အောင်ခင်စိုး
တောလှန့်သံနှင့် ရစ်သားဟင်း
နေအတော်မြင့်လာပြီ ဖြစ်သဖြင့် အိုက်စပ်စပ်ရှိလာလေသည်။ တောတစ်ပြင်မှာ “သင်္ဂီရော်ရွက် မြရောင်စွက်သို့” ဆိုသည့် စကားအတိုင်း ခြောက်သွေ့နေသော အဝါရင့်ရောင်များနှင့် အချို့သော သစ်ပင် များတွင် ရွက်သစ်ပေါက်စ ဖူးသစ်စ ဖြစ်နေသည့် အလျှောက် မြစိမ်းရောင်ကလေးများပါ ရောနှောဖြန့်ကျက် ရှိနေတော့၏။
သာမောဘွယ်တပေါင်းလလယ်အချိန်အခါ ဖြစ်သည့်အတွက် သေနတ်သမား လူငယ်တပ်မတော်သား ဖြစ်နေသော ကျွန်တော်သည်ပင်လျှင် တပေါင်းလသာယာပုံကိုကြည့်ရင်း တစိမ့်စိမ့်နှင့် စိတ်ကူးယဉ်ချင်တိုင်း ယဉ်နေမိပါ၏။
ဖိုးခေါင်ငှက်များ၏ “ဘိုဘို … ဘိုဘို” ဟူသော အသံလေများသည်လည်းကောင်း “ယောက်ဖခွေးခေါ် အောင်ကျော်တေးထက်”ဟူသော ရှေးလူကြီးသူမများ၏ ပြောပြလေ့ရှိသည့် ဥဒါန်းစကားပုံများတွင် လွန်စွာထင်ရှားလှသော ယောက်ဖခွေးခေါ် ငှက်များသည် တစ်ပင်မှ တစ်ပင် တစ်ကိုင်းမှ တစ်ကိုင်း ကူးယှက်ပျံရင်း တစ်တောလုံး တစ်တောင်လုံးကို လွမ်းဆွတ်ကြေကွဲဘွယ်ရာကောင်းသော အသံများဖြင့် ကြည်နူးနေကြလေ၏။
ကျွန်တော်သည် ဘန်ကလိုမှထွက်၍ အညောင်းဆန့် လိုက်ပြီးနောက် မီးဖိုဘက်တွင် တစ်ကုန်းကုန်းနှင့် ဝင်ရောက်စီမံနေသော တပ်ကြပ်ကြီးတင်ငွေအား…
“ဘာဟင်းချက်မလို့တုန်း ဆရာတင်ငွေ ဆိုစမ်းပါဦး၊ ပဲနဲ့ တောငှက်ပျောခေါင်းဟင်းပဲလား”
တပ်ကြပ်ကြီး တင်ငွေသည် မီးကို ကုန်း၍မှုတ်ရင်း ထရပ်၍…
“ဟင်းမထပ်ရအောင် တစ်မျိုးပြောင်းချက်မလို့၊ တောငှက်ပျောအူနဲ့ ကုလားပဲဟင်းချက်မလို့”
ဟု ခပ်တည်တည်နှင့် ပြောလာသည်။ ဖိုကြီးတာဝန်ခံ ဒုတပ်ကြပ်မောင်သန်းသည် ကျွန်တော့်ကို အားနာနေသောမျက်နှာဖြင့် ကြည့်နေရှာ၏။
တိုက်ကင်းနားရက်အတွင်း သုံးလေးရက်ဆက်တိုက် တောတောင်အနှံ့လိုက်၍ သားကောင်များကို ရှာဖွေခဲ့ပါသော်လည်း ယုတ်စွအဆုံး ဂျီ (ချေ) ကလေးတကောင်တလေပင် မတွေ့ရ၊ မပစ်ခဲ့ရပေ။
ထို့ကြောင့် စခန်းတွင် အသားစိုရိက္ခာ ပြတ်လပ်နေချိန်ဖြစ်သဖြင့် ဖိုကြီးတာဝန်ခံ ဒုတပ်ကြပ် မောင်သန်းမှာ တပ်ရင်းမှပါလာသော ပဲလက်ကျန်နှင့် တောငှက် ပျောအူခေါင်းများနှင့် ဖြစ်သလို ချက်ပြုတ်ကျွေးမွေးနေရသည်။
ကျွန်တော်က ဆရာမောင်သန်းအားကြည့်၍ . . .
“နက်ဖန် ရွာကလူတွေ စုပြီး အနောက်ဘက်ကျွန်းခင်းတစ်လျှောက် တောခြောက်ပြီး ပစ်မယ်စိတ်ကူးထားတယ်။ ဒီလောက် အမဲတွေရှားပါးလှတာ… ”
ထိုစဉ် ကျွန်တော်တို့ စခန်းဆီသို့ အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရွာသားလူရွယ်တစ်ဦး ခပ်သုတ်သုတ် တက်လာနေပါသည်။
“မောင်ဟန်တော့ လာနေပြီ. . . မောင်သန်း၊ မနေ့ကတော့ ဟင်းစားလေးဘာလေးရရင် ဆွဲခဲ့ဖို့ ငါမှာခဲ့တယ်”
တပ်ကြပ်ကြီးတင်ငွေသည် လက်ဘက်ရည်ကြမ်းကို ဝါးဆစ်ခွက်အတွင်း ငှဲ့ထည့်ရင်း ပြောလိုက်၏။ လူရွယ်သည် စခန်းဂိတ်မှ ကျော်လာပြီး မီးဖိုဆီသို့ တန်း၍ ဝင်ရောက်လာပြီးနောက် ကြီးမားသောအိတ်ကြီးထဲမှ တစုံတရာကို ဆွဲထုတ်၍ ဒုတပ်ကြပ်မောင်သန်းဆီသို့ လှမ်းပေးနေ၏။ လူရွယ်ပေးသော ပစ္စည်းကား တောထဲမှ ရစ်အရိုင်းသုံးကောင်ကို ကိစ္စပြီးစီးအောင် လုပ်ကိုင်ထားသော အလွန်ကောင်းသည့် ဟင်းလျာပင် ဖြစ်နေပါသည်။
“ကောင်းပါလေ့ကွာ၊ တို့ သေနတ်သမားတွေက ဘာကောင်မှ မရဘူး။ ဓားမောက်ကိုင်သမားတွေက ရစ်တွေတောင် လာပေးနေရတယ်။ တနေ့ကလည်း တောကြောင်ကြီးတစ်ကောင်ပေးပြီးပြီ။ ရှက်ဖို့ကောင်းလိုက်တာ။ သေနတ်တွေချပြီး ပိုက်သမား၊ ထောင် ချောက်သမား လုပ်ရတော့မလို ဖြစ်နေပြီ. . . မောင်သန်း”
တပ်ကြပ်ကြီး တင်ငွေသည် မကျေမနပ်သည့် အသံကြီးဖြင့် ဖိုကြီးတာဝန်ခံ ဒုတပ်ကြပ် မောင်သန်းအား ပြောလိုက်၏။
“ဘယ်ကရခဲ့တာလဲ… မောင်ဟန်၊ မင်းတို့အလုပ်က ပါးစပ်တော့စိုစိုစားနေရတဲ့ အလုပ်ကွ၊ ငါတောင် စိတ်ပါလာပြီဟေ့”
ဒုတပ်ကြပ်မောင်သန်းသည် ရစ်များကို ကိုင်တွယ်ထားရာမှ မေးမြန်းလိုက်၏။
“ခုအချိန်က ကျုပ်တို့ လယ်တဲမြောက်ဘက်က လျှိုထဲမှာရှိတဲ့ ပိတောက်ရေစမ်းမှာ သွားပြီးထောင်ရင် လေးငါးကောင်တော့ ပြေးမလွတ်ဘူးဗျ။ ဒီနေ့မနက် ငါးကောင်ရလာတယ်။ ညနေဘက် ဆက်ရန်ရှိသေးတယ် ဆရာ။ ရစ်ရော၊ ဒေါင်းရော၊ ကြက်ရော တင်းကြမ်းပဲခင်ဗျာ့”
“ဩော်. . . ပိတောက်စမ်းထဲက ရလာတာကိုး။ အဲဒီစမ်းကဖြင့် နွေရော မိုးရော ရေပြတ်တယ်လို့ မရှိပါဘူးကွာ။ အရိပ်အာဝါသကလည်း နေပျောက်မထိုးဘူး။ ကြာကြာထိုင်မိရင် စိမ့်တက်လာတဲ့နေရာပဲ မောင်ဟန်။ ဒါထက် ဟိုနေ့က ငါ အဲ့ဒီထဲကိုဝင်ပြီး ခြေရာကလေးတွေ လိုက်ကြည့်တော့ …”
တပ်ကြပ်ကြီးတင်ငွေသည် ပြောမည့်စကားကို မပြောသေးဘဲ ခေတ္တရပ်တန့်ထားသဖြင့် မောင်ဟန် သည် အကဲမရသည့် အမူအရာဖြင့်-
“ဘာတွေ့ခဲ့လို့လဲ ဆရာကြီးရယ်. . . ပြောပါဦးဗျ”
“အေး. . . ခြေရာကြီးတွေ အသစ်ချပ်ချွတ် လတ်လတ်ဆတ်ဆတ်ကြီးတွေပါကွာ။ တောကောင်ကြီး ခြေရာကွ။ ရေစမ်းတစ်ဝိုက်ကို လှည့်ပြီး စမ်းဖျားက ဗျစ်တောထဲ လှည့်ဝင်သွားတယ်”
“ဒါများ အဆန်းလုပ်လို့ ဆရာကြီးရယ်။ သူ့လမ်းသူသွားနေကျဘဲဗျာ”
မောင်ဟန်က အမှတ်တမဲ့ ပြောလိုက်သည်တွင် တပ်ကြပ်ကြီးတင်ငွေသည် ချက်ချင်းပင်. . .
“ငါတော့… ခုလိုအချိန်အခါ ပူပြင်းတဲ့အချိန်မျိုးမှာ
တောကောင်တွေ အရှာရ အင်မတန်ခက်တယ်။ ဒါပေမယ့် ခုလို မင်းတို့လယ်တဲနဲ့ နီးနီးကပ်ကပ် ခြေရာလာကျတာတော့ ငါ့စိတ်ထဲမှာ မရှင်းဘူးဟေ့။ မင်းတို့ နွားတွေကလည်း လွှတ်ထားတဲ့အချိန် မဟုတ်လားကွ”
“ဟာ. . . ဆရာကလည်း။ နယ်ရှင်လယ်ရှင်၊ ကွင်းပိုင်တွေ ရှိပါသေးတယ်။ သူတို့ကို နှစ်ဦးတုန်းက နတ်စင်တက်ပြီး ပွဲသုံးပွဲပေးပြီး ကန်တော့ထားတာဘဲ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူးဗျာ။ ဒီအကောင်ကြီးက နှစ်စဉ် ဒီအချိန်ဆိုရင် ရေစမ်းနားက သိပ်မခွာဘူး ဆရာကြီး။ နွားတွေကို မထိပါးခဲ့ပါဘူး”
ကျွန်တော်သည် “ကျားကြီး” ဟူသော အသံကြောင့်
“မနက်ဖြန် ရွာထဲသွားပြီး လူတွေစုခိုင်းဗျာ … ဆရာကြီး။ လူအားနဲ့ဖိပြီး မောင်းကြည့်ရအောင်။ တစ်တော,တောမှာ ဒီအကောင်ကြီး ခိုကပ်နေမှာ သေချာတယ်”
“ဟုတ်ကဲ့… ဗိုလ်ကြီး၊ ဘာအမဲမှ မရရင် ကျားအမဲအလှည့်ပေါ့ ဗိုလ်ကြီးရာ။ ကျားသားလည်း ကျွန်တော်တို့အတွက် မခါးပါဘူး။ ဆီလက်ကျန်လေး အကုန်ထည့်ချက်လိုက်ရင် အင်မတန် စားလို့ကောင်းမှာပါ ဗိုလ်ကြီး”
မောင်ဟန်သည် ရစ်သုံးကောင်ကိုပေးပြီး ပြန်မည်အထတွင် ကျွန်တော်သည် အိတ်ထဲမှ ငွေခုနှစ်ရာခန့်ကိုထုတ်၍ မုန့်ဘိုး ပဲဘိုးအနေဖြင့် လှမ်း၍ပေးလိုက်ရာ
“နေပါစေ … နေပါစေ ဗိုလ်ကြီး. . . ကိစ္စမရှိပါဘူး။ ရောက်တုန်း ကျွေးမွေးရတာကိုပဲ ကျုပ်တို့က ဝမ်းသာနေကြတာပါ။ စိတ်တိုင်းကျ မပြုစုရတာကို ကျုပ်က စိတ်မကောင်းဖြစ်ရတယ် ဗိုလ်ကြီး”
တပ်ကြပ်ကြီး တင်ငွေသည် ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ရင်း ပြုံးနေလေသည်။ မကြာမီ မောင်ဟန်သည် တပ်ကင်းစခန်းကုန်းထက်မှ ခြေလှမ်းကလေး ကျဲကျဲနင်းကာ လူသွားလမ်း ရေးရေးကလေးပေါ်၌ လျှောက်ရင်း ဝါးရုံပင်များကြားတွင် ကွယ်သွားတော့၏။
“ကဲ… ညနေစာကျမှဘဲ နူးနူးနပ်နပ်စားကြတာပေါ့ ဗိုလ်ကြီး။ မနက်စာအတွက်က ချက်ပြုတ်လို့ ပြီးကုန်ပြီ”
ရစ်သားဟင်းကို ညစာမှ စားသောက်ရန် ဖိုကြီးတာဝန်ခံ ဒုတပ်ကြပ်မောင်သန်းက ကြိုတင်သတင်းပို့လာ၏။
“ကောင်းတယ် ဆရာသန်း … နူးနေအောင်သာ ချက်နော်။ ရစ်သား၊ တောကြက်သားဟာ အင်မတန်မာတယ်ကွ။ စားလို့လည်း သိပ်ကောင်းတဲ့ အသားတွေကွ”
“ကောင်လေး သားအမိက သိပ်ဆင်းရဲသလား။ သူ့အဖေရော မရှိတော့ဘူးလား။ ရွာထဲမနေပဲ ဘာဖြစ်လို့ လယ်ထဲ ထွက်နေရတာလဲ ဆရာကြီး တင်ငွေ”
“သူ့အဖေက ကောင်လေး ငါးနှစ်သားအရွယ်ကတည်းက ဖျားပြီး ဆုံးသွားတယ်လို့ သိရတယ်။ မောင်ဟန် အရွယ်ရောက်ကတည်းက သူ့အမေ မုဆိုးမကြီးက သူတစ်ယောက်တည်း လုပ်ကိုင်ကျွေးမွေး နေတာ ဗိုလ်ကြီး။ နွားတွေနဲ့ ရွာထဲ ပြန်ဝင်တဲ့အခါ ရွာပြင်ထွက်ပြီး ကျောင်းနေရတာ တဒုက္ခမို့ လယ်ထဲနေတဲ့လက်စနဲ့မို့ ဆက်နေကြဟန်တူပါတယ် ဗိုလ်ကြီးရယ်”
ကျွန်တော်သည် မောင်ဟန်တို့ သားအမိအား တတ်နိုင်သမျှ အဝတ်အစား ငွေကြေးများကို ရဲဘော်များနှင့်အတူ စုဆောင်း၍ ကူညီရန် စိတ်ထဲ၌ ဆန္ဒဖြစ်ပေါ်ခဲ့၏။
ထို့နောက် နေက ပူလာသဖြင့် ဝါးတန်းလျားပေါ်တွင် လှဲချကာ ပညာပေးတပ်မတော်စာစဉ်ကို ဖတ်နေမိ၏။ ခေါင်းရင်း ဝါးတောဆီမှ လေကလေးက တဟူးဟူး တဖြူးဖြူး တိုက်ခတ်လျက် ရှိနေလေသည်။
xxx xxx xxx
ကျွန်တော်၏ နားထဲတွင် တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ ကြားနေကျ အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာသောကြောင့် အိပ်နေရာမှ ရုတ်တရက် နိုးလာတော့၏။
“ဝေါင် ဝေါင် … ဝေါင် ဝေါင်”
တော၏ပဲ့တင်သံပေးကာ ခပ်ကျယ်ကျယ်ကြားလိုက်ရသည့် ဂျီ (ချေ)ဟောက်သံကို နားစွင့်၍ ထောင်လိုက်ပြီး အိပ်ရာမှ လူးလဲထလိုက်၏။ ထို့နောက် ဝါးကျည်တောက်အတွင်းမှ ရေကို မတ်ခွက်ထဲ လောင်းထည့်ကာ မျက်နှာကပျာ ကယာသစ်လိုက်၏။ ထို့နောက် တောစီးဖိနပ်ကို စီးလိုက်ပြီး ဒုတပ်ကြပ်မောင်သန်းလာပေးသော လက်ဘက်ရည်ကို လှမ်းယူသောက်ရင်းက
“ဆရာကြီးတင်ငွေကို မမြင်ပါလား ဆရာသန်း”
“ရဲဘော်သုံးယောက်ခေါ် ပြီး ရွာထဲ သွားကြတယ် ဗိုလ်ကြီး။ မနက်ဖြန် လူစုပြီး တောခြောက်မလို့တဲ့။ ခုတင်ကတော့ ဂျီတစ်ကောင် လျှောက်ပြေးတဲ့အသံ ကြားလိုက်ရတယ် ဗိုလ်ကြီး”
“အေး. . . ငါ လိုက်ခြောင်းဦးမယ်။ ရလိုရငြားပေါ့ ဆရာသန်း။ မောင်ဟန်တို့ လယ်တဲဘက်ကစပြီး ဝင်မယ်။ သေနတ်သံကြားရင် လူလွှတ်လိုက် … ကြားလား ဆရာသန်း”
ကျွန်တော်သည် မှာကြားစရာကိစ္စများကို မှာကြားခဲ့ပြီးနောက် ကာဘိုင်သေနတ်ကို စစ်ဆေးလိုက်၏။ ပြီးမှ ကိုးမမ ပစ္စတိုတစ်လက်၊ ကျည်ကပ်ပိုတစ်ခု၊ တောလိုက်ဓားမြှောင်တစ်လက်ချိတ်ထားသည့်
ခါးပတ်ကြားကြီးကို ကျွန်တော်၏ခါးတွင် ပတ်လိုက်၏။
ကာဘိုင်သေနတ်တွင် ကျည်ကပ်ကို စစ်ဆေးပြီး တပ်လိုက်ပြီး ကျည်ဆန်တစ်တောင့်ကို ပြောင်းဝတွင်းသို့ထည့်ကာ မောင်းတင်၍ သော့ပိတ်ထားလိုက်၏။
အချိန်မှာ ညနေလေးနာရီခွဲခါနီး ဆယ်မိနစ်အလို ဖြစ်သည်။ ထို့နောက် အနောက်ဘက်ယွန်းယွန်းဆီသို့ တစ်ချက်လှမ်း၍ ကြည့်ကာ အခြေအနေကို အကဲခတ်လိုက်ပြန်၏။ နေမှာ အတော်စောင်းပြီး သစ်ရိပ်ဝါးရိပ်များ ကပ်နေသောကြောင့် အပူရှိန်မှ သက်သာမည့်အရေးကို စဉ်းစားမိသဖြင့် စိတ်သက်သာမိလေသည်။
ကာဘိုင်ကို ပခုံးတွင်ထမ်းလိုက်ပြီး တပ်စခန်းကုန်းမှ လူသွားခြေလမ်းကလေးအတိုင်း မိုက်ဝက်ခန့်ဝေးသော မောင်ဟန်တို့ လယ်တဲဆီသို့ တစ်လှမ်းချင်း တောတောင်အခြေအနေကို အကဲခတ်ရင်း ချီတက်ခဲ့၏။
ဤ ညနေချမ်း အချိန်ကာလမျိုးတွင် တောတွင်းရှိ သားကောင်မျိုးစုံတို့ အိပ်တန်းထ,ချိန် ဖြစ်လေသည်။ နေပူဒဏ်ကို ရှောင်ရှားရင်း ကုန်းစောင်းများ၊ သစ်ပင်ရိပ်များအောက်တွင် တစ်နေ့ခင်းလုံး ဝင်ပြီး အိပ်စက်နားနေပြီးမှ ယခုကဲ့သို့သော ညနေခင်း အချိန်ကျမှ အိပ်တန်းထကာ တစ်ညလုံ လှည့်လည်ကာ အစာရှာဖွေစားသောက်လေ့ရှိသည်။
ထို့ကြောင့်လည်း အိပ်တန်းထလမ်းအကူးအသန်းတွင် အခန့်သင့် တွေ့ကြုံရတတ်ပါ၏။ ဂျီ၊ ဆတ်၊ ဝက်မှစ၍ တောကောင်ကြီးငယ်များကို ပစ်ခတ်နိုင်ရန် ကျွန်တော်တစ်ဦးတည်း ခြေသံလုံလုံနင်းရင်း
မောင်ဟန်တို့ တဲဘက် ထွက်လာခဲ့ခြင်းဖြစ်ပါသည်။
ခြောက်သွေ့နေသော အင်တိုင်းကျောကလေးအဆုံးတွင် မောင်ဟန်၏တဲကလေးကို ဘွားကနဲ လှမ်းတွေ့ရ၏။ တဲဆီမှ ခွေးနှစ်ကောင်သည် ကျွန်တော့်အား တစ်ဝုတ်ဝုတ်ထိုးဟောင်လျက် ကြိုဆိုနှုတ်ဆက်လို က်သည် ။
ကျွန်တော်သည် “မောင်ဟန်. . . မောင်ဟန်” ဟု ခေါ်သံပေးလိုက်၏။ တဲတွင် မည်သူမှ ရှိမနေပါ။ တဲဝင်ပေါက်မှာ ဝါးထရံတစ်ချပ်နှင့် ပိတ်ထားသည်ကို တွေ့ရ၏။ ထို့ကြောင့် သူတို့တဲအိမ်ဆီမှ ပိတောက်စမ်းဘက်သို့ ဆင်းသည့် လမ်းကလေးအတိုင်း ဆက်ထွက်လာခဲ့၏။
ငှက်ငနွားတစ်အုပ်သည် တဘူဘူနှင့် နွားအော်သံကဲ့သို့ မြည်တွန်ကာ တဲအနီး ဇီးဖြူပင်ဆီသို့ ဆင်းနေကြ၏။ လျှိုထဲသို့ တစ်လှမ်းချင်း ဆင်းခဲ့ပြီး လမ်းကူးများတွင် သားကောင်ခြေရာအဟောင်းများကို ကြည့်ရှုစစ်ဆေးခဲ့၏။
လွန်ခဲ့သော ရက်နှစ်ဆယ်ခန့်က ဖြတ်ကူးခဲ့သည့် တောဆင်ခြေရာ၊ ဝက်ခြေရာအဟောင်းများကိုသာ တွေ့ ရသည်။ ကျွန်တော့်အဘို့ မျှော်လင့်ချက် နည်းသွားမိပြန်သည်။ ထို့ကြောင့် လျှိုတွင်းမှတဆင့် ရေစပ်ဆီသို့ ဆင်းခဲ့လိုက်၏။
ချုံများမှာ အတော်ကလေး ထူထပ်စွာ ပေါက်နေကြရုံမျှမက ရေဓာတ်ကနီးကပ်နေသဖြင့် လျှိုတွင်းရှိ ချုံများသစ်ပင်များသည် အတော်စိမ်းလန်းနေသည်ကို သတိပြုမိသည်။ ရစ်များ၊ ကြက်များ ရေသောက်ဆင်းခိုက်ဖြစ်၍ ကျွန်တော့်ကို မြင်တွေ့သွားသောကြောင့် ကြောက်လန့်တကြား ပျံသန်းပြေးရှောင်သွားကြ၏။ တစ်သွင်သွင်ရေစီးသံကို ကြားလိုက်ရပြီးနောက် နာမည်ကြီးလှသော နွေ၊ မိုး၊ ဆောင်း မရှောင် ရေမခမ်းခြောက်သည့် ပိတောက်စမ်းထဲသို့ ဆင်းလာခဲ့မိ၏။
အကျယ် ခြောက်ပေခန့် ရှိသော ပိတောက်စမ်းတွင်း၌ ခြောက်လက်မခန့်နက်သည့် ကြည် လင်သော ရေယဉ်သည် တစ်သွင်သွင်စီးဆင်းနေပေသည်။ ငါးများသည် အုပ်ဖွဲ့ကာ အထက်အောက် ကူးခတ်ပျော်မြူးနေသည်ကို ကြည်လင်သော ရေယဉ်တွင် ကောင်းစွာ တွေ့မြင်နေရပါသည်။
ကျွန်တော်သည် စစ်သားမျက်စိနှင့် ချုံကြို ချုံကြားတစ်လျှောက် မျက်စိရှင်ရှင်နှင့် သားကောင်များ မြုံနေတတ်သော ကိုယ်လုံးသဏ္ဌာန်များကို အရေးတကြီးရှာဖွေရင်း နားနှစ်ဖက်ကိုစွင့်ကာ သားကောင်များ၏ လှုပ်ရှားမှုအသံများကို နားထောင်နေမိ၏။
ဖြူကြီးတစ်ကောင် ရေဆိပ်တွင် ရေသောက်နေသည်ကို ကျွန်တော် တွေ့လိုက်ရပြီး ချက်ချင်းပင် ကျွန်တော်၏ ကိုယ်နံ့ကို ဖြူကြီးက ရရှိသွားသောကြောင့် ရှူးကနဲ မာန်သွင်းကာ သူ၏ချွန်ထက်သော ဖြူဆူးများကိုဖွကာ အနီးရှိ ချုံထဲသို့ အပြေးဝင်သွား၏။
ကျွန်တော် ပစ်ခတ်လိုသော သားကောင်မှာ ဖြူမဟုတ်ပါ။ ဖြူသတ္တဝါသည် အကြီးဆုံးအကောင်မှာ ခြောက်ပိဿာ၊ ခုနှစ်ပိဿာထက် မပိုပေ။ ကိုယ်အလေးချိန် ခုနှစ်ပိဿာမှ ဆယ့်တစ်ပိဿာစီးသည့် ဂျီများကိုသာ အနည်းဆုံးထား ပစ်ခတ်လိုပေသည်။ ထိုဂျီမှစ၍ ဆတ်နှင့် တွေ့သမျှ သားကောင်ကြီးများကို
ဟင်းစားအတွက် ရိက္ခာစိုအဖြစ် ပစ်ခတ်ရပေမည်။
ထို့ကြောင့် စမ်းတွင်းမှ လက်ဝဲဘက်ကမ်းခြေသို့ လှမ်း၍ ကူးခဲ့ပြီး ထွေးတောထဲသို့ တိုး၍ ဝင်ခဲ့၏။ မောင်ဟန်၏ လက်ရာ ကိုင်းထောင်ထားသော ထောင်ချောက်နှစ်ခုကို တွေ့ရပြီး အစာအသစ်များထည့် သွားသည်ကို သတိပြုမိလိုက်သည်။
ကျွန်တော် သွားနေသော ခြေသွားလမ်းဟောင်း ကလေးပေါ်မှာပင် မောင်ဟန်၏ ခြေရာသစ်ကလေးများကို တွေ့ရ၏။ ကျွန်တော်၏ရှေ့မှ မောင်ဟန် သည် ညနေရေသောက်ဆင်းသော ရစ်နှင့် ကြက်များသည် သူ၏ သုတ်ကိုင်းတွင် မိ,မမိကို ကြည့်ရှု စစ်ဆေးရန် သွားနှင့်ကြောင်းကို ရိပ်မိလိုက်၏။
ရှေ့ဆက်၍ ကိုက်နှစ်ရာခန့် သွားမိသောအခါ မောင်ဟန်၏ သုတ်ကိုင်းတစ်ခုသည် အစာတပ်ရင်းတန်းလန်းနှင့် မထောင်ရသေးပဲ ရှိနေသည့်အဖြစ်ကို တွေ့ရပြန်၏။ မောင်ဟန်၏ ဓားမောက်တိုတစ်ချောင်းနှင့် လွယ်အိတ်ကလေးပါ မြက်ပင်များပေါ်၌ တွေ့ ရသဖြင့် ကျွန်တော်၏ ခြေသံကြားရ၍ အနည်းငယ် ကြောက်ရွံ့သည်ကြောင့် တစ်နေရာရာသို့ ရှောင်ပုန်းနေလိမ့်မည်ဟု ထင်မိ၏။
ထို့ကြောင့် ကျွန်တော်သည် ခြေလှမ်းယောင်ယောင် ကလေးအတိုင်း ဆက်လက်၍ လာခဲ့ရင်း ‘အဟမ်း’ ဟု ချောင်းသံတစ်ချက် ခပ်ကျယ်ကျယ် လူသံပေး လိုက်၏။ သို့မှသာ မောင်ဟန်သည် ကျွန်တော်၏ လူသံပေးခြင်းကို ကြားရပြီး ချောင်းကြည့်ရာမှ ကျွန်တော့်ကို တွေ့နိုင်ပေလိမ့်မည် ဖြစ်၏။
ရုတ်တရက် ရှဉ့်တစ်ကောင်၏ အလန့်တကြား စုတ်သံများ ဆက်ကာ. . . ဆက်ကာ ပေါ်ထွက် လာလေသည်။
တောတွင်း၏ ဓလေ့ထုံးစံအရ လူကိုဖြစ်စေ၊ သားကောင်ကြီးများကို ဖြစ်စေ ရှဉ့်များ၊ မျောက်များက တွေ့ရှိခဲ့လျှင် အချင်းချင်း စုတ်သံချင်း အလန့်တကြားအချက်ပေးခြင်းဖြင့် တောလှန့်သံများ ပေးခြင်းများ ပြုလုပ်လေ့ရှိခြင်းသာ ဖြစ်ပါသည်။
ကျွန်တော်သည် ရပ်နေရာအနီးရှိ တောငှက်ပျောပင်ကလေးများနောက်သို့ ချက်ချင်း ရွေ့ပြောင်းကာ, အကာအကွယ်ယူပြီး ကိုယ်ရှိန်သတ်ကာ ရှဉ့်စုတ်သတ်သံများ ထွက်ပေါ်လာရာဆီသို့ အသာ ကြည့်နေမိ၏။ ကျွန်တော် စောင့်ကြည့်နေစဉ်မှာပင် နောက်ထပ် ရှဉ့် သုံးလေးကောင်၏ တောလှန့်သံများ ဆက်တိုက် ထွက်ပေါ်လာပြန်ပါသည်။
ထိုစဉ် ရေအစီးကြမ်းပင်ကလေးများ တစ်သိမ့်သိမ့် လှုပ်ကာ လှုပ်ကာ တက်လာသော သဏ္ဌာန်တစ်ခုကို တွေ့နေရသည်။ မောင်ဟန်၏ လူသဏ္ဌာန်ကိုကား မမြင်ရပေ။
လောင်းရိပ်များ ကျနေရာ အမှောင်ဘက်မှ ကျွန်တော့်ဆီသို့ ကိုက်တစ်ရာ့ငါးဆယ်အကွာ မှ ခပ်မှန်မှန်တက်လာသော မသဲကွဲသေးသည့် သဏ္ဌာန်ကို ကျွန်တော် ဂရုတစိုက် စိုက်ကြည့်နေမိသည်။
ဝက်လောက်မနိမ့်လှသော အရပ်အမောင်းနှင့် ရေအစီးကြမ်းတောထဲမှ တစ်ဖြည်းဖြည်း တိုးလာနေသော သတ္တဝါကောင်ကြီးဆီသို့ သေချာစွာလေ့လာရင်း သေနတ်မောင်းထိန်းသော့ကို အသာဖွင့်လိုက်မိ ပါသည်။
အလင်းရောင်များ ကျရောက်နေရာ ရေအစီးကြမ်းတောထိပ်သို့ တစ်ရွေ့ရွေ့တက်လာသော အမည်မဖော်နိုင်သေးသည့် သားကောင်ကြီး၏ ရှေ့ပိုင်းသည် တခဏအတွင်းတွင် ဘွားကနဲ ပေါ်ထွက်လာတော့၏။
ရုတ်တရက် ကြည့်ပါမူ ဝါးပတ်ဦးထုပ်ကို ဆောင်းထားသော လူတစ်ယောက်၏ ခေါင်းပိုင်းကဲ့သို့ ဝါကြန့်ကြန့် ကျားတားတားကို တွေ့ရပြီး သေချာစွာကြည့်လိုက်မှပင် ခေါင်းကြီးနှင့် မလိုက်အောင် သေးငယ်သော ခပ်ဝိုင်းဝိုင်းနားရွက်ကလေးများကိုပါ တွေ့လိုက်ရပါသည်။
နောက်တွင် ပြူးကျယ်သော မျက်လုံးဝိုင်းကြီးများနှင့် နှာတံပွပွတိုတိုကြီးနှင့်တကွ အဝါရင့်တွင် အနက်ပြောက်များ အနက်စင်းများဖြင့် ပေါ်လွင်နေ သော ကျားကြီးတစ်ကောင်၏ ခေါင်းဝိုင်းကြီးကို ရေအစီးကြမ်းရွက်များအပေါ် ထင်ရှားစွာ တွေ့လိုက်ရသည်။
ရှေ့လမ်းတစ်လျှောက်သို့ တောကောင်ကြီးသည် တစ်ချက်မျှော်ကာ ခေါင်းကိုမော့၍ ကြည့်ရင်း ကျွန်တော့်ကို မတွေ့ မမြင်ရသော်လည်း ‘ဟင်း’ ကနဲ ခပ်သဲ့သဲ့ငြီးကာ မာန်သွင်းလိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်း ရဲတင်းစွာ တိုး၍ တက်လာတော့၏။
အိပ်ရာထ,စ ကျားသတ္တဝါများကို ကျွန်တော် မကြာခဏတွေ့ ခဲ့ဖူးပါ၏။ ပျင်းရိဖင့်နွဲ့ပြီး မကြာခင် လဲကျသေဆုံးတော့မလို ခါးနွဲ့ကြီးများ ဝှေ့ရမ်းကာ သွားလာလေ့ရှိသော်လည်း ယခုကျွန်တော့်ရှေ့မှောက်၌ တွေ့နေရသော ကျားကြီးသည် သူ၏စိတ်နှင့်အခန့်မသင့်သော အရိပ်အယောင်ကို ရရှိသွားသဖြင့် မာန်သွင်းကာ နားရွက်တွေက ခေါင်းနောက်ပိုင်းသို့ပြန်ကပ်လျက် မျက်လုံးကြီးများ ဝင်းဝင်းတောက်သော အရောင်များထွက်ခမန်းနှင့် ပါးစပ်ကြီးကလည်း ဖြဲကာ ခပ်တင်းတင်း အမူအရာနှင့် သတိကြီးစွာထားဟန်နှင့် လာနေခြင်းဖြစ်ပါသည်။
လွန်ခဲ့သော မိနစ်ပိုင်းကလေးအတွင်းမှ ရှဉ့်များ၏ အရေးတကြီး အော်မြည်လိုက်သော ရှဉ့်စုတ်သပ်သံကား မောင်ဟန် မဟုတ်ပဲ ကြီးမားသော ကျားကြီး တစ်ကောင် ဖြတ်သန်းလာခြင်းကို ရှဉ့်များ တွေ့မြင်သွားသောကြောင့်သာ ဖြစ်ပါမည်။
ကျွန်တော်၏ ညာဘက်ပခုံးတွင် နေသားတကျတပ်ကာ ကာဘိုင်၏ဒင်ကို ညာဘက်လက်မှ ဆုပ်ကိုင်ရင်း ဘယ်ဘက်လက်မှ ကာဘိုင်၏ ပြောင်းဝကို ကျားကြီး တစ်လှမ်းချင်းတက်လာရာဆီသို့ တရွေ့ရွေ့ကိုင်ချိန်ကာ ကျားကြီး၏ ခေါင်းပိုင်း နောက်ကျကျ နားတွင်းရှေ့နားတစ်ဝိုက်ဆီသို့ မလွတ်တမ်း နေရာလိုက်၍ ချိန်ယူနေမိ၏။
ကျားကြီးသည် နှစ်လှမ်းခန့် တက်ခဲ့ပြီးနောက် ပိုမိုမသင်္ကာလာသည့်အသွင်ဖြင့် ရပ်လိုက်ပြီး ခေါင်းမော့ကာ အနံ့ခံနေပြန်သည်။ ထိုကဲ့သို့ လှုပ်ရှားနေရာမှ ရုတ်တရက် ထိုးရပ်လိုက်ခြင်းသည်ပင် ငြိမ်သက်သော ပစ်ကွင်းကောင်းမျိုးကို မည်သည့်နည်းဖြင့် ကျွန်တော်က လက်လွတ်ခံလိမ့်မည်မဟုတ်ပါ။
ထို့ကြောင့် ကျွန်တော်၏ ညာဘက်လက်ညှိုးက ကာဘိုင်၏ မောင်းတွင်းကို ဖိညှစ်ကာ ဆွဲချလိုက်၏။ ပေါက်ကွဲသံနှင့်အတူ ကျားကြီး၏ နာတွင်းရှေ့သို့ ဖောက်ထွက်သွားတော့၏။
ဝေါကနဲ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံ၊ ဟိန်းသံကြီးသည် ကာဘိုင်သေနတ်သံဖြင့် နောက်ဆက်တွဲအဖြစ် ရုတ်ချည်း ပေါ်ထွက်လာပြီး ဆူပွက်နေလေ တော့၏။
ခေါင်းကြီးသည် မြေကြီးတွင်စိုက်ရင်း ကျားကြီးသည် ဖင်ထောင်၍ ချာချာလည်ကာ ရှေ့လက်နှစ်ဖက်မှာ မြေကြီးကို မာန်သွင်း၍ ကုပ်ခြစ်ကိုက်ခဲနေ လေသည်။
အမှောင်ဘက်သို့ ရောက်ရန် နီးကပ်လာခြင်း၊ ချုံနွယ်ပိတ်ပေါင်း ထူထပ်ခြင်း၊ ဒဏ်ရာနှင့် လွတ်ပြေး သောကျားကြီး၏ တန်ပြန်ထိုးစစ်အန္တရာယ်ကြီးမားတတ်ခြင်းကို ကျွန်တော်၏ မုဆိုးလက်သင်ဆရာ ကချင်မုဆိုးကြီးလမုန်ထန်၏ စကားကို သတိရလာသဖြင့် နောက်ထပ်ကျည်တစ်တောင့်ဖြင့် ချာချာလည်နေသော ကျားကြီး၏ လက်ပြင်ဆီသို့ ချိန်ရွယ်၍ ပစ်ချလိုက်ခြင်းဖြင့် ဇီဝိန်ခြွေလိုက်ရပါတော့သည်။
သူ၏ ကြောက်မက်ဖွယ်ရာ မာန်သွင်းဟိန်းသံကြီးလည်း တစ်ခါတည်း ပျောက်ကွယ်သွားပါတော့သည်။
သို့သော် ကျွန်တော်၏ နားထဲတွင်မူ ကျားကြီး၏ ဟိန်းသံ အော်သံ၊ မာန်သွင်းသံကြီးများမှာ ယခုတိုင် တစ်ဝီဝီနှင့် နားအူ၍ ကျန်ရစ်ခဲ့၏။
xxx xxx xxx
“ဗိုလ်ကြီး. . .ဗိုလ်ကြီး”
တပ်ကြပ်ကြီးတင်ငွေ၏ အရေးတကြီး အော်ခေါ်သံကြောင့် ကျွန်တော်သည် ပြန်လှန်၍ လေချွန်၍ အချက်ပေးလိုက်ပြီးမှ-
“ဒီဘက်ကို တက်ခဲ့ ဆရာတင်ငွေ.”
ဟု အသံပြုလိုက်ရသည်။
မကြာမီ တောတိုးသံ တဝေါဝေါ ထွက်ပေါ်လာပြီး တပ်ကြပ်ကြီးတင်ငွေ၊ တပ်ကြပ်လှမြင့်၊ ရဲဘော် လျန်ထန်းတို့လူစုသည် သေနတ်များကို အသင့်အနေအထားဖြင့် ပစ်ခတ်ရန် ပြင်ဆင်ကာ ချွေးတွေ သံတွေ အရွှဲသားနှင့် ပြေးဝင်လာကြလေသည်။
“စိုးရိမ်လိုက်ရတာ ဗိုလ်ကြီးရယ်။ အော်လိုက်တဲ့ ဒီတောကောင်ကြီးရဲ့အသံက ရွာက အတိုင်းသား ကြားရလို့ ရွာသားတွေပါ ကျွန်တော်တို့ စခန်းကို ပြေးလာကြတယ် ဗိုလ်ကြီး။ ကျွန်တော်တို့လည်း ဗိုလ်ကြီးသေနတ်သံနှစ်ချက် ဆင့်ကြားရပြီး တောကောင်ကြီးရဲ့ အော်သံတွေကြောင့် ဒုန်းပြေးလာခဲ့ရတယ်။ ဒါနဲ့ မောင်ဟန်ကို တွေ့ပြီးပြီလား ဗိုလ်ကြီး”
“မတွေ့ရသေးဘူး ဆရာ တင်ငွေ။ ဒီကောင်ကြီးထွက်လာတာနဲ့ ဆီးဆော်လိုက်တာဘဲ။ မောင်ဟန်ဘယ်မှာလဲ”
ကျွန်တော်က ပြန်မေးမိလိုက်၏။
“ခက်ကုန်ပြီနဲ့တူတယ် ဗိုလ်ကြီး။ လမ်းမှာ သူ့ဓားမောက်နဲ့ အိတ်ကို မတွေ့ဘူးလား။ ပြီးတော့ မောင်ဟန်ကို ကျားဆွဲသွားတဲ့ အရာတွေလေ.”
“ဘာ… တွေ့တယ်၊ ကျားဆွဲတဲ့အရာတွေတော့ သတိ မထားမိဘူး ဆရာတင်ငွေ။ ကျုပ် ခြေသံကြားလို့ မောင်ဟန်က ဘယ်သူမှန်းမသိတာနဲ့ ပုန်းနေတယ်လို့ ထင်နေမိတာ ဆရာ တင်ငွေ”
ဟု အမှန်အတိုင်း ပြောပြလိုက်သည်။
ကျွန်တော်သည် ကျားကြီးဆီသို့ ချဉ်းကပ်၍ တက်ခဲ့ကြပြီး သေ မသေကို ဂရုတစိုက် ကြည့်လိုက်သည်။
ပထမ ခေါင်းမှန်သော အချက်သည် ကျားကြီး၏ အုပ်ခွံ့တစ်ပိုင်းကို ပွင့်ထွက်ပြီး ဦးနှောက်တွေအကြဲသားထွက်လျက်၊ ဒုတိယ အချက်ကား ကျားကြီး၏ လက်ပြင်နှစ်ဖက်စလုံးကို ချုပ်ကာ ပွင့်ထွက်သွားသော ကျည်ဆန်ပေါက်ကို တွေ့ရသည်။
ပထမတစ်ချက်တည်းနှင့်ပင် ပွဲချင်းပြီးစေသော ဒဏ်ရာ ဖြစ်သော်လည်း မာန်ကြီး၍ အသက်ပြင်းသော ကျားကြီးမှာ ဒုတိယကျည်တစ်တောင့်နှင့်မှ အသက်ထွက်သွားခြင်းသာ ဖြစ်ပါသည်။
ထို့နောက် ကျားကြီး ထွက်လာရာ ထွေးတောထဲသို့ လူဖြန့်ကာ ရင်ပေါင်တန်းနင်း၍ တက်ခဲ့ကြ၏။
အချို့နေရာတွင် ငုံ့ကာလျှိုးကာ ချုံများကိုတိုး၍ ဝင်ခဲ့ရပြီး လောင်းရိပ်များ ကာမိုးထားသော နေရာတွင်မူ မောင်ဟန်၏ လုံချည်အဟောင်းကလေးကို စတင်တွေ့လိုက်ရ၏။
စိန်နဘံချုံအောက်တွင်မူကား ခွေခေါက်ခေါက်ကလေးနှင့် မောင်ဟန်ကို တွေ့လိုက်ရသည်။ သူ၏ ခေါင်းပိုင်းတွင် သွေးများအိုင်ထွန်းနေတော့သည်။
တပ်ကြပ်ကြီးတင်ငွေသည် သစ်ကိုင်းများကို ဖြဲကာ ဝင်ရောက်၍ မောင်ဟန်၏ အခြေအနေကို အနီးကပ်ကြည့်ရှုလိုက်ပြီး မောင်ဟန်ကို တစ်စောင်းလှည့် ကြည့်လိုက်သည်တွင် လည်မျိုအောက်မှ ကျားစွယ်ရာအပေါက်ကြီးများမှ ပွက်ကနဲ သွေးစိမ်းများ ကျလာတော့သည်။ မောင်ဟန်၏ လည်ပင်းမှာလည်း ရှေ့နောက် လှည့်၍ရမည်ကဲ့သို့ ပျော့ပျောင်း နေလေသည်။
“အသက်မရှိတော့ဘူး ဗိုလ်ကြီး၊ ဘယ်ခံနိုင်မှာလဲ… လည်မျိုနဲ့ ဖက်ပိုးကို ခဲမိမှတော့ လည်ပင်းကို ကျိုးလို့နေပေါ့။ ကဲ လာကြစမ်း လှမြင့်တို့၊ အလောင်း ကို ဆွဲထုတ်ကြရအောင်.”
တပ်ကြပ်ကြီးတင်ငွေသည် ရဲဘော်များကို ခေါ်ယူလိုက်ပြီး. . .
“ကြည့်စမ်း … ပူပူနွေးနွေးပဲ ရှိသေးတယ် ဗိုလ်ကြီး။ မောင်ဟန်ကို ချီပြီး ဂုတ်သွေးစုတ်နေတုန်းမှာ ဗိုလ်ကြီးလာတဲ့ ခြေသံကို ကြားရလို့ အစာမာန်ခုပြီး ဗိုလ်ကြီးကို ထွက်အရှာမှာ ဒီကောင်ကြီးသေဖြစ်တာပဲ”
ကျွန်တော်တို့သည် စုပြုံကာ သနားစရာကောင်းလှသော မောင်ဟန်၏ အလောင်းကို ဝိုင်း၍ သယ်ချကာ မြေလမ်းကလေးအတိုင်း ဆွဲထုတ်ခဲ့ကြ၏။
“ကျားဆိုတဲ့အကောင်က မရ,ရတဲ့အကောင်ကို အလွတ်မပေးတန်း စားတာပဲ။ လူတွေရယ်လို့ ချမ်းသာမပေးဘူး။ မငတ်ရင် လူကိုရှောင်ချင်သေးတယ်။ ငတ် ပြတ်လာလို့ကတော့ သတိသာထားပေတော့။ ယုတ်စွအဆုံး လိပ်တို့ ဖွတ်တို့ မျောက်တွေကိုလည်း မရ, ရအောင် ဖမ်းပြီး စားတာ ဗိုလ်ကြီးရဲ့”
“ကဲဟေ့ ဆရာလှမြင့်နဲ့ လျန်ထန်း၊ ရွာသားတွေနဲ့ ဥက္ကဋ္ဌကို သွားခေါ်ချေကွာ။ မောင်ဟန့် အမေကတော့ ရွာမှာ ဆန်ဖွတ်နေတာ တွေ့ခဲ့ရတယ်။ ဥက္ကဋ္ဌကို ကြည့်ပြီး အပြောခိုင်းကွာ”
ရွာသို့ပြန်၍ လွှတ်ကာ မောင်ဟန်၏မိခင်ကို ပြောခိုင်းလိုက်ရသည်။ မောင်ဟန်၏ မိခင် ဆွေမျိုးသားချင်းတို့၏ ပူဆွေး ငိုယိုခြင်းကို ကျွန်တော် အထူးဖော်
ပြရန် လိုမည်မဟုတ်ပါ။ သူ၏ မိခင်သာမက မိခင်ကြီးကို လုပ်ကျွေးနေသော မောင်ဟန်အတွက် ကျွန်တော်နှင့် တပ်ကြပ်ကြီးတင်ငွေ အပါအဝင် စခန်းရှိရဲဘော်များလည်း စိတ်ကောင်းနိုင်ကြမည် မဟုတ်ပေ။
ထိုနေ့ ညစာစားချိန်တွင် ကျွန်တော်နှင့် တပ်ကြပ်ကြီးတင်ငွေကို ဖိုကြီးတာဝန်ခံ ဆရာသန်းက ထမင်းပြင်ကျွေးလေသည်။ ဗူးရွက်ဟင်းချို၊ မျှင်ငပိကြော်၊ မကျည်းရွက်နုသုတ်နှင့် နောက်တစ်ခွက်မှာ ရစ်သားဆီပြန်ဟင်းတစ်ခွက်ပင် ဖြစ်ပါသည်။
အနည်းငယ် ဆာနေသောကြောင့် ထမင်းကို သုံးလေး လုပ်မျှ စားလိုက်ပြီးနောက် တပ်ကြပ်ကြီးတင်ငွေက ရစ်သားဆီပြန်ဟင်းကိုခပ်၍ ကျွန်တော့်အား ဦးချရန် ဟန်ပြင်လေသည်။
ကျွန်တော်က ကျွန်တော်တို့အပေါ် တွင် စေတနာနှင့် ရိုးသားဖြောင့်မတ်သော မောင်ဟန်၏ မျက်နှာကလေးကို ချက်ချင်းမြင်ထင်လာသဖြင့် ရစ်သားဆီပြန်ကို ဦးချမည့် တပ်ကြပ်ကြီးတင်ငွေအား ဟန့် တားလိုက်ရသည်။
ပါးစပ်တွင်းမှ စားနေသော ထမင်းများပင်လျှင် ခါးနေသည်ဟု ထင်မှတ်လာမိသည်ကြောင့် ထမင်းပွဲမှထ, ထွက်လာခဲ့လေသည်။
ကျွန်တော်သည် ထိုအချိန် အခါမှစ၍ တောခြောက်၍ အမဲများထွက်လာတိုင်း ကျားနှင့် ဝက် ဘေးချင်းယှဉ်ထွက်လာခဲ့ပါမူ ကျားကိုသာ ဦးစားပေး ရွေးချယ်၍ ပစ်ခဲ့သလို အခွင့်ကြုံတိုင်းလည်း ကျားနှင့် ကျားသစ်များကို တွေ့ခဲ့ပါလျှင် မလွတ်တမ်း ပစ်ခတ်ခဲ့၏။
ဖျက်ဆီးတတ်သော လူသတ္တဝါများကို ဒုက္ခပေးလေ့ ရှိသော သတ္တဝါဆိုးများအနေဖြင့် ရှင်းလင်းသုတ်သင်ရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတော့သတည်း ။ ။
– ပြီး –
စာရေးသူ – အောင်ခင်စိုး