ဆင်ဖြူကျွန်းအောင်သိန်း
ရိုးပြတ်ရနံ့ သင်းသင်းချိုချိုကလေး လွင့်ပါးလာချိန်တွင် ကွက်နီအတွက် အမင်္ဂလာသတင်းသည် ဖြစ်ပေါ်လာ၏။ အဖေ့မျက်နှာတွင် ကွက်နီအတွက် တစ်စုံတစ်ရာ ခံစားမှုမရှိငြား ကျော်မြတ်မင်း၏ ရင်ထဲ၌ နင့်ခနဲခံစားလိုက်ရ၏။
“အဖေတို့ ကွက်နီကြီးကို ရက်စက်ကြတော့မှာပါကလား”
ကျော်မြတ်မင်း ထမင်းဆက်ပြီး မစားချင်တော့ပြီ။
ရိုးပြတ်ရနံ့သည် သင်းသင်းချိုချိုကလေး လွင့်ပါးလာသည်။ စပါးပင်ကို တံစဉ်ဖြင့် ဖြတ်ပစ်လိုက်ငြား အားမတိတ်သေး။ ထို့ကြောင့် ရိုးပြတ်ငုတ်မှ အရွက်ကလေးတွေ ဝေလူလာ၏။
သည်ရွက်နုပေါ်တွင် ပုလဲနှင်းဥကလေးတွေ တွဲသီထားကြသည်မှာ ယခု ဆွမ်းခံပြန်ချိန်အထိ မပြယ်သေး။ စိန်ရောင် မှန်ရောင် တောက်ပနေဆဲ။
သည်ရိုးပြတ်တောမှ လာသောလေသည် သန့်ပြန့်အေးချမ်းရုံမက ချို၏။ သင်း၏။ ထို့ပြင် မွှေးလည်း မွှေးမြသေး၏။
သင်းမြမွှေးသော ရိုးပြတ်လေကို ရှူရှိုက်ရတိုင်း ကျော်မြတ်မင်း ရွှင်ပျစမြဲဖြစ်ငြား အဖေတို့၏ ပြောစကားကြောင့် မရွှင်ပျနိုင်တော့ပါ။
လွန်ခဲ့သောတစ်နာရီကမှ မှုတ်စက်ဖြင့် အမှုန်မှော်များကို လေလွင့်သန့်စင်ခဲ့သော စပါးပုံကြီးသည်ပင် ကျော်မြတ်မင်းအတွက် အားတက်စရာ မဖြစ်တော့ပါ။ ဝယ်လိုက်ခြမ်းလိုက်မည်၊ ဝတ်လိုက်စားလိုက်မည်ဟူသည့် စိတ်ကူးလည်း ပြေးလွင့်ခဲ့ချေပြီ။
ဤသည်တို့ကို ကွက်နီကြီးခမျာ မသိရှာ။ ခေါင်းတထောင်ထောင်ဖြင့် တဲဘက်သို့ မျှော်ကြည့်နေသည်။
ခြံကျွဲငါးကောင်က တရွေ့ရွေ့ပြောင်းရင်း သူ့အနီးတွင် အစာစားနေကြသည်။ ကွက်နီမှာ သည်ကျွဲအုပ်၏ ဘို့တင်ကြီးသာမဟုတ် တစ်ကွင်းလုံး၏ ဘို့တင်ကြီးလည်း ဖြစ်သည့်အလျောက် မလှမ်းမကမ်းမှ လိုက်ပါလာသည်။
ကျော်မြတ်မင်းမှာ ကွက်နီကြီး၏ကျောပေါ်သို့ တက်ထိုင်လိုက်ကာ ခြေဖြင့် ဆတ်ပေးမိ၏။ ကွက်နီရွေ့သည်နှင့်အမျှ ရှေ့က ကျွဲငါးကောင်လည်း ချောင်းစပ်သို့ ရွေ့သွားရာက တစ်ကောင်ပြီးတစ်ကောင် ရေထဲသို့ ဆင်းသွားကြ၏။ သို့သော် ကွက်နီကား ရေစပ်သို့ရောက်လာပါလျက် ရေထဲသို့ မဆင်းသေးဘဲ ကျောပေါ်ရှိ ကျော်မြတ်မင်းကို စောင်းငဲ့ကြည့်နေ၏။
သည်သို့နှယ် တတ်သိလိမ္မာမှုကြောင့်လည်း ကျော်မြတ်မင်း၏တွယ်တာမှုကို ကွက်နီကြီးခံယူရရှိခြင်း ဖြစ်သည်။
“နင်ကတော့ ဘာမျှမသိဘူး ကွက်နီရေ၊ ကိုင်း သွား သွား … အင်း ဘယ်လိုလုပ်ရပါ့”
ကွက်နီ၏နံဘေးကို လက်ဝါးဖြင့် ပွတ်ပေးပြီးနောက် ကျော်မြတ်မင်း လျှောဆင်းလိုက်၏။ ကွက်နီ ရေထဲသို့ ဆင်းသွားသည်အထိ ကျော်မြတ်မင်း နေရာမှ မရွေ့ဘဲ ငေးစိုက်ကြည့်နေ၏။
ချိုကားဖြစ်ပါလျက် ထိပ်မောက်သော ကွက်နီ၊ အမွေးထူပြီး ကြမ်း၍ မျက်ထောင့်လည်းနီသော ကွက်နီ။ ဒူးဆစ်တုတ်ခိုင်ခြင်းဖြင့် ကျွဲဆိုးလက္ခဏာကို ထပ်မံဖြည့်စွက်လိုက်သောအခါ …
စင်စစ်သော်ကား သည်တောင်ပြိုအင်းကွင်း၏ ကျွဲဘုရင် ဘို့တင်ကြီးမှာ ကြာကြီးသာ ဖြစ်သည်။ ကျော်မြတ်မင်းတို့လယ်နှင့် သုံးကွင်းကျော်ရှိ ကိုစံထွန်း၏ ကျွဲဖြစ်သည်။
ကြာကြီးလည်း ကျွဲဆိုးလက္ခဏာအပြည့်ပါငြား ချိုကမူ ဤသို့မဟုတ်ချေ။ ချိုကြက်နင်း ဖြစ်၏။
ချိုကွေးသောကြောင့် သဘာဝက သူ့နဖူးကို ထူးထူးကဲကဲ ထူထဲအောင် မို့မောက်မောက် လုပ်ပေးထားသည်။ သို့သော် ကြာကြီးဆိုသည့်အမည်မှာ အမည်ရင်း
မဟုတ်ပေ။ အမည်လည်း မည်မည်ရရ မရှိငြား ဦးကြွက်၏ ကျွဲကျောင်းတဲမှ ရရှိလာခဲ့သော အမှတ်အသားပေါ်တွင် အခြေတည်ပြီး ကိုစံထွန်းပေးသော နောက်ရအမည်တည်း။
သည် ကြာကြီး အမည်မှာ နှယ်နှယ်ရရမဟုတ်။ ထိုက်ထိုက်တန်တန် မှတ်မှတ် သားသား ရခြင်းဖြစ်ပေ၏။ ထိုနေ့က ဦးကြွက်၏ စပါး ၂ဝ စား ကျွဲကျောင်းသား တစ်ချက်ကလေးလစ်သည်နှင့် ကြာကြီး လစ်ထွက်လာခဲ့၏။ ကျွဲကျောင်းသား မျှော်ကြည့်လျှင် ရုတ်တရက်မမြင်ရစေရန် ကြာကြီးသည် ရိုးတွေထဲကသွား၍ ဗျိုက်တောတွေ့မှ ကုန်းပေါ်တက်၏။
ကြာကြီးသည် သည်နည်းဖြင့် ရေနောက်ကွင်းထဲရှိ ကျွဲအုပ်ထဲသို့ သွားခိုနေ၏။ သို့တစေ နေမဝင်မီမှာပင် ကျွဲကျောင်းသားက ကြာကြီး၏ခြေရာကို ခံမိကာ လိုက်လာတော့၏။ ကျွဲကျောင်းသားတို့၏ ပါမြဲလက်နက်မှာ တစ်တောင်သာသာရှည်သော ကျပ်လုံးခန့်တုတ်သည့် ကြခတ်ဝါးနှစ်ချောင်းသာ ဖြစ်၏။
သို့သော် ကြာကြီးနောက်သို့ လိုက်လာသည့် ကျွဲကျောင်းသားမှာကား ဓားမတစ်ချောင်းလည်း အပိုပါလာ၏။ ကြခတ်ဝါးကောင်းကောင်းတွေ့လျှင် လက်စွဲတော်လုပ်ဖို့ ခုတ်ယူနိုင်ရန် ဓားဆောင်လာခဲ့ခြင်းဖြစ်၏။
ထိုအချိန်တွင် ကြာကြီးသည် ကျွဲကျောင်းသား၏ ဆဲရေးသံများကို ကြားရ၍ ချက်ချင်းနောက်ကြောင်းသို့ ပြန်လှည့်၏။
သို့ဖြင့် ကြာကြီးက ရှေ့မှသွား ကျွဲကျောင်းသားက နောက်မှလိုက်ဖြင့် လာခဲ့ကြရာ ကိုင်းတောကိုတိုးဝှေ့ဖြတ်သန်းရ၏။ ကိုင်းပင်များက တိုးရင်းဝှေ့ရင်းဖြင့် ကြာကြီး၏ဦးချိုကို ပွတ်တိုက်ကျီစယ်ကြ၏။ ကိုင်းပင်တွေကို အလိုအလျောက် ပွတ်မိထိမိရာက ကြာကြီး စိတ်ပါလာတော့သည်။ သို့ကြောင့် ကိုင်းပင်တွေကို ခတ်ကာ ခတ်ကာ ကြာကြီး ချိုကစားသည်။
သည်အခိုက်တွင် သူဖိမ့်ဖိမ့်တုန်အောင် ကြောက်နေရသော ကျွဲကျောင်းသားက ဘွားခနဲ ပေါ်လာ၏။
ကြာကြီးသည် တုံ့ဆိုင်းမနေဘဲ ပြေးကော်၏။
ဆဲသံ မာန်မဲသံနှင့်အတူ ပြေးလာသော ကြခတ်ဝါးချက်ကြောင့် ကြာကြီး၏ချိုဖျား ခါခနဲ ဖြစ်သွား၏။ ဒေါင်ဒင်သံပေး၍ ကြခတ်ဝါး လွင့်သွားသော်ငြား ကြာကြီးမှာ ရုတ်တရက် အရှိန်မသတ်နိုင်။
ကျွဲကျောင်းသား မည်သို့လုပ်မည်နည်း။ မတတ်နိုင်ပါ။ ခါးတွင်ထိုးထားသော ဓားကို ဆွဲနုတ်ရတော့သည်။ နှာခေါင်းပဲ့ပဲ့၊ မျက်လုံးကန်းကန်း သဘောထားကာ ဓားဖြင့်ပစ်ရတော့သည်။
ကြာကြီးနဖူးစပ်တွင် ဟက်ခနဲဖြစ်ကာ သွေးတောက် တောက်ကျသည်။ သည်ပုံသွေးစက်လက်ဖြင့် ခြံဝင်ခဲ့ရသည်။
ကြာကြီးသည် သူ့သခင်ထံသို့ ပြန်ရောက်ချိန်၌ အနာကျက်ပြီး အမွေးတစ်ပင်တလေပင်ပေါက်နေပြီ။ သို့ဖြင့် ထိုအချိန်မှစတင်ပြီး တောင်ပြိုအင်းတွင် ကြာကြီး အမည်သစ်နှင့် ကျွဲတစ်ကောင်ပေါ်ပေါက်လာခဲ့တော့သည်။
တောင်ပြိုအင်း၏ ဘို့တင်ကြီးအရာကို ကြာကြီးရရှိချိန်တွင် ဦးစွာနှိမ်ရသူမှာ ကွက်နီဖြစ်သည်။ သို့တစေ ထိုနှစ်က ကွက်နီရှုံးသည် သို့ဖြင့် လည်ကြီးထအဖြစ် ဖြင့်သာ ကွက်နီမှာ ဆက်လက်အားမွေးနေခဲ့ရသည်။
ကွက်နီသည် ယမန်နှစ်ကမူ ကြာကြီးထံမှ ဘို့တင်ကြီးအရာကို ယှဉ်ပြိုင်လုယူမည့် အရိပ်အယောင်များအား ဆောင်းဦးပေါက်ကတည်းက ပြသလာခဲ့၏။ နှစ်ဖက်သော ကျွဲရှင်များမှာ မိမိတို့၏ကျွဲများကို ဂရုစိုက်ပြီး ထိန်းသိမ်းထားကြရ၏။
လုပ်ခင်းဆောင်တာများ ပျက်စီးကုန်မည်။ ခြေခင်းလက်ခင်း သာပေစေဦး။
ထိုအချိန်ထိ ကျော်မြတ်မင်းသည် ကွက်နီကို သံယောဇဉ်မရှိသေး။ သို့အတွက် ကိုယ့်ကျွဲနိုင်စေချင်သဖြင့် ကွက်နီကို လူးမှန်မှန်ချပေး၏။
အစားကောင်းကောင်း စားရအောင် ဂရုစိုက်၏။ လည်ယားစေရန် ကျွဲချေး မကြာခဏ လူးပေးခဲ့၏။
ဤသို့ဖြင့် ကောက်ခြေပြတ်ချိန်၏တစ်နံနက်သို့ ရောက်ခဲ့သည်။ ဘို့တင်ကွက်နီနှင့် ကြာကြီးကို ရိုးပြတ်တောထဲတွင် တည်ပေးကာ နှစ်ဖက်လူများက တော်ရာလျော်ရာတွင် တုတ်ကိုယ်စီဖြင့် အသင့်ရံနေကြသည်။
ထိုင်းခနဲ မြေကြီးတုန်ဘနန်း ကျွဲနှစ်ကောင် ခေါင်းချင်းဆိုင်မိကြသည်။
ကြာကြီးက ခွာ၍ခွာ၍ နဖူးအားကိုးဖြင့် ဆောင့်သည်။ ကွက်နီက ကားသောချိုကို အသုံးပြု ရန် ကြိုးစားသည်။
ကျွဲနှစ်ကောင်မှာ တောင် မြောက်တန်းလျက် ဖင်ပေးလိုက်၊ ရှေ့ နောက်အနေအထားဖြင့် ဖင်ပေးလိုက်၊ အကြိတ်အနယ် တွန်းနေ ခတ်နေကြသည်။
သို့ရှိရာက တစ်ချက်တွင် ကွက်နီ၏ချိုတစ်ချောင်းမှာ ကြာကြီး၏လက်ကြားထဲသို့ ဝင်သွား၏။
ကွက်နီ ခေါင်းယမ်း၏။ ကြာကြီး လက်တစ်ဖက် ကြွသွားရာ ယိုင်ထိုးသွား၏။ ကွက်နီ ဖိသိပ်လိုက်ရာ ကြာကြီးလလည်ထွက်သွား၏။ ကြာကြီး တာစူချိန်မရလိုက်။ တင်ပါးကို ချိုဖျားတစ်ချက် စူး၏။
ကွက်နီမှာလည်း သည့်ထက်ပိုပြီး အစွမ်းပြခွင့်မသာလိုက်။ အရံသင့်စောင့်နေသူများက ဝိုင်းဝန်းကြိမ်းမောင်းဟန့်တားကြ၏။
မည်သို့ဖြစ်စေ ကွက်နီမှာ ဘို့တင်ကြီးဖြစ်သွားချေပြီ။
မိမိကျွဲအနိုင်ရသည့်အတွက် ကျော်မြတ်မင်း သဘောကျငြား ကွက်နီကို သံယောဇဉ်မရှိလှသေးပါ။
xxx xxx xxx
ကိုကျော်ညွန့်နှင့် မအေးလှ၏သမီး သီတာချိုကို ရပ်ရွာက မျက်စိနောက်နေသည်မှာ ကြာပြီ။ ဖအေကလည်း စပါးချိန်တွင် စပါးမို့၊ သူတကာထက် အထွက် ကောင်း၏။ စပါးပြီး၍မျှမကြာသေး ကိုကျော်ညွန့်တို့ မတ်ပဲနှင့် နေကြာမှ ရပြန်ပြီ။
တော်ဝင်ရှိတ်ဆိုသောအရာကို သီတာချို စဝတ်သောနေ့ကမူ ကျွဲတွေ အုပ်လိုက် လန့်ပြေး၏။ ထိုနေ့က ကျော်မြတ်မင်း၏ အငယ်ဆုံးညီလေး သံဒိုးအပါအဝင် တဲနီးချင်း ကလေးပုစုခရု ကြီးငယ်ရွယ်လတ် ဆယ်ယောက်ခန့်သည် ရိုးပြတ်တောထဲ ဆင်းပြီး ကစားနေကြ၏။
ကွက်နီပါဝင်သော ကျွဲအုပ်မှာ ခဲတစ်ပစ်ခန့်သာသာအကွာတွင် အေးဆေးစွာ အစာစားနေကြ၏။
ရွာနှင့်နီးသောဘက်တွင်မူ အခြားတဲမှ ငါးကောင်အုပ်တစ်အုပ်နှင့် ခြောက်ကောင်အုပ်တစ်အုပ် အစာစားနေကြ၏။ လူကြီးများက ကလေးများအား ဝေးဝေး မသွားရန်နှင့် သင့်သင့်မြတ်မြတ်ကစားကြရန် သတိပေးပြီးနောက် အလုပ်တာဝန်ထဲ၌ နစ်မြုပ်သွားကြ၏။
ထိုအခိုက်တွင် ရိုးထိပ်သို့ သီတာချို ဘွားခနဲရောက်လာ၏။
စွပ်ဗောင်းနှင့် တောင်ဝှေးမပါငြား သီတာချိုဆင်ယင်လာပုံက ပကတိဇော်ဂျီ။
အနီပုပ်ရောင်ကို အထက်အောက်ဆင်တူ ဝတ်ထား၏။ သူ့အဆိုအရ ဝမ်းဆက်ဖြစ်စေကာမူ ပုစဉ်း လည်ကျွဲကလေးက ညွမ့်ခနဲ အော်ပြီးပြေးတော့သည်။
ထိုပုစဉ်းလည်ကျွဲကလေးနောက်မှ မြက်လည်၊ ဘို့ကလေးထ၊ နို့စားကျွဲမကြီး၊ ဘို့ကြီးထနှင့် ဘို့တင်ကျ စသော ကျွဲများတစ်အုပ်တစ်မကြီး လိုက်ပြေးကြသည်။
ထိုကျွဲအုပ်ကြီးပြေးကြလျှင် ကွက်နီတို့အုပ်စုလည်း ရောယောင်လန့်ဖျပ်ပြီး ပြေးကြသည်တွင် ကလေးတွေလည်း အော်ဟစ်ပြေးကြသည်။
ထိုအခါ လူကြီးတွေပါ ထိတ်တလန့် ပြေးထွက်လာကြပြန်သည်။
“ဟဲ့ ကလေးတွေ ကလေးတွေ”
လူကြီးတွေက ကလေးများကို လှမ်းပြီးသတိပေးရုံသာ တတ်နိုင်ကြ၏။ ကျွဲအုပ်တွေ တန့်သွားအောင်ကား မတတ်နိုင်။
“ကလေးတွေ အော်သံကြားတယ်။ ဘယ်မှာတုံး”
ဝုန်းဝုန်းဝေါဝေါအသံများနှင့် ကလေးအော်သံများကြားမှ အမေ့အသံ။ ကျော်မြတ်မင်းသည် စားလက်စထမင်းကို ထားခဲ့ပြီး တဲရှေ့သို့ပြေးထွက်လာသည်။ တစုတဝေးကြီးပြေးလာသော ကလေးများထဲမှ ကိုင်ရိုက်ခံရသည့်အလား လဲသွားသည့်ကလေးက သံဒိုးဖြစ်နေသည်။
ဟာခနဲ ဟယ်ခနဲ အော်သံတွေပေါ်လာဆဲမှာပင် ကျွဲသုံးကောင်သည် သံဒိုးဘေးမှ ဖြတ်ပြေးသွားကြသည်။ ကျော်မြတ်မင်းသည် ကောက်ဆွကို ပြေးဆွဲပြီး ကျွဲအုပ်ကို အော်ငေါက်ရိုက်ခွဲငြား မရပါ။ တက်အနင်းမခံရစေရန် ဘေးသို့တိမ်းပေးလိုက်စဉ် ကျွဲတစ်ကောင်က သံဒိုးထံ တည့်တည့်ပြေးလာသည်။
“ကွက်နီ မနင်းနဲ့၊ သံဒိုးကို မနင်းရဘူး”
ကျော်မြတ်မင်း အားကုန် ကုန်းအော်၏။ တည့်တည့်ပြေးလာသော ဘို့တင်ကြီးမှာ အမှန်ပင် ကွက်နီဖြစ်သည်။ ကွက်နီသည် သံဒိုးကို ကားရားကြီးခွလျက် သူလာခဲ့ရာဘက်သို့ ခေါင်းလှည့်လိုက်သည်။ ထို့နောက် ပြေးလာသမျှ ကျွဲတွေကို ချိုကားကြီးဖြင့် ဆီးယမ်းသည်။ အချို့ကျွဲများ ရှောင်သွားသည်။ အချို့ကား လည်ထွက်သွားသည်။
ကျွဲအုပ်သုံးအုပ် ကုန်စင်သွားငြား ကွက်နီက မဖယ်သေး။
သံဒိုးမှာ နဖူးနှင့်မြေကြီးဆောင့်မိသဖြင့် ချက်ချင်းမထနိုင်။ အမေ့ကို မြင်မှအားပါးတရငိုနိုင်သည်။ အမေကမူ ကွက်နီ၏ချိုကြီးကို ဖက်ပြီးငိုသည်။
“ကွက်နီရယ် ငါ့သားလေးကို နင်ကယ်လိုက်တာပါဟယ်။ လိမ္မာလှချေလား ကွက်နီရယ်”
ကွက်နီကို တွယ်တာသော ကျော်မြတ်မင်း၏သံယောဇဉ်သည် ထိုအခါကပင် အစပြုခဲ့သည်ဟု ဆိုရပါမည်။
ထိုအချိန်မှစတင်ပြီး ကျော်မြတ်မင်းသည် ကွက်နီနှင့်ဆက်ဆံရေးပြောင်းခဲ့၏။ သူ အော်ဟစ်ပြောခဲ့သော အရေးတကြီးစကားကို ကွက်နီလိုက်နာခဲ့သည်မဟုတ်လား။ သို့အတွက် ကွက်နီကို လူစကားနားလည်သူသဖွယ် ဆက်ဆံခဲ့သည်။
အမေနှင့် ကျော်မြတ်မင်းကသာ ကွက်နီကို ဤကဲ့သို့ ပိုမိုခင်မင်အလေးထားခဲ့ငြား အဖေက ပြီးပြီးပျောက်ပျောက်ပင်။ အဖေသည် ယနေ့မူ ကွက်နီကို သင်းကွပ်ရန်ပင် စိတ်ကူးနေချေပြီ။
ကျော်မြတ်မင်းသည် ဆုံးမပြီးသောကျွဲထီးနှင့် မဆုံးမရသေးသော ကျွဲထီးတို့ကို အခါခါယှဉ်ကြည့်ဖူး၏။ အထီးတို့၏ဘဝကို သုံးသပ်ကြည့်မိတိုင်း ကျွဲထီးများကို သနား၏။
ကျွဲမ၏အနံ့ကို ရကာမျှဖြင့် စွင့်ခနဲ ခေါင်းထောင်သောကျွဲထီးအဖြစ်မှ ကျွဲသစ်ငုတ်ဖြစ်ရမည့် ဘဝသည် အဘယ်မျှ သနားစရာကောင်းပါသနည်း။ကျော်မြတ်မင်း စာနာသည်။
အနံ့သာမဟုတ်။ အကောင်မြင်၍လည်း မလှုပ်ရှားတော့သော ကျွဲထီးမှာ အဘယ်မျှ ဝမ်းနည်းစရာကောင်းလှပါသနည်း။ ကျော်မြတ်မင်းက သနားစိတ်ဖြင့် ခံစားကြည့်၏။ ထိုသို့ ဘဝချိုးပစ်ရမည့်ကျွဲမှာ ကျော်မြတ်မင်းချစ်သော ကျော်မြတ်မင်းတွယ်တာသော ကွက်နီဖြစ်နေချေပြီ။
သို့အတွက် ကျော်မြတ်မင်းတားဆီးမိ၏။
“ကျွန်တော် ဂရုစိုက်ပါ့မယ် အဖေရာ။ မျက်စိအောက်ကမပျောက်အောင် ဂရုစိုက်ပါ့မယ်”
“ကျွဲသိုးကွ … ကျွဲသိုး၊ ငါ့သား ဘယ်လောက်ပဲ ဂရုစိုက်စိုက် တစ်ချက်ကလေးလစ်တာနဲ့ ဖြုတ်ခနဲ ထွက်သွားရင် တစ်နေ့စာအလုပ်ပျက်မယ်။ ဒါတောင် လျော်ရအောင် မလုပ်ပါမှ”
“ဟုတ်တယ် သား၊ အလုပ်ပိလာတဲ့အချိန်ကျရင် တစ်နေ့တာဟာ အရေးကြီးတယ်နော်”
ဤသို့ဖြင့် ထမင်းဝိုင်းမှ ကျော်မြတ်မင်းထခဲ့ရ၏။
ကြိုးဖြင့်အခိုင်အခံ့တုပ်ကာ တုံးလုံးကြီးလှဲထားသော ကျွဲကြီးတစ်ကောင်၏ပုံရိပ်လွှာ အမြင်အာရုံထဲသို့ ဝင်လာ၏။ ကျော်မြတ်မင်းက အလန့်တကြားမျက်စိမှိတ်သည်။
မှိတ်ထားပါလျက်က မျက်ဖြူလန်နေသော ကျွဲကြီး၊ သစ်သားကို ချောထားသောလက်ရိုက်၊ ဆောက်သံကို သွေးထားသည့်ဓား၊ အနာချုပ်ရန် ကျစ်ထားသည့် အပ်ချည်ကြိုး၊ ကနစိုသားကို ပါးနှစ်ဖက်ပုတ်ထားသည့် သစ်သားဆောက် စသော သင်းကွပ်ပစ္စည်းများကိုင်စွဲထားသည့် သင်းကွပ်သမားတို့ကို မြင်နေ၏။ သူတို့သည် ကွက်နီကို မည်သည့်နည်းဖြင့် သင်းကွပ်ကြမည်နည်း။
ထုပြီးချေမည်လား။ အလွန်ရက်စက်သောနည်းဖြစ်သည်။
ထုချေနေသည့်အတောအတွင်း ကာယကံရှင်ကျွဲသာ စကားပြောတတ်ပါက
“အသေသာ မြန်မြန်သတ်လိုက်ကြပါတော့၊ ဒီလိုနှိပ်စက်မနေကြပါနဲ့”
ဟု ပြောဆို တောင်းခံလိမ့်မည်။
လုံးကျစ်မာနေသော အလုံးနှစ်လုံးကို ညှပ်ထားပြီးမှ စိမ်ပြေနပြေ ထုချေ၏။ ဆန်ကွဲတမျှ သေးငယ်သောအစေ့ကလေးကိုသာ စမ်းသပ်တွေ့ ရှိသည်အထိ ထုချေခြင်း ဖြစ်၏။ သည်နည်းမှာ ခံရချက်မသက်သာ။
ထို့ကြောင့် သစ်သားဆောက်ဖြင့် အကြောဖြတ်သောနည်းကို အသုံးပြုမည်လော။ သည်နည်းကို ပြောမည့်သာ ပြောနေကြငြား စိတ်အားမထက်သန်ကြ၊ အခန်မသင့်ပါက ကျွဲစဉ်မမီဖြစ်သွားနိုင်သော မသေချာသည့်နည်း ဖြစ်သောကြောင့်တည်း။
နောက်ဆုံးနည်းကား ဖောက်ထုတ်သောနည်းဖြစ်ပေ၏။ သည်နည်းမှာ စိတ်အချရဆုံးဖြစ်ငြား သုသာန်နှင့်အနီးဆုံးနည်းလမ်းလည်း ဖြစ်၏။ အကြောင်းသော်ကား မသန့်ရှင်းသော ကိရိယာမှတစ်ဆင့် ပိုးဝင်နိုင်၏။ အနာကျက်စေရန်ထည့်သော ကျပ်ခိုးနှင့် နနွင်းမှုန့်၊ ဆီ စသည်တို့မှ ပိုးပါလာနိုင်သောကြောင့် ဖြစ်၏။
ကျော်မြတ်မင်းမှာ တွေးလေ တွေးလေ အသည်းတုန်အူတုန် ခံစားရလေဘဖြစ်တော့၏။ သူချစ်သော ကွက်နီကို မရက်စက်ကြစေချင်။ သူတစ်ပါးတို့ ရက်စက်သည်ကို ကွက်နီမခံရစေချင်။
“ဘယ်လိုလုပ်ရပါ့မတုံး။ ဘယ်လိုလုပ်ရင် ကောင်းမတုံး”
ကွက်နီကို နဖားဖြတ်ပြီး ရိုက်ပုတ်နှင်ထုတ်လွှတ်လိုက်ရသော် ကောင်းအံ့လော။ မဖြစ်သေး … မဖြစ်သေး။ မိမိတို့မိသားစုတွင် သောင်းချီပြီးတန်သော ကျွဲတစ်ကောင် ဆုံးရှုံးရလိမ့်မည်။ ဤသို့ မဟုတ်ပါက ကွက်နီကို တစ်နေရာသို့ ပြောင်းရွှေ့ကဲ့ ဝှက်ထားရသော်။
ကျော်မြတ်မင်း အတွေးမဆုံးခင် စံအေးတို့တဲတိုက်ဘက်မှ ဆူညံဆူညံအသံများ ကြားရ၏။ မျှော်ကြည့်၏။ စုရုံး စုရုံးမြင်ရ၏။
လည်ကြီးထတစ်ကောင်ကို ကြိုးဖြင့်တုပ်ပြီး ဝိုင်းလှဲနေကြ၏။ ခြေကြားတွင်လည်း တုတ်တစ်ချောင်းလျှိုထားသေး၏။
လည်ကြီးထ၏ဘေးတွင် ဝင်ထိုင်နေသူမှာ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး ဆရာလေးကိုသာဆန်းဖြစ်၏။ ကျော်မြတ်မင်းတို့ ကျွဲတွေနေမကောင်းလျှင် သူ့ကို ပင့်ရမြဲဖြစ်။
ကျော်မြတ်မင်းသည် တဲတံစက်မြိတ်အောက်သို့ ငုံ့ဝင်ရင်းက “ဘာလုပ်တုံးဗ” ဟု စံအေးအဖေကို မေး၏။
“သင်းတာပေါ့ကွာ … မသင်းရင် မဖြစ်တော့ဘူးဟ”
တုန်လှုပ်ခြင်းနှင့်အတူ ဟင်ခနဲမြည်ရာက ကျော်မြတ်မင်း၏အကြည့်က ဆရာလေးဘက်သို့ ရောက်သွား၏။ လည်ကြီးထကိုလည်း တစ်ဆက်တည်း ကြည့်မိ၏။ သင်းကွပ်ခံရသော လည်ကြီးထမှာ ပြင်းထန်သောဝေဒနာတစ်စုံတစ်ရာကို ခံစားရဟန်မရှိ။
“ကြိုးတွေ ဖြေလိုက်ပါတော့ .. ပြီးသွားပါပြီ”
ဆရာလေးက ထရပ်ကာ လက်သုတ်ရင်းပြော၏။ ကျော်မြတ်မင်း စိုက်ကြည့်နေဆဲ၌ လည်ကြီးထက ထရပ်သည်။ သို့သော် တဆတ်ဆတ်လည်း တုန်ယင်မနေ။ ကွတကွတလည်း မသွား။
သည်မြင်ကွင်းက ကွက်နီအတွက် ကျော်မြတ်မင်း၏ရင်တွင်းမှ တောက်လောင်ခဲ့ရသော ပူပန်မှုမီးကို ငြိမ်းသတ်ပေးနိုင်ရာ၏။
မြဝတီမဂ္ဂဇင်း၊ ဇွန်လ၊ ၂ဝဝ၈ ခုနှစ်။
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ