ထွန်းလှိုင်(မြိုင်)
တောဝက်သားခြောက် နှစ်ပိဿာ
ဆရာမောင်တင်ထွေး နတ်မောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်၏။ နံနက် ၁ဝ နာရီ အချိန်တွင် လဲဘူးရွာဥက္ကဋ္ဌ ဦးမောင်မြ ထွန်စက်ဖြင့် ရုံးရှေ့သို့ ရောက်လာ၏။
“ဆရာရှိလား… ဆရာရှိလား”
ဟု အော်၍ လက်ထဲမှာလည်း ယုန်ကင်တစ်ကောင်ကိုင်လျက် ရုံးထဲဝင်လာ၏။
“ဥက္ကဋ္ဌကြီးလာမယ်ဆိုလို့ စောင့်နေတာပါဗျာ”
ဆိုပြီး လုပ်လက်စ ရုံးလုပ်ငန်းကိုရပ်ထား၍ ဧည့်ဝတ်ပြုလိုက်၏။
“ဆို. . . ဘာကိစ္စများ အရေးပေါ်လာပြန်သလဲ ဥက္ကဋ္ဌကြီး”
“သိပ်တော့ အရေးမကြီးပါဘူး ဆရာရယ်။ မနေ့က မောင်မဲလုံးတို့ တဲတိုက်က ယုန်တစ်ကောင်ရတာနဲ့ ဆရာ့အတွက် လာပို့ရင်း အိမ်က ဝက်ကလေးဆယ်ကောင် သင်းချင်လို့ပါ”
လဲဘူးရွာက နတ်မောက်နှင့် ဆယ်မိုင်ဝန်းကျင်ဝေးသည်။ လမ်းကြမ်း၏။ အတက်အဆင်းရှိ၏။ ကျင်းတွေ၊ ချိုင့်တွေ၊ ကျောက်တုံးတွေ ရှိ၏။ အဆင်မသင့်လျှင် ဗွက်နစ်၏။ နွားလှည်းနှင့် ထွန်စက်ပဲ မောင်းလို့ရ၏။
လဲဘူးရွာသည် အိမ်ခြေ ၃ဝဝ ကျော်ရှိသည်။ ရဲစခန်း၊ ဆေးခန်း၊ အလယ်တန်းကျောင်း ရှိသည်။ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်များ ရှိ၏။ ခေတ်မီ၏။ ရွာသားများ ဆက်ဆံရေးကောင်း၏။ ဧည့်ဝတ်ကျေ၏။ ဝန်ထမ်းများ လဲဘူးရောက်လျှင် သုံးလေးရက်ကြာ နေကြ၏။
ဆရာမောင်တင်ထွေးသည်လည်း ထိုနည်းတူ. . . ။
လဲဘူးကျေးရွာသည် စပါးထွက်သောဒေသဖြစ်၍ ဥက္ကဋ္ဌက နဝလီကြိတ်ရန် ဟာလာစက် ၁ လုံး ထောင်ထား၏။ ဝက်အကောင် ၂ဝ လောက် မွေးထား၏။ တစ်ကောင်စ၊ နှစ်ကောင်စ မွေးမြူသူလည်း ပေါများ၏။
ဆရာမောင်တင်ထွေးတို့ဌာနအတွက် မွေးမြူရေး
စံပြရွာကလေး ဖြစ်နေ၏။ ဝက်သားခွဲကလေးတွေ အရင်က ရမ်းကုနှင့်သင်းတာ အညှော်ဝင်၍ မေးခိုင်ရောဂါနှင့် မကြာခဏ သေသည်ဟု ဆို၏။ ဥက္ကဋ္ဌက ဝက်ကလေး ၁ဝ ကောင် သင်းဖို့အရေး ယုန်တစ်ကောင်နှင့် ဆရာမောင်တင်ထွေးကို မျက်နှာလုပ်ခြင်း ဖြစ်၏။
သို့ဖြစ်၍ နေ့လယ် ၁၁ နာရီလောက်တွင် ဆရာမောင်တင်ထွေး ဆေးလွယ်အိတ်ကိုပြင်ကာ ဥက္ကဋ္ဌနှင့် လိုက်ခဲ့၏။
မြို့လယ်ကောင် “ကြည်” စားသောက်ဆိုင်ရှေ့ရောက်တော့ “စားသောက်ပြီးမှ သွားကြတာပေါ့” ဟု ဆိုကာ ထမင်းကြော်စားကြသည်။
ထွန်စက်မောင်းသမားနှင့် ဥက္ကဋ္ဌ တပည့်သားမြေးများက နေပူခံဆိုကာ တရုတ်ဆေးစိမ်အရက် သောက်ကြ၏။
စားသောက်ပြီးမှ လဲဘူးသို့ ပြန်ခဲ့ရာ ဟိုနား ဒီဝင်နှင့် ညနေ ၅ နာရီလောက်မှ ဥက္ကဋ္ဌအိမ်သို့ ရောက်၏။
ထွန်စက်ပေါ်တွင် ဆရာမောင်တင်ထွေး ဘယ်ယိမ်းညာနွဲ့နှင့် လိုက်ခဲ့ရ၏။ လဲဘူးရောက်တော့ ခါးနာချင်ချင်၊ ဒူးနာချင်ချင်ဖြစ်ကာ ကိုယ်လက်မအီမသာဖြစ်နေ၏။
“နားလိုက်ပါအုံး ဆရာရယ်”
ဟု ဥက္ကဋ္ဌ ဆိုလာ၏။
ခဏကြာတော့ ရေမိုးချိုးကာ ဝက်ခြံဘက်သို့ လျှောက်ကြည့်လိုက်၏။ ဝက်မျိုးကတော့ ဘတ်ရှိုင်းယားကပြားတွေ ဖြစ်၏။
“အသားတိုးဝက်တွေက ပွစုတ်စုတ်ဖြစ်နေပါလား ဥက္ကဋ္ဌကြီး”
“ဒီဘက်က လူတွေက ဝက်အကောင်ကြီးမှ ပွမှ ကြိုက်တာဆရာရဲ့။ ဒါကြောင့် ပုလဲဓာတ်မြေဩဇာ နည်းနည်းချင်း ထည့်ကျွေးထား တာ”
လို့ ဥက္ကဋ္ဌက ဆိုလာ၏။
“ဪ… လူတွေ … လူတွေ၊ လောဘ မသတ်နိုင်ပါလား”
ဆရာမောင်တင်ထွေး စိတ်ထဲက ရေရွတ်လိုက်၏။
ဝက်ခြံကပြန်လာတော့ ဥက္ကဋ္ဌကတော် ထမင်းဝိုင်းနှင့် အဆင်သင့် စောင့်နေ၏။ ဥက္ကဋ္ဌကတော်လက်ရာ ကြက်သားနှင့် ခွေးတောက်ရွက်ဟင်းက အနံ့သင်းနေ၏။ ထမင်းဝိုင်းမှာတော့ …
“ကျွန်မတို့အိမ်က ကြက်သားခွေးတောက်ရွက်ဟင်း အမြဲချက်စားတယ်”
ဟု ဥက္ကဋ္ဌကတော်က ပြော၏။ ဥက္ကဋ္ဌကြီးအတွက် အရက်ချိုးနှင့် ထန်းရည်ချိုး ကျအောင် ဖြစ်လိမ့်မည်။
ထမင်းစားပြီးလို့ ရေနွေးသောက်နေစဉ် တဲတိုက်က မဲလုံးတို့ အဖွဲ့ရောက်လာကာ …
“ဥက္ကဋ္ဌကြီး … ကျုပ်တို့ တောဝက်ဖမ်းဖို့ ထောင် ချောက်ဆင်သွားမလို့”
ဆိုပြီး လှံတွေ၊ ဓားတွေ၊ ငှက်ကြီးတောင်တွေ၊ ကြိုး တွေနဲ့တွေ့ရ၏။ ဥက္ကဋ္ဌကြီးက …
“ရအောင်ဖမ်းခဲ့ကွာ။ မနက်ဖြန် တို့ဆရာကို တောဝက်သားနဲ့ ကျွေးရအောင်”
ဟု ပြောလိုက်၏။ တစ်ဆက်တည်း …
“မဲလုံး … လွန်အောင်သောက်မသွားနဲ့နော်။ တောဝက်က လက်တစ်ကမ်းမိအောင် ပက်နိုင်တယ်။ သတိထား”
ဟု ထပ်မှာနေ၏။
တောဝက်ဖမ်းသည်ဆို၍ ဆရာမောင်တင်ထွေး စိတ်ဝင်စားသွား၏။
“ဥက္ကဋ္ဌကြီး … ကျွန်တော်လည်း လိုက်မယ်ဗျာ။ တောဝက်ဖမ်းတာ အတွေ့အကြုံရအောင်လို့”
“မဖြစ်ဘူး ဆရာရယ်။ ညဘက်ကြီးလည်းဖြစ်၊ အန္တရာယ်လည်း များသနဲ့”
ဥက္ကဋ္ဌကြီးက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
ဆရာမောင်တင်ထွေးကလည်း လိုက်ဖို့ရာ တတွတ်တွတ်ပြောနေ၏။ နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်တော့။ ဥက္ကဋ္ဌ ဆုံးဖြတ်ချက်ချလိုက်၏။
“ကဲ…ကဲ… ဒီလောက် ဆရာလိုက်ချင်လည်း ဒီလိုလုပ်။ မောင်မဲလုံးတို့အဖွဲ့ ထုံးစံအတိုင်း ထောင်ချောက်ဆင်ထားကြ။ တောဝက် ထောင်ချောက်မိရင် ငါ့ဆီ လူလွှတ်လိုက်။ အဲဒီအခါကျမှ ငါနဲ့ ဆရာ လာခဲ့မယ်။ နှစ်လုံးပြူးလည်း ငါလာမှပဲ ယူခဲ့တော့မယ်။ ကိုင်း … သွားကြပေတော့”
ဆိုပြီး မောင်မဲလုံးတို့အဖွဲ့ကို အရင်လွှတ်လိုက်၏။
လဲဘူးကျေးရွာသည် သစ်တောကြိုးဝိုင်းအစပ်တွင် ဖြစ်၏။ တောထူထပ်၏။ ရေမြေတောတောင် သဘာဝကောင်း၏။ သစ်ဝါး ပေါ၏။ တောကောင် ပေါများ၏။
တောဝက်ထောင်၊ ယုန်ထောင်၊ တောကြောင်ဖမ်း၊ ခါထောင်နှင့် မုဆိုးလုပ်ကိုင်သူများ တောထဲတွင် တဲထိုးနေကြ၏။ သစ်ခုတ်၊ ဝါးခုတ် လုပ်ကိုင်ကြ၏။ အဲဒီအချိန်မှာ ကျွန်းသစ်မာများ ပေါများလှ၏။
ကိုမဲလုံးတို့အဖွဲ့ တောဝက် ထောင်ချောက်ဆင်ရန်သွားပြီးနောက် ဆရာမောင်တင်ထွေး ဥက္ကဋ္ဌအိမ်ပေါ်မှာ ဘယ်လူးညာလွန့်နှင့် အိပ်ပျော်တစ်ဝက် မပျော်တစ်ဝက် ဖြစ်နေ၏။ တောဝက်ဖမ်းဖို့ ဘယ်အချိန်များလာခေါ်မလဲလို့ စိတ်ကစောနေ၏။
စဉ်းစားရင်း မှေးခနဲအိပ်ပျော်သွားပြန်၏။
“ဥက္ကဋ္ဌကြီး … ဥက္ကဋ္ဌကြီး … တောဝက်ထောင်ချောက် မိပြီဗျို့။ ဥက္ကဋ္ဌကြီးတို့ကို လာခေါ်တာပါ”
ဆရာမောင်တင်ထွေး ဖျတ်ခနဲ နိုးသွား၏။ ဥက္ကဋ္ဌကြီး မိသားစုပါ နိုးကုန်ကြ၏။ အိမ်အောက်တွင် ကိုမဲလုံးအဖွဲ့မှ လူနှစ်ယောက် ရောက်လာ၏။
အချိန်က နံနက် ၂ နာရီခန့်။
“အေး … အေး”
ဆိုပြီး ဥက္ကဋ္ဌကြီးက နှစ်လုံးပြူးသေနတ်ကိုယူ၊ ငါးဆစ်ထိုးဓာတ်မီးကိုကိုင်လျက် ဆင်းလာ၏။ အောက်ထပ်ရောက်တော့ စစ်ဖိနပ်တစ်ရန်ကိုစီးပြီး တစ် ရန်ကို ဆရာမောင်တင်ထွေးအား စီးခိုင်းကာ ဝါးရိုးတပ်လှံတစ်ချောင်းကိုလည်း ဆရာမောင်တင်ထွေးအား ပေးလိုက်၏။
မောင်မဲလုံး၏ လူတစ်ယောက်ကို ငါးဆစ်ထိုးဓာတ်မီး ထိုးစေကာ ရှေ့ဆုံးမှသွားစေ၏။ ဥက္ကဋ္ဌက နှစ်လုံးပြူးသေနတ်ထမ်း၊ ဆရာမောင်တင်ထွေးက လှံကိုထမ်းပြီး တောဝက်မိရာနေရာသို့ ရောက်လိုဇောနှင့် လှမ်းခဲ့ကြ၏။
“ညရေးညတာဆိုတာ ပိုတယ်မရှိဘူး။ သတိထားသွားကြဟေ့”
ဥက္ကဋ္ဌကြီးက တတွတ်တွတ်ပြောလျက် လျှောက်လာရာ တစ်နာရီကျော်ကျော်လောက်ကြာမှ တော ဝက်ထောင်ချောက်မိရာသို့ ရောက်၏။
မီးဖိုထားသဖြင့် တောဝက်ကို ကောင်းကောင်းမြင်ရ၏။ နောက်ခြေထောက်ကို ကြိုးကွင်းမိနေသည်။ တောဝက်က ဒေါသဖြစ်နေပုံရ၏။ ပါးစပ်က ဇတ် … ဇတ် … ဇတ်ဖြင့် အမြှုပ်တစီစီထွက်ကာ မာန်ဖီနေ ၏။ အကောင်ကြီး ဖြစ်သည်။
“ဆရာရေ … ခပ်ခွာခွာနေ။ ဟို သစ်ပင်ကွယ်နေ။ တော်ကြာ ဒီဘက် လှည့်လာရင် အပက်ခံနေရအုံးမယ်”
ဥက္ကဋ္ဌပြောလိုက်တော့မှ ဆရာမောင်တင်ထွေး ကြောက်ဒူးတုန်သွား၏။ တောဝက်ဖမ်းလိုက်ချင်တဲ့ ဆရာမောင်တင်ထွေး တောဝက်နားကပ်ဖို့နေနေသာသာ သစ်ပင်ကွယ်က ကြည့်နေ၏။
မောင်မဲလုံးမှာ ညဉ့်ဦးပိုင်းက သောက်ထားသော အရက်ရှိန် မပြယ်သေး။ အာလေးလျှာလေးဖြင့်
“ဥက္ကဋ္ဌကြီး … တောဝက်တော့ မိပြီ။ ထောက်ချောက်ကြိုးက ရှည်နေတော့ ဓားနဲ့ခုတ်လို့ မဖြစ်ဘူး။ လှံနဲ့ ထိုးလည်း ချက်ကောင်းမမိရင် အန္တရာယ်ရှိတယ်။ နှစ်လုံးပြူးသေနတ်နဲ့ ပစ်မှရမယ်။ ကျုပ်သာပေး … ကျုပ်ပစ်မယ်ဗျာ”
“အေးပါကွာ … ပစ်တာပေါ့ မဲလုံးရဲ့။ မင်းက ညကအရှိန်မပြယ်သေးဘူး။ တော်ကြာ တောဝက်ပက်လိုက်ရင် ကျော်မကောင်း ကြားမကောင်း ဖြစ်နေအုံးမယ်”
ဥက္ကဋ္ဌက သတိပေးလိုက်၏။
“ဟာဗျာ … ဥက္ကဋ္ဌကြီးကလည်း တောကောင်တွေဖမ်းလာတာ ဆယ်နှစ်ကျော်ပြီ။ ဥက္ကဋ္ဌကြီး နှစ်လုံးပြူးသေနတ်နဲ့ ပစ်တာတောင် ဆယ့်လေးငါးကောင်ရှိပြီ။ ဓားနဲ့ခုတ်၊ လှံနဲ့ထိုးတာတောင် ကောင်ရေမနည်းတော့ဘူး။ မပူစမ်းပါနဲ့ဗျာ”
ဟု ဆိုပြီး မောင်မဲလုံးက ဥက္ကဋ္ဌကြီးဆီမှ နှစ်လုံးပြူးသေနတ်ကို ပြောပြောဆိုဆို ဇွတ်ယူလိုက်ပါတော့ သည်။
“ကိုင်း … ပြောမရရင်လည်း ပစ်ကွာ။ သတိတော့ထားဟေ့။ တောဝက်ဆိုတဲ့ အကောင်က ယမ်းငွေ့ တစ်ကမ်း အစွယ်နဲ့ ပက်နိုင်တယ်”
လို့ ဥက္ကဋ္ဌက သတိပေးလိုက်ပါသည်။
ပြောပြောဆိုဆိုနှင့် ကိုမဲလုံးက တောဝက်ရှေ့တည့်တည့် ၈ ပေလောက်အကွာမှာ ရပ်လိုက်၏။
“သတိထားနော် မဲလုံး … သတိထား”
ကျန်လူများလည်း သတိပေးနေကြ၏။
“မပူပါနဲ့ ဥက္ကဋ္ဌကြီးရယ်။ နှစ်လုံးပြူးသေနတ်နဲ့ ပစ်ပြီးရင် ဟောဒီလို သစ်ကိုင်းကို ခုန်ဆွဲလိုက်မယ်”
ဆိုပြီး သူ့အပေါ်တွင်ရှိသော သစ်ကိုင်းကို ခုန်ဆွဲပြလိုက်၏။
ဆရာမောင်တင်ထွေးက သစ်ပင်အကွယ်ကနေ တောဝက်ကိုတစ်လှည့် ကိုမဲလုံးကိုတစ်လှည့် ကြည့်နေ၏။
ဥက္ကဋ္ဌတို့အဖွဲ့ကတော့ ခပ်ခွာခွာ နေကြပြီး ဓား၊ လှံနှင့် တုတ်များကို အဆင်သင့်ကိုင်ထားကြ၏။
တောဝက်က တစ်ညလုံး ရုန်းကန်ထားတာတောင် မာန်မကျသေး။ အနီးရှိ သစ်ပင်တွေ၊ ဝါးတွေလည်းကိုက်ထားတာ စိစိညက်ညက် ကြေနေ၏။
ကိုမဲလုံး နှစ်လုံးပြူးသေနတ်နှင့် တောဝက်ဦးခေါင်းကို သေချာချိန်လိုက်၏။
“ဒိုင်း”
ခနဲဟူသော သေနတ်သံနှင့်အတူ တောဝက်အော်သံ ကြားလိုက်ရ၏။ တောဝက်က နှစ်လုံးပြူးသေနတ်မှန်ပြီး တစ်ရှိန်ထိုး ခုန်ပက်လိုက်ရာ ထောင်ချောက်မိထားသော ကြိုးက ပြတ်ထွက်သွားသည်။
ကိုမဲလုံးမှာ ညကသောက်ထားသော အရက်ရှိန်ကြောင့် ဟန်ချက်ပျက်ကာ သစ်ကိုင်းကို အချိန်မီ ခုန်မဆွဲမိခင် ကိုမဲလုံး ဝမ်းဗိုက်ကို အစွယ်နှင့် ပက်လိုက်ပါသည်။
သွေးတွေ ခြင်းခြင်းနီသွား၏။ ဗိုက်ထဲမှ အူတွေထွက်ကျလာ၏။အစာအိမ်ကွဲပြီး ညကစားထားသောထမင်းတွေ ထွက်လာကာ ကိုမဲလုံးခမျာ ပက်လက်လန် လဲကျသွား၏။
တောဝက်လည်း ကိုမဲလုံးအနားမှာ လဲကျသွား၏။
လျှပ်တစ်ပြက်အတွင်း အဖြစ်အပျက်က မြန်ဆန်လွန်းလှ၏။
ဥက္ကဋ္ဌကြီးနှင့် ဆရာမောင်တင်ထွေးတို့အားလုံး မျက်ကလူးဆန်ပျာ ဖြစ်သွား၏။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်ကြည့်နေကြ၏။
နောက်မှ သတိပြန်ရလာကာ ကိုမဲလုံးကို ပွေ့ပြီး ဝမ်းဗိုက်ကို ပုဆိုးအပိုနှင့်စည်းကာ ကျန်ပုဆိုးများနှင့် ပုခက်လုပ်ပြီး လဲဘူးဆေးခန်းသို့ ဒုန်းစိုင်းကာ ပို့လိုက်ကြ၏။
တောဝက်ကိုလည်း နွယ်ကြိုးများဖြင့် တုတ်ကာ ကိုမဲလုံး၏အဖွဲ့က ခိုင်ခံ့အောင် ချည်နေကြ၏။ တောဝက်က အချိန်လေးဆယ်လောက် ရှိမည်။ အမွေးထူထူ ဝက်ထီးဖြစ်၏။ အပေါ်မေးရိုးတွင် လေးငါးလက်မ ခန့်ရှည်သော အစွယ်က ပြူးထွက်နေ၏။
အပြန်ကျတော့ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြတော့။ အတွေးကိုယ်စီနှင့် လျှောက်လှမ်းလာလေသည်။
ဥက္ကဋ္ဌကြီးကတော့ …
“အတန်တန် သတိပေးလျက်သားနဲ့ ဖြစ်ရလေ မဲလုံးရယ်”
ဆိုပြီး တဖျစ်တောက်တောက်နှင့်။
အင်္ဂလန်နိုင်ငံတွင် တောဝက်ကို လှံဖြင့်ထိုး၍ ဖြစ်စေ၊ ခွေးဖြင့်ဖြစ်စေ အမဲလိုက်ကစားခြင်းမှာ အလွန် ခေတ်စားခဲ့လေသည်။
အကြောင်းမှာ တောဝက်ဆိုးကို ချောင်ပိတ်၍ ဖမ်းဆီးခြင်းသည် အလွန်အန္တရာယ်များသဖြင့် ထိုခေတ်က တောဝက်ဆိုးကို သတ်နိုင်ခြင်းသည် သူရဲကောင်းတို့၏ စွမ်းဆောင်ခြင်းတစ်ရပ်ဟု သဘောထားကြသည်။
အခုတော့ ကိုမဲလုံးခမျာ သူရဲကောင်း မဖြစ်လိုက်ရ။ တောဝက်ပက်လို့ သေမလား၊ ရှင်မလား မသိဘဲ ဆေးခန်းကို ပို့လိုက်ရ၏။
ဥက္ကဋ္ဌကြီးနှင့် ဆရာမောင်တင်ထွေးတို့ ဆေးခန်းရောက်တော့ ကိုမဲလုံးအသက်ကို မမီတော့။ သွေးထွက် လွန်၍ သေဆုံးသွား၏။
သက်ဆိုင်ရာကို သတင်းပို့ပြီး ကိုမဲလုံး အလောင်းကို သူနေခဲ့သော တဲတိုက်သို့ ယူဆောင်သွားကြ၏။ ကိုမဲလုံး မိသားစု၏ ငိုသံများ ပွက်လောရိုက် သွား၏။
ဆရာမောင်တင်ထွေး စိတ်မကောင်းဖြစ်ရသလို ဥက္ကဋ္ဌကြီးကလည်း ဝမ်းနည်းပက်လက်။ ကိုမဲလုံးအပေါင်းအသင်း တောဝက်ဖမ်းဖက်တွေလည်း မျက်ရည်တွေ စို့လို့။
ဒီနေ့ ကိုမဲလုံး အသုဘချမည့်နေ့ ဖြစ်သည်။ သက်ပျောက်ဆွမ်းကို ကိုမဲလုံး ထောင်ချောက်မိသော တောဝက်သားနှင့် ဆွမ်းသွတ်ကြ း၏။ အသုဘလာကြသော ရပ်ဝေးဆွေမျိုးများကိုလည်း တောဝက်သားနှင့် ထမင်းကျွေး၏။
ပိုနေသော တောဝက်သား အချိန်သုံးဆယ် ကျော်လောက်ကို အသုဘစရိတ်ရရန် တစ်ပိဿာကို ၅ဝဝ ကျပ်နှင့် ဥက္ကဋ္ဌက ရောင်းရန် စီမံလိုက်၏။
သူတစ်တွဲ၊ ငါတစ်တွဲနှင့် ပြိုက်ခနဲ ကုန်သွား၏။
ဆရာမောင်တင်ထွေးက နှစ်တွဲဝယ်ကာ အခြောက်လှန်းရန် စီစဉ်လိုက်၏။
ကိုမဲလုံး ခန္ဓာကိုယ်ကတော့ ခုတင်ပေါ်မှာ ပက်လက်
ကလေး အိပ်နေသယောင်။ လာကြည့်မည့်သူ မရှိဘဲ တရားကျဖို့ ကောင်းလှသည်။ ဆရာမောင်တင်ထွေးလည်း သံဝေဂရလိုက်၏။
ကိုမဲလုံးအသုဘချပြီး နောက်နေ့မနက်တွင် ဆရာမောင်တင်ထွေး ဥက္ကဋ္ဌ၏ ဝက်တွေကို သင်းလိုက်၏။
“ဆရာရေ… မွေးလက်စဆိုတော့ မွေးနေရအုံးမှာပဲ။ ဝက်ဆိုတဲ့ အသံတောင် မကြားချင်တော့ဘူး”
“ဘယ်တတ်နိုင်ပါ့မလဲ ဥက္ကဋ္ဌ ကြီးရယ်။ မမြင်ရတဲ့အကုသိုလ်ဟာ ကြောက်စရာကောင်းတယ်။ အကုသိုလ်ဝင်ပြီဆိုရင် ကမ်းပါးပြိုသလိုပဲတဲ့။ သတ္တဝါတစ်ခု၊ ကံတစ်ခုသာ ထားလိုက်ပါတော့”
ဆရာမောင်တင်ထွေးက ဥက္ကဋ္ဌကြီးကို တရားချနေ၏။
လုပ်ငန်းတွေပြီးစီး၍ ဆရာမောင်တင်ထွေး နတ်မောက်ပြန်ရန် ထွန်စက်ပေါ်ရောက်နေပြီ။ စက်ဆရာက စက်နှိုး၍ ထွက်စပြုပြီ။
“ဟေ့ … ဟေ့ … နေပါအုံး၊ မနေ့ကလှန်းထားတဲ့ တောဝက်သားခြောက် နှစ်ပိဿာ ဆရာ့ကို ပေးလိုက်ပါအုံး”
“နေပါစေတော့ ဥက္ကဋ္ဌကြီးရယ်။ ကိုမဲလုံးရက်လည်ဆွမ်းကျွေးမှာ ဝက်သားခြောက်နှစ်ပိဿာနဲ့ ဘုန်းကြီးဆွမ်းသာ ကပ်လိုက်ပါတော့ ဥက္ကဋ္ဌကြီးရယ်”
Uncategorized