မြဝဇီ
တောပြောင်းသောကျားနှင့် ကျားနက်
(၁)
ထန်ပုတို့ ချင်းရွာကလေးသည် မျှင်ဝါးတောင်နှင့် တောင်ညိုကြားမှ တောင်ကြောပေါ်တွင် တည်ထားသည့် ရွာကလေးဖြစ်၏။
ရွာအမည်မှာ “ဟိုက်ခါး” ဖြစ်သည်။ ထန်ပုတို့ရွာတွင် ယခုတလော ကြက်နှင့် ခွေးများ အဆက်မပြတ် ပျောက်နေ၏။
နတ်စားရန်ထားသော ထန်ပု၏ ခွေးကြီးတကောင်မှာလည်း ညဉ့်သန်းခေါင်ယံအချိန်တွင် ပျောက်သွားလေသည်။
ထို့ကြောင့် ဒူးလေးကြီးများနှင့် စောင့်ကြည့်ကြ၏။ ရွာစည်းရိုးကိုကျော်ကာ မည်းမည်းကြီးသုံးကောင် ခုန်ဝင်လာ၏။ ကြည့်လိုက်ရာ ခြောက်တောင်၊ ခုနစ် တောင်ခန့်ရှည်မည့် “သစ်ကြုတ်” ခေါ် ကျားသစ်နက်ကြီး ခေါင်းဆောင်သော ကျားသစ်သုံးကောင်ဖြစ်၏။
ဒူးလေးကိုင် ချင်းကြီးများက ပစ်ခတ်လိုက်သော မြှားတို့ကို ကျားသစ်များက အံ့ဩစရာကောင်းအောင် ရှောင်တိမ်းသွားရုံမက ကျားနက်ခေါ် ကျားသစ် နက်ကြီးက မြှားကို လက်ဖြင့်ပုတ်ထုတ်ကာ ဒူးလေးသမားတဦးကို လက်ဖြင့်ပုတ်၍ ကိုက်သွားသဖြင့် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးဆေးကုခန်းသို့ နံနက်စောစော ရောက်လာပါလေသည်။
ထိုအချိန်က ကျွန်ုပ်တို့မုဆိုးအဖွဲ့သည် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းသို့ ရောက်နေခဲ့၏။
အချိန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ဖြစ်သည်။ မုဆိုးကြီး ဦးဖဝေးနှင့် ကျွန်ုပ်သည် သစ်ဆွဲဆင့်များအား မကြာခဏ ဝင်ရောက်ဒုက္ခပေးနေသော ဆင်ရိုင်းဆိုးကြီး ခေါင်းဖြူကို နှိမ်နင်းရန်ဖြစ်ပါသည်။
အထူးသဖြင့် သစ်လုပ်ငန်းအနေဖြင့် မည်သို့မျှ အသုံးချ၍ မရတော့သော အသက် ၆ဝ နီးပါးရှိ “ရဝေ” ဆိုသော ဆင်ကြီးကို သစ်ထုတ်လုပ်ရေးမှ ဘေးမဲ့ပေးကာ လွှတ်ထားခဲ့၏။
သို့သော် သုံးနှစ်လောက်ကြာသော အခါတွင် “ရဝေ” ဆိုသော ခေါင်းဖြူဆင်ကြီးမှာ သစ်ထုတ်လုပ်ရေးမှ ဆင်တကောင်ကို နှစ်လကြာ တောထဲခေါ်၍ ပေါင်းသင်းခဲ့၏။
ဆင်ဦးစီးများက ဆင်မကို လိုက်၍ “ကြော့” ရာမှ ခေါင်းဖြူရဝေက လိုက်၍ ဆင်ဦးစီးကို ဒုက္ခပေးတော့၏။ ဤအချိန်မှစပြီး အခြားသော တောဆင်ရိုင်းတကောင်နှင့် ပေါင်းမိကာ မကြာခဏဆိုသလို သစ်ထုတ်လုပ်သားများကို ဒုက္ခပေးခဲ့၏။
သစ်ထုတ်လုပ်ရေးစခန်းမှ တောခေါင်းကြီး ဦးထိုက်၏ အကူအညီတောင်းခံမှုနှင့် ကျွန်ုပ်တို့ကလည်း ကျားနက်များကို ပစ်ချင်သည်နှင့် မုတ်ဆိတ် ပျားစွဲသွားပါ၏။
ယခုအခါ ‘တောင်ရိုးကျားနက်’ ခေါ် သစ်ကြုတ်ကြီးတို့ကိုပါ ကျွန်ုပ်တို့က ပစ်ခတ်ရန် မုဆိုးကြီးဦးဖဝေးအပြင် ဌာနေမုဆိုး ကိုတင်ကို ခေါ်၍ ထန်ပု၏ ချင်းရွာ ‘ဟိုက်ခါး’ သို့ လူနာလာပို့သော ထိုနေ့ညနေမှာပင် ကျွန်ုပ်တို့ ထွက်လာခဲ့၏။
ဟိုက်ခါးသည် တောင်ညိုတောင်ကြားမှ ချင်းရွာကြီးဖြစ်၏။ အိမ်ခြေတရာနီးပါးရှိကာ ရွာဝန်းကျင်တွင် သစ်လုံးကာ ခြံစည်းရိုး ရှိ၏။ သစ်လုံးစည်းနှင့် ဆူး များက တော်ရုံသတ္တဝါ မတိုးနိုင်အောင် ပိတ်ကာလျက်ရှိနေ၏။
ကျွန်ုပ်တို့ ရောက်သွားသော အချိန်မှာ နေဝင်ချိန်ဖြစ်သည်။ တောင်ဆင်ရိုင်းဆိုးများ ရွာဘေးမှ သုံးလေးည ဖြတ်သွားခဲ့သည်ဟု သိရ၏။
ရွာမှာ တံခါးပေါက်နှစ်ပေါက် ရှိသည်။ တောင်ဘက် တံခါးနှင့် အရှေ့ဘက်တံခါးပေါက် ဖြစ်၏။ အနောက တောင်ကမ်းပါးယံကို ရွာက မှီ၍ ဆောက်ထားခြင်းဖြစ်၏။
ရွာနောက်မှ တောင်ညိုတောင်စွယ်သည် ရွာ၏အရှေ့ မြောက်ဘက်သို့ ထိုးဆင်းသွားခဲ့၏။ ထို့ကြောင့် ရွာမှာ တောင်စွယ်ကမ်းပါးကြီးအောက် တောင် ကြောပေါ်တွင် တည်ထားခြင်း ဖြစ်ပါသည်။
ထိုနေ့ညက ခြေတံရှည်တထပ်အိမ်ကြီးဖြစ်သော ရွာအုပ်ကြီး ထန်ပု အိမ်တွင် တည်းခိုလိုက်ပါသည်။ ထန်ပုတွင် မြင်းနှစ်ကောင် ရှိသည်။ နွားနှင့် ဆိတ်များလည်း မွေးထားသေး၏။
သူ၏ အိမ်ခြံမှာ ကျယ်ဝန်းလှ၏။
ရောက်ရောက်ချင်း ကျားနက်ဝင်သော ခြံစည်းရိုးကို ပြ၏။ ထိုနေရာတွင် အနည်းငယ်နိမ့်ပြီး အပြင်ဘက် တောင်ကမ်းပါးယံတွင်ရှိသော တောင်ကုန်းတကုန်းနှင့် နီး၏။ ထိုနေရာတွင် အသားကျပ်တင်သော စင်ကြီးတခု ရှိ၏။ တဘက်တောင်ကုန်းမှ ခြံစည်းရိုးကိုခုန်ကာ အသားကျပ်တင်စင်ပေါ်သို့ ကူးပြီး ရွာ တွင်းသို့ ဝင်နိုင်ခြင်းဖြစ်၏။
ဒူးလေးသမားများ စောင့်သောနေရာမှာ ကျပ်တင်စင်ကြီးတဘက် လသာဆောင်ထုတ်ထားသော တဲအိမ်ကြီးကပြင်မှ စောင့်ကြခြင်း ဖြစ်၏။
ကျွန်ုပ်တို့ ထိုညကွင် ချင်းရွာသား ဒူးလေးသမားများနှင့်အတူ ကျားနက်အုပ်စုအား စောင့်၍ ပစ်ခတ်ရန် တာဝန်ယူလိုက်ပါသည်။
ထန်ပုက ကျွန်ုပ်တို့ မုဆိုးအဖွဲ့အား ချင်းအမျိုးသားတို့၏ ခေါင်ရည်နှင့် ဆိတ်သား၊ ဆိတ်နို့များဖြင့် ဧည့်ခံပါ၏။
ထန်ပု၏သား တန်ဇာလားမှာ မုဆိုးတဦးဖြစ်၏။ သူက လောလောဆယ် ပစ်ရလာသော တောဝက်သားကို ချက်ကာ ကျွန်ုပ်တို့နှင့်အတူတူ ပျော်ပျော်ပါးပါး စားသောက်ပါလေသည်။
ထိုနေ့ညတွင် လူစုခွဲကာ ကျားနက်ကိုပစ်ရန် ကင်းစောင့်လိုက်ကြ၏။ အထူးသဖြင့် တောရိုင်းသတ္တဝါများအဖို့ ဆက်တိုက်လာသည်လည်း ရှိ၏။ မလာသည်လည်း ရှိသည်။ သူတို့လည်း အန္တရာယ် ကို ကွင်းရှောင်တတ်၏။
သို့သော် ကျွန်ုပ်တို့အဖို့ ရွာပြင်တွင် ခွေးတကောင် ချည်ထားစေ၏။ ရွာ၏ ခြံစည်းရိုးနှင့် ဆယ်ပေ အကွာတွင် ရှိရမည် ဖြစ်၏။
ကျွန်ုပ်တို့က ရွာခြံစည်းရိုးနှင့် ကပ်၍ ပေါက်ရောက်သော ဝါးရုံကြီးတွင် လင့်စင်ထိုးစေကာ ထိုနေ ရာမှ စောင့်ပစ်ရန် စီစဉ်လိုက်ပါသည်။
ဝါးရုံကို လင့်စင်ထိုးရာတွင် ဝါးရုံအဖျားမရောက်မီ အလယ်မှ ဝါးကိုင်းများဖြတ်၍ ဝါးပင်များကို ကြက်ခြေခတ် ယက်မပြုလုပ်ကာ ဝါးလုံးအလိုက် ဆင့်စီ၍ အပေါ်မှ ဝါးကပ်တင်လိုက်၏။ အဆင်းအတက်မှာ ကြိုးတချောင်းရှိက ပြီးနိုင်ပါသည်။ လင့်စင်သည် ကျယ်ဝန်းကာ လေတိုက်သောအခါ အနည်းငယ် ယိမ်းယိုင်နေသော်လည်း မည်သို့မျှ အန္တရာယ် မရှိနိုင်ပါ။
တောကောင်များအဖို့ လူတွေက ဝါးရုံပေါ်တွင် ရောက်နေမည်ဟု ထင်စရာမရှိ။ ကျွန်ုပ်တို့သည် မိုးချုပ်သည်နှင့် လင့်စင်ပေါ် ရောက်နေကြ၏။
ကျွန်ုပ်၊ မုဆိုးကြီးဦးဖဝေး၊ မုဆိုးကိုတင် တို့သည် လင့်စင်ပေါ်တွင် ရှိနေ၏။ ဒူးလေးသမား ချင်းအမျိုးသားများက အသားလှမ်းကျပ်စင်ကြီးတဲတွင် ရှိနေ၏။
မုဆိုးများအဖို့ သားကောင်ကိုစောင့်ရာတွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ရ၏။ ဆီးသွားရာတွင် ဝါးလုံးတွင် သီးသန့်သွားရပါသည်။ ဤသည်မှာ တောကောင်များ အနံ့ရသွားမည်ကို စိုးသောကြောင့် ဖြစ်ပါ၏။
ညဉ့်နက်၍ အေးလာသည့်အချိန်တွင် ရွာအပြင်မှ ခွေးကလေးသည် တကိန်ကိန်နှင့် အော်မြည်လာတော့သည်။ ခွေးအော်သံသည် ညဉ့်အခါတွင် တတောလုံး တတောင်လုံးကို ပျံ့နှံ့စေပါသည်။
ကျွန်ုပ်၏လက်ထဲတွင် ဒဿမ (၃၀-၀၆) စပရင်ဖီး(လ်) ရိုင်ဖယ်ပါရှိပြီး ဦးဖဝေးတွင် ဒဿမ ၄ဝ၅ မော်ဇာရိုင်ဖယ်ပါရှိ၏။ ကိုတင်မှာမူ သျှားသားဒူး လေးကြီး ကိုင်ထား၏။
ညဉ့်ဆယ်နာရီ ရှိလာချိန်တွင် အရှေ့မှ အနောက်သို့ ဖြတ်ပျံသွားသော တစ်တီတူးတကောင်၏ အော်သံ ကြားလိုက်ရသည်။ မုဆိုးတို့၏ သင်္ကေတ၊ စစ်သားတို့၏ ညဉ့်အမှတ်အသားတွင် တစ်တီတူးအော် သံသည် ရန်သူလာခြင်းကို သတိပေးခြင်းဖြစ်သည်။
အကယ်၍ ထူးခြားမှုဖြစ်လာသည်နှင့် မုဆိုးကိုတင်ကို ပါလာသော ငါးတောင့်ထိုး အဲဗားရဲဒီး လက်နှိပ်ဓာတ်မီးဖြင့် ခွေးချည်ထားသော သစ်ပင်ကို ထိုးစေ ရန် ပြောထားခဲ့ပါသည်။
လေသည် တဟူးဟူးတိုးဝှေ့ကာ သစ်ရွက်သစ်ကိုင်းများကို ဆွဲလှုပ်နေသလို ကောင်းကင်ပြင်တွင် လဝန်းသည် တိမ်မည်းများနောက်တွင် ပုန်းခိုလျက် ရှိနေ ပါချေသည်။
“ထရိန်… ထရိန်”
ခပ်ဝေးဝေးဆီမှ တောကောင်ကြီး တကောင်၏ တစ်သံကို ကြားလိုက်ရပါသည်။
ထူးခြားလေပြီ။
(၂)
“ကိန်… ကိန်…. ကိန်… ကိန်”
ရွာပြင်ရှိ ခွေးကလေး၏ သနားစဖွယ်နှင့် ထိတ်လန့်စွာ အော်နေသံက ပေါ်ထွက်နေပါ၏။
ကွမ်းတယာညက်ခန့်တွင် “ဘုတ်” ဟူသော အမြီးရိုက်သံသဲ့သဲ့ ကြားလိုက်ရပါသည်။ အချင်းချင်း လက်တို့ကာ သတိပေးကာ ငြိမ်သက်စွာ စောင့်ကြည့်နေကြပါ၏။
“ကိန်ကိန် … ကိန်”
ရုတ်တရက် စူးရှစွာ အော်လိုက်သည့်အသံနှင့် ကျောက်ခဲနှင့် မြေများ တသဲသဲ ပြိုကျသံ ကြားလိုက်ရပြီး ရုတ်တရက် “ဂူး” ကနဲ အော်သံနှင့် မရှေးမနှောင်းကျားကြီးတကောင်၏ “ဝေါင်း” ကနဲ ဟိန်းသံ ပေါ်ထွက်လာပါ၏။
ကိုတင်အား လက်နှိပ်ဓာတ်မီးထိုးရန် ပြောလိုက်သည်နှင့် မီးရောင်သည် ခွေးကလေးရှိရာသို့ ထိုးကျသွားပါလေသည်။
ရုတ်တရက် ပေါ်ထွက်လာသော မီးရောင်အောက်တွင် ကိုးပေကျော်ခန့်ရှိ ကျားကြီးတကောင်နှင့် ခြောက်ပေခန့်ရှိ နက်ကြုတ်သော ကျားနက်ခေါ် ကျား သစ်နက်တကောင်တို့ကို တွေ့လိုက်ရ၏။
ကျားကြီးသည် ကျားသစ်နက်အား မျက်လုံးတဝင်းဝင်းနှင့် ခုန်အုပ်ရန် ပြင်နေသသို့ ကျားသစ်နက်ကလည်း ခါးကိုညွှတ်၍ ခုခံရန် ပြင်ဆင်လျက် ရှိနေ၏။
မည်သို့ဖြစ်စေ ကျားသစ်နက်၏ရန်ကို ဖြိုခွင်းရမည်မို့ ကျွန်ုပ်သည် ဓာတ်မီးရောင်လမ်းကြောင်းအတိုင်းပင် ညာဘက်လက်ပြင်ကို ပစ်ထည့်လိုက်သည်။
“ဒိုင်း …”
“ဒိုင်း …”
ကော်ဒိုက်ယမ်းနံ့များက ဟိန်းထွက်သွား၏။
ကျားနက်သည် ကျွမ်းပြန်ကာ ခပ်ဝေးဝေးသို့ လွင့်ထွက်သွားသလို ကျားကြီးသည် ထိုနေရာမှာပင် တုံးကလဲ ကျသွားပါသည်။
“သေချင်သောကျား တောပြောင်း” ဆိုသကဲ့သို့ ကျားသစ်နက်ကို စောင့်၍ပစ်သောညမှာပင် တောပြောင်းလာသော ကျွန်းပတ်ကျားကြီးမှာ အစာတလုပ်ကြောင့် မုဆိုးကြီးဦးဖဝေး၏ လက်ချက်ဖြင့် တခဏသာ တဂူးဂူးအသံ မြည်နိူင်ကာ အသက်ပျောက်သွားပါလေတော့၏။
ထိုနေ့ညမှာပင် ကျားသစ်နက်အား ချောက်ဝှမ်းထဲမှာပင် အသက်ပျောက်ကာ တွေ့ရပါသတည်း။
(မိုးဝေမဂ္ဂဇင်း)
– ပြီး –
စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0