• July 3, 2025
  • admin
  • 0

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
တောတွင်းတိုက်ပွဲ

မြောက်လေ သုတ်ဆော်လိုက်တိုင်း သစ်ရွက်များပေါ်၌ ခိုကပ်နေသော နှင်းရည်များသည် စွပ်စိုထိုင်းမှိုင်းနေသည့် မြေပေါ်သို့ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာအောင် ကျဆင်းနေပါသည်။

ငှက်ငနွားကအုပ်၏ ထွက်ခါစနေရောင်ကို စောင့်ကြိုရင်း တဘူးဘူးအော်မြည်သံများက ပဲ့တင်ထပ်နေပါသည်။

တောကြက်ဖနှစ်ကောင်၏ နယ်လုရင်း မာန်သွင်းကာ တကောင်နှင့် တကောင် ရန်စောင်၍ တွန်သံများကို ကျွန်တော်က သွားရင်းလာရင်း နားထောင်မိတော့သည်။

ရှဉ့်ငပေါခေါ် တောရှဉ့်ကြီးတကောင်သည် ကျွန် တော်တို့ မုဆိုးသုံးဦး၏ အရိပ်အရောင်များကို မြင်တွေ့သွားသည့် အထိမ်းအမှတ်အဖြစ် စုတ်သပ် သံတွေ လှိုင်လှိုင်ပေးလိုက်ပြီး တောလှန့်သံများ ပေါ် ထွက်စေပါသည်။

ကျွန်း၊ ကနစို၊ မြောက်ချော၊ ရေမနေ အစရှိသည့် သစ်သားကောင်းများ ထွက်ပေါ်စေသည့် “ခွေးအ” ချောင်းနယ်မြေအဖို့ မြိုင်ဆန်လှသလို သားကောင် ကြီးငယ်တို့၏ ပျော်မြူးခိုမှီရာ တောတောင်ဖြစ်စေ သည်။

လယ်ဝေးမြို့နယ်၏ အနောက်တောင်ဘက်စွန်း “ခွေးအ” ချောင်းနှင့် အိုင်ချောင်းတို့ ဆုံစည်းရာ ဒေသကို “ခွေးအအိုင်ချောင်း” ဟူ၍ စုပေါင်းကာ ခေါ်ဝေါ် ကြသလို လူသူနှင့် အနီးဆုံးကျေးရွာများမှာ တောင်ဘက်ယွန်းယွန်း အုတ်ဖိုရွာ (တောင်ငူမြောက်ပိုင်းနယ်) မြောက်ဖက်တွင် နနွင်းကျင်း၊ ချောင်းခွရွာနှင့် အနောက်ဘက်တွင်မူ သစ်ပုတ်ပင်၊ ကြက်သောင်းတောင်ရွာများသာ ရှိနေပါသည်။

မျှော်၍ မဆုံးနိုင်သော ကျင်းပြန့်သော တောများ၊ မြိုင်ဆန်လှသော စိမ့်တောများ၊ ကိုင်းတော၊ ဖောင်းတောတို့ဖြင့် အင်မတန်နက်ရှိုင်းသော၊ ကျယ်ဝန်းသော တောခေါင်ခေါင်ဒေသအဖြစ် ဖော်ပြနေတော့သည်။

ထိုနေ့အဖို ကျွန်တော်နှင့် ဦးဘိုးဟန်၊ တပ်ကြပ်ကြီးသန်းထွန်း စသည့် မုဆိုးသုံးဦးသည် ထိုနေ့နံနက် ဝေလီဝေလင်းအချိန်ကပင် ခြေရာခံပစ်နည်းအရ ခွေးအအိုင်ချောင်းဒေသသို့ အမဲပစ် ထွက်ခဲ့ကြသည်။

ဦးနု၊ ဦးဖိုးရံ အစရှိသည့် ဒုတိယခေါင်းဆောင်များနှင့် ရွာသားအချို့ပါဝင်သော အဖွဲ့ကို အိုင်ချောင်းဝ တွင် တွေ့ဆုံနိုင်ရန် အချိန်းအချက်ပေးကာ နောက်မှ လိုက်ပါစေရန် စီစဉ်ခဲ့ခြင်း ဖြစ်ပေ၏။

ပြောင်၊ စိုင်၊ တောဆင် စသည့် သားကောင်ကြီး များ၏ ခြေရာဟောင်းများကိုသာ တွေ့ရသလို ဆတ်၊ တောဝက်များ၏ လတ်လတ်ဆတ်ဆတ် ပါသွားသော ချေးပုံများနှင့် ခြေရာသစ်များကိုမူ ရှောင်မလွတ်တမ်း များပြားစွာ တွေ့နေရပေ၏။

ထို့ကြောင့် ကျွန်တော်သည် မနေသာသည့်အလျောက်

“ဘယ်လိုလုပ်ကြမလဲ ဦးဘိုးဟန်။ အကောင်ကြီးတွေခြေရာ သိပ်မတွေ့ရဘဲ အဟောင်းတွေချည်း တွေ့နေရတယ်ဗျ။ ဒီ အကောင်ကြီးတွေ ဘယ်သွားနေကြသလဲ”

လှည့်၍ တိုင်ပင်လိုက်သည်တွင်

“နနွင်းကျင်းဘက်နဲ့ မဒန်းချောင်းဘက် လှည့်နေ ကြတယ် ထင်တယ် ဗိုလ်မှူး။ ခါတိုင်း ခုလို ဆောင်း ကာလမှာ ပြောင်တွေ၊ စိုင်တွေ ခွေးအအိုင်ချောင်း ထဲက သိပ်ခွာလေ့ မရှိပါဘူးဗျာ”

ဟု ပြောပြရင်း

“နောက်က လိုက်လာမယ့် လူအင်အားတွေ ကြည့်ပြီး ကျုပ်တို့ သွားရင်းလာရင်း ဟင်းစားကလေး တခုခု တော့ လုပ်ကြအုံးမှဘဲ။ ဒါကြောင့် ဆတ်တွေ့တွေ့
ဝက်တွေ့တွေ့ မလွတ်တမ်း ပစ်ကြဘို့လိုမယ်ဗျ”

ဟင်းပြဿနာကို ဖြေရှင်းရေးအတွက် အကြံပေးလိုက်ရာ ကျွန်တော်တို့၌ ရိက္ခာခြောက်များ ဖြစ်ကြ သည့် အာလူး၊ ကုလားပဲ၊ ငါးခြောက်၊ ငါးပိကောင် များသာ ပါရှိလာခဲ့သည်ကို သတိရမိကာ

“ကောင်းတယ် ဦးဘိုးဟန်။ ပထမဦးဆုံး တိုးမိ ဆုံမိတဲ့ တကောင်ကောင်ကို ပစ်ယူကြမယ်။ သားကောင်ကြီးတွေ၊ ခြေရာသစ်တွေ မတွေ့တဲ့အဆုံးမှာ ကျုပ်တို့ ပစ်ခတ်လိုက်လို့ သိပ်ဂရုစိုက်စရာ မလိုပါဘူး လေ”

တိကျသော အဖြေကို ဖြေကြားလိုက်ရပေ၏။

ကျွန်တော်သည် လက်ပတ်နာရီကို ကြည့်လိုက်ရာ တွင် နံနက် ကိုးနာရီခွဲကာလကို ညွှန်းနေကြာင်း တွေ့ရပေ၏။ ကုန်းသာရွာမှ ထွက်ခါနီး ရေတဝ သောက်ခဲ့ပြီး ယခုအချိန်ထိ နောက်ထပ် ရေမသောက်ခဲ့ရသည့်အတွက် ရေငတ်လာသည်ကြောင့်…

“ဦးဘိုးဟန် … ရေနီးရဲ့လား။ ခဏနားပြီး ရေသောက် ကြရအောင်”

ရေရှာဖွေခိုင်းလိုက်ရာ ဦးဘိုးဟန်သည် တောတောင်အခြေအနေကို တချက်လှည့်ကာ အကဲ ခပ်လေ့လာလိုက်ပြီး..

“ရှေ့နားက ကျောက်ပုစွန်အိုင်မှာ ရေတွေ့ပါလိမ့်မယ် ဗိုလ်မှူး။ နွေခေါင်ခေါင်မှာတောင် ရေမပြတ်တဲ့ စမ်းဗျ။ သိပ်မဝေးပါဘူး။ လာ … ကျုပ်လဲ ခေတ္တနားပြီး ဆေးလိပ်တဖွာလောက် သောက်ကြရအောင်”

ရှေမှ လမ်းပြကာ ခေါ်ငင်လိုက်သည်။

ကျွန်တော်တို့ သုံးဦးသားသည် ရိုက်ဖယ်သေနတ် သုံးလက်ကို ညာဘက်လက်မှ လွှဲကိုင်ကိုင်ရင်း ရှေ့ နောက် တန်းလျက် မြိုင်ဆန်လှသော တောတွင်းမှ ဖြတ်၍ တက်ခဲ့ကြသည်။ စကားလည်း တခွန်းမှ နောက်ထပ် မပြောကြစတမ်းနှင့် နား မျက်စိ တို့ကို အစွမ်းကုန်ဖွင့်လျက် အသုံးပြုရင်း ခြေသံများကို အုပ်နိုင်သမျှ အုပ်ကာ ချီတက်ခဲ့ကြသည်။

မုဆိုးမည်သည် အမြဲတစေ လျင်မြန်ဖျတ်လတ်ရသလို အချိန်အခါမရွေးတမ်း သတိရှိစွာဖြင့် သားကောင်များ၏ လှုပ်သံ၊ ပြေးသံ၊ အော်မြည်သံများကို ဂရုစိုက် အကဲခပ် လေ့လာရပေမည်တကား။

နေရောင်များက ထူထပ်လှသော တောတပြင်ပေါ်သို့ ဟိုတကွက် ဒီတကွက် ထိုးဆင်းကာ လှပသောသဏ္ဌာန်စုံတို့ကို ဖန်ဆင်းလျက်။

xxx xxx xxx

ရှေ့ဆုံးမှ ဦးဘိုးဟန်သည် တုံ့ကနဲ ရပ်လိုက်ပြီး လေသံသဲ့သဲဖြင့်….

“ရှေ့တကွေ့ဆိုရင် စမ်းကို ရောက်မယ်။ ခုအချိန် ရေသောက်ဆင်းတဲ့ အချိန်မို့လို့ ကျုပ်တို့ ဂရုစိုက်ပြီး ချဉ်းကပ်ကြရအောင်။ ဒီလို ချောင်ကျတဲ့ ရေစမ်းမှာ သားကောင်တွေ ဆုံမိနိုင်တယ်”

ဟု သတိပေး ပြောကြားလိုက်ပြီး သူ၏ ညာဖက်လက်တွင်းမှ လွှဲကိုင် ကိုင်ထားသည့် .၄ဝ၄-မော်ဇာရိုက်ဖယ်ကို မောင်းတချက်ထိုး၍ တင်ကာ သော့ပိတ်လိုက်သည်။

ကျွန်တော်ကလည်း .၄၇ဝ-နှစ်လုံးပြူးရိုက်ဖယ်ကို ပစ်ရန်အနေအထားအဖြစ် ပြောင်းလဲ၍ ကိုင်လိုက်ရသည်။

တပ်ကြပ်ကြီး သန်းထွန်းသည် .၄၇၅-ဂျက်ဖရီမဂ္ဂဇင်းရိုက်ဖယ်ကို မောင်းတင်ကာ သော့ပိတ်လိုက်သည်။

ထို့နောက် ဦးဘိုးဟန်သည် လက်ျာရစ် ကွေ့ကာ စီးဆင်းနေသော ဓနုန်းဆူးပင်များ၊ ကြိမ်ပင်ကြိမ်နွယ်များ ရောထွေးစွာ ပေါက်ရောက်နေသည့် ကျောက်ပုစွန်မြှောင်ကလေးဆီသို့ တလှမ်းချင်းပင် အတတ်နိုင်ဆုံး မျက်ကွယ်များကိုယူကာ တက်သွားသည်တွင် ကျွန်တော်တို့နှစ်ယောက်ကလည်း ခြေသံကို လုံနိုင်သမျှ လုံအောင်နင်းလျက် ချောင်းမြောင်းသော မျက်လုံးများဖြင့် ဦးဘိုးဟန်၏နောက်မှ ထက်ကြပ်မကွာ ကျောက်ပုစွန်မြောင်ကလေးဆီသို့ တလှမ်းချင်း တက်ခဲ့ကြသည်။

ရေသောက်ဆင်းနေသည့် ရစ်၊ တောကြက်နှင့် ဒေါင်းများမှာ အင်မတန် မျက်စိရှင်လှသည့်အလျောက် ကျွန်တော်တို့သုံးဦးကို တွေ့မြင်သွားကာ ကြောက်လန့်တကြား ပြေးလွှားနေကြပါသည်။

ကျွန်တော်တို့သုံးဦးသည် မြှောင်ကလေးအတိုင်း ကိုက်နှစ်ရာခန့် ဆန်တက်ခဲ့ပြီးနောက် ကျောက်တုံး ကျောက်ဆွယ်များအကြားတွင် တည်ရှိနေသော ကျောက်ပုစွန်ရေအိုင်အနီးသို့ ချဉ်းကပ်မိကြသည်။

ကျွန်တော်သည် ရေအိုင်၏ မြောက်ဖက်တွင် ကပ် လျက် ထူထပ်စွာ ပေါက်ရောက်နေသော ကြိမ်ပင် ဝါးပင်များအတွင်းသို တစေ့တစောင်း ကြည့်လိုက်ပြီးနောက် ဦးဘိုးဟန်၏ လှုပ်ရှားမှုကို အကဲခပ်ကြည့်မိသည်။ ဦးဘိုးဟန်သည် မျက်တောင်မခတ်တမ်းပင် ရေအိုင်တဝိုက်ရှိ ထွေးတောတဝိုက်ကို အကဲခပ်ရင်း သူ၏ လက်နှစ်ဖက်အတွင်းမှ အမဲပစ်ရိုက်ဖယ်ကို ပစ်ရန်အနေအထားမှ အောက်သို့ပြန်၍ မချသေးကြောင်း တွေ့နေရပေ၏။

မိနစ်ပိုင်းအတွင်း၌ပင် ရေအိုင်၏ အနောက်ဖက် ကိုက်သုံးရာအတွင်းမှ တဝေါဝေါနှင့် တောတိုးသံများ သိသိသာသာကြီး ထွက်ပေါ်လာပါသည်။

ကျွန် တော်နှင့် တပ်ကြပ်ကြီးသန်းထွန်းတိုသည် ဖျပ်ခနဲ တောငှက်ပျောပင်များနောက်ကွယ်သို့ ဝင်၍ကပ်ကာ နေရာယူလိုက်ကြသည်။

“ဦးကြီးဟန် … ဘာသံတွေလဲဗျ”

အရေးတကြီးပင် တပ်ကြပ်ကြီးသန်းထွန်းက လှမ်း၍ မေးလိုက်ရာ ဦးဘိုးဟန်သည် တစုံတရာ ပြန်၍ မဖြေကြားတော့ဘဲ ကျွန်တော်တို့ မျက်နှာမူ၍ ရပ်နေရာ ထွေးတောတနေရာဆီ အရေးတကြီးနှင့် လက်ညှိုးနှင့် ထိုးကာ ထိုးကာ ပြသလိုက်ပြီး ကျွန်တော်တို့နှစ်ဦးနည်းတူ တောငှက်ပျောပင်များနောက်သို့ အမြန်ဆုံးကပ်၍ ပုန်းကွယ်လိုက်သည်။

ကျွန်တော့်အနေဖြင့် ဦးဘိုးဟန် လက်ညှိုးထိုး၍ ပြသခဲ့သည့် ထွေးတောနှင့် တဝုန်းဝုန်းအသံများ ထွက်ပေါ်လာနေသည့် ခပ်လှမ်းလှမ်းတောင်စောင်း နေရာနှင့် တခြားစီဖြစ်နေသဖြင့် ဦးဘိုးဟန်ညွှန်ပြလို သော ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်
နားမလည်နိုင်အောင် ရှိနေပါသည်။

ကျွန်တော်သည် ရုတ်တရက် ပေါ်ပေါက်လာနိုင် သည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် နှစ်လုံးပြူးရိုက်ဖယ်ကို မောင်းတင်လိုက်ပြီး ပုန်း ကွယ်နေရာမှ ထ၍ ရပ်လိုက်မိပါသည်။

ဦးဘိုးဟန်ကမူ လေသံကလေးဖြင့် ကပ်၍

“အသာ စောင့်ကြည့်စမ်းပါ ဗိုလ်မှူး”

ဟု သတိပေးလိုက်ပါသည်။

စက္ကန့်ပိုင်းအတွင်း၌ ရှူးကနဲ ကြီးမားသော သတ္တဝါတကောင်၏ နှာခေါင်းမှုတ်သံကြီးတချက် ထွက်ပေါ်လာပါသည်။ ထိုအသံစူးစူးဝါးဝါးကြီးနှင့် အတူ လူတရပ်ခန့် မြင့်မားစွာ ပေါက်ရောက်နေသည့်
ကြိမ်ပင်များကြားမှ မတ်ခနဲ ပြောက်ပြောက်ကျားကျား ရှည်မျောမျောသဏ္ဌာန်တခု ရုတ်တရက်ပေါ်ထွက်လာပါသည်။

ကျွန်တော်သည် တောငှက်ပျောရွက် နှစ်ရွက်နောက် ကွယ်မှ ဂရုတစိုက် ကြည့်လိုက်သည့်နောက်ဝယ် တောက်ပြောင်သော မျက်လုံးနှစ်လုံးနှင့် ကျွန်တော်တို့ပုန်းကွယ်ရာ ရေအိုင်ဘက် မျက်နှာမူကာ မာန်သွင်းနေသော မြွေငန်းကြီးတကောင်၏ ပြီပြီသသသဏ္ဌာန်ကို တွေလိုက်ရပေ၏။ ပါးစပ်အတွင်းမှာ ထုတ်လိုက်သိမ်းလိုက်နှင့် ခွနှစ်ခွနှင့် လျှာသာလျှင် မြွေငန်းကြီး၏ လှုပ်ရှားမှုအဖြစ်ကို တွေရသလို ပါးပြင်းတဟူးဟူးထနေသော သူ၏ အထက်ပိုင်းကမူ ရန်သူကို အရေးတကြီး ရှာဖွေနေပုံဖြင့် ငြိမ်သက်နေတော့သည်။

ကျွန်တော်နှင့် တပ်ကြပ်ကြီးသန်းထွန်းက အမဲပစ်ရိုက်ဖယ်ကြီးများနှင့် အကျယ်အဝန်း ဆယ့်ခြောက်လက်မခန့်ရှိသည့် မြွေကြီးပါးပြင်းပိုင်းဆီသို့ လှမ်း၍ချိန်ရွယ်လိုက်သည်တွင် ဦးဘိုးဟန်သည် စုတ်သပ်ကာ

“ခဏကလေး စောင့်ကြည့်ပါ။ နောက်ပိုင်းက ဆင်းလာတဲ့ အသံတွေကြောင့်ပါ”

နှစ်ကိုယ်ကြားလောက်သော လေသံဖြင့် အချိန်မှီ သတိပေးလိုက်ပြန်သည်။

ကျွန်တော်တို့ အသင့်ချိန်ရွယ်၍ စောင့်နေရာ ရေအိုင်ဖက်သို့ တဝေါဝေါနှင့် ဆူညံစွာဆင်းလာသည့် တောတိုးသံများသည် ပိုမို၍ နီးကပ်လာချေပြီတကား။

မြွေငန်းကြီးသည် ကျွန်တော်တို့ဘက်သို့ မျက်နှာမူ နေရာမှ တခဏချင်းပင် တောင်စောင်းဘက်သို့ စောင်းငဲ့ကာ မာန်သွင်းလိုက်ရင်း “ရှူး” ကနဲ နှာခေါင်းတချက် မှုတ်လိုက်ပါသည်။

ကောင်းစွာ ကျရောက်နေသော အလင်းရောင်များအောက်ဝယ် စိမ်းဖန့်ဖန့် ကိုယ်လုံးတွင် တထွာခန့် အကွာအဝေးတွင် အနက်ရစ်များဖြင့် မာန်သွင်းနေသည့် “ငန်းသံခွေစွပ်” ၏ အမူအရာမှာ တုန်လှုပ်ဘွယ်ရာအဖြစ် မြင်တွေနေရပါသည်။

ငန်းမြွေကြီး၏ နှာခေါင်းမှုတ်သံအဆုံး၌ တဝေါဝေါအသံများ ထွက်ပေါ်လာအောင် ရေအိုင်ဆီသို ဆင်းလာကြသည့် အမည်မသိရ မမြင်ရသေးသော သတ္တဝါများသည် တန့်ကနဲ ရပ်သွားပြီးနောက် တကျစ်ကျစ်အသံများ ထွက်ပေါ်လာအောင် မာကြောသော အရာဝတ္ထုခြင်း ကြိတ်သံများ ထွက်ပေါ်လာပါ သည်။

ကျီကနဲ ကျယ်ကနဲ အသံရှည်များကို နောက်ထပ် ထွက်ပေါ်စေပြီး တစုတရုံးတည်း လာနေရာမှ ဟိုတစု ဒီတစု အုပ်စုလိုက်သည် ပြေးလွှားလှုပ်ရှားသံများ သည် တခဲနက် ထွက်ပေါ်လာပါသည်။

“ဝက်တွေဗျို့ … တောဝက်တွေ၊ တခါဖြင့် ပွဲကြီး ပွဲ ကောင်း မြင်ရအုံးတော့မယ်ဗျို့”

ဦးဘိုးဟန်က အရေးတကြီး ပြောကြားလိုက်သည်။

ကျွန်တော်သည် မုဆိုးမျက်စိနှစ်လုံးဖြင့် ကြိမ်တောများအကြား ကြည့်လိုက်မှပင် ခါးစောင်းလောက် ရင်စို့လောက် မြင့်မားသော အရပ်အမောင်းကြီးများဖြင့် လည်ဆန်မွေး စောင်းမွေးတွေထကာ တရှူးရှူးနှင့် မာန်သွင်းရင်းပင် မြွေကြီးကို ချာချာလည် ဝိုင်းရံလျက် တလှမ်းချင်း ရှေ့သို့ သတိကြီးစွာဖြင့် တက် လာသည့် တောဝက်အုပ်ကြီးကို တွေမြင်မိတော့​၏။

ငန်းကြီးသည် လျှောကနဲ ရှေ့ဆုံးမှ တက်လာသော ဝက်တောင်းကြီးကို လှမ်း၍ ပေါက်လိုက်ရာ ခြေတိုကိုယ်ကြီးဖြစ်နေသော ဝက်တောင်းကြီးသည် ကိုယ်လုံးပုတိုတိုနှင့် မလိုက်အောင် စွေ့ကနဲ ဘယ် ဘက်သို့ ခုန်လွှားကာ ရှောင်တိမ်းလိုက်ပြီး မြွေငန်း ကြီး၏ ဂုတ်ပိုးကို မိမိရရ ဝင်၍ ခဲလိုက်တော့သည်။

ငန်းကြီးသည် ရှည်လျားသော ကိုယ်လုံးဖြင့် ဝက်တောင်းကြီးကို ရစ်ပတ်လိုက်သည်တွင် ရုတ်တရက်အတွင်း၌ ဝက်မကြီးတကောင်နှင့် ဝက်ထီးတကောင်က ငန်းကြီး၏ အလယ်ပိုင်းကို ဝင်ရောက်ကာ ကိုက်ဝါးနေကြပါသည်။

ငန်းကြီးသည် ဝက်တောင်းကြီး၏ ပါးစပ်အတွင်းမှ ရုန်းကန်လွတ်မြောက်လာပြီးနောက် သူ့အား စတင်၍ ကိုက်ခဲ့သည့် ဝက်တောင်းကြီးကို ပေါက်ချလိုက်သည်။

ဝက်တောင်းကြီးသည် “အီ” ကနဲ တခွန်းသာအော်မြည်လိုက်ပြီး ငန်းကြီး၏ ခေါင်းပိုင်းကို အတင်းဝင်၍ လုံးသတ်ကာ တဖြောင်းဖြောင်း ကိုက်ဝါးနေပါသည်။ ဟိုမှ ဒီမှ ပြေးဝင်လာသော ဝက်တွေက လူးလွန့် ရုန်းကန်နေသော ငန်းကြီးအား တစပ်စပ်ထိုးကာ ဟတ်ကြ ကိုက်ဆွဲကြသည်။

ငန်းကြီး၏ ခေါင်းပိုင်း၌မူကား ဝက်ကြီးငါးကောင်တို့က ငန်းကြီး၏ လည်ဂုပ်၊ ပါးပြင်းနှင့် လည်တိုင်တို့ကို အလွတ်မပေးတမ်း ကိုက်လျက် ပက်လျက် ဗလုံးဗထွေးနှင့် တိုက်ပွဲဆင်နေကြသည်။

ငန်းကြီး၏ အလယ်ပိုင်းသည် ဝက်တကောင်ကို ရစ်ပတ်ထားသလို တအီအီ အော်မြည်ရုန်းကန်သံ များ ထွက်ပေါ်လာသကဲ့သို့ ဝက်အကောင်နှစ်ဆယ် ခန့်ကလည်း ငန်းကြီး၏ အလယ်ပိုင်းနှင့် ဝက်ကို ရစ် ပတ်ထားသည့် နေရာတဝိုက်ကို တဝုန်းဝုန်းနှင့် ကိုက်နေကြသည်။

ကျွန်တော်သည် အင်မတန် အဆိပ်ပြင်းထန်လှသော ငန်းမြွေဆိုးများ၏ အဆိပ်စွမ်းရည်သတ္တိကို သိရှိနားလည်ထားသည့်အလျောက် ထိုတိုက်ပွဲအတွင်း၌ လည်းကောင်း၊ တိုက်ပွဲပြီးစီးသည့် ကာလ၌ လည်း ကောင်း တောဝက်တွေအဘို့ ငန်းကြီး၏ အစွယ်သင့်ကာ အတုံးအရုန်း သေကြမည်ကို နားလည်မိသည်။

ငန်းမြွေမျိုးကား များစွာ ဒေါသကြီးသလို အဆိပ်ထက်မြက်လှပါပေ၏။ မြွေပွေးကိုက်လျှင် အခါလည်ခံကြောင်း၊ သို့မဟုတ် နှစ်ဆယ့်လေးနာရီ တနေ့ခံကြောင်း သိရသလို ငန်းမြွေကိုက်မိပါက သတ္တဝါထဲ၌ အကြီးမားဆုံး ဆင်ကြီးပင် ဖြစ်ပါစေ ငန်းမြွေ ၏ ကိုယ်လုံးအရှည် တပြန်သာ သွားလာနိုင်ပြီး အဆိပ်တက်ကာ သေဆုံးရကြောင်းအနေနှင့် “ငန်းတပြန်” ဟူသောစကား ပေါ်ထွက်ခဲ့ပေ၏။

ကျွန်တော်တို့သုံးဦးအဘို့ မမြှော်လင့်ခဲ့သည့် တောတွင်းတိုက်ပွဲတရပ်ကို အံ့အားသင့်စွာဖြင့် ပုန်းကွယ်ကာကြည့်ရှုနေဆဲ ဖြစ်ပါသည်။ ဝက်အုပ်ကြီးသည် ငန်းကြီးကို ကိုက်ရင်း ပါးစပ်တွင်း၌ ပါလာသည့် အသားအရေများကို တကျွတ်ကျွတ်ဝါးကာ စားလျက် သွေးအလူးလူးနှင့် ရုန်းကန်နေသည့် ငန်းမြွေကြီး၏ တကိုယ်လုံးအဘို့တွင် ဝက်ကြီး ဝက်ငယ်များက အလုအယက် ဝင်ရောက်ကာ တိုက်ပွဲဆင်ရင်း ငန်းမြွေကြီး၏ အသားကို အငန်းမရ စားသောက်နေကြသည်။

အလယ်ပိုင်းတွင် ရစ်ပတ်မိသော တောဝက်မှာ ကျန်ဝက်များ၏ ဝိုင်း၍ကိုက်ဖြတ်ခဲ့သည့် မြွေကြီး၏ အခွေမှ ပြေ၍ လွတ်မြောက်သည့် တပြိုင်နက်တည်း ဒယိမ်းဒယိုင်အမူအရာနှင့် ရပ်တည် အနားယူလိုက်ပြီးနောက် တဟုန်တည်းပင် မြွေကြီး၏ အစိတ်အပိုင်းတခုကို လွှတ်ခနဲ ကိုက်ကာ ချီကာ စားသောက်လိုက်လေသည်။

တိုက်ပွဲ၏ အရှုံးအနိုင် အဆုံးအဖြတ်ကား မိနစ်ပိုင်းအတွင်း၌ ပေါ်ထွက်လာချေ၏။

စင်းစင်းလဲကာ သေနေသော ငန်းမြွေကြီးကို တဝုန်းဝုန်း လုယက်စားသောက်နေကြသည့် တောဝက် အုပ်ကြီးအဘို့ ကြာရှည်မခံနိုင်တော့ဘဲ အရိုးအရင်း များ ပေါ်ထွက်လာပါသည်။

ငန်းမြွေကြီး အပေါက်ခံရသော ဝက်ကြီးများ၏ အခြေအနေကို မမှိတ်မသုန် စောင့်ကာ ကြည့်နေသည့် ကျွန်တော့်အဘို ဝက်ကြီးများ၏ လှုပ်ရှားမှုများမှာ ခါတိုင်းကဲ့သို့ သွက်လက်နေရုံမျှမကဘဲ ဝက်မများ အနီးအပါး ချဉ်းကပ်လာကြသည့် ဝက်ထီးအငယ်ပိုင်းကို တအီအီအော်မြည်အောင် လိုက်ကာ ပက်ရင်း ကိုက်ရင်းနှင့် မောင်းနှင်ထုတ်နေသည်ကို တွေ့ရပေ၏။

ဝက်ငယ်များသည် ကျောက်ရေအိုင်ရှိရာသို့ စုပြီး ဆင်းလာပြီး ရေကို တဝသောက်ကာ ဝက်ငယ်အချို့ သည် ကျွန်တော်တို့ပုန်းကွယ်နေရာ ငှက်ပျောပင်များ ဆီသို့ ပြေးတက်လာရင်းနှင့် ငှက်ပျောအူများကို ကိုက်ဝါးစားသောက်လိုက်ကြသည့်အဆုံး၌ ကျွန်တော်တို့ကို တွေ့ရှိသွားကာ စီကနဲ အော်သံများနှင့် ဝက်အုပ်ကြီးရှိရာသို့ ပြန်ပြေးသည်။

ဤတွင် အုပ်စီးဝက်ထီးကြီးသည် ကျွန်တော်တို့ ပုန်းကွယ်ရာသို့ တချက် ခေါင်းမော့်ကာ အနံ့ခံလိုက်ပြီး မြွေကြီး၏သွေးစိမ်းများပေါ်နေသည့် ကိုယ်လုံးကြီးကို သိမ့်ကနဲ ယမ်းခါလိုက်ပြီးနောက် ကျွန်တော်တို့ ပုန်းကွယ်ရာသို ဝါးလုံးထိုး လှိမ့်ကာ တဟုန်တည်း ပြေးတက်လာပါသည်။

ဦးဘိုးဟန်သည် ပုန်းနေရာမှ ငုတ်ကနဲ ထ၍ ရပ်လိုက်ပြီး

“ပစ်ကြဗျို့ ၊ မြန်မြန်ပစ်ပေး”

အော်ဟစ်ပြောဆိုလိုက်ပြီး ကျောက်အိုင်ထိပ်သို့ ရောက်လာသည့် အုပ်စီးဝက်ကြီးကို ထိုးပစ် ပစ်ချလိုက်ရာ .၄၀၄ ကျည်ဆန်၏ တခဲနက် ပေါက်ကွဲသံများသည် တောပြင်ကို သိမ့်သိမ့်ခါထွက်စေသည်။

ကျွန်တော်လည်း ပြေးတက် လိုက်ပါလာသည့် ဝက်ကြီးနှစ်ကောင်ကို ဘယ်ပြောင်း ညာပြောင်းမှ ကျည်ဆန်နှစ်တောင့်နှင့် ပစ်ချလိုက်သလို တပ်ကြပ် ကြီး သန်းထွန်း၏ ရိုက်ဖယ်ကလည်း ဒိုင်းကနဲ ဒိုင်း ကနဲ ကော်ဒိုက်ယမ်းငွေ့များ မီးပွင့်လျက် ထွက်ပေါ် လာပါသည်။

နောက်ပိုင်းမှ ဝက်အုပ်ကြီးသည် ဝေါကနဲ နောက်ပိုင်း ယိမ်းလျက် ပြေးမိပြေးရာ ဆုတ်ခွာလိုက်ရာ ထွေးတောကြီးတတောလုံး သိမ့်သိမ့်တုန်ကာ ကျန်ရစ်ပါသည်။

ကျွန်တော်တို့သုံးဦးသည် တောဝက်ကြီး ငါးကောင်ကို လှမ်း၍ ကြည့်လိုက်ပြီး တလှမ်းချင်းပင် လဲကျ နေသည့် ဝက်ကြီးများရှိရာသို့ တက်ခဲ့ကြသည်။

“အာဂ အကောင်တွေဗျ။ မျက်လုံးတွေ ပြာနေပြီး လူရော တိရစ္ဆာန်ရော မရှောင်တမ်းဆော်ဘို့ ထွက်လိုက်လာကြတာကလား။ ကျုပ်တို့က ဆီးပြီး မပစ်ခဲ့ရင် ကျုပ်တို့ကို ဆော်ထည့်ပြီးသားဘဲ”

ဦးဘိုးဟန်က ပြောလိုက်သည်။

ကျွန်တော်သည် ဦးဘိုးဟန် ပထမဆုံး ပစ်ခတ်ခဲ့သည့် အုပ်စီးဝက်ထီးကြီးကို ငုံ့၍ ကြည့်လိုက်ရင်း …

“ဘယ့်နဲ့လဲ ဦးဘိုးဟန်၊ ငန်းမြွေကြီး အပေါက်ခံရလို့ အဆိပ်တက်ပြီး ဒီဝက်တွေ မသေကြပါကလား”

မေးမြန်းလိုက်ရာ ဦးဘိုးဟန်သည် ခေါင်းကိုယမ်း၍ ပြသလိုက်ပြီး ….

“တောဝက်ကို ဘယ်လိုမြွေဆိုးမှ ပေါက်လို့ မသေဘူးဗျ … မှတ်ထားကြ။ တောဝက်အရေက အိမ်ဝက် ထက် ပိုထူတယ်။ ပြီးတော့ အဆီက တထပ်ခံပြီးနေ တော့ ဘယ်ကလာပြီး မြွေဆိပ်ဟာ အရေထူနဲ့ အဆီ ပြင်ကို ဘယ်လိုကျော်ဖြတ်ပြီး အသားထဲ ဝင်နိုင်ပါ့ မလဲ။ ရှင်းရဲ့လား ဗိုလ်မှူး”

ပြောပြောဆိုဆို တောဝက်ကြီး၏ လည်ဂုပ်ပိုင်းမှ အမွေးရှည်တဝိုက်ကို ထက်မြက်သော အမဲလိုက်ဓား မြှောင်နှင့် ခြစ်၍ ရှင်း၍ …

“ကြည့်ပေတော့။ ဟောဒီမှာ ငန်းမြွေကြီးအစွယ် ရာ လေးပေါက်”

ဟု ပြသလိုက်သည်တွင် ဇာထိုးအပ်ခေါင်းမျှ ကျယ်ဝန်းသော အစွယ်ရာ လေးပေါက်ကို တွေရပေ၏။

ထိုနောက် ဦးဘိုးဟန်သည် ထိုပြောင်တလင်းခါ နေသော နေရာတဝိုက်မှ ဝက်ရေကို ကြိတ်၍ လှီး ဖြတ်ကာ အရေခွာလိုက်သည်တွင် ဖြူဖွေးနေသော ဝက်ဆီများပေါ်၌ မဲနက်နက် မြွေဆိပ်များကို တွေ့လိုက်ရပေ၏။

“ကိုင်း ဦးကြီးဟန်ရေ့။ မြွေရိုးတွေကို တနေရာရာမှာသပ်သပ်စုကြရအောင်။ နောက်ကလိုက်လာကြတဲ့ ဘိနပ်မပါတဲ့ ရွာသားတွေ နင်းမိရင် ဝက်တွေ မသေဘဲ လူတွေသေမှာ စိုးရတယ်”

သန်းထွန်းက ပြောကြားလိုက်ပြီး ဝါးတချောင်းကို ခုတ်ကာ ထိပ်မှ ချွန်လိုက်ပြီး ပြန့်ကြဲနေသော ငန်းသံခွေစွပ် အစိတ်အပိုင်း အရိုးအရင်းများကို စုဆောင်းက တနေရာတွင် ပုံနေပါသည်။

ဦးဘိုးဟန်နှင့် ကျွန်တော်သည် မြွေရိုးများ စုပုံရင်းမှ

“ထွက်လာတော့ အမဲကြီးပစ်ဘို့။ ခု ပစ်ရတော့ တော ဝက်တွေဘဲဗျာ”

ပြောလိုက်ရာ…

“ဘယ်တတ်နိုင်မှာလဲ ဗိုလ်မှူး။ ကျုပ်က ရောက်ရောက်ခြင်း ထွေးတောထဲကို ဝင်သွားတဲ့ မြွေကြီးအမြီး ဖျားကို မြင်လိုက်ရလို့ အသာ ကိုယ်ရှိန်သတ်နေတာ ကိုး။ ရေသောက်ပြီး ပြန်အတက်မှာ တောဝက်အုပ်နဲ့
ငန်းကြီး တိုးမိတာဗျ”

အားရပါးရ အသံကြီးဖြင့် ရှင်းလင်းပြောပြလိုက် ပါသည်။

ငွေတာရီမဂ္ဂဇင်း ၊ ဇူလိုင်လ၊ ၁၉၇၀

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

Leave a Reply

Your email address will not be published. Required fields are marked *