ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
တောစီးသော နေ့တနေ့
မြစိမ်းရောင် ရွက်နုပေါက်ကလေးတွေကို လေလေးက ထိကပါးရိကပါး ပုတ်ခတ်၍ ကစားနေပါသည်။
တောတပြင်လုံးလည်း မျှော်ကြည့်လိုက်တိုင်း စိမ်းလမ်းစိုပြေသော ဝေဝေဆာဆာနှင့် မျက်စိပသာဒအတွက် ကောင်းမြတ်သော ရှုခင်းရှုကွက်တွေသာ ဖန်တီးနေတော့၏။
မိုးဦးကျခါစ နယုန်လပိုင်း၏ နေ့တနေ့ပင်ဖြစ်ပါသည်။ မုဆိုးသံသရာ လည်နေကြသော ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် လယ်ဝေးမြို့နယ် အနောက်ဖက်ချောင်းစပ်ရှိ ကံသာဒိုင်နယ်က ထီကြီးတောတန်းတလျှောက်သို့ လှည့်လည်ရင်း သစ်တောဌာတွင် ခေတ္တစခန်းချနေခြင်းဖြစ်သည်။
ထိုနေ့အဖို့ ဦးဘိုးဟန်သည် ကျွန်တော်တို့ မုဆိုးအဖွဲ့အတွက် လိုအပ်သော ရိက္ခာ ဆီ၊ ဆန် များကို ကံသာဈေးသို့ ရဲဘော်ကျော်လှိုင်တို့နှင့်အတူ စီးဆင်နှစ် ကောင်ကို ခေါ်ယူ၍ ဈေးဝယ်ထွက်သွားသည်ကြောင့် စခန်းတွင် ကျွန်တော်၊ ရဲဘော်မောင်ထွန်း၊ ထမင်းချက်ဦးနုတို့သာ ကျန်ရစ်ခဲ့လေသည်။
ဦးနုအဖို့ မီးဖိုကြီးအနီးတွင် မနေ့ညနေခင်း ကျွန်တော်တို့ သစ်တောရွာဘက်သို့ ရောက်စက ရွာအနီး၌ ပစ်ခတ်၍ရရှိခဲ့သော ခါသုံးကောင်နှင့် ရစ်နှစ်ကောင်ကို ရဲဘော် မောင်ထွန်း၊ ရွာခံမုဆိုး ကိုခိုင်လေးတို့နှင့် စုပေါင်း၍ ချက်ပြုတ်လုပ်ကိုင်နေကြလေသည်။
ကျွန်တော့အနေဖြင့် အနောက်ဘက်လျှောက်၍ ကျွန် တော်ပစ်ခတ်လိုက်သော ကျားကြီးများ ပြောင်များအတွက် မည်သည့်ကြိုးဝိုင်းများတွင် ရှိ မရှိကို စုံစမ်း သတင်းပို့ပေးကြရန်အတွက် အနောက်ဘက်ရွာများဖြစ်သော ပန်းညိုစမ်း၊ ကျောင်းစု၊ သရက်ချောင်းရွာများသို့ လူလွှတ်၍ အကြောင်းကြားခိုင်းရန် စိတ်ကူးနေမိသည်။
မကြာမီအတွင်း၌ ကျွန်တော်တို့ စခန်းချရာ ကိုခိုင်လေးအိမ်ဝိုင်းဆီသို့ သစ်တောရွာသားနှစ်ဦး ရေးကြီးသုတ်ပြာနှင့် ဆိုက်ရောက်လာကြပြီး ကိုခိုင်လေးကို ဆလိုင်းချင်းဘာသာနှင့် အရေးတကြီး လှမ်း၍ ပြောလိုက်ပါသည်။
ကိုခိုင်လေးသည် ကျွန်တော့်ဆီသို့ တချက်လှမ်း၍ကြည့်လိုက်ပြီး
“ဒီလောက်နီးနီး မင်းတို့ဟာ ဟုတ်ရဲ့လားကွ”
ဟု ဗမာလို ထပ်၍ မေးမြန်းသည်တွင် အမေးခံရသူသည် ချက်ခြင်းပင် ချင်းဘာသာနှင့် ထပ်ကာပြောကြားပြန်ပါသည်။
“ဟောဒီမှာ ဗိုလ်မှူး သူတို့ သစ်ခုတ် သွားတာမှာ ဖက်ညံ့တော ကြိုးဝိုင်းစမှာ စိုင်ခြေရာတွေ တွေ့လာသတဲ့ဗျ။ ဒီကောင်တွေက တောအကြောင်း နဲနဲပါးပါးနားလည်တော့ ခြေရာလိုက်ခံကြည့်ခဲ့တာ သပြေဆိုးကွင်းထဲကို ဝင်သွားတာ တွေ့ခဲ့ရလို့ ဗိုလ်မှူးဆီလာခေါ်တာဘဲ”
သပြေဆိုးကွင်းသည် သစ်တောရွာမှ နှစ်မိုင်သာသာခန့်သာ ဝေးသော မြိုင်ကျကျတောကွင်းဖြစ်သည်။ ယခုလို မိုးဦးကျခါစ အချိန်အခါမျိုး၌ သားကောင်ကြီးများ ဖြစ်ကြသည့် စိုင်၊ ပြောင်၊ ဆင်၊ အကောင်ကြီးမျိုး သုံးစားသည် တောတလျှောက်သို့ ခရီးလှည့်လည်၍ ပွင့်ခါစ ပေါက်ခါစ ရွက်နုများ မျှစ်စို့များကို ရှာဖွေစားသောက်လေ့ရှိသည်ကို ကျွန်တော် နားလည်ထားပြီး ဖြစ်သည်။
ကျွန်တော့ဆီသို့ အလုပ်လုပ်ရန် သွားရာမှ စိုင်ခြေရာတွေ တွေ့သည်ကြောင့် အလုပ်ကိုဖျက်၍ အချိန်မှီပြန်လည်ပြောဆို သတင်းပို့သော ရွာသားနှစ်ယောက်၏ စကားမှာ တစုံတရာ မယုံကြည်နိုင်စရာ အကြောင်း မရှိပါ။ မြေပြန့် ချင်းလူမျိုး သို့မဟုတ် ဆလိုင်ချင်းလူမျိုးများသည် ကျွန်တော့်အပေါ်၌ များစွာ ယုံကြည်ကိုးစားကြကာ လူနည်းစုများဖြစ်သ လောက် ကတိသစ္စာလည်း များစွာတည်ကြည် ကြသော လူမျိုးစုဖြစ်သည်။
“ဒါဖြင့် ကိုခိုင်လေး၊ ဦးနု၊ ကျွန်တော်တို့ သုံးယောက် သွားကြမယ်။ စီးသုံးစီး ချက်ကျကျစောင့်ရင် တော်ရောပေါ့”
“တော်ပါပြီဗျာ ၊ သေနတ်သမားတွေ သိပ်များနေရင် တောချောက်ပေးတဲ့လူတွေအတွက် စိုးရိမ်ရတယ်။ ကိုင်းသွားကြစို့ ၊ စိုင်တွေခရီးမလွန်ခင်။ ငဒေါင်းနဲ့ ဘိုးရီတို့ကို ရွာထဲက အားတဲ့လူ ဆယ်ယောက် ဆယ် နှစ်ယောက် စုခိုင်းစမ်း။ ခုသွားမယ်လို့ ပြောလိုက်ဟေ့”
ကိုခိုင်လေးသည် တောချောက်၍ ပစ်ခတ်ရန်အတွက် စီစဉ်လိုက်တော့သည်။
ကျွန်တော်သည် အလွယ်တကူ နီးရာ၌ထောင်ထားသည့် စစ်သုံး .၃၀၃ အင်္ဂလိပ်ရိုင်ဖယ်ကို ဆွဲယူလိုက်သည်တွင် ဦးနု၊ ဦးခိုင်လေးတို့ကလည်း စစ်သုံး .၃ဝ၃ ရိုင်ဖယ်များကို ခပ်သုတ်သုတ် ဆွဲယူရင်း
“မက်ဦးတိုမှ ကျုပ်တို့နဲ့ ကိုက်တာ။ ဟိုရိုင်ဖယ်ကြီးတွေကျတော့ တချက်နှစ်ချက်တော့ ပစ်သားကိုက်ပါရဲ့။ သုံးလေးချက်ကျတော့ နောက်ပြန်ကန်လွန်းလို့လန့်နေပြီဗျ”
ကိုခိုင်လေးသည် .၃ဝ၃ စစ်သုံးရိုင်ဖယ်ကို ယုယစွာကိုင်တွယ်ရင်း ကျည်ဆန်စလယ်ကို ခါးတွင်ပတ်လိုက်သည်။ .၃၀၃ စစ်သုံးရိုင်ဖယ်နှစ်မျိုးရှိရာ နောက် ဆုံးပေါ် အမေရိကန်ပုံနှင့် ထိပ်တွင်နှစ်လက်မခန့် ပေါ်တက်နေသော ပြောင်းကလေးနှင့် ရိုင်ဖယ်မျိုးကို အမေရိကန်ရိုင်ဖယ်ဟု ခေါ်ကြသလောက် ရှေးခေတ်တခေတ်၌ ဒုတိယကမ္ဘာစစ်တွင်းထိအောင် အသုံးပြုလာသော .၃၀၃ စစ်သုံးရိုင်ဖယ် လက်ဟောင်းကြီးများကိုမူ မုဆိုးစကားအခေါ်အဝေါ်ဖြင့် “မက်ဦးတို” ဟု ခေါ်ကြပါသည်။
အကြောင်းမှာ ခေတ်သစ် အမေရိကန်ပုံစံရိုင်ဖယ်များကဲ့သို့ ထိပ်ပိုင်းမှ ပြောင်းဝ နှစ်လက်မခန့် မပေါ်ဘဲ တုံး တိတိ ပြောင်းဝနှင့် သစ်သားကို တထပ်တည်းကျအောင် ပြုလုပ်ထားသော ခေတ်ဟောင်းရိုင်ဖယ် .၃၀၃ ဘို့ ရိုင်ဖယ် (ဗြိတိသျှစစ်တပ်အခေါ် ကာဘိုင်) ၏ ပုံစံကြောင့် မက်ဦးတိုဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ကျွန်တော့်အနေနှင့်လည်း အမေရိကန်ပုံစံ နောက်ဆုံး ပေါ်ရိုင်ဖယ်ကို များစွာ မနှစ်ခြိုက်ပါ။ အမေရိကန်ပုံစံနှင့် ထုတ်လုပ်သော ၃ဝ၃-ရိုင်ဖယ်၏ နော်မှန်ချိန်မှာ ရုတ်တရက် ထိုး၍ ချိန်မရနိုင်သော (Peep Sight) ခေါ် ဝလုံးသဏ္ဍာန်ဖြင့် ကျကျနနချိန်၍ ဝလုံးကွင်းအလယ်ဗဟိုတွင် ရှေ့မှန်ချိန်ကျရောက်မှု ပစ်ခတ်နိုင်စွမ်းရှိသော မှန်ချိန်မျိုး ဖြစ်သောကြောင့်တည်း။
လက်ဟေား ၃၀၃-ရိုင်ဖယ်မှာ တန်းထိုး၊ တန်းချိန်၊ တန်းပစ်၍ လွယ်ကူလာသော (Open Sight) ခေါ် ပစောက်ပုံသဏ္ဍာန် နော်မှန်ချိန်ပစ်ကွင်း ပါသောကြောင့် နေ့နေ့ညဉ့်ညဉ့် အချိန်အခါမရွေးတမ်း မှန်းဆ၍လည်းကောင်း လက်တန်းထိုးပစ်၍လည်းကောင်း ပစ်ခတ်နိုင်စွမ်းရှိသော လက်ဟောင်းစစ် သုံးရိုင်ဖယ်များ ဖြစ်သောကြောင့်တည်း။
ဆယ်မိနစ်အတွင်း တောခြောက်၍ ပစ်ခတ်ရန် လူနှစ်ဆယ် စုမိပြီးသည့်နောက်တွင် ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်များသည် နှစ်မိုင်ကျော်ကျော်မျှသာ သစ်တောရွာနှင့် ကွာဝေးသော သပြေဆိုးစခန်းဆီသို့ ခြေလှမ်းခပ်ကျဲကျဲနှင့် စိုင်တွေကိုပစ်ခတ်ရန် ထွက်ခွာလာခဲ့ကြသည်။
ကိုခိုင်လေးသည် နယ်ခံမုဆိုးကြီးဖြစ်၍ ၎င်းက ဦးဆောင်၍ စိုင်များကို တောခြောက်၍ ပစ်ခတ်ရေးအတွက် တာဝန်ခန့်ခွဲပါတော့သည်။ ခြေသွားလမ်းကြောင်းတလျှောက်၌ ပေါများလှသော ဂျီခြေရာ၊ ဆတ်ခြေရာ၊ တောဝက်ခြေရာကြီးများပေါ်၌ သစ်ဆင်(ကျားသစ်ကြီး) များ၏ ခြေရာကွက်တွေပါ ထူ ထပ်စွာ တွေ့ရှိနေတော့၏။
“ဟောဒီဝက်ဟာ အခုတင်ကလေးကမှ ဒီလမ်းကိုဖြတ်သွားတာ”
ကိုခိုင်လေးသည် ရိုင်ဖယ်ကို ထမ်းရင်း လမ်းတနေရာ၌ ဖြတ်ကူးသွားသည့် လဘက်ရည်ကြမ်း ပန်းကန်လုံးအဝ အရွယ်ရှိ ကြီးမားလှသည့် တောဝက်ကြီး တကောင်၏ ခြေရာများကိုကြည့်ကာ ဝေဘန်နေသည်။
“ဝက်ထက် စိုင်က အသားပိုထွက်ပါတယ် မောင်ခိုင်။ ဒါကြောင့် စိုင်တွေဆီသာ အရောက်သွားပါ”
ဦးနုသည် ခပ်ဝဲဝဲ ရှမ်းသံနှင့် ပြောချသည်ကြောင့် မုဆိုးအဖွဲ့ဝင်အားလုံးမှာ ဟားဟား ရယ်မောမိကြပါသည်။
မိနစ်နှစ်ဆယ်အကြာတွင် သပြေဆိုး တောစသို့ ချဉ်းကပ်ခဲ့ကြသည်။
“ကဲဟေ့ စံဘော်နှင့် စိုးမင်းက ဟောဒီမှာနေရစ်ခဲ့ကြ။ ဒို့က ကညွှတ်စမ်းအတိုင်း ရှေ့ကကြိုပြီး ဆီးနှင့်မယ်။ ငါ့လက်ခါက်မှုတ်သံကြားရင် တချိုးထဲစပြီးမောင်းခဲ့ကြကွာ။ လက်စွယ်က ဖိပြီး မောင်းဟေ့ ။ လက်စွယ်မလုံရင် စိုင်တွေ နောက်လှန်သွားကြမယ်ဒနော်။ ကြားရဲ့လား စံဘော်”
ကိုခိုင်လေးက သတိပေး ပြောကြားလိုက်သည်။
ချင်းရွာသားများသည် တောကို စတင်၍ ခြောက်ဖမ်းကြရန်အတွက် လူတွေကိုဖြန့်ကာ နေရာချထားရင်း ကျန်ရစ်ခဲ့ပါသည်။
ကျွန်တော့်အား ဘယ်ဘက်လက်စွယ်တွင် လည်းကောင်း၊ ဦးနုအား အလယ်ဗဟိုစီးတွင် လည်းကောင်း၊ ကိုခိုင်လေးက ညာဘက်လက်စွယ်တွင် အသီးသီး နေရာယူလိုက်ကြပါသည်။
ကျွန်တော်သည် ကျွန်တော်ဘက်သို့ ဦးတည့်ကာ ပြေးထွက်လာမည့် စိုင်များ၏ လာလမ်း ကူးများကို လိုက်လံကြည့်ရှုကာ ရှေ့တည့်တည့် စိန်နဘံချုံ၊ ဝါးရုံပင်ကလေးများသာ ရှိပြီး အောက်ခြေကရှင်းနေသောပစ်ကွင်းအတွက် နေရာသတ်မှတ်ကာ ကညင်ပင်ကြီးနောက်သို့ ကပ်၍ ကွယ်ရင်း နေရာယူထားပါသည်။
ထို့ကြောင့် ရိုင်ဖယ်မောင်းတံကို နောက်သို့နုတ်ကာ မဂ္ဂဇင်းပေါ်မှ တက်လာသည့် ကျည်ဆန်တတောင့်ကို ရှေ့သို့ ပြောင်းဝထဲသို့ ယမ်းတံနှင့်ဖိ၍ သွင်းလိုက်ပြီး မောင်းတင်ကာ သော့ပိတ်၍ ရိုင်ဖယ်ကို ရင်ခွင်တွင် ကန့်လန့်ဖြတ် ပိုက်ထားလိုက်သည်။
ချိုးတအုပ်သည် ရေစမ်းတဝိုက် ဝါးရုံရိပ်မှ အုပ်ဖွဲ့၍ ကူနေကြသည်။ တကျစ်ကျစ်အော်မြည်သံများနှင့် သစ်တောက်ငှက်ကြီးတကောင်၏ နိမ့်ချည်မြင့်ချည် ပျံသန်းနေသည်ကို ကျွန်တော်သည် ကညင်ရိပ်အောက်မှ လှမ်း၍ မြင်နေမိ၏။
တခဏအတွင်း၌ “ရှီ” ဟူသော လက်ခေါက်မှုတ်သံသည် ညာဘက်လက်စွယ်ဆီမှ ပေါ်ထွက်လာပါသည်။
မရှေးမနှောင်း ကာလမှာပင် “ဟေး-ဟေး-ဟေး”ဟူသော တောခြောက်သမားတသိုက်၏ ညာသံများနှင့်အတူ ခဲနှင့် ချုံများထဲသို့ ပစ်သွင်းသံ၊ ဝါးလုံးခေါက်သံများသည် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပေါ်ထွက်၍ လာပါသည်။
တောကြက်တကောင်သည် အလန့်တကြားနှင့် တရှိန်ထိုး ကျွန်တော်တို့စောင့်နေရာဆီသို့ တန်း၍ တအားပျံ ထွက်လာသည်။
ကျွန်တော်၏ မျက်လုံးတွေက နီနီရဲရဲ ထွက်လာမည့် နွားသိုးကြီးထက် ခေါင်းတလုံးမောက်၍ ကြီးနေမည့် စိုင်ကြီးတွေဆီကိုသာ မလွှတ်တမ်းရှာဖွေနေမိသည်။
ဂိုက်တရာငါးဆယ်ခန့် အင်ပင်တွေနှင့် သစ်ရာပင်တွေ စုပြုံပေါက်ရောက်နေသော တောတန်းဆီသို့ မမှိတ်မသုံကြည့်ကာ ကျွန်တော်သည် ရိုင်ဖယ်ကို အသင့် ပြောင်းဦးလှည့်လျက် ချက်ပိုင်ပိုင် ပစ်ခတ်ရေးအတွက် လုံးလပြုနေသည်။
တောတပြင်လုံးကို ဖြန့်၍ ရင်ဘောင်တန်းကာ ခြောက်လှန့်၍ မောင်းနှင်လာသော တောခြောက်သမားများ၏ အသံများသည် တောတဝက်ကျော်ကျော်ဆီမှ တခဲနက် ပေါ်ထွက်လာခဲ့သည်။ တောထဲတွင် အသံပြု၍ ခိုကပ်နေတတ်သည့် စိုင်ကြီးများ၏ ကသောကမျောပါး ကဆုန်ချ၍ ပြေးထွက်လာမည့် အရေးအခင်းကို ကျွန်တော်သည် စောင့်မြှော်လျက် မမှိတ်မသုံ စောင့်ကြည့်နေခဲ့သည်။
သို့ရာတွင် ရှဉ့်ကလေး တကောင်တလေမှအပ အခြားသားကောင်ကြီးများ၏ အရိပ်လက္ခဏာ တစုံတရာကိုမှ မတွေ့ ရ မမြင်ရချေ။ စိတ်ထဲတွင် များစွာမကျေမနပ် ဖြစ်လာသလောက် တောစပ်ဆီသို့ စူးစူးစိုက်စိုက် တစုံတရာ ထူးခြားလှုပ်ရှားလာမည့် လက္ခဏာတို့ကို မြှော်မှန်းကာ ကျွန်တော်သည် အသက်မရှူစတမ်း ငေးစိုက်ကြည့်လိုက်သည်တွင် သစ်ကိုင်းကလေးတွေ ရှဲကနဲ ဘေးသို့ယိမ်းကာ လတ်တလော အတွင်း၌ နီရဲနေသော ဂျီပေါက်ကြီးတကောင်သည် ကဆုန်ချ၍ ပြေးထွက်လာတော့သည်။
တောခြောက်သူများ၏ အသံမှာ တောတဝက်ကို ကျော်လွန်လာရုံမကဘဲ သုံးပုံနှစ်ပုံကျော်ကျော် လောက် ရှိလာခဲ့သည်ကြောင့် ဘယ်နည်းနှင့်မှ စိုင်တွေ ထွက်ပေါ်လာရေးအတွက် မြှော်လင့်စရာ မရှိတော့ကြောင်းကို ကျွန်တော်သည် သဘောပေါက်မိပါသည်။
ထိုကြောင့် မားမားစွင့်စွင့် ခုန်ပေါက်ပြေးလွှားလာသော ဂျီပေါက်ကြီး၏ ရှေ့တည့်တည့်လည်တိုင်နှင့် ရင်အုံတို့ ဆုံမိရာဆီသို့ ၃ဝ၃-ရိုင်ဖယ်ကို လှမ်း၍ချိန်လိုက်ပြီး ကိုက်ငါးဆယ်သို့အရောက်တွင် ပိုင်ပိုင်နိုင်နိုင် မောင်းဖြုတ်ချလိုက်ပါသည်။
ဒိုင်းကနဲ ရိုင်ဖယ်သံနှင့်အတူ ဂျီပေါက်ကြီးသည် နောက်သို့ ပက်ကနဲလှန်၍ ပစ်ကျ ကျသွားတော့သည်။ ဤမျှသာ ကွာဝေးသော ပစ်ကွင်းကောင်းမျိုး၌ ၃၀၃ ဘို့ အင်္ဂလိပ်ရိုင်ဖယ်နှင့် ကပ်၍ တေ့၍ ပစ်ခတ်ရသော သားကောင်မျိုးအတွက် အသက်ရှင်ရန် မြှော်လင့်စရာ လုံးဝ မရှိတော့ပါ။
ယမ်းအား ဂရိမ်နှစ်ရာတဆယ်ငါး အချိန်စီး၍ တစက္ကန့်လျှင် နှစ်ထောင်တရာခြောက်ဆယ်ပေနှုန်းအမြန်လှည့်ပတ်၍ ထွက်သွားသော ကျည်ဆန်ဖူး သည် ဂျီကောင်ကြီး၏ လည်တိုင်ရင်းမှ ပွင့်ကာ ရဲကနဲ ဖောက်ထွက်သွားပါတော့သည်။
မြေပေါ်သို့ ပစ်၍လွင့်စင်ကာ ကျသွားသော ဂျီပေါက်ကြီးသည် ချက်ခြင်းပင် ဖျတ်ကနဲ မြေပေါ်မှထကာ စက္ကန့်ပိုင်းအတွင်း၌ပင် ကျွန်တော်၏ရှေ့မှဖြတ်၍ တချီအားသွန်ပြေးတက်လိုက်၏။
အံ့အားသင့်သွားသော ကျွန်တော်သည် အသင့် နောက်ထပ်ကျည်ဆံတတောင့်ထိုး၍ မောင်းတင်ထားသော ရိုင်ဖယ်ကို ညာဘက်ပခုံး၌ကပ်၍ ဘေးတိုက် ပြေးတက်လာသော ဂျီပေါက်ကြီး၏ လက်ပြင်ဆုံသို့ ကျကျနနကြီး ချိန်၍ ရိုင်ဖယ်နှစ်ကိုက်အကွာ အရောက်တွင် စေ့စေ့ချိန်ကာ ပစ်ချလိုက်သည်။
သေနတ်သံအဆုံးတွင် လက်ပြင်ဆုံ၌ ကျကျနနကြီး ၃၀၃ ကျည်ဆံထိပ်ဖူးသည် အဖြူအပေါက်ကလေး ဖေါက်ထွက်သွားပြီး ဂျီပေါက်ကြီးသည် ဘယ်ဘက်သို့ ပစ်၍ လဲကျသွားတော့၏။
“ပြေးအုံးလကွာ … ဘယ်နှယ်လဲ”
ကျွန်တော်သည် ဇွဲကြီးမဲကြီး အသက်ပြင်းလှသော ဂျီပေါက်ကြီးကို ကြည့်ကာ အမှတ်တမဲ့ ပါးစပ်မှ အော်ဟစ်လိုက်သည်။
ဆန့်ငင် ဆန့်ငင်နှင့် မြေပေါ် ၌ တုံးလုံးကြီး လဲကျနေသည့် ဂျီပေါက်ကြီးသည် ကျွန်တော်၏ အော်ဟစ်သံအဆုံး၌ ကျုံး၍ထကာ တအားရှေ့သို့ ပြေးတက်လိုက်သည်။ ဤတွင် ကျွန်တော်သည် ရိုင်ဖက်မောင်းတံကို နောက်သို့မကာ ဆတ်ကနဲနုတ်၍ ကျည်ဆံတတောင့်ကိုထည့်ကာ မောင်းတင်လိုက်ပြီး ကျွန်တော့ဆီသို့ နောက်ကျောပေးကာ တအားပြေးတက်နေသည့် ဂျီပေါက်ကြီး၏ လည်ကုပ်ဆီသို့ တန်းကာ ချိန်၍ ပိုင်ပိုင်နိုင်နိုင် ပစ်ချလိုက်သည်။
တပေါင်လျှင် နှစ်ထောင့်နှစ်ရာသုံးဆယ်ပေ အရှိန်ပြင်းပြင်း ထွက်သွားသည့် ၃ဝ၃ ကျည်ဆံဖူးသည် ဂျီပေါက်ကြီး၏ လည်ကုပ်ဆီကို ဖေါက်၍ တပတ်ဂျွမ်းပစ်ကာ တလိမ့်ကောက်ကွေး ကျသွားပါသည်။
“ပြေးအုံးလေကွာ … ဒီတခါ”
ကျွန်တော်သည် ရယ်မောရင်း အော်ဟစ်မိသည်။
သုံးချက်စလုံး ချက်ကောင်းချည့် ကပ်၍ တေ့၍ ပစ်ခတ်ရသော အမဲပစ်နည်းမှာ သဘာဝ မကျတော့ပါ။ တုတ်ကောင်းကောင်း ထမ်းပိုးကြီး ကောင်းကောင်းနှင့် ဝင်၍ရိုက်လျှင် ရနိုင်သော အခွင့်အရေးမျိုး၌ ရိုင်ဖယ်နှင့် တေ့၍ ပစ်ခတ်ရခြင်းကြောင့် ပုံလျက်ပစ်လျက်ကျသွားသော ဂျီပေါက်ကြီး၏ အဖြစ်ကို ကျွန်တာ် သည် ရယ်မောရင်း နောက်ပြောင်သည့်လေသံနှင့် ကြွေးကြော်မိခြင်းဖြစ်၏။
မရှေးမနှောင်း စက္ကန့်ပိုင်းအတွင်း၌ တပတ်ကျွမ်း မြေပေါ်သို့ ပစ်ကျသွားသော ဂျီပေါက်ကြီးသည် လူးလဲကာ မြေပေါ်မှထကာ အားသစ်လောင်းလာသော သတ္တဝါတကောင်၏ အမူအရာမျိုးဖြင့် သူ၏ ရှေ့တည့်တည့် ဝါးရုံတောထဲသို့ လွှားကနဲ ခုန်၍ လေးဘက်တန်းနေအောင် ပြေးသွားပါသည်။
ကျွန်တော်သည် အတော်ကလေး အံ့အားသင့်ကာ ခြေစုံရပ်နေမိသည်။
ဂျီပေါက်သည် အများဆုံး ဆယ့်နှစ်ပိဿာ အချိန်ရှိသော သားကောင်ငယ် မဆိုထားဘိ၊ ပိဿာအချိန် လေးငါးဆယ်ပိဿာရှိပြီး ဒေါနှင့်မာန်နှင့် သေနတ် ဓါး လှံ စွဲကိုင်၍ တိုက်ခိုက်သတ်ဖြတ်ရန် တအားသွန်ကာ ပြေးတက်လာသော တဖက်ရန်သူကို ဤ ၃ဝ၃ ဘို့ အင်္ဂလိပ်ရိုင်ဖယ် ကျည်ဆံဖူးသည် နေရာတွင် ဖျတ်ကနဲကျအောင် ထိမှန် ပြင်းထန်စွမ်း ရှိခဲ့သည်ကို ကျွန်တော်သည် စဉ်းစားမိရင်း ဂျီပေါက်ကြီးသည် တနေရာရာတွင် ကျဆုံးနေမည်ကို နားလည်မိပါသည်။
“သုံးချက်စလုံး မှန်တယ်ဗျ၊ ချက်ကောင်းချည့်ဘဲ”
တောခြောက်လာသူ ရွာသားတဦးက ဂျီပေါက်ကြီးကို ကျွန်တော် အနီးကပ်၍ ပစ်ခတ်နေပုံပါ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ရသည်ကြောင့် ဝမ်းသာအားရ လှမ်း၍ပြောလိုက်ပါသည်။
“သုံးချက်တိတိ ဆင့်ပစ်ခတ်တော့ စိုင်တကောင် အပိုင်ရပြီလို့ အောက်မေ့မိတာ၊ ခုမှ ဂျီပစ်တာမှန်း သိရတယ်ဗျာ”
ကိုခိုင်လေးသည် ရိုင်ဖယ်ကို လက်တဖက်က ကိုင်ရင်း ပြောကာ ဂျီကောင်ကြီး၏ကိုယ်မှ သွန်ချသွားသည့် သွေးကြောင်းများကို လိုက်၍ကြည့်ရင်း
“ဘယ့်နှယ် သွေးတွေကျတာ များလှချည့်လား။ ရေ လောင်းထားသလိုဘဲ”
ကျွန်တော့အဖို့ အတော်မကျေမနပ် ဖြစ်နေမိတော့၏။ သုံးချက်တိတိ ချက်ကောင်း နေရာကောင်းချည့် ထိထိရောက်ရောက် မှန်ခဲ့သော်လည်း အပြေးမပျက်တမ်း ကျွန်တော်၏ မျက်စိအောက် တအား ခုန်ပေါက်ပြေးလွှားခဲ့သည့် ဂျီပေါက်ကြီးကို မြင် ယောင် ထင်ယောင် ရှိနေတော့၏။
“ပစ်လိုက်တိုင်း ပက်ကနဲ ပက်ကနဲ လဲကျသွားတာဘဲဗျာ။ ကျုပ် အမြင်ကပ်ကပ်နဲ့ အော်မိတယ်”
ကျွန်တော်သည် စတင်ကာ သွေးကြောင်းခံနေကြသည့် ဦးနု၊ ကိုခိုင်လေးတို့ လူစုံဆီသို့ ပြောလိုက်၏။
“ကြားပါတယ် ပြေးအုံးဟ … ပြေးအုံးဟနဲ့၊ ဒီလောက် သွေးတွေကျပုံကြည့်ရရင် သိပ်မဝေးပါဘူး။ ဘယ်နေရာမှာ ခွေခွေကလေး အသက်ပျောက်နေတာ တွေ့ရမလဲဘဲ”
ဦးနုသည် တငုံ့ငုံ့နှင့် သွေးကြောင်းတွေကို လိုက်ခံကာကြည့်ရင်း ပြောလိုက်သည်။
ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်အားလုံးပင် နီရဲနေသော မြက်ပင်များ၊ သက်ငယ်ပင်များပေါ်မှ ဂျီပေါက်ကြီး၏ သွေးတွေကို ကြည့်ကာ ရှုကာဖြင့် ရှေ့သို့ တက်လိုက်ခဲ့ကြသည်။ ဂျီပေါက်ကြီး၏ အရိပ်နိမိတ် အစကိုမျှ မတွေ့ရ။ ဟိုနေရာ တွေ့နိုးနိုး၊ ဒီနေရာ တွေ့နိုးနိုးနှင့်သာ ဆက်၍ သွေးကြောင်းခံခဲ့ကြပြန်၏။
ခြေသလုံး တဖက်တချက်၌ သားရေခြေပတ်အရှည် ပတ်ထားသော ကျွန်တော်၏ ခြေနှစ်ချောင်းစလုံးတွင် သွေးလူးနေသော မြက်တောထဲတိုးကာ ဖြတ်ခဲ့ရ၍ ဘိနပ်ဆေးအနီ မလိမ်းကျံရဘဲ နီရဲနေတော့၏။ ဦးနု၏ ပုဆိုးအောက်ပိုင်း၌ လည်းကောင်း၊ ခပ်တိုတို ပုဆိုးဝတ်ထားကြသော ကိုခိုင်လေးနှင့် ချင်းရွာသားတွေ၏ ခြေကျဉ်းဝတ် ခြေသလုံးတွေ့၌လည်းကောင်း ဂျီပေါက်ကြီး၏ သေနတ်ဒဏ်ရာမှ ယိုစီးကျနေသော သွေးများကြောင့် ပေကျံနီရဲနေတော့၏။
“အကျိုးနဲ ဂျီကွာ … ခုအထိမတွေ့သေးဘူး”
မောပန်းစပြုလာသည့် ဦးနုသည် စိတ်တိုလာသည့်လေသံနှင့် ကြိမ်းဝါးလာတော့၏။
“ဘာလိုလိုနဲ့ ကျုပ်တို့လိုက်ခဲ့တာ တမိုင်ကျော်ခဲ့ပြီဗျ။ တင်းဝါးတောစ ရောက်လာခဲ့ပြီ။ ဟုတ်မှ ဟုတ်သေးရဲ့ လားဗျာ။ ဒီဂျီနှယ်”
ကိုခိုင်လေးသည် ဆူညံဆူညံ လုပ်လာတော့သည်။ သူတို့ အချင်းချင်းလည်း ချင်းဘာသာနှင့် ရောနှောကာ ပြောဆိုကြ သည်။ သို့ရာတွင် ရှေ့သို့ ဆက်လက်၍ ဂျီပေါက်ကြီးအား ရှာဖွေ ကြပြန်သည်။
နောက်ထပ် နှစ်မိုင်ခွဲခန့် ဆက်လက်ရှာဖွေ၍ အပင်ပန်းခံကြ ပြန်သည်။ သွေးကြောင်းရဲရဲသာ တွေ့ရသည်။ ခြေသလုံးတွေ့၌ သွေးတွေရွှဲနေကြသည်။ ဂျီပေါက်ကြီး၏ သဏ္ဍာန်ကို လုံးဝ မတွေ့ရတော့ချေ။
“ဗိုလ်မှူးပါးစပ်က ပြေးအုံးလေ ပြေးအုံးလေ ပြောလို့ တောစီးသွားတာဗျ”
ခြေရာခံသော ချင်းအဘိုးကြီးတဦးက အမှတ်တမဲ့ပြောလိုက်သည်။ ကျွန်တော်ကလည်း လုံးဝ အယုံအကြည်မရှိသော လူတယောက်ပီပီ
“အလကား တောစီးတာပါဗျာ၊ ဘာလို့ သွေးတွေ ထွက်သေးသလဲ။ အဲ့ဒီစီးတဲ့ တောနတ်ပါ သေသွားမယ်။ ကျုပ်ကိုလာပြီး ရီးတီးရားတား မလုပ်နဲ့”
အမှတ်တမဲ့ပြောလိုက်သည်တွင် ခြေရာခံသော လူအားလုံး၏ မျက်နှာ ပျက်သွားကြသည်။ တစုံတရာ နောက်ထပ် မပြောရဲကြတော့ချေ။
ခရီးဆန့်လိုက်လျှင် လေးငါးမိုင်ကျော် အပြန်အလှန်ရှာဖွေ၍ ဂျီပေါက်ကြီး၏သဏ္ဍာန် တစုံတရာမတွေ့ရတော့မှ ချွေးအရွှဲသား ကိုယ်လုံးတွေနှင့် ကျွန်တော်တို့သည် ရွာသို့ ပြန်ခဲ့ကြရသည်။
စိတ်ထဲတွင် ကျိတ်မနိုင်ခဲမရ အတော်ဒေါသထွက်နေသည်။ ရှက်လည်း များစွာ ရှက်နေသည်။ သေသေချာချာ သုံးချက်တိတိ ပစ်ခတ်ရာ၌ ချက်ကောင်းထိမှန်ပါလျှက်နှင့် ဘာမဟုတ်သည့် ဂျီသည် နေရာတွင် မကျဘဲ ပတ်လည်ပတ်ကုန်း သုံးလေးမိုင် ပြေးလွှားနေရခြင်းမှာ ထူးဆန်းသလောက် အဓိပ္ပယ်ရှိလှပေသည်။
ရွာ၌ ကျွန်တော်တို့အရင် ရောက်နှင့်သော ဦးဘိုးဟန်ကြီးသည် ရွာတံခါးဝမှ ဆီး၍ ကျွန်တော်တို့ အောက်ပိုင်းတလျှောက်လုံး၌ ရဲရဲတောက်နေသော ပေကြံနေသည့် ဂျီသွေးများကို ကြည့်ကာ-
“ဘာဖြစ်လာကြသလဲ၊ အမဲလယ်သွားတာမှ ဟုတ်ရဲ့လား။ တောထဲမှာ တိတ်တိတ်ပုန်းများ နွားသတ်ကြသလား ဆရာနုတို့။ ခင်ဗျားတို့ ခြေသလုံးတွေမှာ မြင်မကောင်းတော့ဘူး၊ သွေးစတွေလေ”
ဦးနုသည် တချက်ရယ်ကာ-
“မပြောချင်တော့ဘူး ဆရာဟန်ရေ။ ဒီနေ့ ဂျီတကောင် ပစ်ရတော့လဲ ပတ်လည်ပတ်ကုန်းလိုက်ရ တာ လေးငါးမိုင်ဘဲ။ ဘာမှလဲမရဘူး”
xxx xxx xxx
နေကလည်း ခပ်ကျဲကျဲပူနေတော့၏။ နေ့ခင်းမွန်းတည့်ခါနီး အချိန်မို့ ကြက်၊ ငှက် တွေသည်အရိပ်အာဝါသ ကောင်းရာ၌ ခိုကပ်၍ နေကြပါပေပြီ။
ကျွန်တော်နှင့် ဦးဘိုးဟန်၊ ဦးနုတို့သည် ကိုခိုင်လေး၏ အိမ်ရှေ့ခန်းတွင် ပက်လက်ကုလားထိုင် ကိုယ်စီနှင့် ထိုင်ကာ စွယ်တော်မျှောင် သရက်ချောင်းဒေသသို့ တက်ရောက်ရေး အစီအစဉ်ကို ဆွေးနွေးတိုင်ပင်နေကြသည်။
ထိုအခိုက်တွင် ကျွန်တော်တို့ဆီသို့ ခပ်သုတ်သုတ်ဝင်ရောက်လာကြသော အမျိုးသ္မီး အမျိုးသား တစုကိုစတင်၍ တွေ့လိုက်ကြသည် အမျိုးသ္မီးသုံးဦးက ရှေ့ဆုံးမှလည်းကောင်း၊ နောက်နားမှ ယောက်ျားနှစ်ဦးက တစုံတရာကို ဝါးလုံးတချောင်းနှင့် ထမ်း၍ ဝင်လာကြသည်။
“ဘယ်နဲ့ ငဒေါင်းတို့လူစုံပါလားဟ၊ ဂျီကြီးထမ်းလို့”
ကိုခိုင်လေးသည် အရေးတကြီးအသံဖြင့် ရေနွေးအိုးကြီးတည်ရာမှ လှမ်း၍ ပြောလိုက်သည်တွင် ကျွန်တော်တို့လူစုံသည် ဝိုင်းအုံ၍ ကြည့်ရှုလိုက်သည်တွင် ချင်းရွာသားနှစ်ဦးသည် ဂျီတကောင်ကို ခြေနဲ့လက်တွေစုံ၍ တုပ်နှောင်ကာ ဝါးလုံးတချောင်းနှင့် ထမ်းပိုး၍ ယူလာကြသည်ကို တွေ့ရလေသည်။
“မနေ့က ဗိုလ်မှူးပစ်လိုက်တဲ့ ဂျီဗျ။ ဟောဒီ မိန်းမတွေ တွေ့လာလို့”
ကိုဒေါင်းသည် ဗမာလိုလှမ်း၍ ပြောလိုက်သည်တွင်…
“ဘယ်နေရာမှာ တွေ့သလဲဟ… ဟင်”
ကိုခိုင်လေးသည် အလောတကြီးမေးသည်တွင်-
“ဗိုလ်မှူး စပြီးပစ်တဲ့နေရာနဲ့ ဝါးတရိုက်လောက်ရှိတဲ့ဝါးရုံပင်အောက်မှာ စင်းစင်းကလေး သေနေတာ။ဟောဒီ အောင်းကြီးကုန်းရွာက ဟင်းရွက်ခူးသွားတဲ့ မိန်းမတွေ တွေ့တယ်။ သူတို့က သေနတ်ဒဏ်ရာတွေနဲ့တွေ့တော့ မယူရဲကြဘူး။ ကျွန်တော်လဲ အခန့်သင့် တောထဲအသွား တိုးမိကြလို့ သေသေချာချာကြည့်မှ သေနတ်ဒဏ်ရာသုံးချက်နဲ့ဆိုတော့ ဗိုလ်မှူးမနေ့ကပစ်ထည့်တဲ့ ဂျီပေါက်ကြီးဘဲလို အတပ်သိရပြီး ဒီကိုယူလာခဲ့ကြတာဘဲဗျ”
“ဘယ်နှယ်ဗျာ မနေ့ကတော့ လေးငါးမိုင်အထိ ကျုပ်တို့ သွေးကြောင်းခံပြီး လိုက်ခဲ့ကြတယ်။ ခု တွေ့ရပြန်တော့ ပထမပစ်တဲ့နေရာမှာ ဟုတ်မှဟုတ်ရဲ့လား”
ဦးနုသည် မီးဖိုထဲကထွက်၍ ဂျီပေါက်ကြီးအား နီးနီးကပ်ကပ် လာကြည့်ရှုရင်း တအံ့ဩဩ မေးမြန်းလိုက်သည်တွင်လေ ကျွန်တော်တို့ကပါ စုပြုံ၍ ဂျီပေါက်ကြီးကို ကြည့်ရှုလိုက်ကြသည်။
ရင်အုံအထက်ကျကျတွင် တချက်၊ လက်ပြင်တွင် တချက်၊ ထုတ်ချင်းဖေါက်၍လည်းကောင်း၊ ဇက်ပိုးတွင်ဖောက်ကာ လည်တိုင်ကျိုးနေသော တတိယကျည်ဆန်ရာကိုပါ တွေ့ကြရသည်။
“ဟုတ်တာပေါ့ … ဒီဂျီဘဲ၊ မနေ့ကပစ်တဲ့အကောင်”
ဦးနုသည် ရယ်ရင်း ကြော်ငြာလိုက်သည်။
“ဖျက်ကြကွာ၊ ရှေ့တလက် နောက်တပေါင်နဲ့ ဝမ်းတွင်းသားတဝက်ကို အမျိုးသမီးတွေ ပေးလိုက်ကြပါ။ ရေအဆုံး ကုန်းတဝက်ပေါ့။ ကျေနပ်ကြရဲ့လားဗျာတို့”
ဦးဘိုးဟန်သည် မေးလိုက်သည်တွင်…
“ကျေနပ်ပါတယ်၊ ကျမတို့ အသားယူရအောင် လိုက်လာတာ မဟုတ်ပါဘူး။ ဂျီပေါက်ကြီး ဘယ်မှာတွေ့တယ်ဆိုတာ သက်သေခံရအောင် လိုက်လာခဲ့ကြပါတယ်”
“ဟုတ်ပါတယ်လေ၊ အမောပြေ ဟင်းရွက်ခူးအပြန် ကျုပ်တို့က ဂျီသားလက်ဆောင်ကလေး ပေးပါရစေဗျာ၊ ဟုတ်လား …. ယူသွားကြ”
ကိုခိုင်လေးသည် ပြောရင်း..
“မနေ့က နေရာမှာ မကျဘဲ ရုတ်တရက် ရှာမတွေ့တာဗိုလ်မှူးက ပြေးအုံးလေ … ပြေးအုံးလေလို့ ပြောလို့ဗျ။ တောမကြိုက်ဘဲ တောစီးသွားတာ။ ဒါကြောင့် ဒီနေ့မှ ဒီဂျီကို ကျုပ်တို့ရတာဘဲ”
“ကျုပ်တော့ နည်းနည်းမှမယုံဘူး လက်မခံဘူး”
ကျွန်ဟော်သည် ဘူးခံ၍ ငြင်းလိုက်သည်တွင်
“စဉ်းစားကြည့်လေ၊ ကျုပ်တို့ သွေးကြောင်းအတိုင်းသုံးလေးမိုင်ကျော် လိုက်ရှာခဲ့ကြတယ်။ အခုတွေ့မဲ တွေ့တော့ ပစ်တဲ့နေရာတွင်ဘဲတွေ့ရတယ်။ ဘာအဓိပ္ပါယ်လဲ၊ ဘယ်လိုအကြောင်းကြောင့်လဲ၊ ခုလိုဖြစ်ရတာဟာ”
ကိုခိုင်လေးသည် ဓါးမြှောင်ကိုကိုင်ကာဂျီပေါက်ကြီးအနီးသို့ ကပ်ရင်းပြောလိုက်ပါသည်။
“ဒီတချီတော့ ဗိုလ်မှူးဘာမှ ငြင်းမနေနဲ့၊ အင်းသာ ခံလိုက်ရုံဘဲ။ ခင်ဗျားပါးစပ်က အငြိမ်မနေမိလို့ ပြောမိပြောရာ ပြောတော့ အချောင်သက်သက် အပြောအဆိုခံရတာပေါ့ဗျာ”
ဦးဘိုးဟန်ကြီးသည် ရယ်ရင်းပြောလိုက်သည်တွင် ကျွန်တော်နဲ့တကွ ပရိသတ်အားလုံးပါ ဝါးကနဲ ရယ်မောမိကြပါသည်။
ငွေတာရီမဂ္ဂဇင်း၊
၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ၊ အမှတ် ၂၉ ။
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ