ခက်နွယ်
“မောင်ခက်ရေ … တံဆိပ် ရှိ မရှိ သေသေချာချာကြည့်ကွ။ တော်ကြာ အားလုံးလုပ်ကိုင်ပြီးမှ တံဆိပ်ကို တွေ့နေရင် မကောင်းဘူး”
ဦးကြီးရွှေမိုးသည် ကျွန်တော့်ကိုပြောရင်း ပိတောက်ပင်ကြီး၏ ပင်စည်ကို လှည့်ပတ်ကြည့်နေသည်။ ကျွန်တော်လည်း ကြည့်သည်။ ဘာမျှမတွေ့။
“မတွေ့ဘူး ဦးကြီး”
“အေး … မတွေ့ရင် တံဆိပ်လုပ်ထားခဲ့ကြပြီး ရှေ့ဆက် ရှာကြဦးမယ်”
ဦးကြီးရွှေမိုးသည် ပြောလည်းပြော ပိတောက် ပင်ကြီး၏ ပင်စည် လူတစ်ရပ်သာသာတွင်လည်း ဓားဖြင့် ကြက်ခြေခတ်အမှတ်အသားဖြင့် ထွင်းလှီးနေလေသည်။
နဖူးပြင်မှ ချွေးစက်ချွေးပေါက်တို့ကို ကျွန်တော် လက်ဖြင့်သပ်ချလိုက်ရသည်။ တပေါင်းလ၏ အလယ်ရက်များဖြစ်သည်မို့ နေပူရှိန်သည် ခပ်ပြင်းပြင်းနှင့် ကျွန်တော်တို့ကို နှိပ်စက်နေလေသည်။
တစ်ကျောတစ်ကျောတွင် တိုက်ခတ်လိုက်တတ်သော လေကြမ်းကြမ်းကြောင့် သစ်ပင် ဝါး ပင်ကြီးများ ဆူပူငိုညည်းကုန်ကြရသည့်နည်းတူ
ရင့်ရော် ညှိုးနွမ်း ခြောက်သွေ့ နေကြကုန်သော သစ်ရွက်အမျိုးမျိုးတို့ ပင်စည်အကိုင်းအခက်တို့မှ မခွာချင် ခွာချင်နှင့် စွန့်ခွာသွားကြရကုန်သည်။
နွေ၏ အပူဒဏ်ကို အံကြိတ်ရင်ဆိုင် ဇွဲနှင့်ယှဉ်ပြိုင်နေကြသည်။ တောပန်းတောင်ပန်း အမျိုးမျိုးတို့သာ အရောင်အသွေးအစုံစုံ ရနံ့အဖုံဖုံတို့ဖြင့် တောတောင်၏ အလှကို တန်ဆာဆင်နေကြဆဲ။
ဦးကြီးရွှေမိုး တံဆိပ်လုပ်ပြီးသွားပြီ။ ရှေ့ ဆက်၍သွားကြရန် ကျွန်တော် ခြေလှမ်းပြင်လိုက် သည်။
ကျွန်တော်တို့သည် နွေရာသီ မိုးပြတ်ခိုက် ပန်းမျိုးစုံ၏ ဝတ်ရည်ကို အမှီပြု အုံဖွဲ့ အိမ်သစ်စွဲနေကြသည့် ပျားအုံတို့မှ ပျားရည်များတို့ကို စွပ်ယူကြရန် ပဲခူးရိုးမ သစ်တောကြီးအတွင်းသို့ ဝင်ရောက်နေခဲ့သူများ ဖြစ်ပါသည်။
ကျွန်တော်တို့ ပျားဖွပ်သမားများမှာ နှစ်ယောက်တစ်ဆိုင်း သုံးယောက်တစ်ဆိုင်း ရှိတတ်ပြီး မိုးကုန်စ သီတင်းကျွတ်လ တန်ဆောင်မုန်းလများတို့ကတည်းက တောထဲဝင်ကာ ပျားအုံကို ရှာကြရ၏။ အရင်တွေသူက အမှတ်အသားတံဆိပ်အဖြစ် သစ်ပင်ပင်စည်တွင် ကြက်ခြေခတ်ပုံဖြင့် ပြုလုပ်ထားခဲ့ကြသည့်အပြင် ကိုယ့်အပင် သူ့အပင် သိသာအောင် သင်္ကေတတစ်မျိုးပါ ပြုလုပ်ထားတတ်ကြလေသည်။
ယခု ကျွန်တော်တို့က ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပြီးသည့် အပင်သို့သွားရင်း လမ်းတွင် ပျားအုံအသစ်တွေ့၍ ပင်စည်တံဆိပ်ရှာရာ မတွေ့သဖြင့် မှတ်သားထားခဲ့ကြခြင်း ဖြစ်ပါသည်။
ပျားဖွပ်သောအလုပ်ကို အမြဲလုပ်ကြသူတို့သည် သူတစ်ပါးတံဆိပ်ရိုက်ထားပြီးသော အပင်ကို မည်သူမျှ သစ္စာဖောက်၍ မဖွပ်ကြပါ။ ဖွပ်ပါကလည်း တောတောင်စည်းကမ်းကို ဖောက်ဖျက်သူဖြစ်သဖြင့် နောက်ထပ် ရှာဖွေလုပ်ကိုင်၍ မရတော့ဟု ယုံကြည်ထားလေ့ ရှိကြပါသည်။
ပဲခူးရိုးမတောင်ခြေ သစ်တောနယ်မြေသည် လျှိုမြောင်လည်း ပေါများ၏။ မြက်ရိုင်း ချုံနွယ် သစ်ကြီးဝါးကြီးများလည်း ထူထပ်၍ ချောင်းငယ် မြောင်းငယ် ရေအိုင် ရေကွက်တို့သည်လည်း နေရာမလပ် ရှိတတ်၏။
သည်ကြားထဲက အသက်ကို ရန်ရှာနိုင်သော သားကောင်ကြီးများတို့ကိုလည်း သတိဝီရိယနှင့် ရှောင်ရှားသွားလာနေကြရသည်မို့ ခရီးမတွင်ပါ။
“မောင်ခက်ရေ … နားကြဦးစို့ဟေ့၊ ခဏနေပြီးမှ ခရီးဆက်ကြတာပေါ့”
ဦးကြီးရွှေမိုး အပြောအဆုံးတွင် ကျွန်တော့်ကို ထမ်းပိုးသယ်ဆောင်လာကြရသည့် ပျားက၊ ပျားတက်ကြိုး၊ ပျားတိုက်ကြိုး၊ ယက်စူးဝါး၊ ယက်နှင့် မီးတုတ်တိုင်တို့ကို မြေပြင်သို့ ပုံချလိုက်ရပါတော့သည်။
X X X X X X X X X
ပဲခူးရိုးမ၏ တောင်စွယ်တစ်ခုဖြစ်သော စောဖြူတောင် တောင်ခြေသို့ ကျွန်တော်တို့ ရောက်ရှိနေခဲ့ကြသည်။ စောဖြူတောင်တစ်ဝိုက်သည် စိမ့်မြိုင်ကျသော သစ်တောကြီးနယ်မြေဖြစ်သဖြင့် မြင့်မားမတ်စောက်သော သစ်ပင်ကြီးများကို အမျိုးမျိုး တွေ့ရသည်။
သစ်ပင် သစ်ကိုင်းတို့တွင် လိမ်ပတ် တက်နေသည့် နွယ်စိမ်းကြီးများကြားမှ အရောင်စုံ အသွေးစုံ သစ်ခွပန်းလှလှ အဆုပ်အခိုင် အသွယ်အတန်းကြီးများကိုလည်း တွေ့ရ မြင်ရပြန်သည်။
သည်အရှုပ်အထွေး အဖုအထစ်တို့ကြား၌ အကိုင်းကိုလည်းကောင်း၊ ပင်စည် အခေါင်းကိုလည်းကောင်း အခြေချ အုံ့ဖွဲ အိမ်စွဲနေတတ်ကြသော ပျားတို့၏ အုံကို ကျွန်တော်တို့ ကြိုးစားပန်းစား ရှာဖွေနေကြရခြင်း ဖြစ်ပါသည်။
အုံဖွဲ့နေထိုင်ကြကုန်သော ပျားတို့တွင် ပျားကြီး၊ ယင်ပျားငယ်၊ ယင်ပျားလတ်၊ သစ်ခေါင်းပျား စသည်တို့ကို အများအပြား တွေ့ရတတ်ပြီး အချို့အချို့သော ပျားမျိုးစုံတို့၏ အုံတို့ကိုလည်း တွေ့ရတက်လေသည်။
ကျွန်တော်တို့သည် တွေ့သည့် ပျားအုံတို့ကိုပင် တွေ့သလို ရှာဖွေဖွပ်ယူကြရပါသည်။ လောလောဆယ်မူ မိုးနှောင်းပိုင်းက ဝင်ရောက်ရှာဖွေတွေ့ရှိထားပြီးသား ပျားအုံအချို့ကို လက်လှမ်းမီသမျှ အရင်ဆုံး ရှာဖွေ နေကြရသည်။
တွေ့ပြန်တော့လည်း သူများ ဖွပ်ယူပြီး မပြီး အရင်ကြည့်ကြရပြန်သည်။
ပျားတို့သည် တော်သလင်း သီတင်းကျွတ်၊ မိုးပြတ် လေပြတ်ချိန်လောက်မှစ၍ အိမ်သစ်တည်ဖွဲ့ရန် သစ်ပင်သစ်ခေါင်းတို့ကို ရှာဖွေတတ်ကြသည်။
သစ်ပင် သစ်ခေါင်း သို့မဟုတ် ပျားအုံစွဲရန် နေရာဟောင်းကို တွေ့သည်နှင့် ဖလောင်းအိမ် စတင်တည်ရန် လူတို့ ခုတ်လှဲထားပြီးသော သစ်ပင် အကိုင်းအခက်တို့မှ ယိုစီးထွက်နေသော အဆီအစေးများနှင့် သစ်ခေါက်စားငှက်များ ပိုးများကို ထွင်းဖောက်စားသောတ်ထားတတ်ကြသော အပေါက်အကွဲ အငုတ်အပြတ်တို့မှ စိမ့်ထွက်နေသည့် သစ်စေးအစိမ်းတို့ကို ရှာဖွေကြရလေသည်။
ပန်းပွင့်ရှိ ဝတ်ရည်လောက်ကိုသာ စုပ်ယူနိုင်အားရှိသော ပျားတို့၏ နှုတ်သီးသည် သစ်ပင်သစ်ကိုင်းတို့၏ အတွင်း အနှစ်အူဆီမှ ကျဆင်းလာမည့် သစ်စေးကို ရအောင် ယူနိုင်သည် အင်အားမရှိပါ။
“မောင်ခက်ရေ တို့ မနက်စာ စားကြဦးစို့ဟေ့။ နေမွန်းတည့်နေပြီ”
X X X X X X X X X
“အပေါ်ကျတော့လဲ အကိုင်းအခက်တွေက ပေါသားကွ။ အောက်ခြေကနေ အပေါ် တော်တော်မြင့်မြင့်အထိ ပင်စည်ချည့် မားမားမတ်မတ်ကြီး”
ထောက်ကြံ့ပင်ကြီး တစ်ပင်၏ အထက်အမြင့်ပေါ်ကို မော်ကြည့်လျက်က ဦးကြီးရွှေမိုး ပြောသည်။
ကျွန်တော်ပါ မော်ကြည့်လိုက်မိ၏။
ဟုတ်ပါသည်။ ပေသုံးဆယ်နီးပါးလောက်အထိ ပင်စည်က အမြင့်ကြီး။
အပင်အမြင့်ကြီး၏ ပင်စည်မှ ခွဲထွက်နေသော အကိုင်းကြီး တစ်နေရာတွင် အခက်အလက် အရွက်အညွန့်များ ရှုပ်ထွေးနေ၏။ ယင်း ရှုပ်ရှုပ်ထွေးထွေးများထဲတွင် ပျားအုံများ ရှိနေသည်။ ရှိသည့် ပျားအုံတွေကို ကျွန်တော်တို့ ဖွပ်ကြရမည်။
ဝါးနက်ဝါးကို အရင်းပိုင်းမှစ၍ နှစ်ပေစီခြားကာ ဟိုဘက်သည်ဘက်ပေါက်အောင် အပေါက်များဖောက်ထားသည့် ယက်စူးဝါးကို ထောက်ကြံ့ပင်ကြီး၏ ပင်စည်၌ မားမားမတ်မတ်ဖြစ်အောင် ထောင်လိုက်သည်။
နောက် ယက်ခေါ် ကြို့သားဖြင့် ပြုလုပ်ထားသည့် အရှည် ၁ဝလက်မ၊ လုံးပတ် လူတစ်ကိုယ်စာ ခိုင်ခန့်လောက်အောင်ရှိသည့် သစ်သားတို့ကို ယက်စူးဝါး အပေါက် အောက်ခြေမှ တစ်ပေါက်ပြီး တစ်ပေါက် ယက် ရိုက်တုတ်ဖြင့် ရိုက်လျက် ပျားဆရာဖြစ်သည့် ဦးကြီးရွှေမိုး စတင်တက်သည်။
ဆရာ၏ လိုအပ်ချက်များကို စိတ်တိုင်းကျဖြစ်အောင် သစ်ပင်အောက်ခြေ မြေပြင်မှစောင့်ကာ ခိုင်းသမျှ လုပ်ကိုင်ပေးရမည့် ကြိုးကိုင်ခေါ် တပည့် ကျွန်တော်က အဆင်သင့် စောင့်နေရမည် ဖြစ်ပါသည်။
ဦးကြီးရွှေမိုး ပျားအုံနား နီးသွားပြီဖြစ်သဖြင့် အဝကျယ် ထိပ်ရှူး တောင်းတစ်မျိုးတွင် သစ်စေးများ ထူထူသုပ်လိမ်းထားသည့် ပျားက အသေးအကြီးတို့ကို ကျွန်တော် အလိုလို ပြင်ဆင်ထားမိလျက်သား ဖြစ်သည်။
ပြီးတော့ ပျားတက်ကြိုးနှင့် ပျားတိုက်ကြိုးများ၊ ဦးကြီးရွှေမိုးထံ၌မူ ပျားနိုးမီးတုတ်နှင့် မီးခြစ်တို့ ပါသွားပြီးသား ဖြစ်ပါသည်။
မီးတုတ်တွင် မီးတို့လိုက်ပြီးသည်နှင့် ဦးကြီးရွှေမိုးသည် ပျားအုံ၏ရှေ့ကို ယမ်းကာ ပျားများကို နိုး (ချောက်လှန့်) လိုက်သည်။
ပျားကောင်များ တဝီဝီပျံသန်းနေကြကုန်၏။ ပျားအုံကို ပျားများ ခွာသွားသည်တွင် ပျားသားငယ်ကလေးများနှင့် လူကို အန္တရာယ်မပြုနိုင်သော ပျားအချို့သာ ကျန်ရစ်လေတော့သည်။
ဦးကြီးရွှေမိုးသည် အုံချည့်လိုလို ကျန်နေသော ပျားအုံ၏ အောက်မှ ကျွန်တော် တင်ပေးလိုက်သော ပျားကကို ခံကာ ပျားတိုက်ကြိုးခေါ် နိုင်လွန်ကြိုးဖြင့် တိုက်ချလိုက်လေသည်။
ပျားက အောက်ခြေသို့ တဖြည်းဖြည်းကျလာ၏။ စနစ်တကျဖြစ်အောင် ကျွန်တော်က သိမ်းဆည်းဖြုတ်ယူ အုပ်ဆိုင်းထားရပါသည်။
ပျားအုံများအားလုံး ပြီးပြီဆိုတော့ သူ ဆင်းတော့မည့်အကြောင်း ကြိုးဖြင့် သင်္ကေတ ပြသဖြင့် ခိုင်ခိုင်မြဲမြဲရှိအောင် ကျွန်တော် ဂရုစိုက်လိုက်ရပါတော့ သည်။
X X X X X X X X X
ညသည် မှောင်ပိန်းလျက် ရှိ၏။ ပရစ် ပိုးမွှား အော်မြည်သံများနှင့် ကြောက်မက်ဖွယ်ရာ ညငှက်ကြီးများကို အသံများက ဆူညံနေလေသည်။
ကျွန်တော်တို့သည် ဘန့်ဘွေးပင်မှ အခေါက် အခြောက်ကို ထုတ်၍ ရေနံချေးဖြင့် စီမံပြုလုပ်ထားသော မီးတုတ်မှ မီးရောင်ဖြင့် တစ်နေ့လုံး ရှာဖွေ ဖွပ်ယူရရှိထားပြီးသည့် ပျားရည်တို့မှ ယင်ပျားရည်ကို သပ်သပ်၊ သစ်ခေါင်းပျားရည်ကို သပ်သပ်ဖြစ်အောင် သူ့ပုံးနှင့်သူ ထည့်သိုနေကြရပါသည်။
“မောင်ခက်ရေ … ပျားရည်တွေကို တစ်မျိုးနဲ့ တစ်မျိုး မရောမိအောင် သတိထားဟေ့။ ရောသွားရင် ရောင်းချတဲ့နေရာတွေမှာ မလွယ်ချင်ဘူး”
ဦးကြီးရွှေမိုးသည် သစ်ခေါင်းပျားရည်ပုံး တစ်ပုံးကို လုံအောင်ပိတ်နေရင်းက ကျွန်တော့်ကို လှမ်းသတိပေးသည်။
ကျွန်တော် ပြန်မေးလိုက်ရသည်။
“ပျားရည်ဟာ ပျားရည် မဟုတ်လား ဦးကြီးရဲ့။ ရောတော့ ဘာဖြစ်မှာမို့လဲ”
“ပျားရည်ချင်း တူပေမယ့် အကျိုးသွားချင်းက မတူဘူးကွ။ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာတော့ ပျားရည်ကို ဓာတုဗေဒနဲ့ တိုင်းတာချိန်တွယ်ပြီးမှ သုံးတယ်လို့ ပြောကြတာပဲ။ တို့နိုင်ငံကတော့ ဆေးဝါးအတွက်ကော အာဟာရအတွက်ပါ ဒီအတိုင်း သုံးကြတာဆိုတော့ အစကတည်းက သတ်သတ်ခွဲထားကြရတယ်။ ဒါမှလဲ ပျားရည်ကုန်သည်ကြီးတွေက သဘောကျတယ်လေ”
“ကုန်သည်တွေကကော သိလို့လား ဦးကြီးရဲ့။ ပျားရည်ကို ပျားရည်ပဲဆိုရင် မပြီးဘူးလား “
“ဟား ဟား ဟား … ဘယ်ပြီးပါ့မလဲကွာ။ အရောင် အဆင်းနဲ့ အရသာကိုက ကွာခြားတယ်ကွ”
ဦးကြီးရွှေမိုးသည် ပြောရင်း ပျားရည်ပုံး တစ်ပုံးလဲကာ ထည့်နေပြန်၏။ ပြီးတော့မှ အတွေ့အကြုံနည်းသေးသော ကျွန်တော့်ကို သိအောင် စေတနာနှင့် ပြောပြသည်။
“မင်း မှတ်ထားလေ။ ဦးကြီး သိသလောက်နဲ့ စာထဲမှာ ဖတ်ထားမိသလောက် မင်း ဗဟုသုတဖြစ်အောင် ပြောပြထားမယ်”
“ဟုတ်ကဲ့”
“တို့ အခု ရှာဖွေတွေ့ရှိထားတဲ့ ယင်ပျားငယ်၊ ယင်ပျားလတ်နဲ့ သစ်ခေါင်းပျား ဆိုပါတော့။ ကျမ်းအမျိုးမျိုးကို ကိုးကားပြီး ထုတ်နုတ်ရေးသားထားတဲ့ ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနကျမ်းအရ ယင်ပျားငယ်ကို ပါဠိဘာသာ “ခုဒ္ဒ” လို့ ခေါ်တယ်။ ပျားရည်က ညိုပြာပြာအဆင်း ရှိတယ်။ အရသာက အေးပြီး ချိုတယ်။ အစာကြေလွယ်တယ်၊ ဝတဲ့သူကို ပိန်လွယ်တဲ့ သတ္တိရှိတယ်။
ယင်ပျားလတ်ကိုတော့ “မက္ခိ” လို့ ခေါ်တယ်။ ဆီအဆင်းနဲ့ တူတယ်။ ရသာနဲ့ အကျိုးသွားကတော့ အတူတူပါပဲ”
ကျွန်တော် ဂရုတစိုက် နားထောင်မှတ်သားနေရ၏။
ဦးကြီး ရွှေမိုး ဆက်ပြောသည်။
“သစ်ခေါင်းပျားကျတော့ ဘာဝပ္ပကာသ ကျမ်းက “ပုတ္တိက” လို့ ဆိုတယ်။ ဒါတွေကို ပေါင်းပြီးတော့ ယောမင်းကြီးက ချို၏၊ အဆီမရှိ၊ လူ၏ သွေး၊ သည်းခြေ၊ လေတို့ကို ပျက်စေတယ်တဲ့။ ရောဂါမျိုးစုံကို ပျောက်စေနိုင်တယ်ပေါ့ကွာ”
ကျွန်တော်တို့ စကားကောင်းနေစဉ် လေကြမ်းတစ်ချက် ဝှေ့လိုက်သဖြင့် မီးတုတ်မှ မီး ငြိမ်းသွား၏။ ကျွန်တော်တို့လည်း လုပ်ငန်းကို သိမ်းလိုက်ကြရပါတော့သည်။
X X X X X X X X X
စောဖြူတောင် သစ်တောနယ်မြေမှ တုံးပင်စိမ်းတောင် သစ်တောနယ်မြေဒေသတစ်ဝိုက်သို့ မနက်စောစောပိုင်းကပင် ကျွန်တော်တို့ ပြောင်းရွှေ့ရောက်ရှိနေကြပြီး ဖြစ်ပါသည်။
ရောက်လျှင် ရောက်ချင်းပင် ရရှိထားပြီးသော ပျားရည်တို့ကို စနစ်တကျရှိအောင် ထားဖို့ ဖက်ဝန်းပင်ကြီး တစ်ပင်အောက်၌ တဲငယ်တစ်လုံးထိုးကာ ဦးကြီးရွှေမိုးက လုံခြုံအောင် ပြုလုပ်နေ၏။
ကျွန်တော်က မနက်စာ ချက်ပြုတ်နေရပါသည်။
မနက်စာကို ဖြစ်သလိုနှင့် စားလိုက်ကြပြီး စခန်းကို ကျွန်တော်တို့ ခွာကာ ထုံးစံအတိုင်း မှတ်သားထားပြီးသော အပင်ကြီးများမှ အမှတ်တံဆိပ်ရှိသည့် သစ်ပင်ကြီးများတို့ကို လှည့်လည်ရှာဖွေနေကြရပါသည်။
တောင်မန်ကျည်းပင်ကြီး တစ်ပင်၏ ပင်စည်တွင် ကျွန်တော်တို့ မှတ်သားထားသည့် သင်္ကေတအမှတ်အသားကို မြင်လိုက်မိသဖြင့် ကျွန်တော် ပြေးသွားလိုက်သည်။
ဦးကြီးရွှေမိုး လှမ်းအသံပြုပါသည်။ ကျွန်တော် အလေးမထားမိ။ စိတ်ဆန္ဒသည် အမှတ်တံဆိပ်ရှိသော သစ်ပင်ကြီးဆီသို့သာ အလောတကြီး ဇောကပ်နေသည်။
အမှတ်တံဆိပ်ရှိသော သစ်ပင်ကြီးအောက်ကို ကျွန်တော် ကပ်လိုက်သည်တွင် အကိုင်းအခက်များ ရှုပ်ထွေးနေသည့် တောင်မန်ကျည်းပင်ကြီး၏ အထက်ဆီမှ မည်းမည်းသဏ္ဌာန် အတုံးအခဲကြီးတစ်ခုသည် မမျှော်လင့်ပဲ ပြုတ်ကျလာသည်။
ပြီးတော့ ချက်ချင်းပင် ကျွန်တော့်ဘက်ကို မျက်နှာမူလိုက်သည်။ ထိုမည်းမည်းသဏ္ဌာန် အတုံးအခဲကြီးကို ကျွန်တော် အသေအချာကြည့်လိုက်သည်။
ပုပုတုတ်တုတ် အမွေးရှည်ရှည်နှင့် ကြည့်၍မကောင်းသော ဝက်ဝံကြီးတစ်ကောင်။
ဝက်ဝံကြီးသည် ချွန်ထက်သော လက်သည်းကြီးများကို ရှေ့သို့ ဖြန့်ထုတ်လျက် ဖြူဖွေးနေသည့် ကြောက် မက်ဖွယ်ရာ သွားကြီးများကို ဖြဲကာ တခွီးခွီးနှင့် မာန်သွင်းအားယူနေပါလေသည်။
ရုတ်တရက်မို့ ကျွန်တော် ဘာမှ မကြံတတ်။ ဘာလုပ်ရမှန်း မသိ။ အသားများ တဆတ်ဆတ်တုန်ကာ ငေးကြောင်၍သာ ကြည့်နေမိတော့သည်။
ဤသည်ကိုပင် အခွင့်ကောင်းတစ်ရပ်အဖြစ် အကောင်ကြီးက ထင်မိလေရော့သလား မပြော တတ်။ ကျွန်တော့် ခန္ဓာကိုယ်ကို ကပ်ရန် ပူးလာပါသည်။
လက်လှမ်းမီလောက်သည်တွင် လျှပ်တစ်ပြက်ဖြင့် အကောင်ကြီးက ကျွန်တော့်ထံ ခုန်ဝင်လိုက်သည်။
“မောင်ခက် … မင်းလက်ထဲမှာ တောရှင်းတဲ့ဓား ရှိနေတယ် မဟုတ်လား။ ဆီးကာကွယ်… ဆီးကာကွယ်”
ဦးကြီး ရွှေမိုးက လှမ်း အသံပြု သတိပေး၏။
ကျွန်တော် ပြန်လည်သတိဝင်ကာ အကောင်ကြီးကို ဆီးခံလိုက်သည်။ အကောင်ကြီးပုတ်သော လက်ကို ဓား ရှပ်ထိသွားလေသည်။
အကောင်ကြီး ပို၍ ဒေါသကြီးသွားပုံရသည်။ “ရှူး … ရှူး” ဟု အသံများ မြည်လာပြီး ကျွန်တော့်ကို ဝင်လုံးရန် တစ်ဟုန်ထိုး ခုန်ဝင်လာပါသည်။
ကျွန်တော့်ကို မထိမီ အကောင်ကြီး တစ်ဘက်သို့ လွင့်သွား၏။ ဦးကြီးရွှေမိုးသည် လျင်မြန်စွာဖြင့် ဝါးပိုင်း တစ်လုံးကို အကောင်ကြီး၏ ဝမ်းဗိုက်အောက်သို့ ထိုးခံထားလိုက်သည်။
အကောင်ကြီး တိုက်ချက်ပြောင်းသွားသည်။ ကျွန်တော့်ကို ကျောခိုင်းလျက် ဦးကြီးရွှေမိုးထံကို ဒေါသတကြီးလှည့်၍ တရှူးထိုး အတင်းကပ်တော့သည်။
ကျွန်တော် မနေသာ။ လက်မှ ဓားဖြင့် အကောင်ကြီးကို ပြေးခုတ်ချလိုက်သည်။
အကောင်ကြီး ကျွန်တော့်ထံ ပြန်လှည့်လာပြန်၏။
ဦးကြီးရွှေမိုးက ယက်ရိုက်တုတ်နှင့် နောက်မှ တအား ပြေးရိုက်ချလိုက်သည်။
အကောင်ကြီး မြေပြင်သို့ ဝမ်းလျားမှောက် ကျသွား သည်တွင် ကျွန်တော်တို့က ခွန်အားရှိသလောက် အကောင်ကြီးကို ဝိုင်းဝန်းထိုးခုတ်လိုက်ကြရပါတော့သည်။
တဖြည်းဖြည်းနှင့်ပင် အကောင်ကြီးသည် ထာဝရ ငြိမ်သက်ခြင်းသို့ ရောက်သွားတော့၏။
ဦးကြီးရွှေမိုးကော ကျွန်တော်ပါ အကောင်ကြီးကို စူးစူးစိုက်စိုက် ကြည့်နေလိုက်မိကြသည်။
“အကောင်ကြီးဟာ တို့ရှေ့က သစ်ပင်ကြီးပေါ်မှာ ရှိတဲ့ ပျားအုံကို ဖွပ်စားဖို့ တို့အရင် အပင်ပေါ်ကို တက်နှင့်နေတာကွ။ မင်းက မဆင်မခြင် ပြေးသွားတော့ သူနဲ့ရင်ဆိုင်တွေ့ပီး သူ့အစာကို လုမယ်အထင်နဲ့ မင်းကို ရန်မူတာပဲ။ မင်းကလဲ မင်းပဲ။ တောထဲ တောင်ထဲမှာဆိုတာ အစစအရာရာ သတိဝီရိယနဲ့ ဆင်ခြင်ရမှာကို သတိမထားဘူး”
ဦးကြီးရွှေမိုး အပြောကို ကျွန်တော် ဘာမှ ခွန်းတုံ့ မပြန်နိုင်။ ကိုယ့်အပြစ်နှင့် ကိုယ်မို့ ငြိမ်၍သာ နေလိုက်ရပါတော့သည်။
“အေးလေ … သူသေဖို့ အချိန်ကလဲ ကြုံနေလိုပေါ့။ သူ့ကို တို့က တမင်သတ်တာမှ မဟုတ် တာပဲ။ သတ်လဲ မသတ်ချင်ဘူး။ သူလဲ သူ့ဝမ်းစာအတွက် ရှာတာပဲ။ တို့လဲ တို့ဝမ်းစာအတွက် တို့ ရှာကြရတာပဲ။
တို့က ဆင်ခြင်နိုင်ပေမယ့် သူက တိရစ္ဆာန်ဆိုတော့ စဉ်းစားဥာဏ် မရှိဘူးပေါ့။ သူ မသေလဲ သူ့ကြောင့် တို့ သေချင် သေကြရမှာပဲ။ သေသားသေရင် အသိရှိတဲ့လူထက် အဟိတ်တိရစ္ဆာန် သေရတာက ပိုပြီး သဘာဝကျပါတယ်လေ”
ဦးကြီးရွှေမိုးသည် ကျွန်တော့်ကိုပြောရင်း ရင်ထဲမှာ ရှိသမျှကိုလည်း သူ့ဘာသာသူ ဆက်ပြောနေလေသည်။
သူ့မျက်နှာသည် စောစောကလို တက်ကြွလန်းဆန်းနေမှု မရှိ။ ညိုမှိုင်းကာ ငေးငေးနွမ်းနွမ်း ဖြစ်သွားသည်။
ကျွန်တော်လည်း မည်သို့မျှ စိတ်မကောင်းနိုင်တော့ပါ။
စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
– ပြီး –
စာရေးသူ – ခက်နွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
Uncategorized