မြေလတ်မင်းလွင်
တောဖမ်းခြင်း
ဆောင်းနံနက်၏ အအေးဓါတ်သည် ဦးမောင်တို့ သင်္ဘောသားများအား ထွေးပတ်ကြည်စယ်နေ၏။ ရံခါ မြောက်လေ၏ နှောက်မွှေမှုကြောင့် အချမ်းထုက ဖိစီးလွှမ်းအုပ်လို့နေပြန်၏။
ဦးမောင်တို့အဖွဲ့သားများမှာ ညက လိပ်ကျောက်များကို ပြီးပြတ်အောင် ကိုင်တွယ်ခွဲစိတ်နေကြရခြင်းကြောင့် အတော်ပင် ညဉ့်နက်သွား၏။ ထို့ကြောင့်လည်း ဦးမောင်က သူ့အဖွဲ့သားများအား အိပ်ချင်အိပ်ကြပါစေဟူသော စေတနာဖြင့် ၎င်းတစ်ယောက်တည်း ရေလှည့်စောင့်၊ ကြည့်ရှု၊ လုပ်ကိုင်နေခဲ့သည်။
ယခု နံနက် ရှစ်နာရီခန့်ပင် ရှိနေပြီ။ သင်္ဘောသားများလည်း အားလုံးနိုးကြကာ ကိုယ်လက်များသုတ်သင်၍ ညကကျန်သည့် ထမင်းဟင်းတို့ကို ခူးခတ်စားသောက်နေကြသည်။
ရေလုပ်သားများသည် အလွန်ပင်ပန်းကြသူများပီပီ ထမင်းစားသန်ကြသည်။ ရွာထဲ၊ ပြည်ထဲမှာကဲ့သို့ ဟိုဆိုင်စား၊ သည်ထိုင်သောက်၍ မရကြသော ပင်လယ်ပြင်ဝယ် ထမင်းကိုသာ ဝမ်းဟာတိုင်း ထ၍စားကြတော့သည်။ ထိုအချက်ကို သိထားသည့် မောင်မြင့်က ထမင်းဟင်းချက်တိုင်း အမြဲ ပိုပိုသာသာချက်လေ့ရှိသည်။ အဖွဲ့ သားများ ထမင်းကြမ်းစားနေစဉ် ဦးမောင်က
“ဟေ့ လှထွေးတို့ မင်းတို့အားလုံး ထမင်းကြမ်းစားပြီးတာနဲ့ တို့တတွေ နေရာပြောင်းပြီး ပိုက်မျှောကြမယ်ဟေ့”
“ဟုတ်ကဲ့ ဦးလေး ကျွန်တော် အဆင်သင့်လုပ်ထား လိုက်ပါ့မယ်”
လှထွေး၏ တုန့်ပြန်မှု။
ထိုစဉ် မောင်မြင့်ကထ၍…
“ဦးလေးဦးမောင် ကျွန်တော် ချက်စရာ ပြုတ်စရာ ထင်းမရှိတော့ဘူး။ တစ်နေရာရာကိုသွားပြီး ထင်းခွေဦးမှ ထင်တယ်”
“ဟ မောင်မြင့်ရ၊ တို့အိမ်ကထွက်လာတာမှ တစ်ပတ် လောက်ရှိပါသေးတယ်ကွာ။ ဒီလောက်ရက်ကလေးနဲ့ ထင်းကုန်ရအောင် ဘယ်လိုဖြစ်တာလဲကွ”
“ဒီလိုဦးလေးရ။ ထင်းတွေက နည်းနည်းစိုနေတယ် ထင်တာနဲ့ ကျွန်တော်က မော်တော်အမိုးပေါ်ကို အစည်းလိုက် တင်လှမ်းထားလိုက်တာဗျ။ ဟိုနေ့က ငါးမန်းကြီး မီးမက်ပြီး နေတာတွေ့တော့ ဖမ်းကြလိုက်ကြနဲ့ လုပ်နေတုန်း မော်တော်က တုံ့ကနဲစောင်းသွားပြီး လှမ်းထားတဲ့ထင်းစည်းတွေ အကုန်ကျ တော့တာပဲ။ ငါးမန်းကြီးကို လိုက်နေတုန်းဆိုတော့ ကျွန်တော်တို့လည်း လိုက်မဆယ်သာတော့ဘူးပေါ့ ဦးလေးရာ”
“မင်း ထင်းလှမ်းတာ ဒါလောက်တောင်ပေါ့ရသလား မောင်မြင့်ရာ။ ကြိုးလေး ဘာလေးနဲ့ ခက်ထားလိုက်ရင် သင်္ဘောစောင်းရုံမကလို့ မှောက်သွားတောင် ထင်းက ကွာမကျဘူးကွ”
“ဟုတ်ပါတယ်ဦးလေးရာ။ ကျွန်တော် မှားသွားပါ တယ်။ မိုးထဲလေထဲလည်းမဟုတ်၊ ရာသီဥတုကလည်း သာယာနေတယ်ဆိုတော့ ဒီအတိုင်း တင်ပြီး လှမ်းလိုက်မိတာပါ။”
“အင်း မင်းတို့ကောင်တွေ တော်တော်ပေါ့ဆတယ် ကွာ။ တို့ပင်လယ်သားဆိုတာ အမြဲတမ်း သတိရှိရတယ်ကွ။ ရာသီဥတုဆိုတာလည်း ပြောလို့ရတာမဟုတ်ဘူး။ ခု သာပေမယ့် တော်ကြာ ဆိုးချင်ဆိုးတာ။ ဆိုးဆိုး မဆိုးဆိုး ကိုယ့်ဘက်က ဝီရိယတော့ အမြဲရှိထားမှ။ ဝီရိယဆိုတာ အလိုပဲရှိတယ်။ ပိုတယ်ဆိုတာမရှိဘူး။ မင်းတို့ မြဲမြဲမှတ်ထားကြ”
“ဟုတ်ကဲ့ပါဦးလေး။ ကျွန်တော် နောက်ဆို ဒီလိုမဖြစ်စေရပါဘူး”
ဦးမောင်က မောင်မြင့်အား ပြောပြောဆိုဆိုနှင့် ဆုံးမ နေသည်ကို သင်္ဘောသားများက ငြိမ်သက်စွာနားထောင်နေကြ၏။ အတန်ကြာမှ လှထွေးက
“ဦးမောင် ဒါဆို ဒီနေ့ ကျွန်တော်တို့ ဘာဆက်လုပ်ကြ မလဲ။ ပိုက်ပဲ ဆက်မျှောကြမလား။ ထင်းပဲ သွားခွေရမှာလား ဦးလေး”
“ထင်းမှ မရှိဘူးဆိုတဲ့နောက် ထင်းပဲ သွားခွေကြရတော့မှာပေါ့ကွာ။ တို့ ငါးသွားထောင် ပိုက်သွားမျှောနေလည်း ထမင်းချက်စရာ ထင်းမှမရှိရင် ဘာနဲ့ ချက်စားကြမလဲ။ ဒီတော့ ထင်းပဲ သွားခွေကြတာပေါ့ကွာ”
“ထင်းခွေတာတော့ဟုတ်ပါပြီ။ ဘယ်ကိုသွားပြီးခွေကြမလဲဦးမောင်”
“ဒါကတော့ လွယ်ပါတယ်ကွာ။ တို့ပင်လယ်သားတွေ ရဲ့အဆိုအတိုင်း တောင်မှာ သမုဒ္ဒရာ၊ မြောက်မှာကမ်းစပ်ဆိုတာ ရှိတယ်လေ။ ဒီတော့ အခု တို့သင်္ဘောရောက်နေတာက ဖျာပုံအောက်ဘက်ကွ။ ဒီကနေ မြောက်စူးစူးမှာဆိုရင်တော့ အမာစု၊ တောကျိုး၊ အော်ပိုက်၊ အဝသောင်၊ မင်္ဂလာသောင်တန်း အဲဒီရွာတွေရှိတယ်။ အဲဒီရွာတွေအနီးတဝိုက်မှာရှိတဲ့ တောတွေထဲမှာ ရှာကြ ခွေကြရမှာပေါ့ကွာ”
“အင်း ကောင်းသားပဲဦးလေး။ ကျွန်တော်တို့ ဘယ် တော့လောက်သွားရင် ကောင်းမလဲ”
“သွားဆို အချိန်ဆွဲနေလို့မဖြစ်ဘူးကွ။ တို့သင်္ဘောက ထွက်လာတာ တစ်ပတ်ကျော်လောက်ဆိုပေမယ့် သားငါးက သုံးချိုး နှစ်ချိုးကျော်လောက်ရနေပြီ။ သင်္ဘောလေးဖို့ သုံးပုံ တစ်ပုံနီးနီးလောက်ပဲ ကျန်တော့တယ်။ ဒီတော့ ဒီနေ့ပဲ သွားခွေပြီး ပြန်နိုင်ရင်လည်း ပြန်လာပြီး ပိုက်မျှော၊ မလာနိုင်တော့လည်း နောက်နေ့ကျမှ ပိုက်မျှောကြတာပေါ့။ ကဲ စက်နှိုးတော့ လှထွေးရေ၊ အခုပဲသွားကြရအောင်”
လှထွေးသည် ဦးမောင်ပြောလိုက်သည်နှင့် စက်နှိုးရန် စက်ခန်းသို့အချက်ပေးလိုက်၏။ စက်နိုးသည်နှင့် ကျောက်ဖော်ရန် အဆင်သင့်ဖြစ်နေသော သင်္ဘောသားများမှာ ကျောက်ကြိုးကို ဝိုင်းဝန်း၍ ဆွဲတင်နေကြ၏။ ကျောက်ဖော်၍ပြီးသည်နှင့် လှထွေးသည် ဦးမောင်ညွှန်ပြရာဆီသို့ သင်္ဘောဦးတည်ကာ မောင်းနှင်နေတော့၏။
X X X X
အမာစုတောကျိုးဝသို့ သင်္ဘောဆိုက်ပြီးသည်နှင့် သင်္ဘောနားခိုမည့်နေရာကို ရွေးရ၏။ သင်္ဘောသည် ရောက်သည့်နေရာတွင် နားချင်တိုင်းနား၊ ခိုချင်တိုင်းခို၍မရ။ ယခု ဦးမောင်တို့သင်္ဘောပေါ်တွင် သားငါးများတင်ထားသည့်ဝန်အား သုံးပုံနှစ်ပုံသာသာခန့် လေးနေ၏။ ၎င်းဝန်အားဖြင့် သဲသောင်ပေါ်တွင် နားခိုမိ၍ ရေစစ်သွားပါက သောင်အမာပေါ်တွင် သင်္ဘောတင်ကာ ခါးလည်းကျိုးသွားနိုင်၏။ ထေးကြောင်းများလည်း ပွင့်သွားနိုင်၏။ သို့မဟုတ်ဘဲ တစ်ဖက်ဖက်သို့စောင်းကာ လဲ၍လည်း သွားနိုင်၏။ သဲသောင်အမာပေါ်တွင် ရေစစ် ရေခေါင်တင်နေသည့်သင်္ဘောမှာ အလွန်ပင် ဒဏ်ခံရ၏။
နုံးမြေ ရွှံ့မြေရှိသောနေရာတွင်ကား သင်္ဘောကို ကြိုက်သလိုထားနိုင်သည်။ နုံးထဲ၊ ရွှံ့ထဲတွင်နေရသည့်သင်္ဘောမှာ မည်မျှဝန်လေးစေကာမူ အန္တရာယ်မရှိနိုင်။ သင်္ဘောအပေါ်က ဝန်အားများသော်လည်း နုံးထဲ၊ ရွှံ့ထဲ၌ ကျင်းခတ်၍ ဝပ်နေရသောကြောင့် သင်္ဘောတိမ်းစောင်း လဲပြိုစရာလည်း မရှိနိုင်။
ထို့ကြောင့် ဦးမောင်က ရွှံ့နုံးမြေနေရာကို ရွေးနေခြင်းဖြစ်သည်။ ဦးမောင်စိတ်ကြိုက်နေရာတွေ့သောအခါ လှထွေးအားညွှန်ပြ၍ ထိုနေရာထိအောင် သင်္ဘောကို မောင်းစေ၏။ သင်္ဘောနေရာ စိတ်တိုင်းကျသည်နှင့် ကျောက်ချစေကာ သင်္ဘောစက်ကို သတ်ထားစေ၏။ စက်ရုပ်ပြီးသည်နှင့် လှထွေးက
“ဦးလေး ကျွန်တော်တို့ ထင်းသွားခွေလိုက်မယ်လေ။ ဦးလေး လိုက်မလာခဲ့ပါနဲ့. ခင်မောင်သန်းနဲ့ ဦးလေးက သင်္ဘောစောင့်နေခဲ့ပေါ့ ဦးလေးရာ နော”
“ဟ လှထွေးရ သင်္ဘောက စောင့်နေစရာမလိုပါဘူး ကွ။ ရေလယ်မှာသာ ရေများပြီး မြုပ်မှာစိုးလို့ စောင့်ရတာ။ ဒီနေရာကတော့ ရေများစရာမလိုပါဘူးကွာ။ တော်ကြာနေ ရေစစ်သွားရင် နုံးလတာပေါ်မှ မင်းသင်္ဘော ထီးထီးကြီး တင်နေမှာပါ။ သင်္ဘောဝမ်းဗိုက်ထဲမှာဝင်နေတဲ့ရေတွေတောင် တစ်စက်မှ မကျန်အောင် စစ်သွားလိမ့်မယ်။ မင်းကြည့်သာနေ”
“ဟုတ်ပါတယ် ဦးလေး။ ရေတော့ဝင်စရာမလိုဘူးပေါ့။ ဒါပေမယ့်”
လှထွေးက သူ့စကားကို ရှေ့ဆက်ရန်အတွက် တွေး တွေးဆဆသဘောဖြင့် တွေဝေနေ၏။ ထိုစဉ် ဦးမောင်က
“ဒါပေမယ့် ဘာဖြစ်လဲ၊ ဆက်စမ်းပါဦး”
“ဒီလိုလေ။ ရေမစောင့်ရပေမယ့် ကျွန်တော်တို့သင်္ဘောပေါ်က ပစ္စည်းပစ္စယာနဲ့ သားငါးတွေကို ဟို … ဟို”
“ဪ… မင်းက သင်္ဘောပေါ်ကပစ္စည်းတွေ လူခိုးမှာစိုးရိမ်နေတယ်ထင်တယ်”
“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အမှန်ပဲဦးလေးရေ။ သင်္ဘောပေါ်ကပစ္စည်းတွေ လူများခိုးသွားမလားလို့ စိုးရိမ်နေတာဗျ”
“အင်း.. မင်းပူတယ် စိုးရိမ်တတ်တာကိုတော့ ငါသဘောကျသွားပြီဟေ့”
“ဘာဖြစ်လို့လဲ ဦးလေးရ”
“မင်း မကြာခင် ဦးစီးချုပ်ဖြစ်မှာပါကွာ။ ကြိုးစားပါ။ ဒီလိုစိုးရိမ်တတ်၊ ပူပန်တတ်၊ ကြောင့်ကြတတ်တယ် ဆိုကတည်းက ပစ္စည်းကို ထိန်းသိမ်းချင်တဲ့ စေတနာပါလာတာပဲ။ ပိုင်ရှင်ရဲပစ္စည်းကို ဒီလိုပူပန်တတ်၊ စောင့်ရှောက်တတ်တဲ့စေတနာ ထားလာတာဟာ ဦးစီးချုပ်တစ်ယောက်မှာ အရေးအကြီးဆုံး အလိုအပ်ဆုံးအရာပဲကွ။ မင်းဟာ ရေလုပ်ငန်းကျွမ်းကျင်မှုကတော့ အတော်ကို ပြည့်စုံနေပါပြီ။ ဒီ စိတ်ထားမျိုးသာ မင်းဆက်ထားနိုင်မယ်ဆိုရင် ငါ့ဆီကို ဦးစီးချုပ်လာတောင်းနေတဲ့ ရေလုပ်ငန်းပိုင်ရှင်တွေဆီကို မင်း ပို့ပေးပြီး တစ်ခါတည်း ဦးစီးချုပ်ခန့်လိုက်ရုံပဲ”
“ဟုတ်ပါ့မလား ဦးလေးရာ။ ကျွန်တော်က ဦးစီးချုပ် အရည်အချင်းကော ပြည့်မီပါ့မလား”
“ရပါတယ်ကွာ။ အဓိကအကျဆုံးကတော့ ရေလုပ်ငန်း အပေါ် မင်း အခုလက်ရှိအခြေအနေလောက် ကျွမ်းကျင်ပြီး စီမံခန့်ခွဲတတ်၊ စာနာစောင့်ရှောက်တတ်ဖို့က အရေးကြီးတယ်ကွ။ လုပ်ငန်းပညာဆိုတာကတော့ လုပ်ရင်းသင်၊ သင်ရင်းလုပ်ရတာမျိုးပဲ။ ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ မရှိဘူးကွ”
“ဒါဆိုရင် ဦးလေးကျတော့ကောဗျာ”
“ဟ ငါလည်း လုပ်ငန်းကို ကျွမ်းကျင်တာပဲရှိတာ။ ရေလုပ်ငန်းနဲ့ပတ်သတ်တဲ့အတတ်ပညာတွေ ပြီးပြည့်စုံပြီတော့ ဘယ်ရှိဦးမှာလဲကွာ။ လုပ်ငန်းဆိုတာက ကြည့်လေမြင်လေး သင်လေနက်လေ ဆိုတာမျိုးလိုပေါ့ကွာ။ စာပေပညာကိုသာ ပြီးမြောက်အောင် ဘွဲ့တွေ၊ ဒီဂရီတွေ ကုန်ဆုံးတဲ့အထိ သင်ချင် သင်နိုင်မယ်။ လုပ်ငန်းအတွေ့အကြုံ အတတ်ပညာကတော့ သူ့ နေရာနဲ့သူ ကုန်တယ်ကို မရှိနိုင်ဘူးဟေ့။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဘူးတယ်ကွ”
“ဘာများလဲဦးလေး၊ ပြောပြစမ်းပါဦး”
“အခမ်းအနားတစ်ခုမှာပေါ့ကွာ။ လူငယ်တွေ ပညာ
ရေးနဲ့ပတ်သက်ပြီးတော့ ဒီနေ့ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားလူငယ်လေးတွေဟာ ပညာရေးကိုဂရုစိုက်ပြီး တတ်မြောက်အောင် ကြိုးစားသင်ယူကြပါ။ ကျောင်းပြီးလို့ ဘွဲ့ရသွားတဲ့အခါမှာလဲ ပညာသင်ယူမှုဟာ ကုန်ဆုံးသွားပြီလို့ မယူဆကြပါနဲ့။ ကျောင်းစာများပြီးတဲ့အခါ လောကကြီးကပေးတဲ့ ပညာတွေလည်း ဆက်ပြီး သင်ယူဆည်းပူးကြပါဦး။ လှုပ်ရှားကျင်လည်ကြရမည့် လူ့ဘဝကြီးမှာ အတတ်ပညာတွေ အများကြီးလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ဘဝတက္ကသိုလ်ကြီးဆီက မကုန်နိုင်တဲ့ အတတ်ပညာတွေကို ရအောင်သင်ယူကြဖို့ မေ့မနေကြပါနဲ့လို့ မိန့်ကြားခဲ့တယ်ကွ”
“အင်း ကြားရတာ တန်ဖိုးရှိလိုက်တာဦးမောင်ရာ။ ကျွန်တော်တို့လို လူငယ်တွေအတွက်တော့ လူ့ဘဝကြီးမှာ တွေ့ရ၊ ကြုံရ၊ မြင်ရ၊ ကြားရ၊ လှုပ်ရှားရမယ့်အရာအားလုံးဟာ ပညာယူစရာတွေချည့်ပေါ့ဗျာ… နော်”
“ဟုတ်တယ်လှထွေး၊ ဒါကြောင့် ပညာဆိုတာ လုပ်ရင်းသင်း သင်ရင်းလုပ်နဲ့ အဆင်ပြေသွားမှာပါ။ အဓိက ကျတာကတော့ စာနာစိတ် ထိန်းသိမ်းစိတ် ရှိရင် လူ့ဘဝကြီး အောင်မြင်ပါပြီကွာ။ လုပ်စားလို့လည်း ရပါပြီ”
“ကဲ ပြောလို့တော့ကောင်းတယ် ဦးလေးရေ။ ကျွန်တော်တို့ တောဝင်နောက်ကျနေလိမ့်မယ်။ ထင်းသွားခွေလိုက်ဦးမယ်နော်”
“ဟ ငါလည်းလိုက်မှာပေါ့ကွ။ လောလှချည့်လား”
“ဦးလေးနဲ့ ခင်မောင်သန်းက သင်္ဘောစောင့်နေပေါ့ဗျာ။ တော်ကြာ သင်္ဘောပေါ်က ပစ္စည်းတွေ ခိုးကုန်မှဖြင့်”
“ရှူးရှူး ဟေ့ကောင်လှထွေး တိုးတိုးပြောကွာ။ ဟိုဘက်က တန်းဆွဲနေတဲ့လူတွေ ကြားသွားမှဖြင့် အားနာစရာကြီး ဖြစ်နေပါ့မယ်။ ဒီလောက်လည်း မစိုးရိမ်ပါနဲ့လှထွေးရာ။ ရေလုပ်သားတွေဆိုတာ အလွန်သစ္စာရှိကြတာကွာ။ ဒီအနီးဝန်းကျင်ရွာတွေက ရေလုပ်သား (တံငါ)တွေ သစ္စာမရှိဘူး ရှိတယ်ဆိုတာ တို့လာတဲ့လမ်းမှာတုန်းကအတိုင်း မင်း သတိမထားမိဘူးလား”
“ဟင့်အင်း … ကျွန်တော်အမှုမဲ့ အမှတ်မဲ့ပဲ”
“ အင်း ဒါ့ကြောင့် လောကကြီးဆီမှာရှိတဲ့ အတတ် ပညာတွေကို သင်ယူကြဆည်းပူးကြပါဦးလို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာပေါ့ကွ။ မင်း ဒီရွာမဝင်ခင် လက်လံလေးလံလောက်တုံးက ပင်လယ်ထဲမှာ ဘောတွေချိတ်၊ ကနက်တွေရိုက်ပြီး ပိုက်ထောင်ထားတာတွေ မတွေ့ခဲ့ဘူးလား”
“အင်း အဲဒါတွေတော့ တွေ့တယ်လေ။ ပိုက်တွေမှ နည်းပါဘူးဗျာ။ ဟိုတစ်စု သည်တစ်စုနဲ့ ပိုက်ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရှိမယ်ထင်တယ်”
“အေး အဲဒီပိုက်တွေမှာ လူစောင့်နေတာရော တွေ့ခဲ့သလား”
“စောင့်နေတာတော့ မတွေ့ဘူး ဦးလေးရ”
“အဲဒါ ဒီအနီးအနား ရွာတွေရဲ့ စရိုက်လက္ခဏာတွေပေါ့ကွ”
“ကျွန်တော်တော့ နားမရှင်းဘူး ဦးလေးရာ။ လူမရှိတာနဲ့ ကျွန်တော်တို့သင်္ဘော သူခိုး ခိုးမှာ မကြောက်ရတာနဲ့ ဘာဆိုင်လို့လဲ ဦးလေးရ”
“ဆိုင်ပါပြီကော လှထွေးရာ။ လူဆိုတာ ခိုးတတ်မှ ရိုးတတ်တယ် ဆိုတဲ့ စကားကော ကြားဘူးလား”
“ဟုတ်ကဲ့ ကြားဘူးပါတယ်”
“အေး အဲဒါပေါ့ကွ။ လောကကြီးဆီက သင်ယူရတဲ့ ပညာဆိုတာ။ ဒီအနီးဝန်းကျင်မှာရှိတဲ့ လူတွေဟာ မခိုးတတ်ဘူး။ သူတို့ မခိုးတတ်သလို သူများကိုလည်း ခိုးလိမ့်မယ်လို့ မရိုးတတ်ဘူး။ မစိုးရိမ်တတ်ဘူး။ ဒါ့ကြောင့် သူတို့ပစ္စည်းကိုလည်း မစောင့်ဘဲ ယုံကြည်စွာ ထားတယ်။ ဒီတော့ တို့ပစ္စည်းကိုလည်း ယုံကြည်စွာ ထားရုံပဲပေါ့ကွ။ ဟုတ်ဘူးလား။ ကဲ လာ သွားကြစို့”
“ထင်းခွေတော့ လိုက်မနေပါနဲ့ ဦးလေးရာ။ သင်္ဘောပေါ် မနေချင်ရင်လည်း ကုန်းပေါ်တက်ပြီး အနီးအနားမှာ လျှောက်လည်နေပေါ့။ ဦးလေးကို ထင်းမထမ်းစေချင်လို့ ပြောတာပါ။ ခင်မောင်သန်းတော့ ခေါ်သွားပါ့မယ်”
“ကဲ… ကဲ မင်း ဒီလောက်တားနေမှတော့ ငါနေခဲ့ပါ့ မယ်။ ဒါပေမဲ့ သင်္ဘောပေါ်မှာတော့ မနေခဲ့ဘူးကွာ။ ကုန်းပေါ် တက်ပြီး အညောင်းအညာပြေ လျှောက်လိုက်ဦးမယ်”
ဦးမောင်တို့အဖွဲ့သားများသည် သင်္ဘောကို နေရာ တကျထားပြီးသည်နှင့် ကုန်းပေါ်သို့ အလျှိုလျှိုတက်ကာ ထင်းခွေသွားကြတော့သည်။ ရေလုပ်သားများအတွက် ထင်းသည်လည်း ပဓါနကျသော အရာတစ်ခုပင်။ ဦးမောင်တစ်ယောက်ကမူ လှထွေး တားလွန်းသဖြင့် ထင်းခွေမလိုက်ဘဲ ကုန်းပေါ်တက်ကာ လျှောက်နေတော့သည်။
X X X X
ဦးမောင်သည် ဤနေရာ ဤဒေသများသို့ မရောက် ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က တစ်ကြိမ် သင်္ဘောဝင်ရိုးပြတ်၍ ဤနေရာတွင် သင်္ဘောထားခဲ့ကာ နောက်မီးသို့တက်၍ ဝင်ရိုးဆက်ခဲ့ဘူးသည်။
ထို့နောက်တွင်ကား ငါးကွင်းရှပ်သင်္ဘောဖြင့် ဖြတ်သွားဖြတ်လာလောက်သာ ရှိခဲ့တော့သည်။ ကုန်းပေါ်သို့ကား မတက်ဖြစ်ခဲ့။ ထိုစဉ်က အမာစု၊ တောကျိုး၊ အော်ပိုက် စသည့်ရွာများ၏ နောက် ကျောတွင် တောကြီးများ ထီးထီးမားမား။
ယခုမူ အရင်ကနှင့် ပြောင်းပြန်။
တောများကိုရှင်း၍ တာပတ်ကာ သဘာဝကျားတုပ် မွေးမြူနေကြသည့် ကန်ကြီးများမှာ ရှုမဆုံးနိုင်အောင် ရှိတော့သည်။
ယခုခေတ်သည် မွေးမြူရေးရွှေခေတ်ဟုဆိုရလောက်ပါသည်။
ရေချို၊ ရေငန် ပုစွန်ထုပ်များ မွေးမြူ၍ ပြည်တွင်းပြည်ပ ဝင်ငွေများရရှိကာ တိုးတက်ကြီးပွားနေကြသည်မှာ နေရာတကာပင်။ ရေချိုပုစွန်သည် ဥများကိုသားဖောက်ခြင်း၊ သားပေါက်အကောင်ငယ်လေးများအား ရောဂါဘယ ကင်းရှင်းအောင် စောင့်ရှောက်ခြင်း၊ ရေချိုကန်ကြီးများသို့ထည့်ကာ မွေးမြူရခြင်း။ အစာကျွေးခြင်း၊ ရေဟောင်းရေသစ်လဲလှယ်ခြင်း စသည်များဖြင့် လက်ဝင်စွာလုပ်ကိုင်ကြရသည်။
ရေငန်ကျားထုပ်ပုစွန်များကို မွေးမြူရသည်မှာ ရေချိုပုစွန်များ မွေးမြူရသလောက် လက်မဝင်။ အလုပ်မရှုပ်လှ။
တောရှိလျှင် ခုတ်ထွင်ရှင်းလင်း၍ တောမရှိလျှင်မူ တာပတ်ကာ ပင်လယ်ထဲမှ ရေဝင်ပေါက်တစ်ခုကိုသာ ထားရသည်။ ပင်လယ်ရေတက်လာပါက တာပတ်ထားသည့်ကန်များထဲသို့ ရေအပြည့်ဝင်အောင် သွင်းပေးရသည်။ ရေပြည့်တန်းတွင် ရေပြည့်သွားပြီ ဆိုပါက ရေဝင်ပေါက်ကို ပိတ်ထားလိုက်ရုံသာ။
ဝင်လာသည့်ရေငန်များထဲတွင် သဘာဝရေငန်ပုစွန်ဥများ အများအပြားပါလာကြသည်။ ယင်းပုစွန်ဥများသည် သစ်ပင်၊ သစ်ကိုင်း အမှိုက်သရိုက်များတွင်ကပ်၍ နေကြသည်။ အချိန်တန်သောအခါ ထိုပုစွန်ဥများပေါက်ကာ ပုစွန်သားပေါက်ကလေးများ ရရှိလာတော့သည်။ ထိုအခါကျမှ ပုစွန်ဖွဲ၊ ဆန်ဖွဲ၊ ငါးခြောက်မှုန့် စသည့်အစာများ ကျွေးရုံသာရှိတော့သည်။ ရက်လေးဆယ်ခန့် ရရှိလာသောအခါ ရေသစ် ရေဟောင်း လဲပေး၍ရပြီ။
ရေသစ် ရေဟောင်းလဲနည်းမှာ မခက်လှ။
ရှိပြီး ရေဟောင်းများကို ထုတ်ပစ်ရန် တာကို တစ်ပေသာသာခန့် ဖောက်ရသည်။ ရေချိန်ကလည်း ရေဝက်တက်ခန့် အချိန် ဖြစ်ရသည်။ ဖောက်ပြီးသည်နှင့် ပိုက်စိမ်းဆံကာဖြင့် အတွင်းမှခံကာ ရေများ ထုတ်ပစ်ရသည်။ ပိုက်စိမ်းသံကာများ ခံထားခြင်းမှာ ပုစွန်သားပေါက်များ ပါမသွားရန်ဖြစ်သည်။ ရေများ ကုန်သည်နှင့် တက်လာသည့် တက်ရေကို အမိအရသွင်းရသည်။ ရေဟောင်းများကုန်၍ ရေသစ်နံ့ရလာသောအခါ ရေငန်ကျားထုပ်ပုစွန်များမှာ မြူးထူးပျော်ပါးနေကြတော့သည်။
အရွယ်ရလာသည့် ပုစွန်များအား ၁၅ ရက်တစ်ကြိမ်၊
၂၀ ရက် တစ်ကြိမ်ဆိုသလို မကြာခဏ ရေဟောင်းရေသစ်လဲပေးပါက ပုစွန်များလည်း ပျော်၍ ကြီးထွားမှုနှုန်းလည်း မြန်ဆန်လာတော့သည်။ ဤနည်းဖြင့် မွေးမြူထားသော ပုစွန်များ ခြောက်လခန့်ရှိပါက ရောင်းတန်းဝင်အရွယ်သို့ ရောက်လာတော့သည်။
ရေငန်ပုစွန်ကျားထုပ် ရောင်းတန်းဝင် ၁ ပိဿာလျှင် နှစ်ထောင်မှအထက်သို့ ရောင်းရသည်။ ရေငန်ပုစွန် တစ်ဧက ခြောက်လခန့် မွေးမြူမိပါက ပိဿာချိန် အနည်းဆုံး တစ်ထောင်ခန့်ရကာ ငွေကျပ်သိန်းနှစ်ဆယ်ကျော်ခန့် ရရှိနိုင်သည်။ ရေငန်ပုစွန်မွေးရသည်မှာ သဘာဝဒဏ်ကို ခံနိုင်ရည်ရှိသောကြောင့် ပျက်စီးလေလွင့်မှုနည်းပါးကာ ဝင်ငွေပို၍ကောင်းနေကြတော့သည်။ အရင်းနည်းနည်းနှင့် အမြတ်များများ ရနိုင်သည့်နည်းမှာ ရေငန်ကျားထုပ်ပုစွန်မွေးမြူရေးပင် ဖြစ်တော့သည်။
ဦးမောင်သည် ကျားထုတ်ကန်များ၏ ဘောင်ပေါ်တွင် ထိုင်၍ ရှူမဆုံးနိုင်သော ကျားထုတ်ကန်ကြီးများကိုကြည့်ကာ ကြည်နူးအားရ ကျေနပ်နေတော့သည်။ ကျားထုတ်ကန်များကို ဖြတ်၍ တိုက်ခတ်လာသောလေသည် ဦးမောင်ကို ကြည်စယ်နှိုးဆွနေ၏။ လတ်ဆတ်သောလေကို ရှူရှိုက်၍ လန်းဆန်း နေသော ဦးမောင်သည် ကျားထုပ်ကန်ကြီးများကို ပတ်၌ ပတ်၍ ဘောင်ကြီးများပေါ်တွင် အားရပါးရ လျှောက်နေ၏။
ထိုစဉ် ကမ်းနားဆီမှ အော်သံ ခေါ်သံ လိုလို ကြားရသဖြင့် ဦးမောင်တစ်ယောက် လျှောက်လက်စ ခြေလှမ်းများကို ရပ်တန့်ကာ နားစွင့်နေမိ၏။
“ဦးလေးရေ … ဦးမောင် … ဘယ်ရောက်နေလဲဗျို့၊ ဦးမောင် … ခဏလာပါဦးဗျို့”
လှထွေး၏အသံကို ဦးမောင် သဲသဲကွဲကွဲ ကြားလိုက်ရ၏။ ရင်ထဲတွင်လည်း ထိတ်ခနဲ ဖြစ်သွားမိသည်။
“ဒီကောင် တောထဲထင်းခွေသွားရင်း ထိခိုက်ဒဏ်ရာများ ရလာကြသလား”
ဟူသော အတွေးက ဦးမောင်၏ စိုးရိမ်စိတ်ကို ပိုမိုကြီးထွားစေသည်။ သို့နှင့် ကျားထုပ်ကန်ဘောင်များ အတိုင်း နောက်သို့လှည့်ကာ
“ဟေ့ လှထွေးရေ ငါဒီမှာဟေ့။ အခုလာခဲ့မယ်… အခု လာခဲ့မယ်”
ဦးမောင်သည် လှထွေးထံသို့ ခွန့်တုန့်ပြန်စကားဆိုကာ လှထွေးတို့ရှိရာ ကမ်းနားဆီသို့ အပြေးအလွှားလာခဲ့သည်။ လှထွေးတို့ ထင်းခွေထွက်သွားသည်မှာ သိပ်မကြာလှသေး။ အခုမှ နေ့လယ်နှစ်ချက်တီးခန့်သာ ရှိဦးမည်။
“ဒီကောင်တွေ တစ်ခုခုဖြစ်လာတာတော့ သေချာနေပြီ”
ဟု ဦးမောင် တစ်ထစ်ချ သတ်မှတ်လိုက်သည်။ ဦးမောင်၊ လှထွေးတို့နား ရောက်လာခဲ့သည်။ သင်္ဘောသားအားလုံးက ဘေးမှဝိုင်းလျက်။ ညွန့်ဝေက အားလုံး၏အလယ်တွင် ခုန်လိုက်၊ ပျံလိုက်၊ လူးလိုက်၊ လှိမ့်လိုက်။
ထိုမြင်ကွင်းကြောင့် ရင်တွင်းလှုပ်ရှားထိတ်လန့် သွားရသည်က ဦးမောင်။
ဦးမောင်သည် အနားရောက်သွားသည်နှင့် …
“ဟေ့ လှထွေး၊ ဒါက ဘယ်လိုဖြစ်ကြတာလဲကွ။ ပြောစမ်းပါဦး”
“တောဖမ်းတယ်ထင်တယ် ဦးမောင်ရ။ ဒီကောင် တောထဲ ထင်းခွေဖို့ ဝင်လို့မှ နာရီဝက်လောက်ပဲကြာသေးတယ်။ ကယ်ကြပါ… ယူကြပါ ဆိုပြီး ထအော်တော့တာပဲ”
“သူဘာဖြစ်တယ်လို့ပြောလဲ”
“အစတော့ သူယားတယ် ပြောတာပဲ ဦးလေးရ။ တစ်ကိုယ်လုံး ယားနေတာနဲ့ သူဟာသူ ကုတ်သေး ဖဲ့သေး တယ်တဲ့။ နောက်တော့မှ သူ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ထအော်ရတာတဲ့ ဦးလေးရဲ့”
ဦးမောင်သည် လှထွေးပြောပြသည်တို့ကို သေချာ စိုက်၍ နားထောင်နေ၏။ ညွန့်ဝေ၏ ဖြစ်ရပ်ဖြစ်စဉ်တို့ကိုလည်း ကြည့်၍ အပြန်ပြန်အလှန်လှန် တွေးတောစဉ်းစားနေ၏။ ညွန့်ဝေတစ်ယောက်ကမူ ဦးမောင်တို့အဖွဲ့သားအားလုံး၏အလယ်တွင်
“အောင်မယ်လေး ကယ်ကြပါဗျာ။ ဦးလေးဦးမောင် မကယ်နိုင်ကြတော့ဘူးလားဗျာ။ အမလေးယားတယ် … ယားတယ်။ အသဲထဲက ယားတယ်၊ အူထဲက ယားတယ်၊ ဦးနှောက်ထဲက ယားတယ်။ အောင်မယ်လေးဗျ ကယ်တော်မူကြပါဦး။ အမေတို့ အဖေတို့ ဦးမောင်တို့…”
ညွန့်ဝေမှာ ဦးမောင်တို့အဖွဲ့သားအားလုံးတို့၏ လယ်တွင် လူးလှိမ့်ခုန်ပေါက်နေတော့၏။ အဖွဲ့သားအားလုံးမှာ ညွန့်ဝေကိုကြည့်၍ စိတ်မကောင်းခြင်းများစွာဖြင့် ခံစားနေကြရ၏။ ထိုစဉ်လှထွေးက
“ဦးမောင် ညွန့်ဝေတော့ တောဖမ်းခံရတာထင်တယ်။ ကျွန်တော်တို့ နောက်မီးဘက်သွားပြီး ပယောဂဆရာလေး ဘာလေး သွားရှာပြီး ပင့်ကြရင်ကောင်းမယ်ထင်တယ်”
“အင်း… နေပါဦး လှထွေးရာ။ ငါ ညွန့်ဝေကို သေချာမေးပြီး အခြေအနေကြည့်ပါဦးမယ်”
“ဒါဆိုရင်လည်း မြန်မြန်မေးပါ ဦးလေးရာ။ ဒီကောင့် ကိုကြည့်ရတာ ကျွန်တော်တို့ စိတ်မကောင်းဘူးဗျာ။ အရမ်းခံစားရတယ်”
“အေး … အေး ငါမေးပါ့မယ် လှထွေးရာ”
အခြားအဖွဲ့သားများသည် ညွန့်ဝေ၏ အခုန်အပျံ၊
အလူးအလှိမ့်တို့ကိုကြည့်၍ စိတ်မကောင်းဖြစ်ကြရသော်လည်း မည်သူမျှ ညွန့်ဝေ၏ အနားသို့ မကပ်ရဲကြ။ ဦးမောင်ကမူ လှထွေးနှင့် တိုင်ပင်ဆွေးနွေးပြီးသည်နှင့် ညွန့်ဝေ၏အနားသို့ ကပ်သွား၏။ အနားသို့ရောက်သည်နှင့် ညွှန့်ဝေ၏ လက်ကလေး များအား ကြင်နာစွာဆုတ်ကိုင်ကာ
“ညွန့်ဝေ မင်း ဘယ်ကနေ ဘယ်လို စဖြစ်တယ်ဆိုတာ ငါ့ကို ပြောစမ်းပါဦးကွာ”
“ဒီ … ဒီ … ဒီလိုပါဦးမောင်ရာ။ အား … ယားတယ် … ယားတယ်။ ကျွန်တော် … ကျွန် … ကျွန်တော် ထင်း … ထင်း အား … မနေနိုင်အောင် ယားပါတယ်ဗျာ.. အမေတို့ အဖေတို့ …”
“အေးပါကွာ ယားတော့ ယားတာပေါ့။ ဒါပေမယ့် မင်းဖြစ်လာတဲ့ အခြေအနေအမှန်ကို သိမှ တို့က လုပ်တတ်မှာကွ၊ ဆရာပင့်တန်ရင်လည်း ပင့်။ ကိုယ့်ဟာကိုယ် ကုလို့ရလည်း ကုရတာပေါ့ကွာ”
“ကု … ကု မနေပါနဲ့တော့ဗျာ။ ရ… ရတော့မှာလည်း ဟုတ်တော့ပါဘူး။ တစ်ကိုယ်လုံးလည်း အစုန့်တွေ အပိမ့်တွေ ထွက် … ထွက် နေပါပြီဗျ။ အမလေး… လေး”
အားမငယ်ပါနဲ့ ညွန့်ဝေရာ။ တို့ မင်းကို ဒီအတိုင်း ပစ်မထားပါဘူး။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ရအောင်ကုမှာပါ။ မင်း ဘယ်နည်း ဘယ်ပုံ လုပ်ရင်းက စယားတယ်ဆိုတာသာ ပြောပြစမ်းပါ”
အဖွဲ့သားများမှာ ဦးမောင်နှင့် ညွန့်ဝေတို့ အပြန်အလှန်ပြောနေသည်ကို ကြည့်၍ စိက်မကောင်းခြင်းများစွာ ဖြစ်နေကြရှာသည်။ ထိုစဉ် ညွန့်ဝေက
“ကျွန် … ကျွန်တော် တောထဲ ထင်းခွေဖို့ ဝင် … ဝင် ဝင်တော့။ အား.. ယားလိုက်တာ၊ ဝင်တော့ လှထွေးတို့နဲ့ ခွဲထွက်မိခဲ့ပြီး အား … ရှူး… ယားလိုက်တာ။ လမ်းပျောက်သွားတယ်။ လမ်း … လမ်းပျောက် တော့ သစ်ချုံတွေအောက် အိုး … ယားပါ့ဗျာ။ ယားပြီဗျို့ … ဟိုး … ဟိုး … ဟိုး၊ အောက်ကနေ တိုးသွားတယ်။ အ … အစတော့ ပိုးမွှားကိုက်တယ် ထင် … ထင်နေတာ။ နောက် … နောက်ကျမှ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယား … ယား… ယားလိုက်တာနော်”
“မင်းတိုးတဲ့တောက မြေကြီးနဲ့ တစ်တောင် တစ်တောင့်ထွာလောက်ကွာတဲ့ တောမဟုတ်လား ညွန့်ဝေ”
“ဟုတ် … ဟုတ် … ဟုတ်ပါတယ်။ အယ် ယားလိုက်တာ”
ဦးမောင်၏ မျက်နှာသည် အခုမှပင် ရုတ်ကနဲ ပြုံးလာနိုင်တော့၏။ အဖွဲ့သားအားလုံး စိတ်ညစ်နေကြသည့်ကြားမှ ဦးမောင်၏ အပြုံးကို တွေ့ရသောအခါ အားလုံးမှာ ငိုရမလို ရယ်ရမလို ဖြစ်နေကြ၏။ ဦးမောင်က ညွန့်ဝေအား ဆက်မေးနေပြန်၏
“ညွန့်ဝေ မင်းတိုးတဲ့တောဘေးမှာ ချောင်းကျ၊ မြောင်းကျ၊ ချောင်းစွယ်၊ မြောင်းစွယ်တွေကော မရှိဘူးလားကွာ”
“ရှိ ဟိ ဟိ အား ယားတယ်။ ရှိပါတယ် ဦးလေးရာ”
“အေး ဒါဆိုရင် ကျိန်းသေပြီ။ ဘယ်ပယောဂဆရာမှ သွားခေါ်နေစရာ မလိုတော့ဘူး။ ဟေ့ လှထွေး”
“ခင်ဗျာ ဦးလေး”
“မင်းတို့အားလုံး ထင်းယူတဲ့လူက ယူ။ မီးပျိုးတဲ့လူက ပျိုးကြစမ်းကွာ”
“ဦးလေး ဘာလုပ်မလို့လဲ။ နောက်မီးသွားရမှာဆိုလည်း နောက်ကျနေဦးမယ်နော်”
“ပျိုးမှာသာ ပျိုးစမ်းပါကွာ။ ဘယ်နောက်မီးမှ မသွား ရတော့ပါဘူး”
လှထွေးသည် ဘာမှပြန်မပြောတော့။ ဦးမောင်ခိုင်း သည့် မီးပျိုးရန်သာ လုံးပမ်းနေတော့သည်။ ထင်းယူသူယူ၊ မီးပျိုးသူပျိုးဖြင့် သိပ်မကြာလိုက်။ မီးဟုန်းဟုန်းတောက်နေသည့် မီးဖိုတစ်ဖိုဖြစ်လာတော့သည်။
“ဦးလေးမောင် မီးပျိုးပြီး အဆင်သင့်ဖြစ်နေပြီဗျို့”
လှထွေးက လှမ်းပြောလိုက်သည်။ ဦးမောင်က
“အေး အေး လာပြီဟေ့။ လာ… လာ ညွန့်ဝေ လာ။ မင်း အတွင်းခံဘောင်းဘီ ရှိတယ်မဟုတ်လား။ ပုဆိုးချွတ်ချလိုက်။
အင်္ကျီတုံးလုံးနှင့် တအားအား တယားယား ဖြစ်နေသော ညွန့်ဝေမှာ ဦးမောင်က ပုဆိုးပါချွတ်ခိုင်းလိုက်သဖြင့် အတွင်းခံဘောင်းဘီသာကျန်၍ အဝတ်မပါ ဗလာဖြစ်ကာ ဦးမောင်ဆွဲခေါ်လာရာ မီးဖိုဆီသို့ လိုက်လာတော့သည်။ အဖွဲ့ သားအားလုံးကတော့ ဦးမောင်၏လုပ်ရပ်ကို စိတ်ဝင်တစား ကြည့်နေကြသည်။ မီးဖိုဘေးသို့ ရောက်သည်နှင့် ဦးမောင်က ညွန့်ဝေအား
“ညွန့်ဝေ မင်းတစ်ကိုယ်လုံး မီးကင်ပစ်စမ်းကွာ၊ ခြေတွေလက်တွေ၊ ကျောကုံး ရင်ဘတ် အကုန် မီးကင်ပစ်ကွာ။ လှထွေးရေ ပုဆိုးရရ၊ အင်္ကျီရရ အဝတ်ခြောက်တစ်ထည် ရှာခဲ့ပေးစမ်းကွာ”
“ဟုတ်ကဲ့ … ဟုတ်ကဲ့ ဦးလေး”
လှထွေးသည် ပုဆိုးတစ်ထည်ကို ဦးမောင်ထံ ယူသွား ပေး၏။
ဦးမောင်သည် ၎င်းပုဆိုးဖြင့် မီးကင်နေသည့် ညွန့်ဝေအား လက်၊ ခြေ၊ ကိုယ် စသည့် တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးနေ၏။ ပြီးလျှင် မီးဖိုတွင်ပြန်၍ အကင်ခိုင်းပြန်၏။ ညွန့်ဝေမှာ စောစောကလောက် တဟီးဟီး တဟားဟား၊ တယားယား၊ မအော်တော့။
ဦးမောင် ခိုင်းသမျှတို့ကိုသာ လိုက်နာ လုပ်ကိုင်နေရှာ တော့၏။ လှထွေးတို့ ကျန်အဖွဲ့သားအားလုံးကမူ ဦးမောင်နှင့် ညွန့်ဝေတို့ လုပ်ရပ်ကိုသာ မင်တက်မိ၊ ကြည့်ရှုနေကြတော့၏။
ဦးမောင်သည် ညွန့်ဝေအား တစ်ကိုယ်လုံး မီးကင်ခိုင်းလိုက်၊ အဝတ်ခြောက်ဖြင့် တစ်ကိုယ်လုံးတိုက်ပေးလိုက်နှင့် အလုပ်ရှုပ်နေ၏။ ညွန့်ဝေမှာမူ အတော်နေသာ ထိုင်သာ ရှိနေပုံရ၏။
ဦးမောင်သည်လည်း ညွန့်ဝေတစ်ကိုယ်လုံးကို မီးကင်လိုက်၊ အဝတ်ခြောက်ဖြင့် ပွတ်တိုက်လိုက်နှင့် ယုယကြင်နာစွာ လုပ်ပေးနေသည်မှာ ငါးကြိမ်ခြောက်ကြိမ်ထက်မနည်းတော့။ ဦးမောင်သည် စိတ်ရှည်လွန်းဘိ၏။
“ကဲ ညွန့်ဝေ၊ ဘယ့်နှယ်လဲ မင်း ယားသေးလား”
“မယားတော့ဘူး ဦးလေး”
“အရင်လိုပဲ နေသားတကျ ဖြစ်သွားပြီ မဟုတ်လား”
“အင်း ယားတော့ မယားဘူး ဦးလေးရ။ အသားတွေ ကတော့ တင်းပြီး ဖျင်းတင်းတင်း ဖြစ်နေတယ်”
မင်းယားတုံးက ကုတ်ထားလို့ပါကွား၊ တစ်ညလောက်အိပ်ပြီး ကောင်းသွားမှာပါ။ ဒါပေမယ့် မင်းရေတော့ မချိုးနဲ့ ဦးနော်”
“ဘာဖြစ်လို့လဲ ဦးလေး။ ကျွန်တော်ရေချိုးပစ်ချင်တယ်”
“မချိုးပါနဲ့ဆို ညွန့်ဝေရာ။ ဒီလောက် မီးကင်ထားတဲ့ဟာကို ရေသွားချိုးတော့ အပူဝင်သွားမှာပေါ့ကွ။ တော်ကြာ ယားလို့မသေ၊ ဖျားလို့သေ ဖြစ်နေပါ့မယ်ကွာ”
“ဟုတ်ကဲ့ပါ ဒါဆိုလည်း မချိုးတော့ပါဘူး”
ခုမှပင် အဖွဲ့သားအားလုံးမှာ ဦးမောင်နှင့် ညွန့်ဝေတို့ကို ကြည့်၍ ရယ်နိုင် ပြုံးနိုင် ဖြစ်လာကြတော့သည်။
စောစောကလို မျိုးသာဆို ညွန့်ဝေတစ်ယောက် ရူးမလား၊ နှမ်းမလား၊ သေမလား၊ ကြေမလား စသည်ဖြင့် တွေးတော ပူပန်နေကြရသည်။ အခုတော့ ညွန့်ဝေ၏ အနေအထားလည်း အားလုံး ပုံမှန်ဖြစ်သွားပြီ၊ တစ်ဖွဲ့သားလုံးလည်း ဝမ်းမြောက်ဝမ်းသာ စိတ်ချမ်းသာနေကြရှာသည်။ ဦးမောင်ကတော့ ခုမှ စိတ်အေး သွားသည့်ဟန်ဖြင့် သဲသောင်ပေါ်တွင် တင်ပလ္လင်ခွေကာ ပြားပြားထိုင်နေလိုက်တော့သည်။
ထိုစဉ် လှထွေးက ဦးမောင်အား
“ဦးလေးမောင် အခု ညွန့်ဝေ ဖြစ်တဲ့ရောဂါက ဘာ ရောဂါလဲ။ ဘာဖြစ်လို့ ယားတာလဲ။ မီးကင်လိုက်တာနဲ့ ပျောက်ရောလား”
“လှထွေးရာ မင်းဟာကလည်း မေးခွန်းတွေ များလိုက်တာကွာ။ ဘယ်ကစပြီး ဘာကိုအရင် ဖြေရမှန်းတောင် မသိတော့ဘူး”
“ခွင့်လွှတ်ပါ ဦးလေးရာ။ ကျွန်တော် လောသွားလို့ပါ။ သူက ဘာရောဂါလဲ ဦးလေး”
“ဘာရောဂါမှ မဟုတ်ဘူးလှထွေးရဲ့။ အဲဒါပုစွန်ဥ စူးတာကွ မှတ်ထား”
“ဟာ ပုစွန်ဥက ဒီလိုပဲ စူးတတ်သလား။ ဟုတ်လား ဦးလေး။ ဘာပုစွန်ဥလဲ”
“စူးတတ်တာပေါ့ကွ၊ ကျားထုပ်ပုစွန်ဥလေကွာ”
“ဒီကျားထုပ်ပုစွန်တွေက ကုန်းပေါ်တောထဲမှာ တက် ဥတာပဲလား ဦးလေး။ ဒီလောက်များအောင် ဘယ်လိုလုပ် ဥသလဲ ဦးလေးရာ”
“ဘယ်ကလာ ကုန်းပေါ်တက်ဥရမှာလဲကွ။ ရေထဲမှာပဲ ဥတာပေါ့”
“ရေထဲမှာ ဥရဲ့သားနဲ့ ဘာဖြစ်လို့ ကုန်းပေါ်ရောက်ကုန်ရတာလဲဟင်။ ကျွန်တော်တော့ နားမလည်တော့ပါဘူးဗျာ”
“ဒီလိုလေကွာ၊ ကျားထုပ်ပုစွန်တွေဟာ ဥချိန်ရောက်ရင် ပင်လယ်ထဲမှာပဲ နေရာအနှံ့အပြား ဥကြတာကွ။ ဒီလို ပင်လယ်ပြင်အနှံ့အပြား ဥတဲ့ ဥတွေဟာ ရေအောက်ကို မြုပ်မသွားဘူး။ ရေပေါ်မှာပဲ ပေါ်နေတယ်။ ရေတက်နဲ့တွေ့တော့ ရေတက် အတိုင်း မျောပါကုန်ကြရော။
အဲဒီလို မျောတဲ့ဥတွေဟာ ချောင်းကျ၊ မြောင်းကျ၊ ချောင်းစွယ်၊ မြောင်းစွယ်ဘေးတွေမှာရှိတဲ့ သစ်တော သစ်ပင်, ချုံပုတ်, သစ်ကိုင်း စတာတွေနဲ့တွေ့တော့ ကပ်ပြီးကျန်ခဲ့ကြတာကွ”
“ဪ ဒါကြောင့် စောစောက ညွန့်ဝေကို ဦးလေး မေးတော့ မင်းတိုးတဲ့နေရာမှာ ချောင်းကျ၊ မြောင်းကျ၊ ချောင်းစွယ်၊ မြောင်းစွယ် ရှိသလားလို့ မေးနေတာကိုး။ မြေကြီးနဲ့ တစ်တောင်၊ တစ်တောင့်ထွာလောက်ကွာတဲ့ ချုံပုတ်တွေမဟုတ်လားလို့မေးနေတာကိုလည်း အစက သဘောမပေါက်ခဲ့ဘူး။ အခုမှပဲ ကျွန်တော် သဘောပေါက်တော့တယ်”
“အေး လောကကြီးကပေးတဲ့ အတတ်ပညာဆိုတာ ဒါမျိုးတွေပေါ့ကွ။ ကျောင်းကသင်တဲ့ သင်ရိုးထဲမှာ ဒီအတတ်ပညာတွေ မပါနိုင်ဘူးလေ”
“ဟုတ်ပါတယ် ဦးလေးရာ။ ကျွန်တော်တို့တစ်တွေကို လောကကြီးကပေးတဲ့ အတတ်ပညာကို လက်တွေ့ကျကျ ဆည်းပူးခွင့်ရအောင်၊ လက်ခံကျင့်သုံးနိုင်အောင် ညွန်ပြပေးတဲ့ ဦးလေးကို အရမ်းကျေးဇူးတင်ပါတယ် ဦးလေးရာ”
“ရပါတယ်ကွာ၊ ပညာဆိုတာ ဘယ်လောက်ကြီးပဲ သင်ကြားညွန်ပြပေးပေမယ့် ယူတတ်မှရတာကွ။ ဒါကြောင့် မင်းတို့ကို ငါပြောတာပေါ့။ အရာရာမှာ မျက်စိဖွင့်ထားပါ၊ နားစွင့်ထားပါလို့။
အခု ညွန့်ဝေကိစ္စမှာလည်း တွေးတောဆင်ခြင်ဖို့ မေ့နေကြပြီး တောဖမ်းတာလိုလို၊ ပယောဂကိုင်တာလိုလိုနဲ့ အထင်မှား အမြင်မှား ဖြစ်နေကြတာ တော်သေးတာပေါ့ကွာ။ ထိရာတစ်ခြား၊ ရှရာတစ်လွဲ ဖြစ်ကုန်မှဖြင့် ရင်လေးစရာပဲ”
“ဦးလေးရေ စောစောကစကားပဲ ဆက်မေးပါရစေ။ကျားထုပ်ပုစွန်ဥတွေ ရေတက်နဲ့မျောပါ၊ ပါလာပြီး သစ်ပင်ချုံပုတ်တွေမှာ ကပ်တွယ်ပြီး နေနိုင်ကြတာရယ်၊ သူတို့ထိလို့ ယားယံတာရယ်ကိုလည်း ရှင်းပြပေးပါဦး ဦးလေးရာ”
“ဒါကလည်း ရှင်းပါတယ်ကွာ၊ မင်းခေါင်းထဲမှာ သန်းဥက ဘယ်မှာကပ်နေသလဲ”
“ဆံပင်မှာကပ်နေပါတယ် ဦးလေး”
“မင်းအနေနဲ့ သန်းဥတစ်လုံးကိုယူပြီး ဆံပင်မှာ သွား ကပ်ရင်ကော ကပ်ပါ့မလား”
“ဘယ်ကပ်မလဲ ဦးလေးရာ”
“အေး ကိုယ်က ကပ်ထားတော့ မကပ်ဘူး။ သူ့ဟာသူ ကျတော့ ကပ်တယ်ဆိုတာ အဲဒီသန်းဥမှာ ဆံပင်ကို မှီတွယ်နိုင်တဲ့ အစွယ်အဖတ်တွေပါတယ်ကွ။ အဲဒီ အစွယ်အဖတ်နဲ့ ဆံပင်ကို တွယ်ထားတယ်။ သူတို့ဖင်နဲ့ ခေါင်းကိုထိုးတယ်။ ဒါကြောင့် ခေါင်းယားတာပေါ့။ အမှန်ကတော့ ခေါင်းကို ထိုးတာရယ် မဟုတ်ဘူး။ သူတို့သန်းလောကရောက်ဖို့ တိုးထွက်ကြတာကွ။
ကျားထုပ်ပုစွန်ဥကလည်း ဒီအတိုင်းပဲ။ လူတွေ မမြင်နိုင်တဲ့ အစွယ်အဖတ်နဲ့ သစ်ပင်သစ်ကိုင်း၊ သစ်ရွက်တွေကို တွယ်ထားတယ်။ ပြီးတော့ သူတို့ပုစွန်လောကရောက်ဖို့ အချိန်ရှိသရွေ့ ရင့်ကျက်ပြီး တိုးထွက်ကြတယ်၊ အဲဒါကို လူတွေက သွားထိတဲ့အခါကျတော့ သူတို့ရဲ့ အစွယ်အဖတ်တွေနဲ့ ထိမိ စူးမိ ရှမိပြီး ယားတာကွ။ ပုစွန်ဥထိလို့ ယားတဲ့အယားက များများသာ ထိလို့တော့ ဘာနဲ့လုပ်လုပ် မရဘူး။ အဲ သူ့ကိုနိုင်တာကတော့ မီးပဲ။ စောစောက ညွန့်ဝေကို ငါလုပ်ပေးသလို မီးကင်လိုက်။ အဝတ်ခြောက်နဲ့ ပွတ်ချလိုက်နဲ့ ငါးကြိမ်၊ ခြောက်ကြိမ်လောက် လုပ်မှ ပျောက်တာကွ”
“တော်သေးတာပေါ့ ဦးမောင်ရာ။ ဦးလေးပါပေလို့ သာပေါ့။ ကျွန်တော်တို့ချည်းသာဆို တောဖမ်းသလိုလို ဘာလိုလိုထင်ပြီး ရွာလည်မှာ ကျိန်းသေပဲ”
ဦးမောင်နှင့်လှထွေးတို့၏ အချီအချပြောနေကြပုံကို
သင်္ဘောသားများက စိတ်ဝင်တစား နားထောင်နေကြ၏။ ညွန့်ဝေတစ်ယောက်ကမူ အယားအယံများ ပျောက်ကင်းသွားသဖြင့် ဝမ်းသာစွာငြိမ်လျက်။
ညနေစောင်းသွားပြီမို့ လေသည် မြောက်ဘက်တောတန်းဆီမှဖြတ်၍ တိုက်ခတ်လာကာ ဦးမောင်တို့ အဖွဲ့သားများအား နော့သွေးမြူ၍ ကလူနေ၏။ ဦးမောင်တို့အဖွဲ့လည်း အတန်ငယ်အေးလာသဖြင့် သင်္ဘောရှိရာသို့ ပြန်သွားကြတော့သည်။
လတာစပ်ဆီမှ ဗျိုင်းအုပ်တစ်အုပ်ကမူ ရေအကျတွင် ကျန်ရစ်ခဲ့ကြသော သား ငါးတို့ကို ကောက်ယူစားရန် အတွက် တစ်ကောင်ထက် တစ်ကောင် ဦးအောင် လုယက်ရှာဖွေနေကြတော့သည်။ ။
– ပြီး –
စာရေးသူ – မြေလတ်မင်းလွင်