတို့ နံနက်စောစောမှစ၍ ထွက်လာခဲ့ကြရာကြောကြီးထိပ်ပေါ်သို့ ဆွမ်းခံထွက်ချိန်လောက်တွင် ရောက်လာကြသည်။ ကြောကြီးအရှေ့ဘက်စောင်းတွင် ဝါးစွတ်များ၊ ထင်းတုံးဆွဲလာသူများ၊ ဝါးခုတ်သူတချို့ကို တွေ့ကြ၏။

“ကဲ သံချောင်း ငါတို့ ဒီကြောကြီးရဲ့အနောက်ဘက်ထဲ ဆင်းသွားတာနဲ့ လူသူလေးပါး မတွေ့ရတော့ပဲ တောကလည်း နက်လာတော့မယ်ဟေ့။ မျက်စိရှင်ရှင်ထားပြီး သွားကြရမယ်ကွ”

တောက တဖြည်းဖြည်းနက်လာခဲ့သည်။ သစ်ကြီးဝါးကြီးများမှာ လူသူခုတ်ယူမှု ကင်းမဲ့သောကြောင့် မြင့်မားကြီးထွားနေကြ၏။ အောက်ခြေမှာ ရှင်းလင်းနေပြီး အပေါ်ဘက်တွင်မူ အရွက်များ တစ်ပင်နှင့်တစ်ပင် ထိစပ်နေသဖြင့် နေပြောက်မထိုးနိုင်အောင် အရိပ်များ ဖြစ်ပေါ်နေလေသည်။

တောနေ ကျေးငှက်သာရကာတို့လည်း အော်မြည်နေကြလျက် ဟိုမှ သည်မှ ကူးလူးပျံသန်းနေကြလေသည်။ သစ်တောက်ငှက်၊ အောင်လောင်ငှက်၊ ဥဩငှက်၊ သိန်းငှက်တို့ကိုလည်းကောင်း၊ အစိမ်းရောင်ကြက်တူရွေးအုပ်၊ ငူငှက်တို့ကိုလည်းကောင်းတစ်ခါတစ်ရံ မျောက်အုပ်ကို သစ်ပင်များပေါ်၌ တစ်ပင်မှတစ်ပင် ခုန်လွှားကာ ဆူညံစွာ အော်ဟစ်နေကြသည်။

တစ်ခါတစ်ရံတွင် ချေ၊ သမင်၊ တောဝက်အုပ်များပင် လန့်၍ တောတိုးပြေးသံများ ကြားရ၏။ ဖြတ်သန်းသွားရသည့် လမ်းတစ်လျှောက်တွင် လျှိုမြောင်ထဲ ဆင်း၍ သွားရသည်။ တောင်ကုန်းပေါ်တက်ရသည်လည်းရှိ၏။ ချောက်ကမ်းပါးကို ဆင်းရသည်လည်းရှိ၏။ ကျောက်တုံးကျောက်ခဲကြီးများပေါ်မှ ခက်ခက်ခဲခဲ ဖြတ်ကျော်၍လည်း သွားကြရ၏။

“ဟာ ဟိုရှေ့က ကျောက်ကမ်းပါးယံကြီးက မြင့်မားနက်ရှိုင်းလှပြီး အောက်ခြေဘက်မှာ သစ်တောတွေ၊ မြက်တောတွေ၊ တောငှက်ပျောပင်တွေ၊ ချုံနွယ်တွေလှမ်းတွေ့မြင်ရပါလား သံချောင်းရေ”

“ဟုတ်တယ် ဆရာ။ ဒီလောက်တောထူပြီး စိမ့်စမ်းနဲ့မြက်ပင်စိမ်းစိမ်းတွေရှိနေရင် သားကောင်တွေလည်း ကျက်စားကြမယ်ထင်တယ်ဗျ”

“ဒါပေမဲ့ ဒီလောက်မြင့်မားနက်ရှိုင်းနေတာ ဘယ်လိုဆင်းမှာလဲ ဆရာ။ အောက်ကို ရောက်နိုင်ဖို့ နွယ်ကြိုးတွေနဲ့ လျှောဆင်းမှရမှာပဲ”

“အိုး တစ်နေရာရာမှာတော့ အဆင်းလမ်းရှိမယ်ကွ၊ ရှာကြည့်ကြရအောင်ကွာ။ ဒီလောက် အစာရေစာပေါပြီး စိမ့်စမ်းကောင်းလှတာ တောင်ဆိတ်တို့ကိုတွေ့လာနိုင်တယ်ကွ”

“ဟော … ဆရာ ဒီကျောက်အမိုးကြီးအစွန်းအောက်မှာ အဆင်းလမ်းတွေ့ပြီ ဆရာ”

“ဟင် တောဆင်ရိုင်းခြေရာ၊ ဆတ်ခြေရာ၊ တောဝက်ခြေရာတွေပါလားဟေ့”

“ဟ ဒီခြေရာက ရှေ့ဘက်ကို နက်ရှိုင်းဝင်နေတာဟာ တောင်ဆိတ်ခြေရာပဲ ဖြစ်မယ်ကွ”

နှစ်ယောက်သား ထိုအဆင်းလမ်းအတိုင်း တဖြည်းဖြည်း သတိထား၍ ဆင်းလာခဲ့ကြသည်။ အောက်ခြေမြေပြန့်သို့ရောက်၍ တောတိုးလာခဲ့ကြရာတွင် မထင်မှတ်သော အသံကြီးတစ်ခုကို ကြားလာကြကာ ကျောက်တုံး ကျောက်ခဲများ ပြိုကျသံနှင့်အတူ မြေပြင်ကြီးလည်း တုန်ခါ၍ သွားခဲ့လေသည်။

“ဟာ မြေပြိုတာလားပဲ။ မြေငလျင်များ လှုပ်ခဲ့တာလား မသိဘူးဆရာ”

“ဖြစ်နိုင်တယ်ကွ၊ ဒီလောက် အသံပြင်းပြီး မြေပြင်ကြီးတောင် တုန်ခါသွားခဲ့တာပဲ”

“ကျည် … ကျည် … ကျည်”

“ဟာ”

“ဟင် တောဆင်ရိုင်းအုပ်ကြီးဟ၊ ငါတို့ဘက်ကို လန့်ပြီး ပြေးလာနေတာပဲ။ မဖြစ်ဘူး – သံချောင်း။ ငါတို့ လာလမ်းအတိုင်း ပြန်ပြေးတက်ကြမယ်”

မကြာမီ သူတို့ဆင်းလာခဲ့ရာ အဆင်းလမ်းသို့ ရောက်လာကြတော့၏။

“ဟင် အဆင်းလမ်းကြီးက ကျောက်အစွန်းကြီး ပြိုကျပြီး လမ်းပိတ်ဆို့နေပြီပဲ။ ဘယ်လိုဖြတ်ကျော်ကြမလဲဗျ”

ထိုပြိုကျပြီး လမ်းပိတ်ဆို့နေသော ကျောက်အစွန်းကြီးကို နှစ်ယောက်သား အားနှင့် တွန်းကြည့်ကြသည်။ လုံးဝမလှုပ်ချေ။

“ငါတို့တော့ခက်ပြီ သံချောင်းရေ။နောက်ကလည်းတောဆင်အုပ်က ဒီလမ်းကိုပဲ လာတက်ကြရမှာ။တခြားသွားစရာလမ်းမရှိဘူး။ ပတ်ပတ်လည်မှာကမြင့်မားလှတဲ့ ကျောက်နံရံကြီး ပတ်ဝိုင်းနေတာလေ”

“ဒီလိုဆိုရင် ကျွန်တော်တို့ကို ဆင်တွေမီလာပြီး နင်းချေသတ်ကြတော့မှာပဲဗျ”

“ကဲ ငါ အကြံရပြီ။ ငါပြောသလိုသာလုပ်ဟေ့”

“တောဆင်တွေ ဒီလမ်းဘက် မရောက်လာမီမှာ ငါတို့နောက်နားနည်းနည်းပြန်ဆုတ်ပြီး သစ်ပင်တစ်ပင်ပေါ် တက်ပုန်းနေကြမယ်။ တောဆင်အုပ်တွေ အဲဒီအဆင်းလမ်းပေါ်ရောက်သွားတော့မှ ပြန်ဆင်းကြမယ်ကွ။ သွက်သွက်ဆုတ်ဟေ့”

နောက်ရင်းဘက်သို့ တစ်ခေါ်လောက် ပြန်ပြေးလာကြကာ သစ်ပင်ခပ်ကြီးကြီးတစ်ပင်ပေါ်သို့တက်၍ ပုန်းနေခဲ့ကြသည်။

တောဆင်များလည်း ဝုန်းခနဲ မြေကြီးတုန်ခါသွားအောင် လှုပ်ရှားခဲ့သည့်အတွက် လန့်ပြီး အဆင်းလမ်းဆီသို့ပြေးတက်သွားကြလေသည်။

“ကဲ သံချောင်း သစ်ပင်ပေါ်က သွက်သွက်ဆင်းဟေ့။အောက်ရောက်ရင် သစ်ရွက်ခြောက်တွေ မြန်မြန်စုပုံစမ်း။ အဆင်းလမ်းပေါ်တက်တဲ့ လမ်းတစ်လျှောက်ကို ပိတ်ပြီး စုပုံစမ်းဟေ့။ မြန်မြန်လုပ် … ငါက ဝါးအနုတွေ ခုတ်ယူမယ်”

သစ်ရွက်ခြောက်ပုံအားလုံးကို မီးရှို့လိုက်ကြသည်။ ပြီးလျှင် မီးတောက်ထဲသို့ ဝါးအနုပိုင်းများ ထိုးထည့်ပေးကြလေသည်။

“ဖောင်း … ဖောင်း … ဖောင်း”

“ဖောက် … ဖောင်း … ဖောင်း”

ဝါးအနုများ ပေါက်သံများကြောင့် တောဆင်ရိုင်းအုပ်မှာ အဆင်းလမ်းအတက်ဝသို့ စုပြုံကာ ကြောက်လန့်ပြေးတက်နေကြသည်။အဆင်းလမ်းအဝသို့ ရောက်ကြလျှင် ကြောက်အစွန်းကြီးပြိုကျပြီး ပိတ်ဆို့နေသဖြင့် ပြေးလမ်းမရှိကြတော့ပေ။

“ဟာ တောဆင်တွေ ပြေးလမ်းပိတ်နေလို့ ဆက်မပြေးကြတော့ပဲရပ်တံ့နေကြပြီ ဆရာ”

“ဒိုင်း…”

ကျယ်လောင်လှသောသေနတ်သံတစ်ချက်ကို မုဆိုးကြီးကိုဘိုးထင်က လျင်လျင်မြန်မြန်ပစ်ခတ်၍ အသံပေးလိုက်လေသည်။ ထိုသေနတ်သံကြောင့် တောဆင်များ လန့်ကြောက်ကြပြီး ပိတ်နေသောအဆင်းလမ်းဝမှ ကျောက်အစွန်းကြီးကို သူတို့အားနှင့် အတင်းတိုးတက်ကြတော့သည်။

“ဟော ဆရာ တောဆင်တွေ အတင်းတိုးတက်ကြလို့ပိတ်ဆို့နေတဲ့ ကျောက်အစွန်းကြီးပွင့်သွားပြီး ဆင်တွေ အပေါ်ကုန်းဘက်ကို ပြေးတက်သွားကြပြီဆရာ”

“အေးလေ- မုဆိုးတစ်ယောက်လုပ်နေရင် တောထဲလှည့်လည်ပြီး တွေ့ တဲ့သားကောင်တွေကိုပဲ ပစ်ခတ်ဖမ်းဆီးနေရုံနဲ့ မပြီးဘူးကွ။ အခုလို အန္တရာယ်နဲ့အကျဉ်းထဲ အကျပ်ထဲရောက်လာရင် လတ်တလောစဉ်းစားတတ်တဲ့အသိနဲ့လည်း ပြည့်စုံရတယ်ကွ။

အခုပဲကြည့်လေ ၊ ငါတို့ သစ်ပင်ပေါ်တက်ပုန်းနေ ကြတော့ တောဆင်တွေဟာ ဒီအဆင်းလမ်းကပဲ ပြန်တက်လာစရာရှိတယ် မဟုတ်လား။ အဲ သူတို့လည်း အဆင်းလမ်းကိုရောက်ပြီး ပိတ်နေတဲ့အဝ လည်းရောက်ကြရော၊ နောက်က သေနတ်သံတစ်ချက် ပစ်ဖောက်ပေးလိုက်တာနဲ့ ကြောက်လန့်ပြီး အတင်းတိုးဝှေ့ထွက်ကြတော့ ကျောက်အစွန်းကြီး လန်ကျသွားပြီး အပေါက်ပွင့်သွားခဲ့တာပေါ့ကွာ”

“ဆရာ့ရဲ့ လတ်တလောစဉ်းစားမိတဲ့ဉာဏ်ကိုတော့ ချီးကျူးပါတယ် ဆရာရယ်”

“ကဲ တောဆင်တွေလည်း ဝေးသွားကြပြီဆိုတော့ ငါတို့လည်း အဲဒီလမ်းပွင့်တဲ့ဆီကို သွားပြီး ထွက်ကြစို့ကွာ”

ဆရာတပည့်နှစ်ယောက်လည်း ထိုနေရာမှ ထွက်ပြီး ကျောက်တောင်ကုန်းမြင့်ဆီသို့ တောင်ဆိတ်ရှာရန် ဆက်လက်ထွက်ခွာခဲ့ကြလေတော့သည်။

– ပြီး –

စာရေးသူ – တင့်ထူး(ဇေယျဝတီ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *